Chapter ● 68 ●
ချိုးယိ သူ့ကို ပြန်မဖြေဘဲ ခေါင်းငုံ့လျက်သာ ဒယ်အိုးကို မီးဖိုပေါ် တင်လိုက်ပြီး အိုးကို စိုက်ကြည့်နေသည်။ အိုးပူလာပြီးနောက် ဆီကို အိုးထဲ လောင်းထည့်လိုက်၏။
"ဒီနေ့ကျတော့ ကြက်ဥရဲ့အနှစ်နဲ့အကာကို ဘာလို့ သက်သက်စီ ခွဲလိုက်တာလဲ"
ပျန်းနမ်က နံရံတွင် မှီရပ်လျက် ချိုးယိ၏နောက်ကနေ မေးလိုက်သည်။
"ဒီလိုကြော်တဲ့ကြက်ဥက နူးညံ့တယ်။ လှလဲ လှတယ်"
ချိုးယိ ပြောသည်။
"ဪ"
ပျန်းနမ် တုံ့ပြန်လိုက်ရင်း ဆက်၍ -
"အဲဒီလိုကျတော့ ဘယ်လောက်အလုပ်ရှုပ်လိုက်လဲ"
"ခါတိုင်းလိုဆိုရင်တော့ အဲဒီလို ခွဲမလုပ်ပါဘူး။ ဒီနေ့က မင်း အတုအယောင် အလုပ်သင်သွားတာ ပထမဆုံးနေ့ဖြစ်တဲ့အပြင် စိတ်လဲညစ်လာတယ် မဟုတ်ဘူးလား"
ချိုးယိက ကြက်ဥအကာကို အိုးထဲ လောင်းထည့်ပြီး မွှေကြော်နေရင်း -
"မင်းအတွက် နည်းနည်းပိုကောင်းကောင်း ကြော်ပေးတာ"
ပျန်းနမ် ရင်ထဲတွင် နွေးထွေးသွားတော့သည်။ သို့သော် တစ်အောင့်လောက် တိတ်ဆိတ်သွားပြီးနောက် သူသည် မသဲမကွဲအသံဖြင့်ပင် ပြောလာသည်။
"တကယ်တော့ ငါက မင်းကို တွေ့လိုက်တာနဲ့ကို စိတ်က တော်တော်ကြည်သွားပြီ ...... ဒါပေမဲ့ အဲဒီကြည်နေတာကို ခုနတုန်းက မင်းဖျက်ဆီးလိုက်တော့ ကြက်ဥထမင်းကြော်လေးတစ်ခုတည်းနဲ့တော့ ပြန်မရနိုင်တော့ဘူး"
"ငါ ဘယ်မှာ ဖျက်ဆီးလိုက်လို့တုန်း"
ချိုးယိ သူ့ကို လှည့်ကြည့်လာပြီး -
"ငါက မင်းကို တစ်ချက် သတိပေးလိုက်တာပဲ ရှိတာ။ တခြားဘာသဘောမှ မပါဘူး"
"တခြားသဘောရော လိုသေးလို့လား"
ပျန်းနမ် ရင်ထဲတွင် တင်းကျပ်နေပြီး အတော်လေးရင်ခံနေပါသည်။ ထိုသို့ တစ်ဆို့နေတာကို ဘယ်လို ဖယ်ရှား၍ ရှင်းထုတ်ရမှန်းတောင် မသိတော့ချေ။ ရော်ဘာခွက်တပ်တုတ်တံ (plunger) တစ်ချောင်းသာရှာပြီး အတွင်းထဲကျသွားအောင် ဖိထိုး၍ ရှင်းလိုက်ချင်ကာ -
"မင်း ဒီသဘောတစ်ခုနဲ့တင် ငါ ရက်ပိုင်းလောက် ရင်ဆို့ဖို့ လုံလောက်တယ်"
ချိုးယိ စကားမဆိုဘဲ ကြက်ဥအကာကို ကျွမ်းကျင်စွာ မွှေကြော်ပြီးစီးသွားပြီးနောက် ကြက်ဥအကာနှင့် နယ်ဖတ်ပြီးသွားသော ထမင်းကို အိုးထဲထည့်လိုက်သည်။ နောက်ထပ် တစ်ခဏလောက် ထပ်ကြော်နေပြီးတော့မှ တစ်ခွန်းပြောလာသည်။
"အဲဒါက ဘာများ ရင်ဆို့စရာရှိလို့လဲ"
"ဟာသပဲ"
ပျန်းနမ် ကျစ်ခနဲ စုတ်သပ်လိုက်ပြီး -
"နဂိုကတည်းက ခိုးကြောင်ခိုးဝှက်ဖြစ်နေတာကို အခုတော့ ဒါတွေပါ ထည့်စဥ်းစားနေရတယ်။ ဒီ ရည်းစားထားတာကလဲ သိပ်အားကုန်လှပါလား"
"အားကုန်စရာ မကုန်စရာ ဘာရှိလို့လဲ။ ဒါက အမှန်တရားပဲလေ"
ချိုးယိက အိုးထဲက ထမင်းကြော်ကို မွှေနေရင်း ပြောသည်။
ပျန်းနမ် ရုတ်တရက် အနည်းငယ် စိတ်တိုလာသည်။ ချိုးယိ၏ ပကတိတည်ငြိမ်သော စကားကြောင့် သူ့ စိတ်ထဲ နေမထိထိုင်မသာဖြစ်ရကာ သူသည် ဘေးနားရှိ ပန်းကန်စင်ပေါ်ကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး -
"မင်းဆိုတဲ့လူကလေ တကယ် ဟုတ်နေပြီ။ ငါတို့နှစ်ယောက် ရည်းစားဖြစ်ပြီး တွဲတာတောင် အေးအေးဆေးဆေးနဲ့ အခြေမကျသေးဘူး။ မင်းက ဘာကိုလာပြီး အမှန်တရားတွေ လက်တွေ့ဘဝတွေ လုပ်နေတာလဲ။ မင်းက ငယ်ငယ်ကတည်းက ဒီလို ကြိုတွေးပူပြီး လိုက်သတိထားနေတာနဲ့ အကျင့်ပါလာခဲ့တာ မဟုတ်လား"
ချိုးယိ သူ့ကို အရေးမလုပ်ဘဲ ထမင်းကိုသာ ငုံ့ကြော်နေပြီး အစဥ်လိုက်အတိုင်း ဟင်းခတ်ပစ္စည်းတွေကို ထည့်နေသည်။
"လူတစ်ယောက်ကို တကယ်တမ်း သဘောကျရင် အခု ဒီလိုဦးဦးဖျားဖျားအဆင့်မှာ ဒါတွေကို မတွေးနိုင်ဘူးလို့ ငါတော့ ထင်တယ်"
ပျန်းနမ် ပြောလိုက်ရင်း မီးဖိုချောင် တံခါးပေါက်ဘက် လှည့်ထွက်သွားရင် အပြင်မထွက်ခင် ခြေလှမ်း ရပ်လိုက်ပြန်ကာ -
"မိသားစုလို တရင်းတနှီးမဟုတ်ဘဲ ခပ်ခွာခွာနေစေချင်တာ မဟုတ်လား။ ရတယ်လေ။ ကိစ္စမရှိဘူး"
ပျန်းနမ် ထွက်သွားပြီးနောက် ချိုးယိက မီးကို လျှော့လိုက်ပြီး ယောက်မကို ကိုင်ရင်း အိုးကို ကြည့်လျက် အတော်ကြာအောင် ငေးနေသည်။
ပျန်းနမ် ယနေ့မှာတော့ ခါတိုင်းနှင့်မတူဘဲ ထူးဆန်းနေသည်။ ယခင်ကလည်း သူတို့နှစ်ယောက်ကြားတွင် ယခုလို ကတောက်ကဆတ် ဖြစ်ဖူး ရှိဖူးခဲ့ပါသည်။ သို့သော် တစ်ခါမှတောင် ယခုလို သိသာသည့်တုံ့ပြန်မှုမျိုး ပျန်းနမ်ထံတွင် မရှိခဲ့ဖူးပါ။ ယနေ့ကျတော့ အလုပ်သင်သွားရင်း ကိစ္စလေးတစ်ခု ဖြစ်လာခဲ့လို့များလားတော့ မသိပါ၊ တုံ့ပြန်မှုက အနည်းငယ် ကြီးမားနေသည်။
သို့တည်းမဟုတ် ...... အကြိမ်ရေအနည်းငယ်လောက် စုပြုံသွား၍ ပေါက်ကွဲထွက်လာတာ ဖြစ်နိုင်သည်။
ချိုးယိက သက်ပြင်းဖွဖွတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဒီနေ့တော့ သူကိုယ်၌က အနည်းငယ် လွန်သွားသည်ဟု ခံစားမိသည်။
သူသည် ကြက်ဥထမင်းကြော်ကို ပျန်းနမ်ကြိုက်သည့်အရသာအတိုင်း ကြော်လိုက်ပြီးနောက် အခြားသော ဖိအားမြင့်အိုးထဲတွင် ချက်ပြုတ်ပြီးစီးသွားသော နံရိုးဟင်းရည်ကို လျှပ်စစ်အိုးထဲ ခပ်ထည့်လိုက်သည်။ ခဏနေလျှင် နွှေးရင်း စားလို့ရပြီ။
အစားအသောက် ပန်းကန်တွေ လာသယ်ဖို့ ပျန်းနမ်ကို အော်ခေါ်ဖို့ အလုပ်မှာပဲ ချိုးယန့်က မီးဖိုထဲ ပြေးဝင်လာပြီး အနည်းငယ် တက်ကြွစွာ အော်ပြောလာသည်။
"ကိုကို ချက်ပြီးကုန်ပြီလား"
"ပြီးပြီ။ မင်းက ထမင်းကြော်ကို သယ်သွားလိုက်တော့"
ချိုးယိက သူ့ခေါင်းလေးကို ပွတ်သပ်လိုက်ရင်း -
"အိမ်စာ ရေးပြီးပြီလား"
"အစောကြီးကတည်းက ရေးပြီးနေပြီ"
ချိုးယန့်က ထမင်းကြော်ထည့်ထားသော ပန်းကန်ပြားနှစ်ချပ်ကို ယူသယ်လိုက်ရင်း -
"သားက စာပြန်နွှေးနေတာ"
"သိပ်တော်တာပဲ။ စာတောင် ပြန်နွှေးတတ်နေပြီ"
ချိုးယိ ပြုံးလိုက်ရင်း အိုးကို မ,သယ်ကာ သူ့နောက်ကနေ လိုက်ထွက်သည်။
အိမ်မကြီးထဲ ဝင်လာသည့်အချိန်တွင် ပျန်းနမ် အိမ်ထဲနေထွက်လာပြီး သူ့ကို တစ်ချက်သာ ကြည့်လာပြီး စကားမဆိုဘဲ မီးဖိုချောင်ထဲသာ တန်းဝင်သွားသည်။
ဟင်းသယ်၊ ပန်းကန်တွေ တူတွေ ယူရင်း ပျန်းနမ်တစ်ယောက် လေးငါးခါလောက် ဝင်လိုက်ထွက်လိုက်လုပ်နေသော်လည်း တစ်လျှောက်လုံး ချိုးယိကို စကားတစ်ခွန်းတောင် မပြောချေ။
ချိုးယန့်တစ်ယောက် အနံ့အရသာနှင့်ပြည့်စုံသော ကြက်ဥထမင်းကြော်နှင့်အတူ "စာပြန်နွှေး" လိုက်၍ ဖြစ်ပေါ်လာသော အောင်မြင်မှုခံစားချက်လေးကြောင့် ထမင်းစားချိန်တွင် တောက်လျှောက်ပင် စိတ်ဓာတ်တက်ကြွနေခဲ့ကာ စကားလည်း အလွန်များသည်။ ခဏနေ ဖေဖေနှင့်ပြောလိုက်၊ နောက်တစ်အောင့်နေတော့ အလွန်ကျေနပ်အားရစွာ ပျန်းနမ်ကို ကြွားလိုက်ဖြင့် ထမင်းတစ်နပ်လုံး သူ့အပြောကိုသာ နားထောင်နေရသည်။
ပျန်းနမ်ကတော့ များစွာ စကားနည်းသွားသည်။ ဖေဖေချိုးနှင့် ယနေ့ အလုပ်သင်သွားသည့်ကိစ္စအကြောင်း ခဏ ပြောနေသည်။ ထို့နောက် ချိုးယန့်နှင့် အလိုက်သင့် စကားလိုက်ပြောပေးသည်။ ချိုးယိနှင့်တော့ စကားသိပ်မပြောဖြစ်သလောက်ပင်။ ခါတိုင်း ကြက်ဥထမင်းကြော် စားတိုင်း အမြဲတမ်းပေးလေ့ရှိသော စားသုံးသူ တုံ့ပြန်ချက်လည်း မရခဲ့ချေ။
ထမင်းစားပြီးသွားတော့ ပျန်းနမ် ရေနွေးအနည်းငယ်တည်ပြီး ချိုးယန့် ပန်းကန်ဆေးတာကို ကူဆေးပေးလိုက်သည်။
ချိုးယန့်နှင့် ဖေဖေချိုးတို့ ဧည့်ခန်းထဲတွင် အာပေါင်အားရင်းသန်သန် စကားပြောနေကြသည့်အချိန်တွင် သူ အခန်းထဲ ဝင်လာကာ တံခါးတွင် ရပ်ပြီး ချိုးယိကို ကြည့်နေသည်။
ချိုးယိ ချီတုံချတုံ တစ်ချက်ဖြစ်သွားပြီးနောက် မတ်တတ်ရပ်ကာ အခန်းထဲ ဝင်လိုက်သည်။
"ငါ ကျောင်းကို အရင်ပြန်လိုက်တော့မယ်"
ပျန်းနမ် အိတ်ကို ဖွင့်ပြီး ရှစ်ကျန်းပေးလာသော အချက်အလက်စာအုပ်ကို လှန်ပြရင်း -
"ဒီအချက်အလက်တွေ တစ်ပုံကြီး ဖတ်ရအုံးမယ်။ မနက်ဖြန်ကလဲ သွားရအုံးမှာ။ ငါ့ကို တာဝန်ယူမယ့်နည်းပြ မနက်ဖြန် ရုံးတက်ပြီဆိုတော့"
"အေးပါ"
ချိုးယိ သူ့ကို ကြည့်နေရင်း -
"မနက်ဖြန်ကျရင် ကိုယ်နဲ့မဆိုင်တဲ့ အပိုကိစ္စတွေကို ဝင်မပါဖို့ မမေ့နဲ့။ တခြားလက်ထောက်တွေ ဘယ်လိုလုပ်ကြလဲဆိုတာကိုပဲ များများပိုအကဲခတ်"
"အင်း"
ပျန်းနမ် အိတ်ကို ဇစ်ပိတ်လိုက်ပြီး ပခုံးပေါ် လွှဲတင်ကာ ပိုးလိုက်ရင်း စဥ်းစားပြီးနောက် ထိုင်ခုံပေါ် ထိုင်လိုက်ပြန်ကာ -
"ချိုးယိ"
"ဘာဖြစ်လို့လဲ"
ချိုးယိက သူ့ရှေ့တည့်တည့်တွင် ဝင်ထိုင်လိုက်သည်။
"ထမင်းစားနေတုန်းက ငါ စဥ်းစားနေခဲ့တာ။ စောစောက ပြောလိုက်တဲ့စကားက နည်းနည်း စိတ်လိုက်မာန်ပါ ဖြစ်သွားချင် ဖြစ်သွားလိမ့်မယ်"
ပျန်းနမ် သူ့ကို ကြည့်နေရင်း -
"ဒါပေမဲ့ ဒီကိစ္စက တကယ်တော့ မင်းတွေးနေသလို ...... ငါ့စိတ်ထင် မင်းအဖေ ......"
ချိုးယိ ခုံကို မှီထိုင်လိုက်ပြီး တိတ်ဆိတ်နေသည်။
"မင်းအဖေက ဖြစ်နိုင်တာက ...... ငါက ဖြစ်နိုင်ခြေကိုပဲ ပြောတာနော်။ သူ ...... မကန့်ကွက်တာလဲ ဖြစ်နိုင်တာပဲ ......"
ပျန်းနမ်က အလွန်ခက်ခဲစွာ ပြောနေရခြင်းဖြစ်ကာ -
"မင်းက ငယ်ငယ်ကတည်းက သူနဲ့အာ့ပေါင်အတွက် ဒီလောက်အများကြီး လုပ်ပေးခဲ့တာ၊ ဒီလောက် ပင်ပန်းခဲ့တာ၊ ငါ့အထင် သူ ...... သူ မင်းကို အခက်တွေ့အောင် မလုပ်လောက်ဘူး ...... ဟမ်း ... ငါ ဘယ်လိုပြောရမှန်း မသိဘူး ...... ငါ ......"
"ငါ့အဖေ အမြဲတမ်း ငါ့ကို အားနာနေတာ"
ချိုးယိ အသံကို နှိမ့်ပြီး ပြောနေကာ ဆက်၍ -
"အိမ်က ကိစ္စအားလုံးကို သူ ဘာတစ်ခုမှ မကူညီနိုင်ဘူး၊ ငါ့ပေါ်ပဲ လာဖိထားတာ၊ သူက ငါ့အတွက် ဝန်ထုပ်ဝန်ပိုးလို့ မှတ်ထားတယ်။ အဲဒါကြောင့် ...... အဲဒီလို ဖြစ်နေတာကြောင့် သူ့မှာ ဒီကိစ္စအပေါ် သဘောထားထုတ်ပြဖို့ အကြောင်းမရှိဘူး။ မင်းပြောချင်တာ ဒီအဓိပ္ပာယ်လား"
ပျန်းနမ် သူ့ကို တစ်ခဏလောက် စိုက်ကြည့်နေပြီး ဘာမှ ဆက်မပြောတော့ချေ။ မတ်တတ်ရပ်လိုက်ပြီး တံခါးပေါက်ဘက် လျှောက်သွားရင်း -
"ဟုတ်ပြီ ငါသိပါပြီ"
ချိုးယိက မလှုပ်မယှက်ဘဲ ထိုင်နေပြီး အခန်းအပြင်မှာ ပျန်းနမ်တစ်ယောက် ဖေဖေချိုးအား ကျောင်းပြန်ပြီး အချက်အလက်ဖတ်ရမယ့်အကြောင်း ပြောပြီးနောက် တဖန် ချိုးယန့်ကို ခဏလောက် စနောက်နေတာကို ကြားရသည်။ နောက်ဆုံးတွင်တော့ တံခါးဖွင့်ပြီး ထွက်သွားတာကို ကြားလိုက်ရသည်။
ခြံတံခါးဖွင့်ပြီး ပြန်ပိတ်လိုက်ပြီးနောက်တွင် ချိုးယိက သက်ပြင်းရှည်တစ်ခု မှုတ်ထုတ်လိုက်ကာ စောစောက ပျန်းနမ် ထိုင်ခဲ့သော ထိုင်ခုံကို ကြည့်ပြီး ငေးမောနေသည်။
ပျန်းနမ် ထွက်သွားသည့်အချိန်တုန်းက ကြည့်ခဲ့သောအကြည့်က သူ့အား အတော် အနေရခက်စေသည်။ သူ၏မူလအဓိပ္ပာယ်က ဘာပဲဖြစ်ဖြစ်၊ သူ၏ဖော်ပြတဲ့နည်းလမ်းက တိကျမှန်ကန်မှုရှိရှိ မရှိရှိ၊ ပျန်းနမ်၏ ထိုမျှော်လင့်ချက်မဲ့သွားသောအကြည့်မှာ အလွန်ကိုမှ ပြတ်သားရှင်းလင်းပါသည်။
သူသည် ဆေးလိပ်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ယူထုတ်ကာ အခန်းထဲနေ ထွက်လာသည်။
"ဘယ်လဲ"
အဖေက မေးလာသည်။
"အပြင်မှာ ခဏနေမလို့"
ချိုးယိ အိမ်တံခါးကို ဆွဲဖွင့်လိုက်သည်။
"အေးစိမ့်နေတာကို အပြင်မှာ ဘာသွားလုပ်ဖို့တုန်း"
အဖေက ဝှီးချဲကို တွန်းလိုက်ရင်း -
"အင်္ကျီထပ်ဝတ်လိုက်အုံး"
"ဘာမှမဖြစ်ဘူး"
ချိုးယိ ထွက်သွားပြီး တံခါးကိုလည်း ဆွဲပိတ်လိုက်သည်။
တောင်စွယ်နေကွယ်လုနီးချိန်တွင် တိုက်ခတ်နေသောလေက ပြင်းထန်လာသည်။ ယခုတော့ ပို၍တောင် ဆိုးရွားလာ၏။ ခြံတခါးအဟကြားကို ဖြတ်သန်းပြီး တိုက်ခတ်လာသော မြောက်လေက စူးရှသော မြည်သံတစ်ခု ထွက်ပေါ်နေကာ နားထောင်ရတာ လေချွန်သံနှင့်တောင် တူနေတော့သည်။
ချိုးယိက သိုးမွေးအင်္ကျီတစ်ထပ်သာ ဝတ်ဆင်ထားပြီး ဆေးလိပ်မီးညှိနေချိန်တွင် သူ့ကိုယ်က လေတိုက်ပြီး လုံးပါးပါးတော့မလိုတောင် ခံစားရသည်။
သူသည် ရေကန်နားတွင် ဆောင့်ကြောင့်ထိုင်လျက် သစ်ရွက်တွေ ပင်လုံးကျွတ်ကြွေကျကုန်ပြီး ဝါကျင့်ကျင့် အရိုးအမျှင်တွေသာ ကျန်တော့သော စပျစ်စင်ကို ကြည့်နေသည်။
ဆေးလိပ်တစ်လိပ်က ဘာအရသာမှမခံလိုက်ရဘဲ ကုန်သွားပြီး သူသည် ဆောင့်ကြောင့်ထိုင်လျက်သားနှင့် အတော်ကြာအောင် ငေးငိုင်နေမိသည်။ ခြေထောက်တွေတောင် ထုံကျဥ်ပြီး ခန္ဓာကိုယ်ကလည်း ခဲမတတ် စိမ့်အေးသွားတော့မှ သူသည် အိတ်ကပ်ထဲက ဖုန်းကို ယူထုတ်ပြီး အချိန်ကို တစ်ချက်ကြည့်လိုက်သည်။
ဒီအချိန်လောက်ဆိုလျှင် ပျန်းနမ် အဆောင်ကို ရောက်လောက်ပြီ။ သူ ပျန်းနမ်၏နံပါတ်ဆီ ခေါ်ဆိုလိုက်သည်။
ဖုန်းဝင်နေပြီး အလိုအလျောက် ပြတ်ကျသွားသည့်အချိန်အထိ ပျန်းနမ်က ဖုန်းမကိုင်ခဲ့ပေ။
သူသည် ဖုန်းကိုင်လျက် အတော်ကြာအောင် ထပ်ငိုင်နေမိပြီးနောက် ထပ်ခေါ်လိုက်သည်။ ယခင်တစ်ခေါက်အတိုင်းပင် ပျန်းနမ် ဖုန်းမကိုင်ချေ။
ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ရေကန်ဘောင်ပေါ်တွင် ထိုင်လိုက်သည်။
ပျန်းနမ် ဒီလိုဖြစ်တာ ဒါက ပထမဆုံးအကြိမ်ပင်။ တကယ် စိတ်ဆိုးသွားပုံရသည်။
ချိုးယိ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မက်ဆေ့ကို ဖွင့်လိုက်သည်။
တောင်းပန်ပါတယ်။
စိတ်မဆိုးပါနဲ့။
ငါက ဒီတိုင်း ......
ငါ တကယ်တော့ ......
ချိုးယိ၏လက်က အေးလွန်း၍ အနည်းငယ်တောင် တောင့်ခဲနေပြီ။ အခေါက်ခေါက်အခါခါပင် စာလုံးတွေ ရိုက်ပြီး ပြန်ပြန်၍ ဖျက်ပစ်သည်။ နောက်ဆုံးတော့ စာတွေအားလုံးကို ဖျက်ပစ်လိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်၏။
ယခုတော့ ဘာပဲပြောပြော ဘာအဓိပ္ပာယ်မှ မရှိတော့ချေ။ စကားက ပြောထုတ်ခဲ့ပြီးပြီ။ ပြန်ရုပ်သိမ်းဖို့ မဖြစ်နိုင်တော့ချေ။ တောင်းပန်သည်ဖြစ်စေ နှစ်သိမ့်သည်ဖြစ်စေ ယခုလက်ရှိ၏အမှန်တရားကို ပြင်ဆင်၍ မရတော့ပါ။
သူ ပျန်းနမ်ကို သဘောကျတာက အမှန်တရားဖြစ်သည်။
သူကိုယ်တိုင်၏လိင်စိတ်တိမ်းညွတ်မှုကို အပြည့်အဝလက်ခံနိုင်စွမ်း လုံးဝမရှိတာကလည်း အမှန်တရားပင်။
ယခုလောလောဆယ်တွင် သူ သူ့အဖေကို မသိစေချင်ပေ။ အိမ်သားတွေကို နာကျင်စေမိမှာကို ကြောက်ရွံ့နေတာကလည်း အမှန်တရား ဖြစ်သည်။
ထို့ပြင် ဒါတွေကြောင့် ပျန်းနမ် မွန်းကျပ်စိတ်ညစ်ပြီး စိတ်ပျက်သွားစေတာကလည်း အမှန်တရားပင် ဖြစ်ပါ၏။
တခြားဘာပြောလို့ပြောရမှန်း သူ မသိတော့ပါ။
ဘာပဲပြောပြော မျက်စိရှေ့က လက်ရှိအထုံးအနှောင်ကို ပြန်ဖြည်နိုင်စွမ်းမရှိတော့သည့်အလား
အမြဲတမ်း သတိကပ်ပြီး တည်ငြိမ်လေးနက်သော သူ့အနေဖြင့် စိတ်လိုက်မာန်ပါလုပ်ခဲ့ရမှ စတင်ခဲ့သော ဤသဘောကျမှုစိတ်ခံစားချက်ကြောင့် ပျန်းနမ်ကို ထိခိုက်နာကျင်စေမိခဲ့ပြီ။
ချိုးယိ ခေါင်းကို ဖွလိုက်သည်။ ဒီလိုဖြစ်နေတဲ့သူ့ပုံစံကြောင့် သူ့ကိုယ်သူကိုလည်း စိတ်တိုပြီး စိတ်ရှုပ်ရသည်။
.
"အဲဒါတွေက ဘာကြည့်စရာရှိလို့လဲကွာ။ ကျန်ဖေးရဲ့သမိုင်းနဲ့ နည်းပြမိတ်ဆက်တွေပဲ မဟုတ်ဘူးလား"
ဝမ့်ဖေး ပျန်းနမ်နား ကပ်လာပြီး ကြည့်လာရင်း -
"မင်း တစ်ညလုံး ဖတ်နေတာ။ ဒီလောက်အထိ မကြိုးစားပါနဲ့လားကွာ ......"
"အင်း"
ပျန်းနမ် ထိုင်ခုံကို မှီလိုက်ပြီး မျက်လုံးတွေကတော့ အချက်အလက်စာအုပ်ကိုသာ စိုက်ကြည့်နေပြီး ခွန်းတုံ့ပြန်လိုက်သည်။
"မင်း အခု နောက်တစ်ရွက်မလှန်တာ နာရီဝက်တောင် ရှိသွားပြီ"
ဝမ့်ဖေးက လက်ကို သူ့မျက်လုံးရှေ့တွင် လှုပ်ခါပြလိုက်ရင်း -
"မဖတ်နိုင်တော့လို့ အိပ်ပျော်သွားမတတ်ဖြစ်နေတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား"
"ငါ့ကို လာမရှုပ်နဲ့"
ပျန်းနမ် ပြောသည်။
"ဘယ်သူက ပျော်လို့ မင်းကို လာရှုပ်မှာလဲ။ မင်း ဒီပုံစံကို ကြည့်နေရတဲ့ငါကတောင် စိတ်ရှုပ်သေးတယ်"
ဝမ့်ဖေးက သူ့ကို လက်ညှိုးထိုး၍ ပြောသည်။
"ဒါဆို ဘေးမှာ လွတ်လွတ်ကျွတ်ကျွတ်သွားနေ"
ပျန်းနမ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့ရှိ အချက်အလက်ဆီသာ အကြည့်ပြန်ပို့လိုက်သည်။
"မင်း ......"
ဝမ့်ဖေး မျက်မှောင်ကြုတ်ထားလျက် သူ့ကို ခဏလောက် အကဲခတ်နေပြီးမှ နောက်ဆုံးတွင် သူ့ခုတင်ကို ပြန်ပြီး သွားလှဲလိုက်ရင်း -
"တော်ပြီ။ မင်းငါ့ကို မထိုးချင်တဲ့အချိန်ကျမှ မင်းနဲ့ စကားထပ်ပြောတော့မယ်"
"ကျေးဇူးပဲ"
ပျန်းနမ် ပြောသည်။
ချိုးယိ ဖုန်းထပ်မဆက်လာတော့ပေ။ ဘေးနားတွင် ပစ်ထားသော ဖုန်းဆီကို ပျန်းနမ် တစ်ချက်ကြည့်လိုက်သည်။ ဖုန်းပေါ်တွင် မကိုင်ဖြစ်သော ဖုန်းခေါ်ဆိုမှု သုံးခုရှိပြီး အားလုံးက ချိုးယိ ခေါ်ထားခြင်းပင်။
သူ ယခု ဖုန်းမကိုင်ချင်ပေ။ ချိုးယိခေါ်သောဖုန်းကို အထူးသဖြင့် မကိုင်ချင်ပေ။ သူသာ ကိုင်လိုက်လျှင် ဖုန်းထဲမှာပင် ချိုးယိနှင့် စကားများမိလိမ့်မည်ဟု ခံစားနေရသည်။
သို့သော် ချိုးယိက ဖုန်းထပ်မခေါ်လာတော့ပေ။ သူ အနည်းငယ် စိတ်ပျက်သွားပြန်ကာ ရင်ထဲမှာလည်း ပို၍ တင်းကျပ်သွားသည်။
ဒီကောင် မက်ဆေ့တစ်စောင်တောင် မပို့ဘူးပေါ့လေ။
လခွမ်း။
တကယ်တော့ သူ ဘာကို ဒေါသထွက်နေမှန်းလည်း သူ မသိပါ။
ချိုးယိနှင့် အဆင်ပြေသွားပြီး တွဲခဲ့သည့်နောက်ပိုင်း ဝမ်းသာမှုနှင့်စိတ်လှုပ်ရှားမှု နောက်ကွယ်တွင် ဘယ်အချိန်က စ၍ ဖြစ်တည်လာခဲ့မှန်းမသိသည့် မဆိုစလောက်သော စိတ်မချမ်းသာမှုလေးတစ်ခု ရှိနေခဲ့သည်။
အစကတည်းက ရှိနေခဲ့တာလည်း ဖြစ်နိုင်သည်။ သူ သတိမထားမိခဲ့၍သာ မသိခဲ့တာ ဖြစ်လိမ့်မည်။
လူတစ်ယောက်ကို သဘောကျတာက ဘယ်လိုမျိုးလဲဆိုတာ သူ မသိပါ။ လူနှစ်ယောက် တွဲကြလျှင် ဘယ်လိုလဲဆိုတာလည်း မသိပါ။
ယောက်ျားလေးနှစ်ယောက် တွဲကြလျှင် ဘယ်လိုလဲဆိုတာ ပိုပြီးတော့တောင် သူ မသိပါ။
သို့သော် ဒီလိုမျိုး သဘောကျပြီး စိတ်မချမ်းသာဖြစ်ရသော ခံစားချက်ကတော့ သူ့အား အနည်းငယ် ရင်ထဲ မွန်းကျပ်စေသည်။
ဘာကိုမှ ဂရုမစိုက်တော့ဘဲ ချိုးယိကို သဘောကျကြောင်း သွားဖွင့်ပြောတော့မယ်ဟု ဆုံးဖြတ်လိုက်သည့်အချိန်မှ စပြီး ချိုးယိ စဥ်းစားသော ဒီဟာတွေကို သူ ထည့်သွင်းမတွေးခဲ့ဖူးချေ။
ပတ်ဝန်းကျင်က လူတွေ။
မိသားစု။
သူ လုံးဝကို မတွေးခဲ့ဖူးပါ။
ယခု ချိုးယိက ဒါတွေကို ဆွဲထုတ်လာတော့မှ ဒါတွေဟာ အစကတည်းက သူတို့နှစ်ယောက်ကြားမှာ ကန့်လန့်အတိုင်း ရှိနေခဲ့တာကို သူ ရုတ်တရက် သတိထားမိသွားသည်။
ထို့ပြင် သူ မကျေမချမ်းဖြစ်သော်လည်း အလွန့်အလွန်ကို ဒေါပွရသော်လည်း ငြင်းဆိုချေပနိုင်စွမ်းလည်း သူ့မှာ မရှိပါ။
ချိုးယိပြောခဲ့သလိုပင်။ ဒါတွေက အမှန်တရားတွေ။
သူ အချက်အလက်စာအုပ်ကို နောက်တစ်ရွက် လှန်လိုက်သည်။ အမှန်တရားပင်။
သို့သော်။
သူသည် အချက်အလက်စာအုပ်ကို နောက်တစ်ရွက် ထပ်လှန်လိုက်ပြန်သည်။
သူစိတ်ဆိုးပြီး ရင်ထဲပိတ်ဆို့နေတဲ့အချက်က ဒီအချက်ပဲ ဖြစ်ရမည်။
ဒါတွေအားလုံးက အမှန်တရားပဲဆိုလျှင်တောင် ယခုအချိန်မှာတော့ သူ ရှည်ရှည်ဝေးဝေး များများစားစား မတွေးတောချင်ပါ။
မျက်စိရှေ့က ဒီလူကို သူသဘောကျ၍ သူနှင့် အတူရှိချင်သည်။ သူနှင့်အတူ ကောင်းကောင်း အချိန်ဖြုန်းချင်သည်။
ဘာပဲဖြစ်ဖြစ် ချိုးယိလိုမျိုးတော့ မတုန်မလှုပ် မနေနိုင်ပါ။
မတုန်မလှုပ်ဖြင့် တည်ငြိမ်လွန်း၍ လုံးဝသဘောမကျသည့်အတိုင်းပင်။
အချက်အလက်စာအုပ်ကို ဆယ်ခေါက်ကျော်လောက် သူ ဟိုလှန်ဒီလှန် ဖတ်နေခဲ့ပြီး အိပ်ဆောင် မီးငြှိမ်းချိန် ရောက်လာလည်း အထဲမှာ ဘာအကြောင်းအရာတွေ ရေးထားလဲဆိုတာ သူ နားမလည်ခဲ့ပါ။
ဖြစ်သလို ကိုယ်လက်ဆေးကြောသန့်စင်ပြီး၍ ခုတင်ပေါ် လှဲသည့်အချိန်တွင် မနက်ဖြန်ကျလျှင် ရှစ်ကျန်း သို့မဟုတ် ထို ကုဝေက သူ့အား စာမေးပွဲစစ်သလို မမေးမြန်း မစစ်ဆေးဖို့သာ သူ ဆုတောင်းမိသည်။
မျက်လုံး မမှိတ်ခင် သူဖုန်းကို ယူကြည့်လိုက်ပြန်သည်။ ယခင်အတိုင်းပင် မဖြေဆိုဖြစ်သော ဖုန်းခေါ်ဆိုမှု သုံးကြိမ်ရှိပြီး ထပ်တိုးလာသော ဖုန်းခေါ်ဆိုမှု မရှိချေ။ မက်ဆေ့လည်း မရှိချေ။
"လခွမ်း"
ပျန်းနမ် ဖုန်းကို အိပ်ရာခြေရင်းသို့ လွှင့်ပစ်လိုက်ပြီးနောက် စောင်ကို ခေါင်းမြီးခြုံ၍ အုပ်လိုက်ပြီး မျက်လုံးလည်း မှိတ်လိုက်သည်။
ခံစားချက်ဆိုတာ ဘာလဲ။ ရည်းစားထား ချစ်ကြိုက်ကြတာကရော ဘယ်လိုလဲ ...... သူ့အပေါ် ချိုးယိ၏ခံစားချက်ကရော လက်စသတ်တော့ ဘယ်လိုမျိုးလဲဆိုတာ သူ ဘာမှ ထပ်၍ မစဥ်းစားချင်တော့ချေ။
အိပ်မယ်။
စနေတနင်္ဂနွေပိတ်ရက်၏ ကျန်ဖေးတင်းနစ်ကလပ်မှာ ပုံမှန်ထက် နည်းနည်းလူများနေသည်။ သို့သော်ငြား ကျန်ဖေး၏လေ့ကျင့်ရေးသင်တန်းများက အတန်းအပ်၊ ပိုက်ဆံပေးလိုက်တာနဲ့ တက်ခွင့်ရှိတာ မဟုတ်ပါ။ ထို့ကြောင့် ကွင်းထဲတွင် အခြားသောတင်းနစ်ကလပ်များကဲ့သို့ လူမရှုပ်နေချေ။
ရှစ်ကျန်းက ပျန်းနမ်ကို အရောက်လာရမည့်အချိန်တစ်ခု မပြောခဲ့ချေ။ သူ ကိုးနာရီကျော်လောက် ရှစ်ကျန်း၏ရုံးခန်းရှေ့ရောက်သောအချိန်တွင် ရှစ်ကျန်းလည်း ရောက်ခါစဖြစ်သည်။
"လာတာ တော်တော်စောပါလား"
ရှစ်ကျန်းက ရုံးခန်းတံခါးကို ဖွင့်လိုက်သည်။
"ကျွန်တော်တို့က ပုံမှန်ဆို ငါးနာရီခွဲဆိုတာနဲ့ အိပ်ရာထပြီး အပြေးလေ့ကျင့်ရေး လုပ်ရတာ။ ဆိုတော့ကာ ဒီအချိန်က နောက်ကျနေပြီလို့တောင် ပြောလို့ရတယ်"
ပျန်းနမ် အသံထွက် ရယ်လိုက်သည်။
"ကုဝေလဲ ရောက်လောက်ပြီ။ မင်း ငါ့ကို ခဏစောင့်"
ရှစ်ကျန်းက လက်ထဲကိုင်ထားသော အထုပ်တစ်ထုပ်ကို စားပွဲပေါ် တင်လိုက်ပြီး အထုပ်ထဲကနေ ဘူးတစ်ဘူး ယူထုတ်လာပြီး -
"ငါ ခဏနေကျရင် မင်းကို ခေါ်သွားပေးမယ် ...... မင်း မနက်စာ စားပြီးပြီလား"
"ပြီးပြီ"
ပျန်းနမ် ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူ မစားဖြစ်ခဲ့ပါ။ မနက်က နိုးလာသည့်အချိန်တွင် မနေ့ညကကိစ္စအကြောင်း စဥ်းစားမိသည်နှင့်တပြိုင်နက်၊ ထို့ပြင် ဖုန်းကိုပါ ယူကြည့်လိုက်သည့်အချိန်တွင် ယခင်အတိုင်း အပြောင်းအလဲမရှိသော မကိုင်ဖြစ်သည့် ဖုန်းခေါ်ဆိုမှု သုံးခုကို မြင်တော့ သူ ဘာအစာ စားချင်စိတ်မှ မရှိတော့ချေ။
"ဝင်ပေါက်နားမှာ မနက်စာဆိုင်တစ်ဆိုင်ရှိတယ်။ မဆိုးဘူး။ စားစရာ တော်တော်စုံတယ်"
ရှစ်ကျန်း ဘူးကို ဖွင့်လိုက်ပြီး ဘူးထဲကနေ မုန့်တစ်ခု ယူထုတ်ကာ တစ်ကိုက်ကိုက်လိုက်ရင်း -
"မင်း နောက်ဆို မနက်စာ မစားဖြစ်လာရင် အဲဒီမှာ သွားစားလို့ရတယ်"
"အင်း"
ပျန်းနမ် သေချာကြည့်လိုက်တော့ သူယူထုတ်လာသည့်မုန့်က ဖရုံယိုလမုန့်ဖြစ်နေ၍ သာမန်ကာလျှံကာ မေးလိုက်သည်။
"ဖရုံယိုလမုန့်လဲ ရောင်းတယ်လား"
"ဒါက သူ့ဆိုင်က ဝယ်လာတာ မဟုတ်ဘူး"
ရှစ်ကျန်းပြောပြီး ရေဘူးယူ၍ တစ်ငုံ သောက်လိုက်ပြီးနောက် ရုံးခန်းအပြင်ဘက်ဆီ လျှောက်ထွက်သွားရင်း -
"လိုက်ခဲ့"
ပျန်းနမ် ဘူးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့နောက်ကနေ လိုက်ထွက်လာရင်း -
"အဲဒါက ...... 'ပျင်းလိုက်တာ'က ဖရုံယိုလမုန့်မဟုတ်လား"
"ပုံမှန် သွားနေကျ ဧည့်သည်လား"
ရှစ်ကျန်း လှည့်ကြည့်လာပြီး -
"သူ့ဆိုင်က မုန့်ကိုတောင် မှတ်မိနေတယ်ဆိုတော့"
"သွားနေကျဧည့်သည်ပဲ ဆိုပါတော့"
ဖရုံယိုလမုန့်၏မူလဇာစ်မြစ်ကို မှန်းကြည့်ရာမှာ မှန်သွား၍ အစက အတော်လေး အားရကျေနပ်မိသော်ငြား၊ 'ပျင်းလိုက်တာ' ကို တွေးမိတာနဲ့ ရှောင်လွှဲ၍မရစွာ ချိုးယိကို စဥ်းစားမိသွားသည်။ စိတ်ခံစားချက်ကလည်း ပြန်လည်၍ ကျဆင်းသွားပြန်ကာ -
"သူ့ဆိုင်ကမုန့်က နှမ်း တအားများတော့ အရမ်းမွှေးတယ်"
ရှစ်ကျန်းက သူ့အား မနေ့က သူ ဟန်ထုတ်ထောင်လွှားပြီး သံဗူးရိုက်ခဲ့သော ကွင်း၏ ဘေးနားသို့ ခေါ်လာသည်။ ယနေ့တော့ လော်မိသားစုက ဒုတိယသခင်လေးက ဒီမှာ ဘောလုံးထုတ်စက်နဲ့ ဘောလုံးလာမရိုက်နေချေ။ နည်းပြနှင့်တူသော လူတစ်ယောက်က ကွင်းထဲတွင် လူငယ်တစ်စုကို ဘောလုံးလေ့ကျင့်ပေးနေသည်။ ထိုလဲတွင် ယောက်ျားလေးရော မိန်းကလေးပါ ပါသည်။
"နည်းပြကု"
ရှစ်ကျန်းက အနားသွား၍ ခေါ်လိုက်ပြီး -
"ခဏလောက် ထွက်လာပါအုံး"
ကုဝေက တစ်ချက်လှည့်ကြည့်လာပြီးနောက် ကွင်းထဲကနေ ထွက်လာခဲ့သည်။
"ရှစ်ကော။ ဒါက အသစ်ရောက်လာတဲ့အလုပ်သင်လား"
"အင်း။ ပျန်းနမ်တဲ့"
ရှစ်ကျန်း ခေါင်းညိတ်လိုက်ရင်း
"ဒါပေမဲ့ တရားဝင် အလုပ်သင်လာစလုပ်တာတော့ မဟုတ်သေးဘူး။ အလုပ်ခွင်နဲ့ ရင်းနှီးအောင် အရင်လာလုပ်တာ။ ကျောင်းပိတ်ရက်နှစ်ရက်တွေမှာ မင်းကို လာလာကူပေးမှာ"
"ပုံမှန်အချိန်တွေ မလာနိုင်ဘူးပေါ့ ဟုတ်လား"
ကုဝေက ပျန်းနမ်ကို ကြည့်ပြီး မေးသည်။
"နောက်စာသင်နှစ်ဝက်ဆို လာလို့ရပါပြီ။ စာသင်နှစ်ဆုံး စာမေးပွဲဖြေပြီးရင်လဲ လာလို့ရပြီ"
ပျန်းနမ် ပြောလိုက်သည်။ ဤ ကုဝေဆိုသူက ကြည့်လိုက်လျှင် အသက်နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ် ဝန်းကျင်လောက် ရှိဟန်တူသည်။ ခေါင်းလုံးလုံး မျက်နှာဝိုင်းဝိုင်းဟန်ပန်ဖြင့် အနေတည်လှသော ရှစ်ကျန်းနှင့်စာလျှင် များစွာပို၍ ဖော်ရွေဟန်ပေါ်သည်။ ပျန်းနမ်တစ်ယောက် အနည်းငယ် စိတ်သက်သာရာရပြီး စိတ်ပေါ့သွားကာ -
"စာမေးပွဲ ဖြေပြီးသွားရင်တော့ ဘာကိစ္စမှ မရှိတော့ဘူး။ အားပြီ"
"ဒါဆို ...... ဟုတ်ပါပြီ"
ကုဝေက ကွင်းထဲက လူများဆီ ညွှန်ပြလိုက်ပြီး -
"ဒီနေ့မနက်ပိုင်း လေ့ကျင့်ရတာက ဒီတစ်အုပ်စုပဲ။ မင်း လိုက်လာပြီး အရင် ကြည့်ကြည့်လိုက်"
ပျန်းနမ်က ကွင်းဘေးက ခုံပေါ်တွင် ထိုင်ပြီး ထိုလူတွေကို ကုဝေ သင်ပေးနေတာကို ကြည့်နေသည်။
ရိုက်ဟန်လှုပ်ရှားမှု သရုပ်ပြသည့်အချိန်တွင် ကုဝေ၏ တင်းနစ်ရိုက်စွမ်းရည်က သာမန်ပဲဆိုတာ ပျန်းနမ် သိသွားသည်။ အကယ်၍ သူတို့နှစ်ယောက် တစ်ပွဲလောက် ပြိုင်ရိုက်ပါက ပျန်းနမ် ရှုံးမှာ မဟုတ်လောက်ပေ။
သို့သော် ခဏလောက် ကြည့်နေလိုက်ပြီးမှ ပျန်းနမ် သိလိုက်ရသည်။ ဒီလူ နည်းပြအဖြစ် လုပ်ကိုင်နိုင်တယ်ဆိုတာက တင်းနစ်ရိုက်စွမ်းရည်ကိုပဲ လုံးလုံးလျားလျား အားကိုးနေခြင်း မဟုတ်ချေ။
ချိုးယိနှင့် အတူတူပင်။ ကုဝေက သင်တန်းသားတွေကို ရှင်းပြသည့်အချိန်တွင် ဖော်ပြပုံက အလွန်ရှင်းလင်းသည်။ စကားသုံးလေးခွန်းတည်းနဲ့ အရေးကြီးအချက်တွေကို နားလည်အောင် တိတိကျကျ ရှင်းပြနိုင်သည်။ သင်တန်းသားတွေက အလွန်လျင်မြန်စွာ နားလည်နိုင်ကြသည် ......
ပျန်းနမ် မျက်နှာကို ပွတ်သပ်လိုက်သည်။ ဘယ်လိုဖြစ်လို့ ချိုးယိကို တွေးမိသွားပြန်တာလဲ။
"ရှောင်ပျန်း"
ကုဝေက အတန်းသားများကို ရှင်းပြလိုက်ပြီးနောက် သူရှိရာဆီ လှမ်းခေါ်လိုက်၍ -
"မင်း လာပြီး သူတို့ကို ဘောလုံး လာကျွေးပေးအုံး။ အပြောင်းအလဲ များရအောင်"
"ဟုတ်"
ပျန်းနမ် အလျင်အမြန် ထရပ်လိုက်ပြီး သူ့ဘောလုံးအိတ်ကနေ ရက်ကက် ယူထုတ်ပြီး ကွင်းဆီ လျှောက်သွားသည်။
"သူတို့ ငါနဲ့သင်နေတာ ကြာပြီ။ လူသစ်တွေ မဟုတ်ဘူး။ ခပ်ပြင်းပြင်း ရိုက်လို့ရတယ်"
"ဟုတ်ကဲ့ပါ"
ပျန်းနမ် ခေါင်းညိတ်လိုက်ပြီး ကွင်းထဲ ဝင်သွားသည်။
မျက်နှာချင်းဆိုင်တွင် ရပ်နေသည့်သူက အသက်နှစ်ဆယ်ကျော် ယောက်ျားလေးတစ်ယောက်ဖြစ်သည်။ ကိုယ်ခန္ဓာကတော့ အတော်လေး ကြံ့ခိုင်သန်မာပြီး အသားအရေက နေလောင်ဒဏ်ကြောင့် ခပ်ညိုညိုဖြင့် ပြောင်လက်တောက်ပနေသည်။ ပျန်းနမ်ကို မြင်တော့ ကိုယ်ကိုယ့်ကိုယ် ယုံကြည်ချက်ရှိစွာ အော်ပြောလာသည်။
"အားကုန်ထုတ်ပြီးသာ ရိုက်။ ကိစ္စမရှိဘူး"
"အင်း"
ပျန်းနမ် ဘောလုံးတစ်လုံးယူကာ နှစ်ချက်လောက် စမ်းရိုက်ကြည့်လိုက်သည်။ ယနေ့ သူ လှုပ်လှုပ်ရှားရှား မလုပ်ဖြစ်တော့ ကိုယ်ခန္ဓာက တင်းကျပ်တောင့်ခဲနေသလို ခံစားရသည်။
သူ လက်မောင်းနှင်ခြေထောက်ကို လှုပ်ရှားလိုက်ပြီး ဘောလုံးရိုက်ပေးဖို့အလုပ်မှာ မျက်နှာချင်းဆိုင်ကညီအစ်ကိုက ထပ်၍ အော်လာပြန်သည်။
"စိတ်မလှုပ်ရှားနဲ့။ အလုပ်သင်လာတဲ့ လက်ထောက်နည်းပြမလား။ အားရပါးရသာ ရိုက်"
ပျန်းနမ် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ဘောလုံးကို လေပေါ် မြှောက်ပစ်လိုက်သည်။
ဒီရိုက်ချက်ကို မူလက သူ အစွမ်းကုန် အားသုံးဖို့ အစီအစဥ်မရှိပါ။ သို့သော် တစ်ဖက်သားက ဤမျှ စိတ်ရင်းဖြင့် တောင်းဆိုလာတာနဲ့ ကြုံရတော့ သူက တောင်းဆိုသည့်အတိုင်း လုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဘောလုံး ပြန်ကျလာချိန်တွင် သူသည် ကိုယ်ကို နောက်နည်းနည်း ကိုင်းညွတ်လိုက်ပြီး ပခုံးနှင့်ကျောတို့မှ အားထုတ်ကာ လွှဲရိုက်လိုက်သည်။
ဘောလုံးက ရက်ကက်နှင့် ထိသည့်အချိန်တွင် ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာပြီး လွန်စွာ လျင်မြန်သည့်အရှိန်ဖြင့် မျက်နှာချင်းဆိုင်ဘက်ကို ပျံသန်းထွက်သွားသည်။
မျက်နှာချင်းဆိုင်က ညီအစ်ကိုက ဘောလုံးနောက်ကို နှစ်လှမ်းလောက် လိုက်သွားသော်ငြား ဘောလုံးက စည်းအပြင်ကို အထီးကျန်စွာ ကန်ထွက်သွားသည်။
"ဟေး.."
ထိုလူ တစ်ချက်အော်လိုက်ပြီး ပျန်းနမ်ဘက်ကို လှည့်ကြည့်လာကာ -
"နောက်တစ်ခေါက်"
ဒီတစ်ခေါက် ဘောလုံးပေးရာတွင် ဒီလူ၏အရည်အချင်းသည် သူ၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနှင့် လယ်ဗယ်တစ်ခုတည်းတွင် မရှိနေတာကို သိလိုက်ရသည်။ သို့ဖြင့် လက်နောက်ပြန် ရိုက်ချင်ဖြင့် ရိုက်လိုက်သည်။ ရှုထောင့်က ခဲရာခဲဆစ်မဖြစ်ဘဲ ဘောလုံးအရှိန်လည်း လျော့ကျသွားသည်။
"မင်း ဒါက သိပ်မဟုတ်ပါလား"
ထိုလူက ဘောလုံးကို ပြန်ရိုက်ပေးလာသည်။ အားကတော့ သိပ်မဆိုးပါ။
ပျန်းနမ်သည် ယခုလို ဘောလုံးရိုက်ရင်း တတွတ်တွတ်စကားများနေသည့် ဘောလုံးရိုက်နည်းလမ်းကို အနည်းငယ် စိတ်ညစ်လှသည်။ သို့သော် နဂိုကတည်းမှ မကြည်လင်နေသည့်စိတ်အစဥ်မှာ ဒီလူကလည်း လာဆွပေးနေတာနဲ့ ဆက်ပြီးတော့ အောက်ကို ထိုးကျနေတော့သည်။
ထိုလူ ရိုက်ပေးလာသော ဘောလုံးကို သူ ထခုန်ပြီး ခပ်ပြင်းပြင်း ပြန်ဆောင့်ရိုက်ပေးလိုက်တော့ ထိုလူ မလှုပ်ရှားနိုင်ခင်မှာပဲ ဘောလုံးက နောက်စည်းအစွန်းကနေ အပြင်ကို ကန်ထွက်သွားပြီဖြစ်သည်။
"ဟေး.."
ထိုလူ အော်လိုက်ပြန်သည်။
မိနစ်အနည်းငယ်ခန့် တဟေးဟေး အော်နေပြီးနောက် ဘေးတစ်ဖက်တွင် ထိုင်နေသော ကုဝေက ပြုံးရယ်လျက် ပြောလာသည်။
"ချန်ကော၊ သူများက ပရော်ဖက်ရှင်နယ်အားကစားသမားအဆင့်။ ခင်ဗျား သူ့ကို ဒီလိုမျိုး အားအကုန်သုံးပြီးပဲ ရိုက်ခိုင်းနေရင် ခင်ဗျား တကယ် ဆက်လေ့ကျင့်လို့မရတော့ဘူး"
"ကောင်လေး"
ရှောင်ချန်ဟု ခေါ်သော ထိုလူက ရပ်သွားပြီး ပျန်းနမ်ကို ကြည့်နေလျက် အတော်ကြာတော့မှ စကားပြောလာသည်။
"မင်း နည်းနည်းပါးပါးတော့ လျှော့လိုက်ပါအုံး"
"ဟုတ်ကဲ့ပါ"
ပျန်းနမ် ခေါင်းညိတ်ပြရင်း -
"ကျွန်တော့်နာမည်က ပျန်းနမ်"
"ခုနစ်ဆယ်ရှစ်ဆယ်ရာနှုန်းလောက် အားနဲ့ရိုက်"
ရှောင်ချန်ပြောပြီးနောက် စဥ်းစားကာ ထပ်၍ စိတ်ပြောင်းသွားပြီး -
"အရင်ဆုံး ငါးဆယ်ရာနှုန်းနဲ့ရိုက်အုံး။ ငါ စမ်းကြည့်မယ်"
ပျန်းနမ် မနေနိုင်ဘဲ ရယ်လိုက်ပြီး -
"ဒါကြီးကလဲ တိကျလိုက်တာ။ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားပါ့မယ်"
ကုဝေ၏တောင်းဆိုချက်အတိုင်း သင်တန်းသားကို အဖော်ပြုပြီး ဘောလုံးလေ့ကျင့်ရသည်မှာ ကျောင်းတွင် လေ့ကျင့်ရေးဆင်းရသည်ထက် များစွာ ပို၍ ပေါ့ပါးသည်။ သင်တန်းသားများအားလုံးလည်း လူငယ်များဖြစ်ကာ သွက်လက်ဖျတ်လတ်ကြသည်။ ပေါင်းသင်းဆက်ဆံရတာလည်း အတော်လေး အဆင်ပြေသည်။
ဘယ်လောက်မှမကြာလိုက်ဘဲ ပျန်းနမ်က သူတို့တွေနဲ့ ရင်းနှီးသွားခဲ့သည်။ အာရုံပြောင်းသွား၍ ထင်သည်၊ နှစ်နာရီကြာသော လေ့ကျင့်ရေး ပြီးဆုံးသွားပြီးနောက်မှာ သူ၏စိတ်ခံစားချက်သည်လည်း များစွာ ကောင်းမွန်သွားသည်။
"တယ်တော်ပါလား"
ကုဝေ ပြုံးလျက် သူ့အား အဝတ်လဲခန်းဆီ ခေါ်သွားရင်း -
"ငါ့ထင်ရှားကျော်ကြားမှုကိုတောင် လုယူသွားပြီ"
"နည်းပြပဲ ကျွန်တော့်ကို သူတို့နဲ့ ရိုက်ခိုင်းတာပါ"
ပျန်းနမ် ပြုံးလိုက်ရင်း -
"ကျွန်တော်က ခင်ဗျားစကားကို နားထောင်တာလေ"
"သိပ်ကောင်းတယ်"
ကုဝေက သူ့ပခုံးကို ပုတ်ရိုက်လိုက်ကာ -
"မင်းနဲ့ငါက စိတ်ချင်း တော်တော်ကိုက်ညီတယ်။ မင်းမလာခင် ထွက်သွားတဲ့တစ်ယောက်ဆိုရင် သူ့မြင်တိုင်း သူ ငါ့ကို ပိုက်ဆံအကြွေးတင်နေသလိုချည်း ခံစားရတာ"
"ကျွန်တော်ကြိုးစားပြီး ခင်ဗျားဆီမှာ အကြွေးမတင်မိအောင် နေပါ့မယ်"
ပျန်းနမ် အူမြူးသွားသည်။
ညနေတွင် အတန်းငယ်လေ့ကျင့်ရေးအတန်းတစ်တန်း ရှိသေးသည်။ ပျန်းနမ် ရေအရင်ချိုးလိုက်ပြီး အဝတ်လဲပြီးနောက် အဝတ်လဲခန်းတွင် ထိုင်ကာ ကုဝေနဲ့ ထမင်းအတူသွားစားဖို့ ကုဝေကို စောင့်နေသည်။
ကုဝေ ရေချိုးတာ ပရိုဂရမ်ရေးနေသည့်အတိုင်းပင်။ အတော်ကြာသွားတာတောင် ချိုး၍ မပြီးစီးနိုင်ဘဲ ရှိနေသည်။ ပျန်းနမ် အချိန်ကို တစ်ချက်ကြည့်ပြီး အကျင့်ပါစွာပင် ဖုန်းကို ယူထုတ်၍ ချိုးယိထံ ဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်သံ မြည်လာတော့မှ သူ၏ သတိမမူမိဘဲ မသိစိတ်က အလိုအလျောက်လုပ်မိသော လုပ်ရပ်ကို သတိရသွားသည်။ ဖုန်းချလိုက်ဖို့အလုပ်မှာပဲ တစ်ဖက်ရှိချိုးယိက ဖုန်းကို ကိုင်လိုက်ပြီဖြစ်သည်။
"ဟယ်လို"
ချိုးယိ၏အက်ကွဲနေသောအသံက ဖုန်းထဲနေ ထွက်လာသည်။
ပျန်းနမ်က ဖုန်းကို အမြန်ချလိုက်ပြီးနောက် အကြောင်းရင်းမရှိဘဲ စိတ်လှုပ်ရှားစွာပင် ဖုန်းကိုပါ စက်ပိတ်ပစ်လိုက်သည်။
ချိုးယိရဲ့အသံက နားထောင်ရတာ အအေးမိနေတဲ့အသံနဲ့ တူနေတာလား။
***
(ဆက်ရန်)
28 Feb 2024