Chapter ● 66 ●
သူ ဘာကြောင့် တောင်းပန်စကားပြောမိနေလဲဆိုတာ ချိုးယိ မသိတော့ပါ။ ပျန်းနမ်အပေါ် အပြုအမူကြောင့်လား သို့မဟုတ် သူကိုယ်တိုင် ပြတ်သားရှင်းလင်းစွာ ရှင်းပြနိုင်စွမ်းမရှိတဲ့ သူ့ရဲ့စိတ်သဘောထားကြောင့်လား ဆိုတာ သူ မသိပါ။
အနှီတောင်းပန်စကားကို ပျန်းနမ် ဘယ်လို နားလည်ခံယူလိုက်သလဲဆိုတာလည်း သူ မသိပါ။
ပျန်းနမ်က တစ်ခါတလေမှာတော့ သဘောထားကြီးပြီး တစ်ခါတစ်ရံတော့ အလွန်သတိထားပြီး အသေးစိတ်ကျသည်။ ချိုးယိ၏စိတ်အတွေးကို ပျန်းနမ်တစ်ယောက် ခံစားမိနိုင်သလားဆိုတာ သူ မသေချာပေမဲ့ ယခုတော့ ထုတ်မေးဖို့လည်း နည်းလမ်းမရှိနေချေ။
သူ တောင်းပန်စကား ပြောလိုက်ပြီးနောက်မှာတော့ ပျန်းနမ်က တစ်အောင့်လောက် တိတ်ဆိတ်သွားကာ နဖူးဖြင့် သူ့ရင်ဘတ်ကို လာတိုးတိုက်လိုက်ရင်း -
" မင်း ဒီနေ့ ခဏခဏတောင်းပန်နေတော့တာပဲ"
"ဟုတ်လား"
ချိုးယိ မေးသည်။
"အင်း"
ပျန်းနမ်က သူ့ကျောကို ခပ်ဖွဖွ ပွတ်လိုက်ပြီးနောက် သူ့ကို တွန်းကာ နောက်ကိုလှန်၍ ခုတင်ပေါ် လှဲလိုက်ရင်း -
"ငါ ခဏမှေးအုံးမယ်။ နေ့ခင်းကျရင် ကျောင်းသားနှစ်ယောက် ရှိသေးတယ်၊ ဟုတ်လား"
"အင်း"
ချိုးယိ ပြုံးရယ်လိုက်ကာ -
"မင်း ......"
"ဪ ဟုတ်သားပဲ။ အင်္ကျီ"
ပျန်းနမ် ထထိုင်လာပြန်ပြီး ကိုယ်ပေါ်တွင် ဝတ်ထားသော အင်္ကျီကို ချွတ်လိုက်၍ အိပ်ရာတွင် ပြန်လှဲကာ စောင်ကို ဆွဲခြုံလိုက်ရင်း -
"မင်း သွားတဲ့အချိန် ငါ မနိုးရင် ငါ့ကို သေချာပေါက်နှိုးနော်။ ငါ့ကို မခေါ်ဘဲ ကိုယ့်ဘာသာကိုယ် သွားရဲရင် သွားကြည့်လိုက်၊ ငါ့လက်သီးစာ မိမယ်"
"ကောင်းပါပြီ"
ချိုးယိ ပြောသည်။
ပျန်းနမ်က တကယ်ပဲ အိပ်ငိုက်နေခြင်းဟုတ်သလား မဟုတ်လားတော့ မသိပါ။ မျက်လုံးမှိတ်လိုက်ပြီးတာနဲ့ စကားလည်း ထပ်မပြောတော့သလို လှုပ်လည်း မလှုပ်တော့ပေ။
ချိုးယိတစ်ယောက် ခုတင်ဘေးတွင် မိနစ်နှစ်ဆယ်လောက် ရပ်နေပြီး သူ့အသက်ရှူသံ တဖြည်းဖြည်းနဲ့ နှေးသွား၍ အိပ်ပျော်သွားတာ သေချာပြီးနောက်မှ ခြေထောက်ကို လှုပ်ရှားမှု လုပ်လိုက်၏။ ထို့နောက် ဆေးလိပ်ဘူးယူကာ အခန်းထဲနေ ထွက်လာခဲ့သည်။
ချိုးယန့်တစ်ယောက် မအောင့်နိုင်ဘဲ အဖေ့အိပ်ခန်းသို့ ရောက်သွားပြန်ကာ နှာခေါင်းစည်း တပ်ထားလျက် အဖေနှင့် နှစ်မီတာလောက်အကွာတွင် နေနေသည်။ နှစ်ယောက်သား ဘာတီဗွီအစီအစဥ်ကို ကြည့်နေသလဲတော့မသိပါ။ အတော်လေး ကြည်ရွှင်စွာ ရယ်မောနေကြသည်။
ချိုးယန့်၏ရယ်သံက ကျယ်လောင်ပြတ်သားနေကာ အတော်လေး ကူးစက်နိုင်စွမ်းရှိလှသည်။ ချိုးယိမှာ နားထောင်နေရင်း မထိန်းနိုင်ဘဲ နှုတ်ခမ်းထောင့်တွေ တွန့်တက်သွားကာ အတူတူလိုက်ပြီး ရယ်မိတော့သည်။
ခြံဝင်းထဲတွင် လေတော်တော်တိုက်နေ၏။ သူ ဆေးလိပ်ကို မီးညှိလိုက်ပြီးနောက် ထိုင်ခုံယူကာ အုတ်တံတိုင်းနံရံခြေရင်းတွင် ထိုင်လိုက်သည်။
တကယ်လို့သာ အိမ်ကလူတွေအားလုံး သိထားရင် ဒီလောက် ရင်မထိတ်ရတော့ဘူး ...
မရည်ရွယ်ပါဘဲ ပြောလိုက်သော ပျန်းနမ်၏ထိုစကားတစ်ခွန်းက သူ့အတွေးထဲတွင် တဝဲလည်လည် ဖြစ်နေသည်။
မရပါ။
မဖြစ်ပါ။
...... မရဲပါ။
ချိုးယိ ဆေးလိပ်ကို အားပြင်းပြင်း ရှူသွင်းလိုက်သည်။
သူ ပျန်းနမ်ကို သဘောကျသည်။ ဒါက ထပ်၍ အတည်ပြုစရာ မလိုပါ။
သို့သော် သူ့မေမေကို သစ္စာဖောက်သလိုဖြစ်နေသည့် သူ့စိတ်ထဲက ခံစားချက်က တစ်လျှောက်လုံး သူ့ကို ဖိနှိပ်နေသည်မှာ အသက်ရှူရကျပ်လှသည်။
အခုတလော သူ့မေမေကို အိပ်မက် မက်မိနေသည့်အကြိမ်ရေက ပို၍ ခပ်စိပ်စိပ်ဖြစ်လာသည်။
မက်လိုက်တိုင်း သူ ခြေဖျားလက်ဖျားတွေ အေးစက်လွန်း၍ ညလယ်ခေါင် လန့်နိုးလာရသည်။
သူ့မေမေအကြောင်း အိပ်မက်ကတောင် လွမ်းဆွတ်သတိရမှုကနေ လန့်နိုးမှုအဖြစ် ပြောင်းလဲသွားသည့် အခြေအနေကြောင့်လည်း သူ့မှာ နာကျင်ခံစားရပါသည်။
တောင်းပန်ပါတယ်။ မေမေ့ကို။
တောင်းပန်ပါတယ်။ ပျန်းနမ်ကို။
တောင်းပန်ပါတယ် ......
"ကိုကို"
ချိုးယန့်က ခြံထဲကို ဘယ်အချိန်က ရောက်မှန်းမသိ ရောက်လို့နေပြီး မျက်မှောင်လေးကြုတ်ကာ သူ့အားကြည့်နေရင်း အသံတိုးတိုးဖြင့် -
"ဆေးလိပ်သောက်ပြန်ပြီ"
"မင်း ရှူးရှူးပေါက်ဖို့လား"
ချိုးယိ ဆေးလိပ်ခဲထားရင်း သူ့ကို ကြည့်နေသည်။
"အင်း"
ချိုးယန့် သူ့ရှေ့ကို ပြေးလာပြီး -
"မသောက်နဲ့တော့လို့"
"မင်း ရှူးရှူးသွားပေါက်။ ပေါက်ပြီးလို့ ထွက်လာရင် ငါလဲ မီးသတ်ပြီ"
ချိုးယိ ပြောသည်။
"ကိုကို စိတ်ညစ်နေတာလား"
ချိုးယန့်က အိမ်သာရှိရာဘက် ပြေးသွားရင်း သူ့ကို တစ်ခွန်းမေးလာသည်။
"ဟင်"
ချိုးယိ တန့်သွားသည်။ သူ စိတ်တော့မညစ်နေပါ။ သို့သော် စိတ်ထဲမှာတော့ ကိစ္စလေး အနည်းငယ်ရှိနေတာလေးနဲ့ မူလတန်းကျောင်းသားတစ်ယောက်တောင် ခန့်မှန်းမိနိုင်တဲ့အထိ သိသာနေတာလား။
"ခါတိုင်းဆို သားက မသောက်နဲ့တော့လို့ပြောရင် အမြဲတမ်း ချက်ချင်း လွှင့်ပစ်လိုက်တာလေ"
ချိုးယန့်က အိမ်သာထဲ ပြေးဝင်သွားသည်။
ချိုးယိ လက်ထဲက ဆေးလိပ်ကို ကြည့်လိုက်ပြီး ရယ်ရင်း မီးသတ်လိုက်ကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။
ချိုးယန့် အိမ်သာသွားပြီးနောက် အဖေ့အခန်းထဲ ပြေးဝင်သွားပြန်ပြီး ချိုးယိလည်း လိုက်ဝင်လာရင်း -
"မင်း အိပ်ငိုက်ရင် အဖေ့အိပ်ရာမှပဲ ခဏအိပ်လိုက်"
"အင်း"
ချိုးယန့်က အိပ်ဖို့ဆန္ဒမရှိသော်ငြား သူ့ခန္ဓာကိုယ်၏ သဘာဝနာရီက သိသိသာသာ မပူးပေါင်းသောကြောင့် သူ အင်္ကျီချွတ်ပြီး ခုတင်ပေါ် တက်မှောက်လိုက်သည်။
"နေ့ခင်း ဂိုက်သွားသင်ရင် သာ့ဟူကျစ်က မင်းနဲ့လိုက်သွားအုံးမှာလား"
အဖေက တီဗွီအသံကို လျှော့လိုက်ပြီး မေးလာသည်။
"အင်း။ ဘာပဲဖြစ်ဖြစ် သူလဲ တခြားလုပ်စရာမှ မရှိနေတာ"
ချိုးယိပြောသည်။
"သူလဲ ဂိုက်သင်ချင်နေတာများလား"
သူ့အဖေ ခဏစဥ်းစားလိုက်ပြီးနောက် -
"ဒါမှမဟုတ် မင်းသူ့ကို ကျောင်းသားမိတ်ဆက်ပေးလိုက်ပါလား"
"တော်ပါပြီ။ သူ့ကို ကြည့်လိုက်ရင် ပုံမှန်ဆို အောင်မှတ်မီတဲ့သူနဲ့ တူနေလို့လား"
ချိုးယိ ရယ်လျက်ပြောသည်။
သူ့အဖေ တွေးရင်း ရယ်လိုက်ကာ -
"သိပ်မတူဘူး။ ဒါပေမဲ့ သူက တော်တော်ဉာဏ်ကောင်းတာ"
"နေရာမှန်မှာ မသုံးမိလို့ပေါ့"
ချိုးယိက သူ့အဖေ ခြေထောက်ပေါ်က အုပ်ထားသော စောင်ကို ပြင်ပေးလိုက်ရင်း -
"လူဆိုတာ လူးသာလွန့်သာတဲ့ ခြေတစ်လှမ်းဆုတ်စရာလမ်း ရှိတာနဲ့ အဲဒီလမ်းကို လက်ခံချင်သည်ဖြစ်စေ လက်မခံချင်ဘူးဖြစ်စေ အစွမ်းကုန် အားထုတ်လေ့ မရှိတော့ဘူး။ သူ ငယ်ငယ်ကတည်းက အခုအထိ ဒီဟာတွေ စဥ်းစားဖူးမှာတောင် မဟုတ်ဘူး"
"မင်းမှာ ဆုတ်စရာလမ်း မရှိဘူးလား"
အဖေက ပေစောင်းစောင်းနဲ့ သူ့ကို ကြည့်လိုက်သည်။
"ဘယ်ကို ဆုတ်ရမှာတုန်း။ အဖေ့ဆီ ဆုတ်ရမှာလား"
ချိုးယိ ပြုံးလိုက်ကာ -
"ပြီးတော့ အတူတူ ငတ်သေကြ"
"အောင်မလေး"
အဖေက သူ့နဖူးကို တစ်ချက်တောက်လာပြီး ချောင်းသုံးလေးချက် ဆိုးလိုက်ကာ -
"ဖအေကို ထေ့ငေါ့တာလဲ နည်းနည်းမှ မသက်ညှာပါ့လား"
"အခုတလော အဖေ အိပ်တာ တော်တော်နောက်ကျတယ်မလား။ အမြဲချောင်းဆိုးနေတာပဲ။ အခု ရာသီဥတုက အေးနေပြီ။ ကျွန်တော်စိတ်ပူရအောင် မလုပ်နဲ့"
"အင်း သိပါပြီ။ ငါ သတိထားပါ့မယ်"
အဖေက ခေါင်းညိတ်ရင်း ပြောသည်။
အဖေနှင့် ခဏလောက် စကားထပ်ပြောလိုက်ပြီးနောက် ဧည့်ခန်းထဲရှိ ပျန်းနမ်၏ဖုန်းမြည်သံကို ချိုးယိ ကြားလိုက်ရသည်။
နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ပျန်းနမ်ကတော့ ကြားနိုင်လောက်မှာ မဟုတ်ချေ။ သူ ခဏ တုံ့ဆိုင်းနေပြီးမှာ ဧည့်ခန်းထဲသွားပြီး ပျန်းနမ်၏အိတ်ကို ယူကာ အခန်းထဲခေါင်းပြူပြီး ပြောသည်။
"ပျန်းနမ် မင်းဖုန်းလာနေတယ်"
ပျန်းနမ်၏မျက်နှာတစ်ဝက်လောက်က စောင်အောက်ရောက်နေကာ တုပ်တုပ်တောင် မလှုပ်လာပေ။
ချိုးယိ ခဏလောက် ထပ်စောင့်လိုက်တော့ ဖုန်းက မြည်နေဆဲဖြစ်ကာ သူသည် အိတ်ထဲကနေ ဖုန်းယူထုတ်လာရုံသာ တတ်နိုင်တော့သည်။
မျောင်မျောင်။
ဒီနာမည်က နည်းနည်းရင်းနှီးနေသည်။
မျောင်မျောင် ဟုတ်လား။
ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပြီးနောက် ချိုးယိ မှတ်မိသွားသည်။ ထိုရက်က အသားကင်နေသည့်အချိန်တွင် ရွှီရွေက ဒီနာမည်ကို ခေါ်ဖူးသည်။
ပျန်းနမ်၏ဖုန်းအဟောင်းထဲတွင် မှတ်ထားသော ဖုန်းနံပါတ်များအားလုံးကို ချိုးယိ မှတ်မိသည်။ ကောင်မလေးတွေ၏နာမည်များမှာ အများအားဖြင့် သင်္ကေတတို့နှင့်ဖြစ်သည်။ ဘယ်တစ်ခုကိုမှ တည်တည်တံ့တံ့နာမည် မမှတ်ထားခဲ့ချေ။ ဒီလို နာမည်တောင်မဟုတ်ဘဲ ချစ်စနိုးနာမည်ပြောင်ကဲ့သို့တောင်ဖြစ်နေသော နာမည်ကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်တော့သည်။
ချိုးယိ အခန်းထဲဝင်လိုက်ကာ ခုတင်ဘေးတွင် ထိုင်ပြီး ပျန်းနမ်၏ဘေးတစောင်းမျက်နှာကို ကြည့်နေသည်။
ရုတ်တရက် အနည်းငယ် ရင်ထဲခိုက်သွားသည်။ ပြောပြ၍မတတ်သော ညှိုးငယ်ထိုင်းမှိုင်းမှုအနည်းငယ်တောင် ပါသေးသည်။
ပျန်းနမ်၏ ဤဆယ်စုနှစ်တစ်ခုကျော် ဘဝသက်တမ်းတွင် "လိင်တူနှစ်သက်ခြင်း" ဟူသော စကားစုကို ဘယ်တုန်းကမှ စဥ်းစားဖူးမှာ မဟုတ်ချေ။ တစ်နေ့နေ့မှာ ယောက်ျားလေးတစ်ယောက်နှင့် တစ်ခုခုဖြစ်ပွားလာဖို့ဆိုလျှင် ပို၍တောင် တွေးဖူးမှာမဟုတ်ပါ။
အကယ်၍ မိမိသာ မရှိလျှင် ......
သူသည်လည်း အမြဲတမ်း လျှောက်လှမ်းလာသည့် လမ်းကြောင်းအတိုင်း လျှောက်လာပြီး အမှန်တကယ် နှစ်သက်မြတ်နိုးသည့် မိန်းကလေးကို ရှာတွေ့လိမ့်မည်။
သူ့ဖုန်းထဲတွင် ချစ်စနိုးနာမည်ပြောင်ဖြင့် မှတ်ထားရလောက်သော ကောင်မလေးတစ်ယောက်ယောက် ဖြစ်လိမ့်မည်။
......
ဒါတွေကို တွေးမိတော့ ချိုးယိ ရုတ်ရက် သူ့ကိုယ်တွင် ချွေးအေးတွေ ထွက်လာသည်။
ချိုးယိ မင်း စိတ်အလိုလိုက်ပြီး စိတ်လိုက်မာန်ပါဖြစ်လွန်းသွားပြီမဟုတ်လား။
ပျန်းနမ်ကို ကြည့်ပြီး ဘယ်လောက်ကြာအောင် ကြောင်ငေးနေမိသလဲ မသိတော့ပါ။ အတွေးထဲတွင်လည်း ဘာတွေ စဥ်းစားနေမိမှန်းလည်း မသိချေ။ စားပွဲပေါ်ရှိ ဖုန်းကနေ "တီ" ဆိုသည့် ခပ်ဖွဖွအသံ မြည်လာသည်။ နေ့ခင်း ဂိုက်သင်ရမည့် reminder notification ဖြစ်သည်။ ဒီတော့မှ ချိုးယိ လှုပ်ရှားလာပြီး လက်ဆန့်ထုတ်ကာ ဖုန်းလှမ်းယူ၍ ကြည့်လိုက်သည်။
"ပျန်းနမ်"
သူ ခြေထောက်မြှောက်ပြီး ခုတင်ရှိရာဆီ လှမ်းဆန့်လိုက်ကာ စောင်ပေါ်ကနေ ပျန်းနမ်ကို ကန်လိုက်ရင်း -
"ထတော့"
ပျန်းနမ် မလှုပ်လာတော့ နောက်ထပ်သုံးလေးချက်လောက် ကန်လိုက်တော့မှ စိတ်မရှည်သည့်အသံဖြင့် ကိုယ်ကိုလှည့်လိုက်ကာ ငြိမ်ကျသွားပြန်သည်။
ချိုးယိ မတ်တတ်ရပ်လိုက်ပြီး သူ့နားနားတိုးသွားကာ -
"ငါသွားတော့မှာနော်"
"ဟမ်"
ပျန်းနမ် အိပ်ချင်မူးတူးနဲ့ ထူးလာပြီး မျက်လုံးပွင့်ကာ ရေရွတ်လာသည်။
"ယုံလား မင်းကို ပိတ်ထိုးပစ်မှာ"
"ဆယ့်ငါးမိနစ်အတွင်း ထွက်ရင် နောက်မကျဘူး"
ချိုးယိက သူ့နားခေါင်းထိပ်ကို နမ်းလိုက်ရင်း -
"ထတော့"
"အင်း"
ပျန်းနမ် အိပ်ရာကထတာလည်း ပြတ်သားလှသည်။ ထဆိုတာနဲ့ စောင်ကို လှပ်ဖယ်ပြီး ချက်ချင်းထထိုင်လာကာ နှစ်မိနစ်အတွင်း သိမ်းဆည်းပြီးသွားသည်။ သူ ချိုးယိကို တစ်ချက်ကြည့်လိုက်ကာ -
"မင်း ခဏလောက် မအိပ်လိုက်ဘူးလား"
"ဟင့်အင်း။ အိပ်မငိုက်လို့"
ချိုးယိ အခန်းထဲကနေ ထွက်သွားရင်း -
"ခုနတုန်းက မင်းဖုန်းလာတယ်"
"ဘယ်သူတုန်း"
ပျန်းနမ် ခုန်ဆွရင်း နောက်က လိုက်ထွက်လာကာ ချိုးယိ၏တဘက်ကိုလည်း လှမ်းဆွဲသွား၍ ခြံထဲတွင် မျက်နှာသွားသစ်သည်။ ပျန်းနမ် လေအေးကို ရှူရှိုက်နေရင်း -
"ငါလူး ... ... ရှီး ....... တကယ်ပဲ စောက်ကျိုးနည်း အေးလိုက်တာ ......"
"ငါတစ်ချက်ကြည့်လိုက်တာ နာမည်က မျောင်မျောင်တဲ့"
ချိုးယိက ပြောလိုက်ရင်း ဆက်၍ -
"မီးဖိုချောင်မှာ ရေပူရှိတယ်လေ"
"မလိုတော့ဘူး။ အခုတော့ နိုးပြီ"
ပျန်းနမ် ရေကိုပိတ်ကာ ခေါင်းခါယမ်းလျက် မျက်ခုံးပင့်လိုက်ရင်း -
"ချောလား"
"...... တအားချောတာပဲနော်"
ချိုးယိက လည်မျိုကိုဖိညှစ်ထားသောလေသံဖြင့် လုပ်ပြောသည်။
"သောက်ပေါ"
ပျန်းနမ် သူ့ကို ကြည့်ပြီး အတောမသတ်နိုင်အောင် ရယ်နေသည်။
နှစ်ယောက်သား ဘတ်စ်ကားမှတ်တိုင်ဆီ လမ်းလျှောက်သွားချိန်တွင် ပျန်းနမ် ဖုန်းကို ယူထုတ်လာပြီး မျောင်ယွမ်ထံ ဖုန်းပြန်ဆက်လိုက်သည်။
"ငါ နေ့လယ်က အိပ်နေလို့။ ငါ့ကို ဖုန်းဆက်တာ ကိစ္စရှိလား"
"ဘုရားရေ"
တစ်ဖက်က မျောင်ယွမ်က အံ့အားသင့်နေသောလေသံဖြင့် အနည်းငယ်လည်း အားနာနေဟန် -
"နတ်ဘုရားက ဖုန်းတောင် ပြန်ဆက်လာပေးတာပဲ။ မထင်မှတ်ထားမိဘူး"
"နင် ဆေးလေးဘာလေး နည်းနည်းသောက်ပါအုံးလား"
ပျန်းနမ် ပြောသည်။
"တကယ်တော့ ကိစ္စထွေထွေထူးထူးမရှိပါဘူး။ ဟို ... နင် ဒဏ်ရာရပြီးနောက်ပိုင်း ငါလဲ တောက်လျှောက် လူနာသတင်း မမေးမိလို့ပါ။ အဲဒါနဲ့ ဖုန်းဆက်ပြီး မေးလိုက်တာ"
မျောင်ယွမ်က ရယ်ရင်း ပြောသည်။
"အစောကြီးကတည်းက နေကောင်းနေပြီ။ အခုမှ သတင်းလာမေးတာ နည်းနည်းနောက်ကျနေပြီမဟုတ်ဘူးလား"
ပျန်းနမ် ရယ်လိုက်သည်။
"ငါက အားနာလို့။ ပြီးတော့ အဲဒီတုန်းက အတန်းဖော်တွေသူငယ်ချင်းတွေ တစ်ပုံကြီး သတင်းမေးကြတယ် မဟုတ်ဘူးလား။ နင် ရှုပ်နေမှာစိုးတာနဲ့ ငါ နောက်မှာ လာတန်းစီလိုက်တာလေ"
မျောင်ယွမ်၏အသံက အနည်းငယ်အားနာဟန်ပေါက်နေသော်ငြား စကားကတော့ တော်တော်ပြောနိုင်သည်။
"ကျေးဇူးနော်"
ဒီကောင်မလေး စိတ်ဝင်စားဖို့တော့ကောင်းသားလို့ တွေးမိသည်။
"ဟယ် ... ဘာတွေ အားနာနေတာလဲ။ လူနာမေးလက်ဆောင်တွေ နင့်ဆီ ပို့နေတာလဲ မဟုတ်ဘဲနဲ့"
မျောင်ယွမ် အသံထွက်အောင် ရယ်လိုက်ပြီး -
"နင် အပြင်မှာ မဟုတ်ဘူးလား။ နင့်ကို အချိန် မဆွဲတော့ဘူးနော်။ နောက်တစ်ခါ အခွင့်အရေးရှိရင် ထပ်ပြောကြမယ်"
"ဟုတ်ပြီ"
ပျန်းနမ် ပြုံးလျက် ဖုန်းချလိုက်သည်။
ဘတ်စ်ကား လာတော့ နှစ်ယောက်သား ကားပေါ် တိုးတက်ကြသည်။ ထုံးစံအတိုင်းပင် ထိုင်ခုံမရကြချေ။ သူတို့နှစ်ယောက်သည် နောက်ဘက်တံခါးနားသို့ တိုးသွားကြ၏။
"မျောင်မျောင်က ဘယ်သူလဲ"
ချိုးယိက သူ့နားနားတွင် လာမေးသည်။
"ရွှီရွေရဲ့ သူငယ်ချင်းကောင်း ညီအစ်မကလေးလေ။ နာမည်က မျောင်ယွမ်တဲ့။ မင်း မြင်ဖူးတယ်။ ပြီးခဲ့တစ်ခေါက်က မင်း ပျန်းရှင်းယွီနဲ့ ထမင်းသွားစားတုန်းက ......"
"သေချာ မကြည့်ဖြစ်ဘူး"
ချိုးယိ သူ့ကို တစ်ချက်ကြည့်လာပြီး -
"အဲဒီတုန်းက မင်းကိုတောင် ငါ သိပ်မကြည့်ဖြစ်တာ"
"လခွမ်း"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်သည်။ လူကို ညှင်းပန်းနှိပ်စက်ခဲ့သော ထိုနေ့ရက်တွေကို တွေးမိသည်နှင့် သူသည် သည်းမခံနိုင်ဖြစ်လာရကာ -
"ဘာပဲဖြစ်ဖြစ် အဲဒီကောင်မလေးပဲ"
"မျောင်ယွမ်လို့ ခေါ်တာလား"
ချိုးယိ ပြုံးလိုက်ကာ -
"ငယ်နာမည်က မျောင်မျောင်လို့ခေါ်တာလား"
"မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို မျောင်မျောင်လို့ ခေါ်ကြတယ်။ သူပြောတာ မျောင်ယွမ်ဆိုရင် ယောက်ျားလေးနဲ့တူလို့တဲ့ ......"
ပျန်းနမ် ပြောရင်းတန်းလန်း တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားကာ ချိုးယိကို လှည့်ကြည့်လိုက်ရင်း -
"ဟေ့ သာ့ပေါင်"
"ဟင်"
ချိုးယိက ပြတင်းပေါက်အပြင်ကို ငေးကြည့်နေသည်။
ပျန်းနမ်၏နှုတ်ခမ်းထောင့်ကနေ အပြုံးရိပ်တို့ သမ်းလာကာ သူ့နားကပ်သွားပြီး အသံကို နှိမ့်လျက် -
"မင်း သဝန်တိုသွားတယ်"
"မဟုတ်တာ"
ချိုးယိက ပြတင်းအပြင်ကို ငေးကြည့်နေဆဲပင်။
"မရိုးသားလိုက်တာ မင်းက"
ပျန်းနမ် ရယ်လိုက်ရပြီး သူ့ကို လက်ညှိုးထိုးလျက် -
"ဟေ့ရောင် မင်း သဝန်တိုသွားတယ်"
"မဟုတ်ပါဘူးဆို"
ချိုးယိ သူ့ဘက် လှည့်ကြည့်လာပြီး -
"အင်မတန် ရိုးရိုးသားသားနဲ့"
"မဟုတ်ဘူးဆိုလဲ မဟုတ်ဘူးပေါ့။ မင်းအတွက် သိက္ခာနည်းနည်း ချန်ပေးမယ်"
ပျန်းနမ် ရယ်ရင်းပြောသည်။
သဝန်တိုသွားလား။
နည်းနည်းလေးတော့ သဝန်တိုပါသည်။
နာမည်မမှတ်မိတော့၍ သင်္ကေတတစ်ခုခုဖြင့် ဖြစ်သလို နာမည်မှတ်ခံရသောကောင်မလေးတွေကို ထည့်မတွက်လျှင် ပျန်းနမ်ဖုန်းထဲက contacts များကြား ချစ်စနိုးနာမည်ပြောင်ဖြင့် မှတ်ထားသည်မှာ သာ့ပေါင်နှင့်ဆံကောက်လေးတို့မှလွဲရင် မျောင်မျောင်သာ ရှိသည်။
သဝန်တိုတယ်ဆိုတာက တကယ်ကို အံ့ဖွယ်ကောင်းလှတဲ့ ကိစ္စပါပင်။
သို့သော် သူဝန်မခံခဲ့ပါ။ ပျန်းနမ်ဘက်က ဘယ်လောက်ပဲ သေချာနေသည့်တိုင် သူ ဝန်ခံမှာ မဟုတ်ပေ။
ဒီလိုလုပ်တာက ဘာအဓိပ္ပာယ်ရှိလဲဆိုတာ သူသိတောင် မသိဘူးဆိုသော်ငြား...။
တစ်ခုရှိတာက ဝုန်းဒိုင်းဝင်ရောက်လာသောခံစားချက်က သူ့ကို ကြောက်ရွံ့စေသည်။ သူ့မေမေအပြင် ပျန်းနမ်ကိုလည်း နာကျင်စေမိမှာကို သူကြောက်ပါသည်။
တဇွတ်ထိုးဆန်လွန်းသွားသည်။ ထိန်းသိမ်းရေးစခန်းတွင် နေခဲ့သော ထိုနှစ်လအတွင်း လွမ်းဆွတ်မှုကြောင့် စိတ်လွတ်သွားတာ ဖြစ်လိမ့်မည်။ ထို့ကြောင့်သာ ဤသို့ ဘာကိုမှ ဂရုမစိုက်မိဘဲ တဇွတ်ထိုး လုပ်မိသည်။ ပျန်းနမ်အတွက် လုံးဝ မစဥ်းစားပေးဖြစ်ခဲ့ချေ။
နေ့ခင်း ဂိုက်သင်ပေးရသည်မှာ ကောင်မလေးနှစ်ယောက်ဖြစ်သည်။ နေထိုင်သည့်အိမ်များက ကပ်လျက်ရှိသော အိမ်ရာဝင်းတို့တွင်ဖြစ်၍ ချိုးယိက သူတို့နှစ်ယောက်ကို တစ်ရက်တည်းတွင် ညှိလိုက်သည်။ ဒီဘက် သင်ပြီးသွားလျှင် ဆယ်မိနစ်လမ်းလျှောက်တာနဲ့ နောက်တစ်အိမ်ကို ကူး၍ ရသည်။
မနက်က သင်ခဲ့သော အိမ်နှင့်တော့ မတူပါ။ ကောင်မလေး၏မိဘနှစ်ယောက်လုံး အိမ်တွင် ရှိနေကာ ပျန်းနမ်လည်း ဂိုက်သင်ဖို့ ပြင်ဆင်နေသည်ဟု ကြားရတာနဲ့ အလွန် ဖော်ရွေစွာပင် သစ်သီးနှင့်မုန့်များ ယူထုတ်လာ၍ ဧည့်ခံပြီး သူ့ကို ထိုင်စေသည်။
.
ထို့နောက် ဆက်၍ အနေရခက်တော့သည်။ ကောင်မလေး၏မိဘများက သမီးလေး၏ပညာရေးနှင့်ပတ်သက်ပြီး တင်းကျပ်လှသည်။ ဂိုက်သင်တာတောင် စောင့်ကြည့်နေ၍ နှစ်နာရီစာ ဂိုက်ချိန်အတွင်း ပျန်းနမ်နှင့်အတူ ကလေးမလေး၏မိဘနှစ်ပါးမှာ ချိုးယိနှင့်ကောင်မလေးတို့၏ဘေးနားတွင် ဝိုင်း၍ ထိုင်လျက်သား ဖြစ်နေသည်။
ထိုနေရာတွင် ထိုင်နေရသည့်ပျန်းနမ်မှာ မှန်စပေါ်တွင် ထိုင်နေရသည့်ပမာ ဝေဒနာ ခံစားနေရကာ ချိုးယိကို စိုက်ကြည့်နေရတာတောင် မသက်သာချေ။
သူ့ကို အံ့ဩစေတာကတော့ ချိုးယိတစ်ယောက် အတော့်ကို ပေါ့ပါးပြီး သက်သောင့်သက်သာရှိနေတာကိုပင်။ ကလေးမလေးကို စာရှင်းပြပေးနေသည့်အနေအထားမှာ မနက်ကနှင့် ဘာကွာခြားမှုမှ မရှိနေချေ။ ပျန်းနမ် တော်တော် လေးစားမိသည်။ အကယ်၍ သူသာဆိုလျှင် သူများ၏မိဘနှစ်ပါးက ဘယ်ညာနှစ်ဖက်တွင် နှစ်နာရီကြာ စိုက်ကြည့်နေပါက လျှာတောင် ဖြောင့်နိုင်မှာ မဟုတ်ချေ။
နောက်တစ်အိမ်က ကလေးမလေးသည်လည်း ထူးမခြားနားပင်။ ဖော်ရွေသည့်မိခင်က ဆယ်မိနစ်တစ်ခါလောက် ရောက်လာသည်။ လက်ဖက်ရည်သယ်လာလိုက် သောက်ရေလာပို့လိုက်ဖြင့် ရောက်လာသည့်အကြိမ်တိုင်း ချိုးယိ၏မျက်နှာကို တစ်အောင့်လောက် စိုက်ကြည့်သွားသည်။ ပျန်းနမ်တစ်ယောက် ဘေးတစ်ဖက်တွင် မှန်စပေါ် ထိုင်ရင်းနဲ့ မျက်နှာပေါ်က အပြုံးကို ထိန်းသိမ်းနေရသည်။ သူ့ကို လူကောင်းမဟုတ်ဘူးလို့ ထင်သွားမှာကို စိုး၍ဖြစ်သည်။
ဂိုက်သင်ပြီး၍ အိမ်ရာထဲကနေ ထွက်လာသည့်အချိန်တွင် ပျန်းနမ်သည် လက်မောင်းကို အားပါစွာ လှုပ်ရှားလိုက်ကာ -
"ငါ့လခွမ်း။ ဒုက္ခရောက်လိုက်တာ။ ဒီနှစ်အိမ်က ဒီလိုမျိုးဆိုတာ မင်း ငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ"
"ကလေးမလေးတွေလေ။ သူများမိဘက နည်းနည်းတင်းကျပ်တာ ထုံးစံပဲမဟုတ်ဘူးလား"
ချိုးယိက သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
"ဘာလဲ ကလေးမလေးတွေကို မင်း ဖြားယောင်းသွေးဆောင်မှာကြောက်ကြလို့လား"
ပျန်းနမ် တန့်သွားပြီးနောက် ရင်ဘတ်ကို ပုတ်ကာ -
"လခွမ်း။ ချိုးလောင်ရှစ်ရဲ့ကောင်လေးက ဘေးမှာ ထိုင်စောင့်နေတာ၊ သူတို့အိမ်က သမီးကို ဖြားယောင်းဖို့ အလှည့်တောင် ရောက်မှာမဟုတ်ဘူး"
ချိုးယိ ရယ်ရင်း ဘေးနှစ်ဖက်ကို ဝေ့ကြည့်လိုက်သည်။ ဘာစကားမှတော့ မဆိုချေ။
"ဟေ့"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ကာ -
"ဘာတွေ လန့်နေတာလဲ။ ကြားသွားတဲ့လူ ရှိရင်တောင် ဘယ်သူက ချိုးလောင်ရှစ်လဲဆိုတာ သိနိုင်လို့လား"
"မဟုတ်ပါဘူး"
ချိုးယိ လက်ဆန့်ထုတ်လာကာ ပျန်းနမ်၏လည်ပင်းနောက်နားကို ညင်ညင်သာသာ ညှစ်လိုက်သည်။
"ငါက ချိုးလောင်ရှစ်ရဲ့ကောင်လေးပဲ"
ပျန်းနမ် အသံကို မြှင့်ပြီး အော်လိုက်ပြီးနောက် ရန်စသလို ချိုးယိကို တစ်ချက်ကြည့်ကာ -
"ဘယ့်နှယ့်လဲ"
"မျက်တောင်မွေးတစ်ဆုံးပဲ ကြည့်တတ်တဲ့သူ"
ချိုးယိ မြူးသွားသည်။
"ဟူး ..."
ပျန်းနမ် အညောင်းဆန့်လိုက်ရင်း -
"နေလို့ကောင်းသွားပြီ"
.
ခရစ်နှစ် နှစ်သစ်ကူးပိတ်ရက် သုံးရက်စလုံး ပျန်းနမ်တစ်ယောက် ချိုးယိ၏ဂိုက်သင်ခြင်းအစီအစဥ်ကို တစ်ရက်မှ မပျက်မကွက်ဘဲ လိုက်ပါ တက်ရောက်ခဲ့သည်။ သုံးရက်အတွင်း ပုံမှန်အချိန် သူ အတန်းတက်ထာထက်တောင် ပင်ပန်းသည်ဟု သူ ခံစားရသည်။ ချိုးယိသည် ကျောင်းသားကို စိတ်ရှည်ရှည်ဖြင့် တစ်ခေါက်ပြီးတစ်ခေါက် စာရှင်းပြပြီးနောက် ညဘက် စားသောက်ဆိုင်တွင် အလုပ်လုပ်ဖို့ အချိန်မီ ပြေးရသေးသည်။ ပျန်းနမ်တစ်ယောက် ရင်နာပြီးစိတ်မကောင်းဖြစ်ရတာလား သို့မဟုတ် လေးစားမိတာလားတောင် မသိတော့ချေ။
ယခင်ကတော့ ကိုယ်တိုင်မျက်စိဖြင့် မတွေ့မမြင်ခဲ့ဖူးချေ။ ယခုတော့မှသာ အလုပ်များပြီး မအားမလပ်သော ချိုးယိ၏ ဘဝကို တဖန်ပြန်လည်၍ လက်တွေ့ တွေ့ကြုံလိုက်ရတော့သည်။
သူနှင့် ယှဥ်လိုက်သော် သူ့ဘဝက လုံးဝကိုပင် အနှိုင်းမဲ့ အလွန့်အလွန် ပျက်စီးဆိုးရွားနေခဲ့သည်။
.
နှစ်ကူးမတိုင်ခင် ချိုးယိ တောက်လျှောက် အလုပ်များနေခဲ့သည်။ စာမေးပွဲ ဖြေရမည်။ ဘာအသိအမှတ်ပြုလွှာဆိုလား အဲဒါလည်း ဖြေရမည်။ သူတို့နှစ်ယောက် တွေ့ရသည့်အချိန်လည်း များစွာ လျော့နည်းသွားသည်။ တွေ့ဖြစ်ကြလျှင် အများအားဖြင့် "ပျင်းလိုက်တာ" မှာပင်။ ချိုးယိက တစ်ဖက်က စာဖတ်ရင်း သူနှင့် စကားပြောသည်။
စကားတပြောပြောနှင့် တဖြည်းဖြည်း သူအိပ်ပျော်သွားခဲ့သည်။ နိုးလာသည့်အချိန်တွင် ချိုးယိက စာဖတ်နေဆဲပင်။
"ငါဘာလို့ ဒီလောက် အားနေပါလိမ့်"
ပျန်းနမ် မျက်မှောင်ကြုတ်လိုက်ရင်း -
"မင်းပြောစမ်း ငါ တစ်နေရာရာရှာပြီး အချိန်ပိုင်းအလုပ် လုပ်သင့်လား"
"မကြာခင် နှစ်ပဲကူးတော့မှာကို ဘာအလုပ်လုပ်အုံးမှာလဲ"
ချိုးယိ ကော်ဖီတစ်ငုံသောက်လိုက်ကာ -
"တကယ်လို့ မင်းတကယ်ပဲ အားတယ်လို့ ထင်ရင် မင်းကို ငါ လမ်းမှန်တစ်လမ်း ညွှန်ပေးမယ်"
"ညွှန်"
ပျန်းနမ် ထထိုင်လိုက်သည်။
"မင်းတို့နည်းပြကို သွားပြောလိုက်၊ မင်းကိုခေါ်ပြီး ကျန်ဖေးကို အရင်လိုက်ပြပေးပါလို့။ မင်းအခု အချိန်ရနေလို့ သွားကူပေးလို့ရတယ်လို့ ပြော။ ဆောင်းတွင်းကျောင်းပိတ်ရက်လည်း သွားကြည့်ကြည့်လို့ရတယ်"
ချိုးယိ ပြောသည်။
"ဟင် အလုပ်သင် မစသေးဘူးလေ"
ပျန်းနမ် ခပ်ကြောင်ကြောင် ဖြစ်သွားသည်။
"မင်းက အဲဒီမှာ အလုပ်သင်ဆင်းဖို့ တွေးထားတာမဟုတ်ဘူးလား"
ချိုးယိ ရယ်လိုက်ပြီး မေးသည်။
"ဟုတ်တယ်လေ။ အလုပ်သင်ပြီးရင် အဲဒီမှာတောင် ဆက်နေခဲ့ချင်သေးတာ"
ပျန်းနမ် ပြောသည်။
"ဒါဆို အဲဒီလိုတွေးထားကြောင်းကို အရင်ပြပေါ့။ ပတ်ဝန်းကျင်ကို ရင်းနှီးအောင် လုပ်ပြီး ဘယ်နည်းပြနောက် လိုက်ရမလဲဆိုတာ ကြည့်ကြည့်။ ကိုယ်က စိတ်လိုလက်ရ အရင်တက်ကြွပြီး အမြင်ကောင်း ချန်တာကလည်း ဘယ်တော့မှ မမှားဘူး။ အချိန်ရောက်ရင် အလုပ်သင်ဝန်ထမ်းက မင်းတစ်ယောက်တည်းမှ မဟုတ်တာ။ ဟုတ်တယ်မလား"
ချိုးယိ လက်ဆန့်ထုတ်လာပြီး သူ့မျက်နှာကို ပွတ်သပ်ကာ -
"ဘာပဲဖြစ်ဖြစ် မင်းအားနေရင်လဲ အလကားသက်သက် အားနေတာပဲဆိုတော့"
"အဓိပ္ပာယ်ရှိတယ်"
ပျန်းနမ် စဥ်းစားလိုက်ပြီးနောက် -
"မင်းပြောတာ ဟုတ်တယ်။ ငါ ညနေကျရင်ပဲ လောင်ကျန်ကို ပြောမယ်"
"အင်း။ လုပ်ချင်စိတ်ရှိနေမှတော့ ကောင်းကောင်းလုပ်။ ကျန်ဖေးဆိုတာ သွားချင်တဲ့လူ ဘယ်လောက်တောင် များလိုက်လဲ။ မင်းကတော့ အာရုံနည်းနည်းပိုစိုက်လိုက်ရုံပဲ"
ချိုးယိက စာအုပ်ကို သိမ်းဆည်းလိုက်ပြီး -
"မင်း အဲဒီမှာ မနေနိုင်ရင်တော့ ပျန်းဟောက်ကုမ္ပဏီကိုပဲ သွားရတော့မှာ"
"ဟ မသွားဘူး"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်သည်။
"ဒါဆို မင်းမှာ နောက်ဆုတ်ဖို့လမ်း မရှိတော့ဘူး။ ကောင်းကောင်းလုပ်မှ ရမယ်"
ချိုးယိ ပြောသည်။
"အင်း"
ပျန်းနမ် ခေါင်းညိတ်လိုက်ပြီး စဥ်းစားနေရင်း ချိုးယိနား တိုးကပ်သွားပြန်ကာ -
"ဟေ့ သာ့ပေါင်။ မင်းကလေ ငါ့အဖေလိုပဲ။ ငါ့အဖေတောင် ငါ့ကို ဒါတွေ မပြောဘူး"
"ဒါဆိုလဲ အဖေလို့ တစ်ခွန်းလောက်ခေါ်လေ"
ချိုးယိ ရယ်လိုက်သည်။
"စိတ်ကူးတွေ လှတယ် မင်း"
ပျန်းနမ်က သူ့မျက်နှာပေါ်တွင် အနမ်းတစ်ပွင့် အမြန်ခြွေလိုက်သည်။
.
ပျန်းနမ်က ဤကိစ္စအကြောင်း လောင်ကျန်ကို ပြောတော့ လောင်ကျန်တစ်ယောက် မထင်မှတ်ထားသဖြင့် အတော် အံ့အားသင့်သွားကာ ပျန်းနမ်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ရင်း -
"နေက အနောက်တောင်ဘက်ကနေ ထွက်လာတာလား။ ပျန်းနမ်က ကိုယ့်ဆန္ဒနဲ့ကိုယ် ဒီလိုမျိုး တောင်းဆိုချက် လာပြောတယ်ပေါ့လေ"
"ယောက်ျားတစ်ယောက် အသက် ၁၈ ပြည့်ရင် ပြောင်းလဲတယ်ဆိုတာမျိုးပေါ့"
ပျန်းနမ်က အသံထွက်အောင် ရယ်လိုက်ရင်း ပြောသည်။
"ဟုတ်ပြီလေ။ ငါ သူတို့ကို ပြောပေးမယ်။ နောက်နှစ်ရက်လောက်နေရင် မင်းကို အရင်ခေါ်သွားပြီး အလည်လိုက်ပြပေးမယ်လေ"
လောင်ကျန်က သူ့ပခုံးကို လာပုတ်ပေးပြီး -
"ငါ မင်းအဖေနဲ့ ဖုန်းပြောဖြစ်တယ်။ မင်း ကျန်ဖေးကိုသွားတာကို သူ သိပ်မကြိုက်ဘူး။ မင်း သူနဲ့ အားပြိုင်နေတာ မဟုတ်လား"
"မဟုတ်ပါဘူး"
ပျန်းနမ် ခေါင်းကို ကုတ်ကာ ဖွလိုက်ရင်း -
"ဒါက ကျွန်တော်ကိုယ်တိုင်ရဲ့ကိစ္စလေ မဟုတ်ဘူးလား။ ကောင်းကောင်းလုပ်ချင်လို့"
"ရုတ်တရက် ဒီလို ရင့်ကျက်သွားတော့ တစ်မျိုးပဲ"
လောင်ကျန် ရယ်လျက် -
"ငါ့ဖုန်းကို စောင့်နေ"
လေ့ကျင့်ရေးဆင်းချိန်တွင် လောင်ကျန်က ရက်စက်ပြီး လူမဆန်သော်ငြား သူတို့ကျောင်းသားတစ်အုပ်အပေါ်တော့ တော်တော် စေတနာထားပါသည်။ ဘယ်နှရက်မှ မကြာသေးမီမှာပဲ ပျန်းနမ်အတွက် ဆက်သွယ်ပေးလိုက်ပြီဖြစ်ကာ စနေတနင်္ဂနွေပိတ်ရက်တွင် သူ့အား ခေါ်သွားပေးမည်။
"ခဏနေရင် ငါ လောင်ကျန်နဲ့အတူ သွားတော့မယ်။ ငါ ဘာလို့ နည်းနည်း ရင်တုန်နေပါလိမ့်။ တစ်ဘဝလုံး ဆယ်နှစ်ကျော် အသက်ရှင်လာတာ အခုထိ သိပ်တောင် ရင်မတုန်ဖူးသေးဘူး"
ပျန်းနမ် လောင်ကျန်ကို စောင့်နေသည့်အချိန်တွင် ချိုးယိဆီ ဖုန်းဆက်နေခြင်း ဖြစ်ကာ -
"တင်းနစ်ကလပ်လေးပဲ သွားကြည့်ကြည့်မှာကို ဘာလို့ ရင်တုန်ရတာလဲ"
"ဖြစ်နိုင်တာကတော့ မင်း အခုအချိန်အထိ နေလာတဲ့တစ်လျှောက်မှာ အတည်အတံ့အလုပ်တွေ မလုပ်ဖူးလို့ နေမယ်"
ချိုးယိ ပြောသည်။
"စောက်ပေါက်ကရတွေ"
ပျန်းနမ် ဆဲလိုက်ပြီးနောက် -
"မင်း ငါ့ကို နည်းနည်းပါးပါးတောင် မနှစ်သိမ့်ပေးဘူးလား"
ချိုးယိ မြူးသွားကာ -
"ဘာကို နှစ်သိမ့်ရမှာလဲ။ မင်းဘာကို ရင်တုန်နေမှန်းတောင် မသိတာ။ မင်းသိလား။ မင်းဆိုတဲ့လူကလေ စကားပြောဖို့မလိုဘူး အားကစားဝတ်စုံလေး ဝတ်ပြီး လက်မှာ ရက်ကက် ကိုင်လိုက်တာနဲ့ကို လူက ပြောင်းလဲသွားတာပဲ။ သိပ်ဟန်ရှိတာ"
"ဟုတ်လား"
ပျန်းနမ် ပြုံးရယ်သွားကာ -
"ဒါဆို ငါ စိတ်သက်သာရာရသွားပြီ။ အဲဒီအချိန်ကျရင် ရက်ကက် မထိရမှာပဲ စိုးတာ"
"ဟမ်း ..."
ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ -
"မင်း ဖိနပ်ကြိုးချည်တဲ့အချိန်မှာ ဦးနှောက်ဉာဏ်ရည်က ဖိနပ်ကြိုးပေါ် ပြုတ်ကျသွားလို့လား။ ငါပြောချင်တာက မင်း အဲဒီလို ပတ်ဝန်းကျင်အနေအထားမှာ အဲဒီဟန်နဲ့ ရပ်လိုက်တာနဲ့ စကားပြောဖို့တောင်မလိုဘူး အဖြစ်က ရှိနေပြီ ......"
"နားလည်ပြီ နားလည်ပြီ။ ငါ့လခွမ်း"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး -
"ချိုးသာ့ပေါင် မင်းကလေ တကယ်ကို စောက်ကျိုးနည်း ပါးစပ်ဆိုးတယ်"
"သွားလိုက်။ ပြီးသွားရင် ငါ့ကို ဖုန်းလှမ်းဆက်"
ချိုးယိ ပြောသည်။
"ကောင်းပါပြီ"
ပျန်းနမ်က ဖုန်းထဲကို နမ်းသည့်အသံ လုပ်လိုက်ပြီး -
"ကြားလိုက်လား"
တစ်ဖက်ရှိ ချိုးယိကလည်း သူ့ကို ပြန်နမ်းလာသည်။
.
လောင်ကျန် ကားမောင်း၍ သူ့ကို ကျန်ဖေးသို့ ခေါ်သွားသည်။ တစ်လမ်းလုံး သူ့ကို မှာတမ်းခြွေလာတာလည်း မနည်းပေ။ ဒီနည်းပြက "ရှစ်" မျိုးရိုး ဖြစ်ကြောင်း၊ သူနဲ့ဆိုရင် ဘော်ဒါအပေါင်းအသင်းဖြစ်ကြောင်း၊ ယခင်က ပြိုင်ပွဲပြိုင်တုန်းက ရလဒ်ကောင်းကြောင်း တော်ကြောင်း၊ နောက်ပိုင်းကျတော့ ပခုံးဒဏ်ရာ ရသွား၍ အနားယူပြီး နည်းပြအဖြစ် လုပ်ကိုင်နေကြောင်း ပြောပြသည်။ သူ့နောက်လိုက်လျှင် စကားကိုလျှော့ပြောပြီး အလုပ်ပဲလုပ်ရင် ရကြောင်း၊ သူက အရှေ့ဆိုအရှေ့ အနောက်ဆိုအနောက်၊ အနောက်တောင် အနောက်မြောက် ဘာမှမရကြောင်း အစရှိသဖြင့် ......
ပျန်းနမ်တစ်ယောက် ကားပြတင်းအပြင်ကို ကြည့်ရင်း နားထောင်လေလေ စိတ်ထဲ ယုံကြည်ပိုင်နိုင်မှု လျော့နည်းလာလေလေဖြစ်ကာ သူ မနေနိုင်တော့ဘဲ လောင်ကျန်၏စကားကို ဖြတ်ပြောကာ -
"နည်းပြ မပြောပါနဲ့တော့။ နည်းပြက ကြောက်ဖို့ကောင်းလား ဒါမဟုတ် သူက ကြောက်ဖို့ကောင်းလားသာ ကျွန်တော့်ကို ပြော"
လောင်ကျန် မျက်မှောင်ကြုတ်လျက် အတော်ကြာစဥ်းစားနေပြီးနောက် -
"ငါနဲ့စာရင် သူက နည်းနည်း ပိုညင်သာတယ်"
"ဒါဆို ရပြီ"
ပျန်းနမ် လက်ဖျေက်တီးလိုက်ပြီး -
"နည်းပြဆီမှာတောင် ကျွန်တော် သည်းခံနိုင်ခဲ့တာပဲ။ သူ့ဆီမှာတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
ကားက ကလပ်၏ဂိတ်ပေါက်ဝသို့ ရောက်ခါစမှာပင် လောင်ကျန်က တံခါးနားတွင် ရပ်နေသည့် လူနှစ်ယောက်ဆီကို ညွှန်ပြလိုက်ပြီး -
"သူပဲ"
ပျန်းနမ် ကားပေါ်က ဆင်းလာပြီးနောက် ကြည့်လိုက်တော့ လူနှစ်ယောက်ထဲတွင် တစ်ယောက်က အားကစားဝတ်စုံ ဝတ်ထားပြီး နောက်တစ်ယောက်ကတော့ ဂျင်းဘောင်းဘီနှင့် ဖြစ်သည်။ အားကစားဝတ်စုံနှင့်တစ်ယောက် ဖြစ်ရမည်။
"လူကိုတော့ ငါခေါ်လာခဲ့ပြီ"
လောင်ကျန်က လျှောက်သွားပြီး အားကစားဝတ်စုံနှင့်တစ်ယောက်ကို နှုတ်ဆက်လိုက်သည်။
"နည်းပြရှစ်"
ပျန်းနမ် အလွန်ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ အားကစားဝတ်စုံနှင့်လူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြ၏။
ဤ နည်းပြရှစ်က အသက်သုံးဆယ်ဝန်းကျင်လောက် ဖြစ်ဟန်တူကာ မျက်နှာထားက မဆိုစလောက်လေး အနည်းငယ် အေးစက်နေသည်။ လောင်ကျကို ပြုံးပြလိုက်ပြီးနောက် ပျန်းနမ်ဘက်ကို လှည့်လာသည့်အချိန်တွင် အပြုံးက မရှိတော့ချေ။
"ငါ ညနေ အလုပ်ပြီးသွားရင် မင်းကို ဖုန်းဆက်လိုက်မယ်"
နည်းပြရှစ်က သူ့ဘေးနားရှိ လူအား ပြောလိုက်သည်။
"ဟုတ်ပြီ"
ထိုလူ လှည့်ထွက်ဖို့အလုပ်တွင် ပျန်းနမ်ရှိရာဆီ တစ်ချက်လှမ်းကြည့်ပြီးနောက် ခြေလှမ်းရပ်သွားကာ -
"ပျန်းနမ် ဖြစ်နေတာလား"
***
(ဆက်ရန်)
18 Feb 2024
T/N:
ချိုးယိအကြောင်း နည်းနည်းလေရှည်ပါရစေ။ ဆြာသမားလေးက ဆုံးသွားတဲ့ သူ့မေမေကို တအားချစ်တော့ သူ့မေမေက သူ့ကို သားသမီးတွေ မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်းဖြစ်တာကို သိပ်မြင်ချင်တဲ့ဆန္ဒလေးကို မဖြည့်ဆည်းနိုင်လို့ စိတ်ထဲမှာ guilty ဖြစ်နေတာပါ။ ရှေ့က အခန်းတွေမှာလည်း သူ့မေမေအကြောင်း သူပြန်တွေးရင်းနဲ့ အဲဒါတွေ ပါဖူးပါတယ်။ သတိထားမိလားတော့မသိဘူး။ သူ့မေမေရဲ့ဆန္ဒမဖြည့်ဆည်းပေးနိုင်တာရယ်၊ ပျန်းနမ်ကိုလည်း သိပ်သဘောကျနေတာရယ် ကြားမှာ သူ့စိတ်က လွန်ဆွဲပြီး အကဲဆတ်နေရှာတာ။
အစ်ကိုကြီးလေးက ရင့်ကျက်သလောက် အတွေးကလည်း သိပ်များတယ်။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မိသားစုတာဝန်ကို ပခုံးထမ်းထားရတော့ သူလည်း တစ်ခုခုဆို အများကြီးထည့်တွေးနေရတာ။ သိပ်တော်ပြီး သိပ်သနားဖို့ကောင်းတဲ့ချိုးသာ့ပေါင်လေး။