Chapter ● 73 ●
ပျန်းရှင်းယွီ ဆိုင်ထဲ ပြေးဝင်သွားပြီးနောက် ချိုးယိက နောက်ဖေးတံခါး၏အပြင်ဘက်တွင် ခဏလောက် ထပ်ရပ်ဖြစ်သည်။
ပျန်းရှင်းယွီ၏မေးခွန်က အနည်းငယ်ရုတ်တရက်ဆန်သဖြင့် ချက်ချင်းဆိုတော့ သူ့အဖြေက အနည်းငယ် အိုးနင်းခွက်နင်းဖြစ်သွားသည်။
ကောင်မလေးလား။
ဒီမေးခွန်းက ချိုးယိအတွက် ကောင်မလေး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နှစ်ခုစလုံးက ကမောက်ကမ ဖြစ်စေသည်သာ။
နောက်ဆုံးတော့လည်း သူ ငြင်းမိသည်။
သူ့လိင်စိတ်တိမ်းညွတ်မှုကို အရှိအတိုင်း အေးအေးဆေးဆေးလက်မခံနိုင်သည့်အချက်ကြောင့် ပျန်းနမ်အပေါ် အပြစ်မကင်းစိတ်၊ အားနာစိတ်၊ တောင်းပန်စိတ်တို့ သူ့မှာ အမြဲတမ်း ရှိနေခဲ့သည်။ ယခုအချိန်တွင် ဒီအကြောင်းကို အိမ်သားများအား ပြောပြနိုင်စွမ်း မရှိချေ။ ပြောပြဖို့ နည်းလမ်းကောင်းလည်း စဥ်းစား၍ မရသေးပေ။ သို့သော် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ဖို့ကိုတော့ သူ ကြိုးစား၍ ရသည်။
သူ့မေမေကို တွေးမိတိုင်း သူ အမြဲတမ်း ...... သို့သော်လည်း အနည်းဆုံးတော့ ဒီလိုဖြစ်နေတဲ့သူ့ကိုယ်သူကို လက်ခံနိုင်ချင်စိတ် ရှိနေသည်။
ကောင်မလေး ဟုတ်ပါတယ်လို့ တစ်ခွန်းပြောလိုက်ဖို့က ဘာမှ မခက်ခဲပါ။ ပေါ့ပါးပြီး ရိုးရှင်းသည်။ ပြဿနာအရှုပ်အထွေးများစွာကိုတောင် လျော့ပါးစေနိုင်သေးသည်။
သူကတော့ မဟုတ်ဘူးလို့သာ ပြောလိုက်သည်။ ဓလေ့ထုံးတမ်းတစ်မျိုးကဲ့သို့ပင်။ ပထမဆုံးအနေဖြင့် စိတ်ထဲတွင် သူ့ကိုယ်သူအတွက် တံဆိပ်တုံးတစ်ခု ထုပေးလိုက်သည်။
ချိုးယိ မင်း တွဲနေတဲ့ရည်းစားက ကောင်လေး။
တကယ်တော့ အတော်ကလေးဆန်ပါသည်။ သို့သော်လည်း သူ့အတွက်ကတော့ တကယ်ကို လုံးဝ မလွယ်ကူနေပါ။
ချိုးယိ ပြုံးလိုက်ပြီး ဆိုင်ထဲ ပြန်ဝင်လာသည်။
နေ့ခင်းပိုင်း ဧည့်သည်ကျချိန် အလုပ်ရှုပ်လိုက်ပြီးနောက်ပိုင်းတွင် အမျိုးမျိုးသော သိမ်းဆည်းရှင်းလင်းချိန် ရောက်ရှိလာသည်။ အကုန် လုပ်ကိုင်ပြီးစီးချိန်တွင် ညနေ လေးနာရီလောက် ရှိနေပြီ။ တစ်နာရီကျော်ခန့် အနားယူပြီးလျှင် ညနေစာအချိန်အတွက် အလုပ်ရှုပ်ချိန် စတင်တော့မည်။
ပျန်းရှင်းယွီတစ်ယောက် အလုပ်များသည့်ဒဏ်ကြောင့်ထင်သည်၊ သူနှင့် အခြားကောင်မလေးနှစ်ယောက် နားနေခန်းဘက် လျှောက်သွားသည့်အချိန်တွင် ခြေလှမ်းတောင် အနည်းငယ် နှေးကွေးနေကြတာကို ချိုးယိ တွေ့လိုက်ရသည်။ မနက်ခင်း စရောက်လာချိန်တုန်းက ဖျတ်လတ်တက်ကြွစွာ လမ်းလျှောက်ခုန်ဆွနေဟန်က ဘေးနားကဖြတ်သွားလျှင် လေတိုက်သလိုတောင် လွင့်ခနဲဖြစ်နေသေးသည်။
ဒီသူဌေးသမီး မမလေးတော့ ဒီညနေကို တောင့်ခံလို့ပြီးသွား၍ အိမ်ပြန်ရောက်ပြီး အနားယူလိုက်ပြီးလျှင် မနက်ဖြန် မလာတော့လောက်ဟု ချိုးယိ ခန့်မှန်းလိုက်သည်။
ဤကဲ့သို့ လေးငါးနာရီလောက်ဆက်တိုက် ခေါက်တုံ့ခေါက်ပြန် သွားလာရခြင်း၊ မတ်တတ်ရပ်ခြင်းကဲ့သို့သော ပင်ပန်းမှုဟူသည် အလုပ်လုပ်နေတုန်းမှာ အံကြိတ်ပြီး သည်းခံလိုက်လျှင် ဘာခံစားချက်ကြီးကြီးမားမားမှ မရှိနိုင်ဘူးဆိုသော်ငြား ခဏလောက် နားလိုက်ပြီး၍ တင်းထားသမျှ ဖြေလျှော့လိုက်ပြီးနောက်ပိုင်းတွင်မှ ခံရအခက်ဆုံးအချိန်ဖြစ်သည်။ သူ စစလုပ်ချင်းတုန်းက အနည်းဆုံး လတစ်ဝက်ခန့်လောက် နေ့တိုင်း မလုပ်ချင်တော့တဲ့စိတ် ဖြစ်ခဲ့ရသည်။
ချိုးယိ အဝတ်လဲခန်းတွင် အဝတ်လဲလိုက်ပြီး ဝန်ထမ်းခေါင်းဆောင်အား တစ်ချက်ပြောလိုက်ပြီးနောက် ထွက်သွားဖို့အလုပ်တွင် ရှောင်းမန့်နှင့် ဆုံသည်။
"ပြန်ဖို့ လောနေသလား။ မလောရင် စကားနည်းနည်းပြောကြမယ်လေ"
ရှောင်းမန့်က သူ့ကို ခေါ်၍ တားလိုက်သည်။
"အင်း"
ချိုးယိက ရှောင်းမန့်နှင့်အတူ ဒုတိယထပ်သို့ တက်သွားပြီး ဝရံတာပါသော သီးသန့်ခန်းတစ်ခန်းထဲကို ဝင်သွားသည်။
ရှောင်းမန့်က ဝန်ထမ်းတစ်ယောက်ယောက်နှင့် စကားပြောဆွေးနွေးဖို့ဆိုလျှင် ရုံးခန်းကို ခေါ်တာက ရှားသည်။ များသောအားဖြင့် အသုံးမပြုနေသော သီးသန့်ခန်းကိုသာ သုံးသည်။ ဒီလိုဆိုလျှင် အားလုံးလည်း အနည်းငယ် ပို၍စိတ်ပေါ့ပါးသည်ဟု ဆိုသည်။ ရုံးခန်းဆိုလျှင် တည်တည်ခံ့ခံ့ဆန်သည်ဟူသတတ်။
"ပျန်းရှင်းယွီက မင်းသူငယ်ချင်းမဟုတ်လား"
ရှောင်းမန့် ထိုင်လိုက်ပြီးနောက် မေးလာသည်။
"ကျွန်တော့်သူငယ်ချင်းရဲ့ညီမလေး။ အသိတွေလို့ ပြောလို့ရပါတယ်"
ချိုးယိလည်း ဝင်ထိုင်လိုက်သည်။
"အင်း။ တော်တော်သွက်လက်တဲ့ကလေးမလေးပဲ"
ရှောင်းမန့် ပြုံးရယ်လိုက်ပြီး -
"ကြည့်ရတာတော့ မိသားစုရဲ့အဖိုးတန်ရတနာလေးပဲထင်ပါ့။ အပင်ပန်းတော့ တော်တော်ခံနိုင်သား"
"အိမ်အခြေအနေက တော်တော်ကောင်းတယ်"
ချိုးယိ ပြောသည်။
ရှောင်းမန့်က သူနှင့် ဟိုရောက်ဒီရောက် သုံးလေးခွန်းလောက်ပြောလိုက်ပြီးနောက် ဆက်၍ စကားအကြောင်းအရာကို လှည့်လိုက်ကာ -
"ဟိုရက်တုန်းက မင်းပြောတာ နှစ်သစ်ကူးပြီးရင် မလုပ်တော့ဘူးဆို။ သင်္ဘောတက်ပြီး အလုပ်သင်ဆင်းရတော့မယ် ဟုတ်လား"
"ဟုတ်တယ်"
ချိုးယိ ခေါင်းညိတ်လိုက်သည်။
"သင်္ဘောတက်ရင် တအားပင်ပန်းမယ်ထင်တယ်နော်"
ရှောင်းမန့် မေးသည်။
"ပြည်တွင်းသင်္ဘောပဲ။ အသွားအပြန် ပေါင်းမှ ရက်ပိုင်းလောက်ပဲ။ မဆိုးပါဘူး"
ချိုးယိပြောရင်း ရှောင်းမန့်လက်ကောက်ဝတ်ပေါ်က လက်ပတ်နာရီကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ကျန်ဖေးကိုသွားလျှင် အချိန်ဘယ်လောက်ကြာမလဲဆိုတာကို တွက်ကြည့်နေသည်။
"စားသောက်ဆိုင်ပိုင်းကို ဆက်လုပ်ဖို့ မတွေးဖူးဘူးလား"
ရှောင်းမန့်က ရယ်ပြီးမေးသည်။
"ဟင်"
ချိုးယိက သူ့ကို မျက်လုံးပင့်ကြည့်လိုက်သည်။
"နောက်နှစ်ကျရင် အစ်မတို့ နောက်ထပ်ဆိုင်ခွဲနှစ်ဆိုင် ထပ်ဖွင့်မှာကို မင်းသိထားတယ်မလား။ ယုံလို့ရတဲ့လူနည်းနည်း ရှာချင်နေတာ။ အဲဒီမှာ သွားကူညီပေးဖို့ ဥက္ကဌချန်တို့ဆီမှာတောင် မင်းကို ထောက်ခံပေးဖို့ တွေးနေသေးတာ"
ချိုးယိ စကားမဆိုချေ။ ရှောင်းမန့်ပြောသော "ကူညီ" ဆိုသည့်စကား၏အဓိပ္ပာယ်ကို သူသိသည်။ ဝန်ထမ်းခေါင်းဆောင်တို့ဘာတို့အတွက်သာ ဟုတ်ပုံမရတာ အသေအချာပင်။
"စိတ်မဝင်စားဘူးလား"
သူတိတ်ဆိတ်နေတာကြောင့် ရှောင်းမန့်က ထပ်မေးလာသည်။
စိတ်ဝင်စားမှုကတော့ ရှိပါသည်။ တကယ်တမ်း သွားလုပ်မည်ဆိုလျှင် အလုပ်ဝန်က သင်္ဘောတက်တာထက်ကို ပေါ့ပါးမည်ပင်။ အိမ်ကနေ လေးငါးရက်လောက် ဝေးနေဖို့လည်း မလိုချေ။ ငွေလည်း များများဝင်အုံးမည်။ သို့သော် ......
ချိုးယိသည် တမင်သက်သက်ပင် ရှောင်းမန့်နှင့်ပြောဆိုဆက်ဆံရာတွင် အမြဲတမ်း အကွာအဝေးတစ်ခုထားပြီး ဆက်ဆံသည်။ ရှောင်းမန့်က သူ့ထက် အသက်နှစ်ဆကျော် ကြီးသော်ငြား သူသည်လည်း ငတုံးတစ်ယောက်မဟုတ်ချေ။ သူ့အပေါ် ရှောင်းမန့်က သာမန်ဝန်ထမ်းထက် ပိုလျှံနေသာ ထိုသဘောထားကို သူလည်း ခံစားမိနိုင်သေးသည်။ သူ့ကို သားလို မောင်လေးလို သို့မဟုတ်လည်း တခြားတစ်မျိုးမျိုးလို အမှတ်နဲ့ဆိုလျှင်တောင် သူ့အနေနဲ့ ဘယ်တစ်မျိုးကိုမှ မလိုချင်ပါ။
မလိုအပ်သော အရှုပ်အထွေးပြဿနာများအားလုံးကို သူ ရှောင်ချင်သည်။ သူ အရည်အချင်းရှိတာကို အခြေခံ၍ ပေးလာသောအကူအညီသက်သက်မဟုတ်မှန်း သိသာလွန်းသည့် ကျေးဇူးအကြွေးကတော့ မတင်ဘဲနေလို့ရလျှင် မတင်တာကိုပဲ သူပိုလိုချင်သည်။
"ကျွန်တော် ရေကြောင်းနဲ့ပတ်သက်ပြီး သုံးနှစ်တောင် သင်လာခဲ့တော့ ကိုက်ညီတဲ့အလုပ်ကိုပဲ အရင်ရွေးလိုက်တာ ကောင်းပါတယ်"
ချိုးယိ ရယ်လိုက်ပြီး -
"စားသောက်ဆိုင်အလုပ်ကလဲ ကျွန်တော်က အမြဲတမ်း စားပွဲထိုးပဲလုပ်ခဲ့ရတော့ အကျွမ်းတဝင်ရှိတယ်ဆိုရင်တောင် ဝန်ထမ်းလုပ်တဲ့အပိုင်းပဲ ရင်းနှီးတာပါ။ စားသောက်ဆိုင်နဲ့ပတ်သက်ပြီး ကျွန်တော့်ထက် ပိုသိတတ်နားလည်တဲ့သူကိုပဲ အစ်မမန့် ရှာသင့်ပါတယ်။ ကျွန်တော်ကတော့ သေချာပေါက် သင့်တော်မှာမဟုတ်ဘူး။ မပြောကောင်းမဆိုကောင်း ကျွန်တော် ကောင်းကောင်းမလုပ်နိုင်ရင် ကျွန်တော်တို့နှစ်ယောက်စလုံး မျက်နှာပျက်ရမှာ"
ရှောင်းမန့် ခေါင်းစောင်းကာ သူ့အား ခဏလောက် စိုက်ကြည့်နေလိုက်ပြီး နောက်ဆုံး ရယ်လိုက်ကာ -
"မင်းငြင်းမယ်ဆိုတာ သိသားပဲ။ မင်းလိုမျိုးကလေးကိုတော့ တကယ်ကို မတွေ့ဖူးသေးဘူး။ ဒီလိုလုပ်ရအောင်။ မင်းလဲ စကားကို အဆုံးထိ မပြောနဲ့အုံး။ နည်းနည်းထပ်စဥ်းစားရင်ရော"
"အင်း"
ချိုးယိ ခေါင်းညိတ်ပြလိုက်ကာ လမ်းကို အပြည့်အဝမပိတ်လိုက်တော့ချေ။
"ဟုတ်ပြီ"
ရှောင်းမန့် မတ်တတ်ရပ်လိုက်ကာ ပြုံးလျက် -
"မင်း ပြန်ပါ"
"အင်း။ အစ်မမန့် လုပ်စရာရှိတာ လုပ်ပါ"
ချိုးယိ မတ်တတ်ရပ်ပြီး သီးသန့်ခန်းထဲကနေ ထွက်လာခဲ့သည်။
ချိုးယိသည် ကားမှတ်တိုင် ဆိုင်းဘုတ်ရှေ့တွင်ရပ်ပြီး ကျန်ဖေးကိုသွားသည့်လမ်းကြောင်းကို လေ့လာနေသည်။ ကားပေါ်တက်ပြီးနောက် ဖုန်းယူထုတ်ကာ မြေပုံကို တစ်ချက်ရှာကြည့်လိုက်ကာ ပျန်းနမ်အတွက် အိမ်ပြန်ချိန် လူသိပ်မတိုးရသော လမ်းကြောင်းတစ်ခုကို စဥ်းစားပေးနေသည်။
ကားပေါ်ကနေဆင်းသည့်အချိန်တွင် အကြမ်းအားဖြင့် လမ်းကြောင်းတစ်ခု ထွက်လာနေပြီ။ သူသည် လမ်းကြောင်းကို မှတ်စုတွင် ရေးမှတ်ထားလိုက်သည်။
ကျန်ဖေးကလပ်၏ဌာနချုပ်က ကားမှတ်တိုင်နှင့် သိပ်မဝေးချေ။ ငါးမိနစ်လောက် လမ်းလျှောက်လိုက်လျှင်ပင် အဆင့်မြင့်အသင်းအဖွဲ့တစ်ခု၏တံခါးပေါက်နှင့်တူသော ဝင်ပေါက်ကို တွေ့လိုက်ရသည်။
အထဲဝင်လိုက်သည်နှင့် အားကစားဝတ်စုံဝတ်ဆင်ထားသည့် ဝန်ထမ်းကောင်မလေးက သူ့ကို နှုတ်ဆက်လာပြီး -
"လူကြီးမင်းက ကွင်းဘိုကင် ကြိုယူထားတာ ရှိသလား ဒါမှမဟုတ် ယာယီ လာရိုက်တာလားရှင့်"
"ကျွန်တော် လူလာတွေ့တာပါ"
ချိုးယိက အတွင်းဘက်ကို တစ်ချက်ကြည့်လိုက်သည်။ ဒီမှာ အလုပ်သင်ဆင်းတာ ဘယ်လောက်မှမကြာသေးသည့်ပျန်းနမ်ကို ဒီဝန်ထမ်းက သိသလား မသိသလားကိုလည်း သူ မသိနေပေ။
"ပျန်းနမ်ပါ"
"ပျန်းနမ်ကို ရှာတာလား"
ကောင်မလေးက ပြုံးလျက် သူ့အား လော်ဘီနှင့်တင်းနစ်ကွင်းတွေဘက်ကို သွားသော ကော်ရစ်တာဘက်ကို ညွှန်ပြပေးကာ -
"ဟိုဘက်ကို သွားလိုက်ပါ။ သူ နံပါတ် (၇) ကွင်းမှာ ဘောလုံးကစားနေလိမ့်မယ်"
"ကျေးဇူးပါ"
ချိုးယိ ခေါင်းညိတ်ပြပြီး အထဲဝင်လာခဲ့သည်။
ကော်ရစ်တာထဲကနေ ထွက်လာတော့ မြေနီ ခင်းထားသော လမ်းလေးတစ်လမ်းပေါ် ရောက်သွားကာ မြေနီလမ်းလေးက ညီညာပြန့်ပြူးကာ သပ်ရပ်နေသည်။ လမ်း၏တစ်ဖက်တစ်ချက်တွင် ကပ်လျက်ရှိနေသော တင်းနစ်ကွင်းများ တန်းစီရှိနေပြီ ကွင်းတိုင်းနီးပါးတွင် ရက်ကက်လွှဲယမ်းနေကြသူများ ရှိနေသည်။
ချိုးယိက လမ်းအတိုင်း ရှေ့သို့ လျှောက်သွားရင်း ဘယ်လောက်ဝေးဝေးမှ မလျှောက်ရသေးခင် နံပါတ် (၇) ကွင်းကို တွေ့ရသည်။ တချိန်တည်းမှာပင် ကွင်းထဲတွင် အပြာရောင် အားကစားဝတ်စုံ ဝတ်ဆင်ထားသည့်ပျန်းနမ်၏ လှပသပ်ရပ်ကာ အားပါလှသော ခုန်၍ရိုက်လိုက်သည့် ရိုက်ချက်ကို တွေ့လိုက်ရသည်။
တင်းနစ်ကွင်းထဲ ရပ်နေသည့်ပျန်းနမ်သည် အစဥ်ပင် အားအင်တို့ဖြင့် ပြည့်လျှံနေပြီး လှုပ်ရှားမှုတိုင်း ရိုက်ချက်တိုင်းက ခံ့ညားချောမောမှုတို့ ဖြာထွက်နေသည်။
ချိုးယိသည် သံတံတိုင်းစည်းရိုးအပြင်တွင် ခဏရပ်ကြည့်နေပြီး နောက်ဆုံး ကျွတ်ခနဲ စုတ်သပ်လိုက်သည်။ ညိုမှောင်သောအသားအရေဖြင့် ဒီလို တစ်ကိုယ်လုံး အပြာရောင်အားကစားဝတ်စုံ ဝတ်ထားလိုက်တော့ အနည်းငယ်တော့ ဝမ်းနည်းဖွယ်ကောင်းနေသည်။
ပျန်းနမ်၏ပြိုင်ဘက်မှာ သူပြောပြောနေသော လော်ယိယန်ဖြစ်သည်။ ဒီရိုက်ချက်တွေကို ကြည့်လိုက်ရုံဖြင့် စွမ်းရည်က သူနဲ့ ကြီးမားစွာ ကွာခြားနေတာကို သိနိုင်သည်။ နောက်ဆုံးတွင် ကွင်းထဲက လူငယ်တစ်ယောက်က လက်တွေကို ဝှေ့ယမ်းလိုက်ရင်း -
"ဒုတိယသခင်လေး ခင်ဗျား ရှုံးပြန်ပြီ"
"လခွမ်း"
လော်ယိယန်က လေထဲတွင် ရက်ကက်ကို လွှဲရိုက်လိုက်ပြီး -
"ခဏနားပြီးရင် နောက်တစ်ပွဲ ရိုက်မယ်"
"မရိုက်တော့ဘူး။ ခင်ဗျားကတော့ တော်တော်လန်းနေမှာဆိုပေမဲ့ ကျွန်တော်ကတော့ အရမ်းပျင်းတယ်"
ပျန်းနမ် ပြောရင်း လက်ကောက်ဝတ်အပတ်ဖြင့် နဖူးပေါ်ကို သပ်လိုက်ကာ -
"ဒီမှာကြည့် ချွေးတောင် မထွက်ဘူး"
"နောက်တစ်ပွဲ ထပ်ရိုက်မယ်။ ငါ့နှုတ်ခမ်းမွေးကို လောင်းကြေးထပ်မယ်"
လော်ယိယန် အော်ပြောသည်။
"ခင်ဗျားနှုတ်ခမ်းမွေးကို ဥက္ကဌလော် အပြောင်ရိတ်လိုက်ပြီမဟုတ်ဘူးလား"
ပျန်းနမ် အူမြူးသွားကာ -
"ချေးကို လောင်းနေလိုက်"
"ဒီတစ်နှစ်စာ နှုတ်ခမ်းမွေးကို လောင်းကြေးထပ်မယ်။ ဒီတစ်နှစ်လုံး ငါ နှုတ်ခမ်းမွေး မထားတော့ဘူး။ ငါ့အချစ်ရဆုံး နှုတ်ခမ်းမွေးလေး"
လော်ယိယန်က မလျှော့တမ်း ကြိုးပမ်းနေသည်။
"တော်စမ်းပါ။ ခင်ဗျားအဲဒီနှုတ်ခမ်းမွေးလေးတွေက အစကတည်းက မထားသင့်တာ။ လူရွှင့်ရုပ်နဲ့ ......"
[T/N: လူရွှင့် " 鲁迅" 1900 ခုနှစ်များရဲ့အစပိုင်းတွေမှာ နာမည်ကြီးခဲ့တဲ့ တရုတ်ခေတ်သစ်စာပေရဲ့ ရှေ့ဆောင်သူ စာရေးစာကြီးပါ]
ပျန်းနမ် သူ့ကို အဖက်မလုပ်တော့ဘဲ အနွေးထည် လှည့်ယူသည့်အချိန်တွင် ခေါင်းလှည့်သည်နှင့် ကွင်းအပြင်တွင် ရပ်နေသည့် ချိုးယိကို တွေ့လိုက်ရကာ ထိန်းမနိုင်ဘဲ မျက်ခုံးတွေ ပင့်သွားတော့သည်။ အပြုံးကလည်း တမဟုတ်ချင်း ထွက်ပေါ်လာကာ -
"လခွမ်း။ မင်း ဘယ်တုန်းကတည်းက ဝင်လာတာလဲ"
"ပြီးခဲ့တဲ့ဆယ်မိနစ်လောက်က"
ချိုးယိ ရယ်ရင်း ပြောသည်။
"ဝင်ခဲ့။ ခဏဝင်ထိုင်အုံး"
ပျန်းနမ် လက်ယပ်ခေါ်လိုက်ကာ သူ့အား ကွင်းထဲကလူတွေနှင့် မိတ်ဆက်ပေးလိုက်သည်။
"ကျွန်တော့်သူငယ်ချင်း ချိုးယိ။ ဒါက ငါ့ကို တာဝန်ယူထားတဲ့ နည်းပြ။ ကုဝေ။ ဟိုတစ်ယောက်ကတော့ ငါ့လက်အောက်မှာ ရှုံးနေကျ စစ်သူကြီး လော်ယိယန်"
ချိုးယိ နှုတ်ဆက်လိုက်ပြီး ဘေးနားရှိ ခုံတန်းတွင် ဝင်ထိုင်လိုက်သည်။
"နာမည်က ချိုးယိ ဟုတ်လား"
လော်ယိယန်က အနားလျှောက်လာပြီး လက်ထဲက ရက်ကက်ကို လှည့်လိုက်ရင်း -
"တင်းနစ်ကစားတဲ့သူပဲလား။ တစ်ပွဲလောက် ကစားမယ်လေ။ နှုတ်ခမ်းမွေး လောင်းမယ်"
"ကျွန်တော် ......"
ချိုးယိ ရယ်ချင်စိတ်ကို ဖိနှိပ်ရင်း -
"ကျွန်တော် နှုတ်ခမ်းမွေး မထားဘူး"
"ငါရှုံးရင် တစ်နှစ် နှုတ်ခမ်းမွေး မထားဘူး။ မင်းရှုံးရင် တစ်နှစ် နှုတ်ခမ်းမွေးထား။ ပြိုင်မလား"
လော်ယိယန်ပြောသည်။
"ကျွန်တော် တင်းနစ်မရိုက်တတ်ဘူး"
ချိုးယိ ပြောသည်။
"မဖော်ရွေလိုက်တာ"
လော်ယိယန်က မယုံကြည်သော အမူအရာတို့နဲ့ ဖြစ်သွားပြီး ကုဝေဘက်ကို လှည့်ကာ -
"နည်းပြကု တစ်ပွဲလောက် ရိုက်မယ်လေ"
အပူကပ်ခံရသော ကုဝေက တခြားနည်းလမ်းမရှိတော့ဘဲ အနွေးထည်ချွတ်ကာ မတ်တတ်ရပ်လိုက်ရတော့သည်။
"သူက မင်းပြောပြောနေတဲ့ မင်းတို့သူဌေးရဲ့သား ဆိုတာလား"
ကွင်းထဲတွင် ကုဝေနှင့် တင်းနစ်ရိုက်နေသော လော်ယိယန်ကို ကြည့်ရင်း ချိုးယိက မေးလိုက်သည်။
"အင်း"
ပျန်းနမ် သူ့ဘေးနားတွင် ဝင်ထိုင်လိုက်ကာ တဟီးဟီးရယ်လိုက်ပြီး -
"တော်တော်ပေါတယ်မလား။ စစချင်းတုန်းက သူ့ပုံကို ကြည့်ပြီး ငါ ပြဿနာရှာမိပြီ ထင်လိုက်တာ"
"သူ နေ့တိုင်း ဒီကိုလာတာလား"
ချိုးယိ မေးသည်။
"ကျောင်းပိတ်လို့ ပြန်ရောက်လာခါစ။ အားတာနဲ့ကို ပေါက်ချလာတယ်။ ရောက်တာနဲ့ ငါ့ကို ဆွဲပြီး ကစားဖို့ခေါ်တာပဲ ......"
ပျန်းနမ် ပြောရင်းတန်းလန်း ရပ်သွားကာ ချိုးယိကို လှည့်ကြည့်လာပြီး ရယ်တော့သည်။
"ကြောင်တောင်တောင်နဲ့ ဘာရယ်နေတာလဲ"
ပျန်းနမ်ကြောင့် ချိုးယိလည်း မနေနိုင်တော့ဘဲ လိုက်ရယ်မိပြီး -
"ငါ သဝန်မတိုဘူး"
"တကယ်လား"
ပျန်းနမ် မြူးနေတုန်းပင်။
"တကယ်။ အနည်းဆုံးတော့ အခုတော့ မတိုဘူး"
ချိုးယိ ရယ်လျက်ဆက်ပြီး -
"ဒီလောက်လေးနဲ့ သဝန်တိုတာက မင်းကို တအားမယုံသလိုဖြစ်လွန်းတယ်"
"အသိဉာဏ်ရှိတယ်"
ပျန်းနမ် လက်ဖျောက်တစ်ချက် တီးလိုက်ပြီး ကွင်းထဲတွင် ပြေးလွှားလှုပ်ရှားနေသေ လူနှစ်ယောက်ကို တစ်အောင့်လောက် ကြည့်နေပြီးမှ အသံတိုးတိုးဖြင့် -
"ငါ တကယ် အဲဒီလောက်လွယ်လွယ်နဲ့ လူတစ်ယောက်ကို သဘောမကျတတ်ဘူး။ မင်းကို သဘောကျမိတာတောင် ငါ့ကိုယ်ငါ ယုံရခက်ပြီး ထူးဆန်းနေတုန်းပဲ။ မင်း သိပ်ကောင်းလွန်းလို့ထင်တယ်"
"ဒါက ချီးကျူးတာလား"
ချိုးယိက နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားသည်။
"အင်း"
ပျန်းနမ်က တည်တည်ခံ့ခံ့နဲ့ ခေါင်းညိတ်ပြသည်။
ဟိုးယခင်တုန်းက ပျန်းနမ်နှင့်အတူ သူ့အမေရင်းအိမ်ကနေ ထွက်လာစဥ်က ပျန်းနမ်ပြောခဲ့ဖူးသော စကားတွေကို ချိုးယိ ပြန်သတိရလာသည်။ ပျန်းနမ်က စိတ်ခံစားချက်တွေအပေါ် အယုံအကြည်လုံးဝမရှိတာကို ချိုးယိ အဲဒီအချိန်ကတည်းက သိခဲ့ပါသည်။
ထိုစကားတွေက တကယ်ပဲ ချီးကျူးစကား ဖြစ်ပါသည်။
ဘောလုံးကစားတာ ခဏကြည့်နေပြီးနောက် ပျန်းနမ် ထရပ်ပြီး ခါးညောင်းဆန့်လိုက်ရင်း -
"သွားရအောင်။ ထမင်းသွားစားမယ်"
"ရေချိုးအုံးမလား"
ချိုးယိလည်း လိုက်ထသည်။
"မချိုးတော့ဘူး။ ဒီနေ့ ချွေးတောင်သိပ်မထွက်ဘူး။ အိမ်ပြန်ရောက်တော့မှ ချိုးတော့မယ်။ အချိန်ကို တန်ဖိုးထားပြီး ငါတို့ ဒိတ်လုပ်ရမယ်"
ပျန်းနမ် ခုန်ဆွခုန်ဆွလုပ်ရင်း ပြောသည်။
"ဟုတ်ပြီ"
ချိုးယိပြောသည်။
ပျန်းနမ်က ကုဝေနှင့် လော်ယိယန်တို့အား အသိပေးလိုက်ပြီးနောက် ချိုးယိကိုခေါ်ပြီး ကွင်းထဲကနေ ထွက်လာခဲ့ရင်း -
"ဒီနေရာကို ဘယ်လိုသဘောရလဲ"
"အလုပ်ပတ်ဝန်းကျင်ကတော့ တကယ်ကို သိပ်မဆိုးဘူး"
ချိုးယိက လေးဖက်လေးတန်ကို ဝေ့ကြည့်လိုက်ကာ -
"ပုံမှန်ဆို ပင်ပန်းလား"
"အဆင်ပြေပါတယ်။ ငါ့ကို တခြားဟာ လုပ်ခိုင်းရင် တကယ်ဖြစ်မှာ မဟုတ်လောက်ဘူး။ ဒါကိုကျတော့ အနည်းဆုံး ငါ လုပ်တတ်တယ်လေ"
ပျန်းနမ် ခေါင်းကို ဖွလိုက်ပြီး -
"ဒါနဲ့ ပျန်းရှင်းယွီ ဆိုင်မှာ အလုပ်သွားလုပ်တာ မင်းအတွက် ပြဿနာရှာသလို ဖြစ်တယ်မလား"
"ဘာပြဿနာဖြစ်စရာရှိလို့လဲ။ အဆင်ပြေပါတယ်။ ငါ့အထင် နောက်နှစ်ရက်လောက်နေရင် မခံနိုင်လောက်တော့ဘူး"
ချိုးယိ ပြောသည်။
"အဲဒါတော့ မသေချာဘူး။ ပျန်းရှင်းယွီက နုနုထွတ်ထုတ်ဆိုပေမဲ့ တော်တော် ခေါင်းမာတာ။ သေရင်တောင် သိက္ခာကို တအားငဲ့တာ"
ပျန်းနမ်က လက်မောင်းကို ချိုးယိ၏ပခုံးပေါ် တင်လိုက်ပြီး -
"မင်းက ခပ်ခွာခွာနေဖို့ပဲ သတိထား"
"အင်း"
ချိုးယိက နာခံစွာ လေးလေးနက်နက် ခေါင်းညိတ်သည်။
ယခုက ရုံးဆင်းချိန် လူပြုံသည့်အမြင့်ဆုံးအချိန်ဖြစ်၍ နှစ်ယောက်သား လူကြားထဲ မတိုးကြိတ်ဖို့ ဆုံးဖြတ်လိုက်ပြီး အနီးအနားတွင် ထမင်းအရင်စားဖို့ နေရာရှာလိုက်သည်။
"ငါတို့နှစ်ယောက် ညစာထွက်စားတာ သူ့ကို မခေါ်တာကို သိရင် အာ့ပေါင် စိတ်မကောင်းဖြစ်နေတော့မှာပဲ"
ပျန်းနမ်က သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။
"ဒီနေ့ည အချိန်ပိုဆင်းရမယ်လို့ သူ့ကို ပြောထားတာ။ သူ မသိဘူး"
ချိုးယိ ရယ်လိုက်ကာ -
"သူ ဒီနေ့ သူ့ဘာသာသူ နံရိုးဆန်ပြုတ် ပြုတ်စားမယ် လုပ်ထားတာ"
"အာ့ပေါင် တကယ်ကို သိပ်တော်တာပဲ"
ပျန်းနမ် တကျွတ်ကျွတ်နဲ့ စုတ်သပ်လိုက်ကာ -
"ကြီးလာရင် မင်းထက်ကို လူချစ်လူခင်များလိမ့်မယ်ထင်တယ်။ အာ့ပေါင်က မင်းလိုမျိုး ဒီလောက် လူတွေကို အဖက်မလုပ်တဲ့သူ မဟုတ်ဘူး"
"ငါ လူတွေကို ဘယ်မှာ အဖက်မလုပ်လို့တုန်း။ လူကို အဖက်မလုပ်ရင် မင်းကို ငါအရေးလုပ်နေအုံးမှာလား"
ချိုးယိက သူ့ကျောကို ပုတ်လိုက်ရင်း ပြောသည်။
"ငါ့ကို အဖက်လုပ်ရင်ပဲ ဖြစ်ပြီ။ မဟုတ်လို့ကတော့ မင်း ဖျားရင် ဒဏ်ရာရရင် မင်းကို ဘယ်သူ ဂရုစိုက်ပေးမှာလဲ"
ပျန်းနမ် စုတ်သပ်လိုက်ပြန်သည်။
"ရှန်းထောင်းလေ"
ချိုးယိက ရယ်နေရင်း -
"မင်းရှိလာတော့မှသာ ရာထူးပြုတ်သွားတာ ......"
"သူ သေချာပေါက်ကို ငါ့လောက် ထောင့်စေ့မှာ မဟုတ်ဘူး"
ပျန်းနမ် အလွန်မကျေမနပ်ဖြစ်စွာ အသံကို မြှင့်ပြီးပြောလိုက်သည်။ တအောင့်ခန့်ကြာသွားတော့မှ အသံကို ပြန်နှိမ့်လိုက်ပြီး -
"ဒါနဲ့ မင်းနဲ့ရှန်းထောင်း ......"
"အခုမှ ဒါကို မေးဖို့ သတိရတာလား"
ချိုးယိ သဘောကျစွာ ရယ်လိုက်ပြီး -
"ဒီမေးခွန်းက အစကတည်းက မေးခဲ့ရမှာမဟုတ်ဘူးလား"
"အဲဒါက မင်းကို အရူးအမူးစွဲလမ်းနေလို့လေ။ ဒါတွေမေးဖို့ အာရုံမရဘူး"
ပျန်းနမ် ပြောသည်။
"ငါနဲ့ရှန်းထောင်းကြား ဘာရှိစရာ ရှိနိုင်မှလဲ။ သူက ....... ဒါကို တော်တော်သည်းမခံနိုင်ဘူး။ ငါ့ကြောင့်မို့လို့သာ သူ အင်တင်တင်နဲ့ လက်ခံလိုက်ရတာ"
ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။
"ဟုတ်လား"
ပျန်းနမ် အတော်အံ့ဩနေကာ -
"သူ အရမ်းအားပေးထောက်ခံတယ်လို့ ငါထင်နေခဲ့တာ။ ဝမ့်ဖေးကတော့ ဘာခံစားချက်မှကို မရှိဘူးတဲ့"
"လူတစ်ယောက်နဲ့တစ်ယောက် အတွေးဘယ်တူပါ့မလဲ"
ချိုးယိက ပြောသည်။
ဟုတ်သားပဲ ......။ ပျန်းနမ် သူ့အဖေကို ရုတ်တရက် တွေးမိသွားသည်။ ဒီကိစ္စကို သူ့အဖေ သိသွားလျှင် ဘယ်လို တုံ့ပြန်လိမ့်မလဲ။
အန်တီရော။
ပျန်းဟောက်ရော။
...... ပျန်းရှင်းယွီရော။
ဆောင်းရာသီတွင် မိုးချုပ်တာ စောသည်။ အပြင်ထွက်သည်နှင့် မိုးမှောင်နေပြီဖြစ်ကာ လမ်းမီးတွေတောင် လင်းနေပြီ။ နှင်းက ကျဆင်းနေဆဲဖြစ်ကာ နှစ်ယောက်သား လမ်းပေါ် လျှောက်နေရင်း အလွန် တိတ်ဆိတ်ခြောက်ကပ်လွန်းသည်ဟု ခံစားလာရသည်နှင့် တွေ့ရာ စားသောက်ဆိုင်လေးတစ်ဆိုင်ရှာပြီး ဝင်လိုက်သည်။
ပျန်းနမ်က ကြုံရာ ဟင်းသုံးပွဲ မှာလိုက်ပြီးနောက် အတော်ကြာအောင် ထိုင်နေပြီးမှ အနွေးထည်ကို ချွတ်လိုက်ရင်း -
"နွေးသွားတော့မှပဲ စိတ်အေးတယ်လို့ပဲ ခံစားရတော့တယ်"
"ဒီလောက်တောင် စိတ်လုံခြုံမှုမရှိတာပဲ"
ချိုးယိ ရယ်လိုက်ရင်း အိတ်ကပ်ထဲကနေ ဖုန်း ယူထုတ်လာကာ Note app ကို ဖွင့်ပြီး သူ့အား ကမ်းပေးလိုက်ကာ -
"ရော့ ကြည့်ကြည့်။ ဒီလမ်းကြောင်းအတိုင်း ဘတ်စ်ကားရော မြေအောက်ရထားရော နှစ်မျိုးပေါင်းစီးရင် မင်းအိမ်ပြန်တဲ့အချိန်ဆို သိပ်မကျပ်တော့ဘူး။ ပိုက်ဆံ နှစ်ယွမ်တော့ ပိုကုန်မယ်"
"ငါလူး"
ပျန်းနမ် တန့်သွားကာ တစ်ချက်လောက် ငုံ့ကြည့်လိုက်ပြီး -
"ချိုးယိ မင်း စောက်ကျိုးနည်းလောက်အောင်ကို ...... စဥ်းစားပေးတတ်တယ်"
"မင်းဘာသာမင်းဆို ဒါတွေ မတွေးဘူးလို့ ထင်ရလို့။ ငါက မင်း နေ့တိုင်း ရထားတွဲအောက်ရောက်အောင် အတိုးခံနေရမှာစိုးလို့ပါ"
ချိုးယိက လက်ထောက်၍ မေးတင်ထားရင်း -
"ဒါလုပ်တာကလဲ အလုပ်ရှုပ်တာမှမဟုတ်တာ"
"ဒါက မင်းကို သဘောကျရတဲ့အကြောင်းရင်းတွေထဲက တစ်ခုပဲ"
ပျန်းနမ် သူ့အား လက်မထောင်ပြလိုက်ပြီး -
"ငါ တအား စိတ်အေးရတယ်"
ချိုးယိက ပြုံးသာပြုံးနေပြီး စကားမဆိုချေ။
ရာသီဥတု အေးနေပြီဖြစ်၍ လမ်းပေါ်တွင် လူမရှိတော့သလောက်ပင်။ ဆိုင်ခန်းတွေကလည်း ကိုးနာရီမထိုးသေးခင်မှာပင် အတော်များများက ပိတ်နေကြပြီ။ အကယ်၍ ဘားတို့ ကော်ဖီဆိုင်တို့ကိုသာ မသွားလျှင် သူတို့နှစ်ယောက်၏ ဤချိန်းတွေ့မှုအတွက် သွား၍ရသည့်နေရာမှာ နည်းလွန်းလို့ သနားစရာတောင် ကောင်းနေပြီ။
သို့သော် ပျန်းနမ်ကတော့ စိတ်ထဲမထားပေ။ သူ ချိန်းတွေ့လိုသည့်အကြောင်းကလည်း ချိုးယိကို မြင်တွေ့ချင်လို့သာ။ ချိုးယိနှင့်အတူ အချိန်ဖြုန်းရလျှင် အချိန်နှင့်နေရာနှစ်မျိုးစလုံးက သူ့အတွက် ထည့်တွေးစရာကဏ္ဍထဲတွင်တောင် မပါချေ။
သို့သော် ချိုးယိက အပြည့်အဝ နေပြန်မကောင်းသေးပါ။ တစ်ခါတစ်ခါ ချောင်းဆိုးနေသေး၏။ သူတို့နှစ်ယောက် လမ်းပေါ် ပတ်လျှောက်နေပြီး ဂိမ်းစီးတီးတစ်ဆိုင်ထဲ ဝင်လိုက်သည်။
ယခင်က ဂိမ်းစီးတီးထဲ ဝင်အောင်းနေခြင်းမှာ ပျန်းနမ်အတွက် ပျင်းစရာကောင်းသောအချိန်တွေကို ဖြုန်းတီးပစ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ခဲ့သည်။ ဝမ့်ဖေးနှင့်သူ နှစ်ယောက်သား တစ်ခါဝင်တာနဲ့ တစ်နေကုန်သည်။ သို့သော် ယခုတော့ ခံစားချက်က မတူတော့ချေ။
သူ့အတွက် ဆွဲဆောင်မှုအပြည့်ဖြစ်နေသော ဂိမ်းစက်များမှာ ဒီနေ့အဖို့တော့ ဘာဆွဲဆောင်မှုမှ မရှိတော့ချေ။ တစ်ပတ်လောက် ဖြစ်သလို ပတ်ဆော့လိုက်ပြီးနောက် သူသည် ချိုးယိကို ဒုတိယထပ်ရှိ နားနေခန်းသို့ ခေါ်သွားကာ သောက်စရာအပူနှစ်ခွက် မှာလိုက်ပြီးနောက် လမ်းကို မျက်နှာမူနေသော အကန့်စားပွဲတွင် ဝင်ထိုင်လိုက်သည်။
"ဒီလို တိတ်တိတ်လေး နေနေတာက ပိုကောင်းတာပဲ"
ပျန်းနမ် နောက်ကို လှည့်ကြည့်လိုက်တော့ ဘယ်သူကမှ သူတို့နှစ်ယောက်ကို သတိမထားမိသည်နှင့် သူသည် လက်ဆန့်ထုတ်ကာ ချိုးယိ၏လည်ပင်းကို တစ်ချက် ထိပွတ်လိုက်ရင်း-
"စကားပြောလို့လဲ ရတယ်။ ထိကိုင်လို့လဲရတယ်"
ဒီလိုနဲ့ နှစ်ယောက်သား ထိုခုံတွင် ထိုင်ရင်း စကားတပြောပြောလုပ်လိုက် ထိကိုင်လိုက်နဲ့ တစ်နာရီကျော် နေဖြစ်သည်။
ပျန်းနမ် ဖုန်းကို တစ်ချက်ကြည့်ပြီး ဆယ်နာရီထိုးခါနီးပြီဟု ပြောလိုက်တော့ ချိုးယိက မျက်ခုံးပင့်သွားပြီး အနည်းငယ် အံ့ဩသွားဟန်ဖြင့် -
"ဒီလောက်တောင် နောက်ကျနေပြီလား။ ငါက ကိုးနာရီကျော်ခါစလို့ ထင်နေတာ"
"အဲဒါက ငါနဲ့အတူတူရှိနေလို့"
ပျန်းနမ်က ကျေနပ်အားရစွာ ပြောလိုက်သည်။
"အင်း"
ချိုးယိက သူ့လက်ကို ဖမ်းဆုပ်လိုက်ပြီး ခပ်ဖွဖွညှစ်လိုက်ကာ -
"ခဏနေ ပြန်သွားရင် အချိန်ကုန်တာ နှေးသွားတော့မယ်"
"ဟေ့ကောင် ကြက်သီးထစရာတွေ"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်သည်။
"နားထောင်ရတာမကြိုက်ရင် ငါ မပြောတော့ဘူးလေ"
ချိုးယိက ခါးညောင်းဆန့်လိုက်သည်။
ပျန်းနမ် နောက်တစ်ခါ စုတ်သပ်လိုက်ပြီး -
"ငါနားထောင်ရတာကြိုက်လို့ မင်းပြောပေးတာလား"
"ငါပြောချင်လို့ ပြောတာ"
ချိုးယိ မတ်တတ်ရပ်လိုက်သည်။
ပျန်းနမ် သူ့နောက်က လိုက်လာရင်း အတော်ကြာအောင် သဘောကျစွာ ရယ်နေလိုက်သည်။ ချိုးယိတစ်ယောက် အနည်းငယ် မချင့်မရဲဖြစ်သွားပြီး လှည့်ကြည့်လိုက်ကာ -
"မင်းက ရရော ရသေးရဲ့လား"
"မရတော့ဘူး"
ပျန်းနမ် ပြောသည်။
နှစ်သစ်ကူးမတိုင်ခင်ရက်ပိုင်းတွင် နှစ်ယောက်စလုံး လွန်စွာ အလုပ်များနေကြသည်။ ချိုးယိဘက်ကတော့ ဝန်ထမ်းမလုံလောက်၍ဖြစ်ပြီး ပျန်းနမ်ကတော့ ကျောင်းတွေ ပိတ်ကုန်၍ ဖြစ်သည်။ နှစ်ယောက်သား တစ်ခါလောက် တွေ့ကြဖို့ပင် အတော်လေး ခက်ခဲနေကာ နှစ်ယောက်ထဲကတစ်ယောက် အားတော့မှ ဖုန်းခေါ်နိုင်သည်။ ဒါတောင် ကျန်တစ်ယောက်က မအားလျှင် ဖုန်းမကိုင်နိုင်။
ချိုးယိ ပြက္ကဒိန်ကို ကြည့်ပြီး အလုပ်အချိန်ဇယားကို သေချာတွက်နေသည်။ ယခုနှစ် နှစ်သစ်ကူးက နောက်ကျသည်။ ချစ်သူများနေ့ ပြီးသွားမှ နှစ်ကူးရောက်မည်။ အလုပ်အချိန်ဇယားကိုကြည့်ပြီး ချစ်သူများနေ့ ညခင်းပိုင်းတွင် အချိန်အားနိုင်မအားနိုင်ကို ကြည့်ချင်၍ ဖြစ်သည်။ ပျန်းနမ်နှင့်အတူ ပွဲတော်နေ့ကို ဖြတ်သန်းချင်သည်။
သို့သော် အချိန်စီစဥ်၍မရနိုင်ဘဲဖြစ်နေပြီး တခြားလူနှင့် အလုပ်ချိန်လဲမှပဲ ရမည်။
ချိုးယိ နံရံတွင် လက်ထောက်၍ ဧည့်ကြိုကောင်တာပေါ်တွင် တင်ထားသော ပြက္ကဒိန်သေးလေးကို စိုက်ကြည့်နေပြီး ထိုနေ့တွင် ချစ်သူရည်းစား မရှိသည့် ဘယ်တစ်ယောက်နှင့် အလုပ်ချိန်လဲ၍ရသလဲဆိုတာ တွက်ချက်နေသည်။ သူနှင့်ပျန်းနမ်တို့သည် ဒီတစ်ခေါက် မတွေ့ရသေးတာ လတစ်ဝက်လောက် ရှိနေပြီဖြစ်ရာ သူလည်း ပျန်းနမ်ကို အတော်လွမ်းနေပြီ။
တခါတလေမှာတော့ ပျန်းနမ်တစ်ယောက် သူတို့စားသောက်ဆိုင်တွင်ပင် အလုပ်သင်လာလုပ်ဖို့ကို မျှော်လင့်မိတော့သည်။ သူနှင့်ပျန်းရှင်းယွီတောင် နေ့တိုင်းလိုလို တွေ့နေရသေးတာ .......
သူနှင့် အလုပ်တာဝန်တစ်ဖွဲ့တည်းက အစ်မကျန်းနှင့် အလုပ်ချိန်လဲ၍ရတာကို အတည်ပြုပြီးသွားပြီးနောက် သူသည် အစ်မကျန်းကို သွားပြေးရှာပြီး ပြောတော့သည်။ နှစ်သစ်ကူးလျှင် အစ်မကျန်းအစား နှစ်ရက် ဆင်းပေးမည်ဟု ကတိပေးလိုက်၍ အစ်မကျန်းလည်း အလုပ်ချိန်လဲဖို့ကို သဘောတူလိုက်သည်။
ချိုးယိ စိတ်ကြည်စွာပင် လက်မောင်းတွေကို လှုပ်ရှားလိုက်ပြီး နားနေခန်းထဲသွားကာ ဝန်ထမ်းခေါင်းဆောင်အား သွားပြောတော့သည်။
"ဟုတ်ပါပြီ။ ဒါဆို ချစ်သူများနေ့မှာ မင်းနားမယ်ပေါ့"
ဝန်ထမ်းခေါင်းဆောင်က ရယ်လျက် ဆက်၍ -
"လူငယ်လေးတွေများ ကရိကထကို များတယ်"
ချိုးယိ ရယ်သာရယ်လိုက်ပြီး ဘာမှမပြောဘဲ နားနေခန်းထဲကနေ လှည့်ထွက်လာသည်။
အခန်းထဲကနေ ထွက်လာသည်နှင့် ပျန်းရှင်းယွီနှင့်ဆုံသည်။ ပျန်းရှင်းယွီက လက်မောင်းကို နှိပ်ရင်း အခန်းထဲ လျှောက်ဝင်လာနေကာ သူ့ကိုမြင်တာနဲ့ မျက်နှာပေါ်တွင် အတင်း ပြုံးယူလိုက်ပြီး -
"ချစ်သူများနေ့မှာ အလုပ်ချိန်လဲမှာပေါ့"
"အင်း"
ချိုးယိ ခေါင်းညိတ်ပြပြီး ထွက်လာသည်။
.
"မစောင့်နိုင်တော့ဘူးကွာ"
ပျန်းနမ် ဖုန်းကိုင်လိုက်ပြီး ချစ်သူများနေ့တွင် နှစ်ယောက်အတူ အချိန်ကုန်ရမည်ကို ကြားသည်နှင့် စိတ်အစဥ်က ကြည်လင်သွားပြီး အတော်ကြာအောင် သဘောကျစွာ ရယ်နေသည်။ သို့သော် ရယ်၍ပြီးသွားပြီးနောက် စိတ်မကျေနပ်စွာ ထပ်ပြောလာသည်။
"မစောင့်နိုင်တော့ဘူး။ ဘယ်နှရက်လိုသေးလဲ"
"ဒါတောင် သိပ်မဆိုးတော့ဘူး။ ငါ နှစ်ကူးပြီး ဒုတိယနေ့နဲ့ တတိယနေ့ နှစ်ရက်စလုံး အစ်မကျန်းအစား အလုပ်ဆင်းပေးရမှာ။ တစ်ပတ်ကျော် ဆက်တိုက် နားရက်မရှိတော့ဘူး"
ချိုးယိသည် ပျန်းနမ်၏ရယ်သံကို ကြားရ၍ မနေနိုင်တော့ဘဲ နှုတ်ခမ်းထောင့်တွေ အပေါ်ဘက် တွန့်ကွေးသွားသည်။
"ကိစ္စမရှိဘူး။ ငါမင်းကို နှိပ်ပေးမယ်။ နှစ်ကူးတဲ့အဲဒီရက်ပိုင်းမှာ ငါနားရက်ရတယ်။ မင်းတို့အိမ်မှာ သွားနေလို့ရတယ်"
"ဟုတ်ပြီ"
ချိုးယိပြောသည်။
ချစ်သူများနေ့ရောက်ရန် ရက်ပေါင်းများစွာ လိုသေးသော်လည်း ချိုးယိတစ်ယောက် ထိုရက်တွင် ဘယ်ကို သွားရမလဲဆိုတာ စဥ်းစားရတာလည်း အတော်လေးကို စိတ်ဖိစီးပါသည်။ သူ ပျန်းနမ်ကို လက်ဆောင်လည်း ပေးချင်သေးရာ ဘာပေးရမှန်းလည်း ဆုံးဖြတ်၍မရနိုင်ဘဲဖြစ်နေသည်။
သူ ရှန်းထောင်းကို မေးကြည့်သည်။ ရှန်းထောင်းက အနည်းဆုံးတော့ ရည်းစားထားဖူးသူဖြစ်၍ အတွေ့အကြုံလည်း ရှိလောက်မည်ဟူသောအတွေးဖြင့် ဖြစ်သည်။ သို့သော် ရှန်းထောင်းကလည်း ဒီတစ်ခေါက်မှာတော့ အားကိုး၍ မရချေ။
"ချောကလက်၊ လက်စွပ်၊ ဆွဲကြိုး၊ ကိတ်မုန့်၊ ပန်း အဲဒါတွေရှိတယ်"
ရှန်းထောင်းက အားထုတ်ပြီး စဥ်းစားနေရသည်။
"ပျန်းနမ်က ယောက်ျားလေး"
ချိုးယိတစ်ယောက် သူ့အား သတိပေးရတော့ကာ -
"မင်း တခြားဟာ စဥ်းစားပေးလို့မရဘူးလားကွာ ......"
"ငါ ယောက်ျားလေးတစ်ယောက်နဲ့ ချစ်သူများနေ့ ဖြတ်သန်းခဲ့ဖူးတာမှမဟုတ်တာ"
ရှန်းထောင်း ကူကယ်ရာမဲ့နေကာ -
"ဒါမှမဟုတ်လဲ ခါးပတ်တို့ ပိုက်ဆံအိတ်တို့ဆိုရင်ရော"
"...... ထားလိုက်တော့ ငါ့ဘာသာငါပဲ စဥ်းစားတော့မယ်"
ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။
တကယ်တော့ သူ ဘာလက်ဆောင်ပဲပေးပေး လက်ခံရရှိသူပျန်းနမ်ကတော့ ဝမ်းသာမည်သာ။ သူ ဘာမှမပေးဘူးဆိုလျှင်တောင် ပျန်းနမ်က ဘာမှဖြစ်မှာမဟုတ်။ သို့သော်ငြား ချိုးယိကတော့ နှစ်ရက်ဆက်တိုက် စဥ်းစားလိုက်ရသည်။ နောက်ဆုံးတော့ သူသည် ရွှံ့ပျော့ နည်းနည်းဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ အရုပ်နှစ်ခု ပေါင်းလိုက်လျှင် ဖက်ထားသည့်အနေအထားဖြစ်သွားသော ဝက်ရုပ်လေးနှစ်ရုပ် လုပ်ပေးမည်။ သူရော ပျန်းနမ်ပါ ဝက်နှစ်ဖွား ဖြစ်ကြသည်။
အချိန်က ကျပ်နေသော်ငြား ရွှံ့လူရုပ်နှင့်စာလျှင်တော့ လုပ်ရတာ လွယ်သည်။ ချစ်စရာကောင်းသည့်ဝက်ရုပ်က ပုံဖော်ရတာ လွယ်သည်။ သူသည် စာရွက်ပေါ်တွင် ဝက်ရုပ်နှစ်ရုပ် အလျဥ်းသင့်သလို ဆွဲလိုက်၏။ တစ်ကောင် အဖြူရောင်ဖြစ်ပြီး နောက်တစ်ကောင်က အမည်းရောင်ဖြစ်သည်။ ခဏကြည့်နေပြီးတော့ သူ သဘောကျစွာ ရယ်လိုက်တော့သည်။
သုံးညတာ လုပ်လိုက်ပြီးနောက် ဝက်ရုပ်လေးက ပြီးစီးသွားတော့သည်။ ချစ်သူများနေ့မရောက်ခင် တစ်ရက်အလိုနှင့် အတော်ပင်။
သိပ်ပြီး အနုမစိပ်သော်ငြား အတော်လေးတော့ ချစ်စရာကောင်းသည်။ ချိုးယိသည် သံဘူးတစ်ဘူးထဲ ထည့်လိုက်ပြီး သုံး၍မကုန်သော ရွှံ့ပျော့များကို အလုံးလေးလိုဖြစ်အောင် လုပ်ကာ ဘူးထဲ အတူထည့်၍ အောက်ခံအဖြစ် သုံးလိုက်သည်။
စားသောက်ဆိုင်တွင် ဒီရက်ပိုင်း အလွန်အလုပ်များနေသော်လည်း ချိုးယိက စိတ်ကြည်နေသဖြင့် ပင်ပန်းသည်ဟု မခံစားရချေ။
နေ့ခင်း အလုပ်ရှုပ်၍ ပြီးသောအချိန်တွင် သူသည် ခါတိုင်းကဲ့သို့ နောက်ဖေးတံခါးပေါက်အပြင်ရှိ လမ်းသွယ်တွင် ဆေးလိပ်သွားသောက်ဖို့ ပြင်သည်။
ယခု ဆေးလိပ်သောက်ဖို့အတွက် အလွန် ကသိကအောက်ဖြစ်ရသည်။ ပျန်းရှင်းယွီက တမင်သက်သက်လား မတော်တဆလား မသိသော်လည်း ဒီနေရာကို ခဏခဏရောက်လာပြီး လေကောင်းလေသန့်လာရှူတတ်သည်။ စစချင်းကတော့ သူနှင့်ဆုံလျှင် ချိုးယိက စကားတစ်ခွန်းနှစ်ခွန်း ပြောဖြစ်သည်။ သို့သော် ရက်ဘယ်လောက်မှ မကြာလိုက်ဘဲ သူ ရှောင်လိုက်သည်။ စကားပြောရတာ ကြောင်တောင်တောင်နိုင်သည်ဟု ထင်၍ ဖြစ်သည်။
ဒီလိုဖြင့် သူသည် အမှိုက်နည်းနည်းယူသွားပြီး အရင်သွားပစ်သည်။ ပျန်းရှင်းယွီရှိနေလျှင် အမှိုက်ပစ်ပြီးတာနဲ့ ပြန်ဝင်လာပြီး မရှိမှသာ သူ ခဏနေဖြစ်သည်။
ဒီနေ့ အမှိုက်ယူပြီး သွားပစ်သည့်အချိန်တွင် လူကို မတွေ့ရချေ။ သို့နှင့် သူသည် အမှိုက်ပစ်ပြီးတာနဲ့ ဆေးလိပ် ယူထုတ်လိုက်သည်။
ဆေးလိပ်မီးညှိဖို့အလုပ်မှာပင် ပျန်းရှင်းယွီက နောက်ပေါက်တံခါးကနေ ထွက်လာခဲ့ရာ ချိုးယိတစ်ယောက် ချက်ချင်းပင် စိတ်လေးသွားသည်။
"ရှိနေတာလား"
ပျန်းရှင်းယွီက တံခါးပေါက်တွင် ရပ်လျက် မေးလာသည်။
"အင်း"
ချိုးယိ အခုမှတော့ ရှောင်ထွက်ဖို့မကောင်းတတ်သဖြင့် ဒီတိုင်းနေပြီး ဆေးလိပ်သောက်နေရုံသာတတ်နိုင်သည်။
"ဟိုလေ ......"
ပျန်းရှင်းယွီ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် သူဘေးကို လျှောက်လာပြီး -
"မနက်ဖြန်က ချစ် ...... ချစ်သူများနေ့ဆိုတော့ တကယ်လို့ မနက်ဖြန် ...... မနက်ဖြန် လက်ဆောင်ပေးရင် နည်းနည်းလေး ...... သိပ်မကောင်းတာနဲ့ ...... အဲဒါနဲ့ ဒီနေ့ ......"
ချိုးယိ သူ့ကို လှည့်ကြည့်လိုက်ကာ -
"ဘာလဲ"
"ဟိုလေ"
ပျန်းရှင်းယွီ နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး အိတ်ကပ်ထဲကနေ လက်ရာသပ်ရပ်သော အဝတ်အိတ်လေး ယူထုတ်လာကာ သူ့အား ကမ်းပေး၍ -
"ဒီနေ့ ပေးတာဆိုတာတော့ ချစ်သူများနေ့လက်ဆောင် မဟုတ်တော့ဘူးမလား။ နင် လက်ခံလို့ရပါတယ်။ ဒါက ...... ငါလုပ်ထားတာ"
ချိုးယိ ဆေးလိပ်ခဲထားပြီး စကားမပြောသလို ပစ္စည်းကိုလည်း လက်မခံချေ။ ပျန်းရှင်းယွီ ဒီလိုလုပ်တာက သူ့အတွက် ခေါင်းနပန်းကြီးစရာ ဖြစ်ရသည်။
ခဏလောက် တိတ်ဆိတ်နေပြီးမှ သူ ဆေးလိပ်မီးငြှိမ်းလိုက်ကာ ပျန်းရှင်းယွီကို ကြည့်ရင်း -
"ကျေးဇူးပါ။ စေတနာကိုပဲ လက်ခံလိုက်ပါပြီ။ ဒါကိုတော့ ငါ လက်ခံလို့မရဘူး"
"ငါ တစ်လလောက် အချိန်ယူပြီး လုပ်ထားရတာ"
ပျန်းရှင်းယွီ စိတ်လောလာသည်။ ကြည့်ရတာ စိတ်ဇောနဲ့အတူ ရှက်လည်း ရှက်နေဟန်တူသည်။ မျက်ဝန်းထဲတွင်တောင် မျက်ရည်တွေ ဝိုင်းနေပြီဖြစ်ကာ -
"ငါ ချစ်သူများနေ့မှာ နင့်ကို ပေးတာမဟုတ်ဘူးလေ။ ပြီးတော့ ဘာမှလဲ မဟုတ်လောက်ပါဘူး။ ပြီးတော့ ...... နင်ပြောတော့ နင့်မှာ ကောင်မလေးမရှိဘူးဆို"
ချိုးယိ တိတ်ဆိတ်နေသည်။ စိတ်ထဲတွင် လွန်ဆွဲနေလွန်း၍ လူတစ်ကိုယ်လုံးတောင် မွန်းကျပ်လှောင်ပိတ်သလို ခံစားလိုက်ရသည်။ သူ ပျန်းရှင်းယွီကို အတန်ကြာစိုက်ကြည့်နေလိုက်ပြီးနောက် နောက်ဆုံးတွင် အံကိုကြိတ်လျက် တစ်ခုခုပြောဖို့အလုပ်တွင် သူ့အသံတောင် အနည်းငယ်အက်ကွဲနေတယ်လို့တောင် ခံစားလိုက်ရသည်။
"ငါ့မှာ ကောင်မလေးမရှိပေမဲ့ ငါ့မှာ ...... ကောင်လေးရှိတယ်"
ချိုးယိ ပြောလိုက်သည်။
ဒီစကား ပြောထုတ်လိုက်သည်နှင့် ပျန်းရှင်းယွီမှာ ကြက်သေသေသွားတော့သည်။ မျက်လုံးတွေ ပြူးကျယ်လျက် သူ့ကို ကြည့်နေပြီး နှုတ်ခမ်းတွေလည်း အနည်းငယ် တုန်ယင်နေသည်။ အတော်ကြာတော့မှ အသံကို နှိမ့်လျက် သူ့အား ပြောလာသည်။
"နင် ဒါ တမင်သက်သက် ဒီလိုပြောတာ ...... မဟုတ်လား။ ငါ နင့်ကို တွယ်ကပ်နေမှာစိုးလို့လား"
"မဟုတ်ဘူး"
ချိုးယိသည် ရုတ်တရက်ပင် သူ့အသက်ကို စွန့်စားနေရသော ခံစားချက်တစ်ခု ဖြစ်လာသည်။ မျက်ဝန်းတွေမှိတ် အံကိုကြိတ်ပြီး ဘာကိုမှ ဂရုမစိုက်တော့သော ခံစားချက်မျိုးဖြစ်၏။ သူ အသက်ကို ရှူသွင်းလိုက်ကာ -
"ငါက ယောက်ျားလေးတွေကို သဘောကျတာ"
***
(ဆက်ရန်)
14 Apr 2024