Chapter ● 59 ●
"ဘာတွေ တွေးနေလို့လဲ"
ချိုးယိက ရွက်ဖျင်တဲအပြင်ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် လက်ဆန့်ထုတ်ကာ ပျန်းနမ်၏မေးစေ့ပေါ်ကို တစ်ချက် တောက်လိုက်သည်။
"ဘာတွေးရမှာလဲ"
ပျန်းနမ် တဟေးဟေးနဲ့ ရယ်လိုက်ပြီး -
"မင်းတွေးနေတာနဲ့ အတူတူလောက်ပဲလေ"
"ငါတော့ ငါတွေးနေတာတွေက ပုံမှန်ပဲလို့ ထင်တာပဲ။ ခဏနေ အကင်ကင်မဲ့ကိစ္စကို စဥ်းစားနေတာ ငါက"
ချိုးယိ ရယ်လိုက်သည်။
"ဟန်ဆောင်နေလိုက်"
ပျန်းနမ် သူ့ကို လက်ညှိုးထိုးလိုက်ရင်း -
"မင်းရဲ့ ပုံမှန်လို ပုံဖန်းနိုင်စွမ်းကလဲ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက အမှတ်ပြည့်ရနေပြီမလား"
ချိုးယိ အတော်ကြာအောင် ရယ်နေပြီးနောက် ပျန်းနမ်၏နှုတ်ခမ်းပေါ် ငုံ့နမ်းလိုက်သည်။ လျှာဖျားက သွားများကြားထဲ တဖြည်းဖြည်းလာရောက်တေ့ဆိုင်လိုက်ပြီးနောက် အလျင်အမြန်ပင် ခွာလိုက်ပြန်ကာ -
"ဒါကို တွေးနေတာလား"
နှုတ်ခမ်းပေါ်တွင် ချိုးယိ၏ စိုစွတ်သောအထိအတွေ့ ကျန်ရှိနေဆဲဖြစ်ပြီး စက္ကန့်အနည်းငယ်ကြာတော့မှ ပျန်းနမ် သတိပြန်လည်လာကာ သူ ဘာမှမပြောရသေးမီ ချိုးယိက ထပ်ပြောလာသည်။
"ဒါမှမဟုတ် ဒါ့ထက်ပိုပြီး အရှက်မဲ့တဲ့ဟာ စဥ်းစားနေတာလား"
"ငါ့လခွမ်း"
ပျန်းနမ်၏အတွေးထဲတွင် ချက်ချင်း ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စွာပင် ချိုးယိ၏ ကျစ်လျစ်ခိုင်မာသော ကိုယ်ခန္ဓာပုံ ဖြတ်ပြေးသွားကာ ဝတ်လစ်စလစ်ကလည်း ဖြစ်နေသေးသည်။ သူသည် ချိုးယိ၏ ကိုယ်ရှေ့ပိုင်း၏ အောက်ဘက်ဆီသို့ စိတ်ကူးများ မဖွံ့ဖြိုးလာအောင် ကြိုးစားလိုက်ပြီး -
"မင်း ဟန်ပဲဆောင်နေလိုက်ပါတော့"
ချိုးယိ အတော်ကြာအောင် ရယ်လိုက်ပြီးနောက် သူ့ဘေးတွင် အတူဝင်လှဲလိုက်ကာ -
"လူရမ်းကားစနစ်က ပွင့်သွားပြီးရင် အဲဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုလုပ် ပြန်ပိတ်လို့ရနိုင်ပါ့မလဲ"
"ချိုးသာ့ပေါင်"
ပျန်းနမ် ကျစ်ခနဲ စုတ်သပ်လိုက်ပြီး -
"မင်း ဒါတွေပြောတဲ့အချိန်မှာ အားမနာဘူးလား။ ငါတော့ ဒါတွေ တွေးမိတာနဲ့ မျက်နှာပူလာတာပဲ။ ငါပဲ ဖြူစင်လွန်းတာဖြစ်မယ်"
"ငါလဲ မျက်နှာပူတယ်လေ"
ချိုးယိက ရယ်၍ ပြောသည်။
"မထင်ရဘူးပဲ"
ပျန်းနမ် ခေါင်းလှည့်လာကာ သူ့ကို တစ်ခဏလောက် စိုက်ကြည့်နေပြီး -
"ရမ်းကားတာများ ဒီလောက်ကျွမ်းကျင်ချောမွေ့နေတာ"
"မဖြစ်နိုင်ပါဘူး။ ဘာလို့ အဲဒီလို မခံစားရပါလိမ့်"
ချိုးယိ ပြောသည်။
"ဟေ့ ချိုးသာ့ပေါင်"
ပျန်းနမ် စဥ်းစားလိုက်ပြီး လက်မောင်းကို ခေါင်းအုံးကာ မျက်နှာကို တစောင်းလှည့်လိုက်ရင်း -
"မင်းကို မေးမယ်"
"ဘာလဲ"
ချိုးယိ သူ့ကို ကြည့်နေသည်။
"ဟို ...... မင်း အရင်တုန်းက ...... ဟို ငါမတိုင်ခင်က ......"
ပျန်းနမ်တစ်ယောက် ခက်ခက်ခဲခဲပြောနေရကာ -
"ဟိုကွာ မင်းအရင်က တခြားလူနဲ့ ဒီလို ရှိဖူးလား"
"မရှိဘူး"
ချိုးယိ ပြန်ဖြေသည်။
"ဟုတ်လား ......"
ပျန်းနမ် ချိုးယိ၏လက်ကို ဖမ်းကိုင်လိုက်ပြီး လက်ချောင်း၏အတွင်းဘက်အရေပြားပေါ်တွင် တစ်ချက်ချက် ခြစ်ကုတ်နေရင်း -
"အရင်က မင်း ဟိုလိုမျိုးဟာ ရှိဖူးတယ်တောင် ငါထင်နေတာ"
"မရှိဘူး"
ချိုးယိ၏အဖြေက အလွန်ရိုးရှင်းသည်။
"ဘာကြောင့်လဲ"
ပျန်းနမ်သည် အမှန်တော့ အနည်းငယ် နားမလည်နိုင် ဖြစ်မိသည်။ ရည်းစားထားခဲ့ပြီး သိပ်လည်းမထူးပါဘူးဆိုတဲ့ သူ့လိုလူတောင် ယခင်က ကောင်မလေးလှလှလေးများကို အမြဲတမ်း လိုက်ကြည့် လိုက်ငေးတတ်သေးသည်။ ထိုလိုက်ငေးကြည့်ခြင်းဟာလည်း ဂုဏ်အတွက်ပဲဆိုလျှင်တောင်...
"အကြောင်းပြချက်မရှိဘူး"
ချိုးယိ ရယ်လိုက်ပြီး ခဏလောက်ကြာတော့မှ ထပ်ပြောလာသည်။
"...... မလိုချင်လို့"
"မလိုချင်လို့ ဟုတ်လား"
ပျန်းနမ် နားမလည်နိုင်နေဆဲဖြစ်ကာ -
"သဘောကျတဲ့သူ မတွေ့ဖူးလို့လား"
"တကယ်လို့ မင်း စိတ်မရှိရင် မလိုချင်ရင် သဘောကျတဲ့သူ ရှိလာမှာမဟုတ်ဘူး"
ချိုးယိ ပြောသည်။
ဤအဖြေက ပျန်းနမ်အတွက် အတော်လေး ဦးနှောက်စားရသည်။ သူ ချိုးယိကို အတော်ကြာအောင် စိုက်ကြည့်နေလည်း သဘောမပေါက်နိုင်ဖြစ်နေကာ -
"ဒါဆို ငါကရော"
ချိုးယိ စကားမဆိုချေ။ ခေါင်းလှည့်လာပြီး ပျန်းနမ် နဖူးကိုသာ တစ်ချက် နမ်းလိုက်သည်။
ပျန်းနမ်သည် ချိုးယိ၏လက်ချောင်းကို ညှစ်ကိုင်ထားပြီး သူလည်း တိတ်ဆိတ်နေသည်။
ဒီကိစ္စက လူကို တကယ်ကြီး စိတ်ရှုပ်ရပြီး မရှင်းမရှင်းဖြစ်စေသည်။
နှစ်ယောက်သားသည် လူတွေက ရွက်ဖျက်တဲထဲ ရောက်နေပြီး ခြေလေးချောင်းသာ တဲအပြင်ရောက်နေသော အနေအထားဖြင့် အချိန်ကြာကြာ နေဖို့ရန် သိပ်မကောင်းတတ်သဖြင့် ချိုးယိက ဝမ့်ဖေးနှင့်ရွှီရွေတို့ သူတို့နေမည့်တဲကို လေ့လာနေခြင်း မပြီးသေးမီ အပြင်ထွက်လာခဲ့လိုက်သည်။
ချိုးယန့်သည် မုန့်ပဲသရေစာတို့ အပြည့်ထည့်ထားသော အိတ်ကို အနီရောင်ရွက်ဖျင်တဲထဲ ဆွဲလာပြီး မုန့်များကို အိတ်ထဲမှ မှောက်ချ၏။ ချိုးယိ သွားကြည့်သည့်အချိန်တွင် သူသည် မုန့်များကို သုံးလေးပုံ ခွဲခြမ်းနေသည်ကို တွေ့ရသည်။
"ဘာလုပ်နေတုန်း"
ချိုးယိက သူ့ခေါင်းလေးကို ပွတ်သပ်လိုက်ရင်း မေးလိုက်သည်။
"အားလုံးအတူတူစားဖို့ ခွဲနေတာ"
ချိုးယန့်က အိတ်မျိုးစုံကို လက်ညှိုးညွှန်ပြလိုက်ရင်း -
"ဒီလောက်များတာကို"
"ဟုတ်ပါပြီ"
ချိုးယိ ရယ်လိုက်ပြီး -
"ဖြည်းဖြည်းချင်း ခွဲ"
ဝမ့်ဖေးနှင့်ရွှီရွေတို့ ရွက်ဖျင်တဲကို စနည်းနာ၍ ပြီးဆုံးသွားပြီးနောက် သူတို့လူစု ဂိုဒေါင်သို့ အပြေးသွားကြ၏။ ဂိုဒေါင်တွင် ရှန်းထောင်းက အနည်းငယ်ပို၍ သစ်လွင်သော အကင်ကင်စင်ကို ရွေးထားပြီးပြီဖြစ်သည်။
"စားစရာတွေ သွားကြည့်ရအောင်။ ငါကြည့်နေတာ ကတ်ကစားနေကြတဲ့အုပ်စုလည်း မနက်ဖြန်အထိ ကစားဖြစ်ကြမယ့်ပုံပဲ။ ငါတို့တွေ စားစရာ အရင်လုထားလိုက်မယ်။ နောက်ကျသွားလို့ ကုန်သွားတာမျိုး မဖြစ်အောင်"
ရှန်းထောင်းက ပြောသည်။
"သွားမယ် သွားမယ် သွားမယ် သွားမယ်။ မြန်မြန်"
ထိုစကားကြာသည်နှင့် ဝမ့်ဖေးက အားလုံးကို မီးဖိုချောင်ရှိရာဘက် တွန်းလိုက်ရင်း -
"ဘီယာ သုံးလေးပါကင်လောက် သွားဆွဲကြမယ်"
"ရာသီဥတုအေးနေတာကြီးကို ဘာဘီယာ သောက်အုံးမှာလဲ"
ဘီယာသံကြားသည်နှင့် ပျန်းနမ်တစ်ယောက် ခေါင်းကြီးလာသလို ခံစားလာရသည်။
"ရာသီဥတုအေးနေပြီကို ငါတို့တောင် အကင်လာကင်ကြသေးတာပဲ။ အသားကင်ဆိုရင် ဘီယာနဲ့ တွဲမှ"
ဝမ့်ဖေးက ကျစ်ခနဲ စုတ်သပ်လိုက်ပြီး -
"မင်းရယ် ရွှီရွေရယ် အာ့ပေါင်ရယ်က ကိုလာ အတူတူသောက်ကြပေါ့"
"လခွမ်း"
ပျန်းနမ်သည် အမျိုးသမီးနှင့်ကလေးအဆင့်သို့ ချက်ချင်း ထည့်သွင်းခံရသည်ကို မကျေမနပ်ဖြစ်သွားကာ -
"ငါ ဘီယာသောက်မှာ"
ကြက်တောင်ပံ၊ ကြက်ပေါင်၊ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ အသားလုံး၊ ထို့ပြင် ကင်၍ရသောအရွက်များနှင့် ကင်၍မရပုံပေါ်သည့် ဟင်းသီးဟင်းရွက်များ အစုံရှိသည်။ သူတို့အုပ်စုသည် စားသောက်ဆိုင်ပိုင်ရှင် ဈေးဝယ်သကဲ့သို့ပင် ရေခဲသေတ္တာတစ်ဝက်စာလောက်ကို ရှင်းလိုက်ကြ၏။
အကင်စင်ကို ပြင်ဆင်ပြီး၊ စားစရာသောက်စရာများကို ဘေးနားတွင် ပုံလိုက်ပြီးနောက် ချိုးယိက ခေါင်းတညိတ်ညိတ်ဖြင့် -
"ဒါတွေနဲ့ဆို မနက်ဖြန်မိုးလင်းတဲ့အထိ လုံးဝမရပ်ဘဲ စားလို့ရလောက်တယ်"
"ဒါဆို စလိုက်ရအောင်"
ရွှီရွေက ဖုန်းတစ်လုံးဖြင့် တချပ်ချပ် ဆက်တိုက်ရိုက်လိုက်ပြီးနောက် ဆက်၍ -
"ဒါနဲ့ ငါ နင်တို့မျက်နှာ ပါအောင်တောင် မရိုက်ရဲဘူး။ ပုံတွေ တင်လို့ နင်တို့ကို မြင်တာနဲ့ အကုန် ရှော့ခ်ရကုန်မှာ"
"နင့်ရည်းစားပုံတွေ ရိုက်လို့ရတယ်လေ"
ပျန်းနမ်က ဝမ့်ဖေးကို လက်ညှိုးထိုးပြီး ပြောသည်။
"ဟုတ်တယ်။ ငါ့ပုံရိုက်"
ဝမ့်ဖေးက ချက်ချင်းပင် အကင်စင်နောက်တွင် သွားရပ်လိုက်ပြီး အကင်များ လက်တစ်ဆုပ်စာ ကိုင်ကာ မျက်လုံးတွေ ပျောက်ကုန်သည်အထိ သွားဖြီးရယ်လိုက်ရင်း -
"ဒီလိုဆို ရလား"
"တော်တော် ကောင်းတယ်။ ဒီလိုရယ်လိုက်တာ ရွှီရွေ တစ်ခါတည်း ရည်းစားပါ ပြောင်းပစ်လို့ရပြီ"
ချိုးယိ ပြောသည်။
"ဟေး"
ရွှီရွေတစ်ယောက် လက်များတုန်ယင်သည်အထိ ရယ်လိုက်ပြီး -
"နင့် ဒီပုံကိုကြည့်ပြီး ငါတောင် နည်းနည်းနောင်တရလာပြီ"
"သားလဲ ရိုက်ချင်တယ်။ မရီးမမ သားကို တစ်ပုံရိုက်ပေး"
ချိုးယန့်က အသီးအရွက်တင်စင်၏ဘေးနားတွင် ရပ်လိုက်ပြီး ကူချိုင်အကင်တစ်ချောင်း ကောက်ကိုင်လိုက်သည်။
"အသားကင်ချောင်း ကိုင်ပါလားကွာ ......"
ရှန်းထောင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း ပြောသည်။
"ကိုကိုက သားကို အသားတွေ အဲဒီလောက်အများကြီး ပေးမစားဘူး"
ချိုးယန့်ပြောသည်။
"ဟမ်၊ အခုတော့ မှတ်မိပြီပေါ့။ စားတဲ့အချိန်တုန်းက ဘာဖြစ်လို့ မပြောတာလဲ"
ချိုးယိက ကျွတ်ခနဲတစ်ချက် စုတ်သပ်သည်။
ရွှီရွေက ချိုးယန့်အား သုံးလေးပုံ ရိုက်ပေးလိုက်ပြီး ထပ်လှည့်လာကာ ဖုန်းကို ပျန်းနမ်ဘက် ချိန်ထားလျက် -
"ပျန်းနမ် နင့်ပုံလေး ရိုက်လို့ရလား။ မျောင်မျောင်ဆီ ပို့ဖို့"
"ဟမ်"
ပျန်းနမ် ကြောင်သွားပြီး သတိမထားမိဘဲ ချိုးယိရှိရာဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
အကြည့်ခံလိုက်ရသော ချိုးယိလည်း ကြောင်သွားကာ ခေါင်းငုံ့ပြီး အကင်စင်ကို တစ်ချက်တွန်းလိုက်သည်။
"ဘာလုပ်ဖို့ ချိုးယိကို လှမ်းကြည့်တာတုန်း"
ရွှီရွေ ရယ်လိုက်ပြီး -
"ရေကြောင်းက လောင်သာ့ရဲ့ခွင့်ပြုချက် လိုတာလား"
ငပိန်းဖြစ်ပြန်ပြီဟု ပျန်းနမ် ချက်ချင်း ခံစားလိုက်ရသည်။ ဒီရက်ပိုင်း တော်တော်လေးကို ပိန်းနေတော့၏။
သူ ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး ရွှီရွေအား ရယ်ပြလိုက်ကာ -
"မြန်မြန်ရိုက်"
ရွှီရွေ အားရအောင် ရိုက်ပြီးပြီးနောက် ဖုန်းသိမ်းလိုက်ကာ အားလုံးလည်း မီးစမွှေးပြီး အသားကင်ဖို့ ပြင်ဆင်သည်။
အသားကင်ချောင်းများကို အကင်ဆီ သုတ်သည့်အချိန်တွင် ပျန်းနမ်သည် ချိုးယိကို တစ်ချက်ခိုးကြည့်လိုက်ရာ တိုက်ဆိုင်စွာ ချိုးယိနှင့် အကြည့်ချင်း ဆုံသွား၏။ ချိုးယိက အသံတိတ်ဖြင့် သူ့အား ငပိန်းဟု ပါးစပ်ဟန်နှင့် ပြောလိုက်သည်။
Fuckyou. ပျန်းနမ်လည်း ပါးစပ်ဟန်ဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
ပြောပြီးနောက် သူသည် လက်ထဲရှိ အသားလုံးကို ကြည့်ပြီး အူမြူးနေကာ ဘာကြောင့် အူကြောင်ကြောင် မြူးထူးနေမှန်းတောင် ကိုယ့်ကိုယ်ကိုယ် မသိလိုက်ချေ။
ရယ်လွန်း၍ ချိုးယိလည်း မနေနိုင်တော့ဘဲ အသံထွက်အောင် လိုက်ရယ်လာသည်။
"မင်းတို့နှစ်ယောက် နေတော့ ကောင်းကြတယ်မလား"
ဝမ့်ဖေးက ပေစောင်းစောင်းကြည့်လာရင်း သူတို့နှစ်ယောက်အား မေးသည်။
"မသိဘူး။ မနက်က ကိုယ်အပူချိန်တိုင်းခဲ့ဖို့ မေ့သွားတယ်"
ချိုးယိ ရယ်ရင်း ပြောလာပြီး ဆက်၍ -
"ရောဂါထလာတာလား ဘာလား မသိတော့ဘူး"
တစ်အုပ်လုံး ရယ်လိုက်ကြသည်။ လူဦးရေများတာ ဒီတစ်ချက်တွင် သိပ်မကောင်းပေ။ တစ်ယောက်ယောက်က ရယ်ကြော စလိုက်လျှင် တစ်အုပ်စုလုံးလိုက်ပြီး အတောမသတ်နိုင်အောင် လိုက်ရယ်ကြတော့သည်။
နောက်ဆုံး ရယ်လို့ ပြီးဆုံးခါနီးတွင် ဘေးနား၌ တစ်လျှောက်လုံး တည်တည်ကြည်ကြည်ရပ်ပြီး ဆော့စ်သုတ်ပြီးသော အကင်ချောင်းကို ယူကာ ကင်ရန်စောင့်နေသည့်ချိုးယန့်က တစ်ခွန်းပြောလာသည်။
"အရူးတွေ"
လူတစ်စုလုံး ရယ်လိုက်ကြရပြန်သည်။
နောက်ဆုံးမတော့ အသားကင်ချောင်း လေးငါးပန်းကန်ပြားစာခန့် ဆော့စ်သုတ်ပြီးသွားပြီးနောက် ချိုးယန့်သည် အလွန်စိတ်လှုပ်ရှားတက်ကြွစွာပင် အကင်စင်ရှေ့ရပ်ပြီး သူတာဝန်ယူထားသော အကင်ချောင်းများကို စောင့်ကြပ်ရင်း တစ်ခါတစ်ခါမှာ အကင်ချောင်းကို ဟိုဘက်ဒီဘက်လှည့်ပေးနေကာ ပါးစပ်ကလည်း တတွတ်တွတ် ရေရွတ်နေ၏။
"ဘယ် ညာ ဘယ်၊ အပေါ် အောက် အပေါ်၊ တစ် နှစ် သုံး။ ရပြီဟေ့။ ငရုတ်သီးလေးရေ ငရုတ်သီးကြီး ......"
ပျန်းနမ် ကြက်ပေါင်နှစ်ချောင်းယူပြီး ကင်နေကာ မနေနိုင်ဘဲ ချိုးယိ၏မျက်နှာကို ငေးကြည့်လိုက် ကြက်ပေါင်ကို ပြန်ကြည့်လိုက်၊ ချိုးယိကို ထပ်ကြည့်လိုက် လုပ်နေမိသည်။
ချိုးယိက ချိုးယန့်၏အသားကင်ချောင်းပေါ်ကို ငရုတ်သီးနှင့်ဆား ကူဖြူးပေးနေကာ မျက်ခွံက အောက်ကို ငိုက်စိုက်ကျနေပြီး မျက်တောင်များက မျက်နှာပေါ်တွင် ခပ်ရှည်ရှည်အရိပ် ထင်ဟပ်နေ၏။ ပျန်းနမ်က စိတ်လွတ်ကိုယ်လွတ် ငေးကြည့်နေခဲ့သည်။
"တူးပြီ"
ချိုးယိ ရုတ်တရက် မျက်ခွံပင့်ပြီး သူ့ကို ကြည့်လာသည်။
"ဟင် ဘာကြီး"
ပျန်းနမ် သဘောမပေါက်ဘဲ ဖြစ်နေ၏။
"မင်းပေါင် ......"
ချိုးယိက အကင်စင်ဘက်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောသည်။
"အား ... ငါ့ပေါင်"
ပျန်းနမ်သည် ချက်ချင်း အသားတူးနံ့ ရလာကာ ညှပ်ဖြင့် ကြက်ပေါင်ကို အမြန်ညပ်ယူပြီး မှုတ်လိုက်သည်။ တော်သေး၍ အနည်းငယ်သာ တူးသွားပြီး ကြက်ပေါင်ကို ဘက်လှည့်လိုက်ပြီး အကင်စင်မီးဖိုပေါ် ပြန်တင်လိုက်၏။
"တူးနေပြီ။ အာ မြန်မြန်ယူသွား"
အခြားအကင်ဖိုရှေ့ရှိ ရွှီရွေ၏အော်သံလည်း ထွက်ပေါ်လာသည်။
"ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ"
ဝမ့်ဖေးက အသားလုံးအကင်ချောင်းများကို ကိုင်လျက် ဝမ်းနည်းကြေကွဲသောမျက်နှာဖြင့် ဆိုသည်။
"ဒီကသူဌေးက ခြံရှေ့မှာ ခွေးတွေ မွေးထားတယ် ......"
ရှန်းထောင်း ညွှန်ပြလိုက်ရင်း -
"ဟိုဘက်မှာ။ သွားလိုက်"
ဝမ့်ဖေး၏အသားလုံးများမှာ အနည်းငယ် ရုပ်ပျက်ဆင်းပျက် တူးသွားခြင်းဖြစ်ကာ အတော်ကြာအောင် စဥ်းစားနေလည်း ဖြေရှင်းနည်း စဥ်းစား၍မထွက်လာသဖြင့် အသားလုံးများ ယူပြီး ခြံရှေ့တွင် ခွေးသွားရှာရုံသာ တတ်နိုင်တော့သည်။
ပျန်းနမ်သည် ကြက်ပေါင်ကျက်သွားပြီးနောက် စက္ကူပန်းကန်ပြားထဲ တစ်ခုထည့်ပြီး ချိုးယိအား ကမ်းပေးလိုက်ရင်း -
"မြည်းကြည့်"
ဒီစကား ပြောပြီးနောက်တွင် သူသည် စိတ်အားထက်သန်စွာ သူ့အား မျှော်ကြည့်နေသည့် ချိုးယန့်ကို တွေ့လိုက်ရသောအခါ သူ ခံစားလိုက်ရသည်မှာ သူဟာ တကယ်ကိုမှပဲ ......
သို့နှင့် သူသည် ချိုးယိ လက်ဆန့်ထုတ်ပြီး လှမ်းမယူခင် ပန်းကန်ပြားကို ချိုးယန့်လက်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်ပြီး -
"အာ့ပေါင် စား"
ချိုးယန့်က အလွန်ဝမ်းသာစွာ လက်ခံယူလိုက်ပြီး တစ်ဖက်လှည့်ကာ လေတိုက်ရာဘက်ဆီ ပန်းကန်ပြားကို မြှောက်လိုက်ရင်း -
"အေးသွားအောင် မြန်မြန်တိုက် မြန်မြန်တိုက် ......"
ချိုးယိ ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး ဘာစကားမှ မဆိုပေ။ ထို့နောက် ချိုးယန့် ကင်ခဲ့သော ကျက်သွားသည့် အမဲသားကင်ချောင်းများကို ပန်းကန်ပြားထဲ ထည့်လိုက်၏။
ကျန်နေသည့် ကြက်ပေါင်ကင် နောက်တစ်ချောင်းကို ရှန်းထောင်းကို ပေးရမလား သို့မဟုတ် ရွှီရွေကို သွားပေးရလား ဆိုသည်ကို ဝေခွဲမရဖြစ်နေရာ ရှန်းထောင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး -
"ငါ့ကို ထည့်မတွက်နဲ့တော့"
ပျန်းနမ် မြူးသွားကာ ကြက်ပေါင်ကင်ကို ရွှီရွေအား ပေးလိုက်၏။ ထို့နောက် ကြက်ပေါင် ခုနှစ်ချောင်း ရှစ်ချောင်းလောက်ယူပြီး အကင်ဖိုပေါ် ပုံ၍ တင်လိုက်သည်။
ဒီလောက်အများကြီးဆိုတော့ အဆင်ပြေလောက်ပြီပေါ့ ...
ဝမ့်ဖေး ခွေးကို သွားကျွေးပြီး၍ ပြန်လာချိန်တွင် သူ့နောက်၌ ခွေးသုံးကောင် ပါလာသည်။ ခွေးသုံးကောင်လုံး တော်တော် ဝဖြိုးကြပြီး လေးလငါးလသားအရွယ်လောက်သာ ရှိသေးဟန်တူ၏။ သူသည် ကူကယ်ရာမဲ့နေသောရုပ်ဖြင့် ခွေးများကို လှည့်ကြည့်လှည့်ကြည့်ဖြင့် လျှောက်လာရင်း -
"ဟမ်း .. ဒါ ဘယ်လိုလုပ်ရမလဲ"
"ခွေးလေး"
ချိုးယန့်တစ်ယောက် မျက်လုံးများ တောက်ပလာခဲ့ပြီး လက်ထဲရှိ သူကိုက်ပြီးသွားသော ကြက်ပေါင်အရိုးများကို ခွေးများထဲက တစ်ကောင်ကို ကျွေးလိုက်၏။ ခွေးသုံးကောင်စလုံး သူ့ဘေးနား ထိုင်လိုက်ကြပြီး အတူတကွ သူ့ကို မျက်နှာမော့ကြည့်နေကြတော့သည်။
"သား အရိုးလိုချင်တယ်။ အရိုးတွေ သားကိုပေး"
ချိုးယန့်က ပျန်းနမ်ဘေးကို အလောတကြီး ပြေးလာခဲ့သည်။
"ပေးမယ် ပေးမယ် ပေးမယ်။ ငါကိုက်နေတာ အရိုးတွေတောင် ထွက်မလာသေးဘူး ......"
ပျန်းနမ်သည် တစ်ဝက်သာ စားပြီးသေးသော အမဲသားကင်ချောင်းတစ်ချောင်းကို သူ့အား ပေးလိုက်ပြီး ကျန်သည့်လူများအား လက်ဟန်ပြလိုက်ကာ -
"မင်းတို့တွေရဲ့အရိုးတွေ ထုတ်လာပေး"
ချိုးယန့်က ပန်းကန်တစ်ချပ်စာ အရိုးများ စုစည်းပြီး ခွေးသွားကျွေးသည်။
ဤနေရာမှခွေးများသည် လုံးဝ အစာရေစာ မငတ်ပြတ်ကြဘဲ အားလုံး ဆူဆူဖြိုးဖြိုး ရှိကြသည်။ လာသမျှ ဧည့်သည်တိုင်း ပုံမှန်ဆို အစာကျွေးကြပုံပေါ်သည်။
ချိုးယန့်သည် ထိုခွေးများအား အရိုးကျွေးပြီးနောက် သူတို့နှင့်အတူ စခန်းဧရိယာထဲတွင် ဟိုဟိုဒီဒီ လူးလာခေါက်ပြန် ပြေးလွှားနေကြသည်။ နောက်ဆုံးတွင် လူတစ်ယောက်နှင့်ခွေးသုံးကောင်တို့သည် မြစ်ကမ်းနားတွင် ကျောက်သွားရှာကြတော့၏။
"ချိုးယိ နင့်ညီက တကယ်ပဲ အားအင်တွေပြည့်လျှံနေတာပဲ"
ရွှီရွေက ချိုးယန့်၏နောက်ကျောကိုကြည့်ပြီး တစ်ခွန်းပြောလိုက်သည်။
"ငါ့ညီ မဟုတ်တော့ဘူး။ ပျန်းနမ်ဆီ ရောင်းပစ်လိုက်ပြီ"
ချိုးယိ ရယ်ပြီးပြောသည်။
"ပျန်းနမ် နင့်ညီက တကယ်ပဲ အားတွေ ပြည့်လျှံထွက်နေတာပဲ"
ရွှီရွေက အတော်ကြာအောင် ရယ်နေပြီး ပျန်းနမ်အား လှမ်းပြောလိုက်သည်။
"ဒါတောင် အပြည့်အဝ လျှံထွက်နေတာ မဟုတ်သေးဘူး။ တကယ်တမ်း ပြည့်လျှံတဲ့အချိန်ဆိုရင် ဘယ်သူမှ သူ့ကို မနိုင်တော့ဘူး"
ပျန်းနမ်က အတော်လေးကျေနပ်အားရစွာ လက်ဖျောက်တီးပြီး ပြောလိုက်သည်။ မသိလျှင် ချိုးယန့်က တကယ်ကို သူ့ညီအရင်းကဲ့သို့ပင်။
"အသားလုံးအကင်ချောင်းတွေ ငါ့ကို ပေး"
ချိုးယိက ပျန်းနမ်ဘေးနားတွင် လာရပ်လိုက်ပြီး အသံတိုးတိုးဖြင့် ဆက်၍ -
"ငရုတ်သီးမှုန့် နည်းနည်း ထပ်ထည့်မယ်"
"ရတယ်"
ပျန်းနမ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်တွင် ညှပ်တစ်ခုယူပြီး ကြက်ပေါင်ကို ဟိုဘက်ဒီဘက် လှန်လိုက်ရင်း -
"ခဏလေး။ မင်းအတွက် ကြက်ပေါင်ကင်ပေးမယ်လို့တောင် ပြောနေသေးတာ"
"ပေါင် မလိုချင်ဘူး။ အားလုံး တစ်ယောက်တစ်ခုစီ ရတာ မလိုချင်ဘူး"
ချိုးယိ၏အသံက အလွန်တိုးလျကာ ဆက်၍ -
"အလုံး လိုချင်တယ်။ တစ်ကင်စာ"
ပျန်းနမ် ထိုစကားကြားသည်နှင့် ရယ်မြူးသွားပြီး -
"ဟေ့ကောင် မင်း ရူးနေတာ"
"အင်း။ မနက်က ဆေးမသောက်ဘဲ ထွက်လာခဲ့လို့"
ချိုးယိက ခေါင်းညိတ်၍ ဆိုသည်။
အကင်များကို အဓိကကင်သူမှာ ယာယီအားဖြင့် ရှန်းထောင်း ဖြစ်နေသည်။ စစချင်းတွင် သူသည် ဝမ့်ဖေးရွှီရွေတို့နှင့်အတူ အကင်ဖိုတစ်ခုတည်းတွင် ကင်နေခဲ့သည်။ ချိုးယန့် ကျောက် သွားရှာပြီးနောက်ပိုင်းတွင် သူ ချိုးယန့်နေရာကို အစားထိုး ယူလိုက်ကာ ပျန်းနမ်နှင့်ချိုးယိရှိရာ ဤဘက်သို့ ပြောင်းလာခဲ့သည်။
"အဲဒီနှစ်ယောက်ကို သည်းမခံနိုင်တော့ဘူးပေါ့ ဟုတ်လား"
ပျန်းနမ် ထိုဘက်ကို တစ်ချက်ကြည့်လိုက်တော့ ထိုနှစ်ယောက်တစ်တွဲ စုံတွဲကလေးမှာ ပျိုနီပန်းကဲ့သို့ပင် ရယ်ပြုံးကြည်နူးနေကြ၏။
"အကုန် အတူတူပါပဲ"
ရှန်းထောင်း ဆော့စ်ကို ငုံ့သုတ်နေသည်။
"ဟေး ...."
ပျန်းနမ် တစ်ချက်အော်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး အနည်းငယ် ပူထူလာသည်ကို ချက်ချင်းခံစားလိုက်ရပြီး တစ်ချက်အော်ပြီးနောက်တွင် ဘာဆက်ပြောလို့ ပြောရကောင်းမှန်းတောင် ရုတ်တရက် မသိတော့ချေ။
ချိုးယိက ကျက်သွားသော ကြက်ပေါင်ကင်တစ်ချောင်း ယူပြီး ရှန်းထောင်းကို ပေးလိုက်ကာ -
"မြန်မြန်စား"
"ဘီယာသောက်မလား"
ရှန်းထောင်းက ကြက်ပေါင်ကင်ကို တစ်ကိုက်ကိုက်ပြီး မေးလာသည်။
"သောက်မယ်လေ"
ချိုးယိ ပြောလိုက်ပြီးနောက် ဝမ့်ဖေးဘက်သို့လည်း လှမ်းမေးလိုက်သည်။
"ဘီယာ သောက်မလား"
"သောက်မယ် သောက်မယ် သောက်မယ် သောက်မယ်။ ငါသွားယူမယ်"
ဝမ့်ဖေးက ရယ်လိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ ပြေးထွက်သွားသည်။ ရာသီဥတုအေးလာပြီဖြစ်၍ သူဌေးက ဘီယာများကို အအေးမခံထားချေ။ ဘီယာနှစ်ကတ်ကို သူတို့ဘာသာသူတို့ ရေခဲသေတ္တာထဲ ပစ်ထည့်ထားခြင်းဖြစ်ရာ -
"အေးရောအေးနေပြီလားလဲ မသိဘူး"
"ငါ နင်နဲ့လိုက်ခဲ့မယ်"
ရွှီရွေက လက်ထဲတွင်ရှိသမျှကို အောက်ချပြီး ဝမ့်ဖေးနောက် လိုက်သွားသည်။
ပျန်းနမ်က ချိုးယိ စားချင်သော အသားလုံးကို ကင်ပြီးပြီးနောက် ငရုတ်သီးနောက်တစ်ထပ် ထပ်သုတ်လိုက်ပြီး ရှန်းထောင်း သတိမထားမိသည့်အချိန်တွင် ချိုးယိဆီ ပေးလိုက်သည်။
"ရော့"
ချိုးယိက အတော်လေး ကျေနပ်အားရစွာ အသားလုံးတစ်လုံး ကိုက်စားလိုက်ပြီး ဗလုံးဗထွေးဖြင့် ပြောလာသည်။
"ဒီလို feel လေး ......"
"သိပ် မိုက်"
ပျန်းနမ်က ဆက်ဆိုသည်။
"ဒီလို feel လေး သိပ်မိုက် ... feel feel သိပ်မိုက် ......"
ဘေးနားက ရှန်းထောင်းက ဆက်၍ ဆိုလာသည်။
"မိုက် မိုက် မိုက် မိုက်"
ပျန်းနမ် အတော်ကြာအောင် စဥ်းစားလိုက်ပြီး နောက်ဆုံးတွင် ရယ်၍ ပြောလာသည်။
"ငါ ဆက်မဆိုတတ်တော့ဘူး။ စာသား မသိဘူး"
"အာ့ပေါင်ပဲ မှတ်မိလိမ့်မယ်ထင်တယ်"
ချိုးယိ ပြောသည်။
ဝမ့်ဖေးနှင့်ရွှီရွေ ဘီယာများ သယ်လာချိန်တွင် ဒီဘက်က ပျန်းနမ်တို့ ကမောက်ကမဖြင့် ကင်ထားသော အကင်များလည်း များစွာ ကင်ပြီးနေခဲ့ပြီ။ လူတစ်စုက ရေမပေါက်သော ဖျာအခင်းကို မြေကြီးပေါ်တွင် ခင်းလိုက်ပြီး စားစရာများကို အခင်းပေါ်တွင် တင်လိုက်သည်။
"အာ့ပေါင်ရေ ——"
ပျန်းနမ်က မြစ်ကမ်းဘက်ဆီ အော်ခေါ်နေကာ -
"အာ့ပေါင် —— ချိုးအာ့ ...... မဟုတ်ဘူး၊ ပျန်းအာ့ပေါင် ——"
အော်ခေါ်လိုက်ပြီးနောက် ဒီဘက်ဆီ ပြေးလာနေသော ခွေးသုံးကောင်ကို ခပ်လှမ်းလှမ်းတွင် လှမ်းမြင်လိုက်ရပြီး သူတို့နောက်ကနေ ပါလာသော ကျောက်ခဲများစွာကို အင်္ကျီဖြင့် ထည့်ထုပ်လာခဲ့၍ လမ်းတောင် ကောင်းကောင်းလျှောက်၍မရတော့သည့် ချိုးယန့်ကို မြင်ရသည်။
အားလုံး နေရာယူ ဝင်ထိုင်ပြီး၍ အသင့်ဖြစ်နေသည်ကို မြင်တော့ ချိုးယန့်သည် အလွန်စိတ်လှုပ်ရှားစွာ ရွက်ဖျင်တဲထဲ ပြေးဝင်သွားပြီး ကျောက်တုံးများကို အထဲတွင် မှောက်ချလိုက်ပြီးနောက် သရေစာမုန့်များဖြင့် ပြန်ပြေးထွက်လာပြီး ပျန်းနမ်ဘေးနားတွင် ဝင်တိုးထိုင်လိုက်သည်။
"ဒီမှာ သကြားလုံးတွေနဲ့ ချောကလက်တွေလဲ ရှိသေးတယ်"
"အာ့ပေါင်က သိပ်သဘောကောင်းတာပဲ"
ရွှီရွေက ကူချိုင်ကင် တစ်ကင်ယူပြီး သူ့အား ပေးလိုက်ရင်း သူ့ကို စနောက်ကာ -
"အသားမစားတော့ဘဲ အရွက်ပဲ စားတော့မယ် ဟုတ်တယ်မလား"
ချိုးယန့်သည် ကူချိုင်ကို တစ်အောင့်ခန့် စိုက်ကြည့်နေပြီးမှ ကူကယ်ရာမဲ့စွာ လှမ်းယူပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ -
"တော်ပါပြီ။ အရွက်နည်းနည်းပါးပါး အရင်စားလိုက်မယ်"
"ချာတိတ်လေး မင်း တကယ်ကြီးကို ကယ်လို့မရတော့ဘူး"
ပျန်းနမ်က ရယ်ရင်းနဲ့ အသားလိပ် ယူပြီး သူ့ပန်းကန်ပြားထဲ ထည့်ပေးလိုက်သည်။
"မြို့ပြင်ဘက်မှာ မြို့ထဲထက် မိုးချုပ်စောတာပဲ"
ဝမ့်ဖေးက ဘီယာတစ်ဘူးယူပြီး တစ်ငုံသောက်လိုက်ပြီးနောက် မိုးကောင်းကင်ပေါ် ကြည့်လိုက်ကာ -
"၆ နာရီ ထိုးခါစပဲ ရှိသေးတာကို ငါ့မိန်းမမျက်နှာ သေချာမမြင်ရတော့ဘူး"
"စိတ်တိုစရာပါလား နင်"
ရွှီရွေက သူ့ကို မျက်စောင်းထိုးလိုက်သည်။
သူတို့နှစ်ယောက်ကို ကြည့်ပြီး ပျန်းနမ် အနည်းငယ် မနာလိုအားကျမိသည်။ တစ်ညနေခင်းလုံး ဒီနှစ်ယောက်သား ဒီလို အထိန်းအကွပ်မဲ့စွာ ဘေးနားမှာ ဘယ်သူမှမရှိသလို အရှက်အကြောက်မရှိ အချစ်စမ်းကြည်နူးလိုက် ရန်ဖြစ်လိုက် လုပ်နေကြသည်မှာ တကယ်ကိုပင် ဒေါသထွက်စရာကောင်းလှသည်။
"ခဏနေ မီးလာတော့မယ်"
ချိုးယိက စခန်းတခွင်ပတ်ပတ်လည် ဆင်ထားသော မီးများကို ညွှန်ပြလိုက်ရင်း -
"ဒါပေမဲ့ ဒီညတော့ ဖျော်ဖြေရေး မရှိဘူး။ သူဌေးကပြောတာတော့ ရာသီဥတု အေးလာပြီမို့လို့တဲ့"
"ကိစ္စမရှိဘူး"
ဝမ့်ဖေးက လက်ယမ်းလိုက်ပြီး -
"ဒီအတိုင်းလေး စားရင်းသောက်ရင်း စကားစမြည်ပြောရင်းလဲ တော်တော်ကောင်းတာပဲလေ။ ပွဲကြည့်ချင်ရင် ခဏနေ ငါမူးသွားရင် မင်းတို့ ငါ့ကို လှည့်စားပြီး ကခိုင်းလို့ရတယ်၊ ကပြပေးမယ်"
"မင်း မူးတဲ့အထိ မစောင့်ရလောက်ဘူးထင်တယ်"
ရှန်းထောင်း ရယ်လိုက်ပြီး -
"ဘယ်လိုပဲဖြစ်ဖြစ် ပျန်းနမ်က အရင်ဆုံးမူးမှာ မဟုတ်ဘူးလား"
"ငါလူး"
ပျန်းနမ် ဘီယာဘူးယူပြီး တစ်ငုံ သောက်လိုက်ကာ -
"ဒီနေ့တော့ တစ်ခါလောက် အစွမ်းပြမယ်။ နှစ်ဘူးသောက်ပြီးမှ မှောက်မယ်"
ချိုးယိ ရယ်ရင်း သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်က နောက်ကနေ ပျန်းနမ်၏ခါးနားကို ညင်ညင်သာသာ သပ်လိုက်သည်။
ပျန်းနမ် သီးသွားကာ ပါးစပ်ထဲက မမျိုချရသေးသော ဘီယာကို ချိုးယန့်ခေါင်းပေါ် ဖူးခနဲ ထွက်သွားဖို့ နည်းနည်းသာ လိုသွားသည်။
ဘေးနားရှိ ရွက်ဖျင်တဲများ၏ပိုင်ရှင်များမှာ မိုးချုပ်တော့မှ ပြန်လာပြီး အကင်စကင်ကြသည်။ ဆယ်ယောက်ကျော် ရှိပြီး ယောက်ျားလေးရော မိန်းကလေးပါ ပါကြကာ အတွဲကိုယ်စီနှင့်ဖြစ်ကြ၏။ စားဖို့ အကင်လေးကင်ကြတာတောင် နင်ငါ့ကိုတစ်ခါထိ ငါနင့်ကိုတစ်ခါပြန်ဆိတ်မယ်ဖြင့် ရယ်လိုက်အော်လိုက် ကင်နေကြခြင်းဖြစ်ကာ ဆောင်းဘောက်လည်း ယူလာပြီး သီချင်းဖွင့်ထားကြသေးသည်။
"ဘယ်လိုဖြစ်လို့ ဒီလူတွေရဲ့ပုံစံကြည့်ရတော အုပ်စုလိုက် ......"
ရှန်းထောင်းက ဟိုဘက်ဘေးရှိ ချိုးယန့်ကို တစ်ချက်ကြည့်လိုက်ပြီး စကားကို ဆုံးအောင် မပြောလိုက်ချေ။
"ညကျရင် သွားခိုးနားထောင်လို့ရတယ်လေ"
ဝမ့်ဖေးက ဘီယာတစ်ငုံသောက်လိုက်ပြီး -
"ဘာပဲဖြစ်ဖြစ် ဒီတိုင်းအားနေလဲ အားနေတာပဲဆိုတော့ကာ"
"ဟုတ်လား"
ရှန်းထောင်းက စားနေရင်း နှေးကွေးအေးဆေးစွာ ဆက်၍ -
"သူများကတောင် မင်းတို့နှစ်ယောက်ကို လာခိုးနားထောင်ချင်တာလဲ ဖြစ်နေပါအုံးမယ်"
"ငါလူး"
ဝမ့်ဖေး တစ်ချက်ထအော်လိုက်ပြီး မျက်နှာကလည်း ချက်ချင်း နီမြန်းသွားသည်။
ဘေးနားရှိရွှီရွေက ပန်းကန်ပြားကိုမြှောက်ပြီး မျက်နှာကို ကာလိုက်ကာ ရယ်ရင်း ဆဲလာသည်။
"ရှန်းထောင်း ရူးနေတာလား နင်"
ပျန်းနမ်သည် လိုက်ရယ်နေရင်း သူလည်း အနည်းငယ် မျက်နှာပူလာသလို ခံစားလာရ၍ ဘီယာဘူးကို အလယ်သို့ ဆန့်ထုတ်ရင်း -
"လာ တစ်ချက်လောက် ထိရအောင်"
လူတစ်စု၏ ဘီယာဘူး အချိုရည်ဘူးများ ထိခတ်သံများ ထွက်ပေါ်လာပြီး ချိုးယန့်၏အော်သံလည်း ထွက်လာသည်။
"ကမ်းပေး"
ချိုးယိ၊ ရှန်းထောင်းနှင့်ဝမ့်ဖေးတို့အားလုံး အတူတူ 'ကမ်းပေး' ဟု ပြောကြပြီး ဘူးထဲက ဘီယာအားလုံးကို တစ်ငုံတည်းအကုန် မော့သောက်လိုက်ကြသည်။
"ကမ်းပေး"
ချိုးယိ ပျန်းနမ်ကို ကြည့်ကာ ပြုံးရင်း ပြောသည်။
ပျန်းနမ်က အသံထွက်အောင် ရယ်လိုက်ပြီးနောက် ဘူးတစ်ဝက်စာ ကျန်သော ဘီယာကို အကုန်မော့သောက်လိုက်သည်။
သူတို့ဘေးက ထိုလူအုပ်စု၏စနောက်သံများမှာ ပတ်ဝန်းကျင်အနေအထားကို အတော်လေး ဦးဆောင်နိုင်ကာ အားလုံးလည်း ထိုလူတွေကြောင့် ရွှင်မြူးစွာ အားရပါးရ စကားပြောလာကြသည်။ ကျောင်းနှစ်ကျောင်း၏ နာကြည်းချက်နှင့်ရန်ငြိုးများမှစပြီး ရွှီရွေတို့၏ ဆေးဘက်ဆိုင်ရာကျောင်းမှ ကောင်မလေးလှလှလေးများဆီ ရောက်လာသည်။ ထိုမှတဆင့် မနှစ်က ကိုယ်လုံးတီးကိစ္စဆီ ရောက်သွားကြပြန်၏ ......
ပျန်းနမ်သည် လူတစ်စုနှင့် စကားတပြောပြောဖြင့် စားနေရင်း သတိမထားမိဘဲ ဘီယာ သုံးလေးဘူး သောက်လိုက်မိသည်။
"ဒီလိုမျိုး စားတာက ခါတိုင်းစားတာထက် များသလိုပဲ။ ငါတို့ကောင်တွေ တကယ်ကြီး အရမ်းစားနိုင်ကြတာပဲ"
ဝမ့်ဖေးက ကင်ပြီးခါစ အသားကင်နှစ်ပန်းကန်ကို ယူလာခဲ့သည်။
"စားနေတာ အိပ်တောင်ငိုက်လာပြီ"
ချိုးယန့် ဗိုက်ပေါ် လက်တင်လိုက်ရင်း ဖျာပေါ်တွင် လှဲအိပ်လိုက်သည်။
"မင်း သွားအိပ်တော့"
ချိုးယိ ဖုန်းယူထုတ်ပြီး အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ညဆယ့်တစ်နာရီကျော်နေပြီဖြစ်ရာ -
"အနီရောင်တဲ"
"အနီရောင်တဲ"
ချိုးယန့် အော်ပြောလိုက်ပြီးနောက် လှဲရာမှ ကုန်းထကာ မျက်နှာချင်းဆိုင်ရှိ အနီရောင် ရွက်ဖျင်တဲထဲသို့ အလွန်မြူးထူးစွာ ပြေးဝင်သွားသည်။
"စောင်ခြုံပြီးအိပ်"
ချိုးယိက သူ့ကို လှမ်းပြောလိုက်သည်။
"ဟုတ် ——"
ချိုးယန့်က တဲထဲကနေ ပြန်ဖြေသည်။
ချိုးယန့်က အိပ်ငိုက်သည်ဟု ပြောသည်နှင့် ပျန်းနမ်သည် မျက်စိရှေ့တခွင် စတင်ဝေဝါးလာ၏။ အိပ်ငိုက်၍တော့မဟုတ်ပါ။ အရက်ရှိန်တက်လာခြင်း ဖြစ်လိမ့်မည်။ သူ ခေါင်းမော့ပြီး ကောင်းကင်ပေါ်က ကြယ်နှင့်လကို လှမ်းကြည့်လိုက်ရာ ကြယ်နှင့်လတို့၏ဘေးနားပတ်ပတ်လည်တွင် အမွေးနုတို့ ပေါက်နေတော့သည်။
"ဟိုမှာကြည့်"
ပျန်းနမ်က ချိုးယိကို ပခုံးနှင့် တိုက်လိုက်ရင်း -
"အမွေးတဖွားဖွားနဲ့ လ"
"အမွေး ...... တဖွားဖွား ဟုတ်လား"
ချိုးယိက ခေါင်းမော့ပြီး မိုးပေါ်ကို လိုက်ကြည့်လိုက်ပြီးနောက် ပျန်းနမ်နောက်ရှိ ဘီယာပုလင်းတို့ကို ပြန်ကြည့်လိုက်ကာ ရယ်ရင်း ဆက်ပြောလာသည်။
"ဘယ်နှပုလင်းပဲ ရှိသေးလို့လဲ။ အမွေးတဖွားဖွား ဖြစ်နေပြီ"
"ရှောင်ဖေးဖေး မြန်မြန်"
ပျန်းနမ် ခေါင်းမော့ထားလျက် ခေါင်းက အနည်းငယ် ရီဝေဝေဖြစ်နေပြီး ငြိမ်အောင် မထိုင်နိုင်ဘဲ ဖြစ်နေသည်။ တစ်ချက် ယိုင်သွားပြီးနောက် သူ့နောက်ရှိ ဖျာပေါ်သို့ ပက်လက် လှဲချလိုက်သည်။ မိုးပေါ်ကြည့်ပြီး တစ်အောင့်ခန့် အူမြူးနေပြီးနောက်မှ ဝမ့်ဖေးခြေထောက်ကို တစ်ချက် ကန်ထည့်လိုက်ရင်း -
"မင်းတို့နှစ်ယောက် ကြယ်တွေ လတွေ ...... သွားကြည့်သင့်နေပြီ။ ကဗျာစာသားတွေ သီချင်းစာသားတွေကနေ ဘဝဒဿနတွေအထိ ပြောကြ ......"
"ဘဝဒဿနတွေအကြောင်း သွားဆွေးနွေးမယ် ..."
ချိုးယန့်က ရွက်ဖျင်တဲထဲကနေ လိုက်အော်သည်။
"ပျန်းနမ် ဒီလောက်တောင် မသောက်နိုင်တာလား"
ရွှီရွေက ပျန်းနမ်ကို ကြည့်ရင်း အတော်အံ့အားသင့်နေကာ ရယ်ရင်း -
"ကြည့်လိုက်ရင် အများကြီးသောက်နိုင်တဲ့ပုံပေါ်တယ်လေ"
"ဒီနေ့တောင် သူ စံချိန်အသစ်ဖြစ်နေပြီ။ အရင်ကဆို တစ်ပုလင်း ဗိုက်ထဲရောက်တာနဲ့တင် ဘေးနားမှာ သွားကွေးပြီ"
ဝမ့်ဖေးက တဟေးဟေး ရယ်ရင်း ပြောသည်။
ပျန်းနမ် တိတ်ဆိတ်နေသည်။ နဂိုက မလှုပ်မယှက် ငြိမ်ငြိမ်ထိုင်နေတုန်းက ဘာမှ သိသိသာသာမခံစားရသော်ငြား အခု စကားလည်းပြော ရယ်လည်းရယ်လိုက်ပြီး လှဲအိပ်လိုက်တော့ တစ်ကိုယ်လုံး ပျော့ခွေနေပြီး ဖျာနှင့်အတူ ပျံသန်းတော့မလို ခံစားရသည်။
ချိုးယိ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -
"မင်းလဲ သွားအိပ်လိုက်တော့ပါလား"
"မအိပ်ဘူး"
ပျန်းနမ် မျက်နှာကို သပ်လိုက်ပြီး လက်ထောက်၍ တဖြည်းဖြည်း မတ်တတ်ထရပ်လိုက်ရင်း -
"ငါ အိမ်သာတော့ အရင်သွားမှရမယ်။ အိမ်သာ ဘယ်နားမှာလဲ"
"ရှေ့က ခြံဝင်းထဲက အနောက်ဖက်ခြမ်းမှာ တန်းစီရှိနေတဲ့ အခန်းလေးတွေ ......"
ရှန်းထောင်း ပြောသည်။
"မင်းက အိမ်သာထိန်းလား။ ဒီလောက် သေချာသိနေရအောင်"
ပျန်းနမ် ရယ်လိုက်ပြီး ရှေ့ခြံဝင်းဘက်သို့ ထွက်လာသည်။
မီးရောင်က လင်းလင်းချင်းချင်းသိပ်မရှိဘဲ တဲစခန်းဧရိယာတွင် မြက်တွင်းချိုင့်များ များစွာ ရှိနေသည်။ ပျန်းနမ် လမ်းလျှောက်နေရင်း သူ့ခြေလှမ်းများ နည်းနည်းပိုကြီးလျှင် ခြေထောက် လိမ်ဖယ်ဖယ်ဖြစ်သွားနိုင်သည်။
"အိမ်သာထဲတော့ လဲမကျသွားလောက်ဘူးမလား"
ဝမ့်ဖေး ဘီယာပုလင်းကို လက်ကချပြီး အကျင့်ပါစွာ လိုက်သွားကြည့်ဖို့ ပြင်သည်။ ချိုးယိကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘီယာပုလင်းကို ပြန်ကောက်ယူလိုက်၏။
"ငါသွားကြည့်ကြည့်မယ်"
ချိုးယိသည် ပျန်းနမ်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ နောက်က လိုက်သွားသည်။
"နောက်ကို ကွေ့ပြီး သစ်တောရဲ့အစွန်းမှာ ရှိတယ်"
ရှန်းထောင်းက စောစောက မဆုံးသွားသော စကားကို အဆုံးသတ်လိုက်သည်။
ချိုးယိ ရယ်လိုက်ပြီး -
"မင်း တခွန်းနဲ့တခွန်းကြား အသက်ရှူနားတဲ့ကြာချိန်က မြန်သားပဲ"
ပျန်းနမ်တစ်ယောက် ယိုင်တိယိုင်တိုင်နဲ့ ရှေ့ဘက်ခြံဝင်းသို့ ရောက်သွားချိန်တွင် သူ့နောက်က ထွက်ပေါ်လာသော ခြေသံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ချိုးယိဖြစ်မှန်း သေချာမြင်လိုက်ချိန်တွင် ရယ်လိုက်ပြီး -
"ဟမ်း ... လိုက်လာဖို့အထိ မလိုပါဘူး။ အိမ်သာထဲတော့ ...... လဲကျပါ့မလား"
ချိုးယိ သူ့ဘေးနားသို့ လျှောက်သွားပြီး သူ့ကို ခပ်ဖွဖွ တစ်ချက် တွန်းလိုက်သည်။
"ဟေ့"
ပျန်းနမ် ခြေလှမ်းယိုင်သွားပြီး နောက်ကို ဆုတ်သွား၏။
ချိုးယိ သူ့ကို လှမ်းဆွဲလိုက်ပြီး -
"ကျိန်းသေ လဲကျမှာ"
"စောက်ကျိုးနည်း မင်း နည်းနည်း ပိုကြမ်းကြမ်း ထပ်တွန်းလိုက်လေ"
ပျန်းနမ် ကျစ်ခနဲ စုတ်သပ်သည်။
ချိုးယိ သူ့လက်မောင်းကို ကိုင်၍ နှစ်ယောက်သား အတန်းလိုက်ရှိနေသော အခန်းလေးတွေ၏နောက်ဘက်ကို လျှောက်သွားသည်။
အိမ်သာမှာ မထင်မှတ်ထားစွာ အလွန်လှပနေပြီး ကြည့်လိုက်လျှင် စာကြည့်ခန်းနှင့်တောင် တူနေကာ သန့်လည်း သန့်ရှင်းနေသည်။ အမွှေးရနံ့အိုးလည်း ထွန်းထားသည်။
"ဒီကသူဌေးရဲ့အကြိုက်ကလဲ ထူးခြားသားပဲ။ ဧည့်သည်တည်းခိုခန်းတွေက ဝေးလံခေါင်သီတဲ့ဒေသက ဆင်းရဲနွမ်းပါးတဲ့စတိုင်နဲ့၊ အိမ်သာကိုတော့ ဒီလောက် အနုပညာဆန်အောင် ထွင်ထားတာ ......"
ပျန်းနမ် အိမ်သာထဲ ဝင်သွားပြီး -
"ဒီမှာ သေးပေါက်ရတာ ကိုယ့်ကိုယ်ကိုယ် အဆင့်မမီဘူးတောင် ခံစားရတာ"
"ဘာတွေ ဒီလောက်စကားများနေရတာလဲ။ အိမ်သာလေးလာတက်တာ လူ့ဘဝကိုတောင် သုံးသပ်နေပြီလား"
ချိုးယိ သူ့ကို ထိန်းထားရင်း -
"မြန်မြန်ပေါက်"
"မင်း ကြည့်ချင်တယ်ပေါ့"
ပျန်းနမ် ဇစ်ဖွင့်လိုက်သည်။
"ကိုင်တောင် ကိုင်ဖူးတာကို ဒီတစ်ချက်လေးကြည့်ရဖို့ ဂရုစိုက်နေမလား"
"ချိုးသာ့ပေါင် မင်းဘိုးအေ"
ပျန်းနမ် ရယ်လိုက်ပြီး -
"တကယ်ကြီး မင်းကို စောက်ရမ်း လေးစားသွားပြီ"
အိမ်သာသွားပြီး၍ လက်ဆေးချိန်တွင် ပျန်းနမ်သည် မျက်နှာကိုပါ တစ်ခါတည်း သစ်လိုက်သည်။ ဤနေရာ၏ရေသည် ကိုယ်ပိုင် တွင်းရေ ဖြစ်၍ ယခုကဲ့သို့ ရာသီဥတုအေးအေးတွင် မျက်နှာပေါ် ရေဖြန်းလိုက်ချိန်တွင် အနည်းငယ် နွေးနွေးလေးဖြစ်နေပြီး အတော်လေး နေ၍ကောင်းလှသည်။
ချိုးယိက အပြင်ဘက်တွင် သူ့ကို ရပ်စောင့်နေပြီး သူထွက်လာသည်ကို မြင်သောအခါ မေးလာသည်။
"နေရခက်လား"
"မခက်ဘူး။ နည်းနည်းလေး မူးနေရုံပဲ ရှိတာ။ သောက်တဲ့အချိန်တုန်းက လေတိုက်ခံထားရလို့ဖြစ်မယ်"
ပျန်းနမ် သူ့နားကို ရောက်တော့ လက်မောင်းကို သူ့ပခုံးပေါ်လာတင်လိုက်ပြီးသည်နှင့် သူ့ကို တောအုပ်ဘက်ဆီ ဆွဲခေါ်သည်။
"ဒီဘက်"
ချိုးယိက သူ့ကို ပြန်ဆွဲလိုက်သည်။
"သွားမယ်"
ပျန်းနမ်လည်း သူ့ကို ဆွဲထားကာ -
"ငါတို့နှစ်ယောက် တောအုပ်ထဲမှာ လမ်းလျှောက်ကြမယ်"
"ညသန်းခေါင်ကြီး တောအုပ်ထဲ ဘာဝင်လုပ်မှာလဲ"
ချိုးယိ သူ့ကို ဆွဲမထိန်းထားနိုင်ဘဲ သူနှင့်အတူ တောအုပ်ထဲ ဝင်သွားလိုက်သည်။
ညချမ်းအချိန် တောအုပ်လေးမှာ အလွန်တိတ်ဆိတ်နေပြီး ဤရာသီဥတုမျိုးတွင် ပိုးမွှားအော်သံများ မကြားရချေ။ နှစ်ယောက်သားသည် လရောင်တို့ ဖြာကျနေသော ခပ်ထူထူ ရွက်ကြွေများပေါ် နင်းလျှောက်သောအခါ တလျှပ်လျှပ်အသံ ထွက်ပေါ်နေသည်။
"မင်းလဲ နှင်းတွေ ကြယ်တွေ လရောင်တွေ ကြည့်ပြီး ကဗျာစာသားတွေ သီချင်းစာသားတွေကနေ ......"
ချိုးယိ၏စကားမဆုံးသေးမီ ဖြတ်ပြောခံလိုက်ရသည်။
"လာ"
ပျန်းနမ် ရုတ်တရက်လှည့်လာပြီး သူ့ကို ဖက်လိုက်ကာ သူ့နားရွက်နားတွင် တိုးတိုးလေး လာပြောသည်။
"ကလေကချေ လူရမ်းကားအလုပ် လုပ်ကြမယ်"
ချိုးယိ ဘာမှ ပြန်မပြောလာသေးမီ ပျန်းနမ်၏လက်သည် ချိုးယိ၏အင်္ကျီကို လှန်၍ အောက်ထဲကို လက်လျှိုသွင်းလိုက်ကာ သူ့ခါးကို ဆုပ်လိုက်သည်။
ချိုးယိ ခဏတန့်သွားပြီးနောက် ပျန်းနမ်၏ဆံပင်ကနေကိုင်ကာ နောက်ကို ဆွဲလိုက်ပြီးနောက် နမ်းလိုက်၏။
ပျန်းနမ်၏အသက်ရှူသံက အလွန်ပြင်းထန်ပြီး တုံ့ပြန်မှုကလဲ အရူးအမူးပင်။ လျှာက ချိုးယိ၏လျှာနှင့်အတူ ရစ်ပတ်ယှက်တင်နေတော့၏။
ချိုးယိက သူ့အင်္ကျီကို လှန်တင်လိုက်ကာ လက်က သူ့ကိုယ်ပေါ်တွင် ပွတ်သပ်နေသည်။
"ငါ့လခွမ်း"
ပျန်းနမ် သူ့ကို လွှတ်လိုက်ပြီး အသက်လုရှူရင်း အသံတိုးတိုးဖြင့်ပြောလာသည်။
"ငါ မတ်မတ်မရပ်နိုင်တော့ဘူး"
ချိုးယိက သူ့ကို ဘေးနားရှိ သစ်ပင်တစ်ပင်အောက်သို့ ဆွဲခေါ်သွားပြီး မှီစေလိုက်ကာ -
"ဒီပုံစံနဲ့ ကလေကချေအလုပ်က လုပ်အုံးမယ် ဟုတ်လား"
"မင်းအပူလား"
ပျန်းနမ် ရယ်လိုက်ပြီး ချိုးယိ၏ဘောင်းဘီခါးစကို ဆွဲ၍ သူ့ကိုယ်ပေါ်သို့ ဆွဲလာပြီးနောက် သူ့ကို ဖက်ထားရင်း လည်ပင်းပေါ် အကြိမ်ကြိမ်နမ်းလိုက်ကာ -
"ခဏ ထပ်နမ်းအုံးမယ်"
***
(ဆက်ရန်)
ဘာသာပြန်သူမှာ ပြောစရာလေးရှိပါ၏။ ။
ဆရာသမားက ဒီဝတ္ထုကို jjwxc မှာ 2014, Oct မှာ စတင်ပြီး 2015, Jan မှာ ပြီးတယ်လို့ ပေါ်နေတော့ ဆယ်နှစ်ထဲ ဝင်နေပြီတောင် ပြောလို့ရနေပြီ။ ဆယ်နှစ်တင်းတင်း မပြည့်ခင် ဘာသာပြန်ပြီးမယ်ထင်တာပါပဲ မိနစံတို့ရယ်။ မြန်မြန်လက်စသတ်ချင်လို့ ဘာသာပြန်မယ်လုပ်လိုက်၊ ကိစ္စတွေ ပေါ်လာလိုက်နဲ့ အိုင်လည်း တော်တော် ဂါနေပါပြီ။ အရေးထဲ အကောင့်က ပျက်သွားသေးတယ်။ အန်းနီးဝေး စောင့်ဖတ်ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အမြဲတမ်း ကျေးဇူးတင်ပါတယ်နော်။ နောက်တစ်ခန်းက သိပ်မကြာလောက်ပါဘူး။ မြန်မှာပါ။
20 Jan 2024