July 2015
ထူးထူးသော် စာကြည့်တိုက်ထဲက ထွက်တာနှင့်
သည်းသည်းမဲမဲ ရွာချလာသော မိုးများက
အငြိုးတကြီး...၊ ဒီနေ့မှ ထီးလည်း မပါခဲ့... ။
စာကြည့်တိုက် ပေါ်တီကိုအောက်မှာ တစ်ယောက်ထဲ
ရပ်ရင်း မိုးရေထဲ ပြေးရင်ကောင်းမလား ၊
မိုးတိတ်တာစောင့်ရင် ကောင်းမလား
စဉ်းစားနေချိန်တွင်.....
ထူးထူးရပ်နေတဲ့ နေရာရဲ့ ဘေးကို တစ်ခုခု
ကျသွားသော အသံကြားသဖြင့် ကြည့်လိုက်တော့
ထီးလေး တစ်ချောင်းဖြစ်နေသည်။
ထီးက ပြုတ်ကျလာခြင်း မဟုတ်ပဲ
လူတစ်ယောက်က တမင် ချပေးလိုက်ခြင်း
ဖြစ်တာကြောင့် ၊ ထိုချပေးလိုက်သော လူကို
ထူးထူး လှမ်းကြည့်လိုက်တော့၊ သူက မိုးကာအင်္ကျီ
အနက်ရောင်လေးတွင်ပါသော ခေါင်းစွပ်အား
စွပ်ထားသည့်အပြင်၊ လျှာထိုးဦးထုတ်ကိုပါ
ခပ်ငိုက်ငိုက် အတွင်းက ဆောင်းထားတာကြောင့်
သူ့မျက်နှာကို သေချာမမြင်ရ...။
ပိုဆိုးတာက ၊ သူက ထီးကို ချပေးပြီးပြီးချင်း၊
ထူးထူး နားမှာတောင် ရပ်မနေတော့ပဲ ရှေ့သို့
ထွက်သွားလေသည်။ ပြီးနောက် သူ၏ ငိုက်နေတဲ့
ဦးထုတ်ကို ပိုငိုက်အောင် လုပ်လိုက်ချိန်တွင်
မြင်လိုက်ရသော လက်ဖျံမှ ထင်ရှားတဲ့ အမဲရောင်
တက်တူးအသေးလေး တစ်ခုက ထင်းခနဲ။
ထိုတက်တူးလေးကိုတော့ ထူးထူး
သေချာမြင်လိုက်ရသည်။
"M....?."
သူက မိုးရေထဲသို့ မထွက်ခင် ထူးထူးဘက်ကို
တစ်ခြမ်းသာ လှည့်ကာ ပြုံးပြသွားသော ဘာနဲ့မှ
မတူတဲ့ အပြုံးလေး တစ်ခု..။၊ ပါးတစ်ဖက်မှာ
အချိုင့် လေးပေါ်အောင် ပြုံးနိုင်သော ထိုသူက
ခဏတွင်းချင်းမှာပင် ထူးထူးအတွက် ရင်ခုန်မှု
တစ်သက်စာ ပေးသွားခဲ့လေသည်။
သူ ထူးထူးကို ကျောခိုင်းကာ မိုးရေထဲသို့
ပြေးသွားပြီး ကားတစ်စီးပေါ်သို့ အမြန်တက်သွားချိန် သူ၏ နောက်ကျောလေးကိုသာ အယောင်ယောင်
အမှားမှားလိုက်ငေးကြည့်နေမိသည်။
သူထွက်သွား တော့ မှ ဘေးတွင် သူချခဲ့သော
ထီးလေးကို ကြည့်ပြီး ထူးထူး တစ်ယောက်ထဲ
တွေဝေစွာကျန်ခဲ့သည်။
ထိုနေ့မှ စပြီး သူ့ကို ပြန်မတွေ့ရတော့..၊
တစ်ခါလေးပါပဲ...၊
တစ်မိနစ်တောင် မကြာတဲ့ အချိန်လေးတစ်ခုမှာ
မျက်နှာတောင် သေချာ မမြင်လိုက်ရသည့် သူကို
ထူးထူး စွဲလမ်း သွားခဲ့ရသည်။
..........
2017
"လက်သွက်လှချေလား .. အာဏာ ...."
မော် ရဲ့ စကားကို စီးကရက် မီးညှိရင်း အာဏာ
တစ်ချက်ရယ်ကာ တုံ့ပြန်လိုက်သည်။
"မင်း သူ့ကို ရမယ် လို့ ထင်လား....?."
မော်၏ မေးခွန်းကြောင့် အာဏာ ထပ်ပြုံးမိရင်း...
"ထင်တာမဟုတ်ဘူး... ရကို ရမှာ... ၊
ထင်ခဲ့တာထက်တောင် လွယ်ဦးမယ်... ၊
မင်းသာ အရှုံးတွေနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားတော့..."
အာဏာ စကားကြောင့်မော်က မျက်ခုံး နှစ်ဖက်ကို
ပင့်လိုက်ပြီး....
"အာဏာ.... ၊ မင်း ချူးယမင်းကို ရခဲ့တယ်ဆိုပြီး
အပြောကြီးနေတာလား ......?"
"အပြောကြီးတာ မဟုတ်ဘူးလေ.. ၊
အလုပ်နဲ့ သက်သေပြတာ...၊
မင်းက ဘယ်လောက် ခက်တဲ့ လူကို ရွေးရွေး
ငါ့အတွက်က လွယ်နေမှာပဲ.."
"အေးပါကွာ... စောင့်ကြည့်ရသေးတာပေါ့..... "
"စောင့်ကြည့်... ဒါနဲ့ ခွန်းသော်
မရောက်သေးဘူးလား...?"
"သူ နေမကောင်းပြန်ဘူး...၊
မလာဘူးလို့ ငါ့ကို ဖုန်းဆက်ထားတယ်...၊
ညနေ သူ့ဆီ ၀င်ရအောင်လေ....၊ ဂိမ်းဆော့မယ်.."
"ညနေ ထူးထူးသော်ကို ညစာလိုက်ကျွေးမယ်
ပြောထားတယ်..."
အာဏာ့ စကားကြောင့် မော်က အံအားသင့်သွားကာ...
"သူကလိုက်တယ်ပေါ့...?..."
"လိုက်တယ်လေ... နှစ်ခါတောင် မငြင်းဘူး...."
အာဏာ ပြုံးကာ ယုံကြည်ချက်အပြည့်နှင့်
ပြောလိုက်တာ့ မော်က နားမလည်သလို
ကြည့်နေသည်။
အာဏာလည်း သိချင်တာ တစ်ခုပေါ်လာသဖြင့်...
"မော်... ၊ မင်းဘာလို့ အဲ့ကောင်လေးကို
ရွေးလိုက်တာလဲ.?..."
အာဏာ့ အမေးကို မော်က အေးစက်စွာဖြင့် ....
"ဘာလို့လဲဆိုတော့ ဒီတစ်ခါ
ငါ မရှုံးချင်တော့လို့လေ...."
မော်၏ စကားကို အာဏာက သဘောကျစွာ
ရယ်လိုက်မိသည်။ ဒီကောင်လေးကို
ရွေးလိုက်တာနဲ့ သူ မရှုံးနိုင်ဘူးလို့
ဘာလို့များ တွက်ထားရသနည်း...။
"မင်း ရှုံးမှာ သေချာပါတယ် မော်ရာ... ၊
မင်း လူရွေးမှားသွားပုံပဲ...."
အာဏာ မထိတထိ ပြောလိုက်မိတော့....
"မမှားပါဘူး အာဏာရယ်.... ၊
ဒီပွဲမှာ သေချာပေါက် ငါပဲ နိုင်မှာပါ...."
ဟူ၍ မော်က ယုံကြည်ချက်အပြည့်နှင့်ပြန်ပြောသည်။
ဘာလို့အဲ့လောက် ယုံကြည်ချက် ပြင်းထန်နေလဲ
သိချင်သော်လည်း မမေးဖြစ်တော့ပေ...။
...............
ညနေကျောင်းဆင်းတော့ အသူရာနဲ့ တူတူ ၊ ထူးထူး ဘတ်စ်ကား စောင့်နေရင်း မသိတဲ့ ဖုန်းနံပါတ်
တစ်ခုဝင်လာသဖြင့် ကိုင်သင့် မကိုင်သင့်
စဉ်းစားနေမိသည်။
ဒါကို အသူရာက မြင်ဖြစ်အောင် မြင်သွားပြီး ...
"ဟဲ့... အာဏာမင်းဆက်ဖြစ်မယ်ထင်တယ် ၊
ကိုင်လိုက်လေ.... မြန်မြန်..."
ထူးထူးကတော့ လက်ထဲတွင်ကိုင်ထားသော
ဖုန်းလေးကို မှောက်လိုက်ကာ....
"မကိုင်တော့ပါဘူး.... ၊
ဒီတိုင်းပဲ ထားလိုက်ရအောင်လေ....."
"နင်မကိုင်လဲ ငါကိုင်မယ်ဟာ... ပေး..."
ထူးထူးလက်ထဲမှ ဖုန်းကို အတင်းလုကာ
ကိုင်လိုက်သော အသူရာ့ကို တားချိန်မရလိုက်။
"ဟယ်လို......"
"ဟယ်လို.. ထူးထူးသော်ရဲ့ ဖုန်းလား မသိဘူး..."
Specker ဖွင့်ထားသဖြင့် ထူးထူးပါ ကြားနေရသည်။
"ဟုတ်တယ် အာဏာ၊ အခုပြောနေတာ
အသူရာပါ.."
"ဪ... အသူရာ...၊ ညစာ သွားစားမယ့်
အကြောင်းပြောမလို့ပါ... ၊ထူးထူးရဲ့ လိပ်စာ
ပေးပါလား ... ၊
ကို လာခေါ်မလို့...."
ထူးထူး မပေးရန် မျက်စများ ခြေစများ အကုန်
ပစ်ပြနေသော်လည်း အသူရာ၏ နှုတ်မှ စီရီစွာ
ရေရွတ်လိုက်သော လိပ်စာ တစ်ခု..၊
"အမှတ်....................."
"အိုကေ ကျေးဇူးနော်.... ၊
အသူရာလဲ ထူးထူး အိမ်မှာစောင့်နေလိုက်နော်...၊
ကို ည ၇နာရီ အတိ အိမ်ရှေ့ရောက်မယ်....."
"ဟုတ်ကဲ့....."
ဖုန်းပြောအပြီး အသူရာက ပြုံးစိစိ
လုပ်နေသော်လည်း
ထူးထူး ဒေါသထွက်နေပြီဖြစ်သည်။
"အသူရာ...!!! နင် ဘာလို့ ငါ့ အိမ်လိပ်စာပါ
ပေးလိုက်ရတာလဲ ဟာ...."
"နင်ကလဲ အသားပဲ့ပါသွားတာ ကျနေတာပဲ....."
အသူရာ့စကားကြောင့် သူ့အား မျက်စောင်းထိုး
လိုက်ရင်း...၊ ဟုတ်တော့ ဟုတ်ပါတယ်လေ...၊
အသားပဲ့ပါသွားတာမှ မဟုတ်တာ။
ဟိုက ခင်ချင်လို့ ညစာလိုက်ကျွေးတာပဲလေ။
သွားစားရုံပေါ့...။
ဘာတွေ အများကြီး တွေးနေဦးမှာလဲ... ?။
"ဟိုမှာ မော်လမင်းဟန်ရဲ့ကား...."
ပြိုင်ကား အ၀ါလေး တစ်စီးက ထူးထူးတို့ရှေ့မှ
ဝေါခနဲ ဖြတ်သွားချိန် အသူရာက
လှမ်းအော်လိုက်သည်။
အထဲကိုတော့ ဘာမှ မမြင်လိုက်ရ။
"နင်က နာမည်တောင် သိသွားပြီလား...?."
"ဒါပေါ့.... ရုပ်တော့ သေချာ မမြင်ဖူးသေးပါဘူး...၊
ပြိုင်ကား အ၀ါလေးဆို မော်လမင်းဟန်တဲ့...၊
U entertainment ရဲ့ သားအငယ်ဆုံးလေးတဲ့...၊
အာဏာမင်းဆက်နဲ့လဲ ခင်ကြတယ် ပြောတယ်......."
"ဘယ်လိုတွေ တောင်သိနေလာတာလား
အသူရာရယ်..၊ နင်ကတော့ မနိုင်ဘူး...."
"ဟီး..... ဒီကျောင်းကြီးတက်ရတာ
ငါတော့ အရမ်းပျော်တာပဲ......၊
နင်နဲ့အာဏာမင်းဆက်သာ ကြိုက်သွားရင်။
ပိုပျော်ပြီ၊ ငါက မော်လမင်းဟန်လေးနဲ့
ဇာတ်လမ်းတွေဖြစ် ဟိဟိ...."
တစ်ယောက်ထဲ စိတ်ကူးယဉ်ကာ ကြည်နူးနေသော
အသူရာ့ အား ထူးထူး ကြည့်ရင်း ပြုံးလိုက်မိသည်။
တကယ်ကို မလွယ်တဲ့ သူငယ်ချင်းလေးပါလေ။
............
အာဏာမင်းဆက်
မော်လမင်းဟန်...
စိုင်းမင်းခွန်းသော် ဟူသည် ငယ်စဉ်ထဲက
ခင်ကြသော အရင်းနှီးဆုံး သူငယ်ချင်းများ
ဖြစ်ကြသည်။
အလောင်းအစား လုပ်ရတာ ကြိုက်တဲ့ မော်နဲ့
အာဏာ နှစ်ယောက်ကတော့ တစ်ချိန်လုံး
လောင်းကြေးများနှင့် ပြိုင်ပွဲတွေဆက်နေကြသည်။
ခွန်းသော်က အမြဲ တားသော်လည်း
သူတို့နှစ်ယောက်ကတော့ မြင်မြင်ရာကို
လောင်းတတ်တာ အကျင့်တစ်ခုလို
ဖြစ်နေပြီဖြစ်သည်။
ပထမနှစ်တုန်းကလဲ တစ်ကျောင်းလုံး Queen ကို
ရအောင် လိုက်နိုင် ၊ မလိုက်နိုင် လောင်းရင်း အာဏာ
အနိုင်ရခဲ့သည်။
ဒါကို မကျေနပ်နိုင်သော မော်လမင်းဟန်က ပြိုင်ပွဲ
အဆန်းတစ်ခု တီထွင်လိုက်လေသည်။
အဲ့တာကတော့ ယောက်ျားလေး တစ်ယောက်ကို
ရအောင် လိုက်ရန်ဖြစ်သည်။
တစ်ကျောင်းလုံး မိမိကို အခြောက်ဟုမြင်သွားမှာ
စိုးရိမ်သော်လည်း ၊ မော့်ကို အရှုံးမပေးချင်သော
စိတ်ကြောင့် သဘောတူခဲ့သည်။
မော်ကိုယ်တိုင်ရွေးပေးသော ထူးထူးသော်ဆိုသည့်
ပထမနှစ်က ကောင်လေးကို ရောဖို့ ကြိုးစားနေရင်း
စုံစမ်းရသလောက်တော့ သာမာန် မိသားစုက
ပေါက်ဖွားလာတဲ့ သာမာန် ကောင်လေး
တစ်ယောက်သာ ။
ဒီနေ့ စကားပြောကြည့်တော့လည်း အဲ့လောက်
ခက်ခဲနိုင်သည့် ပုံမပေါ် ။
Homo တစ်ယောက်ဆိုတာတော့ သေချာသည်။
ဒါနဲ့များ မော်ရယ် ၊ မင်းရွေးတဲ့ လူက ငါ့အတွက်
အရမ်းတွေ ခက်နေဦးမယ်။
...........
"မင်းက ဘာလို့ အဲ့လောက် သေချာနေတာလဲ
မော်...၊
သူက homo ဆိုတာ သေချာတယ်လို့ အာဏာ
ငါ့ကို ပြောတယ်၊"
မော် ကျောင်းက အပြန် ခွန်းသော်ဆီဝင်လာတာနှင့်
ထူးထူးသော်နဲ့ ပက်သက်တဲ့ ပြိုင်ပွဲ အကြောင်း
ပြောဖြစ်ကြသည်။ ခွန်းသော်၏ အမေးကို မော်
သဘောကျစွာ ပြုံးလိုက်ကာ...
"အဲ့တာတော့ ငါ မင်းကို မပြောပြဘူး ခွန်းသော်ရေ...၊
သေချာတာတော့ ဒီပွဲမှာ အာဏာ ရှုံးလိမ့်မယ်...၊
အဲ့ကောင်လေးရဲ့ အချစ်ကို သူ ဘယ်တော့မှ
ရမှာ မဟုတ်ဘူး...."
အရင်က အာဏာ့မှာသာ ရှိခဲ့တဲ့ယုံကြည်မှုတွေ
မော့်ဆီမှာ တွေ့နေရသည်။ အာဏာ့ကိုတောင်
ပြန်မချစ်နိုင်ဘူးဟု မော်ယုံကြည်နေသည့်
ကောင်လေးကို စိတ်ဝင်စားမိတာတော့ အမှန်ပင်။
အာဏာ့လို လူမျိုးက ငြင်းဆန်ဖို့ရာ
မဖြစ်နိုင်တဲ့လူမျိုး မဟုတ်ပါလား..။
"ငါတော့ ဒီတစ်ခါ မင်းတို့ နှစ်ယောက်ရဲ့ ပွဲကို
တော်တော်လေး စိတ်ဝင်စားနေပြီ်...."
"ဘာလဲ ...?
ဒီတစ်ခါတော့ မင်းမတားတော့ဘူးပေါ့...?"
မော့်အမေးကြောင့် ခွန်းသော်
သက်ပြင်းချလိုက်မိသည်။
အရင်တစ်ခါ ချူးယမင်းနဲ့ ကိစ္စတုန်းက၊
တွေ့တိုင်း မလုပ်ပါနဲ့တော့ဟု တားခဲ့သော်လည်း
သူတို့က နားမှ မထောင်တာလေ..။
"ဖြစ်နိုင်ရင်တော့ တားချင်တာပေါ့... ၊
လူတစ်ယောက်ကို ထိခိုက်နိုင်တဲ့ ကိစ္စလေ... ၊
ဒါပေမယ့် တားလဲ ရမှာ မဟုတ်တဲ့ တူတူတော့
ပိတ်ကားပေါ်မှာ ပဲ စောင့်ကြည့်ရတော့မှာပေါ့...."
"ဟ.. ဟ.... မင်းတောင် အမြင်မှန် ရနေပြီပဲ..."
မော် ရယ်တော့ ခွန်းသော်ပါ လိုက်ရယ်မိသည်။
ပြောလို့မရသည့် တစ်ဇွတ်ထိုး သူငယ်ချင်း
နှစ်ယောက်ကို ပိုင်ဆိုင်ထားရခြင်းက ခွန်းသော်
အတွက် ကောင်းလား ဆိုးလားတောင် မသိတော့..၊ သေချာတာတော့ ငယ်ငယ်ထဲက အနေအေးသော
ခွန်းသော် နဲ့ သူတို့နှစ်ယောက်က ပုံစံ စရိုက်ခြင်း
မတူညီစွာ၊ ကွဲပြား နေလေသည်။
...............
"ဟဲ့ နင် ဒီပုံနဲ့ လိုက်မလို့လား...?"
ထူးထူးရဲ့ အခန်းထဲမှာ မှန်ကြည့်လို့ မပြီးနိုင်တဲ့
အသူရာက ထူးထူးရဲ့ အ၀တ်အစားလဲပြီးတဲ့ပုံကို
ခြေဆုံး ခေါင်းဆုံး ကြည့်ကာ ပြောနေသည်။
"ဒီပုံက ဘာဖြစ်နေလို့လဲ...?"
ထူးထူး ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်လိုက်တော့
အဆင်ပြေနေတာပါပဲ။အပြာနုရောင် တီရှပ်
လက်တိုနဲ့ ဂျင်းဘောင်းဘီရှည်ကို တွဲဝတ်ထားတာ။
"ထူးထူးရယ်... နင့်ကို ညစာ လိုက်ကျွေးမယ့်လူက
TY group ရဲ့ အမွေဆက်ခံသူနော်...
ငါတို့ကို လမ်းဘေးက သာမာန် ဆိုင်ကို
ခေါ်သွားမယ် ထင်လို့လား....?"
ထူးထူး မျက်မှောင်ကြုတ်လိုက်သည်။သူပြောမှပဲ
ကိုယ်က လမ်းဘေးက ကောင်လိုလို ဘာလိုလို....၊
ဪ....ဒါကြောင့် အသူရာ ဝတ်ထားတာ
အရမ်း မိုက်နေတာကိုး....၊ အသစ်စက်စက်
အနီရောင်တောက်နေသော ရှပ်အင်္ကျီလေးနှင့် ၊
ဘောင်းဘီ အနက်ရောင် အကြပ်ကို တွဲဝတ်ထားကာ၊
ချောချင်တိုင်းချောနေသော အသူရာ၊
သူက အသားဖြူလွန်း တာကြောင့်
ဘာဝတ်ဝတ် ရုပ်က ထွက်ပြီးသားလေ။
"ငါ့မှာ ရှိတာ ဒါ အကောင်းဆုံးပဲ ...၊
နင့်ဟာ ငှားဝတ်မှပဲ ရမယ်... "
ထူးထူး ရွဲ့ပြောလိုက်တော့ အသူရာ
ပြုံးဖြီးဖြီးလုပ်ကာ...
"အဲ့တာကြောင့်၊ ဒီမှာ ယူလာတယ်...."
ဟူ၍ ပြောကာ ဝတ်စုံတစ်စုံအား ထူးထူးကို
ထုတ်ပေးသည်။ တကယ်ကြီးကို ထူးထူးအတွက်
သူယူလာတာပဲ..
သို့သော် ထူးထူး ခေါင်းခါကာ ထိုင်နေရာမှ
ထလိုက်ပြီး..
"တော်ပါပြီ အသူရာရယ်...
ငါ ဒီတိုင်းပဲ အဆင်ပြေပါပြီ၊ "
ဟုပြောတော့ အသူရာက ဆူပုတ်ပုတ်လုပ်ကာ....
"နင်ကလဲ ၊ ငါက အာဏာမင်းဆက်
ပိုကြွေသွားအောင် လုပ်ပေးတဲ့ဟာကို....."
"အသူရာ...!!! ငါဘာပြောထား လဲ... ?
နင် စကားပြော ဆင်ခြင်နော်....၊
ဟိုရှေ့မှာလဲ ပေါက်ကရတွေ
လျှောက်ပြောပီး စ မနေနဲ့...၊
နင်လုပ်တာ အရောက်ပို့နေသလိုပဲ...
ငါ သူနဲ့ စိတ်ရှင်းရှင်းပဲ ခင်ချင်တယ်......"
"အေးပါဟယ်.... ၇နာရီထိုးတော့မယ်
ရောက်ပြီလား ကြည့်လိုက်ဦးမယ်...."
အသူရာက အခန်းရဲ့ ပြတင်းပေါက် ခန်းဆီးစကို
ဖယ်ပြီး အပြင်လမ်းကို ကြည့်လိုက်တော့ ထူးထူးပါ
လိုက်ကြည့်မိသည်။ အသံမကြား ဘာမကြားနဲ့
ကားတစ်စီးရပ်ထားသည်ကို တွေ့လိုက်ရသည်။
အနက်တော့ အနက်ပင်.. ၊ဒါပေမယ့် အာဏာမင်းဆက် စီးနေကြ ပြိုင်ကား အနက်လေးတော့ မဟုတ်..။
"ဟဲ့ ရောက်နေပြီဟဲ့...
လာ... လာ ဆင်းရအောင်...."
အသူရာက ထူးထူးလက်ကို ဆွဲကာ ပြောတော့...
"ဟုတ်လို့လား... သူ့ ပြိုင်ကား မှ မဟုတ်တာ...."
"ငပိန်းကလဲ လုပ်ပြီ...၊ ငါတို့ နှစ်ယောက်ကို ခေါ်ဖို့
ပြိုင်ကားနဲ့လာမှ တော့ ၊
ငါတို့က တစ်ယောက်ပေါ် တစ်ယောက်
ထပ်ထိုင်ပြီး စီးရမှာလား... ပြော.."
အသူရာ့ စကားကြောင့် ကို့အတွေးနဲ့ကိုယ်
ရယ်ချင်သွားသည်။
"အေး ဟုတ်သား....."
"လာပါဟယ် သွားရအောင်.... ၊
ငါ့ကို ကြည့်စမ်း အဆင်ပြေရဲ့လား....?"
"ပြေပ ပြေပ..."
စပ်စလူး နတ်ပူးပြီး အိမ်အောက်သို့ပြေးဆင်း
သွားသော အသူရာ နောက်ကို ထူးထူး
အမြန်လိုက်ခဲ့ရသည်။
ပိုက်ဆံရှိတဲ့ လူနဲ့ ခင်မင်ခွင့်ရတာ အသူရာ့အတွက်
အဲ့လောက် ပျော်စရာ ဖြစ်နေသည်လား။
...
အသူရာပြောတာ မှန်ပါသည်။ အာဏာမင်းဆက်က
တစ်ခြား ကားတစ်စီးနှင့်လာခေါ်ခြင်းဖြစ်သည်။
သူဝတ်လာကာက ရိုးရိုး ဆွယ်တာ နီညိုလေးနှင့်
ဘောင်းဘီ အနက်လေး ဖြစ်သော်လည်း
အင်မတန်မှ ကြည့်ကောင်းနေလေသည်။
ဘာလို့ အဲ့လောက်တောင် အရာရာ
ပြည့်စုံနေရတာလည်း။
ထူးထူးက အနောက်တွင် အသူရာနှင့် တူတူ
ထိုင်မည်လုပ်တော့ ... အသူရာက ရှေ့ကို
အတင်းတွန်းပို့ကာ အရှေ့တွင် ဝင်ထိုင်ခိုင်းနေသည်။
အသူရာကတော့ လုပ်ပြီ။
ဒီလောက် အတန်တန်မှာထားတဲ့ ကြားထဲက...၊
အတင်းငြင်းလျှင်လဲ မကောင်းတော့
ရှေ့ခန်းတွင်သာ ၀င်ထိုင်လိုက်ရသည်။
အာဏာမင်းဆက်က ထူးထူးကို ပြုံးပြီး
ကြည့်နေတော့ ထူးထူး မနေတတ်မထိုင်တတ်
ဖြစ်နေသည်။သူ့ကို ဘာကြောင့်မှန်းမသိ
ရှိန်မိတာကလဲ တစ်ဒုက္ခ။
မြန်မြန် ထွက်ပါတော့ ကားရယ်...။
သို့သော် ကားမထွက်မီ ရုတ်တရက် ကိုယ်ပေါ်ကို
မိုးကျလာသော အာဏာမင်းဆက်၏ ကိုယ်လုံးကြီး
ကြောင့် ထူးထူး လန့်သွားပြီး ရင်တွေတစ်ဒုန်းဒုန်း
ခုန်ကာ ခုံနဲ့ကိုယ်ကို တတ်နိုင်သလောက်
ပြားနေအောင် ကပ်ထားမိသည်။
နောက်တော့မှ .....၊ ဪ... ငါ့ကို ထိုင်ခုံ
ခါးပတ်ပတ်ပေးတာပါလား...ဟု သိရသည်။
ပြောပါတော့လား ခါးပတ်ပတ်လိုက်လို့....။
သူ့ကိုယ်ကြီး ထူးထူးနားက ခွာသွားတော့မှ
ထူးထူး သက်ပြင်းချနိုင်တော့သည်။
ကားစထွက်တော့ ကားထဲမှာ ဆူညံစွာပေါ်ထွက်
လာတော့ EDM သီချင်းသံများကြောင့် ထူးထူး
ခေါင်းကိုက်ချင်သလိုတောင် ဖြစ်သွားသည်။
အရာရာ အေးအေးဆေးဆေး နေတတ်သော
ထူးထူးနှင့် ဒီလို သီချင်းသံတွေနှင့်
အသားကျမှု မရှိလှ။
....................