မိသားစု တွေ့ဆုံပွဲသာဆိုတယ် စိုင်းမင်းခွန်းသော်
ဆိုသည့် အန်ကယ်ဦးသန့်ဇင်၏ သားကို
လုံး၀ မတွေ့ခဲ့ရ..၊ အပေါ်မှာ ရှိရက်နဲ့
လုံး၀ ဆင်းမလာတာဆိုတော့ ထူးထူးတို့နှင့်
မတွေ့ချင်လို့ တမင်ဆင်းမလာတာ
ပေါ်လွင်နေသည်။ထို့ကြောင့် ထူးထူးတို့ကို
မကြည်ဖြူတာ သေချာသလောက်ရှိနေသည်။
ဖြစ်ပျက်ခဲ့သမျှကို အသူရာ့အား
ပြောချင်လှပြီ ဖြစ်သဖြင့် ကျောင်းရောက်တော့
အတိုးချ ပြောဖြစ်တော့သည်။
"ဘယ်လို ..! ဘယ်လို..!!
နင့် ထီးပိုင်ရှင်က မော်လမင်းဟန် ..?
ဟုတ်လား...?"
ထူးထူး ခေါင်းညိတ်လိုက်တော့ အသူရာက ...
"တိုက်ဆိုင်လိုက်တာ ထူးရယ်....၊
နင်တို့က ဖူးစာ ပါတာပါ ဟယ်.... ၊
ကျောင်းလဲ တူနေတယ်၊ ခုလဲ ကြည့်၊
ထပ်တွေ့ ကြပြန်ပြီ၊ ဒါနဲ့ ...သူက နင့်ကို တော့
မမှတ်မိတော့ဘူး ထင်တယ်နော်..."
"ဘယ်မှတ်မိပါ့မလဲ ဟာ...
သူ့အတွက် ငါက ဖြတ်လျှောက်သာသာပဲလေ....
ငါလေ.. သူ့ကို တွေ့ရင် အရမ်းပျော်သွားမယ်
ထင်တာ ...၊ ဒါပေမယ့် တကယ်လဲ
တွေ့ကော ကြောက်စိတ်နဲ့ စိုးရိမ်စိတ်က
ပိုများလာတယ်... "
"နင်ကလဲ လုပ်ပြီ....၊
တွေဝေမနေနဲ့ မြန်မြန် ဆွဲစိတော့၊
ဘောစိ နော် ဟွန်းဟွန်း...."
အသူရာကလဲ ဒါပဲ၊
ဘောစိဖြစ်နေတာကြောင့်သာ ထူးထူး
ဒီလိုဖြစ်နေရတာ သူမသိလေရော့သလား... ။
ဘောစိသာ မဟုတ်ခဲ့ပါလျှင်
ထူးထူး ပိုပျော်မိမည် ထင်သည်။
"နင်ကလေ ၊ အဲ့ဟာပဲ တွေးနေတာ..."
"တွေးရမှာပေါ့.... ပိုက်ဆံက လောကမှာ
ဘယ်လောက် အရေးကြီးလိုက်လဲ၊
ငါသာဆိုလဲ ဘောစိ ပဲ ရှာယူမှာ..."
ထူးထူး မဲ့ပြလိုက်သည်။
ပိုက်ဆံထက် အရေးကြီးတာတွေ
အများကြီးရှိသေးတယ်ဆိုတာကို
အသူရာ မသိဘူးလား။
"ဒါနဲ့ သူ့သားကို မတွေ့ခဲ့ဘူးပေါ့...?.."
"အင်း မတွေ့ခဲ့ဘူး....၊
ရှိရက်နဲ့ ဆင်းမလာတာ... ၊
ငါတို့ကို ကြည်ဖြူပုံမရဘူး.. ၊ .
ဦးသန့်ဇင်ကတော့ အရမ်းကို
သဘောကောင်းပြီး လူငယ်လေးလိုပဲ
ပေါ့ပါးတက်ကြွနေတာ...."
"ဒါပေါ့၊ သူက နင့်အမေကို
အရမ်းချစ်တာကို တက်ကြွမှာပေါ့..."
"အင်း ငါလဲ ခံစားမိတယ်...၊
မေမေ့အပေါ် အရမ်းကောင်းမယ် ထင်တယ်...၊
သူတို့နှစ်ယောက် အရင်က
ဘာလို့ ကွဲသွားလဲ သိချင်မိတယ်..."
"ဟယ်...."
ထူးထူး စကားပြောနေတုန်း အသူရာက
အလန့်တကြား ထအော်တာကြောင့်
သူကြည့်နေတဲ့ နေရာကို လိုက်ကြည့်
လိုက်တော့ ပျောက်ချက်သားကောင်းနေသော
အာဏာမင်းဆက်ကို ဘေးတွင် ကောင်မလေး
တစ်ယောက်နှင့် တွေ့လိုက် ရသည်။
ထိုကောင်မလေးက သူ့လက်ကို ချိတ်ထားကာ
နှစ်ယောက် သား ပြုံးပျော်လို့၊
သွားတွေပေါ်အောင် သိပ်မရယ်တတ်တဲ့
အာဏာမင်းဆက်က ခုတော့ သွားတွေကိုဖြီးလို့။
ကန်တင်းထဲကို ၀င်လာသော သူတို့ နှစ်ယောက်ကို
အကုန် ဝိုင်းကြည့်နေကြသလို ထူးထူးလဲ
မျက်နှာမလွဲ ကြည့်နေမိသည်။
သူ့မှာ ရည်းစားရှိနေတာလား...?
ဒါမှမဟုတ် ခုမှ ရသွားတာလား...?
သူတို့နှစ်ယောက်က ထူးထူးတို့ ထိုင်တဲ့
ဆိုင်နဲ့ မျက်စောင်းထိုး ဆိုင်တွင်ဝင်ထိုင်နေသည်။
ထူးထူးနဲ့ အသူရာက ထိုင်နေကြခုံတွင်
ထိုင်နေသော် လည်း အာဏာမင်းဆက်က
တစ်ချက်တောင် လှမ်းမကြည့်။
တော်တော်လဲ အပြောင်းအလဲ မြန်တဲ့ လူပါလား။
"ထူး နင်သဝန်တိုနေတာလား...?.."
အသူရာ၏ အမေးကြောင့်
ထူးထူး လန့်ဖြန့်သွားကာ...
"ဟယ် .. ဖတ်ဖီး ..!
ငါက ဘာလို့ သဝန်တိုရမှာလဲ...၊
ပျော်တောင် ပျော်သေးတယ်... ၊
အခုတလော သူပျောက်နေတာ
ဘယ်လောက်တောင် စိတ်ချမ်းသာလိုက်လဲ ...."
"သေချာလို့လား...?."
"သေချာတာပေါ့...
ငါ့ရင်ထဲမှာ မော်လမင်းဟန်ကလွဲပြီး
ဘယ်သူမှ မရှိဘူး...."
"အော် အေးအေး....."
တကယ်တော့ ထူးထူး အာဏာမင်းဆက်တို့ကို
ခဏခဏ လှမ်းကြည့်နေမိသည်။
ဘာကြောင့်ရယ် မသိ ၊ စိတ်ထဲတွင်
သိပ်တော့ မကျေနပ်သလို ခံစားရသည်။
အဲ့တာများ အရင်ရက်တွေက
ဘာလို့ အတင်းလိုက်ကပ်ခဲ့သေးလဲ။
...................။
ဒီနေ့ အာဏာရော ၊ မော်ရော ၊
ခွန်းသော်အိမ်တွင် စုံဖြစ်ကြသည်။
ခွန်းသော်က ငယ်ငယ်တည်းက ၊ ခဏခဏ
ကျန်းမာရေး ပြသာနာ ကြုံတတ်သည်။
ခုလဲ သူ ကျောင်းပြန်မတတ်တာ ကြာပြီဆိုတော့၊
ကျန်းမာရေး အခြေအနေက သိပ်ကောင်းပုံမရ။
"မင်းက ဘယ်တော့ ကျောင်းပြန်တက်မှာလဲ
ခွန်းသော်...?."
အာဏာ၏ အမေးကြောင့် ခွန်းသော်က
အာဏာ့အား ခြေထောက်နှင့် လှမ်းကန်ကာ....
"ငါ ကျောင်းတစ်နှစ်နားလိုက်ပြီလေ၊
သောက်ရူးရဲ့..."
ဟုပြန်ဖြေတော့ အာဏာ အံသြတကြီးနှင့်.....
"အန် ၊ တကယ်? ...
ဘာလို့လဲ... မသက်သာဘူးလား...?..."
"သက်သာပါတယ် ..၊
ဖေဖေက အိမ်မှာပဲ အေးအေးဆေးတေး
ဆေးကုစေချင်လို့တဲ့ ..."
"အော်...."
ဟုတ်တော့လဲ ဟုတ်သည်၊
ဒီကောင့်ကို ကြည့်ရတာ
တစ်နေ့တစ်ခြား ပိန်ပိန်လိုက်လာလေသည်။
"အော် ဒါနဲ့.....
မင်းတို့ နှစ်ယောက် သိပြီးပြီလား...?.."
မော်က ခွန်းသော် ဘေးတွင် ၀င်ထိုင်ကာ
အစမရှိ အဆုံးမရှိပြောလိုက်တာကြောင့်
ခွန်းသော် က မျက်မှောင်ကြုတ်ရင်း
" ဘာကိုလဲ...??"
ဟုမေးလိုက်တော့ ....
"အခု အန်ကယ်ဦးသန့်ဇင်ရဲ့ ဇနီးလောင်း .. ၊
ခွန်းရဲ့ မတော်ရသေးတဲ့ အမေအသစ်
ဒေါ်အိငွေသော်ရဲ့ သားအကြောင်းလေ..."
အရစ်ရှည်နေသော မော့်စကားကြောင့်
အာဏာက ဘေးနားက ခေါင်းအူံးနှင့်
ကောက်ပေါက်ကာ ....
"ပြောစရာ ရှိတာ ပြောစမ်းပါ ငရှည်ရာ..."
"ငါ ရှည်တာ ဘယ်လိုသိ..?."
မျက်နှာက ပြောင်နေသေးသည်။
မော်က သုံးယောက်ထဲတွင် ပျော်ပျော်
အနေတတ်ဆုံး လူဖြစ်သည့် အပြင်
အမြဲ ရွှတ်နောက်နောက်လေ။
သူဘာပြောမှာလဲ ခွန်းသော်လည်း
တော်တော် သိချင်နေပြီ ဖြစ်တာကြောင့် ....
"ကဲ.. မြန်မြန် ပြောစမ်းပါ .....ဟကောင်ရ....."
ခွန်းသော် က ၀င်ပြောတော့မှ မော်က
ချောင်းတစ်ချက် ဟန့်လိုက်ကာ.....
"သူက ထူးထူးသော်ပဲ...."
တကယ်တမ်းပြောချလိုက်သော
ဒုံးတိတိ စကားတစ်ခွန်းကြောင့်...
"ဘာ..!"
ခွန်းသော် အလန့်တကြား ထအော်မိတော့...
"မင်းရဲ့ ညီဖြစ်တော့မယ့် သူက
ငါ ပြိုင်ပွဲအတွက် ရွေးထားတဲ့
ထူးထူးသော် ဖြစ်နေတယ်လို့ပြောတာ...၊
ဟိုနေ့က မင်းအိမ်ကိုလာတော့
သူတို့ သားအမိ အိမ်ရောက်နေတာနဲ့ တွေ့လို့.... ၊
ငါတော်တော် အံ့သြသွားတယ်...
တိုက်ဆိုင်ချက်ပဲ...."
ခွန်းသော်လည်း တော်တော် အံ့သြသွားရသည်။
ဘယ်လို တိုက်ဆိုင်တဲ့ ကံကြမ္မာမျိုးပါလိမ့်။
"တကယ်ကြီးလား မော်... ၊
မင်းက ငါ့ကို ဘာလို့ အဲ့နေ့ထဲက မပြောတာလဲ...?"
"အဲ့နေ့က မင်းက နေမကောင်းဘူးလေ...၊
အဲ့တော့ ငါလဲ ပြောဖို့ မေ့သွားတာပေါ့..."
ဟုပြောတော့ ခွန်းသော်က
မျက်နှာတည်သွားကာ...
"ဟုတ်တယ်၊ အဲ့နေ့က ငါဖျားနေလို့
အောက်တောင် မဆင်းနိုင်တာ ဖေဖေက
တစ်ချက်တောင် လာမေးဖော်မရဘူး..."
ခွန်းသော် အစပျိုးလာတဲ့ စကားတွေက
အဆိုးဘက်ကို ရောက်တော့မယ်ဆိုတာ
သိသဖြင့်.....
"ကဲ တော်ပြီ... အဲ့ကိစ္စ ထားလိုက်တော့...."
မော်စကားစ အမြန်ဖြတ်ရသည်။
မဟုတ်ရင် ခွန်းသော် က သူ့ဘာသာပြောပြီး
သူ့ဘာသာ ထပ်ကာ ဒေါသတွေ
ထွက်လာရဦးမည်လေ။
" ဟေ့ကောင် အာဏာ
မင်း ဘာတွေ စဉ်းစားနေတာလဲ..?
ငြိမ်လှချေလား..."
စကားတစ်ခွန်းမှ ၀င်မပြောတော့သော
အာဏာ့ကို မော်က မေးလိုက်တော့...
အာဏာ့က မော့်ကို ကြည့်လာကာ....
"ဒါဆို အဲ့နေ့က
မင်းကို ထူးထူးသော် မြင်လိုက်လား..?."
"အင်းလေ၊ အန်ကယ်ကတောင်
မိတ်ဆက်ပေးလိုက်သေးတယ်...."
အာဏာ၊ မော့်မျက်နှာကို အကဲခတ်လိုက်သည်။
ထူးထူးသော် ချစ်နေတယ်ဆိုတဲ့ လူက ၊
ဒီ ရယ်လိုက်တိုင်း ပါးချိုင့်တွေ ပေါ်လာတဲ့
မော်ဆိုတာ လုံးဝ သေချာနေသည်။
အာဏာသိချင်တာက မော်ကော
ဒီကိစ္စကို သိလား.?..။
သူ သိတာကြောင့် ထူးထူးသော်ကို
ရွေးချယ်လိုက်ရတာလား..?။
"အာဏာ..? မင်းနဲ့ ထူးထူးသော်
အခြေအနေက ဘယ်လိုလဲ...."
ခွန်းသော် မေးလာသော မေးခွန်းကို
အာဏာ ယုံကြည်ချက် ရှိစွာဖြေဖို့ အနည်းငယ်
ဝန်လေးနေသော်လည်း ၊
"အခြေအနေကောင်းပါတယ်.... ၊
မကြာခင် ရတော့မှာပါ..."
ဟုသာ ဖြေလိုက်သည်။
အာဏာ့စကားကြောင့် မော် မသိမသာ
ပြုံးလိုက်တာကို အာဏာမြင်လိုက်ရသည်။
ပြီးနောက်..
"ဘာဖြစ်လို့လဲ ခွန်းသော်၊
ထူးထူးသော်က မင်းအဖေရဲ့
မယားပါသား ဖြစ်သွားလို့၊
ငါတို့ ပြိုင်ပွဲကို ရပ်ခိုင်းမလို့လား..?"
ဟူ၍ မော်က ဝင်ပြောတော့...၊
ခွန်းသော် ခေါင်းကို ခါလိုက်ရင်း...၊
အရင်တုန်းကနဲ့ လူံးဝကွဲပြားနေသော
အေးစက်လွန်းသည့် မျက်နှာ အမူအရာတစ်ခု
ပေါ်ထွက်လာကာ...
"မရပ်ခိုင်းပါဘူး...၊ ဖေဖေတောင်
သူ့စိတ်တိုင်းကျ ဘယ်သူ့ကိုမှ မငဲ့ပဲ
လုပ်သေးတာပဲ..၊ ပြီးတော့ ငါက
အဲ့အမျိုးသမီးရဲ့သားကို ငါ့ညီအဖြစ်
ဘယ်တုန်းကမှ မသတ်မှတ်ထားဘူး.. ၊
အဲ့တော့ မင်းတို့လဲ ဘယ်မျက်နှာကိုမှ
ကြည့်နေစရာမလိုဘူး.... ၊
သူတောင် ငါ ဒီလို ဖြစ်နေတဲ့ အချိန်မှာ
ငါ့နေရာမှာ ရက်ရက်စက်စက်
အစားထိုးရက်သေးတာပဲ...၊.."
အာဏာ ၊ ခွန်းသာ်အား သေချာကြည့်မိတော့၊
သူအမှန်တကယ် ထိုစကားတွေကိုပြောနေတာပဲ၊
ဒီမင်္ဂလာပွဲကို မကြည်ဖြူဘူးဆိုတာကို
မော် ပြောထားလို့ သိထားပေမယ့်၊
ဒီလောက်ထိ ခါးသီးနေလိမ့်မယ် မထင်ထား...။
ဟုတ်တော့ဟုတ်သည်။
ခွန်းသော် နေမကောင်းဖြစ်နေတဲ့
အချိန်မှာ သူ့ အဖေက မင်္ဂလာပွဲ ကျင်းပဖို့
လုပ်နေသည်။ ခွန်းသော် ရင်ထဲ ဒီလို
ခံစားနေရတာ မထူးဆန်းလှ။
အာဏာ. ခွန်းသော်၏ ပုခူံးအား
ကိုင်ကာ အားပေးလိုက်ပြီး...
"စိတ်ချပါ ငါက ပြိုင်ပွဲကို မရပ်ပါဘူး....၊
ထူးထူးသော်ကို ရအောင်ယူပြီး
မော့်ကို အနိုင်ယူပြမှာ...."
ဟူ၍ ပြောပြီး မော့်အား ကြည့်လိုက်တော့
မော်က ပြုံးကာ...
"ဘယ်သူနိုင်မလဲ ဆိုတာ...
စောင့်ကြည့်ရသေးတာပေါ့...."
မော်လမင်းဟန်၏ အပြုံးများတွင်
မရိုးသားခြင်း အရိပ်အယောင်တွေ
ပါနေသည်ဟု အာဏာခံစားရသည်။
အာဏာနဲ့ မော် ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ
သက်တမ်းတစ်လျှောက် ပွင့်ပွင့်လင်းလင်း
ရှိခဲ့ကြသလောက် ထူးထူးသော် ကိစ္စမှာ
မော့်ဘက်က မပွင့်လင်းမှုတွေ ပါနေတာကို
အာဏာ သတိထားမိသည်။
သူ ထူးထူးသော်ကို ရွေးချယ်လိုက်ရခြင်းက
ရည်ရွယ်ကောင်းကောင်း တစ်ခုရှိနေပေလိမ့်မည်။
ဥပမာ၊ ထူးထူးသော် ချစ်နေတာက
သူဆိုတာကို သူသိနေလို့ပဲဖြစ်ဖြစ်ပေါ့။
သူ့ဘက်က အားမစိုက်ထုတ်ရသယောင်ပြပြီး
နောက်ကွယ်မှာ ကြီးကြီးမားမား တစ်ခုခု
ကြံစည်နေတယ်လို့ အာဏာ ခံစားမိသည်။
ထို့အတွက် အာဏာ့ဘက်ကလည်း ဘာကိုမှ
ပေါ့ပေါ့လေး တွေးလို့ မဖြစ်တော့ပေ။
.............................
"ဟယ် ထူး ရယ် စွန်းမိုက်တယ်ဟာ...."
အနောက်တိုင်း ၀တ်စုံပြည့် ၀တ်ထားသော
ထူးကို အသူရာက ခြေဆုံး ခေါင်းဆုံးကြည့်ကာ
ပြောနေသည်။
"ဦးသန့်ဇင်က တော်တော်ရွေးတတ်တာပဲနော်... ၊
လုံး၀ မိုက်တာ..."
Dinner တွင် ထူးထူး ၀တ်ရန် ဦးသန့်ဇင်
စီစဉ်ပေးထားသော ၀တ်စုံကို ထူးထူး
ဝတ်ဆင်ထားခြင်းဖြစ်သည်။
အထဲက တီရှပ် လက်ရှည် နို့နှစ်ရောင်...၊
ဘောင်းဘီအရှည် နို့နှစ်ရောင် လေးနှင့်
အပေါ် က ကုတ်အင်္ကျီ အနီကွက်လေး။
ကုတ်က ရိုးရာ ဂျပ်ခုပ်ထည်လို အသားမျိုးလေး...။ အသားညိုသော ထူးထူးတောင်
ပေါ်လွင်သွားသလိုပင်။
ပုံမှန်မြင်နေကြ အနောက်တိုင်း ၀တ်စုံတွေနှင့်
ကွဲထွက်ကာ ပေါ့ပါးပြီး လူငယ်
အသွင်ဆောင်နေလေသည်။
"ငါရော ဘယ်လိုနေလဲ...
အရမ်း မမှိန်ပါဘူးနော်..?.."
အသူရာက သူဝတ်ထားသော၊
မေမေကိုယ်တိုင် ဝယ်ပေးထားသည့်
အနက်ရောင် အနောက်တိုင်းဝတ်စုံလေးကို
ဝတ်ဆင်ထားပေမယ့်၊ ထူးထူး ထက်ပင်
များစွာ ပေါ်လွင်နေသေးသည်။
ဒီလိုပွဲမျိုးမှာ သူဌေးသားတွေ
အများကြီးလာမှာဆိုတော့ လှနေမှ ဖြစ်မှာတဲ့လေ.......၊
"မမှိန်ပါဘူးဟာ... ၊
နင်က ဘာဝတ်ဝတ် ထင်းနေပြီးသားပဲကို.."
ဟုပြောလိုက်တော့ ကျေနပ်သွားဟန်နှင့်
ထိုင်ခုံတွင် ပြန်ထိုင်သည်။
နှစ်ယောက်သား အဝတ်အစားလဲပြီးပြီဖြစ်သဖြင့်
မေမေ အလှပြင်တာကို ထိုင်စောင့်နေဖြစ်ကြသည်။
မေမေ့ကို မိတ်ကပ်ပြင်ပေးရန် လွှတ်ထားသော
လူတွေနှင့် ထူးထူးတို့ အိမ်ကျဉ်းကျဉ်းလေး
ရှုပ်ယှက်ခတ်နေလေသည်။
မေမေက ပွဲတက် ၀တ်စုံ ပိုးသား
အနီဖျောဖျောလေးနှင့် လှပကျော့ရှင်းနေလေသည်။
"ဟီး... အန်တီ့ကို အားကျလိုက်တာဟယ်...."
ဆံပင်ပြင်နေပြီဖြစ်သော မေမေ့ကို
လှမ်းကြည့်ကာ ပြောနေသော အသူရာ.......
"အန်တီက ကံကောင်းလိုက်တာနော်...၊
ချစ်တဲ့လူနဲ့လဲ ပေါင်းဖက်ရတယ်.. ၊
ပြီးတော့ အဲ့လူက အရာရာ ပြည်စုံနေတယ်...၊
အန်တီ့ကိုလဲ အရမ်းချစ်တယ်... ဘာလိုသေးလဲ...."
ထူးထူး အသူရာနှင့် အတူ မေမေ့ကို
လှမ်းကြည့်မိရင်း တကယ်ပဲ အသူရာ
ပြောသလို ဖြစ်ပါစေလို့ပဲ ဆုတောင်းမိသည်။
မေမေ့ကို ကံကောင်းပြီး စိတ်ချမ်းသာမှု အပြည့်နဲ့
အမျိုးသမီး တစ်ယောက်ဖြစ်စေချင်သည်။
အဲ့အတွက် ထူထူး ဘာလုပ်ပေးရ ပေးရပါ..။
"ဒါနဲ့ မော်လမင်းဟန်လဲ
လာမယ် ထင်တယ်နော်..."
"အင်း...."
"အာဏာမင်းဆက်လဲ လာမယ်ထင်တယ်...."
"ဟင်..? ဘာလို့လဲ..?"
"နင်ကလဲ သူတို့ သုံးယောက်က
သူငယ်ချင်းတွေဟာကို..."
ဟုပြောလိုက်မှ၊ ထူးထူးမျက်လူံး အပြူးသား...၊
အာဏာမင်းဆက် ပြောသည့်
တက်တူးဆင်တူထိုးထားသည့်
သူငယ်ချင်းသုံးယောက်ဆိုတာ၊
သူရယ် ၊ မော်လမင်းဟန်ရယ်၊
စိုင်းမင်းခွန်းသော်ရယ်လား... ။
ဘုရား ဘုရား..
ဘယ်လိုတိုက်ဆိုင်တဲ့ ကံကြမ္မာတွေ များပါလိမ့်။
ထူးထူး သက်ပြင်းချလိုက်တော့
အသူရာက ကြည့်လာကာ ..
"ဘယ်လိုဖြစ်တာလဲ.. ၊ နင့်မျက်နှာကြီးက ...?၊ "
"မသိပါဘူးဟာ....
ဒီပွဲကို သွားရမှာ စိတ်ထဲ လေးနေတယ်၊
ကွာခြားမှုက အရမ်းကြီးတယ်လေ....၊ "
"နင်ကလဲ ၊ ဘာတွေ အဲ့လောက် တွေးနေတာလဲ...၊
ငါသာ ဆို နင့်နေရာမှဆို ပျော်လွန်းလို့
ထခုန်နေလောက်ပြီ၊ ဒီလောက်ကြီးတဲ့
အသိုင်းအဝိုင်းထဲ ဝင်ရမှာ ၊
ဘယ်လောက်ကောင်းလိုက်လဲ....."
ထူးထူးတို့ စကားပြောနေရင်း အိမ်ရှေ့မှ
ဘဲလ်သံကို ကြားလိုက်ရသဖြင့်
ထူးထူး ထကြည့်တော့ ဦးသန့်ဇင် အိမ်ကကား...
ရောက်လာပြီပဲ.....
မေမေ့ဆီသွားတော့
မေမေက ပြင်လို့တောင်ပြီးနေပြီ....
"လှလိုက်တာ မေမေရယ်..."
ထူးထူး အသံထွက်ပြီးတောင် ပြောမိတော့ ....
"ဟုတ်ပ အန်တီက အရမ်းလှတာပဲ...."
ဟူ၍ မိတ်ကပ်ဆရာကပါ ထောက်ခံသည်။
မေမေက လှသလောက် ထူးထူးကတော့
မေမေ့ ရုပ်ရည်ကို အမွေဆက်ခံ မရရှိခဲ့။
ထို့ကြောင့်မေမေက အသားဖြူသလောက်
ထူးထူးက ညိုတိုတို။
မိတ်ကပ်ဆရာတွေ အကုန်ပြန်သွားတော့မှ
ထူးထူးတို့ သုံးယောက် ကားပေါ်တက်ခဲ့သည်။
မနက်ထဲက အိမ်ရှိ လိုအပ်တဲ့ ပစ္စည်းတွေကော
အဝတ်အစားတွေကော အကုန်လုံး ဦးသန့်ဇင်
အိမ်ကို ရွှေ့ထားပြီဖြစ်သည်။
ဟာလာဟင်းလင်း ဖြစ်သွားသော အိမ်လေးကို
သော့ခတ်ကာ ထားခဲ့ရတော့မည်။
ကားပေါ်ရောက်သည်အထိ အိမ်လေးအား
လွမ်းတသသငေးကြည့်နေမိသည်။
ထူးထူးတို့ အိမ်လေးက သိပ်မကြီးသော်လည်း
သားအမိနှစ်ယောက်အတွက် အတော်အသင့်
အဆင်ပြေသည့် တိုက်အိမ်ငယ်လေးဖြစ်သည်။
ထို အိမ်လေးတွင် မွေးကတည်းက နေလာခဲ့တာ၊
ခု ခွဲရတော့မည် ဆိုတော့ရင်ထဲမှာ
တကယ်ကို မကောင်းခဲ့။
....................