Chapter ● 70 ●
ချိုးယိသည် ခေါင်းတစ်ခုလုံး အနည်းငယ်လေးလံနေဆဲဖြစ်ကာ ကောင်းကောင်းလည်း အိပ်မပျော်ချေ။
အိပ်မှုံစုံမွှားကြားကနေ သက်သောင့်သက်သာမရှိမှုသာ ခံစားရပြီး အိပ်ပျော်သွားလား မပျော်ခဲ့တာလားတောင် မသိတော့ချေ။
ရှောင်ယိ ......
ချိုးယိ အသက်ရှူကျပ်သွားသည်။
ရှောင်ယိ၊ သားရဲ့ဇနီးနဲ့ သားရဲ့သားလေးကို မေမေ တွေ့ချင်လှပြီကွယ် ......
တောင်းပန်ပါတယ် မေမေ။
ရှောင်ယိ ဘာဖြစ်လို့ အခုအချိန်အထိ ဒီလောက်ငယ်ငယ်လေးပဲ ရှိသေးတာလဲ။ မြန်မြန် ကြီးလာပါတော့။ မေမေ တအားတွေ့ချင်လှပြီ ......
တောင်းပန်ပါတယ်။
တောင်းပန်ပါတယ်။
မေမေ မပြောပါနဲ့တော့ ...... တောင်းပန်ပါတယ်။
ဘယ်အချိန် ဘယ်လိုအခြေအနေမှာမဆို သူ့မေမေကို တွေးမိသည်နှင့် လွမ်းဆွတ်သတိရမှုနှင့်အတူ နာကျင်မှုလည်း နည်းနည်းချင်းစီ ပျံ့နှံ့ရောက်ရှိလာသည်။ နှလုံးသားကလည်း အတူလိုက်ပြီး တင်းကျပ်လာကာ အေးစိမ့်မှုက ခန္ဓာကိုယ်ထဲကနေ တစ်ကိုယ်လုံးကို တဖြည်းဖြည်း ဖြန့်ကျက်ကူးစက်သွားတတ်သည်။ သူ့အား ပုန်းကွယ်စရာနေရာ ကင်းမဲ့စေပြီး ဒါတွေက လက်တွေ့လား သို့မဟုတ် အိပ်မက်လားဆိုတာ မခွဲတတ်အောင် ဖြစ်ရသည်။
တောင်းပန်ပါတယ် ......
သူ့လက်မောင်းကို တစ်ယောက်ယောက် လာဆုပ်ကိုင်လိုက်သလိုပင်။ သူ့မျက်နှာကိုလည်း ခပ်ဖွဖွ ပုတ်နေသေးသည်။
သေချာမြင်ချင်၍ သူ ပင်ပန်းခက်ခဲစွာ ကြိုးစား ကြည့်လိုက်သည်။
မေမေလား။
.
ပျန်းနမ် အငှားကားထဲကနေ ခုန်ဆင်းပြီး လမ်းသွယ်ထဲ ပြေးဝင်သွားသည်။ နှင်းကျတာ စတင်၍ ပြင်းထန်လာပြီး လေထုက ခိုက်ခိုက်တုန်အောင် အေးစိမ့်ချမ်းစီးနေတော့သည်။
ခြံထဲ ရောက်လာသည့်အချိန်တွင် ချည်သားအနွေးထည်လေးဝတ်ပြီး အိမ်အပေါက်ဝတွင် ဆောင့်ကြောင့်လေး ထိုင်လျက် သူ့အား စောင့်နေသည့် ချိုးယန့်ကို တွေ့လိုက်ရသည်။
"ဟေး ပေါင်ပေ့"
ပျန်းနမ် တွေ့တာနဲ့ အမြန်ပြေးသွားကာ သူ့အား ဖက်လိုက်ပြီး -
"ဘာလို့ အိမ်ထဲမှာ မစောင့်နေရတာလဲ။ ဒီလောက် အေးနေတာကို၊ နှင်းကျနေတာ မင်း မတွေ့ဘူးလားကွာ"
"တွေ့တာပေါ့"
ချိုးယန့် သူ့ကို ဖက်လိုက်ပြီး -
"ဖေဖေလဲ အိပ်ပျော်သွားပြီ။ အစ်ကို သားကို အော်ခေါ်တဲ့အချိန် သူတို့ နိုးလာကုန်မှာစိုးလို့"
"ငါ့အပြစ်တွေပါ၊ ငါ့အပြစ်တွေ"
ပျန်းနမ် ချိုးယန့်ကို ဖက်လျက် အခန်းထဲဝင်သွားကာ အသံတိုးတိုးဖြင့် -
"ဒါမှန်းသိရင် မနက်ဖြန်မှပဲ လာပါတယ်။ မင်း မြန်မြန်သွားအိပ်တော့။ ဒီနေ့ မင်း ဘယ်သူနဲ့ အိပ်တာလဲ"
"ဖေဖေနဲ့အိပ်တာ။ ကိုကို အအေးမိနေတော့ သားကို ကူးလာမှာကြောက်လို့။ သား အစကတည်းက အိပ်နေပြီရယ်"
ချိုးယန့်က သူ့ကိုယ်ပေါ် ကပ်၍ အခါခါ တိုးဝှေ့နေရင်း -
"ရှူးရှူးထပေါက်တဲ့အချိန် အစ်ကိုဆက်လာတဲ့ဖုန်းသံ ကြားသွားတာ"
"ဒါဆို မင်း ပေါက်ပြီးပြီလား"
ပျန်းနမ်သည် ချိုးယန့်အား ဖေဖေချိုး၏အခန်းထဲ တန်းပြီး ပစ်ထည့်လိုက်ချင်နေသော်ငြား စိတ်ကိုရှည်အောင် ဆွဲဆန့်ကာ ချိုးယန့်နှင့် တီးတိုးစကားပြောနေသည်။ ဒီကောင်စုတ်လေးက သူ့ကို နှစ်ရက်လောက် မတွေ့ဖြစ်ခဲ့၍ သူ့လည်တိုင်ကို ဖက်တွယ်ထားလျက် လက်မလွှတ်တော့ချေ။
"ပေါက်ပြီးပြီ။ အေးလိုက်တာ"
ချိုးယန့် ရယ်လိုက်ပြီး -
"သား အေးလွန်းလို့ တုန်တောင် တုန်တယ်။ ရှူးရှူးတောင် ကွေ့ကောက်ကောက်ဖြစ်တယ်"
ပျန်းနမ် သဘောကျသွားကာ -
"ဖိနပ်ကို စင်သွားသေးလား"
"မစင်ဘူး"
ချိုးယန့် ခြေထောက်ကို မြှောက်ပြီး သူ့ဖိနပ်ကို ငုံ့ကြည့်လိုက်ရင်း ပြောသည်။
"ဒါဆို သွားအိပ်တော့"
ပျန်းနမ် သူ့နှာခေါင်းလေးကို ပွတ်ပေးလိုက်တော့ အေးစက်နေကာ -
"ငါ ခဏနေရင် ကိုယ့်ဘာသာကိုယ် ပြန်လိုက်လို့ရတယ်။ ဝမ်အန်း"
"ဝမ်အန်း"
ချိုးယန့်က ကြည့်ရတာ မဟန်နိုင်အောင် အိပ်ငိုက်နေပုံပေါ်သည်။ နောက်ဆုံး သူ့ကို လက်လွှတ်ပေးပြီး -
"ခြံတံခါးလည်း ပိတ်ဖို့ မမေ့နဲ့နော်"
"သိပါပြီ။ စိတ်ပူတတ်ရန်ကော"
ပျန်းနမ် ရယ်လိုက်သည်။
ချိုးယန့်တစ်ယောက် သူ့အဖေအခန်းထဲ ဝင်သွားတာကို ကြည့်ပြီးတော့မှ ပျန်းနမ်က ခပ်သွက်သွက် ခုန်ထလာပြီး ခြေသံလက်သံမထွက်အောင် ချိုးယိအခန်းတံတခါးကို တွန်းဖွင့်လိုက်သည်။
အခန်းထဲက မီးက ဖွင့်ထားဆဲဖြစ်ပြီး နံရံဘက်ကို မျက်နှာမူထား၍ နံရံပေါ်တွင် ဝါကျန့်ကျန့် ဖြန့်ကျက်နေသည်။
ချိုးယိက ကိုယ်တစ်စောင်း လှဲအိပ်နေပြီး မျက်မှောင်ကြုတ်ထားကာ ဖြူလွသောမျက်နှာထက်တွင် နီမြန်းရိပ် ထင်းနေသည်။
ဒီလိုမျိုးပုံစံဖြစ်နေသော ချိုးယိကို တွေ့လိုက်တော့ ပျန်းနမ် ချက်ချင်းပင် အနည်းငယ် ရင်ထဲမကောင်း ဖြစ်သွားသည်။ သူ့အမြင်တွင် ချိုးယိက အမြဲတမ်း သန်မာနေကာ ဘယ်ကိစ္စပဲဖြစ်ဖြစ် အစဥ် တည်ငြိမ်အေးဆေးနေတတ်သည်။ ချိုးယိတစ်ယောက် နာမကျန်းဖြစ်ပြီး အနည်းငယ် အားနည်းကာ နေမကောင်းဖြစ်နေသည့်ပုံစံကိုတော့ ဒါက ပထမဆုံး မြင်ဖူးခြင်းဖြစ်တော့သည်။
"ဝေ့"
သူ ခုတင်နား သွားပြီး ခါးကိုင်းကာ ချိုးယိကို ကြည့်လိုက်ရင်း -
"ချိုးသာ့ပေါင်ရေ"
ချိုးယိ နိုးမလာပေ။ မျက်မှောင်ကြုတ်ထားဆဲပင်။ ကြည့်ရတဲ့ပုံက အနေရခက်နေဟန်။ ပျန်းနမ် သူ့မျက်နှာကို ပွတ်သပ်ထိတွေ့ချင်၍ လက်ဆန့်ထုတ်လိုက်ပြီးနောက်တွင် လက်ကို ပြန်ရုပ်လိုက်ပြန်သည်။ လက်နှစ်ဖက်ကို ပွတ်ကြည့်လိုက်ပြီး သူ့လက်က တော်တော်လေးတော့ နွေးသားပဲလို့ အရင်စမ်းကြည့်ပြီးမှ လက်ထပ်ဆန့်ထုတ်ပြီး ချိုးယိ၏မျက်နှာကို ခပ်ဖွဖွ ထိလိုက်သည်။
"ချိုးသာ့ပေါင် ......"
ချိုးယိကို နှိုးလိုက်ရမလား သို့မဟုတ် ဒီအတိုင်းလေး ခုတင်ဘေးမှာထိုင်ပြီး သူအိပ်ပျော်နေတာကို ထိုင်ကြည့်နေရမလားကို ပျန်းနမ် မသိတော့ပါ။ ထို့ကြောင့် ခေါ်လိုက်သည့်အသံက လုံးဝမကျယ်ပေ။ သို့သော် နှစ်ခါ ခေါ်လိုက်ပြီးနောက်မှာတော့ ချိုးယိကို နှိုးဖို့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့နှင် သူသည် စောင်ပေါ်ကနေ ချိုးယိ၏လက်မောင်းကို ကိုင်လိုက်ပြီး -
"ချိုးငပေါကြီး"
ချိုးယိက အလွန်တိုးလျသောအသံဖြင့် တစ်ချက်ညည်းလိုက်သည်။ နဂိုတည်းက တွန့်ကြုတ်ထားသော မျက်မှောင်က ပို၍ တွန့်သွားတော့သည်။
"ဝေ့"
ပျန်းနမ် သူ့မျက်နှာပေါ်တွင် ခပ်ဖွဖွ နှစ်ချက် ပုတ်လိုက်ပြီး -
"မင်းရဲ့ သခင်ကြီးပျန်းက ပြီးခဲ့တာတွေကို အငြိုးမထားဘဲ မင်းကို လာကြည့်ပြီ။ မျက်လုံးမြန်မြန်ဖွင့်ပြီး ဒီသခင်ကို ရယ်ပြပါအုံး"
ချိုးယိ တစ်ချက် လှုပ်လိုက်ပြီး မျက်လုံးမှိတ်လျက် တစ်ခုခုကို ရေရွတ်နေသည်။ သို့သော် နောက်ဆုံးတစ်ခွန်းကိုတော့ ပျန်းနမ် သေချာကြားလိုက်သည်။
"...... မေမေလား"
ချိုးယိ တိုးသာစွာ ပြောသည်။
မေမေ ဟုတ်လား။
ပျန်းနမ် ကြက်သေသေသွားသည်။
သူနှင့်ချိုးယိတို့နှစ်ယောက်ကြားတွင် မေမေဟူသောစကားလုံး၏ထွက်ပေါ်လာနှုန်းမှာ နိမ့်ပါးလွန်း၍ လျစ်လျူရှုပစ်၍တောင် ရနေသည်။
ချိုးယိ၏မေမေအကြောင်းကို များများစားစား မပြောဖြစ်ပေ။ လွမ်းဆွတ်မှုကို နှိုးဆော်မိသွားနိုင်ခြေရှိ၍ ဖြစ်မည်။ ထို့ပြင် သူ သတိမထားမိဘဲ 'မင်းမေ -ိုး' ဟု သူ တစ်ခါဆဲမိတာ အထိုးခံလိုက်ရသေးသည်။ ပျန်းနမ်၏အမေဟူသည့် ပုဂ္ဂိုလ်ကလည်း ...... ရှိတာထက် မရှိတာကမှ သာ၍ ကောင်းနေသေးသည်။
ထို့ကြောင့် ချိုးယိတစ်ယောက် အိပ်ချင်မူးတူးနဲ့ ဒီလိုတစ်ခွန်းခေါ်မိလာသည့်အချိန်တွင် ဘယ်လိုတုံ့ပြန်ရမှန်းတောင်မသိ အနည်းငယ်ဖြစ်သွားရသည်။ ချိုးယိ ဒီလိုပြောလာလိမ့်မယ်ဆိုတာလည်း သူ မထင်မှတ်ထားခဲ့ပါ။
သူ့အမေကို အိပ်မက်နေတာလား။
"ငါပါ"
ပျန်းနမ်သည် ချိုးယိ၏နဖူးပေါ်က ဆံပင်တွေကို နောက်ကို သပ်ပေးလိုက်ပြီး -
"ငါက မင်းရဲ့ သခင်ကြီးပျန်း။ ဆိုပေမဲ့ မင်းငါ့ကို အဖေ ...... မွေးစားအဖေလို့ သတ်မှတ်ချင်လဲ ရသားပဲ"
"...... ပျန်းနမ်လား"
ချိုးယိ မျက်လုံးတွေပွင့်လာသည်။ အသံကတော့ အက်ရှနေကာ နှာခေါင်းသံ ပါနေသည်။
"ငါ့လခွမ်း။ မင်းအသံက ဘာလို့ ဒီလောက်တောင် ကွဲသွားရတာလဲ"
ပျန်းနမ်သည် ချိုးယိ၏အသံကို ကြားတာနဲ့ လန့်ဖျပ်သွားကာ -
"ရှန်းထောင်းက မင်းနဲ့အတူ ဆေးရုံလိုက်ပေးခဲ့တယ်ဆို။ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်နေတုန်းလဲ"
"ဟမ်း ..."
ချိုးယိ မျက်မှောင်ကြုတ်ထားလျက် စောင်ထဲကနေ လက်ဆန့်ထုတ်လာကာ ပျန်းနမ်၏လက်မောင်းကို ပုတ်ပေးရင်း -
"ဘာမှမဖြစ်ဘူး။ အရင်ဆုံး မင်း စိတ်မလောနဲ့"
"မလောလို့ရမလား။ မင်းအသံက အ,အတောင် ဖြစ်တော့မှာကို"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီးနောက် ချိုးယိ၏လက်ကို စောင်ထဲ ပြန်ထည့်လိုက်ပြီး -
"လျှောက်မလှုပ်နေနဲ့။ ခဏနေ ပိုဆိုးလာနေအုံးမယ်"
"ငါ့ကို ရေတစ်ခွက် ခပ်ပေးအုံး"
ချိုးယိက စောင်ထဲ ကွေးနေလျက် အသံအက်အက်နဲ့ ပြောနေကာ -
"ရေငတ်လို့သေတော့မယ်"
"စောင့်နေ"
ပျန်းနမ် အခန်းထဲကနေ လှည့်ထွက်သွားသည်။
ရေအပူတစ်ခွက်ကို အသံမထွက်အောင် ထည့်လာပြီး အခန်းထဲ ပြန်ဝင်လာချိန်တွင် ချိုးယိက ထထိုင်နေပြီဖြစ်ကာ ခုတင်ခေါင်းရင်းတွင် မှီနေသည်။
"ဟ သောက်ကျိုးနည်း မင်းကို လျှောက်မလှုပ်ခိုင်းထားဘူးမဟုတ်လား"
ပျန်းနမ် အလွန်စိတ်မကျေနပ်ဖြစ်သွားကာ သူ့ကို လက်ညှိုးထားလျက် -
"ဖျားသွားတော့ ကိုယ့်ကိုယ်ကိုယ် တအားအောင်မြင်ထူးချွန်တဲ့ခံစားချက် အရမ်းရနေတယ်မဟုတ်လား မင်း"
"ဒါဆို ငါ ရေကို ဘယ်လိုသောက်ရမလဲ"
ချိုးယိတစ်ယောက် အနည်းငယ် ပြောစရာမဲ့နေသည်။
"အေးပါ အေးပါ အေးပါ"
ပျန်းနမ်သည် ရေခွက်ကို သူ့လက်ထဲ ကမ်းပေးလိုက်ပြီး -
"မြန်မြန်သောက်ပြီး ပြန်လှဲ"
ချိုးယိ ရေနွေးကို ဖြည်းဖြည်းချင်းစီ ငုံ့သောက်ပြီး သူ့အား ကြည့်လိုက်ကာ -
"မင်းဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ ဘယ်အချိန်ရှိပြီလဲ"
"မသိဘူး။ ၁၁ နာရီကျော်လောက် ထင်တယ်"
ချိုးယိစကားပြောလျှင် အက်ကွဲနေသောအသံကို နားထောင်ရင်း ပျန်းနမ်သည် တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်လာကာ -
"ဒီလည်ချောင်းကွဲနေတဲ့အသံနဲ့ မင်း စကားမပြောနဲ့တော့။ နားထောင်ရတာ မသက်သာလိုက်တာ"
ချိုးယိသည် ရေကို လေးငါးငုံလောက် သောက်လိုက်ပြီးနောက် ရေခွက်ကို ခုတင်ခေါင်းရင်းနားက ဗီရိုပြပေါ် တင်လိုက်ကာ စောင်ထဲ ပြန်ခွေနေပြီး စကားထပ်မပြောတော့ချေ။ စောင်ဖြင့် မျက်နှာတစ်ဝက်လောက်အထိ ခြုံထား၍ မျက်လုံးကိုသာ ဖော်၍ သူ့အား ကြည့်နေသည်။
"ငါ့ကို ကြည့်ပဲကြည့်နေတာ ဘာလုပ်ဖို့လဲ"
အကြည့်ခံနေရသော ပျန်းနမ်က အနည်းငယ် ကသိကအောက်ဖြစ်လာသည်။ ပြီးခဲ့တဲ့ရက်ကပဲ စစ်အေးတိုက်ပွဲ နွှဲနေတာကို နောက်တစ်နေ့ကျတော့ လေဒဏ်နှင်းဒဏ်ကြားကနေ အပြေးရောက်လာပြီး တစ်ညလုံး လူနာလာကြည့်နေရပြီ။ တကယ်ကို နက်နက်ရှိုင်းရှိုင်းနဲ့ယုယကြင်နာတဲ့ချစ်သူပဲ။
ချိုးယိက ယခင်အတိုင်း စကားမပြောဘဲ သူ့ကို ကြည့်နေဆဲပင်။
"အရိုက်ခံချင်နေတာလား မင်း"
ပျန်းနမ် သူ့ကို လက်ညှိုးထိုးပြီး စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ ထို့နောက်မှာတော့ တန့်သွားကာ -
"ဪ ငါပဲ မင်းကို စကားမပြောခိုင်းထားတာပဲ။ အေးပါ။ မပြောဘူးဆိုလဲ မပြောနဲ့ပေါ့"
ချိုးယိ ရယ်လိုက်သည်။
"မျက်လုံးတွေတောင် နီနေတယ်"
ပျန်းနမ် သူ့နား တိုးကပ်၍ ကြည့်လိုက်သည်။ ချိုးယိ၏မျက်ဝန်းတွေက အလွန်လှပ၏။ သို့သော်ငြား ယခုလက်ရှိမှာတော့ နီကြန့်ကြန့်သွေးကြောတွေနှင့်သာ ပြည့်နေ၏။ ဖျားနေလို့လား သို့မဟုတ် ကောင်းကောင်းမအိပ်နိုင်လို့လားတော့ မသိပါ။
"ပြောပါအုံး မင်း ဒါက ဘယ်လိုဖြစ်တာလဲ။ ရုတ်တရက်ကြီး ဒီလောက်အထိ ဖျားသွားတယ်ပေါ့"
"အအေးမိသွားလို့"
ချိုးယိ ပြုံးကာ ပြောလာသည်။
"ဘယ်လိုဖြစ်လို့ အအေးမိတာလဲ"
ပျန်းနမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ -
"မင်းရဲ့ဒီခန္ဓာကိုယ်နဲ့ဆို အဝတ်ဗလာနဲ့မှ အအေးမိနိုင်မှာ ......"
ချိုးယိ စောင်ထဲကနေ လက်ဆန့်ထုတ်လာပြီး သူ့အား လက်မထောင်ပြလိုက်သည်။
"ငါ့လူး။ မင်း အဝတ်ဗလာနဲ့ နေခဲ့တာလား"
ပျန်းနမ်က ခုတင်အစွန်းကို မှောက်မှီလိုက်ပြီး ရယ်လျက် -
"နှမြောစရာပဲ ငါ မကြည့်လိုက်ရဘူး"
"ကြည့်ချင်လား"
ချိုးယိ သူ့မေးစေ့ကို လာသပ်ပေးရင်း -
"အခု ပြမယ်။ ဘာပဲဖြစ်ဖြစ် ဘာအဝတ်မှလဲ မဝတ်ထားဘူးဆိုတော့"
"ဟေ့ မင်း လျှောက်မလှုပ်နေနဲ့"
ပျန်းနမ်သည် ချိုးယိ၏လက်ကို စောင်ထဲ အမြန်ပြန်ထည့်လိုက်ပြီးနောက် ကြောင်သွားကာ -
"မဝတ်ထားဘူး ဟုတ်လား"
"အင်း"
ချိုးယိ ရယ်လျက် ခေါင်းညိတ်ပြလိုက်ကာ စကားပြောတော့ အနည်းငယ် ခက်ခဲပင်ပန်းနေရကာ -
"ငါ နေမကောင်းတဲ့အချိန်ဆို ကိုယ်တုံးလုံးအိပ်ရတာ ကြိုက်တယ်"
"အဲဒါကြောင့် အာ့ပေါင်ကို မင်းအဖေအခန်းမှာ သွားအိပ်ခိုင်းတာကိုး။ သူ အအိပ်မငြိမ်ဘဲ လျှောက်လှည့်နေရင် မင်းဥကို ကန်မိမှာကြောက်လို့မလား"
ပျန်းနမ် စဥ်းစားလိုက်ပြီးနောက် ရှေ့ကို တိုးသွားကာ အသံတိုးတိုးဖြင့် -
"အဲ ငါ ကိုင်ကြည့်မယ်လေ"
"ဥအအေးမိသွားရင် ဘယ်လိုလုပ်မလဲ"
ချိုးယိ နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။
"ငါ ...... အရင်နွှေးလိုက်မယ်"
ပျန်းနမ် သူ့အင်္ကျီကိုသူ မ,တင်၍ ညာဘက်လက်ကို ရင်ခွင်ထဲ ပိုက်ထားကာ ခဏလောက် အုပ်ထားပြီးမှ ပြန်ထုတ်လာပြီး ချိုးယိမျက်နှာကို ထိလိုက်ရင်း -
"နွေးပြီလား"
"အင်း"
ချိုးယိ မချင့်မရဲဖြင့် ရယ်နေရင်း စောင်၏ထောင့်စွန်းကို လှပ်လိုက်ကာ -
"မင်း ဘယ်နားကို ကိုင်မှာလဲ"
"လခွမ်း။ အဲဒီလို မမေးနဲ့"
ပျန်းနမ်က လက်ကို စောင်ထဲ ထည့်လိုက်ပြီး -
"မင်း အဲဒီလိုမေးတော့ ငါက ဘယ်လိုပြန်ဖြေရမလဲ။ မင်းရဲ့ရှောင်ယိလေးကို ကိုင်မှာလို့ ပြောရမှာလား"
"ငါလူး"
ချိုးယိ သဘောကျသွားကာ ရယ်လိုက်ပြီးခါစမှာပဲ ချောင်းသုံးလေးချက်လောက်ဆိုးသွားကာ -
"ဘာလို့ ဒီလောက်တောင် အာသာပြင်းပြနေရတာလဲ"
"မသိဘူး"
စောင်ထဲရှိ ပျန်းနမ်၏လက်က ချိုးယိ၏လက်ကို ဆုပ်ကိုင်လိုက်ကာ -
"ငါလေ ဒီနှစ်ရက်မှာ စဥ်းစားနေတာ၊ အကယ်၍ တကယ်ပဲ မင်းကို အဖက်မလုပ်တော့ဘူးဆိုရင် နမ်းစရာ ထိစရာကိုင်စရာလူကို မရှိတော့ဘူး။ နည်းနည်းလေးတော့ နစ်နာတယ်"
"ငါ့ကို စိတ်ဆိုးသွားတယ်မဟုတ်လား"
ချိုးယိက တိုးတိုးသာသာ မေးသည်။
"စစချင်းကတော့ တော်တော်စိတ်ဆိုးတာ"
ပျန်းနမ်သည် လက်ညှိုးဖြင့် ချိုးယိ၏လက်မောင်းပေါ်တွင် ကုတ်ခြစ်နေရင်း တဖြည်းဖြည်းနဲ့ ရင်ဘတ်ပေါ်ကို ရောက်ရှိသွားသည်။ ထို့နောက်တွင်မှ ရင်ဘတ်တစ်လျှောက်အတိုင်း ခြစ်လာပြီး ဝမ်းဗိုက်ပေါ်တွင် ရပ်သွားကာ -
"ဒီကောင် ဘာလို့ ဒီလိုဖြစ်နေရတာလဲ၊ စိတ်ကုန်စရာပဲလို့ ခံစားရတယ်"
"...... တောင်းပန်ပါတယ်"
"တောင်းပန်စရာလဲ မဟုတ်ပါဘူးကွာ။ ငါတို့ ဒါတွေ မပြောတော့ဘူးလေ"
ပျန်းနမ်သည် ထိကိုင်နေရင်း ချိုးယိ၏ခါးနားကို ရောက်တော့ တစ်ချက် ညှစ်လိုက်ကာ -
"ငါတို့နှစ်ယောက် စဥ်းစားပုံ မတူလို့ပဲ နေပါလိမ့်မယ်။ တကယ်တော့ ငါ ...... အချက်တစ်ချက်ကို အတည်ပြုချင်လို့"
"ငါ မင်းကို သဘောကျတယ်။ တကယ်ပြောတာ"
ချိုးယိ သူ့လက်ကို ပွတ်သပ်ပေးလိုက်သည်။
"ဟမ်း ..."
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး မထိန်းနိုင်ဘဲ ရယ်လိုက်ကာ -
"ငါ ဘယ်နှခေါက်တောင် ပြောခဲ့ပြီးပြီလဲ၊ ငါ စကားပြောနေတုန်း လုမပြောလို့ရမလား၊ ငါ ပြောပြီးတော့မှ ပြော"
"ဖျားလို့ ယောင်ချာချာဖြစ်သွားတာ။ နောက်တစ်ခါ သတိထားပါ့မယ်"
ချိုးယိ ပြောသည်။
"မင်း လက်စသတ်တော့ ဘယ်လိုဖြစ်သွားတာလဲ။ ဘာလို့ ရုတ်တရက်ကြီး အအေးမိသွားတာလဲ။ အအေးမိတာနဲ့ ကိုယ်ပူပြီး ဖျားပါဖျားသွားတာလား။ ငါ အခု အအေးလေးမိချင် ဖျားချင်တာတောင် မလွယ်တာကို"
ပျန်းနမ် မျက်မှောင်ကြုတ်လျက် မေးသည်။
"ငါလဲ မသိဘူး။ မဖျားတာတောင် တော်တော်ကြာပြီ"
ချိုးယိ တစ်ချက် ချောင်းဆိုးလိုက်ပြီး -
"ဟိုရက်က မင်းထွက်သွားပြီးတော့ ငါ ခြံထဲမှာ ခဏသွားငိုင်နေလိုက်တာ။ နာရီဝက်လောက်ပဲ ရှိမယ်။ အိမ်ထဲ ပြန်ဝင်လာတာနဲ့ အအေးမိတာပဲ"
"...... ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ"
ပျန်းနမ် သွားတွေကို ကြိတ်ကိုက်လိုက်ကာ -
"နည်းသေးတယ်"
"အင်း"
ချိုးယိ ပြုံးလိုက်ပြီးနောက် ကိုယ်ကို တစ်ဖက်လှည့်ကာ နံရံကို မျက်နှာမူလျက် အတော်ကြာအောင် ချောင်းဆိုးနေလိုက်သည်။
"သနားစရာလေးပါလားနော်"
ပျန်းနမ် ခုတင်ပေါ်တက်၍ စောင်ပေါ်ကနေ ချိုးယိအား နောက်ကနေ ဖက်လိုက်ကာ -
"ချောင်းဆိုးနေတာ ကျေနပ်စရာကြီး။ နားထောင်ရင်း တော်တော်စိတ်ပြေသွားပြီ"
"သဘောထား သေးနုပ်လိုက်တာ။ သေးလွန်းလို့ အပ်ပေါက်ကိုတောင် မီတော့မယ်"
ချိုးယိ ချောင်းဆိုးနေရင်း တန်းလန်းဖြင့် ဆက်၍ -
"ချည်နည်းနည်းထူရင် အပေါက်ထဲတောင် မဝင်တော့ဘူး"
"မင်း ပါးစပ်မြန်မြန်ပိတ်စမ်းပါ။ ဒီလောက်အထိ ချောင်းဆိုးနေတာတောင် လူကို ဖဲ့ဖို့အား ရှိသေးတာလား"
ပျန်းနမ် သူ့ကျောကို ပုတ်ပေးနေရင်း -
"ဟေ့ ခုနက ငါရောက်လာခါစတုန်းက မင်း အိပ်မက်မက်နေတာမလား"
"ဘာဖြစ်လို့လဲ"
ချိုးယိ ခေါင်းငဲ့ကြည့်လာသည်။
"ဘာမှလဲ မဟုတ်ပါဘူး"
ပျန်းနမ် ခပ်ဖွဖွ ပုတ်ပေးနေရင်း -
"မေမေလို့ခေါ်လိုက်သံ ကြားလိုက်လို့။ မင်းမေမေကို အိပ်မက်မက်တာလား"
ချိုးယိက သိသိသာသာ တန့်သွားကာ ထို့နောက်မှာတော့ အသံက တိုးသွားပြီး -
"...... ဟုတ်လိမ့်မယ်ထင်တယ်။ မသိဘူး ...... တခြား ဘာတွေ ပြောသေးလဲ"
"တခြားတော့ ဘာမှမပြောဘူး။ ငါက မင်း ငါ့ကိုပဲ မွေးစားအဖေလို့ သတ်မှတ်လိုက်ပါလားလို့ ပြောလိုက်တော့ မင်း နိုးလာတာပဲ"
ပျန်းနမ်က ခြေထောက်ကို ချိုးယိကိုယ်ပေါ်တွင် တင်လိုက်ပြီး လက်မောင်းရော ခြေထောက်ဖြင့်ပါ ချိုးယိကို ချုပ်ဖက်လိုက်တော့ အလွန် စိတ်ချမ်းသာပြီး ကျေနပ်အားရသွားသည်။
.
ချိုးယိ အိပ်မက်ယောင်လေ့ မရှိတတ်ပါ။ နိုးတစ်ဝက် အိပ်မှုန်စုံမွှား ဝိုးတဝါးဖြစ်နေချိန်မှာလည်း စကားပြောလေ့ မရှိချေ။ အလွန်ဆုံးမှ ချိုးယန့် အိပ်ရာထချိန်တွင် သူ့ကိုယ်ပေါ်ကို လျှောက်မနင်းရန် ပြောခြင်းသာရှိသည်။ သူ တကယ်ပဲ သူ့မေမေကို ခေါ်မိလိမ့်မယ်ဆိုတာ တကယ်ကို မထင်မှတ်ထားခဲ့ချေ။ ထို့ပြင် ပျန်းနမ်တောင် ကြားသွားသေးသည်။
ဒီလို ပြောပြရခက်သော ခံစားချက်တို့က သူ့ကို ခဏတွင်းချင်း ဝါးမျိုလွှမ်းမိုးသွားတော့သည်။
ပျန်းနမ် ဆက်မေးလာမှာကို သူကြောက်သည်။ သူ၏လိင်စိတ်တိမ်းညွှတ်မှုကို သူကိုယ်တိုင် ယုံကြည်ချက်ရှိရှိ အေးဆေးတည်ငြိမ်စွာ လက်မခံနိုင်တာကို ပျန်းနမ် သိသွားမှာကိုလည်း စိုးသည်။ ဒါတွေ ပျန်းနမ် သိသွားပြီးနောက် နောက်ဆုတ်သွားမှာကို သူ ပို၍ ကြောက်ပါသည်။
မေမေ့ကို အောက်မေ့သတိရတာတောင် ဝန်လေးစရာတစ်မျိုးအဖြစ် ဘယ်တုန်းက ပြောင်းလဲသွားတာလဲ။
တစ်ဖက်က စိတ်မလုံမလဲဖြစ်ပြီး တခြားတစ်ဖက်က ရှောင်ဖယ်နေချင်ပြန်သည်။ ဤခံစားချက်က လူကို အတော်ညှင်းပန်းလှသည်။
"ငါ ဒီနေ့ အဆောင်ကို မပြန်တော့ဘူး"
ပျန်းနမ်က မျက်နှာကို သူ့ကျောနောက်က စောင်ထဲ ဖိကပ်နှစ်လိုက်ပြီး -
"ရလား။ ငါနားထောင်နေတာ အပြင်က နှင်းကျတာ တော်တော်ကြီးနေတယ်"
"ဒါဆို မင်း ဧည့်ခန်းထဲက ဆိုဖာမှာ သွားအိပ်"
ချိုးယိက ပက်လက်လှဲလိုက်ပြီး -
"ငါ အအေးမိတာက တော်တော်ဆိုးနေတာ။ မင်းကို ကူးသွားမှာစိုးတယ်"
"အဲဒါကတော့ မဖြစ်နိုင်ဘူး"
ပျန်းနမ် တိုးကပ်သွားပြီး သူ့နှုတ်ခမ်းပေါ် တစ်ချက်နမ်းလိုက်ကာ -
"ငါ လေလုံးထွားတာမဟုတ်ဘူး။ ဘယ်သူပဲ နှာစေးစေး အအေးမိမိ ငါ့ဆီ မကူးနိုင်ဘူး။ ဒီသခင်က နွားလို သန်မာတယ် ...... နွားက သိပ်မခန့်ညားဘူး။ မြင်း။ ဒီသခင်က မြင်းလိုခန့်တာ။ မြင်းမည်းမင်းသား။ တစ်ကိုယ်လုံး ညိုမှောင်တောက်ပတဲ့ကြွက်သားတွေနဲ့ ......"
ချိုးယိတစ်ယောက် မနေနိုင်တော့ဘဲ ရယ်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ -
"မင်း တအားစိတ်ရှုပ်စရာကောင်းတယ်လို့ ပြောတဲ့သူ မရှိဘူးလား"
"မရှိဘူး။ မင်းကို မျက်စိမကောင်းဘဲအဝေးမှုန်တယ်လို့ရော ပြောတဲ့သူ မရှိဘူးလား။ လူကို ကြည့်တာ ဒီလောက် မမှန်နေဘူးဆိုတော့"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်သည်။
"ငါ နဂိုကတည်းက မျက်စိမှုန်တယ်"
ချိုးယိ ရယ်ရင်းပြောလိုက်ပြီး တစ်ဖက်လှည့်ကာ ချောင်းဆိုးပြန်သည်။
"မင်း မျက်စိမှုန်နေတယ်ဆိုတာ ငါမေ့တော့မလို့"
ပျန်းနမ်က သူ့ကျောကို ပုတ်ပေးနေရင်း -
"မင်းတို့ အလုပ်သင်ဆင်းရင် ကျန်းမာရေး စစ်ဖို့ မလိုဘူးလား။ အဝေးမှုန်တာ သင်္ဘောတက်လို့ရတယ်ပေါ့"
"အင်း။ မြင်နိုင်အား ၅.၀ အထက် ရှိရမယ်။ ဒါပေမဲ့ ငါ ဒီဂရီမများဘူး။ ငါ့မြင်နိုင်အားက ၅.ဝ နဲ့အထက် ရှိတယ်။ သေချာမမြင်ဘဲ ဝါးနေတာပဲ ရှိတာ"
ချိုးယိက အတော်ကြာအောင် ချောင်းဆိုးနေပြီးမှ ပုံမှန်ပြန်ဖြစ်သွားပြီး -
"ငါ မျက်လုံးစစ်တဲ့ဇယားတောင် အလွတ်ကျက်ခဲ့လိုက်တာ ......"
"ငါ ...... လူး"
ပျန်းနမ် အနည်းငယ် အံ့အားသင့်နေကာ -
"ဟေ့ကောင် မင်းတကယ်ကိုပဲ ဘာမဆို အကုန် အလွတ်ကျက်တာလားဟ။ တိရစ္ဆာန်အစာထည့်တဲ့အိတ်ကစပြီး မျက်လုံးစစ်တဲ့ဇယားအထိပဲ။ မင်း စာတော်ပြီးအဆင့်ကောင်းနေတာ ဘာကြောင့်လဲဆိုတာ ငါ သိတော့ သိသွားပြီ"
"မတတ်နိုင်ဘူးလေ။ ပါရမီစွမ်းရည်ကိုက ဒီလိုမျိုး ထင်ရှားနေတာကိုး"
ချိုးယိ ရယ်လိုက်တော့ ချောင်းဆိုးသွားပြန်သည်။
"မင်း စကားမပြောနဲ့တော့ စကားမပြောနဲ့တော့"
ပျန်းနမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ထထိုင်ကာ အင်္ကျီတွေ စချွတ်ရင်း -
"ငါလဲ မင်းကို စကားပြောအောင် အစမပေးတော့ဘူး။ စကားပြောတာနဲ့ ချောင်းက ထထဆိုးနေတာ။ ရယ်က ရယ်နေသေးတယ်"
"မင်း ဘာလုပ်တာလဲ"
ချိုးယိ သူ့ကို ကြည့်နေသည်။
"ဘာများ လုပ်နိုင်အုံးမှာလဲ။ ငါ လုပ်ချင်တယ်ဆိုရင်တောင် မင်း လုပ်နိုင်လို့လား"
ပျန်းနမ် သူ့ကို ပေစောင်းစောင်း ကြည့်လိုက်ကာ -
"ငါ အိပ်မလို့"
"မင်း တကယ်ပဲ ငါနဲ့ တိုးအိပ်မယ်ပေါ့"
ချိုးယိ အနည်းငယ် ချီတုံချတုံဖြစ်နေသည်။
"မင်းက ငါနဲ့ တိုးကပ်မအိပ်ချင်တာလား ဘာလား"
ပျန်းနမ် မျက်မှောင်တွေကုတ်ပြီး သူ့အား ကြည့်နေသည်။
"မင်းကို ကူးသွားမှာကြောက်လို့လို့ ပြောပြီးပြီလေကွာ"
ချိုးယိက အသံတိုးတိုးဖြင့် ပြောသည်။
"မစိုးရိမ်နဲ့လို့ ငါ ပြောပြီးပြီလေ"
ပျန်းနမ်က အင်္ကျီကို ဘေးနားကို ပစ်လိုက်ပြီး ဘောင်းဘီကိုလည်း ချွတ်လိုက်ကာ လက်မြှောက်၍ ခေါင်းရင်းက မီးကို ပိတ်လိုက်၏။ ထို့နောက် စောင်ထဲ လျှိုဝင်ကာ -
"ငါ့လခွမ်း။ မင်းက အဖျားတက်ပြီး ကိုယ်ပူနေတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီလောက် ပူနွေးနေတာလဲ"
"အာသီသ မီးတွေ လောင်ကျွမ်းနေတာလေ"
ချိုးယိ ပြောလိုက်ကာ ဆက်၍ -
"စောင်ရှိသေးတယ်။ မင်း ခဏလာတိုးပြီးရင် တခြားစောင်ပဲ ခြုံလိုက်တော့"
"အင်း သိပြီ။ မင်းကို အဖျား အခြေအနေဆိုးသွားအောင် လုပ်မိမှာတောင် ငါက ကြောက်နေတာ"
ပျန်းနမ် သူ့ကိုယ်နားတိုးကပ်ပြီး တင်းကျပ်နေအောင် ဖက်လိုက်သည်။ ချိုးယိကိုယ်က အနည်းငယ် ပူမြိုက်နေဆဲဖြစ်ကာ -
"မင်းကိုယ်က ကန်စွန်းဥမီးဖုတ်လိုပဲ"
"မင်း ဒီနှစ်ရက် ကျန်ဖေးကို သွားတာ အခြေအနေ ဘယ်လိုရှိလဲ"
ချိုးယိက သူ့ဝမ်းဗိုက်ကို သွားပွတ်သပ်လိုက်ရင်း မေးသည်။
"ငါပြောပြမယ်။ မင်းက နားပဲထောင်နေရင် ရပြီ။ စကားမပြောနဲ့တော့"
ပျန်းနမ် ချိုးယိကို ကြည့်နေကာ ချိုးယိက ခေါင်းညိတ်ပြလာတော့ သူ လည်ချောင်းကို ရှင်းလိုက်ကာ -
"မဆိုးပါဘူး။ နည်းပညာနဲ့ စွမ်းရည်ပိုင်းတွေပဲ ပြောရင် ငါ ပြဿနာမရှိဘူး။ အဲဒီ အချင်းချင်းဆက်ဆံရေးတွေဆိုတာကိုပဲ စိတ်ရှုပ်တာ။ နည်းပြတွေ တော်တော်များတာ။ ပုံမှန်ဆို နေ့တိုင်းလိုလို အားလုံးနဲ့ ပတ်သက်ဆက်ဆံရတယ်။ သူတို့နာမည်တွေရယ် ဘယ်သူက ဘယ်အတန်းကို သင်လဲဆိုတာရယ်ကို မှတ်ရတဲ့အပြင် ဒီလူတွေက အားအားယားယား ဂိုဏ်းတွေအဖွဲ့တွေလဲ ကွဲသေးတာ။ ဘယ်သူနဲ့ဘယ်သူက တစ်ဖွဲ့တည်းတွေ၊ ဘယ်သူနဲ့ဘယ်သူကတော့ဖြင့် တွေ့တာနဲ့ ရန်စောင်ကြတာတွေ ငါက အဲဒါတွေကိုပါ သဘောပေါက်အောင် လုပ်နေရတယ်။ ဟမ်း ... လီမျိုးရိုးနဲ့ နည်းပြတစ်ယောက်လဲ ရှိသေးတယ်။ ရုပ်ရည်ကတော့ ဖန်းယိဖုန်းနဲ့ သိပ်ဆင်တာ။ နည်းပြ-ကုက ငါ့ကိုလွှတ်ပြီး သူ့ဆီမှာ ပစ္စည်းတွေ သွားသွားယူခိုင်းတာ။ ငါသူ့ကို မြင်လိုက်တိုင်း နားရင်းကို တစ်ချက်လောက် အုပ်ပစ်ချင်တာ တအားပဲ။ ပြီးတော့ သူ့မြင်တာနဲ့ နည်းပြ-ဖန်းလို့ပါ ခေါ်ချင်နေတော့တာပဲ ......"
ချိုးယိ အသံမထွက်ဘဲ ဘေးတစ်ဖက်တွင် အတော်ကြာအောင် ရယ်နေသည်။
"မင်း တအားမရယ်နေနဲ့။ နည်းနည်းနေကောင်းသွားရင် မင်းကို အသေးစိတ်ထပ်ပြောပြမယ်"
ပျန်းနမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ -
"ငါ ကျန်ဖေးကို သွားနေပြီဆိုတာ ငါ့အဖေ အခုထိ မသိသေးဘူး။ ဒီကိစ္စ သူ တစ်လျှောက်လုံး မဟလာဘူး။ တကယ်ကတော့ သဘောမတူလို့ပါပဲ။ အကယ်၍ ငါပြောပြလိုက်ရင်တောင် သူ စိတ်မချမ်းမသာဖြစ်သွားမယ်ထင်တယ်"
"ကောင်းကောင်းလုပ်ရင်ရပြီ"
ချိုးယိက အက်ရှရှအသံဖြင့် ပြောသည်။
"အင်း"
ပျန်းနမ် သူ့ကို ခပ်တင်းတင်းဖက်လိုက်ပြီး သူ့ကိုယ်ကို အကြာကြီး ပွတ်သပ်တိုးတိုက်နေကာ နောက်ဆုံးမှ စောင်ထဲကနေ ထွက်ပြီး အခြားစောင်တစ်ထည်ယူ၍ ခြုံလိုက်ရင်း -
"အိပ်တော့"
အမှောင်ထုထဲတွင် နှစ်ယောက်သား တစ်အောင့်ခန့် လှဲနေပြီးနောက် ချိုးယိက လေသံတိုးတိုးဖြင့် ခေါ်လာသည်။
"သာ့ဟူကျစ်"
"အင်း"
ပျန်းနမ် ကိုယ်ကို တစောင်းလှည့်ပြီး သူနှင့် မျက်နှာချင်းဆိုင် လှဲလိုက်သည်။ အက်ကွဲရှတပြီး အိပ်ချင်စိတ်ပါဝင်နေသည့် ချိုးယိ၏လေသံမှာ အနီးကပ်ကြားရသည့်အချိန်တွင် အလွန်ကိုမှ ဆွဲဆောင်မှု ရှိလှပါသည်။
"ဟို အဘိဓာန်စာအုပ် ......"
ချိုးယိ ပြောသည်။
"ငါ မနက်ဖြန်ကျရင် မင်းကို ထုတ်လာပေးမယ်"
ပျန်းနမ်က ချက်ချင်းပြောလာသည်။ ချိုးယိ ဒီစကားပြောလာဖို့ စောင့်နေတာ ကြာခဲ့ပြီလိုပင်။
"တစ်သောင်းဆိုရင် ရပြီ"
ချိုးယိ လက်ဆန့်ထုတ်ပြီး သူ့နဖူးပေါ်တွင် ပွတ်သပ်ပေးနေသည်။
"အကုန်လုံး ယူလိုက်ရင် မပြီးသွားဘူးလား။ ဘယ်လောက်သုံးရမလဲဆိုတာ မင်းဘာသာမင်း တွက်ပြီးသုံးပေါ့"
ပျန်းနမ်က အမှုမထားစွာ ပြောသည်။
"မလိုဘူး။ မင်း သိမ်းထား"
ချိုးယိ သက်ပြင်းတစ်ချက် ချလိုက်ပြီး -
"ပျန်းနမ် တကယ်လို့ ဒီပိုက်ဆံတွေသာ မင်းဘာသာမင်း ရှာထားတာဆိုရင် မင်း ဒီလို ဂရုမထားသလို လုပ်မှာမဟုတ်ဘူး"
"ငါ့ဘာသာငါရှာတဲ့ပိုက်ဆံဆိုလဲ မင်းအပေါ်ဆို ဒီလိုသဘောထားပဲ ဖြစ်မှာပဲ"
ပျန်းနမ် ခဏစဥ်းစားလိုက်ပြီးနောက် -
"မင်းပြောချင်တဲ့သဘောကို ငါသိပါပြီ။ တစ်သောင်းဆိုလဲ တစ်သောင်းပေါ့။ ကျန်တာကို ငါအရင်သိမ်းထားပေးမယ်"
ပျန်းနမ်က အလွန်နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ မနက်ခင်း နိုးလာသည့်အချိန်တွင် အားအပြည့်သွင်းလိုက်ရသည့်အတိုင်းပင်။ သူ အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ကျောင်းကို ပြန်လျှင် မနက်ပိုင်း လေ့ကျင့်ရေးကို မီနိုင်သေးသည်။
ချိုးယိကတော့ အိပ်ပျော်နေဆဲပင်။ သူ အနားတိုးပြီး ချိုးယိ၏နှုတ်ခမ်းထောင့်တွင် တစ်ချက်နမ်းလိုက်ပြီးနောက် တိုးတိတ်ညင်သာစွာ အိပ်ရာကနေ ဆင်းခဲ့သည်။
ဒီအချိန်တွင်တော့ မနက်စောစောနိုးပြီး လူတွေကို နင်းတတ်သည့် ကျွမ်းကျင်သူဆရာကြီးလေး ချိုးယန့်လည်း မနိုးသေးပါ။ အိမ်ခန်းထဲတွင် အလွန်တိတ်ဆိတ်နေသည်။ ပျန်းနမ် တံခါးဖွင့်ပြီး အပြင်ထွက်လာတော့ အေးစိမ့်သောလေတွေက ချက်ချင်းပင် သူ့ကော်လာထဲကို အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။
သူ ကော်လာကို ဆွဲဆုပ်လိုက်ပြီး တစ်လမ်းလုံး ခုန်ရင်းပြေးရင်းနဲ့ လမ်းသွယ်ထိပ်သို့ရောက်သွားပြီး ဖက်ထုပ်ပေါင်း အနည်းငယ်ဝယ်ကာ ချိုးယိတို့အိမ်သို့ ပြန်ပြေးလာပြန်သည်။ အပူထိန်းဘူးကြီးတစ်လုံး ယူ၍ ထည့်လိုက်ပြီး စားပွဲပေါ် တင်လိုက်ပြီးနောက် တံခါးကို ညင်ညင်သာသညပိတ်ကာ ပြန်ထွက်လာခဲ့သည်။
သိပ်မကြာခင် နှစ်ဆုံးစာမေးပွဲ ဖြေရတော့မည်။ လောင်ကျန်က အထက်တန်းတတိယနှစ် အုပ်စု၏ လေ့ကျင့်ရေးကို အနည်းငယ် လျှော့ပေါ့ပေးကာ ညနေကျလျှင် လေ့ကျင့်ရေးပမာဏ လျှော့ပေးမည့်အကြောင်း မနက်ကတည်းက ပြောပြလာသည်။
ပျန်းနမ်တစ်ယောက် ရင်ထဲ ထိရှသွားကာ မနက်ပိုင်း ယဥ်ကျေးမှုဘာသာအတန်းချိန်ကိုတောင် အိပ်မငိုက်ဘဲ နားထောင်ခဲ့သည်။ မနေ့တုန်းက အိပ်ရေးဝဝဖြင့် နှစ်ခြိုက်စွာ အိပ်စက်ခဲ့ရလို့လည်း ပါလိမ့်မည်ဆိုတာ သေချာပေါက်ပါ။
နေ့လယ် အတန်းဆင်းတော့ သူနှင့်ဝမ့်ဖေးနှစ်ယောက်သား ကန်တင်းတွင် ထမင်းသွားစားကြသည်။ တစ်ညလုံး နှင်းကျထားပြီး နေ့လယ်အထိ တဖွဲဖွဲကျနေဆဲပင်။ အားအင် ပိုလျှံထွက်နေ၍ နှင်းဘောလုံး ပစ်တမ်းဆော့နေသည့်သူလည်း တစ်လမ်းလုံး တွေ့ရသည်။
"နမ်ကော"
ဝမ့်ဖေး သူ့ကို ကြည့်နေရင်း -
"ကြည့်ရတာ တော်တော်စိတ်ကြည်နေပါ့လား"
"အမြဲတမ်း ကြည်နေခဲ့တာပဲ"
ပျန်းနမ် လက်ဖျောက်တစ်ချက် တီးလိုက်သည်။ တကယ်တော့ သူနှင့်ချိုးယိတို့ကြားက ပြဿနာက ဘာတိုးတက်မှု အနည်းငယ်လေးမှ မရှိပါ။ မည်သို့ဆိုစေ သူ့အနေဖြင့် ဖြေရှင်းရန်နည်းလမ်း ရှာမတွေ့ချေ။ သို့သော် ယခု ထိုပြဿနာကို ဘေးတစ်ဖက်ကို ပစ်လိုက်တော့ စိတ်အခြေအနေက တကယ်ကိုပင် များစွာ ကောင်းမွန်လာခဲ့သည်။ ကိစ္စအတော်များများကို သူ ရှည်ရှည်ဝေးဝေး စဥ်းစားလိုစိတ် မရှိပါ။ ဘယ်လိုပဲဖြစ်ဖြစ် တွေးတောစဥ်းစားပြီးလျှင်လည်း အကျိုးမှ မထူးနေဘဲ။
ကန်တင်းအပေါက်ဝသို့ရောက်ခါစမှာပဲ ပျန်းနမ်၏ဖုန်းက အသံမြည်လာသည်။
"ငါလူး မလုပ်နဲ့ မလုပ်ပါနဲ့။ ငါနဲ့ထမင်းလိုက်စားပေး"
ဝမ့်ဖေးက သူ့လက်မောင်းကို ဖမ်းဆုပ်ပြီး ကြေကွဲနေသော မျက်နှာထားဖြင့် -
"ဟေ့ကောင် မင်း ချိုးယိနဲ့ အပြင်ထွက်စားအုံးမယ်မလား"
ချိုးယိ ဖျားနေတာ ချေးကိုပဲ စားနေလိုက်လို့ ပျန်းနမ်ပြောဖို့အလုပ်မှာပင် ငုံ့ကြည့်လိုက်တော့ ခေါ်ဆိုသူက ချိုးသာ့ပေါင် ဖြစ်နေသည်။
"ထမင်းသွားထည့်"
ပျန်းနမ်က ချိုးယိကို ပုတ်ထုတ်လိုက်ပြီး ဖုန်းကိုင်လိုက်ကာ -
"နိုးပြီလား"
"အတန်းတောင် နှစ်ချိန်တက်ပြီးသွားပြီ"
ယခင်အတိုင်း ရှတအက်ကွဲနေသော ချိုးယိ၏အသံက ဖုန်းထဲသို့ ပျံ့နှံ့ဝင်ရောက်လာသည်။
"ဘာ"
သူ့အသံတောင် သံစဥ်လွဲသွားသလို ပျန်းနမ် ခံစားလိုက်ရကာ -
"မင်း ကိုယ်ပူကျသွားပြီလား။ အအေးမိတာ သက်သာသွားပြီလား"
"ကိုယ်ပူကျသွားပြီ။ ငါ နိုးလာတုန်းက တိုင်းလိုက်တာ။ နေ့ခင်းကျရင် ဆေးတစ်ခေါက်သွားသွင်းရအုံးမှာ။ မင်းကို ငါနဲ့ အဖော်လိုက်သွားစေချင်လို့။ အဲဒါနဲ့ ကျောင်းကိုပဲ လာလိုက်တာ။ လာလက်စနဲ့ အတန်းချိန်နှစ်ချိန် တက်လိုက်တာ"
"ပထမနဲ့ဒုတိယအတန်းချိန်တွေ မတက်ခဲ့ဘူးပေါ့"
"အင်း။ အိပ်ရေးဝမှ ထဖြစ်လို့"
ချိုးယိက ချောင်းနှစ်ချက်ဆိုးလိုက်ပြီး -
"ထမင်းအတူတူစားမလား"
"လမ်းဆုံမှာ လေကွယ်တဲ့တစ်နေရာရှာပြီး ငါ့ကိုစောင့်နေ"
ပျန်းနမ် ဖုန်းချပြီးနောက် ကန်တင်းထဲကို ပြေးဝင်သွားသည်။ ကိုယ့်ထမင်းကိုယ်ကို ယူပြီးသွား၍ စားပွဲတွင် ထိုင်စားနေလျက်ရှိသော ဝမ့်ဖေးကို တွေ့တော့ -
"မင်း ငါ့အတွက် မယူထားပေးဘူးပေါ့"
"ယူထားပေးရင် မင်းစားမှာလား"
ဝမ့်ဖေးက ကျွတ်ခနဲ စုတ်သပ်သည်။
"ဉာဏ်ပြေးသွားတော့ နည်းနည်းလေး အသားမကျသလိုပဲ"
ပျန်းနမ် သူ့ပခုံးကို ပုတ်လိုက်ပြီး -
"ငါ နေ့ခင်း ပြန်လာမယ်"
"ငါ့အတွက် ကြက်တောင်ပံနှစ်ခုလောက် ဝယ်လာခဲ့ပေးပါလား"
ဝမ့်ဖေး ချက်ချင်းပြောသည်။
"ရတယ်"
ချိုးယိက လမ်းဆုံရှိ စူပါမားကက်လေးထဲတွင် ရပ်နေပြီး သူ ပြေးလာတာကို မြင်တော့မှ ဆိုင်ထဲကနေ ထွက်လာသည်။
ပျန်းနမ် သူ့ကို စိုက်ကြည့်နေရင်း စိတ်ထဲ မြူးလာတော့သည်။ ချိုးယိသည် ပုံမှန်ထက် ပို၍ များပြားထူထဲစွာ ဝတ်ထား၏။ ခေါင်းစွပ်၊ လည်စည်းပဝါ၊ နှာခေါင်းစည်း၊ လက်အိတ်တို့အပြင် လေကာ အနွေးထည်ရှည်အထူကိုလည်း ဝတ်ဆင်ထားသေးသည်။ သူ အနားတိုးသွားကာ ချိုးယိအား တစ်ချက်တွန်းလိုက်ပြီး -
"မင်း ငြိမ်ငြိမ်ရပ်နိုင်သေးလား"
"နည်းနည်းလေးမှ စိတ်ကောင်းမရှိဘူး"
ချိုးယိက နှာခေါင်းစည်းကို ဆွဲချလိုက်ရင်း -
"ဘယ်လိုပဲဖြစ်ဖြစ် ငါက ဖျားနေတဲ့လူနာလေ။ နည်းနည်း ညင်သာလို့မရဘူးလား"
"ရတယ်"
ပျန်းနမ် သူ့နား တိုးကပ်သွားပြီး သူ့လက်မောင်းကို ဆွဲ၍ သရေစာဆိုင်တန်းလမ်းမလေးထဲ လျှောက်ဝင်သွားရင်း -
"လူမရှိတဲ့တစ်နေရာမြန်မြန်ရှာအုံး ငါ ကောင်းကောင်းလေး ညင်သာပေးလို့ရအောင်"
"ပျင်းလိုက်တာ သွားမလား"
ချိုးယိ မေးသည်။
"အင်း"
ပျန်းနမ် ခေါင်းညိတ်လိုက်ကာ -
"သူ့ဆိုင်က နွေးတယ်။ သူ ကုဝေကို သိလားလို့ ငါမေးချင်နေတာနဲ့ အတော်ပဲ"
နှစ်ယောက်သား ဘာမှမစားဘဲ သရေစာဆိုင်တန်းလမ်းမလေးကို ဖြတ်သန်းပြီးနောက် လူနေအိမ်ရာဘက်သို့ ထွက်သွားသည်။ နှင်းကျသောနေ့ဖြစ်၍ လမ်းတွင် လူသိပ်မရှိဘဲ ယခုအချိန်တွင်တော့ အိမ်ရာတစ်ခုလုံး လူသူကင်းမဲ့နေသည်။
အဆောက်အအုံတစ်ခု၏နောက်သို့ ရောက်သွားသောအခါ ပျန်းနမ် ရုတ်တရက် ပြုံးလိုက်ပြီး ချိုးယိ၏ကော်လာကို ဆွဲကာ -
"လာစမ်း ကောကော မွှေးမွှေးတစ်ချက်ပေးမယ်"
"ကယ်ကြပါအုံး~"
ချိုးယိ ပါးစပ်ကို အုပ်ထားရင်း အသံကျယ်ကျယ်ဖြင့် -
"ရဲသားဦးဦးရေ ဒီနားမှာ လူရမ်းကားတစ်ယောက် ရှိပါတယ် ......"
"ရဲသားဦးဦးတွေက သမီးရည်းစားတွေကြား မရှုပ်ဘူး"
ပျန်းနမ် ဘေးဘီပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ လူမရှိနေပေ။ သူ ဝုန်းခနဲ တိုးကပ်သွားပြီး ချိုးယိကို ဖက်၍ နံရံဘေး တွန်းလိုက်ကာ နှုတ်ခမ်းကို အုပ်ထားသော လက်ကို ဖယ်လိုက်ရင်း -
"မြန်မြန် တစ်ချက်လောက် နမ်းမယ်"
"အအေးမိနေတာလေ"
ချိုးယိက ကူကယ်ရာမဲ့စွာ ပြောသည်။
"ဂရုမစိုက်ဘူး"
ပျန်းနမ် နမ်းလိုက်သည်။
လူနေအိမ်ရာဖြစ်နေသည့်အတွက် ပျန်းနမ် သိပ်ပြီးတော့လည်း မထောင်လွှားရဲပါ။ ချိုးယိ၏နှုတ်ခမ်းပေါ်တွင် အားပါစွာ ဖိနမ်းလိုက်ပြီး နောက်ဆုတ်ဖို့လုပ်သည့်အချိန်တွင် ချိုးယိ၏ အသက်ရှူသံ ရပ်တန့်သွားတာကို ခံစားမိကာ သူ့ကို တွန်းထုတ်လိုက်သည်။
"ဘာဖြစ် ......"
ဘာလို့ ဒီလောက်ရက်စက်ရတာလဲဟု ပျန်းနမ်ပြောဖို့အလုပ်မှာပဲ ချိုးယိက သူ့နောက်ကျောရှိ တစ်ခုခုကို ကြည့်နေတာကို သိလိုက်ရကာ သူ့ရင်ထဲတွင် ဝုန်းခနဲ လေးလံသွားသည်။
အံကြိတ်ပြီး လှည့်ကြည့်လိုက်သည့်အချိန်တွင် အခြားသော အဆောက်အအုံတစ်ခုနောက်ကနေ ကွေ့ထွက်လာပြီး အိမ်ရာ၏ နောက်ဖေးတံခါးပေါက်ကနေ ပြန်ထွက်ဖို့ စီစဥ်ထားပုံရသော မျောင်ယွမ်ကို ပျန်းနမ် တွေ့လိုက်ရသည်။
***
(ဆက်ရန်)