Penchant
Ep _ 6
ကျောင်းဖွင့်ပြီ ဆိုသည်နှင့် tutorial များက ကပ်ပါလာလေသည် ။
"မနက်ဖြန် ကျုတိုရှိတယ်နော် မှိုင်း "
"အင်း သိတယ် "
"စာလေး ဘာလေး ကျက်ဦး "
"ကျက်မှာပါ ပူမနေနဲ့ "
လွယ်အိတ် ကောက်လွယ်ပြီး အပြင်ထွက်ဖို့ ပြင်တော့ ငရဲက မေးသည် ။
"ဘယ်လဲ မှိုင်း "
"စာသွားကျက်မလို့လေ "
"မင်းကတော့ မနိုင်ဘူး သိလား "
"မင်းရော လိုက်မလား ငရဲ "
"တော်စမ်းပါ နေပါဦး အဲ့ penchant က မင်းကို ဘာတွေနဲ့ ပြုစားထားတာလဲ "
ငရဲ အမေးကို ပြန်မဖြေဘဲ ရယ်မောရင်းသာ ထွက်လာခဲ့သည် ။ ကျောင်းတွေတောင် ဖွင့်နေပြီ ။ ပြောရမယ်ဆိုရင် ကျွန်တော် နေ့တိုင်း Penchant ကို ရောက် ဖြစ်သည် ။
တစ်နေ့ကို ၁ နာရီလောက်တော့ ကိုရှင်းကို တွေ့ရတတ်သည် ။
ကိုရှင်းက တစ်ခါတစ်ခါ ခပ်ဆွေးဆွေး မျက်ဝန်းများဖြင့် အပြင်ဖက်ကို ငေးကြည့်နေတတ်သည် ။ ပုံမှန်ကတော့ laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေတာက များသည် ။ တစ်ခါတစ်လေ စာအုပ် ဖတ်နေတတ်သည် ။ မပြောင်းလဲတာ တစ်ခုကတော့ သိပ်ပြီး အရယ်အပြုံး မရှိ ။
"ထောပတ်သီး ..."
မှာတောင် မမှာရသေးဘူး စားပွဲထိုးလေးက ထောပတ်သီး ဖျော်ရည် တစ်ခွက် လာချပေးသည် ။
"ဟောဗျာ မှာတောင် မမှာရသေးဘူးကို "
"ကျွန်တော်က အလိုက်သိတယ်လေ ဟဲဟဲ "
"ကျေးဇူးပါဗျ "
ဆိုင်ကို နေ့တိုင်း ပုံမှန် လာထိုင်လွန်းလို့ စားပွဲထိုးလေးနဲ့ပင် ရင်းနှီးနေပြီ ။ သို့သော်လည်း ကိုရှင်း ကတော့ ကျွန်တော့်ကို သိတောင် မသိ ။ ကျွန်တော်က အချိန်တိုင်း ငေးကြည့်နေရသည်ထက် ပို၍ အခြေအနေက တိုးတတ်မလာခဲ့ ။
စာကျက်စရာရှိတော့ ဝတ္တုဖတ်၍ မဖြစ် ။
နားကြပ်လေးတတ်ပြီး သီချင်း အေးအေးလေး နားထောင်ရင်း စာတွေ ထိုင်ရေးနေသည် ။ ကျွန်တော်က စာကို ရေးကျက် ကျက်သည်မို့ အဆင်ပြေသည် ။
စာရေးနေရင်း ဆိုင်တံခါးကို အကြည့် ရောက်သွားတော့ ကိုရှင်းနှင့်အတူ လူတစ်ယောက် ပါလာသည် ။ ခါတိုင်း အမြဲ တစ်ယောက်တည်းပါ ။
ထိုအစ်ကိုက ကိုရှင်းထက်တော့ နည်းနည်း ငယ်ပုံရသည် ။ အသားဖြူဖြူ ခပ်ပိန်ပိန်နဲ့ တကယ့် ကောင်လေး သေးသေးလေး ။ အရပ်ကလည်း အတော်ပုသည် ။
ရွှေဝါရောင် ဆံပင်လေးတွေက ဖြူဝင်းသော အသားရည်နှင့် လိုက်ဖက်နေသည် ။ အသက်ကတော့ ကျွန်တော့်ထက် ကြီးပုံရသည် ။ ကိုရှင်းက ခဏစောင့်ဦး ဟု ဆိုကာ ကော်ဖီ ဝင်ဖျော်နေသည် ။
မှိုင်း ဒီဆိုင်မှာ ထိုင်တာ ကြာလှပြီ ... ကိုရှင်း ကိုယ်တိုင် ဝင်ဖျော်တာက ဒါပထမဆုံး ။ အဲ့ဒီ အစ်ကိုက ကိုရှင်း အတွက် အရေးပါလို့ များလား ။
"ကော်ဖီဖျော်တာ ဒီလောက်ထိ ကြည့်ကောင်းနေဖို့ လိုလို့လား "
ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်အထိ ခေါက်တင်လိုက်ပြီး မပြောင်းမလဲသော တည်ကြည်သည့် မျက်နှာ အမူအရာဖြင့် ။ ကော်ဖီခွက်အပေါ်ကို အာရုံစိုက်နေသော လေးနက်သည့် မျက်ဝန်းတစ်စုံက စူးရှသည်။
ရေနွေးအိုးကို အသာ မယူကာ ကော်ဖီခွက်ထဲသို့ အငွေ့တထောင်းထောင်း ထနေသည် ရေနွေး အနည်းငယ် လောင်းထည့်လိုက်သည် ။ ဇွန်းအသေးလေး တစ်ချောင်းကို ယူပြီး ၃ ခါလောက် မွှေသည်။ နောက်ဆုံး ကိုရှင်းက ကော်ဖီခွက်ကို ကြည့်ပြီး ပြုံးလိုက်သည် ။
ခဏကြာတော့ ကိုရှင်းက အဲ့အစ်ကိုနဲ့ ထိုင်ပြီး စကားတွေ ပြောနေသည် ။ တစ်ချက် တစ်ချက် ရယ်မောလိုက်သေး ။
ရယ်လိုက်ရင် သွားတတ်ကလေး ပေါ်လာပြီး ကြည့်ကောင်းနေပြန်ရော ။
သို့ပေမယ့် ကျွန်တော် မပျော်တော့ ။ စာထဲကိုသာ အာရုံစိုက်ကြည့်သည် မရ ။
နောက်ဆုံး အဆောင်ကိုသာ ပြန်လာ လိုက်တော့သည် ။ ကိုရှင်း အနားမှာ ကျွန်တော် မဟုတ်သည့် တခြား တစ်ယောက်က်ကို မြင်ရသည်မှာ စိတ်ထဲ အဆင်မပြေ ။
》》》》》》》》
ညဖက် အိပ်မပျော်သေး သဖြင့် ဂိမ်း ထိုင်ဆော့နေစဉ် ငရဲက စကားစသည် ။
"မှိုင်း မနက်ဖြန် ငါ့ကောင်မလေးနဲ့ သွားတွေ့မလို့ လိုက်မလား "
"Tuto ရှိတယ် "
"ပြီးမှလေကွာ "
ကျောင်းဆင်းရင် ကျွန်တော်က penchant ကို သွားနေကြ ။
"နေပါဦး ငရဲ မင်းဘယ်ချိန်က ကောင်မလေး ရသွားတာလဲ "
"ဩော် နောက်ဆုံးတော့ ငါ့အကြောင်းလေး စိတ်ဝင်စားလာပြီပေါ့ "
"မင်းကလည်း အရင်ကလည်း ပစ်မထားပါဘူး "
"ထားပါ ငါ့ကောင်မလေးက ငါတို့ major queen လေ "
Fresher Welcome ရှိတုန်းက ကျွန်တော်က ကျောင်းမတက်ဖြစ် ။ ထုံးစံအတိုင်း Penchant မှာ တစ်နေကုန် ထိုင်နေခဲ့သည် ။ ထောပတ်သီး ဖျော်ရည်လေး သောက်ရင်း စာထိုင်ရေးနေခဲ့သည်လေ ။
"ငါမှ ဒီနှစ် queen ကို မသိတာ "
"ထားပါတော့ ငါတို့ မနက်ဖြန် လျှောက်လည်မလို့ မင်းလိုက်ခဲ့ပါလား "
"သူများအတွဲကြား ဘာလိုက်ရှုပ်ရမှာလဲ "
"သူ့သူငယ်ချင်း ပါမှာလေ ဟဲဟဲ ကောင်မလေးက ချစ်စရာလေးနော် "
ကျွန်တော်လည်း စိတ်ရှုပ်နေသည်မို့ စိတ်ပြေလက်ပျောက် လျှောက်လည်ရန် ဆုံးဖြတ်လိုက်သည် ။
"ပြီးရောကွာ လိုက်မယ် "
ငရဲ ကတော့ ကျေနပ်သွားကာ ပြုံးပြုံးကြီး အိပ်သွားလေသည် ။ ကျွန်တော်ကတော့ အိပ်မပျော် ။ အင်တာနက် သုံးရင်း Error နှင့် စကားပြောဖြစ်သည် ။
" Error "
"မအိပ်သေးဘူးလား မှိုင်း "
"အိပ်မပျော်လို့ "
"ပြောပါဦး အခြေအနေ ? "
ကျွန်တော်လည်း ကြောင်တောင်တောင် ဖြစ်သွားသည် ။
"ဗျာ ! "
"ဟိုတစ်ခါ မင်းပြောတဲ့ တစ်ယောက်လေ ပြန်တွေ့လား "
မှိုင်း ရယ်မောလိုက်မိသည် ။ အခု စိတ်ရှုပ်နေသည်လည်း ကိုရှင်း ကြောင့်လေ။ တိုက်တိုက်ဆိုင်ဆိုင် error က မေးတော့ ရင်ဖွင့်ဖြစ်သည် ။
"ပြန်တွေ့တယ် ဒါပေမယ့် အဝေးကနေပဲ ငေးကြည့်ဖြစ်တယ် "
"ဘာလို့လဲ စကားသွားပြောလေ "
"မသိဘဲ စကားသွားပြောရင် ထူးထူးဆန်းဆန်းတွေ လျှောက်ထင်သွားရင် ဒုက္ခ "
"Online ပေါ်က စကားသွားပြောရင်ရော "
"ကျွန်တော် သူ့ acc ရှာမတွေ့ဘူး "
"ဟုတ်လား နေပါဦး မင်းက သူ့ကို ချစ်နေလို့လား "
မှိုင်း မျက်နှာကို ရေနွေးပူနဲ့ ပက်ခံလိုက်ရသလို ပူလောင်သွားသည် ။
ပါးတွေပါ နွေးလာသလိုလို ...။
"ဟ ပြန်ဖြေဦးလေ ရှက်သွားတာလား ကောင်လေး "
"ဟာဗျာ ! မသိဘူး "
အယ်ရာ က တော့ ဗိုက်နှိပ်ပြီး ရယ်မော နေမလား မသိ ။ ကျွန်တော်ကတော့ ရှက်လို့ သေတော့မည် ။ ကိုရှင်း အကြောင်းတွေးရင် ရင်ခုန်သံတွေ မြန်လာပြီး လူက အကြောက်အကြောက် အလန့်လန့် ဖြစ်နေတတ်သည် ။
"ထားပါတော့ အချစ်ဆိုတာ နာကျင်ရတယ် မှိုင်းရဲ့ "
"ဗျာ .. အယ်ရာက ချစ်ဖူးတယ်လား "
"ဆိုပါတော့ "
"ဘာလို့ နာကျင်ရတာလဲ ခင်များ အချစ်ရေးက ကံမကောင်းဘူးလား "
Error ဖက်က reply အနည်းငယ် ကြာသွားသည် ။
" ကိုယ်ချစ်ရသူနဲ့ ထာဝရ ဝေးတာထက် ကံဆိုးတာ ဘာရှိသေးလို့လဲ ? "
》》》》》》》》