"ဘာစားချင်လဲ...?..."
အာဏာ့အမေးကို ထူးထူး ဘာဖြေရမှန်းမသိ၊
ဗိုက်သာဆာနေတာ ဘာစားချင်မှန်းကိုမသိတာလေ။
"ကောင်းမယ် ထင်တဲ့ ဆိုင်ပဲ ဝင်လိုက်မယ်နော်..."
"ဟုတ်..."
လမ်းမှာ စားသောက်ဆိုင်တွေ အများကြီး
တွေ့သော်လည်း၊ သူကောင်းမယ်လို့ ထင်တဲ့
ဆိုင်ကို တော်တော်ကြီးကိုရှာ ယူလိုက်ရပြီး၊
နောက်ဆူံး နာရီဝက်လောက်အကြာမှ
ဆိုင် တစ်ဆိုင်ရှေ့တွင် ရပ်လိုက်ကာ.....
"ဘဲကင် ကြိုက်တယ်မလား...?"
ဟူ၍ မေးလေသည်၊
ထူးထူး ခေါင်းညိတ်လိုက်သည်။
တစ်ယောက် ဘာကြိုက်လဲ
တစ်ယောက် မသိသော အခြေအနေ သည်၊
တကယ်ကို သူစိမ်းဆန်နေကြမှန်းသိသော်လည်း၊
ခုလို အခြေအနေကလဲ ဘာမှန်းကို
ထူးထူး သေချာမသိတော့၊
သူနဲ့ ထူးထူးက ဘာလဲ...? ။
............
ထိုညက ထူးထူး တော်တော်နဲ့ အိပ်မရ.. ၊
သူလဲ အိပ်ပျော်သေးပုံမပေါ်.. ၊
ကုတင်ပေါ်တွင် ဟိုဘက်လှည့်လိုက် ၊
ဒီဘက်လှည့်လိုက်နှင့်...
"ထူး..."
အာဏာ့ကို ကျောပေးထားတာကြောင့်
သူ့အသံကြားလိုက်တော့ မျက်လုံးတို့ ဖွင့်ကာ
ဘာပြောမလဲ စောင့်နေမိသည်။
သူက အိပ်ရာမှ ထလိုက်ပုံရသည်။
ကုတင်လှုပ်သွားပြီး...
"ထူး အိပ်မပျော်ဘူးလား.....?"
ထူးထူး အာဏာ့ကို လှည့်ကြည့်တော့လိုက်တော့
သူက ကုတင်ပေါ်တွင် ထိုင်ရက်နဲ့ထူးထူးကို
ကြည့်ကာပြောနေသည်။
ထူးလဲ ထထိုင်လိုက်ကာ...
"ဟုတ်တယ်..
တစ်နေကုန်အိပ်ထားလို့ ထင်တယ်... "
"အင်း....."
အခန်းထဲတွင် မီးတစ်လုံးမှ မဖွင့်ထားသော်လည်း
အပြင်က မီးအလင်းရောင်က ပြတင်းပေါက်ကနေ
တစ်ဆင့် အခန်းထဲကို မှိန်ပြပြ ၀င်နေသဖြင့်
အာဏာ့၏ မျက်နှာကို ရှင်းရှင်းလင်းလင်း
မြင်နေရသည်။
သူ ကုတင်ပေါ်က ဆင်းသွားကာ
ပြတင်းပေါက်နားသွားရပ်ပြီး
အပြင်ကို ငေးကြည့်နေရင်းက......
"ကို ဒီအိမ်ကို ငယ်ငယ်က တစ်ခါလာဖူးတယ်..."
တိတ်ဆိတ်နေသော အခန်းထဲတွင်
သူရဲ့လေသံတိုးတိုးကို ထူးထူး
ပီပီပြင်ပြင်ကြားနေရပြီး သူရဲ့ ကျောပြင်အား
ငေး ကြည့်နေမိသည်။
"သိပ်တော့မမှတ်မိတော့ဘူး.. ၊
အဲ့တုန်းက မေမေလဲ ပါတယ်..."
သူ့အမေကို သူ သတိရနေပုံရသည်။
ထူးထူး စိတ်မကောင်းဖြစ်သွားရသည်။
ဘာမှ မဖြစ်သလို နေနေပေမယ့် ၊
သူ ခံစားနေရမှာ ထူးထူးသိသည်။
"ပျော်စရာ ကောင်းခဲ့တယ်ထင်တယ်...၊
အဲ့တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပြန်ကြည့်တော့
အပြုံးတွေက အသက်ဝင်နေတယ်...
ဟန်ဆောင်မှုကင်းနေတယ်..."
အာဏာ စကားတို့ ရပ်တန့်သွားသည်။
သူတို့ မိသားစုအကြောင်း အနည်းအကျဉ်းကို
မော်ပြောပြထားလို့ ထူးထူး သိထားပြီးဖြစ်သည်။
မိဘတွေက ရှုပ်ပွေနေတဲ့ ဒဏ်ကို
တော်တော်ခံခဲ့ရတယ်ထင်တယ်...။
ထူးထူး ကုတင်ပေါ်က ဆင်းလိုက်ကာ
အာဏာ့ဘေးတွင် ယှဉ်ရပ်လိုက်ပြီး
တစ်ခုခုပြောရန် စဉ်းစားမိသော်လည်း
စကားစတို့ ရှာမတွေ့...
သူ့ကို ဒီတိုင်းသာ မော့ကြည့်နေမိသည်။
"ဖေဖေ နောက်အိမ်ထောင်ပြုတော့မယ်.. ....
အဲ့အတွက် ကိုအမွေတွေ ရလိုက်တယ်..
လျှော်ကြေးအနေနဲ့ပေါ့..."
ထူးထူးရင်ထဲ ဆို့သွားရသည်။
လူချမ်းသာအသိုင်းအဝိုင်း ရဲ့
မအေးချမ်းမှုတွေကို သူတို့နဲ့တြွေ့ပီးတဲ့
အချိန်မှာ ထူးထူး စတင်ခံစားလာရတာ.. ။
ထူးထူး ငယ်ငယ်ထဲက ဖေဖေ ဆုံးခဲ့တာဆိုပေမယ့်
ဖေဖေ့ဆီကကောမေမေ့ဆီကပါ ပြည့်ဝတဲ့
မေတ္တာ ကို ရခဲ့သေးသည်။
ခုချိန်မှာ မေမေ ပြောင်းလဲသွားတာက
လွဲလို့ပေါ့..။
ထူးထူး အာဏာ၏ ကျောကုန်းလေးကို
ခပ်ဖွဖွကိုင်လိုက်ချိန်တွင် ၊
သူက ထူးထူးကို ဆွဲလိုက်ပြီး
တင်းကျပ်စွာ ဖက်လိုက်ကာ.......
"ကို တစ်ယောက်ထဲ ဖြတ်သန်းနိုင်ပါ့မလား..?"
ထူးထူး မရုန်းဖြစ်.. ၊
သူရဲ့ ခါးကို ပြန်ဖက်လိုက်ကာ
ကျောလေးကို ပုတ်ပေးဖြစ်ပြီး.....
"ဖြတ်သန်းနိုင်တာပေါ့....၊
အာဏာ့ကို ထူးယုံတယ်.. ၊
ဘယ်သူတွေ ဘယ်လိုပဲဖြစ်နေနေ.. ၊
ကိုယ့်ဘဝကိုယ် အကောင်းဆုံး
ရှေ့ဆက်ဖို့လိုတယ်လေ...
ပြီးတော့ အာဏာ့နားမှာ အာဏာ့ဘက်က
ရပ်တည်မယ့် လူတွေ ရှိပါတယ်.၊
အာဏာ တစ်ယောက်ထဲ မဟုတ်ပါဘူး....."
ထူး စကားတွေ အများကြီးပြောတတ်သူ
မဟုတ်သော်လည်း၊သူ့အား ၊ အားတစ်ခု ဖြစ်စေမည့်
စကားဖြစ်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။
သူက ထူးထူးကို ဖက်ထားရာမှ ခွာလိုက်ကာ
လက်မောင်း နှစ်ဖက်ကို ဆုပ်ကိုင်လာပြီး....
သေချာစိုက်ကြည့်လာကာ.....
"ထူးထူးကော..
ကိုယ့်ဘက်က ရပ်တည်ပေးမှာလား..?."
ထူး ပြုံးလိုက်သည်။
ဒီမေးခွန်းကို ထူး ဖြေစရာမှ မလိုတာ...
"ကိုယ်မေးတာ ဖြေလေ...."
"သေချာပေါက်၊
ထူးက အာဏာ့ဘက်ကနေ ရှေ့ဆူံးက
ရပ်တည်ပေးမှာပေါ့...."
ထူးထူး အဖြေကို အာဏာက
ကျေနပ်သွားဟန် ရှိတာကြောင့်
ထူးထူး ပျော်ပါသည်။
"ကို ဘယ်သူ့ကိုမှ မကျရှုံးချင်ဘူး...."
သူ့ပြောလိုက်သော စကားကြောင့်
ထူးထူး သူ့အား မော့ကြည့်မိတော့
သူက ထူးကို ပြန်ကြည့်လာကာ..
"ကို့အဖေရှေ့မှာ၊
အရှုံးသမားတစ်ယောက်မဖြစ်ချင်ဘူး၊
အဲ့တာကြောင့် ခုချိန်မှာ
ကို အများကြီး ကြိုးစားဖို့လိုတယ်..."
သူ့စကားက ဘယ်ကို ဦးတည်နေလဲ
ထူးမသိသော်လည်း၊ထူး ခေါင်းညိတ်လိုက်ကာ
သူရဲ့ လက်မောင်းကို ဆုပ်ကိုင် နှစ်သိမ့်ပေးရင်း...
"အင်း... အကောင်းဆူံး ကြိုးစားပြလိုက်ပေါ့...."
သူ ထူးထူးအား ပြုံးပြသည်။
ပြီးနောက် ပြတင်းပေါက်ဘက်သို့ ပြန်လှည့်ကာ
အပြင်ဘက် အဝေးတစ်နေရာကို
ငေးကြည့်နေလေသည်။
အာဏာ ဘာတွေတွေးနေလဲ၊ ဆိုတာ
ထူးထူးမသိပေမယ့်၊ ဒီကပြန်သွားရင်
သူ ထူးထူးကို ပစ်ချထားခဲ့တော့မှာလား
ဟူ၍ တော့ ထူးစိတ်ပူမိသည်။
ဘာမှ မသေချာ မရေရာတဲ့
အခြေအနေတစ်ခုမှာ ၊
ဘာကို အများကြီး မမျှော်လင့်ရဲ။
.............
အာဏာနဲ့ ထူးထူး ခရီးထွက်သွားတာကြောင့် ၊
အာဏာမင်းဆက် က ထူးထူးအား
ထပ်မနှိပ်စက်တော့ရန် သူ၏ ဦးလေးအား
အသူရာ နည်းနည်းတော့ သတိပေးချင်သည်။
ထို့ကြောင့် လေးလေးချမ်းရဲအား
ဆိုင်တစ်ဆိုင်တွင် တွေ့ရအောင် ချိန်းထားဖြစ်သည်။
လေးလေးချမ်းရဲကို ကြည့်ရတာ လူကြီးအရမ်းဆန်ပြီး၊ အရာအားလုံးကို နားလည်ပေးမည့် လူစားမျိုး
ဖြစ်သည်ဟု ထင်မိသည်။
ထိုသို့သော လူနဲ့သာ တွဲခွင့်ရလျှင်
စိတ်ချမ်းသာရမည် ထင်သည်ဟု
ဘာမဆိုင် ညာမဆိုင်တွေးဖြစ်သေးသည်။
အဖြစ်မှန်တွေ အားလူံးကို လေးလေးချမ်းရဲ ရှေ့မှာ
မပြောချင်ပေမယ့်၊ ပြောမှ ဖြစ်မည့်
အခြေအနေဖြစ်တာကြောင့် ပြောပြလိုက်တော့
လေးလေးချမ်းရဲကလဲ စိတ်မကောင်းဟန်
ဖြစ်နေသည်။
"အခုတော့ ပြိုင်ပွဲက ပြီးသွားပေမယ့်၊
အာဏာက ထူးကို ထပ်ပြီး မထိခလုတ် ၊
ထိခလုတ် လုပ်နေသေးတယ်၊
တကယ်ချစ်တယ် ဆိုရင်တော့ အကြောင်း
မဟုတ်ပေမယ့်၊ ကစားနေတာဆိုရင်၊
ထူးကို ထပ်ပြီး ဒဏ်ရာတွေ
မရစေချင်တော့ဘူး လေးလေး.."
ဟူ၍ အဆုံးသတ်လိုက်တော့
လေးလေးက ခေါင်းညိတ်လိုက်ရင်း.....
"အရင်ဆူံး အာဏာ့အစား လေးလေးကပဲ
တောင်းပန်ပါတယ်သား....၊
သူ အဲ့လို အလုပ်တွေ လုပ်နေတယ်ဆိုတာ.
လေးလေး မသိခဲ့ဘူး...၊ "
"ရပါတယ်၊ လေးလေးက တောင်းပန်စရာမလိုပါဘူး၊ အသူရာ ပြောချင်တာက၊ လေးလေး သူ့ကို
နည်းနည်းတား ပေးလို့ မရဘူးလား...? ၊
ဒါမှမဟုတ် သူ့စိတ်ရင်း အမှန်ကို
မေးပေးလို့ ရမလား...??
ထူးထူးကို သနားသော အားဖြင့်ပေါ့..."
အသူရာ့စကားကြောင့် လေးလေးက
သက်ပြင်းချလိုက်ကာ..
"မေးလို့ရမယ် မထင်ဘူး ....၊
သူက လေးလေးရဲ့ တူဆိုပေမယ့်၊
ပွင့်ပွင့်လင်းလင်းပြောရရင် လေးလေး
သူ့ကို မနိုင်ဘူး သား...၊
သူက သူစိတ်ထင်ရာ လုပ်တတ်တဲ့
ကလေးတစ်ယောက်ဖြစ်သလို၊
သူ့စိတ်ကလဲ အရမ်းကို မှန်းရခက်တယ်...."
အသူရာ သက်ပြင်းချမိသည်။
လေးလေးချမ်းရဲကလည်း အားကိုး မရပါလား။
ဘာလို့များ အာဏာမင်းဆက်လို
လူမျိုးနဲ့ ထူးထူးကို တွေ့ခွင့်ပေးခဲ့ရတာလဲ။
"အာဏာ ထူးထူးကိုချစ်တယ်
မချစ်ဘူးဆိုတာထက်၊ အာဏာက
အခု မိသားစု ပြသာနာတွေ ရင်ဆိုင်နေရတယ် ၊
သူ့အဖေကလဲ နောက်မိန်းမယူတော့မှာ၊
အဲ့တာကြောင့် သူက သူ့အဖေကို စိတ်နာပြီး၊
သူ့အဖေအပေါ် အရှုံးမခံချင်တဲ့
စိတ်တွေ ရှိနေတယ်၊ အဲ့လိုအချိန်မှာ
သူ ထူးထူးသော်နဲ့ တွဲမှာ မဟုတ်ဘူး သား.. ၊
သူ ထူးထူးကို ချစ်နေတယ် ဆိုရင်တောင်၊
သူ့အဖေကို အနိုင်ရဖို့ ကိစ္စကိုပဲ
သူအရင်လုပ်လိမ့်မယ်၊
လေးလေး အမြင်ပြောရရင်၊
အာဏာ့စိတ်ကို သိရအောင် လုပ်တာထက်၊
ထူးထူးကိုပဲ အဖြစ်မှန်တွေကို လက်ခံအောင်
ပြောပေးသင့်တယ် ..."
လေးလေးရဲ့ စကားကြောင့် အသူရာ
သက်ပြင်းမောကြီး ချမိသည်။
ကာယကံရှင်ရဲ့ ဦးလေးကတောင်
ဒီလိုပြောနေပြီ၊ သို့သော် ဒီကိစ္စကို
ထူးထူးကိုပြောလဲ ထူးထူးလက်ခံလိမ့်မည်
မဟုတ်ဆိုတာကို အသူရာသိသည်။
"ခွန်းသော်..."
လေးလေးချမ်းရဲ လှမ်းခေါ်လိုက်သော
နာမည် တစ်ခုကြောင့် အသူရာ အနောက်ကို
လှည့်ကြည့်မိတော့၊ ဆိုင်အဝင်ဝတွင်
မင်တက်စွာ ရပ်နေသော ခွန်းသော်အား
တွေ့လိုက်ရသည်။
သူ့ကို မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ ၊
သူတော်တော် ပိန်သွားပြီး၊
အရင်က သိပ်ကို လှခဲ့တဲ့ ဆံပင်လေးတွေ
မရှိတော့သလို၊ ဂတုံးဆံပင်ပေါက်လေးနှင့်
ဖြစ်နေတာကြောင့် ..
အသူရာလဲ ရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။
သူနဲ့ပြတ်ပြီးထဲက သူ့ကျန်းမာရေးကိစ္စကို
ထူးထူးကို တစ်ခါမှ မမေးမိခဲ့၊
သူ အသူရာတို့ကို မြင်မြင်ချင်းပဲ
ဆိုင်ထဲတောင် မဝင်လာပဲ ပြန်ထွက်သွားလေသည်။
လေးလေးချမ်းရဲနဲ့ နှစ်ယောက်ထဲ
တွေ့လိုက်လို့ တစ်မျိုး ထင်သွားသည် ထင်ပါရဲ့...၊
အသူရာ သူ့နောက်လိုက်ကာ ၊
လိုက်ရှင်းပြချင်ပါသော်လည်း...
................
မနက်အိပ်ယာနိုးတော့ အခန်းထဲတွင်
အာဏာ့ကို မတွေ့ရ.. ၊
တစ်ရက်ကူးသွားတာတောင် လဲစရာ
အဝတ်အစား မရှိတာကြောင့် မဝယ်လို့က မရတော့... လူက ငြီးစီစီ ဖြစ်နေသည်။
အောက်ထပ်ကို တစ်ယောက်ထဲ ဆင်းလာတော့
ခြံထဲမှာ တံမြက်စည်းလှည်းနေတဲ့ အမျိုးသမီး
တစ်ယောက်ကို တွေ့လိုက်ရသည်။
ဖြူလေး အမေ ဖြစ်ဟန်တူသည်..
အသားဖြူဖြူ ပါးရဲရဲနှင့်
ဖြူလေးနဲ့တော်တော်တူလေသည် ။
"မောင်လေး.. မနက်စာစားတော့မလား... ?"
"ဟုတ်အမ... ဟိုလေ.. အာဏာကောဟင်..."
"အကိုလေးက ခုနလေးတင်ကမှ
အပြင်ထွက်သွားတယ်...."
"အော်...ဘယ်သွားတာလဲ..?
တစ်ခုခု မှာခဲ့သေးလား...?"
"ဘာမှ မမှာခဲ့ဘူးမောင်လေး..၊
ဒီတိုင်းထွက်သွားတာပဲ..."
ထူးထူး သက်ပြင်းချလိုက်မိသည်။
စာမလာ သတင်းမကြား နှင့်
ပျောက်ပျောက်သွားတတ်တာကြောင့်
ခုလဲ ထူးအား ထားကာ ထွက်သွားမှာ
ကြောက်နေမိသည်။
....................။
ထူးထူး မနက်စာစားပြီးသည်အထိ
အာဏာရောက်မလာသေးသဖြင့်
"အမ ဖြူလေးရော..?"
"ဖြူလေးက ခြံနောက်မှာ မောင်လေး.."
တစ်ယောက်ထဲပျင်းနေတာနှင့် ဖြူလေးကို
ရှာမိရင်း ခြံနောက်ဖက်ကို လျှောက်လာမိသည်။
ခြံကြီးက တော်တော်ကျယ်တာ နောက်ခြမ်းမှာလဲ
တောအုပ်လေးလို ဖြစ်နေပြီး အပင်တွေကြားက
နေအလင်းပျောက်လေးတွေ ကျနေတာ
အရမ်းကို လှပလွန်းနေသည်။
ဒီနားမှာ အေးအေးလူလူ ထိုင်ပြီး
ပန်းချီတောင် ရေးချင်မိသည်။
အရမ်းကိုသာယာတာပဲ...
အိမ်အနောက်ဘက် ခပ်လှမ်းလှမ်းတွင်
ချိုင့်ဝှမ်းငယ်လေး တစ်ခုရှိနေပြီး ၊
ထို ချို့ဝှမ်း၏ ဒေါင့်တစ်နေရာတွင်
တဲအိမ်လေးတစ်ခု တည်ရှိနေသည်။
ဒါ ဖြူလေးတို့ မိသားစု နေတာထင်သည်။
ထူးထူး ထိုချိုင့်ဝှမ်းနားသို့ တိုးကပ်သွားလိုက်တော့၊
အထဲတွင်၊ စီတန်းစွာ စိုက်ပျိုးထားတဲ့
စတော်ဘယ်ရီ ခင်းလေးကို တွေ့လိုက်ရသဖြင့်
ပြုံးလိုက်မိသည်။ ကလောမှာ စတော်ဘယ်ရီခင်း
တွေ့ရတာ၊ ခံစားချက်က တကယ်ကို ကွက်တိပင်။
ကိုအောင်မင်းက ရေလောင်းနေပြီး ဖြူလေးကတော့ အခင်းထဲတွင် ပတ်ပြေးကာ ဆော့နေလေသည်။
ထူးထူးအောက်ကို ဆင်းသွားတော့ ဖြူလေးက
ချက်ချင်းမြင်ပြီး ထူးဆီပြေးလာကာ...
"စတော်ဘယ်လီ..."
ဖြူလေးက စတော်ဘယ်ရီတစ်လုံးကို စွတ်ခနဲ
ခူးယူ လိုက်ကာ ထူးထူးကို လှမ်းပေးသည်။
"အော်.. ညီလေး.."
ကိုအောင်မင်းက ထူးထူးကို မြင်သွားတော့
ထူးထူးဆီ လျှောက်လာသည်။
"ဒီအချိန်က စတော်ဘယ်ရီ သီးချိန်လား
ကိုအောင်မင်း... လှလိုက်တာနော်..."
"ဟုတ်တယ်.. ခု စသီးနေပြီ.. ၊
ဒီဘက်တစ်ခြမ်းက ခူးလို့တောင် ရနေပြီ..၊
ညီလေး စားမယ်ဆို ကျွန်တော် ခူးပေးမယ်လေ...၊
ထမင်းစားပြီး အချိုတည်းလို့ ရတာပေါ့..."
"ရပါတယ်.."
"အကိုလေး အဖေက ကျွန်တော်တို့ကို
ဒီစိုက်ခင်းလေး ပေးထားတာလေ...၊
အပိုဝင်ငွေရအောင်တဲ့.. ၊
အခု အကိုလေးကလဲ ဆက်ပြီး
လုပ်ခွင့်ပေးထားတော့ ကျွန်တော်တို့
အကိုလေးကို ဘယ်လို
ကျေးဇူးတင်မှန်းတောင်မသိဘူး..."
ထူးထူး ပြုံးကာ နားထောင်နေလိုက်သည်။
ဒီလိုဆိုတော့လည်း အာဏာမင်းဆက်က
ဘယ်ဆိုးလို့လဲ...။
သူ့မှာ ကောင်းတဲ့ အချက်လေးတွေတော့
ပိုင်ဆိုင်သေးသားပဲ။
"အနောက်ဘက်မှာ ထင်ရူးတောလေ..၊
အဲ့ဒီ ထင်းရူးတော အဆုံးမှ ခြံဆုံးတာ....
ခြံက ဘယ်လောက်ကျယ်လဲ ဆိုရင်
ဒီကနေကြည့်ရင် အဆုံးတောင် လှမ်းမမြင်ရဘူး...."
ဟုတ်ပ.. မျက်စိ တစ်ဆုံး မြင်နေရတဲ့ ထင်ရူးတော
ကြီး...တော်တော်လေးကို ကျယ်ဝန်းတဲ့ ခြံကြီးပါပဲလား....။
..............
ထူးထူးလဲ တစ်ယောက်ထဲ ပျင်းတာကြောင့်
ထင်းရူးထောတဲ့ လမ်းလျှောက်လာမိသည်။
ကြေးငှက်သံလေးတွေ သြဥသံလေးတွေနှင့်
တကယ့်ကို သဘာဝ အငွေ့ အသက်လေးတွေ
ရနေတာကြောင့် ရင်ထဲမှာအေးချမ်းနေသလို
ခံစားရသည်။
လေကောင်းလေသန့်လဲ အပြည့်အဝရတာကြောင့်
စိတ်ကို လန်းဆန်းတက်ကြွစေသည်။
သို့သော်.. ထိုခံစားမှုက ခဏသာ...
ဆူးခနဲဖြစ်သွားသော ခံစားချက်နဲ့ အတူ လက်ဖျံကို ကြည့်လိုက်တော့ အသည်းယားစရာ ခူယားကြီးကို
မြင်လိုက်ရသဖြင့် လန့်ပြီး ပုတ်ထုတ်လိုက်ချိန်တွင်
ပုတ်ထုတ်တဲ့ လက်တွေပါ စူးကုန်လေသည်။
ခူယားတက်တဲ့ လက်ရော၊ ပုတ်ထုတ်လိုက်တဲ့
လက်ပါ တစ်ဆစ်ဆစ် ဖြစ်လာသလို
ယားကျိ ယားကျိနဲ့ ဘယ်လိုမှ နေလို့မရတော့... ၊
မကြာပါဘူး တစ်ကိုယ်လုံး ယားလာသလို
ခံစားရကာ အိမ်ကို ပြန်ပြေးလာရသည်။
ကြက်သီးတွေပါ တစ်ဖြန်းဖြန်း ထလာမိသည်။
ကယ်ပါဦး....အာဏာမင်းဆက်... ။
............
ခြံထဲသို့ ကားဝင်ဝင်လာခြင်း ထင်းရှူးတောထဲမှ
ပြေးထွကိ လာသော ထူးထူးကို
တွေ့လိုက်ရတာကြောင့် အာဏာ ကားကို
တုံ့ခနဲ ရပ်လိုက်ရင်း၊ ကားပေါ်မှ အမြန်ဆင်းကာ
ထူးထူးဆီ ပြေးသွားမိသည်။
"ထူး.. ဘာဖြစ်လာတာလဲ.??!!."
စိုးရိမ်တကြီးမေးလိုက်ချိန်တွင် မော့ကြည့်လာသော
ထူးထူး၏ ငိုမဲ့မဲ့ မျက်နှာလေးကို မြင်လိုက်ရသဖြင့်
ထူပူသွားရသည်။
"ဘာဖြစ်လာတာလဲ..??."
ပုခုံးနှစ်ဖက်ကို လှုပ်ကာမေးလိုက်တော့
နှစ်ယောက်ကြားထဲကို သူ့လက်လေးနှစိဖက်
ထောင်ပြလာကာ...
"ခူယား... ခူယားကိုက်လို့..."
လက်ဖျံတစ်ခုလုံး ရဲတွတ်နေပြီး
တစ်ပြင်လူံး ဘုတွေနှင့်
"ဒီမှာကောပဲ... အများကြီးပဲ...၊
အနောက်မှ ရှိနေလား
ကြည့်ပေးပါဦး... တကယ်လုံး ယားနေလို့..."
ငိုအားထက် ရယ်အားသန်ဆိုသလို
အာဏာ သဘောကျကာ ရယ်လိုက်မိသည်။
တကယ့်ကို ကလေးလေးတစ်ယောက်နှင့်
တူနေသည်။ ခူယားထိပြီး ငိုလာတဲ့ ကလေးလေး...၊ ဘာများဖြစ်လို့လဲဟူ၍ စိတ်ပူလိုက်ရတာ.....
"ဘာရယ်တာလဲ... ရှိနေလား ကြည့်ပေးဆို..."
"မရှိတော့ပါဘူး.. လာ.. ဆေးလိမ်းပေးမယ်..."
"အကျီတွေ လဲချင်နေပြီ.."
မျက်နှာလေးက လုံးဝ မအီမသာလေး...
"အင်း လဲရမယ်.. အကုန်ဝယ်လာပြီးပြီ.... လာ...."
အာဏာ ထူးထူးလက်ကို ဆွဲကာ အိမ်ထဲသို့
ခေါ်ခဲ့လိုက်ပြီး အခန်းထဲရောက်တော့......
"ဒီမှာ ထူးအတွက် အင်္ကျီတွေ ..၊
လိုရင်ထပ်ဝယ်ပေးမယ်.. ၊
သွား.. ရေမိုးချိုး အဝတ်အစားလဲခဲ့... ၊
ပီးရင် ဆူးထုတ်ပြီး ဆေးလိမ်းပေးမယ်..."
"အန် ဆူးထုတ်မယ် ... ??
ဘယ်လိုထုတ်မှာလဲ... ဆူးက ရှိနေတာလား..?."
"ကဲပါ ရေအရင်သွားချိုးပါ..."
ထူးထူးက မျက်နှာလေးမဲ့ကာ
အကျီထုတ်လေးပိုက်ပြီး
ရေချိုးခန်းထဲဝင်သွားသည်။
တစ်မိနစ်တောင် မကြာလိုက်ပဲ
ရေချိုးခန်းတံခါးလေး ပြန်ပွင့်လာကာ.....
"ဆပ်ပြာတိုက်လို့ ရပါ့မလားဟင်...?"
သူ့လက်ကို ထုတ်ပြကာပြောတော့...
"ရတယ်.. တိုက်..."
လက်ကို ပြန်ရုတ်ကာ တံခါးပြန်ပိတ်သွားတော့
အာဏာ ရယ်နေမိသည်။
တကယ်ကို ချစ်စရာကောင်းသည့်
ကလေးလေးပါပင်။
.....................
"ကဲ ပြီးပြီ၊ ညနေဆို ပျောက်ပီ..."
ကိုအောင်မင်းဆီက သွားယူထားတဲ့
ကလေးလိမ်းတဲ့ ဆေးကို စိတ်ကျေနပ်အောင်
လိမ်းပေးလိုက်တာ... ၊
မဟုတ်ရင် ဒီငိုမဲ့မဲ့ မျက်နှာနဲ့
တစ်နေ့လုံးနေနေမှာ မြင်ယောင်သေးသည်။
"ဆူးကော..?..."
"ဆူးမရှိပါဘူး.. ၊
စိတ်မပူနဲ့ လက်တွေကို အရမ်းတော့မကုတ်နဲ့.. ၊
ဒီတိုင်းထားလိုက် ..."
"ဟုတ်..."
အမြဲတမ်းတည်ငြိမ်ပြီး ရင့်ကျက်သလိုလေး
နေတတ်တဲ့ ထူးထူးက ခုတော့
တကယ့် ကလေးလေးပင်...
"ရော့ ဒီမှာ ထူး အတွက် လိုတာတွေ
အကုန် ဝယ်လာပေးတယ်၊
လိုတာရှိရင် ထပ်ပြောနော်..."
"ဟုတ်..."
...............
ထူးအား အရမ်း ဂရုစိုက်ပေးနေသော
အာဏာ့အား ငေးကြည့်နေမိရင်း၊
"အာဏာ..?"
ထူး သူ့နာမည်ကို ခေါ်လိုက်တာကြောင့်
သူ ထူးကို ကြည့်လာစဉ်တွင်.....
"အခု ထူးကို ဘယ်လိုသဘောထားလဲဟင်...?"
မမေးချင်သော မေးခွန်းဖြစ်ပေမယ့် ၊
သူ့ဆီက ထွက်လာမယ့် အဖြေကို
ကြားချင်တာတော့ အမှန်ပင်..။
တိကျတဲ့ အဖြေတစ်ခုကိုလဲ ထူး လိုချင်မိသည်။
ဒီကပြန်ရင် အရာအားလူံး အရင်လို
ပြန်ဖြစ်သွားမှာလဲ ကြောက်ရွံ့နေတာကြောင့်ရော၊
သူ့ကို ဆုံးရှုံးရမှာကြောက်မိတာကြောင့်ရော...
အာဏာက ထူးထူးကို ကြည့်နေရာမှ
အကြည့်လွှဲသွားတာကြောင့် ကောင်းမွန်တဲ့
အဖြေတစ်ခုထွက်မလာနိုင်တော့ဘူးဆိုတာ
ထူးထူး သိလိုက်သဖြင့် မျက်ရည်တို့
ဝဲတက်သွားရသည်။
သူ့မျက်နှာမှာ အားလုံး ပေါ်သွားသည်
မဟုတ်ပါလား...။
မျှော်လင့်ချက်ထားလိုက်မိတာ
ထူးထူး အမှားပင်....
ပါးပြင်ပေါ်သို့စီးကျလာသော မျက်ရည်တို့အား
သူ မမြင်အောင် သူ့အား ကျောခိုင်းလိုက်သည်။
"ကိုယ်ထူးကို ချစ် မချစ် သိချင်တာလား....?
အာဏာမေးလာသော မေးခွန်းကို
အမှန်တကယ် ထူး သိချငိသော်လည်း၊
သိရမှာလည်း ကြောက်ရွံ့နေမိသည်။
ထို့ကြောင့် ထူး ပြန်မဖြေဖြစ်၊
ထပ်ပြီး ဆိုးရွားတာတွေ မကြားရပါစေ နှင့်
ဟုသာ ဆုတောင်းနေမိသည်။
"ကိုယ် ထူးကို မချစ်ရင် ၊
ထူးက အနားမှာ မနေတော့ဘူးလား...?"
ရင်ထဲမှာ နာကျင်သွားရသည်။
မချစ်ရင် ဘာလို့ အနားမှာ
နေခိုင်းစေချင်နေသေးတာလဲ...?။
"ကို ထူးကို မချစ်ဘူးဆိုရင်တောင်
အနားမှာ နေပေးလို့ မရဘူးလား..?."
သူ့အသံက ထူးထူးနဲ့ နီးကပ်လာသည်ကို
လှည့်မကြည့်ပဲ သိနေသည်။
"ထူးပဲ ကိုယ့်ကို ချစ်တယ်ဆို.?.."
ထူးထူး အံကို တင်းတင်း ကြိတ်ထားရင်း၊
မျက်ရည်တို့ ထပ်မကျအောင် ထိန်းနေမိသည်။
"အာဏာ ထူးကို မချစ်ပဲနဲ့
ဘာလို့ အနားမှာ နေစေချင်ရတာလဲ..?"
ထူး သူ့အား လှည့်မကြည့်ပဲ မေးလိုက်ပြီး
သူ့ဆီက ထွက်လာမည့် အဖြေကို စောင့်နေရတာ အရမ်းကို ရင်မောလှသည်။
"ထူး ကို့အနားမှာ ရှိနေရင်၊
ကိုစိတ်ညစ်တာတွေ အားလူံး
ပျောက်သွားတယ်၊
ထူးက ကို့ယ့်ကို ပျော်ရွှင်စေတယ်..."
သူ့အဖြေက ထူးအတွက် တကယ်ကို
ရလာဒ်ကောင်းတစ်ခု မဟုတ်ခဲ့ဘူး....
"ဒါဆို... ဒီကပြန်ရင် ထူးကို
ထပ်ထားသွားဦးမှာပေါ့..?"
"ထားသွားတာတော့ မဟုတ်ပါဘူး... ၊
ဘယ်လိုပဲဖြစ်ဖြစ် ကိုထူးဆီကိုပဲ ပြန်လာမှာပါ၊
အဲ့တာတွေ မမေးပဲ ခုချိန်လေးမှာပဲ
ကို့နားမှာ ပျော်ပျော်နေပေးလို့ မရဘူးလား....?"
သူ ထူးထူးကို အနောက်ကနေ
သိုင်းဖက်လိုက်ချိန်တွင် တားဆီးထားသော
မျက်ရည်တို့ ထပ်မံ ပြိုဆင်းလာရင်း၊
ရင်ဘတ်တစ်ခြမ်းလဲ နာလွန်းလှပြီ ဖြစ်သည်။
"အတူတူနေရတဲ့ အချိန်လေးမှာ
ပျော်ပျော်နေရအောင်နော်.."
ထူး ခေါင်းမညိတ်မိသလို ခေါင်းလဲ မခါမိပါ။
သူ့ဆန္ဒက ထူးထူးကို သူ့အနားမှာ နေစေချင်တာ..၊
ဒါပေမယ့် ချစ်သူတစ်ယောက်အနေနဲ့တော့မဟုတ်...၊
သူငယ်ချင်းတစ်ယောက်အနေနဲ့ လဲ မဟုတ်... ၊
သူလိုအပ်တဲ့ အချိန်မှာ...
ဒီတိုင်း အနားမှာ နေစေချင်နေတာ...
ထူးထူးက အရုပ်မှ မဟုတ်တာ.. ၊
ထူးထူးက ခံစားချက်နဲ့
လူသားတစ်ယောက်ပါ အာဏာရယ်...။
"ကိုယ့်ကိုပြန်ဖြေဦးလေ.....၊"
နှုတ်မှ ဘာမှ မပြောနိုင်သော်လည်း၊
ခေါင်းကို ညိတ်လိုက်မိလျက်သား...
သူ့အား အရာရာ အလျှော့ပေး၊
သည်းခံနေမိခြင်းက သူ့ကို ဆုံးရှုံးရမှာ
ကြောက်မိ၍ဆိုတာ အာဏာ သိရဲ့လား...။
............