Penchant
Ep _ 10
ဆိုင်ရှေ့ရောက်တော့ ကိုရှင်း ဘေးနားတွင် ဟိုတစ်ခါ တွေ့ ဖူးသည့် အစ်ကိုက အေပရွန် ဝတ်ပြီး အလုပ်တွေ ကူပေးနေသည် ။
"ကိုရှင်း "
"ဟာ ထောပတ်သီး "
ကိုရှင်း ဘေးနားက အစ်ကိုက လက်ပိုက်ပြီး ကြည့်နေလေသည် ။
"ဟို .... ကျွန်တော် ဒီနေ့ မေဂျာ ဘောလုံးပွဲ ကိစ္စတွေ လိုက်လုပ်နေရလို့ ... "
"ရပါတယ် သီဟ အားတာနဲ့ ကိုယ့်ကို ကူညီပေးနေတော့ အဆင်ပြေတယ် "
"အားတော့ နာပါတယ် အခုလည်း ခေါင်းစည်းတွေ သွားလုပ်ရမှာမို့ ... "
ထောပတ်သီး မျက်နှာလေးက ခါတိုင်းနှင့် မတူ ။ အတော်လေးကို ညှိုးနေပြီး မျက်နှာငယ်လေးဖြင့် ။ ကြည့်ရတာ ကျွန်တော့်ကို အားနေ နေပုံရသည် ။
"ရပါတယ် အေးဆေးပေါ့ ဒီနေ့ လူလည်း သိပ်မရှိပါဘူး "
"ဟုတ် "
ထောပတ်သီးက ကျောင်းကနေ တန်းပြီး ဝင်လာပုံရသည် ။ အင်္ကျီအဖြူလေးကို မွန်ပုဆိုး အနီလေးဖြင့် တွဲဝတ်ထားပြီး ဘေးလွယ်အိတ်လေး လွယ်ထားသည် ။
ဒီလို မြန်မာ လွယ်အိတ်မျိုး လွယ်သည့်သူက ရှားသည် ။ လွယ်အိတ်မှာ ချိတ်ထားသည့် သော်ချိတ်လေး တစ်ခု ။ သစ်သား သော့ချိတ်လေးက ....
"အစ်ကို သူက ဘယ်သူလဲ "
သီဟနဲ့ မိတ်ဆက်ပေးဖို့ မေ့နေမိသည် ။
"အာ မိတ်ဆက်ပေးဦးမယ် သူက ... နေပါဦး မင်းနာမည် အခုထိ မသိသေးဘူး ထောပတ်သီး "
"ကျွန်တော့် နာမည် မှိုင်း ပါ "
"အေး .... မှိုင်း ... မှိုင်းက ကိုယ့်ဆိုင်ရဲ့ အချိန်ပိုင်း ဝန်ထမ်း အသစ် "
သီဟက အသိမှတ်ပြုသည့် ဟန်ဖြင့် ခေါင်းညိတ်ပြရင်း ပြုံးသည် ။
"ဒါက သီဟ ကိုယ့်ရဲ့ ကိုးတန်း ကတည်းက သူငယ်ချင်း ဒါပေမယ့် ကိုယ့်ထက်တော့ ငယ်တယ်တယ် "
မှိုင်းက ရယ်ပြလိုက်ပြီး ...
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ကိုသီဟ "
"မှိုင်း က final year လား "
"ဟုတ် "
ကိုသီဟက တကယ့် လူကောင် သေးသေးလေး ပြီးတော့ .... အသားအရည်ကလည်း ဖြူဥပြီး နုဖတ်နေသည် ။ ရွှေရောင် ဆံပင်လေးတွေကြောင့် တိုင်းတစ်ပါးသားနှင့် ပိုတူသည် ။
ဝတ်ထားသည်ကလည်း ရှပ်အင်္ကျီအဖြူကို အသားရောင် ကုတ်အင်္ကျီလေး ထပ်ဝတ်ထားပြီး လည်ပင်းမှာ ဖဲပြား အမည်းလေး တပ်ထားသည် ။ ကျွန်တော့်ထက် အသက်ကြီးပေမယ့် မြင်ရတာ တကယ့် ဆယ်ကျော်သက် ကောင်လေး တစ်ယောက် အလား ။
"ဒါဆို ကျွန်တော် သွားတော့မယ် ကိုရှင်း ခေါင်းစည်းဆိုင် ပိတ်သွားမှာ စိုးလို့ "
"အင်း "
ကိုသီဟကိုပါ နှုတ်ဆက်ပြီး ...
"သွားပြီနော် ကိုသီဟ "
"တာ့တာ မှိုင်း "
ဆိုင်ထဲက ပြန်ထွက်လာလိုက်သည် ။
>>>>>>>>>>>>>>>
"မှိုင်း "
"..... "
"မှိုင်းညှို့ "
"....."
ဘတ်စ်ကား မှန်တံခါးကို မှီပြီး မျက်လုံးတွေ မှိတ်ထားသော သူငယ်ချင်းကောင် ။ အိပ်နေတာ မဟုတ်မှန်း သိပြီးသား ။
"ဟေ့ကောင် လဒ မှိုင်းညှို့သွင် ! "
"ကျစ် ! ဘာလဲဟာ "
"မင်းကလည်း ကျောင်းကိစ္စနဲ့ ခေါ်လာတာကို မသိရင် မင်းမိန်းမ သေလို့ ပူဆွေးသောက ရောက်နေတဲ့ အတိုင်းပဲ "
"ဘာလဲကွာ ပြောစရာရှိတာ ပြော "
"မနက်ဖြန် အတန်းမလစ်နဲ့နော် P2 က ဟိုနေ့ကလည်း ပျက်ထားတာ "
"P2 တစ်ချိန်တည်း ရှိတာကို "
"တစ်ချိန်တည်းလည်း လာတက် မှိုင်း မနက်ဖြန် အချိန်မတက်ရင် ဆရာမက နောက်တစ်ပါတ် ကျုတို ပေးမဖြေဘူးတဲ့ "
"နေဟာ မဖြေခိုင်းရင် မဖြေဘူး "
လူလို ပြောလို့ မရသည့် ကောင်ကို နားရင်းအုပ်လိုက်သည် ။
"အ သေပါပြီ "
"ပြောတော့ စတားပါအောင် လုပ်မှာဆို "
"မပါလည်း နေတော့ "
စိတ်ပျက် လက်ပျက်ဖြင့် ပြန်ပြီး အိပ်နေသော မှိုင်းညှို့သွင် ။ ခေါင်းစည်း ဆိုင်ရောက်တာတောင် ဒင်းက ဘတ်စ်ကားပေါ်က ဆင်းမည့်ပုံမပေါ် ။
သူ့အိမ် သူ့ယာ အလား အိပ်နေသည် ။
>>>>>>>>>>>>>
"မှိုင်း မင်း အလုပ်သွားရမယ်ဆို "
"အင်း "
အိပ်ယာက မထချင် ထချင်ဖြင့် ထပြီး ရေချိုးခန်းထဲ ဝင်လိုက်သည် ။ မနေ့က ခေါင်းစည်းဆိုင်က ပြန်လာပြီး ဝတ္တု ထိုင်ဖတ်လိုက်တာ ညည့်နက်သွားသည် ။
"တာ့တာ ငရဲ "
"P2 တကယ် မတက်ဘူးလား "
"အင်း မတက်တော့ဘူး "
အဆောင်ကနေ မြောက်ကြွ မြောက်ကြွဖြင့် ထွက်လာပြီး ဆိုင်ရှေ့ ရောက်မှ တည်တည်ငြိမ်ငြိမ်လေး ရပ်လိုက်သည် ။ မှန်တံခါးကနေ အထဲကို ကြည့်လိုက်တော့ ခန့်ခန့်ကြီး ထိုင်နေသည့် လူကြီး ။
အနည်းငယ် ရှည်လာပြီဖြစ်သော ဆံပင်ပုံစံလေးက အသားညိုသော ကိုရှင်းနဲ့ လိုက်ဖက်သည် ။
ရှပ်အင်္ကျီ နက်ပြာရောင်လေးကြောင့် ပိုပြီး ခန့်ညားနေသည် ။ အမြဲတမ်း ရှပ်အင်္ကျီ ဝတ်နေသော်လည်း မြင်ရတာ ရိုးသွားတယ်ရယ်လို့ မရှိ ။
Laptop ပေါ်တွင် ပြေးလွှားနေသော လက်ချောင်းလေးများက အနုပညာ ဆန်သည် ။ တစ်ချက် တစ်ချက် မျက်ခုံးလေးတွေ တွန့်သွားပြီး အလိုမကျ ဟန်ဖြင့် ။ တစ်ခါ တစ်ခါတော့ နှုတ်ခမ်းထက်တွင် အပြုံး ခပ်ရေးရေးလေး ဖြတ်ပြေး သွားသည် ။
"ကိုရှင်း "
>>>>>>>>>>>>>>>