《Wolf pair》- ဘာသာပြန်

By wishywish0805

55.6K 8.8K 612

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86

Chapter - 21

406 78 0
By wishywish0805

Chapter ● 21 ●

ယခုတစ်ပတ် စနေတနင်္ဂနွေပိတ်ရက်နှစ်ရက်စလုံး သူ့အဖေက အိမ်တွင် ရှိနေသည်။ ပျန်းနမ်လည်း အိမ်ထဲတွင် နေနေရန်သာ တတ်နိုင်၏။ သည်ကြားထဲတွင် ချိုးယိတို့အိမ်အတွက် KFC မှာပြီး ပို့ပေးလိုက်သည်။ ချိုးယန့်တောင် ဖုန်းလှမ်းဆက်ပြီး စားကောင်းကြောင်းကို စိတ်တက်ကြွစွာ ပြောပြလာသေးသည်။

ချိုးယိကတော့ သူ့ကို ဆက်သွယ်မလာခဲ့ပေ။ KFC နှစ်နပ်ဆက်တိုက်မှာပြီး ပိစိလေးကို စားခိုင်းသည့်အပေါ် သဘောမကျသည့်ပုံ ပေါ်သည်။

"ခစားပြုစုရ ခက်လိုက်တာ ......"

ပျန်းနမ်သည် အင်တာနက်စာမျက်နှာ ဖွင့်လိုက်ပြီး 'နလပိန်းတုံး ဟင်းချက်နည်း' ဟူသည့် စာလုံးအနည်းငယ်ကို ရိုက်ထည့်လိုက်သည်။

အတော်ကြာအောင် ရှာနေပြီးတော့မှ မိမိရှာချင်နေသည်မှာ 'လူပျင်း ဟင်းချက်နည်း' ဖြစ်ကြောင်းကို သတိပြန်ဝင်လာတော့သည်။

လူပျင်း ဟင်းချက်နည်းများမှာ နွားအမွေးကဲ့သို့ပင် မရေမတွက်နိုင်အောင် များပြားလှသည်။ ဟင်းချက်အခြေခံ သုညရှိသော နလပိန်းတုံးတစ်ယောက်အား အရသာရှိရှိ ချက်ပြုတ်နိုင်ရန် လုပ်ပေးနိုင်ကြောင်း အားလုံးက ပြောထားကြပြီး များများကြည့်လျှင် ကိုယ်ကိုယ့်ကိုယ် စာဖိုးမှူးတစ်ယောက်ဖြစ်နေပြီဟု စိတ်အာရုံထင်မှားမှု ဖြစ်ပေါ်လာနိုင်စေသည်။

ကိုင်တွယ်လုပ်ဆောင်ရလွယ်ကူသည့် ပါဝင်ပစ္စည်းအချို့ကို သူ ဂရုတစိုက် ရွေးချယ်လိုက်သည်။ အရွက် ချိုးရန်၊ အခွံ ခွာရန်၊ အစေ့ ရွေးထုတ်ရန် မလိုအပ်သော အစရှိသဖြင့်။ ဆယ်မိနစ်တည်းဖြင့် အပြီးသတ်ဟင်းပွဲ ချက်ပြုတ်နိုင်သည်ဟု ဆိုထားသည်။ ချက်ပြုတ်နည်းအဆင့်ဆင့် အသေးစိတ်ကို ဖုန်းထဲတွင် ရေးမှတ်ထားလိုက်သည်။

ဤဟန်ချက်အတိုင်း နောက်ထပ်တစ်လခန့် ကြာလျှင် နောက်ပိုင်းတွင် အိပ်ဆောင်မှလူများတောင် အုတ်တံတိုင်းကျော်ပြီး ညလယ်စာ ထွက်ရှာစားရန် မလိုအပ်လောက်တော့ပေ။ သင့်အတွက် စားဖိုမှူးပျန်း ဝန်ဆောင်မှုပေးနေပါတယ်...။

ပျန်းနမ် အိမ်ပြန်လာတိုင်း သူ့အတွက် လှုပ်ရှားသွားလာစရာအဝန်းအဝိုင်းမှာ သူ့အိပ်ခန်းသာ ဖြစ်သည်။ ထမင်းစားရန်မှလွဲ၍ သူသည် အခန်းအပြင် ထွက်စရာမလိုလျှင် ထွက်ကို မထွက်ပေ။ ဂိမ်းဆော့သည်၊ သို့မဟုတ်လည်း ရုပ်ရှင်ကြည့်သည်။ အလွန်ဆုံးမှ တစ်ခါတလေ နောက်ဖေးဝင်းခြံထဲတွင် လူမရှိလျှင် သူ ခြံထဲ ခဏသွားနေတတ်သည်။

သို့သော် ပြီးခဲ့သည့်နှစ်တွင် ပျန်းရှင်းယွီက နောက်ဖေးဝင်းခြံထဲတွင် ဒိုဘာမင်ခွေးတစ်ကောင် မွေးမြူလိုက်သည်။ ကြည့်လိုက်လျှင် အလွန်ဆိုးသွမ်းကြမ်းကြုတ်ပုံ ပေါ်သည်။ သို့သော် အနှီခွေး၏ အကြီးမားဆုံး ဝါသနာမှာ လူတွေ့သည်နှင့် လျှာဖြင့်လျက်ခြင်းဖြစ်သည်။ ပျန်းနမ်တစ်ယောက် နောက်ဖေးဝင်းခြံထဲ သွားနေချိန်များတွင် တစ်ဝက်ခန့်သောအချိန်မှာ ထိုခွေး၏လျှာကို ရှောင်တိမ်းနေရသည်။ ဂရုမပြုမိသည်နှင့် လက်မောင်းကို ဖမ်းပြီး မျက်နှာကို လာလျက်တော့သည်။

ပျန်းနမ်မှာ ခြံထဲတွင် ဘယ်လောက်မှ အချိန်ကြာကြာ မနေရသေးမီ အလျက်ခံရလွန်းသဖြင့် အိမ်ထဲ ပြန်လာရသည်။ မွန်းကျပ်ကျပ်ဖြင့် တစ်နာရီခန့် Landlord ဆော့လိုက်၏။ အိမ်၏ အိမ်အကူအန်တီ တက်လာပြီး အခန်းတံခါးလာခေါက်တော့မှ သူသည် အောက်ထပ်ဆင်းပြီး ထမင်းသွားစားသည်။

အိမ်၌ ထမင်းစားချိန်တွင် သူသည် များသောအားဖြင့် ဘာစကားမျှ ဝင်ပြောလေ့မရှိချေ။ သူ့ကို တိုက်ရိုက် အမေးရှိလာသည်မှလွဲလျှင် သူသည် ခေါင်းငုံ့ပြီး စားစရာရှိသည်ကိုသာ စားသည်။

ငယ်စဥ်ကတည်းက ကျောင်းတွင် နေလာခဲ့သည်။ ထို့ကြောင့် အိမ်၏ထမင်းစားပွဲပေါ်မှ စကားအကြောင်းအရာများကို သူလည်း ဝင်ရောက်ပြောဆိုနိုင်စွမ်း မရှိပေ။ အကြောင်းအရာများမှာ များသောအားဖြင့် သူ့အဖေ၏ အလုပ်အကြောင်း ကိုယ့်ဘာသာကိုယ်အကျဥ်းချုပ်ခြင်း၊ ပျန်းရှင်းယွီ၏ တစ်ပတ်တာအကျဥ်းချုပ်နှင့် နွဲ့ဆိုးပတ်ချွဲမှု၊ အန်တီ၏ ဖြည့်စွက်မှု အစရှိသဖြင့်။ ပျန်းဟောက်ကတော့ သူနှင့် ထူးမခြားနားပင်။ စကားနည်းသည်။ သို့သော် ရံဖန်ရံခါ အကြည့်ချင်း ကြုံဆုံကြသည့်အချိန်မျိုးတွင် အကယ်၍ လူတစ်ယောက်မှ မရှိနေလျှင် ပျန်းဟောက်သည် ထမင်းစားပွဲပေါ်မှ ဟင်းများအားလုံးကို သူ့မျက်နှာပေါ် လာပစ်ပေါက်နိုင်ခြေရှိသည်ဟု ပျန်းနမ်တစ်ယောက် အစဥ်ခံစားနေရသည်။

သေချာသည်မှာ သူ့ခံစားချက်ကလည်း ပျန်းဟောက်နှင့် ခပ်ဆင်ဆင်ပင်။

အိမ်တွင် ညစာစားပြီးသွားပြီးနောက် ပျန်းနမ်သည် ကျောင်းပြန်ရန် ပြင်ဆင်တော့သည်။ သူ့အတွက် အန်တီဝယ်ထားပေးသော အင်္ကျီကို အိတ်ထဲ ထိုးသိပ်ထည့်ပြီး အခန်းထဲတွင် ရည်ရွယ်ချက်မဲ့စွာ နှစ်ပတ်ခန့် ပတ်လိုက်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။

စင်္ကြံလျှောက်လမ်း အကွေ့နားတွင် ပျန်းရှင်းယွီကလည်း အောက်ထပ်သို့ ဆင်းရန်လုပ်နေပြီး သူ့အခန်းတံခါးသံကို ကြားသော် နောက်သို့ ပြန်လှည့်လာသည်။

ပြောစရာရှိသော်လည်း ချီတုံချတုံဖြစ်နေသည့် သူ့မျက်နှာအမူအရာကိုမြင်သော် ပျန်းနမ်သည် တံခါးပိတ်ပြီးနောက် ပြောလိုက်သည်။

"ငါ့မှာ သူ့ဖုန်းနံပါတ် မရှိဘူး"

"ဘယ်သူက နင့်ဆီကနေ ဖုန်းနံပါတ်တောင်းလို့လဲ။ နင်နဲ့ ဘယ်သူ စကားပြောနေလို့လဲ။ စိတ်မနှံ့တဲ့အရူး"

ပျန်းရှင်းယွီက သူ့ကို မျက်ဖြူလှန်ပြလိုက်ပြီးနောက် ခပ်မြန်မြန်ပင် အောက်ထပ်သို့ ပြေးဆင်းသွားခဲ့သည်။

ပျန်းနမ်က နှေးတုံ့နှေးဆိုင်းဖြင့် အောက်ထပ်ဆင်းလာသည်။ အိမ်မှလူများအားလုံး ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။ သူသည် လှေကားနံဘေးတင် ရပ်ရင်း အသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။

"ကျွန်တော် ကျောင်းပြန်တော့မယ်"

အဖေက မတ်တတ်ရပ်လိုက်ပြီး သူ့ဘေးလျှောက်လာကာ သူ့ပခုံးပေါ် ညှစ်လိုက်ရင်း -

"နောက်တစ်ပတ်ကျရင် စာမေးပွဲလား"

"အင်း"

ပျန်းနမ်က ခေါင်းညိတ်သည်။

"စာကောင်းကောင်းလုပ်။ လောင်ဝူကို လိုက်ပို့ခိုင်းလိုက်"

သူ့အဖေက ပြုံးရင်း ဆိုသည်။

ပျန်းနမ် ပြန်မဖြေခင်တွင် ဘေးနားရှိ ပျန်းဟောက်က အေးစက်စက်ဖြင့် ဝင်ပြောလာသည်။

"ညနေ ကျွန်တော် လူသွားကြိုစရာရှိတယ်။ အရက်သောက်ဖြစ်မှာဆိုတော့ ဦးလေးဝူကို ပို့ခိုင်းမှရမယ်။ သူ့ကို သူ့ဘာသာသူ ပြန်ခိုင်းလိုက်"

"မင်း ဘယ်နှနာရီ လူသွားကြိုမှာလဲ"

အဖေက လှည့်ကြည့်ပြီး မေးသည်။

"လိုက်မပို့နဲ့တော့။ ကျွန်တော် ကားပဲ ငှားလိုက်မယ်"

ပျန်းနမ်သည် ကျောပိုးအိတ်ကို ကျောကုန်းပေါ်လွှဲတင်လိုက်ပြီး ပျန်းဟောက်ကို မကြည့်ဘဲ အိမ်ထဲမှ တစ်ခါတည်းတန်းပြီး ထွက်လာလိုက်သည်။

ပျန်းနမ်က ကားငှားပြီး ကျောင်းသို့ ပြန်လာသည်။ ကျောင်းပေါက်ဝသို့ရောက်သောအခါ ဝမ့်ဖေးဆက်လာသောဖုန်း ဝင်လာပြီး ပျန်းနမ် ပြန်ရောက်မရောက်ကို မေးကာ၊ သူ့အမေ လုပ်ထားသော မာလာအမဲသားခြောက်ကို အထုပ်ကြီး တစ်ထုပ်စာ ယူလာသည်ဟု ဆိုသည်။ အိပ်ဆောင်ထဲမှ လူတစ်သိုက်က ဘီယာအနည်းငယ်ဝယ်ပြီး ညရောက်လျှင် သရဲရုပ်ရှင်ကြည့်ရန်ကို တိုင်ပင်ဆွေးနွေးနေလျက် ရှိကြသည်။

"ငါ သွားဝယ်လိုက်မယ်လေ"

ပျန်းနမ်က လမ်းကို ဖြတ်ကူးလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ စူပါမားကက်ထဲသွားကာ ဘီယာတစ်ဒါဇင် ဝယ်လိုက်သည်။

ငွေရှင်းနေစဥ် စူပါမားကက်ထဲသို့ တစ်ယောက်ယောက် ဝင်လာလေသည်။ သူ ဖြတ်ခနဲ ဝေ့ကြည့်လိုက်သောအခါ ဝင်လာသူမှာ ဖန်းယိဖုန်းတို့အုပ်စု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ရော် ... ပြန်လာပြီပဲ"

သူ ဖြစ်နေမှန်း ဖုန်းယိဖုန်း မြင်လိုက်သောအခါ ချက်ချင်း လှမ်းလာပြီး သူ့ပခုံးပေါ် လက်ချိတ်လိုက်ပြီး -

"စနေတနင်္ဂနွေပိတ်ရက်က ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား"

"အင်း"

ပျန်းနမ်က အသံပြုလိုက်သည်။ ငွေရှင်းပြီးနောက်တွင် ဖန်းယိဖုန်း၏လက်မောင်းကို ဆွဲဖယ်ပြီး ထွက်သွားရန် လုပ်သည်။ သို့သော် ဖန်းယိဖုန်းတို့လူစုက အလျင်အမြန်ပင် သူ့ရှေ့တွင် လမ်းပိတ်ပစ်လိုက်ကြသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး -

"ဘာလုပ်တာလဲ"

"ဟိုရက်တုန်းက မင်း ဆေးရုံသွားပြီး မျက်လုံး သွားပြလိုက်တယ်မလား။ မင်းမျက်လုံးက ကန်းနေတာမလား"

ဖန်းယိဖုန်းမျက်နှာပေါ်တွင် အပြုံးရိပ်တို့ ချိတ်ဆွဲနေသည်။

ဖန်းယိဖုန်းမှာ ထိုနေ့က သူ ကားပေါ်မှ မဆင်းဘဲ ထွက်ပြေးသွားသည့်ကိစ္စကို ရည်ညွှန်းမှန်း ပျန်းနမ်သိသည်။ ဤလူမှာ အလွန်အမင်းကို စိတ်ရှုပ်စရာကောင်းလွန်းလှသည်ဟု ခံစားလိုက်ရသည်။ သွေးဆုံးချိန်ကို မဖြတ်ကျော်နိုင်တော့သော မိန်းမအိုကြီးတစ်ယောက်ကဲ့သို့ပင် မပြီးနိုင်မဆုံးနိုင် ဖြစ်နေသည်။

"ဟုတ်တယ်။ ငါ့မျက်လုံးက အခုတစ်လော တစ်ခုခုချွတ်ယွင်းနေတယ်"

ပျန်းနမ်သည် ပလတ်စတစ်အိတ်တစ်လုံးဆွဲယူပြီး ဘီယာကို အိတ်ထဲ ထည့်လိုက်ပြီးနောက် ဖန်းယိဖုန်းကို တွန်းကာ အပြင်ဘက်ဆီ ထွက်သွားရင်း -

"လူကလွဲရင် ဘာမှ သေချာမမြင်ရဘူး"

စူပါမားကက်ထဲမှ ထွက်လာတော့မှ ဖန်းယိဖုန်းက သူ့စကားအဓိပ္ပာယ်ကို သဘောပေါက်သွားရာ ဝုန်းခနဲ လိုက်ထွက်လာပြီး -

"မြေနိုး ... မင်း စကားကို နောက်တစ်ခါ ပြန်ပြောစမ်း"

ပျန်းနမ်နှင့်ဖန်းယိဖုန်း၏ဆက်ဆံရေးမှာ တင်းမာသည်ဟု မဆိုသာ။ နှစ်ယောက်သားအတူတကွပေါင်းပြီး သ‌င်္ဘောပို့ဆောင်ကျောင်းမှ ကျောင်းသားတို့နှင့်တောင် လေးငါးကြိမ်ခန့် ရန်ဖြစ်ဖူးသေးသည်။ ပုံမှန်အားဖြင့် ပွတ်တိုက်ငြိစွန်းမှုပဋိပက္ခလေးများ ရှိတတ်သည်ဆိုသော်ငြား ကြီးကျယ်ပြောင်မြောက်သော မီးပွားမီးစများဖြစ်လာသည်အထိတော့ တစ်ခါမှ ဖြစ်မလာခဲ့ပါ။ သို့သော် ယခုတွင်တော့ ကြည့်ရသည့်ပုံအရ ဖန်းယိဖုန်းမှာ လွယ်လွယ်ဖြင့် လက်လျှော့မည့်အစီအစဥ် မရှိချေ။

ကျောင်းပြီးခါနီးလို့ ဖြစ်မှာပါလေ။ ပျန်းနမ် တွေးလိုက်သည်။ နှစ်စဥ်နှစ်တိုင်းပင် ယခုအချိန်ရောက်လျှင် တတိယနှစ်ကျောင်းသားများအားလုံး အထူးတလည် ထောင်လွှားဂြိုလ်ကြွကြသည်။ ပုံမှန်အချိန်များတွင် စုပုံသိမ်းဆည်းမိနေသော ဒေါသမီးများအားလုံးတို့ကို ကျောင်းမပြီးခင်အချိန်လေးကိုစောင့်ပြီး တစ်ခါ ဖောက်ခွဲထုတ်လွှတ်ကြသည်။ ဤအချိန်လေးကို လွတ်သွားလျှင် ကျောင်းပြီးသွားလျှင် တစ်ယောက်ယောက်အား ပြဿနာရှာရန်အခွင့်အရေး ထပ်ရှာ၍ မရနိုင်တော့မည့်အလား။ ဖန်းယိဖုန်းသည်လည်း သည်လိုနေ့မျိုးကို မျှော်နေခဲ့မည်သာ။

နောက်ဆုံးတော့ ဒီလိုနေ့ရက်မျိုး ရောက်ခဲ့လေပြီ ... မင်း နှစ်ပေါင်းများစွာ စောင့်မျှော်လိုက်ရတယ် ...... ပျန်းနမ်မှာ ကြမ်းတိုက်တံတစ်ချောင်းယူပြီးသာ သူနှင့်အတူ သီချင်းလိုက်ဆိုပေးလိုက်ချင်တော့သည်။

"ငါ့မျက်လုံးက အခုတစ်လော လူကလွဲရင် တခြား ဘာမှ သေချာမမြင်ရဘူးလို့ ပြောတာ"

ပျန်းနမ်က ခေါင်းလှည့်လိုက်ပြီး ဖန်းယိဖုန်းမျက်နှာကို စိုက်ကြည့်ရင်း စောစောက ပြောခဲ့သည့်စကားကို နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

မူလတုန်းက သူသည် ပြဿနာ မမွှေချင်ခဲ့ချေ။ သို့သော် အကြောင်းမသင့်တော့လည်း ဤနှစ်ရက်တွင် သူ အမှန်တကယ်ကို စိတ်သိပ်မကြည်နေပေ။ ဖန်းယိဖုန်းသာ အကယ်၍ ပြဿနာရှာရန် တင်းခံနေပါက သူ့ဘက်ကလည်း အကြိမ်ကြိမ် ငြင်းဆိုနေရန် မကောင်းတတ်ပေ။ မျက်နှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ထောက်ထားသင့်တယ်မဟုတ်ပါလား။

"ဟေ့ကောင် မင်းသေချင်နေတာ ဟုတ်လား။ မင်းကို သည်းခံနေတာ တော်တော်ကြာပြီ"

ဖန်းယိဖုန်းက လက်မြှောက်လိုက်ကာ ပျန်းနမ်မျက်နှာဆီ နှုတ်ခွန်းဆက်သပေးရန် ကြိုးစားသည်။

ပျန်းနမ် နောက်မဆုတ်လိုက်ခင်တွင်ပင် နောက်ရှိ စူပါမားကက်၏ ငွေကိုင်ကောင်မလေးက လက်ထဲ ဖုန်းကိုင်လျက် ထွက်လာပြီး အသံစူးစူးဖြင့် အော်လိုက်သည်။

"ဒီနားမှာ ရန်မဖြစ်ကြနဲ့။ ဒီမှာ ရန်ဖြစ်ရင် မင်းတို့နည်းပြကို ဖုန်းဆက်တိုင်လိုက်မယ်။ ငါ့ဆီမှာ မင်းတို့ကျောင်းက နည်းပြတွေရဲ့ ဖုန်းနံပါတ်တွေ ရှိတယ်"

ဖန်းယိဖုန်း၏လက်မှာ လေထဲတွင် အေးခဲရပ်တန့်သွားခဲ့ပြီး နှစ်စက္ကန့်ခန့် တွေ‌ဝေသွားပြီးနောက် လက်ကို ပြန်ချလိုက်သည်။

အကယ်၍ ကောင်မလေးက ငါ ရဲတိုင်လိုက်မယ် ဟုပြောလျှင် ဘယ်သူမျှ သူ့ကို အရေးလုပ်လိမ့်မည် မဟုတ်။ သို့သော် နည်းပြများ၏ဖုန်းနံပါတ်ရှိသည်ဟု ကောင်မလေးက ပြောလိုက်သည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခြိမ်းခြောက်နိုင်အားကတော့ တော်တော်ကြီးသွားခဲ့သည်။

ပျန်းနမ်သည် ခဏတာအတွင်း သင့်တော်သောဖြေရှင်းချက် ရှာမတွေ့နေသည့် ဖန်းယိဖုန်းတို့တစ်သိုက်ကို ကြည့်နေသည်။ ဆက်လက်ပြီး လက်ပါမည့်အစီအစဥ်လည်း မရှိနေချေ။ ဤသို့ဖြင့် သူသည် ကျောင်းပေါက်ဝဘက်သို့ လှည့်ထွက်လာခဲ့တော့သည်။

လမ်းဖြတ်ကူးပြီးခါစတွင်ပင် ဝမ့်ဖေး၊ စွင်းယိဖန် နှင့် ကျူးပင်းတို့ ကျောင်းဝင်းထဲမှ အတူတကွ ထွက်လာကြသည်ကို ပျန်းနမ် မြင်လိုက်ရသည်။

"လခွမ်း ဒီတစ်ကဒ်ပဲလားဟ။ လောက်လို့လား"

ဝမ့်ဖေးက အိတ်ထဲသို့ ချောင်းကြည့်လိုက်ပြီး ဆက်၍ -

"ငါတို့ကောင်တွေက မင်းတစ်ယောက်တည်း သယ်လို့မရမှာတောင် စိုးရိမ်နေသေးတာ ......"

"မင်းတို့က တစ်ယောက်ကို တစ်ဒါဇင်သောက်ဖို့များ စဥ်းစားထားတာလား"

ပျန်းနမ်က ပလတ်စတစ်အိတ်ကို ဝမ့်ဖေးလက်ထဲ ထိုးထည့်လိုက်ပြီး -

"တစ်ဘူးတည်းနဲ့တင် ငါ မနက်ဖြန်နေ့လယ်အထိ အိပ်နိုင်နေပြီ"

"မင့်ဝေစုကို ငါတို့ လုံးဝကို ထည့်မတွက်ထားတာ ...... ဟိုကောင်တွေက ဘာသဘောလဲ"

လမ်းတစ်ဖက်ခြမ်းတွင် ရပ်နေကြသော ဖန်းယိဖုန်းတို့ကို စွင်းယိဖန် တွေ့လိုက်သည်။

"ဘာမှ မဖြစ်ဘူး"

ပျန်းနမ်က စွင်းယိဖန်၏ပခုံးကို ဖက်လျက် ကျောင်းထဲ ဝင်လိုက်ရင်း -

"အစီအစဥ်ကို ထိန်းသိမ်းရမယ်လေ"

"မင်းကို ချိန်းပွဲ ချိန်းတာလား"

ဝမ့်ဖေးလည်း ချက်ချင်းပင် ထိုဘက်ဆီလှည့်ပြီး စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီးနောက် ဆက်၍ -

"ဒါဆိုလဲ ချိန်းပေါ့ ...... ခဏနေပါအုံး။ ဘာကြောင့်တုံး"

"တော်ပြီ။ ထားလိုက်တော့"

မိမိ အိမ်ပြန်သွားရာတွင် ခြံပေါက်ဝသို့ ရောက်နေပြီဖြစ်တာတောင် ကျောင်းသို့ ပြန်ပို့ခံရသည့်ကိစ္စကို ပျန်းနမ်တစ်ယောက် များများစားစား ထပ်မရှင်းပြချင်တော့ပေ။ ခြေလှမ်းသွက်သွက်ဖြင့် ရှေ့သို့ လမ်းလျှောက်လိုက်သည်။

ဝမ့်ဖေးအမေလုပ်ထားသော အမဲသားခြောက်မှာ အလွန်စား၍ကောင်းပြီး ပမာဏလည်း လုံလောက်သည်။ လေးယောက်သား ကွန်ပျူတာဖွင့်ပြီး 《The Ring》နှစ်ကား ကြည့်လိုက်ပြီးချိန်တွင် ဘီယာများ အကုန်ကုန်သွားပြီး အမဲသားခြောက်မှာ အများကြီး ကျန်ရှိနေဆဲပင်။

[T/N: 《The Ring》ဆိုတာက 2002 မှာ ထွက်တဲ့ အမေရိကန် သရဲကားပါ။ ဂျပန်သရဲကား Ring ကို remake ပြန်ရိုက်ထားတာပါ။ သူ့နောက်မှာ The Ring Two (2005) နဲ့ Rings (2017) ဆိုပြီး Sequel တွေ ရှိပါတယ်။]

"ငါ အိမ်သာ သွားအုံးမယ်"

ပျန်းနမ်မှာ ဘီယာတစ်ဘူးသာ သောက်ထားခဲ့သည်။ သို့သော် အမဲသားခြောက်မှ အထုံအစပ်ဓာတ် သက်သာစေရန် သူသည် ရိုရိုးရေကို ခွက်ကြီးဖြင့် လေးငါးခွက်ခန့် သောက်လိုက်သည်။

ခုတင်ပေါ်မှ ဆင်းပြီး ဖိနပ်စီးလိုက်ခါစတွင် အိပ်ဆောင်ထဲမှ လူတစ်သိုက်တို့မှာ အတူတကွ အိမ်သာသွားကြမည်ဟု အသီးသီး ဖော်ပြလာကြသည်။ နောက်ကျကျန်မည်စိုး၍ ရှေ့ရောက်အောင်လုရင်း ဆွဲသွားလိုက် ဆွဲလာလိုက်ဖြင့် အပြင်ဘက်ဆီ တိုးထွက်လာကြကာ ဘယ်သူမျှ နောက်ဆုံး မကျန်ခဲ့ချင်ကြပေ။

"ဆလံ ပါပဲ"

ပျန်းနမ်မှာ နောက်ဆုံးတွင် ကျန်ခဲ့ရန် အတိုးခံလိုက်ရပြီး တတ်နိုင်စွမ်းမဲ့စွာ -

"မင်းတို့တွေ ဒီလောက်အထိတောင် ကြောက်ဖို့ လိုလို့လား ......"

"တော်သေးတယ် အိမ်မှာ ရေချိုးခဲ့လို့"

ဝမ့်ဖေးက တကျွတ်ကျွတ်စုတ်သပ်ရင်း ဆိုသည်။

ပျန်းနမ်သည် အိမ်သာသွားပြီးနောက် ခုတင်ပေါ် ပစ်လှဲလိုက်ကာ ခေါင်းအုံးကိုဖက်လျက် မျက်လုံးမှိတ်လိုက်သည်။ ယနေ့တွင် သူ ဘီယာ အနည်းငယ်သာ သောက်လိုက်သည်။ မူး‌‌ဝေသည့်မျဥ်းကြောင်းအထိ မရောက်ချေ။

သို့သော် အိပ်ချင်စိတ်အတွက် အတော်လေးကို အထောက်အကူဖြစ်စေသည်။ မျက်လုံးမှိတ်ပြီး ဘယ်လောက်မျှ မကြာသေးမီ သူသည် အိပ်ဆောင်ထဲမှလူတစ်သိုက်၏ တက်ကြွစိတ်ပါစွာပြောဆိုနေသည့်စကားသံနှင့်အတူ အိပ်ပျော်သွားတော့သည်။

နံနက်ခင်း အိပ်ရာနိုးချိန်တွင် နောက်မကျသေးပေ။ ခုတင်ပေါ်မှ ခုန်ဆင်းရာတွင် သံဘူးအလွတ်များကို လေးငါးကြိမ်ခန့်တောင် နင်းမိလိုက်သေးသည်။ သူသည် တချွင်ချွင် တခွမ်ခွမ်ဖြင့် သံဘူးများကို တစ်စုတည်းဖြစ်အောင် ကန်စုပြီးနောက် နံရံဆီသို့ တစ်ဘူးချင်းစီ ကန်ထည့်သည်။ သံဘူးများမှာ နံရံကို ထိသွားကာ ပြန်ကန်ထွက်လာပြီးနောက် အမှိုက်ပုံးထဲသို့ တိတိကျကျ ပြုတ်ကျကုန်သည်။

"ငါလူး။ မင်း ဒီနေ့ ဘောလုံးအတန်းကို သွားပြီးပဲ စာရင်းသွားပေးလိုက်တော့ ......"

ဆူညံသံကြောင့် ဝမ့်ဖေး နိုးလာခဲ့ပြီး မျက်မှောင်ကြုတ်လျက် ခုတင်ပေါ်မှ ခုန်ဆင်းလာကာ -

"နောက်ပိုင်း ယောက်ျားလေးဘောလုံးပြိုင်ပွဲဆို မင်းကိုပဲ အားကိုးရတော့မယ်"

"အဲဒီအရှက် အကွဲခံဖို့ မတတ်နိုင်နေဘူး"

ပျန်းနမ်က ရယ်ရင်း အိပ်ဆောင်ထဲမှ ပြေးထွက်သည်။

ဤရက်သတ္တပတ်နှစ်ပတ်တွင် စာမေးပွဲ စတင်ဖြေဆိုရမည်ဖြစ်၍ လေ့ကျင့်ရေးပမာဏမှာ ပုံမှန်အချိန်လောက် မများပြားချေ။ လောင်ကျန်လည်း ပျန်းနမ်ကို ပမာဏ မတိုးပေး‌ပေ။ တစ်ခုရှိသည်မှာ ပျန်းနမ်တစ်ယောက် လောင်ကျန့်အကြည့်နှင့် ကြုံကြိုက်မိတိုင်း အကြည့်ထဲမှ "ဆောင်းဦးနောက်ပိုင်း စာရင်းရှင်းမယ်" ဟူသော စကားစုက လင်းထိန်စွာ တောက်ပနေသည်ကို မြင်မြင်နေရသည်။

စာမေးပွဲပြီးလျှင် သူ၏အဆုံးသတ်နေ့ရက် ရောက်ရှိလာတော့မည့်ပုံပင်။

သူ၏ နေ့စဥ်အားလပ်ချိန်များထဲမှ အိပ်စက်ခြင်းနှင့် ဝမ့်ဖေးနှင့်ရောက်တတ်ရာရာ စကားလျှောက်ပြောခြင်းမှလွဲလျှင် ကျန်ရှိသည့်အချိန်တွင် ချိုးယိတို့အိမ်သို့သာ သွားသည်။

ချိုးယိတို့အိမ်တွင် ချစ်စဖွယ်ကောင်းသော အာ့ပေါင်ရှိသည်။ အာ့ပေါင်၏အရယ်အပြုံးကို မြင်ရတိုင်း သူသည် မနေနိုင်ဘဲ လိုက်ပြီး အူမြူးတတ်သည်။ ဘာကို သဘောကျပြီး ရွှင်မြူးမှန်းတောင် မသိနေပေ။

အရေးကြီးဆုံးအချက်မှာ အနှီ စင်ပေါ်အပြည့် တွယ်တက်နေပြီဖြစ်သောစပျစ်ပင်ရှိသည့် ဝင်းခြံနှင့် ယိုယွင်းဟောင်းနွမ်းနေပြီဖြစ်သောအိမ်တို့က သူ့အား စစ်မှန်သလို ခံစားရစေသည်။

အပေါ်အောက်စုစုပေါင်း လေးထပ်ရှိ‌သော သူတို့၏ လူကုံထံဗီလာလုံးချင်းတိုက်ထက် များစွာပို၍ စစ်မှန်သည်။

ထို့နောက် တဖြည်းဖြည်းနှင့် သိပ်အမြင်ကတ်စရာမကောင်းတော့သည့်သူ ဖြစ်လာသော ချိုးယိ။

ပျန်းနမ်အနေနှင့် ပြောရလျှင် ယခင်တုန်းက သူသည် ဖန်းယိဖုန်းနှင့်ချိုးယိတို့ နှစ်ယောက်စလုံးကို အတော်လေး မြင်ပြင်းကတ်သည်။ သို့သော် ချိုးယိအပေါ် မြင်ပြင်းကတ်မှုမှာ ချိုးယိဟူသော လူထံမှ မြစ်ဖျားခံ အစပြုလာခဲ့ခြင်း မဟုတ်။ ဖန်းယိဖုန်းကဲ့သို့ ခေါင်းစခြေဆုံး တစ်ကိုယ်လုံး "ငါ့ကို မြန်မြန်လာပြီး မြင်ပြင်းကတ်ကြစမ်းပါ" ဟူ၍ ဖြာထွက်နေသည့်သူနှင့် မတူပေ။ ချိုးယိကိုယ်၌တွင်ပင် တစ်ပါးသူကို အမြင်ကတ်စေသောအချက် လုံးဝ မရှိနေပါ။

အထူးသဖြင့် ထိတွေ့ပြောဆိုဆက်ဆံသည့်အချိန် ကြာမြင့်လာသောအခါ သူ့အပေါ် ပျန်းနမ်၏ ရန်လုပ်ချင်သည့်စိတ်ခံစားချက်တို့လည်း နည်းနည်းစီ ကွယ်ပျောက်လာနေပြီဖြစ်သည်။ တစ်ခါတစ်ရံ ငြင်းခုံရင်း သုံးလေးခွန်းခန့် စကားနိုင်လုကြသည်မှလွဲလျှင် တစ်ခါတစ်ခါတွင်တော့ ကောင်းကောင်းမွန်မွန် စကားစမြည်ပြောဖြစ်သည်။

"နမ်ကော"

ဝမ့်ဖေးက ပျန်းနမ်၏ပခုံးကို ဖက်ထားပြီး သူ့ပါးစပ်ထဲသို့ နို့တော်ဖီတစ်လုံး ထည့်လာပေးရင်း -

"မင်းနဲ့ ကိစ္စတစ်ခု ဆွေးနွေးမလို့"

"ဆို"

ပျန်းနမ်က တော်ဖီကို ဝါးနေရင်း အဆောင်သို့ လမ်းလျှောက်ပြန်လာနေပြီး ရေချိုးပြီးနောက် ချိုးယန့်အိမ်သို့သွားကာ ဖက်ထုပ်လုပ်ရန် ပြင်ဆင်သည်။

ဤရက်ပိုင်းတွင် နေ့တိုင်းပင် လူပျင်းဟင်းချက်နည်းကိုသာ ချက်ပြုတ်နေရာ ချိုးယိတစ်ယောက် လုံးဝ သည်းမခံနိုင်တော့ဘဲ ယနေ့တွင် ဖက်ထုပ်လုပ်စားမည်၊ မဟုတ်လျှင်တော့ အငတ်ခံဆန္ဒပြမည်ဟု ဆိုလာသည်။

ဖက်ထုပ်လုပ်မည့် အကြံဉာဏ်က မဆိုးဘူးဟု ပျန်းနမ်ထင်သည်။ ချိုးယိက ဝှီးချဲပေါ်ထိုင်ပြီး ဖက်ထုပ်၏အဆာဌာပနာနှင့် ဖက်ထုပ် ထုပ်သည့်အလုပ်အားလုံးကို လုပ်နိုင်သည်။ သူ့အနေဖြင့် ဂျုံနယ်ပေးရန်သာ လိုအပ်သည်။ ပျန်းနမ်၏စိတ်ကူးထဲတွင် ဂျုံနယ်ခြင်းဟူသည် ဆော့ကစားသကဲ့သို့ ပေါ့ပါးလွယ်ကူသည့်အလုပ်ဟု ထင်နေသည်။

"ငါ ဒီနေ့ မင်းနဲ့အတူလိုက်ပြီး ချိုးယိအိမ်သွားမယ်"

ဝမ့်ဖေးက ပြောသည်။

"ဟင် ဘာဖြစ်လို့လဲ"

ပျန်းနမ် ကြောင်သွားသည်။ ဝမ့်ဖေးလည်း ချိုးယိအပေါ် အစပိုင်းတုန်းကလောက် ရန်လိုစိတ်မရှိနေတော့ပါ။ သို့သော် အနည်းနှင့်အများကတော့ အနည်းငယ်ဖုထစ်နေသေးလောက်မည်။ ယခုတော့ ချိုးယိအိမ် လိုက်သွားမည်ဟု ရုတ်တရက်ပြောလာသောအခါ ပျန်းနမ်မှာ အတော်လေးအံ့အားသင့်ရသည်။

ဒီနေ့မနက် စာမေးပွဲဖြေတာ ဂွမ်းသွားလို့ စိတ်ဓါတ်ကျလွန်းလို့များလား။ သို့သော် ဝမ့်ဖေးတစ်ယောက် စာမေးပွဲတွင် အမှတ်နှစ်ဆယ်သာ ရစဥ်ကလည်း သူ ကျောင်းအုတ်တံတိုင်းကျော်ပြီး ညလုံးပေါက် ဒိုတာသွားခုတ်သည်ကို မထိခိုက်သွားစေခဲ့ပါ။

"ရွှီရွေက ငါ့ကို သွားတောင်းပန်ခိုင်းတယ်"

ဝမ့်ဖေးက အနည်းငယ်အားနာဟန်ဖြင့် ဆံပင်များကို ဆုပ်ကိုင်လိုက်ပြီး -

"သူ ပြောတာတော့ ......"

"ငါလူး မင်း ရွှီရွေနဲ့ ပြောဖြစ်နေတုန်းလား"

ပျန်းနမ်မှာ မနေနိုင်ဘဲ အော်မေးလိုက်ပြီး ဆက်၍ -

"ငါ ကျောင်းပေါက်ဝက မိတ္တူဆိုင်ကိုသွားပြီး မြတ်နိုးကြင်နာတဲ့စာတစ်ရွက် ပရင့်သွားထုတ်ပြီးတော့ မင်းမျက်နှာပေါ် လာကပ်ပေးသင့်နေပြီမဟုတ်လား"

"မင်းစိတ်ကို ရှည်ရှည်လေးထားတတ်အောင် နည်းနည်းပါးပါး သွေးပေးလို့မရဘူးလား"

ဝမ့်ဖေးလည်း အော်လိုက်ပြီး -

"ငါ စကားတစ်ခွန်းပြောပြီးဖို့ စက္ကန့်သုံးဆယ်တောင် မလိုဘူး။ မင်း စက္ကန့်သုံးဆယ်လောက် ပါးစပ်ပိတ်ထားရရင် မွန်းပြီး သေသွားမှာမို့လို့လား"

ပျန်းနမ်က သူ့ကို စိုက်ကြည့်နေရင်း -

"မင်းကို စက္ကန့်သုံးဆယ်ပေးမယ်"

သူ စိုက်ကြည့်နေခြင်းကြောင့် ဝမ်းဖေးမှာ အနည်းငယ် စိတ်လှုပ်ရှားလန့်ဖျပ်သလိုဖြစ်လာပြီး အတော်ကြာတော့မှ စကားကို ရှင်းလင်းအောင် ပြောပြလာနိုင်တော့သည်။

ရွှီရွေသည် ပါးနပ်သော ကောင်မလေးတစ်ယောက်ဖြစ်သည်။ ချိုးယိ အရိုက်ခံရသည်ဟု သတင်းကြားသည်နှင့် ဖန်းယိဖုန်းလက်ချက်မဟုတ်မှန်း တန်းသိသည်။ ဝမ့်ဖေးကို တိုက်ရိုက် ရှာမေးသည်။ ဝမ့်ဖေးဟူသည် မိန်းမလှတွေ့သည်နှင့် ရှိသမျှ အကုန် ဖြောင့်ချက်ပေးသူဖြစ်သည်။ ဤသို့ဖြင့် ရွှီရွေက ချိုးယိအပေါ် ဘာအတွေးမျှ မရှိကြောင်း ပြောပြလာသည်။ ထို့နေ့က ပြိုင်ပွဲကြည့်ရန် လွတ်သွားသည့်ကိစ္စအတွက် ဝမ့်ဖေးအား တောင်းပန်လိုက်ပြီးနောက် ဝမ့်ဖေးကို ချိုးယိအား သွားတောင်းပန်ရန် တောင်းဆိုသည်။

"ကိစ္စကတော့ ဒါပဲ"

ဝမ့်ဖေးက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး -

"စိတ်အရမ်းဆတ်လို့ သူ ငါ့ကို အပြစ်တင်တယ်။ ဒီကိစ္စကို ဖြေရှင်းပြီးတော့မှ ငါ့နဲ့ စကားကောင်းကောင်း ပြန်ပြောမယ်တဲ့"

"မင်း ......"

ဤကိစ္စနှင့်ပတ်သက်ပြီး ဘယ်လိုသုံးသပ်ရမှန်း ပျန်းနမ် မသိပေ။ အတော်ကြာတော့မှ လက်ကို ဝှေ့ယမ်းလျက် -

"မင်း သဘောပဲ။ သွားချင် သွားပေါ့"

အဆောင်မှ မထွက်ခွာမီ ပျန်းနမ်က ချိုးယန့်ဆီ ဖုန်းခေါ်လိုက်သည်။ ယနေ့တွင် ညစာစားရန် လူတစ်ယောက် အပိုပါလာ၍ ဂျုံမှုန့် ပိုပြင်ထားရန် ပြောလို၍ ဖြစ်သည်။ သို့သော် သုံးကြိမ်ဆက်တိုက် ခေါ်လိုက်သော်လည်း ဖုန်းကိုင်သည့်သူ မရှိပေ။

"ထူးဆန်းလိုက်တာ ......"

ပျန်းနမ် မျက်မှောင်ကြုတ်လိုက်သည်။ ပုံမှန်ဆိုလျှင် ချိုးယန့်ဖုန်းမကိုင်လျှင်တောင် ချိုးယိ ဖုန်းကိုင်တတ်သည်။

"ဘာဖြစ်လို့လဲ"

ဝမ့်ဖေးက သူ့နံဘေးတွင် လိုက်လာလျက်ရှိပြီး ဘေးဘီဝဲယာကို ဟိုကြည့်ဒီကြည့်လုပ်ကာ ရုတ်တရက် ပေါ်ထွက်လာနိုင်ခြေရှိသည့် နည်းပြကို သတိထားလိုက်ကြည့်ရင်း အငှားကား ရှာနေသည်။

"ဘယ်သူမှ ဖုန်းမကိုင်ဘူး။ ထားလိုက်တော့။ ဂရုမစိုက်တော့ဘူး။ ဟိုကို ရောက်သွားတော့မှ အခြေအနေအရ ကြည့်လုပ်တာပေါ့"

မောင်းဝင်ချဥ်းကပ်လာသော အငှားကားတစ်စီးကို ပျန်းနမ်တွေ့လိုက်ရာ ဝမ့်ဖေးကို ပုတ်ရိုက်လိုက်ပြီး -

"သွားမယ်"

ကားပေါ်ရောက်သောအခါ ပျန်းနမ်က နောက်ထပ်နှစ်ကြိမ် ဖုန်းထပ်ဆက်လိုက်ပြန်သည်။ နှစ်ကြိမ်စလုံး ဖြေဆိုသူ မရှိချေ။ သူ မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ်စိုးရိမ်ပူပန်လာလေသည်။

အငှားကားမှာ လမ်းသွယ်ထိပ်နှင့် ခပ်လှမ်းလှမ်း အကွာအ‌ဝေးကတည်းက ရပ်တန့်လိုက်သည်။ လမ်းသွယ်ထိပ်တွင် ခင်းကျင်းထားသော တွန်းလှည်းဆိုင်ခန်းငယ်များစွာ ရှိနေရာ လမ်းသွယ်ထိပ်တည့်တည့်တွင်သာ ကားရပ်၍ ရသည်။ သို့သော် ယခုတွင်တော့ အံစာတုံးကားတစ်စီးက ထိုလမ်းထိပ်ဝတွင် ပိတ်ရပ်ထားသည်။

ဝမ့်ဖေးနှင့်ပျန်းနမ်တို့ ကားပေါ်မှ ဆင်းလိုက်ပြီး လမ်းသွယ်ထိပ်ထဲ ဝင်လိုက်ခါစတွင်ပင် လေထုအခြေအနေမှာ ပုံမှန်နှင့် မတူဘဲ အနည်းငယ်ကွဲပြားနေသည်ကို ခံစားလိုက်ရသည်။

အခြားဝင်းခြံများ၏ခြံပေါက်ဝတွင် လူအချို့ မတ်တတ်ရပ်နေကြကာ လမ်းသွယ်၏ အတွင်းဘက်ဆီ မျှော်ကြည့်နေကြသည်။

"ဘာလုပ်နေကြတာလဲ ဒါက"

ဝမ့်ဖေးက တီးတိုးမေးသည်။

ပျန်းနမ် စကားမဆိုဘဲ လမ်းသွယ်လေးထဲသို့ သုတ်ခြေတင် ပြေးဝင်သွားသည်။ ချိုးယိအိမ်နှင့် ဆယ်မီတာကျော်အကွာသို့ ရောက်ရှိချိန်တွင် ချိုးယန့်၏ငိုသံကို ကြားလိုက်ရသည်။

တံခါးပေါက်သို့ ရောက်သောအခါ ခြံအဝရှိ ကျောက်တုံးလှေကားထစ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဒူးခေါင်းလေးပိုက်လျက် မျက်နှာတစ်ပြင်လုံး မျက်ရည်ပြည့်သည်အထိ ငိုနေရှာသည့် ချိုးယန့်ကို ပျန်းနမ်တွေ့လိုက်ရသည်။

"အာ့ပေါင်"

ပျန်းနမ်မှာ မချိတင်ကဲဖြင့် လွန်စွာ စိတ်မကောင်းဖြစ်သွားရကာ နံဘေးသို့ သွားပြီး ချိုးယန့်အား ရင်ခွင်ထဲ ဆွဲထည့်ဖက်လိုက်ရင်း -

"ဘာဖြစ်လို့လဲ။ ဘယ်လိုဖြစ်လို့ ဒီလောက်အထိ ငိုနေရတာလဲ"

"သာ့ဟူကျစ် --"

ချိုးယန့်တစ်ယောက် မျက်နှာအမော့တွင် ပျန်းနမ်ကို မြင်လိုက်သောအခါ ငိုသံမှာ ချက်ချင်းပင် ပို၍ ကျယ်လောင်လာလေသည်။

ခြံထဲတွင် အလွန်ဆူညံနေလျက်ရှိသည်။ ပျန်းနမ် မော့ကြည့်လိုက်လိုက်သော် ခုနစ်ယောက် ရှစ်ယောက်ခန့်ရှိသော လူတစ်စုက ခြံထဲတွင် မတ်တတ်ရပ်လျက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ယောက်ျားရော မိန်းမပါ ရှိနေပြီး မူလကတည်းက ဘယ်လောက်မျှ သိပ်မကျယ်ဝန်းသည့် ခြံဝင်းမှာ ကြိတ်ကြိတ်တိုးကာ ကျပ်ညပ်နေတော့သည်။

ချိုးယိက စပျစ်စင်အောက်တွင် ထိုင်နေပြီး ကျောက်ပတ်တီးစည်းထားသော ခြေထောက်ကို ဘေးနားရှိ ခွေးခြေခုံပေါ် တင်ထားသည်။ သူ့ကို လက်ညှိုးတညွှန်ညွှန်ဖြင့် ဘာကို ဆဲဆိုနေမှန်းမသိသည့် အမျိုးသမီးနှစ်ယောက်ကို မျက်နှာသေဖြင့် မျက်နှာချင်းဆိုင်နေကာ အသံ မထွက်ဘဲ ကြည့်လည်း မကြည့်နေချေ။

"ငါ့လခွမ်း ဘယ်လိုဖြစ်တာလဲဟ"

ခြံထဲမှ အနေအထားကို မြင်သည်နှင့် ဝမ့်ဖေးမှာ ကြက်သေသေသွားတော့သည်။

"ငါ မင်းကို ပြောပြလိုက်မယ် ချိုးယိ။ မင်းမိသားစုမှာ မင်းမိသားစုရဲ့ အခက်အခဲရှိတယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ တခြားမိသားစုမှာလည်း အခက်အခဲ မရှိနေတာ မဟုတ်ဘူး။ အဘိုးကြီးအဘွားကြီးရဲ့အိမ်ကို မောင်ပိုင်စီးပြီး နေနေတာ၊ မင်းတို့တော့ တော်တော်စိုပြေနေပါ့လား။ ငွေလဲ ပြန်မဆပ် ......"

အသက်လေးဆယ်ခန့်ရှိသော အမျိုးသားတစ်ယောက်က ချိုးယိကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောနေသည်။ ခေါင်းကို လှည့်အကြည့်တွင် ခြံပေါက်ဝ၌ မတ်တတ်ရပ်နေကြသော ပျန်းနမ်နှင့် ဝမ့်ဖေးတို့ကို မြင်သောအခါ -

"မင်းတို့နှစ်ယောက်က ဘာလုပ်တဲ့ကောင်တွေလဲ။ ငါတို့မိသားစုရဲ့ကိစ္စကို ဘာလုပ်ဖို့ ပွဲလာကြည့်နေကြတာလဲ"

ပျန်းနမ် ဘာမှ မဆိုပေ။ လောလောဆယ်တွင် ဘာဖြစ်နေမှန်း၊ ဤလူများက မည်သူမှန်း၊ ဘာလာလုပ်ကြမှန်းကို သူ ယခုအထိ သေချာ သဘောမပေါက်နေသေးပါ။

ငွေ ပြန်ဆပ်ဖို့ကိစ္စ၊ ငါတို့မိသားစုရဲ့ကိစ္စ ဟုတ်လား...။

"ဦးလေးတို့လိုပဲ၊ အကြွေးလာတောင်းကြတာ"

တောက်လျှောက်တိတ်ဆိတ်နေသော ချိုးယိက တစ်ခွန်းဝင်ပြောသည်။

"အကြွေးလာတောင်းတာ ဟုတ်လား"

အမျိုးသမီးတစ်ယောက်က ပျန်းနမ်နှင့်ဝမ့်ဖေးကို ခြေစခေါင်းဆုံး အပေါ်အောက်စုန်ဆန် အကဲခတ်ကြည့်ပြီးနောက် ချိုးယိကို လက်ညှိုးထိုးကာ -

"မင်း သူတို့ဆီကနေ ပိုက်ဆံချေးထားတယ်ပေါ့"

ပျန်းနမ်သည် ရင်ထဲမှ အံ့သြသင့်နေသည့်စိတ်ကို ဖိနှိပ်ပြီး၊ ချိုးယိမျက်လုံးကို အလျင်အမြန်ပင် တစ်ချက်ကြည့်လိုက်သည်။ ချိုးယိက သူ့ကို အလွန်တရာ တည်ငြိမ်အေးဆေးစွာ ကြည့်နေသည်။

လခွမ်း ဒါကြီးက ဘယ်လိုဒိုင်ယာလော့ဇာတ်ကွက်လဲဟ။

"မှန်တယ်"

နှစ်စက္ကန့်ခန့် တိတ်ဆိတ်နေပြီးနောက် ပျန်းနမ် ပြောလိုက်သည်။ ဤဝင်းခြံထဲတွင်ရှိနေသည့်လူများက ချိုးယိနှင့် မည်ကဲ့သို့သော တော်စပ်မှုမျိူးဖြစ်နေပါစေ၊ ထိုလူများမှာ ကြည့်လိုက်လျှင် ဖော်ရွေလှိုက်လှဲပုံ လုံးဝ မပေါ်နေချေ။ ကြည့်ရသည်မှာ ပြဿနာလာရှာဟန် ရသည်။ သူသည် ချိုးယိနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရုံသာ တတ်နိုင်သည်။

"ဘယ်လောက် ချေးလိုက်လဲ"

အမျိုးသမီးက အလွန်သင်္ကာမကင်းဖြစ်စွာ မေးသည်။

"ခင်ဗျားအပူ ပါလား။ ခင်ဗျား သူ့အစား ဆပ်ပေးဖို့လား"

ပျန်းနမ်က အလွန်တိုတောင်းသောအချိန်အတွင်းတွင် သူ့ကိုယ်သူကို ဗိုလ်ကျသည့်အကြွေးတောင်းသူအသွင် ယူလိုက်ပြီး စိတ်မရှည်သော အမူအရာဖြင့် နောက်ထပ် ထပ်မေးလာပြန်သည်။

"ခင်ဗျားတို့က သူနဲ့ ဘာတော်လဲ"

ဖြေဆိုသူ တစ်ယောက်မျှ မရှိ‌ပေ။ ချိုးယိက လည်ချောင်းဟန့်လိုက်ပြီး -

"ငါ့အိမ်က အမျိုးတွေ"

"အမျိုးတွေ ဟုတ်လား"

ဝမ့်ဖေးမှာ နောက်ဆုံးတွင် သတိပြန်လည်လာပြီး သရုပ်ဆောင်လူတန်းထဲတွင် ဝင်ပါလာပြီး စိုက်ကြည့်လိုက်ရင်း -

"အမျိုးဆိုရင် အတော်ပဲ။ သူ့အစား ငွေပြန်ဆပ်ပေးလိုက်တော့"

ကျောင်းဝတ်စုံ မဝတ်ဆင်ထားသော အခြေအနေမျိုးတွင် ပျန်းနမ်နှင့်ဝမ့်ဖေးတို့ နှစ်ယောက်စလုံးသည် ကြည့်လိုက်လျှင် မရည်မွန်နေကြပေ။ အထူးသဖြင့် ဝမ့်ဖေးဖြစ်သည်။ ခေါက်ဆွဲ သွားဝယ်စားရာတွင် ပိုက်ဆံယူလာရန် မေ့သွား၍ တစ်ခါတည်း ထထွက်သွားလာခဲ့တာတောင် သူ့ကို တားဝံ့သည့်သူ မရှိချေ။ နောက်တစ်ရက် ဆိုင်ရှင်ကို ပိုက်ဆံသွားပြန်ပေးချိန်တွင်တောင် တစ်ဖက်လူက လက်မခံရဲပေ။

ခြံထဲရှိ လူများအားလုံးတို့သည် ဤရုတ်တရက်ပေါက်ဖွားသောအလှည့်အပြောင်းထဲမှ သတိပြန်မလည်လာ‌သေးရာ တစ်ယောက်မျှ ဘာစကားမျှ မဆိုကြပေ။

"သားတို့ဆီမှာ ဆပ်ဖို့ပိုက်ဆံ မရှိဘူး ......"

ချိုးယန့်၏ အငိုရိပ်ပါသော အသံက ပျန်းနမ်ကိုယ်နောက်မှ ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလိုက်သောအခါ ပျန်းနမ်မှာ ဇာတ်လမ်းထဲမှာ လွတ်ထွက်လာတော့မလိုဖြစ်ပြီး ချိုးယန့်ကို လှည့်ဖက်ပြီး ကောင်းကောင်းနှစ်သိမ့်ပေးချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။

"ပြန်ဆပ်ဖို့ပိုက်ဆံမရှိရင် လွယ်ပါတယ်"

သူသည် လက်သင့်ရာအတိုင်း တံခါးဘေးနားမှ တုတ်တစ်ချောင်း လမ်းကြုံ ဆွဲယူ၍ ကိုင်လိုက်ပြီး -

"ခြေထောက် နောက်တစ်ဖက် ရှိသေးတယ် မဟုတ်လား။ တစ်ခါတည်း အတူတူ ရိုက်ချိုးပစ်ရတာပေါ့"

"ဘယ်သူမှ ထွက်မသွားကြနဲ့"

ဝမ့်ဖေးက ခြံထဲရှိလူများကို လက်ညှိုးညွှန်ရင်း ပြောသည်။

***

(ဆက်ရန်)

Continue Reading

You'll Also Like

35.6K 2.3K 25
Title: Unbridled Author(s): Wu Zhe 巫哲 Translator: Mel's Translations Group (🔺translated by their permission 🔺) Credit to cover photo owner. Year 20...
1.9M 75.5K 95
Rebirth of the Little Mute 重生之小哑巴 Author(s) 穆青延 Status in COO 93 + 2 Extras (Completed) Description Mu Xiaoke was a fool in his previous life, but he...
2.1M 96.5K 200
Title ; 和殘疾大佬協議結婚後 (After Marriage With A Disabled Gangster) Author ; Lu Shi (鹿拾) Chapters ; 120 (completed) Description ; Regarding the marri...