Chapter ● 50 ●
ပိန်သွားတာလား။
ပျန်းနမ်သည် မသိစိတ်၏နှိုးဆော်မှုအရ လက်မြှောက်ပြီး သူ့မျက်နှာကိုသူ စမ်းလိုက်သည်။
အေးစက်စက် လေတစ်ပွေ ဖြတ်သန်းတိုက်ခတ်သွားတော့မှ သူ ချက်ချင်း သတိလည်လာသည်။ အခုနေ ကြုံလှီပြားကပ်သွားအောင် ပိန်သွားတာတောင် အဲဒါက အဓိကအချက်မဟုတ်နေဘူး...
အဓိကအချက်က ချိုးယိ ဖြစ်သည်။
ယခင်က အချင်းချင်း ရှောင်ဖယ်နေခဲ့ကြတဲ့အချိန်ကိုပါ ထည့်တွင်လျှင် သူ ချိုးယိနဲ့ ဒီလိုမျိုး မျက်နှာချင်းဆိုင် မတွေ့ရတာ၊ အသံ နားမထောင်ရတာ သုံးလတောင် ရှိသွားခဲ့ပြီ။
ဒါကို တွေးမိတာနဲ့ သူသည် ရုတ်ခြည်းပင် တစ်ကိုယ်လုံး အနည်းငယ်ပျော့ခွေသွားသလို ခံစားရသည်။
နောက်ဆုံးတော့ တွေ့ရပြီ။
နောက်ဆုံးတော့ အသံကြားရပြီ။
ပြောချင်နေတဲ့ မရေမတွက်နိုင်တဲ့စကားတွေဟာ အလုအယက်နဲ့ ထွက်လာချင်နေပေမဲ့ ရလဒ်မှာတော့ အဲဒီစကားတွေအားလုံး လည်ချောင်းအဝတွင် ပိတ်ဆို့ခံရပြီး ဘယ်တစ်ခွန်းမှ ပြောမထွက်လာတဲ့ စောက်ကျိုးနည်းခံစားချက်ကြီးလည်း နောက်ဆုံးမှာတော့ တွေ့ကြုံခံစားလိုက်ရသည်။
ချိုးယိလည်း စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့ကို တစ်အောင့်လောက် စိုက်ကြည့်နေပြီးနောက်တွင် လက်မောင်းနှစ်ဖက်ကို ဖြန့်ထုတ်လိုက်သည်။
ပျန်းနမ် သူ့ကို စိုက်ကြည့်နေပြီး အနည်းငယ် တွေဝေနေကာ သေချာ အတည်မပြုရဲဘဲ ဖြစ်နေသည်။ ချိုးယိရဲ့ ဒီရုတ်တရက်ဆန်တဲ့အပြုအမူဟာ ... ... ဖက်ဖို့လားဆိုတာ တဒင်္ဂအတွင်းမှာ မတုံ့ပြန်နိုင် ဖြစ်နေသည်။
ပွေ့ဖက်ဖို့လား။
သူ ငြိမ်နေတာကို ကြည့်ပြီး ချိုးယိသည် ဆန့်ထုတ်ထားတဲ့ လက်မောင်းကိုလည်း မလှုပ်ဘဲ -
"ငါ ငှက်ကြီးအတောင်ဖြန့် လုပ်နေတာမဟုတ်ဘူး"
"လခွမ်း"
ပျန်းနမ် လေသံတိုးတိုးနဲ့ ကျိန်ဆဲလိုက်ပြီး ရယ်ရင်းနဲ့ သူ့ကို သွားဖက်လိုက်သည်။
ချိုးယိက သူ့ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး -
"ကျေးဇူးပါ"
ပျန်းနမ်က လက်မောင်းတွေကို အားပြင်းပြင်း ထည့်လိုက်ပြီး ချိုးယိကို တင်းတင်းကျပ်ကျပ် မြဲမြဲမြံမြံနဲ့ သူ့ရင်ခွင်ထဲမှာ ဖက်လိုက်၏။
ချိုးယိကို သူ ဒီလိုမျိုး ခပ်တင်းတင်း ဖက်ခြင်းမှာ ဒါက ပထမဆုံးအကြိမ်ပင် ဖြစ်တော့သည်။ ခိုင်မာတောင့်တင်းတဲ့ချိုးယိရဲ့ကိုယ်ခန္ဓာကို အင်္ကျီကတဆင့် လက်မောင်းတွင် ခံစားနေရသည်။ ချိုးယိ သူ့ကို ထပ်တူ ပြန်ဖက်လိုက်ချိန်တွင် အားထုတ်သုံး၍ တောင့်တင်းသွားသော ကြွက်သားတွေကို ခံစားလိုက်ရ၏။
ယခုကဲ့သို့သော စစ်မှန်ပြီး ထင်ရှားပြတ်သားသည့် ကိုယ်ခန္ဓာအထိအတွေ့ကြောင့် ပျန်းနမ်မှာ တုန်တုန်ယင်ယင်ဖြစ်လာရသည်။ တစ်ကိုယ်လုံးရှိ ချွေးပေါက်များ အမိန့်ကြားပြီး ပွင့်ဟသွားသလိုပင်။ တစ်ဆက်တည်းမှာပဲ ရုတ်တရက် ပြန်ပိတ်သွားပြန်သည်။
နှစ်ယောက်သား လေအေးထဲမှာ တိတ်ဆိတ်စွာ ဖက်နေကြကာ အတော်ကြာတဲ့အထိ ငြိမ်သက်နေကြသည်။
ပျန်းနမ်ကတော့ မလှုပ်ချင်၍၊ မလှုပ်ရက်၍၊ လှုပ်ဖို့လည်း အားနာ၍ ငြိမ်နေခြင်းဖြစ်သည်။
သူ့လည်ချောင်းဝမှာ တစ်ဆို့နေကြတဲ့ စကားတွေကလည်း နင်သေ ငါရှင်ဆိုပြီး အနိုင်အရှုံးမပေါ်သေးပေ။ ဖက်ထားတာကို လက်လွှတ်လိုက်တာနဲ့ ချိုးယိကို မျက်နှာချင်းဆိုင်ပြီး စကားပြောမထွက်နေတဲ့အခြေအနေက သူ့အား အတော်လေး ကသိကအောက်ဖြစ်စေလိမ့်မည်။
သို့သော် တကယ်လို့ လက်မလွှတ်သေးလျှင် ပိုပြီးတော့တောင် ကသိကအောက်ဖြစ်ဖို့ကောင်းတဲ့ကိစ္စက သူ့ကို စောင့်ဆိုင်းနေတာကို ပျန်းနမ် သိလိုက်သည်။ သူ ဒီနေ့ ဝတ်လာတာက အားကစားဘောင်းဘီဖြစ်သည် ...... ဒီလိုဖြစ်မယ်မှန်း စောစောကသိရင် ဂျင်းဘောင်းဘီဝတ်လာပါတယ် ...
တစ်ခဏလောက် ကမောက်ကမနဲ့ လျှောက်တွေးနေဆဲမှာ ချိုးယိက အသံဖွဖွနဲ့ ပြောလာသည်။
"တော်တော်အေးတာပဲ"
"လခွမ်း"
ပျန်းနမ် ထိုစကားကြားတာနဲ့ လက်ကို မြန်မြန်လွှတ်လိုက်ကာ ဒီတော့မှ ချိုးယိက လက်ရှည်တီရှပ်တစ်ထပ်သာ ဝတ်ထားတာကို သတိထားမိသွားသည်။ သူသည် ချက်ချင်းပင် သူဝတ်ထားတဲ့ အနွေးထည်ကို ချွတ်လိုက်ပြီး -
"ရှေ့နေကတဆင့် မင်းကို ငါ အနွေးထည် ထည့်ပေးလိုက်တယ်မဟုတ်ဘူးလား"
"ညစ်ပတ်နေပြီ"
ချိုးယိက ပျန်းနမ်ရဲ့အင်္ကျီချွတ်နေတဲ့လက်ကို တားလိုက်ပြီး -
"မချွတ်နဲ့တော့။ ကားပေါ်တက်လိုက်ရင် ပြီးနေပြီလေ"
"သြော် ဟုတ်သား"
ပျန်းနမ် ကိုယ်ကိုလှည့်ပြီး ဒရိုင်ဘာဘေးခုံကို ဆွဲဖွင့်ဖို့အလုပ်မှာ တစ်ခုခုကို သတိရသွားလိုမျိုး ကားနောက်ဖုံးဆီ သွားလိုက်ရင်း -
"မင်း ဒီကို အရင်လာ"
ချိုးယိ ကားနောက်ဘက်ကို လိုက်သွားတော့ ပျန်းနမ်လက်ထဲက သစ်ရွက်ကိုင်းတစ်ဆုပ်ကို တွေ့လိုက်ရပြီး ကြောင်သွားကာ -
"ဘာလဲ ဒါတွေက"
"ကျွဲကောပင်ကအရွက် ......"
ပျန်းနမ် လက်ထဲက သစ်ရွက်အကိုင်းကို ကြည့်ပြီး အူမြူးသွားကာ -
"ငါ့အဖေ လက်ချက်။ ဒါနဲ့ ကံညံ့ကံဆိုးတွေကို ရှင်းထုတ်ဖို့တဲ့"
ပျန်းနမ်သည် သစ်ရွက်ဖြင့် ချိုးယိကိုယ်ပေါ်မှာ တစ်ချက်နှစ်ချက် ပုတ်လိုက်ပြီးနောက် ကားနောက်ဖုံးတံခါးကို ပိတ်လိုက်ရင်း -
"ဒီလိုပဲ ထားလိုက်ရအောင်။ ကားပေါ်တက်မယ်"
ကားခေါင်းဘက်ကို သွားဖို့လုပ်နေတဲ့အချိန်မှာပဲ ချိုးယိက သူ့လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။
ပျန်းနမ် အတောင့်လိုက် မှင်တက်သွားသည်။
ချိုးယိရဲ့လက်က အလွန်အေးစက်နေ၏။ ဒီလို ဆုပ်ကိုင်လိုက်ခြင်းက နှလုံးသားကို ထိရှသွားစေတဲ့ လက်ဖဝါးရဲ့နွေးထွေးမှုလိုမျိုး ခံစားချက် မရှိနေပါ ...... သို့သော် ချိုးယိရဲ့လက်ချောင်းထိပ်က အေးစက်မှုကြောင့် သူ့အား ပြောပြလို့မတတ်တဲ့ အေးချမ်းပြီး ကျေနပ်အားရမှုကို ခံစားရစေသည်။
သောက်ကျိုးနည်း။ ဘယ်လိုပေါက်တတ်ကရတွေတောင် တွေးမိနေတာလဲ။
ရိုးရိုးသာမန် အပြုအမူလေးတစ်ခုသာ ဖြစ်သော်လည်း ပျန်းနမ်မှာ စက္ကန့်အတော်ကြာတော့မှ လှည့်ကြည့်လာနိုင်ပြီး -
"ဘာလို့လဲ"
"ကြည့်ကြည့်ဖို့"
ချိုးယိက ပျန်းနမ်ရဲ့ ညာဘက်လက် လက်ဖဝါးကို အပေါ် ဆွဲမြှင့်လိုက်ပြီး သူ့လက်ဖဝါးတစ်ပြင်လုံးကို ဖြတ်သွားသော ထိုအမာရွတ်ကို ငုံ့ကြည့်သည်။
"ဘာမှမဖြစ်ဘူး။ ကောင်းသွားပြီ။ အခု လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပြီ"
ပျန်းနမ်လည်း သူ့လက်ကိုသူ ကြည့်ပြီး -
"အခုဆို လက်ဖဝါးအရေးအကြောင်းတွေတောင် မိုက်သွားပြီ"
အမှန်အတိုင်းပြောရလျှင် သူသည် ချုပ်ရိုးဖြည်ကတည်းက ဒီအမာရွတ်ကို သေချာမကြည့်ရသေးချေ။ အခု ကြည့်ကြည့်လိုက်တော့ တော်တော်လေး လန့်ဖို့ကောင်းနေသည်။ ထို့ပြင် အနာရွတ်က အခုထိ အပြည့်အဝ မကျက်သေးတော့ လက်ဖဝါး ဖြန့်လိုက်သည့်အချိန်တွင် ခပ်တင်းတင်းဖြစ်သော ခံစားချက် ရတတ်သည်။
ချိုးယိ စကားမပြောဘဲ လက်ချောင်းထိပ်နဲ့ အမာရွတ်ပေါ်တွင် ခပ်ဖွဖွ ထိလိုက်ရင်း မျက်မှောင်ကြုတ်ထားသည်။
အမာရွတ်က အတော်လေး ပြည့်ဖြိုးနေတော့ ချိုးရဲ့လက်ချောင်းထိပ် ဖြတ်သန်းပွတ်ခြစ်သွားတဲ့အချိန်မှာ ထူပြီး တုံးတိတိဖြစ်သော ခပ်ယဲ့ယဲ့ အထိအတွေ့ကိုသာ ခံစားရသည်။ သို့သော် ဒီခံစားချက်လေးအနည်းငယ်ကပင် လက်မောင်းတစ်လျှောက်ကနေတဆင့် နှလုံးသားထဲအထိ တွားသွားဝင်ရောက်သွားလေ၏။
တရွရွနဲ့ ယားသည်။
"တကယ်ကြီး ...... ဘာမှမဖြစ်ဘူး"
ပျန်းနမ် ချိုးယိကို ကြည့်နေရင်း -
"ငါ လေ့ကျင့်ရေးဆင်းနေတာတောင် တစ်လရှိတော့မယ်"
"ခေါင်းကရော"
ချိုးယိက ပျန်းနမ်ရဲ့ နောက်စေ့ကို ထိကိုင်ပွတ်သပ်လိုက်ရင်း ဆက်၍ -
"ဟိုကန်ချက်က ဘယ်နားကို ထိသွားတာလဲ"
"မသိဘူး"
ထိုကန်ချက်က ဘယ်နားကို ကန်မိသွားမှန်း ပျန်းနမ် တကယ်ကို မသိနေပါ။ မည်သို့ဆိုစေ သတိမေ့နေရာက ပြန်နိုးလာတော့ ခေါင်းက အနည်းငယ် ရောင်ကိုင်းပြီး ထူပူနေသလို ခံစားရသည်။ သူက ဆက်၍ -
"ငါ့အကြောင်း ထားလိုက်တော့။ ကားပေါ်အရင်တက်"
"မင်း ယာဥ်မောင်းလိုင်စင် သွားဖြေသင့်နေပြီမဟုတ်လား"
ချိုးယိ ကားပေါ်တက်လိုက်ပြီး -
"မောင်းလိုင်စင်မရှိဘဲ မောင်းနေတောင် ထိန်းသိမ်းရေးစခန်းအထိ မောင်းလာရဲသေးတယ်"
"အစကတော့ နွေကျောင်းပိတ်ရက်မှာ ဖြေဖို့ပဲ။ အခု ဒီကိစ္စဖြစ်သွားတာ မဟုတ်ဘူးလား"
ပျန်းနမ် ရယ်လိုက်ပြီး ကားစက်နှိုးလိုက်ရင်း -
"ငါတို့ ကျောင်းကိုပဲ တန်းသွားပြီး အာ့ပေါင်ကို သွားကြိုလိုက်မယ်လေ။ မင်းအဖေပြောတာ ကြားတာတော့ ဒီနေ့ ကောင်းမှုကိစ္စ သွားလုပ်တယ်တဲ့။ ကျောင်းလွှတ်တာစောမယ်တဲ့"
"အိုကေ"
ချိုးယိ ခေါင်းညိတ်သည်။
"ဟုတ်သားပဲ"
ပျန်းနမ်က ကားနောက်ခုံမှာပစ်ထားတဲ့ သူ့အိတ်ကိုသူ ညွှန်ပြလိုက်ရင်း -
"မင်းဖုန်းက ငါ့အိတ်ထဲမှာ။ ငါ အားသွင်းထားပြီးသား"
ချိုးယိ လက်နောက်ပြန်ပို့ပြီး အိတ်ထဲကနေ ဖုန်းယူထုတ်ကာ ကြည့်လိုက်ပြီးနောက် အိတ်ကပ်ထဲ ထည့်လိုက်ရင်း -
"ရှန်းထောင်း မင်းကို ပေးတာလား"
"အင်း"
ပျန်းနမ် ပြန်ဖြေလိုက်ပြီးနောက် ရှန်းထောင်းရဲ့အကြည့်နဲ့အပြုအမူကို ရုတ်တရက် သတိရသွားသည်။ ချက်ချင်းပင် အပ်နဲ့အထိုးခံလိုက်ရသလိုမျိုး ပူထူပြီး ထုံသွားခဲ့သည်။ ခိုးလုပ်မိလို့ မလုံမလဲဖြစ်တဲ့ခံစားချက်က သူ့ကို ပတ်ခြုံသွားပြန်ကာ သူ ခပ်မြန်မြန်ပင် စကားလမ်းကြောင်းလွှဲလိုက်သည်။
"မင်း ဒဏ်ရာတွေ ဘယ်လိုနေလဲ။ ဘယ်နေရာတွေ ထိသွားတာလဲ"
"နေရာတိုင်း ထိတယ်"
ချိုးယိ ရယ်ရင်း အင်္ကျီလက်ကို ဆွဲတင်လိုက်သည်။ လက်မောင်းပေါ်တွင် ကျက်နေပြီဖြစ်သော ဓားဒဏ်ရာနှစ်ကြောင်း ရှိနေကာ -
"ဒါပေမဲ့ ဒဏ်ရာတွေအားလုံးက မပြင်းဘူး။ မင်း ငါ့ကိုယ်ပေါ် ခုန်အုပ်လာတုန်းက ငါ့ဗိုက်ကို လာဆောင့်မိသလောက်တောင် မနာဘူး"
"ငါ့လခွမ်း"
ပျန်းနမ် ကြက်သေသေသွားပြီး -
"မင်းဗိုက်ကို တိုက်မိသွားတာလား။ ငါ တကယ်ကြီး မသိဘူး။ အဲဒီအချိန်တုန်းက ဒေါသအရမ်းထွက်နေတော့ ......"
"နောက်ဆိုရင် မင်း ရန်မဖြစ်နဲ့တော့"
ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး -
"ရန်ဖြစ်တဲ့အချိန် ကိုယ့်ကျောကြီးတစ်ခုလုံး တစ်ဖက်လူဆီ လှည့်ပေးတဲ့လူ တွေ့ကိုမတွေ့ဖူးဘူး"
"ငါလည်း အမြဲတမ်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။ အဲဒါကလည်း မင်း ......"
ပျန်းနမ် တစ်ဝက်တစ်ပျက်နဲ့ စကားရပ်လိုက်သည်။
"ငါသိတယ်။ ကျေးဇူးပါပဲ"
ချိုးယိ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -
"ကားပဲ ကောင်းကောင်းမောင်းစမ်းပါ"
ပျန်းနမ်ရဲ့ကား ချိုးယန့်တို့ကျောင်းရှေ့ဂိတ်ပေါက်ကို ရောက်လာတဲ့အချိန်မှာပဲ ကလေးငယ်တစ်သိုက် ရေပုံးအဝတ်စုတ်ကိုယ်စီနဲ့ တန်းစီပြီး ကျောင်းဝင်းထဲ ဝင်ကြဖို့လုပ်နေတာကို တွေ့လိုက်ရသည်။
ချိုးယန့်က သူ့ရဲ့အစိမ်းရောင် ရေပုံးလေးကို ခေါင်းပေါ်မှာ မှောက်စွပ်ထားပြီး လက်ထဲ အဝတ်စုတ်ကိုင်လျက် ခုန်လိုက်ပေါက်လိုက်နဲ့ လူတန်းရဲ့နောက်ဆုံးမှာ လျှောက်၍လိုက်လာသည်။
"ဟမ်း ... ဒီငတုံးလေးကတော့လေ ... ဘာအရောင်ပဲဖြစ်ဖြစ် ခေါင်းပေါ် တင်နေတော့တာပဲ ......"
ပျန်းနမ် မြင်လိုက်တာနဲ့ အူမြူးသွားသည်။
"အာ့ပေါင်"
ချိုးယိက ကားပြတင်းမှန် ချလိုက်ပြီး ထိုဘက်ဆီကို အော်ခေါ်လိုက်သည်။
ချိုးယန့်က ခေါ်သံကို ကြားတော့ တစ်ချက်တန့်သွားပြီး ဝုန်းခနဲ လှည့်ကြည့်လာပြီး -
"ကိုကို"
ကားတံခါးဖွင့်ပြီး ကားပေါ်ကနေဆင်းလာတဲ့ချိုးယိကို မြင်သွားတော့ ချိုးယန့်ရဲ့မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားပြီးနောက်မှာတော့ သူ့အစ်ကို ရှိရာဆီ တဟုန်ထိုးပြေးဝင်လာတော့ကာ ပြေးလာရင်းနဲ့ အော်ပြောလာခဲ့သည်။
"လီလောင်ရှစ် ... သားကိုကို သားကို လာကြိုပြီ"
ချိုးယန့်ရဲ့ ခုန်နိုင်အားက ဒီလောက် အံ့သြဖွယ်ရာဖြစ်နေမှန်း ပျန်းနမ် ပထမဆုံးအကြိမ် သိလိုက်ခြင်းဖြစ်သည်။ သူ ချိုးယိရဲ့ရှေ့ကို အပြေးရောက်လာပြီး ဝုန်းခနဲ တစ်ချက်အခုန်မှာ ချိုးယိကိုယ်ပေါ်ကို တစ်ခါတည်း တန်းရောက်သွားသည်။ လက်မောင်းတွေကို ချိုးယိရဲ့လည်ပင်းမှာ ပတ်ထားပြီး ခြေထောက်တွေကို ချိုးယိရဲ့ခါးပေါ် ချိတ်လိုက်ကာ -
"ကိုကို --"
ချိုးယိတစ်ယောက် ဘာအသံမှ ထွက်မလာသေးခင်မှာပဲ ချိုးယန့်ဟာ မျက်လုံးတွေ စုံမှိတ်ကာ မျက်နှာကို မိုးပေါ်မော့ပြီး ဝါးခနဲ အော်ငိုလိုက်တော့သည်။
ပျန်းနမ်က ကားကို လမ်းဘေးကို ကပ်လိုက်တော့ ချိုးယိက ချိုးယန့်ကို ချီလျက် ကားပေါ်တက်ဖို့လုပ်သည်။ ချိုးယန့်က ချိုးယိရဲ့ကိုယ်ပေါ်ကို ရေဘဝဲလို ပတ်ထားပြီး ဘယ်လိုလုပ်လို့မှ မလွှတ်ပေးတော့ ချိုးယိက အတော်ကြာအောင် ကြိုးပမ်းလိုက်တော့မှ ကားပေါ်တက်လို့ရသွားသည်။
"အိုက်ယိုး ... ပေါင်ပေ့ရယ်"
ပျန်းနမ် သူ့မျက်နှာလေးကို သပ်လိုက်ရင်း -
"ငိုလိုက်တာများ ......"
ချိုးယန့်က ချိုးယိရဲ့လည်ပင်းကို ဖက်ထားလျက် တလမ်းလုံး ငိုလာခဲ့သည်။ ဒီလောက်အချိန်တွေအကြာကြီး သူ့ကိုကိုကို လွမ်းနေခဲ့သည့်အပြင် တောက်လျှောက် အောင့်ထားခဲ့ရတဲ့ ခံစားရခက်မှုတွေကို အခုတော့ အကုန်လုံး ငိုချပစ်လိုက်သည့်အလားပင်။
လမ်းသွယ်လေးရဲ့အပြင်ဘက် လမ်းလေးပေါ် ရောက်လာတော့မှ ချိုးယန့်တစ်ယောက် ငိုသံ တဖြည်းဖြည်း တိတ်သွားသည်။
"မငိုတော့ဘူးပေါ့"
ပျန်းနမ် သူ့ကို တစ်ချက်ကြည့်ရင်း မေးသည်။
"အိပ်ပျော်သွားပြီ"
ချိုးယိက ကားထိုင်ခုံကျောမှီကို မှီလိုက်ရင်း စိတ်သက်သာရာရတဲ့ သက်ပြင်းဖွဖွတစ်ချက် မှုတ်ထုတ်ကာ -
"အော်ငိုလိုက်တာ ငါ ခေါင်းတောင်ကိုက်တယ်"
"ခေါင်းကိုက်တယ် ဟုတ်လား"
ပျန်းနမ် ချက်ချင်းပဲ သူ့ကို စိုက်ကြည့်လိုက်သည်။
"...... တင်စားပြီးပြောတာ"
ချိုးယိ ပြောသည်။
"သြော်"
နည်းနည်း ပေါကြောင်ကြောင်နိုင်တယ်လို့ ပျန်းနမ် ကိုယ့်ကိုယ်ကိုယ် ထင်လိုက်သည်။
ချိုးယိက ချိုးယန့်ကို ချီလျက် ကားပေါ်က ဆင်းလိုက်ပြီး ချိုးယန့်ကို ပျန်းနမ်ကို လွှဲပေးပြီး သူ့အိတ်တွေ သွားယူဖို့အလုပ်မှာပင် ချိုးယန့်က မျက်လုံးပွင့်တာနဲ့ အသည်းအသန် တွန့်လိမ်လှုပ်ရှားပြီး ချိုးယိရဲ့လည်ပင်းကို တင်းနေအောင် ဖက်လိုက်ပြန်သည်။
"ပစ္စည်းတွေ ငါပဲ ယူလိုက်မယ်"
ပျန်းနမ်က နှစ်ယောက်စလုံးရဲ့အိတ်တွေကို ယူထုတ်လာသည်။
"ကိုကို"
ချိုးယန့်က သူ့အစ်ကိုရဲ့လည်ပင်းကို ဖက်ထားရင်း ခေါ်လိုက်သည်။
"အင်း"
ချိုးယိ ပြန်ဖြေသည်။
"ကိုကို"
"အင်း"
"ကိုကို"
"ဘာကိစ္စတုန်း"
"သား သုံးတန်းရောက်ပြီ"
ချိုးယန့်က မို့အစ်အစ်မျက်လုံးတွေနဲ့ ရယ်ရင်းပြောသည်။
"သိပ်တော်တာပဲ"
ချိုးယိ သူ့ကို တစ်ချက်နမ်းလိုက်ပြီး -
"သာ့ဟူကျစ်ထက်ကို တော်သွားပြီ"
"ဟေ့"
နောက်မှာ ရှိတဲ့ပျန်းနမ်က အော်လိုက်ရင်း -
"ဒီလို ငါ့ကိုနင်းပြီးမှ သူ့ကို မချီးကျူးရဘူးလေ"
အချိန်က နေ့လယ်ခင်းရောက်နေပြီဖြစ်လို့ ပျန်းနမ်က ချက်ပြီးသားအစားအစာ ရောင်းတဲ့ဆိုင်ကနေ ချက်ပြီးသားတွေ အနည်းငယ် ဝယ်လိုက်သည်။ ထိန်းသိမ်းရေးစခန်းမှာ နှစ်လလောက် နေလာရတဲ့ချိုးယိတစ်ယောက် ထွက်လာလာချင်းမှာ ထမင်းဟင်းချက်ဖို့ကိုလည်း တွေးမပူနေရအောင် ဖြစ်သည်။
အိမ်ပြန်ရောက်ပြီးနောက် ချိုးယန့်တစ်ယောက် နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်သွားကာ တစ်လမ်းလုံးပြေးလွှားပြီး ဖေဖေချိုးရဲ့အခန်းထဲ ပြေးဝင်သွားသည်။
"ထမင်းနည်းနည်းချက်လိုက်လေ။ ငါ ငါ့အဖေနဲ့ စကားအရင်သွားပြောလိုက်ဦးမယ်"
ချိုးယိက ပျန်းနမ်အား ပြောသည်။
"အင်း"
ပျန်းနမ် ခေါင်းညိတ်လိုက်သည်။ မြန်မြန်ပြော၊ ပြောပြီးရင် ငါလည်း မင်းနဲ့ ကောင်းကောင်း စကားထိုင်ပြောချင်တယ်လို့ ပျန်းနမ် ပြောလိုက်ချင်သည်။
သို့သော် ချိုးယိနဲ့ စကားသေချာပြောဖို့ စဥ်းစားမိတာနဲ့ သူ ရင်တုန်လာပြန်သည်။
ချိုးယိ သူ့အဖေအခန်းထဲ ဝင်သွားပြီးနောက် ပျန်းနမ် ဝမ့်ဖေးကို ဖုန်းဆက်ပြောလိုက်သည်။ ထို့နောက် သူ့အဖေဆီလည်း ဖုန်းဆက်လိုက်ကာ -
"အဖေ၊ လူကို ကြိုလာခဲ့ပြီးပြီ"
"ဟုတ်ပြီ။ ဒါဆို မင်းသူငယ်ချင်းကို ပြောထားလိုက်။ မနက်ဖြန် ငါ သူ့ကို ထမင်းကျွေးမယ်လေ။ သူ့ကို ကောင်းကောင်း ကျေးဇူးတင်ရမယ်"
သူ့အဖေ ပြောသည်။
"ကျွန်တော် ခဏနေရင် သူ့ကို ပြောလိုက်ပါ့မယ်။ အဖေ ..."
ပျန်းနမ် ခေါင်းကို ဖွလိုက်ရင်း -
"ကျေးဇူးပါ"
"ဘာလို့ ဒါချည်းပဲ ပြောနေရတာလဲ"
သူ့အဖေ သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး -
"ဟုတ်ပြီ။ မင်းသူငယ်ချင်းနဲ့ အရင်စကားပြောလိုက်ဦး"
ဖုန်းချလိုက်ပြီးနောက် ပျန်းနမ်က ချိုးယန့်ကို ဆွဲပြီး မီးဖိုခန်းမှာ ထမင်းသွားချက်သည်။ ချိုးယန့်တစ်ယောက် စိတ်ကြည်ပြီး ဝမ်းသာနေလို့ အိုးဆေးတာ ဆန်ဆေးတာအတွက် ပြေးထွက်လိုက် ပြေးထွက်လိုက်နဲ့ ပျန်းနမ်တောင် ဘာမှမလုပ်လိုက်ရတော့ချေ။
"ပျော်သွားပြီပေါ့"
ပျန်းနမ် ဆောင့်ကြောင့်ထိုင်ချပြီး သူ့ခေါင်းလေးကို သပ်ပေးလိုက်သည်။
"အင်း"
ချိုးယန့်က အားပါစွာ ခေါင်းညိတ်ပြ၏။
"မင်းအစ်ကိုကိုတွေ့လိုက်တော့ ငါ့ကို ထိတောင် ပေးမထိတော့ဘူး"
ပျန်းနမ် ရယ်ရင်း ကျွတ်ခနဲတစ်ချက် စုတ်သပ်သည်။
ချိုးယန့် ချက်ချင်းပဲ တိုးဝင်လာပြီး သူ့ကို ဖက်လိုက်ကာ သူ့မျက်နှာပေါ်တွင် အသံမြည်တဲ့အထိ ပြွတ်ခနဲ နမ်းလိုက်သည်။
ပျော်သွားပြီလား။
အင်း။
ချိုးယိက သူ့အဖေနဲ့ အခန်းထဲမှာ စကားပြောကြတာ တစ်နာရီနီးပါးလောက်ကြာတော့မှ သူ့အဖေကို တွန်းရင်း အခန်းထဲက ထွက်လာသည်။ ပျန်းနမ်က ဟင်းတွေအားလုံးကို စားပွဲမှာ ခင်းထားပြီးပြီဖြစ်ကာ -
"ဦးလေး နေ့လယ်စာကတော့ ကျွန်တော်တို့ ဖြစ်သလိုပဲ စားလိုက်မယ်နော်။ ညနေမှ အပြင်ထွက်စားကြမယ်။ ကျွန်တော် ဒီနေ့ ကားမောင်းလာတာဆိုတော့ ဝှီးချဲကို ကားနောက်ဖုံးထဲမှာ ထည့်လိုက်လို့ရတယ်"
ချိုးယိ သူ့ကို တစ်ချက်ကြည့်လာတော့ ပျန်းနမ်က တဟေးဟေး ရယ်လိုက်ပြီးမှ -
"ဘာလဲ"
"ဒါဆို အပြင်ထွက်စားကြတာပေါ့။ ဦးလည်း မင်းကားကို စီးကြည့်ကြည့်ရအောင်"
ဖေဖေချိုးက ရယ်ရင်းပြောသည်။
"သူ လိုင်စင်မရှိဘူး။ လိုင်စင်မဲ့ မောင်းနေတာ"
ချိုးယိပြောပြီး ပန်းကန်လုံးယူကာ သူ့အဖေအတွက် ထမင်းခူးပေးသည်။
"အဝေးကြီးမသွားဘူး။ ဒီအနီးအနားမှာပဲ စားမှာ။ ဘာမှမဖြစ်ဘူး"
ပျန်းနမ်က ဖေဖေချိုးနားမှာ သွားထိုင်လိုက်ပြီး -
"ဦးလေး ကျွန်တော် ကားမောင်းတာ တော်တော်ကျွမ်းတယ်"
"ငါတို့ ဒီနားတဝိုက်မှာ ယာဥ်ထိန်းရဲ အမြဲတမ်း မရှိလောက်ပါဘူးနော်"
ဖေဖေချိုးက ချိုးယိကို မေးလိုက်ပြီး ဆက်၍ -
"ယာဥ်ထိန်းရဲ ရှိလည်း အလကားနေရင်း ကားတားပြီး မမေးလောက်ပါဘူး ... ..."
"အဖေ့လိုလူ ရှိသလား"
ချိုးယိတစ်ယောက် စိတ်ညစ်သွားကာ -
"သူက အဖေ့ကို ဦးလေးလို့ခေါ်တာ။ အဖေက ဒီလိုမျိုး ဦးလေးလုပ်တာပေါ့"
"မင်းတောင် ငါ့ကို အဖေလို့ခေါ်ပြီး နေ့နေ့ညည ငါ့ကို ဆိုဆုံးမနေသေးတာလေ"
ဖေဖေချိုးက ရယ်ရင်းနဲ့ ဆက်၍ -
"ဦးလေးလုပ်တဲ့ခံစားချက် အမြဲတမ်း ရှာမတွေ့ဖြစ်နေတာ"
ချိုးယိ ထမင်းခူးပြီး ပျန်းနမ်ရှေ့ ထားပေးကာ -
"မင်း လိုင်စင်မြန်မြန်သွားဖြေလိုက်တော့"
ဒီထမင်းတစ်နပ်ကို အတော်လေးပျော်ရွှင်ချမ်းမြေ့စွာ စားလိုက်ရသည်။ ဖေဖေချိုးရော ချိုးယန့်ပါ စကားတွေ ရေပက်မဝင်အောင် ပြောနေကြကာ ချိုးယိအား ဒီတစ်လော ဘယ်လိုနေထိုင်ဖြတ်သန်းခဲ့သလဲ ကိုယ်ပေါ်က ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ စသဖြင့် တောက်လျှောက် မေးကြသည်။
"ကိုကို၊ ကိုကို ဘာဖြစ်လို့ ကတုံးမတုံးရတာလဲ"
ချိုးယန့်က စားရင်း မေးသည်။
"ဘာလို့လဲဆို ငါ့တအားချောလို့ သူများက မတုံးရက်တာ"
ချိုးယိ ပြောသည်။
ချိုးယန့် ခေါင်းမော့လာပြီး သူ့ကို အတော်ကြာအောင် စိုက်ကြည့်လိုက်ပြီးမှ -
"လူလိမ်"
"ငါမချောဘူးလား"
ချိုးယိက ဝက်ကင်တစ်တုံး တူနဲ့ညပ်ယူပြီး ချိုးယန့်ပန်းကန်ထဲ ထည့်ပေးရင်း မေးသည်။
"ချောတယ်ပြောပေးဖို့ လာဘ်တောင် ထိုးရသေးတယ်"
ပျန်းနမ် အူမြူးသွားသည်။
ချိုးယိ ရယ်ရင်း သူ့ကို တစ်ချက်ကြည့်လိုက်တော့ ပျန်းနမ်ရဲ့နှလုံးခုန်သံဟာ မီးကြိုးဖြုတ်ခံလိုက်ရသလို ချက်ချင်းရပ်တန့်သွားသည်။ ခေါင်းငုံ့ကာ ထမင်းနှစ်လုပ် စားလိုက်ပြီး ပြောလာသည်။
"ချောတယ်။ ငါ့ကိုတော့ လာဘ်ထိုးဖို့ မလိုဘူး"
"ချောတယ်။ သားလည်း ချောတယ်"
ချိုးယန့် အော်ပြောလာသည်။
"မင်းအခုက ချစ်စရာကောင်းပြီး လှလည်း လှတယ်။ နောက်ထပ် နှစ်နည်းနည်းကြာတော့မှ ခန့်ပြီးချောမှာ"
ပျန်းနမ်ပြောလိုက်သည်။
"သား ချောတယ်"
ချိုးယန့် အော်ပြီး ပြောလိုက်သည်။
"အေး ချောတယ်။ မင်းအစ်ကိုသုံးယောက်စာလောက်ကို ချောတာ"
ပျန်းနမ် သူ့မျက်နှာကို သပ်ရင်း ပြောသည်။
ထမင်းစားပြီးတော့ ပျန်းနမ်က ချိုးယိကို ကူပြီး ပန်းကန်တွေ တူတွေ သိမ်းဆည်းနေရင်း စိတ်ထဲမှာတော့ သပွတ်အူလို ရှုပ်ထွေးနေသည်။
တစ်ဖက်က မြန်မြန်ဆန်ဆန် အလုပ်ရှုပ်ပြီးရင် ချိုးယိနဲ့ စကားကောင်းကောင်းထိုင်ပြောဖို့ မျှော်လင့်နေကာ အခြားတစ်ဖက်မှာတော့ သိမ်းတာဆည်းတာ တအားမြန်နေပြီး ချိုးယိနဲ့ ဘာတွေပြောရမလဲဆိုတာ သူ မစဥ်းစားရသေးချေ။
အကုန် သိမ်းဆည်းဆေးကြောပြီးသွားတဲ့အချိန်မှာ ချိုးယန့်က ဖေဖေချိုးရဲ့အခန်းထဲပြေးပြီး တီဗွီသွားကြည့်နေပြီ။ ချိုးယိက ရေသွားချိုးပြီးနောက် အခန်းထဲ ဝင်လာသည်။
ပျန်းနမ်ကတော့ ဧည့်ခန်းထဲမှာ ရပ်ပြီး ငေးငိုင်နေဆဲ။
ခဏလောက် ကြာသွားတော့ ချိုးယိ ခေါင်းပြူထုတ်လာပြီး -
"ဝင်လာပြီး စကားခဏမပြောတော့ဘူးလား"
ဒီတော့မှ ပျန်းနမ် အခန်းထဲကို ဝင်လာပြီး အခန်းတံခါးကိုလည်း တစ်ခါတည်း ဆွဲပိတ်ခဲ့သည်။
"အခုတလော ကောင်းကောင်းအနားမယူဘူးမလား။ မင်းတကယ်ပိန်သွားတယ်။ တစ်ချက်ကြည့်ရုံနဲ့ သိသာတယ်"
ချိုးယိက အင်္ကျီချွတ်လိုက်ပြီးနောက် အဝတ်ဘီရိုတံခါးကို ဖွင့်ကာ ဘီရိုထဲတွင် လှန်လှောရှာဖွေနေသည်။ နည်းနည်းထူထဲတဲ့အင်္ကျီတစ်ထည် လဲဝတ်ချင်၍ ဖြစ်၏။ သူက ဆက်၍ -
"အခု ဒီလောက်တောင် အေးနေပြီ။ ငါအခုထိ နွေရာသီဝတ်အင်္ကျီတွေ မသိမ်းရသေးဘူး ......"
ပျန်းနမ် စားပွဲဘေးတွင် မှီရပ်နေရင်း ချိုးယိရဲ့ ကောက်ကြောင်းတွေနဲ့လှပနေတဲ့ကျောပြင်ကို ငေးစိုက်ကြည့်နေသည်။ တစ်အောင့်ခန့်ကြာတော့ မစဥ်းမစား မဆင်မခြင်နဲ့ တစ်ခွန်း ပြောလာသည်။
"မင်းငါ့ကို အခုထိ မွေးနေ့ဆုတောင်းစကား မပြောရသေးဘူး"
ချိုးယိက အင်္ကျီရှာနေတာကို ရပ်လိုက်ပြီး ပြုံးလျက် ကိုယ်ကို လှည့်လာပြီး -
"မွေးနေ့မှာ ......"
"ခဏလေး"
ပျန်းနမ် သူ့စကားကို ဖြတ်လိုက်ပြီး ဧည့်ခန်းဆီ ပြေးသွားကာ သူ့ကျောပိုးအိတ်ကို အခန်းထဲ ယူဝင်လာသည်။ အိတ်ထဲကနေ သူ ကပ်လို့ပြီးသွားတဲ့ ရွှံ့ရုပ်လေးကို ချိုးယိလက်ထဲ ထည့်ပေးလိုက်ကာ -
"ရပြီ"
ချိုးယိသည် သူ့လက်ထဲက ရွှံ့ရုပ်လေးကို ခေါင်းငုံ့ကြည့်နေပြီး အတော်ကြာတဲ့အထိ ငြိမ်သက်နေသည်။
ရွှံ့ရုပ်လေးကို ကပ်ထားတာ အဆင်ပြေတယ်လို့ ပြောလို့ရသည်။ အခြေခံအားဖြင့် သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် ကပ်ထားခြင်းဖြစ်သည်။ တချို့နေရာတွေမှာ အပိုင်းအစ လျော့နေတာသာရှိပြီး အရောင်လည်း ကျွတ်နေသည်။
ပျန်းနမ်ကို ကြည့်ရတာ ဒီလိုအနုစိတ်ပြီး လက်ဝင်တဲ့အလုပ် လုပ်နိုင်တဲ့သူနဲ့ တကယ်ကို မတူနေပါ။ ပုံမှန်ဆိုလည်း ပေါ့ပေါ့တန်တန်နဲ့နေတတ်ပြီး လမ်းလေးလျှောက်ရင်တောင် စားပွဲကို ဝင်တိုက်မိတဲ့လူစားမျိုးဖြစ်သည်။ ဒီလိုလူမျိုးက ကွဲကြေသွားတဲ့ရွှံ့ရုပ်ကို အကောင်းအတိုင်းနီးပါးဖြစ်အောင် ပြန်ကပ်ခဲ့သည်တဲ့။
ထိုနေ့တုန်းက ဖန်းယိဖုန်း ခေါ်လာတဲ့လူတွေ သူ့ကျောကို တစ်ချက် ရိုက်ချလိုက်တဲ့အချိန်မှာ သူ့ပထမဆုံး တုံ့ပြန်မှုက ရွှံ့ရုပ်တော့ ကွဲလောက်ပြီထင်တယ် ဟူ၍ ......
တကယ်ကို ကွဲသွားခဲ့သည်။
သူ သေချာကြည့်လိုက်တော့ ရွှံ့ရုပ်ရဲ့နှာခေါင်းပေါ်မှာလည်း အပိုင်းသေးသေးလေးတစ်ပိုင်း ပဲ့နေသည်။
"ဘာတွေ စဥ်းစားနေတာလဲ"
ပျန်းနမ်က သူ့အတွေးတွေကို ကြားဖြတ်ပြီး မေးလာကာ ဆက်၍ -
"ငါ့လက်ရာ ဘယ်လိုနေလဲ။ သုံးညတောင် ကပ်လိုက်ရတာ။ လက်ချောင်းထိပ်တွေတောင် ကပ်သွားသေးတယ်"
ချိုးယိ သူ့ရှေ့ကို လျှောက်သွားပြီး အရုပ်ကို သူ့လက်ထဲ ထည့်ပေးလိုက်ရင်း -
"ဒါလုပ်တာ ငါ တစ်လလောက် လုပ်လိုက်ရတယ်။ ဘယ်လိုပုံစံလုပ်ရမလဲ စဥ်းစားခဲ့ရတာ"
ပျန်းနမ် သူ့ကို ကြည့်နေသည်။ ချိုးယိက အလွန်နီးကပ်စွာ ရပ်နေ၍ ချိုးယိကိုယ်ပေါ်က ကိုယ်အပူချိန်ကိုတောင် သူ ခံစား၍ရနေသည်။ မျက်လုံးအကြည့်ကိုသာ ဘယ်ဆီကို ပို့ရမှန်းမသိ ဖြစ်နေ၏။
အပေါ်ဘက်မှာဆိုလျှင် ချိုးယိရဲ့ သိမ်မွေ့လှပတဲ့မျက်နှာ ရှိနေပြီး အောက်ဘက်ဆိုလျှင်တော့ အဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ရှိသည်။ ထိုထက် အောက်ဘက်မှာတော့ ...... ကိုယ့်ကိုယ်ကိုယ် ငကြောင် မဖြစ်သွားစေဖို့အတွက်နဲ့ သူသည် အောက်ဘက် ဆက်မကြည့်တော့ချေ။
"ရက်တွေ အကြာကြီးစဥ်းစားလိုက်ပြီးတော့ နောက်ဆုံးမှာ ဘက်တံကိုင်ထားတဲ့ပုံ လုပ်ဖို့ ဆုံးဖြတ်လိုက်တာ"
ချိုးယိ ရယ်လိုက်ပြီး ဆက်၍
"မင်း တင်းနစ်ကစားနေတဲ့အခါဆိုရင် ပုံမှန်အချိန်နဲ့ သိပ်မတူဘူးလို့ ငါထင်လို့"
"ဟုတ်လား"
ပျန်းနမ်တစ်ယောက် အနည်းငယ်ခက်ခဲစွာ မေးလိုက်သည်။
"အင်း။ မင်း တင်းနစ်ကစားတာ ပထမဆုံးကြည့်ကတည်းက ဒီလို ထင်တာ။ တော်တော်ကြော့မော့တာ"
ချိုးယိက ရွှံ့ရုပ်ရဲ့မျက်နှာကို ထိသပ်လိုက်သည်။
"ဒါကတော့ သေချာပေါက် ......"
ပျန်းနမ်သည် ရှေ့နောက်မစဥ်းစားဘဲ နောက်ထပ်နှစ်ခွန်းလောက် ကြွစောင်းစောင်းနဲ့ ဂုဏ်ဆာဖို့ ပါးစပ်ပြင်လိုက်တာဖြစ်သည်။ သို့သော် ပါးစပ်ဟဟချင်းမှာပဲ ချက်ချင်း ရပ်လိုက်ရ၏။
ချိုးယိက ရုတ်တရက် ရှေ့တိုးပြီး သူ့နား ကပ်လာကာ သူ့နားရွက်နားတွင် တီးတိုး ပြောလာသည်။
"ပျန်းနမ် ပျော်စရာမွေးနေ့ ဖြစ်ပါစေ"
ဒီစကား ပြောပြီးနောက် ချိုးယိရဲ့လက် မြင့်တက်လာပြီး ပျန်းနမ်ရဲ့ ခါးပေါ် ဆင်းသက်လာကာ တဖြည်းဖြည်းနဲ့ နောက်ဘက်ကို ရွေ့သွားသည်။
အစင်းရေ ရာချီတဲ့မီးရထားတွေ ဖြတ်သန်းခုတ်မောင်းသွားသလိုမျိုး ဖြစ်နေတဲ့ ပျန်းနမ်ရဲ့ဦးနှောက်က နားမလည်သွားခင်မှာပင် ချိုးယိက ခေါင်းကို စောင်းလိုက်ပြီး နှုတ်ခမ်းက ပျန်းနမ်ရဲ့နှုတ်ခမ်းထောင့်ပေါ်ကို ခပ်ဖွဖွလေး ကျရောက်လာသည်။
ငါ ... လူး ...
ပျန်းနမ်ရဲ့ခြေထောက်တွေ တဒင်္ဂလောက် ပျော့ခွေချင်သွားကာ သူသည် လက်ထဲက ရွှံ့ရုပ်ကို စားပွဲပေါ်မြန်မြန်တင်လိုက်တော့သည်။ လက်တုန်ပြီး နောက်တစ်ခါပြုတ်ကျကွဲသွားမှာ စိုးလို့ဖြစ်၏။ တကယ်လို့ စားပွဲကို မှီထားတာသာမဟုတ်ရင် သူသည် ကြမ်းပေါ်ကို တစ်ခါတည်းတန်းပြီး လျှောကျသွားလောက်မည်ထင်သည်။
အခုအချိန်မှာ သူ့နှလုံးခုန်သံက ပလတ်ခေါင်းဖြုတ်ခံရတာတောင် မဆိုထားနဲ့ဦး၊ အခုတော့ သူသည် အသက်ရှူဖို့တောင် မီးပြတ်နေခဲ့ပြီ။
အသက်မရှူရဲဘူး။
မရှူရဲဘူး ..
အသက်ရှူလိုက်တာနဲ့ ချိုးယိရဲ့ ဒီအနမ်းဟာလည်း ရှူထုတ်လိုက်တဲ့လေနဲ့ လွင့်ပါသွားမှာ စိုးသည် ......
ချိုးယိရဲ့နှုတ်ခမ်းတွေက နူးညံ့ပြီး စိုထန့်သည်။ နွေးထွေးရိပ်လေး တစ်မျှင်နဲ့အတူ သူ့နှုတ်ခမ်းထောင့်မှာ စက္ကန့်အနည်းငယ်လောက် ရပ်တန့်နေပြီးနောက် ချိုးယိရဲ့ခန္ဓာကိုယ်က နောက်ကို မဆိုစလောက်လေး ဆုတ်သွားခဲ့သည်။
ငါလူး။
ပြီးသွားပြီလား။
ဒီသေးငယ်လှတဲ့လှုပ်ရှားမှုကို ပျန်းနမ် ခံစားမိသွားတော့ သူသည် စဥ်းတောင်မစဥ်းစားဘဲ လက်မောင်းကို မြှောက်လိုက်ပြီး ချိုးယိရဲ့လည်ပင်းမှာ ချိတ်ကာ သူ့ဘက်ကို ဆွဲလိုက်သည်။ ထို့နောက် အားပါပါနဲ့ ချိုးယိရဲ့နှုတ်ခမ်းတွေပေါ် ဖိချလိုက်တော့သည်။
သူ့ကျောနောက်မှာ တင်ထားတဲ့ချိုးယိရဲ့လက်လည်းလိုက်ပြီး တင်းသွားကာ သူ့အင်္ကျီထဲကို လျှိုဝင်သွားပြီးနောက် သူ့ခါးကို ကိုင်လိုက်သည်။
နှစ်ယောက်သားရဲ့ လျှာဖျားတွေဟာ နှုတ်ခမ်းတွေကြားမှာ တွေ့ဆုံကြပြီး ထိုလျှာလေးတွေဟာ မူလနေရာမှာ ခဏလောက် ရပ်နေမလား၊ အချင်းချင်း စူးစမ်းကြမလားဆိုတာ ပျန်းနမ် မသိပါ ...... သူ သတိဝင်တဲ့အချိန်မှာ သူဟာ ချိုးယိနဲ့ မြဲမြဲမြံမြံ ရစ်ပတ်ယှက်တင်နေကြပြီ။
စိတ်နှလုံးထဲမှာ စုပုံနေတဲ့ ရှိသမျှသော လွမ်းဆွတ်မှုတွေ၊ တမ်းတမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ စိုးထိတ်ရင်တုန်မှုတွေ အားလုံးဟာ ဒီအခိုက်အတန့်မှာ အကုန်လုံး ပေါက်ကွဲထွက်လာသည်။
ပျန်းနမ်က ချိုးယိကို ဖက်ထားရင်း လက်တွေက သူ့ကျောပေါ်မှာ လိုက်ပြီးပွတ်သပ်ပေးနေသည်။ ဝင်သက်ထွက်သက်က လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတာ မဟုတ်လောက်ပေ။ လျှပ်စစ်ပတ်လမ်း ပြတ်သွားတာ ဖြစ်သည်။ အခုအချိန်မှာ ဖိတ်ကျလာသလိုပင် အသက်ရှူသံပြင်းထန်လွန်း၍ သူကိုယ်တိုင်တောင် အမောတကော ဖြစ်ရသည်။
သူသည် ချိုးယိပါးစပ်ထဲတွင် စူးစမ်းနမ်းရှုပ်နေကာ ဖက်လည်း ဖက်ထားရင်း ချိုးယိကို ခုတင်ပေါ် တွန်းလှဲလိုက်သည်။
ဒီလိုမျိုး တွန်းလှဲလိုက်၍ထင့်၊ ပျန်းနမ် ချိုးယိနှုတ်ခမ်းကို ကိုက်မိသွားကာ ချိုးယိက အလွန်တိုးလျစွာ တစ်ချက်ညည်းလိုက်၏။
ဒီညည်းသံတစ်ချက်ကြောင့်ပင် ပျန်းနမ်မှာ အားအင်တွေ ဆုတ်ယုတ်ကုန်ခန်းသွားသလို ခံစားလိုက်ရသည်။ အကြောတွေပျော့ခွေပြီး ခြေမခိုင်တာတောင် မဆိုထားနဲ့အုံး၊ တစ်ကိုယ်လုံးမှာ ပျန်းရှောင်နမ်ကလွဲရင် အားလုံး ပျော့ခွေသွားကုန်သည်။
ချိုးယိက ဒူးခေါင်းကို ဘယ်လိုထောင်ပြီး သူ့အား တွန်းထုတ်လိုက်သလဲတော့ ပျန်းနမ် မသိလိုက်ပါ။ သို့သော် သူ သတိထားမိတဲ့အချိန်မှာ ချိုးယိက သူ့ကိုယ်ပေါ်မှာ ခွထားပြီးသား ဖြစ်နေကာ လက်တစ်ဖက်က ခုတင်ကို ထောက်ထားပြီး ကျန်တစ်ဖက်ကတော့ ပျန်းနမ်ရဲ့ပခုံးကို ဖိထားလျက်သား ဖြစ်နေပြီ။
"ပျန်းနမ်"
ချိုးယိ သူ့ကို ငုံ့ကြည့်နေကာ လှပနက်နဲတဲ့မျက်ဝန်းထဲမှာတော့ မီးတောက်မီးလျှံတွေ ကခုန်နေလျက် -
"မင်း ငါ့ကို ပြောစရာ ရှိတယ်မဟုတ်ဘူးလား"
"ရှိတယ်"
ပျန်းနမ် သူ့မျက်လုံးတွေကို စိုက်ကြည့်နေကာ အနည်းငယ်လှိုက်မောနေပြီး ခက်ခက်ခဲခဲနဲ့ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ပြောလာသည်။
"ငါ မင်းကို သဘောကျတယ်"
***
(ဆက်ရန်)