《Wolf pair》- ဘာသာပြန်

By wishywish0805

44.1K 7.2K 525

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 27

310 49 0
By wishywish0805

Chapter ● 27 ●

အသက်အောင့်လျက် ရေထဲ ဖိချခံရခြင်းနှင့် ရေထဲလက်ခတ်လှော်နေရင်းတစ်ဝက်တစ်ပျက်၌ အောက်ခြေသို့ နစ်မြုပ်ကျသွားကြောင်း ရုတ်တရက် သိရှိလိုက်ရသောခံစားချက်တို့မှာ လုံးဝကို ကွဲပြားသည်။

အထူးသဖြင့် စကားတောင် ပြော၍မဆုံးသေးမီ ရေပူပေါင်းများ တိုက်ရိုက်တန်းပြီး မှုတ်ထုတ်လာသောအခြေအနေတွင် ဖြစ်သည်။

ရေပူပေါင်း မှုတ်ထုတ်ပြီးသွားပြီးနောက် ပျန်းနမ်သည် ရေမွန်းသွားပြန်သည်။ ရေမွန်းလွန်း၍ နဖူးမှစပြီး နောက်စေ့အထိ ဆုတ်ဖြဲခံရသည့်ပမာ ခံရခက်လှသည်။ ဝါဆာဘီ ဆယ်ဇွန်းစားလိုက်သလိုပင်။

သူသည် မြစ်အောက်ခြေပေါ်တွင် ခြေထောက်ချပြီး မတ်တတ်ရပ်ရန် ကမန်းကတန်းလုပ်သည်။ ဤနေရာ၏ ရေအမြင့်မှာ ရင်ဝလောက်အထိသာ ရှိလိမ့်မည်။ သို့သော် ခြေထောက်ကို နှစ်ခေါက်နင်းလိုက်ရာတွင် နှစ်ခေါက်စလုံး ခြေချော်သွားလေ၏။

ငါလူး...။

တင်းနစ်ကစားသမားလေးတစ်ယောက်က ရင်ဘတ်လောက်ပဲနက်တဲ့ရေထဲမှာ ဒီအတိုင်းကြီး ရေနစ်သေတော့မှာလား။

နည်းပြဆိုတဲ့ စောက်ရူးက လူလာကယ်ဖို့ မသိသေးဘူးလား။

မျိုးမစစ် အယုတ်တမာ။

မိမိရှေ့မှ ဖြတ်သန်းခတ်လှော်သွားသော ပျန်းနမ်ကို ချိုးယိ ကြည့်နေသည်။ ရေမျက်နှာပြင်အောက်ဘက်မှ ကိုယ်ဟန်ကတော့ အတော်လေး စံနှုန်းမီသည်။ ခန္ဓာကိုယ်ကို ဖြောင့်တန်းနေအောင် ဖြန့်ဆန့်ထားကာ နေရောက်အောက်ရှိ ကျန်းမာသော ဂျုံရောင်အသားအရေနှင့် ကြံ့ခိုင်တောင့်တင်းပြီး အချိုးအစားကျသော ကိုယ်ခန္ဓာကိုပါ ထည့်ပေါင်းလိုက်သော် ကြည့်လိုက်လျှင် ကျွမ်းကျင်ရေကူးသမားကဲ့သို့နှယ်။

သို့သော် ရလဒ်မှာမူ ရေကူးထွက်သွားပြီး နှစ်မီတာ မပြည့်သေးမီ ရေထဲ နစ်ကျသွားသည်။

ချိုးယိက စက္ကန့်အနည်းငယ်ခန့် စောင့်ကြည့်ကြည့်လိုက်ရာ ပျန်းနမ်တစ်ယောက် ရေမျက်နှာပြင်ပေါ် ရုန်းကန်ပြီး ပြန်တက်လာမည့်သဘော မရှိသည်ကို သိလိုက်ရတော့မှ အလျင်အမြန် ကူးခတ်သွားကာ သူ့လက်မောင်းကို ဖမ်းကိုင်လိုက်တော့သည်။ ထို့နောက် သူ့မေးစေ့ကို မ လျက် ပင့်ပေးလိုက်သည်။

"ငါ -- လူး"

ပျန်းနမ် အော်ပြောလိုက်ပြီး သူလည်း လက်နောက်ပြန်ဖြင့် ချိုးယိ၏လက်မောင်းကို ဖမ်းကိုင်ကာ မျက်နှာပေါ်မှရေများကို သပ်ရင်း ချောင်းဆိုးနေသည်။ အတော်ကြာတော့မှ မျက်နှာ လှည့်လာပြီး ချိုးယိကို စိုက်ကြည့်လျက် -

"မင်းက လူကို ဒီလိုပဲ သင်ပေးတာလား။ ငါ ရေနစ်သေတော့မလို့"

ပျန်းနမ်၏မျက်လုံးများတောင် ရေမွန်းသောကြောင့် နီရဲနေကာ ချိုးယိသည် အားတုံ့အားနာဖြစ်သွားကာ လက်မြှောက်ပြီး ပျန်းနမ်မျက်နှာကို ပုတ်ပေးလိုက်ရင်း -

"ငါ နှစ်စက္ကန့်ပဲ နောက်ကျသွားတာပါ။ မင်း မတ်တတ်ပြန်ရပ်နိုင်မယ် ထင်လို့လေ"

ပုတ်ပေးပြီးနောက် သူတို့နှစ်ယောက်စလုံး ဘာမျှ မပြောကြပေ။ တစ်အောင့်ခန့်ကြာတော့မှ ပျန်းနမ်သည် ကိုယ့်မျက်နှာကိုကိုယ် စမ်းလိုက်ပြီး အူမြူးသွားသည်။ တစ်ဆက်တည်းမှာပင် ချိုးယိ၏ခေါင်းကို နှစ်ချက်ခန့် ဖွလိုက်ပြီး -

"ဟေ့ကောင် မင်း အာ့ပေါင်ကို ချော့ရင်း အကျင့်ပါသွားတာမဟုတ်လား"

"ကိုကို --"

မြစ်လယ်ရှိ အာ့ပေါင်သည် မြစ်ရေပြင်ပေါ်သို့ ပေါ်ထွက်လာပြီး လက်ထဲတွင် ကျောက်ခဲကြီးတစ်လုံးကို ကိုင်မြှောက်ထားကာ -

"သား ကျောက်တစ်လုံး ရှာတွေ့ထားတယ်"

[T/N: ဒီနေရာမှာ ကျောက် ဆိုတာက ကျောက်မျက်ရတနာလို အဖိုးတန်ကျောက်ကို ဆိုလိုတာပါ။]

"အရမ်းတော်တယ်"

ချိုးယိ ပြောလိုက်ပြီး ဆက်၍ -

"ပစ်လိုက်ပြီးတော့ နောက်တစ်လုံး ထပ်ရှာ"

"ကိုကို တစ်ချက်လောက် မကြည့်တော့ဘူးလား"

ချိုးယန့်သည် ရေထဲတွင် ကိုယ်ဖော့၍ လက်နှစ်ဖက်မြှောက်ပြီး ကျောက်ခဲ ကိုင်လာလျက် လျှောက်လာပြီး -

"တကယ့် ကျောက်။ အရင်ကနဲ့ မတူဘူး"

"ငါ ကြည့်ကြည့်မယ်"

ပျန်းနမ်သည် ချိုးယိက ဤ "ကျောက်" ကို သိပ်စိတ်မဝင်စားဟန်ကို ကြည့်ပြီး လက်ဆန့်ထုတ်ကာ ချိုးယန့်လက်ထဲမှ ကျောက်ခဲကို ကမ်းယူလိုက်သည်။

သာမန် ကျောက်ခဲတစ်ခဲ ဖြစ်သည်။ ကျောက်ခဲအပေါ်ဘက်တွင် အဖြူရောင် အစင်းကြောင်းရာအနည်းငယ် ရှိပြီး မြစ်ကမ်းစပ်တွင် ပစ်ချလိုက်သည်နှင့် ကျောက်ခဲကျောက်တုံးများကြားတွင် ချက်ချင်း ရောနှောသွားမည့် ကျောက် ဖြစ်သည်။

ချိုးယန့်တစ်ယောက် မြစ်ကြမ်းပြင်အထိရောက်အောက် ခြေချ၍ မမီသောကြောင့် ပျန်းနမ်၏လက်မောင်းကို ဖက်ပြီး သူ့ကိုယ်ပေါ်တွင် တွဲခိုနေကာ အလွန်မျှော်လင့်စောင့်စားဟန်ဖြင့် မေးလာသည်။

"ကျောက်ပဲ မဟုတ်လား"

"ကျောက်ပဲ"

ပျန်းနမ်က အလွန်သေချာစွာ ခေါင်းညိတ်လိုက်ပြီး ကျောက်ခဲကို ချိုးယိမျက်စိရှေ့သို့ ကမ်းပေးလိုက်ကာ -

"ကြည့်၊ ပန်းကျောက်မျက်"

ချိုးယိ ပါးစပ်ဟလိုက်ပြီး ဘာပြောရမှန်း မသိနေချေ။ ပျန်းနမ်သည် ကျောက်ခဲကို ကိုယ့်ရေကူးဘောင်းဘီနောက်တွင် ထိုးထည့်လိုက်ပြီး ချိုးယန့်ကို ဖက်လိုက်ကာ -

"သွားထပ်စမ်းရှာကြည့်လိုက်ဦး၊ တခြားကျောက်တွေ ရှိသေးလားလို့"

"အင်း"

အားပေးအားမြှောက်မှု လက်ခံရရှိလိုက်သော ချိုးယန့်သည် စိတ်ထက်သန်တက်ကြွစွာပင် ဆက်လက်ရေကူးထွက်သွားရန် ပြင်ဆင်သည်။

"မင်း ကူးဦးမှာလား"

ချိုးယိက ပျန်းနမ်ကိုကြည့်ပြီး မေးသည်။

"ကူးမှာလေ"

ပျန်းနမ် ခေါင်းကို ခါယမ်းပြီး မျက်နှာပေါ်ရှိ ရေများကို သုတ်လိုက်ရင်း ဆက်၍ -

"မင်းကို ငါ ပြောဦးမယ်၊ နည်းပြ ချိုး။ မင်းလည်း ပညာရှင် မပီသလိုက်တာ။ ငါ ခုနတုန်းက တစ်မီတာပဲ ထွက်ရသေးတာကို မင်း လက်လွှတ်လိုက်တယ်။ တမင်သက်သက်လုပ်တာမဟုတ်လား"

"မင်းကို ငါ လိုက်မမီလို့။ ဒါမှမဟုတ် မင်း ရေဆန်အတိုင်း ကူးလိုက်"

ချိုးယိက ရေအောက်ထဲကို ကြည့်လိုက်ပြီး -

"မင်း ကျောက်ကို ထည့်ထားပြီး ကူးမယ်ပေါ့"

"မထည့်ဘူး"

ပျန်းနမ်သည် ကျောက်ခဲကို ထုတ်ပြီး ရေထဲ ပစ်ချလိုက်ပြီးနောက် -

"ငါ့အထင် သုံးမိနစ်တောင် မပြည့်ဘဲ သူ ဒီကျောက်ကို မေ့သွားမှာ"

"မင်း ဒီနည်းနဲ့ ကလေးတွေကို ညာစားနေတာလား"

ချိုးယိ ရယ်လိုက်သည်။

"အဲဒါလည်း သူ့ကို အဖက်တောင်မလုပ်တဲ့ မင်းထက်တော့ သာတယ်။ သူ့ခမျာ ဒီတစ်ခဏလေးပဲ စိတ်လှုပ်ရှားတာကို မင်းက ဒါလေးတောင် မပူးပေါင်းပေးဘူး"

ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး -

"ငါ့လိုမျိုး အစ်ကိုတစ်ယောက် အာ့ပေါင် သေချာပေါက်ကို တအားလိုချင်နေမှာ"

"မင်းကို ပေးလိုက်ပြီ။ မြန်မြန် ခေါ်သွားလိုက်။ ငါ စိတ်ရှုပ်လို့သေတော့မယ်"

ချိုးယိ၏ခန္ဓာကိုယ်က မဆိုစလောက်လေး နစ်ဝင်သွားပြီး လက်မောင်းများ ဆန့်ထုတ်ကာ ခြေထောက်က ရေထဲတွင် ခပ်ဖွဖွ တစ်ချက် ကန်လိုက်သည်။ ခန္ဓာကိုယ်သည် ရေထဲတွင် အလျင်အမြန်ပင် ရှေ့သို့ တိုးထွက်သွားတော့သည်။

ပျန်းနမ်သည် ရေထဲတွင် မလှုပ်မယှက်ရပ်နေရင်း ချိုးယိတစ်ယောက် ရေထဲတွင် အတော်ဝေး‌ဝေးအထိ ရေကူးထွက်သွားသည်ကို ကြည့်နေပြီးတော့မှ ချိုးယိလုပ်သည့်အတိုင်း သူလည်း ခြေကို တစ်ချက်ကန်လိုက်သည်။

သို့သော် ရွေ့ရင်း အရွေ့ကို သုံးပြီး ကူးထွက်သည်မှာလည်း တစ်မီတာခန့်သာ ထွက်သွားနိုင်သည်။ ရေဆန်၏ အင်အားပြင်းထန်သော အတိုက်အခံအားကြောင့် သူသည် ရပ်သွားရပြီး ထို့နောက်တွင် ရေထဲသို့ နစ်ကျသွားပြန်သည်။

ယခုတစ်ခေါက်တွင်တော့ သူ အတွေ့အကြုံ ရှိသွားပြီ။ အလျင်အမြန်ပင် ခြေထောက်ကို သိမ်းပြီး မြစ်ကြမ်းပြင်ပေါ်တွင် ခြေချလိုက်သည်။ ရေက သိပ်မနက်ပေ။ မည်သို့ဆိုစေ အရပ် ၁၈၆ စင်တီမီတာမြင့်သော သူတစ်ယောက် ဖြစ်နေရာ မတ်တတ်ရပ်လိုက်လျှင် ......

ငါလူး။ မြစ်ကြမ်းပြင်ရော။

ပျန်းနမ်သည် ရေထဲတွင် နစ်မြုပ်နေရင်း စိတ်ထဲတွင် ဆဲရေးလိုက်သည်။ ဘယ်လို စောက်ကျိုးနည်း မြေအနေအထားမို့လို့ မြစ်ကြမ်းပြင်ကို မနင်းမိပြန်တာလဲ။

ရေထဲလမ်းလျှောက်၍ရအောင်ပဲ ကိုယ့်ဘာသာကိုယ် ဖြစ်မြောက်အောင် အရင်သင်ယူလိုက်ရင် သင့်မသင့်ကို ရုန်းကန်ရင်း စဥ်းစားနေရင်းပင် လက်တစ်ဖက်က သူ့မျက်လုံးရှေ့သို့ ရောက်ရှိလာသည်။

ဒီတစ်ခေါက်တော့ နည်းပြရဲ့တုံ့ပြန်မှုက တော်တော်မြန်သားပဲ...။ ပျန်းနမ်က ထိုလက်ကို ကမန်းကတန်း လှမ်းဖမ်းလိုက်ပြီးနောက် ချိုးယိက သူ့အား ရေပေါ် ဆွဲထုတ်လာသည်။

"ငါ့လခွမ်း ခြေတစ်လှမ်းမှာ အောက်ခြေရှိလိုက် နောက်တစ်လှမ်းမှာ ဗလာနင်းမိလိုက်နဲ့ ဘာဥစ္စာကြီးလဲဟ"

ပျန်းနမ်သည် ရေမျက်နှာပြင်ပေါ် ရောက်လာသည်နှင့်တစ်ပြိုင်နက် အော်လိုက်သည်။

"အရင်တုန်းက ဒီမြစ်မှာ သဲတူးဖူးတယ်။ တွင်းတွေ ရှိတယ်"

ချိုးယိက သူ့ကို ဆွဲပြီး နောက်သို့ နည်းနည်း ဆုတ်လိုက်သည်။

ပျန်းနမ် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ချိုးယိက မြစ်ကြမ်းပြင်ကို ဆိုလိုမှန်း သူသိသော်လည်း နားထောင်လိုက်လျှင် အဆဲခံရသလို ခံစားနေရဆဲဖြစ်သည်။ [see T/N - 1]

"ဒါမှမဟုတ် မင်း ဒီအတိုင်းပဲ ကူးလိုက်တော့"

ချိုးယိသည် လက်မောင်းကို ပျန်းနမ်လက်ထဲမှ ဆွဲထုတ်လိုက်ပြီး လက်ချောင်းဖြင့် သူ့မေးစေ့ကို ပင့်ထားလိုက်ကာ -

"အခြေခံလှုပ်ရှားမှုတွေက ငါကြည့်ရတာတော့ မင်းလည်း နားလည်နေတာပဲ"

ချိုးယိ၏အထောက်အပံ့ကို ဆုံးရှုံးသွားသောအခါ ပျန်းနမ်သည် လက်ကို ယက်လိုက် ခြေထောက် ပစ်ကန်လိုက် ဖြစ်သွားပြန်ကာ မေးစေ့ကိုတော့ ချိုးယိက ပင့်ထားပေးထားသောကြောင့် မိမိမှာ ငပေါတစ်ယောက်နှင့်တောင် တူနေသည်ဟု ခံစားလိုက်ရသည်။

"လက်မောင်းနဲ့ခြေထောက်ကို တစ်ချိန်တည်းမှာ မလှုပ်နဲ့။ ရေကို ယက်၊ ခြေထောက်ကို ကန်"

ချိုးယိက ကိုယ်ကို နောက်သို့ တစောင်း ယို့လိုက်ပြီး လက်တစ်ဖက်မှာ သူ့ကို ပင့်ထားကာ ကျန်လက်မောင်းတစ်ဖက်က ရေကို ယက်နေသည်။ ခြေထောက်ကိုတော့ တစ်ခါတစ်ခါတွင် ရေထဲ ဆောင့်ကန်ပြီး သူ့ကို ဦးဆောင်ကာ ရှေ့သို့ ဆက်ကူးနေရင်း -

"မင်းခေါင်းကိုပဲ တစ်ချိန်လုံးစဥ်းစားမနေနဲ့။ မင်းရေမမွန်းဖို့ ငါ အာမခံတယ်"

"ငါ နှစ်ခါတောင် မွန်းပြီးပြီ"

ပျန်းနမ်က ခြေထောက်ကို ကြိုးစားပမ်းစား တစ်ချက် ကန်လိုက်ပြီး လက်မောင်းကလည်း နောက်တစ်ချက် ယက်လိုက်သည်။

"လက်မောင်းက ရေထဲ ယက်ရင် အောက်ကို နည်းနည်းနှိမ့်။ ဒါဆို လွယ်လွယ်နဲ့ မနစ်တော့ဘူး"

ချိုးယိ၏ လက်ချောင်းက သူ့မေးစေ့ပေါ်တွင် တစ်ချက် ကုတ်လိုက်ပြီး -

"ဒီလောက် အမြင့်ကြီး မော့ဖို့ မလိုဘူး။ ရေကူးတတ်သွားရင် ခေါင်းမော့ထားဖို့ မလိုတော့ဘူး။ လေ ရှူသွင်းရှူထုတ် လုပ်နေရင် ရပြီ"

"မေးစေ့ မကုတ်နဲ့။ ယားတယ်"

ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်သည်။

ပျန်းနမ် ရေမကြောက်တတ်ပေ။ နှစ်ကြိမ် ရေမွန်းခဲ့ပြီးနောက် ရေမွန်းသည်ကိုလည်း အမှုမထားတော့ပေ။ ထို့ပြင် သူသည် အားကစားကျောင်းသားတစ်ယောက် ဖြစ်နေသေးသည်။ ကိုယ်ခန္ဓာကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်စွမ်းနှင့် ခွန်အားကြံ့ခိုင်မှုကလည်း ကောင်းမွန်သည်။ ချိုးယိက သူ့ကို ခေါ်ပြီး ရေထဲတွင် သုံးလေးကြိမ်ခန့် ခေါက်တုံ့ခေါက်ပြန် ကူးပေးလိုက်ပြီးနောက် ပျန်းနမ်သည် ရေကူးနိုင်နေပြီ။

"ငါ လက်လွှတ်လိုက်မယ်နော်"

ချိုးယိ ပြောသည်။

"အင်း"

ပျန်းနမ်က ခြေကို ကန်လိုက်ပြီး ခန္ဓာကိုယ်က ရှေ့သို့ ဝုန်းကနဲ တိုးသွားရင်း -

"ပိုခက်တဲ့အဆင့်ကို ငါ စိန်ခေါ်လို့ရပြီထင်တယ်"

"ဒီလိုမျိုး"

ချိုးယန့်က သူ့ဘေးနားတွင် ရုတ်တရက် ပေါ်ထွက်လာကာ မျက်နှာကို ရေထဲတွင် မြှုပ်လျက် သူ့ကိုယ်နှင့်အပြိုင် တစ်အောင့်ခန့် ကူးခတ်လိုက်ပြီးနောက်

"ဒီလိုမျိုးဆိုရင် ကူးတာ မြန်တယ်"

"ဟုတ်ပြီ"

ပျန်းနမ်သည် ချိုးယန့်၏ပုံစံအတိုင်း အတုခိုးပြီး ခေါင်းကို ကိုယ်နှင့် တစ်ညီတည်း ထားပြီး သုံးလေးချက်ခန့် စမ်းသပ် ကူးခတ်ကြည့်သည်။ အသက်ရှူသွင်းရှူထုတ်ချိန်တွင် ရေတစ်ငုံ သောက်မိသွား၏။ သူသည် ဆက်လက် ကြိုးစားနေပြီး ဒုတိယအကြိမ် လေရှူသွင်းရှူထုတ်ချိန်တွင် နောက်တစ်ခါ ရေတစ်ငုံ သောက်မိပြန်သည်။

"အိမ်ပြန်ရောက်ရင် ရှဲ့လိထင် နည်းနည်း သောက်လိုက်"

ချိုးယိက သူ့ဘေးတွင် တောက်လျှောက် လိုက်ပါနေသည်။

[T/N: ရှဲ့လိထင် (泻立停) - ဝမ်းလျှောရင် သောက်တဲ့ဆေး]

"ဟေ့ရောင် ပါးစပ်ပိတ်ထား"

ပျန်းနမ်သည် ခြေကို ကန်လိုက် လက်မောင်းဖြင့် ယက်လိုက်နှင့် အလုပ်များနေရာ ချိုးယိနှင့် စကားစစ်ထိုးရန်ပင် ဂရုမစိုက်နိုင်နေပေ။

"စိတ်လျှော့ထား"

ချိုးယိက သူ့ကျောပေါ်တွင် တစ်ချက် ပုတ်လိုက်ပြီး -

"မင်းကိုယ်ကို ရေကိုပဲ ပင့်ထားခိုင်းလိုက်"

ပျန်းနမ်သည် အတော်လေး ဉာဏ်ထက်သည်။ သို့မဟုတ်ပြောရလျှင် အားကစားဘက်အပိုင်းတွင် အတော်လေး ဉာဏ်ထက်သည်။ နာရီဝက် ကြာသွားပြီးနောက် သူ့ကိုယ်သူအပေါ် အကဲဖြတ်ချက်မှာ "ငါ ဘယ်လိုဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ရေနေတွားသွားသတ္တဝါလို ခံစားနေရပါလိမ့်" ဟု ဖြစ်နေသော်ငြား တကယ်တမ်းတော့ သူသည် ရေထဲတွင် ပေါ့ပေါ့ပါးပါးဖြင့် ကူးသွားကူးလာ လုပ်နိုင်နေပြီဖြစ်သည်။ ကူးခတ်နေသည်မှာ ရေစုန်ရော ရေဆန်တွင်ပါ ဝှီးခနဲ ဝှစ်ခနဲပင်။

"ဘယ်လိုနေလဲ"

ပျန်းနမ်က သုံးလေးကြိမ်ခန့် ခေါက်တုံ့ခေါက်ပြန် ကူးခတ်လိုက်ပြီးနောက် ချိုးယိဘေးနားတွင် ရပ်လိုက်သည်။

မြစ်ကြမ်းပြင်ကို နင်းပြီး မတ်တတ်ရပ်ရန် စဥ်းစားနေဆဲတွင်ပင် သူသည် ဗလာနယ်ကို နင်းမိသွားပြန်သည်။ သူသည် လက်ဆန့်ထုတ်ပြီး ချိုးယိပခုံးကို ဖိကာ အားယူလိုက်ရုံသာ တတ်နိုင်သည်။

ချိုးယိလည်း မြစ်ကြမ်းပြင်ထိအောင် နင်းမိထားခြင်းမဟုတ်ဘဲ ရေတွင် ကိုယ်ဖော့ထားခြင်းဖြစ်သည်။ ပျန်းနမ်က ယခုကဲ့သို့ ရုတ်တရက် ဖိလိုက်သောအခါ သူသည် ရုတ်ခြည်းပင် ရေထဲ နစ်ဝင်သွားသည်။

ပျန်းနမ် ကမန်းကတန်း လက်လွှတ်လိုက်သည်။ ချိုးယိက စိတ်ရှုပ်ဒေါသထွက်ပြီး သူ့ကိုပါ ဆွဲချလိုက်မည်ကို ကြောက်၍ဖြစ်သည်။ ဘေးနားတစ်ဖက်သို့ ရေကူးသွားလိုက်ပြီး မတ်တတ်ရပ်ရန်နေရာ တစ်နေရာ ရှာလိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ ချိုးယိ ပြန်ပေါ်လာသည်ကို မတွေ့ရချေ။ သူ လန့်သွားခဲ့ပြီး -

"ချိုးသာ့ပေါင်။ နည်းပြ ချိုး။ ချိုးယိ။ စောက်ကျိုးနည်း မင်း ငါ့ကို လန့်အောင်မလုပ်နဲ့နော် ဟေ့ရောင်"

ကျောနောက်ရှိ ရေအားတစ်ရပ်က သူ့ဆီ ရုတ်တရက် တွန်းဝင်လာသည်။ ရေကူးရာတွင် သူ ဘာပြဿနာမျှ မရှိတော့သော်ငြား ရေထဲ သွက်လက်ကျွမ်းကျင်မှုအဆင့်မှာ တိုးတက်ရန် လိုအပ်နေသေးသည်။ ဤတစ်ချက်ကိုတော့ သူ့ကိုယ်သူ ကောင်းကောင်း သဘောပေါက်ထားသည်။

ထို့ကြောင့် လာနေသူမှာ သေချာပေါက် ချိုးယိဖြစ်မှန်း သူ သိနေသော်ငြား ချိုးယိက ဘယ်နေရာမှ ပေါ်ထွက်လာမည်ကို လုံးဝ မလှည့်ကြည့် မလေ့လာဘဲ တစ်ခါတည်းတန်းပြီး အသက်အောင့်လိုက်သည်။

ချိုးယိသည် သူ့ကျောနောက်ရှိ ရေအောက်ထဲမှ ရေပြင်ပေါ်သို့ ခုန်ထွက်လာပြီး သူ့ကိုယ်ပေါ်ကို လာတိုက်ကာ သူ့အား ရေထဲသို့ ဖိချလိုက်သည်။

ချိုးယိ၏လျှို့ဝှက်အကြံအစည်လေး မအောင်မြင်လိုက်သည်ကို ပျန်းနမ် ကျေနပ်အားရနေဆဲတွင်ပင် မထင်မှတ်ထားဘဲ ချိုးယိလည်း သူနှင့်အတူ လိုက်ပြီး ရေအောက်ထဲသို့ ဒိုင်ဗင်ထိုးဆင်းလာသည်။ ချိုးယိ၏လက်တစ်ဖက်က သူ့ပခုံးကို ကိုင်လျက် အောက်သို့ ဖိချပြီး ကျန်တစ်ဖက်ကမူ သူ့နောက်ကျောဘက်ရှိ ရေကူးဘောင်းဘီကို ဖမ်းကိုင်ကာ ရှေ့သို့ ပြင်းပြင်းထန်ထန် ဆောင့်လွှဲလိုက်သည်။

ချိုးယိက ပျန်းနမ်အား ကစားစရာအရုပ် တစ်ခုကဲ့သို့နှယ် ရေထဲတွင် ရှေ့သို့ ကျွမ်းတစ်ပတ် ထိုးသွားအောင် မြှောက်လှန်လိုက်သည်။

ရေများက ချက်ချင်းပင် နှာခေါင်းထဲသို့ စီးဝင်လာလေ၏။

သူ ရေမွန်းနေရင်း မတ်တတ်ရပ်လိုက်ချိန်တွင် ချိုးယိသည် ရှေ့သို့ မီတာအနည်းငယ်ခန့် ကူးခတ်ထွက်သွားခဲ့ပြီ။

"မင်း ရက်စက်ပါတယ်"

ပျန်းနမ်သည် နှာခေါင်းကို ညှစ်ထားလျက် သူ့အား လက်ညှိုးထိုးထားရင်း -

"ငါလူး။ အကွက်အလှနဲ့ပါ လူတစ်ကိုယ်လုံး ကျွမ်းပြန်သွားတာပဲ"

"နောက်တစ်ခါဆိုရင် ဒီလိုအချိန်မျိုးမှာ အသက်ရှူထုတ်ဖို့ မမေ့နဲ့။ လေကို ရှူထုတ်"

ချိုးယိက ရယ်နေရင်း ဆက်၍ -

"အဲဒါဆို ရေ ဝင်လာလို့ မရတော့ဘူး ......"

"ကိုကို"

ချိုးယန့်က ရုတ်တရက် ရေထဲတွင် ကိုယ်ဖော့ထားရင်း မြစ်ကမ်းဘက်သို့ လက်ညှိုးထိုး ညွှန်ပြသည်။

ပျန်းနမ်နှင့် ချိုးယိတို့ အတူတူ လှည့်ကြည့်လိုက်ရာ မြစ်ကမ်းဘေးတွင် အဘိုးကြီးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဝတ်ပုံစားပုံအရ အနီးအနားရှိ ရွာသား ဖြစ်ပုံရသည်။

"သူ ဘာလုပ်နေတာလဲ။ ရှုခင်းပတ်ကြည့်နေတာလား"

ပျန်းနမ်က မျက်နှာကို သပ်ရင်း မေးလိုက်သည်။ ထိုအဘိုးအိုသည် ထင်းကောက်ထွက်လာဟန်တူသည်။ သို့သော် သူတို့ကို တစ်လျှောက်လုံး စိုက်ကြည့်နေရာ အတော်လေးကို ကသိကအောက် ဖြစ်ရသည်။

ချိုးယိ စကားမဆိုပေ။ တစ်စက္ကန့်ခန့် ကြောင်နေပြီးနောက် ရုတ်ခြည်းပင် မြစ်ကမ်းစပ်ဘက်သို့ ဝုန်းကနဲ ရေကူးထွက်သွားသည်။ ကူးသွားသောအရှိန် အလွန်လျင်မြန်လှ၏။

ချိုးယိကို ဤကဲ့သို့သော အမြန်နှုန်းဖြင့် ကူးနိုင်လိမ့်မည်ဟု ပျန်းနမ် မထင်ထားခဲ့ချေ။ အနည်းငယ် အံ့အားသင့်ရသည်။

သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက် သူသည် အံ့အားသင့်ရန် ဂရုမစိုက်နိုင်တော့ဘဲ ချိုးယိနောက်လိုက်ပြီး မြစ်ကမ်းစပ်ဘက်သို့ အလောတကြီး လိုက်သွားလိုက်သည်။

အဘိုးကြီးမှာ တကယ်ကိုပင် သူ့အိတ်ကို ကောက်ယူပြီး ပြေးထွက်သွားလေသည်။

"မင်းဘိုးအေ"

ပျန်းနမ် အော်လိုက်သည်။ ထိုအိတ်ကို အဘိုးကြီး ယူသွားလျှင်လည်း ယူသွားလိုက်၍ ရသည်။ ကိစ္စမရှိပါ။

ကိစ္စရှိသည်မှာ သူတို့သုံးယောက်၏ အဝတ်အစားများအားလုံးကို ထိုအိတ်ထဲတွင် ထည့်ထားသည်။

ချိုးယိ၏ခြေထောက်မှာ တစ်လကျော် သိပ်မလှုပ်ရှားခဲ့ရသဖြင့် သိပ်ပြီး မသွက်လက်နေချေ။ ခြေထောက်အောက်ရှိ ကျောက်တုံးများကြောင့် ခြေထောက်နာကျင်ရသည်ကိုတောင် ဂရုမစိုက်နိုင်ဘဲ လူးလှိမ့်ရင်း တွားသွားရင်း ကမ်းပေါ်သို့ ရောက်လာသည်။ အဘိုးအိုနောက်ကို ပြေးလိုက်ရင်း လမ်းမပေါ်သို့ ရောက်လာသော်လည်း ထိုအဘိုးအို၏အရိပ်ကို မတွေ့ရတော့ပေ။

တောအုပ်ထဲမှ ချိုးယိ ပြေးထွက်လာချိန်တွင် ပျန်းနမ်သည် လမ်းမဘေးတွင် ရပ်ပြီး ဆဲဆိုကျိန်းမောင်းနေသည်။

"ငါလူး"

သူသည် တကယ်ကိုပင် ဆွံ့အနေကာ -

"သူ့မေလခွမ်း ဒါကြီးက ဘာကြီးလဲ။ အာ့ပေါင်အတွက် ဝယ်ထားပေးတဲ့ သရေစာတွေအားလုံး အဲဒီအထဲမှာ ရှိနေတာ။ စောက်အဝတ်တွေလည်း မရှိတော့ဘူး ......"

ချိုးယိသည် မျက်မှောင်ကြုတ်လျက် ဘေးပတ်ဝန်းကျင်ကို ကြည့်ကြည့်လိုက်ပြီး -

"အဘိုးကြီးက လေ့ကျင့်ဖူးတယ်မလား"

"တော်သေးလို့ ပိုက်ဆံအိတ်ကို မင်း တခြားနေရာမှာ သက်သက်ထားလိုက်တာ။ ငါ့ မှတ်ပုံတင်၊ ဘဏ်ကတ်တွေ၊ ဗြုတ်စဗျင်းတောင်းတွေအကုန် အဲဒီအထဲမှာ"

ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး ချိုးယိကို ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ကာ -

"ဒီကိစ္စ ဖြစ်လာတတ်မှန်း မင်းသိနေတယ်၊ ဟုတ်တယ်မလား"

"ငါ ဒီလိုမျိုး မကြုံဖူးသေးဘူး"

ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး -

"မင်း အဲဒီအိတ်က ...... ရွာသားအဘိုးကြီးက ဘာက ဘာလဲဆိုတာ ဗဟုသုတ တော်တော်ရှိတာပဲ။ ငါ အရင်တုန်းက အာ့ပေါင်ကို ခေါ်လာရင် အမြဲတမ်း ပလတ်စတစ်အိတ်ပဲ ယူလာတာ"

"အခု ဘယ်လိုလုပ်ကြမလဲ။ ငါတို့သုံးယောက် ဒီအတိုင်းကြီး ပြန်ရမလား"

ပျန်းနမ်က ကိုယ်ပေါ်တွင် ဝတ်ထားသော ရေကူးဘောင်းဘီကို ညွှန်ပြလိုက်ပြီး -

"တော်သေးလို့ အဘိုးကြီးက စက်ဘီးတွန်းပြီး ပြေးရင် မလွတ်လောက်ဘူးလို့ ထင်သွားတာဖြစ်မယ်။ မဟုတ်ရင် ငါတို့ လမ်းလျှောက်ပြန်နေရမှာ ဟုတ်တယ်မလား"

ချိုးယိ စကားမပြောဘဲ ပျန်းနမ်ကို ကြည့်နေသည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်ပြန်သည်။ နောက်ဆုံးတော့ ခါးကိုင်းပြီး ခြေထောက်ပေါ် လက်ထောက်ရင်း အူမြူးသွားကာ -

"မင်းက တော်သေးတယ်။ ငါကျတော့ ဒီအရောင်တောက်တောက်ကြီးနဲ့ ...... နှံကောင် ကျနေတာပဲ ......"

ပျန်းနမ် မနေနိုင်တော့ဘဲ ချိုးယိနှင့်လိုက်ပြီး သူလည်း ရယ်လိုက်သည်။

နှစ်ယောက်သားသည် လမ်းမဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်ကာ အတောမသတ်နိုင်အောင် ရယ်နေကြသည်။

ချိုးယန့်လည်း တစ်လမ်းလုံး ဒယိမ်းဒယိုင်ဖြင့် ပြေးလိုက်လာပြီး ဟိုးအဝေးကြီးကတည်းက သူတို့နှစ်ယောက်ဆီ အော်မေးသည်။

"အိတ်ရော --"

"ဟိုအဘိုး ယူသွားပြီ"

ချိုးယိက ရယ်ရင်း ပြောလိုက်သည်။

"ဒါဆို ဘယ်လိုလုပ်မလဲ"

ချိုးယန့်က သူ့ရေကူးဘောင်းဘီကိုသူ ဆွဲလိုက်ရင်း -

"ဝတ်ဖို့ဘောင်းဘီ မရှိတော့ဘူး"

"မင်းက ကလေးပဲကို ဘာစိုးရိမ်စရာ ရှိလို့လဲ"

ပျန်းနမ်သည် ရယ်ချင်နေဆဲပင်။ အပြင်ထွက်လာပြီး ရေလာကူးရာတွင် အင်္ကျီဘောင်းဘီများကိုပါ ဖျောက်စားလိုက်သည်မှာလည်း အလွန်အဖိုးတန်သော အမှတ်တရဟု ယူဆ၍ ရနေပြီ။ သူသည် ချိုးယန့်ဗိုက်ပေါ်တွင် တောက်လိုက်ပြီး -

"ငါနဲ့ မင်းအစ်ကိုကမှ လှမှာ"

ချိုးယိ ရယ်ရင်း မတ်တတ်ရပ်လိုက်ပြီး -

"ခဏလောက် ရေထပ်ကူးကြတာပေါ့။ ဒါပေမဲ့ ခဏနေ ကူးပြီးသွားရင်တော့ စားစရာတော့ မရှိဘူး"

"ဟုတ်"

ချိုးယန့်သည် စိတ်လှုပ်ရှားတက်ကြွနေဆဲ ဖြစ်သောကြောင့် စားစရာ မရှိတော့သည့်အပေါ် သိပ်ပြီး အမှုမထားနေပေ။ ကိုယ်ကိုလှည့်ပြီး မြစ်ကမ်းဘက်သို့ ပြေးထွက်သွားပြန်သည်။

"ငါလည်း ခဏထပ်ကူးဦးမယ်"

ပျန်းနမ်က ကိုယ့်ခြေထောက်ကိုကိုယ် ကြည့်လိုက်သည်။ စောစောက ပြေးလာစဥ်က သတိမထားခဲ့မိချေ။ ကျောက်တုံးများကို ဖိနင်းလာသော သူ့ခြေထောက်မှာ အနည်းငယ် နာကျင်နေ၏။ တော်သေး၍ မပေါက်ပြဲနေချေ။

"တောင်းပန်ပါတယ်ကွာ"

ဘေးနားရှိ ချိုးယိက ပြောလိုက်သည်။

"ဘာကြီး"

ပျန်းနမ် ကြောင်သွားပြီး -

"ဒီကိစ္စက မင်း ဘာတောင်းပန်စရာ ရှိလို့လဲ"

"ရေကူးကန်သွားရင် ပစ္စည်းပျောက်မှာ မဟုတ်ဘူးလေ"

ချိုးယိက ရယ်ရင်း ပြောသည်။

"ရေကူးကန်သွားရင်လည်း ပျော်ဖို့မကောင်းဘူးလေ။ လူအုပ်ထဲမှာဆို ငါ ရေကူးတတ်ဖို့ မသေချာဘူး"

ပျန်းနမ်က ရှေ့ဆက်လျှောက်သည်။

"ငါ မင်းကျောပိုးအိတ်ကိုလည်း မြှုပ်လိုက်ရမှာ ......"

ချိုးယိ ရယ်၍ ပြီးသွားပြီးနောက် စဥ်းစားလေ ပို၍စိတ်မှိုင်းလာလေ ဖြစ်လာကာ မျက်မှောင်ကြုတ်လိုက်သည်။

"ရပါတယ်ကွာ"

ပျန်းနမ်က နောက်လှည့်ပြီး သူ့ကို လှမ်းဆွဲလိုက်ကာ -

"အိတ်လေးတစ်လုံးပဲဟာကို၊ ဘာမှလည်း မဟုတ်နေဘူး။ အဲဒီအဘိုးအို ဝတ်စားထားတာ ဒီလောက် စုတ်နေတာဆိုတော့ အရမ်းဆင်းရဲနေလို့လည်း ဖြစ်နိုင်တာပဲ။ အရေးကြီးတဲ့ပစ္စည်းလည်း မဟုတ်နေတာ။ မင်း ဒီလိုလုပ်နေတာ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်လဲ။ ပျော်ဖို့ ထွက်လာခဲ့တာလေ"

ချိုးယိ အသံမထွက်ချေ။ နှစ်ယောက်သား မြစ်ဘေးသို့ ပြန်ရောက်လာပြီး ချိုးယိက ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချလိုက်ကာ -

"ငါ ခဏနားဦးမယ်"

"ခြေကုန်လက်ပန်းကျပြီလား"

ပျန်းနမ် သူ့ကို ကြည့်နေသည်။

ချိုးယိက ခြေထောက်များကို ပြန့်ပြန့်ရန့်ရန့်ဆန့်ထုတ်လိုက်ပြီး -

"ငါ့စိတ်ထဲ နည်းနည်းလေး ......"

"ငါ့လခွမ်း ထိခိုက်မိပြန်ပြီလား"

ပျန်းနမ်တစ်ယောက် ချက်ချင်း ရင်ထိတ်သွားပြီး ချိုးယိ ခြေထောက်ဘေးနားတွင် တစ်ခါတည်း တန်း၍ ဒူးထောက်ချလိုက်ကာ သူ့ခြေထောက်ကို စိုက်ကြည့်ရင်း -

"ဒါမှမဟုတ် လုံးဝကို မကောင်းသေးတာလား"

"မင်း ......"

ချိုးယိသည် ဒူးခေါင်းတွင် လက်မောင်းထောက်လိုက်ပြီး ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။

ချိုးယိ၏ မထိန်းချုပ်နိုင်သောအပြုံးကို မြင်ပြီး‌နောက် ပျန်းနမ်သည် ကိုယ့်ပုံစံကိုကိုယ် တစ်ချက် ပြန်ကြည့်လိုက်သည်။ တကယ့်ကိုပင် တော်တော်ကိုင်းရှိုင်းရိုသေနေသည်။ ဦးတိုက်ကန်တော့ရန်သာ လိုအပ်တော့သည်။

"မင်း ဒါကြီးက မဟုတ်သေးဘူးလေ"

ပျန်းနမ်သည် မြစ်ကမ်းပေါ်တွင် ထိုင်ချလိုက်ပြီး -

"ငါက မင်းကို စိတ်ပူလို့ကို"

"ဘာမှမဖြစ်ဘူး"

ချိုးယိက ခြေသလုံးကို စမ်းလိုက်ပြီး -

"နည်းနည်း ကိုက်လာလို့။ မလှုပ်ရှားဖြစ်တာ ကြာသွားလို့နဲ့တူတယ်"

"ဒါဆို ဒါ ပုံမှန်ပဲ"

ပျန်းနမ်က ချိုးယိ၏ခြေထောက်ကို လက်ညှိုးထိုးလိုက်ပြီး -

"မင်း မမြင်ဘူးလား၊ ဒီကောင်တွေ နှစ်ကောင်စလုံး ဘေးဘက်တွေ တုတ်လာပြီလေ"

"ဟမ်း ..."

ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ကိုယ်ကို နောက်သို့ တဖြည်းဖြည်း လှန်ချကာ မြစ်ကမ်းပေါ် လှဲလိုက်လျက် -

"ငါ နေပူဆာလှုံဦးမယ်၊ ကယ်ဆီယမ်ဓာတ် ဖြည့်စွက်ဖို့"

ပျန်းနမ် သူ့ကို အဖက်မလုပ်ဘဲ ခုန်ပေါက်ပြီး မြစ်ထဲ ပြေးဆင်းသွားသည်။ ချိုးယန့်တစ်ယောက် ရေထဲတွင် တဖျပ်ဖျပ်ခုန်ကာ ကူးခတ်ဆော့ကစားနေဆဲ ဖြစ်သည်။ သူ ရေကူးသွားလိုက်ပြီး ချိုးယန့်နှင့်အတူ ရေထဲ ထိုးဆင်းကာ ကျောက်ရှာနေသည်။

"ဒိုင်ဗင်ထိုးချတဲ့အချိန်မှာ လေနည်းနည်း ရှူထုတ်ရတယ်"

ချိုးယန့်က သူ့အား နည်းလမ်း ညွှန်ပြနေပြီး -

"မဟုတ်ရင် ရေပေါ် ပေါလောတက်လာမှာ။ ပြီးရင် အားသုံးပြီး ရေအောက်ထဲ ကူးသွားရင် ရပြီ"

ချိုးယန့် နည်းပြအဖြစ် လုပ်နေသည်မှာ ချိုးယိထက် ပို၍ တက်ကြွဖျတ်လတ်သည်။ သို့သော် အတော်လေး စကားများပြီး လေရှည်လှသည်။ တစ်ခု တော်သေးမှာ ပျန်းနမ်သည် အတွေ့အကြုံအချို့ ရှိနေပြီဖြစ်၍ အလွန်လျင်မြန်စွာပင် သူနှင့်အတူ လိုက်ပြီး မြစ်ကြမ်းပြင်အထိ ငုံ့ဆင်းနိုင်သွားသည်။

သို့သော် ချိုးယန့်သည် အလွန်အားပြည့်တက်ကြွလှသည်။ သို့မဟုတ် ပြောရလျှင် ရေဆော့ရသည်ကို အလွန်နှစ်သက်လှသည်။ ပျန်းနမ်သည် သူနှင့်အဖော်လုပ် ကစားနေပြီး ဘယ်လောက်မျှ မကြာသေးမီတွင် မောပန်းလာသည်။ သူသည် ချိုးယန့်ရှာတွေ့ထားသော ကျောက် သုံးလေးတုံးကို လက်ထဲ ကိုင်ထားပြီး -

"အာ့ပေါင် မင်း မမောဘူးလား"

"မမောဘူး"

ချိုးယန့်က ကိုယ်ကို လှန်ပြီး ရေပေါ် လှဲလိုက်ကာ -

"ဒီမှာကြည့် သား ဒီလို ကိုယ်ဖော့နေလို့ရတယ်"

"မင်း တကယ် ‌ဆော့နိုင်လွန်းတယ်"

ချိုးယန့်ကို မိမိအား လက်ဆောင် ပေးလိုက်မယ်ဟု ချိုးယိ အဘယ့်ကြောင့်ပြောမှန်း ပျန်းနမ် သိသွားသည်။ ကိုယ်ပေါ်တွင် မရပ်မနားလည်ပတ်နေသော စက်ပစ္စည်းတစ်ခုကို ကျောပိုးထားသည်နှင့် တကယ့်ကို တူလွန်းသည်။ သူသည် ချိုးယန့်နှာခေါင်းကို သပ်လိုက်ပြီး -

"ငါ ကမ်းပေါ်တက်ပြီး ခဏ သွားနားတော့မယ်။ မင်း ကျောက်တွေကို ငါ ယူသွား‌ပေးလိုက်မယ်"

"အင်း"

ချိုးယန့်သည် မျက်လုံးမှိတ်ထားလျက် ရေမျက်နှာပြင်ပေါ် ကိုယ်ဖော့နေရင်း ပြန်ဖြေလိုက်သည်။

ပျန်းနမ်သည် ကျောက်ခဲအစုတ် သုံးလေးလုံးကို ပိုက်လျက် ကမ်းစပ်သို့ ပြန်လာပြီး ကျောက်တုံးများကို မြေပေါ် ပစ်ချလိုက်သည်။

ချိုးယိသည် လက်မောင်းကို ခေါင်းအုံးလျက် မျက်လုံးမှိတ်ပြီး နေပူဆာလှုံနေကာ မျက်လုံးများ ခပ်ဟဟလေး ပွင့်လာပြီး -

"မကူးတော့ဘူးလား"

"ခဏ နားမလို့"

ပျန်းနမ်က သူ့ဘေးနားတွင် ထိုင်ချလိုက်ပြီး -

"မင်းခြေထောက် အဆင်ပြေတယ်မလား"

"အင်း။ အခု ဘာမှမဖြစ်တော့ဘူး"

ချိုးယိက ခြေတစ်ဖက်ကို ကွေးပြီး လှုပ်ရှားလိုက်သည်။

"တုတ်နဲ့ တစ်ချက်ရိုက်လိုက်တာ ဒီလိုမျိုးဖြစ်လာမယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး"

ပျန်းနမ် တစ်အောင့်ထိုင်လိုက်ပြီးနောက် သူလည်း လှဲချလိုက်ကာ -

"ဒီလိုဖြစ်မယ်မှန်းသာ စောစောသိရင် နှစ်ချက်လောက်ပဲ ကန်ထည့်လိုက်တာကမှ ဟုတ်ဦးမယ်"

"အဲဒါဆို မင်း အစောကြီးကတည်းက ကိစ္စတုံးနေပြီ"

ချိုးယိ ပြောသည်။

"ဒါဆို မင်းပြောချင်တဲ့သဘောက မင်း အခု ခြေထောက်ပြန်ကောင်းသွားပြီဆိုတော့ ငါလည်း ကိစ္စတုံးဖို့ ပြင်ဆင်ထားသင့်ပြီပေါ့ ဟုတ်လား"

ပျန်းနမ် ကိုယ်ကို တွန့်လိမ်လိုက်သည်။ ကျောအောက်တွင် ကျောက်တုံးကြီးတစ်တုံး ခံနေ၍ ပက်လက်လှန် ခါးချိုးချနေရသကဲ့သို့ပင် အနေရခက်လှသည်။ သူ ညာဘက်သို့ ရွှေ့လိုက်သည်။ ညာဘက်တွင် ပိုကြီးသော ကျောက်တုံးက သူ့တင်ပါးအောက်တွင် ခံနေသည်။ သူသည် ချိုးယိရှိရာ ဘေးနားသို့ တိုး‌ရွှေ့ရုံသာ တတ်နိုင်သည်။

ချိုးယိနှင့် ကပ်လျက်ဖြစ်သည်အထိ တိုးကပ်သွားတော့မှ မဆိုစလောက်လေး ပြန့်ပြူးသောနေရာ ရှာတွေ့တော့သည်။

"မင်း မပူဘူးလား"

ချိုးယိက ခေါင်းစောင်းပြီး သူ့ကို ကြည့်သည်။

"ဒီဘက်မှာ နေရာမရှိတော့ဘူး"

ပျန်းနမ်လည်း သူ့အား ခေါင်းစောင်း ကြည့်လိုက်ပြီး -

"အပြန့်ဆုံးနေရာမှာ မင်း နေရာယူထားလို့ ငါ နည်းနည်းလေး လာမျှသုံးတာလေ မရလို့လား"

"မင်း နေ နည်းနည်း ထပ်အလောင်ခံလိုက်ရင် ကျောက်မီးသွေးအပုံထဲမှာ သူလျှို သွားလုပ်လို့ရပြီ"

ချိုးယိသည် ကျောက်ခဲတစ်ခဲယူပြီး သူ့ခေါင်းအောက်တွင် ထားကာ ခေါင်းအုံးလိုက်သည်။

"မင်း စောက်ရေးမပါတာ ထပ်ပြောနေရင် မယုံမရှိနဲ့ ငါ မင်းကို ထိုးမှာ။ ဒုက္ခိတ ငကျိုး"

ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီးနောက် သူလည်း ကျောက်ခဲတစ်ခဲ ယူလိုက်ပြီး သူ့ခေါင်းအောက်တွင်သူ ထိုးသိပ်ထည့်လိုက်သည်။

"မြန်မြန်လာလေ။ ငါ အရေပြား ယားနေပြီ"

ချိုးယိလည်း ကျွတ်ခနဲ စုတ်သပ်သည်။

ပျန်းနမ် အူမြူးသွားသည်။ တစ်ခဏခန့် ရယ်နေလိုက်ပြီးမှ အနည်းငယ် တုံ့ဆိုင်းစွာ ပြောလာသည်။

"ဒါနဲ့ မင်း ဟိုကိစ္စ သိပြီးပြီမလား"

"ဘာကိစ္စလဲ"

ချိုးယိ လက်ကို ထောင်မြှောက်လိုက်ပြီး နေ‌ကို မျက်နှာမူလိုက်သည်။ နေရောင်ခြည်အလင်းရောင်က လက်ချောင်း အဟကြားကို ဖြတ်ပြီး သူ့မျက်နှာပေါ် ဖြာကျလာသည်။

"ရှန်းထောင်းတို့ကို စောက်တုံး-ဖန်း ချောင်ပိတ်တဲ့ကိစ္စ"

ပျန်းနမ် ပြောသည်။

"အင်း"

ချိုးယိက လက်ကို ပျန်းနမ်ရှေ့ ထားလိုက်ပြီး လက်သီး ဆုပ်လိုက်သည်။ လက်ညှိုးဖြင့် လက်မကို ချိတ်လိုက်ပြီးနောက် လက်မကို အပေါ်အောက် လှုပ်ရှားလိုက်သည်။ ကြည့်လိုက်လျှင် ပါးစပ်ကဲ့သို့ပင် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေလျက် -

"သိပါပြီ"

"ငါလူး"

ပျန်းနမ်သည် မြက်တစ်ပင် ဆွဲနုတ်လာပြီး "ပါးစပ်" ထဲသို့ ထည့်လိုက်ကာ -

"မင်း တကယ် ကလေးကလားဆန်တယ်"

ချိုးယိသည် လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး မြက်ကို "စား" လိုက်ကာ အခြားတစ်ဖက်မှ လှိမ့်ထုတ်လာပြန်ပြီး -

"စအိုလမ်းကြောင်း ဖြောင့်တယ်။ စားပြီးတာနဲ့ ပါ ......"

"ဟေ့"

ပျန်းနမ်က သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး -

"မင်းကို ငါ စကား အတည်ပြောနေတာဟ။ မင်း သတိထားပြီး နေဦး။ ဒီတစ်ခေါက် ဖန်းယိဖုန်း ခေါ်လာတာက အပြင်က လူတွေ။ အရင်ကနဲ့ လက်ရည်မတူတော့ဘူး"

"သိပါပြီ"

ချိုးယိက လက်ချလိုက်ပြီး တဖြည်းဖြည်းနှင့် ထထိုင်လိုက်ကာ မြေကြီးပေါ် လက်ထောက်ထားလျက် သူ့အား ကြည့်ရင်း -

"မင်းကိုယ်မင်းပဲ အရင်ဂရုစိုက်"

"ဘာအဓိပ္ပာယ်လဲ"

ပျန်းနမ်က မျက်လုံးမှေးစင်းပြီး သူ့အား ကြည့်နေသည်။ ချိုးယိက အလင်းရောင်ကို ကျောပေးထားကာ မျက်နှာပေါ်တွင် နေရောင်ခြည်၏ ခပ်ဖျော့ဖျော့ရွှေရောင်တစ်လွှာ လွှမ်းနေသည်။

"ငါ သူ့ကို ရှင်းပြီးရင် မင်းအလှည့် ရောက်ပြီ"

ချိုးယိ ရယ်လိုက်သည်။

***

(ဆက်ရန်)

T/N:

[1] ချိုင့်/တွင်း (坑) ဆိုတာ တရုတ်ဘာသာမှာ 'လိမ်ညာလှည့်ဖျားသည်/ အလိမ်အညာ'လို့ လည်း အဓိပ္ပာယ်ရှိပါတယ်။ ချိုးယိက ချိုင့်ရှိတယ် (有坑) လို့ သဘောရိုးနဲ့ ပြောလိုက်ပေမဲ့ အလိမ်အညာရှိတယ်လို့ ပြောသလိုလည်း ဖြစ်နေတော့ ပျန်းနမ်က အဆဲခံရသလို ခံစားရတာပါ။

Disclaimer: ရေကူးတာနဲ့ပတ်သက်ပြီး မြန်မာလို အသုံးအနှုန်း လွဲချော်နေတာရှိရင် သာသာပြန်သူရဲ့ အသုံးမကျမှုသာ ဖြစ်ပါတယ်။

Continue Reading

You'll Also Like

4.1K 394 8
ကိုယ်တွေ MC နဲ့ MLတို့ဟာ formula 1 ကားမောင်း‌ပြိုင်သမား နှစ်ဦးဖြစ်ပြီး gongလေးက လိုက်ပြီးပိုးပန်းမည့်အကြောင်းအဖြာဖြာပေါ့နော်😭✋ ဒါနဲ့ ထူးခြားတာက Gong...
182K 4.2K 24
Isabel is perfectly happy with her life in Chicago. But when a fateful business trip leads her to New York, she discovers just how happy she can real...
138K 4.1K 88
What if Damon hadn't met Elena the night of her parents' death? What if along the way he ran into someone else? What if he fell in love with someone...
36.9K 892 23
Allie Bazor is considered one of the it girls at Tree Hill High School, along with her two best friends, Brooke Davis and Peyton Swayer. When a new f...