သူငယ်ချင်းမေတ္တာ လုံလောက်အောင် မပေးနိုင်ခဲ့လို့များလားတဲ့ ။
ဦးကျော်နိုင့်အိမ်က ပြန်လာကတည်းက ရောင်ရှိန့်အတွေးထဲမှာ သည်စကားတစ်ခွန်းက စိုးမိုးနေခဲ့သည် ။ သူသိရသလောက်တော့ ဘယ်သူကမှ သီဟအပေါ် တမင်ခွဲခြားဆက်ဆံခြင်းမျိုး မရှိခဲ့ပါ ။
သို့ပေမဲ့ လူဆိုတာ သူ့ဗီဇနှင့်သူ ပါလာပြီးသားမဟုတ်လား ။
သီဟက ခန့်မှန်းရခက်သည်။ ဘုဏ်းဇေကို တမင်စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောတတ်သည်ကလွဲပြီး တခြားခံစားချက်တွေကို မပေါ်လွင်အောင် နေတတ်သည် ။ သူငယ်ချင်းအချင်းချင်း ဆိုးတိုင်ပင် ၊ ကောင်းတိုင်ပင်ခြင်းလည်း မရှိပေ ။ သည်လိုဖြစ်ရတာ မိသားစု အသိုင်းအဝိုင်းနှင့်လည်း သက်ဆိုင်လိမ့်မည်ထင်သည်။ သီဟတို့မိသားစုက စည်းကမ်းတင်းကျပ်ပြီး တသီးတသန့် နေတတ်ကြသည်ဟု ပြောသံကြားဖူး၏။ သူတို့တွေ နှစ်အကြာကြီး ပေါင်းသင်းလာခဲ့သော်လည်း သီဟအိမ် မရောက်ဖူးသလို သီဟမိဘတွေနှင့်လည်း မရင်းနှီးခဲ့ပါ ။
လေးတန်းတုန်းက သီဟ တစ်ပတ်ခန့် ကျောင်းမလာ၍ သီဟအိမ်ကို ရောင်ရှိန်ဖုန်းဆက်ဖူးသည် ။ ထိုအချိန်က သူတို့မှာ ကိုယ်ပိုင်ဖုန်းမရှိသေး၍ အိမ်ဖုန်းနှင့် ဆက်ကြရသည် ။ သီဟ ဘာကြောင့် ကျောင်းမလာသလဲဟု သူမေးတော့ " ကိုကို ဆုံးလို့ " ဟု ပြောပြီး ဖုန်းချသွား၏။ အမှန်တော့ သီဟဖုန်းကို တစ်ယောက်ယောက်ကယူပြီး ဆက်ပြောလို့မရအောင် ဖုန်းချပစ်လိုက်ခြင်းပင်။
အခုမှ ရောင်ရှိန်သိခဲ့ရတာ ထိုနေ့က သီဟပြောသည့် ကိုကိုဆိုတာ နှလုံးရောဂါဖြင့် ဆုံးသွားသည့် ဦးဝဏ္ဏမင်း၏သားပါတဲ့ ။ တစ်ဝမ်းကွဲဆိုပေမဲ့ သီဟက အစ်ကိုဖြစ်သူအပေါ် တော်တော်ခင်တွယ်ဟန်တူသည် ။ ဦးလေးဖြစ်သူ အဖမ်းခံရပြီး ဦးလေးမိသားစု ပျက်စီးသွားရသည့်အပေါ် ရှင်းသန့်အဖေ ဝန်ကြီးချုပ်ကြောင့်ဟု အမှတ်သည်းခဲ့ပုံရ၏ ။ ဦးဝဏ္ဏမင်း ထောင်က လွတ်လာသည့်အချိန်မှာလည်း သီဟခေါင်းထဲ သည်လိုအတွေးတွေဝင်အောင် ရိုက်သွင်းထားခဲ့ခြင်း ဖြစ်လိမ့်မည်။
ရှင်းသန့်အပေါ် မနှစ်သက်ပါဘဲနှင့် ရှင်းသန့်ကို ချစ်တယ်ဟု ထပြောရတာကရော ဘာကြောင့်များလဲ ။ ဘုဏ်းဇေ စိတ်ဆိုးအောင် ဘာလို့ လုပ်ရတာလဲ ။
ရှုပ်ထွေးသည့်မေးခွန်းတွေနှင့် ခေါင်းတွေပါ နောက်ကျိလာရသည်။ ကုမ္မဏီ ပြန်မသွားတော့ဘဲ ကားကို လမ်းဘေးရပ်ကာ သီဟဆီဖုန်းခေါ်ပြီး အရက်အတူတူသောက်ဖို့ပြောတော့ သီဟက မငြင်းဆန်ပေ ။ ထို့နောက် တက္ကသိုလ်တက်တုန်းက သူတို့နေခဲ့သည့် ကွန်ဒိုကိုလာခဲ့ဖို့ ချိန်းဖြစ်သည် ။
ကွန်ဒိုနှစ်ခန်းလုံး နေမည့်သူ မရှိပေမဲ့ တစ်ခါတရံ ရောင်ရှိန်လာတတ်တာမို့ သန့်ရှင်းရေးကတော့ အမြဲလုပ်ထားလေ့ရှိ၏။ ရှင်းသန့်နေခဲ့သည့်အခန်းက အခုလက်ရှိ ရှင်းသန့်အပိုင် ဖြစ်နေပြီ ။ တက္ကသိုလ်နောက်ဆုံးနှစ်တုန်းက ရှင်းသန့်က ထိုကွန်ဒိုကို ရောင်းပေးဖို့ သူ့ဆီတောင်းဆိုခဲ့သည်။ သူတို့ကြားမှာ ပိုက်ဆံစကားပြောဖို့ မလိုဘူးဟု သူဆိုခဲ့ပေမဲ့ ရှင်းသန့်ကတော့ ဘုဏ်းဇေနှင့် ပထမဆုံး အမှတ်တရတွေ ရှိခဲ့သည့်နေရာမို့ ပိုက်ဆံကို လက်ခံပေးဖို့ အတင်းတောင်းပန်ပြီး ဝယ်သွားခဲ့ခြင်းပင်။ ဘုဏ်းဇေကိုတောင် သည်အကြောင်းမပြောဖို့ နှုတ်ပိတ်ထားခဲ့၏။
ဘုဏ်းဇေနှင့်ရှင်းသန့် လမ်းခွဲရသည့်အကြောင်းက ရှင်းသန့်ပြောသွားသလောက်လေးနှင့် မခိုင်လုံမှန်း တွေးမိပေမဲ့ ဘုဏ်းဇေတောင် မတားမြစ်နိုင်ခဲ့တာမို့ သူလည်း ဘေးကနေ ဘာမှမတတ်နိုင်ခဲ့ပါ ။ သီဟ မပွင့်လင်းပုံက တစ်မျိုးဖြစ်သလို ရှင်းသန့် မျိုသိပ်နိုင်ပုံကလည်းတစ်မျိုး ။
သူတို့သူငယ်ချင်းတွေအားလုံး ကိုယ့်နည်းကိုယ့်ဟန်နှင့် တစ်ယောက်တစ်မျိုးစီ ထင်ရာတော့လုပ်တတ်ကြသည် ။
တစ်လျှောက်လုံး မော်ဒယ်လ်မင်းသားဖြစ်ချင်ပါသည်ဟု ကြွေးကြော်လာခဲ့ပြီး ရည်းစားတွေ ထည်လဲတွဲတတ်သည့် အာကာက ဝေမီနှင့်တွေ့ပြီးနောက် ခြေငြိမ်သွားကာ မော်ဒယ်လ်လည်း မလုပ်တော့ဘဲ အခုကျ အိုင်တီပညာရှင်တစ်ယောက် ဖြစ်နေပြီ။
ကောင်းယံကျ မိဘတွေက အင်ဂျင်နီယာတွေဖြစ်၍ ဆောက်လုပ်ရေးကုမ္မဏီ ထူထောင်ထားပေမဲ့ တက္ကသိုလ်မှာ အိုင်တီမေဂျာယူပြီး ဘွဲ့ရတော့ မဆီမဆိုင် စားသောက်ဆိုင် ထဖွင့်သည် ။ သူငယ်ချင်းတွေနှင့်တွေ့လျှင်တော့ အငယ်ဆုံးဆိုပြီး ကလေးဆန်ချင်သေး၏ ။ အခုထိလည်း တစ်ခါတရံ အာကာ့ဆီတစ်လှည့် သူ့ဆီတစ်လှည့် လာအိပ်တတ်တုန်းပင် ။ တစ်ခါက သူ့ကိုယ်သူ asexualဟု ပြောခဲ့ဖူးသည့်အတိုင်း ချစ်သူရည်းစားထားဖို့လည်း တကယ်စိတ်မဝင်စားသည့်ပုံ ။ ဘာပြောပြော သူတို့ထက်တော့ ကောင်းယံဘဝက ပိုပြီးအေးချမ်း၍ ရိုးရှင်းပါသည်။
သူကတော့ ချစ်သူရှိပေမဲ့ သူ့ချစ်သူ၏ တားမြစ်ပိတ်ပင်ချက်အရ ဘယ်သူ့ကိုမှ သူ့မှာ ချစ်သူရှိကြောင်း ပြောပြခွင့်မရှိ။ ရင်ထဲမှာ ကြွားချင်လှသော်လည်း မျိုသိပ်နှုတ်ပိတ်ထားရသည် ။ ဘယ်အချိန်ကျမှ ထုတ်ပြခွင့်ရမလဲ မသိပေ ။
အကုန်လုံးထဲမှာ ဘုဏ်းဇေတစ်ယောက်က သူနှင့် အနီးကပ်ဆုံးဟု ပြောလို့ရသည်။ ဘုဏ်းဇေက သူ့ကိုဆို စိတ်ထဲရှိသမျှ အူမချေးခါးမကျန် ဖွင့်ပြောလေ့ရှိပြီး တိုင်ပင်လေ့ရှိသူ ၊ လိုအပ်လျှင် အကူအညီတောင်းဖို့ရော အကူအညီပေးဖို့ရော ဝန်မလေးသူ ။ ထင်ထားတာထက်ပိုပြီး နားလည်ရလွယ်သူဖြစ်သလို စိတ်ထဲခံစားရသည့်အတိုင်းလည်း မဖုံးမကွယ်ဘဲ နေတတ်သူဖြစ်သည်။
သူက ဘုဏ်းဇေရဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်သလို အခုလည်း အလုပ်တွဲလုပ်နေရသူမို့ ဘုဏ်းဇေနှင့် တွေ့ဖြစ်သည့်အချိန်က ပိုများပေမဲ့ တကယ်တော့ သူ့စိတ်ထဲက ခင်မင်မှုသံယောဇဉ်ကတော့ သူငယ်ချင်းတွေအကုန်လုံးအပေါ် အတူတူပါ ။
ဒါကိုရော သီဟတစ်ယောက် ခံစားမိပါရဲ့လား ။ မခံစားမိခဲ့ဘူးဆိုလျှင် ရှင်းသန့်ပြောသလို သူ့အနေနှင့်လည်း သီဟအပေါ် သူငယ်ချင်းမေတ္တာ လုံလောက်အောင် မပေးခဲ့မိလို့လား ။
" ထူးထူးခြားခြား ငါ့ကို အရက်သောက်ဖို့ ချိန်းတယ်ဆိုတော့ ဧကန္တ မင်းလဲ သိပြီးပြီထင်တယ် "
ရောက်ရောက်ချင်း စကားဆိုလာသူကို ရောင်ရှိန် ဘာမျှ ခွန်းတုံ့မပြန်လိုက်ပါ ။ စားပွဲပေါ်ချထားသည့် ဝီစကီပုလင်းကိုသာ ကောက်ယူပြီး ဖန်ခွက်နှစ်ခွက်ထဲ ဖြည်းဖြည်းချင်း ငှဲ့ထည့်နေခဲ့သည်။ နောက်တော့ သီဟကို တစ်ခွက်ကမ်းပေးပြီး သူလည်း နည်းနည်းချင်း မျှောချလိုက်၏ ။ ဝီစကီနှင့်အတူ သူသိချင်နေသည့် မေးခွန်းတွေကိုပါ ရင်ထဲပြန်သိမ်းဆည်းနေရသည် ။ သီဟကို ကြည့်ပြီး ဒေါသထွက်ရမှာလိုလို ဝမ်းနည်းရမှာလိုလို ။ သေချာတာတော့ ဝမ်းနည်းသည့်စိတ်က ပိုပါသည် ။
" မင်းကို ရှင်းသန့် ပြောပြလိုက်တာလား "
" ရှင်းသန့်စိတ်ကို မင်း နည်းနည်းလေးတောင် နားမလည်ဘူးပဲ သီဟ "
" ဒါဆို မင်းဟာမင်း တခြားနည်းလမ်းနဲ့ သိလာတာပေါ့ ၊ ထားပါတော့ ... အခု မင်းသိသွားပြီဆိုတော့ ငါ့ကို မုန်းနေမှာပေါ့ "
" ဝမ်းနည်းတာပါ ၊ ရှင်းသန့်ကတော့ ပိုပြီးဝမ်းနည်းခဲ့မယ်ထင်တယ် "
သီဟက သူ့ကို မကြည့်ဘဲ ဖန်ခွက်ထဲက လျော့သွားသည့် ဝီစကီကိုသာ ထပ်ဖြည့်နေသည် ။ တကယ်ကို မထုံတက်တေးနှင့် ။
" ရှင်းသန့်ကလေ မင်း အဲလိုလုပ်ခဲ့တာ သိရဲ့နဲ့တောင် စိတ်မဆိုးတဲ့အပြင် မင်းအပေါ်ကို သူငယ်ချင်းမေတ္တာလုံလောက်အောင် မပေးနိုင်ခဲ့လို့လားဆိုပြီး ဝမ်းနည်းခဲ့တာတဲ့ သိလား ၊ သူ့အတွက်သူတောင် ဝန်ကြီးချုပ်သားဆိုပြီး ဘယ်တုန်းကမှ အခွင့်အရေး မယူခဲ့တဲ့သူက အဲဒီအချိန်တုန်းက မင်းကို အဲဒီအမှုထဲမှာ မပါအောင်လို့ ကာကွယ်တောင်းဆိုပေးခဲ့တာတဲ့ ၊ ဒါတွေ မင်းသိရဲ့လားဟင် သီဟ "
သိခဲ့မည်မထင်ပါ ။ အခုမှ မယုံနိုင်သည့်မျက်ဝန်းများဖြင့် သူ့ကိုကြည့်ပြီး အံတင်းတင်းကြိတ်ထားသည် ။
" ငါတို့တွေ တက္ကသိုလ်စတက်ကြတော့ ကောင်းယံ ခဏခဏ ပြောတတ်တဲ့စကားရှိတယ် ၊ သီဟလဲ ငါတို့နဲ့အတူ ကွန်ဒိုမှာ လာနေရင်ကောင်းမှာပဲတဲ့ ၊ အာကာကလဲ တခြားသူတွေနဲ့ဆို ဘယ်တော့မှ ဂိမ်းမဆော့ချင်ဘူး ၊ မင်းနဲ့ တွဲဆော့ရတာပဲ ကြိုက်တဲ့ကောင် ၊ ဘုဏ်းဇေ တက္ကသိုလ်မှာ ဘတ်စ်ကတ်ဘော မကစားတော့တာ မင်းနဲ့သူ သိပ်အဆင်မပြေလို့ ၊ မင်းကမှ သူနဲ့တွဲဖက်အညီဆုံး ကစားသမားဖြစ်တဲ့အပြင် မင်းမဟုတ်ဘဲ တခြားသူတွေနဲ့ တွဲမဆော့ချင်လို့ပဲ ၊ နောက်ပြီး မင်း accident ဖြစ်တုန်းက ဆေးရုံကို နေ့တိုင်း ယူလာပေးတဲ့ အစားအသောက်တွေအားလုံးကလေ ရှင်းသန့် လုပ်ပေးခဲ့တာ ၊ ရှင်းသန့်က မင်း ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာ ငါတို့တွေထက် ပိုသိတယ် ၊ အခု ဒါတွေ ဘာလို့ ငါပြောပြနေတယ်လို့ထင်လဲ "
" ------ "
" မင်းမြင်ခဲ့လား မမြင်ခဲ့လား မသိပေမဲ့ မင်းအပေါ်ကို ငါတို့အကုန်လုံး ခင်တွယ်တယ် ၊ ဂရုစိုက်တယ်ဆိုတာ သိစေချင်လို့ပဲ ၊ မင်းရော ငါတို့ကို သူငယ်ချင်းတွေလို့ သတ်မှတ်ခဲ့ရဲ့လား "
သူ့စကားကို နားထောင်ရင်း သီဟဆီမှာ သူတစ်ခါမျှ မမြင်ဖူးခဲ့သည့် မျက်ရည်စတို့ တွဲခိုနေသည် ။ ပုခုံးပေါ်ကို လက်တင်ပြီး ဆုပ်ကိုင်လိုက်တော့ တဖြည်းဖြည်း တုန်ယင်လာတာကို တွေ့ရ၏ ။ ဘာခံစားချက်မျှ မရှိခဲ့ဖူးလို့ ထင်ခဲ့ရသည့် သီဟမင်းတည်တစ်ယောက် ငိုခဲ့ပြီ ။ ရောင်ရှိန် ဒါကို ဝမ်းသာရမလား မသိ။ ငိုတတ်တယ်ဆိုမှတော့ သီဟဆီမှာလည်း ခံစားတတ်တဲ့ နှလုံးသားရှိလို့ပဲ မဟုတ်လား ။
" ငါ့ဦးလေး ထောင်ကျပြီး ငါ့အချစ်ဆုံးအစ်ကိုရော ဦးလေးမိန်းမရော သေခဲ့ရတယ်ဆိုတဲ့အစွဲနဲ့ ရှင်းသန့်တို့မိသားစုကို မုန်းတီးခဲ့ပေမဲ့ ရှင်းသန့်အပေါ် သေစေချင်တဲ့ ဆန္ဒအထိတော့ မရှိခဲ့ပါဘူး ၊ ကိုကို့အတွက် လက်စားချေချင်စိတ်ကြောင့် ထိခိုက်နာကျင်စေရုံလောက်တော့ ဖြစ်စေချင်ခဲ့တာ ဝန်ခံပါတယ် ၊ အဲဒါမို့ ငါကိုယ်တိုင် အချိန်ဇယားတွေ နေရာတွေ ပြောပြပေးခဲ့တာ ၊ ဒါပေမဲ့ အဲဒီတုန်းက ငါ့ဦးလေးဆီမှာ ကျည်အစစ် ရှိနေလိမ့်မယ်လို့တော့ ငါမသိခဲ့တာ အမှန်ပဲ ၊ သူက ကျည်အတုတွေနဲ့ ဒဏ်ရာရရုံလောက်ပဲ လုပ်မယ်လို့ ပြောခဲ့တာ "
" အင်း ... တကယ်တော့ မင်းဦးလေး ထောင်ကျတာလဲ သူ မကောင်းတာ လုပ်ခဲ့လို့ပဲ ၊ ရှင်းသန့်အဖေက တမင် လုပ်ကြံပြီး ထောင်ချခဲ့တာ မဟုတ်ဘူးလေ ၊ သူတို့ကို မုန်းတီးရအောင် သူတို့မှာ ဘာအပြစ်မှ မရှိပါဘူး "
သို့ပေမဲ့ ကိုကိုဆုံးချိန်က ကိုးနှစ်အရွယ် ကလေးတစ်ယောက်အနေနှင့် သီဟ သည်လောက်အထိ မတွေးခဲ့ မသိခဲ့ပါ။ ချစ်ရသည့်အစ်ကိုကို ဆုံးရှုံးလိုက်ရ၍ ဝမ်းနည်းစိတ်ကသာ သူ့ဆီမှာ ပိုပြီး ကြီးမားနေခဲ့သည် ။ ထိုစိတ်ကြောင့်ပဲ ဦးလေးဖြစ်သူ ထောင်ကလွတ်လာသည့်အချိန် သည်လုပ်ကြံပစ်ခတ်မှုမှာ တစ်စွန်းတစ ကူညီပေးဖို့ သဘောတူခဲ့မိသည် ။
နောက်ပြီး သူ့နှလုံးသား ။
သီဟ ကျောင်းစနေသည့်အရွယ်ကတည်းက အိမ်ရှေ့စံလေးအပေါ် တိတ်တခိုးနှင့်တစ်ဖက်သတ် တွယ်တာခဲ့တာ အခုထိ ။ သည်လို သူတွယ်တာရသူ၏ ဂရုစိုက်မှု ၊ အရေးပေးမှု အရာအားလုံးကို ရယူသွားခဲ့သော ရှင်းသန့်ကို သူ လုံးဝ မကြည်ဖြူနိုင်ခဲ့ပါ ။
သူ့ထက် နောက်ကျပြီးမှ ဘုဏ်းဇေဘေး ရောက်လာပြီး ဘုဏ်းဇေရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားခဲ့သည့် ရှင်းသန့်ကို သူ့ဘဝတစ်လျှောက်လုံး မနာလို ဖြစ်ခဲ့ရသည်။ ကျောင်းစပြောင်းလာကတည်းက ဘုဏ်းဇေရဲ့ဘေးမှာ နေရာပေးခြင်း ခံခဲ့ရသည့် ရှင်းသန့်က ဘုဏ်းဇေရဲ့ စိတ်ထဲမှာရော ဘဝထဲမှာပါ အကြီးအကျယ် နေရာယူထားခဲ့တာ မြင်ရတိုင်း ရှင်းသန့်အပေါ် မလိုမုန်းထားမှုတို့က နှစ်ဆတိုးခဲ့ရ၏ ။
ဘုဏ်းဇေက သူ့လက်ကို ဖြုတ်ချပြီး အသက်ကိုတောင် မမှုဘဲ ရှင်းသန့်ရှိသည့် အန္တရာယ်စက်ကွင်းထဲ ပြေးဝင်သွားတာကို တွေ့ရသည့်အခါ ၊ ဘတ်စ်ကတ်ဘောပြိုင်ပွဲမှာ အနိုင်ရတိုင်း ကစားသမားတွေနှင့် မဟုတ်ဘဲ ရှင်းသန့်ဆီသာ ပြေးသွားပြီး အောင်ပွဲခံတတ်တာကို ရပ်ကြည့်နေရသည့်အခါ ၊ ရှင်းသန့်တစ်ယောက်တည်းအပေါ်မှာပဲ အချစ်တွေအားလုံး ပုံအောထားမှန်း သိရသည့်အခါ ... ရှင်းသန့်ကို မနာလိုစိတ်နှင့်အတူ အားလည်းကျခဲ့ရသည်။
ရှင်းသန့်နေရာ သူ မရနိုင်တိုင်း ဘုဏ်းဇေကိုလည်း တမင်စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့သည် ။ အနည်းဆုံးတော့ ဘုဏ်းဇေဆီက အာရုံစိုက်မှုတစ်ခုတလေမှရရဆိုသည့် စိတ်နှင့် ။ ဘုဏ်းဇေ သူ့ကို လက်သီးနှင့် ထိုးခဲ့တာကိုတောင် ချစ်ရသူဆီကရသည့် အသိအမှတ်ပြုမှုတစ်ခုဆိုပြီး ကျေနပ်ခဲ့ရသေး၏ ။ ဘုဏ်းဇေအပေါ်မှာ သူလည်း ထိုမျှအထိ လူမသိသူမသိ ရူးသွပ်ရပါသည် ။
တစ်ယောက်က သူ တိတ်တခိုးချစ်ရသူ ၊ တစ်ယောက်က သူကျိတ်မုန်းရသူ ။ ထိုသူနှစ်ယောက် တရားဝင် ချစ်သူတွေ ဖြစ်သွားကြတော့ သူ့ဆီမှာ အသက်ရှင်ချင်စိတ်ပါ ပျောက်ဆုံးသွားရလောက်အောင်အထိ အသိစိတ်တွေ လွတ်သွားခဲ့ဖူးသည် ။
သူ့ဦးလေးမိသားစုကို ဖျက်စီးခဲ့သူ၏သား ၊ သူ့နှလုံးသားကို နာကျင်စေသောသူ ။ ရှင်းသန့် ပျော်နေတာမြင်တိုင်း အဲဒီပျော်ရွှင်မှုကို ဖျက်စီးပစ်ချင်ခဲ့၏ ။ ဘုဏ်းဇေနှင့်ရှင်းသန့်သာ ကွဲသွားလျှင် သူ ပျော်ရလိမ့်မည်ဟု ထင်ခဲ့သည် ။
လက်တွေ့မှာတော့ သူ ထင်ထားခဲ့သလို မဖြစ်ခဲ့ပါ ။ ရှင်းသန့်မရှိလည်း ဘုဏ်းဇေရဲ့ဘေးကို သူ ဘယ်နည်းနဲ့မျှ မရောက်နိုင်ခဲ့သလို အရင်လိုတောင် ပြုံးပျော်နေသည့် မျက်နှာလေးကို ခိုးငေးခွင့် မရတော့ ။ သူတစ်ဖက်သတ်ချစ်ရသည့် မင်းသားလေးဆီမှာ အပြုံးတွေ လွင့်ပါးခဲ့ရပြီ ။ သို့ပေမဲ့ သူ့ဆီမှာ ကျန်နေသေးသည့် အတ္တတို့ကြောင့် ရှင်းသန့် ထွက်သွားရသည့် တကယ့်အကြောင်းအရင်းကိုလည်း ဘုဏ်းဇေကို သွားရှင်းမပြနိုင်ခဲ့ပါ ။ ဘုဏ်းဇေ လက်ထပ်တော့မည်ဟု ကောလဟာလတွေ ကြားခဲ့ရသည့် အချိန်မှာတောင် သူလည်း ပိုင်ဆိုင်ခွင့် မရနိုင်မှန်း သိပါလျက်နှင့် ဘုဏ်းဇေရဲ့ ကြင်ယာတော်ဟာ ရှင်းသန့်မဟုတ်ဘူးဆိုသည့်စိတ်နှင့် ကျေနပ်မိသေးသည် ။
တကယ်တမ်းကျ ဘုဏ်းဇေရဲ့ မင်္ဂလာသတင်းက အမှန်မဟုတ်သည့်အပြင် ရှင်းသန့်ပါ ပြန်ရောက်လာခြင်းက သူ့ကို အကြီးအကျယ် တုန်လှုပ်စေခဲ့၏ ။ ရှင်းသန့်က ဘုဏ်းဇေကို အကြောင်းအရင်း သေချာရှင်းပြပြီး သူတို့ ပြန်အဆင်ပြေသွားကြလိမ့်မည်ဟု ထင်ခဲ့ပေမဲ့ သည်အထင်ကလည်း မှားခဲ့ပြန်သည် ။
သူ့အပေါ်မှာ အပြစ်ပုံမချပါဘူးဆိုပြီး ရှင်းသန့်က အကြောင်းအရင်းအမှန်ကို ဖုံးကွယ်ထားဆဲ ။ ဘုဏ်းဇေကလည်း ရှင်းသန့်အပေါ် နာကြည်းနေဆဲပင် ။ ထို့အပြင် အရင်က ရှင်းသန့်ကို ထိခိုက်အောင် လုပ်ခဲ့သည့် အမှုထဲမှာ သူပါနေခဲ့တာကိုတောင် ရှင်းသန့်က သိနေပါလျက်နှင့် ခွင့်လွှတ်ပြီး ဖုံးထားပေးခဲ့သည်တဲ့ ။
သူ တစ်ဘဝလုံး ငြိုငြင်မုန်းတီးခဲ့သည့် လူတစ်ယောက်က သူ့အပေါ်မှာ အပြစ်မယူခဲ့သည့်အပြင် သူငယ်ချင်းတစ်ယောက်ရဲ့ မေတ္တာတွေကိုပါ ပေးခဲ့ပေမဲ့ သူကတော့ မမြင်နိုင်ခဲ့ ။ ထိုမေတ္တာတွေကလည်း သူနှင့် ထိုက်တန်လိမ့်မည်ဟု မထင်ပါ။
" သီဟ ... ငါ မင်းကို ပြောခဲ့ဖူးတာ မှတ်မိလား ၊ ဘုဏ်းဇေတို့က ငါ့အတွက် အရေးကြီးသလို မင်းကလဲ ငါ့အတွက် အရေးကြီးတဲ့သူပဲဆိုတာလေ ၊ အဲဒါ ငါ အပိုပြောခဲ့တာ မဟုတ်ပါဘူး ၊ မင်းကလဲ ငါ အချစ်ရဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ပဲ ၊ ဒါပေမဲ့ သူငယ်ချင်းကောင်းဆိုတာလေ တစ်ယောက်ယောက်ရဲ့ လုပ်ရပ်က မှားနေခဲ့ရင် စွန့်လွှတ်ပစ်ရတာ မဟုတ်ဘူး ၊ အမှန်ပြင်လာအောင် ဆွဲခေါ်ပေးရတာတဲ့ ၊ ငါ မင်းအတွက် သူငယ်ချင်းကောင်း ပီသချင်တယ် "
" ------- "
" မင်း ရှင်းသန့်ကို တောင်းပန်လိုက်ပါ ၊ ပြီးတော့ ဘုဏ်းဇေကိုရောပေါ့ ၊ အဲဒီတုန်းက သူလဲ ထိခိုက်ခဲ့ရတာဆိုတော့ ၊ မင်း ဆန္ဒရှိရင် ငါ မင်းနဲ့အတူ လိုက်ပြီး တောင်းပန်ပေးပါ့မယ် ၊ နောက်ပြီး ငါ မင်းကို သိစေချင်တာကလေ တစ်ခုခုဆို မင်းမှာ သူငယ်ချင်းတွေ ရှိတယ်ဆိုတာ မမေ့နဲ့ ၊ မင်းရဲ့ အဆိုးအကောင်း ဘယ်အရာမဆို ငါတို့နဲ့အတူ မျှဝေခံစားလို့ရပါတယ် "
ဖန်ခွက်ထဲက လက်ကျန် ဝီစကီကို ကုန်စင်သွားအောင် မော့ချလိုက်သည် ။ ကိုကို မရှိတော့သည့်အချိန်ကစပြီး သည်လောကကြီးထဲမှာ သူတစ်ယောက်တည်းဟု ထင်မှတ်ထားခဲ့၏ ။ ရောင်ရှိန်ဆီ့က သည်စကားကို ကြားရတော့ တစ်ချိန်လုံး အေးခဲနေခဲ့သည့်စိတ်ထဲမှာ နွေးထွေးမှု ၊ ဝမ်းမြောက်မှုစသဖြင့် ခံစားမှု စီးကြောင်းကလေးများ ဖြတ်သန်းစီးဆင်း သွားသလိုပင် ။
တစ်လျှောက်လုံး သူ့အပေါ်မှာ အုပ်မိုးထားခဲ့သည့် အထီးကျန်ခြင်း တိမ်တိုက်တွေကို သူကိုယ်တိုင် ဖယ်ရှားပစ်ဖို့ အချိန်တန်ပြီ ထင်ပါရဲ့ ။
သူ ပေးခွင့် မရခဲ့သော ၊ ပြန်လည်တုံ့နှင်းခြင်းလည်း ဘယ်သောအခါမျှ ခံရမည် မဟုတ်သော အချစ်တစ်ခုကိုတော့ နှလုံးသားထဲမှာပဲ တိတ်တဆိတ် သိုဝှက်ထားရတော့မှာပေါ့လေ ။
*****
ဓါးရေးလေ့ကျင့်သည့် အခန်းက ပြတင်းပေါက်ကို ဖွင့်ပြီး ခေါင်းပြူကြည့်လိုက်သည့်အခါ ပုစွန်ဆီရောင်သန်းနေသော ကောင်းကင်ကို တွေ့ရသည်။ ညနေစောင်းအချိန်တောင်ရောက်ပြီ ။ သည်တစ်ညနေလုံး ဘုဏ်းဇေ ဓါးရေးလေ့ကျင့်ရင်း တစ်ယောက်တည်း အချိန်ဖြုန်းနေခဲ့တာ နာရီဘယ်လောက်ကြာသွားပြီလဲမသိ ။
မရပ်မနား မောင်းနှင်ထားခဲ့သော ခန္ဓာကိုယ်ဆီက ပင်ပန်းနွမ်းနယ်မှုအချို့ကိုလည်း ခံစားရသည် ။ စစ်မှုထမ်းခဲ့သည့် အချိန်တွေကစပြီး အပြင်းအထန် လေ့ကျင့်မှုတွေနှင့် သူ့ခန္ဓာကိုယ်ကို ပင်ပန်းအောင် နှိပ်စက်ရတာမျိုးကို မသိစိတ်က စွဲလန်းနေခဲ့ပြီလား မပြောတတ်ပါ။
ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ရစဉ်က အပင်ပန်းဆုံးဟု ပြောရမည်။ လက်ရော ခြေထောက်ပါ ကြိုးနှင့်ချည်ထားပြီး ရေထဲမှာ ကြိုးဖြည်နိုင်အောင် ကြိုးစားရတာမျိုး ၊ ရေကူးကန် ကြမ်းပြင်မှာ အလေးတုံးကို မ ပြီး ရေထဲမှာပဲ အပြေးပြိုင်ရတာမျိုး စသဖြင့် ကြမ်းတမ်းသည့် လေ့ကျင့်မှုတွေ လုပ်ပြီးသည့်အခါတိုင်း ပင်ပန်းပြီး ခေါင်းထဲမှာ ဘာမှမတွေးနိုင်တော့ဘဲ အိပ်မောကျသွားတာကို သဘောကျသည်။
လေ့ကျင့်ရင်းနှင့် တစ်ခါတရံ ခန္ဓာကိုယ်ကို ထိခိုက်သည့်အခါမျိုးဆို စိတ်ထဲမှာ ပိုပြီးနေလို့ကောင်း၏ ။ အရေပြားပေါ်က အနာကြောင့် ရင်ထဲက ဒဏ်ရာက သက်သာသွားသလိုပင် ။ သည်လိုမျိုး မဖြစ်သင့်မှန်း သိပေမဲ့လည်း မတတ်နိုင် ။ အခုထိလည်း သူ့ကိုယ်သူ ပင်ပန်းနွမ်းနယ်အောင် ပြင်းပြင်းထန်ထန် စေခိုင်းချင်ဆဲ ။
ဓါးရေးလေ့ကျင့်သည့် ဝတ်စုံကို ချွတ်ပြီး ဘုဏ်းဇေ အခန်းထဲက ထွက်လာတော့ အပြင်မှာ နီစွေး ရပ်စောင့်နေသည် ။ သည်နေ့မှ LAက ပြန်လာခြင်းဖြစ်၏ ။
အဖြူရောင် စွပ်ကျယ်အင်္ကျီက အသားနှင့် ကပ်နေသည်အထိ ချွေးတွေစိုရွှဲနေသော ဘုဏ်းဇေကိုကြည့်ပြီး နီစွေးက ခေါင်းတခါခါ ။
" စိတ်ဆင်းရဲတယ် .... ဒီလိုမျိုး ဘယ်အချိန်အထိ မြင်ရဦးမှာလဲ "
" ငါက ဘာဖြစ်နေလို့လဲ "
" အချစ်နာကျပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာလေ "
" တော်စမ်းပါ ... မဟုတ်တာတွေ မပြောနဲ့ "
" ကြည့်ရုံနဲ့ သိသာနေတာကို လိမ်ချင်မနေနဲ့ ၊ ဒါတွေ မမြင်ချင်လို့ကို ငါလဲ LA သွားနေတာ "
ပွစိပွစိပြော၍ လေသာခန်းဆီ အရင်တက်သွားသည် ။ ဘုဏ်းဇေ ရေအမြန်သွားချိုးပြီးမှ နီစွေးနောက် လိုက်လာခဲ့၏ ။ မောင်နှမနှစ်ယောက် စကားအတူ ထိုင်မပြောရတာ ကြာပြီ ။
" ရှင်းသန့် ပြန်လာပြီး တောင်းပန်တာတောင် လက်မခံဘူးဆိုတော့ နင့်အသည်းနှလုံးက တော်တော်မာလှပါလား "
" မာတာမဟုတ်ဘူးဟ ၊ ငါ့အသည်းနှလုံးက အကောင်းအတိုင်း မရှိတော့တာ ၊ ပျက်စီးသွားတာ ကြာပြီလေ "
ဆိုဖာကို ခေါင်းမှီရင်း နှစ်ယောက်သား မျက်နှာချင်းဆိုင် ပြုံးဖြစ်ကြသည် ။ အပြုံးတွေကတော့ ခပ်နွမ်းနွမ်းပေါ့ ။
" နင် သူ့ကို တကယ် ပြန်လက်မခံတော့ဘူးလား "
" ငါ ခံစားခဲ့ရတာတွေက အိပ်မက်မှမဟုတ်တာ ၊ သူ့ကိုမြင်တိုင်း ငါတို့ လမ်းခွဲခဲ့တဲ့နေ့က သူပြောသွားတဲ့စကားတွေကို ပြန်ကြားနေတုန်းပဲ ၊ သူ ငါ့ကို လက်မထပ်ဘူးဆိုတာတွေ ၊ ငါနဲ့ဆို သူလိုချင်တဲ့ ဘဝမျိုး မရနိုင်ဘူးဆိုတာတွေပေါ့ "
" နင် မသိတဲ့ တခြားအကြောင်းတစ်ခုခုများ ရှိနေမလား "
" ရှိရင်တောင် ငါ့ကို ပြောပြလို့ ရတယ်လေ ၊ ဘာနေနေ ငါ ရင်ဆိုင်ဖြေရှင်းပါ့မယ် ၊ ငါ့ကိုယုံပါလို့ ကတိတွေ အထပ်ထပ်ပေးခဲ့သားပဲ ၊ ငါပေးခဲ့တဲ့ကတိတွေကိုလဲ မယုံကြည်ခဲ့သလို ငါ့လက်ကိုလဲ လွယ်လွယ် ဖြုတ်ချသွားခဲ့တာ "
" အဲဒီအတွက် အခု သူပြန်တောင်းပန်နေပြီမို့လား "
" တောင်းပန်စကားတစ်ခွန်းနဲ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး မေ့လိုက်နိုင်ရင်တော့ ကောင်းသားပဲ ၊ ဖြစ်နိုင်ရင် ငါက ပိုပြီးတောင် မေ့လိုက်ချင်ပါသေးတယ် ၊ အခုတော့ သူ့ကိုမြင်တိုင်း သူ့အနားကိုတိုးသွားချင်တဲ့စိတ်တွေရော သူနဲ့ဝေးရာကို ပြေးသွားချင်တဲ့စိတ်တွေရောနဲ့ ငါ့ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မလိုပဲ "
ပြောရင်းပင် ဘုဏ်းဇေရဲ့ နှုတ်ခမ်းတို့က တုန်ရီပြီး မျက်ဝန်းအိမ်မှာ ငွေ့ရည်ဖွဲ့လာသည် ။ တစ်လပဲငယ်သော မောင်ဖြစ်သူ၏ ရင်ထဲကို နီစွေး ရှင်းရှင်းလင်းလင်း မြင်ရပါသည်။ လူတစ်ယောက်အပေါ် ချစ်စိတ်ရော နာကြည်းစိတ်ပါ တစ်ချိန်တည်း ဖြစ်ပေါ်နေပြီး အဲဒီခံစားချက်တွေထဲမှာ မွန်းကြပ်ပိတ်လှောင်နေရှာတာ ။
နှလုံးသားရေးရာနှင့် ပတ်သက်လျှင် နီစွေးမှာလည်း အပူအပင်ကင်းသည့် ပျော်ရွှင်ခြင်းမျိုး မခံစားရသေးပေမဲ့ ဘုဏ်းဇေကတော့ သူမထက် အဆမတန်ပိုပါသည် ။ ထို့ကြောင့်လည်း ကရုဏာဖြစ်ရ၏ ။ တီးလိုက်သည့် သံစဉ်တစ်ခု ၊ ဆိုလိုက်သည့်သီချင်းတစ်ပိုင်းကအစ ဝေဒနာတွေပါနေသူကို တစ်ခါတလေ ကြည့်ပင်မကြည့်ရက်ပါ ။
ဘက်စုံတော်ပါသည်ဆိုသော ပြည်သူချစ် အိမ်ရှေ့ဥပရာဇာတစ်ပါးရဲ့နောက်ကွယ်က မအောင်မြင်ခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ် ။ သည်လိုမျိုး အဆုံးသတ် မသွားဖို့တော့ မျှော်လင့်နေပါသေး၏ ။
" နောက်ကျရင် ကလေးတွေ နင့်အကြောင်းကို သမိုင်းထဲမှာ သင်ရတဲ့အခါ ကြင်ဖော်မပါဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ နန်းတက်တဲ့ဘုရင်ကြီးဆိုပြီး ဖတ်နေကြရဦးမယ် "
" အဟား... "
ပေါ့ပါးစေသောစကားတို့ကို တမင်ရွေးပြောတော့ မျက်နှာက အနည်းငယ်ရွှင်ပျလာသည် ။ ထို့နောက် ညနေစာစားဖို့ အချိန်နီးလာပြီမို့ မယ်တော်ကြီး အဆောင်တော်ရှိရာ လမ်းလျှောက်ခဲ့ကြ၏ ။ အစောပိုင်းက မစို့မပို့ ရွာထားသော မိုးဖွဲလေးကြောင့် မြေသင်းနံ့လေးများက နန်းတော်ဝင်းအတွင်း ခပ်သင်းသင်း လွင့်လျက် ။
" ဒါနဲ့ နင်ကတော့ရော နိုနို့ကို ဘယ်အချိန်အထိ ပတ်ပြေးနေဦးမှာလဲ "
နီစွေးက ပြန်မဖြေသေးဘဲ လက်လှမ်းမီရာက တပေဘူတ ပန်းအဝါလေးတစ်ခက်ကို ချိုးယူသည် ။ ပန်းပန်လေ့ မရှိသူမို့ လက်ထဲမှာသာ တယုတယ ကိုင်ထား၏ ။
" တကယ်တော့ ငါလဲ ကြောက်နေခဲ့တာ "
" ချစ်ရမှာကိုလား "
" ချစ်ရမှာမကြောက်ပါဘူး ၊ ချစ်ပြီးမှ ခွဲရမှာကြောက်တာ ၊ ရှေ့ကနေ နင်က သာဓကတွေပြနေတာဆိုတော့ "
ခေါင်းကို လက်သီးနှင့် ဖွဖွထုတော့ ဇက်ကလေးပုပြီး ရယ်၏ ။ အပြင်ပန်းအရ လွတ်လပ်ပေါ့ပါးစွာ နေရတာကို ခုံမင်သူဆိုပေမဲ့လည်း နီစွေးက ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန် လုပ်တတ်သူတော့ မဟုတ်ပေ ။ ဘဝတစ်ခုလုံးနှင့် သက်ဆိုင်သည့် နှလုံးသားရေးကိစ္စမို့ ပိုပြီးအလေးအနက်ထား တွေးတောပုံရသည် ။ နောက်ပြီး နီစွေးသည်လည်း တော်ဝင်မျိုးဆက်တစ်ယောက်ပေပဲမို့ သာမန်မိသားစုကလာသူ တစ်ယောက်ထက်တော့ ဖိအားနည်းနည်း ပိုပါလိမ့်မည် ။ တစ်ဖက်က နိုနိုဆိုတာကလည်း သူတို့ပြည်နယ်မှာ ဩဇာအတန်အသင့်ညောင်းသော စော်ဘွားမျိုးဆက် မဟုတ်လား ။
" စပြီးမှ အဆုံးထိ တာဝန်မယူနိုင်မှာ ငါကြောက်တယ် ဘုဏ်းဇေ ၊ အရင်ကတော့တွေးတာ ငါက မိန်းကလေးချင်း စိတ်ဝင်စားတဲ့သူပါလို့ မိဘတွေကို ဖွင့်ပြောမယ် ၊ ပြီးရင် နိုနိုနဲ့လက်တွဲမယ် ၊ LAမှာ အခြေချမယ်ပေါ့ ၊ တကယ်တမ်းကျ စိတ်ကူးထဲကလောက် မလွယ်ဘူး သိလား ၊ အခုထိလဲ ငါ့မိဘတွေကို ငါ ဖွင့်မပြောနိုင်သေးဘူး ၊ သူများတွေပြောမှ သိရတာထက် ငါကိုယ်တိုင်က သူတို့ကို အရင် ပြောပြချင်တာ ၊ ဒါပေမဲ့ အဲလို come out လုပ်နိုင်ဖို့ ခက်ခဲနေတုန်းပဲ ၊ ပြီးတော့ နိုနို့အနေနဲ့ရော သူ့မိဘတွေကို ငါတို့အကြောင်း ဖွင့်ပြောရဲပါ့မလား ၊ ဖွင့်ပြောပြီးရင်ရော ငါတို့မိဘတွေက သဘောတူလက်ခံကြပါ့မလား ၊ အရာအားလုံး အဆင်ပြေရင်ကောင်းပေမဲ့ မပြေမှာကို တွေးကြောက်နေမိတယ် "
သည်ခံစားချက်ကို ကောင်းကောင်းကြီး နားလည်သူမို့ ဘုဏ်းဇေ ကိုယ်ချင်းစာပါသည် ။ ပြီးတော့ သူတို့အကြောင်းကို မီဒီယာတွေကနေ ခေါင်းစီးအမျိုးမျိုးတပ်ပြီး လူစိတ်ဝင်စားမှု ပိုမြင့်အောင် ဖန်တီးရေးသားကြမှာမျိုးလည်း ကြုံဦးမည် ။
ထိုအခါ လိင်တူချစ်ကြိုက်ခြင်းကို ဘုရားမကြိုက်သည့် ပြစ်မှုတစ်ခုလို သတ်မှတ်ထားသူတွေကလည်း လိင်တူချစ်ကြိုက်သူတွေကြောင့် ကမ္ဘာလောကကြီး ပျက်စီးတော့မလို စွပ်စွဲကြဦးမည် ။ ထိုလူတွေထဲ ကိုယ့်မိသားစုဝင်တွေပါ ပါနေလျှင် ပိုပြီးအခက်သား မဟုတ်လား ။
" လူဖြစ်ရတာ တကယ် မလွယ်ဘူးနော် မမနီစွေး "
" ဘယ်သူတွေ စသတ်မှတ်ခဲ့မှန်း မသိတဲ့ တော်ဝင်မျိုးနွယ်မှာ လူလာဖြစ်ရတာ ပိုခက်တယ် ဘုဏ်းငယ်လေးရဲ့ "
" အဟားဟား "
နီစွေးရှိလျှင် ဘုဏ်းဇေအတွက် ရင်ဖွင့်စရာလူတစ်ယောက် ရတာမို့ စိတ်သက်သာရသည်။ နှစ်ယောက်သား ရယ်မောရင်း စကားတပြောပြောနှင့် မယ်တော်ကြီး၏ စံအိမ်တော်ဆီ ရောက်လာကြသည့်အခါ စံအိမ်ထဲ မဝင်ခင်ကတည်းက မမဒေဝီက သူတို့ကိုမြင်ပြီး အပြေးလေးလှမ်းလာ၏ ။ အထူးသဖြင့် မောင်ဖြစ်သူကို စောင့်ကြိုနေခြင်းပင် ။
" မမဖြင့် အငယ်လေးတို့ကို လာခေါ်တော့မလို့ "
မမဒေဝီက ဘုဏ်းဇေလက်မောင်းကိုချိတ်ပြီး နဖူးပေါ်ကျနေသည့် ဆံပင်လေးများကိုလည်း ခြေဖျားထောက်ကာ သပ်တင်ပေး၏ ။ နှစ်ဆယ့်ရှစ်နှစ်အရွယ် မောင်လေးကို ဆက်ဆံပုံက နှစ်နှစ်နှင့်ရှစ်လသားလေးလို ။
" မမဒေဝီ ဘုဏ်းဇေကို အခုထိ ကလေးလို့ မြင်နေတုန်းပဲလား "
" အဟင်း... ဟုတ်ပါ့ ...မောင်လေးရော ညီမလေးရောကို ကလေးလေးတွေလို့ မမထင်နေတုန်းပဲ "
" သွားပါ ... မမချစ်ချစ်ကြီးကိုသာ ဂရုစိုက်ပါ ၊ ကျနော်တို့က ရပါတယ် "
သည်အပြောကြောင့် အိမ်ထောင်ရှင်မ အသစ်စက်စက်ကလေးဖြစ်သည့် မမဒေဝီက ရှက်အားပိုသွားသည့် အမူအရာလေးဖြင့် သူ့လက်မောင်းကို မနာအောင် ဆွဲလိမ်သေး၏ ။ အိမ်ထောင်ကျပြီးမှ မမက သူ့ကို အရင်ကထက်တောင် ပိုပြီး ဂရုစိုက်နေသည် ။ အချိန်ရှိသရွေ့လည်း သူ့ဆီ လာပြီး အဖော်လုပ်တတ်သည် ။ဧကန္တ သူတစ်ယောက်တည်း ဖြစ်နေမှာစိုးသည်ထင်ပါရဲ့ ။
" ဘယ်အရွယ်ရောက်ရောက် မမက အငယ်လေးကို အချစ်ဆုံးနော် "
" ကျနော်သိပါတယ် မမရဲ့ ၊ ဒါပေမဲ့ မမမျက်နှာ တစ်ကမ္ဘာလုပ်ပြီး နန်းဝောာ်ထဲလာနေရတဲ့ အစ်ကိုစဝ်မိုင်းခမ်းကိုပဲ ကျနော့်ထက် ပိုဂရုစိုက်ပေးလိုက်ပါဗျာ ၊ မမပျော်နေတာမြင်ရင် ကျနော်လဲ ပျော်ပါတယ် "
မမဒေဝီရဲ့မျက်လုံးဝိုင်းလေးများက သူ့မျက်နှာကို သေသေချာချာ မော့ငေးကြည့်သည် ။ လေးနက်စွာ ၊ ပြီးတော့ ချစ်မြတ်နိုးစွာ ။
" မမလဲ အဲဒီလို ခံစားချင်တယ် အငယ်လေး "
" ခင်ဗျာ "
" မမပျော်နေတာမြင်ပြီး အငယ်လေး ပျော်သလို အငယ်လေး ပျော်နေတာကြည့်ပြီး မမလဲ ပျော်ချင်တယ် "
လှိုက်ခနဲတက်လာသည့် ခံစားချက်က ဝမ်းသာခြင်းလား ၊ ဝမ်းနည်းခြင်းလား ။ သေချာတာကတော့ မမသည်လည်း သူ့ရင်ထဲက ဝေဒနာတွေကို တစွန်းတစ မြင်နေရခြင်းပါ ။
******
2023၊ May
@ရွှေကံသာကမ်းခြေ
ပြာလဲ့နေသော ပင်လယ်ပြင်သည် အေးအေးသက်သာ ပြေးနေသော လှိုင်းငယ်လေးများနှင့်တွဲပြီး ကြည်လင်စွာ လှပနေ၏ ။ ပင်လယ်လှိုင်းများနှင့် ထိစပ်နေသည့် သဲသောင်ယံထက်က အဖြူရောင်မင်္ဂလာ အခမ်းအနားတစ်ခုတွင် သတို့သတို့သားနှင့်သတို့သမီးတို့ အပြန်အလှန်ချစ်ခွန်းဖလှယ်ပြီး သေတပန်သက်တဆုံး အတူရှိသွားမည့်အကြောင်း ကတိသစ္စာဆိုနေကြသည် ။ တဖြူးဖြူးတိုက်ခတ်နေသော ပင်လယ်လေကြောင့် သတို့သမီး၏ခေါင်းပေါ်မှာ တပ်ဆင်ထားသည့် ဇာပဝါစလေးနှင့် ဖြူလွလွ ဂါဝန်ရှည်တို့မှာ အနားတွေ တဖျတ်ဖျတ် လွင့်နေပြီး မင်္ဂလာမောင်နှံ၏ တစ်ဦးကိုတစ်ဦး ကြည့်နေကြသော မျက်ဝန်းနှစ်စုံကလည်း ကမ်းခြေပေါ် ဖြာကျနေသည့် နံနက်ခင်း နေရောင်ခြည်လေးလို နွေးထွေးလှသည် ။
အာကာက ပြောထားသည့်အတိုင်း သူငယ်ချင်းတွေအားလုံးဆုံချိန်ရွေးပြီး မင်္ဂလာပွဲကို ကျင်းပခြင်းပင် ။
အာကာ့အတွက် ရှင်းသန့် ဂုဏ်ယူဝမ်းမြောက်ရသလို ဝေမီ့အတွက်လည်း ကြည်နူးရ၏ ။ အာကာ အရင်က ဘယ်လောက်ပဲ ရည်းစားများခဲ့များခဲ့ ဝေမီနှင့် ချစ်သူဖြစ်ပြီးကတည်းက ဝေမီ့အပေါ် သစ္စာလည်း တည်မြဲခဲ့ပြီး ချစ်သူကောင်းတစ်ယောက်လည်း ပီသခဲ့သည် ။ ဝေမီ့ကို တစ်ဘဝလုံးအတွက် ရည်ရွယ်ပြီး လက်တွဲခဲ့မှန်း သူငယ်ချင်းတွေနှင့် မိတ်ဆက်ပေးခဲ့ကတည်းက ရှင်းသန့်တို့အားလုံး သဘောပေါက်သည် ။ ဒါတောင် ချစ်သူဖြစ်ပြီး တစ်နှစ်လောက်နေမှ မိတ်ဆက်ပေးလာခြင်းဖြစ်၏ ။ အဓိက က ဘုဏ်းဇေနှင့် ရှင်းသန့်ကို အာကာက ထည့်တွေးပေးခဲ့ခြင်းပင် ။ ဝေမီကလည်း အာကာ့အချစ် ၊ ယုံကြည်မှုတို့နှင့် ထိုက်တန်ပါ၏ ။
သည်သူငယ်ချင်း အဝန်းအဝိုင်းလေးက သူတို့ပတ်သက်မှုကို ဘေးလူတွေဆီ မပေါက်ကြားစေရန် စောင့်ထိန်းပေးခဲ့ကြသည် ။ တစ်ယောက်နှင့်တစ်ယောက် ကူညီဖေးမကြရင်း စောင့်ရှောက်ကြရင်းနှင့် ကျောင်းသားဘဝနေ့ရက်တွေမှာ ပျော်စရာတွေ များခဲ့ပါသည် ။ အခုလည်း အရင်လို အမြဲ အတူမရှိနိုင်ကြတော့ပေမဲ့ ဘယ်အချိန်တွေ့တွေ့ ခင်မင်မှုနှင့်မေတ္တာတရားကတော့ အရင်အတိုင်းသာ ။
တစ်ယောက်သောသူနှင့် ရှင်းသန့်ကြားက လွဲလျှင်ပေါ့ ။
အာကာတို့နှစ်ယောက်အတွက် လက်ခုပ်တီးပေးရင်း သူနှင့် ခပ်ဝေးဝေးမှာ ထိုင်နေသူကို မကြာခဏ လှမ်းကြည့်ဖြစ်သည် ။ အဖြူရောင်ဝတ်စုံကိုယ်စီကြားထဲမှာတောင် ချစ်ရသူက ကွဲထွက်ပြီးထင်ပေါ်နေ၏။ တော်ဝင်မင်းသားတစ်ပါး၏ အရောင်အဝါဆိုတာမျိုး ဖြစ်လိမ့်မည် ။ ထင်ရှားပြတ်သားသော မေးရိုးတို့က တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင် ဘယ်တော့မှ မပြောင်းလဲတတ်သည့်အကျင့်စရိုက်ကို မြင်သာစေသည် ။ ထူထဲသည့် မျက်ခုံးတန်းတွေအောက်က မျက်ဝန်းနက်နက်တို့သည် ဘေးဘီဝဲယာကို အာရုံမရောက်ဘဲ ရှေ့တူရှုကိုသာ တစိုက်မတ်မတ် ရှိသည် ။ ဖြောင့်စင်းသော နှာတံအောက်ရှိ ပိရိသေသပ်စွာ စေ့ပိတ်ထားသည့် နှုတ်ခမ်းတို့သည် တစ်ချိန်က သူ့ကို အပြုံးလှလှလေးနှင့် စိတ်ချမ်းမြေ့စေခဲ့သည့် ဖန်တီးရှင်လေးများဖြစ်၏ ။ အခုတော့ သူ့ကို မပြုံးပြတော့သလို သူရှိရာကိုလည်း တစ်ချက်ပင် ဝေ့မကြည့်တော့ပါ ။
မင်္ဂလာပွဲအတွက် ရှင်းသန့်တို့အားလုံး မနေ့ကတည်းက ကြိုရောက်နေပေမဲ့ ဘုဏ်းဇေကတော့ သည်မနက်မှ နီစွေးနှင့်အတူ စောစောထလာပြီး အခမ်းအနားစမှ ရောက်လာခဲ့ခြင်းပင်။ ရောက်လာတော့လည်း သူတို့နှင့်ဝေးရာ တမင်သွားထိုင်၏ ။ နီစွေးစကားအရ နန်းတော်ကို မပြန်ဘဲ ဒင်နာပွဲကိုတော့ တက်မည်ဟု သိရသည် ။
ထို့နောက် မနက်ပိုင်း မင်္ဂလာပွဲပြီးသည်နှင့် ချက်ချင်း သက်တော်စောင့်များ ခြံရံပြီး ကမ်းခြေကနေ ထွက်သွား၏ ။ ရွှေကံသာမြို့နယ်က တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခြင်း ဖြစ်သလို မြို့နယ်အတွင်းက လူငယ် အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးဖလှယ်ပွဲ ပြုလုပ်ဖို့ ချိန်းဆိုထားခြင်းကြောင့်ပင် ။ သည်နေ့သည်ရက်မှ အစည်းအဝေးတွေ ပြုလုပ်ဖို့ ရက်ရွေးရခြင်းက ရှင်းသန့်နှင့် တစ်နေကုန် တွေ့နေရမှာမို့ တမင်ရှောင်လွှဲလိုခြင်းကြောင့်ဟု ထင်မိသည် ။
ဘုဏ်းဇေ ပြန်ရောက်လာချိန်ကျ ဒင်နာမှာ လူတွေတောင် စုံနေပြီ ။ သတို့သားနှင့်သတို့သမီးက ရှန်ပိန်ပုလင်းဖွင့်ပြီး ပျော်ရွှင်စွာ အနမ်းပေးကြသည့် မြင်ကွင်းကို ရှင်းသန့် သဘောကျစွာ ငေးကြည့်နေမိစဉ် နီစွေးက သူ့ဘေးရောက်လာပြီး တိုးတိုးကပ်မေးသည် ။
" အားကျနေတာလား "
" ဒီမြင်ကွင်းကို အားမကျတဲ့သူ ရှိလို့လား "
" ဟိုမယ်လေ ... "
တစ်ယောက်တည်း ဝိုင်ထိုင်သောက်နေသည့် ဘုဏ်းဇေရှိရာ မေးငေါ့ပြသဖြင့် ရှင်းသန့် မချင့်မရဲ ပြုံးမိသည် ။ ရောက်လာကတည်းက ဘယ်သူနှင့်မှလည်း စကားမပြော ၊ ရောင်ရှိန်သွားခေါ်တာလည်း လိုက်မလာသူကို သူလည်း ခါတိုင်းလို သွားမစဖြစ်ပါ ။ တော််ကြာ စိတ်အနှောင့်အယှက်ဖြစ်ပြီး ထပြန်သွားမှဖြင့်လေ ။
" နင်ထွက်သွားရတဲ့ တကယ့်အကြောင်းအရင်းက ဘာလဲ ရှင်းသန့် "
" ငါ့ကြောင့် သူ အခက်တွေ့မှာစိုးလို့ "
" နင် ဘာကိုစိုးရိမ်ခဲ့တာလဲ ငါမသိဘူး ၊ ဘာဖြစ်ဖြစ် ဘုဏ်းဇေကိုတော့ သေချာပြောပြသင့်တယ်လို့ ထင်တယ် "
" အင်း ...အခု ငါမှားမှန်း သိပါပြီ "
နီစွေးက ခေါင်းညိတ်ပြီး ဝိုင်နှစ်ခွက် သွားယူကာ ရှင်းသန့်ကို တစ်ခွက်ပေး၏ ။ ခဏနေလျှင် သီချင်းဆိုဖို့ စိတ်ကူးရှိ၍ အနည်းအကျဉ်းသာ သောက်ဖြစ်ပါသည် ။
ရာသီဥတုသာယာသည့်ရက်မို့ ပင်လယ်ပြင်က လရောင်အောက်မှာ တည်ငြိမ်အေးချမ်းနေ၏ ။ ကောင်းကင်မှာလည်း နက္ခတ်တာရာတို့ စုံစုံညီညီ စုဝေးနေကြသည် ။ ရုပ်ရည် ၊ ပညာ ၊ စည်းစိမ်ဥစ္စာတို့ အစစအရာရာ ပြည့်စုံနေသည့် အသစ်စက်စက် ဇနီးမောင်နှံအတွက် ဘုရားသခင်က သဘာဝတရားကြီးနှင့်အတူ ကောင်းချီးပေးနေပုံပင် ။
ရှင်းသန့်ကတော့ ပင်လယ်ပြင်ထဲက အထီးတည်းဖြစ်နေသည့် မီးပြတိုက်ကလေးကို လှမ်းငေးရင်း ၊ ပတ်ဝန်းကျင်ကို အာရုံမစိုက်ဘဲ ဝိုင်တွေ ထိုင်သောက်နေသည့် တစ်ယောက်သောသူကို ခိုးကြည့်ရင်း အသည်းနှလုံးတစ်နေရာကနေ တိုးထွက်လာသည့် လွမ်းဆွတ်တမ်းတမှုတို့ကို ထိန်းချုပ်နေရသည်။
တစ်ခါတုန်းက သည်လိုညမျိုးမှာပဲ သည်ပင်လယ်ပြင်ဘေးမှာ ချစ်ရသူက ခြေထောက်နာနေသည့် သူ့ကို ကုန်းပိုးပြီး သဲသောင်ပြင်ကို ပျော်ရွှင်စွာ ဖြတ်နင်းခဲ့ဖူးသည် ။ ထိုအချိန်ကတော့ သူတို့ဘဝမှာ ဖွင့်ဟဝန်မခံရဲသေးသော ရင်ခုန်သံတွေနှင့် ကြည်ကြည်နူးနူး ရယ်သံတွေနှင့်သာ ပြည့်နှက်နေခဲ့သည် ။ အတူရှိခဲ့သည့် အမှတ်တရအားလုံးက သိပ်ကိုလှပလွန်းခဲ့ပါ၏ ။
ဖြစ်နိုင်လျှင် ထိုအခိုက်အတန့်လေးများကို လက်ရှိကာလတွေဆီ ခေါ်ဆောင်လာချင်သည် ။ အမြန်ဆုံး ခေါ်ဆောင်ခွင့်ရဖို့ကိုလည်း ပင်လယ်ပြင်ကို တိုင်တည်ပြီး ဆုတောင်းရဦးမည် ။
" ရှင်းသန့် ...သီချင်းဆိုမှာဖြင့် သွားဆိုတော့လေ "
ကောင်းယံ လာတိုက်တွန်းတော့ ညဆယ်နာရီထိုးပြီ ။ ရှင်းသန့် ဂီတာတစ်လက်ကိုဆွဲပြီး စင်ပေါ်တက်ကာ ချထားသည့်ခုံပေါ် ဝင်နေရာယူပြီး ဘုဏ်းဇေရှိရာ လှမ်းအကြည့် သူ့ဆီ တန်းတန်းမတ်မတ် ကြည့်နေတာနှင့်ဆုံသည် ။ သူပြုံးပြလိုက်မိသလားမသိ ။ နှလုံးသားကတော့ တဒုတ်ဒုတ်ဖြင့် ခုန်ပေါက်နေခဲ့ပါသည် ။
သည်ညအတွက် ရှင်းသန့်ရွေးထားသည့် သီချင်းက သူ ပထမဆုံး ဂီတာတီး စသင်ခဲ့သည့် အဆိုတော်ကိုအောင် ရဲ့ " ကြယ်ပြာလေးနဲ့ဝေးတဲ့နောက် " ဆိုတဲ့သီချင်း ။ ဂီတာမတီးခင် ကောင်းကင်ကပေါ်က ကြယ်တွေကို တစ်ချက်မော့ကြည့်မိသည် ။ သို့ပေမဲ့ သူရည်ရွယ်သည့် ကြယ်ပြာလေးကတော့ ကောင်းကင်မှာလင်းနေတာမဟုတ်ဘဲ သူ့ရှေ့ ခပ်လှမ်းလှမ်းမှာ ထိုင်ပြီး ဝိုင်သောက်နေပါသည် ။
ကောင်းကင်ပေါ်က ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် သူ့သီဆိုမှုကို စောင့်စားနေကြ၏။ သူ့ကြယ်ကလေးကရော သီချင်းကတစ်ဆင့် သူဖွင့်ဟချင်သည့် စကားတွေကို ဆုံးအောင်နားထောင်ပါ့မလား ။
နားထောင်ပါစေဟု မရဲတရဲ မျှော်လင့်ရင်း ...
♪ ညရင်ခွင်မှာ သက်ဆင်းရောက်လာသော
ကြယ်ပြာလေးရယ် တယုတယကြည့်ကာ
မနက်လင်း အရုဏ်ချိန်
တရွေ့ရွေ့နေမင်း
ပေါ်လာခဲ့ရင် အဝေးမသွားနဲ့ကွယ် ♪
စင်ပေါ်က သီချင်းသံကို နားထောင်ပြီး ဝိုင်ခွက်ကိုင်ထားသည့် ဘုဏ်းဇေရဲ့လက်တို့က သိသိသာသာ တုန်ယင်လာ၏ ။ တကယ်တော့ လက်တင်မဟုတ် ။ နှလုံးသားတစ်ခုလုံး ခုန်ပေါက်လာတာ ။ ရင်ဘတ်တစ်ခုလုံး စူးအောင့်လာတာ ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ လှည့်ပတ်စီးဆင်းနေသည့် သွေးဆဲလ်အားလုံး အယောင်ယောင်အမှားမှားတွေ ဖြစ်ကုန်တာ ။
အခုအချိန်မှာ ဘုဏ်းဇေ ရူးသွားပြီး အတိတ်အားလုံး မေ့သွားလျှင် ဘယ်လောက်ကောင်းလိုက်မလဲ ။ သည်လိုဆို သူ မနာကျင်ရတော့ဘူး မဟုတ်လား ။
♪ အိပ်မက်လေးရယ်
အစွန်းကိုရောက်နေတယ်
မြင်ချင်သေးတယ် မင်းရဲ့ အပြုံးတွေရယ်
ငါလေ ကရုဏာသက်စွာ
အကြည့်များ ငတ်မွတ်ခဲ့
ကြိုးတွေကိုဖြတ်မသွားနဲ့ ♪
မျက်ဝန်းထဲမှာ ပြည့်လျှံတက်လာသည့် မျက်ရည်တို့ ကာစီးထားသဖြင့် စင်ပေါ်က ဂီတာနှင့်လူကို ကောင်းစွာ မမြင်ရတော့သလို နားထဲဝင်လာသည့် သီချင်းသံအစား တစ်ချိန်က ပြောခဲ့သည့်စကားများကိုသာ ကြားယောင်လာသည် ။
" ငါ ကြယ်တွေကို သဘောကျတယ် ၊ မင်း ငါ့ကို ကြယ်တွေဆီ ခေါ်သွားပေးပါလား "
" ငါ ကြယ်တွေကို ထိတွေ့ခွင့်ရချင်တယ် "
" မင်းသားလေး ... မင်းကလဲ အဲဒီကြယ်လေးတွေနဲ့တူတယ် ၊ အဲဒါမို့ ငါ မင်းကို အများကြီး သဘောကျတယ် "
" ဟုတ်တယ် ၊ မောင်က ငါပိုင်တဲ့ ကြယ်လေး "
မျက်ဝန်းတွေ မှိတ်ချလိုက်တော့ ကျလာသည့် မျက်ရည်ပူတို့က ပိုးပိုးပေါက်ပေါက် ။ နားတွေကိုလည်း ပိတ်ထားလိုက်ချင်သည် ။ အခု သီချင်းသံကိုရော ၊ အတိတ်က စကားသံကိုပါ မကြားလိုတော့ပါ ။
ဘုဏ်းဇေ သည်နေရာမှာဆက်ထိုင်နေဖို့ အင်အားမရှိတော့ ။ အာကာ့ကို အားနာပေမဲ့ ဟိုတယ်ကို ပြန်ဖို့သာ ဆုံးဖြတ်ပြီး အမြန်ထလာခဲ့သည် ။ သိုသော်လည်း နောက်ကျောမှာ ကျန်ခဲ့သည့် သီချင်းသံက ရင်ထဲမှာ ကပ်ငြိပါလာဆဲ ။
♪ ကြယ်ပြာလေးရယ် အငွေ့ပျံမသွားပါနဲ့
တစ်ခါတစ်ရံ ပန်းတွေပွင့်တာ
ကြည့်ချင်တယ်
အပြင်မှာ နှင်းစက်လေးတွေ
အရည်ပျော်သွား
မပြန်ပါနဲ့ ကြယ်ပြာလေးရယ် ♪
ရှင်းသန့် သီချင်းဆိုပြီးတာနှင့် ဘုဏ်းဇေနောက်ကို တစ်ခါတည်း ပြေးလိုက်လာခဲ့သည် ။ သည်ည ဘုဏ်းဇေ့ဆီက ခွင့်လွှတ်မှုရအောင် တောင်းပန်ချင်သည် ။ သည်နှစ်တွေအတွင်း သူလည်း ထပ်တူခံစားခဲ့ရသည့်အကြောင်း ပြောပြချင်သည် ။ နောက်ထပ် ဘယ်တော့မှ ထွက်မသွားတော့မည့်အကြောင်း အသက်နှင့်လောင်းကြေးထပ်ပြီး ကတိပေးချင်၏ ။
သူ ဆက်ပြီး သည်းမခံန်ိုင်တဲ့အထိ အရင်က ဘုဏ်းဇေကို လွမ်းလှပါပြီ ။
ဘုဏ်းဇေနားနေသည့် ဟိုတယ်ခန်းထဲကို ကိုဗစ်တာတို့က တော်တော်နှင့် ဝင်ခွင့်မပေးချင်ကြ ။ မင်းသားက ဘယ်သူ့ကိုမှ ဝင်မလာဖို့ မှာထားသည်ဟု ပြောပြီး တားမြစ်ကြသည် ။ ရှင်းသန့် အထပ်ထပ်တောင်းဆိုမှ ဝင်ခွင့်ပြုကြသည် ။
သို့ပေမဲ့ ဝင်ဝင်ချင်း မှန်ထဲကတစ်ဆင့် မြင်လိုက်ရသည့် မြင်ကွင်းက ရှင်းသန့်ကို အံ့ဩတုန်လှုပ်သွားစေခဲ့ပါသည် ။
မှန်ရှေ့မှာ အပေါ်ပိုင်းဗလာဖြင့် ရပ်နေသည့် ဘုဏ်းဇေက သူ့ကိုကျောပေးထားပေမဲ့ မှန်ထဲမှာပေါ်နေသည့် ရင်ဘတ် ၊ ဖြူဝင်းနေသည့် ဝမ်းဗိုက်ကြွက်သားတွေနှင့် လက်မောင်းအတွင်းသားတွေပေါ်မှာ သေးသေးမွှားမွှား မဟုတ်သည့် အမာရွတ်တွေက အထင်းသား ။
ဘုဏ်းဇေက မှန်ထဲကနေ သူ့ကို ခဏကြည့်နေပြီး ချွတ်ထားသည့် ရှပ်အင်္ကျီကို အလျင်အမြန် ပြန်ဝတ်ဖို့ ကြိုးစားစဥ် ရှင်းသန့် ရှေ့ကိုအမြန်သွားပြီး အင်္ကျီစကို လှမ်းဆွဲလိုက်သည် ။
" ဒါတွေက ဘာဖြစ်ထားတာတွေလဲ "
" မင်းနဲ့မဆိုင်ဘူး ... လွှတ် "
" ဘယ်တုန်းက ထိခိုက်ထားတာလဲ ၊ စစ်မှုထမ်းတုန်းကလား "
မဖြေဘဲ အင်္ကျီကိုသာ ပြန်ဆွဲပြီး ကြယ်သီးတွေ အမြန်တပ်နေသည် ။ အနီးကပ်ကြည့်မှ ကင်းခြေများလိုလို ကြက်ခြေခတ်လိုလို အမာရွတ်ကြီးတွေက သိသိသာသာ ။ အများကြီး နာကျင်ခဲ့ရမှာပဲဟု တွေးမိပြီး သူ့ရင်ထဲ ကျပ်ခဲလာသည် ။ သည်အချိန်တွေမှာ သူ ရှိမပေးခဲ့မိဘူး ။
" အမာရွတ်တွေ ဒီလောက်ထိ ကျန်နေခဲ့တယ်ဆိုတော့ ဒဏ်ရာတွေက ဘယ်လောက်တောင် ကြီးခဲ့လို့လဲ "
" မင်းပေးခဲ့တာနဲ့ ယှဉ်ရင်တော့ ပမွှားပါပဲ "
ရှင်းသန့် ဘာပြန်ပြောရမှန်းမသိ ။ ဘုဏ်းဇေဘက်က ကြည့်တော့လည်း အခုလိုပြောသင့်တာပါပဲ ။
" အသက်အန္တရာယ်နီးတဲ့အထိ ဖြစ်ခဲ့သေးလား "
" အဟွန်း ... "
ခနိုးခနဲ့ရယ်သံထဲမှာ နာကြည်းမှုတွေ ပါနေသည်။
" အခုမှလာပြီး ငါ့ကို စိတ်ပူပြနေတာလား "
မျက်ဝန်းတွေမှာ လှောင်ပြောင်လိုသည့် အငွေ့အသက်တွေ ထင်ဟပ်နေ၏။ ဝိုင်တွေအများကြီး သောက်ထားသည့် အရှိန်ကြောင့် မျက်နှာတွေက နီရဲလျက်။ အခုအချိန် သူ အမြဲတမ်း စိတ်ပူခဲ့သည့်အကြောင်း ပြောလျှင်လည်း ယုံမည်မထင်ပါ ။
" သွားတော့ ရှင်းသန့်တည်ကြည် ၊ ငါ နားချင်ပြီ "
" အင်း ... နောက်ရက်ကျ အကောင်းဆုံး အမာရွတ်ပျောက်ဆေး ရှာဝယ်ပေးမယ် "
" မလိုပါဘူး ၊ ငါကိုယ်တိုင် ဒီအမာရွတ်တွေကို နေ့တိုင်း ပြန်မြင်ချင်လို့ တမင်မလိမ်းခဲ့တာ "
ရှင်းသန့် ထပ်ပြီး အံ့ဩမင်သက်ရပြန်သည်။ ဘယ်သူက ဒဏ်ရာရခဲ့ဖူးသည့်အကြောင်း နေ့တိုင်း ပြန်အမှတ်ရချင်လို့လဲ ။
" ဘာလို့လဲ "
" အရေပြားပေါ်မှာ ဒဏ်ရာရတိုင်း ရင်ထဲက အနာက သက်သာတယ်လေ ၊ အဲလိုအချိန်ဆို သိပ်နေလို့ကောင်းတယ် ၊ ဒီအမာရွတ်တွေက ဒီနှစ်ပိုင်းတွေမှာ နာကျင်မှုဆီက ငါ ခဏတာ လွတ်မြောက်ခဲ့တယ်ဆိုတဲ့ အမှတ်တရတွေပဲ "
ရှင်းသန့် လက်သီးဆုပ်ပြီး ခြေချောင်းတွေကို ကွေးနေအောင် ကြမ်းပြင်နှင့် ကုပ်တွယ်ထားမိသည် ။ ဘုဏ်းဇေ တမင်များ သူ့ကိုယ်သူ ထိခိုက်အနာတရဖြစ်အောင် လုပ်ခဲ့သလားဟု တွေးကြည့်ပြီးလည်း တုန်လှုပ်ခြောက်ခြားသွားရသည် ။ ဒါတွေအားလုံးရဲ့ တရားခံက သူ မဟုတ်လား ။
ထပ်တူခံစားခဲ့ရသည်ဟု ထင်ခဲ့ပေမဲ့ တကယ်တော့ ဘုဏ်းဇေက သူ့ထက် အများကြီး ပိုခဲ့ပုံပါ ။
" မင်းသိလား ရှင်းသန့်တည်ကြည် .... ငါလေ မင်းကို ငါ့ကိုယ်ငါထက် ပိုချစ်ခဲ့သလို ပိုလဲယုံကြည်ခဲ့တာ ၊ မင်းလဲ ငါ့လို ထပ်တူ ခံစားရမယ်လို့ ထင်ခဲ့တာ ၊ အဲဒီလိုမင်းက ငါ့ယုံကြည်မှုကို ဖျက်စီးသွားတော့ ငါဘယ်လောက်နာကျင်ရလဲ မင်းသိလား ၊ တစ်ခါတလေ ငါ့ကိုယ်ငါ ဘာအတွက် အသက်ဆက်ရှင်နေရမှန်း မသိတော့အောင်ပဲ "
" မင်းကို ငါ့အနားမှာ အမြဲရှိစေချင်ခဲ့တာ ၊ မင်းနဲ့အတူတူဆိုတဲ့ အိပ်မက်တွေနဲ့ ငါ့နေ့ရက်တွေက ပျော်ရွှင်ခဲ့ရတာ ၊ အခု အဲဒါတွေအားလုံးက ပျက်စီးသွားပြီ ၊ ငါတို့ကြားက အရာအားလုံး ပျက်စီးသွားပြီ ရှင်းသန့်တည်ကြည် ၊ ဘာနဲ့မှ ပြန်အစားထိုးလို့ မရတော့ဘူး "
"ကျေးဇူးပြုပြီး ငါတို့ ထပ်မတွေ့ဘဲ နေရအောင်လား ၊ ငါ့ဘက်ကပဲ တောင်းပန်ပါတယ် ၊ မင်းကို ခွင့်လွှတ်ပေးလို့ မရတဲ့အတွက် ငါ မင်းကို အနူးအညွတ် တောင်းပန်ပါတယ် "
မျက်ရည်တွေနှင့် ဘုဏ်းဇေကို မြင်ရတိုင်း နာကျင်မှုက အသည်းခိုက်မတတ် ။ ဘာအမှားမှ မလုပ်ခဲ့ဖူးသူက အရင်ကလည်း ထားမသွားဖို့ သူ့ကို တောင်းပန်ခဲ့ဖူးသည်။ အခုလည်း တောင်းပန်နေပြန်ပြီ ။ ပထမတစ်ကြိမ်တောင်းပန်စဉ်က သူ လက်မခံခဲ့ပေမဲ့ အခုတစ်ကြိမ်တော့ သူ လက်ခံပေးရလိမ့်မည် ထင်ပါရဲ့ ။
ကမ္ဘာပေါ်က အရာအားလုံးထက် သူ့ကိုချစ်ပေးခဲ့သူ ဖြစ်ပေမဲ့လည်း သူ့အပေါ်ကို အဆုံးစွန်ထိ နာကြည်းသွားခဲ့သူ ၊ ထွက်မသွားဖို့ တားဆီးခဲ့ဖူးသူဆိုပေမဲ့လည်း ပြန်အလာကို လက်ခံကြိုဆိုမပေးနိုင်တော့သူ ၊ သူ့ကို ကြည်လင်ချမ်းမြေ့စွာ ပြုံးပြခဲ့ဖူးသူဖြစ်သော်လည်း သူ့အား ဘယ်တော့မှ ထပ်ပြီး ပြုံးမပြတော့သူ ။
သူ့အနေဖြင့် ချစ်ရသူ၏ ဆန္ဒကို လိုက်လျောပေးရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပါ ။
*****
အတူတူဆိုတဲ့ စကားလုံးကို
အတိတ်ထဲမှာပဲ ထားခဲ့တော့မယ်
မေတ္တာသုတ္တံကို ရွတ်ဖတ်တိုင်း
ကျနော့်မေတ္တာတရားတွေ
သူ့ဆီရောက်ပါစေပေါ့
သူအေးချမ်းပါစေပေါ့
ဒီလောက်ပဲ ကျနော်တတ်နိုင်ပါတယ်
ဒီ့ထက်ပိုပြီး တတ်နိုင်ချင်ပေမဲ့လည်း
ဒီ့ထက်ပိုပြီး ကျနော် မတတ်နိုင်ခဲ့ပါဘူး
ဝမ်းနည်းရပါတယ် ။
" မင်း တကယ် ဒီလိုလုပ်မှ ဖြစ်မှာလားကွာ ၊ ဆုံးဖြတ်ချက်ကို မပြောင်းတော့ဘူးလား "
ရှင်းသန့် လေယာဉ်ပေါ် မတက်ခင်အထိ ရောင်ရှိန်က သည်မေးခွန်းကိုသာ တတွတ်တွတ် မေးနေ၏ ။ သူလည်း ပြန်ဖြေရတာ ဘယ်နှစ်ကြိမ် ရှိပြီမှန်း မသိတော့ပါ ။
" ဒါကလွဲပြီး ငါ့မှာ ဘာရွေးချယ်စရာ ရှိသေးလို့လဲ "
" ဘုဏ်းဇေစိတ်ကို မင်း တကယ်မသိလို့လား ရှင်းသန့်ရာ "
" သိလို့ အခုလိုလုပ်ရတာပေါ့ "
ရောင်ရှိန်က စုပ်တသတ်သတ်နှင့် သူ့ဆံပင်တွေသူ ထိုးဖွနေသည် ။
" မင်းတို့နဲ့တော့ ငါလဲ ဝဋ်ပဲ တကယ် ၊ ကြားထဲက ငါသာ ရူးသွားလိုက်ချင်တယ် "
ပုံမှန်အခြေအနေမှာဆို ရယ်စရာစကားဖြစ်ပေမဲ့ အခုတော့ မရယ်နိုင်ပါ ။ အားနာနာနှင့်ပင် ရူးချင်နေသူဆီက ဖုန်းငှားပြီး ဘုဏ်းဇေဆီ ခေါ်ရပြန်သည်။ သူ့ဖုန်းဆို မကိုင်မှာ စိုးသဖြင့် ။
" ပြော ရောင်ရှိန် "
" ရောင်ရှိန် မဟုတ်ဘူး ... ငါပါ "
နားမှာကပ်ထားသည့်ဖုန်းကို လွတ်ကျမသွားအောင် ဘုဏ်းဇေ ဆုပ်ကိုင်ထားလိုက်ရသည် ။ ဟိုတယ်မှာ သူ မူးမူးနှင့် စိတ်ထဲရှိသမျှအားလုံး ပြောလိုက်ပြီးကတည်းက သူ့ရှေ့ ပေါ်မလာတော့သူ ။ သည်နေ့ လန်ဒန်ကို အပြီးပြန်တော့မည်ဆိုတာ ရောင်ရှိန့်ဆီက တစ်ဆင့် သူသိထားပြီးသား။ သွားလောက်ပြီဟုတောင် ထင်ထားခဲ့သည် ။ ထိုအထင်နှင့် သူ ထိုင်ပြီး ဝမ်းနည်းနေခဲ့သည် ။
အခုလို ဖုန်းဆက်လာတော့လည်း သူ့ထံမှ ပြောစရာ စကား မရှိပါ ။ မသွားပါနှင့်ဟုလည်း တားစရာအကြောင်း မရှိဘူး မဟုတ်လား ။
" ငါ မင်းကို နှုတ်ဆက်ခဲ့ချင်လို့ပါ ၊ ခဏလောက် ဖုန်းကိုင်ထားပြီး နားထောင်ပေးနော် "
" ------ "
" ငါ အရင်က သေချာမပြောခဲ့ဖူးဘူးထင်တယ် ၊ အခု ပြောမှာမို့ နားထောင်ပေးနော် ၊
မင်းသားလေး ... ငါ့အပေါ်ကို ဘယ်သူနဲ့မှ မတူအောင် ချစ်ပေးခဲ့တာတွေအတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ် ၊ မင်းကြောင့်သာ အချစ်ကိုရော ပျော်ရွှင်မှုကိုရော ငါ ခံစားခဲ့ရတာ ၊ ဒီအမှတ်တရတွေအားလုံးကို ငါ့တစ်ဘဝလုံး မှတ်ဥာဏ်ထဲမှာရော နှလုံးသားထဲမှာပါ သိမ်းဆည်းသယ်ဆောင်သွားပါ့မယ် ၊
ပြီးတော့ ငါလေ မင်းကို လေးလေးနက်နက် တောင်းပန်ပါတယ် ၊ ပေးခဲ့မိတဲ့ ဒဏ်ရာတွေအတွက်ရော ၊ ငါ့ကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေအတွက်ရော ၊ ဒီအတောအတွင်း စိတ်အနှောင့်အယှက်ပေးခဲ့မိတာတွေအတွက်ရောပါ ၊
အခုကစပြီး မင်းကိုယ်မင်း ဒဏ်ရာရအောင် မနေပါနဲ့ ၊ မင်းက ဘာအမှားမှ မရှိတဲ့သူမို့ ပျော်ပျော်နေဖို့ ထိုက်တန်ပါတယ် ၊ မင်းပျော်နေမယ်ဆိုရင် ငါ အခုလို ထွက်သွားရကျိုးနပ်ပါပြီ "
" ------- "
" ဘုဏ်းဇေ .... ဟိုတုန်းက မင်းထင်ခဲ့ဖူးသလို အခုလဲ ငါ မင်းကို ငါ့ကိုယ်ငါထက်ပိုပြီး ချစ်ပါတယ် "
ချစ်တယ်ဆိုသည့် စကားအဆုံးမှာ ဖုန်းချသွားခဲ့ပြီ ။
ချစ်တယ်ဆိုသည့် စကားပြောပြီး ထွက်သွားခဲ့ပြန်ပြီ ။
တကယ်ချစ်ရင် ဘာတွေဖြစ်ဖြစ် ကပ်တွယ်နေရမှာ မဟုတ်ဘူးလား ။
*****
ဘုဏ်းဇေ ရေချိုးကန်ထဲမှာ ရေစိမ်နေမိတာ တစ်နာရီခန့်ကြာသွားသည်။ ဘာကိုမှလည်း မတွေးချင်တော့သလို ဘာမှလည်း လုပ်ချင်စိတ်မရှိ ။
လစ်ဟာမှုတစ်ခုကလွဲပြီး သူ့ရင်ထဲမှာ ဘာတစ်ခုမှမကျန်တော့သလို ခံစားရသည် ။
ရှေ့ဆက်ရမဲ့ ဘဝရဲ့ အနက်အဓိပ္ပာယ်အားလုံးလည်း သူ့ဆီမှာ ပျောက်ဆုံးသွားသလိုပါ ။
ထိုအချိန် အချက်ပေးခေါင်းလောင်းသံနှင့်အတူ ကိုဗစ်တာရဲ့အသံက ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့သည်။
" မင်းသား .... မင်းသားရဲ့ သူငယ်ချင်းက တွေ့ခွင့်တောင်းနေပါတယ် ၊ ဧည့်တွေ့ဆောင်မှာ စောင့်နေပါ့မယ်တဲ့ "
ဘယ်သူလဲ ။ နန်းတော်ကို လာနေကြက နှစ်ယောက်သာ ရှိသည်။ တစ်ယောက်က အခုဆို လေယာဉ်ပေါ် ပါသွားလောက်ပြီဖြစ်ပြီး နောက်တစ်ယောက်ဖြစ်သည့် လင်းရောင်ရှိန်ဆိုလျှင်လည်း မလာခင် သူ့ဆီကို ကြိုပြီးဖုန်းဆက်ထားတတ်သူ ။
ဘုဏ်းဇေ အဝတ်လဲခန်းထဲက လွယ်လွယ်တွေ့သည့် အင်္ကျီနှင့်ဘောင်းဘီကို ကောက်စွပ်ပြီး စောင့်နေပါသည်ဆိုသော သူငယ်ချင်းဆီ လာခဲ့တော့ သူတွေ့လိုက်ရတာက တစ်ခါမှ သူ့ထံ အလည်မလာဖူးသူဖြစ်၏ ။
#PoPoPhoenix
{ စောင့်နေပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ် ။
ဒီကာလကြီးမှာ ဂရုတစိုက်နဲ့လဲ နေကြပါနော်
See you ^^ }