Chapter ● 23 ●
ချိုးယိက ဖက်ထုပ်ရွက် တစ်ရွက် လှမ်းယူလိုက်ပြီး လက်ဖဝါးထဲ ထည့်လိုက်သည်။ ထို့နောက် တူဖြင့် အဆာညပ်ထည့်လိုက်ပြီးနောက် ကျွမ်းကျွမ်းကျင်ကျင်ဖြင့် နှစ်ချက် ဖိညှစ်လိုက်သည်။ အစမှအဆုံးအထိ နှစ်စက္ကန့်သုံးစက္ကန့်အတွင်း ဖောင်းဖောင်းကစ်ကစ် ဖက်ထုပ်တစ်ခုကို စားပွဲပေါ် တင်လိုက်တော့သည်။
"ပြောင်းစမ်း"
ချိုးယိက တစ်ခွန်းပြောလိုက်သည်။ ထို့နောက် ဖက်ထုပ်ရွက်တစ်ရွက် ထပ်ယူလိုက်ပြန်ကာ စောစောကနှင့် ထပ်တူပင် နှစ်စက္ကန့်သုံးစက္ကန့်အတွင်း ဖက်ထုပ်တစ်ခုက စားပွဲပေါ် ရောက်လာပြန်သည်။
"ပြောင်းစမ်း"
ဝမ့်ဖေးမှာ လက်ထဲတွင် ဖက်ထုပ်ရွက်တစ်ရွက် ကိုင်ထားလျက် ငေးကြောင်နေကာ ဖက်ထုပ်ထုပ်ရန်ကိုပင် အာရုံမစိုက်နိုင်ခဲ့ပေ။ ပျန်းနမ်ကမူ ချိုးယိ၏လက်ကို အလျဥ်မပြတ် စိုက်ကြည့်နေခဲ့သည်။ ချိုးယိ၏လက်ချောင်းများမှာ အတော်ရှည်သွယ်၏။ ဖက်ထုပ်ထုပ်နေသည့် လှုပ်ရှားမှုက အတော်လေး လှလှပပရှိလှသည်။ သူ အတန်ကြာအောင် ကြည့်လိုက်ပြီးတော့မှ ပြောလာသည်။
"ဟေ့ရောင် မင်း ဖက်ထုပ်ရောင်းဖူးတယ်မလား"
"အင်း။ တကယ်တော့ ဖိညှစ်ပြီး ပိတ်လိုက်တာနဲ့ ရပြီ။ ငါ ဒါလုပ်နေတာက အမြင်လှဖို့အတွက်"
ချိုးယိက ပြန်ဖြေလိုက်ပြီး လက်ထဲရှိ ထုပ်ပြီးသား ဖက်ထုပ်ကို စားပွဲပေါ် ခပ်ပြေပြေလေး ပစ်တင်လိုက်ရင်း -
"ပြောင်းစမ်း"
"ပြောင်းမနေပါနဲ့တော့ ......"
ချိုးယိတစ်ယောက် အတော်လေး ရင့်ကျက်လှသည်ဟု ပျန်းနမ်အမြဲတမ်းတွေးထင်နေခဲ့သည်။ ပုံမှန်အားဖြင့် မည်သူ့ကိုမဆို အနည်းငယ် လေးနက်တည်ကြည်စွာ ဆက်ဆံပြုမူလေ့ရှိသည်။ ချိုးယန့်ကို သွန်သင်ဆုံးမသည့်အချိန်မျိုးတွင် ပျန်းနမ်တောင် အတူတကွ လိုက်ပြီး စိတ်တင်းကျပ်ထိတ်လန့်ရသည်။ ယခုတွင် ဤကဲ့သို့ ပြောင်းစမ်း ပြောင်းစမ်း ပြောင်းစမ်း တစ်သီတစ်တန်းတို့ကြောင့် ချိုးယိလည်း ထူးမခြားနားသာဖြစ်သည်ဟု ရုတ်ခြည်း တွေးတောခံစားရတော့သည်။ အတော်လေး ကလေးကလားနိုင်သော လူတစ်ယောက်ပင်။ သူသည် ဖက်ထုပ်များကို တစ်ခုချင်းစီ သပ်သပ်ရပ်ရပ်စီလိုက်ပြီး -
"မင်း တကယ်ကြီးကို ဖက်ထုပ်ရောင်းဖူးတာလား"
"မင်း ငါတို့အိမ်ကနေ ထွက်သွားရင် လမ်းပေါ်မှာ အနောက်မြောက်ပိုင်းက အဆာသွပ်ကြီးကြီးနဲ့ ဖက်ထုပ်ဆိုင်တစ်ဆိုင်ရှိတာကို တွေ့မိလား"
ချိုးယိက မေးလိုက်ရင်း ဖက်ထုပ်ကို ခပ်သွက်သွက် ဆက်ထုပ်နေသည်။
"ငါ တွေ့ခဲ့တယ်"
ဝမ့်ဖေးက ပြောရင်း ဖက်ထုပ် ဆက်ထုပ်နေကာ -
"လမ်းထိပ်က ဆိုင်ကို ပြောတာမလား"
"အင်း"
ချိုးယိက ခေါင်းညိတ်လိုက်ရင်း -
"ငါ အဲဒီမှာ အလုပ်လုပ်ဖူးတယ်။ ဖက်ထုပ်ထုပ်တာ"
"မင်းက တကယ်ကိုပဲ ......"
ပျန်းနမ်မှာ ဘာပြောရမှန်း မသိတော့ဘဲ ခေါင်းငုံ့ကာ ကချော်ကချွတ်ဖြင့် ဖက်ထုပ် ထုပ်နေရင်း -
"မိုက်တယ်"
ချိုးယိ၏အမြန်နှုန်း ရှိလာသောအခါ ဖက်ထုပ်ရွက်များမှာ အလွန်လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။ ဆက်လက်၍ ချိုးယိက ကျန်ရှိနေသေးသော ဂျုံလုံးများကိုလည်း ဆက်လှိမ့်လိုက်ပြန်သည်။ သူတို့တစ်သိုက် ဖက်ထုပ်အားလုံးကို ထုပ်လိုက်ပြီးနောက်တွင် ဖက်ထုပ်အဆာများ အနည်းငယ် ကျန်ရှိနေသေးသည်။
ချိုးယိက ပျန်းနမ်အား မီးဖိုချောင်တွင် ပြောင်းမှုန့်အနည်းငယ် သွားယူခိုင်းပြီး အဆာထဲတွင် ထည့်နယ်လိုက်ပြီးနောက် အသားလုံးများအဖြစ် လုံးလိုက်သည်။
"ရပြီ။ ဖက်ထုပ် သွားပြုတ်ကြတော့"
ချိုးယိက လက်ဝါးနှစ်ဖက်ကို ပုတ်လိုက်ရင်း ဆက်၍ -
"ဒါတွေက ခဏနေရင် ဟင်းချိုလုပ်မယ်"
"ရေဆူပြီ"
ချိုးယန့်မှာ မီးဖိုချောင်ထဲတွင်နေလျက် ရေဆူရန် စောင့်နေရာ ရေဆူလာသည်နှင့်တစ်ပြိုင်နက် ခြံထဲ ချက်ချင်းပြေးထွက်လာပြီး စိတ်လှုပ်ရှားစွာ အော်ပြောလာသည်။
"လာပြီ လာပြီ"
ပျန်းနမ် ထခုန်လိုက်ပြီး စားပွဲမျက်နှာပြင်ကို တစ်ခါတည်း ဖြုတ်ယူပြီး မီးဖိုချောင်ထဲသို့ ယူသွားသည်။
ဖက်ထုပ်ပြုတ်ခြင်းအမှုမှာ အတော်ကလေးတော့ လွယ်ကူသည်။ ဖက်ထုပ်ပြုတ်လျှင် မည်သို့ပြုတ်ရမည်ကို ပျန်းနမ် ယခင်က ရှာဖတ်ဖူးသည်။ နံနက်စာအဖြစ် ချန်ထားမည့် ဖက်ထုပ်တစ်ဝက်ကို ဖယ်ချန်လိုက်ပြီးနောက် ယနေ့ လုပ်ခဲ့သည့် ဖက်ထုပ်အားလုံးကို ပြုတ်လိုက်သည်။ ကြည့်လိုက်လျှင် အနည်းငယ် များပြားနေပြီး စား၍မကုန်နိုင်သလို ခံစားရသည်။
"ကိုကိုက ပြောတယ်။ ဘိုးဘိုးဘွားဘွားတွေကို နည်းနည်းသွားပေးမယ်တဲ့"
ဘေးနားတစ်ဖက်တွင် ရပ်နေသည့် ချိုးယန့်က ပြောသည်။
"ဟုတ်ပြီ"
ပျန်းနမ်က ဖက်ထုပ်ကို နှစ်ပန်းကန်လုံးစာ ခပ်ထည့်လိုက်ပြီးနောက် -
"ငါ သယ်သွားပေးမယ်။ မင်းက လမ်းပြပေး"
ချိုးယန့်က သူ့ကို ဦးဆောင်လျက် ဝင်းခြံကို ဖြတ်သန်းပြီး အိမ်နီးချင်းအဘိုးအဘွားများ၏အိမ်ရှိရာဆီ ခေါ်သွားသည်။ ဝမ့်ဖေးနှင့်ချိုးယိတို့မှာ စားပွဲမျက်နှာပြင်မရှိတော့သော စားပွဲခြေထောက်များကို မျက်နှာမူလျက် စပျစ်စင်အောက်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
"ဟိုလေ ......"
ဝမ့်ဖေးက ပျန်းနမ်ကို တစ်ချက်ချောင်းကြည့်လိုက်ပြီး စကားစလိုက်ပြီးနောက် ရပ်သွားပြန်သည်။
သူ့ကို ကြည့်ရသည်မှာ ရှိုးတိုးရှန့်တန့်ဖြစ်နေသည့်ဟန်။ လူမရှိခိုက် ချိုးယိအား တောင်းပန်စကားပြောလိုခြင်း ဖြစ်ပုံရသည်။ ပျန်းနမ်က သူ့အား ပြုံးဖြဲဖြဲလုပ်ပြလိုက်ပြီးနောက် ဖက်ထုပ်ကို လက်နှစ်ဖက်နှင့်သယ်လျက် ထွက်ခွာသွားသည်။
ဝမ့်ဖေးမှာ ရွှီရွေအတွက်ဖြင့် တကယ်ကိုပင် အကုန် စွန့်လွှတ်ပုံအောထည့်လိုက်သည်။ ဤလူသည် မျက်နှာအရေထူသူတစ်ယောက် ဖြစ်သည်။ သို့သော် တစ်ပါးသူအား ဦးညွှတ်ခေါင်းငုံ့ကာ အညံ့ခံရသည့်ကိစ္စမျိုးတွင်မူ မျက်နှာအရေကတော့ အလွန်တရာကို ပါးလျှပ်နေပြန်သည်။
ပျန်းနမ်က ခပ်ဖွဖွတစ်ချက် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး စိတ်ထဲတွင်တော့ အနည်းငယ် ထိရှသွားသည်။
ချစ်ခြင်းမေတ္တာအတွက်...။ အားပါးပါး...
သူသည် တကယ်ကိုပင် စိတ်ကူးကြည့်၍ မရနိုင်နေပါ။ ချစ်ခြင်းမေတ္တာဟူသည့်အရာကို စဥ်းစားမိသည်နှင့် စိတ်ထိန်းချုပ်နိုင်စွမ်းငှာ မတတ်နိုင်ဘဲ သူ့အဖေနှင့်အမေကို စဥ်းစားမိလာတတ်သည်။ ထို့နောက် ဘာမျှမတတ်နိုင်ရှာဘဲ ကူကယ်ရာမဲ့သော အန်တီလင်ကို...။
ပြီးနောက် မိမိသည် "အချစ်စစ်" ဟု ခေါ်ဆိုသောအရာနှင့် "အားပါးပါး ချစ်ခြင်းမေတ္တာ" တို့အောက်မှ ဖြစ်တည်လာသော မလိုလားအပ်သည့် အပိုရလဒ်တစ်ခု ဖြစ်သည်။ ခွေးချေးအချစ်စစ် ဟူသည့်အရာကြောင့် မွေးရာပါအပြစ်ကို ပခုံးထမ်းထားရသည့် လူတစ်ယောက်။
"ဘွားဘွား"
ချိုးယန့်က ကိုယ်ကိုလှည့်လာပြီး ပျန်းနမ်လက်ထဲမှ ပန်းကန်လုံးကို လှမ်းယူလိုက်ပြီးနောက် အိမ်နီးချင်း၏အိမ်ထဲသို့ ဝင်သွားသည်။
ပျန်းနမ်တစ်ယောက် သပွတ်အူကဲ့သို့ ပွေလီနေသော အတွေးစကို ရုပ်သိမ်းလိုက်ပြီး ချိုးယန့်ကို အဖော်ပြုကာ ဖက်ထုပ်ပြုတ်များကို လိုက်ပို့လိုက်သည်။
ဝမ့်ဖေးမှာ စားပွဲကို ပြန်လည်တပ်ဆင်လိုက်ပြီဖြစ်ကာ ဖက်ထုပ်ကိုလည်း ယူထုတ်လာပြီး စားပွဲပေါ် တင်ထားလိုက်ပြီဖြစ်သည်။ ကြည့်ရသည့်ပုံအရ တောင်းပန်ခြင်းအမှု ပြီးဆုံးသွားပုံရသည်။
"အဖေ့ကို သွားနှိုးလိုက်"
ချိုးယိက ချိုးယန့်ကို ပုတ်လိုက်ပြီးနောက် မတ်တတ်ရပ်လိုက်ကာ ထိုင်ခုံတစ်လုံး ဆွဲယူပြီး ထိုင်ချလိုက်သည်။
"ငါ သွားကူတွဲပေးလိုက်မယ်"
ပျန်းနမ်က ဝှီးချဲတွန်းဝင်သွားသော ချိုးယန့်ကိုကြည့်ရင်း နောက်မှလိုက်ပြီး ဝင်သွားဟန် ပြင်သည်။
"မလိုဘူး"
ချိုးယိက သူ့အား ဆွဲလိုက်ပြီး -
"သူ လုပ်နိုင်တယ်။ ပုံမှန်ဆိုလည်း သူ့ဘာသာသူပဲ လုပ်တာ"
မူလက ချိုးယိသည် သူ့လက်မောင်းကို ဆွဲလိုက်ခြင်းဖြစ်သည်။ သို့သော် ပျန်းနမ်က လက်ကို မြှောက်လိုက်သောကြောင့် ချိုးယိမှာ သူ့လက်ကို ဆွဲမိသွားသည်။
ပျန်းနမ်တစ်ယောက် ကြောင်သွားတော့သည်။ ဤအပြုအမူမှာ မူကြိုကလေးလေးများ တစ်ယောက်ကိုတစ်ယောက် လက်တွဲထားကြသော သူငယ်ချင်းကောင်း ပုံစံနှင့် တူနေပြီး အလွန်တရာကို ပေါကြောင်ကြောင်နိုင်လှသည်။ ချိုးယိလည်း ထိုကဲ့သို့ ခံစားရပုံပေါ်သည်။ နှစ်ယောက်သားတို့သည် တစ်ချိန်တည်းမှာပင် လက်များကို ခါထုတ်လိုက်ကြသည်။
"ခြေထောက် တင်မယ်မလား"
မေးရင်း ပျန်းနမ်သည် ခွေးခြေတစ်လုံးကို ခြေထောက်နှင့် ချိတ်ယူလိုက်ပြီး စားပွဲအောက်သို့ ကန်သွင်းလိုက်သည်။
"အင်း"
ချိုးယိက စားပွဲအောက်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
"ဖော်ရှန်း (佛山) ကန်ချက်"
ပျန်းနမ် အော်လိုက်ပြီးနောက် ချိုးယိခြေထောက်ပေါ်သို့ ကန်ထည့်သည့်ဟန် လုပ်လိုက်သည်။ ထို့နောက် ဖိနပ်ထိပ်ဖြင့် ချိုးယိ၏ကျောက်ပတ်တီးခြေထောက်ကို မ,လျက် ခွေးခြေခုံပေါ် ရွှေ့တင်ပေးလိုက်သည်။
ချိုးယိတို့အဖေ လမ်းမလျှောက်နိုင်ကြောင်းကို ဝမ့်ဖေး ယခင်က ကြားဖူးသည်။ သို့သော် ချိုးယိတို့အဖေ ဝှီးချဲပေါ်ထိုင်လျက် အိမ်ခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ အနည်းငယ်တော့ အံ့သြမိနေဆဲပင်။ ကမန်းကတန်း ထရပ်လိုက်ပြီး ဦးညွှတ် နှုတ်ဆက်လိုက်ရင်း -
"ဦးလေး မင်္ဂလာပါ။ ကျွန်တော့်နာမည် ဝမ့်ဖေးလို့ ခေါ်ပါတယ်။ ကျွန်တော်က သာ့ ...... ပျန်း ...... သာ့ဟူကျစ်ရဲ့ အတန်းဖော်ပါ"
"ထိုင်တော့ ထိုင်တော့။ ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ"
ချိုးဖေဖေက ပြုံးရင်း ပြောလိုက်ကာ ဆက်၍ -
"မင်းတို့တွေ အကြာကြီး အလုပ်ရှုပ်ခဲ့ပြီးပြီဆိုတော့ မြန်မြန်စားကြ"
"အဆာသွပ်က ကိုကိုဝမ့်ဖေး လုပ်ထားပေးတာ"
ချိုးယန့်က သူ့အဖေပန်းကန်လုံးထဲသို့ ဖက်ထုပ်များ တစ်ခုပြီးတစ်ခု ညပ်ထည့်ပေးရင်း -
"ဒီ ပြားနေတဲ့ဟာက သူ ထုပ်ထားတာ။ ဒီ အတွန့်နှစ်ခုပဲ ပါတဲ့ဟာကျတော့ သာ့ဟူကျစ် ထုပ်ထားတာ ......"
"ငါထုပ်တဲ့ဟာတွေက အတွန့်နှစ်ခုပဲ မကပါဘူး"
ပျန်းနမ်က ဖက်ထုပ်တစ်ခု ညပ်ကာ ရှာလကာရည်ထဲ တို့ပြီး တစ်ကိုက်ကိုက်လိုက်ရင်း -
"ဟား ... ဇိမ်ပဲ"
ဖက်ထုပ်လုပ်ခြင်းဟူသည် ပျန်းနမ်အတွက် အလွန်တရာ အလှမ်းဝေးသော ကိစ္စတစ်ရပ်ဖြစ်သည်။ ဖက်ထုပ်လုပ်ခြင်းနှင့် အခြားသောဟင်းလျာများ ချက်ပြုတ်ခြင်းတို့တွင် ဘာကွာခြားချက်များ ရှိနေသည်ကို ယခင်က သူ မသိခဲ့ချေ။ သို့သော် ယခု စဥ်းစားကြည့်တော့မှ ဤကဲ့သို့ လူအများနှင့်အတူ ဖက်ထုပ်လုပ်ခြင်းအတွေ့အကြုံကို သူ တစ်ခါမျှ မကြုံတွေ့ဖူးခဲ့သောကြောင့် ဖြစ်လိမ့်မည်ထင်သည်။
ဖက်ထုပ်စားခြင်းမှာ အဆွယ်အပွားကိစ္စဖြစ်ပြီး ဖက်ထုပ်လုပ်ခြင်းလုပ်ငန်းစဥ်ကမှသာ ပျော်ရွှင်ဝမ်းသာဖွယ် ဖြစ်သည်။
ဘယ်သူနှင့် အတူတကွလုပ်ဆောင်သည် ဆိုသည့်အချက်အပေါ် မူတည်သေးသည်မှာလည်း ဧကန်ပင်။ အကယ်၍ သူ့အား အိမ်တွင် ပျန်းဟောက်၊ ပျန်းရှင်းယွီတို့နှင့်အတူ ဖက်ထုပ်လုပ်ခိုင်းမည်ဆိုပါက ထိုသည်မှာ ပြစ်ဒဏ် ကျခံရခြင်းဖြစ်ပြီး ရက်စက်ပြင်းထန်သော ညှင်းပန်းမှုအပြစ်ဒဏ် ဖြစ်သေးသည်။
"အရက်လေး ဘာလေး နည်းနည်းပါးပါးသောက်ကြရအောင်လေ"
ချိုးဖေဖေက ပျန်းနမ်အား ရုတ်တရက်ပြောလိုက်ရင်း ဆက်၍ -
"ရေခဲသေတ္တာထဲမှာ ဘီယာတွေရှိတယ်။ ဦးလေးတို့ နည်းနည်းပါးပါး သောက်ကြမလား"
"ရသားပဲ"
ဝမ့်ဖေးက ချက်ချင်းပင် တက်တက်ကြွကြွတုံ့ပြန်လာခဲ့ပြီး -
"ဖက်ထုပ်စားရင်း အရက်သောက်။ သောက်လေ ပျော်ဖို့ကောင်းလေပဲ"
"ကျွန်တော်ကတော့ စကားပဲ ဝိုင်းပြောပေးမယ်လေ"
ပျန်းနမ် မတ်တတ်ရပ်လိုက်ပြီး အိမ်ထဲဝင်ကာ ဘီယာသွားယူပေးရန် ပြင်ဆင်လိုက်ရင်း -
"ကျွန်တော့်ရေချိန်က တစ်ပုလင်းပဲ ......"
"ရေခဲသေတ္တာထဲမှာ ကိုလာ ရှိတယ်။ အာ့ပေါင်လည်း အတူတူသောက်လိုက်"
ချိုးယိက ဝင်ပြောသည်။
"သား သွားယူပေးမယ်။ သား သွားယူပေးမယ်"
ထိုစကားကြားသည်နှင့် ချိုးယန့်မှာ ထိုင်ရာမှ ခုန်ထလိုက်ပြီး အိမ်ထဲ ပြေးဝင်သွားကာ အိမ်တွင်းထဲမှ အော်လာပြန်သည်။
"ဘီယာ ဘယ်နှပုလင်းယူမလဲ"
"တစ်ယောက်ကို တစ်ပုလင်း။ သောက်လို့ကုန်တော့မှ ထပ်ယူမယ်"
ချိုးယိက ပြောသည်။
"ဟုတ်"
ချိုးယန့်က ရေခဲသေတ္တာထဲမှ ကိုလာ ယူလိုက်ပြီး ပိုက်ထားရင်း ခေါင်းပြူထုတ်လာကာ စားပွဲဘေးနားရှိလူများကို ရေတွက်သည်။
"တစ် နှစ် ......"
"သုံး"
ပျန်းနမ်က သူ့အား လက်ချောင်းသုံးချောင်း ဆန့်ထုတ်ပြလိုက်ပြီး -
"အရင်ဆုံး သုံးပုလင်းယူခဲ့"
"လူလေးယောက်လေ"
ချိုးယန့်က ခေါင်းကို တိမ်းလာပြီး ဆက်ရေသည်။
"မင်းအစ်ကို သောက်လို့မရဘူး"
ပျန်းနမ် ခေါင်းလှည့်ပြီး ချိုးယိအား ပြုံးဖြီးပြီး ရယ်ပြရင်း -
"ဟုတ်တယ်မလား။ အရိုးကျိုးသွားပြီး အရက်သောက်ရင် ပြန်ကောင်းဖို့ကို အနှောင့်အယှက်ဖြစ်သွားမယ်"
ချိုးယိက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -
"တစ်ပုလင်းတည်းသောက်ရင် ဘာမှ မဖြစ်လောက် ......"
"မရဘူး"
ချိုးယန့်က ယခုတစ်ကြိမ် ဆွေးနွေးချက်ကို ပြင်းထန်လေးနက်စွာ အဆုံးသတ်ပေးလိုက်သည်။ ထို့နောက် ဘီယာသုံးပုလင်းကို ပိုက်လျက် ပြန်လှည့်ပြေးလာပြီး စားပွဲပေါ် ချပေးလိုက်ရင်း -
"ကိုကို့ကို ကိုလာတစ်ခွက် ပေးသောက်မယ်"
အမှန်အားဖြင့် ဤစားပွဲတွင် တကယ်တမ်း သောက်နိုင်သူမှာ ဝမ့်ဖေးတစ်ယောက်သာ ရှိသည်။ ပျန်းနမ်၏အတိုင်းအတာမှာ တစ်ပုလင်းတည်းဖြစ်ပြီး ချိုးဖေဖေက ကျန်းမာရေး မကောင်းသူဖြစ်သောကြောင့် ဘီယာကို အရက်ဖြူသောက်သကဲ့သို့ နည်းနည်းချင်းစီ စုပ်သောက်နေရသည်။ ချိုးယန့်အတွက် ဝေစုမရှိသောကြောင့် ချိုးယန့်၏အရက်သောက်နိုင်သောပမာဏကို သူ မသိချေ။
ဘီယာကို အဖြစ်လောက်သာ သောက်မည်ဟု ဆိုသော်ငြား ဤဖက်ထုပ်ညစာတစ်နပ်ကို ရယ်သံမောသံများဖြင့် ရွှင်မြူးစွာ စားဖြစ်ခဲ့၍ အခြေအနေလေထုမှာ အတော်လေးကို သာယာနေကာ လူကို စိတ်ပေါ့ပါးသက်သာစေသည်။
နွေဝင်ခါစ ညချမ်းလေးတွင် ဟူထုန့်လမ်းသွယ်၊ စစ်ဟယ်ယွမ့် လေးထောင့်ခြံဝင်း၊ စပျစ်စင်အောက်မှ နွေးထွေးဝါကျင်သော မီးအလင်းရောင်၊ ခြေထောက်တွင် တစ်ခါတစ်ခါ လာလာကိုက်နေသော ခြင်၊ ဖက်ထုပ်၊ ဘီယာ၊ မရပ်မနား စကားပြောနေသည့် အာ့ပေါင်၊ စကား သိပ်မပြောဘဲ ဘေးနားတွင် တောက်လျှောက် ရယ်မောနေသော ဖေဖေချိုး၊ အရက်ကလေး သောက်လိုက်သည်နှင့် ရဲစွမ်းသတ္တိရှိလာပြီး ဟိတ်ဟန်များလာသော ဝမ့်ဖေး၊ ထို့ပြင် ...... ကြည့်လိုက်လျှင် မျက်လုံးထဲတွင် မြင်ပြင်းကတ်စရာမဟုတ်တော့ဘဲ နှစ်လိုဖွယ်ဖြစ်လာနေပြီဖြစ်သော ချိုးယိ။
ပျန်းနမ်သည် ဝါးထိုင်ခုံပေါ် မှီထိုင်ပြီး ဘီယာပုလင်းကိုင်ကာ တစ်ငုံ သောက်လိုက်သည်။ အတော်လေး စိတ်အေးချမ်းရသည်။
အရက်ဝ ဗိုက်ပြည့်သွားပြီးနောက် ပျန်းနမ်သည် မီးဖိုထဲဝင်ပြီး တစ်ပတ်ပတ်လိုက်ရင်း ဖက်ထုပ်များ ကျန်သေးသည်ကို တွေ့သော် -
"ငါတို့ရဲ့ တိုက်ပွဲအင်အားကလည်း မဟန်ပါ့လား"
"ငါ ဗိုက်အရမ်းတင်းနေပြီ"
ဝမ့်ဖေးက ဗိုက်ကိုဖိရင်း အော်ပြောသည်။
ပျန်းနမ်က ဗိုက်ကို ပွတ်သပ်လိုက်ရင်း မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် ခြေထောက်က ယိုင်တိယိုင်တိုင်ဖြစ်သွားခဲ့သေးကာ -
"တကယ်လို့ ငါ ဘီယာသာ မသောက်လိုက်ရင် နောက်ထပ် အခုနှစ်ဆယ် ထပ်စားနိုင်သေးတယ်"
"မင်း ဒါကိုလည်း ဘီယာသောက်တယ်လို့ ခေါ်သေးတယ်လား"
ဝမ့်ဖေးက သူ့ကို ကြည့်ရင်း အတော်ကြာသည်အထိ တဟီးဟီးရယ်လိုက်ပြီးနောက် ချိုးယိကို လှည့်ကြည့်လိုက်ကာ -
"ဘရို၊ မင်းခြေထောက် ကောင်းသွားရင် ငါတို့ တစ်ခါလောက် အားရပါးရသောက်ကြမယ်လေ။ မင်းကို ကြည့်လိုက်တာနဲ့ သောက်နိုင်မှန်း သိသာတယ်။ တိုက်ပွဲလူမျိုးစုဆိုတော့ သေချာပေါက် သောက်နိုင်မှာ"
"အင်း"
ချိုးယိက ခေါင်းညိတ်လိုက်သည်။ သူနှင့်ချိုးယန့်တို့နှစ်ယောက်သား ကိုလာဘူးကြီးတစ်ဘူးကို တစ်ယောက်တစ်ဝက် ခွဲဝေသောက်လိုက်ကြသောကြောင့် ယခုတွင် ဗိုက်ထဲ၌ ဂက်စ်များနှင့်သာ ပြည့်နေသည်။
"ငါသောက်လိုက်တာ ဘီယာမဟုတ်ရင် ဘာလဲ။ ပြောစမ်း။ ဘာကြီးလဲ"
ပျန်းနမ်က ဝမ့်ဖေးအား လက်ညှိုးထိုးရင်း ပြောသည်။
"နမ်ကော ငါတို့တွေ ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲလို့ရမလား။ ဘီယာတစ်ပုလင်းတည်းနဲ့ မင်း မူးပြီး လာရစ်နေတာ ......"
ဝမ့်ဖေးက ပြောရင်း ဖုန်းကြည့်လိုက်ပြီးနောက် -
"အချိန် မစောတော့ဘူး။ မြန်မြန်သွက်သွက် ကူသိမ်းပေးပြီး ကျောင်းပြန်ရအောင်"
"အိုကေ"
ပျန်းနမ်က စားပွဲပေါ်ရှိ ပန်းကန်လုံးများကို အတူတကွစုစည်းလိုက်ပြီး ရေကန်ဆီ ယူသွားလိုက်သည်။ ကိုယ်ကို ပြန်လှည့်လာချိန်တွင် ထိုင်ခုံတစ်လုံးကို လဲကျသွားအောင် တိုက်မိသွားပြီး ထိုင်ခုံကိုလည်း ထိန်းမကိုင်ဖြစ်ခဲ့ပေ။
"သာ့ဟူကျစ်ရဲ့ အရက်ခံနိုင်ရည်က အဆင်မပြေဘူးပဲ"
ဖေဖေချိုးက ပျန်းနမ်ကို ကြည့်ကာ ရယ်လိုက်ရင်း -
"မင်းတို့တွေ မလုပ်ကြနဲ့တော့။ ကျောင်းပြန်ပြီး နားလိုက်။ အာ့ပေါင်ကို သိမ်းခိုင်းလိုက်ရင် ရပြီ"
"အင်း"
ချိုးယန့်က စားပွဲပေါ်မှ ပန်းကန်ပြားများကို ချက်ချင်း စတင်သိမ်းဆည်းလိုက်ရင်း -
"သား အရက်မသောက်ထားဘူး"
"ဦးလေး စိတ်မပူပါနဲ့တော့။ ကျွန်တော် ကိစ္စမရှိဘူးရယ်"
ဝမ့်ဖေးလည်း အိမ်တွင် အိမ်မှုကိစ္စ မလုပ်သည့်သူတစ်ယောက် ဖြစ်သော်ငြား အနည်းဆုံးတော့ လောလောဆယ်တွင် ကြည်ကြည်လင်လင် နိုးကြားနေဆဲပင်။ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီး ရေကန်နား ယူသွားကာ ပျန်းနမ်ကို တွန်းထုတ်လိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ပြီး ပန်းကန်များကို စတင်ဆေးကြောတော့သည်။
ဝမ့်ဖေး၏ပန်းကန်ဆေးသည့်အရည်အချင်းမှာလည်း ချိုးယန့်နှင့် ထူးမခြားနားပင်။ ရေ အကုန်များသည်။ ပန်းကန်အနည်းငယ်ကို ဆေးကြောပြီး၍ မီးဖိုချောင်ထဲ သွားထားလိုက်ပြီးချိန်တွင် ထိုဘက်မှ ချိုးယန့်လည်း ဖေဖေချိုးကို အိမ်ခန်းထဲ တွန်းသွင်းလိုက်ပြီဖြစ်ကာ အင်္ကျီယူပြီး ရေချိုးရန် ပြင်ဆင်နေပြီဖြစ်၏။
"သာ့ဟူကျစ်"
ပျန်းနမ် မီးဖိုချောင်ထဲမှ ထွက်လာသည်ကိုမြင်သည်နှင့် ချိုးယန့်မှာ ချက်ချင်းပြေးလာပြီး သူ့နား ကပ်လာကာ -
"ကျောင်းကို ပြန်တော့မှာလားဟင်"
"အင်း"
ပျန်းနမ် ခေါင်းညိတ်သည်။ ထိုသို့ ခေါင်းညိတ်လိုက်သောကြောင့် မျက်စိရှေ့မှောက်တွင် အနည်းငယ် ယိမ်းထိုးလှုပ်ယမ်းသွားပြီး -
"ငါ မနက်ဖြန် လာခဲ့မယ်။ နည်းနည်း စောစော လာခဲ့လို့ရတယ်။ မနက်ဖြန်ညနေပိုင်းမှာ ငါတို့ စာမေးပွဲဖြေရမယ်။ စာမေးပွဲဖြေပြီးရင် လေ့ကျင့်ရေးမရှိဘူး"
"ဪ ......"
ချိုးယန့်က အသံကို ဆွဲငင်ပြီး ပြောလိုက်ပြီးနောက် မလှုပ်မယှက်ငြိမ်သက်စွာ သူ့နားတွင် ကပ်နေသည်။
"ရေသွားချိုး။ အချိန်ဆွဲပြီး စိမ်မနေနဲ့တော့"
ပျန်းနမ် သူ့ကို တွန်းလိုက်သည်။
"ဟုတ်ကဲ့ပါ"
ချိုးယန့်သည် အဝတ်အစားကိုပိုက်လျက် မီးဖိုချောင်ဘေးနားကပ်လျက်ရှိ ရေချိုးခန်းထဲ ဝင်သွားသည်။ ဝင်သွားပြီး များမကြာမီတွင် ပြန်ထွက်လာပြန်ပြီး -
"သာ့ဟူကျစ်"
"အင်း"
ပျန်းနမ် သူ့ကို လှည့်ကြည့်လိုက်သည်။ ခေါင်းက မူးနောက်နောက် ဖြစ်သွားပြန်သည်။
"သားတို့ မနက်ဖြန်ကျရင် အများသုံးရေချိုးခန်း သွားရအောင်လေ"
ချိုးယန့်က ပြောသည်။
"...... ဟုတ်ပြီ။ မင်း ချိုးစရာရှိတာ သွားချိုးတော့။ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် စကားများနေရတာလဲ"
ပျန်းနမ်က ပြုံးရင်းပြောသည်။
ချိုးယန့်က တံခါးပိတ်ပြီး ရေချိုးလိုက်သည်။ ပျန်းနမ်က ချိုးယိကို ကြည့်လိုက်ရင်း -
"ပြန်တော့မယ်။ ဘာတွေ ကူညီပေးဖို့လိုလဲ အခုပြောနော်။ အိမ်သာတက်ဖို့တို့၊ ခုတင်ပေါ် တက်ဖို့တို့၊ ပစ္စည်းယူဖို့တို့"
"မရှိတော့ဘူး"
ချိုးယိက စပျစ်စင်အောက်တွင် ထိုင်နေလျက် ပြုံးလိုက်ရင်း -
"ဒီနေ့ ...... ကျေးဇူးပါပဲ"
"အဲဒီလောက် အားနာဖို့ မလိုဘူး"
ပျန်းနမ်က ဝမ့်ဖေးအား လက်ညှိုးညွှန်ပြလိုက်ရင်း -
"သူကျွမ်းကျင်တဲ့အလုပ်ပဲ"
"ကိစ္စရှိရင် ခင်ဗျား ကျွန်တော့်ကို ရှာလို့ရပါတယ်"
ဝမ့်ဖေးက အလိုက်သင့် ပူးပေါင်းဆောင်ရွက်မှုရှိရှိဖြင့် ခါးထောက်လျက် ဆိုလိုက်သည်။
"ကြေးစား အကြွေးတောင်းပေးတယ်။ ဖုန်းနံပါတ်က 139 ကြက်ခြေခတ် ကြက်ခြေခတ် ကြက်ခြေခတ် ကြက်ခြေခတ် ကြက်ခြေခတ် ကြက်ခြေခတ်။ ဖုန်းဆက်လိုက်တာနဲ့ လက်မောင်းကို ရှင်းထုတ်မလား ခြေထောက်ကို ဖြတ်ထုတ်မလား အရှင့်ရဲ့ ရွေးချယ်မှုပါ"
ပျန်းနမ်က ဝမ့်ဖေးလက်မောင်းကို ပုတ်လိုက်ပြီး အပြင်ဘက်သို့ လှည့်ထွက်သွားသည်။ လမ်းလျှောက်ထွက်သွားရင်း ပါးစပ်ကလည်း မရပ်နားသေးဘဲ -
"ဆယ်နှစ်တာ ဂုဏ်သရေသိက္ခာနဲ့ ကြီးသူကိုရော ငယ်သူကိုပါ တန်းတူဆက်ဆံပြီး မလှည့်စားဘူး။ ဖုန်းတစ်ကောဆက်ရုံနဲ့ သင့်ရဲ့နောက်ဆံတင်းစရာပူပန်မှုတွေကို သင့်အစား ဖြေရှင်းပေးပါတယ် ......"
.
"ကိုကို"
ချိုးယန့်က ရေချိုးခန်းထဲတွင် ရေချိုးနေရင်း -
"သာ့ဟူကျစ် ပြန်သွားပြီလား"
"အင်း ပြန်သွားပြီ"
ချိုးယိက ပြန်ဖြေသည်။ လက်မောင်းဆန့်ထုတ်ပြီး ဘေးနားမှကျောက်တုံးပေါ်ရှိ ရေနွေးကရားကို လှမ်းယူလိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။ နှစ်ချက်ခန့် ငှဲ့ထည့်လိုက်သော် ရေနွေးကရားထဲတွင် ရေကုန်နေကြောင်း သိလိုက်ရသည်။
"သူ သားကို ပြန်တော့မယ်ဆိုပြီး နှုတ်မဆက်ရသေးဘူးလေ"
ချိုးယန့်မှာ အဝတ်များတောင် အကုန်အစင် ချွတ်ချပြီးသွားသော်လည်း ရေချိုးခန်းတံခါးကို ဆွဲဖွင့်လာပြန်ပြီး အတော်လေး ထိုင်းမှိုင်းစွာ မတ်တတ်ရပ်နေသည်။
"သူ ယန်းကဲအကတောင် ကပြီး လိမ်ဖည်လိမ်ဖည်နဲ့ လမ်းလျှောက်ထွက်သွားတာ။ ဒါတွေကို ဘယ်လိုလုပ် သတိရနိုင်မှာလဲ"
ချိုးယိက သူ့ကို လက်ညှိုးထိုးပြီး -
"ရေမြန်မြန်သွားချိုး"
[T/N: ယန်းကဲအက (秧歌) ဆိုတာ နာမည်ကျော်ကြားတဲ့ တရုတ်ရိုးရာ ကျေးလက်အကတစ်မျိုးပါ။]
"ဟုတ်ပါပြီ"
ချိုးယန့် စဥ်းစားလိုက်ပြီး တံခါးကို ပိတ်လိုက်ရင်း -
"သူ့အရက်ခံနိုင်ရည်က တကယ်ဆိုးတယ်"
"အင်း"
ချိုးယိက ပြုံးလိုက်သည်။
"ဒါပေမဲ့ သား ဒီနေ့ အရမ်းပျော်တယ်။ အိမ်ထဲမှာ လူများတော့ ပျော်ဖို့ကောင်းတယ်"
ချိုးယန့်က ပြောနေရင်း အသံကိုမြှင့်ကာ စတင်သီဆိုတော့သည်။
"ကျွန်တော်တို့ သာမန်ပြည်သူတွေ ဒီနေ့ညမှာ ပျော်တယ် သိပ်ပျော်တယ် ... ဟို့ ... ကျွန်တော်တို့ သာမန်ပြည်သူတွေ ဒီနေ့ညမှာ ပျော်တယ် သိပ်ပျော်တယ် ... ဟေး ... ကျွန်တော်တို့ သာမန်ပြည်သူတွေ ဒီနေ့ညမှာ ပျော်တယ် သိပ်ပျော်တယ် ... ဟို့ ..."
"ဟမ်း ......"
ချိုးယိက သံရှည်ဆွဲကာ သက်ပြင်းမောတစ်ချက် မှုတ်ထုတ်လိုက်ရင်း ခေါင်းကို မော့ပြီး ထိုင်ခုံနောက်မှီတွင် မှီလိုက်ကာ -
"မင်း ဒီကီးကြောင်တာကြီးက ဘယ်သူ့ဆီကနေ အမွေဆက်ခံလာတာလဲ"
"အဖေက ပြောတယ်။ သား သီချင်းဆိုရင် သူနဲ့ တူတယ်တဲ့"
ချိုးယန့်က ရေချိုးခန်းထဲမှ အလွန်စိတ်တက်ကြွလှုပ်ရှားလှစွာ အော်ပြောသည်။
"အဖေကတော့ တကယ်ကိုပဲ မင်းကို တော်တော်ချစ်တာပဲ။ ဒီကိစ္စလည်း သူ့ခေါင်းပေါ်ကို ပုံချတာဆိုတော့"
ချိုးယိမှာ မီးလုံးကိုကြည့်ရင်း အတော်ကြာအောင် ရယ်နေလိုက်သည်။
တကယ်တော့ ယနေ့တွင် သူ့စိတ်အစဥ်မှာလည်း အတော်လေးကို ကောင်းမွန်ကြည်လင်နေသည်။ အနည်းဆုံးတော့ စောစောပိုင်းက ဦးလေး-(၂) နှင့် ဦးကြီးတို့ ပြဿနာလာရှာ၍ ဖြစ်လာသော စိတ်ဆင်းရဲမှုပင် များစွာ ကွယ်ပျောက်သွားရသည်။
သူ့တွင် သူငယ်ချင်း များများစားစား မရှိပါ။ ရှန်းထောင်းနှင့် အနည်းငယ်ရင်းနှီးသောအတန်းဖော်အချို့မှလွဲလျှင် အခြားလူများမှာ သူ တမင်တကာပင် ခပ်တန်းတန်း ဆက်ဆံလေ့ရှိသည်။ သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်းဟူသည် အချိန်လိုအပ်သည်။ သူသည် ရန်ဖြစ်ရိုက်ပုတ်ပြီး စိတ်ဒဏ်ဖြေရန်အတွက်တောင် အချိန်မရှိလုနီးပါးဖြစ်နေသူ ဖြစ်ရာ သူငယ်ချင်းနှင့်အတူ အချိန်ဖြုန်းလည်ပတ်ရန် ဘယ်လိုလုပ်ပြီး အချိန်ရှိနိုင်မည်နည်း။
အနည်းငယ်မျှသော သူငယ်ချင်းများထဲတွင် ပျန်းနမ်နှင့်ဝမ့်ဖေးတို့ကဲ့သို့သော ပင်ကိုယ်စရိုက်သဘာဝရှိသူမှာ အရင်းခံအားဖြင့် တစ်ယောက်မျှ မရှိနေချေ။
ပျန်းနမ်နှင့် တဖြည်းဖြည်းချင်း ထိတွေ့ဆက်ဆံဖြစ်သော နေ့ရက်များ များပြားလာသည်နှင့်အမျှ ပျန်းနမ်အပေါ် မိမိ၏ ကနဦး အကဲဖြတ်ပိုင်းခြားချက်မှာ အနည်းငယ်မှားယွင်းနေလောက်မှန်း ချိုးယိ သိလာရသည်။
ရိုးအပြီး ဦးနှောက်အကြံအစည်ကင်းမဲ့ခြင်းကမှသာ အဓိကကျသော တမူထူးခြားသည့်ကြန်အင်လက္ခဏာဖြစ်သည်။
သူသည် ခေါင်းမော့ထားရင်း ထိုင်ခုံကို ဖြည်းဖြည်းနှေးနှေး လွှဲယမ်းနေသည်။ ပျန်းနမ်မှာ ဤကဲ့သို့သော လူတစ်ယောက်ဖြစ်မှန်း ယခင်က သူ တကယ်ကို မထင်ခဲ့ပေ။
ခြံတံခါးဆီမှ အသံတစ်သံ မြည်လာသည်။ ယခုကဲ့သို့သောအချိန်မျိုးတွင် သူတို့ခြံထဲသို့ လာရောက်သည့်သူ မရှိတတ်တော့ချေ။ မည်သူမည်ဝါဖြစ်ကြောင်း လှည့်ကြည့်လိုက်ချိန်တွင် မျက်နှာတစ်ခုက သူ့ကိုယ်၏နောက်ဘက် အပေါ်စီးမှနေ၍ ပေါ်ထွက်လာသည်။
ပျန်းနမ် ဖြစ်၏။
"ပစ္စည်းကျန်ခဲ့လို့လား"
ချိုးယိက ခေါင်းမော့ထားပြီး မလှုပ်မယှက် ငြိမ်သက်နေသည်။
"မင်း ညလယ်စာ စားမလား"
ပျန်းနမ်က သူ့ကို ငုံ့ကြည့်နေရင်း လက်ပင့်လိုက်ကာ ဖရဲသီးတစ်လုံးကို ချိုးယိမျက်စိရှေ့ သယ်ထုတ်ပြလာပြီး -
"ဖရဲသီး"
"ဟေ့"
ချိုးယိသည် အလျင်အမြန်ပင် ခေါင်းကို တိမ်းလိုက်သည်။ ပျန်းနမ်မှာ အနှီဘီယာတစ်ပုလင်းကို သောက်လိုက်ပြီးချိန်မှစပြီး တောက်လျှောက်ပင် မတည်ငြိမ်သော အနေအထားတစ်ရပ်တွင် တည်ရှိနေခဲ့သည်။ ချိုးယိမှာ ပျန်းနမ် လက်တုန်သွားသည်နှင့် ထိုဖရဲသီးကြီး သူ့မျက်နှာပေါ် ပြုတ်ကျလာမည်ကို စိုးရိမ်ပြီး -
"ဖယ်လိုက်စမ်းပါ"
ပျန်းနမ်က ဖရဲသီးကို စားပွဲပေါ် တင်လိုက်ပြီး -
"ငါ အကြီးဆုံးအလုံးကို ရွေးလာတာ"
"ဝမ့်ဖေးရော"
ချိုးယိက မေးရင်း ခြံတံခါးဘက်ဆီ လှမ်းကြည့်သည်။ လူ မရှိနေချေ။
"ကျောင်းကို ပြန်သွားပြီ။ မဟုတ်ဘူး။ အင်တာနက်ဆိုင် ပြန်သွားပြီ"
ပျန်းနမ်သည် ချိုးယိဘေးနားရှိ ထိုင်ခုံပေါ် ဝင်ထိုင်လိုက်ပြီး -
"မင်း ကိစ္စရှိလို့လား"
ချိုးယိ သူ့ကို ကြည့်နေရင်း သူသည် ပြန်တော့မည့်အကြောင်း ချိုးယန့်အား နှုတ်မဆက်ရသေးသည်ကို သတိရသွားခြင်းများလားဟု စဥ်းစားနေမိသည်။
ပျန်းနမ်က ဘေးနားရှိ ရေနွေးကရားကို လှမ်းယူကာ ကြည့်လိုက်ပြီး -
"မင်းမှာ ဒီလိုမျိုး အဘိုးကြီးအကျင့်လည်း ရှိသေးတာလား။ ရေနွေးကြမ်းသောက်တယ်ပေါ့"
ချိုးယိ စကားမဆိုပေ။
ပျန်းနမ်လည်း သူ့ကို အရေးမလုပ်ပေ။ ရေနွေးကရားကို ယူပြီး အိမ်ခန်းထဲဝင်ကာ နောက်ထပ်ရေနွေးတစ်ကရား ထပ်နှပ်လိုက်ပြီးနောက် ပြန်သယ်ထုတ်လာကာ စားပွဲပေါ် တင်လိုက်သည်။
"တကယ်လို့ မင်း ရေနွေးကြမ်းသောက်ရတာ ကြိုက်တယ်ဆိုရင် ငါ အိမ်ပြန်လို့ရှိရင် ငါ့အဖေရဲ့ အကောင်းစား လက်ဖက်ခြောက်တွေ မင်းအတွက် ယူလာပေးမယ် ...... ဒါပေမဲ့ စောင့်တော့ စောင့်ရမယ်ရယ်။ ဘယ်လောက်ကြာမှ အိမ်ကို တစ်ခေါက်ပြန်ဖြစ်မလဲဆိုတာ မသေချာဘူး"
"လာရင်းကိစ္စကို ပြော"
ချိုးယိက လက်ဆန့်ထုတ်ပြီး ဖရဲသီးပေါ်ကို ခေါက်ကြည့်ကာ -
"မင်းက အာ့ပေါင်နဲ့တွေ့ဖို့လား ဒါမှမဟုတ် ငါ့ကို တွေ့ဖို့လား။ အာ့ပေါင်က ရေချိုးခန်းထဲမှာ ဂီတဖျော်ဖြေရေးပွဲ လုပ်နေတယ်"
"ငါ ဘာကိစ္စမှ မရှိဘူး"
ပျန်းနမ်က ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး -
"ငါက ဒီမှာ ခဏလောက်နေပြီး အမူးပြေအောင် စောင့်ချင်လို့"
"ဒါဆို ငါ့ကို ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေး။ ကျေးဇူး"
ချိုးယိက သက်ပြင်းမောတစ်ချက် မှုတ်ထုတ်သည်။
"အင်း"
ပျန်းနမ်က ရေခွက်ယူပြီး သူ့အတွက် လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးသည်။
"တစ်ညနေခင်းလုံး ကိုလာသောက်ခဲ့တာ တော်တော်အရသာတွေ့နေမှာပေါ့ ဟုတ်လား"
"မဆိုးပါဘူး"
ချိုးယိ ပြုံးလိုက်ရင်း ဆက်၍ -
"မင်း ဘီယာတစ်ပုလင်းသောက်ပြီး အရသာတွေ့နေတာလား"
ပျန်းနမ်က တဟေးဟေးအသံထွက်အောင် တစ်အောင့်ခန့် ရယ်နေလိုက်ပြီးမှ -
"မင်းနဲ့တော့ မယှဥ်နိုင်ဘူး။ မျိုးရိုးဗီဇတွေလည်း ရှိသေးတာ။ အရက်သောက်တာတင် မကဘူး၊ ညနေခင်းတုန်းက သခင်ကြီးလို မင်း ဒီမှာ ထိုင်လိုက်တာနဲ့ကိုပဲ ကြည့် ......"
ချိုးယိက ပျန်းနမ်ကို တစ်ချက်ကြည့်လိုက်သည်။ ပျန်းနမ်က သူ့ဘေးသို့ တိုးကပ်လိုက်ရင်း အသံကို နှိမ့်ကာ -
"ငါ ဒီကိစ္စကို မေးလို့ရှိရင် သင့်တော်လား မသင့်တော်လား ငါ မသိဘူး။ ဒါပေမဲ့ ပက်ပင်းကြုံရဖို့ ဖြစ်လာတော့ ငါတို့နှစ်ယောက်လည်း သူငယ်ချင်းလို့ ပြောလို့ရ ...... ပြောလို့ရလား။ ငါတို့ နှစ်ယောက်လေ။ ငါ့အမြင်ကတော့ မြင်ပြင်းမကတ်နေရင် သူငယ်ချင်းလို့ ခေါ်လို့ရပြီ ......"
"ခေါ်လို့ရပါတယ်လေ"
ချိုးယန့်က ရေခွက်ကို ယူပြီး လက်ဖက်ရည်ကြမ်း တစ်ငုံ သောက်လိုက်သည်။
"မင်းတို့မိသားစုရဲ့ ဒီအမျိုးတွေက ဘယ်လိုဖြစ်ကြတာလဲဆိုတာ ငါ များများစားစား မမေးတော့ဘူး"
ပျန်းနမ်မှာ အနည်းငယ် တွေဝေသွားပြီးနောက် ဆက်၍ -
"ငါ မေးချင်တာက မင်း သူများကို ပိုက်ဆံဘယ်လောက်တောင် အကြွေးတင်နေတာလဲ"
ချိုးယိ၏မျက်ခုံးများ ပင့်တက်သွားပြီး သူ့ကို ကြည့်လျက် တိတ်ဆိတ်နေသည်။
"ငါ အဲဒီသဘောနဲ့ ပြောတာမဟုတ်ဘူး ......"
ပျန်းနမ်က သူ့ မျက်ခုံးများကို လက်ညှိုးထိုးလိုက်ပြီး -
"ဒီနေရာကို မလှုပ်နဲ့"
"ဒါဆို မင်းပြော"
ချိုးယိက မဟန်နိုင်စွာ ရယ်လိုက်သည်။
"ငါပြောချင်တဲ့သဘောက တကယ်လို့ မင်းမှာ လိုနေတာ သိပ်မများရင် ငါ့မှာ နည်းနည်းပါးပါးရှိတယ်။ မင်း ငါ့မှာ အကြွေးတင်နေရင် ငါ ဒီလိုမျိုးကြီး အိမ်ကိုလာပြီး အကြွေးလာမတောင်းမှာတော့ အသေအချာပဲ။ အာ့ပေါင်တောင် လန့်ပြီး ငိုသွားရတာ"
ပျန်းနမ်က နှုတ်ခမ်း ကိုက်လိုက်သည်။
ချိုးယိက ပျန်းနမ်ကို အတော်ကြာအောင် စိုက်ကြည့်နေရင်း ပျန်းနမ်အပေါ် မိမိ၏ အကဲဖြတ်မှုဖြစ်သော "ရိုးအပြီး ဦးနှောက်အကြံအစည်ကင်းမဲ့ခြင်း" ဟူသော အချက်မှာလည်း လုံးဝကို မမှန်ကန်နေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
***
(ဆက်ရန်)