အာဏာမင်းဆက်က သူ့အမေအတွက်
ဘာဝယ်ပေးရမှန်း မသိဖြစ်နေကာ ဟိုဝင်ဒီဝင်
လုပ်နေသည်ကို ထူးထူးက အနောက်မှ
တကောက်ကောက်လိုက်နေရသည်။
ထူးထူးကို မေးတော့လဲ အကြံကမပေးတတ်..။
တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို ၀ယ်ပေးဖို့
လက်ဆောင်ကို ထူးထူးက ဘယ်လိုလုပ်ပြီး
အကြံ ပေးတတ်မှာလဲ။
"မုန့် အရင်စား ရအောင်... ဗိုက်ဆာပြီမလား....?"
နာရီဝက်လောက်ပတ်ပြီး သူ့ဗိုက်သူဖိကာ
ပြောနေသော အာဏာ၊
မုန့်ဆိုင်ထဲရောက်တော့ ၀ိုင်းတစ်ဝိုင်းမှ
ကောင်မလေးတွေက ထူးထူးတို့ကို
လှမ်းလှမ်း ကြည့်နေတာ သတိထားမိလာသည်။
"အာဏာ... ..ဟိုကောင်မလေးတွေနဲ့ သိလား....?"
သူက ကျောပေးထားသဖြင့် မမြင်ရ.. ၊
ထူးထူးပြောတော့မှ လှည့်ကြည့်လိုက်တော့
ဟိုဝိုင်းမှ ကောင်မလေးတွေဆီက
ပိကျိပိကျိ အသံတွေ ဆူညံစွာ ထွက်လာတော့သည်။
"မသိဘူး...."
ထိုတစ်ခွန်းထဲကိုသာ ပြောပြီး စားလက်စကို
ဆက်စားနေသော အာဏာမင်းဆက်ကို ကြည့်မိသည်။ သူ့ကြည့်ရတာ မထူးဆန်းသလို စိတ်ဝင်စားပုံမရ။
ထိုဝိုင်းမှ ကောင်မလေးတွေကတော့ သူ့ဆီမှ
အကြည့်တွေ လုံးဝမခွာတော့...၊
အဲ့လောက်တောင် popular ဖြစ်တာလား
အာဏာမင်းဆက်...၊
ဖြစ်လဲ ဖြစ်လောက်ပါတယ်လေ...၊
ဒီလောက်ချော ဒီလောက်ပြည့်စုံတဲ့
လူတစ်ယောက်က မဖြစ်ပဲ နေပါ့မလား...။
စားသောက်ပြီးတော့ သူ့အမေအတွက်
ထပ်ရှာကြပြန်သည်။ သူက ရှေ့ကသွား
ထူးထူးက နောက်က လိုက်နှင့်
ဟုတ်တော့ ဟုတ်နေသည်။
သူ့ကျောပြင်ကို လှမ်းကြည့်မိတော့လည်း၊
ဪ....
အနောက်က ကြည့်လဲ ကြည့်ကောင်း
နေတာပါပဲလား ဟုတွေးမိရင်း..
"နာရီပဲ ပေးရင် ကောင်းမလား...?.."
အရှေ့မှ သွားနေသော သူက နောက်ကို
ရုတ်တရက် ပြန်လှည့်ကာ မေးတော့
သူ့ကို ကြည့်မိနေသော ထူးထူး တစ်ယောက်
ရှက်ကိုးရှက်ကန်းတွေ ဖြစ်ပြီး
ဘာပြန်ပြောရမှန်း မသိ။ သူကရယ်တယ် ... ၊
ဒီတစ်ခါတော့ ပြုံးရုံပဲ မဟုတ်... ၊
သွားဖြူဖြူ ညီညီလေးတွေပေါ်လာသည်အထိကို
ရယ်လိုက်တာ.....
ချောရက်နိုင်လွန်းတဲ့ အကိုကြီးပါလား....ဟု
စိတ်ထဲက ရေရွတ်မိသည် အထိပင်..။
"ထူးထူး....."
သူ့ အပြုံးတွေကြောင့် သတိလက်လွတ်ဖြစ်မှန်း
မသိ ဖြစ်သွားရချိန် ...
"ထူးထူးရေ.!..."
လက်ဝါးကြီးကို ထူးထူး၏ မျက်နှာရှေ့
ဟိုရမ်း ဒီရမ်းလုပ်နေတော့မှ ထူးထူး
အသိပြန်ဝင်လာကာ....
"ဟုတ်... အာဏာ... ပြောလေ....."
"နာရီ ၀ယ်ပေးရင် ကောင်းမလားလို့....
စိတ်တွေ ဘယ်ရောက်နေလဲ...?.."
"ဘယ်မှ မရောက်ပါဘူး...
ကောင်း.... ကောင်းပါတယ်....."
"အိုကေ အဲ့တာဆို နာရီဆိုင်ပဲ သွားရအောင်....."
နောက်ဆုံးတော့လဲ သူ့ဘာသာ အကြံပေးပီး
သူ့ဘာသာ ၀ယ်လိုက်သည်သာ။
ထူးထူး လိုက်လာတာပင် ဘာမှမထူး... ။
မုန့်လိုက်စားရုံ သက်သက်ဖြစ်နေသည်။
"ကျေးဇူးပဲနော် လိုက်ပေးလို့........"
အိမ်ရှေ့ထိ ပြန်ပို့ပေးပီး ကားပေါ်က
ဆင်းခံနီးတော့ သူကတောင်
ကျေးဇူးတင်သွားသေးသည်။
"ဟုတ်.. ထူးသွားပြီနော်..."
"အိုကေ ကျောင်းမှာတွေ့မယ်နော်.... စီးယူ....."
ထူးထူး ခေါင်းညိတ်ကာ အိမ်ထဲ ၀င်ခဲ့တော့
ဧည့်ခန်းထဲတွင် မေမေနှင့် အသူရာတို့
စကားပြောနေကြသည်ကို တွေ့ရသည်။
အသူရာက ထူးထူးကို တွေ့တွေ့ခြင်း.....
"ထူး... လာထိုင်ဦး၊ အန်တီက ပြောစရာရှိလို့တဲ့...."
အသူရာကော မေမေရော တစ်မျိုးဖြစ်နေတာကို
သတိထားမိသည်။ ဘာဖြစ်နေကြတာလဲ...?.။
စိတ်ထဲ မသိုးမသန့်ဖြစ်လာရသည်။
ထူးထူး အိမ်ပြန် နောက်ကျလို့
မေမေ ဆူမလို့များလား...။
ထူးထူး မေမေတို့ နှစ်ယောက်ရှေ့တွင်
မရဲတရဲ ၀င်ထိုင်လိုက်တော့..၊
မေမေပြောစရာရှိသည်ဆိုသည့် စကားက
တော်တော် နှင့် ထွက်မလာတာကြောင့်၊
အသူရာက....
"အန်တီ...? ၊
အခုမပြောရင် ဘယ်အချိန်ပြောမှာလဲ၊ ...?"
ဟူ၍ ပြောတော့မှ မေမေက
ထူးထူးကို ကြည့်လာကာ..
"သား...မေမေ ပြောတာကို လေးလေးနက်နက်
နားထောင်ပေးပါနော်......"
"မေမေရယ်... ဘာဖြစ်တာလဲ... ?
သား လန့်တောင် လန့်လာပြီ....."
မေမေက တည်တည်ကြီးပြောနေသလို
အသူရာကလဲ မပြုံးမရယ် ဆိုတော့ တကယ်
လန့်နေပြီဖြစ်သည်။
"မေမေ အိမ်ထောင်ပြုတော့မယ် သား...."
ရုတ်တရက် မေမေ့ဆီမှ ကြားလိုက်ရသော
စကားသံကို ထူးထူး မယုံနိုင်...။
အမေတစ်ခု သားတစ်ခု ဖြစ်သလို
ဖေဖေဆုံးတာ ခြောက်နှစ်လောက်ရှိပီ ဖြစ်ပြီး
ခုချိန်ထိ နောက်အိမ်ထောင် မပြုသေးသော မေမေ၊
အခုလို ရုတ်တရက် ကြားလိုက်ရတော့
ထူးထူး မယုံကြည်နိုင်။
"သားလေး ခွင့်ပြုမှပါ....."
မေမေက မျက်လွှာချကာ သား၏
ခွင့်ပြုချက်ကို တောင်းခံနေသည်။
ဘယ်သူလည်း ဘယ်ကလည်း
မေးသင့်ရဲ့လား။ မေမေ ရွေးချယ်တာ
ဘယ်လိုလူပဲ ဖြစ်နေပါစေ
ထူးထူး မကန့်ကွက်ချင်ပါ။
မေမေက တစ်ယောက်ထဲ ရုန်းကန်ပြီး
ထူးထူးကို ပြုစု ပျိုးထောင်ပေးခဲ့ရသည်
မဟုတ်ပါလား။
ဒါပေမယ့်......စိတ်ထဲတော့ သိပ်မကောင်းမိ....။
"ဘယ်ကမှန်း မသိလို့... စိတ်မပူပါနဲ့ ထူး.... ၊
အန်တီ လက်ထပ်မယ့်လူက
အန်တီ့ရဲ့ ငယ်ချစ်ဦးပါ...၊"
မေမေ့ကိစ္စတွေကို အစစအရာရာ ထူးထူးတက်
အရင်သိနေတတ်သော အသူရာ၊
မေမေက အသူရာ့ကိုလဲ သား
အရင်းတစ်ယောက်လိုပင်
သဘောထားထားတာကို၊
ခုတော့ အသူရာ့ စကားကြောင့်
ထူးထူး အံ့သြမိသည်။
မေမေ့အချစ်ဦးတဲ့လား....။
"ဘယ်အချိန်ထဲက စီစဉ်နေတာလဲ မေမေ....?.."
ထူးထူးရဲ့ အမေးကို မေမေက
ချက်ချင်းမဖြေသေးပဲ ကောင်းမွန်တဲ့
အဖြေတစ်ခုရရန် စဉ်းစားနေပုံပင်.....
ထူးထူး သက်ပြင်းလေးတစ်ချက်ကို
ခိုးချလိုက်ကာ...
"မေမေ...လက်ထပ်တာကို
သား မကန့်ကွက်ပါဘူး၊
ဒါပေမယ့်... သားတစ်ယောက် အနေနဲ့
မေမေ အသိပေးတာ နောက်ကျတယ်လို့
မထင်ဘူးလား...၊
ဒါတောင် အသူရာ ပြောခိုင်းလို့
မေမေပြောတာ ထင်တယ်၊
အခု မေမေက ရုတ်တရက်
အိမ်ထောင်တောင် ပြုတော့မယ်ဆိုပြီး ပြောတော့...၊
ခွင့်တောင်းတာ မဟုတ်ပဲ အသိပေးရုံ
သက်သက်ဖြစ်နေတယ်..."
"မဟုတ်ပါဘူး သားရယ်...၊
မေမေက မသေချာသေးလို့မပြောတာပါ...၊
သားသာ ခွင့်မပြုရင် မေမေ
ဆက်မလုပ်ပါဘူး သားရယ်...."
မေမေ့မှာ သိပ်ချစ်ရတဲ့ အချစ်ဦး ရှိတာကိုတော့
ဖေဖေပြောပြဖူးလို့ ထူး သိပြီးသားဖြစ်သည်။
မေမေနဲ့ဖေဖေက မိဘ သဘောတူလို့
လက်ထပ်ခဲ့ကြပြီး သစ္စာတရားနဲ့သာ
တည်ဆောက်ထားကြသော အိမ်ထောင်ရေး
တစ်ခု ဖြစ်ခဲ့သည်။
လွန်ခဲ့တဲ့ ခြောက်နှစ်၊ ထူးထူး ဆယ့်တစ်နှစ်သား
အရွယ်တွင် ဖေဖေဆုံးပါး သွားခဲ့တာဖြစ်ပြီး...၊
မေမေကလဲ ဒီအချိန်ထိ တစ်ယောက်ထဲ
နေခဲ့သည် မဟုတ်ပါလား..။
အဲ့ဒီ အချစ်ဦးဆိုတာနဲ့ ဘယ်တုန်းက
ဘယ်လို တွေ့ခဲ့ကြတာလဲ။
ပြောချင်တာတွေ သိချင်တာတွေ
များနေသော်လည်း...၊ မျက်နှာလေး
ညှိုးကာ မှိုင်နေပီး မျက်ရည်များပါ
ဝဲနေသော မေမေ့ကို မြင်ရတော့
ဘာမှ ဆက် မပြောနိုင်တော့......
ထိုကြောင့်......
"မေမေ...."
ထူးထူး မေမေ့နားကပ်သွားလိုက်ကာ.....
"မေမေ ဒီကိစ္စကို ခက်ခက်ခဲခဲ
ဆုံးဖြတ်ခဲ့ရမယ်ဆိုတာကို သားသိပါတယ်....၊
သားကို ခုမှ အသိပေးလို့
စိတ်မကောင်းဖြစ်ပြီး ပြောမိတာပါ.... ၊
သား ခွင့်ပြုပါတယ် မေမေ....."
ထူးထူး မေမေ့ကို ဖက်ပြီး
မေမေမသိအောင် ငိုမိသည်။
ဒီမျက်ရည်တွေကို မေမေ မြင်လို့ မဖြစ်ဘူး...။
မေမေ့ကို ဘာအတွက်ကြောင့်မှ
စိတ်ဆင်းမရဲ စေချင်ပါ။
ထူးထူး အတွက်သာ မြှုပ်နှံခဲ့ရသော
မေမေဘ၀လေးအား
ပျော်ရွှင်စေချင်သည်လေ။
.....................။
"နင် ဘယ်တုန်းက သိတာလဲ အသူရာ.?.."
"ဟင် ဘာကိုလဲ..?..."
ကန်တင်းထဲတွင် မုန့်စားနေရင်း
အစမရှိ အဆုံးမရှိ မေးလိုက်မိသော ထူးထူး၏
မေးခွန်းကြောင့် အသူရာက
ကြောင်တောင်တောင်လာကြည့်နေသည်။
"မေမေ့ကိစ္စကိုပြောတော..."
"အော် ငါသိတာ သိပ်မကြာသေးပါဘူး....."
သူ ထိုသို့ပြောသော်လည်း မျက်နှာက လိမ်မရ....၊
"နင် စိတ်မပူပါနဲ့ ထူးရယ်...
သူတို့နှစ်ယောက်က တကယ်ချစ်တာပါ...
ပြီးတော့ မေမေ လက်ထပ်ဖို့
ဆုံးဖြတ်လိုက်တယ်ဆိုတာ
နင့်အတွက်လဲ ပါတယ်....."
အသူရာ့ စကားကို ထူးထူး နားမလည်သဖြင့်....
"ဘာဆိုင်လို့လဲ...?.."
"ဆိုင်တာပေါ့... နင်က ဘာမှမှမသိတာ .. ၊
နင့်အမေရဲ့ အချစ်ဦးက တစ်ခြားလူ မဟုတ်ဘူး...၊
summer copany ရဲ့ပိုင်ရှင်လေ..၊
နင်တို့ဘ၀ အတွက် အရာရာ ပြည့်စုံသွားပြီ.....၊
နင့်အမေကိုလဲ နင် တစ်ခွန်းမှ မမေးဘူးနော်...
ဘာလို့လဲ...?"
Summer company ရဲ့ ပိုင်ရှင်တဲ့လား.....၊
ကားကုမ္မဏီ တစ်ခုဖြစ်သလို ကားနဲ့
ဆက်စပ်ပစ္စည်းများကို နိုင်ငံတစ်ဝန်း
ရောင်းချပေးနေသည့်ကုမ္မဏီကြီးတစ်ခု......
"ငါ ဘာမေးရမှာလဲဟာ..၊
.သူက ကလေးမှ မဟုတ်တော့တာ ....၊
နင်ကလည်း..... င့ါအတွက်ဆိုတဲ့
ခေါင်းစဉ်ကြီးတော့ မတပ်ပါနဲ့ ...၊"
"အေးပါ၊ ... ... နင် အန်တီ့ကို အထင်လွဲနေမှာ
စိုးလို့ပြောတာ....."
နှစ်ယောက်သား စကားစပြတ်ပြီး
အတွေးကိုယ်စီနှင့် အဝေးတစ်နေရာဆီကို
အချိန်ကြာကြာ ငေးကြည့်နေမိကြသည်။
အသူရာက ... ..
"ငါတို့ နှစ်ယောက် အရင်လိုတော့
မနီးတော့ဘူးပေါ့နော်..?"
ဟူ၍ ပြောလိုက်သဖြင့် ထူးထူး
သူ့ကို ကြည့်လိုက်တော့ သူက
မျက်ရည်ဝဲနေတာကို တွေ့လိုက်ရသည်။
"ဘာကို မနီးတာလဲ... ?...."
ထူးထူး အလန့်တကြားမေးလိုက်မိတော့
အသူရာက ပြုံးယောင်လေးသမ်းလာကာ...
"မအပါနဲ့ ထူးရယ်....၊
နင့်အမေ လက်ထပ်မယ့်လူက
summer ရဲ့ပိုင်ရှင်လေဟာ ၊
နင့်တို့ အိမ်မှာ လိုက်နေမယ်လို့ ထင်လို့လား....?၊
နင်တို့က သူတို့ အိမ်မှာ သွားနေရမှာပေါ့..."
ခေါင်းထဲတွင် မေမေလက်ထပ်မည့်ကိစ္စ
တစ်ခုပဲ တွေးမိခဲ့ပြီး ကျန်တာတွေ
ဘာတစ်ခုမှ မတွေးဖြစ်...
အသူရာ ပြောမှ ထိုအကြောင်းအရာကို
စဉ်းစားမိတော့သည်။
ရင်ထဲတွင် ဟာသွားရသည်။
ဘယ်လောက်ပဲ ချမ်းသာတယ် ဆိုဦးတော့
ကိုယ့်အိမ်မှာ နေရသလို
လွတ်လပ်မှုတွေရှိတော့မည် မဟုတ်၊
မေမေရော သူများအရိပ်မှာ နေပျော်နိုင်ပါ့မလား...၊
ထူးထူးတို့က အရမ်း ဆင်းရဲတဲ့ အထဲ
မပါသော်လည်း သူတို့နဲ့ယှဉ်ရင်တော့
အရမ်းကို အလှမ်း ဝေးလွန်းတယ်လို့
ခံစားရသည်လေ။
"ထူးထူး နင့်လူကြီး လာနေတယ်...."
အသူရာပြတဲ့ နေရာကို ကြည့်လိုက်တော့
အာဏာမင်းဆက်..။ခုချိန်မှာ ဘယ်သူနဲ့မှ
စကားပြောချင်စိတ်မရှိ။
"ငါ တစ်ယောက်ထဲပဲ နေချင်သေးတယ်
အသူရာရယ်..."
"အေးပါ....ငါ စကားသွားပြောလိုက်မယ်
နင် ရှောင်သွားလိုက်ပေါ့..."
ဒီတစ်ခါတော့ အသူရာက အလိုက်သိလှသည်။
ထူးထူး ခေါင်းညိတ်လိုက်တော့ အသူရာက
နေရာမှ ချက်ချင်းထကာ အာဏာ့ဆီ ပြေးသွားသည်။
...
" ထူးဆီ လာတာလား...? အာဏာ..."
"အင်း ..."
အသူရာ က အာဏာမင်းဆက်
ရှေ့တွင် ပိတ်ရပ်နေပြီး...
"နေဦး အာဏာ.... "
"ဘာဖြစ်လို့လဲ ...."
အသူရာက လိမ်တော့မည့် လူတစ်ယောက်လို
ဘာဖြေရမလဲ စဉ်းစားနေပုံရသည်။
"ဟို... ဟိုလေ....."
အာဏာ၊ အသူရာ့ကို ကျော်ကာ ထူးထူးဆီ
သွားမည် အလုပ် ၊ ခုနက ထိုင်နေသော ထူးထူးကို
မတွေ့ရတော့ ၊.ဘယ်ရောက်သွားတာလဲ... ?။
"အယ်... သူ သွားပြီထင်တယ်....၊
အသူရာလဲ သွားပြီနော်... တာ့တာ "
ဘာလဲဟ... ငါလာတာကို ရှောင်သွားတာလား..... ၊
အာဏာ တင်းသွားသည်။
သူကဘာမို့လို့ ရှောင်သွားရတာလဲ...။
ခံပြင်းမှုနှင့် အတူ ကားဆီ ပြန်လျှောက်ရင်း...၊
ကားပါကင်တွငိ .ရယ်ကြဲကြဲမျက်နှာထားနှင့်
မော်လမင်းဟန်ကို တွေ့လိုက်ရသည်။
"ဘယ်လိုလဲ အာဏာ၊
ကောင်လေးက တွေ့ဖို့တောင် ငြင်းနေတာလား...?
ခုမှ တပတ်ပဲ ရှိသေးတယ်နော်...."
အာဏာပေါက်ကွဲလာတာကို ဒီကောင်က
လာဆွနေပြန်သည်။
သို့သော် အာဏာ စိတ်ကိုထိန်းရင်း....
"ဆန္ဒ မစောပါနဲ့...မော်၊ မင်းပြောသလို ခုမှ
တစ်ပတ်ပဲ ရှိသေးတာလေ... အေးဆေးပေါ့...."
ဘာမှ မဖြစ်သလိုပြောလိုက်သော်လည်း
အာဏာ စိတ်တွေ မကြည်။
"အေးပါကွာ... ဟုတ်ပါပြီ....၊
ဒါနဲ့ ...ခွန်းသော်ရဲ့ အဖေ
နောက်မိန်းမယူတော့မှာ မင်း သိပြီးပြီလား...."
"အေး ကြားတယ်... ဘာလို့လဲ...?"
"ဘယ်သူနဲ့ ယူမှာလဲကော သိလား....?"
"အဲ့တာ ငါ့အပူလား...?"
အာဏာ ကားပေါ်တက်လိုက်တော့ မော်ကပါ
ကားထဲ လိုက်ဝင်ကာ....
"ဒီနေ့ ငါ့ကား မပါလာဘူး....
မင်းနဲ့လိုက်မယ်...."
"ဘယ်သူက လိုက်ပို့မယ် ပြောလို့လဲ.... ဆင်း..."
"လိုက်မပိုနဲ့ ခွန်းသော် အိမ်ကို
သွားရအောင်လေ.... ၊
အန်ကယ့်ကိုလဲ congract လုပ်ရမယ်..."
အာဏာ မော့်ကို စိတ်မရှည်စွာ ကြည့်လိုက်ပြီး.......
"မင်း လာတုန်းက ဘာနဲ့လာလဲ..?.."
"ငါအမ လိုက်ပို့တာ......"
"အေး...အဲ့တာဆို ခုပြန်ရင်လဲ
မင်းအမကိုခေါ်လိုက်လေ....
ငါကားပေါ်က ဆင်း..."
"အန်..? မင်းက ဘာကိစ္စ ၊
ဒေါသတွေ အဲ့လောက်ထွက်နေတာလဲ...."
"ကဲ.... မင်းဆင်းမှာလား... ?
ငါကိုယ်တိုင် ဆွဲချရမလား...?"
အာဏာ မော့်ကို စိုက်ကြည့်လိုက်တော့
မော်က နှုတ်ခမ်းတစ်ဖက် ရွဲ့သွားကာ....
"မင်းကလဲ ၊ စိတ်ကြီးပဲ...."
ဟုပြောကာ ကားပေါ်မှ ဆင်းသွားသည်။
အာဏာ လှည့်မကြည့်ပဲ မောင်းထွက်ခဲ့လိုက်သည်။
ထူးထူးနှင့်ပက်သက်ပြီး မကျေနပ်၊
ထူးထူးကို မဲမရတော့ မော့်ကို မဲလိုက်ခြင်းသာ.....
အာဏာမင်းဆက်ကို အဲ့လို အချေမခံရဖူး၍
နင်တင်တင် ဖြစ်နေလေသည်။
ထူးထူးသော်... မင်းက ဘာမို့လို့လဲ....?။
..................။
"အာဏာ မပါဘူးလား...?."
အိမ်ထဲ ၀င်ဝင်လာခြင်း ခွန်းသော်
မေးလိုက်သော စကားကြောင့် မော် ရယ်လိုက်ကာ....
"မပါဘူး ....အဲ့ကောင် ဘာဖြစ်နေမှန်းမသိဘူး...၊
ကြောင်တောင်တောင်နဲ့......၊
ဒါနဲ့ congrat ပါ သားကြီးရေ..."
"ဘာကိုလဲ...?"
"မင်းအဖေ လက်ထပ်တာကိုလေ......"
မော် ပြုံးဖြီးဖြီးနဲ့ ပြောလိုက်သော်လည်း ၊
ခွန်းသော် မျက်နှာ တည်သွားတာကြောင့်
"ဘာဖြစ်တာလဲ ဟေ့ကောင်..?"
အမြဲတမ်းအေးချမ်းနေပါသော
ခွန်းသော် မျက်နှာတွင် ဒေါသရိပ်များ
သမ်းနေတာကြောင့် မော် သူ့ဘေးတွင်
ဝင်ထိုင်လိုက်ရင်း မျက်နှာပိုးသတ်လိုက်ကာ....
"ဘာဖြစ်လို့လဲ....?"
ခွန်းသော်က လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်ရင်း....
"ငါ လက်မခံချင်ဘူးမော်...."
သူဆိုလိုတာ ဘာမှန်းသေချာ မသိသဖြင့်
မော် ဘာမှ ပြန်မပြောဖြစ်......
"ဖေဖေ လက်ထပ်မယ့် အမျိုးသမီးမှာ
သားတစ်ယောက် ပါလာမယ်တဲ့...."
မော် သိပြီးသားကိစ္စ တစ်ခုဖြစ်တာကြောင့်
အထူးတလည် မအံ့သြဖြစ်..။ ခွန်းသော်လည်း
သိပြီးပြီ ထင်ထားတာ.. ၊ သူက
ကိုယ့်ထက်တောင် အသိနောက်ကျနေသေးသည်။
"အင်း...."
"သူ လက်ထပ်မှာကို ငါမကန့်ကွက်ပါဘူး...၊
ဒါပေမယ့် ငါ့နေရာကို အစားထိုးလိုက်မှာကိုတော့
ငါမလိုလားဘူး...."
ခွန်းသော်တကယ် အလေးအနက်ပြောနေကာ
စိတ်အလိုမကျမှုများ လွှမ်းခြုံနေသည်။
သူ ဒီလို ဖြစ်တာ သိပ်ကို မြင်ရခဲသော အရာပင်။
"မင်းကလဲ .....
မဟုတ်တာတွေ လျှောက်မတွေးနဲ့လေကွာ.... ၊
မင်းက သားအရင်းလေ.... ၊
သူက မယားပါသား.... အကွာကြီးပါကွာ...."
"မဟုတ်သေးဘူး မော်....."
ခွန်းသော် ကိုကြည့်ရတာ ဒီမင်္ဂလာပွဲကို
နည်းနည်းလေးမှ ကြည်ဖြူပုံမရ...
"ဖေဖေက အဲ့ဒီ အမျိုးသမီးကို အရမ်းချစ်တာကွ....
သူ့ကလေးဆိုရင်လဲ ချစ်မှာ....၊
ငါကတော့ မလိုချင်ပဲ ရခဲ့တဲ့ ကလေးလေ....."
ခွန်းသော် အံ့ကိုကြိတ်ကာ ပြောတော့ မော်
သက်ပြင်းတွေလှိမ့်ချမိသည်။
"အဲ့ဒါက အရင်ကလေကွာ....၊
အခု မင်းကို မင်းအဖေ ဘယ်လောက်ချစ်လဲ
မင်းလဲ သိတာပဲဟာ...."
ခွန်းသော်က ခေါင်းကို ခါလိုက်ရင်း.....
"မင်း နားမလည်ပါဘူး မော်၊ .."
ဟုသာ ပြောလာသည်။
မော် တကယ် နားမလည်။
ခွန်းသော် မိခင် ဆူံးသွားတာ ခွန်းသော်ကို
မွေးပြီးပြီးချင်းထဲကဖြစ်သလို၊
အဖေနဲ့ နှစ်ယောက်ထဲ နေလာတာ
သူ့ တစ်သက်နီးပါး ရှိနေပြီ။
မော်သာ သူ့နေရာမှာဆို ၊ အဖေ အိမ်ထောင်ပြု
လိုက်လို့ ဝမ်းတောင်သာပေးဦးမည်။
"အေးပါကွာ.. စိတ်ထဲ သိပ်မထားပါနဲ့... ၊
ဘာပဲဖြစ်ဖြစ် မင်းက သားအရင်းလေ...၊ "
ဟု ပြောပြီးသား စကားကိုသာ ထပ်ပြောဖြစ်သည်။
ခွန်းသော်လို လူမျိုးက
ဒီလို ဖြစ်လိမ့်မယ်လို့ မော်မတွေးခဲ့။
ငယ်ငယ်ထဲက သူငယ်ချင်း သူံးယောက်ထဲတွင်
စိတ်ထား အကောင်းဆူံးဖြစ်သလို၊
ဒေါသဖြစ်တယ်ဆိုတာ
မရှိသလောက်ရှားသည့် ကောင်လေ။
ခုတော့ သူမျက်နှာက အရင်က ခွန်းသော်နဲ့
မတူပဲ ခက်ထန်မာကျောနေလေသည်။
.....................