Chapter ● 45 ●
ချိုးယိ ရွှီရွေကို မြင်လိုက်တဲ့အချိန်မှာ အတော်လေး အံ့သြသွားသည်။ ဒီနေရာမှာ ရွှီရွေနဲ့ဆုံရလိမ့်မယ်လို့ သူ မထင်ထားချေ။ နောက်မှာ ဝမ့်ဖေး သေချာပေါက် ပါလိမ့်မည်။ ထို့ပြင် ဒီလိုအခြေအနေမျိုးဆိုရင် များသောအားဖြင့် ပျန်းနမ်လည်း ပါတတ်လေ့ရှိသည်။
သူ တစ်ခဏလောက် တုံ့ဆိုင်းနေပြီးမှ လှည့်ကြည့်လိုက်ခြင်း ဖြစ်သည်။ ထင်သည့်အတိုင်းပင် နောက်ကနေ လိုက်လာနေသော ပျန်းနမ်နှင့်ဝမ့်ဖေးတို့ကို တွေ့လိုက်ရပါသည်။
ပျန်းနမ်ရဲ့မျက်နှာအမူအရာကတော့ အနည်းငယ် ဖော်ပြရ ခက်ခဲသည်။ ဒီလိုကသိကအောက်နိုင်တဲ့မျက်နှာပေးနဲ့ သူ့ကို လာမနှုတ်ဆက်လောက်ဘူးလို့ ချိုးယိ ခန့်မှန်းမိသည်။ ထို့ပြင် သူ့ဘေးမှာ ပျန်းနမ်နဲ့ အမြဲတမ်း အကြောမတည့်နေသော ပျန်းရှင်းယွီလည်း ပါနေသေးသည်။
ဒီလိုနဲ့ သူလည်း ပျန်းနမ်ကို ပြုံးရုံသာပြုံးပြလိုက်ပြီး ခေါင်းလှည့်သွားကာ ပျန်းရှင်းယွီနဲ့အတူ စားသောက်ဆိုင်ထဲ ဝင်သွားသည်။
ပျန်းရှင်းယွီက ဒီစားသောက်ဆိုင်ကို အတော်လေး အကျွမ်းဝင်လှကာ ပြတင်းပေါက်နှင့်နီးသော အကန့်စားပွဲတွင် ဝင်ထိုင်လိုက်သည်။
"ငါပဲ တစ်ခါတည်း တန်းမှာလိုက်တော့မယ်နော်"
စားပွဲထိုးဝန်ထမ်း ကမ်းပေးသော မီနူးစာအုပ်ကို လှမ်းယူရင်း ပျန်းရှင်းယွီပြောသည်။
"အင်း"
ချိုးယိ သူ့မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ ခေါင်းထောင်လိုက်တာနဲ့ ပျန်းနမ်ကို တွေ့သည်။
သူတို့လေးယောက်က ချိုးယိတို့ထိုင်နေသော စားပွဲနှင့် ဓားလွယ်ခုတ်နေရာနားရှိ လေးယောက်ထိုင်စားပွဲတွင် ထိုင်ကြသည်။ ပျန်းနမ်နှင့် ဝမ့်ဖေးတို့က ဘေးချင်းကပ်လျက်ထိုင်ကြပြီး သူတို့ရှိရာ ဒီဘက်ကို မျက်နှာမူထားသည်။
ပျန်းနမ် သူနဲ့ အကြည့်ချင်းဆုံကြပြီးနောက် နှုတ်ခမ်းထောင့်ကို ဆွဲဆန့်လိုက်သည်။ ပြုံးချင်ပေမဲ့ ပြုံးလို့မထွက်ဟန် တူသည်။ တော်တော်လေး ကသိကအောက်နိုင်သည်။ ထို့နောက်ဆက်ပြီး ခေါင်းလှည့်သွားကာ သူ့ရှေ့က ကောင်မလေးနှင့်စကားပြောနေပြီး ချိုးယိကို ထပ်မကြည့်လာတော့ချေ။
ချိုးယိ ရေခွက်ကောက်ကိုင်ကာ ရေတစ်ငုံ ယူသောက်လိုက်ပြီး ပျန်းရှင်းယွီ အစားအသောက်မှာယူနေတာကို ကြည့်နေသည်။
"ပြီးပြီ"
ပျန်းရှင်းယွီ အစားအသောက် မှာပြီးနောက် မီနူးစာအုပ်ပိတ်ကာ ရယ်ရင်း -
"မှာလိုက်တာတွေအားလုံးက သူတို့ဆိုင်က ချက်ထားတာ ပိုစားလို့ကောင်းတဲ့ဟာတွေချည်းပဲ"
"နင်ကြိုက်ရင် ပြီးတာပါပဲ"
ချိုးယိ ခေါင်းညိတ်ရင်း ပြောသည်။
"တကယ်တော့ ငါဘယ်လောက်မှ သိပ်မစားနိုင်ဘူး။ နင်ပဲ အဓိက စားရမှာနော်။ ငါ ဝိတ်လျှော့နေတာ"
ပျန်းရှင်းယွီ တစ်လျှောက်လုံး ပြုံးရယ်နေခဲ့သည်။
"နင် မဝပါဘူး"
ချိုးယိ သိလိုက်ရသည်မှာ ပျန်းရှင်းယွီရဲ့မျက်လုံးတွေက ပျန်းနမ်နဲ့ တော်တော်ဆင်သည်။ ချိုးယိ မျက်လုံးပင့်ကာ ပျန်းနမ်ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်၏။ ပျန်းနမ်လည်း ဒီဘက်ကို ကြည့်နေရာ ချိုးယိရဲ့အကြည့်ကို မြင်လိုက်တာနဲ့ အလျင်အမြန် မျက်နှာလွှဲသွားသည်။
"ကျေးဇူး"
ပျန်းရှင်းယွီ မေးထောက်ထားရင်း အပြုံးဖြင့် သူ့အား ကြည့်နေကာ -
"ဒီနေ့ နင်ငါ့ကို တစ်ခုခုထွက်စားဖို့ ခေါ်လိမ့်လို့ တကယ်မထင်ထားဘူး"
"ကျေးဇူးတင်တဲ့အနေနဲ့ပဲ ဆိုပါတော့"
လက်ကောက်ဝတ်တွင်ပတ်ထားသော လက်ကောက်ကို ချိုးယိ ကြည့်လိုက်သည်။
"ကျေးဇူးတင်တဲ့အနေနဲ့တင်ပဲလား"
ပျန်းရှင်းယွီ နှုတ်ခမ်းစူလိုက်ပြီး -
"ငါသိလိုက်ရတာကလေ နင်ဟာလေ မိန်းကလေးတစ်ယောက်ကို အလိမ်အညာစကားတောင် ပြောဖို့ပျင်းတဲ့သူပဲ"
"ညာနေမှန်း သိလျက်သားနဲ့ နားထောင်ချင်သေးတာလား"
ချိုးယိ ရယ်လျက် ပြောသည်။
"နားထောင်ချင်တယ်လေ။ အနည်းဆုံးတော့ နားထောင်ရတာ စိတ်ချမ်းသာတယ်"
ပျန်းရှင်းယွီ ဖန်ခွက်ကိုင်ထားရင်း အားနာပါးနာဖြစ်ဟန် ရယ်လိုက်ကာ -
"လူတွေအားလုံးက ဒီလိုပဲ မဟုတ်ဘူးလား"
"ငါတော့ မဟုတ်ဘူး"
ချိုးယိ ပြောသည်။
"အမလေး။ တခြားအကြောင်း ပြောရအောင်"
ပျန်းရှင်းယွီ ကူကယ်ရာမဲ့စွာ ဖန်ခွက်ချလိုက်ပြီး
"ဟုတ်သားပဲ။ ထင်ထင်ရဲ့မေမေ နင့်ကို ဖုန်းဆက်ပြီးပြီလား။ နင့်ကို ထမင်းဖိတ်ကျွေးချင်လို့လို့ပြောတယ်။ အစကတော့ စာမေးပွဲဖြေပြီးတာနဲ့ နင့်ကို ဖိတ်ကျွေးဖို့ပဲ။ ဒါပေမဲ့ သူ့အဖေ အလုပ်ကိစ္စခရီးထွက်နေတာ အခုမှ ပြန်ရောက်လာလို့ ......"
"မလိုဘူး။ ငါ သူ့အမေကို ပြောလိုက်ပြီးပြီ၊ မလိုတော့ဘူးလို့"
ချိုးယိ ပျန်းနမ်ရှိရာဘက်ကို တစ်ချက်ကြည့်လိုက်တော့ ပျန်းနမ်က ခေါင်းငုံ့ကာ ဖုန်းဆော့နေလျက်ရှိသည်။ သူသည် ပျန်းနမ် မျက်လုံးပင့်လာတဲ့အချိန်မှာပဲ အကြည့်ကိုပြန်သိမ်းပြီး ပျန်းရှင်းယွီကို ကြည့်နေလိုက်သည်။
"နင့်ကို ကျေးဇူးတင်ချင်လို့ပဲလေ။ ထင်ထင်က စာမေးပွဲကောင်းကောင်းဖြေနိုင်လို့ သူ့မေမေက တအားဝမ်းသာနေတာ"
"မလိုဘူး"
"အာ ......"
ပျန်းရှင်းယွီ သံရှည်ဆွဲလိုက်ပြီး စားပွဲပေါ် မှီလိုက်ကာ မျက်မှောင်ကြုတ်လျက် -
"ချိုးယိ နင်နဲ့စကားပြောဆက်ဆံရတာ တော်တော်ခက်တာပဲ"
"ငါတမင်လုပ်တာမဟုတ်ပါဘူး"
ချိုးယိ ရယ်လိုက်သည်။
"နင် တမင်လုပ်နေတာသာဆိုရင် ငါ အစောကြီးကတည်းက နင့်ကို အဖက်မလုပ်နေတော့ဘူး"
ပျန်းရှင်းယွီ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး -
"ထင်ထင်လည်း ပြောတယ်။ နင်က စကားပြောတဲ့အရာမှာ အဆင့်တစ်ဆယ် ဒုက္ခိတ ဆိုပြီးတော့။ သူ့ကို ဂိုက်သင်ပေးလာတာ ဒီလောက်ကြာနေပြီ၊ စာသင်ပေးတဲ့အကြောင်းအရာနဲ့မဆိုင်တဲ့စကားဆို အားလုံးပေါင်းရင်တောင် ဆယ်ခွန်းမပြည့်ဘူးတဲ့"
"မကလောက်ပါဘူး"
ချိုးယိ စဉ်းစားလိုက်ပြီးနောက် -
"ငါအနည်းဆုံးတော့ အခေါက်တိုင်း မုန့်အရင်မစားနဲ့ဦး ဒါမှမဟုတ် နားချိန်ရောက်တော့မှ ဖုန်းထပ်ဆော့လို့ပြောနေကျပဲဟာ"
ပျန်းရှင်းယွီ ပါးစပ်အုပ်ကာ အတော်ကြာအောင် ရယ်လိုက်ပြီး -
"စကားပြောရတာ ခက်ခဲတာကလွဲရင် နင်လည်း တစ်ခါတလေတော့ တော်တော်နောက်တတ်တယ်"
.
ပျန်းနမ်ပျန်းရှင်းယွီရဲ့နောက်ကျောကို ကြည့်နေကာ ကောင်မလေးက ပါးစပ်အုပ်ရယ်နေလျက် ပခုံးကတောင် လှုပ်ခါနေတော့သည်။
"ရွှီရွေ"
ပျန်းနမ် စားပွဲကို လက်နဲ့ခေါက်ပြီး ဝမ့်ဖေးနဲ့ အားပါးတရ စကားပြောနေကြသော ရွှီရွေကို ခေါ်ကာ -
"ငါတို့ နေရာလဲကြမယ်"
"ဟင်"
ရွှီရွေက သူ့ဘေးက မျောင်ယွမ်ကို ချက်ချင်း ဝေ့ကြည့်လိုက်ပြီး -
"ငါနဲ့နေရာလဲမယ် ဟုတ်လား"
"အင်း"
ပျန်းနမ် မတ်တတ်ရပ်လိုက်ပြီး ဝမ့်ဖေးကို လက်ညှိုးထိုးကာ -
"နင် မြန်မြန်လာခဲ့ပြီး သူနဲ့ လာပလူးတော့"
"ငရှုပ်"
ရွှီရွေ ရယ်ရင်း မတ်တတ်လိုက်ရပ်ပြီး ပျန်းနမ်နဲ့ နေရာလဲလိုက်ကာ -
"ငါကတောင် သူနဲ့ ကပ်မထိုင်ချင်နေဘူး "
"နင်လည်း ဟန်ဆောင်တာ နည်းနည်းသိသာသွားတယ်"
ပျန်းနမ်ပြောရင် မျောင်ယွမ်ဘေး ဝင်ထိုင်လိုက်သည်။ ဒီတော့မှ ချိုးယိနဲ့ပျန်းရှင်းယွီကို မတွေ့ရတော့ သူစိတ်သက်သာရာရသွားသည်။
ရွှီရွေ ဝင်ထိုင်လိုက်ပြီးနောက် ရှေ့ကို ကြည့်လိုက်တော့ တန့်ခနဲဖြစ်သွားပြီး -
"အဲ ချိုး ......"
"ဟုတ်တယ်"
ဝမ့်ဖေးက အလျင်အမြန်ပင် လက်ဆန့်ထုတ်ကာ ရွှီရွေအား သူ့နားသို့ ဖက်လိုက်ပြီး ပေါင်မုန့်တစ်လုံးကို ရွှီရွေဆီကမ်းပေးလိုက်ရင်း -
"ဆောင်းဦး ရောက်တော့မှာဆိုတော့ အာဟာရဖြည့်ရမယ်။ ပေါင်မုန့်စားပြီး ပေါင်မုန့်ဖြည့် ......"
[T/N: ချိုးယိရဲ့နာမည် "ချိုး" နဲ့ ဆောင်းဦး "ချိုးထျန်း" နဲ့ "ချိုး" ချင်း အသံထွက် တူပါတယ်။]
မျောင်ယွမ်မှာ အာလူးချောင်းကြော်ယူပြီး စားဖို့ပြင်နေရာ ထိုစကားကြားတာနဲ့ အသံထွက်အောင် ရယ်လိုက်ပြီး -
"ဘာနဲ့ဘာကြီး"
"ရွှီရွေ နင် သူ့ကို ဘာကြည့်ပြီးကြိုက်တာလဲ"
ပျန်းနမ်မေးသည်။
"ငါလည်း နားမလည်လို့ အမြဲစဉ်းစားနေတာ"
ရွှီရွေ ရယ်လျက်ပြောသည်။
"သူ အနိုင်ကျင့်လို့ကောင်းတာကို ကြိုက်တာနေမယ်"
မျောင်ယွမ်က စားနေရင်း ဆက်၍ -
"ဝမ့်ကောလို ဒီစတိုင်မျိုးတွေကလေ နာမည်ပွားကိုက အခန့်သင့်အနိုင်ကျင့်ခံလူသား"
"ဟ ..."
ရွှီရွေ စားပွဲကို ညင်ညင်သာသာ ပုတ်ရိုက်ရင်း အတော်ကြာအောင် ရယ်လိုက်ကာ -
"ဒါဆို နင် ဘာဖြစ်လို့ အဲဒီလိုလူမျိုးကို မျက်စိမကျခဲ့တာလဲ။ ပျန်းနမ်ကတော့ နိုင်ဖို့ မလွယ်နေဘူး။ ဟုတ်တယ်မလား နမ်ကော"
"နင်က ငါ့ကို နိုင်ချင်လို့လား"
ပျန်းနမ် ပြုံးလိုက်ပြီး မြောင်ယွမ်ကို ကြည့်နေသည်။
"အစ်ကိုကြီး ခွင့်လွှတ်ပါ"
မျောင်ယွမ်က ဂါရဝပြုဟန် လက်သီးကို လက်ဝါးထဲ ဆုပ်ကာ အနည်းငယ် အားနာသလို ပြုံးရင်း -
"ငါက နင် အရမ်းကြည့်ကောင်းတယ်လို့ တွေးမိရုံလေးပါ။ ခြေတံရှည်တယ် ဘော်ဒီမိုက်တယ်။ လောလောဆယ် ငါ့ဆန္ဒကတော့ နင့်ကို နီးနီးနားနားမှာ ကြည့်ချင်ရုံလေးပါပဲ"
"ဒါဆို နင်မြန်မြန်ကြည့်။ ခဏနေ ထမင်းစားပြီးရင် ငါအိမ်ပြန်အိပ်တော့မှာ"
မျောင်ယွမ် တော်တော် စတတ်နောက်တတ်တယ်လို့ ပျန်းနမ် ထင်မိသည်။ ဆေးဘက်ဆိုင်ရာကျောင်းက ကောင်မလေးတွေနဲ့ စတိုင် မတူပေ။ အားကစားကျောင်းမှာ လာတက်ရင် ပိုသင့်တော်သည်။
ဒီထမင်းတစ်နပ်ကို စားရတာလည်း အနည်းငယ် ပင်ပန်းစရာကောင်းသည်။ သူတို့လူတစ်စု ပျော်ပျော်ရွှင်ရွှင် စကားပြောဖြစ်ကြပေမဲ့ ပျန်းနမ်မှာ တောက်လျှောက်ပင် အနည်းငယ် စိတ်ဂနာမငြိမ်ဖြစ်နေမိသည်။
မျက်လုံးပင့်ကြည့်လိုက်တာနဲ့ ချိုးယိကိုမြင်ရတာဟာ နေရခက်တယ်လို့ သူ အစတုန်းက ခံစားရသည်။ အထူးသဖြင့် မထိန်းနိုင်ဘဲ ထိုဘက်ကို အမြဲကြည့်နေမိ၍ဖြစ်သည်။ သို့သော် မြောင်ယွမ်ဘေးနားသို့ နေရာပြောင်းလာပြီးနောက် သူ နောင်တရသွားပြန်သည်။
သူတို့နှစ်ယောက် စကားကောင်းနေကြတုန်းလား။
ဒါမှမဟုတ် စားသောက်ရင်း ပြောနေကြလား ......
ပြန်သွားကြပြီလား။
ဒီဗရုတ်သုတ်ခတွေကိုပဲ အခေါက်ခေါက်အခါခါ ပြန်တွေးမိနေသည်။ ပန်းကန်ပြားထဲက အမဲသားစတိခ်လည်း ဘယ်လိုစားကုန်သွားလို့ ကုန်သွားမှန်းတောင် သူ မသိလိုက်ချေ။
ရွှီရွေနဲ့မျောင်ယွမ်တို့ သူတို့အဆောင်က ကောင်မလေးတွေအတွက် ယူပြန်သွားဖို့ ကြက်တောင်ပံ ပါဆယ်မှာယူတော့မှသာ ပျန်းနမ် စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်လာ၏။ ထမင်းတစ်နပ် စားလို့ပြီးသွားခဲ့ပြီ။
ဝမ့်ဖေး ပိုက်ဆံရှင်းပြီးတော့ လေးယောက်သား ပစ္စည်းသိမ်းပြီး မတ်တတ်ရပ်ကြသည်။
ပျန်းနမ် အလျင်အမြန်ပင် ချိုးယိရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက်လည်း စားလို့ပြီးခါနီးနေပြီ။ ပျန်းရှင်းယွီက မေးထောက်ထားလျက်ရှိနေကာ ချိုးယိကတော့ သူနဲ့ တစ်ခုခု ပြောနေဆဲ။
ဒီမြင်ကွင်းကြောင့် သူ့မှာ ရင်ထဲ ဆိုးရွားစွာ ခံရခက်သွားရကာ ကျာပွတ်နဲ့တစ်ချက်အရိုက်ခံလိုက်ရသလို ခပ်ရေးရေးလေး ခံစားလိုက်ရသည်။
အကယ်၍ အရင်တုန်းက သူ ချိုးယိကို ကြိုက်ခြင်း မကြိုက်ခြင်းအပေါ် နောက်ဆုံးသော ထင်ယောင်ထင်မှားမှု ရှိသေးတယ်ဆိုလျှင်တောင် အခုအချိန်ကတော့ ဒီခံစားချက်ကြောင့် သူ့မှာ ထပ်၍ ရှောင်လွှဲနေလို့ မရနိုင်တော့ပေ။ ချစ်ခြင်းမေတ္တာခံစားချက်တွေအပေါ် သူ ဘယ်လောက်ပဲ လေးလေးနက်နက် မရှိစေဦးတော့၊ ခုနတုန်းကလို ဘာကြောင့်ခံစားလိုက်ရလဲဆိုတာတော့ သိပါသေးသည်။
သူ ဝမ့်ဖေးကို တစ်ချက်ကြည့်လိုက်တော့ ဝမ့်ဖေးက ရွှီရွေကို ဖက်ထားရာကနေ လွှတ်လိုက်ပြီး သူ့ပခုံးပေါ် လက်မောင်းလာတင်ကာ မျက်လုံးအကြည့်တွေကတော့ အတော်လေး ရှုပ်ထွေးနေသည်။
စားသောက်ဆိုင်ကနေ ထွက်လာမယ်ဆိုရင် ချိုးယိနဲ့ပျန်းရှင်းယွီတို့ထိုင်နေသောစားပွဲကို ဖြတ်ရမည်ဖြစ်သည်။ အပြင်ထွက်ဖို့ နောက်ကနေ လျှောက်လိုက်လာနေရင်း ပျန်းနမ်သည် စိတ်ထဲတွင် နှုတ်ဆက်မဆက် ဆိုတာကို အခါခါ စဥ်းစားနေသည်။
နှုတ်ဆက်ရမလား မဆက်ရဘူးလား။
နှုတ်ဆက်ရမလား မဆက်ရဘူးလား။
နှုတ်ဆက်လိုက်ရမလား ......
"ပြန်ပြီလား"
ချိုးယိရဲ့အသံ ထွက်ပေါ်လာသည်။
ပျန်းနမ် အတွေးတွေကို ရုပ်သိမ်းလိုက်ပြီး လှည့်ကြည့်လိုက်တော့ ချိုးယိနှုတ်ခမ်းထောင့်က အပြုံးစကို တွေ့လိုက်ရသည်။
"ဟမ် ...... အင်း"
ပျန်းနမ် ခေါင်းညိတ်လိုက်သည်။
ချိုးယိ တခြားစကားထပ်မပြောတော့ဘဲ တစ်ဖက်လှည့်သွား၏။
စားသောက်ဆိုင်ထဲကနေ ထွက်လာပြီးနောက် မျောင်ယွမ်က ပျန်းနမ်နဲ့ဝမ့်ဖေးကို လှည့်ကြည့်လာပြီး -
"ဟဲ့ ခုနတုန်းက ငါ မှားမြင်လိုက်တာ မဟုတ်ဘူးမလား။ အဲဒါ ချိုးယိပေါ့"
"ဟုတ်တယ်"
ဝမ့်ဖေး ပျန်းနမ်၏ပခုံးကို ဖက်လိုက်သည်။
"ဟင် နင်တို့ အဲဒီနေရာမှာတင် ရန်ထမဖြစ်ကြဘူးပေါ့"
မျောင်ယွမ် ရယ်လိုက်ရင်း -
"အားကစားကျောင်းနဲ့ ရေကြောင်းက လူတွေက တွေ့ကြတာနဲ့ ချကြတာလို့ ငါထင်နေခဲ့တာ"
"နင် ငါတို့ကို ဖန်းယိဖုန်းလို စောက်ရူးလို့ မှတ်နေလား"
ဝမ့်ဖေးက တဟေးဟေးနဲ့ ရယ်လိုက်သည်။
"ဟမ်း ... ဖန်းယိဖုန်း ဆိုလို့လေ"
မျောင်ယွမ် တကျွတ်ကျွတ်နဲ့ စုတ်သပ်လိုက်ပြီး -
"တကယ်ကြီးကို အရူးထနေတာ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရေကြောင်းကလူတွေ အများကြီး ချောင်ပိတ်ခံလိုက်ရတယ်"
"သူ ကျောင်းပြီးသွားပြီမဟုတ်ဘူးလား"
ရွှီရွေ ဝင်မေးသည်။
"ဟုတ်တယ်လေ။ အဲဒါကြောင့် အရူးထတာပေါ့။ ကျောင်းတောင်ပြီးသွားပြီကို မလွှတ်ဘဲ ကိုက်ထားတုန်းပဲ"
မျောင်ယွမ်က အထင်သေးစွာ ပြောသည်။
"နင် ဘယ်လိုသိတာတုန်း။ အခု ကျောင်းပိတ်နေတဲ့အချိန်ကြီးကို သူက ဘယ်မှာသွားပြီး ချောင်သွားပိတ်တာလဲ"
ဝမ့်ဖေးက မျက်မှောင်ကြုတ်လျက် ပြောသည်။
"ငါ့သူငယ်ချင်းပြောပြတာ။ ရှောင်ရွေနဲ့လည်း သိတယ်။ ဟိုရက်တုန်းက ငါတို့နဲ့ ရှော့ပင်းထွက်တဲ့ကလေးမလေးလေ။ သူ့ရည်းစားက ရေကြောင်းက"
မျောင်ယွမ်က ရွှီရွေကို ကြည့်ပြီး ပြောသည်။
"အင်း မှတ်မိတယ်"
ရွှီရွေ ခေါင်းညိတ်လိုက်ကာ စဥ်းစားလိုက်ပြီးနောက် မျောင်ယွမ်ကို တစ်ချက်ရိုက်ကာ -
"ဟဲ့ သူ အဲဒီနေ့တုန်းကဝယ်တဲ့ မတ်စ်ခ်က ကပ်ပြီးပြီလား။ ကောင်းလား။ ငါ နင့်ဖိဘက်ခ် စောင့်နေတာ"
"ငါ ခဏနေရင် သူ့ကို မေးကြည့်လိုက်မယ်"
မျောင်ယွမ် ပြောသည်။ နှစ်ယောက်သား ရှေ့ကနေပြီး စကားလမ်းကြောင်းလွဲသွားရင်း တစ်ဖက် ရောက်သွားသည်။
"မင်း ဒီကိစ္စ သိလား"
ဝမ့်ဖေးက ပျန်းနမ်ကို ကြည့်လိုက်ရင်း မေးသည်။
"ငါ ဘယ်က သိမှာလဲ"
ပျန်းနမ် အသံဗလုံးဗထွေးနဲ့ ပြောရင်း -
"ဒီတစ်လော ချိုးယိနဲ့လည်း အဆက်အသွယ်မလုပ်ဖြစ်နေတာကို"
"သေချာအောင် မေးကြည့်သင့်လား"
ဝမ့်ဖေး မျက်မှောင်ကြုတ်ထားသည်။
ပျန်းနမ် သူ့ကို ကြည့်နေပြီး စကားမပြောလို့ သူ နောက်တစ်ခွန်းထပ်ဖြည့်သည်။
"ဒီကိစ္စက တကယ်သာဆိုရင် အဲဒီ ငတုံးဖန်း ကြာလာရင် ငါတို့ကို ပြဿနာလာရှာမှာစိုးတယ်။ အဲဒီကောင်က ခွေးရူးလိုပဲ။ အရင်တုန်းက သူ ကျောင်းမပြီးသေးလို့ ငါတို့ကို မထိရဲတာ။ အခုတော့ လွတ်လပ်မှုထဲ ပြေးနေပြီဆိုတော့"
"လခွမ်းမို့လို့ သူ့ကို ကြောက်ရမယ်"
ပျန်းနမ် သွားတွေကို ကြိတ်လိုက်သည်။
"နည်းနည်းပါးပါးတော့ သတိထားရမယ်လေ။ ဒီကောင်က အခု အပြင်ကလူတွေနဲ့ပဲ ပေါင်းတော့တာဆိုတော့ လက်ဆက ငါတို့နဲ့ တစ်ဆင့်တည်း မဟုတ်တော့ဘူး"
"အင်း"
ပျန်းနမ် တုံ့ပြန်လိုက်သည်။
ရွှီရွေနဲ့မျောင်ယွမ်တို့ကို ပြန်ပို့ပေးလိုက်ပြီးနောက်မှ ဝမ့်ဖေးက အငှားကားပေါ်တွင် ပျန်းနမ်ကို အသံတိုးတိုးနဲ့မေးလိုက်သည်။
"မင်း ဘာမှမဖြစ်ဘူးမလား"
"ငါ ဘာဖြစ်ရမှာလဲ"
ပျန်းနမ် သူ့ကို ကြည့်သည်။
"ဒီတစ်ညနေခင်းလုံး မင်းမျက်နှာ ဖြစ်နေတဲ့ပုံကို မှန်ထဲသွားကြည့်ကြည့်လိုက်အုံး။ မသိတဲ့သူဆိုရင် မင်း မျောင်ယွမ်ကို မျက်စိကျသွားလို့ နေမထိထိုင်မသာ ဖြစ်နေတာလို့ ထင်ကြမှာ"
ဝမ့်ဖေးက တကျွတ်ကျွတ်နဲ့ ဆက်တိုက် စုတ်သပ်လိုက်သည်။
"ပျန်းရှင်းယွီက ချိုးယိကို တောက်လျှောက် လိုက်ပိုးနေတာ"
ပျန်းနမ် ပြောသည်။
"ငါကြည့်ရတာတော့ ချိုးယိရဲ့ပုံစံကလည်း လိုက်လို့ရသွားတဲ့ပုံနဲ့ မတူပါဘူး။ ကြိုက်နေကြတဲ့သူတွေက အဲဒီလိုမျိုး စကားမပြောကြဘူး။ အမူအရာတွေက မဟုတ်နေဘူး"
ဝမ့်ဖေးက အတွေ့အကြုံရှိစွာ ပိုင်းခြားစိတ်ဖြာနေသည်။
"ငါက အဲဒါကြောင့် မဟုတ်ဘူး"
ပျန်းနမ် မျက်မှောင်ကြုတ်ထားလျက်ရှိသည်။ ပျန်းရှင်းယွီနဲ့ချိုးယိတို့ကြား တကယ်လို့သာ တစ်ခုခုရှိတယ်ဆိုလျှင် သူ သေချာပေါက်ကို သိရလိမ့်မည်။ ပျန်းရှင်းယွီက တစ်ခုခုဆိုရင် ဖုံးကွယ်ထားနိုင်တဲ့သူ မဟုတ်ချေ။
"ဒါဆို မင်း ဘာကြောင့်လဲ"
ဝမ့်ဖေး သူ့ကို စိုက်ကြည့်နေသည်။
ပျန်းနမ် ကားပြတင်းကို မှီလိုက်ကာ အပြင်ဘက်ကို ငေးကြည့်နေလိုက်သည်။
မသိဘူး။
တခြားလူတွေ ချိုးယိရှေ့မှာ အေးအေးဆေးဆေးထိုင်ပြီး သူ့ကိုကြည့်ရင်း စကားပြောလို့ရနေတာကို အားကျလို့ဖြစ်လိမ့်မည်။
သူကတော့ ဖရိုဖရဲနဲ့ရှုပ်ထွေးနေတဲ့အချိန် ချိုးယိရဲ့တည်ငြိမ်အေးချမ်းတဲ့အပြုံးကိုတွေ့ပြီး ရုတ်တရက် ထိုင်းမှိုင်းသွားလို့လည်း ဖြစ်လိမ့်မည်။
အရင်ကလိုမျိုး သဘောထားနိုင်မယ်လို့ ကိုယ့်ဘာသာကိုယ် ထင်ခဲ့ပြီးတော့ နောက်ဆုံးမှာ သိလိုက်ရတာက အဲဒီလိုမလုပ်နိုင်လို့ကြောင့်လည်း ဖြစ်လိမ့်မည်။
ချိုးယိကို တွေ့လိုက်တဲ့အတွက်ကြောင့်ပဲလည်း ...... ဖြစ်လိမ့်မည်။
"စိတ်ရှုပ်လို့သေတော့မယ်။ ငါလူး"
ပျန်းနမ် ကျိန်ဆဲလိုက်သည်။
"ဘယ်သူ့ကိုတုန်း"
ဝမ့်ဖေး ကြောင်သွားခဲ့သည်။
"ငါ့ကိုယ်ငါ"
.
"လမ်းဆုံရောက်တော့မှ ကားငှားရအောင်"
ပျန်းရှင်းယွီက ချိုးယိနဲ့အတူ စားသောက်ဆိုင်ထဲကနေ ထွက်လာရင်း -
"ခဏလောက် လမ်းလျှောက်ရင်း အစာကြေချင်လို့။ ရလား"
"အင်း"
ချိုးယိ ခေါင်းညိတ်သည်။
"ပျန်းနမ်နဲ့သူ့ကောင်မလေးကို ဒီမှာ လာဆုံလိမ့်မယ်လို့ တကယ်မထင်ထားဘူး။ အရပ်မြင့်မြင့်နဲ့တစ်ယောက် ဟုတ်မယ်ထင်တယ်နော်။ အရပ်နိမ့်တဲ့တစ်ယောက်က ငါကြည့်တာတော့ ဝမ့်ဖေးလက် ကိုင်ထားတာ။ ကြည့်ရတာလည်း မလှပါဘူး။ ပျန်းနမ်ရဲ့စံသတ်မှတ်ချက်တွေက မြင့်မယ်ထင်နေခဲ့တာ"
ချိုးယိ သူကို တစ်ချက်လှည့်ကြည့်လိုက်ရာ သူသည် ကမန်းကတန်းပင် လက်ခါလိုက်ပြီး
"ငါ သူ့မကောင်းကြောင်း ပြောတာ မဟုတ်ဘူး"
ချိုးယိ ပြုံးလိုက်သည်။
"ငါ့အတွက် ထူးဆန်းနေလို့။ ပျန်းနမ်နားမှာ ကောင်မလေးတွေ အများကြီးပဲ။ သူ တစ်ယောက်ယောက်နဲ့ အချိန်ကြာကြာ တွဲသွားတွဲလာလုပ်တာလည်း မမြင်မိဘူး။ ဒီတစ်ယောက် စံသတ်မှတ်ချက် သိပ်မြင့်ပါလားလို့ အမြဲထင်နေခဲ့တာ။ ခုနတုန်းကကောင်မလေးက ကြည့်လိုက်တာ သာမန်ပါပဲ ......"
ပျန်းရှင်းယွီ သုံးလေးခွန်းပြောပြီး ရပ်သွားကာ -
"အဲ .. ပြောလေ ထူးဆန်းလေ ဖြစ်နေပြီ။ တော်ပြီ မပြောတော့ဘူး"
"ကားငှားရအောင်"
ချိုးယိ လက်ဆန့်ထုတ်ကာ ကားတစ်စီး တားလိုက်သည်။
"လမ်းဆုံရောက်တဲ့အထိ လမ်းလျှောက်မယ်လို့ ပြောထားတယ်လေ ......"
ပျန်းရှင်းယွီ အနည်းငယ် ဆန္ဒမရှိသလို ဖြစ်နေသည်။
ချိုးယိ ကားတံခါးဆွဲဖွင့်ပြီး သူ့ကို ကြည့်လိုက်ကာ -
"ပြောလိုက်တာလား"
"ငါမပြောခဲ့ရင် နင်က ဘာကို အင်း တာလဲ"
ပျန်းရှင်းယွီ သက်ပြင်းတစ်ချက်ချလိုက်ပြီး ကားထဲ ဝင်ထိုင်လိုက်ကာ -
"တကယ်ပဲ ပြောဆိုဆက်ဆံရတာ ခက်ခဲလိုက်တာ"
ချိုးယိ ကားတံခါးပိတ်ကာ ကားဆရာကို ငွေရှင်းလိုက်တော့ ကားထဲက ပျန်းရှင်းယွီက အော်မေးလာသည်။
"နင် ကားပေါ် မတက်ဘူးလား။ ဘယ်လိုပြန်မှာလဲ"
"ပြေးပြီးပြန်မှာ"
ချိုးယိပြောသည်။
အငှားကား မောင်းထွက်သွားတာကို ကြည့်ပြီးတော့မှ ချိုးယိက လက်ဆန့်ထုတ်ကာ ကားငှားလိုက်ပြီး ကားပေါ်ရောက်တော့ ရှန်းထောင်းဆီ ဖုန်းဆက်လိုက်သည်။
"လာခဲ့။ အရက်သောက်မယ်"
"မင်းတို့အိမ်မှာလား"
ရှန်းထောင်း မေးသည်။
"အင်း"
ချိုးယိ ကားပြတင်းအပြင်ကို ငေးကြည့်နေသည်။
"ဟုတ်ပြီ။ ငါ အရက်ယူပြီး လာခဲ့မယ်"
ရှန်းထောင်း ဖုန်းချလိုက်သည်။
ရှန်းထောင်းတို့အိမ်က သူတို့နဲ့ မနီးပေ။ သို့သော် လမ်းသွယ်မှာ အကင်အနည်းငယ်ဝယ်ပြီး ချိုးယိ အိမ်ပြန်ရောက်လာတော့ ရှန်းထောင်းမှာ ခြံထဲတွင် ထိုင်နေလျက်သား ရှိနေပြီဖြစ်ကာ အရက်တွေထည့်ထားတဲ့အထုပ်က စားပွဲပေါ် တင်ထားလျက်သားရှိနေသည်။
"ဒီလက်မောင်းကို ဒီလို မြှောက်လို့ရတယ်။ ဒီမှာကြည့်"
ချိုးယန့်က သူ့အား Bumblebee ရဲ့ POSE တွေ သရုပ်ဖော်ပြသနေသည်။
"အင်း"
ဟုဆိုကာ မြင်ကြောင်း အသိအမှတ်ပြုပေးလိုက်ပြီးနောက် ချိုးယိကို တစ်ချက်လှည့်ကြည့်လာကာ -
"နှေးလိုက်တာ"
"ဝေးလို့"
ချိုးယိက ချိုးယန့်နားသွားကာ သူ့ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး -
"ရေချိုးသန့်စင်ပြီး အိပ်တော့"
"ပျင်းစရာကောင်းချက်"
ချိုးယန့်က Bumblebee ကို သိမ်းလိုက်ပြီး ရင်ထဲပိုက်ကာ အိမ်ထဲဘက် လျှောက်သွားသည်။
"ဘယ်သူ့ကို ပျင်းစရာလို့ ပြောတာလဲ"
ရှန်းထောင်း ရယ်ရင်း မေးသည်။
"အစ်ကိုလေ။ ပြီးတော့ သားကိုကို"
ချိုးယန့် ပြောပြီးတော့ အိမ်ထဲကို ခပ်သုတ်သုတ် ပြေးဝင်သွားသည်။
"ဒါဆို ဘယ်သူက ပျင်းစရာမကောင်းဘူးလဲ"
ရှန်းထောင်း ထပ်မေးသည်။
ချိုးယန့် အိမ်ထဲ ဝင်သွားတော့ မကြားလိုက်ချေ။ ချိုးယိက ဘေးနားတွင် ထိုင်လိုက်ရင်း -
"ပျန်းနမ် နေမှာပေါ့"
"ဒီတစ်ချက်မှာတော့ မင်းတို့ညီအစ်ကိုနှစ်ယောက်ရဲ့အမြင်တွေက ထပ်တူ ဖြစ်နေလိမ့်မယ်"
ရှန်းထောင်း အရက်တစ်ပုလင်း ယူထုတ်လာကာ စားပွဲပေါ် တင်လိုက်သည်။
ချိုးယိ ရယ်လိုက်ကာ -
"ဒီနေ့ ပျန်းရှင်းယွီနဲ့ ထမင်းသွားစားတုန်း ပျန်းနမ်နဲ့တွေ့ခဲ့တယ်"
"ဟုတ်လား"
ရှန်းထောင်းက မီးဖိုချောင်ထဲမှ ဖန်ခွက်နှစ်လုံး ယူထုတ်လာကာ အရက်ငှဲ့လိုက်ပြီး -
"စကားပြောချင်လား"
"မပြောချင်ဘူး"
ချိုးယိ ပက်လက်ကုလားထိုင်တွင် ဝင်ထိုင်ပြီး လှုပ်လိုက်ရင်း -
"မင်းကို အရက်လာသောက်ခိုင်းဖို့ပဲ"
ချိုးယိနဲ့အတူ ဒီလိုမျိုး အရက်သောက် အမြည်းစားရုံလောက် အဖော်ပြုပေးနိုင်သူဆိုလို့ ရှန်းထောင်းတစ်ယောက်တည်းသာ ရှိလိမ့်မည်။ နှစ်ယောက်သား ခြံထဲထိုင်ပြီး ဖြည်းဖြည်းနှေးနှေး အရက်သောက်နေကြကာဘယ်သူမှလည်း စကားမပြောဖြစ်ကြချေ။
နှစ်နာရီခန့် ကြာသွားပြီးနောက် ရှန်းထောင်းယူလာသော အရက်ပုလင်းတွေအားလုံးနီးပါး ကုန်သလောက် ဖြစ်သွားကာ သူ မတ်တတ်ရပ်ပြီး ရေကန်နားမှာ မျက်နှာသစ်လိုက်ရင်း -
"ငါ မရတော့ဘူး"
"အာ့ပေါင်နဲ့ သွားတိုးအိပ်လိုက်"
ချိုးယိပြောပြီး ဖန်ခွက်ထဲမှာရှိတဲ့ အရက်နောက်ဆုံးတစ်ငုံကို မော့သောက်လိုက်သည်။
"ငါ ဆိုဖာမှာ အိပ်မယ်"
ရှန်းထောင်းက မျက်နှာပေါ်က ရေတွေကို သပ်လိုက်ပြီး -
"အာ့ပေါင်က အိပ်ရင် လူကို လာလာကန်တာ။ သည်းမခံနိုင်ဘူး"
ချိုးယိ ခြံထဲတွင် နောက်တစ်ခဏလောက် ထပ်ထိုင်နေသည်။ အိမ်ထဲ ဝင်လာတော့ ရှန်းထောင်းမှာ ဆိုဖာပေါ်တွင် အိပ်ပျော်နေခဲ့ပြီ။
အခန်းထဲ ဝင်သွားတော့ ချိုးယန့်တစ်ယောက် ခုတင်ပေါ်တွင် မှောက်လျက်အိပ်ပျော်နေကာ ခူးခူးခေါခေါနဲ့ ဟောက်တောင် ဟောက်နေပြီ။ ချိုးယိ အနားလျှောက်သွားပြီး ချိုးယန့်အား မှောက်လျက်ကနေ လှန်ပေးပြီး မျက်နှာကို နံရံဘက် လှည့်ပေးလိုက်သည်။ သူ့ကို စောင်ခြုံပေးလိုက်ပြီးနောက် စားပွဲရှေ့တွင် ဝင်ထိုင်လိုက်သည်။
အံဆွဲထဲမှ မျက်မှန်ယူထုတ်ကာ တပ်လိုက်ပြီးနောက် သူသည် မီးအိမ်ခေါင်းကို သူ့ဘက် လှည့်လာပြီး စားပွဲပေါ်ကို ထွန်းလိုက်သည်။ ထို့နောက် လုပ်လို့မပြီးသေးသော လူပုံရွှံ့ရုပ်ကို ယူကိုင်လိုက်၏။
.
"ငါလူး"
ပျန်းနမ် ဆယ်ကီလိုမီတာ ပြေးပြီးသွားပြီးနောက် ပြေးလမ်းဘေးနားတွင် သူ့ကို စောင့်နေသော ဝမ့်ဖေးကိုယ်ပေါ်သို့ တစ်ခါတည်းတန်းပြီး ပစ်ဝင်လိုက်ကာ -
"လောင်ကျန်က စောက်ရမ်းလွန်လွန်းတယ်"
"သူ့ကို ကောင်းကောင်းဂရုမစိုက်ဖို့ မင်းကို ဘယ်သူပြောလဲ"
ဝမ့်ဖေးတစ်ယောက် တဟားဟားနဲ့ အားပါးတရရယ်နေရင်း သူ့ခေါင်းပေါ် တဘက်ပစ်တင်ကာ လောင်ကျန်လေသံဖြင့် -
"ပျန်းနမ် မင်း တင်းနစ်ရိုက်လာတာ ဘယ်နှနှစ်ရှိပြီလဲ။ အရမ်းပင်ပန်းနေတယ် ဟုတ်လား။ လှုပ်ရှားမှု ပုံစံက ဒီအခြေအနေဖြစ်တဲ့အထိ ပြောင်းသွားတာ နွေရာသီသင်တန်းက ကလေးတွေထက် ဆိုးနေပြီ။ ဆယ်ကီလို သွားပြေးပြီး အသိပြန်ကပ်စမ်း။ ဟုတ်သားပဲ။ မနက်ဖြန် မင်းမွေးနေ့မလား။ ပျော်စရာမွေးနေ့ ဖြစ်ပါစေ"
ပျန်းနမ် ဝမ့်ဖေးကို တစ်ချက်တွန်းလွှတ်ပြီး လှေကားထစ်တွေပေါ် ထိုင်လိုက်ရင်း -
"ငါလူး။ မင်းပြောစမ်း သူလွန်လားမလွန်ဘူးလား"
"ဘယ်သူ့အပြစ်လဲ။ မင်းအခုတလော နဂိုကတည်းကိုက ပုံမှန်မဟုတ်နေဘူး"
ဝမ့်ဖေး တကျွတ်ကျွတ်နဲ့ စုတ်သပ်လိုက်ကာ -
"တော်သေးလို့ ဒီနေ့ အာ့ပေါင် မလာတာ။ မဟုတ်ရင် ဘယ်လောက်တောင် စိတ်ပျက်သွားရမလဲ"
"ပါးစပ်ပိတ်"
ပျန်းနမ် သူ့ကို လက်ညှိုးထိုးပြီး ပြောသည်။
"မနက်ဖြန် ဘယ်လို စီစဥ်ထားလဲ"
ဝမ့်ဖေး သူ့နား ဝင်ထိုင်လိုက်ပြီး -
"စွင်းယိဖန် ငါ့ကို ပြောတယ်။ ငါတို့အိပ်ဆောင်ကကောင်တွေ စုပြီး မင်းကို တဝကြီး ဝယ်ကျွေးမယ်တဲ့"
"စားချင်စိတ် မရှိဘူး"
ပျန်းနမ်အတွက် မွေးနေ့ရောက်ခါနီးအချိန်တွင် နည်းနည်းလေးမှ စိတ်မဝင်စားတာဟာ ပထမဆုံးအကြိမ်ပင် ဖြစ်တော့သည်။
"နမ်ကော။ ငါတို့ ပွင့်ပွင့်လင်းလင်း ပြောကြရအောင်။ မင်း ဘယ်လိုစဥ်းစားထားလဲ။ အခု လဝက်တောင် ရှိသွားပြီ။ မင်း သေမလိုရှင်မလိုဖြစ်နေတာကြီးက ......"
"ဘယ်သူက သေမလိုရှင်မလို ဖြစ်နေလို့လဲ"
ပျန်းနမ် သူ့ကို ကြည့်နေသည်။
"မင်းလေ"
ဝမ့်ဖေးလည်း သူ့ကို ပြန်စိုက်ကြည့်သည်။
"ငါလူး။ မင်းအခု စောက်ရမ်းမိုက်နေပါလား"
ပျန်းနမ်မှာ သူ့အမူအရာကြောင့် အူမြူးသွားရသည်။
"ငါ ...... "
ဝမ့်ဖေး စကားပြောဖို့ ပါးစပ်ဟလိုက်စဥ်မှာပဲ ပျန်းနမ် အိတ်ထဲ ပစ်ထည့်ထားသော ဖုန်းမှ ဖုန်းဝင်သံ မြည်လာသည်။
"မင်းကိုက ပေါက်ကရစကားတွေ များလွန်းတာ"
ပျန်းနမ် ဖုန်းကို နှိုက်ထုတ်လာပြီး -
"ကြာလေ များလာလေပဲ။ ဂေါ်ပြားနဲ့ကော်လိုက်ရင် ၁၂ ယွမ်နဲ့ ရောင်းလို့ရ ......"
ချိုးသာ့ပေါင်။
ပျန်းနမ်သည် ဖုန်းမျက်နှာပြင်တွင် ပေါ်နေသော ဖုန်းအဝင်ခေါ်ဆိုမှုကို မြင်လိုက်ချိန်တွင် လက်တစ်ချက်တုန်သွားရာ ဖုန်းလွတ်ကျသွားဖို့ နည်းနည်းလေးသာ လိုတော့သည်။
"ဘယ်သူတုန်း"
ဝမ့်ဖေး အနားတိုးလာပြီး ကြည့်လိုက်တော့ တစ်ချက်တန့်ခနဲ ဖြစ်သွားကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားပြီး ရှောင်ထွက်သွားသည်။
ပျန်းနမ် တစ်ခဏလောက် တွေဝေသွားပြီးတော့မှ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"ငါ"
ချိုးယိရဲ့အသံက လွင့်ပျံ့ထွက်လာသည်။
"အာ.."
ပျန်းနမ် ပြောသည်။
"မွေးနေ့က မနက်ဖြန်လား"
ချိုးယိ ရယ်လိုက်သည်။
ချိုးယိစကားပြောတာကို မကြားရတာ နှစ်ပေါင်းအတော်ကြာသွားသလို ပျန်းနမ် ခံစားရသည်။ ခေတ်တွေ မျိုးဆက်တွေ ခြားသွားသလို ခံစားချက်မျိုးဖြစ်သည် ...... သူသည် ဖုန်းကို နားရွက်နား ပိုဖိကပ်လိုက်ပြီး အတော်ကြာတဲ့အထိ တိတ်ဆိတ်နေသည်။
"မနက်ဖြန်လား။ ဒါမှမဟုတ် ငါ အမှတ်မှားတာလား"
ချိုးယိ ရယ်ရင်း မေးသည်။
ရင်းနှီးနေတဲ့စကားသံ၊ လေသံ၊ ပြီးတော့ ရယ်သံ၊ ဒါတွေဟာ ပျန်းနမ်ရဲ့ နားရွက်နားမှာ ကပ်ကျန်နေခဲ့သည်။ သေးငယ်သော သားမွေးနုနုလေးကဲ့သို့ပင်။ လည်ပင်းနှင့် ပခုံးကနေတဆင့် တစ်ကိုယ်လုံးဆီ ပျံ့နှံ့သွားသည်။ သူ့မှာ လက်ဖဝါးတွေ အနည်းငယ် ချွေးပြန်လာရ၏။ သူ လည်ချောင်းရှင်းလိုက်ရင်း -
"ဟုတ်တယ် ...... မနက်ဖြန်"
"မင်းအတွက် လက်ဆောင်ရှိတယ်။ မနက်ဖြန်ည ငါ အလုပ်မသွားခင် မင်းဆီ ယူလာပေးမယ်လေ"
"ဟမ် .. အေး ...... ကျေးဇူး"
ပျန်းနမ်တစ်ယောက် လည်ချောင်းခြောက်လာသလို ခံစားလိုက်ရသည်။
"ဒါဆို ငါ မနက်ဖြန် မင်းဆီရောက်ရင် ဖုန်းဆက်လိုက်မယ်"
ချိုးယိ ပြောသည်။
"ဟုတ်ပြီ"
ချိုးယိဘက်မှ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ပြောလာသည်။
"ဒါဆို ဖုန်းချလိုက်တော့မယ်"
"...... ဟုတ်ပြီ"
ပျန်းနမ် ပြန်ဖြေလိုက်သည်။ ဖုန်းချလိုက်သံကို နားထောင်နေရင်း အတော်ကြာ မှင်တက်နေပြီးတော့မှ တဖြည်းဖြည်းနဲ့ လှေကားအဆင့်ပေါ် ထိုင်ချလိုက်သည်။
***
(ဆက်ရန်)
စာရေးသူ (Wu Zhe) မှာ ပြောစရာရှိပါတယ် -
ရှေ့တွင် ခွေးသွေး ကြိုတင်သတိပေးပါတယ်။ စာရေးသူကတော့ နှစ်မီတာရှိတဲ့ ထီးကို ဖွင့်ထားလိုက်ပါပြီ။
ယူတို့ ဦးနှောက်ဖွင့်ပြီး ဒုန်းစိုင်းကြတော့။ ဒီခွေးသွေးလမ်းမှာ ဘယ်သူက ဝေးဝေး ပိုပြေးနိုင်လဲလို့ အဲဒီအချိန်ကျရင် ကြည့်ကြည့်တာပေါ့။ ဟေးဟေး။