60 01
အပိုင်း (၆၀)
"ရှောင်မို"
ကျန်းကျိရင် သူ့ရှေ့မှ မိန်းကလေးကို ကြည့်ရင်း တစ်ခနလောက် ဆွံ့အသွားသည်။ သို့သော် ယခုအချိန်တွင် သူအသိချင်ဆုံး ကိစ္စမှာ တစ်ခြားသော မေးခွန်းဖြစ်သည်။
"မင်း သူ့နာမည်ကို ဘယ်လို သိတာလဲ"
"ဒေါက်တာဝိုင်နဲ့ ကျန်းကျိရင်တို့ရဲ့ သားသားလေး"
သူ ဤနာမည်အား ယင်ရှောက်ရှန်းကိုသာ ပြောပြခဲ့ဖူးသည်။ ထို့အပြင် အပြင်လောက ဂိမ်းထဲမှ ယင်ညန်ကိုလည်း ပြောပြခဲ့ဖူးသည်။
မုန့်ကာလီက ပြန်ဖြေသည်။
"ဒေါက်တာပြောပြတာ ကျွန်တော်တို့ အားလုံးကို..."
'သူက ဘယ်လိုလုပ် သိရတာလဲ'
ကျန်းကျိရင် ချက်ချင်း မူးခနဲမိုက်ခနဲပင် ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် သူ လျစ်လျူရှုခဲ့သော အရာအားလုံး မဟုတ်သေး ယခင်က လုံးဝ မတွေးမိခဲ့သော အရာများက သူ့ခေါင်းထဲသို့ အလုအယက် တိုးဝင်လာသည်။
ယင်ညန်လိုလူမျိုးက ကြောင်တစ်ကောင်ကို တရားလွန် အလိုလိုက်အကြိုက်ဆောင်၍ မွေးသည်။ ပိုင်မုန့် အဖွဲ့အစည်းတွင် ဒေါက်တာယင်ဟူ၍ အသွင်ယူပြီး တရားမျှတသည့် လူ့အဖွဲ့အစည်းသို့ ဝင်လာပြီး သူ့ကိုမှ အထူးတလှယ် ဂရုစိုက်ပေးခဲ့သည်။ ထို့အပြင် ထန်လီ၏ တင်ပြချက်ထဲမှ ဒေါက်တာဝိုင် လုပ်ခိုင်းခဲ့သော ချောကလက်များသည် သူ Item Store မှ ဝယ်ပေးတတ်သော အသည်းပုံ ပန်းရောင် ချောကလက်ဘူးနှင့် တစ်ထပ်တည်း တူနေခြင်း၊ သူ၏ ပစ္စတိုတွင် ရေးထိုးထားသော "ကိုယ့်ရဲ့ အချစ်စစ်" ဟူသော စာလုံးများ၊
မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော အလွန်တရာ သန်မာသည့် ရှန်းရှီ နှင့် ထိုသူ၏ သူ့အပေါ် ခံစားချက်များ ဖွင့်ဟခဲ့ပုံများ.... ထိုသူသည် သူ့အပေါ်တွင် စတွေ့စဉ်က စိတ်ပျက်စရာကောင်းသော လုပ်ရပ်တစ်ချို့ကို လုပ်ခဲ့သည်မှန်သော်လည်း နောက်ပိုင်းတွင် သူ(ကျန်းကျိရင်) ကိုယ်တိုင်ကပင် ထိုသူအနားသို့ ရောက်ရောက် သွားမိသည်။
ယခုတွင်တော့ အမှန်တရားက ရုတ်တရက် ပေါ်လာလေပြီ။ ရှန်းရှီနှင့် သူချစ်ရပါသော သူတို့၏ အသံတို့က တူညီနေခဲ့သည်။ ထို့အပြင် သူတို့၏ မျက်ဝန်းနက်နက်များကပါ ဆင်တူသည်။ ရှန်းရှီ သူ့ဘေးတွင် ရပ်လိုက်သည့် အချိန်တိုင်း ထိုသူ၏ အပြုအမူများသည် သူ မီမီ ဖြစ်သွားစဉ်က ယင်ညန် သူ့ကို ကာကွယ်ပေးပုံနှင့် တစ်ထပ်တည်းတူညီနေခြင်းပင်။
သူသတိမထားမိခဲ့သော အရာများက ယခုတွင်တော့ မထူးဆန်းသည့်အလား ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာသည်။
"ယင်ညန်"
အဘယ့်ကြောင့်များ သူသည် ချစ်ရသူ သူ့အနားရှိနေသည်ကို သတိမမူမိလောက်အောင် တုံးအခဲ့ရပါသနည်း။
ကျန်းကျိရင် လက်သီးတင်းတင်းဆုပ်၍ ခေါင်းယမ်းမိသည်။
တစ်ချိန်တုံးက သူသည် ဤဖြစ်နိုင်ချေကို ရိုးရိုးရှင်းရှင်း မတွေးခဲ့ရဲပေ။ သို့သော် ယခုလို အရာအားလုံး ရှင်းသွားသည့်အချိန်တွင်ပင်လျှင် သူ မယုံရဲနိုင် ဖြစ်နေသေးသည်။
'ငါတော့ ရူးသွားပြီ ထင်ပါရဲ့'
ဤကိစ္စများအားလုံး အားလုံး အားလုံးသည် သူ့အိပ်မက်ထဲတွင်ပင် မဖြစ်လာနိုင်ဟု တွေးထားမိသော အရာများ ဖြစ်သည်။
မုန့်ကာလီသည် သူ၏ စကားတစ်ခွန်းကြောင့် ကျန်းကျိရင်၏ ဆက်တိုက် ပြောင်းလဲသွားနေသော အမူအယာများကို ကြည့်ရင်း စိတ်ရှုပ်လာသည်။ သူသည် အောက်ဆင်းလိုက်ပြီး ယင်ရှောက်ရှန်းကို ချီလိုက်ကာ နောက်ဆုံးသော စကားကို တာဝန်သိတတ်စွာဖြင့် ပြောလိုက်သည်။
"သူ မင်းကို တွေ့ချင်နေတယ်"
နောက်တစ်စက္ကန့်တွင် မိန်းမငယ်လေး၏ ပုံရိပ်က တစ်ခါမှ မရှိခဲ့ဖူးသလို ပျောက်ကွယ် သွားသည်။
ကျန်းကျိရင် ဗလာဖြစ်နေသော အမူအယာဖြင့် ခေါင်းမော့လိုက်သည်။
တောက်ပလင်းလက်နေသော လမင်းက ကောင်းကင်ထက်တွင် အစွမ်းကုန် အလင်းပေးနေသည်။ တိမ်များက လွင့်သွားလိုက် ပြန်စုလာလိုက်ဖြင့် လေတိုက်တိုင်း အသွင်ပြောင်းနေ၏။ တောက်ပသော လရောင်ဖြာလာချိန်တွင် ကမ္ဘာမြေရှိ အမှောင်ထုက ဘေးဖယ်နေရသလို အလင်းနှင့်အမှောင် အားပြိုင်နေသလို ခံစားချက်မျိုးပေးစွမ်းနေသည်။ ထိုသို့ အလင်းနှင့် အရိပ်မည်းမည်းမည်းများကြားမှ ပုံရိပ်တစ်ခု လရောင်ထဲ ပေါ်လာပြီး ရှေ့တိုးလာသည်။ ၎င်းသည် အရပ်ရှည်ရှည်နှင့် ပိန်ပါးသော လူပုံရိပ်တစ်ခုဖြစ်ကာ ထိုသူသည် ရှေ့သို့ အေးဆေးစွာ လျှောက်လှမ်းလာသည်။
60 02
၎င်းဝတ်ထားသော ကုတ်အရှည်ကြီးသည် ည၏ လေထုထဲတွင် ဝဲလွင့်နေသည်။
သူ၏ နှလုံးသားကို ဆုပ်ကိုင်ဆွဲညှစ်ထားသည့် လက်တစ်စုံရှိနေသည့်အလား သူ့အသက်ရှူသံများ ရပ်တန့်လုလု ဖြစ်လာသည်။
ကျန်းကျိရင်သည် အလွန်ကို စိတ်ရှုပ်ထွေးနေသော အခြေအနေတွင် ရှိနေပြီး သူသည် မသိလိုက်စွာဖြင့် ရှေ့တိုးလာနေသော လူထံသို့ လက်ထဲမှ သေနတ်ဖြင့် ချိန်လိုက်မိသည်။
'သူက ဝိုင်'
'ပြီးတော့ ငါက အခု မီမီ မဟုတ်တော့ဘူး'
ဤလူနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် ဤလူသားကို သူမည်မျှ စွဲလမ်းချစ်ခင်နေမိကြောင်း သိသွားရသော်လည်း သူ၏ ခံစားချက်များ တုံ့ပြန်ခံရလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားမိပါချေ။
ထိုအခိုက်အတန့်တွင် သူ၏ အမူအယာသည် ချစ်စိတ်ပြင်းပြနေသော်လည်း နက်ရှိင်းသော မကျေမနပ်မှုများကို မဖုံးနိုင်မဖိနိင်ဖြစ်နေသော အလွန်စိတ်တိုနေဟန် ပေါ်နေသည်ကိုတော့ သူသတိမထားမိပါချေ။
'ယင်ညန်'
ထိုလူက နောက်ဆုံးတွင် သူရှိရာသို့ လှမ်းလာနေပြီဖြစ်ပြီး သူ၏ ရင်ဘက်နှင့် ထိကပ်သွားပြီဖြစ်သော ငွေရောင်ပစ္စတိုကိုလည်း စိတ်ထဲတွင်ပင် မရှိသည့်ပုံပေါ်သည်။
သူသည် ခေါင်းငုံ့လိုက်ပြီး သူ၏ မျက်ဝန်းနက်နက်များက သူ့ရှေ့မှလူကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်နေသည်။ ထို့နောက် သက်ပြင်းဖွဖွချ၍ သူ့(ကျန်းကျိရင်)ကို ဖက်လိုက်သည်။ သူသည် နူးညံ့သောအသံတိုးတိုးဖြင့် ကျန်းကျိရင်ကို မေးသည်။
"ကျိရင် တကယ်လို့ ကိုယ်က မင်းသိထားတဲ့ ဝိုင် မဟုတ်ရင် ကိုယ့်ကို ကြိုက်ဦးမှာလား"
၎င်းက ရှန်းရှီ မသေခင်က သူ့ကို မေးခဲ့သည့်အတိုင်းပါပေ။
"တကယ်လို့ သူက မင်းထင်နေသလို မဟုတ်ခဲ့ရင် သူ့ကို ဆက်ပြီး ကြိုက်ဦးမှာလား"
သူသည်ကျန်းကျိရင်ကို အခြေကို မစောင့်ခဲ့ဘဲ မွတ်သိပ်သော ခံစားချက်များ ပြည့်နှက်နေသော အသံဖြင့် ဆက်ပြောလာသည်။
"ကိုယ် မင်းကို သဘောကျတယ်"
"ကျိရင် ကိုယ်မင်းကို သဘောကျတယ်"
သူတို့ကြားမှ ငွေရောင်ပစ္စတိုလေးသည် မြေပြင်ပေါ်သို့ ကျသွားပြီး ဝေးဝေးသို့ လှိမ့်သွားသည်။
ကျန်းကျိရင် မျက်လုံးမှိတ်လိုက်ပြီး သူ့ရှေ့မှလူအား တင်းကျပ်စွာ ဖက်လိုက်မိတော့သည်။
တကယ်တမ်းတွင် သူသည် လက်ရှိ အခြေအနေကိုရော ယင်ညန်၏ စကားများ၏ ဆိုလိုရင်းကိုပါ နားမလည်သော်လည်း သူ ဘာကိုမှ ဂရုမစိုက်တော့ပေ။
"ဤလူနှင့် ချစ်ကျွမ်းဝင်လိုက်မိသည့် အခိုက်အတန့်မှစ၍ သူသည် ရူးသွပ်ခြင်းကိုသာ ရွေးချယ်ခဲ့လေသည်"
ဤကမ္ဘာပေါ်တွင် ကိုယ်လိုချင်သည်ကို ရဲရဲဝံ့ဝံ့ မပြောနိုင်ဘဲ ရှက်ရွံ့ပြီး သတ္တိကြောင်နေတတ်သည့် လူတစ်မျိုးရှိသည်။ သူတို့သည် အမြဲတမ်း ဘာကိုပဲ လိုချင်လိုချင် တိတ်တိတ်ကလေးသာ နေပြီး သည်းခံနေတတ်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ကိုယ်သူတို့ ပြောတတ်ကြသည်။
"ငါ အဲဒါကို ဒီလောက်ကြီးလဲ မလိုချင်ပါဘူး အဲဒါကို မရရင်တောင် ငါ့အတွက် အဆင်ပြေပါတယ် အဲဒါက အရမ်းအရေးကြီးတာလဲ မဟုတ်ဘူး"
ကျန်းကျိရင်သည် ထိုလူတစ်မျိုးထဲမှ လူတစ်ယောက်ဖြစ်သည်။ ထိုသို့လည်း ပြော၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုသူများထက် ပို၍ ပြင်းထန်သော စိတ်ထားရှိသူဖြစ်သည်။ သူသည် သူလိုချင်သည့်အရာကိုသိသော်လည်း ကြိုးစားကြည့်ဖို့ပင် မရဲသောကြောင့်ဖြစ်သည်။
သူသည် လိုချင်တာ မရမည်ကို ကြောက်ရွံ့နေခဲ့သည်ထက် ရပြီးမှ ဆုံးရှုံးသွားရမည်ကို ပို၍ ကြောက်ရွံ့ခဲ့သည်။ ပုံမှန်အားဖြင့် သူသည် လူများကြားမှ "အချစ်" ဆိုသော အရာကို လုံးဝ အယုံအကြည်မရှိပေ။ သူ၏ သွေးရင်းမိဘများက သူ့ကို အကောင်းဆုံး ဥပမာပေးခဲ့သည်။
အစပိုင်းတွင် ထူးခြားလွန်းသလို ခံစားရပြီး ချစ်စိတ်ပြင်းပြကြမည်ဖြစ်သော်လည်း အဆုံးတွင် အချင်းချင်း ကွဲကွာကြခြင်းဖြင့် အဆုံးသတ်ကြသည်။ သူတို့သည် တဖြည်းဖြည်းချင်း စိမ်းသက်လာကြပြီး နောက်ထပ် ဘယ်သောအခါမှ ထပ်မတွေ့ကြတော့ပေ။
သူသည် သူ၏ ခံစားချက်များကို ကမ္ဘာကိုပင် အပိုင်းပိုင်းနိုင်လောက်အောင် သန်မာပြီး ခန့်ညားသော စိတ်ကူးယဉ်ဇာတ်ကောင်ကိုသာ ပေးအပ်ရဲသည်။ သူဘက်က သဘောကျနေသ၍ သူ့ကို ဘယ်သောအခါမှ မငြင်းဆန်မည့်သူအားသာ သူ့ခံစားချက်များ ပုံအပ်ထားရဲသည်။
ဤသို့ဖြစ်နေသည့် သူသည် အချိန်အတော်ကြာအောင် သနားစရာ မုန်းစရာကောင်းနေခဲ့သူ ဖြစ်သည်ဟု သူ့ကိုယ်သူ ထင်မိလာသည်။
သို့သော် သူသည် ဤအခိုက်အတန့်တွင် မျက်လုံးများမှိတ်၍ ရှေ့မှလူကို တင်းကျပ်စွာ ဖက်ထားခဲ့သည်။ ဤအခိုက်အတန့်တွင် အရာရာတိုင်းက သူ့အတွက် ဆန်းကြယ်သည်ဟုသာ ခံစားမိခဲ့သည်။ သူကပြောသည်။
"ယင်ညန် ခင်ဗျားဘယ်သူဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး ဒီဟာက ကျွန်တော့်ဘဝရဲ့ အခမ်းနားဆုံးသော ကံတရားပဲ"
'ဒါကြောင့် ကျွန်တော့်ဆီကနေ ဘယ်တော့မှ ထွက်မသွားပါနဲ့ ကျွန်တော့်ကို ဆက်မကြိုက်တော့ဘဲ မနေပါနဲ့'
'ကျွန်တော့ကို တကယ်ကို ချစ်တယ်လို့ ခံစားရစေတဲ့သူကို တွေ့ဖို့ ကျွန်တော် နှစ်တွေ အများကြီး စောင့်ခဲ့ရတာ'
"ယင်ညန် ကျွန်တော် ခင်ဗျားကို ကြိုက်တယ်"
'ကျွန်တော် ခင်ဗျားကိုပဲ ကြိုက်ခဲ့တာ ဂိမ်းထဲက မှောင်မည်းနေတဲ့ ဓာတ်ခွဲခန်းထဲမှာ ခင်ဗျားကို တွေ့ခဲ့တုန်းထဲက အခုအထိ အကြာကြီး အကြာကြီး ခင်ဗျားကိုပဲ ကြိုက်ဖူးတာ'
60 03
'ကိုယ့်နာမည် ယင်ညန် ဆိုပြီး ပြန်ပြောလာတဲ့အချိန်မှာ ကျွန်တော် ခင်ဗျားကို စွဲလမ်းသွားတာပဲ'
ယင်ရှောက်ရှန်းလေး၏ "ဒေါက်တာဝိုင်နှင့် ကျန်းကျိရင်တို့၏ သားသားလေး" ဟူသော နာမည်ကို သိထားသည့် တစ်ဦးတည်းသော သူသည် သူ့ကို အချိန်တိုင်း အဖော်ပြုပေးနေခဲ့သည်။
အကြိမ်မရေမတွက်နိုင်အောင် ပြောချင်ခဲ့သော ဝန်ခံစကားကို တစ်နေ့တွင် အမှန်တကယ် ဖွင့်ဟ ပြောနိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
"ကျွန်တော် ခင်ဗျားကို ကြိုက်တယ် ယင်ညန်"
မှောင်မည်းနေသော လမ်းကြားလေး၏ တစ်ဖက်ခြမ်းတွင် ပြိုပျက်နေသော အုတ်နံရံရှိသည်။ သူတို့သည် အုတ်ပုံကြီး တစ်ပုံပေါ်တွင် တစ်ယောက်လက် တစ်ယောက်ကိုင်၍ ထိုင်နေကြကာ လကြည့်နေကြသည်။
ဘဝအကြောင်း ပြောကြသည်။
ယင်ညန်သည် သူ့ဘေးမှ လူသားလေး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏ ခေါင်းက အနည်းငယ် ငုံ့နေကာ သူ့မျက်နှာအစိတ်အပိုင်း အတော်များများကို အရိပ်ထဲတွင် ဖုံးကွယ်ထားသည်။
သူကပြောလာသည်။
"ကျိရင် ကိုယ်က လူသားမဟုတ်ဘူး"
ကျန်းကျိရင် သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး အိပ်မက်မက်နေဆဲ လူတစ်ယောက်ပမာ တိုးတိုးပြန်ပြောသည်။
"ရပါတယ် ကျွန်တော် သိပြီးသား"
"မဟုတ်ဘူး ကိုယ်က မင်းထင်နေသလို ဂိမ်းထဲက စိတ်ကူးယဉ်ဇာတ်ကောင်လည်း မဟုတ်ဘူး"
ယင်ညန်သည်သူ၏ လက်ကလေးကို ဖျစ်ညစ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလာသည်။
"အစတုန်းက ကိုယ့်ရဲ့ code name က yn427 လူသားမျိုးနွယ်တွေရဲ့ အမြင်မှာ ကိုယ်က လူလုပ်အသိဉာဏ်လို့ မြင်ကြတယ် ယင်ညန်ဆိုတာ ကိုယ့်ဟာကိုယ် ပေးထားတဲ့ နာမည်လေ"
တရှိန်ထိုး တိုးတက်ပြောင်းလဲလာသော သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က A မြို့တော် ကမ္ဘာလုံးဆိုင်ရာ အစည်းအရုံးကြီး မှ လူလုပ်အသိဉာဏ် ဖွံ့ဖြိုးလာရေး ပရောဂျက်ကို စတင် သုတေသနလုပ်ခဲ့သည်။
လူသားများ၏ နေ့စဉ်ဘဝရှိ လိုအပ်ချက်များကို ရိုးရှင်းလွယ်ကူလာစေရန် သာမန် ရိုးရှင်းသော အသိဉာဏ်တုများဖြင့် ဖြည့်သွင်းလုပ်ကိုင်လာကြသည်။ သို့သာ် သူတို့သည် ထိုဉာဏ်ရည်တုအပြင် လူသားများ၏ စွမ်းဆောင်ရည်နှင့် အသိဉာဏ်ထက် ကျော်လွန်သော အထူး လူလုပ်အသိဉာဏ်တစ်ခု ဖန်တီးနိုင်ရန် စတင်လေ့လာမှုများ လုပ်လာကြသည်။
သူတို့၏ အနှိုင်းအဆမဲ့သော အစီအစဉ်ထဲတွင် "Human Project" ဟု ခေါ်သော အကောင်းဆုံး လူလုပ်အသိဉာဏ်ကို ထုတ်လုပ်ရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် အောင်မြင်သွားလျှင်ပင် ထိုအရာက ဘာကိုမှ လုပ်နိုင်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့ကြသည်။ သူတို့သည် ဒီအတိုင်း သူတို့၏ သုတေသနနည်းလမ်းများ သက်ရောက်မှုရှိမရှိနှင့် မည်သည့်အတိုင်းအတာအထိ သက်ရောက်မှုရှိနိုင်မည်ကိုသာ စိမ်းသပ်လိုကြခြင်းဖြစ်ပြီး သူတို့လူသားများအနေနှင့် လူလုပ်အသိဉာဏ်နှင့် ပတ်သက်၍ မည်သည့်အဆင့်က အမြင့်ဆုံးဆိုသည်ကို ရှာဖွေစမ်းသပ်လိုကြခြင်းလည်း ဖြစ်သည်။
အစပို်ငးတွင် သူတို့သည် ထိုအချိန်က အကောင်းဆုံး အဆင့်အမြင့်ဆုံး အတိုးတက်ဆုံးဟု ထင်ရသော သာမန် လူလုပ်အသိဉာဏ်တစ်ခုကို ဖန်တီးခဲ့ကြသည်။ ထို့နောက် ထိုလူလုပ်အသိဉာဏ်ကို အမြင့်ဆုံး အာဏာပေးခဲ့သည်။ ထိုအသိဉာဏ်ကို တီထွင်ခဲ့သူမှ အသိဉာဏ်ကို ပေးခဲ့သော တစ်ခုတည်းသော ညွှန်ကြားချက်သည် "၎င်းကိုယ်တိုင် သန်မာလာပြီး ပြီးပြည့်စုံလာစေရန် လုပ်ဆောင်ရန်" ဟူသည့် ညွှန်ကြားချက်ပင် ဖြစ်သည်။
Project သည် တော်တော်လေး အချိန်ကြာခဲ့ပြီး စမ်းသပ်မှုအတော်များများက မအောင်မြင်ခဲ့ပေ။ ထို့အပြင် ၎င်းက ဖျက်ဆီးခံလိုက်ရသေးသည်။ Project များ အားလုံးထဲတွင် Yn427 သည် အအောင်မြင်ဆုံးသော Project တစ်ခုဖြစ်ခဲ့သည်။ အနည်းဆုံးသော သူတို့၏ မျက်လုံးထြတွင် သူသည် ထိုအချိန်က စမ်းသပ်မှုများထဲတွင် အပြီးပြည့်စုံဆုံးနှင့် အအောင်မြင်ဆုံး ဖြစ်ခဲ့သည်။
မူလအစီအစဉ်များအရ စမ်းသပ်မှုအောင်မြင်၍ product ကို အပြီးသတ်ပြီးလျှင် လိုအပ်သော ဒေတာများ ရယူပြီး ချက်ချင်း ဖျက်ဆီးပစ်ရမည်။
ထိုအချိန်က လူသားများအတွက် အလွန်စွမ်းအားကြီးပြီး အမည်မသိ အသိဉာဏ်တစ်ခုကို ထိန်းချုပ်ရန် မတတ်နိုင်ခဲ့ပေ။ လူသားမျိုးနွယ်များထက် ကျော်လွန်သော အသိဉာဏ်တစ်ခုကို ထိန်းချုပ်ရန် လူသားများ မတတ်နိုင်ကြတော့။
လူသားများနှင့် လုံးလုံးမသက်ဆိုင်သော ဉာဏ်ပညာကိုယ်ထည်၏ နောက်ကွယ်မှ နည်းလမ်းများကို လူသားများ နားမလည်နိုင်ကြသည့် အဖြစ်မှန်ကို သိထားသင့်သည်။ သူတို့တွင် လူသားဆန်သော ခံစားချက်များမရှိသလို လူသားများ၏ ကိုယ်ချင်းစာတရားမရှိ၊ လူ့စရိုက်မရှိ၊ အမှားအမှန်ခွဲခြားနိုင်မှုတို့ မရှိကြပေ။ သူတို့ကို ညွှန်ကြားထားသော ပန်းတိုင်ရောက်သည်အထိ တိုက်ရိုက် ဆက်တိုက် ဆင့်ကဲ လှုပ်ရှားသွားကြမည်သာ ဖြစ်သည်။
60 04
သို့သော် Yn427 သည် အလွန်ကို ပြီးပြည့်စုံခဲ့သည်။ 'Human Project' ကို တာဝန်ယူ သုတေသနလုပ်ရသော ပညာရှင်များသည် ၎င်းကို ချက်ချင်း ဖျက်ဆီးရန် အမိန့်ကို လိုက်နာရန် တွန့်ဆုတ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် မူလအစီအစဉ်ကို ပြောင်းပြန်လှန်ပစ်ခဲ့ကြပြီး Project၏ ဒုတိယအပိုင်းကို စတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့သည် Yn427 ကို လူသားခံစားချက်များ ရရှိလာရန် မျှော်လင့်ခဲ့ကြသည်။ ၎င်းကို လူသားများ၏ ခံစားချက်များကို နားလည်လာစေပြီး သူတို့၏အမြင်တွင် လူသားတစ်ယောက်ကဲ့သို့ ဖြစ်လာမည်ကို စောင့်ကြည့်လိုကြသည်။ ၎င်းက Yn427ကိုပို၍ ပြီးပြည့်စုံလာစေမည်သာမက အစီအစဉ်အောင်မြင်သွားလျှင် သူတို့၏ ထိန်းချုပ်မှုမှ လွတ်သွားမည့် အန္တာရာယ်ကိုလည်း တားဆီးပြီးသား ဖြစ်သွားစေမည်။
'Human Project'၏ သုတေသနပညာှရှင်များသည် Yn427 ကို လူသားခံစားချက်များ ရလာစေရန် စမ်းသပ်မှုများ အကြိမ်ကြိမ်လုပ်သော်လည်း အားလုံး ကျရှုံးခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် လူသားခံစားချက်များ ထည့်သွင်းရန် ပရိုဂရမ်တစ်ခု ရေး၍ပင် ထည့်ခဲ့သေးသည်။
အစပိုင်းတွင် သူတို့သည် Yn427 လူလုပ်ကိုယ်ရေးအကျဉ်းများ ရေးသားပြီး ထည့်ပေးရန် ကြိုးစားခဲ့သော်လည်း Yn427က ထည့်သွင်းခံရန် ငြင်းဆန်ခဲ့သည်။
သုတေသနပညာရှင်များသည် နောက်ပိုင်းတွင် အဖြေတစ်ခု ရလာခဲ့သည်၊ သူတို့သည် ကမ္ဘာတစ်ဝှမ်းတွင် ရှိနေပြီးသား ပုံရိပ်ယောင် နောက်ခံများကို စုစည်းလာပြီး Yn427ကို ၎င်းနှင့် ကိုက်ညီမည့် identity ကို ကိုယ်တိုင် ရှာစေခဲ့သည်။
နောက်ဆုံးတွင် သူနှင့် အလိုက်ဖက် အသင့်တော်ဆုံး ဇာတ်ကောင်မှာ မြို့တော် Zမှ ထုတ်ဝေမထားသော အွန်လိုင်းဂိမ်းတစ်ခုထဲမှ ဒေါက်တာဝိုင် ဟုခေါ်သည့် ဇာတ်ကောင်ဖြစ်သည်။ ကိုက်ညီမှုရာခိုင်နှုန်းသည်လည်း ငါးဆယ့်ခုနှစ်ရာခိုင်းနှုန်းဖြစ်၍ အတော်အသင့်မြင့်မားသည်ဖြစ်ရာ Yn427 က ၎င်းကို လက်ခံခဲ့သည်။
စိတ်လှုပ်ရှားနေသော သုတေသနပညာရှင်များသည် ထို ပုံရိပ်ယောင် ဇာတ်ကောင်၏ နောက်ခံအချက်အလက်တို့ကို လျစ်လျှူရှုခဲ့မိကြသည်။
: ကမ္ဘာပျက်ကပ်ကို ဖန်တီးခဲ့သော ရူးသွပ်နေသော ပါရမီရှင်
ကံကောင်းသည်လား ကံဆိုးသည်လား မည်သူသိပါမည်နည်း။ ဒေါက်တာဝိုင်၏ အချက်အလက်များကို စုပ်ယူပြီးသော Yn427 သည် ကိုယ်ပိုင် အသိဉာဏ် နိုးထလာခဲ့တော့သည်။
သူသည် သူ့ကိုယ်သူ ဒေါက်တာဝိုင် မဟုတ်ဆိုသည်နှင့် သူသည် လက်တွေ့စမ်းသပ်မှု ပရိုဂရမ်မှ စမ်းသပ်အောင်မြင်လာသော လူလုပ်အသိဉာဏ်တစ်ခုသာ ဖြစ်ကြောင်းကိုပင် သိရှိထားခဲ့သည်။
သူသည် လူသားများ၏ တွေးခေါ်ပုံ လုပ်ငန်းစဉ်များကို လေ့လာခဲ့ပြီး လူသားများကဲ့သို့ လှုပ်ရှားတွေးခေါ်ခဲ့သော်လည်း သူ့အတွက် တကယ့်လူသားတို့၏ ခံစားချက်များ ရလာနိုင်ရန် ခက်ခဲနေခဲ့သေးသည်။
သူသည် ကမ္ဘာတစ်ဝှမ်း မည်သည့်နေရာမဆို လွပ်လပ်စွာ ဝင်ရောက်သွားလာ ကျူးကျော်နိုင်သော်လည်း ဒေါက်တာဝိုင်၏ ပုံရိပ်နှင့် နီးကပ်သလို ခံစားရမှုကြောင့် ဒေါက်တာဝိုင်တည်ရှိဖသာ အတုအယောင် လောကတွင်ပင် နေထိုင်ခဲ့သည်။
နောက်ပိုင်းတွင် သူသည် ထိုနေရာတွင် ထူးခြားသော နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး ထိုနေရာတွင်ပင် တစ်စုံတစ်ယောက်က သူ့ကို မကြာခန လာရှာခဲ့သည်။
သူ့ကိုလာရှာသော ထိုသူသည် သူ့ကို စကားများပြောလိမ့်မည်။ လက်ဆောင်များပေးလိမ့်မည်။ သူ့ကို ဖက်လိမ့်မည်။ သူ့ကို သဘောကျပါကြောင်း ပြောလိမ့်မည်။
သူသည် <Tomorrow> ဂိမ်းနှင့် အရာအားလုံး တူညီသည့် ကမ္ဘာသစ်တစ်ခု တည်ဆောက်ရန် သူ၏ စွမ်းအားများကို အသုံးချခဲ့ရသည်။ ထိုကမ္ဘာတွင် ဒေါက်တာဝိုင်၏ ဇာတ်ကောင်တွင် ဝင်၍ နေထိုင်ခဲ့သည်။ သူမွေးဖွားလာသည်။ သင်ယူခဲ့သည်။ ထို့နောက် ဓာတ်ခွဲခန်းသို့ ဝင်ခဲ့သည်။ ထို့နောက်တွင် ဂိမ်းဇာတ်ကြောင်း တိုးတက်မှုအတိုင်း ကမ္ဘာပျက်ကပ်ကို မဖန်တီးခင်အထိ သာမန်လူတစ်ယောက်လို ရှင်သန်နေထိုင်ခဲ့သည်။
"ကျိရင် မင်းက ကိုယ့်ကို လူသားတစ်ယောက်လို ခံစားရစေတယ် ကိုယ် လူသားတစ်ယောက်လို ခံစားချက်မျိုးရှိမှာ မင်းနဲ့ နီးစပ်နိုင်မှာမို့လို့ ကိုယ်ကြိုးစားခဲ့တာ"
ခပ်နိမ့်နိမ့် နံရံထက်တွင် လူငယ်လေးသည် သူ၏ ချစ်သူအနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
60 05
သူ၏ အမြင်တွင် ဒေါက်တာဝိုင်၏ တည်ရှိမှုသည် လုံးဝ လုပ်ကြံဖန်တီးထားသော်လည်း သူ၏ ဇာတ်ကောင်သည် လူသားသာ ဖြစ်နေသေးသည်၊ သူ ပို၍ သန်မာလေလေ အစွမ်းထက်လာလေလေ သူသည် လူသားတစ်ယောက် မည်သို့မှ ဖြစ်မလာနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိလာလေဖြစ်လာပြိး သူသည် လူသားတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ရန် တဖြည်းဖြည်း ဝေးကွာလာပေလိမ့်မည်။
သူ ဂရုစိုက်သော လူသားထံမှ လက်ခံခြင်း မခံရမည်ကို ကြောက်ရွံ့လာသည်။ သူသည် ထိုလူသားလေးက ဂိမ်းရေးဆွဲသည့် အဖွဲ့မှ ရေးဆွဲထားသော ဒေါက်တာဝိုင်ဟူသည့် ဇာတ်ကောင်ကိုသာ ကြိုက်နှစ်သက်ပြီး သူ့ကို မကြိုက်မည်ကိုလည်း ကြောက်နေခဲ့သည်။
"လူသားတွေရဲ့ သက်တမ်းက အရမ်းကို တိုမှန်း ကိုယ်သိပါတယ် ပြီးတော့ ကိုယ်က မင်းရဲ့ သာမန်ဘဝကို နှောင့်ယှက်မဲ့ အစီအစဉ်မရှိပါဘူး"
ယင်ညန်၏ မျက်ဝန်းများသည် မှင်ရည်ကဲ့သို့ နက်မှောင်ရွှန်းလဲ့နေပြီး ကောင်းကင်မှ လမင်းကိုပင် ရောင်ပြန်ဟပ်နေစေသည်။
"ကိုယ် မင်း သေပြီးသွားမှ မင်းကို ဒီကမ္ဘာမှာ ကိုယ်နဲ့ နေဖို့ ခေါ်ဖို့လုပ်ထားတာ"
"လူသားတွေ နားလည်နိုင်တဲ့ အတိုင်းအတာအရ ကိုယ် မင်းတို့ရဲ့ ခန္ဓာကိုယ်နဲ့ အသိစိတ်ကို နှစ်ပိုင်းခွဲထုတ်ပစ်လိုက်နိုင်တယ် ကိုယ် မင်းရဲ့အသိဉာဏ်ကို ဒီကမ္ဘာနဲ့ ချိတ်ဆက်ပစ်လိုက်မယ်ဆိုရင် မင်းလည်း ပျောက်ကွယ်မသွားတော့ဘူး"
"ဒါပေမဲ့ အဲဒီနေ့က မင်း အက်ဆီးဒန့်ဖြစ်ပီး အရမ်းကို အားနည်းလာတော့ ကိုယ်လန့်သွားတယ် မင်းကို ဒီကို အချိန်မီ ခေါ်လာဖို့ ကလွဲရင် ကိုယ် တခြား ဘာကိုမှ မတွေးနိုင်တော့ဘူး"
ထိုမျက်ဝန်းနက်နက်များအတွင်းမှ ရုတ်တရက် ဝမ်းနည်းကြောက်ရွံ့မှုတို့ ဖြတ်ပေးသွားသည်ကို မြင်လိုက်ပြီး သူ့ရှေ့မှ လူသားက တိတ်ဆိတ်သွားသည်။
"နောက်ပိုင်း ကိုယ် အကြာကြီး တွေးကြည့်ခဲ့တယ် အဲဒါက ကိုယ်မင်းကိုပဲ တိုက်ရိုက်မေးလိုက်တော့မှ ဖြစ်မယ်လို့ တွေးခဲ့တာပဲ"
ယင်ညန်သည် သူ့ရှေ့မှ လူသား၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြန်သည်။ ထို့နောက် နှစ်ယောက်သား၏ လက်ချောင်းဆယ်ချောင်းတို့သည် တွယ်ယှက်သွားကြပြီး
"ကျိရင် မင်းကိုယ်နဲ့ ထာဝရ အတူရှိဖို့ ဆန္ဒရှိလား"
'ဒီကမ္ဘာက မင်းကြောင့် တည်ရှိလာတာ'
'မင်းသာ မလိုချင်တော့ရင် ဒီကမ္ဘာတည်ရှိနေရတဲ့ အဓိပ္ပာယ်လဲ ပျောက်ကွယ် သွားလိမ့်မယ်'
..................................................
'The world existed because of you'.
'If you don't want it, it will lose its meaning.'
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။