ထူးထူး အခန်းထဲ ပြန်ရောက်တော့ အသူရာ
တစ်ယောက် မထလာသေး...။
၁၀နာရီ ပြန်ထွက်မှာဆိုတော့ ရေမိုးချိုး
အ၀တ်အစားလဲထားလိုက်သည်။
ပြီးတော့ ခုနက ရိုက်ထားသည့် ပုံလေးကို
မော်က ပို့ပေးထားသဖြင့် ထူးထူး saveလိုက်ပြီး
add ထားသော မော့်အား လက်ခံလိုက်သည်။
ပြီးနောက် မော်ရိုက်ပေးထားသည့်၊
ထူးထူး ပြူံးနေသည့် ပုံလေးအား
fb ပေါ်တွင် တင်လိုက်သည်။
နေကြာပန်းခင်းကြီးကို ထပ်ပြီး
တစ်ဝကြီး ကြည့်နေချင်သေးသည်။
ပုံတင်ပြီး အပြင်ထွက်ခဲ့တော့ မီးဖိုထဲတွင်
တစ်ယောက်ထဲ အလုပ်ရှုပ်နေတဲ့ ဦးစန်ရဲ့ တူ
ကိုစွမ်းကို တွေ့လိုက်ရသည်။
ထူးထူးလည်း ဗိုက်နည်းနည်းဆာနေတာနှင့်
ထိုနားကို ကပ်သွားမိတော့ ....
သူက ထူးထူးကို မြင်မြင်ချင်း....
"ညီလေး... နိုးလာပြီလား....?
မနက်စာ စားတော့မလား... ?
ကိုကြီး ပြင်ပေးမယ်....."
စားမယ် ပြောရင် ကောင်းမလား၊
မစားဘူး ပြောရင်ကောင်းမလား၊
ဟိုအဖွဲ့တွေ နိုးလာတာ စောင့်နေရင်
ကြာဦးမည် ထင်သည်။
ထူးထူး တစ်ယောက်ထဲ စဉ်းစားနေတုန်းရှိသေး၊
သူက စားပွဲပေါ်တွင် ပန်းကန်ကိုချလိုက်ကာ..
"မြီးရှည်လုပ်ထားတယ်... ၊
စားကြည့်နော်... လိုတာ ရှိရင်ပြော.."
"ဟုတ်..."
ထူးထူး သူချပေးသော ပန်းကန်ရှေ့တွင်
ထိုင်လိုက်ကာ...မြီးရှည်အား
မြည်းကြည့်လိုက်တော့၊ အရမ်းကို ကောင်းသည့်
အရသာ တစ်ခုကို ရလေသည်။
"ကောင်းရဲ့လား ညီလေး.....?"
"ဟုတ် ... အရမ်းကောင်းတယ် အကို....."
ဟု ထူးထူး အားပါးတရပြောမိတော့
သူက ကျေနပ်သွားဟန်ဖြင့် ...
"ဒါနဲ့ ညီလေးက တော်တော်
ငယ်ဦးမယ် ထင်တယ်.."
"ဟုတ် ..၁၇ ပြည့်ထားတာ၊
ဘာလို့လဲဟင်.....?"
"အော် ကလေး ရုပ်လေးမို့လို့ မေးကြည့်တာ..."
ကိုစွမ်း၏ စကားကြောင့် ထူးထူးရယ်လိုက်မိသည်။
"ထူးထူး....."
အနောက်မှ အေးစက်စက် ခေါ်သံတစ်ခုကြောင့်
ထူးထူး လှည့်ကြည့်တော့
အာဏာမင်းဆက်ဖြစ်နေသည်။
သူ့နိုးလာပြီပဲ၊ ထူးထူး သူ့ကို လှမ်းပြုံးပြလိုက်ကာ...
"အာဏာ.. နိုးပြီလား...? ၊ "
အာဏာမင်းဆက်က အိပ်ချင်မူးတူး
ဖြစ်နေတာကြောင့်လား မသိ၊
သူ့ကြည့်ရတာ၊ မျက်နှာက
အရမ်းတင်းမာနေသလိုပင်။
ကိုစွမ်းက..
"ညီလေးကော...စားတော့မလား..?.."
ဟု လှမ်းမေးသော်လည်း၊ အာဏာက
ဘယ်သူမေးတာကိုမှ မဖြေ.. ၊
တစ်ခုခုကို မကျေနပ်သလို ဖြစ်နေကာ
မျက်မှောင်ကြီးကြုတ်လျှက်....
"ထူးထူး... ဘာလို့ တစ်ယောက်ထဲ
လာစားနေတာလဲ..?."
သူ့လေသံက အနည်းငယ် မာနေတာကြောင့်
ထူးထူး ထိုင်နေရာမှ ထမိလျှက်သား။
တစ်ယောက်ထဲ လာမစားရဘူးလား၊
ထူးထူး အမှားလုပ်မိလိုက်တာလား၊
"ဟို....."
"ကျွတ်...၊ ဆောရီး ဘာမှ မဟုတ်တော့ဘူး....၊
စားတော့..."
ဟူ၍ ပြောကာ ထထွက်သွားသည်။
အာဏာမင်းဆက် ဘာဖြစ်နေတာလဲ?
သူ့ကြည့်ရတာ တစ်ခုခု အလိုမကျနေဟန်၊
သူ ထူးထူးကိုများ တစ်ခုခု စိတ်ဆိုးစရာများ
ရှိနေသည်လား။ ထူးထူး အထင်တော့၊
မနက်ရောက်တုန်းက အထိ အကောင်းပါပဲ...။
ဘယ်လိုဖြစ်တာလဲ....။
သူ အဲ့လိုလုပ်သွားတော့ စားလက်စကိုတောင်
ဆက်မစားနိုင်တော့....။
.........
အာဏာ စိတ်ရှုပ်ထွေးစွာဖြင့် အခန်းထဲ
ပြန်ဝင်ခဲ့ရင်း ၊ ခေါင်းတွေလည်း အလွန်
နောက်ကျိနေပြီ ဖြစ်သည်။
ခုနက မော်က ဂုဏ်ယူဝင့်ကြွားစွာ
ပုံတစ်ပုံ လာပြသည်။
သူ ထူးထူးသော်ကို ရိုက်ပေးထားတဲ့
ဓာတ်ပုံ တစ်ပုံ ဖြစ်ပြီး၊
ထိုဓာတ်ပုံထဲတွင် ထူးထူးသော် ပြုံးနေသည့်
အပြုံးမျိုးကို အာဏာ တစ်ခါမှတောင် မမြင်ဖူးခဲ့။
အခုလည်း မနက်ကမှ ပထမဆုံးတွေ့တဲ့
လူတစ်ယောက်ကို ဘာလို့ ထိုအပြုံးတွေ
ထပ်ပြုံးပြနေရတာလဲ။
မင်းက ဘာလို့ ငါ့ကိုကျတော့ အဲ့လောက်
အားစိုက်ရအောင် လုပ်နေရတာလဲ။
သူတို့နဲ့ တော့ ပြုံးနေနိုင်ပြီး ငါနဲ့ ကျတော့
တစ်ခါ ပြုံးဖို့ ဘာလို့ အဲ့လောက်
ခက်ခဲနေရတာလည်း ထူးထူးသော်...။
ဒီကိစ္စက အဲ့လောက်ထိ ဒေါသထွက်စရာ
ကိစ္စ တစ်ခု လား အာဏာ မသိသော်လည်း၊
ခုချိန်မှာ ဖြစ်နေတဲ့ ဒေါသက ဘယ်အရာနဲ့မှမတူ၊
ဒါဟာ မော့်ကို ရှုံးနေရခြင်းကြောင့်
ဖြစ်လာတဲ့ ဒေါသလား..?
.............
ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့
ပန်းခင်းကြီးကို ငေးစိုက် ကြည့်နေရင်း
မော်လမင်းဟန် တစ်ယောက် အဓိပ္ပာယ်မဲ့သော
အပြုံးတစ်ခုအား ပြုံးလိုက်မိသည်။
ထူးထူးသော်....
လွန်ခဲ့တဲ့ နှစ်နှစ်က
စာကြည့်တိုက် တစ်ခုက ပြန်အထွက် ၊
ကောင်လေးတစ်ယောက် စာကြည့်တိုက်ရှေ့တွင်
ငုတ်တုတ်လေး ထိုင်နေတာကို တွေ့ခဲ့ရသည်။
အပြင်မှာ မိုးတွေက ရွာနေတော့ ထီးမပါလာလို့
စောင့်နေတာဖြစ်မည်။
မှတ်မှတ်ရရ အဲ့နေ့ သူဝတ်ထားတာ
မိုးပြာရောင် တီရှပ်လေး ..။
မော် ကျောပိုးအိတ်ထဲက ဦးထုတ်ကို
ထုတ်ဆောင်းလိုက်ကာ လက်ထဲတွင်
ကိုင်ထားသော ထီးကို ထို ကောင်လေး
ဘေးတွင် ချပေးလိုက်သည်။
မော့်ကားက မလှမ်းမကမ်းမှာ
ရပ်ထားတာဆိုတော့ ဦးထုတ်နဲ့ ပြေးသွားလို့
ရလောက်သည်လေ။
ဒီလောက်သာ...
ထိုနေ့က ဒုက္ခရောက်နေတဲ့ ကောင်းလေး
တစ်ယောက်ကို သနားမိလို့ ကူညီလိုက်ခြင်းသာ...၊ မှတ်လဲ မမှတ်မိတော့သလို မေ့မေ့ပျောက်ပျောက် ဖြစ်သွားချိန်တွင် ၊ထိုကောင်လေးကတော့
မော်၏ ထိုနေ့က ပုံရိပ်အား ပန်းချီကား တစ်ခု
အဖြစ် ဖန်တီးရင်း လွမ်းတသသ ဖြစ်နေခဲ့သည်မှာ၊
ခုချိန်ထိပင်။
ငယ်ငယ်ထဲက ကြီးကြီးမားမား တစ်ခုခု
လောင်းလိုက်တိုင်း အာဏာ့ကို အမြဲ ရှုံးနေကြ
ဖြစ်တာကြောင့် ၊ ဒီတစ်ခေါက်တော့
အနိုင်ပြန်လိုချင်လေသည်။
ထို့ကြောင့် ဒီပွဲမှာ မော် ရွေးချယ်လိုက်သူက၊
မော့်အား စွဲလမ်းနေခဲ့သည် ကောင်လေး၊
ထူးထူးသော် ဖြစ်နေခြင်းသာ။
ထူးထူးသော် အတွက်တော့ စိတ်မကောင်းပေမယ့်၊ အာဏာ့ကို နိုင်ဖို့ နည်းလမ်းက
ဒီ တစ်နည်းထဲသာ ရှိတော့တာမို့.....။
....................
မနက် ၁၀နာရီ အတိတွင် ထူးထူးနဲ့ အသူရာ
အခန်းထဲမှ ထွက်လာတော့.....၊
အပြင်တွင် မော်လမင်းဟန်စောင့်နေတာကို
တွေ့လိုက်ရသည်။
သူက ထူးထူးတို့ကို မြင်တာနှင့် ပြုံးသွားကာ၊
"ပြီးကြပြီလား...? လာ..."
ထူးထူးတို့နှစ်ယောက် သူ့နောက်လိုက်ခဲ့တော့ ၊
ဒီတစ်ခါ ကားမောင်းရန် အလှည့်ကျသူက
အာဏာမင်းဆက်ဖြစ်ပြီး၊ မော်က
အလယ်တွင် ဝင်ထိုင်သည်။
စစ်ကိုင်းမြို့ကို ထူးထူး တစ်ခါမှ မရောက်ဖူးခဲ့၊
သူတို့နဲ့ အတူ ၊ လျှောက်လည်ရတဲ့ ခံစားချက်က တကယ်ကို တစ်မျိုးတမည် ခံစားရစေသည်။
အရာရာဟာ စိတ်လက်ပေါ့ပါးခြင်းမရှိပဲ
အိမ်မက်ကြီးမက်နေသလိုပင်။
အသူရာကတော့ စိတ်လက်ပေါ့ပါးလွန်ပြီး
ထူးထူးကချည်း သူအား ဓာတ်ပုံတွေ
ဆက်တိုက်ရိုက်ပေးနေရသည့် အဖြစ်။
အသူရာက သိပ်ပြီး ခံစားချက်တွေ
စိုးရိမ်တာတွေ မရှိတတ်။
သူက အရာရာကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရင်း၊
အတွေးတွေ သိပ်မများတာကြောင့် အမြဲတမ်း
ပျော်နေသူဟုတောင် ပြောရမည်။
တစ်နေရာ ရောက်တိုင်း သူ့အား
ဓာတ်ပုံလိုက်ရိုက်ပေးရတော့ တစ်မျိုးတော့
ကောင်းသည်။
ဘယ်သူနဲ့မှ နီးနီး မနေဖြစ်တော့ဘူးလေ။
ဒါပေမယ့် နေ့တစ်ဝက်ကျိုးသွားတဲ့ အချိန်မှာ
ထူးထူး သတိ ထားမိလာတာ တစ်ခုက ၊
အာဏာမင်းဆက်ကိုပင်၊
သူ တစ်နေကုန် မပြုံးမရယ်နှင့် စိတ်နှင့်
လူနှင့် မကပ်စွာ လိုက်ပါလာခြင်းကြောင့် ဖြစ်သည်။ ဘယ်နေရာရောက်ရောက် အဆုံးထိ မလိုက်ပဲ
ထိုင်စရာနေရာ ရှာကာ တစ်ယောက်ထဲ
ထိုင်စောင့်နေတတ်သည်။
မနက်ထဲက သူ့မျက်နှာက ပုံမှန်မဟုတ်တာ၊
သူဘာတွေများ ဖြစ်နေလည်း။
သူ့ကို ကြည့်ပြီး စိတ်ထဲတွင် လေးလံ လာရသည်။
တစ်ခုခုများ စိတ်ညစ်စရာရှိနေလား မသိ။
.............
"အာဏာရောဟင်...?."
မော့် အိမ်ပြန်ရောက်တော့ ညစာစားသည့်
ထမင်းဝိုင်းတွင် ခွန်းသော်နှင့် မော့်ကိုသာ
တွေ့တာကြောင့် ထူးထူးမေးလိုက်တော့
ခွန်းသော်က...
"အာဏာက ခြံထဲ ဆင်းသွားတာ
တွေ့လိုက်တယ် ထူး...."
ဒီနေ့ တစ်နေကုန် အာဏာဘာများ ဖြစ်နေလည်း
ဆိုတာကို ထူးထူး သိချင်နေပြီ ဖြစ်တာကြောင့် ၊
ထမင်းကို အမြန် စားလိုက်ရင်း...
"အသူရာ... ငါ အပြင်ခဏ သွားဦးမယ်..."
ဟုပြောတော့ အသူရာက ပြုံးစိစိ လုပ်နေလေသည်။ဘာလို့လဲတော့ ထူးထူးလဲ မသိ....။
ခြံထဲရောက်တော့ တောင်ကုန်း အောက်ကို
ဆင်းတဲ့ လှေကားရဲ့ ထိပ်မှာ ကျောပေးကာ
ထိုင်ပြီး ဆေးလိပ်သောက်နေသော
အာဏာမင်းဆက်ကို တွေ့ လိုက်ရသည်။
"အာဏာ...."
အာဏာမင်းဆက် က မော့ကြည့်ချိန်
ထူးထူး အာဏာ့ ဘေးတွင် ၀င်ထိုင်လိုက်ကာ....
"တစ်ယောက်ထဲ ဘာထိုင်လုပ်နေတာလဲ.. ?
ထမင်းမစားဘူးလား...?"
"အင်း.... မဆာလို့..."
သူ့ကို ကြည့်ရတာ အပြုံးအရယ် မရှိ..။
ထူးထူးကို တစ်ချက်မှ မကြည့်။
"အာဏာ အဆင်ပြေရဲ့လား...?
တစ်ခုခု စိတ်ညစ်စရာရှိနေလား......."
"မရှိပါဘူး...."
စကားကလဲ တစ်ခွန်း မေး တစ်ခွန်းဖြေ....
"ဒါဆို ဘာလို့ တစ်နေကုန်
ဒီလိုပုံစံကြီး ဖြစ်နေတာလဲ...?"
ထူးထူး၏ အမေးကြောင့် သူက
ထူးထူးကို ကြည့်လာကာ....
"ထူး.... ?
ကို ချစ်နေတဲ့ လူတစ်ယောက်ကို
တစ်ခြားတစ်ယောက်နဲ့ သာယာနေတာ မြင်ရင်
ထူး ဘယ်လို နေမလဲ..?..."
ဟင်.. သူ့စကားကြီးက ဘယ်လိုကြီးလဲ..
"ထူး တင်ထားတဲ့ ပုံကို ကိုတွေ့ပြီးပြီ၊
မော်ရိုက်ပေးထားတာ မလား....၊
ဘယ်တုန်းက မော်နဲ့ အဲ့လောက်ရင်းနှီးပြီး၊
ဘာလို့ အဲ့လောက်တောင် ပျော်နေနိုင်ရတာလဲ...?"
သူဘာလို့ တစ်နေကုန် ဒီလိုပုံစံမျိုးဖြစ်နေလည်း
ဆိုတာကို ထူးထူး သိသွားလေပြီ။
မနက်က မော်နဲ့ ထွက်သွားသည့်ကိစ္စကို
သူသိသွားပြီး၊ မကျေမနပ်ဖြစ်နေတာကို....
"ပျော်နေတယ်ဆိုတာက၊ သူနဲ့မို့လို့ မဟုတ်ပါဘူး၊
ထူးထူး အရမ်း မြင်ဖူးချင်ခဲ့တဲ့ နေကြာပန်းတွေကို
အပြင်မှာ မြင်လိုက် ရတာမို့လို့ပါ၊
ထူးက ပန်းထဲမှာ နေကြာပန်းကို....."
"ဘာလို့ ကို့ကို လာရှင်းပြနေတာလဲ ထူး.... "
ဆေးလိပ်သောက်ကာ မကြည့်ပဲ ပြောနေသော
အာဏာမင်းဆက်၏ လေသံတို့က မာလွန်းနေသည်။
သူမေးလိုက်သော မေးခွန်းကို
ထူးထူးကိုယ်တိုင်တောင် အဖြေမသိ၊
ဟုတ်သားပဲ၊ ဘာလို့ သူ့ကို ရှင်းပြနေမိတာလဲ....။
အာဏာက ဆေးလိပ်ကို အောက်ကို
ပြစ်ချလိုက်ကာ နင်းခြေလိုက်ပြီး ....
"မင်း မော့်ကို ချစ်လား...?"
မင်းဟူသော နာမ်စားကို အာဏာပထမဆုံး
ထူးထူး အပေါ်သူံးလိုက်ခြင်းဖြစ်သည်။
ဘာကြောင့်ရယ် မသိ၊ စိတ်ထဲ တော်တော်ကို
မကောင်း ဖြစ်သွားရသည်အထိပင်။
မော်နဲ့ လိုက်သွားတယ်ဆိုတာက
သူအတင်းခေါ်သွားလို့၊ ရင်းနှီးတယ်ဆိုတာကလည်းသူ့ဘက်ကပဲ ရင်းနှီးသယောင်ပြနေလို့၊
ရယ်နေတယ်ဆိုတာက ခုနကပြောသလို
နေကြာပန်းတွေက်ု ပထမဆုံး မြင်ဖူးခြင်းမို့။
ဖြစ်နိုင်လျှင် ထူးထူး အာဏာ့ကို
အဲ့လောက်ထိအောင် ရှည်ရှည်ဝေးဝေး
ရှင်းပြချင်မိတာ။
...
ညမီးရောင်အောက်က မှုန်ပြပြမြင်နေရတဲ့
အဝေးတစ်နေရာကို ငေးကြည့်နေသော
ထူးထူးရဲ့ မျက်နှာကို အာဏာ
စိုက်ကြည့်နေမိသည်။
ထူးထူးသော် ရုတ်တရက် ပြန်ကြည့်တော့
မျက်လုံးချင်း စုံသွားတဲ့ အခိုက်အတန့်.......
အာဏာ မျက်နှာကို ချက်ချင်း လွဲလိုက်သော်လည်း
ရင်ထဲ တွင် ဖြစ်သွားသော အမျိုးအမည်မသိသည့်
ခံစားချက် တစ်ခု...။
သူ ပြန်မဖြေတဲ့ အဖြေကို ကိုယ့်ဘာသာ
သတ်မှတ်လိုက်ရမှာလား။ စိတ်တွေ
အရမ်းမွန်းကျပ်နေသလို၊ ခေါင်းတွေလဲ
နောက်ကျိ ရှုပ်ထွေးနေရသည်။
"အချစ်ဆိုတာ ဘယ်လိုမျိုးလဲ...?
ဘယ်လိုမျိုးဖြစ်နေတာကို အချစ်လို့ ခေါ်တာလဲ အာဏာ...?"
အာဏာ ဘာဖြေရမှန်းမသိ..၊
ထိုမေးခွန်းတွင် အာဏာ့မှာ တောင်အဖြေမရှိ..။
သူသိချင်တာက မော့်အတွက်သာ
ဖြစ်မယ်ဆိုတာကိုလည်း အာဏာသိသည်။
ရင်ထဲမှာ ခံပြင်းလွန်းလို့...ရင်တွေပါ နာလာသလို.....။
"ကို မသိဘူး...."
"အာဏာ ထူးကို စိတ်မဆိုးပါနဲ့၊ မော်နဲ့က....."
အာဏာက ခေါင်းကို ခါလိုက်ပြီး ...
"ကို့ရှေ့မှာ မော့်အကြောင်း မပြောပါနဲ့လား...!!!"
အာဏာ၏ လေသံတို့က တစ်စထက် တစ်စ
ပိုမာလာတာကြောင့် ထူး ခေါင်းကို ငုံ့လိုက်ကာ...
"ထူး တောင်းပန်ပါတယ်..."
"ရပါတယ်... ကိစ္စမရှိပါဘူး...၊
ကိုကလဲ ထူး အနားမှာ အချိန်အကြာကြီး
ရှိနေတော့မှာမှ မဟုတ်တာ... ၊
ထူး အေးအေးဆေးဆေး နေနိုင်တော့မှာပါ..."
အာဏာ့စကားကြီးက ထူးထူး အတွက်
တစ်ခုခု လစ်ဟာ သွားစေသလို..၊
ဘာလို့လဲ...?၊ ဘာလို့ အချိန်အကြာကြီး
ရှိမနေတော့မှာလည်။
သူ ဆက်ပြောမယ့် စကားကို အသဲအသန်
စောင့်နေမိချိန်....
"ကို ဒီနှစ်ကုန်ရင် သြဇီမှာ
ကျောင်းသွားတက်တော့မှာ ၊
ပြီးရင် ဟိုမှာပဲ ဆက်နေဖြစ်ဖို့များတယ်...."
ဘယ်လို..?
အေးစက်စွာ ဘာမှ မဟုတ်သလို ပြောနေသော
အာဏာမင်းဆက်အား ထူးထူး
မယုံသလိုကြည့်နေမိသည်။
"အဲ့အချိန်ကျရင်၊ ထူးကို အတင်းလိုက်ကပ်ပြီး
လိုက်နှောက်ယှက်မယ့် လူ မရှိတော့ဘူး၊...."
သူပြုံးလိုက်ကာပြောနေချိန်၊
ထူးရင်ထဲ အမှန်တကယ်ကြီးကို
ဝမ်းနည်းသွားစေသည်။
ဘယ်တုန်းထဲကများ ဒီအစီအစဉ်က
ရှိနေတာများလည်း.။
"အဲ့တာ အရင်ထဲက ဆုံးဖြတ်ပြီးသား
ကိစ္စလား...?.."
ထူး မရဲတရဲ မေးမိတော့ သူက ခေါင်းညိတ်ကာ....
"အင်း... ဟုတ်တယ်..."
ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သော
အဖြေ တစ်ခုကြောင့် ထူးထူး အနည်းငယ်
ဒေါသထွက်မိ သွားသယောင်...
"ဒါဆို... အကယ်လို့ ထူးထူးက
အာဏာ့ကို ပြန်ချစ်ခဲ့မယ် ဆိုရင်တောင်...
အဲ့လိုပဲ သွားဖို့ စဉ်းစားထားပြီးသားလား....?"
အာဏာမင်းဆက် က မဖြေ..
ဒါဆို ထူးထူးပြောတာ မှန်နေပြီပေါ့။
"အာဏာက နဂိုထဲက ထူးထူးကို
ခဏတာ အတွက်ပဲ စဉ်းစားခဲ့တာ ထင်တယ်...."
ဘာရယ်ကြောင့်မှန်း မသိ ကိုယ့်စကားနဲ့ကိုယ်
ရင်ဘတ်တစ်ခြမ်း စူးခနဲ အောင့်တက်သွားရသည်။
"ထူးထူး အထဲဝင်တော့မယ်...."
ထူးထူး စိတ်မကောင်းဖြစ်မိသည်။
ကိုယ်တိုင် ငြင်းထုတ်လိုက်တဲ့ အရာတစ်ခု
ဖြစ်သော်လည်း တကယ် ဆုံးရှုံးရမည်ဆိုတော့
ကြောက်နေမိသည်။
အစောကြီးထဲက ထားသွားဖို့ စဉ်းစားရင်
ဘာလို့များ ထူးထူးကို အသဲအသန်
လိုက်နေရတာလဲ....? ။
...................
"ထူး... လာခဲ့... တစ်အိမ် ဝင် ..."
ဧည့်ခန်းထဲတွင် ဖဲထိုင်ရိုက်နေကြသော မော်၊
ခွန်းသော်၊ ကိုစွမ်း နှင့် အသူရာ့ကို တွေ့လိုက်ရသည်။
ထူးထူး ခေါင်းကို ခါလိုက်ကာ...
"ဟင့်အင်း.... ငါ နားတော့မယ်..."
ဟု ပြောပြီး အခန်းထဲသာ ဝင်ခဲ့လိုက်သည်။
ခုချိန်မှာ နည်းနည်းတောင် ပြုံးရယ်ချင်စိတ်
ထူးထူးတွင် မရှိ။
...........
"ဟာ..! ပိုက်ဆံက ဒါပဲကျန်တော့တယ်....၊
အသူရာ့ကို နည်းနည်း ချေးပါလား..."
ကြေးအများကြီး မထိုးသော်လည်း၊
အသူရာ တစ်သောင်းလောက်
ရှုံးနေပြီဖြစ်တာကြောင့် ၊
တစ်ယောက်ယောက်ဆီက ရလို ရငြား
တောင်းမိတော့၊ ခွန်းသော်က သူ့ပိုက်ဆံအိတ်ထဲမှ
တစ်သောင်းတန် သူံးရွက်အား
ထုတ်ပေးတာကြောင့် အသူရာ ပျော်ပြီး
အမြန်လှမ်းယူလိုက်သည်။
ခွန်းသော်က ဒီလိုကျတော့လဲ
စိတ်မပုတ်တော့ပါလား...။
သူက ထူးထူးကို အရင်တုန်းက
အထင်လွဲ နေခဲ့တာကြောင့် ဆိုးဆိုးရွားရွား
ဆက်ဆံတာဖြစ်မည်။
ခုတော့ အထင်လွဲမှုတွေမရှိတော့ပဲ
ထူးထူး ဖြူစင်တာကို သိသွားသဖြင့်
သူ့နဂိုစိတ်ရင်းလေးတွေ ပြန်ပေါ်လာတာ ဖြစ်မည်။
"ကဲ... ဒီတစ်ပွဲပြီးရင် အိပ်ကြမယ်.... ၊
မနက်ကျရင် မနက်စောစော ထွက်ရမှာ...."
ပွဲအရှိန်ကောင်းနေတုန်း မော်က
ဝင်ပြောလိုက်တာကြောင့် ...
အသူရာ မျက်နှာရှုံ့မိသည်။
ပွဲသိမ်းကြတော့ ခွန်းသော်ဆီက ယူထားတဲ့
ပိုက်ဆံ သူံးသောင်းအား ပြန်ပေးတော့
သူက ခေါင်းခါကာ....
"မယူတော့ပါဘူး...
အသူရာ မုန့်ဝယ်စားလိုက်လေ၊ "
"တကယ်လား..??"
ခွန်းသော်က ခေါင်းညိတ်လိုက်တော့
အသူရာ ပျော်သွားပြီး ခွန်းသော်၏
လက်တစ်ဖက်အား ဆွဲယူလိုက်ကာ....
"မွှမွှ...."
ခုလို မုန့်ဖိုးပေးလို့ ပိုက်ဆံတွေ အများကြီးရှာနိုင်ပါစေ။ သူ့လက်တွေကို ခွင့်မတောင်းပဲ နမ်းလိုက်မိတာကြောင့် သူက ချက်ချင်းပြန်ရုတ်သွားကာ၊
မျက်မှောင်ကြုတ်ကြည့်နေစဉ်၊
အသူရာ ရယ်ကြဲကြဲ လုပ်ပြလိုက်ပြီး၊
"သွားအိပ်တော့မယ်နော်...."
ဟုဆိုကာ အခန်းထဲ ဝင်ခဲ့လိုက်သည်။
အခန်းထဲရောက်မှ ခွန်းသော် ဖြစ်သွားသည့်
ရုပ်ကို ပြန်တွေးပြီး တစ်ယောက်ထဲ
ပြုံးစိစိ လုပ်နေမိသည်။
ထူထူးကို ကြည့်တော့ တစ်ဖက်ကို
လှည့်ကာ အိပ်ပျော်နေပြီ ဖြစ်သည်။
................
အခန်းထဲ ပြန်ရောက်ချိန်တွင် ဗလိုင်းကြီး
အနမ်းခံလိုက်ရသော မိမိ၏ လက်အား
ပြန်ကြည့်ရင်း ရေချိုးခန်းထဲ အမြန်ပြေးဝင်ကာ
ဆပ်ပြာနဲ့ သေချာပြန်လည် ဆေးကြောနေမိသည်။
ဒီကောင်က တော်တော်ရဲတာပဲ။
ပွဲနေ့ထဲက သတိထားမိလောက်အောင်
ရဲတင်းပြီး စွာလန်နေတဲ့ သူ။
"ခွန်းသော်.... ဘာဖြစ်နေတာလဲ...?"
နောက်က မော်ရောက်လာသဖြင့် ခွန်းသော်
ခေါင်းကိုခါလိုက်ကာ..
"ဘာမှမဖြစ်ဘူး..."
ဟူ၍ သာ ဖြေလိုက်သည်။ အသူရာက
ငါ့လက်ကို နမ်းသွားတယ် ဟုသာ ပြောရင်၊
သူ ဘယ်လောက်တောင် ခွက်ထိုး ခွက်လန်
ရယ်နေလိမ့်မည်နည်း။
ကျွတ်.. စိတ်ပျက်စရာ ကောင်းလိုက်တာ....။
............