နောက်နေ့ မနက် ကျောင်းရောက်တော့
အသူရာက......
"အဲ့တာဆို ညမှ သွားစားမှာပေါ့..
ကျောင်းက စောစော ပြန်ပြီး ညကျရင်
ငါ့ကို အိမ်လာခေါ်လေ .. နော်..."
အသူရာက မနက်ထဲက စားဖို့သောက်ဖို့
အကြောင်းသာ ပြောနေသဖြင့် ထူးထူး ပြုံးမိသည်။
ခုချိန်မှာ အနားမှာ ရှိပေးပြီး စိတ်ရင်းအမှန် နဲ့
ဆက်ဆံပေးသူက အသူရာတစ်ယောက်သာ
ရှိတာလေ.။
"အင်း နင်ဆိုင်ကော ရွေးပြီးပြီလား...? "
"ရွေးထားတယ် ဟော့ပေါ့ ဆိုင်..၊
ကျွေးနော်...? နင်က ဘောစိ ဖြစ်နေပြီပဲဟာ..."
"အာ မဘောစိပါဘူးဟာ..."
"မသိဘူး.. ငါကတော့ ဟော့ပေါ့ပဲ...."
"ဟုတ်ပါပြီ ဗျာ....."
"ဒါနဲ့ အာဏာမင်းဆက်က
ခုချိန်ထိ ပေါ်မလာဘူးလား.?.."
ထူးထူး ခေါင်းညိတ်လိုက်သည်။
မေ့ထားဖြစ်အောင် ကြိုးစားထားသည့်
အကြောင်းအရာက ခေါင်းထဲ ပြန်ပေါ်လာပြန်သည်။
"သူ အသစ်တွေ့သွားတာများလား...?"
အသူရာရဲ့ စကားက ထူးထူးရင်ကို
ပူလောင်သွားစေသည်။
"ထူးထူး...!! အိမ်က အရေးကြီး ကိစ္စရှိလို့
ထူးထူးကို ခဏ လာခိုင်းထားတယ်.. ၊
ခု လိုက်လာမှ ဖြစ်မယ် ထင်တယ်... "
ကားဒရိုင်ဘာဦးမောင်က ထူးထူးကို လာပြောတော့
ထူးထူး ရင်ထဲ ထိတ်ခနဲ ၊ဘယ်သူများဘာဖြစ်လို့လဲ
မသိဘူး..။
"ဟုတ်လား.. .ဦးမောင်...ဘာဖြစ်လို့လဲဟင်....
အသူရာ..!
ငါ သွားလိုက်ဦးမယ်....နော်."
"အေးအေး ငါ့ကို ဖုန်းဆက်ဦးနော်..."
ထူးထူး ခေါင်းညိတ်ကာ ဦးမောင်နောက်
လိုက်ခဲ့လိုက်သည်။
ဦးမောင်က ခပ်မြန်မြန် မောင်းနေသောကြောင့်
အိမ်က ဘာဖြစ်လို့လဲ မေးတော့ ... ၊
သူလဲ မသိဘူး အိမ်က လာခဲ့ဖို့ ပြောတဲ့
နေရာကို သွားနေတာတဲ့...၊ ရင်တထိတ်ထိတ်နှင့်
လိုက်လာရသည်။ မောင်းလာတာ တော်တော်
ကြာနေညပီ ဖြစ်ပြီး တစ်ဖြည်းဖြည်း
မြို့ စွန် ရောက်လာတော့
စိတ်ထဲ တစ်မျိုးဖြစ် လာသည်။
"ဦးမောင် အိမ်ကဆိုတော့
မေမေ ခေါ်ခိုင်းတာလား...?"
ဦးမောင်က ပြန်မဖြေ...
ထူးထူး နည်းနည်း လန့်လာသည်။
မဟုတ်တဲ့ အတွေးတွေ လဲ ၀င်လာမိသည်။
"ရောက်တော့မယ် ထူးထူး..၊
ရှေ့လမ်းဆို ရောက်ပြီ..."
ရှေ့လမ်းဆို ရောက်ပြီသာ ပြောတယ်..၊
ဘေးပတ်ပတ် လည်တွင် ဟာလာဟင်းလင်း ..၊
ခြံကွက်တွေတော့ တွေ့ပေမယ့် အိမ်နဲ့ တူတာ
တစ်လုံး မှ မတွေ့..။
ဦးမောင် ထူးထူးကို ဘယ်တွေ ခေါ်လာတာလဲ...?
လမ်းတစ်ခုထဲ ချိုးဝင်လိုက်တော့ အုတ်တံတိုင်း
မြင့်ကြီး တစ်ခုကိုတော့ တွေ့လိုက်ရသည်။
ထို အုတ်တံတိုင်းမြင့်ကြီးကာရံ ထားသော
ခြံရှေ့တည့်တည့် တွင် ကားကို ရပ်လိုက်ပြီး..
"အဲ့ထဲမှာ ထူးထူး.. ၀င်သွားလိုက်နော် ၊
ဦးမောင် အပြင်က စောင့်နေမယ်..."
ထူးထူး ကားပေါ်ကတော့ ဆင်းလိုက်ပေမယ့်
မ၀င်ရဲ... ၊ ငါ့ကို ခွန်းသော်များ တစ်ခုခု
လုပ်ခိုင်းထားလားဆိုသည့် အတွေးတွေ
ဝင်လာလေသည်။
"၀င်သွားလိုက်လေ ထူး...၊
အရေးကြီးကိစ္စလို့ ပြောထားတာ..."
ဦးမောင်က အတင်းတိုက်တွန်းနေသဖြင့်
ထူးထူးလဲ အထဲကိုမမြင်ရတဲ့ ခြံတံခါးအပိတ်ရဲ့
လူဝင်ပေါက်တံခါးလေးကို ဖွင့်ကာ ၀င်လိုက်တော့...
ခြံထဲတွင် တွေ့လိုက်ရသော အရာကြောင့်
တစ်ခြား ကမ္ဘာ တစ်ခုကို ရောက်သွားသလို
ခံစားသွားရသည်။
နေကြာပန်းတွေ...!!!
လိမ္မော်ဝါရောင် နေကြာပန်းခင်းကြီးက
ထူးထူးရှေ့တွင် ပန်းချီကား တစ်ချက်အလား ၊
တည်ရှိနေလေသည်။
မမျှော်လင့်ထားသည့် မြင်ကွင်းဖြစ်တာကြောင့်၊
အံ့သြမှုနှင့် အတူ ပျော်ရွှင်မှုတွေပါ
ရင်တွင်း လှိုက်တက်လာမိသည်။
လှလိုက်တာ....!!
နေရာမှာတင် မင်တက်စွာ ရပ်နေမိတုန်း.....
"happy birthday ထူး....."
ဘေးမှ ကြားလိုက်ရသော အသံတစ်ခုကြောင့်
ရင်ထဲတွင်လှိုက်ခနဲ....။
အာဏာမင်းဆက်....?
လှည့်ကြည့်မိတော့ တကယ်ပဲ သူဖြစ်နေပြီး ၊
သူက ထူးထူးကို ပြုံးကာ ကြည့်နေသည်။
"သဘောကျရဲ့လား ထူး..?.."
တကယ်ကို နားမလည်နိုင်စွာနဲ့
ကြောင်အနေမိသည်။
"ထူး အရမ်း ကြိုက်တဲ့ နေကြာပန်းတွေကို
ထူး အတွက် မွေးနေ့လက်ဆောင်ပေးတာ..."
ရင်ထဲတွင် အတိုင်းမသိသော ပျော်ရွှင်မှုတစ်ခု
ရလိုက်ပေမယ့်....တစ်ဆက်ထဲမှာပဲ
နာကျင်မှုတွေပါ ရောယှက်ပါလာသည်။
သူတို့က ပြိုင်ပွဲ တစ်ခုမှာ
အနိုင်ရဖို့ အပြိုင်အဆိုင်ကြိုးစား
နေကြတာပါလား....။
နာကျင်မှုတွေ အားလူံးထဲတွင် သူပေးသော
နာကျင်မှုက တော့ ထူးထူးအတွက်
အနက်ရှိုင်းဆူံးပင်။သူက ထူးအပေါ် ပို၍
ကောင်းလေလေ၊ သူ့ကို ပို၍တွယ်တာမိလေလေ၊ ဒဏ်ရာတွေ ပို၍ နက်နဲ လာလေဖြစ်နေမိသည်။
"ဒါကိုရက်နည်းနည်းနဲ့ အပြီး လုပ်နေရတော့...၊
ထူးကိုတောင် လာမတွေ့ဖြစ်ဘူး...၊
သဘာဝအတိုင်းပေါက်တာ မဟုတ်ပဲ
အပင်လိုက် စိုက်ထားတာ ဆိုပေမယ့်
ထူးထူး ကြိုက်ဖို့ မျှော်လင့်ပါတယ်....".
ထူးထူးဆီမလာတာ ဒါကြောင့်ကို ...၊
ဒီလောက်တောင် လုပ်
ပေးထားမယ်လို့ ထင်မထားခဲ့။
အဲ့လောက်တောင် အနိုင်ရချင်တာတဲ့လား..
အာဏာမင်းဆက် ရယ်....။
ထူးထူး ပြူံးလိုက်မိသည်။
အာဏာက သိပ်နိုင်ချင်နေတယ် ဆိုတော့လည်း
ထူးထူး ၊ အာဏာ့ ဆန္ဒကို ဖြည့်စည်းပေးပါ့မယ်။
အာဏာ ပျော်ရွှင်ပါစေလို့ မျှော်လင့်မိပါတယ်။
...........
အာဏာ့ရှေ့တွင် ရပ်နေသော ထူးထူးက
မျက်ရည်တွေ ဝဲတက်လာတာကြောင့် ၊
အာဏာ တွေဝေစွာ ကြည့်နေမိသည်။
သူမပျော်ဘူးလား.....။
သူ့အတွက် ကြိုးစားပြီး လုပ်ထားပေးတဲ့
အရာတစ်ခု.. ၊ မည်သူတစ်ဦးတစ်ယောက်အတွက်မှ
မလုပ်ဖူးသောအရာတစ်ခုကို အာဏာ
သူ့အား ပထမဆူံး အကြိမ် လုပ်ပေးဖြစ်ခဲ့သည်။
သူ ပျော်ပါစေလို့ မျှော်လင့်မိတာတော့ အမှန်ပင်..။
ရုတ်တရက် အာဏာ့ဆီပြေးလာကာ အာဏာ့၏
ခါးကို ပြေးဖက်လိုက်သော ထူးထူးကြောင့်
ခုန်သွားသော ရင်ခုန်သံနှင့်အတူ ပျော်သွားမိသော အပျော်တွေ...၊
ခန္ဓာကိုယ် နှစ်ခု ပူးကပ်နေတဲ့ အချိန်မှာ
ခံစားနေရတဲ့ ခံစားမှုက တစ်ခါမှ မရဖူးသော
ခံစားမှု အသစ်တစ်ချို့...။
"ကျေးဇူးတင်ပါတယ် အာဏာ...."
သူငိုနေတယ်... အာဏာရဲ့ရင်ဘတ်ကို
မျက်နှာအပ်ကာ ငိုနေတယ်..။
အာဏာ ထူးကို ကိုယ်မှ ခွာလိုက်ကာ ကြည့်လိုက်တာ့ တကယ်ကို မျက်ရည်တွေ ရွှဲနစ်နေသဖြင့်
ရင်ထဲ မကောင်းဖြစ်သွားရသည်။
"မငိုပါနဲ့ထူးရယ်....၊
ထူး အဲ့လို ငိုနေတော့ ကို ဘယ်
စိတ်ကောင်းပါ့မလဲ..."
"ထူး ငိုတယ်ဆိုတာ ပျော်လွန်းလို့ပါ...."
အာဏာ ထူး ပါးပြင်ပေါ်မှ မျက်ရည်တွေကို
သုတ်ပေးမိတော့ ပါးဖောင်းဖောင်းလေး၏
နူးညံ့အိထွေးနေသည့် အထိအတွေ့လေး
တစ်ခုကို ခံစားမိသည်။
"ထူးကို ချစ်တယ်...."
အာဏာ ခပ်တိုးတိုး လေသံလေးမျှ
ပြောလိုက်တော့ ထူးက ငိုနေရင်းမှ ပြုံးလာကာ....
"ထူးလဲ အာဏာ့ကို ချစ်ပါတယ်...."
ရုတ်တရက်ကြားလိုက်ရသော အဖြေစကားကြောင့် အာဏာမင်တက်သွားသည်။
တကယ် ကြားလိုက်ရတာလား...
အိမ်မက်လား...?
"တကယ်တော့.. ပြင်ဦးလွင် မှာထဲက
ချစ်မိနေတာပါ...."
လှိုက်ခနဲတက်လာသော ပျော်ရွှင်မှု.. ။
ငါ နိုင်ပြီ.... ဆိုတဲ့ စိတ်ထက်၊
သူ ငါ့ကိုချစ်တယ် ဆိုတဲ့စိတ်က ဘာလို့များ
အဲ့လောက် ပျော်စရာကောင်းနေရတာလည်း။
"ထူး တကယ်ပြောနေတာလား...?
ဒါ.. ဒါဆို.. ထူး ကို့ကို
အဖြေ ပေးလိုက်ပြီပေါ့...?."
ထူးထူးက ခေါင်းကို ညိတ်ပြကာ
ခေါင်းလေး ငုံ့သွားသည်။
အာဏာ ထူးထူးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ....
"၀မ်းသာလိုက်တာ ထူးရယ်...
ကို အရမ်း ၀မ်းသာတာပဲ..."
မော် ..မင်း ဘယ်လို နည်းတွေ ထုတ်သုံးသုံး...၊
ငါ့ကို ဘယ်တော့မှ မင်း မနိုင်နိုင်တော့ဘူး...။
.................
ထူးထူးသာ သူ့ကို ချစ်တယ်ဟု ပြောလိုက်လျှင်၊
ဒီနေရာမှတင် ထူးထူးတို့ ဇာတ်လမ်း
ဆက်စရာမရှိနိုင်တော့ဟု ထူးထူး
ထင်ထားမိသော်လည်း၊ သူ ထူးထူးကို
အဖြစ်မှန်တွေအား မပြောပြသေးပါ။
သူနဲ့ နှစ်ယောက် ညနေ စောင်းသည်အထိ
နေကြာပန်းခင်းနားတွင် ထိုင်နေကြချိန်၊
သူ့ခေါင်းလေးက ထူးထူး၏ ပေါင်ပေါ်တွင်
မှီထားကာ၊ သူတကယ်ပဲ ပျော်ရွှင်နေသယောင်
ထင်နေရသည်။
ဒါတွေသာ အစစ်အမှန် ဖြစ်ခဲ့ပါလျှင်......။
ထူးထူး မငိုမိအောင် ထိန်းရင်း၊
မကြာခင် သူပြောလာနိုင်မယ့် အဖြစ်မှန်တွေ၊
ဒါမှမဟုတ်၊ အကြောင်းတစ်ခုခု ပြကာ
ဖြတ်သွားနိုင်သည့် အခြေအနေတွေ၊
ထူးထူး ကြိုတွေး ရင်း ၊
တကယ်ဖြစ်လာပါက နာကျင်မှုတွေ
လျှော့ပါးအောင် ပြင်ဆင်နေမိသည်။
အာဏာမင်းဆက်နဲ့ ဒီလောက်ထိတောင်
တွေ့ဆုံခွင့်ရခဲ့ခြင်းသည် ထူးထူးကံကောင်း
သည်ဟုသာ သတ်မှတ်ရင်း၊
သူ့မျက်နှာလေးအား နောက်ဆုံး အနေနဲ့
ကြည့်ခွင့်ရတာများ ဖြစ်နေမလားဟုတွေးရင်း
ငေးကြည့်နေမိသည်။
တစ်ဖြည်းဖြည်း ညမိုးချုပ်လာသော အခါမှ
သူက လှဲနေရာမှ ထလိုက်ကာ...
"ထ... အိမ်ပြန်လိုက်ပို့ပေးမယ်...၊ "
သူက ထူးထူးအား ထစေရန် သူ၏ လက်လေး
ကမ်းပေးချိန်၊ မျှော့်လင့်တစ်ကြီးပင်
ထိုလက်တို့အား ဆုပ်ကိုင်မိပြန်သည်။
"ကိုယ်တို့ ဓာတ်ပုံရိုက်ရအောင်...."
ထူးထူးက ခေါင်းညိတ်သည်။
နှစ်ယောက်သား နေကြာပန်းခင်း နောက်ခံနဲ့ပုံလေး
တစ်ပုံ ရလိုက်သည်။ ပုံရိုက်စဉ် သူက ထူးထူးရဲ့
ပါးလေးကို ရုတ်တရက် နမ်းလိုက်တာကြောင့်
ထူးထူး မျက်လူံးအပြူးသား ဖြစ်ကာ
အံ့သြသွားရသည်။
ဒါ နှစ်ယောက်အတူတူ ရိုက်ဖြစ်တဲ့ ပထမဆုံး
ပုံဆိုလဲမမှားသလို ၊ ဘယ်လိုပင်
စစ်မှန်မှုမရှိသော်လည်း၊ ချစ်သူစဖြစ်တဲ့
အထိန်းအမှတ် သက်သေဆိုလဲ မမှား.....။
...............
ဦးမောင်ကို အကူအညီတောင်းထားတာ
လုပ်ပေးလို့တော်သေးသည်။
ခုတော့ ပြန်ခိုင်းထားလို့ ပြန်သွားပြီထင်သည်။
အာဏာ ထူးထူးအတွက် ဒုတိယ
မွေးနေ့လက်ဆောင် မပေးရသေး.. ၊
ကားနောက်ခန်းတွင် ထားထားသော
ipad pro လေး..။
သူ့မွေးနေ့ကို စစုံစမ်းတဲ့အချိန်၊
သူ့မွေးနေ့ရက်က ကပ်နေတာကြောင့် ၊
သူ့အတွက် တစ်ခုခု လုပ်ပေးရန် ကြိုးစားဖို့ရာ
ပြင်ဆင်ချိန်မရပဲ အကုန် အမြန်လုပ်လိုက်ရသဖြင့်
ကျောင်းတောင် မသွားနိုင်ခဲ့.။
အပြန်လမ်းတွင်....
"ထူး...."
"ဗျာ..."
"ကို့ကို နောက်ခန်းက ဗူးလေး ယူပေးပါလား..."
အာဏာ ကားမောင်းနေတာမို့ ထူးက
လှမ်းယူပေးသည်။ အိတ်နဲ့ထည့်ထားတော့
သူ မြင်သေးပုံမရ..။
"ကို့ကို အိတ်ထဲက ထုတ်ပေး..."
ထူးထူးက ထုတ်ပေးလိုက်တာ့ အထဲက
ipad ဗူးလေး ထွက်လာသည်။ ထူးထူးကို
ကြည့်ရတာ ခုချိန်ထိ သူ့ကို ပေးတာ သိသေးပုံမရ..။
ဗူးလေးကိုင်ကာ အာဏာ့ကို
လှမ်းကြည့်နေသည်။
"ထူးအတွက် မွေးနေ့လက်ဆောင်..."
ထူးထူးက မျက်လုံးပြူးသွားကာ ဗူးလေးကို
သေချာပြန်ကြည့်နေသည်။
"မငြင်းနဲ့နော်...၊ အမှန်တော့ အဲ့တာကို
အရင် စီစဉ်ထားတာ... နေကြာပန်းက
နောက်မှ စီစဉ်ဖြစ်တာ..၊
ipad pro က ပုံဆွဲရင် အရမ်းမိုက်တယ်
ပြောတာပဲ.. သုံးကြည့်နော်...."
ထူးထူးက ဘာမှ ပြန်မဖြေ
ဗူးကို သာ ကြည့်နေသည်။
"ဖောက်ကြည့်ပြီး စမ်းကြည့်လေ... ၊
အဲ့ထဲမှာ pen ပါ တစ်ခါထဲ ပါတယ်..."
"အိမ်ရောက်မှပဲ စမ်းကြည့်တော့မယ်...
ကျေးဇူးပါ အာဏာ.."
"ထူးကလဲ ကျေးဇူးဆိုတဲ့ စကားကို
ခဏခဏ မပြောပါနဲ့... ကိုတို့နှစ်ယောက်က
သူစိမ်းတွေ မှ မဟုတ်တော့တာ..."
"ဟုတ်..."
မော့်ကို အနိုင်ရဖို့ ကြိုးစားနေတာ
မှန်သော်လည်း ထူးထူး အပေါ် ထားတဲ့
စေတနာတွေကတော့ အမှန်တရားဆိုတာကို
ထူးထူး သိစေချင်သည်။
တစ်ချိန်ချိန်မှာ ဖြစ်လာမယ့်ဆိုးရွားတဲ့
အရာတွေကို အာဏာ
ဘာတစ်ခုမှ မတွေးထားချင်...။
ခုလက်တလော အခြေအနေလေးမှာ
ခဏတော့ စိတ်ချမ်းသာစွာ နေချင်မိတာကြောင့်၊
စိတ်၏အလိုအတိုင်း အလိုက်သင့် စီးမြောနေမိတာ။
အဖြစ်မှန်ဆိုတာ ကြာကြာ ဖုန်းထားလို့ မရတဲ့
အရာဆိုတာကိုတော့ အာဏာ သိထားပေမယ့်
ဖြစ်လာမည့် ပြသာနာတွေကို ရင်ဆိုင်ဖို့
အားအင် မရှိသေး....။
အဖြစ်မှန်တွေ ပေါ်လာခဲ့ရင်၊ ထူးထူးကို
ဒီလိုပုံစံမျိုးနဲ့ အနားမှာ ထပ်မမြင် ရတော့မှာ
အာဏာ စိုးရွံ့နေမိသည်။
.....................
"ဟယ် အာဏာပါ ပါလာတာလား....?"
အသူရာ့အား ညစာကျွေးဖို့ ချိန်းထားသဖြင့်
သူ့အိမ်ရောက်လာတော့ အခန်းထဲမှ ပြာယာခတ်စွာ
ပြေးထွက်လာလိုက် ပြန်ဝင်သွားလိုက်နှင့်
တစ်ယောက်ထဲ အလုပ်ရှုပ်နေသော
အသူရာ့ကို တွေ့လိုက်ရသည်။
"မနက်က နင့်အိမ်က ဘာဖြစ်လို့လဲ...ထူး...၊
နင် အလောတကြီး ထွက်သွားတော့ ညတောင်
မလာနိုင်ဘူး ထင်နေတာ..."
"ဘာမှမဖြစ်ပါဘူး...."
"အန် ဘာမှမဖြစ်ဘူးသာဆိုတယ်
ဦးမောင်က အသဲအသန် ခေါ်သွားတာရော်..."
"အင်း... စကားတွေ များမနေနဲ့ နင် မြန်မြန်လုပ်..."
ထူးထူး မဖြေချင်လို့ စကားလမ်းကြောင်း
လွှဲလိုက်တော့အသူရာ ပြန်၍ ပြာယာခတ်သွားပြီး...
"အေးပါ အေးပါ...."
အသူရာ ပြန်ထွက်သွားတော့ အာဏာမင်းဆက်က
ထိုင်ခုံတွင် ထိုင်ကာ ဖုန်းပွတ်နေသည်။
ထူးထူးလည်း သူ့ဘေးတွင် ဝင်ထိုင် လိုက်ရင်း..
"အာဏာ..."
ဟုခပ်တိုးတိုးခေါ်တော့ သူက မော့ကြည့်လာသဖြင့်.....
"ထူးတို့ ကိစ္စကို အသူရာ့ကို မပြောပါနဲ့ဦးနော်..."
ဟူ၍ တောင်းဆိုမိတော့ အာဏာ့မျက်နှာမှာ
အနည်းငယ် တည်သွားသည်ကို
သတိထားမိလိုက်သည်။
"အင်း..."
"ကျေးဇူးပါပဲ..."
"ကိုကားပေါ်မှာ စောင့်နေမယ်..."
ဟုပြောကာ ထထွက်သွားလေသည်။
သူ စိတ်ဆိုးသွားတာလား...၊
ထူးထူးနဲ့ အသူရာ ကားပေါ်ရောက်တော့
အာဏာမင်းဆက် ၏ ရာသီဥတု
အခြေအနေက မကောင်းတာကို
သတိထားမိလိုက်သည်။
စကား တစ်ခွန်းမှ မပြောသလို
ကားကို ဆောင့်မောင်းနေတာ သိသာလွန်းလှသည်။
ထူးတို့ ကိစ္စကို လူသိမခံချင်တာ ထူး အပြစ်တဲ့လား..? အာဏာကမှ ထူးကို တကယ်မချစ်ပဲနဲ့၊
ဘယ်သူ့ကိုမှ မပြောရင် အာဏာ့အတွက်
ပိုအဆင်ပြေတယ် မဟုတ်ဘူးလား.. ။
"အာဏာ ကားကို ဖြည်းဖြည်းမောင်းပါနော်....."
ထိုသို့ ထူးထူး ပြောလိုက်သော်လည်း
သူက ဂရုမစိုက်ပဲ အရှိန်တောင်တင်လိုက်သေးသည်။ ကွေ့တစ်ခုတွင် ကားချင်း ပွတ်မိမလိုတောင်
ဖြစ်သွားသဖြင့် ထူးထူး လန့်နေရပြီ..။
"အာဏာ...?..."
သူ့ကို ထူးထူးခေါ်နေမိသော်လည်း၊
သူ မကြားချင်ယောင်ဆောင်နေလေသည်။
နောက်က အသူရာကတော့ ငြိမ်လျှက်သား
လိုက်လာသည်။ တစ်ခွန်းမှတောင် အသံမထွက်...
အသူရာ့ကိုတောင် အားမနာတော့ဘူးလား...။
ကားကို တမင် ကြမ်းကြမ်းမောင်းနေတာရော ၊
ကားထဲက သီချင်းသံက အရမ်း
ဆူညံနေတာကိုရောကြောင့် ထူးထူး
ခေါင်းတို့ ကိုက်ခဲလာကာ...
"အာဏာ..? အန္တရာယ်များတယ်လေ......?"
သူ လုံးဝ ဂရုမစိုက်ပါ ...
တစ်ချက်တောင် စောင်းငဲ့ကြည့်မလာခဲ့...။
သူ ဟန်တောင် မဆောင်နိုင်တော့ဘူးလား... ၊
ထူးထူးကို ချစ်ဟန်တောင် မဆောင်နိုင်
ရလောက်အောင် စိတ်တိုသွားတာလား...။
အနိုင်ပေးထားပြီးပြီပဲ အာဏာရယ် ။
ဘာတွေကို မကျေနပ်နိုင်ဖြစ်နေရသေးတာလဲ။
အလိုလိုနေရင်း မျက်ရည်တွေ ၀ဲတက်လာမိသည်။
သူရဲ့မူလပုံစံက ဒါမျိုးလား...။
သူနဲ့ ဒီနေ့ ချစ်သူ စဖြစ်တဲ့ နေ့တွင်
ဒီလို အဆက်ဆံခံရမယ် မထင်မိခဲ့...
ဟန်ဆောင်ပီးတော့ပဲ ဖြစ်ဖြစ်
ဆက်ကောင်းနေဦးမယ် ထင်ထားခဲ့တာ....။
............
ဆိုင်ရောက်တော့လဲ အာဏာက
ကားပေါ်ကတောင် မဆင်းတော့ပဲ ..
"ကို ပြန်တော့မယ်နော် အသူရာ..."
"ဟယ် အာဏာ မစားသွားတော့ဘူးလား...?"
"မစားတော့ဘူး ၊ ကိုသွားစရာ ရှိသေးလို့..."
"ဪ... ဟုတ်..."
အာဏာမင်းဆက် ထူးကိုတောင် နှုတ်မဆက်သွား..၊
ဒီတိုင်း ပြန်သွားသည်။
"နင်တို့ နှစ်ယောက် ရန်ဖြစ်ထားတာလား...?."
ထူး ခေါင်းခါလိုက်တော့..
"ဟုတ်လို့လား... ?
အာဏာမင်းဆက် အဲ့လောက် စိတ်တိုတာ
တစ်ခါမှ မမြင်ဖူးဘူး နင်ဘာတွေ လုပ်ထားလဲ..?"
ထူးထူး ဘာမှ ဆက်ပြောချင်စိတ်မရှိတော့သဖြင့်
ဆိုင်ထဲသို့သာ ၀င်ခဲ့လိုက်သည်။
အသူရာ့ကို အသိမပေးဘူးပြောတာ
သူ့အတွက် အဲ့လောက်တောင် စိတ်တိုစရာကိစ္စ
ဖြစ်သွားသည်လား.?၊
ကြည့်ရတာ ထူးထူးကသူနဲ့တွဲတာ
လူသိမခံချင်ဘူးဟု ယူဆပြီး
သူ့မာန ထိခိုက်သွားပုံရသည်။
...............