《Wolf pair》- ဘာသာပြန်

By wishywish0805

44K 7.2K 525

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 30

372 60 1
By wishywish0805

Chapter ● 30 ●

အုတ်တံတိုင်းပေါ်မှ မြေကြီးပေါ် ခုန်ချလာပြီးနောက် လမ်းဘေးတွင် လူတစ်ယောက်တလေကိုမှ ပျန်းနမ် မတွေ့ရပေ။ စူပါမားကက်ထဲမှထွက်လာခါစ ကျောင်းသားအချို့သာ လမ်း၏အခြားတစ်ဖက်ခြမ်းတွင် ရှိနေသည်။ ပျန်းနမ် ဖုန်းထုတ်ပြီး ချိုးယိထံ ဖုန်းဆက်ရန်အလုပ်တွင် နောက်ဘက်မှ ချိုးယိ၏အသံ ထွက်ပေါ်လာလေ၏။

"တကယ်လို့ ငါ အခု မင်းကို တုတ်စာတစ်ချက်ကျွေးလိုက်ရင် အသံတစ်သံတောင် မထွက်ဘဲ မြေပေါ် လဲပြီ"

"ငါလူး"

ပျန်းနမ် လှည့်ကြည့်လိုက်သောအခါ အုတ်တံတိုင်းနံဘေးရှိ သစ်ပင်အရိပ်အောက်တွင် မှီရပ်နေသော ချိုးယိကို မြင်ရသည်။ အနက်ရောင် ထသွားထလာဘောင်းဘီအပွနှင့် အနက်ရောင် တီရှပ်တို့မှာ အမှောင်ရိပ်ထဲတွင် ပြီးပြည့်စုံစွာ တစ်သားတည်း ကျနေလျက် -

"မင်းက ဖုန်းအားသွင်းကြိုးလေး လာယူတာကို တစ်ကိုယ်လုံးအနက် ညဝတ်စုံတောင် ဝတ်ထားသေးတယ်"

"ထမင်းစားပြီးပြီလား"

ချိုးယိ လှည့်ထွက်သွားပြီး လမ်းတစ်လျှောက်အတိုင်း ဘတ်စ်ကားမှတ်တိုင်ရှိရာဆီ လျှောက်သွားရင်း -

"ဟိုဘက်နားမှာ အသားပြုတ်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ မင်းကို ဝယ်ကျွေးမယ်"

"ပူအိုက်နေတဲ့ရာသီမှာ ဘာအသားပြုတ်တွေ စားဖို့လဲကွာ ......"

ပျန်းနမ်က မျက်နှာချင်းဆိုင်လမ်းဘက်ခြမ်းသို့ ကြည့်လိုက်ပြန်သည်။ ချိုးယိအား အားကစားကျောင်းမှလူများ တွေ့သွားမှာကို သူ မလိုချင်ပေ။ ဖန်းယိဖုန်းတစ်ယောက် လူအတော်များများကို အပြစ်လွှဲချခဲ့သည်ကို စိတ်ထဲတွင် အတော်လေး ဝမ်းသာရသော်ငြား ဖန်းယိဖုန်းကို ထိုကဲ့သို့ဖြစ်အောင် လုပ်ခဲ့သူမှာ သင်္ဘောပို့ဆောင်ကျောင်း၏လောင်သာ့ ဖြစ်နေသည်။ သည်တစ်ချက်တွင်တော့ အားကစားကျောင်းက ပြင်ပကိစ္စအဖြစ် သေချာပေါက်ကို တစ်ညီတစ်ညွတ်တည်း သဘောထားလိမ့်မည်။

"ဘာဖြစ်လို့ ငါ့ကို ဝယ်ကျွေးမှာလဲ"

"ဒီတစ်လောမှာ မင်း ငွေအားရော လုပ်အားပါ စိုက်ထုတ်ပေးခဲ့တာကို ကျေးဇူးတင်လို့။ ငါ့ကို အများကြီး ကူညီခဲ့ပေးတယ်လေ"

ချိုးယိ ခေါင်းလှည့်လာပြီး သူ့အား ပြုံးပြသည်။

ပျန်းနမ်က 'ကျေးဇူးတင်ဖို့မလိုဘူး၊ ဒါက ငါလုပ်ပေးသင့်တဲ့ဟာတွေပဲ၊ ကျေးဇူးပြုပြီး ငါ့ကို လည်စည်းပဝါအနီလို့ ခေါ်' ဟု ပြောရန် အလုပ်တွင် ပါးစပ်တောင် မဟရသေးမီ ချိုးယိက နောက်တစ်ခွန်း ထပ်ပြောလာသည်။

"ဒီဟာတွေအားလုံးက မင်းဘာသာမင်း ရှာယူတာဆိုပေမဲ့ပေါ့လေ"

[T/N: လည်စည်းပဝါအနီ (红领巾) ဆိုတာကတော့ တရုတ်နိုင်ငံ လူငယ်တပ်ဦးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို ရည်ညွှန်းပါတယ်။ အဖွဲ့ဝင်လူငယ်တွေဟာ လည်ပင်းမှာ အနီရောင် လည်စည်းပဝါကို စည်းထားကြတယ်။ တရုတ်ကွန်မြူနစ်ပါတီက ဖွဲ့စည်းထားတဲ့အဖွဲ့ပါပဲ။ အဖွဲ့ဝင်တွေက အသက် ၁၈ နှစ်အောက် ကျောင်းသားလူငယ်တွေပါ။ စာကောင်းကောင်းလုပ်ဖို့၊ လူကြီးမိဘတွေစကားနားထောင်ဖို့၊ ငယ်ငယ်ကတည်းက လူကောင်သူကောင်းလို နေထိုင်ကျင့်ကြံတတ်ဖို့၊ စိတ်ကောင်းရှိဖို့၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်တတ်ဖို့ စတာတွေကို လမ်းညွှန်ပြသပေးတယ်တဲ့။ China Young Pioneers လို့လည်း ခေါ်တယ်။]

"...... ငါ မင်းကို ပြန်ဝယ်ကျွေးမယ်။ ဒီလောက်တောင် အငြိုးထားနေတာ"

ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ထပ်၍ -

"မင်း ငါ့ကို ထမင်းကျွေးမယ်ဆိုရင် ကြက်ဥထမင်းကြော်ပဲ ကျွေး။ ပြီးခဲ့တဲ့တစ်ခေါက်က မင်းအိမ်မှာ စားခဲ့တဲ့ဟာလိုမျိုး"

ချိုးယိ သူ့ကိုကြည့်လျက် ရယ်လိုက်ပြီး -

"အိုကေ"

ပျန်းနမ်မှာ ကန်တင်းတွင် စားခဲ့ပြီးသားဖြစ်သော်လည်း တစ်လုပ်နှစ်လုပ်သာ ဖြစ်သလို စားခဲ့ခြင်းဖြစ်သည်။ ယခုတွင်တော့ ဗိုက်ထဲတွင် အစားအစာ၏တည်ရှိမှုကိုတောင် မခံစားရနေချေ။ ထို့ကြောင့် သူသည် ချိုးယိနှင့်အတူ နည်းနည်းထပ်စားရန် စဥ်းစားလိုက်၏။

သို့သော် နည်းနည်းပိုဝေးသည့်နေရာကို သွားမှ ရမည်။ ဥပမာဆိုရသော် ကားမှတ်တိုင်မှ နည်းနည်းထပ်သွားရသည့် ထိုလမ်းမလေး။ ထိုနေရာတွင် နှစ်ကျောင်းစလုံး၏လူများ နည်းပါးသည်။

"ဟုတ်သားပဲ"

ချိုးယိသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရပ်လိုက်ပြီး ဘောင်းဘီအိတ်ထဲမှ ပစ္စည်းတစ်ခု နှိုက်ထုတ်ကာ ပျန်းနမ်အား လှမ်းပေးလိုက်ကာ -

"မင်းကို ပေးဖို့တဲ့၊ ငါ့ကို အာ့ပေါင် ယူလာခိုင်းတာ"

"ဘာကြီးလဲ"

ပျန်းနမ် လှမ်းယူလိုက်ပြီး လမ်းမီးရောင်ဖြင့် ကြည့်ကြည့်လိုက်၏။ အတော်ကြာအောင် ကြည့်လိုက်သည့်တိုင် ဤ သံနန်းကြိုးဖြင့် သီထားသော အညိုရောင်ရွှံ့လုံးကလေးသုံးလုံးမှာ ဘာပစ္စည်းဖြစ်မှန်း နားမလည်ခဲ့ပေ။

"သူပြောတာတော့ ဒါက အသားကင်ချောင်းတဲ့။ ရွှံ့စေးနဲ့ လုပ်ထားတာ"

ချိုးယိ ပြောသည်။

ပျန်းနမ်သည် လက်ထဲ ကိုင်ထားသော လက်ညှိုးတစ်ချောင်းစာအရွယ်သာရှိသည့် ဤအသေးစား အသားချောင်းကို ကြည့်ကာ အူမြူးသွားပြီး -

"ဒီလိုဥစ္စာလုပ်ပြီး ငါ့ကို ပေးဖို့ သူ ဘယ်လို စဥ်းစားမိသွားတာလဲ၊ ငါ့အစား သူ့ကို ကျေးဇူးတင်ပေးဦး။ ငါ အရမ်းကြိုက်တယ်လို့ သူ့ကို ပြောပြလိုက်"

စကားပြောနေဆဲတွင်ပင် နောက်ဘက်ဆီမှ ဟာသပြောပြီး ရယ်လိုက်သံတစ်ခု ပေါ်ထွက်လာကာ ပျန်းနမ် ခေါင်းစောင်းကြည့်လိုက်သောအခါ စူပါမားကက်မှ ထွက်လာသော ထိုအားကစားကျောင်းသားတို့မှာ သူတို့နှင့် တူညီသော ဦးတည်ချက်တစ်ခုတည်းဆီ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

"ငါလူး"

ပျန်းနမ်သည် ကမန်းကတန်းပင် ချိုးယိအား သစ်ပင်ရိပ်ထဲသို့ တွန်းသွင်းထည့်လိုက်ပြီး၊ ထို့နောက် ချိုးယိကို ဆွဲကာ ရှေ့သို့ ခပ်သွက်သွက်လျှောက်သွားရင်း -

"မြန်မြန်သွားမယ် သွားမယ် သွားမယ် သွားမယ် ......"

"မင်း ......"

အတင်းဆွဲခေါ်ခံရသော ချိုးယိမှာ နောက်မှ လိုက်သွားရုံသာ တတ်နိုင်သည်။ အပြေးတစ်ပိုင်း သွားနေရခြင်း ဖြစ်သောကြောင့် ချိုးယိမှာ အနည်းငယ်စိတ်ညစ်လာကာ -

"တိတ်တိတ်လေး ခိုးဖောက်ပြန်နေသလို မဖြစ်မနေ လုပ်မှ ရမှာလား"

"ချီးတွေ။ ခိုးဖောက်ပြန်တာက ဒီလို မဟုတ်ဘူး။ ခိုးပြေးတာကမှ ဒီလိုမျိုး"

ပျန်းနမ်သည် သူ့အား လမ်းအကွေ့တွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ဘေးနားရှိ လမ်းသွယ်ထဲသို့ တောက်လျှောက် ဆွဲခေါ်သွားလိုက်ပြီးမှသာ ရပ်လိုက်ပြီး -

"ဒီကိုယ်တော်က မင်းအရိုက်ခံရမှာစိုးလို့လေ။ အခက်အခဲတွေကြားထဲကနေ ခေါ်ထုတ်လာရတာကို။ လူမြင်သွားရင် ငါတို့နှစ်ယောက်စလုံး ပြဿနာတက်ကုန်မှာ"

နှစ်ယောက်သားတို့ လမ်းသွယ်ထဲတွင် တစ်အောင့်ခန့် မတ်တတ်ရပ်နေကြကာ စကားလည်း မပြောကြချေ။ ဤကဲ့သို့ လေထုအခြေအနေမှာ နောက်ထပ်မိနစ်အနည်းငယ်ခန့် ထပ်ရပ်နေလျှင် မကြာမီအတွင်းတွင် တိတ်တိတ်လေးခိုးဖောက်ပြန်ခြင်း တကယ်ကိုပဲ ဖြစ်လာတော့မည်ဟု ပျန်းနမ် ခံစားလာရ၏။

"ကျော်သွားကြလောက်ပြီထင်တယ်"

သူ ချိုးယိကို မေးသည်။

"မသိဘူး။ ငါသိတာကတော့ ငါတော်တော်ဗိုက်ဆာနေပြီ ဆိုတာပဲ"

ချိုးယိက သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။

"ဒီလောက်တောင် နောက်ကျနေပြီကို မစားရသေးဘူးလား။ မင်းတို့တွေက ဆေးဘက်ဆိုင်ရာကျောင်းက ကန်တင်းမှာ ထမင်းသွားစားရင်း ကောင်မလေးတွေကိုလည်း ငေးတာမျိုး ခဏခဏလုပ်ကြတာ မဟုတ်ဘူးလား"

ပျန်းနမ်က ကိုယ်ပေါ်တွင် စမ်းကြည့်လိုက်ရာ ပီကေတစ်ခု ထွက်လာပြီး ချိုးယိအား ကမ်းပေးကာ -

"ဗိုက်ဆာရင် ဒါစားပြီးတော့ အရင် အစားထိုးထားလိုက်"

"အင်း။ မှန်တယ်"

ချိုးယိ ရယ်လိုက်ပြီး ပီကေကို လှမ်းယူလိုက်ကာ -

"အားကျလို့လား"

ဆေးဘက်ဆိုင်ရာကျောင်း၏ကန်တင်းက အစားအသောက်ကောင်းသည့်အကြောင်း အားလုံး သိကြသည်။ သို့သော် ဆေးဘက်ဆိုင်ရာကျောင်းက ရေကြောင်းကုန်စည်ကျောင်းနှင့် နီးသည်။ အားကစားကျောင်းမှ ကျောင်းသားများ သွားပါက ရေကြောင်းကုန်စည်ပို့ဆောင်ကျောင်းသားတို့နှင့် သေချာပေါက်ကို ထိပ်တိုက်တွေ့ကြလိမ့်မည်။ ထို့ကြောင့် များသောအားဖြင့် သူတို့ မသွားကြပေ။

ပျန်းနမ်က ကျစ်ခနဲဖြင့် မျက်နှာမဲ့လိုက်ပြီး -

"ချေးကို အားကျရမယ်။ သခင်လေး ဒီမှာ ကျင်လည်လာတာ ခြောက်နှစ်ရှိပြီ။ ဆေးဘက်ဆိုင်ရာကျောင်းက ကောင်မလေးတွေကို တွေ့ပေါင်းများလှပြီ"

"ငါကြည့်ရတာလည်း ဟုတ်ပါတယ်လေ"

ချိုးယိ ခေါင်းညိတ်ရင်း ဖုန်းယူထုတ်လိုက်ပြီး -

"ဒီ ဖုန်းနံပါတ်စာရင်းထဲက ကောင်မလေးတွေကိုပဲ ကြည့်တော့။ ငါ တစ်ချက်ရေကြည့်လိုက်တာ အယောက်နှစ်ဆယ်သုံးဆယ်တော့ ရှိလောက်မယ် ...... နာမည်မရှိဘဲ ကုဒ်နာမည်နဲ့ မှတ်ထားတာတွေကရော ဘာလဲ။ ဒေါက်မြင့်ဖိနပ် အနီတောက်တောက်နှုတ်ခမ်း မျက်လုံးသေးသေး ဘာညာတွေ ......"

"မင်းက မပြီးတော့ဘူး ဟုတ်လား"

ပျန်းနမ်က ကျွတ်ခနဲ စုတ်သပ်လိုက်သည်။ ကုဒ်နာမည်သာ ရှိသည့်နံပါတ်များမှာ ကောင်မလေးများက သူ့အား ဖုန်းနံပါတ်ပေးပြီးနောက် ခေါင်းအလှည့်တွင် ကောင်မလေး၏နာမည်ကို မေ့သွားခြင်းကြောင့် ဖြစ်ရာ -

"စောစောကသာ သိရင် ဖုန်းကို reset ချလိုက်ပြီးမှ မင်းကို ပေးခဲ့ရမှာ"

"သွားရအောင် ထမင်းစားမယ်"

ချိုးယိ ပြုံးလိုက်သည်။

ပျန်းနမ်သည် ချိုးယိကိုခေါ်ပြီး လမ်းမလေးဆီ သွားကာ အဲကွန်းရှိသော ထမင်းဆိုင်လေးတစ်ဆိုင် ရှာလိုက်သည်။

ထမင်းစားချိန် ကျော်လွန်သွားပြီဖြစ်ရာ ဆိုင်ထဲတွင် စုံတွဲလေးနှစ်တွဲ ထမင်းစားနေကြသည့် စားပွဲနှစ်ဝိုင်းသာ ရှိသည်။ သူတို့နှစ်ယောက် ဝင်သွားသောအခါ ထိုလူတစ်စုက ခေါင်းထောင်လာကြပြီး တစ်ချက် ဝေ့ကြည့်လာကြ၏။ ခပ်မြန်မြန်ပင် ခေါင်းပြန်လှည့်သွားကြသော်ငြား ထိုလူတို့၏မျက်လုံးထဲမှ အံ့သြမှုကိုတော့ ပျန်းနမ် မြင်လိုက်ရသေးသည်။

"မင်းတို့ကျောင်းကလား"

သူသည် အတွင်းဘက်ကျသော စားပွဲတစ်ဝိုင်းရှာ၍ ထိုင်လိုက်၏။

"အင်း"

ချိုးယိက ထိုဘက်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး သူလည်း ဝင်ထိုင်လိုက်ရင်း -

"ကိစ္စမရှိဘူး။ အားလုံးက ပြဿနာရှာတဲ့သူတွေ မဟုတ်ဘူး"

"တကယ်တော့ကွာ"

ပျန်းနမ်သည် မီနူးစာရွက်ကို ယူပြီး လှန်လှောကြည့်နေရင်း -

"ငါထင်လိုက်တာက ဒီနေ့ မင်းရောက်လာတာက အခွင့်သင့်တုန်း ငါ့ကို ဆော်ဖို့ထင်နေတာ"

"အစကတော့ အဲဒီလို စဥ်းစားထားတာ"

ချိုးယိသည် ရေခွက်ထဲသို့ ရေနွေးကြမ်း ငှဲ့ထည့်နေရင်း -

"ဒါပေမဲ့ ငါ ညကျရင် အလုပ်သွားရမယ်။ ထမင်းစားပြီးတာနဲ့ ချက်ချင်းသွားရမှာ။ နောက်မှပေါ့"

"ပြောလိုက်တဲ့ပုံကလည်း။ ငါ့ကို လာဆော်ဖို့ ငါကပဲ မင်းကို တောင်းပန်နေသလိုလိုနဲ့"

ပျန်းနမ်က စားပွဲထိုးကို လှမ်းခေါ်လိုက်ပြီး ခပ်မြန်မြန် ချက်၍ရသော ဟင်းပွဲအနည်းငယ် မှာလိုက်သည်။

"စိတ်ချပါ။ မင်း မတောင်းဆိုလည်း ငါ မင်းကို ဆုံးမမှာ။ အနှေးနဲ့အမြန် ဖြစ်လာမယ့် ကိစ္စပဲ"

ချိုးယိက စီးကရက်တစ်လိပ် ထုတ်ယူပြီး ပါးစပ်တွင် ခဲထားရင်း -

"ငါက ရန်ငြိုးမှတ်တတ်တဲ့လူ"

ဟင်းပွဲများက ခပ်မြန်မြန်ပင် ရောက်ရှိလာ၏။ ဆိုင်ငယ်လေး၏ ဟင်းပွဲဖြစ်သောကြောင့် ကြည့်ပျော်ရှုပျော် မဖြစ်နေ။ သို့သော် အရသာကတော့ မဆိုးလှ။ အားကစားကျောင်း၏ကန်တင်းထက် ဟင်းခတ်မှုန့်ကို ပိုထည့်ချင်စိတ်ရှိသည်။ ဟင်းပွဲရောက်လာချိန်တွင် ဟင်းဖတ်ပေါ်၌ ရှိနေသေးသော ဟင်းခတ်မှုန့်အပွင့်ကို ပျန်းနမ် မြင်လိုက်ရသည်။

"မင်း အိမ်မပြန်တော့ အာ့ပေါင်က သူ့ဘာသာသူ ထမင်းချက်တာလား"

ပျန်းနမ်သည် ဟင်းရည်တစ်ခွက် ခပ်လိုက်ပြီးနောက် ဟင်းဖတ်ကို ဟင်းရည်ထဲသို့ ညပ်ယူပြီး ဆေးလိုက်သည်။

"မနက်ကတည်းက အသင့်ပြင်ထားပေးပြီးသား။ အားလုံးက အိုးနဲ့ပေါင်းလိုက်ရုံနဲ့ စားလို့ရပြီ"

ချိုးယိက ခေါင်းငုံ့ကာ ထမင်းစားနေပြီး -

"မနေ့တုန်းက သူ့အတွက် ငါးအသားလွှာ ကြော်ထားပေးတာ။ ကြည့်ရတာ ဒီနေ့ညမှာတော့ အကုန် စားလိုက်ကုန်မယ်ထင်တယ်"

ငါးအသားလွှာကြော်အကြောင်း စဥ်းစားမိသော် ပျန်းနမ်မှာ တံတွေးမျိုချလိုက်ရ၏။ အသားတစ်တုံး ညပ်ယူလိုက်ပြီး ပန်ကန်းလုံးထဲရှိ ဟင်းရည်ထဲ နှစ်လိုက်ပြီးမှ ပါးစပ်ထဲ ထည့်လိုက်ကာ -

"မင်း နဂိုတုန်းက လုပ်ခဲ့တဲ့ ဟိုစားသောက်ဆိုင်မှာပဲ ပြန်လုပ်တာလား"

"အင်း။ သူဌေးက ပြန်သွားခိုင်းတာနဲ့ ပြန်သွားလုပ်လိုက်တာ။ နေရာရှာဖို့ အချိန်ပေးစရာ မလိုတော့အောင်"

ချိုးယိက ခေါင်းညိတ်သည်။

"တကယ်ကြီးကို တော်တော်ရုန်းကန်တာပဲ"

ပျန်းနမ်မှာ အနည်းငယ် ထိရှခံစားသွားရ၏။ ချိုးယိခြေထောက်၏ကျောက်ပတ်တီးကို ဖယ်ရှားလိုက်သည်မှာလည်း ရက်သတ္တပတ် တစ်ပတ်တောင် မပြည့်တတ်သေးပေ။ ဤကဲ့သို့ ဆက်တိုက်ပတ်ချာလည်လှည့်ရန် စတင်နေပြန်ပြီ။ ပျန်းနမ်က ဆက်၍ -

"မင်း ဒီလိုတွေလုပ်နေတာ နားဖို့အချိန် ရှိသေးလား"

"အဆင်ပြေပါသေးတယ်"

ချိုးယိ ရယ်လိုက်သည်။

"မင်း ကျောင်းပြီးသွားရင်လည်း ဒီလိုမျိုးပဲလား"

ပျန်းနမ် စဥ်းစားလိုက်ပြီး‌နောက် -

"နေ့ခင်းပိုင်းမှာ ရုံးတက်ပြီး ညပိုင်းမှာ အချိန်ပိုင်းအလုပ် လုပ်ဦးမှာလား"

"မသေချာဘူး"

ချိုးယိက ဟင်းရည်တစ်ငုံ သောက်လိုက်ပြီး -

"ကျောင်းပြီးသွားရင် တကယ်လို့ သင်္ဘောတက်ရရင်တော့ အလုပ်လုပ်လို့ မရတော့ဘူး"

"သင်္ဘောတက်မှာ ဟုတ်လား။ မင်းတက်နေတာ ဘာမေဂျာလဲ"

ပျန်းနမ်မှာ အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်လာ၏။ ဘေးနားတွင်ပင် ရေကြောင်းကုန်စည်ပို့ဆောင်ရေးနည်းပညာအထက်တန်းကျောင်း ရှိသော်ငြား သူသည် ဤအရာများအကြောင်း တစ်ခုမျှကို နားမလည်နေချေ။

"ရေကြောင်းမောင်းနှင်သွားလာခြင်းနည်းပညာ"

ချိုးယိက ပြန်ဖြေသည်။ ပျန်းနမ်တစ်ယောက် အူလည်လည်ဖြစ်နေ‌သေးသည်ကို ကြည့်ပြီး ချိုးယိက နောက်တစ်ခွန်း ထပ်ဖြည့်ပြောလေသည်။

"တချို့ကျောင်းတွေကတော့ သင်္ဘောမောင်းနှင်ခြင်းလို့ ခေါ်ကြတယ်"

"ငါလူး။ သင်္ဘောမောင်းတာလား"

ပျန်းနမ်က တကျွတ်ကျွတ်ဖြင့် စုတ်နှစ်ချက်သပ်လိုက်၏။

"စိတ်ကူးက လှတယ်"

ချိုးယိ ပြုံးလိုက်ပြီး ဆက်၍ -

"မင်းရော"

ပျန်းနမ် ဘာစကားမျှ မဆိုဖြစ်ပေ။ သူသည် နဂိုကတည်းကပင် နောက်နောင်အနာဂတ်တွင် ဘာလုပ်သင့်လဲဆိုသည့်အကြောင်းကို ကိုယ့်ဘာသာကိုယ် ခေါင်းရှုပ်နေခဲ့၏။ ခေါင်းရှုပ်လို့တောင် မပြီးသေးချေ။ ချိုးယိ ယခုကဲ့သို့ မေးလိုက်သောအခါ သူ့မှာ ပို၍တောင် စိတ်ထွေပြားရသည်။ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးနောက်မှ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ -

"မသိဘူး။ အားကစားကောလိပ်ဝင်ဖို့ ဖြေဖြစ်မလား၊ တင်းနစ်ကလပ်ပဲ ရှာမလား၊ ဒါမှဟုတ် တစ်နေရာရာသွားပြီး နည်းပြလုပ်မလား ......"

ဘယ်တစ်ခုကိုမျှ သူ စိတ်မဝင်စားနေပါ။ သူဘာလုပ်ချင်လဲဆိုသည်ကို သူ့ဘာသာသူလည်း လုံးဝမသိနေချေ။

"တစ်နှစ်ကျန်နေသေးတာပဲ။ ဖြည်းဖြည်းချင်း စဥ်းစားပေါ့။ မင်းအဖေ မင်းကို တစ်ခုခု မစီစဥ်ပေးဘူးလား"

ချိုးယိက ပန်းကန်လုံးထဲမှ ထမင်းကို စားပြီးသွားပြီးနောက် တူကို ချလိုက်သည်။

"သူက ဘာများ စီစဥ်နိုင်ပေးမှာမို့လို့လဲ။ ငါ့ကို သူ့နောက် လိုက်ခိုင်းရင် လိုက်ခိုင်း၊ ဒါမှမဟုတ် ဆိုင်တစ်ဆိုင် ပေးရင် ပေး"

ပျန်းနမ်လည်း တူကို ချလိုက်၏။ ဤအရာများကို စဥ်းစားမိသည်နှင့် သူ့စိတ်လည်း မကြည်လင်တော့ဘဲ -

"ဘယ်လိုစီစဥ်ပေးတာပဲဖြစ်ဖြစ် အန်တီနဲ့ပျန်းဟောက်တို့က စိတ်မချမ်းမသာဖြစ်မှာပဲ။ အဲဒါကြောင့် ငါ ဒါတွေကို ဘယ်တော့မှ မစဥ်းစားဖြစ်ဘူး"

"ဒီကိစ္စတွေက မစဥ်းစားဘူးဆိုတာနဲ့ မရှိတော့တာမှ မဟုတ်တာ။ ရင်ဆိုင်တာကတော့ ရင်ဆိုင်ရမှာပဲ။ စောစောစဥ်းစားလိုက်ပြီးတော့ စောစောဖြေရှင်းလိုက်ရင် မကောင်းဘူးလား"

ချိုးယိ ရယ်လိုက်ပြီး ဖုန်းယူထုတ်ကာ အချိန်ကို တစ်ချက်ကြည့်လိုက်ကာ -

"ငါ သွားရတော့မယ်"

ပျန်းနမ် လက်ပြပြီး စားပွဲထိုးကို လှမ်းခေါ်ကာ ငွေရှင်းလိုက်ပြီးနောက် ဖုန်းအားသွင်းကြိုးယူထုတ်ကာ ချိုးယိရှေ့သို့ ချပေးလိုက်ရင်း -

"ကြိုးဆက်တဲ့နေရာကို ငါ လေးငါးခါလောက် နင်းမိထားလို့ အားသွင်းတဲ့အချိန်မှာ ကြိုးသိပ်မမိတာမျိုး ဖြစ်တတ်တယ်။ နည်းနည်း ဖိပေးရမယ်"

"အင်း"

ချိုးယိက ဖုန်းနှင့်အားသွင်းကြိုးကို အိတ်ထဲ ထည့်လိုက်ပြီး‌နောက် မတ်တတ်ထလိုက်ကာ -

"အချိန်ရရင် အာ့ပေါင်ဆီ ဖုန်းဆက်လိုက်ဦး။ သူ ဒီရက်ပိုင်းမှာ မင်းအကြောင်းပဲ ပွစိပွစိပြောနေတာ"

"နွေရာသီကျောင်းပိတ်ရက်ကျရင် ငါ သူ့ကို တင်းနစ်ရိုက်တာ သင်ပေးမယ်"

ပျန်းနမ်လည်း မတ်တတ်ရပ်လိုက်ပြီး -

"မင်း မကန့်ကွက်ဘူးမလား"

"မကန့်ကွက်ဘူး။ သူ နေရာတကာလျှောက်ပြေးနေတာကို ငါ စိတ်ပူရ သက်သာတယ်"

ချိုးယိက စားသောက်ဆိုင်လေး၏တံခါးပေါက်ဘက်သို့ လျှောက်သွား၏။

ယနေ့တွင် ချိုးယိက စက်ဘီး မစီးခဲ့သောကြောင့် ကားမှတ်တိုင်သို့သွားပြီး ကားသွားစီးမည်ဖြစ်၏။ ပျန်းနမ်မှာ နဂိုက အဆောင်သို့ တစ်ခါတည်းတန်းပြန်သွား၍ ရနေသည်။ သို့သော် ချိုးယိတစ်ယောက်တည်း ဘတ်စ်ကားစောင့်နေချိန်တွင် မပြောကောင်းမဆိုကောင်း အဆော်ခံရလျှင်ဆိုသည့်အကြောင်းကို စဥ်းစားမိသောအခါ သူ့အနေဖြင့် တကယ့်ကိုပင် အနည်းငယ် သဘောမကောင်းသူ၊ ဖော်ရွေမှုမရှိသူ ဖြစ်သွားလိမ့်မည်။

ဤသို့ဖြင့် သူသည် ချိုးယိကို အဖော်လုပ်ပေးပြီး မှတ်တိုင်အောက်တွင် အတူတကွရပ်စောင့်ပေးလိုက်၏။ တစ်ခါတစ်ခါတွင်တော့ လေးဖက်လေးတန်ပတ်ဝန်းကျင်ကို တစ်ပတ်ဝေ့ကြည့်ဖြစ်သည်။ မြေအောက်ဂိုဏ်းက အဆက်အသွယ်ကို စောင့်နေသကဲ့သို့နှယ်။ တော်သေး၍သာ မိနစ်အနည်းငယ် မစောင့်ရသေးခင် ဘတ်စ်ကားရောက်လာခဲ့သည်။

"သွားပြီ။ ကျေးဇူးပဲ"

ချိုးယိက သူ့ပခုံးကို ပုတ်လိုက်၏။

"ကျေးဇူးပြုပြီးတော့ ငါ့ကို လည်စည်းပဝါအနီလို့ ခေါ်"

ပျန်းနမ်မှာ အခွင့်အရေးရှာပြီး ဒီစကားကို ပြောဖြစ်အောင် ဖြစ်လိုက်လေသည်။

"မင်းနာမည် ငါ မမေးဘူး"

ချိုးယိက ပြုံးလျက် ကားပေါ် တက်လိုက်သည်။

ကားမောင်းထွက်သွားပြီးနောက် ပျန်းနမ်သည် ကားမှတ်တိုင်တွင် မှင်တက်နေဆဲပင်။ အ‌ဆောင်ပြန်ပြီး ငေးငိုင်ရမလား သို့မဟုတ် အင်တာနက်ဆိုင်သွားပြီး ဝမ့်ဖေးကို ရှာ၍ ငေးငိုင်ရမလားကို ရုတ်တရက် မသိတော့ပေ။

ယခုတစ်လောတွင် ယခုကဲ့သို့ ဟာတာတာခံစားချက်မျိုး မကြာခဏဆိုသလို ပေါ်ထွက်လာတတ်ကာ တကယ်ကိုပင် မခံမရပ်နိုင် ဖြစ်ရသည်။

သူသည် အတော်ကြာအောင် တိတ်တဆိတ် ချင့်ချိန်တွေးဆလိုက်ပြီးနောက်တွင် အင်တာနက်ဆိုင်သွားရန် ဆုံးဖြတ်လိုက်သည်။

ဝမ့်ဖေးသည် အင်တာနက်ဆိုင်ထဲတွင် အားကြိုးမာန်တက် ယှဥ်ပြိုင်တိုက်ခိုက်နေ၏။ ပျန်းနမ်က သူ့နောက်တွင် ရပ်ပြီး သူ့အိတ်ကပ်ထဲရှိ ဖုန်းနှင့်ပိုက်ဆံအိတ်တို့ကို ယူထုတ်လိုက်တာတောင် သူ လုံးဝကို မခံစားရချေ။

နောက်ဆုံးတွင် ပျန်းနမ်က အချိုရည်တစ်ပုလင်းကို သူ့ရှေ့ ချလိုက်တော့မှ သူသည် ခေါင်းမော့လာပြီး ပျန်းနမ်ကို ကြည့်ရင်း -

"အယ် ... နမ်ကော။ မင်း လူ့ဘဝအကြောင်း စဥ်းစားဆင်ခြင်နေတာ မဟုတ်ဘူးလား ......"

"ဆင်ခြင်လို့ ပြီးပြီ"

ပျန်းနမ်သည် သူ့ဖုန်းနှင့်ပိုက်ဆံအိတ်တို့ကို သူ့ကိုယ်ပေါ်သို့ ပစ်ပေးလိုက်ပြီး သူ့ဘေးနားရှိ စက်ကို ဖွင့်လိုက်ရင်း -

"မင်းပြောစမ်း၊ မင်း ထွက်လာပြီး ညလုံးပေါက်လေး လာထိုင်တာ ဒါတွေ ယူလာပြီး ဘာလုပ်ဖို့လဲ။ မှတ်ပုံတင်တစ်ခုပဲ ယူလာရင် မပြီးသွားဘူးလား"

"လခွမ်း။ မင်းအခု လေထုကို ကြားခံထားပြီး ပစ္စည်းယူရာမှာ တလွှားလွှားကို တိုးတက်လာပါ့လား"

ဝမ့်ဖေးက အချိုရည်ပုလင်းကို လှမ်းယူကာ ခပ်သွက်သွက် အဖုံးလှည့်ဖွင့်လိုက်ပြီးနောက် တစ်ငုံသောက်လိုက်ပြီး မျက်စိက စခရင်ကို စိုက်ကြည့်နေရင်း ထပ်မေး၏။

"စဥ်းစားဆင်ခြင်ပြီးတော့ တစ်ခုခု စဥ်းစားလို့ ထွက်လာလား"

"မထွက်လာဘူး။ ဘာမှကို မသိနေဘူး"

ပျန်းနမ်သည် ထိုင်ခုံကို မှီထိုင်နေလျက် desktop ကို စိုက်ကြည့်နေကာ ဘာဆော့ရမှန်းလည်း မသိနေချေ။

"မင်း ခဏစောင့်ဦး"

ဝမ့်ဖေးက သူ့အား တစ်ချက်ကြည့်လိုက်ပြီး -

"ငါ ဒိုတာခုတ်ပြီးသွားရင် မင်းနဲ့အတူ landlord ဆော့ပေးမယ်"

"ငါပဲ မင်းနဲ့အတူ ခုတ်ပေးတော့မယ်။ ဒီနေ့ landlord မဆော့ချင်တော့ဘူး"

ပျန်းနမ် ပြောသည်။

"ငါ့နမ်ကောပဲ စဥ်းစားထောက်ညှာပေးတတ်တယ်"

ဝမ့်ဖေးက အလွန်ဝမ်းမြောက်စွာပင် သူ့ပေါင်ကို နှစ်ချက် လာပုတ်လိုက်၏။

ပျန်းနမ် ညလုံးပေါက် မနေဖြစ်သည်မှာ အတော်ကြာခဲ့ပြီ။ ဝမ့်ဖေးနှင့်အတူ ဒိုတာခုတ်ရာတွင် ဘယ်လောက်မျှအချိန်ကြာကြာ မခုတ်ရသေးခင် စတင်၍ ငိုက်မျဥ်းလာသည်။ ညဆယ့်နှစ်နာရီ ကျော်လာသောအခါ မျက်ခွံများတောင် တုန်ယင်လာတော့သည်။ မျက်ရည်များ တသွင်သွင်စီးကျနေပုံမှာ တရားမျှတမှုမရှိသော နစ်နာစရာတစ်ခုခုကို ကြုံတွေ့လိုက်ရသကဲ့သို့ပင်။

သူသည် တကယ်ကိုပင် တောင့်မခံနိုင်တော့ဘဲ၊ ဝမ့်ဖေး ကန့်ကွက်နေသည်ကိုလည်း ဂရုမစိုက်တော့ဘဲ၊ မောက်စ်ကို ပစ်လိုက်ပြီး ခြေထောက်ကို ဘေးနားရှိ ထိုင်ခုံပေါ်တင်လိုက်ပြီးနောက် မျက်လုံး မှိတ်ချလိုက်သည်။

"မင်း ရူးနေတာလား။ အင်တာနက်ဆိုင်ကို အရောက်လာပြီး လာအိပ်နေတယ်"

ဝမ့်ဖေးက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။

"အိပ်တယ် ဘာဖြစ်လဲ။ ငါ အိပ်ငိုက်လွန်းလို့ ငိုတောင် ငိုမိတော့မယ်"

ပျန်းနမ် ပြောသည်။

"အေးပါ။ မင်း အိပ်ပါ။ ပြန်တဲ့အချိန် ငါ မင်းကို နှိုးလိုက်မယ်"

ဝမ့်ဖေးက ကျွတ်ခနဲ စုတ်သပ်လိုက်သည်။

ဤတစ်ည အင်တာနက်ဆိုင်တွင် အိပ်ရသည်မှာ အလွန်ဒုက္ခရောက်ရသည်။ ညဥ့်နက်သန်းခေါင်အချိန် ဖြစ်နေတာတောင် ဂိမ်းဆော့ရင်း စိတ်လှုပ်ရှားတက်ကြွပြီး မရပ်မနားနိုင် အော်ဟစ်နေသူ ရှိသေး၏။ ပျန်းနမ်က ဆေးလိပ်ပြာခွက်ကို ယူပြီး စားပွဲပေါ်တွင် တစ်ချက် ထုရိုက်လိုက်တော့မှ တိတ်ဆိတ်သွား‌တော့သည်။

သို့သော် သူကိုယ်တိုင်၏အိပ်ချင်စိတ်လည်း ထုရိုက်ခံလိုက်ရပြီး ပျောက်ကွယ်သွား၏။ အချိန်ကို ကြည့်လိုက်ပြီး ထထိုင်လိုက်ကာ landlord ကို လေးငါးချီခန့် ဆော့လိုက်ပြီးနောက်တွင် ပြတင်းပေါက်အပြင်ဘက်၌ မဆိုစလောက်လေး စတင် လင်းချင်းလာသည်။ သူသည် ဝမ့်ဖေးကို ဆွဲခေါ်ပြီး အင်တာနက်ဆိုင်မှ ထွက်လာခဲ့သည်။

"ဟမ်း ......"

ဝမ့်ဖေးက ခါးကြောဆန့်လိုက်ရင်း -

"မင်း မနက်ဖြန် အိမ်ပြန်မလား"

"ပြန်မယ်"

ပျန်းနမ် စဥ်းစားလိုက်ပြီးနောက် -

"စနေတနင်္ဂနွေမှာ မင်း ရွှီရွေနဲ့ ချိန်းထားတာတယ်မလား"

"ဒီကျောင်းပိတ်ရက်နည်းနည်းလေးမှာပဲ ချိန်းဖို့ အချိန်ရှိတာ"

ဝမ့်ဖေး ခုန်လိုက်ပြီး -

"ဒါပေမဲ့ မင်း ငါ့အိမ်လာချင်ရင် ငါ သူ့ကို မချိန်းတော့ဘူးလေ"

"ငါ အိမ်ပြန်မယ်။ မင်း နည်းနည်းပါးပါး အားထုတ်ပြီးတော့ သူ့ကို အပြီးချည်လိုက်ပါတော့ကွာ။ နေ့ရှိသရွေ့ အာရုံပျံ့ပြီး တုန်လှုပ်နေတာ ငါတောင် မင်းအစား စိတ်စောရတယ်"

ပျန်းနမ်သည် လမ်းမဘေးရှိ မနက်စာဆိုင်ခန်းလေးရှေ့တွင် ရပ်လိုက်ပြီး ဝမ့်ဖေးနှင့် တစ်ယောက်ကို ပဲနို့တစ်ခွက် ဝယ်လိုက်၏။

"ငါ့ကို ပြောမနေနဲ့ နမ်ကော"

ဝမ့်ဖေးက ပျန်းနမ်ပခုံးပေါ်တွင် လက်တင် ဖက်လိုက်ပြီး တဟေးဟေးဖြင့် ရယ်လိုက်ရင်း -

"မင်း အခုတစ်လော အခြေအနေတစ်ခုခုရှိနေတယ်လို့ ငါ ဘာလို့ ထင်နေပါလိမ့်။ အာရုံပျံ့နေတဲ့အထဲ မင်းတစ်ယောက်ကိုလည်း ထပ်ထည့်လိုက်"

"ငါ အဲဒါက အားယားနေလို့"

ပျန်းနမ်က ပဲနို့တစ်ငုံ သောက်လိုက်သည်။

အားယားသည်ဟု ပြောမည်ဆိုလျှင် စနေတနင်္ဂနွေပိတ်ရက်ကမှ အမှန်တကယ်ကို အားယားလွန်း၍ သောကရောက်ရသည်။

ဝမ့်ဖေး၏ ကောင်မလေးပိုးပန်းသောမဟာအလုပ်ကြီး ပြီးမြောက်အောင်မြင်စေရန်အလို့ငှာ ပျန်းနမ်သည် ပိတ်ရက်တွင် အိမ်ပြန်လိုက်၏။ သူ့ကို အနည်းငယ် ဝမ်းမြောက်စေသည်မှာ ပျန်းဟောက်တစ်ယောက် အိမ်တွင် မရှိနေချေ။ ပျန်းရှင်းယွီလည်း အိမ်တွင် မရှိနေ။ သူ့ သူငယ်ချင်းကောင်း၏အိမ်သို့သွားပြီး သူငယ်ချင်းနှင့်အတူ ဂိုက်စာသင်ချိန် တက်သည်ဟု ဆိုသည်။

သူငယ်ချင်းကောင်း ဟုတ်လား။

သူ့ကို ချိုးယိပြောပြဖူးသော ပျန်းရှင်းယွီ၏ရင်းနှီးသည့်သူငယ်ချင်းတစ်ယောက်ကို ဂိုက်သင်ပေးသည့်ကိစ္စကို ပျန်းနမ် ရုတ်တရက် သတိရသွားသည်။

ဒီရေစက်ရဲ့အတိမ်အနက်ဟာ တကယ်ပဲ နားလည်သဘောပေါက်ရခက်ပါလား။

ပျန်းဟောက်တို့မောင်နှမနှစ်ယောက် အိမ်တွင် မရှိနေသောကြောင့် ပျန်းနမ်မှာ ဝင်လိုက်ထွက်လိုက်ဖြင့် များစွာ ပေါ့ပါးလွတ်လပ်သွားသည်။ ခြံနောက်ဖေးသို့သွားပြီး ပျန်းရှင်းယွီ၏ခွေးက ဟိုလျက်ဒီလျက်နှင့် အလျက်ခံလိုက်ရလည်း များစွာ စိတ်မတိုရတော့ပေ။

လေးငါးပတ်ခန့် ပတ်လိုက်ပြီးနောက် သူသည် သူ့အဖေ၏ စာကြည့်ခန်းထဲသို့ ရောက်ရှိလာပြီး ဗီရိုထဲတွင် ထည့်ထားသော လက်ဖက်ခြောက်ရွက်အပုံလိုက်ကို ကြည့်နေ၏။

"အဖေ ဒီလက်ဖက်ခြောက်တွေအားလုံး အဖေသောက်လား"

သူ တစ်ဘူးယူလိုက်ပြီး ကြည့်နေပြီး ကောင်း၏ဆိုး၏ကိုလည်း မကြည့်တတ်ပေ။

"ဘယ်သောက်နိုင်ပါ့မလဲ ဒီလောက်အများကြီးကို"

သူ့အဖေက ဘေးနားတစ်ဖက်တွင် လက်ဖက်ခြောက် ဆေးနေကာ -

"ဘာဖြစ်လို့လဲ။ မင်း လိုချင်လို့လား"

"ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ရေနွေးကြမ်းသောက်ရတာ တော်တော်ကြိုက်တယ်။ တစ်ဘူးယူသွားပြီး သူ့ကို ပေးချင်လို့"

ပျန်းနမ် ပြောသည်။

"တစ်ဘူးယူသွားတာ ဘယ်မှာ ရှိလို့လဲ။ နှစ်ဘူး ယူသွား။ ကိစ္စကောင်းတွေက အစုံလိုက် အတူတူလာတယ်"

သူ့အဖေ မတ်တတ်ထလိုက်ပြီး ဗီရိုဘေးသို့ လျှောက်လာကာ -

"မင်းရဲ့ဒီသူငယ်ချင်းကာ ဘာလက်ဖက်ကြိုက်လဲ"

"...... ကျွန်တော် မသိဘူး"

"အရမ်းခင်တဲ့သူငယ်ချင်းလား"

သူ့အဖေက လက်ဖက်ခြောက်နှစ်ဘူး ယူထုတ်လာသည်။

"ဆက်ဆံရေးကတော့ ......"

သူနှင့် ချိုးယိတို့၏ ဤဆက်ဆံရေးကို ဘယ်လိုတွက်ဆရမှန်း သူ တကယ်မသိပေ။ သူတို့နှစ်ယောက်သည် တစ်ဖက်တွင် အတူတကွ ထမင်းစား၊ လေပေါစကားပြော အပြင်ထွက်လည်ပတ်ကစားရာတွင် အတော်လေး တပျော်တပါးရှိခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် တစ်ဖက်တွင်လည်း မရှင်းရသေးသော စာရင်း ရှိသေးကာ -

"တော်တော်ခင်တယ်လို့ ပြောလို့ရတယ်"

"ဒီနှစ်ဘူး ယူသွားလိုက်။ သူငယ်ချင်းကိုပေးတာ နည်းနည်းကောင်းတာ ယူသွား"

အဖေက လက်ဖက်ခြောက်ကို သူ့အား ကမ်းပေးသည်။

ညစာ စားချိန်တွင် ပျန်းရှင်းယွီတစ်ယောက် ထမင်းပြန်လာမစားချေ။ ဆယ်နာရီထိုးခါနီးတော့မှ အိမ်ပြန်လာ၏။

ပျန်းနမ်သည် ခုတင်ပေါ်တွင် လှဲအိပ်ရင်း ဖုန်းဆော့နေလျက်ရှိသည်။ ပျန်းရှင်းယွီ အိမ်အပေါ်ထပ်သို့ ပြေးတက်လာသည့်အသံကို ကြားသောအခါ သူသည် လက်ဆန့်ထုတ်ပြီး အခန်းမီးကို လှမ်းပိတ်လိုက်လေသည်။

ပျန်းရှင်းယွီက ပျန်းနမ်၏အခန်းအပေါက်ဝတွင် တစ်အောင့်ခန့် ရပ်နေပြီးနောက် သူ့အခန်းထဲသူဝင်သွား၏။ မိနစ်အနည်းငယ်ခန့်ကြာသွားပြီးနောက်တွင် ထွက်လာပြန်ပြီး ပျန်းနမ်၏အခန်းတံခါးကို ခပ်ဖွဖွ လာခေါက်ကာ -

"ပျန်းနမ် နင်အိပ်သွားပြီလား"

ပျန်းနမ် အသံမထွက်ချေ။ ပျန်းရှင်းယွီက သူ့ကို လာရှာလိမ့်မည်ကို သူသိသည်။

ချိုးယိကို သဘောကျကြောင်း ပျန်းရှင်းယွီက ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ သူနှင့် ချိုးယိတို့ မရင်းနှီးကြောင်း ပျန်းနမ် ပြောခဲ့ဖူးသော်ငြား ထိုရက်က သံမဏိလူသား သုံးမျိုးပြိုင်ပွဲစတိုင်ကြောင့် သူတို့နှစ်ယောက်မရင်းနှီးကြောင်းကို ဘယ်သူမဆို ယုံကြည်လိမ့်မည်မဟုတ်။ ပျန်းရှင်းယွီက မိမိထံတွင် ချိုးယိအကြောင်း သေချာပေါက် လာစုံစမ်းလိမ့်မည်ဟု ပျန်းနမ် သိနေခဲ့သည်။

[T/N: သုံးမျိုးပြိုင်ပွဲ (三项) ကတော့ ရေကူး၊ စက်ဘီးစီးနဲ့ အပြေး စတဲ့ ပြိုင်ပွဲသုံးမျိုးပါတဲ့ triathlon ကို ပြောတာပါ။]

ဤအထဲတွင် သူ ဝင်မပါချင်ပေ။ ပျန်းရှင်းယွီ ဘယ်သူ့ကို သဘောကျလဲ၊ ဘယ်သူ့ကို ပိုးပန်းချင်လဲ၊ ပိုးပန်း၍ ရနိုင် မရနိုင် အစရှိသဖြင့် အားလုံးတို့မှာ သူနှင့် မဆိုင်ပါ။

ပျန်းရှင်းယွီက စင်္ကြံပေါ်တွင် ဆယ်မိနစ်ခန့် လူးလာခေါက်ပြန် သွားလိုက်လာလိုက် လမ်းလျှောက်လိုက်ပြီးနောက်တွင် ခြေလှမ်းက တံခါးပေါက်တွင် အနည်းငယ် ချီတုံချတုံဖြစ်စွာ ရပ်တန့်သွားသည်။ ထို့နောက် ဆက်၍ ထွက်ခွာသွားပြန်သည်။ တစ်အောင့်ခန့်ကြာပြီးနောက် ရပ်တန့်လိုက်ပြန်၏။

ပျန်းနမ်မှာ ရုတ်တရက်ပင် ထိရှခံစားသွားရသည်။ အခုက နွေဦးရာသီလည်း မဟုတ်ပါဘဲနဲ့ ဘာဖြစ်လို့ ဘေးနားက လူတွေက တစ်ယောက်ပြီးတစ်ယောက် ဒီလိုဖြစ်နေကြတာလဲ ......

ပျန်းရှင်းယွီက လှပသည်။ စာကောင်းကောင်းသင်ပြီး စာလည်း တော်သည်။ ငယ်စဥ်ကတည်းကစပြီး ကြီးလာသည်အထိ သူ့ကို လိုက်ပိုးပန်းသောလူများကြောင့် ညီမလေးချစ်မြတ်နိုးသူ ပျန်းဟောက်မှာ ရောဂါရလုနီးပါးပင်။ လူတစ်ယောက်အတွက်ကြောင့် ပျန်းရှင်းယွီ ဤကဲ့သို့လုပ်သည်ကို ပျန်းနမ်မှာ ပထမဆုံး တွေ့ရခြင်း ဖြစ်တော့သည်။

အချစ်လား။

ပျန်းရှင်းယွီက ချိုးယိကို၊ ဟုတ်လား။ ဝမ့်ဖေးက ရွှီရွေကို၊ ဟုတ်လား။

အချစ်က ဒီလိုပဲ ရုတ်တရက် ထွက်ပေါ်လာတတ်တာလား။

ရုတ်တရက်ရော ဒီလိုပဲ ပြန်ပျောက်ကွယ်သွားတတ်လား။

သို့သော် နောက်တစ်နေ့ညနေ ပျန်းနမ်တစ်ယောက် ပစ္စည်းသိမ်းပြီး ကျောင်းပြန်ရန် ပြင်ဆင်သည့်အချိန်အထိ ပျန်းရှင်းယွီလည်း သူ့ကို နောက်တစ်ခါ ထပ်မရှာတော့ချေ။ သူ့ကို ကြည့်လာချိန်တွင် တစ်ခုခုပြောရန် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေခြင်းသာ ရှိသည်။

ပျန်းနမ်တောင် သူ့အစား အားကုန်ပင်ပန်းသလို ခံစားရ၏။ ဝမ့်ဖေးထက်ကို အားကုန်ရသေးသည်။

ကျောင်းသို့ပြန်ရောက်လာပြီးနောက် သူသည် ချိုးယန့်ထံ ဖုန်းဆက်လိုက်သည်။ ချာတိတ်ကလေးမှာ လွန်စွာ စိတ်လှုပ်ရှားတက်ကြွလွန်း၍ တတွတ်တွတ်ဖြင့် မရပ်မနားနိုင်အောင် စကားပြောလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် အမောဆို့၍ ဟောဟဲလိုက်သွားတော့မှသာ စကားပြောရပ်သွားတော့၏။

"အာ့ပေါင် မင်း အဆုတ်က တကယ်ကို ကောင်းတာပဲ"

ပျန်းနမ်မှာ ခုတင်ပေါ်တွင် မှောက်လှဲနေရင်း တစ်လျှောက်လုံး အူမြူးနေသည်။ မိမိထံတွင် ရက်အတော်ကြာ ဖြစ်ပေါ်နေခဲ့သော နားလည်ရခက်သည့် ထိုင်းမှိုင်းသုန်မှုန်သောခံစားချက်တို့မှာ အပြောင်အစင် လှည်းကျင်းထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ဖုန်းဆက်ပြီးတော့မှသာ သူသည် နောက်တစ်ပတ်တွင် အိမ်လာခဲ့ပြီး ချိုးယိကို လက်ဖက်ခြောက် လာပေးမည့်အကြောင်းကို ချိုးယန့်အား ပြောပြရန် မေ့သွားခဲ့သည်ကို သတိရသွားသည်။

စဥ်းစားလိုက်ပြီးနောက် တစ်ခါတည်းတန်းသွားပြီး ချိုးယန့်အား အံအားစရာ ပေးလိုက်လည်း ရတာပဲဟု တွေးလိုက်ပြန်သည်။

သို့သော် ယခုတစ်ပတ်တွင် လောင်ကျန်တစ်ယောက် ဆက်လက် အစွမ်းပြပြန်သည်။ စာမေးပွဲနှင့် တွဲဖက်ညီအောင် လုပ်သည့်ပမာ။ သူတို့ အင်တာနက်ဆိုင်သွားလည်ပြီး အချိန်ဖြုန်းရန် အင်အားကျန်ရှိသေးမည်ကို ကာကွယ်ရန် နေ့စဥ်နေ့တိုင်း ညနေခင်းတွင် လူကို ရက်ရက်စက်စက်မနှိပ်စက်ရလျှင် အပြီးသတ်ဟု မသတ်မှတ်ပေ။

ပျန်းနမ်မှာ ယနေ့တွင် လက်ပြန်ရိုက်ချက် လေ့ကျင့်ရန် လောင်ကျန်၏စောင့်ကြည့်ခြင်း ခံရသည်။ လေ့ကျင့်ရေး ပြီးဆုံးချိန်တွင် ထမင်းတောင် မစားချင်တော့ချေ။ ဗိုက်အပြည့် ရေသောက်လိုက်ပြီး ခုတင်ပေါ် ပစ်လှဲလိုက်ကာ ရှစ်နာရီထိုးခါနီးအထိ ငိုင်နေလိုက်သည်။

"ဟေ့ နမ်ကော"

ဝမ့်ဖေး အခန်းထဲဝင်လာကတည်းက စွင်းယိဖန်၏ခုတင်ပေါ်တွင် ဝင်လှဲလိုက်ကာ ယခုအချိန်အထိလည်း အသိုက်ရွှေ့ရန် အားမဲ့နေပြီး -

"စားစရာ ရှိသေးလား"

"မနေ့ကတည်းက စားလို့ကုန်သွားပြီ"

ပျန်းနမ် ထထိုင်လိုက်သည်။

"ဝမ့်-သာ့ကော .. မင်းခုတင်ကိုပဲ ပြန်လိုက်လို့ရလား။ ငါ တောင်းပန်ပါတယ်"

စွင်းယိဖန်မှာ ဝမ့်ဖေး၏ တိုးဝှေ့ခံရ၍ အိပ်ရာထဲတွင် တစောင်း လှဲနေရကာ ဆက်၍ -

"လူသားချင်းစာနာစိတ် နည်းနည်းပါးပါးလေး မရှိတော့ဘူးလား"

"ဒီလောက်အထိ ဗိုက်ဆာနေတာ ဘာလူသားချင်းစာနာစိတ် ရှိနိုင်ဦးမလဲ"

ဝမ့်ဖေးက စွင်းယိဖန်၏ဗိုက်ပေါ်သို့ လက်ဝါးဖြင့် ရိုက်လိုက်ပြီးနောက် -

"အစားအသောက်အတွက် နက်ရှိုင်းတဲ့လိုအင်ဆန္ဒပဲ ရှိတယ်"

"ဘာစားချင်လဲ"

ပျန်းနမ် ခုတင်ပေါ်မှ ဆင်းလိုက်ပြီး အဝတ် ဝတ်လိုက်ကာ -

"ငါ သွားဝယ်မယ်"

ဟော့ဒေါ့၊ ဟမ်ဘာဂါ၊ ချဥ်စပ်ခေါက်ဆွဲ၊ ပန်ကိတ်ကြော် ...... ပျန်းနမ် အုတ်တံတိုင်းမှ ကျော်ထွက်ချိန်တွင် ဝမ့်ဖေး အမှာပါးလိုက်သည့် အစားအသောက်စာရင်းကို တစ်လျှောက်လုံး စဥ်းစားနေခဲ့သေးသည်။ ဒီကောင်က ဗိုက်ဆာလာရင် ဒီလမ်းပေါ်မှာရှိတဲ့ စားသောက်ဆိုင်ကြီးတွေရဲ့ မီနူးတွေကိုတောင် အလွတ်ရွတ်နိုင်လောက်တယ်။

ပျန်းနမ်က ထိုအရာများအားလုံးကို ဝယ်ရန် စိတ်မကူးထားပေ။ သူစားချင်သည့်ဟာနှင့် တိုက်ဆိုင်ပြီး တစ်ထပ်တည်းကျသော အနည်းငယ်ကို ရွေးထုတ်လျှော့ချလိုက်သည်။

'ချန်တူး အစားအစာ' ဆိုင်ကို အလျင်သွားပြီး ချဥ်စပ်ခေါက်ဆွဲ ဝယ်မည်။

ချဥ်စပ်ခေါက်ဆွဲဆိုင်က သိပ်မဝေးပေ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ မျက်နှာချင်းဆိုင်တွင် ရှိသည်။

ပြီးခဲ့သည့်တစ်ခေါက်တုန်းက သူနှင့်ချိုးယိတို့ လူရှောင်ရန် ဝင်သွားသော ထိုလမ်းသွယ်ကို လွန်သွားလျှင် ရောက်ပြီ။

လမ်းသွယ်ထိပ်သို့ ရောက်ခါနီးတွင် သူ့နောက်မှ လွင့်ပျံ့လာသော အနည်းငယ် ရှုပ်ထွေးနေသည့် ခြေသံများ ကြားလိုက်ရ၏။

သူသည် အလျင်အမြန်ပင် တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ့နောက်ရှိ ထိုလူများ ဝတ်ဆင်ထားသည်မှာ အားကစားကျောင်း၏ အားကစားဘောင်းဘီမဟုတ်မှန်း မြင်လိုက်သောအခါ သူသည် ချက်ချက်းပင် ဘယ်လိုဖြစ်တာလဲကို နားလည်သွားတော့၏။ စဥ်းတောင် မစဥ်းစားဘဲ ခြေကိုမြှောက်ကာ စပြေးတော့သည်။

ခြေနှစ်လှမ်းတောင် မပြေးရသေးမီ ကျောပေါ်တွင် ပစ္စည်းတစ်ခုခုဖြင့် တစ်ချက် အရိုက်ခံလိုက်ရလေသည်။ မနာကျင်ပါ။ သို့သော် သူ လန့်ဖျပ်သွားခဲ့သည်။

အာရုံလွင့်သော တဒင်္ဂလေးတွင်ပင် တစ်ယောက်ယောက်က တစ်ဟုန်ထိုး တိုးဝင်လာသည်။

ထို့နောက် ပျန်းနမ်မှာ မျက်မှောက်ရှေ့မြင်ကွင်းက မည်းမှောင်သွားသည်ကိုသာ ခံစားလိုက်ရ၏။ ဆက်လက်၍ တိရစ္ဆာန်အစာ အနံ့တစ်မျိုးကို ရလိုက်တော့သည်။

"ငါလူး၊ ချိုးယိ မင်းဘိုးအေ"

သူ အော်လိုက်သည်။

မျိုးမစစ် ခွေးကောင်။ ငါ့ခေါင်းပေါ်ကို တိရစ္ဆာန်အစာအိတ် လာစွပ်တယ်ပေါ့လေ။

***

(ဆက်ရန်)

Continue Reading

You'll Also Like

138K 4.1K 88
What if Damon hadn't met Elena the night of her parents' death? What if along the way he ran into someone else? What if he fell in love with someone...
8.7K 209 11
TW : Suicide, Self harm, Overdose, Death Threats, Abuse & Bullying Jake Sterling a supposedly happy and lucky boy meets the end of himself, being exp...
59.8K 1.4K 38
"Cause you could be the one that I love, I could be the one that you dream of" A story in which Macy Frazier Is introduced to Gracie Abrams at a part...
25.1M 462K 52
❝This is wrong Harry,❞ I pant as he rips off my top, exposing my bra. I soon give into him as his arms lock on my waist, lifting me onto the kitchen...