Chapter ● 43 ●
ပျန်းနမ် မနက်စောစောကတည်းက အိမ်မှ ထွက်လာခဲ့သည်။
မနေ့က ချိုးယန့်တစ်ယောက် အားရပါးရ ဆော့ခဲ့သဖြင့် ဒီနေ့ သူ့ကို အနားယူခိုင်းပြီး တင်းနစ်မကျင့်တော့ဖို့ ချိုးယိကို ပျန်းနမ် ပြောထားခဲ့သည်။ သို့ပေမဲ့ သူကတော့ ပုံမှန်အချိန်အတိုင်း ကျောင်းသို့ သွားကာ လေ့ကျင့်ကွင်းထဲထိုင်ပြီး ဘောလုံးလေ့ကျင့်နေသောကလေးတွေကို ကြည့်နေသည်။
နည်းပြဆရာကတော့ လက်ထောက်တစ်ယောက် အလကား ရလိုက်တာကို အတော်လေးကျေနပ်နေ၏။ ပျန်းနမ်ကိုခိုင်းပြီး သူ့အစား ကလေးတစ်သိုက်ကို နေ့လယ်အထိ လေ့ကျင့်စေလိုက်သည်။
ညနေခင်းဘက် ပျန်းနမ်တစ်ယောက် ဘောလုံးကွင်း၏သံဆန်ခါပိုက် ဘေးနားမှာ ဝင်ထိုင်တော့ နည်းပြက ကူလေ့ကျင့်ခိုင်းဖို့ သူ့ကို ထပ်ခေါ်တဲ့အချိန်မှာတော့ ပျန်းနမ်က ပြုံးဖြဲဖြဲနဲ့ ရယ်လိုက်ရင်း -
"ကျွန်တော် ဖြတ်သွားရင် တစ်ချက်ကြည့်ကြည့်တာ အထဲတောင် မဝင်တာကို"
"မင်းတို့ နောက်တစ်ပတ်ဆိုရင်ပဲ လေ့ကျင့်ရေး ဆင်းရတော့မှာကို နည်းနည်းပါးပါး လှုပ်လှုပ်ရှားရှားလုပ်ပြီး သွေးပူသွားအောင် မနွှေးသေးဘူးလား"
နည်းပြက ပြောသည်။
"ကျွန်တော်က အမြဲ ပူနေတာ"
ပျန်းနမ်က နေရာမှာတင် တစ်ချက်နှစ်ချက် ခုန်လိုက်ကာ အင်္ကျီကို မ,တင်ပြရင်း -
"ဒီမှာတွေလား ပူလောင်လောင်ချွေးတွေချည်းပဲ"
"မင်း ဒီနေ့ ချိုးယန့်ကိုလည်း မစောင့်ရဘဲနဲ့ ဒီလာပြီး ဘာလာလုပ်တာလဲ"
နည်းပြက မတတ်နိုင်စွာ သူ့အား ကြည့်နေသည်။
"ကျွန်တော် အားနေလို့။ ခဏနေ ပြန်တော့မှာ"
ပျန်းနမ် တဟီးဟီးနဲ့ ရယ်လိုက်သည်။
အဓိကကတော့ သွားစရာနေရာ လုပ်စရာအလုပ် မရှိလို့သာဖြစ်ပါ၏။
နွေရာသီပိတ်ရက်တွေမှာ လေ့ကျင့်ရေး ဆင်းရတာကြောင့် အတန်းထဲကလူတွေကတော့ ဒီခဏတာ အားလပ်ချိန်လေးမှာပဲ အလည်ခရီးတွေ အပြေးအလွှား ထွက်သွားကြပြီ။ ခရီးမထွက်တဲ့လူတွေကလည်း အင်တာနက်ဆိုင် ဂိမ်းမြို့တော်တွေမှာ တနေကုန် ချိန်းပြီး ဆော့ကြသည်။ ပျန်းနမ်ကတော့ အဲဒါတွေကို စိတ်မပါ။
တကယ်ပဲ အထီးကျန်ဆန်လွန်းလှသည်။
ညနေ သုံးနာရီလောက်မှာ ဝမ့်ဖေးဖုန်းဆက်လာပြီး သူပြန်ရောက်ပြီဖြစ်ကြောင်း ပြောလာတော့မှသာ ပျန်းနမ်မှာနောက်ဆုံးတော့ အားမာန်တွေ တဖန်ပြန်လည်တောက်ပဖြာထွက်လာပြီး ကျောင်းပေါက်ဝကနေ ပြေးထွက်ကာကားငှား၍ ဝမ့်ဖေးအိမ်သို့ တန်းသွားလိုက်သည်။
ဝမ့်ဖေးတို့ မိသားစုမှာ အိမ်ပြန်ရောက်ခါစဖြစ်ကာ သူ အိမ်ရောက်သွားလို့ တံခါးခေါက်လိုက်ချိန်တွင် သူတို့ ပစ္စည်းသိမ်းဆည်းပြီးခါစ ဖြစ်သည်။
"အမလေး ဒါမှန်းသိရင် ခရီးသွားတာ ပျန်းနမ်ကိုပါ ခေါ်သွားပါတယ်"
ဝမ့်ဖေးတို့အမေက သူ့ကို မြင်တာနဲ့ ပြုံးရယ်ကာ ဆက်၍ -
"တစ်စက္ကန့်တောင်မခြားဘဲ ငါတို့ အိမ်ပြန်ရောက်တာနဲ့ ပေါက်ချလာတာဆိုတော့"
"အန်တီ၊ ပိန်သွားတယ်"
ပျန်းနမ် ဝမ့်ဖေးအဖေအား နှုတ်ဆက်လိုက်ပြီးနောက် ဝမ့်ဖေးအမေ၏ဗိုက်နားကို ညွှန်လျက် -
"အမြဲစိတ်ညစ်နေရတဲ့ဗိုက်က မရှိတော့ဘူး"
"ညနေစာကို အိုးကင်းကြော်မုန့် စားချင်နေတာမလား"
ဝမ့်ဖေးအမေက သူ့အား ပုတ်လိုက်ရင်း မေးသည်။
"ဒီရက်ပိုင်းအတွက် အန်တီ အဆင်ပြေသလို ကြည့်သာစီစဉ်လိုက်။ ကျွန်တော်တော့ ဒီမှာ နေပြီ"
ပျန်းနမ် ရယ်ရင်း ဝမ့်ဖေးအခန်းထဲသို့ ပြေးဝင်သွားသည်။
"ဒါက မင်းအတွက်ပဲ သီးသန့်ရွေးလာတာ"
ဝမ့်ဖေးက ဘူးတစ်ဘူးကို သူ့အား ကမ်းပေးလာရင်း -
"ငါ့အမေ ဘုံကျောင်းမှာတောင် သွားရွတ်ပေးပြီးပြီ"
"ကျောက်စိမ်းဆွဲပြားလား၊ လှတယ်ဟ"
ပျန်းနမ် ဘူးကို ဖွင့်လိုက်တော့ ဘူးအထဲတွင် အလယ်ခေါင်တွင် အပေါက်ဖောက်ထားသော ကျောက်စိမ်းဆွဲပြားတစ်ခု ရှိလေသည်။ ဘေးကင်းစေသော ကျောက်စိမ်းအဆောင်ဆွဲပြားဖြစ်သည်။ ပျန်းနမ် အခန်းတံခါးဖွင့်ကာ ဧည့်ခန်းဘက်သို့ အော်ပြော၏။
"အန်တီရေ ကျေးဇူးတင်ပါတယ်"
"နမ်ကော။ ဒီလာပြီး ငါ့ကို တစ်ချက်ကြည့်ကြည့်ပေး"
ဝမ့်ဖေး ခုတင်ပေါ်ဝင်ထိုင်လိုက်ကာ နောက်ထပ်ဘူးလေးတစ်ဘူး ယူထုတ်လာပြန်ကာ -
"ဒါက ရွှီရွေကို ပေးဖို့။ သူကြိုက်လောက်မယ်လို့ ထင်လား"
ပျန်းနမ် ကျွတ်ခနဲတစ်ချက် စုတ်သပ်လိုက်ပြီး အနားတိုးကာ သွားကြည့်လိုက်ရာ ပဲစေ့ပုံကျောက်စိမ်းလေးတစ်ခု ဖြစ်နေသည်။
"လခွမ်း။ ငါ ဒါကြိုက်တယ်"
ပျန်းနမ် ကျောက်စိမ်းလေးကို ထိကြည့်လိုက်သည်။
"မင်းကလေ ဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲ"
ဝမ့်ဖေး အူမြူးသွားကာ -
"ပဲစေ့ပုံက ကောင်မလေးတွေ ဆွဲကြတဲ့ဟာ"
"ဒီလိုလဲ ခွဲသေးတာလား။ ငါတော့ သဘောကျစရာကောင်းတယ်ထင်လို့"
ပျန်းနမ် ယူကိုင်ကြည့်လိုက်ပြီး -
"သူသေချာပေါက်သဘောကျမှာ။ ကောင်မလေးတွေဆို အားလုံး ဒါမျိုးတွေ ကြိုက်ကြတယ်မလား။ ပြီးတော့ အဓိကကျတာက ဒါကို ဟိုးအဝေးကြီးကနေ ယူပြန်လာတဲ့ဟာလည်းဖြစ်သေးတာ"
"အင်း"
ဝမ့်ဖေး ဘူးကို သိမ်းလိုက်ပြီး ခုတင်ပေါ်ဝင်လှဲလိုက်ကာ -
"မနက်ဖြန် သူ့ကိုချိန်းတဲ့အချိန်ကျရင် ပေးမလို့။ ပြီးတော့ ငါတို့လည်း လမ်းကြုံ ထမင်းအတူတူစားကြမယ်လေ"
"ဟုတ်ပြီ"
ပျန်းနမ် ခေါင်းညိတ်သည်။
"နမ်ကော"
ဝမ့်ဖေးတစ်အောင့်ခန့် လှဲလိုက်ပြီးနောက် ခြေထောက်ဖြင့် သူ့ကို တွတ်လိုက်ရင်း -
"မင်း ဒီရက်ပိုင်း ဘာတွေ လုပ်နေခဲ့လဲ။ စိတ်ထဲမှာ မင်း မှိုင်နေသလိုပဲ။ ငါ့ကိုတွေ့တာတောင် ဗီဒီယိုဂိမ်းဆော့ဖို့ ဆွဲမခေါ်ဘူးဆိုတော့"
"ခင်ဗျား ခရီးထွက်ထားလို့ ပင်ပန်းနေမှာစိုးလို့မဟုတ်ဘူးလားဗျာ"
ပျန်းနမ်မှာ တကယ်ကိုပင် စိတ်ညစ်ညူးနေခဲ့သည်။ အိပ်ငိုက်လွန်းလို့လား မနေ့ကကိစ္စကြောင့်လားလည်း သူ မသိနေပါ။
"မပင်ပန်းဘူး"
ဝမ့်ဖေး လက်မောင်းကို ခေါင်းအုံးကာ သူ့အား ကြည့်နေရင်း -
"ပြောစမ်းပါလေ။ တစ်ခုခု ဖြစ်ထားလို့မဟုတ်လား"
"မဟုတ်ပါဘူး"
ပျန်းနမ် ခုတင်ခေါင်းရင်းတွင် မှီလိုက်ကာ အတော်ကြာအောင်စဥ်းစားလိုက်ပြီးမှ ရုတ်တရက်ကြီး ဝမ့်ဖေးကိုယ်ပေါ် လိမ့်တက်ကာ သူ့မျက်လုံးကို စိုက်ကြည့်လိုက်သည်။
"ဘာလုပ်တာလဲ"
ဝမ့်ဖေးမှာ သူ့ကြောင့် အူကြောင်ကြောင်ဖြစ်သွားကာ သူနဲ့အတူတူလိုက်ပြီး ပြန်စိုက်ကြည့်ပေးလိုက်သည်။
"ငါချောတယ်မလား"
ပျန်းနမ် မေးသည်။
"...... ချောတယ်။ တော်တော်လေး ချောတယ်"
ဝမ့်ဖေးတစ်ယောက် အတော်ကြာတော့မှ ပြောလိုက်ခြင်းဖြစ်ကာ ဆက်၍ -
"ငါလူး။ ဘာကများ မင်းကို ကိုယ့်ရုပ်ရည်ကိုကိုယ် သံသယဝင်အောင် လုပ်မိသွားတာလဲ"
"စောက်ပိုတွေ ပြောမနေနဲ့တော့။ မင်းငါ့ကိုကြည့်စမ်း"
ပျန်းနမ် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးပြပြီး -
"ချောတယ်မလား။ တစ်ချက်လောက် မနမ်းချင်ဘူးလား"
"နမ်းချင်တယ်လေ"
ဝမ့်ဖေး လည်ပင်းကိုဆန့်ထုတ်ကာ သူ့မျက်နှာပေါ်တွင် ထိတယ်ဆိုရုံလေး နမ်းလိုက်သည်။ မြည်သံစွဲအောင်တောင် လုပ်လိုက်သေးကာ -
"တစ်ခါတည်းနဲ့ အဝနမ်းရအောင် ......"
"ထားလိုက်တော့"
ပျန်းနမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ ခုတင်ခေါင်းရင်းတွင် ပြန်မှီလိုက်သည်။ သူ့စိတ်ညစ်ညူးမှုကို ဝမ့်ဖေးတစ်ယောက် နားလည်နိုင်စွမ်းရှိမှာ မဟုတ်ပါ။ အခုတော့ သူလည်း ဘယ်လိုပြောရမှန်း မသိနေပေ။
"နမ်ကော မင်း မဟုတ်မှလွဲရော ...... ချောမောခန့်ညားတဲ့မင်းမျက်နှာလေးကို အဖက်မလုပ်တဲ့ကောင်မလေးနဲ့ တွေ့ခဲ့တာလား"
ဝမ့်ဖေး ခဏလောက်စဥ်းစားလိုက်ပြီးနောက် မေးလာသည်။
"မဟုတ်ပါဘူး"
ပျန်းနမ်က ဗလုံးဗထွေးအသံနဲ့ ပြန်ဖြေသည်။
"ဒါဆို ဘာဖြစ်နေတာလဲ"
ဝမ့်ဖေး ထထိုင်လိုက်သည်။
"မသိဘူး"
ပျန်းနမ်တစ်ယောက် အသံက ခပ်အုပ်အုပ်ဖြစ်နေဆဲပင်။
"ငါ ရောဂါဖြစ်နေတာဖြစ်မယ်"
ဝမ့်ဖေး ကြောင်ငေးသွားကာ သူ့ကို တစ်အောင့်ခန့် စိုက်ကြည့်လိုက်သည်။ သုံးလေးကြိမ်ခန့် ပါးစပ်တပြင်ပြင်လုပ်လိုက်ပြီး နောက်ဆုံးမှ အသံထွက်လာကာ -
"ဘာ ...... ဘာရောဂါလဲ"
"စောက်ကျိုးနည်း ဟေ့ကောင် မင်းမှာ ဦးနှောက်က ရှိရောရှိရဲ့လား"
ပျန်းနမ်က သူ့ခြေထောက်ဆီသို့ တစ်ချက် ကန်ထည့်လိုက်တော့သည်။
"လခွမ်း။ မင်းပဲ မင်းမှာရောဂါရှိတယ်ပြောတာလေ။ အဲဒီတော့ ငါလည်း ဘာရောဂါလဲလို့ မမေးရဘူးလား"
ဝမ့်ဖေး ခြေထောက်ကိုအုပ်ကာ အော်ပြောသည်။
မင်းဦးနှောက်ထဲက ရူးနှမ်းနှမ်းအတွေးတွေ မြန်မြန်ထုတ်လိုက်စမ်းလို့ ပျန်းနမ်တစ်ယောက် ပြောခါနီးတွင်ပင် ဖုန်းလာသံ မြည်လာသည်။
သူ ဖုန်းယူထုတ်လာကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းမျက်နှာပြင်ကို မလှုပ်မယှက်စိုက်ကြည့်နေတော့သည်။
ချိုးယိ ဖြစ်သည်။
သူ ရုတ်တရက်ပင် ချိုးယိဖုန်းကို မကိုင်ရဲတဲ့စိတ် ဖြစ်လာလေသည်။
"ချိုးယိ ကိုင်လိုက်လေ"
ဝမ့်ဖေး အနားတိုးလာကာ ဖုန်းကို ကြည့်လိုက်ပြီးတော့ ပြောသည်။
ပျန်းနမ် ငြိမ်သက်နေဆဲပင်။
ဖုန်းမြည်သံ ရပ်သွားတော့မှ သူ စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။
"ဘာလို့မကိုင်တာတုန်း။ မင်းတို့ စကားများထားကြတာလား။ ခွာကြပြဲကြပြီလား"
ဝမ့်ဖေး မရပ်မနားခန့်မှန်းနေကာ -
"သူ မင်းကို ထိုးလိုက်တာလား။ မဟုတ်သေးဘူး။ မင်း သူ့ကို ထိုးလိုက်တာလား။ ဒါမှမဟုတ် ......"
ဖုန်းက နောက်တစ်ခါ ထပ်မြည်လာကာ ခေါ်ဆိုသူဟာလည်း ချိုးယိပင်။
ဝမ့်ဖေး၏အူကြောင်ကြောင်အကြည့်ကို ကြည့်နေရင်း ပျန်းနမ်တစ်ယောက် မနေနိုင်တော့ဘဲ ဖုန်းကိုင်လိုက်သည်။
"လူကြီးမင်း ခေါ်ဆိုသောဖုန်းနံပါတ်မှာ ...... လတ်တလောတွင် ......"
ပျန်းနမ်သည် ကိုယ့်ကိုယ်ကိုယ် တကယ်ရောဂါရှိနေပြီလို့ ခံစားလာရသည်။ ဖုန်းကိုင်လိုက်ပြီးနောက် ဖုန်းစပီကာထဲသို့ ဒီလိုမျိုး တစ်ခွန်းပြောချလိုက်သည်။ ပြီးတော့ ဖြောင့်တန်းအောင်လည်း မပြောနိုင်ပေ။
"လတ်တလောတွင် ခေါ်ဆို၍ မရနိုင်သေးပါ"
ဝမ့်ဖေးက သွက်လက်စွာပင် ဘေးကနေ သူ့ကို သတိပေးသည်။
"လတ်တလောတွင် ခေါ်ဆို၍ မရနိုင်သေးပါ"
ပျန်းနမ် ပြောသည်။ တစ်ခြားတစ်ဖက်တွင် ချိုးယိက တိတ်ဆိတ်နေကာ ဖုန်းကို မချပစ်ပေ။ သူ့မှာ ရှေ့ဆက်ပြောရုံသာ တတ်နိုင်ကာ -
"Sorry. The sub ...... sub ...... ဟမ်း ထားလိုက်တော့။ ဘာကိစ္စလဲ"
"The subscriber you dialed cannot be connected for the moment, please redial later"
တစ်ဖက်မှ ချိုးယိ၏အသံ ထွက်ပေါ်လာသည်။ ပြောလိုက်သော အင်္ဂလိပ်အသံထွက်က အလွန်ပီသကာ -
"မင်းပြောချင်တာက အဲဒီဟာလား"
"...... မဟုတ်ဘူး"
ပျန်းနမ် ပြောသည်။
ချိုးယိ ရယ်လိုက်ပြီး -
"အာ့ပေါင်က egg-tart စားချင်လို့ ငါ့ကို လုပ်ခိုင်းတာ၊ မင်းအတွက် အပိုလုပ်ခိုင်းပြီးတော့ ထားထားခိုင်းတယ်. မင်း ညနေကျလို့ ......"
"ငါ မသွားတော့ဘူး"
ပျန်းနမ်တစ်ယောက် ခပ်သွက်သွက်ပင် ချိုးယိစကားကို ဖြတ်ပြောလိုက်ကာ -
"ငါ ဝမ့်ဖေးတို့အိမ်မှာ နေနေတာရော်"
"အဲဒီလိုလား။ ဒါဆို ဟုတ်ပြီလေ"
ချိုးယိလည်း တခြားဟာ သိပ်မပြောတော့ဘဲ ဖုန်းချလိုက်သည်။
.
ချိုးယန့်မှာ ချိုးယိဖုန်းဆက်နေတဲ့တစ်လျှောက်လုံး ခေါင်းမော့ကြည့်နေရာ ဖုန်းချပြီးတော့ ချိုးယိအင်္ကျီကို စိတ်အားထက်သန်စွာ ဆွဲကာ -
"သာ့ဟူကျစ် ဘယ်အချိန်လာမှာလဲဟင်"
"သူ ဒီနေ့မလာဘူး။ သူ့သူငယ်ချင်းအိမ်ရောက်နေတာတဲ့"
ချိုးယိ သူ့ခေါင်းလေးကို သပ်ပေးလိုက်ကာ -
"egg tart အရွက်သွားဝယ်မလို့ ငါနဲ့လိုက်ခဲ့မလား"
"သူ မလာဘူးလား"
ချိုးယန့်မှာ အတော်လေးစိတ်မချမ်းမသာဖြစ်သွားကာ -
"သူ မုန့်လာမစားဘူးလား"
"နောက်တစ်ခါမှ သူလာစားမှာပေါ့ကွာ"
ချိုးယိ ဖိနပ်လဲလိုက်ပြီး -
"ဒါမှမဟုတ်လည်း မနက်ဖြန်မနက်ကျမှ နောက်ထပ်နည်းနည်း ထပ်လုပ်လိုက်မယ်လေ။ မင်း တင်းနစ်သွားရိုက်ရင် သူ့ကို ယူသွားပေးလိုက်ပေါ့"
"ဟုတ်ပြီ"
ချိုးယန့် ခေါင်းညိတ်သည်။
Egg tart အရွက်သွားဝယ်ဖို့ ချိုးယန့် သူနဲ့အတူတူ လိုက်မလာခဲ့ပေ။ သူ့ကို သိပ်မကျီစယ်တတ်သော၊ သူနဲ့အတူတူ အမြဲမကစားပေးနိုင်သော အစ်ကိုနဲ့ယှဥ်လျှင် ချိုးယန့်က ပျန်းနမ်နှင့်အတူတူ အချိန်ဖြုန်းဖို့ကို ပိုသဘောကျလိမ့်မည်။
မုန့်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ခြမ်းပြီးလို့ ချိုးယိအိမ်ပြန်ရောက်လာတော့ ချိုးယန့်သည် ခြံထဲဆောင့်ကြောင့်ထိုင်ပြီး အဝေးထိန်းခလုတ်မော်တော်ကားနှင့် ဆော့နေဆဲဖြစ်သည်။ ကားဖြင့် ပျန်းနမ်လက်ဆောင်ပေးသော bumblebee စက်ရုပ်ကို ပတ်ပတ်လည်လှည့်ကာ ဆော့နေ၏။
"မနက်ဖြန် ကိုကိုရှောင်ထောင်းပြန်လာပြီဆိုတော့ မင်းကို ဗီဒီယိုဂိမ်းဆော့ဖို့ ခေါ်သွားပေးမယ်လေ။ ဘယ်လိုလဲ"
ချိုးယိ ပြောသည်။
"ကိုကိုရှောင်ထောင်းက ပျင်းဖို့ကောင်းတယ်"
ချိုးယန့် ကားကို စိုက်ကြည့်နေလျက် -
"သာ့ဟူကျစ်ကမှ ပျော်ဖို့ကောင်းတာ"
ချိုးယိ အူမြူးသွားရသည်။ ရှန်းထောင်းလည်း သူနဲ့ သိပ်မကွာပေ။ ပျန်းနမ်နှင့်ယှဥ်လိုက်လျှင် နှစ်ယောက်စလုံး အနည်းငယ် ပို၍ အနေတည်ကြသည်။ ချိုးယန့်တစ်ယောက် ပျန်းနမ်ကို ဒီလောက် သဘောကျနေတဲ့အကြောင်းရင်းက ပျန်းနမ်က ...... ကလေးဆန်လို့လား။
မဟုတ်ပါ။ ကလေးလို ရိုးစင်းတဲ့စိတ်သဘောထား ရှိ၍သာဖြစ်သည်။ ကလေးတွေနဲ့ဆိုလျှင် သူနဲ့ရှန်းထောင်းထက်ကို အများကြီး ပိုစိတ်ရှည်သည်။
တစ်ခုရှိတာကတော့ နောက်ဆိုလျှင် ပျန်းနမ်လည်း ချိုးယန့်နဲ့ဆော့ဖို့ သူ့အိမ်ကို ခဏခဏ မလာဖြစ်လောက်တော့ပေ။
ချိုးယိ မီးဖိုချောင်ထဲ ဝင်လာပြီး နွားနို့နဲ့သကြားကို အိုးထဲ ထည့်ပြီး မီးဖိုပေါ်တင်ကာ သကြားအရည်ပျော်မှာကို စောင့်ရင်း တဖြည်းဖြည်းမွှေပေးနေလိုက်သည်။
ခဏလောက် မွှေနေလိုက်ပြီးနောက် သူ မြည်းကြည့်လိုက်သည်။ ချိုးယန့်က အချိုစာတွေစားရတာကို ကြိုက်သည်။ ချိုလေ ကောင်းလေဖြစ်သည်။ သို့သော် သကြားကိုတော့ သူ များများ မထည့်ဖြစ်လိုက်ပေ။ သူသည်းခံနိုင်တဲ့အမြင့်ဆုံးအချိုဓာတ်အထိသာ ထည့်ထား၏။
သကြားအရည်ပျော်သွားတော့ သူ အိုးကို တစ်ဖက်တွင် ထားလိုက်ပြီး ဂျုံမှုန့်လှည့်ယူကာ ဂျုံကို အိုးထဲ ဆန်ခါနဲ့ ခါထည့်ဖို့ ပြင်သည်။
ပျန်းနမ်ရဲ့ နမော်နမဲ့နိုင်တဲ့အပြုအမူတွေ ကူးစက်လာတာလားတော့မသိပါ သူသည် စိတ်နဲ့ကိုယ် မကပ်ဘဲ ဖြစ်နေကာ ဂျုံမှုန့်ကို တစ်ချက်ပဲ ခါပြီးခါစတွင် ဆန်ခါအောက်မှ တက်လာသော မီးကြောင့် သူ့မှာ လန့်သွားခဲ့ရသည်။ နောက်ဆုတ်လိုက်ပြီးမှ သိလိုက်ရသည်မှာ သူသည် ဂျုံမှုန့်ကို အိုးထဲမှဟုတ်ဘဲ မီးဖိုပေါ်သို့ ခါချမိနေခဲ့ခြင်းဖြစ်သည်။ မီးတောင် မပိတ်ရသေးချေ။
သူ မီးဖိုမီးကို သွားပိတ်လိုက်ပြီး ဂျုံမှုန့်တွေကို အိုးထဲ ခါထည့်လိုက်သည်။ ကြက်ဥအနှစ်ထည့်ချိန်တွင်လည်း မီးဖိုပေါ် ပစ်ထည့်ဖို့ အနည်းငယ်သာလိုသွားသလို ဖြစ်ပြန်သည်။
သူ ကျစ်ခနဲတစ်ချက် စုတ်သပ်လိုက်ပြီး လက်ထဲကပစ္စည်းကို အောက်ချလိုက်ကာ မီးဖိုကောင်တာကို လက်ထောက်လျက် အသက်တစ်ချက် ရှူသွင်းသည်။ တဖြည်းဖြည်း အသက်ပြန်ရှူထုတ်လိုက်ပြီးနောက်မှသာ ကြက်ဥမွှေကိရိယာကို ပြန်ကိုင်ပြီး အိုးကို ဆက်မွှေလိုက်သည်။
"ကိုကို"
ချိုးယန့် မီးဖိုထဲ ပြေးဝင်လာပြီး -
"ပြီးပြီလား"
"...... အခုမှ စလုပ်တာ ဘာမှမကြာသေးတာကို။ ဖုတ်တောင် မဖုတ်ရသေးဘူး"
ချိုးယိ ရယ်ရင်း ပြောသည်။
"ဒါဆို မနက်ဖြန်မနက်အတွက် ထားထားဖို့ မမေ့နဲ့ဦးနော်။ သာ့ဟူကျစ်ကို ယူသွားပေးဖို့"
ချိုးယန့်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သူ့ကိုပြောသည်။
"အင်း။ မမေ့ဘူး"
ချိုးယိ ခေါင်းညိတ်သည်။
"ကိုကို"
ချိုးယန့်က မီးဖိုချောင်တံခါးဝဘေးနားက ခွေးခြေခုံလေးပေါ်ထိုင်ပြီး -
"နောက်တစ်ပတ်ကျရင် သာ့ဟူကျစ် လေ့ကျင့်ရေး ဆင်းရတော့မှာ"
"အင်း"
ချိုးယန့်က egg tard အခွံတွေကို မုန့်ဖုတ်ဗန်းပေါ် စီလိုက်သည်။
"သူ လေ့ကျင့်ရေးစဆင်းပြီးရင် သား သူနဲ့ ဘောလုံးရိုက်လို့မရတော့ဘူး"
ချိုးယန့်အသံက အနည်းငယ်စိတ်ဓါတ်ကျဟန် ပေါက်နေသည်။
"မင်း တင်းနစ်ကစားရတာ ကြိုက်တာသေချာရင် နွေရာသီသင်တန်းက ကလေးတွေနဲ့အတူတူကစားဖို့ ငါပိုက်ဆံသွင်းပေးမယ်လေ"
ချိုးယိ ပြောသည်။
"ဟင့်အင်း။ သင်တန်းကြေးက အရမ်းစျေးကြီးတယ်။ သာ့ဟူကျစ် အားတော့မှ သားကို သင်ပေးရင်ရပြီ"
ချိုးယန့် သူ့ကို ကြည့်နေကာ -
"သူလေ့ကျင့်ရေးဆင်းနေတဲ့အချိန်ဆိုရင် သားသွားကြည့်လို့ရလား"
"သူ့လေ့ကျင့်ရေးဆင်းနေရင် မင်းကို အဖက်လုပ်ဖို့ အချိန်မရှိဘူး"
ချိုးယိက ရောမွှေထားသော နွားနို့အနှစ်ကို egg tart အခွံတွေထဲသို့ လောင်းထည့်သည်။
"သား ဘေးကနေပဲ ကြည့်မှာလေ။ သူအဖက်လုပ်ဖို့ လိုနေတာမှမဟုတ်တာ"
ချိုးယန့်ပြောသည်။
ချိုးယိ တစ်အောင့်လောက် တိတ်ဆိတ်သွားပြီး မုန့်တွေကို မုန့်ဖုတ်စက်ထဲ ထည့်လိုက်ပြီးနောက်တော့မှ -
"မင်းသဘောပဲ"
.
ပျန်းနမ်နှင့်ဝမ့်ဖေးတို့ ဘတ်စ်ကားမှတ်တိုင်တွင် ဆောင့်ကြောင့်ထိုင်လျက် ရှိသည်။ ယနေ့တွင် ချိုးယိက ချိုးယန့်ကို လာပို့ရန် အချိန်မရှိသဖြင့် ကောင်လေးပေါက်စလေးက သူ့ဘာသာသူ တစ်ယောက်တည်း ဘတ်စ်ကားစီးလာမည်ဖြစ်သည်။
ချိုးယန့်တစ်ယောက် ထမင်းဘူးလေး လက်က ဆွဲလျက် ဘတ်စ်ကားပေါ်မှ ခုန်ဆင်းလာသည်ကိုမြင်သောအခါ ပျန်းနမ်တစ်ယောက် ကြောင်သွားပြီး -
"နေ့လယ်စာဘူးပါ ထည့်လာသေးတာလား"
"ကြက်ဥမုန့်တွေ"
ချိုးယန့်က ထမင်းဘူးကို မြှောက်ပြလိုက်ပြီး -
"ကိုကို မနက်က လုပ်ထားတာ ...... ကိုကိုဝမ့်ဖေး မင်္ဂလာပါ"
"အေး အေး မင်္ဂလာပါ မင်္ဂလာပါ"
ဝမ့်ဖေး သူ့ခေါင်းလေးကို သပ်လိုက်ရင်း -
"အာ့ပေါင် မှတ်ဉာဏ် မဆိုးပါလား။ ငါ တစ်ခေါက်ပဲ သွားဖူးတာကို ငါ့နာမည် မှတ်မိသေးတယ်ပေါ့။ ချောကလက် စားမလား။ ကိုကို ဝယ်ပေးမယ်"
ပျန်းနမ်က ထမင်းဘူးကို လှမ်းယူလိုက်ပြီး ဖွင့်လိုက်တော့ ချိုအီမွှေးပျံ့သော မွှေးရနံ့က ချက်ချင်း ပျံ့လွင့်ထွက်လာသည်။ ထမင်းဘူးထဲမှာ ညီညီညာညာထည့်ထားပြီး အခုထိ နွေးနွေးလေး ဖြစ်နေပုံရတဲ့ ကြက်ဥမုန့်ကိုကြည့်ပြီး ပျန်းနမ်မှာ စိတ်ထဲတွင် ပြောပြ၍မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ နားလည်ရခက်သော စိတ်နှလုံးပျာယာခက်မှုလေးလည်း အတူတကွ ပါလာသည်။
"ဒါတွေက ချိုးယိ လုပ်ထားတာပေါ့ ဟုတ်လား"
ဝမ့်ဖေး လက်ဆန့်ထုတ်ကာ တစ်ခု ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်ပြီးတော့ အော်ပြောလာသည်။
"ဟ တော်တော် စားကောင်းပါလား"
"မင်းကို စားခိုင်းလို့လား၊ ယူစားလိုက်ရအောင်"
ပျန်းနမ်မှာ ရှုစားလို့တောင် မဝသေးခင်မှာ တစ်ခု ကုန်သွားပြီ။ နှစ်ခု၊ သုံးခု ကုန်သွားပြီ။ ကြည့်နေရင်း သူ့စိတ်ထဲ တော်တော်မသက်မသာ ဖြစ်ရသည်။
"စားလို့ကောင်းနေတာပဲ။ မင်း မြန်မြန်မြည်းကြည့်"
ဝမ့်ဖေးက ကြက်ဥမုန့်တစ်ခုလုံးကို ပါးစပ်ထဲ ထည့်လိုက်ရင်း ဆက်၍ -
"မထင်ထားဘူး ချိုးယိက တော်တော့်ကို အပြစ်ဆိုစရာမရှိပါလား။ အခုခေတ်ကောင်မလေးတွေတောင် ဒီလောက်ချက်ပြုတ်တတ်တာ သိပ်မရှိတော့ဘူး"
[T/N: ဒီမှာပြောတဲ့ "အပြစ်ဆိုစရာမရှိ" ကလေ မူရင်းထဲမှာ သုံးထားတဲ့ဝေါဟာရက "贤惠" ပါ။ ဇနီးတွေ၊ အမျိုးသမီးတွေက ထုံးတမ်းအစဥ်အလာက သတ်မှတ်ထားတဲ့သူတို့ရဲ့အခန်းကဏ္ဍမှာ ပြည့်စုံတာကို ဆိုလိုတာပါ။ အိမ်ထောင်သည်ဇနီးက အမြော်အမြင်ရှိပြီး ကြင်နာတတ်တာလို့လည်း အဓိပ္ပါယ်ဖွင့်ပါသေးတယ်။]
ပျန်းနမ် ကြက်ဥမုန့်တစ်ခု ယူပြီး တစ်ကိုက်ကိုက်လိုက်သည်။ နူးညံ့ချိုမြသည့်အရသာကြောင့် သူမျက်လုံးတွေကို မှိတ်ချလိုက်ရသည်။ ဆောင့်ကြောင့်ထိုင်ချကာ မပီမပြင်နဲ့ ချိုးယန့်အား ပြောလိုက်သည်။
"မင်းအစ်ကိုကို ပြန်ပြောလိုက်။ စားလို့ကောင်းတယ်လို့"
"ဟုတ်"
ချိုးယန့်က အလွန်စိတ်ကျေနပ်စွာ သူ့အား ကြည့်နေသည်။
"မင်း တစ်ခုယူစား။ ကျန်တာတွေကို နားတဲ့အချိန်ကျရင် စား"
ပျန်းနမ်က ထမင်းဘူးကို သူ့ရှေ့ကမ်းပေးသည်။
"သား မစားတော့ဘူး။ မနေ့က ဆယ်ခုစားလိုက်တယ်။ ကိုကို သားကို မစားခိုင်းတော့ဘူး"
ချိုးယန့်တစ်ယောက် ကြက်ဥမုန့်ကိုကြည့်ပြီး တံတွေးကို တစ်ချက်မျိုချလိုက်သည်။
"ဆယ်ခု ဟုတ်လား"
ပျန်းနမ် ထမင်းဘူးကို ချက်ချင်း အဖုံးပိတ်လိုက်ကာ -
"မင်းလည်းနော် ဗိုက်နာမှာမကြောက်ဘူး"
ချိုးယန့်ကို ကျောင်းဘောလုံးကွင်းဆီ ခေါ်သွားတဲ့အချိန်မှာ ချိုးယန့်တစ်ယောက် စိတ်ရွှင်မြူးနေကာ ဟိုခုန်ဒီခုန် လုပ်နေတော့သည်။
"သာ့ဟူကျစ်"
သူ ပျန်းနမ်ရဲ့လက်ကို ဆွဲထားလျက် -
"သားကိုကိုက မုန့်ကြိုးလိမ်(မာဟွား) လည်း လုပ်တတ်သေးတယ်။ သားတို့အိမ်လာရင် သူ့ကို ကြော်ကျွေးခိုင်းလိုက်။ တအားစားကောင်းတာ"
"ဟုတ်ပြီ"
ပျန်းနမ် ခေါင်းညိတ်သည်။
"အစ်ကို ဘယ်တော့သွားမလဲဟင်"
ချိုးယန့်က ချက်ချင်းတန်းမေးသည်။
ပျန်းနမ် ပါးစပ်ဟလိုက်ပြီး စကားတော့ ပြောမထွက်ဖြစ်ပေ။ ဘေးနားက ဝမ့်ဖေးက တစ်ခွန်းဝင်ပြေသည်။
"ငါသွားရင်ရော ငါစားရဖို့ရှိလား"
"ရှိတာပေါ့။ တစ်ခုခွဲကျွေးမယ်"
"ငါ ဆယ်ခုလောက် စားမှရမှာ"
ဝမ့်ဖေးက တကျွတ်ကျွတ်စုတ်သပ်လိုက်ပြီးနောက် -
"တစ်ခုတည်းဆို စားလို့မဝဘူး"
"ဒါဆို သာ့ဟူကျစ်စားလို့မကုန်တဲ့ဟာတွေအကုန်လုံး အစ်ကို့ကိုပေးမယ်"
ချိုးယန့် ခဏစဥ်းစားပြီးနောက် ပြောလိုက်သည်။
"လခွမ်း"
ဝမ့်ဖေး ရယ်လိုက်ရပြီး ပျန်းနမ်ပခုံးကို တစ်ချက်ပုတ်ရိုက်လိုက်ကာ -
"ဒါ ချိုးယိရဲ့ညီလေးမဟုတ်ဘူး။ ပျန်းနမ်ရဲ့ညီလေးအရင်း"
ပျန်းနမ် တဟီးဟီးရယ်လိုက်ပြီးနောက် ခါးကိုင်းကာ ချိုးယန့်နဖူးပေါ်ကို တစ်ချက်ငုံ့နမ်းလိုက်သည်။
"အစ်ကို ဘယ်အချိန်သွားမှာလဲဟင်"
ချိုးယန့်က မလျှော့တမ်း မေးသည်။
"ဟိုလေ"
ပျန်းနမ် နှာခေါင်းကို သပ်လိုက်ရင်း -
"ငါနောက်တစ်ပတ်ကစပြီး လေ့ကျင်းရေးဆင်းရတော့မယ်။ အလုပ်အရမ်းရှုပ်မှာ။ ဘယ်အချိန်အားမလဲ မသိလို့ကွာ"
"ဒါဆို လေ့ကျင့်ရေးမစခင် သွားလေ"
ချိုးယန့်အတွေးက အလွန်ရှင်းလင်းပြတ်သားသည်။
"လေ့ ...... လေ့ကျင့်ရေးမစခင်မှာလား။ ကိစ္စတွေလည်း တော်တော်များတာဟ ......"
ဘယ်လိုပြောရမှန်း ပျန်းနမ် မသိတော့ပါ။ အားနာသည်။ သွားဖို့ ရဲလည်း မရဲနေ။ သို့ပေမဲ့ ချိုးယန့်ကို ဘယ်လိုငြင်းရမှန်းလည်း သူမသိနေပြန်ပါ။
"အာ့ပေါင်"
ဘေးနားက ဝမ့်ဖေးက ဝင်ပြောရာ -
"မင်းအစ်ကို ဒီနွေကျောင်းပိတ်ရက်မှာ အရမ်းအလုပ်များနေတာမဟုတ်လား"
"အင်း"
ချိုးယန့် သူ့ကို ကြည့်နေသည်။
"နေ့တိုင်း အလုပ်သွားတာတို့ ဘာတို့ လုပ်နေရတာမလား။ နားတောင် မနားရဘူးလေ"
ဝမ့်ဖေး ထပ်ပြောသည်။
"...... အင်း"
ချိုးယန့် ခေါင်းငုံ့လိုက်သည်။
"သာ့ဟူကျစ်ကို နောက်မှပဲ လာပါစေပေါ့။ မုန့်ကြိုးလိမ်လည်း လုပ်ရတာ တော်တော်အလုပ်ရှုပ်တာလေ။ မင်းကိုကို သိပ်အလုပ်မများတဲ့အချိန်ကျမှ ထပ်သွားစားမယ်လေနော်"
ဝမ့်ဖေးပြောသည်။
"ဒါဆို ကိုကိုအလုပ်မများတော့ရင် သားအစ်ကို့ကို ပြောပြမယ်လေ နော်"
ချိုးယန့်ခဏလောက်ချီတုံချတုံနဲ့စဥ်းစားလိုက်ပြီးတော့မှ ခေါင်းမော့လာကာ ပျန်းနမ်ကို မေးလာသည်။
"ဟုတ်ပြီ"
ပျန်းနမ် ကမန်းကတန်းခေါင်းညိတ်ပြသည်။
ချိုးယန့် ဘောလုံးစရိုက်ပြီးနောက် ပျန်းနမ် ရေနှစ်ဘူးဝယ်ပြီး ဝမ့်ဖေးနဲ့အတူ ကွင်းဘေးနားတွင် ထိုင်ပြီး ကြည့်နေကြသည်။
"နမ်ကော၊ ငါတို့နှစ်ယောက် ဘော်ဒါတွေ မဟုတ်ဘူးလား"
ဝမ့်ဖေး ရေတစ်ငုံသောက်လိုက်ပြီးနောက် ပြောလာခြင်းဖြစ်သည်။
"ဟင်"
ပျန်းနမ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -
"သေချာပေါက်ကို ညီအစ်ကိုလို ဘော်ဒါအရင်းခေါက်ခေါက်လေ"
"ဒါဆို ပြောပြလေ မင်း"
ဝမ့်ဖေး ကျွတ်တစ်ချက် စုတ်သပ်လိုက်ပြီး -
"မင်း ချိုးယိနဲ့ ဘယ်လိုဖြစ်ကြတာလဲ"
ပျန်းနမ်သည် လက်ထဲက ရေဘူးကို ညှစ်လိုက်ရင်း -
"ဘာမှ ......"
"ပါးစပ်ပိတ်စမ်း"
ဝမ့်ဖေးက သူ့စကားကို ဖြတ်ချလိုက်ကာ -
"ငါ ငတုံးမှ မဟုတ်နေတာ၊ ငါ ဘာမှမသိဘူးထင်နေတာလား။ ခါတိုင်း အာ့ပေါင် မင်းကို သူ့အိမ်လာဖို့ခေါ်ရင် မင်း မီးတောက်ဘီး စီးပြီး အပြေးလေးသွားတာလေ။ ဒီနေ့တော့ ဆင်ခြေရှာပြီးတောင် မသွားဘူးလုပ်နေတာ။ သေချာပေါက်ကို ချိုးယိနဲ့ တစ်ခုခုဖြစ်ထားလို့ပဲ။ ပြောစမ်း။ ရန်ဖြစ်ထားကြတာလား။ ငါပြောပြမယ်။ ဆက်ဆံရေးဘယ်လောက်ပဲကောင်းကောင်း သူလည်း ရေကြောင်းကဆိုတော့ ......"
"ဟေ့ကောင် ပါးစပ်ပိတ်တော့"
ပျန်းနမ်သည် ဝမ့်ဖေးခေါင်းကို ရေဘူးနဲ့ တစ်ချက်ခေါက်ထည့်လိုက်သည်။
ဝမ့်ဖေး သူ့ကို အရေးမလုပ်ဘဲ -
"မင်းမပြောရင် ငါပိတ်လို့ကိုမရတော့ဘူး။ ပါးစပ်ပိတ်လို့မရတာတင် ဘယ်ကမလဲ၊ အိပ်ပျော်ရင်တောင် ငါ မျက်လုံးမှိတ်လို့ရမှာမဟုတ်ဘူး။ မနေ့ကတည်းကစပြီး အခုအထိ မင်း ဒီအချိုးကို ငါကြည့်ရင်း စိတ်ရှုပ်လွန်းလို့။ မင်းကလေ ....."
"ငါ သူ့ကိုနမ်းလိုက်တယ်"
ပျန်းနမ် ပြောသည်။
"မင်း ခါတိုင်းဆိုလည်း ဒီလိုမျိုး မလေး ......"
ဝမ့်ဖေး စိတ်တိုတိုနဲ့ ပြောနေရာ တစ်ဝက်လောက်ရောက်တော့ လေသံပြောင်းသွားကာ လေသံမှာ နှစ်မိုင်လောက်မြင့်သွားပြီး -
"မင်းဘာပြောလိုက်တယ်"
ပျန်းနမ် စကားမပြောဘဲ လက်ထဲက ရေဘူးကို ကြည့်နေသည်။
ဒီစကားကို ပြောထုတ်ပြီးတာနဲ့ သူ နောင်တရသွားသည်။ တစ်ကိုယ်လုံးလည်း မီးလောင်ဟပ်သွားသကဲ့သို့ပင် ပူလောင်ပြီး နေမရဖြစ်လာသည်။
"မင်း ဘာပြောလိုက်တာ။ ဘယ်သူ့ကိုနမ်းလိုက်တယ်"
ဝမ့်ဖေး သူ့ပခုံးကို လှည့်ယူလာလိုက်ပြီး ရှော့ရနေတဲ့မျက်နှာထားနဲ့ သူ့ကို ကြည့်နေရင်း -
"ငါတို့နှစ်ယောက် အခု ချိုးယိအကြောင်း ပြောနေကြတာမဟုတ်လား။ မင်းစကားက ဘယ်ကို ရောက်သွားတာလဲ"
"သူ့ကိုပဲ ပြောနေတာလေ"
ပျန်းနမ် သွားတွေကို ကြိတ်ကိုက်လိုက်သည်။
"ငါလူး"
ဝမ့်ဖေး ခုန်ပေါ်မှာ တစ်ချက်ခုန်လိုက်ပြီး အသံအုပ်အုပ်နဲ့ အော်လာပြန်ကာ -
"မင်း ချိုးယိကို နမ်းလိုက်တယ် ဟုတ်လား။ သူ့ကို ဘာလုပ်ဖို့ နမ်းတာလဲ။ သူ့ကို တစ်ချက်သွားနမ်းလိုက်တာ မင်းကို ထိုးလိုက်တယ်ပေ့ါ။ ငါလူး ငါလည်း မင်းကို နမ်းဖူးတယ်လေ ......"
"မင်း ခဏလောက်ရပ်ပြီး အသံမထွက်ဘဲ နေလို့မရဘူးလားကွာ"
ပျန်းနမ်က နားထင်ကို ဖိထားရင်း ပြောသည်။
ဝမ့်ဖေး ချက်ချင်းပင် တိတ်ကျသွားကာ လက်မောင်းကို ဒူးခေါင်းတွင် ထောက်ထားလျက် ကွင်းထဲတွင် ဟိုဒီပြေးလုပ်နေကြသော ကလေးတွေကို စိုက်ကြည့်နေသည်။
ပျန်းနမ်ကတော့ လက်ထဲက ရေဘူးကို တဂျွတ်ဂျွတ်နဲ့ ညှစ်နေသည်။
အတော်ကြာသွားတော့မှ ဝမ့်ဖေး ခေါင်းလှည့်လာပြီး လေသံတိုးတိုးနဲ့ပြောလာသည်။
"ငါသိပြီ။ မင်း ချိုးယိကို နမ်းလိုက်တယ်။ ကောင်မလေးတွေကို နမ်းသလိုမျိုး နမ်းလိုက်တာ။ ဟုတ်သလား"
"အင်း"
ပျန်းနမ် ရေဘူးကို ပါးစပ်နား ထားလိုက်ပြီး သွားဖြင့် ရေဘူးအဝကို တစ်ချက်တစ်ချက် တောက်နေရင်း -
"မင်းပြောစမ်း ငါတစ်ခုခုမှားနေတာမလား"
"ဘာမှားတာလဲ"
ဝမ့်ဖေးမေးသည်။
"မင်းဘာထင်လို့လဲ"
ပျန်းနမ် သူ့ကို ပေစောင်းစောင်းနဲ့ကြည့်လိုက်သည်။
"လိင် ...... လိင်တူကြိုက်တာလား"
ဝမ့်ဖေးက မရေမရာနဲ့ပြောသည်။
ပျန်းနမ်တစ်ယောက် လက်အတုန်တွင် ရေဘူးက သွားပေါ်ကနေ ချော်သွားပြီး သူ့နှုတ်ခမ်းပေါ်တွင် ကြမ်းကြမ်းတမ်းတမ်း သွားရိုက်မိသည်။ သူသည် ပါးစပ်အုပ်ရင်း မျက်မှောင်ကြုတ်လျက် တစ်ခွန်း ဆဲလိုက်သည်။
"ငါလူး"
"ယောက်ျားလေးကို နမ်းတာနဲ့ပဲ ယောက်ျားတွေကိုကြိုက်တယ်လို့ ကျိန်းသေပေါက်ပြောလို့မရဘူးလေ ဟုတ်တယ်မလား"
ဝမ့်ဖေးလည်း လက်ထဲ ရေဘူးကို တဂျွတ်ဂျွတ်မြည်အောင် ညှစ်ရင်း -
"ချိုးယိကိုနမ်းတာလည်း ချိုးယိကိုကြိုက်တယ်လို့ တရားသေတွက်လို့မရဘူးမလား"
"ငါလည်း ဒါကိုပဲ စဥ်းစားနေတာ"
ပျန်းနမ် သူ့ကို စိုက်ကြည့်နေကာ -
"ဟေ့ကောင် မင်းတိုးတိုးပြောစမ်းပါ"
"နမ်ကော။ ငါအခုကို တော်တော်အသံတိုးနေပြီ"
ဝမ့်ဖေးက သူ့နားရွက်နား တိုးလာပြီး သေတော့မလို အသံနဲ့ ဆက်၍ -
"ငါ့အထင်ကတော့လေ ...... ဟ ငါ လေးလုံးစပ်ဆိုရိုး သုံးလိုက်တယ်မလား"
"မင်းအီးကို တစ်ခါတည်းနဲ့ ပြီးအောင်ပေါက်စမ်း"
ပျန်းနမ် ပြောသည်။
"ငါ့အထင်ကတော့လေ မင်း ဘယ်သူ့ကိုမှ မကြိုက်ဖူးဘူးလေ။ ဘယ်လိုလုပ် ချိုးယိကို ကြိုက်ရမှာလဲ ဟုတ်တယ်မလား"
ဝမ့်ဖေးစဥ်းစားလိုက်ပြီးနောက် ဆက်၍ -
"တစ်ခါလောက် နမ်းလိုက်မိတာနဲ့ ဒီလောက် နေမထိထိုင်မသာဖြစ်စရာမလိုပါဘူး ဟုတ်တယ်မလား။ မင်း သူ့ကိုကြိုက်လား"
ပျန်းနမ် အသံတိတ်နေသည်။
ကြိုက်လား။
မကြိုက်ဘူးလား။
ဒါပေမဲ့ တကယ်ကို စိတ်လှုပ်ရှားပြီး နေမထိထိုင်မသာဖြစ်ရသည်။
အတော်လေးကို စိတ်လှုပ်ရှားသည်။
***
(ဆက်ရန်)
စာရေးသူ (WuZhe) မှာ ပြောစရာစကားရှိပါတယ်။ ။
ချိုးယိရဲ့အပြုအမူသဘောထားနဲ့ပတ်သက်ပြီးတော့လေ အားလုံး ခန့်မှန်းနေကြတယ်နော်။ တကယ်တော့ အဓိကအချက်ကလေ သူပျန်းနမ်ကို ကြိုက်လားမကြိုက်ဘူးလား၊ ပျန်းနမ်ကို တုံ့ပြန်ဖို့မရဲတာမျိုး ရှိမရှိ ဆိုတာ မဟုတ်ဘူးနော်။ အဓိကကလေ ...... ငါထောက်ပြတာ သိပ်မရှင်းလို့ဖြစ်လိမ့်မယ်၊ နင်တို့အားလုံး သတိမထားမိလိုက်ဘူး။ သူနဲ့ ရှန်းထောင်းရဲ့ စကားပြောခန်းမှာ သူ့သဘောထားနဲ့ပတ်သက်ပြီး ဖော်ပြတဲ့စကားတစ်ခွန်းပါလိုက်တယ် ...... ဒါပေမဲ့ ကိစ္စမရှိပါဘူး။ နောက်ပိုင်းမှာ ရှင်းသွားပါလိမ့်မယ်။ မွမွနော်။