အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ ကြားသဖြင့်
ထူးထူး အိမ်ထဲမှ ထွက်ခဲ့တော့ အရှေ့တွင်
ကားတစ်စီး၏ ဘေးမှာ အိတ်တွေကိုင်ကာ
ရပ်နေသော ဦးလေးကြီး တစ်ယောက်ကို
တွေ့လိုက်ရသည်။ထို ဦးလေးကြီးက
ထူးထူး ကို မြင်တော့ ပြုံးပြနေသဖြင့် ထူးလဲ
ပြန်ပြုံးလိုက်ချိန်...
"ဒါ ဒေါ်အိငွေသော်ရဲ့ အိမ်လား ခင်ဗျ....."
"ဟုတ်ပါတယ် ...
ဦးလေးက ဘယ်သူလဲ မသိဘူး....."
"ကျွန်တော်က ဦးသန့်ဇင်တို့
အိမ်က ကားဒရိုင်ဘာပါ....
ဦးသန့်ဇင်က ဒါလေး ပေးခိုင်းလိုက်လို့
လာပေးတာပါ......"
ဦးသန့်ဇင်ဆိုတာက မေမေ၏ မကြာခင်
လက်ထပ်တော့မည့် အချစ်ဦး။
"ရော့ ကလေး ...ရော့..."
ထိုဦးလေးကြီးက အသက်အရွယ်နှင့်
မလိုက်ဖက်စွာ ထူးထူးကို တရိုတသေ
ပြောနေတော့ နေတောင် မနေတတ်ချင်တော့။
ထူးထူး အထုတ်တွေကို လှမ်းယူလိုက်ကာ....
"ဟုတ်ကဲ့ ခင်ဗျ....
ဟို.... အိမ်ထဲ ၀င်ပါဦးလား.... ဦးလေး....."
"မ၀င်တော့ပါဘူး ခင်ဗျ...
ကျွန်တော် ပြန်လိုက်ပါဦးမယ်...."
ဟု ပြောကာ ဦးညွှတ်ညပီး ရိုကျိုးနေတော့
ထူးထူး ခြေမကိုင်မိ လက်မကိုင်မိဖြစ်မိသည်။
ထိုဦးလေးကြီး ထွက်သွားတာ့မှ အထုတ်တွေ
သယ်ကာ အိမ်ပေါ် ပြန်တက်ခဲ့တော့ မေမေက
ဘုရားရှိခိုးပြီးလို့ ထလာတာနှင့် ကြုံလေသည်။
"မေမေ.. ၊ ဦးသန့်ဇင် အိမ်က ပို့လိုက်တာတဲ့....."
စားပွဲပေါ် အထုတ်တွေ ချကာ ပြောလိုက်တော့
မေမေက ထူးထူးဆီ လျှောက်လာပြီး....
"အော် ဟုတ်တယ် သားရေ... ၊
မနက်ဖြန်တွေ့ရင် ၀တ်ရအောင်
အ၀တ်အစားတွေ ၀ယ်ထည့်ပေးလိုက်တာ ...
သား အတွက်ပါ ပါတယ်တဲ့... ကြည့်ကြည့်လေ....."
မေမေက ဝမ်းသာအားရ ပြောနေသော်လည်း၊
ထူးထူး စိတ်ပျက်ပျက်နှင့်..
"အဲ့လောက်ထိ လိုလို့လား မေမေရယ်... ၊
အိမ်မှာပဲ တွေ့မှာဆို ..?
ထူး တို့မှာလဲ အ၀တ်အစားတွေရှိတာပဲ....
မသိရင် သူပေးမှ ၀တ်ရသလိုလိုနဲ့..."
ထူးထူး ခပ်မဲ့မဲ့လေးပြောလိုက်တော့ မေမေက
ပြုံးကာ အ၀တ်တွေကို ထုတ်ကြည့်နေသည်။
ရှပ်အကျီလက်ရှည် အဖြူလေးတွင် အိတ်ကပ်နဲ့
ကော်လံမှာသာ အနီရောင်လိုင်းလေးနှင့် အင်္ကျီ
တစ်ထည်အားမေမေက ဖြန့်လိုက်ကာ...
"ဒီမှာ ကြည့်စမ်း... ၊
သားနဲ့ဆို အရမ်းလိုက်မှာ..... ရော့...."
ထူးထူး အင်္ကျီကို လှမ်းမယူမိပဲ...
"မေမေ....?"
" ပြောလေ.... သား..."
ထူးထူး ပြောမည့် စကားကို
ပြောသင့် မပြောသင့် စဉ်းစားရင်း.......
"ဒီလိုတွေ လက်ခံနေရတာ.... ၊
ထူးထူး စိတ်မသန့်ဘူး...."
"သားရယ်.... မဟုတ်တာတွေ
လျှောက်တွေးမနေနဲ့ ... ၊
သူက စေတနာ သန့်သန့်နဲ့ ပေးတာပါ....
သားကိုလဲ သားအရင်းလေး
တစ်ယောက်လို ချစ်မှာပါ...."
"သူ့မှာလဲ သူ့သား ရှိတယ်ဆို ...?
သူသားကရော ထူးတို့ကို ကြည်ဖြူပါ့မလား..?
မေမေ တွေ့ကြည့်ပြီးပြီလား....?
တော်ကြာ ထူး တို့ကို ငွေမက်လို့...."
"ထူးထူး...!!.."
ထူးထူး ပြောမည့် စကားကို မေမေက
လေသံမာမာနှင့် တားလိုက်ကာ........
"ဘယ်သူတွေ ဘယ်လိုထင်ထင်
မေမေ ဂရုမစိုက်သလို သားလဲ
ဂရုစိုက်စရာမလိုဘူး....၊
ဦးသန့်ဇင့်ရဲ့ သားနဲ့ မတွေ့ရသေးပေမယ့်....၊
စေတနာ မေတ္တာ ဆိုတာ ရောင်ပြန်ဟပ်တတ်တဲ့
သဘောပဲ သား...၊ ကိုယ့်ဘက်က မေတ္တာမှန်ရင်
သူကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူသည်ဖြစ်စေ...
တစ်နေနေ့တော့ နားလည်လာလိမ့်မယ်...၊
အဲ့အတွက် သားက စိုးရိမ်နေစရာမလိုဘူး.... ၊
သားဆီမှာ မေမေ တစ်ယောက် လုံး ရှိတယ် ..၊
ဟုတ်ပြီလား သား....."
မေမေ့ အဖြေကို သိပ်သဘောမကျလှသော်လည်း
ခေါင်းညိတ်လိုက်သည်။
"မနက်ဖြန် ဒါလေး ၀တ်ခဲ့နော်....၊
ဒီမှာ ဖိနပ်က အစပါတယ်...."
ထူးထူး ခေါင်းညိတ်ကာ မေမေပေးသည့်
အ၀တ်အစားများ ယူပြီး အခန်းထဲ ၀င်ခဲ့လိုက်သည်။
ဒါတွေကို ကြည့်ရင်း ကိုယ့်ကိုကိုယ် သိမ်ငယ်
လာမိသည်။
စေတနာနဲ့ ပေးတာဆိုပေမယ့် အနှိမ်ခံလိုက်ရသလို
ခံစားနေရသည်။သူတို့နဲ့ တွေ့ရင် အ၀တ်အစား
မကောင်းတာတွေ ၀တ်လာမှာ စိုးလို့လား။
တစ်သက်လုံး နီးပါး တူတူ နေရတော့မည့်
အခြေကြီးသည့် မိသားစု အသစ်နှင့်
ထူးထူး အသားကျနိုင်ပါ့မလား.....။
.............
မနက်ကျတော့ မနေ့ညက ပစ္စည်းလာပို့တဲ့
ဦးလေးကြီးကပဲ ထူးထူးတို့ သားအမိကို
လာခေါ်ပေးသည်။
ကိုယ်လက်ထပ်တော့မည့် အမျိုးသမီးကို
ဘာလို့ ကိုယ်တိုင် လာမခေါ်နိုင်ရတာလဲ။
ရောက်လာသည့် နေရာက ကျယ်ဝန်းလှတဲ့
ခြံကြီးထဲတွင် ဟီးနေသည့် ရဲတိုက် အလား
တိုက်ကြီးတစ်လုံး...။
ခြံဝန်းထဲတွင်ရပ်ထားသော ကားများမှာ
ငါးစီးထက် မနည်းလှ။
အာဏာမင်းဆက်တို့လိုပဲ ချမ်းသာသည်ဟုတော့ အသူရာ ပြောထားသဖြင့် သိပြီးသား
ဖြစ်သော်လည်း တကယ်တမ်း တွေ့ရတော့
ရှိန်လာမိသည်။
ထူးထူး မေမေ့ကို ကြည့်လိုက်တော့ အလှဆုံး
အပြုံးလေးနှင့်။ မေမေအလှတွေ ပျောက်ကွယ်
နေခဲ့တာ ကြာခဲ့ပြီဖြစ်သည်။ ဒါတွေ အားလုံးက
တစ်ယောက်ထဲ ရုန်းကန်ကာ ထူးထူးကိုပြုစု
ပျိုးထောင်ခဲ့ခြင်းကြောင့်သာ..၊ အခုတော့ မေမေက
လှချင်တိုင်းကို လှနေတာပါလား.....။
မေမေ့ကို အခုလို မြင်ရတော့လည်း ထူးထူး
စိတ်ချမ်းသာမိပါသည်။
ဒရိုင်ဘာဦးလေးကြီးက မေမေ့ကို တံခါး
လာဖွင့်ပေးချိန်တွင် ထူးထူးလဲ ကားပေါ်မှ
အမြန်လိုက်ဆင်းကာ မေမေ့နား သွားကပ်
နေလိုက်သည်... ၊
ဘာကြောင့် ရယ်မသိ၊ ခြေဖျား လက်ဖျားတွေ
အေးကာ ရင်တွေ တစ်ဒုန်းဒုန်း တုန်နေရသည်။
အိမ်ထဲမှ လူတစ်ယောက်ထွက်လာတော့
ဒါဟာ ဦးသန့်ဇင်ဆိုတာကို မပြောပဲနဲ့
ထူးထူး သိလိုက်သည်။ အသက်နှင့်ယှဉ်လျှင်
နုပျိုနေကာ ကြည်လင်သော
အပြုံးများကို ပိုင်ဆိုင်ထားသည်။
"အိ..."
မေမေ့ကို အိဟု အဖျားဆွတ်ခေါ်လိုက်ကာ
သူ့လက်နောက်တွင် ဖွက်ထားသော
ပန်းစည်းကြီးကို ထုတ်ပေးသည်။
အဖြူရောင်နှင်းဆီတွေနဲ့သာ
စည်းထားသော ပန်းစည်း။
မေမေ၏ မျက်နှာတွင် အလွန်လှပတဲ့
အပြုံးလေး တစ်ခုကို မြင်လိုက်ရသည်။
"ဒါ .. အိ သားလေးလား..??.."
သူက ထူးထူးကို ကြည့်သော အကြည့်များမှာ
နူးညံ့သိမ်မွေ့ပြီး အေးချမ်းလှသည်ဟု ထင်မိသည်။
"ဟုတ်တယ် ကိုသန့်.... ထူးထူးသော်လေ....၊
သား နှုတ်ဆက်လိုက်ဦး....."
"ဟုတ် တွေ့ရတာ ၀မ်းသာပါတယ် ဦး ....."
ဦးသန့်ဇင်က ခေါင်းတစ်ညိတ်ညိတ် လုပ်ကာ.....
"တွေ့ရတာ ၀မ်းသာပါတယ် သားရေ....."
ဦးသန့်ဇင်၏ လေသံက အစ ယဉ်ယဉ်ကျေးကျေး
နူးနူးညံ့ညံ့ လေးဖြစ်သည်။
ပြီးတော့ အရမ်းကို ၀မ်းသာနေသယောင်...
တက်ကြွ ပျော်မြူးနေသည်။
"ကဲ ... လာ... လာ အထဲ ၀င်ကြပါဦး....
လာ အိ..."
ဦးသန့်ဇင်က မေမေ၏ လက်ကိုဆွဲကာ
ခေါ်သွားသည်။ သူ့ကို ကြည့်ရတာ
ပြာယာခတ်နေသည်။ မေမေနှင့်
လက်ထပ်မည့်လူကို သူဌေးကြီးဆိုတော့
လူကြီးလို ဟိတ်ဟန်တွေနဲ့ ရှိမည် ထင်ထားတာ..၊
ခုတော့ ဦးသန့်ဇင်၏ လူငယ်ဆန်ပြီး
ဖော်ရွှေမှုကြောင့် ထူးထူး အနည်းငယ်
စိတ်သက်သာရာ ရမိသည်။
သူ့သားကရော ဘယ်လိုလာဦးမည် မသိ။
ခမ်းနားလိုက်တာ... အိမ်လား ဟော်တယ်လားတောင်
မသဲကွဲလောက်အောင်ပင်..ခမ်းနားလွန်းလှသည်။
သီးသန့် အခန်းသဖွယ် လုပ်ထားသော ဧည့်ခန်း
ကျယ်ကြီးထဲရှိ ကျွန်းကနုတ်တွေနှင့် ဆိုဖာကြီး
ပေါ်တွင်ထိုင်လိုက်တော့ လူတောင်
ပျောက်သွားတော့ မယောင်။
မြင့်မားလှသော မျက်နှာကြက်များပေါ်တွင်
ကနုတ်ပန်းများ အလှဆင်ထားပြီး အခန်း၏
အလယ်တည့်တည့်တွင် ရှိနေသော မီးဆိုင်းကြီးမှာ
အလွန်ကို ကြီးမား ထယ်ဝါလှပေသည်။
"သား... ဒါ သားနေရမယ့် အိမ်ပဲ ...၊
ဒီနေ့စပြီး ကိုယ့်အိမ်လိုပဲ သဘောထားတော့....၊
သားစီးဖို့ကားကို အန်ကယ် အပြတ်ရွိုင်းပေးနေတယ်.၊
အခန်းကိုလဲ ပြင်နေတော့ နောက်မှပဲ
အကုန်ကြည့်တော့ surprise ပေါ့...."
ဦးသန့်ဇင်ပြောနေသည့် စကားများကို ပါးစပ်
အဟောင်းသား ခေါင်းတညိတ်ညိတ်
ကြောင်တောင်တောင်လေး နားထောင်နေမိသည်။
ထူးထူး အတွက် အဲ့လောက်တောင် စီစဉ်နေတာ
တဲ့လား။ ယုံတောင် မယုံနိုင်....
"ဟိုလေ. ထူးအတွက် ကားတစ်စီးမလိုပါဘူး..ဦး..
ထူးက ကားလဲ မမောင်းတတ်ဘူးလေ..."
ထူးထူးစကားကြောင့် ဦးသန့်ဇင်က ပြုံးလိုက်ကာ.....
"အန်ကယ် သိတာပေါ့.. ၊
ကားမမောင်းတတ်ရင် ကားမောင်း
သင်ရမယ်လေ...၊ သားကို သင်ပေးဖို့
ဦးမောင်ကို တာဝန်ပေးထားပြီးသား...."
ထူးထူး အံ့သြမိသည်။
မေမေနှင့် အိမ်ထောင်ပြုမည့် သူက
တစ်ခါမှ ပေါ်မလာခဲ့သဖြင့် သိပ်ဘ၀င်မကျမိခဲ့....၊
အခုတော့ သူက အဲ့လောက်ထိ
လိုက်စဉ်းစားပေးထားတာတဲ့။
အားနာတတ်သူ ပီပီ..
တကယ်ကို အားနာမိလို့ ဘာမှ ပြန်မပြောနိုင်..။
"အိ ...ခဏလေး စောင့်ဦးနော်...၊
သူတို့ မှာထားတဲ့ စားစရာတွေက
အစုံမရောက်သေးလို့....
သားကော ဆာနေပြီလား..."
စိုးရိမ်တကြီး နာရီကို တကြည့်ကြည့်ပြောနေသည်။
"မဆာသေးပါဘူး ဦး ..."
"ရပါတယ် ကိုသန့်ရယ်....၊
အိတို့ မဆာသေးပါဘူး....
ဒါနဲ့ ခွန်းသော်လေးကော
သက်သာရဲ့လား ကိုသန့်....."
ခွန်းသော်ဆိုတာ ဦးသန့်ဇင်ရဲ့သား ဖြစ်မည်။
.........................
ထူးထူးတို့ စားသောက်ပြီးသည်အထိ
ဦးသန့်ဇင်၏ သားဆိုသူ ပေါ်မလာခဲ့။
အိမ်မှာ မရှိလို့ များလား........။
ဦးသန့်ဇင်ကတော့ ထူးထူးကို
ရယ်စရာ မောစရာတွေ ပြောလိုက်
ကျောင်းအကြောင်းတွေ မေးလိုက်နှင့်
ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံသည်။
တစ်ခါတစ်လေ သူ့ကိုယ်သူ
ဖေဖေဟု ထွက်သွားတာက လွဲလို့
အကုန်ကောင်းပါသည်။
အားနာပေမယ့် သူစိမ်းတစ်ယောက်ကို
ဖေဖေလို့တော့ မခေါ်ချင်သေးတာ အမှန်ပင်...။
ဧည်ခန်းထဲတွင် စကားလက်ဆုံကျနေစဉ်
ခြံထဲသို့ ကားတစ်စီး ၀င်လာသံကို
ကြားလိုက်ရသည်။ ဦးသန့်ဇင်၏
သားများပြန်လာတာလား..?
ထူးထူး မှန်းတာမလွဲရင် အိတ်ဇောသံ
ကျယ်ကျယ် ကြားနေရတာကြောင့်
ပြိုင်ကားတစ်စီးပင် ဖြစ်လိမ့်မည်။
ကားသံကြောင့် စကားစ ခဏရပ်သွားချိန်တွင်
ဧည့်ခန်းတံခါးကို လူတစ်ယောက်ဖွင့်လိုက်သည်။
ထူးတို့နှင့် အရွယ်သိပ်မကွာလောက်သော
ကောင်လေး တစ်ယောက် ....။
နဖူးတွင် ၀ဲကျနေသော ဆံပင် ရွှေဝါရောင်
လေးများနှင့် ၊ မျက်လူံးအား မျက်ကန်မှန်
တပ်ထားတာကြောင့်လားမသိ အညိုရောင်
သမ်းနေသယောင်။ သူ၏ အသားမှာလဲ
သူ့ဆံပင်တွေလိုပဲ ရွှေဝါရောင်သမ်းနေလေသည်။
သူ့ကို မြင်တော့ ဘာရယ်မဟုတ်
အာဏာမင်းဆက်ကိုတောင်သတိရမိသွားသည်။
သူက ခွန်းသော်များလား.....?
"အန်ကယ် ဆောရီး...! ၊
ခြံတံခါးဖွင့်ထားတော့ ၀င်လာလိုက်တာ ...."
သူ အန်ကယ့်ဦးသန့်ဇင်ကို ထိုသို့ပြောရင်း
ပြုံးပြလိုက်သော အပြုံးမှာ ထူးထူး၏
အသက်ဝိညဉ်ကို ချွေယူလိုက်သလိုပင်.... ၊
ဒီအပြုံးက......!!!!
အဆက်မပြတ်ခုန်လာသော ရင်ခုန်သံတို့ကြောင့်
ရင်ဘတ်ကို ဖိလိုက်ကာ ငေးကြည့်နေမိစဉ်တွင်
လေပြေတစ်ချက် အနားတွင် တိုက်ခတ်သွားသလို...
ခံစားလိုက်ရသည်။
ဒါ ... !!
ဒါ ထူးထူး အချိန်ကြာမြင့်စွာ ရှာခဲ့ရသည့်
ထူးထူး သိပ်စွဲလမ်းခဲ့ရသည့် ထီးပိုင်ရှင်ရဲ့
အပြုံးလေး......!!!
ဒီအပြုံးတွေ.!!!.. ဒီအပြုံးတွေ...!!!
သေချာပါတယ်... သူမှ သူ စစ် စစ်.... ၊
ဒီအပြုံးတွေကို ထူးထူး ဘယ်လိုလုပ်ပြီး
မေ့လို့ ရမှာတဲ့လဲ........?
ထူးထူးကြောင်ငေးစွာ ကြည့်နေမိစဉ်
သူက ပြန်ထွက်သွားမည်အလုပ်....
"ခဏ လာပါဦး မော်....၊
အန်ကယ် သားကိုပါ တစ်ခါထဲ
မိတ်ဆက်ပေးမလို့......."
မော်တဲ့.....
သူဝင်လာတယ် ..
ပြုံးလိုက်တဲ့အခါ ပါးတစ်ဖက်က
ပါးချိုင့်လေးထင်းခနဲပေါ်လာသော သူ....
ထိုသူ့ ခြေလှမ်းတိုင်းက ထူထူး၏
ရင်ကို တစ်လှပ် လှပ်...၊
ထူးထူး ရှေ့မှ ဖြတ်သွားတော့ သူလက်တွင်
ထိုးထားသော M ဆိုသည့် တက်တူးလေးက
အထင်သား....၊ ထူးထူး အသက်ရှူဖို့ပင်
မေ့သွားရသည့် အဖြစ်.....
နောက်ဆုံးတော့ ငါရှာတွေ့ခဲ့ပြီ။
ထူးထူးတို့ ရှေ့တွင် ၀င်ထိုင်လိုက်သော
သူကတော့ ထူးထူးကို တစ်ချက်တောင် မကြည့်..။
ရှိတယ်တောင် ထင်ပုံမရ..။
"အိ...၊ ဒါ ခွန်းသော်ရဲ့ သူငယ်ချင်းလေ
U group က ဦးမင်းဟန်သစ်ရဲ့သားအငယ်ဆုံး....
မော်လမင်းဟန် တဲ့....."
ဟင်... !! ဒါ မော်လမင်းဟန်တဲ့လား.....!!
ထူးထူး ကြက်သေသေသွားမိသည်။
ဒီရင်းနှီးနေသော နာမည်နဲ့လူက ထူးထူးရဲ့
ထီးပိုင်ရှင်တဲ့လား...။
U group ရဲ့ သားတဲ့ ...၊
ဘာကြောင့်လဲ ...
ဘာလို့ ထူးထူး မျှော်မှန်းထားသလို
သာမာန် လူတစ်ယောက် မဟုတ်ရတာလဲ....?။
"မော်... ဒါ အန်ကယ့်ရဲ့ ဇနီးလောင်းလေးပေါ့...၊
ဒေါ်အိငွေသော် တဲ့....
အန်ကယ်တို့ dinner ကို လာခဲ့နော်.... သား..."
"လာမှာပေါ့ အန်ကယ်ရ....
Congratulation ပါ အန်ကယ် ..
ဒါနဲ့ စကားမစပ် အန်တီက အရမ်းချောတယ်နော်...."
သူ့စကားကို ဦးသန့်ဇင်ရော မေမေပါ
သဘောကျစွာ ရယ်သည်။သူကပါ
လိုက်ရယ်လိုက်တော့ ထူးထူး ရင်တွေ
တစ်ဒုန်းဒုန်း ခုန်သွားရသည်။
"ချောဆို အန်ကယ့် ချစ်သူကို ....
ဟားဟား...."
ဦးသန့်ဇင်က သူ့ဘာသာပြောပြီ သူ့ဘာသာ
သဘောကျကာ ရယ်လေတော့သည်၊
ပြီးမှ ထူးထူးကို သတိရသွားပုံရကာ၊
"အော် မော်ရေ....ဒါက အိရဲ့သားလေးလေ
ထူးထူးသော်တဲ့ ..သားတို့နဲ့ ကျောင်းတူတယ်
ပြောတယ်..... ပထမနှစ် ပန်းချီဌာနကတဲ့.. ၊
သူ့ကိုလဲ ညီလေးအရင်းလို စောင့်ရှောက်
ပေးပါဦး..."
ဦးသန့်ဇင်က ထူးထူး အကြောင်းကို
မော်လမင်းဟန်အား ပြောပြလိုက်တော့
သူက ထူးထူးကို ပထမဆုံးအကြိမ်
လှမ်းကြည့်သည့် မျက်ဝန်းများကို
ထူးထူး ရင်မဆိုင်ရဲ....
ခေါင်းကိုငုံ့လိုက်မိသည်။
"ဟုတ် စိတ်ချပါ အန်ကယ်...၊
ခွန်းသော် ရဲ့ ညီက ကျွန်တော် တို့ရဲ့ညီပဲပေါ့...."
မော့်စကားကြောင့် ဦးသန့်ဇင်က
ကျေနပ်စွာ ပြုံးလိုက်သည်။
"အန်ကယ် ၊ အဲ့တာဆို ကျွန်တော်
အပေါ်တက်တော့မယ်နော်.... ၊
အန်တီ ကျွန်တော့်ကို ခွင့်ပြုပါဦး ဗျ..."
"အေး ... အေး..."
ထူးထူးကိုတော့ အဖတ်လုပ်ပြီး နှုတ်မဆက်သွားပါ။
သူ့ကျောပြင်လေးကို ကြည့်လိုက်မှပဲ
ပို၍ သေချာသွားသည်။
ဒါဟာ တကယ်ပဲ တိုက်ဆိုင်လွန်းတဲ့
ကံကြမ္မာ တစ်ခုပါလား။
ဝမ်းသာစရာလား ၀မ်းနည်းစရာလား
ဆိုတာကို ထူးထူး မသိတော့။
တကယ်တမ်း တွေ့ရတော့လည်း
စကားပြောဖို့ နေနေသာသာ
မျက်လုံးချင်းတောင် မဆုံနိုင်ခဲ့......... ။
ဒါပေမယ့် အရင်လို အဝေးကြီးမှာ မဟုတ်တော့ ...၊
ထူးထူးနဲ့ အနီးဆုံးတစ်နေရာတွင်
သူ ရှိနေပြီ ဖြစ်သည်။ ထူးထူး ကျေနပ်စွာ
ပြုံးလိုက်မိသည်။
မျက်နှာလေး အမြဲ မြင်နေရလည်း နည်းလားလေ...။
..............