Chapter ● 72 ●
ဘယ်လိုဖြစ်သွားတာလဲဆိုပြီး ပျန်းရှင်းယွီကို ဖုန်းဆက်မေးလိုက်ချင်စိတ် ပျန်းနမ် အကြိမ်ကြိမ် ဖြစ်လာမိသည်။ သို့သော် အတော်ကြာ ဝေခွဲမရဖြစ်နေခဲ့ပြီးနောက် နောက်ဆုံးတော့ မဆက်ဖြစ်လိုက်ခဲ့ပါ။ သူနှင့် ပျန်းရှင်းယွီတို့ကြားက ဆက်ဆံရေးမှာ အေးဆေးငြိမ်းချမ်းစွာ ဖုန်းပြော၍ရသော ဆက်ဆံရေးမျိုး လုံးဝကို မဟုတ်နေပါ။
သူ့ဘာသာသူ စားသောက်ဆိုင်ကို သွားပြီး အလုပ်သွားလျှောက်တဲ့ကိစ္စကြောင့် ပျန်းနမ်တစ်ယောက် ခေါင်းရှုပ်ပြီး စိတ်ညစ်ရသည်။ ချိုးယိက သူ့သူငယ်ချင်းဆိုသည့်အချက်ကို သူ့အိမ်က မိသားစုများ အကုန်သိသည်။ ပျန်းရှင်းယွီက ချိုးယိအား သဘောကျနေသည့်ကိစ္စကိုလည်း တစ်မိသားစုလုံး သိကြသည်။ ယခု ပျန်းရှင်းယွီက ချိုးယိအလုပ်လုပ်နေသော စားသောက်ဆိုင်တွင် သူ့သဘောနှင့်သူ အချိန်ပိုင်းအလုပ် သွားလုပ်နေပြီ။ အိမ်ကလူတွေသိလျှင် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ပျန်းနမ် တကယ်မသိတော့ပါ။
သူ့အဖေကို မပြောရဲတဲ့စိတ်တောင် အနည်းငယ် ဖြစ်လာမိသည်။
ညနေပိုင်းလေ့ကျင့်ရေးအတန်းက သိပ်ပြီးအလုပ်မများပါ။ ဤအတန်းတွင် ကောင်မလေးများဖြစ်၍ စကားသိပ်မပြောကြဘဲ ဘောလုံးလေ့ကျင့်ရေးကိုသာ အာရုံစိုက်ကြသည်။ ပျန်းနမ်က ကုဝေ ညွှန်ကြားသည့်အတိုင်း ထိုကောင်မလေးများကို ဘောလုံးကျွေးပေးပြီး အဖော်လုပ် လေ့ကျင့်ပေးရုံသာ။
သို့သော် စတင်လေ့ကျင့်၍ သိပ်မကြာခင်မှာ ခဏနားချိန် မတိုင်မီလေးတွင် လော်မိသားစုအိမ်က ဒုတိယသခင်လေး ရောက်လာပြန်သည်။ ရောက်လာသည်နှင့်တပြိုင်နက် ပျန်းနမ်တို့လေ့ကျင့်နေသော ကွင်းထဲ အပြေးရောက်လာပြီး ပျန်းနမ်ထိုင်နေသည့်နံဘေးတွင် လာထိုင်လေသည်။
ပျန်းနမ် သူ့ကို တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး စကားမဆိုချေ။
လော်မိသားစုအိမ်က ဒုတိယသားတော်မောင် သခင်လေး၏နာမည်မှာ လော်ယိယန် ဖြစ်သည်။ ပျန်းနမ် မေးမြန်းစုံးစမ်းဖူးသည်။ ပျန်းနမ်ထက် အသက်နှစ်နှစ်ကြီးပြီး တက္ကသိုလ် ဒုတိယနှစ် တက်နေသည်။ ကျောင်းပိတ်သည်နှင့် များသောအားဖြင့် ကျန်ဖေးရှိ တင်းနစ်ကွင်းသို့ ရောက်လာလေ့ရှိပြီး အချိန်လာဖြုန်းနေတတ်သည်။
ထိုလူ၏ နှုတ်ခမ်းမွေးတွေကိုကြည့်ပြီး ပျန်းနမ်ကတော့ သူ့ထက် ငါးနှစ်ခြောက်နှစ်လောက် အသက်ကြီးသည်ဟု အမြဲ ထင်နေခဲ့သည်။ သို့သော် ဒီရက်ပိုင်း နှုတ်ခမ်းမွေးတွေကို ရိတ်လိုက်တော့မှ အသက်အရွယ် သိပ်မကြီးသေးတာက သိသာထင်ရှားလာသည်။
"နားပြီပေါ့"
လော်ယိယန်က မေးသည်။
"အင်း"
ပျန်းနမ် ပြန်ဖြေလိုက်၏။
"ဟိုဘက် သွားမယ်လေ"
လော်ယိယန်က ဘေးကပ်လျက်ရှိ လူမရှိဘဲ လွတ်နေသည့် တင်းနစ်ကွင်းဘက် ညွှန်ပြလိုက်ကာ -
"ငါနဲ့ နှစ်ပွဲလောက် အတူတူကစားရအောင်"
"ပင်ပန်းနေပြီ"
ပျန်းနမ် မလှုပ်မယှက် ငြိမ်သက်နေသည်။ လော်ယိယန်၏လက်ရည်က သိပ်ပြီး ကောင်းနေခြင်း မရှိပါ။ ပျန်းနမ် ယခင်က သူနှင့် နှစ်ကြိမ် အတူရိုက်ဖူးပြီး တကယ် ပျင်းဖို့ကောင်းနေရာ -
"မလှုပ်ချင်ဘူး"
"မရိုက်ရဲတာလား"
လော်ယိယန်က မတ်တတ်ရပ်လိုက်သည်။
"ဘာမရိုက်ရဲစရာအကြောင်း ရှိလဲ။ ခင်ဗျား ကျွန်တော့်ကို နိုင်အောင် ရိုက်နိုင်လို့လား"
ပျန်းနမ် ပြောလိုက်သည်။ လော်ယိယန်ဆိုသည့်လူက အနည်းငယ် တုံးအအ ဆန်ချင်သလိုရှိသည်။ ကြည့်လိုက်လျှင်တော့ ဘဝင်လေဟပ်ပြီး အပြတ်သားနားပုံ ပေါ်သည်။ သို့သော် လေးငါးကြိမ်လောက် ပြောဆိုဆက်ဆံကြည့်လိုက်လျှင် အဲဒီလောက်လည်း မဟုတ်မှန်း သိနိုင်၏။ ထို့ကြောင့် ပျန်းနမ် သူနှင့်စကားပြောလျှင် ပေါ့ပေါ့ပါးပါးသာ ပြောတော့သည်။
"တစ်လျှောက်လုံး လက်နောက်ပြန်နဲ့ ရိုက်ရင်တောင် ခင်ဗျား ကျွန်တော့်ကို မနိုင်ဘူး"
"ဟွန်း ..."
လော်ယိယန်က မထီမဲ့မြင်နဲ့ ရယ်လိုက်ပြီး -
"ဒါဆို လက်နောက်ပြန်ပဲ ငါနဲ့လာရိုက်လေ"
"ဟမ်း ......"
ပျန်းနမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး မတ်တတ်ရပ်လာကာ ရက်ကက် လှမ်းယူရင်း -
"ကျွန်တော် ဆယ်မိနစ်ပဲ အချိန်ရမှာ။ ခဏနေ ဒီမှာ လေ့ကျင့်ပေးရအုံးမယ်"
"သိတယ်"
လော်ယိယန်က ပြောပြီး ဟိုဘက်ရှိရာဆီ လှည့်ထွက်သွားသည်။
စိတ်ထင့်ခြင်း အလျှင်း မရှိချေ။ လော်ယိယန်၏အရည်အချင်းက သာမန်လူတွေထဲတွင် သိပ်မဆိုးသည့်အထဲ ပါဝင်ပါသည်။ သို့သော် ပျန်းနမ်ရှေ့မှာတော့ ဘောလုံးနောက် လိုက်ပြေးနေသည့်အဆင့်မှာသာ ရှိပါသည်။
ဆယ်မိနစ်ကြာပြီးနောက် လော်ယိယန်က ရက်ကက်ကို ပခုံးပေါ်တွင် တင်လိုက်ရင်း -
"ဟုတ်ပြီ။ မရိုက်တော့ဘူး"
"အင်း"
ပျန်းနမ်က တစ်ဖက်ကို လှည့်ထွက်သွားပြီး ဟိုဘက်ရှိ ကလေးမလေးများကို ဆက်လက်လေ့ကျင့်ပေးဖို့ ပြင်သည်။
"ဟေ့ ငါမေးအုံးမယ်"
လော်ယိယန်က သူ့အား ခေါ်လိုက်ပြီး -
"မင်းက အားကစားကျောင်းကမလား"
"ဟုတ်တယ်"
ပျန်းနမ် ပြန်ဖြေသည်။
"ဒီလောက် ကောင်းကောင်းရိုက်နိုင်တာကို ဘာလို့ ဆက်မကစားတော့တာလဲ။ ငါတို့ကျောင်း ဘေးနားမှာတင် အားကစားတက္ကသိုလ်ရှိတယ်။ အဲဒီက တင်းနစ်ရိုက်တဲ့လူတွေရဲ့အရည်အချင်းက မင်းလောက်တောင် မကောင်းသလိုပဲ"
လော်ယိယန်က ပြောသည်။
ပျန်းနမ် အနည်းငယ် ဆွံ့အနေသည်။ ဤနေရာတွင် အလုပ်သင်လာလုပ်တာ အချိန်သိပ်မကြာသေးသော်ငြား ထိုမေးခွန်း အမေးခံရတာဟာ သုံးကြိမ်တောင် ရှိနေခဲ့ပြီ။ ရှစ်ကျန်းမေးဖူးသလို ကုဝေလည်း မေးဖူးသည်။ ယခု လော်ယိယန်လည်း မေးလာခဲ့ပြီ။
ဒီလောက် ကောင်းကောင်းရိုက်နိုင်တာကို ဘာလို့ ဆက်မကစားတော့တာလဲ။
သူ၏ပြိုင်ပွဲစွမ်းဆောင်ရည်နှင့်ရလဒ်တွေကို ပြန်စဥ်းစားကြည့်လိုက်သော် အမှန်တကယ်ပင် ကောင်းမွန်ခဲ့ပါသည်။ ဆက်လက်၍ ကစားသွားလျှင် တိုးတက်မှုရှိလာနိုင်၏။ သို့သော် သူ ဘာကို သဘောကျနှစ်သက်သလဲဆိုတာ သူ့ကိုယ်သူပင် မသိသော်ငြား တင်းနစ်ကစားရတာကို မနှစ်သက်တာကိုတော့ သူသိပါသေးသည်။
"တင်းနစ်ရိုက်ရတာ မကြိုက်လို့"
ပျန်းနမ်က အသံအုပ်အုပ်ဖြင့် ပြောသည်။
"ဒါဆို မင်းဘာလို့ တင်းနစ်ရိုက် သင်သေးလဲ"
လော်ယိယန် မေးသည်။
ပျန်းနမ် သူ့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး -
"မသိဘူး"
"ကြေကွဲစရာပါလား ကြေကွဲစရာပဲ"
လော်ယိယန်က ပြောသည်။
သူ၏သောကဝေ၍ ပူဆွေးနေသောမျက်နှာကို ကြည့်ပြီး ပျန်းနမ် မြူးသွားကာ -
"ကဗျာရေးတော့မှာလား ဒါမှမဟုတ် ဆောင်းပါလား"
"ဦးတည်ချက်မဲ့တဲ့ ဘဝလေ ဘယ်လောက်တောင် ကြေကွဲဖို့ကောင်းလိုက်သလဲ"
လော်ယိယန်က သူ့အား ကြည့်နေသည်။
"လခွမ်း"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ကာ -
"ကျွန်တော့်မှာ ဦးတည်ချက်မရှိဘူးလို့ ဘယ်သူပြောလဲ"
ယခင်ကတော့ မရှိတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခုမူ တကယ်တော့ ဝေးဝေးလံလံလည်း မတွေးထားသော်ငြား လောလောဆယ်မှာတော့ ယာယီပန်းတိုင်တစ်ခုတော့ ရှိနေပြီ။
ရှစ်ကျန်းလိုမျိုး နည်းပြချုပ် ဖြစ်ချင်သည်။
ကုဝေကတော့ သူ့ကို အတော်လေး အားရသည်။ လေ့ကျင့်ရေးတွေ ပြီးဆုံးသွားတိုင်း သူ့ပခုံးကို လာလာပုတ်ပေးပြီး -
"လူငယ်လေးက ထက်မြက်ပြီး ပါးနပ်သားပဲ။ အားတက်သရောလဲ ရှိတယ်။ အရင် ......"
"အရင်က ခင်ဗျားလက်ထောက်တွေထက် အများကြီး ပိုသာတယ်"
ပျန်းနမ် သူ့အစား ပြောပေးလိုက်သည်။
"မှန်တယ်"
ကုဝေ ရယ်လိုက်ပြီး -
"ခဏနေ အိမ်ပြန်တော့မှာလား။ မပြန်ရင် ငါတို့နှစ်ယောက် တစ်ခွက်လောက် သွားမော့ရအောင်လေ"
"ပြန်မှဖြစ်မယ်။ ကျွန်တော့်အဖေကို အိမ်ပြန်ထမင်းစားဖို့ ပြောလိုက်ပြီးပြီ"
ပျန်းနမ်သည် အိမ်ပြန်ဖို့အကြောင်း စဥ်းစားမိသောအခါ ပျန်းရှင်းယွီဟူသည့် ကလန်ကဆန်တော်လှန်မင်းသမီးလေး၏ကိစ္စကိုလည်း တွေးမိသွားပြန်ကာ ချက်ချင်းပင် စိတ်တွေ ထိုင်းမှိုင်းသွားသည်။
"ဒါဆို နောက်နေ့တွေမှပေါ့။ ဘာပဲဖြစ်ဖြစ် အခု မင်း နေ့တိုင်း လာနေတာပဲဆိုတော့"
ကုဝေက ရယ်လျက်ပြောသည်။
"ဟုတ်ပြီ"
ပျန်းနမ် သွားပေါ်အောင်အထိ ရယ်ပြလိုက်သည်။
အလုပ်သင်ဝန်ထမ်း၏လစာက အလွန်နည်းပါးသည်။ တရားဝင်ဝန်ထမ်းအသစ်၏တစ်ဝက်တောင် မရှိချေ။ ယွမ်နှစ်ထောင်တောင် မပြည့်သောငွေမှာ ပျန်းနမ်၏မျက်လုံးတွင် ငွေမရှိသည်နှင့် ထူးမခြားနားပင်။ သူကျောင်းတက်သည့်အချိန်တုန်းက မုန့်ဖိုးသည်ပင် ဒီမဆိုစလောက်ငွေထက်မက များသေးသည်။ သို့သော် ချိုးယိက သူတို့အိမ်က မိသားစုသုံးယောက်၏ တစ်လစာအသုံးစရိတ်သည်လည်း အခြေခံအားဖြင့် ထိုမျှသာရှိသည်ဟု ပြောသည်။
ထို့ကြောင့် ပျန်းနမ်က လတိုင်း လစာကိုသာသုံးပြီး နေထိုင်သုံးစွဲသွား၍လောက်မလောက်ကို စမ်းကြည့်ဖို့ တွေးထားသည်။ ယခုတွင် အလုပ်ဆင်းပြီး အိမ်ပြန်လျှင်တောင် သူ မြေအောက်ရထားသာ တိုးစီးနေသည်။ ယခင်ကသာဆိုလျှင် အပြင်ထွက်ပြီး သရေစာမုန့် ထွက်ဝယ်စားလျှင်တောင် တက္ကစီငှားပြီး သွားသည်။
ရုံးဆင်းချိန် မြေအောက်ရထားတိုးစီးရတာလည်း တကယ်ကိုပင် ခက်ခဲပင်ပန်းလှသည်။ သူ့ခါးနောက်တွင် လာရောက်ထိပါးနေသော အိတ်က ဘယ်တံဆိပ်က သားရေအိတ်လဲတော့ မသိချေ။ ရှေ့တွင်တော့ မရပ်မနား ၁၈၀ဒီဂရီ ပတ်လည်လှည့်နေသော အစ်မကြီးတစ်ယောက်ရှိသည်။ တစ်မှတ်တိုင်အတွင်း သူ ကိုယ်ကို လှည့်နေတာ ၄ ကြိမ်ရှိတာတောင် သင့်တော်သော အနေအထား ရှာမတွေ့သေးချေ။ လျှပ်ငြိမ်ကြောင့် ကခုန်ပျံသန်းနေသော ဆံပင်ရှည်တွေက ပျန်းနမ် မျက်နှာပေါ် လာကပ်နေသည်။
[T/N: လျှပ်ငြိမ်တယ်ဆိုတာ ရာသီဥတုခြောက်သွေ့ရင် ဆံပင်တွေ အမွေးတွေက လျှပ်စီးသလို ဖြစ်နေတာကို ပြောတာပါ။]
"အစ်မ"
ပျန်းနမ် တကယ်ကို သည်းမခံနိုင်တော့ဘဲ -
"ဆံပင်ကို စည်းလိုက်လို့ရမလားဟင်"
"ဘာဖြစ်တယ်"
အစ်မကြီးက အနည်းငယ်အံ့အားသင့်ဟန်ဖြင့် သူ့အား ကြည့်နေကာ -
"အစ်မရဲ့ဆံပင်တွေ ကျွန်တော် ထပ်မစားချင်တော့ဘူး"
ပျန်းနမ် ကူကယ်ရာမဲ့စွာ ပြောသည်။
ထိုအစ်မကြီးက တစ်ချက်ကြောင်သွားပြီးနောက် သူ့ဆံပင်ကိုသူ အမြန်ယူကြည့်လိုက်ပြီး စမ်းကြည့်လိုက်သည်။ ထို့နောက် အိတ်ကပ်ထဲကနေ ဆံပင်စည်း သားရေကြိုးတစ်ချောင်း ယူထုတ်လာကာ ဆံပင်တွေကို စည်း၍ သိမ်းလိုက်တော့သည်။
ပျန်းနမ် စိတ်သက်သာရစွာ အသက်ရှူထုတ်လိုက်၏။ ရထား မှတ်တိုင်ရောက်ပြီဖြစ်၍ ဘေးပတ်ပတ်လည်က လူတွေလည်း တံခါးပေါက်ရှိရာဆီ တိုးရွေ့သွားကြသည်။ အတွေ့အကြုံမပြည့်ဝသည့် ပျန်းနမ်တစ်ယောက် တံခါးပေါက်နှင့် အတော်နီးကပ်သည့်နေရာတွင် ရပ်မိသဖြင့် ရုန်းကန်လူးလွန်းဖို့တောင် အခွင့်အရေးမရလိုက်ဘဲ တိုးဝှေ့နေသော လူအုပ်ကြီးနှင့်အတူ ရထားအပြင်ဘက် ပလက်ဖောင်းပေါ် တန်းရောက်သွားတော့သည်။
"ငါ့လခွမ်း"
ပျန်းနမ် တန့်သွားခဲ့၏။ ရထားတွဲပေါ် ပြန်၍ တိုးဝှေ့တက်ရန်လုပ်သည့်အချိန်တွင် ရထားတွဲထဲ၌ လူအုပ်တွေနှင့် ပြည့်နှင့်နေခဲ့ပြီ။
ရထားပေါ် ဘယ်လို ပြန်တိုးဝင်ရမလဲဆိုတာ သူ မသိနေပါ။ ရထားပေါ်တက်ဖို့ပြင်နေသည့်လူအုပ်ကြီးနှင့်အတူ သူတို့နောက်တွင် ခဏစောင့်နေရင်းမှာပင် ရထားက ထွက်ခွာသွားပြီ။
"ဟ"
လှိုဏ်ခေါင်း လမ်းကြောင်းထဲသို့ မောင်းဝင်သွားသော ရထားတွဲကို အကြည့်နှင့် နှုတ်ဆက်ပို့ဆောင်နေမိသည့်ပျန်းနမ်တစ်ယောက် ယခုလက်ရှိ သူ့စိတ်ခံစားချက်ကို ဘယ်လို ဖော်ပြရမှန်းတောင် တကယ်ကို မသိနေတော့ချေ။
စိတ်ညစ်ထိုင်းမှိုင်းနေတုန်းမှာပင် ဘောင်းဘီအိတ်ကပ်ထဲတွင်ရှိသော ဖုန်းဝင်လာသံ မြည်လာသည်။ သူ ယူထုတ်လိုက်ကြည့်လိုက်တော့ ခေါ်ဆိုသူက "ချိုးသာ့ပေါင်" ဖြစ်နေသည်။
"ဟဲလို"
သူ ဖုန်းကိုင်လိုက်သည်။
"လေသံ ပြင်းနေပါ့လား။ လန့်သွားတာပဲ"
ဖုန်းတစ်ဖက်ရှိ ချိုးယိက ရယ်လိုက်သည်။
"မင်း အလုပ်ဆင်းပြီလား"
ပျန်းနမ် မေးလိုက်သည်။ ချိုးယိ၏အသံကို ကြားလိုက်ရသည်နှင့် သူ့ရင်ထဲတွင် များစွာ နေလို့ကောင်းသွားသည်။
"ဘယ်ကလာ ဆင်းရမှာလဲ။ အလုပ်စရှုပ်ဖို့ ပြင်ဆင်နေတုန်း။ ညစာအချိန် ရောက်ပြီ။ ဒီအချိန်လေးပဲ အားလို့ မင်းဆီ ဖုန်းဆက်လိုက်တာ"
ချိုးယိက ရယ်လျက် ပြောသည်။
"မင်း ဘယ်မှာတုန်း"
"...... မြေအောက်ရထား။ လမ်းတစ်ဝက်မှာ ရထားအပြင်ရောက်အောင် အတွန်းခံလိုက်ရတာ အခုထိ ရထားပေါ် ပြန်မတက်ရသေးဘူး"
ပျန်းနမ် ထိုအကြောင်း ပြောမိသည်နှင့် စိတ်ညစ်သွားပြန်ကာ -
"မင်းပြောစမ်း ဒီမြေအောက်ရထားက ဘယ်လိုဟာကြီးလဲကွာ။ အခု လူတွေ စောင့်နေတာ နည်းတာမဟုတ်ဘူး။ တစ်ပုံကြီးပဲ။ ခဏနေ ငါ ဘယ်လို တက်ရမှာလဲ"
"တိုးလေ။ တက္ကစီစီးတယ်များ မှတ်နေတာလား မင်းက။ ရုံးတက်ရုံးဆင်းချိန်တွေဆို တက္ကစီလဲ လုရတာပဲ။ အားကစားသမားတစ်ယောက်ဖြစ်ရဲ့သားနဲ့ ရထားပေါ် တိုးမတက်နိုင်ဘူးပေါ့ ဟုတ်လား"
ချိုးယိ အတော်ကြာအောင် ရယ်နေလိုက်သည်။
"လူတွေ ဒီလောက်များတာ ......"
ပျန်းနမ် ခေါင်းရှုပ်နေကာ -
"ကောင်မလေးတွေလဲ ရှိတယ်။ ခဏနေ မတိုးတတ် တိုးတတ်နဲ့ တိုးလိုက်လို့ လူရမ်းကား အပေအတေဆိုပြီး အော်မယ့်လူ မရှိလောက်ဘူးမလား"
"အော်ရင် မင်းလဲလိုက်အော်လိုက်ပေါ့ ပြီးနေတာပဲ"
ချိုးယိက ပျန်းနမ်၏လေသံကို တုပလျက် တစ်ခွန်းအော်ပြလေသည်။
"ဘယ်မြေနိုးက လောင်ကျစ်ရဲ့ဖင် လာကိုင်နေတာလဲ လို့"
"လခွမ်း မင်းဆိုတဲ့ကောင်ကလေ တကယ်ကြီး အရှက်မရှိတာ"
ပျန်းနမ် မြူးသွားသည်။
"ဖြည်းဖြည်းချင်း တိုး။ နောက်ဆိုရင် အတွေ့အကြုံရှိလာမှာပါ"
ချိုးယိ စကားခဏရပ်သွားသည်။ ဆေးလိပ်ဖွာလိုက်ဟန် တူသည်။ ချိုးယိက ဆက်၍ -
"အိမ်ပြန်ရောက်ရင် ပျန်းရှင်းယွီကိစ္စကို မင်းအဖေကို ပြောပြဖို့ မမေ့နဲ့အုံး"
"အင်း သိပါတယ်။ မင်း ဖုန်းဆက်တာက အဲဒါ ပြောဖို့အတွက်ပဲလား"
ပျန်းနမ်က ဘေးနားရှိ တိုင်လုံးပေါ်ကို မှီလိုက်သည်။
"မင်းမပြောမှာ စိုးလို့"
ချိုးယိ ပြောသည်။
ပျန်းနမ် တိတ်ဆိတ်နေသည်။ အမှန်တကယ်ပင် သူ မပြောပြချင်စိတ် အနည်းငယ် ရှိနေပါသည်။
"ငါ မင်းကို ပြောပြမယ်"
သူ အသံမထွက်တာကို ကြည့်ပြီး ချိုးယိက ဆက်ပြောလာကာ -
"ဒီကိစ္စက မင်း ပြောကိုပြောပြရမယ်။ မင်းအဖေနဲ့အန်တီတို့ သူတို့ဘာသာသူတို့ မသိခင် ပြောပြမှဖြစ်မှာ။ မဟုတ်ရင် ငါတို့နှစ်ယောက်က ကြံရာပါဆိုပြီး ဖြစ်လာမှာ။ အဲဒီအချိန် မင်းအဖေ စိတ်ဆိုးရင် မင်းပါ ထိမှာ။ နားလည်လား"
"...... ဟမ်း။ သိပါပြီ"
ပျန်းနမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။ ချိုးယိဆိုသည့်လူဟာ ဘာကိစ္စကိုမဆို သူ့ထက်ပို၍ တွေးတောစဥ်းစားတတ်သည်။
နောက်ရထားတစ်စီး လာသည့်အချိန်တွင် ပျန်းနမ်သည် လူအုပ်ထဲကို အမြန်တိုးဝင်သွားကာ လူအုပ်ထဲ ဝင်ရောက်ပြီး ရန်ဖြစ်ရိုက်ပုတ်သလိုပင် ရှေ့တိုးလိုက်၏။ လူအုပ်ထဲ ဝင်ရောက်သွားပြီးနောက်မှာတော့ များစွာ ပေါ့ပါးသည်။ ယခင်အတိုင်းပင် လူအုပ်ကြီးထဲ ပတ်ခြံရံခံထားရရင်း ရထားတွဲပေါ်သို့ လိမ့်ဝင်ရောက်ရှိသွားတော့သည်။
သူ အလယ်ထဲကို ထပ်တိုးဝင်သွားသည်။ နောက်တစ်မှတ်တိုင်တွင် ရထားအပြင်ရောက်အောင် တိုးတိုက်မခံရအောင် ဖြစ်ပါ၏။
ဆင်းရမည့်မှတ်တိုင်ရောက်၍ မြေအောက်ရထားထဲကနေ ထွက်လာသည့်အချိန်တွင် သူကိုယ်ပေါ်က အဝတ်အစားတွေတောင် တစ်ပတ်လည်သွားအောင် အတိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
အိမ်ကို ပြန်ရောက်သည့်အချိန်တွင် အိမ်အကူက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေဆဲဖြစ်သည်။ အဖေနှင့်အန်တီက ဧည့်ခန်းတွင် စကားပြောထိုင်နေကြပြီး ပျန်းဟောက်က ဘေးနားတွင် တီဗွီကြည့်နေသည်။
"ဘယ်လိုဖြစ်လို့လဲ။ အင်္ကျီက ဘယ်လို ပြဲသွားတာလဲ"
သူ့ကို မြင်တာနှင့် အန်တီက ထရပ်လိုက်သည်။
"ဟင်"
ပျန်းနမ် ကြောင်သွားကာ ငုံ့ကြည့်လိုက်တော့မှ အနွေးထည်၏လက်ဝနားတွင် အပေါက်တစ်ပေါက် ပြဲနေတာကို တွေ့လိုက်ရသည်။ တစ်ယောက်ယောက်၏အိတ်တွင် ချိတ်မိသွားပုံရသည်။ သူ သက်ပြင်းတစ်ချက်ချလိုက်ကာ -
"ကျွန်တော် မြေအောက်ရထား တိုးစီးပြီး ပြန်လာခဲ့လို့"
"...... ကိုယ့်ဒုက္ခကိုယ်ရှာတာမဟုတ်ဘူးလား ဒါက"
အဖေလည်း သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။
"ရှင်းယွီက မဖြစ်မနေ အချိန်ပိုင်းအလုပ်လုပ်ချင်တာနဲ့ အတူတူပဲမဟုတ်ဘူးလား"
ပျန်းဟောက်လည်း လိုက်၍ သက်ပြင်းတစ်ချက် ရှူထုတ်သည်။
ပျန်းဟောက်က ဒီနေ့ကျမှ မိမိကို ပြဿနာမရှာသဖြင့် ပျန်းနမ်လည်း အနည်းငယ် အံ့ဩမိသည်။ သို့သော် ထိုစကားကြောင့် သူ့အဖေအား ပျန်းရှင်းယွီအကြောင်း ပြောပြဖို့ကိုလည်း သတိရသွားစေကာ သည်လိုဖြင့် သူက သတ္တိမွေးပြီး ပြောလိုက်သည်။
"အဖေ ကျွန်တော် အဖေ့ကို ပြောစရာရှိတယ်"
အဖေက သူနှင့်အတူ အပေါ်ထပ် လိုက်တက်လာပြီး သူ့အခန်းထဲ ဝင်လာသည်။
"ပျန်းရှင်းယွီ ပြန်ရောက်ပြီလား"
သူ့အခန်းနှင့် မျက်စောင်းထိုးရှိ ပျန်းရှင်းယွီ၏အခန်းကို တစ်ချက်လှမ်းကြည့်တော့ တံခါးပိတ်ထားသည်။
"ပြောတာကတော့ နည်းနည်းနောက်ကျမယ်တဲ့။ သူ့အတန်းဖော်နဲ့ ဈေးဝယ်ထွက်မယ်ဆိုပြီး။ ဘာဖြစ်လို့လဲ"
အဖေက ပျန်းရှင်းယွီ၏နာမည် ကြားသည်နှင့် အနည်းငယ်ရင်ထိတ်လာသည်။
"ဟိုလေ ...... ဟို ချိုးယိ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်"
ပျန်းနမ် ခေါင်းကုတ်လိုက်ကာ -
"စားသောက်ဆိုင်မှာ သူ့ကိုတွေ့တယ်တဲ့။ သူ့ဘာသာသူ အလုပ်သွားလျှောက်တာ။ သူများဆိုင်က လူခေါ်နေတုန်းဆိုတော့ ခန့်လိုက်တယ်တဲ့"
"ဘာ"
အဖေ တန့်သွားကာ -
"ဒီကလေးက ရူးသွားတာလား"
"ကျွန်တော် မသိဘူး ...... အဖေ ......"
ဘယ်လိုဆက်ပြောရမှန်း ပျန်းနမ် မသိတော့ချေ။
"ဟုတ်ပြီ။ ငါသိပြီ"
အဖေက သူ့ပခုံးကို ပုတ်လိုက်ပြီး -
"ငါ သူနဲ့ ပြောလိုက်မယ်။ ဟမ်း ......"
အဖေက ထမင်းစားပြီးတော့မှ ပျန်းရှင်းယွီနှင့် စကားပြောဖို့ ရွေးချယ်လိုက်တာက အမြော်အမြင်ရှိတယ်လို့ ပျန်းနမ် ခံစားလိုက်ရသည်။ ပျန်းနမ် အခန်းထဲ အောင်းနေရင်းတောင် ပျန်းရှင်းယွီ၏ စိတ်ဆိုးဆိုးနဲ့ငိုသံကို ကြားနေရသည်။
အကယ်၍သာ ထမင်းမစားမီ ပြောလျှင် ဒီထမင်းတစ်နပ်လည်း စားဖြစ်ဖို့ရာ မရှိတော့ချေ။
သို့သော်လည်း ဒီစကားဝိုင်းက ဘာအကျိုးမှ ထူးဟန်မတူ။ အဖေ၊ အန်တီနှင့် ပျန်းဟောက်တို့ အကြိတ်အနယ် ဝိုင်းပြောကြလည်း ပျန်းရှင်းယွီကို ညှိနှိုင်းယူ၍ မရနိုင်ခဲ့ချေ။
အောက်ထပ်က တိတ်ဆိတ်သွားတော့မှ ပျန်းနမ် တံခါးကို အသာအယာဖွင့်လိုက်သည်။ မီးဖိုထဲသွားကာ သောက်ဖို့ သစ်သီးဖျော်ရည် သွားယူရန်ဖြစ်သည်။
တံခါးဖွင့်လိုက်ခါစမှာပင် မျက်လုံးတွေ နီရဲတွတ်နေသော ပျန်းရှင်းယွီတစ်ယောက် ပြေးတက်လာတာကို မြင်လိုက်ရသည်။ ပျန်းနမ် အခန်းထဲ ပြန်ဆုတ်သွားကာ တံခါးပိတ်ဖို့အလုပ်တွင် ပျန်းရှင်းယွီက သူ့အခန်းတံခါးအပြင်ကို ရောက်လာပြီဖြစ်ကာ -
"ပျန်းနမ်။ ငါ့အပေါ် နင့်အမုန်းက ဘယ်လောက်တောင် ကြီးတာလဲ။ ပြန်တိုင်တာ နည်းနည်းလေးတောင် မလွဲဘူး။ လူယုတ်မာ"
ပျန်းနမ် ဘာမှ မပြောချေ။ လှေကားဘက်ကနေ ပျန်းဟောက်၏အသံ ထွက်ပေါ်လာသည်။
"သူ့ကို ဘာလို့ ဆဲနေတာလဲ။ ဒီကိစ္စက သူ့အနေနဲ့ မပြောပြဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ကိုကိုက ပျန်းနမ်ကို ကာပေးတယ်ပေါ့ ဟုတ်လား"
ပျန်းရှင်းယွီက ချက်ချင်းပင် ပျန်းဟောက်အား လှည့်ကြည့်လိုက်ကာ -
"ကိုကို နောက်ဆို ညီမလေးကို စကားလာမပြောတာနဲ့။ မြင်တာနဲ့ကို စိတ်ရှုပ်တယ်။ စိတ်တိုလို့ သေတော့မယ်"
တကယ်တော့ ပျန်းဟောက် ထိုသို့ တစ်ခွန်းပြောလာတာကို ပျန်းနမ်လည်း အတော်လေး အံ့ဩမိပါသည်။ သို့သော် သူ ရှည်ရှည်ဝေးဝေး မတွေးနိုင်ခင်မှာပင် ပျန်းရှင်းယွီ၏တံခါးဆောင့်ပိတ်လိုက်သံက ကျယ်လောင်လွန်း၍ သူ လန့်တောင်သွားသေးသည်။
ပျန်းဟောက်က သူနှင့် အကြည့်တစ်ချက်ဆုံသွားပြီးနောက် အောက်ထပ် ဆင်းသွားသည်။
.
"မင်းကြည့်အုံး ဒီကိစ္စ ဝင်နှောက်လိုက်တာကလဲ။ ငါမပြောပြဘူးဆိုရင် အဖေက ငါ့ကို အပြစ်တင်မယ်။ ပြောပြပြန်တော့လဲ ပျန်းရှင်းယွီက ငါ့ကို လူယုတ်မာဆိုပြီး ဆဲတယ်"
ပျန်းနမ်က ချိုးယိအား ဖုန်းဆက်လိုက်သည်။
ချိုးယိဘက်တွင် စောစောကပဲ ဧည့်သည်တစ်ဝိုင်း ပြန်သွား၍ အချိန်လေး အနည်းငယ်ရသဖြင့် နောက်ဖေးတွင် ဆေးလိပ်တစ်လိပ် သွားသောက်နေခြင်းဖြစ်သည်။ လေတိုးနေသံကို ဖုန်းစပီကာကနေတဆင့်တောင် ပျန်းနမ် ကြားနေရသည်။ သူ ကျွတ်ခနဲ စုတ်သပ်လိုက်ကာ -
"မင်း ချောင်းဆိုးနေတုန်းလေ။ လေလဲတိုက် ဆေးလိပ်ကလဲ ဖွာနေသေးတယ်။ ငါ မင်းကို ပြုစုတာ မလောက်သေးဘူးလို့ ထင်နေတာမဟုတ်လား မင်းက"
"အခုပဲ ဝင်တော့မှာ။ ချောင်းက သိပ်တောင် မဆိုးတော့ဘူး"
ချိုးယိ ရယ်လိုက်ကာ -
"ပျန်းရှင်းယွီ မင်းကိုဆဲလဲ မင်း ပြောပြရမှာပဲလေ။ သူနဲ့မင်းအဖေကြားမှာ မင်းအဖေဘက်မှာပဲ မင်း သေချာပေါက် ရပ်ရမှာပေါ့"
"အင်း"
ပျန်းနမ် ခုံပေါ်တွင် ထိုင်လိုက်ကာ တစ်ပတ် လှည့်လိုက်ပြီး -
"ဒါနဲ့လေ ဒီနေ့ ပျန်းဟောက်က အရက်သောက်များပြီး မူးနေတဲ့အတိုင်းပဲ။ ငါ့ကို ပြဿနာမရှာတဲ့အပြင် ငါ့ဘက်ကနေတောင် စကားကူပြောပေးသေးတယ်။ သူ့စတိုင်နဲ့ မတူလိုက်တာ"
"သေချာပေါက် မင်းဘက်က ကူပြောပေးရမှာပေါ့"
ချိုးယိ ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး -
"ပျန်းရှင်းယွီကို ဖျောင်းဖျလို့မရနိုင်ဘူးဆိုတာ အစကတည်းက သဘောပေါက်ထားပြီးသားလဲ ဖြစ်နိုင်လောက်တယ်။ ပျန်းရှင်းယွီ တကယ်တမ်း အလုပ်လုပ်မယ်ဆိုရင် သူ့ရဲ့ရတနာလိုအဖိုးတန်နှမလေးအကြောင်းကို မင်းဆီကနေ စုံစမ်းဖို့တောင် မျှော်လင့်နေမှာ"
"...... ဟုတ်သားပဲ။ တကယ့်ကို အဟုတ်ပဲ"
ပျန်းနမ် ရယ်လိုက်ကာ -
"အစ်ကိုဆိုတဲ့အလုပ်အပေါ် တော်တော့်ကို စိတ်တွေနှစ်မြှုပ်ထားတာပဲ"
"ဒါပေမဲ့ မင်း သူတို့ကို ပြောထားလို့ရတယ်။ သိပ်စိတ်ပူဖို့ မလိုဘူးလို့။ ငါတို့စားသောက်ဆိုင်ကလဲ ဈေးမြင့်တဲ့ဆိုင်လေ။ သီးသန့်ခန်းဘက်က တော်တော် အဆင်ပြေတယ်။ ပြဿနာတွေ မများဘူး။ သောက်တာများလို့ မူးရင် ပြဿနာရှာကြတာလဲ နည်းတယ်"
ချိုးယိ ခဏတွေးလိုက်ပြီး -
"တစ်ခုခုဖြစ်ရင် ငါလဲ ကူရှင်းပေးမှာပါ"
"ဪ"
ပျန်းနမ် ချက်ချင်းပင် စိတ်ထဲ မသက်မသာဖြစ်သွားကာ -
"ဪ ဪ ......."
"ချေးကို ဪနေလိုက်"
ချိုးယိ သဘောကျသွားကာ -
"ငါ တကယ်ကို မျက်နှာလွှဲခဲပစ် ပစ်ထားရင် တစ်ခုခုဖြစ်လာပြီဆိုတာနဲ့ မင်းကိုပဲ ရှာရမှာမဟုတ်ဘူးလား။ မင်း ရင်ထဲ မသက်မသာဖြစ်ရင် ငါပဲ စိတ်မကောင်းဖြစ်ရတာ မဟုတ်ဘူးလား"
"မင်းဆိုတဲ့ကောင်ကလေ စောက်ကျိုးနည်းလောက်အောင်ကို စကားတတ်တယ်"
ပျန်းနမ် သွားတွေကို ကြိတ်ကိုက်လိုက်ရင်း -
"ဟုတ်ပြီ။ လေတိုက်မခံနေနဲ့တော့။ ဆေးလိပ်က သောက်လို့မပြီးသေးဘူးလား။ အထဲဝင်တော့"
ချိုးယိ ဆေးလိပ်ကို မီးသတ်လိုက်ပြီးနောက် စားသောက်ဆိုင်ထဲ ပြန်ဝင်သွားသည်။ နှစ်သစ်ကူးကာလအတွင်း အလုပ်သမားပြတ်လပ်ရှားပါးမှုကို ဖြေရှင်းရန် ဆိုင်က ဝန်ထမ်းအသစ်များစွာကို အလုပ်ခန့်လိုက်သည်။ အချို့က အတွေ့အကြုံရှိပြီး အချို့က အတွေ့အကြုံမရှိကြချေ။ ချိုးယိကဲ့သို့ ဝန်ထမ်းဟောင်းတို့က လေ့ကျင့်သင်ကြားပေးဖို့ကိုတောင် ကူညီပေးရသေးသည်။
သို့သော် ဒီလို အလုပ်တာဝန် ပိုသွားတာကို ချိုးယိ စိတ်မကွက်မိပါ။ ဒါတွေအားလုံးက အလကားလုပ်ပေးရခြင်း မဟုတ်ပေ။ ရှောင်းမန့်၏အကြီးမားဆုံးသော အားသာချက်မှာ ဝန်ထမ်းတွေအပေါ် ရက်ရောပြီး အပေးအကမ်းကြီးသည်။ ဒီလိုကိစ္စမျိုးအတွက်ဆိုလျှင် အချိန်ပိုကြေးအဖြစ် တွက်ပေးဖို့ ဝန်ထမ်းခေါင်းဆောင်ကို ပြောထားသည်။
ဝန်ထမ်းအသစ်တွေထဲတွင် ပျန်းရှင်းယွီက ထိပ်တန်းလို့ ပြောလို့ရသည်။ လှပချောမောပြီး ထက်မြက်ကာ စကားလည်းချိုသည်။ ဝန်ထမ်းခေါင်းဆောင်က မြင်တာနဲ့ အတော်သဘောကျပြီး သီးသန့်ခန်းတွင် လုပ်ရန် တာဝန်ချပေးသည်။
နောက်တစ်နေ့ ချိုးယိ စားသောက်ဆိုင်ကို အလုပ်လာသည့်အချိန်တွင် ပျန်းရှင်းယွီက စားသောက်ဆိုင်၏ ဝတ်စုံကိုတောင် လဲဝတ်ထားပြီဖြစ်ကာ၊ ဝန်ထမ်းခေါင်းဆောင်က အလုပ်အကြောင်း ရှင်းပြမှာကြားနေသည်ကို ဝန်ထမ်းအသစ်တွေနှင့်အတူ နားထောင်နေသည်။
"ဟေ့ ရှောင်ချိုး အတော်ပဲ။ မင်း သူတို့ကို အရင် ပြောပြထားအုံး။ ငါ ဟိုဘက်မှာ ရှုပ်နေတုန်းမို့လို့"
ချိုးယိဝင်လာတာကို မြင်သည်နှင့် ဝန်ထမ်းခေါင်းဆောင်က လက်ယပ်ခေါ်လိုက်သည်။
"အင်း"
ချိုးယိ ခေါင်းညိတ်ပြလိုက်ပြီး သွားလိုက်တော့ အပြုံးရိပ်သန်းနေသော ပျန်းရှင်းယွီ၏အကြည့်ကို မြင်လိုက်ရသည်။ သို့သော် မျက်ဝန်းတွေအောက်တွင် အနည်းငယ် ညိုမှောင်နေသာ မျက်ကွင်းတွေရှိနေ၏။ မနေ့ညက အိမ်ကလူတွေနှင့် စကားများထားတော့ တစ်ညလုံး စိတ်တိုပြီး ကောင်းကောင်းအိပ်မပျော်ခဲ့ဟန် တူသည်။
ချိုးယိက မနက်ပိုင်းတွင် ဂိုက်သင်ပြီးခါစဖြစ်ကာ လာနေသည့်အချိန်တွင် အတော်လေး ပင်ပန်းနေခဲ့သည်။ သို့သော်လည်း ဧည့်သည်တွေကို ဝန်ဆောင်မှုမပေးခင် အချိန်မီ သတိထားရမည့်ကိစ္စများအားလုံးကို ရှင်းပြပေးလိုက်သည်။
"နားလည်ပြီလား"
သူ မေးသည်။
အားလုံးက နားလည်ကြောင်း ခေါင်းညိတ်ပြတော့မှ ချိုးယိက အဝတ်လဲခန်းဘက်သို့ လှည့်ဝင်သွားသည်။
အင်္ကျီလဲပြီး၍ ပြန်ထွက်လာချိန်တွင် ပျန်းရှင်းယွီက အဝတ်လဲခန်းအပြင်ဘက်တွင် သူ့အား စောင့်နေတာကို တွေ့လိုက်ရသည်။ သူ့ကို မြင်တော့ အနည်းငယ် အားနာဟန် လျှောက်လာပြီး -
"ငါ ဒီကိုရောက်လာတော့ နင့်အတွက် ပြဿနာပိုသွားတယ်မလား။ အားနာပါတယ်။ အစက ဒီကိုလာဖို့ မတွေးထားပါဘူး ......"
"ရပါတယ်"
ချိုးယိ သူ့အား တစ်ချက်ကြည့်လိုက်ပြီး -
"လုပ်စရာရှိတာကို ကောင်းကောင်းလုပ်ရင် ပြီးတာပါပဲ"
"နားလည်ပါပြီ"
ပျန်းရှင်းယွီ ခေါင်းညိတ်လာပြီး လှည့်ထွက်သွားသည်။ နှစ်လှမ်းသာ လှမ်းလိုက်ပြီး ပြန်လှည့်လာကာ -
"ငါ တကယ်လို့ တစ်ခုခုနားမလည်တာရှိရင် နင့်ကို မေးမယ်နော်"
"အင်း"
ချိုးယိ အသံပြုလိုက်သည်။
ပျန်းရှင်းယွီ ထွက်သွားပြီး အပေါ်ထပ် တက်သွားပြီးနောက် တစ်ယောက်ယောက်က နောက်ကနေ ချိုးယိ၏ပခုံးကို ပုတ်လာတော့ ချိုးယိ လှည့်ကြည့်လိုက်ရာ သူနှင့် အလုပ်အဆိုင်းတစ်ခုတည်းက စားပွဲထိုးဝန်ထမ်း ရှောင်လီကို တွေ့လိုက်ရသည်။
"ဘာလဲ"
"မင်းတို့နှစ်ယောက်က သိနေကြတာလား"
ရှောင်လီက မျက်စိတစ်ဖက် မှိတ်ပြလာကာ -
"မင်းကောင်မလေးလား"
"မဟုတ်ဘူး"
ချိုးယိ ပြောသည်။
"ဟုတ်လို့လား။ ကြည့်လိုက်တာနဲ့ မင်းလိုပဲ စားသောက်ဆိုင်မှာ အချိန်ပိုင်းအလုပ် လာလုပ်တဲ့လူနဲ့ မတူနေဘူး"
ရှောင်လီက မယုံဘဲ ဖြစ်နေသည်။
"မင်းလိုမျိုး ရုပ်ရည်နဲ့မှပဲ စားသောက်ဆိုင်မှာ အလုပ်လုပ်သင့်တာလား"
ချိုးယိ ရယ်လိုက်ကာ -
"မင်းလဲ အစ်မမန့်ကို မလေးမစားရှိလိုက်တာ"
"ငါလူး"
ရှောင်လီက ကြားတာနဲ့ မျက်လုံးတွေ တဖျတ်ဖျတ် မခတ်တော့ဘဲ သူ့အား ပြူးကြည့်လာကာ -
"ဒီကောင် ပါးစပ်ဟတာနဲ့ လူကို စိတ်ရှုပ်အောင်လုပ်တာ"
"မင်းကိုယ့်ဘာသာကိုယ် ရမယ်ရှာတာလေ"
ချိုးယိက အင်္ကျီကို ပြင်လိုက်ရင်း -
"အလုပ်လုပ်ရအောင်"
နေ့ခင်းတွင် ဧည့်သည် အလွန်များသည်။ သို့သော် ဒီအချိန်တွင်တော့ ဟောခန်းမကြီးနှင့် အကန့်စားပွဲတွင်သာ ပိုများပြီး အပေါ်ထပ် သီးသန့်ခန်းတွေကတော့ နည်းနည်း သက်သာသည်။ ခန်းမကြီးက စားပွဲထိုးဝန်ထမ်းတို့မှာ အလုပ်များလွန်း၍ တစ်ပတ်တောင် လည်တော့မည်။
ခါတိုင်း လူကျလည်း ဒီလောက် အလုပ်မများတတ်ပါ။ သို့သော် အခြေခံလေ့ကျင့်ရေး ပေးခဲ့သော်ငြား အသစ်ခန့်ထားသော ဝန်ထမ်းတွေကတော့ အလုပ်နှင့် စိမ်းသက်မှုကတော့ ရှိနေဆဲပင်။ အစားအသောက် တည်ခင်းပေးရာတွင် များစွာ နှေးသွား၏။
သီးသန့်ခန်းက စားပွဲထိုးများသည် များသောအားဖြင့် အောက်ထပ်ဆင်းလာပြီး ကူညီခိုင်းလေ့ မရှိပါ။ သို့သော် ပျန်းရှင်းယွီကဲ့သို့ ပိုးမွေးသလိုမွေးမြူပြုစုခံလာရပြီး အလိုလိုက်ခံ သူဌေးသမီး မမလေးကတောင် လူတွေနှင့် တော်တော်လေး ပေါင်းသင်းတတ်သည်။ ချိုးယိတို့ လက်မလည်အောင် အလုပ်များနေသည့်အချိန်တွင် သူ အပြေးရောက်လာကာ -
"အပေါ်ထပ်မှာ ဧည့်သည်မရှိဘူး။ ငါဒီမှာ လာကူပေးမယ်လေ"
"ကောင်းတယ် ကောင်းတယ်။ မင်းက ဟင်းပွဲတွေ ကူချပေး"
ဝန်ထမ်းခေါင်းဆောင်က ဘေးနားတစ်ဖက်တွင် လောဆော်နေတုန်းဖြစ်ရာ ကြားလိုက်သည်နှင့် ခေါင်းညိတ်ပြလာတော့သည်။
ပျန်းရှင်းယွီက ချက်ချင်းပင် ဟင်းပွဲဗန်းကို ယူလိုက်ကာ ချိုးယိနောက်ကနေလိုက်ပြီး ခန်းမကြီးထဲ ဝင်လာသည်။
သို့သော် ပျန်းရှင်းယွီက အလွန်သွက်လက်ဖျတ်လတ်သော်ငြား ဝန်ဆောင်မှုနှင့်ပတ်သက်လျှင် စိမ်းသက်နေသေးရာ ဗန်းထဲ ဟင်းပွဲ နည်းနည်းများသည်နှင့် ဗန်းကို ဟန်ချက်ညီအောင် မကိုင်နိုင်တော့ချေ။ ဟင်းပွဲ တစ်ဗန်းယူသွားပြီးနောက် သူ့လက်ထဲက ဗန်းမှာ တစ်ချက် စောင်းသွားသေးသည်။
ချိုးယိက သူ့နောက်မှာပဲ ရှိနေသဖြင့် ဟင်းပွဲ မယူခင်မှာပင် ဗန်းကိုင်ပုံက မမှန်ဘဲ မလွဲမသွေ မှောက်မှာကို သိလိုက်ရသည်။ သို့နှင့် နှစ်လှမ်းလောက် ခပ်သွက်သွက် လှမ်းသွားကာ ဗန်းစောင်းသွားသည့်အချိန်တွင် လက်ဖြင့် ထိန်းပေးလိုက်သည်။
"အဲ"
ပျန်းရှင်းယွီက တိုးတိတ်စွာ တစ်ချက်အော်လိုက်ကာ ရင်ဘတ်ကို ပုတ်လိုက်၏။ လှည့်ကြည့်လာတော့ ချိုးယိကို မြင်သောအခါ မျက်နှာက ပြုံးသွားပြီး -
"သေအောင် လန့်သွားတာပဲ။ ကျေးဇူးပဲနော်"
"ဒါ သင်ပေးပြီးပြီမဟုတ်ဘူးလား။ ဗန်းကို ဒီလို မ,လို့မရဘူး"
ချိုးယိ ပြောသည်။
"အလုပ်များတာနဲ့ကို မေ့သွားတာ"
ပျန်းရှင်းယွီက ကိုင်ပုံကို ညှိလိုက်ပြီး -
"ဒီလိုဆို မှန်ပြီမလား"
"အင်း"
ချိုးယိ လှည့်ထွက်လာခဲ့သည်။
နေ့လယ်ပိုင်းအချိန် အလုပ်ရှုပ်ပြီးစီးသွားပြီးနောက် ချိုးယိက ဆေးလိပ်တစ်လိပ်ယူကာ နောက်ဖေးတံခါးကနေ ထွက်လာခဲ့သည်။ အပြင်ရောက်သည်နှင့် လက်တစ်ဖက်က နံရံကို ထောက်လျက် ကျန်တစ်ဖက်က ဖိနပ်ချွတ်နေသည့် ပျန်းရှင်းယွီကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
ချိုးယိက ဆေးလိပ်ခဲထားရင်း မေးလိုက်သည်။
ပျန်းရှင်းယွီ လန့်သွားခဲ့ကာ ဖိနပ်ကို မြေပေါ် အမြန် ပစ်ချလိုက်သည်။ နှစ်ချက်လောက် ခုန်ဆွခုန်ဆွဖြစ်သွားပြီးနောက် အလွန်ရှက်ရွံ့အားနာဟန်ဖြင့် ခြေထောက်ကို ဖိနပ်ထဲ ပြန်စွပ်ထည့်လိုက်သည်။
"ခြေထောက်နာတာလား"
ချိုးယိက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"...... အင်း။ အရင်က ဒီလောက်အကြာကြီး တစ်ခါမှတောင် မရပ်ဖူးဘူး"
ပျန်းရှင်းယွီ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ၏ ယခုကဲ့သို့သောပုံစံကို ချိုးယိမြင်သွားတော့ အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်သွားဟန် တူသည်။ ခါးကိုင်းပြီးတော့ ဖိနပ်ကို မစီးဘဲ ခြေထောက်ကိုသာ ဖိနပ်ထဲ ဝင်အောင် နည်းနည်းချင်းစီ တဖြည်းဖြည်းနဲ့ ဝတ်နေသည်။ တစ်ဝက်လောက် စွပ်ပြီးတော့ ရပ်သွားသည်။ ကြည့်ရတာ ခြေထောက်ရောင်သွား၍ လက်ဖြင့် မစွပ်လျှင် ခြေထောက်က ဖိနပ်ထဲ မဝင်သည့်ပုံပင်။
ချိုးယိ မီးခြစ်ကိုင်လျက် ဆိုင်ထဲ ပြန်လှည့်ဝင်သွားသည်။ မိနစ်အနည်းငယ်ကြာပြီး၍ ပြန်ထွက်လာချိန်တွင် ပျန်းရှင်းယွီက ဖိနပ်စီး၍ ပြီးသွားပြီဖြစ်ကာ နံရံကို မှီလျှက် ခြေထောက်ကို လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။
"ညနေရောက်ရင် အလုပ်ပိုများလိမ့်မယ်။ သီးသန့်ခန်းဘက်မှာ ဧည့်သည်လဲ များမယ်"
ချိုးယိ စီးကရက်မီး ညှိလိုက်ကာ -
"စနေတနင်္ဂနွေဆို လူပိုများတယ်။ တကယ်လို့ ပင်ပန်းတယ်ဆို ......"
"မပင်ပန်းဘူး။ ဒီဟာကြောင့် မလုပ်တော့ဘူးဆိုရင် အိမ်ပြန်ရောက်ရင် ငါ့အဖေဆီမှာ သေအောင်အလှောင်ခံရမှာ မဟုတ်ဘူးလား"
ပျန်းရှင်းယွီ မျက်မှောင်တွေ တွန့်ချိုးထားလျက် -
"အိမ်ရောက်ရင် ခြေထောက်ကို ရေနွေးစိမ်လိုက်ရင် ရပြီ"
ချိုးယိ ဘာမှ ထပ်မပြောတော့ဘဲ အမှိုက်ပုံးကို မျက်နှာမူပြီး တိတ်ဆိတ်စွာ ဆေးလိပ်သောက်နေလိုက်သည်။ ပျန်းရှင်းယွီလည်း ဆိုင်ထဲ ဝင်မည့်သဘော မရှိဘဲ သူ့နောက်တွင်သာ ရပ်နေသည်။
နှစ်ဖွာတောင် မဖွာရသေးမီ ချိုးယိ၏ဖုန်းလာသံ မြည်လာသည်။ ပျန်းနမ် ခေါ်လာသောဖုန်းဖြစ်ကာ သူ တစ်ချက်တွေဝေနေပြီးတော့မှ ဖုန်းကိုင်လိုက်သည်။
"ဟဲလို"
"ဒီနေ့ည မင်း နားရက်အလှည့် မဟုတ်လား"
ပျန်းနမ် ကောက်ကာငင်ကာ မေးလာသည်။
"အင်း။ မင်း ဒါကိုတောင် သိထားတယ်ပေါ့"
ချိုးယိ ရယ်လိုက်သည်။
"တစ်ပတ်လုံးနေမှ မင်း ဒီတစ်ညလေးပဲ အားတာလေ။ သေချာပေါက် မှတ်မိတာပေါ့"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ကာ -
"ငါ မင်းနဲ့ ဒိတ်ချင်တယ်။ မင်းကို မတွေ့ရတာ တစ်လတောင် ရှိတော့မယ်"
"အပိုတွေ။ ဘယ်ကလာ အဲဒီလောက်ကြာလို့လဲ"
ချိုးယိ ပြောသည်။
"ငါ့စိတ်ထဲမှာတော့ အဲဒီလောက်ကြာနေပြီ"
ပျန်းနမ် စိတ်ကြည်နေကာ -
"မင်းက ဒိတ်မဒိတ်ပဲ ပြောစမ်းပါ"
"ဒိတ်လေ"
ချိုးယိ ကိုယ်ကို စောင်းကြည့်လိုက်တော့ ပျန်းရှင်းယွီတစ်ယောက် ခြေထောက်ကို လက်သီးဆုပ်ဖြင့် ထုနေတာကို တွေ့ရသည်။
"ဒါဆို ငါ ဆိုင်ကိုသွားပြီး မင်းကို သွားစောင့်မယ်"
ပျန်းနမ် ချက်ချင်းပြောသည်။
"မလာနဲ့"
ချိုးယိ ချက်ချင်း ပြောလာကာ -
"ငါ မင်းဆီ သွားလိုက်မယ်"
"အာ ဟုတ်သားပဲ။ ပျန်းရှင်းယွီ အလုပ်လာတယ်မဟုတ်လား"
ပျန်းနမ် သဘောပေါက်သွားကာ -
"ဒါဆို မင်းလာခဲ့ပေါ့။ ငါ လော်ယိယန်နဲ့ နှစ်ပွဲလောက် ကစားပြီးစောင့်နေမယ်။ မှတ်သွားအောင် ဆုံးမချင်နေတာနဲ့ အတော်ပဲ"
"ဟုတ်ပြီ"
ချိုးယိ ပြန်ဖြေလိုက်ပြီးနောက် ဖုန်းချလိုက်သည်။
ပျန်းရှင်းယွီက ခြေထောက်ကို ထုနှိပ်နေသော လှုပ်ရှားမှုကို ရပ်လိုက်ပြီး ခေါင်းစောင်းလာကာ သူ့အား အနည်းငယ် အားတုံ့အားနာဟန်ဖြင့် ပြုံးပြလာသည်။ ခဏလောက်ကြာတော့မှ မေးလာသည်။
"ကောင်မလေးနဲ့ ဒိတ်ဖို့လား"
"မဟုတ်ဘူး"
ချိုးယိ ပြန်ဖြေသည်။ တကယ်ကို မဟုတ်နေပါ။
"အာ ......"
ပျန်းရှင်းယွီ ရုတ်တရက် လက်တွေကို ခါယမ်းပြလာပြီးနောက် ဆိုင်ထဲသို့ ငုံ့ပြေးသွားရင်း -
"ငါ စကားများမိပြီ။ တကယ်ပါပဲ ...... အားနာပါတယ်။ ငါ ဟို ...... အလုပ်သွားလုပ်တော့မယ် ......"
ချိုးယိ သူ့နောက်ကျောကို ကြည့်နေရင်း သက်မမောတစ်ချက် ခပ်ဖွဖွ ရှူထုတ်လိုက်သည်။
စိတ်ပူစရာပါလား။
***
(ဆက်ရန်)
7 Mar 2024