ထူးထူး အိပ်ခန်းထဲမှာ တစ်ယောက်တည်း
စာလုပ်နေရင်း စိတ်က ပါတစ်ဝက်
မပါတစ်ဝက်.။
မေမေ လက်ထပ်လိုက်လျှင်
ပြောင်းရတော့မည့် အိမ်အကြောင်း
တွေးနေမိသည်။ မေမေ လက်ထပ်မည့်
အမျိုးသားတွင် သားတစ်ယောက် ရှိပြီး
ထူးထူး တို့ ကျောင်းကပဲတဲ့... ၊
ခုမှ ကျောင်းတက်တာ တစ်လတောင်
မပြည့်သေးလို့ ဘယ်သူလည်း သိဖို့ မလွယ်လှ....၊
အသူရာကတော့ ဘယ်သူဆိုတာ
သေချာပေါက် သိလိမ့်မည်။
ပြောရင်းဆိုရင်း အသူရာ့ဆီမှ ဖုန်းဝင်လာသည်။
"ဟယ်လို......"
"ထူး နင်ဘယ်မှာလဲ....?"
တစ်ဖက်မှ ဆူညံလှသော
တီးလုံး သံများကိုကြားနေရသဖြင့်
ဖုန်းနှင့် နားကိုတောင် ခွာလိုက်ရသည်။
မွေးနေ့ပွဲတစ်ခု သွားစရာ ရှိတယ်လို့
သူ ပြောထားတော့ အဲ့ကို ရောက်နေတာ ဖြစ်မည်။
"ငါက အိမ်မှာပေါ့၊
နင် မပြန်လာသေးဘူးလား..၊
နောက်တောင် ကျနေပြီ..."
ည ဆယ်နာရီထိုးနေပြီ ဖြစ်သည်။
"ငါ အခု bar ဆက်သွားမလို့...
နင်လာခဲ့ပါလား... ဒကာ ရှိတယ်
နင့်ကိုလည်း ခေါ်နေတယ်...."
မွေးနေ့ရှင်က အလယ်တန်းကျောင်း
လောက်တုန်းက သူငယ်ချင်း ဖြစ်တာကြောင့်
ထူးနဲ့ကော အသူရာနဲ့ပါ ခင်သည်။
သို့သော် အဲ့လို လူများတဲ့ ရှုပ်ရှုပ်ယှက်ယှက်
နေရာတွေ ထူး မသွားတတ်သဖြင့် မလိုက်ဖြစ်တာ။
"အာ.... ငါ မလာတော့ပါဘူးဟာ.... ၊
နင့်ဘာသာပဲ သွားပါ ..၊ မသောက်တော့
မသောက်နဲ့နော် အသူရာ၊
အပြန်ကော ဘယ်လိုပြန်မှာလဲ...?
နင့်ကို ဘယ်သူလိုက်ပို့မှာလဲ...?"
ရှိတာမှ သူငယ်ချင်းက ဒါလေးတစ်ယောက်၊
ယွစိတက်လေး ဖြစ်နေတာကြောင့် စိတ်က မချချင်၊
"ထူးရယ် အပြန် လိုက်ပို့မယ်လူ ဘယ်ရှိမှာလဲ....၊
အဲ့တာကြောင့် နင့်ကို ခေါ်တာပေါ့....
ငါ အန်တီ့ကိုတောင် ခွင့်တောင်းပြီးပြီ ၊
အန်တီကတောင် နင့်ကို လွှတ်တယ်...
လာခဲ့ပါဟာ.... နော်...."
ထူးထူး စိတ်ပျက်မိသည်။
အဲ့လို နေရာတွေနှင့် အသားမကျ၊ မနှစ်သက်၊
ဒါပေမယ့်လည်း အသူရာ့ကိုလည်း
တစ်ယောက်ထဲ လွှတ်မထားနိုင်။
သူက ဘယ်လိုပဲ ယောက်ျားလေး ဖြစ်နေဦးတော့၊
နုနုထွတ်ထွတ် ချောချောလေးလေ၊
မတော်တရော် အကြံသမားနဲ့သာ တွေ့ရင်ဖြင့်....
"အေးပါဟာ.... လာခဲ့မယ်... ၊
ဘယ်မှာလဲ လိပ်စာ အတိအကျပြော....."
"(.....................) "
အသူရာ ပြောသော လိပ်စာကို လက်ထဲတွင်
ကိုင်ထားသော ဘောပင် နဲ့ ချရေးမှတ်လိုက်သည်။
"နင် တက်စီနဲ့လာနော်....
ငါ တက်စီခ ပေးပါ့မယ်...."
"အေးပါ... ငါ့ဘာသာ ဘာနဲ့လာလာ
လာရင် ပြီးရော မလား...."
ထူးထူး ဖုန်းကို ချပြီး အဝတ်အစားလဲရန်
ထလိုက်တော့ ဘယ်တုန်းထဲက
ရောက်နေမှန်း မသိသော မေမေက
ပြုံးပြုံးကြီး ရပ်ကြည့်နေသည်။
"ဟင်... မေမေရယ် လန့်လိုက်တာ.. ၊
အသံမပေး ဘာမပေးနဲ့...."
ထူးထူး ရင်ဘတ်ကို ဖိကာ
ရယ်ကြဲကြဲ ပြောလိုက်တော့
မေမေက ပါ ရယ်ကာ.....
"သား... အသူရာ့ကို သေချာ ထိန်းဦးနော်.... "
မေမေကလည်း အသူရာ့ကို
သားအရင်းလေးလိုချစ်သည်။
ဒါကြောင့်လည်း တစ်ခုခုဆို သားဖြစ်တဲ့
ထူးထူးထက် သွက်လက်ချက်ချာတဲ့
အသူရာက အရင်ကြိုသိနေတတ်သည်လေ။
"ဟုတ်ပါပြီ မေမေရယ်....၊
မေမေလည်း စောင့်မနေနဲ့ဦး... ၊ အိပ်နှင့်နော်..
ထူးက နောက်ကျမယ် ထင်တယ်...."
"အမလေး ...ကျုပ်သိပါတယ်တော်...."
ထူးထူး ပြုံးလိုက်သည်။ မေမေက ဘာကိုမှ
ချုပ်ချယ်တတ်သူ မဟုတ်.. ။
လူငယ်တွေနှင့် အလိုက်အထိုက်
နေတတ်သူဖြစ်သည်။
ထူထူးက ဘယ်မှ မသွားလို့တောင်
သွားဖို့လာဖို့ အတင်းပြောယူရသူ။
သားအမိ နှစ်ယောက်က လိုက်လည်းလိုက်သည်။
"အိမ်ရှေ့မှာ ဘယ်က ကားလည်း မသိဘူး... ၊
ညနေလောက်တည်းက လာရပ်ထားတာ...
တော်သေးတာပေါ့ မေမေတို့ အိမ်က
ကားအဝင်အထွက်မရှိလို့..."
မေမေက ထူးထူး အခန်းရဲ့ ခန်းဆီးစကို
လှပ်ပြီး အပြင်ကို ကြည့်ကာ ပြောနေသည်။
ကားတစ်စီးရောက်နေတယ်ဆိုတာနဲ့
ထူးထူး တွေးမိတာ အာဏာမင်းဆက်
တစ်ယောက်သာ။
သူများလား....၊
သူပျောက်နေတာ တစ်ပတ်လောက်တောင်
ရှိတော့မည် ထင်သည်။
ထူးထူး မေမေရှိရာ ပြတင်းပေါက်နားကို
အပြေးသွားလိုက်ပြီး အပြင်ကို လှမ်းကြည့်တော့
တွေ့ရတဲ့ ကားက အာဏာမင်းဆက်ရဲ့
ကားနှစ်စီးလုံး မဟုတ်..။
ငါ အတွေးလွန်နေတာ ဖြစ်မှာပါလေ...၊
သူက လာရပ်နေစရာ အကြောင်းမှ မရှိတာ....။
...................
ထူးထူး အိမ်ပြင်ထွက်လာတော့ ကားက
တကယ်ကို ခြံဝတည့်တည့် ပိတ်ရပ်ထားသဖြင့်
လူတောင် မနည်း ထွက်ယူရသည်။
ဘယ်လိုကားပါလိမ့်...
သူများအိမ်ရှေ့လာပြီး... ပိုင်စိုးပိုင်နင်း....၊
အထဲကို ပြူးပြဲ ကြည့်သော်လည်း
မှန်က မဲနက်နေတာကြောင့် ဘာဆို ဘာမှ မမြင်ရ။
ခေါ်ထားတဲ့ တက်စီကို ရပ်စောင့်နေတုန်း
ခုနကကားက မီးများလင်းလာကာ
စက်နှိုးသံကို ကြားလိုက်ရသည်။
ဪ ကားထဲမှာ လူရှိနေတာပဲ။
ထူးထူး အတွေးပင် မဆုံးလိုက်
ကားက ထူးထူး ရှေ့တွင် တည့်တည့်ကြီး
လာရပ်ပြီး မှန်တံခါး ဖွင့်လိုက်စဉ်.....
အာဏာမင်းဆက်....!!
ထူးထူး ထင်ထားတာ မမှား.. ။
တကယ်ပဲ သူဖြစ်နေပါလား။
"ဘယ်သွားမလို့လဲ ထူးထူး...?."
မတွေ့တာကြာပြီ ဖြစ်တဲ့ သူ့ဆီက
အရင်အပြုံးတွေကို ပြန်မြင်ရတော့
ရင်ထဲတွင် စိတ်အေးသွားသလို....
"ဟို... -----bar သွားမလို့ အာဏာ.. ၊
ဒါနဲ့ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ..?..."
"ထူးထူးက အနားကို လာရင် မကြိုက်မှာ စိုးလို့
အဝေးကနေ ကြည့်နေတာ...."
အာဏာ ပြောလိုက်သော စကားက
တကယ်ကို အနှောင့် အသွားမလွတ်၊
"တက်လေ ထူး.... ကို လိုက်ပို့ပေးမယ်..."
"ရတယ် အာဏာ... ထူး ကားခေါ်ထားတယ်... ၊
ဟိုမှာ လာနေပြီ..."
ထူး တက်စီကားဆီ ပြေးသွားလိုက်တော့
အာဏာက ကားပေါ်မှ ပြေးဆင်းလာကာ
အိတ်ထဲမှ တစ်သောင်းတန် တစ်ရွက်ကို
ထုတ်လိုက်ပြီး ဒရိုင်ဘာအားလှမ်းပေးလိုက်သည်။
"ကျွန်တော်တို့ မလိုက်ဖြစ်တော့လို့
ဆောရီးနော်..."
ဟု တက်စီသမားကို ပြောကာ ထူထူးလက်ကို
အတင်းဆွဲခေါ်လေတော့သည်။
ထူးလည်း အာဏာ ဆွဲရာနောက် ပါသွားပြီး
ကားထဲ အတင်းထိုးထည့်ခံရလေသည်။
မသိရင် ပြန်ပေးဆွဲနေတာ ကျနေတာပဲ။
အရမ်းငြင်းလွန်းတော့လည်း
မကောင်းတတ်သဖြင့် ကားပေါ်မှ ပြန်မဆင်းတော့ ...။
"ဘာလို့ အဲ့လောက်တောင် ပေးလိုက်တာလဲ.. ၊
ကျတာမှ ၂၅၀၀ ထဲရယ်..."
"bar ကို ဘာသွားလုပ်မှာလဲ...?."
ထူးထူး မေးတာကို မဖြေ...၊
သူမေးချင်တာကို မေးနေသည်။
"အသူရာ ခေါ်လို့လေ...
ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ရဲ့
မွေးနေ့သွားရင်း bar ဆက်သွားကြမယ်ဆိုလို့...၊
သူပြန်ဖို့ အဖော်မရှိမှာ စိုးလို့ လိုက်သွားမလို့....."
ထူးထူး သေချာ ရှင်းပြလိုက်တော့
သူက ဘာမှ ပြန်မပြောတော့
ကားကိုသာ ဆက်မောင်းနေသည်။
"အာဏာ့ အမေ မွေးနေ့လက်ဆောင်
ကြိုက်ရဲ့လား...?."
ထူးထူးကပင် စကားစလိုက်တော့
သူက ခေါင်းညိတ်ကာ....
"အင်း ကြိုက်ပါတယ်...
သူက သူ့သားပေးတာ
ဘာမဆို ကြိုက်နေတာပဲ..."
ထူးထူး ပြုံးလိုက်သည်။
သူက အမေကိုတော့ ဂရုစိုက်သားပဲ....။
ရုတ်တရက် မေမေ့ အကြောင်းက ပေါ်လာပြန်သည်။ အိမ်ပြောင်းရတော့မယ့် ကိစ္စ
အာဏာမင်းဆက်ကို ပြောလိုက်ရမလား။
နောက်လကျရင် တရားရုံးမှာ
လက်မှတ်ထိုးမည်တဲ့၊ ပွဲကိုလည်း dinner လောက်ပဲ
လုပ်ကာ အဲ့ည တစ်ခါတည်း
သူတို့အိမ်ကိုပြောင်းရမည်ဖြစ်သည်။
ခုချိန်ထိ အဲ့လူတွေ ဖြူသလား မဲသလား.. ၊
ထူးထူး မမြင်ရသေး။ ကြားထဲတစ်ရက်တော့
မိသားစု စားပွဲလေး လုပ်မယ်လို့တော့
မေမေ့ဆီမှ ကြားထားသည်။
မေမေ့အကြောင်းတွေးနေရင်း
ရုတ်တရက်ထွက်ပေါ်လာသော
အာဏာမင်းဆက် ဖွင့်လိုက်သည့်
ကျယ်လောင်လှသည့် သီချင်းသံကြီးသည်
ထူးထူးကို လန့်သွားစေသည်။
သူ့ကားစီးရင် အမြဲ ကြားနေကြ
ဆူညံလှတဲ့ သီချင်းသံကြီး၊
နားစည်တွေတောင် ကွဲထွက်တော့မယ်......
"အာဏာ... အသံနည်းနည်း
တိုးပေးလို့ ရမလား....?"
ထူးထူးပြောတာ သူမကြားရလောက်အောင်ကို
ကျယ်တာ ....မီးပွိုင့်မိနေတုန်း သူက
ဖုန်းတောင် ကောက်သုံးလိုက်သေးသည်။
"အာဏာ...."
သူ့ကားက ခလုတ်တွေကို ထူးထူး
ဘာမှ မနှိပ်တတ်။သူ့ လက်မောင်းကို
ပုတ်လိုက်တော့မှ မော့ကြည့်ပြီး
အသံကို တိုးလိုက်ကာ....
"ဘာလဲ ထူး...?"
"ဟူး... ဘာမှ မဟုတ်ဘူး ... ၊
အသံ အရမ်းကျယ်နေလို့
တိုးခိုင်းတာ... ရပြီ...."
"အော် ဆောရီး...."
သူ သီချင်းကို ထပ်တိုးပေးနေစဉ်
အသူရာ့ ဆီမှ ဖုန်းဝင်လာသည်။
"ပြော ....."
"ဟဲ့... နင်လာနေပြီလား...?
ငါတို့ ရောက်နေပြီနော်."
"အေးပါ လာနေပြီ ရောက်တော့မယ်...."
အာဏာမင်းဆက် ပါလာတာ ပြောလိုက်ရမလား..၊
သူက လိုက်ပဲ ပို့တာလား .. ၊
သူပါ လိုက်ဝင်မလား မပြောတတ်..၊
တော်ပါပြီ၊
ပြောမနေတော့ပါဘူး..။
........
ထူးထူး ဖုန်းချပြီးတာနဲ့
အာဏာ့ဆီ ဖုန်းဝင်လာသည်။
"ပြော...."
"(မင်း အခု ဘယ်မှာလဲ....)"
"ဘာလုပ်မလို့လဲ......?"
"(လာခဲ့ပါလားကွာ... လူတွေလည်း စုံနေတယ်)....."
မော်လည်း ဒီည night out ထွက်သည်။
မနက်တည်းက အာဏာ့ကို ခေါ်ထားသော်လည်း
အာဏာမလိုက်ဖြစ်.. ခုထပ်ခေါ်ပြန်သည်။
"ငါ မအားဘူး လို့ ပြောပြီးသားလေ...
မလာတော့ဘူး..."
"မင်းကလည်း ကွာ...
မအားရအောင် ဘာလုပ်နေလို့လဲ...?"
"ငါ့အတွက် အရမ်းအရေးပါတဲ့
လူတစ်ယောက်ကို လိုက်စောင့်ရှောက်ပေးနေတာ...."
အာဏာ့စကားကြောင့် ထူးထူး အံ့သြပနန်းနှင့်
သူ့ကို မဝံ့မရဲ လှမ်းကြည့်မိတော့
ပုံမှန်အတိုင်း ပြုံး၍သာနေသည်။
တမင် ပြောတာလား အတည်ပြောတာလား
ထူးထူး မဝေခွဲတတ်တော့။
သူပြောတဲ့ စကားတွေက
အနှောင့်အသွား မလွတ်ချင်။
ဒီလို အရာရာ ပြည့်စုံတဲ့ လူတစ်ယောက်ဆီက
ဒီလို အပြုအမူမျိုးတွေ ရလိမ့်မယ်လို့
ထူးထူး စိတ်ကူးတောင် မယဉ်ဖူးခဲ့..။
အတွေးကောင်းနေတုန်း ရုတ်တရက်
တွေ့လိုက်ရသော အရာတစ်ခုကြောင့်
ထူးထူး ရင်က ဒိတ်ခနဲ။
အာဏာမင်းဆက်၏ ဖြူဖွေးကြည်စင်နေသော
လက်ဖျံလေး၏ အကြောစိမ်းစိမ်း
လေးတွေပေါ်တွင် မြင်လိုက်ရသော
အနက်ရောင်တက်တူးလေး တစ်ခု.....
M.....!!!!
အရင်နေ့တွေက လက်ရှည်တွေသာ
၀တ်ထားတတ်သောကြောင့်
တက်တူးကို မတွေ့ခဲ့..။
အခု လက်ရှည်ကိုပဲ တံတောင်ဆစ်ထိ
ခေါက်တင်ထားတာကြောင့် လက်ဖျံတွင်
ထိုးထားသော တက်တူးလေးကိုမြင်လိုက်ရသည်။
ဒီတက်တူးဟာ ထူးထူး စွဲလမ်းခဲ့ရတဲ့
လူ၏ လက်ဖျံက တက်တူးနှင့် တစ်ထေရာတည်း.။
M တစ်လုံးတည်း ဆိုပေမယ့်၊ ဘေးနားတွင်
အစက်လေး သုံးစက်ပါဝင်နေသည့်
ထို တက်တူးလေး....
ဘယ်လိုဖြစ်တာလဲ.....?၊
ထူးထူး ချက်ချင်းပဲ သူ၏ မျက်နှာအား
အကဲခတ်လိုက်မိသည်။
"ဘာတွေ စိတ်ဝင်စားလို့
အဲ့လောက် ကြည့်နေတာလဲ ထူး...."
အာဏာပြောသည့်စကားကြောင့်
ထူး အာဏာ့ကို ကြည့်နေရာမှ
အကြည့်လွှဲလိုက်ကာ ... ၊
မသိချင်ယောင် ဆောင်နေလိုက်သည်။
တက်တူးက လုံး၀ တစ်ပုံစံထဲပဲ
ဖြစ်သော်လည်း၊ သေချာတာတော့
အာဏာမင်းဆက်က ထူးထူးရှာနေတဲ့
လူမဟုတ်ဘူး....။
သို့သော် ထို M စာလူံးအလှလေးနှင့်
တက်တူးမျိုး လက်ဖျံပေါ် တိုးထားသူ
ဘယ်နှစ်ယောက် ရှိနိုင်သည်နည်း။
သူ့ကို မေးလိုက်ရင်ရော သူသိမှာတဲ့လား။
မမေးတာထက်စာရင် မေးလိုက်တာ
ပိုကောင်းပါတယ်လေ။
ဒါမှ ထီးပိုင်ရှင်ကို တွေ့ဖို့ လမ်းစလေးတစ်ခု
ဖြစ်ဖြစ် ရရင်လည်း ရသွားနိုင်တာပေါ့...။
"ဟို.... ဟို... တက်.. တက်တူးက...."
ထူးထူး၊ သူလက်က တက်တူးကို
လက်ညှိုးထိုးကာ ပြောလိုက်တော့ သူက
သူ့လက် သူ ကိုင်ကြည့်ရင်း..
"အင်း.. ဘာဖြစ်လို့လဲ ထူး...?"
ဘယ်လိုမေးရမလဲ မသိ။
"အဲ့တာ ဘယ်မှာထိုးတာလဲဟင်....?"
"ကြာပါပြီ.. ငယ်ငယ်တုန်းက ထိုးထားတာ...၊
ဘာလို့လဲ..?"
"အော် ... တစ်ယောက်ယောက်ဆီမှာ
မြင်ဖူးနေလို့...."
ထူးထူး၏ စကားကြောင့် အာဏာက
ထူးထူးဘက် ခဏ ကြည့်လာကာ....
"ဘယ်သူ့ဆီမှာလဲ...?"
"သေချာတော့ မသိဘူး...
ဒါပေမယ့် အဲ့ဒီတစ်ယောက်ဆီမှာလဲ
လက်ဖျံမှာ အာဏာ့လို တက်တူးရှိနေတယ်..."
Bar ကရောက်နေပြီ..၊
အာဏာက ပါကင်တွင် ကားရပ်လိုက်ပြီး
"ဒီတက်တူးက ကိုယ်တို့ သူငယ်ချင်း
သုံးယောက် ဆင်တူ ထိုးထားတာ၊ "
ဟင်..? သူငယ်ချင်းသုံးယောက်
ဆင်တူ ထိုးထားတာ...?
ဒါ.. ဒါဆို၊ ထီးပိုင်ရှင်က အာဏာ့
သူငယ်ချင်းတွေထဲက တစ်ယောက်လား....?
ထူးထူး ဆက်မေးမည့် မေးခွန်းကို
မစီရသေးခင် အာဏာက ကားပေါ်မှ
ဆင်းသွားကာ ဆေးလိပ်သွားသောက်နေလေသည်။
ထူးထူးရင်ထဲတွင်တော့ အနည်းငယ်
လှုပ်ခတ်သွားရလေသည်။
ထီးပိုင်ရှင်နဲ့ တွေ့ရဖို့ လမ်းစက
တစ်ဖြည်းဖြည်း နီးလာလေပြီလား...?။
ထူးထူးလည်း ကားပေါ်မှ ဆင်းလိုက်ကာ
အာဏာမင်းဆက် နားသွားရင်း....
မေးခွန်းတွေ မမေးခင် သူသောက်နေတဲ့
ဆေးလိပ်နံ့ကြောင့် လူက အသက်ရှူ ကြပ်ကာ
ချောင်းပင် တစ်ဟွတ်ဟွတ် ဆိုးရသည့် အဖြစ်။
ဆေးလိပ်နံ့တွေကို ထူး အရမး်မုန်းတာလေ။
"ဆောရီး...."
ဟုဆိုကာ သောက်လက်စ ဆေးလိပ်အား
မီးသတ်လိုက်ပြီး
"ဆေးလိပ် အနံ့ မခံနိုင်ဘူး ထင်တယ်၊
နောက်ဆို သတိထားပါမယ်..."
ဟု ဆိုလေသည်။ သူဘာလို့ ထူးထူးကို
ဒီလောက် အရေးပေးနေရသနည်း။
"ထူး .. မဝင်သေးဘူးလား...?"
သူပြောမှပဲ အထဲဝင်ဖို့ သတိရတော့သည်။
ထူးထူးတွေးနေသည် က အာဏာ့နှင့်
တက်တူး ဆင်တူ ထိုးထားသည့်
သူငယ်ချင်း များအကြောင်းသာ၊
အာဏာ့ သူငယ်ချင်းတွေက ဘယ်သူတွေလဲဟု
မေးလိုက်လျှင်လဲ တစ်မျိးထင်မည်
စိုးတာနှင့် မေးခွန်းတွေက ထွက်မလာပဲ
လေထဲတွင် ပျောက်ပျောက် သွားသည်။
အာဏာကလည်း ထိုကိစ္စကို
စကား မစလာတော့ ပဲ၊
"ကို အပြင်မှာပဲ စောင့်နေမယ်၊
ပြီးရင် ထွက်ခဲ့ကြ၊ အိမ်ကို ပြန်လိုက်ပို့ ပေးမယ်၊"
"အာ ရပါတယ်၊ ပြန်လိုက်ပါ၊
အသူရာက ဘယ်လောက်ကြာဦးမယ်
မသိဘူး၊ မစောင့်ပါနဲ့တော့....."
ဟုပြောတော့ သူက ထူးထူး
လက်မောင်းတို့ကို ကိုင်ကာ bar ဘက်ကို
ဦးတည်ပေးလိုက်ပြီး...
"ကဲ သွားပါ...၊ ဒီလောက်က
ကို့အတွက် ဘာမှ အပန်းကြီးတာ မဟုတ်ဘူး...."
ပြောလျှင်လည်း ပြောလို့ရမှာ မဟုတ်တာကြောင့်
ထူးထူး bar ထဲသို့သာ ဝင်လာခဲ့လိုက်သည်။
....................
"ဘာ....!."
"အပြင်မှာ အာဏာ စောင့်နေတယ် လို့...."
"ဟေ....."
ထူးထူးစကားကြောင့် အသူရာက
မျက်လုံးပြူးသွားပြီး ထူးထူး၏ လက်ကို
ဆွဲကာ ဆူညံနေသောသီချင်းသံများ
ကြားမှ အပြင်သို့ ခေါ်ထုတ်လာလေသည်။
"အာဏာမင်းဆက် ပါလာတယ်... ?
သူနဲ့ ဘယ်လို တွေ့လာတာလဲ...?"
"မသိပါဘူး၊ ခြံရှေ့မှာ သူ့ကားရပ်ထားတာ
မနက်ထဲကတဲ့၊ သူ့ကားက အရင်ကားတွေ
မဟုတ်တော့ ငါလည်းမသိဘူးလေ၊
အဲ့တာ ခု ငါ ထွက်တော့မှ
သူကလိုက်ပို့မယ်ဆိုပြီး၊ လိုက်ပို့တာ၊
အဲ့တာက အရေးမကြီးဘူး...."
"အဲ့တာ အရေးမကြီးဆိုတော့
ဘာက အရေးကြီးတုန်း....?"
"ငါ သူ့ဆီမှာ တက်တူးကို တွေ့လိုက်တယ်...."
"ဘာ တက်တူးလဲ.....?"
"ထီးပိုင်ရှင်ရဲ့ လက်မှာ ထိုးထားတဲ့ တက်တူးလေ....."
"ဟင် ...? တကယ်ကြီးလား... ?
ဒါ... ဒါဆို အာဏာမင်းဆက်က ....
နင့်ထီးရှင်လား...?"
အသူရာက အသံပြဲကြီးနှင့်
ထအော်တော့ သူ့ရဲ့ ပါးစပ်ကို ပိတ်လိုက်ကာ....
"မဟုတ်ဘူး အသူရာ...၊
အာဏာမင်းဆက် မဟုတ်တာတော့
လုံးဝ သေချာတယ်၊"
ထူးထူးစကားကြောင့်
အသူရာ ခေါင်းစားသွားပုံရသည်။ နောက်မှ
"ဪ ငါသိပြီ၊ ထီးပိုင်ရှင်က ရယ်လိုက်တော့
ပါးချိုင့်လေး ပါတယ်နော်၊
အာဏာမင်းဆက်မှာ မပါဘူး..."
ဟုပြောသဖြင့် ထူးထူး ခေါင်းကိုညိတ်လိုက်ရင်း၊
ဟုတ်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ်
ခံစားချက်ခြင်းကိုက မတူတာလေ။
"နင် အာဏာ့ကိို မေးကြည့်ပါလား... ?
အဲ့တက်တူးကို ဘယ်မှာ ထိုးတာလဲလို့...၊
ဆိုင်သိရရင် နင်စုံစမ်းလို့ရပြီလေ.... ၊
နင်ချစ်တဲ့ လူနဲ့ တွေ့ခွင့်ရမယ့်
တစ်ခုထဲသော အခွင့်အရေးနော်....."
"သူ ငါ့ကိုပြောတာက အဲ့တက်တူးက
သူတို့ သူငယ်ချင်း သုံးယောက်
ဆင်တူ ထိုးထားတာတဲ့...."
"ဟင်... ! ဒါဆို အဖြေက ရှင်းရှင်းလေး၊
နင့် ထီးပိုင်ရှင်က သူ့သူငယ်ချင်း
နှစ်ယောက်တည်းက တစ်ယောက်ပေါ့...."
ထူးထူး ခေါင်းကို ညိတ်လိုက်ရင်း
စိတ်ထဲ နောက်ကျိလာ ရသည်။
ကံတရားက အဲ့လောက်ထိ တိုက်ဆိုင်ပါ့မလား...။
...........
ထူးထူးနဲ့ အသူရာ ပြောနေသည့်
စကားများကို အတိုင်းသား ကြားနေရသော
အာဏာမင်းဆက်တစ်ယောက် ၊
စိတ်ကို မနည်း လျှော့ချထားရသည်။
ထူးထူး မှာ ချစ်ရမယ့်လူရှိနေတယ်၊
ထိုသူက မော်နဲ့ ခွန်းသော် နှစ်ယောက်တည်းက
တစ်ယောက်ဖြစ်နေနိုင်တယ်။
အာဏာ သဘောပေါက်လိုက်တာ တစ်ခုက ၊
ဒါတွေက ရိုးရိုးသားသား
တိုက်ဆိုင်မှု တစ်ခု မဖြစ်နိုင် ၊
"ဒီတစ်ခါတော့ ငါမရှုံးချင်တော့လို့
ထူးထူးကို ရွေးလိုက်တာ " ဟူသော မော်၏
ယုံကြည်ချက်အပြည့်နှင့် စကားသံတို့ကို
ပြန်ကြားယောင်းရင်း။
မော်...
မင်းမှာ ဘာအကြံတွေရှိနေလဲ..?။
ထူးထူးသော်...?
ခုချိန်မှာ မင်းဘယ်သူ့ကိုပဲ စိတ်ထဲ
ရှိနေပါစေ။ တစ်ချိန်ချိန်မှာ မင်းချစ်တဲ့
သူက ငါပဲ ဖြစ်နေရမယ်။
.........