အပိုင်း (81)
ဒေါက်တာဝိုင်၏ အခြေစိုက်စခန်းတွင် မန်ခါလီနှင့် လဲ့တွန်းတို့က ထိပ်တိုက် ဆုံကြသည်။
မန်ခါလီကလည်း သူမ၏စိတ်စွမ်းအားကိုသုံးပြီး ရှင်းပြပေးသည်။
ခေါင်းဆောင်ဘာတွေတွေးနေမှန်း ငါနားမလည်တော့ပါဘူး၊ အရင်က သူပဲ အထူးတလည် ဆက်ဆံခိုင်းခဲ့တာ မဟုတ်လား၊ ဒါကလည်း ခေါင်းဆောင်ကျန်းကြောင့်ပဲ၊ ငါနားလည်ပြီးသား၊ ဘာလို့ရုတ်တရက် ယွီဟော်ကို သူတို့ကို ထပ်ပြီးတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့တာလဲ
လဲ့တွန်းက မျက်မှောင်ကြုတ်သည်။
မင်းအပြင်များများ ထွက်သင့်တယ်၊
ဒီလိုအတိုင်းသာဖြစ်နေရင် မင်းကို ဖားမှိုဆွဲတော့မယ်၊ မင်းမကြားဘူးလား၊ ဒေါက်တာယင်နဲ့ ပိုင်မန်အဖွဲ့အစည်းက ကျန်းကျိရင်တို့က အတွဲလေ၊ ဒီတော့ ခေါင်းဆောင်က သူတို့ကိုဆက်ပြီး သည်းမခံနိုင်တော့တာ ရှင်းလင်းနေတာပဲ၊ ပြောရရင် သူဆက်ပြီး သည်းမခံနိုင်တော့တာ ဖြစ်ရမယ်၊ ငါကြားထားတဲ့အတိုင်းဆိုရင် ဟိုနှစ်ယောက်က သူတို့ရဲ့ဆက်ဆံရေးကိုတောင် တရားဝင်ကြေညာတော့မှာလေ
ဘယ်လိုဖြစ်နိုင်မှာလဲ
မန်ခါလီက ဖိအားများသွားသည်။ သူမက လဲ့တွန်းကို ပြန်ကြည့်သည်။
ခေါင်းဆောင်က ခေါင်းဆောင်ကျန်းကို ထွက်တွေ့ဖို့တောင် ငါကူညီပေးခဲ့သေးတယ်၊ သူတို့တွေ့တဲ့အချိန် ဘာပြောလဲဆိုတာကို မင်းသိလို့လား
လဲ့တွန်းက ခေါင်းခါသည်။
သိသိသာသာပဲ၊ ခေါင်းဆောင်နဲ့ ကျန်းကျိရင်တို့က မင်းနဲ့ငါတို့အရှေ့ အရင်ကတည်းက ဆုံခဲ့ကြပြီးသား၊ ကပ်ဘေးမစခင်ကတည်းက တွေ့ခဲ့ကြတာ ဖြစ်လောက်သေးတယ်၊ ဒါကြောင့် အခုသူတို့က မတူတဲ့ဘက်တွေမှာ ရပ်တည်နေကြပြီ၊ သူတို့အချင်းချင်း တစ်ဖန်ပြန်တွေ့တဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးကို ဖျက်ဖို့ ကြိုးစားမှာပဲ
မန်ခါလီက ကြောင်သွားသည်။ ထို့နောက် မေးကြည့်ရန် ကြိုးစားသည်။
ဆိုတော့ ခေါင်းဆောင်ကအခု သဝန်တိုနေတယ်လို့ ထင်တာလား၊ ဒီတော့သူက အဲဒီနှစ်ယောက်ရဲ့ဆက်ဆံရေးကို ဖျက်ဆီးဖို့အတွက် ဒိီလို အခြေအနေဖြစ်အောင် လုပ်ခဲ့တယ်ပေါ့လေ
လဲ့တွန်းက ပြန်လည်တည်ငြိမ်သွားသည်။ သူက ဖြေ၏။
ဖြစ်နိုင်တာပဲလေ
ထို့နောက် သူက ထပ်ဖြည့်ပြောသည်။
ငါသတင်းတစ်ခု ကြားထားတယ်၊ ယင်ညန်နဲ့ ပိုင်မန်အဖွဲ့အစည်းရဲ့ခေါင်းဆောင်က အမွှာတွေဆိုပြီး ပြောနေကြတာရှိတယ်၊ ဒါပေမဲ့ ဘယ်သူကမှတော့ အတည်မပြုထားဘူး၊ အဲဒီနောက် ငါသူ့ရဲ့မျက်နှာကို အထူးတလည်သွားကြည့်ခဲ့တဲ့အချိန်မှာ သူတို့က တစ်ရုပ်တည်းလိုလို ချွတ်စွပ်တူနေတာကို တွေ့လိုက်ရတာပဲ
မန်ခါလီ၏ အမူအယာက ကောင်းကင်က ပြိုကျလာပြီဆိုသော မျက်နှာထားမျိုးဖြစ်သွားသည်။ ထို့နောက် သူက ချက်ချင်းလိုလို ထွက်ပြေးသွား၏။ ထို့မတိုင်ခင်က အခြေစိုက်စခန်းတွင် ခေါင်းဆောင်က သိပ်ပေါ်လာလေ့မရှိချေ။ သူတို့ကလည်း တိမ်ကောင်းကင်မဟာမိတ်အဖွဲ့ကို အဓိကတိုက်ခိုက်သည့် ဗျူဟာကိုသာသုံးပြီး ခုခံကာ တိုက်ခိုက်နေရခြင်းဖြင့် သူမကလည်း အမြဲတစေ ခေါင်းဆောင်နှင့် ကျန်းကျိရင်တို့က အတူရှိနေကြပြီဟု တွေးခဲ့သည်။ သို့သော် အမှန်တရားက ထိုမျှအထိ ရက်စက်နေမည်ဟု မထင်ထားမိချေ။ သူမက အရှင်မင်းကြီးရှောင်းရှန်းကို ပြန်တွေ့ခွင့် အခွင့်အရေးရှိမရှိပင် မသေချာတော့ချေ။
ပို၍ဆိုးသည်မှာ ယွီဟော်က ပိုင်လုမြို့ကို တိုက်ခိုက်လာသောအခါ ခေါင်းဆောင်ကျန်းကသာ မြို့ကို ခုခံရမည့်သူ ဖြစ်လာပေလိမ့်မည်။
ဒေါက်တာ သူ တကယ်ပဲ ဒီလိုဆန္ဒရှိတယ်လား။
မန်ခါလီက ဝိုင်၏အခန်းအနားသို့ ဖြတ်လျှောက်လိုက်ပြီး မနေနိုင်ဘဲ ကြည့်လိုက်မိသည်။ ထိုအခါ ယင်ညန်၏ ဘေးတိုက်မျက်နှာကို မြင်လိုက်ရသည်။
အခုဒေါက်တာက အစပိုင်းထက်ပင် ပို၍ခံစားချက်မဲ့သွားပြီး လူသားမဆန်လာတော့ကြောင်း အမြဲတစေခံစားနေရသည်။ သူက ကြီးမားသော ထိုးနှက်ချက်ကြောင့် ဝမ်းနည်းနေသောကြောင့် ဖြစ်လောက်သည်။ ထိုအချိန်တွင် ယင်ညန်က ခေါင်းမော့လိုက်သည်။ ထိုသို့ဖြင့် သူနှင့် မန်ခါလီက အကြည့်ဆုံသွားသည်။ ချောင်းကြည့်နေခြင်းအား ရှာဖွေတွေ့ရှိခံလိုက်ရသောကြောင့် မန်ခါလီက အလွန်ကြောက်လန့်သွားသည်။ သူမ၏ စိတ်စွမ်းအားများကို သုံးကာ ချက်ချင်းလိုလိုထွက်ပြေးသွားသည်။ ဆယ်မိနစ်ခန့်လွင့်မြောနေပြီးမှသာ သူမက ပြန်ရောက်လာပြီး ဝိုင်၏တံခါးရှေ့တွင် ဂရုတစိုက် ရပ်လိုက်ကာ မေးလိုက်သည်။
ဒေါက်တာ ခေါင်းဆောင်ကျန်းက လာတွေ့မှာလား
ဝိုင်က ခေါင်းကို တိတ်တဆိတ်မော့လိုက်ပြီးနောက် သူမကို မျက်ဝန်းနက်များဖြင့် ကြည့်သည်။ ထိုအထဲတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများ မရှိနေခဲ့ပေ။ လူသားနှင့်ပင် မတူချေ။ သူ၏အသံကလည်း အေးစက်နေသည်။
မန်ခါလီ ငါ့ရဲ့အခြေစိုက်စခန်းက မင်းလာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရတဲ့နေရာ ဘယ်အချိန်က ဖြစ်သွားတာလဲ
သူက ခေါင်းဆောင်ကျန်းဟုခေါ်သောလူအကြောင်း ဂရုမစိုက်သလို မသိသလို ပြုမူနေပြန်သည်။ မန်ခါလီက ပါးစပ်ဟလိုက်သော်လည်း ဆက်မပြောရဲတော့ချေ။ အဆုံးတွင်သူမက စိတ်စွမ်းအားကိုပင် သုံးပြီး စကားမပြောရဲတော့ချေ။ ခေါင်းကိုသာ ငုံ့လိုက်ပြီး တိတ်တဆိတ် ထွက်ပြေးသွားလိုက်သည်။
ခေါင်းဆောင်ကျန်းကျိရင်နှင့် ဒေါက်တာတို့က တစ်ယောက်နဲ့တစ်ယောက် အဆက်သွယ် ဖြတ်လိုက်ကြလေပြီ။ ထိုသို့ဖြင့် တစ်ဖက်သူက အခြားအမျိုးသားတစ်ယောက်နှင့် ဆက်ဆံရေးတစ်ခု တည်ထောင်လိုက်၏။ ထို့အပြင်ဒါက ဒေါက်တာ၏ အမွှာအစ်ကို ဖြစ်နေသေးသည်။ ဒေါက်တာက ယခုလိုအခြေအနေမျိုးတွင် အလွန်အမင်းနာကျင်နေပေလိမ့်မည်။
...........။
ကျန်းကျိရင်ကို ချင်းတုံးဌာန၅မှ တစ်ဖွဲ့လုံးက နွေးထွေးစွာ ကြိုဆိုကြသည်။ သို့ရာတွင် ဌာန၅ကို တာဝန်ယူထားသော လူ၏ နွမ်းနယ်နေသော မျက်နှာမှ တစ်ဆင့် ကျန်းကျိရင်ကလည်း သူတို့က အလွန်အားကုန် နွမ်းနယ်နေကြပြီး ဆက်မတောင်ခံနိုင်တော့ကြောင်း သိလိုက်သည်။
ကျန်းကျိရင်က အသင်းဖော်များကို နေရာချထားပြီးနောက် ခုခံမှု လုပ်ငန်းစဥ်များကို သွားရောက်လုပ်ဆောင်သည်။ ထို့နောက် ပြန်လည်လည်ပတ်မည့် အကြံအစည်ကို ဌာန၅မှ ခေါင်းဆောင်နှင့်အတူ လက်ရှိအခြေအနေအတိုင်း ဆက်လက်ဆွေးနွေးကြလေသည်။ သူတို့အတွက် အနားယူရန်ပင် အချိန်မရှိတော့ချေ။ အရာအားလုံးကို စီစဥ်ပြီးသွားသည့်အချိန်တွင် ကောင်းကင်က အဖြူရောင်ပြန်ပြောင်းသွားပြီဖြစ်သည်။ သို့သော် သူက မနားနိုင်သေးချေ။ ကျန်းကျိရင်က စားပွဲကိုကြည့်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ နေရာလပ်ရွှေ့ပြောင်းခြင်း အဆောင်ကို ထုတ်လိုက်သည်။
သူကလည်း ယင်ညန်ဟာ ဒေါက်တာဝိုင်၏ အခြေစိုက်စခန်းမှ ဒေါက်တာဝိုင်အဖြစ် ပြန်လာသင့်ကြောင်း ခန့်မှန်းမိလေသည်။ သူက သွားရှာရပေးမည်။ သူ့ကို တွေ့ရပေမည်။ ဒီနည်းအားဖြင့် သူ၏ အဖြစ်အပျက်များကို သိအောင်ကြိုးစားပြီး အိမ်သို့ပြန်ခေါ်လာရမည်ဖြစ်သည်။
သူက ပထမဦးဆုံးအကြိမ် ကြောင်ဖြစ်ဖူးခဲ့သည့်အတွက် ဝမ်းသာသွားမိသည်။ ယင်ညန်က သူ့ကို အခြေစိုက်စခန်းသို့ ပြန်ခေါ်လာခဲ့၏။ ထို့ကြောင့် ကျန်းကျိရင်ကလည်း ထိုနေရာသို့ နောက်တစ်ခေါက် ပြန်လည်သွားနိုင်လေရန် အဆောင်များ ရထားလေသည်။
သူနေရာရွှေ့ပြောင်းသွားသောအခါ သူ၏ အရှေ့တွင် မန်ခါလီက ရှိနေသည်။
ခေါင်းဆောင်ကျန်း ဘာလို့ ရောက်လာပြန်ပြီလဲ
အရှေ့မှကောင်မလေးက အနက်ရောင်ဝတ်ရုံကို ခြုံထားသည်။ လှုပ်ရှားမှုလည်း မပြုလာသလို မျက်နှာထားလည်း မပြောင်းသွားခဲ့ချေ။ သို့သော် လေသံကမူ အံ့အားသင့်သွားသည့်ပုံရသည်။ ထို့အပြင် အနည်းငယ်လည်း ဖိအားများနေပုံရ၏။
နင်မြန်မြန် ထွက်သွားသင့်တယ်၊ ဒေါက်တာက နင့်ကိုအခု မတွေ့ချင်လောက်ဘူး
မန်ခါလီက အသံကို လေးနက်ပြီး အတတ်နိုင်ဆုံး အေးစက်အောင်ကြိုးစားလျက် ကျန်းကျိရင်ကို သတိပေးသည်။
သူ နင့်ကိုတောင် သတ်ချင်လောက်မယ်လို့ ငါ ထင်တယ်
ဒါက အရမ်းကိုချစ်ပြီး အရမ်းကို မုန်းသွားတဲ့ အနေအထားလေ။ သူမရဲ့ခေါင်းဆောင်က သေချာပေါက်ကို ကမ္ဘာကပ်ဘေးကို ဖန်တီးခဲ့တဲ့သူပဲ။ သူမနဲ့ လဲ့တွန်းတောင်မှ ကျန်းကျိရင်လို့ခေါ်တဲ့လူကို ဒီလူက ဘယ်လောက်တောင် သဘောကျလဲဆိုတာကို သိနေတာပဲ။ ကြောင်တစ်ကောင်အဖြစ် ရုပ်ဖျက်ခဲ့တာက သူ့အတွက်၊ တိမ်ကောင်းကင်မဟာမိတ်အဖွဲ့က စွမ်းရည်အသုံးပြုသူအဖြစ် ဟန်ဆောင်ခဲ့တာက သူ့အတွက်၊ သူက လူသားဆန်တဲ့ ခံစားချက်တွေကို ပြသလာတာလည်း သူ့အတွက်ကြောင့်ပဲ။ ဒါပေမဲ့သူ တစ်ဖန်ထပ်ပြီး မရနိုင်ခဲ့ပြန်ဘူး။ ဒီလိုနဲ့ ပိုပြီးကြမ်းတမ်းသွားပြီး သတ်ချင်စိတ်တောင် ပေါက်လာလိမ့်မယ်။ ဒီလူက အမြဲတမ်း သူ့အပိုင်ပဲ ဖြစ်ခဲ့တာ။ ဒါက ဝိုင်လုပ်တတ်တဲ့ ပုံစံ။ ဘာပဲဖြစ်ဖြစ် သူက အမြဲတမ်း ခံစားချက်မဲ့ပြီး လူတိုင်းထက် ရက်စက်တယ်လေ။ နောက်ပြီး အရင်ထက်တောင်ပိုပြီး ကြောက်စရာကောင်းသွားသေးတယ်။
ကျန်းကျိရင်က မှင်တက်သွားသည်။ သူက မျက်မှောင်ကြုတ်ကာ လေးနက်သောအသံမျိုးဖြင့် မေးသည်။
သူဘာဖြစ်တာလဲ
မန်ခါလီက ခေါင်းခါသည်။ သို့သော် သူမက ဆက်မပြောနိုင်ခင် ရုတ်တရက် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ သူက မန်ခါလီကို ကြည့်ကာ သတိပေး၏။
ဒါက ဒုတိယအကြိမ်ပဲ မန်ခါလီ၊ အနာဂတ်မှာ အပြစ်ပေးမှုတွေက ယွီဟော်အခြေစိုက်စခန်းကို မင်းရောက်လာခဲ့သလိုမျိုး ရိုးရှင်းတော့မှာမဟုတ်ဘူး
သူက ယင်ညန်ပဲ။
ဒီည ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်များကို သခင်ဖြစ်သူအား မသိစေဘဲ ပြောင်းလဲ၍ ရလိမ့်မည်မဟုတ်ချေ။
ကျန်းကျိရင်က ကြောင်သွားသည်။ ထို့နောက် အရှေ့မှ လူကိုကြည့်သည်။
ယင်....
သို့သော်သူက နောက်တစ်လုံးကို ဆက်မပြောနိုင်ခင် သူ၏လည်မျိုသို့ ရောက်လာသည့် ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရသည်။ သူ့အား ဆက်မပြောအောင်၊ သူ့အား အသက်ရှူရခက်ခဲအောင် လုပ်လာသည်။
ယင်ညန်က သူ့ရှေ့တွင်ရပ်နေသည်။ ထို့နောက်သူ့ကို အေးစက်စွာကြည့်၏။ ထိုအထဲတွင် မည်သည့်ခံစားချက်မှ မပါချေ။ သူ့ကို မလှုပ်နိုင်အောင် ဖိချုပ်ထားသေးသည်။ သူ၏ဝန်းကျင်မှလေကို ထိန်းချုပ်ထားခြင်းဖြစ်၏။ ဒါက ကျူးကျော်သူအား အပြစ်ပေးသည့် ဆရာကျလွန်းသော နည်းလမ်းလည်းဖြစ်သည်။
ကျန်းကျိရင်က မယုံကြည်နိုင်ချေ။ သူကအရှေ့မှလူကို စိုက်ကြည့်နေသည်။ သူ၏နှုတ်ခမ်းက လှုပ်ခါနေသည်။ သို့သော် အသံမထွက်နိုင်ချေ။
ယင်ညန်။
သူ၏နှလုံးသားထဲတွင်သာ ထိုနာမည်ကို ခေါ်နိုင်သည်။ သူ၏လည်ပင်းမှ အားက ပိုပြင်းလာ၏။
ယင်ညန်၏ မျက်နှာထားက ခံစားချက်မဲ့သထက် မဲ့လာသည်။ သူက သူ့ကိုယ်ကြည့်နေသောလူကို မုန်းသည်။ သို့သော် သူ့အား ထိန်းချုပ်၍မရနိုင်သည့် အခြားသော ခံစားချက်တစ်ရပ်ကိုပေးပြီး ထိန်းချုပ်မှု လုပ်သထက်လုပ်နေသည့် ခံစားချက်ကိုလည်း မုန်းတီးသည်။ ထို့ကြောင့် ကျူးကျော်သူအား ပို၍အခြေအနေဆိုးအောင် လုပ်ချင်လာသည်။ ဒီနည်းအားဖြင့် သူ၏ လှည့်ကွက်လေးများကို ဖယ်ရှားရှင်းလင်းလိုက်ပြီး အတတ်နိုင်ဆုံးပျောက်ကွယ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။
ကျန်းကျိရင်က သူ၏လက်မှ ထိန်းချုပ်မှုလွတ်ကင်းသွားသောအတွက်ကြောင့် သူ၏လက်ထဲတွင်ကိုင်ထားသည့် ပန်းရောင် နှလုံးသားပုံစံလေးရှိသည့် ချောကလက်ဘူးလေးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အသံထွက်လာသည်။
သို့သော် သူက မျက်လုံးကိုမှိတ်ရန် ငြင်းဆန်နေသေးသည်။ သူက မျက်လုံးကို မှိတ်လိုက်လျှင် တစ်ဖက်သူကို မကြည့်နိုင်တော့လျှင် ထာဝရဆုံးရှုံးရမည့်အရေးကို စိုးရိမ်နေသည်။ ဘယ်သောအခါမှ ပြန်မတွေ့ရတော့မည့် အရေးကိုလည်း စိုးရိမ်နေ၏။
သူ့ကိုမတွေ့ရတာ ရက်ပေါင်းများစွာ ကြာသွားခဲ့ပြီ။ သူဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ယင်ညန်တစ်ခုခုဖြစ်နေရင်တောင်မှ သူသေသွားနိုင်တယ်ဆိုသော ခံစားချက်က အရမ်းပြင်းထန်နေရင်တောင်မှ မျက်လုံးကိုမှိတ်ပြီး သူ့ကိုမကြည့်ဘဲ မနေနိုင်ဘူး။
သူက ချောကလက်ဘူးပါ သယ်လာပြီး သူ့ကို လာရှာခဲ့တာ။ ဒီလိုနဲ့ချော့ပြီး အိမ်ပြန်ခေါ်သွားချင်လို့လေ။
ရုတ်တရက် သူ၏မြင်ကွင်းက မည်းမှောင်သွားသည်။ ကျန်းကျိရင်ကလည်း နေရာလပ်ရွှေ့ပြောင်းမှု၏ ရင်းနှီးနေသော ခံစားချက်ကို ရလိုက်၏။ သို့သော် ထိုအရာက အရေးမကြီးတော့ချေ။ သူက ယင်ညန်အား ဆက်ပြီး မမြင်နိုင်တော့ပြန်ချေ။
ထိုအကြောင်းရာကိုတွေးမိပြီး သူက ထွက်ပြေးလာရသလိုမျိုး ခံစားရသည်။ သူက မျက်လုံးကိုမှိတ်လိုက်သည်။ တာ့ယီပြောတာမှန်တယ်။ ကိစ္စတွေက မတူတော့ဘူး။
......။
ယင်ညန်က မန်ခါလီကို ကြည့်သည်။
ထိုမိန်းကလေးက သူမ၏ ခေါင်းဆောင်ရှေ့တွင်ပင် ကျူးကျော်သူကို ထွက်သွားခွင့်ပြုသောအတွက်ကြောင့် ကြောက်လန့်နေပြီဖြစ်သည်။ ထို့အပြင် ထိုလူကလည်း ခေါင်းဆောင်၏ ယခင်ချစ်သူ ဖြစ်နေသေး၏။ ဒါက သံသယဝင်စရာမလိုလောက်အောင် သစ္စာဖောက်ခြင်း ဖြစ်နေလောက်သည်။ သူမ၏တစ်ကိုယ်လုံးက တုန်တက်သွားပြီး ခေါင်းပင် မမော့ရဲတော့ချေ။
ဒီနေ့ဒေါက်တာက ယခင်ကထက် သူမကို ပိုပြီးအေးစက်စွာ ဆက်ဆံနေသည်။ သူ၏လှုပ်ရှားမှုတိုင်းက အေးစက်နေပြီး တစ်ဖက်သတ် ညွှန်ကြားမှုသာ ပေးနေ၏။ ဆွေးနွေးခွင့်လည်း မရှိချေ။
ယင်ညန်က သူမကို ငုံ့ကြည့်သည်။ ထိုအမူအယာထဲတွင် ဒေါသများ ရှိမနေခဲ့ချေ။ သူက ပေါ့ပါးစွာသာ ပြောလိုက်သည်။
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ သူ့ကို တစ်လအတွင်း သတ်လိုက်"
မန်ခါလီက ခေါင်းကို ခပ်မြန်မြန် မော့လိုက်သည်။ ထိုအခါ ဝိုင်၏ ထွက်သွားသော ကျောပြင်ကိုသာ မြင်လိုက်ရ၏။ ကြမ်းပြင်တွင်မူ ပြုတ်ကျသွားသောကြောင့် တစ်စစီပြန့်ကျဲသွားသော ချောကလက်များကိုလည်း မြင်ရသည်။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။