《Wolf pair》- ဘာသာပြန်

By wishywish0805

44.1K 7.2K 525

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 20

333 59 1
By wishywish0805

Chapter ● 20 ●

ပျန်းနမ်သည် ဆရာဝန်၏ရုံးခန်းထဲတွင် အိပ်ပျော်သွားခဲ့သော်ငြား အိပ်မပျော်သွားခင်တွင် ဆရာဝန်၏ ချိုးယိအပေါ် ထောက်ပြဝေဖန်ချက်နှင့် ဆိုဆုံးမစကားတို့ကို ကြားသွားခဲ့သေးသည်။

အကယ်၍ သူ လာမကူညီပေးလျှင် ချိုးယိတွင် ရွေးချယ်စရာ နှစ်မျိုးသာ ရှိသည်။ တစ်မျိုးမှာ ကိုယ့်ဘာသာကိုယ်ဆက်လက်၍ အကုန်သိမ်းကျုံးလုပ်ပြီး ခြေထောက်ကလည်း ဆက်လက်၍ သေသေချာချာ ပြန်မကောင်းနိုင်ဘဲ ဖြစ်နေမည်။ ထိုသို့မဟုတ်ဘဲ အခြားတစ်မျိုးမှာ အာ့ပေါင်နှင့်ချိုးဖေဖေတို့ကို လာလုပ်စေမည်။

ပျန်းနမ်အတွက် ပြောရလျှင် နဂိုကတည်းက သူသည် ချိုးယိကို အမှန်တကယ် ကံမကောင်းအကြောင်းမလှအောင် ရိုက်ပစ်မည်ဟူ၍ စဥ်းစားခဲ့ဖူးခြင်း မရှိပါချေ။ ချိုးယိ၏ခြေထောက် တကယ့်ကို ပြန်ကောင်းမလာတော့ဘဲ ချွတ်ယွင်းချက်ပြဿနာတစ်ခုခု ကျန်ခဲ့စေလိုသော မျှော်လင့်ချက်လည်း မရှိပါ။ သို့သော် ပေါက်စနလေး အာ့ပေါင်နှင့် ဒုက္ခိတ ဦးလေးတို့ နေ့စဥ်နေ့တိုင်း ပင်ပန်းအကျပ်တွေ့စေရန်ဆိုလျှင် သူ့အတွက် ပို၍တောင် လက်သင့်မခံနိုင်ပေ။

တစ်ခုတည်းသော ဖြေရှင်းချက်နည်းလမ်းမှာ သူ့အနေဖြင့် အကျိုးဆက်ကို တာဝန်ယူပြီး ငွေထုတ်၊ လုပ်အားထုတ်ရန်သာ ရှိသည်။

ချိုးယိ၏ထိုခြေထောက်လည်း မျက်နှာသိက္ခာထောက်ပြီး စောစောစီးစီး ပြန်လည်ကောင်းမွန်၍ သူ၏အလုပ်ကြမ်းသမားအဖြစ် တာဝန်ထမ်းဆောင်ရမည့်အချိန်ကာလကို တိုတောင်းလျော့နည်းရန်သာ သူ မျှော်လင့်သည်။

ကားထဲ ထိုင်နေရင်း သူသည် စားသောက်ဆိုင်အချို့ဆီ ဖုန်းဆက်လိုက်သည်။ ပထမဆုံးဆိုင်က ပြောသည်မှာ ငါးကီလိုမီတာအကွာအဝေးအတွင်းရှိ နေရာကိုသာ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမည်ဟူ၍။ ဒုတိယဆိုင်က လောလောဆယ်တွင် ဝန်ထမ်းအင်အား မလုံလောက်၍ ပို့ဆောင်ပေးရန် အဆင်မပြေဟု ပြောသည်။ တတိယဆိုင်က ယွမ်သုံးရာဖိုး မကျော်လျှင် မပို့ပေးဟူ၍ ......

"လခွမ်း"

ပျန်းနမ်မှာ အလွန်တရာ စိတ်တိုလာပြီး

"ဒါဆို ခင်ဗျားတို့ အဆင်ပြေတဲ့ဟင်းနှစ်ပွဲ ထပ်ထည့်ပြီး သုံးရာပြည့်အောင် ဖြည့်ပေးလိုက်တော့"

ဖုန်းဆက်ပြီးသွားပြီးနောက် ချိုးယိက သူ့ကို ကြည့်နေကာ အတော်ကြာတော့မှ သက်ပြင်းတစ်ချက် ချလိုက်ပြီး -

"သာမန်ပါဆယ်အစားအသောက်တွေ မင်း စားဖူးလား"

"ဘာလို့ မစားဖူးရမှာလဲ"

ပျန်းနမ်မှာ အလွန်ထိုင်းမှိုင်းနေကာ -

"ကျောင်းနားမှာဆို အမဲသားခေါက်ဆွဲတစ်ပွဲတည်းဆိုလည်း ကျောင်းအုတ်တံတိုင်းဘေးအရောက် လာပို့ပေးတာပဲ။ စူပါမားကက်မှာတောင် အအေး လမ်းကြုံ ဝင်ဝယ်ပေးသေးတယ်"

"ဒါဖြင့် ပုံမှန်ဆို လာပို့ပေးနိုင်တဲ့ အမြန်ပြင်အစားအစာရောင်းတဲ့ဆိုင်ကိုပဲ မင်း ဖုန်းဆက်လိုက်ရင် မပြီးသွားဘူးလား။ စားသောက်ဆိုင်ကြီးကနေ မဖြစ်မနေ မှာမှ ရမှာလား"

ချိုးယိမှာ ပြောစရာစကား မဲ့နေသည်။

"အမြန်ပြင်အစားအစာတွေက စားလို့မကောင်းဘူး။ ငါ ဗိုက်ဆာလာရင် စားလို့ကောင်းတဲ့ဟာ စားချင်တယ်"

ပျန်းနမ်က ပြောသည်။

ချိုးယိကို အိမ်ပြန်ခေါ်လာပြီးနောက် နောက်ထပ် တစ်နာရီနီးပါး စောင့်လိုက်ရပြန်သည်။ ပျန်းနမ်တစ်ယောက် လမ်းသွယ်ထိပ်သို့သွားပြီး စားသောက်ဆိုင်လေးတွင် ထမင်းဘူး လေးငါးဘူးခန့် ဖြစ်သလို သွားဝယ်လိုက်ရန် ဆုံးဖြတ်ချလိုက်ပြီးသည့်အချိန်တွင် စားသောက်ဆိုင်မှ အစားအသောက်ပို့ဆောင်မှုက နောက်ဆုံးတွင် ရောက်ရှိလာတော့သည်။

"ဝေါင်း ..."

ချိုးယန့်က စားပွဲကို လက်နှင့် ထောက်ကိုင်လျက် -

"အများကြီးပဲ။ စားလို့မကုန်ဘူးလေရော် ......"

"ပန်းကန်ပြား သုံးလေးချပ်လောက် သွားယူလာခဲ့"

ပျန်းနမ်က သူ့ခေါင်းလေးကို ပုတ်လိုက်ရင်း ဆက်၍ -

"စားမကုန်နိုင်စရာ ဘာရှိလဲ"

"ပိုက်ဆံတွေ တော်တော်ကုန်သွားမှာပဲ"

ဖေဖေချိုးက စားပွဲပေါ်ရှိ အကြီးအသေးစုံလင်သော အစားအသောက်ဘူးများကို ကြည့်နေရင်း မေးသည်။

"ဘယ်လောက်မှ မကျပါဘူး။ ဒီတစ်လောမှာ ကျွန်တော် ချက်တာတွေချည်းပဲ စားနေရတာ။ ကောင်းကောင်းမွန်မွန်လေး ပြောင်းစားကြည့်ရတာပေါ့ ဦးလေးရာ"

ပျန်းနမ်က ဘူးတစ်လုံးချင်းစီကို လိုက်ဖွင့်လိုက်ပြီး ဟင်းလျာများကို ချိုးယန့်ယူလာသော ပန်းကန်ပြားထဲသို့ လှယ်ထည့်လိုက်ရင်း -

"ကျွန်တော့်ဘာသာကျွန်တော်တောင် ဆက်သည်းမခံနိုင်တော့ဘူး"

"ချိုးယိ"

ဖေဖေချိုးက ချိုးယိကို တစ်ချက်ကြည့်လိုက်သည်။

ချိုးယိက အသံပြုလိုက်ပြီး လက်က အိတ်ကပ်ထဲ နှိုက်စမ်းလိုက်သည်။ ကြည့်ရသည်မှာ ပိုက်ဆံအိတ် ယူထုတ်ရန်အတွက် ဖြစ်ပုံရသည်။

"မလုပ်နဲ့နော်"

ပျန်းနမ်က သူ့လက်ကို ကြည့်နေသည်။

ချိုးယိ ငြိမ်သက်သွားကာ နှစ်စက္ကန့်ခန့် တိတ်ဆိတ်နေပြီးနောက် လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ညှိုးဖြင့် ပျန်းနမ်ကို ခေါ်ဟန် လုပ်လိုက်ရင်း -

"လာခဲ့"

ပျန်းနမ်က တစ်ချက်တွေဝေသွားပြီးနောက် ချိုးယိရှေ့သို့ တိုးလာသည်။

"မင်း ကျွေးဖို့လား"

ချိုးယိက တိုးတိုးမေးသည်။

"စောက်ပိုတွေ။ ငါ မကျွေးရင် ဒီလိုမျိုး မှာပါ့မလား"

ပျန်းနမ်လည်း အသံတိုးတိုးဖြင့် ပြောသည်။

"ငါ့ပိုက်ဆံအိတ်က အခန်းထဲမှာ။ မင်း သွားယူလိုက်"

ချိုးယိက ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

သူ့အဓိပ္ပာယ်ကို ပျန်းနမ် သဘောပေါက်သွားခဲ့ပြီး -

"ခဏနေရင်ပေါ့။ မလောဘူး"

"အာ့ပေါင် သွားယူလာခဲ့။ ခဏနေရင် မေ့သွားမှာ"

ဖေဖေချိုးက ချိုးယန့်ကို တွန်းလိုက်ရင်း ပြောသည်။

"ကျွန်တော် သွားမယ်။ ကျွန်တော် သွားမယ်"

ပျန်းနမ်က အခန်းထဲဆီ ကမန်းကတန်း ထွက်သွားရင်း -

"အာ့ပေါင် ထမင်းခူးတော့။ စားတော့မယ်"

ပျန်းနမ်သည် အိပ်ခန်းထဲတွင် တစ်ပတ်ပတ်လိုက်ပြီး သူ့ကိုယ်ပိုင် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံသုံးလေးရွက် ယူထုတ်လိုက်ပြီး ပိုက်ဆံအိတ်ထဲ ပိုက်ဆံပြန်ထိုးထည့်ရင်း ဧည့်ခန်းထဲ ပြန်ဝင်လာကာ -

"အများကြီး ပိုယူလိုက်ပြီ"

ချိုးယိက ပြုံးလိုက်ပြီး စကားမဆိုပေ။

ပျန်းနမ်သည် မူလက ဟင်းလျာသုံးပွဲနှင့် ဟင်းချိုတစ်ပွဲ မှာလိုက်ခြင်းဖြစ်သည်။ အရေအတွက်ပြည့်အောင် စားသောက်ဆိုင်ကို ဖြည့်ခိုင်းသည့်အချိန်တွင် နှစ်ပွဲသုံးပွဲခန့် ထပ်တိုးသွားသည်။ သို့သော် ကံကောင်းသည်မှာ ထပ်တိုးဟင်းပွဲထဲမှ နှစ်ပွဲမှာ ကြက်ပေါင်းလွှာတစ်ပွဲနှင့် ဘဲငန်းကင်တစ်ပွဲဖြစ်နေခဲ့သည်။ စား၍ မကုန်လျှင် ဖြေရှင်းရ ပိုလွယ်သည်။ ညစာအတွက် ချန်ထားလိုက်ရန်သာ။

ချိုးယန့်မှာ အတော်လေးစိတ်လှုပ်ရှားတက်ကြွနေကာ ထမင်းစားပြီးသွားပြီးနောက် ထရန်စဖော်မာစက်ရုပ်နှင့် ရီမုတ်ကွန်ထရိုး မော်တော်ကားကို ယူပြီး ခြံထဲ သွားကစားနေသည်။ သူ့ဘာသာသူ တစ်ယောက်တည်း ခြံထဲတွင် အော်လိုက် ရယ်လိုက်လုပ်နေ၏။

ချိုးယိက နံရံပေါ်မှ နာရီကို ကြည့်လိုက်ပြီး -

"ချိုးအာ့ပေါင်"

"ဘာကိစ္စလဲ"

ခြံထဲရှိ ချိုးယန့်က အသံကျယ်လောင်စွာ ပြန်ဖြေသည်။

"ဘယ်နှနာရီရှိပြီလဲ သိလား"

ချိုးယိက မျက်မှောင်ကြုတ်ထားသည်။

ချိုးယန့်က အိမ်ထဲ ပြေးဝင်လာပြီး နာရီကြည့်လိုက်သည်။ ထို့နောက် သူ့ပါးစပ်ကိုသူ အုပ်လျက် ဗလုံးဗထွေးဖြင့် ပြောသည်။

"တစ်နာရီ ထိုးပြီပဲ။ သား အချိန်ကို မမြင်လိုက်ဘူး"

"ပန်းကန်ဆေး"

ချိုးယိက စားပွဲပေါ်ရှိ ပန်းကန်နှင့်တူများကို လက်ညှိုးထိုးပြသည်။

ပျန်းနမ်က ပန်းကန်များနှင့်တူများကို ကူသိမ်းပေးလိုက်ပြီး ခြံထဲရှိ ရေကန်နားသို့ ယူသွားပေးလိုက်သည်။ နံဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး ချိုးယန့် ပန်းကန်ဆေးသည်ကို ကြည့်နေရင်း -

"ခဏနေကျရင် ကားကစားဖို့ မင်းကို ခေါ်သွားပေးမယ်လေ"

"ဟုတ်ပြီလေ"

ချိုးယိ၏မျက်လုံးများ တောက်ပလာပြီး လက်ထဲမှ ပန်းကန်ပြားကို ခပ်သွက်သွက် လှည့်လှုပ်နေရင်း -

"ဘေးနားက မီးခြစ်ဆံစက်ရုံ ခြံဝင်းထဲမှာ သားတို့ သွားကစားလို့ရတယ်။ အဲဒီမှာ ရုံးလာတက်တဲ့သူ မရှိတော့ဘူး"

ချိူးယန့် ပန်းကန်ဆေးသည်ကို အဖော်ပြုပြီး စောင့်ပေးနေစဥ်တွင် အိမ်ခန်းထဲရှိ မိမိဖုန်းလာသံကို ပျန်းနမ်ကြားလိုက်ရသည်။ သူ့ကိုယ်ပေါ်တွင် သူ လိုက်စမ်းသပ်ကြည့်သည်။ ဖုန်းကို အိတ်ထဲသို့ ဘယ်အချိန်ထည့်လိုက်မှန်း သူ မသိလိုက်ပေ။

ဖုန်းမှာ သူ့အဖေ ဆက်လာခြင်းဖြစ်သည်။ ဖုန်းကိုင်လိုက်သောအခါ သူ့အဖေ၏ အလွန်တရာ အလိုမကျနေသော အသံကို ကြားလိုက်ရသည်။

"မင်း ဘာလုပ်တာလဲ"

"ကျွန်တော် ......"

ပျန်းနမ် မျက်မှောင်ကြုတ်လိုက်သည်။ ယနေ့ သူအိမ်ပြန်မည့်ကိစ္စကို ဆိုလိုကြောင်း သူ သိသည်။

"ကျွန်တော် ညနေကျရင် ပြန်လာခဲ့မယ်"

"အန်တီက မင်းအတွက် အင်္ကျီဝယ်ထားပေးတယ်လို့တောင် ငါ မင်းကို ပြောပြထားပြီးပြီကို မင်း နည်းနည်း စောစောလေး ပြန်လာလို့ မရဘူးလား"

သူ့အဖေက အနည်းငယ်စိတ်ဆိုးနေပုံပေါ်ကာ -

"ပျန်းဟောက် မင်းကိုဖုန်းဆက်တော့လည်း မင်း မကိုင်ဘူး ......"

"သူ ကျွန်တော့်ဆီ ဖုန်းဆက်တယ်လား"

ပျန်းနမ်က ကြက်သေသေသွားသည်။ သူ့ဆီ ပျန်းဟောက် ဖုန်းဆက်လာခြင်းဟူသည် ပျန်းဟောက်ဆီ သူ ဖုန်းဆက်သကဲ့သို့ပင် နိမ့်ကျသောဖြစ်နိုင်ခြေတောင် မခေါ်ထိုက်သော ကိစ္စဖြစ်သည်။ တကယ်ကို မဖြစ်နိုင်နေပေ။

သူသည် ဖုန်းကို ယူကြည့်လိုက်ရာ မကိုင်ဖြစ်သော ဖုန်းအဝင်ခေါ်ဆိုမှု မတွေ့ရပေ။

"ကျွန်တော့်ဆီ မခေါ်ထားဘူး။ သူ ကျွန်တော့်ဆီ ဖုန်းဆက်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"တော်ပြီ မင်း ဒါတွေ မပြောနေနဲ့တော့"

သူ့အဖေက ခပ်လေးလေး အသံဖြင့် -

"ချက်ချင်း ပြန်လာခဲ့"

"...... သိပါပြီ"

ပျန်းနမ်မှာ ချက်ချင်းပင် ရင်ထဲ နောက်ကျိသွားပြီး ဖုန်းချလိုက်ပြီးနောက် မူလနေရာတွင်ပင် အတော်ကြာသည်အထိ မလှုပ်မယှက် ရပ်နေခဲ့သည်။

ဖေဖေချိုးက ဆေးသောက်ပြီးသွား၍ အိပ်ခန်းထဲပြန်ပြီး အနားဝင်ယူတော့မှ ဆိုဖာပေါ် ထိုင်နေသည့် ချိုးယိက သူ့ကို ခေါ်လိုက်သည်။

"ဟေ့"

"ဟင်"

ပျန်းနမ်က သတိပြန်ဝင်လာပြီး သူ့ကို ကြည့်နေရင်း -

"ဘာလုပ်ဖို့လဲ"

ချိုးယိက တံခါးပေါက်ဝဆီ မေးဆတ်ပြလိုက်၍ ပျန်းနမ် နောက်လှည့်ကြည့်လိုက်သောအခါ ပန်းကန်ဆေးကြောပြီးစီးသွား၍ တံခါးဘောင်ကို ဖက်တွယ်လျက် မျှော်လင့်တကြီးအမူအရာဖြင့် သူ့ကို ကြည့်နေသော ချိုးယန့်ကို မြင်လိုက်ရသည်။

"မင်း ကိစ္စရှိတယ်ဆိုရင် သူ့ကို ငါပဲ ကစားဖို့ ခေါ်သွားပေးလိုက်မယ်"

ချိုးယိ ပြောသည်။

"ကိစ္စမရှိဘူး"

ပျန်းနမ်က ချိုးယန့်အနားသို့ လျှောက်သွားပြီး သူ့ပခုံးလေးကို ပုတ်လိုက်ကာ -

"သွားမယ်။ ကား သွားကစားကြမယ်"

မည်သို့ဆိုစေ နောက်ကျနေခဲ့ပြီဖြစ်သည်။ အဖေလည်း စိတ်မချမ်းမသာ ဖြစ်သွားခဲ့ပြီ။ သူသည်လည်း သုတ်သီးသုတ်ပျာဖြင့် အပြေးအလွှားပြန်သွားရန် ပျင်းရိလှသည်။ အကယ်၍ သူ့အဖေစိတ်နှလုံးထဲမှ သူ၏ "မသိတတ် မလိမ္မာသော" ပုံရိပ် နောက်တစ်ဆင့်ထပ်ပြီး နက်နဲသွားမည်ကိုသာ မစိုးရိမ်ရပါက သူသည် ယနေ့တွင် အိမ်ပြန်ရန်တောင် ပျင်းနေပြီ။

တစ်ခါတလေတွင် မိမိမှာ အလွန်တရာ ခိုကိုးရာမဲ့လှသည်ဟု ပျန်းနမ် ခံစားရတတ်သည်။ အမေရင်းက ငွေမလိုလျှင် ပေါ်မလာတတ်ပေ။ သူ့အမေဆီမှ မိသားစုမေတ္တာကို ပျန်းနမ် ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။ သူ၏ တစ်ခုတည်းသော ဘဝကယ်တင်ရာ ကောက်ရိုးမျှင်မှာ သူ့အဖေသာ ဖြစ်သည်။ သို့သော် သူ့အဖေမှာ အလျင်ဦးဆုံးအနေဖြင့် သူများ၏အဖေဖြစ်သည်။ သူ့အမေရင်းကြောင့် ထိခိုက်နစ်နာသွားသော မိသားစုမှ အဖေနှင့်ခင်ပွန်းဖြစ်သည်။

ပြီးလျှင် သူသည် ကြိုဆိုမခံရသည့်၊ သို့သော် ငယ်စဥ်ကတည်းက အလိုလိုက်ခံရပြီး ကြီးပြင်းလာသည့် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်သည်။

ပျန်းနမ်သည် မီးခြစ်ဆံစက်ရုံ၏ စွန့်ပစ်ခံ ခြံဝင်းထဲတွင် ထိုင်နေလျက် ခြံအနှံ့ပတ်ပြီး မော်တော်ကားနောက် ပြေးလိုက်နေသော ချိုးယန့်ကို ကြည့်နေရင်း ရုတ်တရက်ပင် စိတ်ထဲ ထိရှသွားသည်။ တစ်ခါတစ်ရံတွင် မိမိသည် အတော်လေး ညှိုးငယ်ထိုင်းမှိုင်းလှသည်ဟု အမှန်တကယ် ခံစားရသည်။ သို့သော် ချိုးယိကို စဥ်းစားမိသည်နှင့် အနည်းငယ် အတွေးရခက်ပြီး မယုံကြည်နိုင်စရာကောင်းလှသည်ဟု ခံစားရပြန်သည်။

ချိုးယန့်စကားအရဆိုလျှင် သူ့အမေကို သူ မ‌တွေ့ဖူးပေ။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကပင် ချိုးယိတို့အမေက ဆုံးပါးသွားခဲ့ပြီ။ ကားမတော်တဆမှု...။ သူတို့အဖေ၏ခြေထောက်သည်လည်း ကားမတော်တဆမှုကြောင့်ဟု ချိုးယန့်ပြောပြဖူးသည် ......

ပျန်းနမ် မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ တူညီသော မတော်တဆမှုသာဆိုပါက ချိုးယိမှာ အသက်ကိုးနှစ် သို့မဟုတ် ဆယ်နှစ်ကတည်းကစပြီး ယခုကဲ့သို့ အသက်ရှင်နေထိုင်ခဲ့တာလား။

"အာ့ပေါင်"

ပျန်းနမ်က ချိုးယန့်ကို ခေါ်လိုက်သည်။

"အာ ..."

ပျန်းနမ်က ကျယ်လောင်စွာ ပြန်ထူးသည်။

"လာခဲ့အုံး။ အစ်ကို ဖက်ရအောင်"

ပျန်းနမ်က လက်မောင်းနှစ်ဖက်ကို ဆန့်ထုတ်သည်။

ချိုးယန့်က ရီမုတ်ကွန်ထရိုး ကိုင်လျက် ပြေးလာခဲ့ပြီး သူ့ရင်ခွင်ထဲ တိုးဝင်လာသည်။

"ကြည့်ရတာ ဘက်ထရီကုန်တော့မယ်ထင်တယ်"

"စူပါမားကက်မှာ သွားဝယ်လိုက်ရင် ရပြီ"

ပျန်းနမ်က ချိုးယန့်ကို ဖက်ထားပြီး မေးစေ့ဖြင့် သူ့ခေါင်းလေးပေါ်ကို တိုးတိုက်သည်။

ချိုးယန့်အား တစ်နာရီကျော်ကြာ အဖော်လုပ်ပြီး မော်တော်ကား ဆော့ပေးလိုက်ပြီးမှ ပျန်းနမ်သည် နဖူးအပြည့် ချွေးစို့နေသော ချိုးယန့်အား အိမ်ပြန်ခေါ်လာသည်။

"ငါ ......"

ပျန်းနမ်က ချိုးယန့်နောက်မှလိုက်ပြီး အိမ်ထဲ ဝင်လာသည်။ ပြန်တော့မယ်ဟု ပြောရန်အလုပ်တွင် ချိုးယန့်က ရုတ်တရက် ခေါင်းလှည့်လာပြီး လက်ညှိုးကို နှုတ်ခမ်းပေါ်တင်လျက် "ရှူး" ဟု ပြောသည်။

"သားကိုကို အိပ်ပျော်သွားပြီ"

ချိုးယန့်က တီးတိုးပြောသည်။

"ဪ"

ပျန်းနမ် တစ်ချက်ဝေ့ကြည့်လိုက်ရာ ချိုးယိသည် ဆိုဖာပေါ်လှဲအိပ်နေပြီး လက်မောင်းကို ခေါင်းအုံးထားလျက် ခြေထောက်ကို ဆိုဖာ၏လက်တင်တန်းပေါ် တင်ထားသည်။ အိပ်ပျော်နေသည့်ပုံ ပေါ်သည်။ သူ အသံတိုးတိုးဖြင့် -

"မင်း မျက်နှာအရင်သွားသစ်လိုက်။ ချွေးတွေချည်းပဲ"

ချိုးယန့်က တဘက်ယူပြီး မျက်နှာသစ်ရန် ပြေးထွက်သွားသည်။ ပျန်းနမ်သည် အိမ်ခန်းထဲ ဝင်လာပြီး ချိုးယိကို နှိုးကာ ပြန်မည့်အကြောင်းပြောရန် သင့်မသင့်ကို ‌ဝေခွဲမရဖြစ်နေသည်။

"ချိုးသာ့ပေါင်"

သူ ခါးကိုင်းလိုက်ကာ ချိုးယိကို အသံဖွဖွဖြင့် ခေါ်လိုက်သည်။

ချိုးယိက ဘာမှ ပြန်မထူးချေ။ သူသည် ရှေ့သို့ နည်းနည်းထပ်တိုးလာပြီး -

"ဟေ့ ကျောင်းသား သာ့ပေါင်။ ချိုးသာ့ပေါင်။ ချိုးယိ ...... ပိုးဟပ်ဖြူ ကလေးမလေး ......"

ချိုးယိမှာ အမှန်တကယ် အိပ်ပျော်သွားခဲ့ပြီ ထင်သည်။ သူ ကျွတ်ခနဲ စုတ်သတ်လိုက်ပြီး လက်မြှောက်ကာ ချိုးယိအား တွန်းနှိုးရန်အလုပ်တွင် လက်မြှောက်လိုက်ပြီးနောက် ရပ်လိုက်ပြန်သည်။ ချိုးယိ၏မျက်တောင်မွေးများက အတော်လေး ရှည်သွယ်လှသည်ကို သူ သိလိုက်ရသည်။ ပုံမှန်အချိန်တွင်တော့ မမြင်ရပေ။ သိသိသာသာ မပေါ်လွင်သလို ခံစားရသည်။

မျက်တောင်တွေက အနက်ရောင် မဟုတ်နေတာကြောင့်လား။

သူ တိုးကပ်သွားပြီး ချိုးယိ၏မျက်တောင်ကို စိုက်ကြည့်နေသည်။ သွေးနှောကပြား၏မျက်တောင်က ဘာအရောင်ရှိတာလဲ။

ခပ်လိပ်လိပ် ဖြစ်နေတတ်လား။

"မင်းကိုယ်က မီးလုံးလိုပဲဆိုတာ မင်းသိလား"

ချိုးယိက ရုတ်တရက် မျက်စိပွင့်လာသည်။

"ငါလူး"

ပျန်းနမ်မှာ လန့်သွားခဲ့ပြီး အသံခပ်အုပ်အုပ်ဖြင့် အော်လိုက်ကာ -

"မင်းက အိပ်ပျော်နေတာလား မပျော်နေဘူးလား"

"အိပ်ပျော်သွားတယ်။ မင်းဆီက အပူဓာတ်နဲ့ကင်နေလို့ နိုးလာတာ"

ချိုးယန့်ကို သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -

"မင်း ဘာလုပ်နေတာလဲ"

"ဘာမှ မလုပ်နေဘူး။ အာ့ပေါင်ကို ပြန်ခေါ်လာပြီဆိုတာ မင်းကို ငါ ပြောသွားချင်လို့။ ငါ ပြန်ရတော့မယ်"

ပျန်းနမ်က သူ့အိတ်ကိုသူ လှမ်းယူလိုက်ပြီး စဥ်းစားလိုက်ပြီးနောက် မေးလာပြန်သည်။

"မင်းမျက်တောင်က ဘာအ‌ရောင်လဲ"

"ဘာကြီး"

ချိုးယိက ကြောင်တောင်တောင်ဖြစ်သွားသည်။

"မျက်တောင်။ ဘာအရောင်လဲ"

ပျန်းနမ်က သူ့မျက်တောင်ကိုသူ ညွှန်ပြလိုက်ပြီး -

"ငါ့မျက်တောင်ကတော့ အနက်ရောင်။ ဘာမှ သိပ်မတွေ့ရဘူးဆိုပေမဲ့ပေါ့လေ"

"ငါ မသိဘူး။ မလေ့လာဖူးဘူး"

ချိုးယိမှာ အူမြူးသွားပြီး -

"မင်းက တကယ်ကို တော်တော်အားယားနေတာပဲ"

"အဲဒါက သွေးနှောကပြားတွေကို ငါ မမြင်ဖူးလို့လေ"

ပျန်းနမ်က ကျွတ်ခနဲ စုတ်သပ်လိုက်ပြီးနောက် မျက်နှာသစ်ပြီး၍ အိမ်ထဲဝင်လာသော ချိုးယန့်ကို လမ်းကြုံ ဆွဲခေါ်လိုက်ကာ -

"အာပေါင် လာခဲ့အုံး၊ မင်းမျက်တောင်က ဘာအရောင်လဲလို့ တစ်ချက်ကြည့်ကြည့်ရအောင်"

"အမည်းရောင်လေ"

ချိုးယန့်သည် မျက်လုံးမှိတ်လျက် ပျန်းနမ်ဆီ မျက်နှာမော့ပေးလိုက်သည်။ မျက်တောင်မွေးတို့မှာ မျက်ခွံနှင့်ထပ်တူ တုန်ယင်နေလျက်ရှိသည်။

"အညိုရောင်ဖြစ်မယ်လို့ ငါ ထင်နေခဲ့တာ"

ပျန်းနမ်က ပြုံးလျက် သူ့မျက်နှာလေးကို ညှစ်လိုက်ပြီး -

"မင်း ခဏသွားနားလိုက်တော့။ ငါ အိမ်ပြန်ရတော့မယ်"

"ဘယ်တော့ ထပ်လာအုံးမလဲဟင်"

ချိုးယန့်က မေးသည်။

"အားတာနဲ့ လာခဲ့မယ်"

ပျန်းနမ် ပြန်ဖြေသည်။

ထိုစကားကို ပြောလိုက်ချိန်တွင် သူသည် အလွန် အေးဆေးပေါ့ပါးနေမှန်း ရုတ်တရက် သိရှိလိုက်ရသည်။

အကျင့်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။

ချိုးယိတို့အိမ်မှ ထွက်လာခဲ့ပြီးနောက် ပျန်းနမ်သည် တက္ကစီငှားပြီး အိမ်ပြန်လာခဲ့သည်။ ကားပေါ်ရောက်ပြီး မိနစ်ပိုင်းအတွင်းတွင် သူသည် ကားထိုင်ခုံကို မှီလျက် အိပ်ပျော်သွားတော့သည်။

ကားဆရာက သူ့ကို တွန်းနှိုးလိုက်သည့်အချိန်တွင် မျက်လုံးဖွင့်လိုက်သည်နှင့် သူသည် အိမ်ရာဝင်း၏ အလွန်တရာ လူကုံထံဆန်သော ဂိတ်တံခါးပေါက်နှင့်အတူ တံခါးပေါက်ပေါ်ရှိ အထူးတလည် လူကုံထံဆန်လှသော အိမ်ရာ၏အမည်ကို တွေ့လိုက်ရသည်။ အလွန်ကြီးမားလေးလံသော ဖိအားကို ရုတ်တရက်ခံစားလိုက်ရ၏။

အိမ်ပြန်ခြင်းဟူသည်မှာ သူ့အတွက်တော့ ပျော်စရာကိစ္စတစ်ရပ် တကယ် မဟုတ်နေပါ။ အထူးသဖြင့် ပျန်းဟောက်နှင့် ပျန်းရှင်းယွီတို့နှစ်ယောက် အိမ်တွင် တစ်ချိန်တည်းအတူတူရှိနေသည့်အချိန်မျိုးတွင် ဖြစ်သည်။

သူသည် ကားဆရာကို အိမ်ရာထဲအထိ မမောင်းဝင်စေလိုက်ပေ။ ကားပေါ်မှ ဆင်းလာပြီးနောက် ဖြည်းဖြည်းနှေးနှေးဖြင့် လမ်းလေးအတိုင်း လမ်းလျှောက်ဝင်လာခဲ့သည်။

အိမ်၏ ခြံတံခါးအပြင်သို့ ရောက်လာပြီး သော့ ထုတ်ယူသည့်လှုပ်ရှားမှုလည်း အလွန်နှေးကွေးနေသည်။ သော့နှိုက်နေရင်းတန်းလန်း ဖုန်းလာသံများ ထပ်ကြားရပြန်လေမလားဟု အစဥ် စဥ်းစားနေမိသည် ... ...

"ရှောင်နမ် ပြန်လာပြီလား"

ဧည့်ခန်းတံခါး တွန်းဖွင့်လိုက်ချိန်တွင် အန်တီလင်၏အသံ ထွက်ပေါ်လာသည်။

"အန်တီ"

ပျန်းနမ်က ခေါ်လိုက်ပြီး ပြုံးပြလိုက်ရင်း -

"ကျွန်တော် နေ့လယ်က အတန်းဖော်တွေနဲ့ထမင်းစားဖြစ်သွားလို့ ပြန်လာတာ နောက်ကျသွားတယ်"

"ကိစ္စမရှိဘူး ကိစ္စမရှိဘူး။ မင်းအဖေက ဆူညံပူညံပြောနေသေးတယ်ရော်။ အတန်းဖော်တွေနဲ့ အတူတူရှိနေမှာပါလို့ အန်တီပြောနေသားပဲ"

အန်တီက အနားလျှောက်လာပြီး သူ့ကို အပေါ်အောက်စုန်ဆန်ကြည့်ကာ အကဲခတ်လိုက်ရင်း -

"အခုမှ နွေဝင်ခါစကို ဘယ်လိုဖြစ်လို့ နေလောင်ခံပြီး ညိုလာသလို ခံစားနေရတာလဲကွယ်"

"ကျွန်တော်ကိုက ဖြူမှ မဖြူဖူးတဲ့ဟာ"

ပျန်းနမ်က ပြုံးရင်းပြောသည်။ အိတ်ကိုယူပြီး အိမ်အပေါ်ထပ်ရှိ သူ့အိပ်ခန်းဆီ ပြန်ရန်လုပ်နေဆဲ မျက်လုံးအပင့်တွင် ဧည့်ခန်းထဲ ထိုင်နေသော ပျန်းဟောက်ကို မြင်လိုက်ရသည်။ သူ့အပြုံးမှာ ထိန်းသိမ်းတားဆီး၍ မရနိုင်စွာ မျက်နှာပေါ်တွင် တောင့်တင်းအေးခဲသွားတော့သည်။

"တစ်ကိုယ်လုံး ချွေးတွေချည်းပဲ။ အပေါ်မြန်မြန်တက်ပြီး ရေအရင်ချိုးလိုက်။ မင်းအတွက် ဝယ်ထားပေးတဲ့အင်္ကျီတွေကို အန်တီ မင်းအခန်းထဲ ထည့်ထားပေးတယ်။ ကြိုက်မကြိုက် ကြည့်ကြည့်လိုက်"

အန်တီက သူ့ကျောကို ပုတ်လိုက်ပြီး ဆက်၍ -

"မင်းအဖေက စာကြည့်ခန်းထဲမှာ"

"အင်း။ ကျေးဇူး အန်တီ"

ပျန်းနမ်က အပေါ်ထပ်ဆီ လျှောက်သွားရင်း ဆိုသည်။

အဖေ၏အခန်းသည် တတိယထပ်တွင် ရှိသည်။ တတိယထပ်မှာ အခြေခံအားဖြင့် သူ့အဖေ၏ပိုက်နက် ဖြစ်သည်။ စာကြည့်ခန်း၊ အားကစားလေ့ကျင့်ရေးအခန်း၊ စုဆောင်းသိမ်းဆည်းထားသည့်ပစ္စည်းများ ပြသထားရှိသော အခန်း စသည်ဖြင့်။ လုပ်ထားသည့်ပုံကတော့ ဟုတ်တိပတ်တိပင်။ သို့သော် ပျန်းနမ်က အပေါ် သိပ်မတက်ဖြစ်ပေ။

ကိုယ့်အခန်းထဲရောက်၍ အိတ်ကို ချလိုက်ပြီးနောက် သူသည် ခုတင်ပေါ်တွင် ထားထားသော အထုပ်များကို ကြည့်လိုက်သည်။ အင်္ကျီဘောင်းဘီများ လေးငါးစုံခန့် ပါရှိသည်။ ပျန်းနမ်က ပေါ်ပေါ်လွင်လွင်မရှိသော အဖြူ၊ အမည်း၊ ခဲရောင်တို့ကို သဘောကျသည်။ သို့သော် အန်တီကမူ အရောင်လင်းလင်းများကို ကြိုက်သည်။ သူ့အတွက် ဝယ်ပေးတိုင်း အဝတ်အစားအရောင်များမှာ အလွန်မျက်စိစူးစရာကောင်းလှသည်။

သူသည် မဆိုစလောက် အရောင်ဖျော့သော အဝတ်အချို့ကို ရွေးလိုက်သည်။ ကျောင်းပြန်သည့်အချိန်တွင် တစ်ပါတည်းယူသွားရန် တွေးထားသည်။ ထို့နောက် အခန်းထဲမှ ထွက်လာပြီး စာကြည့်ခန်းထဲသွားကာ သူ့အဖေနှင့် စကားအနည်းငယ်ပြောရန် ပြင်ဆင်သည်။

အခန်းထဲမှ ထွက်လာခါစတွင်ပင် စင်္ကြံလျှောက်လမ်းတွင် မှီရပ်လျက်ရှိနေသော ပျန်းရှင်းယွီကို တွေ့လိုက်ရပြီး သူ ထွက်လာသည်ကို မြင်သည်နှင့် ‌တွေဝေသလို ဖြစ်သွားပြီးနောက် မေးဆတ်ကာ -

"ဟိတ် ပျန်းနမ်"

ပျန်းနမ်က ခြေလှမ်းရပ်လိုက်ပြီး သူ့ကို ကြည့်နေသည်။ ပျန်းရှင်းယွီသည် လည်ချောင်းဟန့်လိုက်ပြီး မျက်လုံးအကြည့်က ပျန်းနမ်နောက်ရှိ နံရံကို ကြည့်နေကာ -

"ဟိုလေ ...... နင်နဲ့ ဟို ...... ချိုးယိ ...... နင်တို့နှစ်ယောက် ရင်းနှီးလား"

"တော်သင့်ရုံလောက်"

ပျန်းနမ် ပြောလိုက်သည်။ ပျန်းရှင်းယွီက ရုတ်တရက် သူနှင့် စကားလာပြောပြီး ပြောသည့် အကြောင်းအရာကလည်း ချိုးယိအကြောင်းဖြစ်နေသည့်အပေါ် ပျန်းနမ်မှာ အတော်လေး အံ့အားသင့်ရသည်။

"သူ့ခြေထောက် ဒဏ်ရာ ရသွားတယ်မလား"

ပျန်းရှင်းယွီက မေးသည်။ အကြည့်ကတော့ နေရာအနှံ့သို့ လွင့်မျောနေဆဲပင်။

"အင်း။ အရိုး ကျိုးသွားတယ်"

ပျန်းနမ်က အပေါ်ထပ်တက်ရန် လှည့်ထွက်သည်။

"ဟဲ့ နင် ဘာတွေ လောနေတာလဲ"

ပျန်းရှင်းယွီက မျက်မှောင်ကြုတ်လျက် စကားသံကို မြှင့်လိုက်ပြီး ပြောလိုက်သည်။ ထို့နောက် အသံကို ပြန်နှိမ့်ချလိုက်ပြန်ကာ -

"ဒဏ်ရာက ဘယ်လိုနေလဲ။ သူ့အိမ် ဘယ်မှာလဲဆိုတာ နင် သိလား။ သူ ဆေးရုံမတက်နေတော့ဘူး မဟုတ်လား"

"နင် ......"

ပျန်းနမ်က သူ့ကို ကြည့်နေရင်း အတွေးထဲတွင် ပျန်းရှင်းယွီနှင့်ချိုးယိတို့၏ဆက်ဆံရေးနှင့်၊ မိမိကို ဤအကြောင်းများ ပျန်းရှင်းယွီ လာမေးရသည့်အကြောင်းအရင်းတို့ကို အလျင်အမြန် အဖြေရှာနေသည်။

"နင် သူ့ဆီ ဖုန်းဆက်မေးလိုက်ရင် မသိသွားဘူးလား"

"သူ့ကို ငါ ရှာတွေ့နိုင်နေရင် နင့်ကို မေးနေဦးပါ့မလား။ သူ့ဖုန်း စက်ပိတ်ထားတယ်"

ပျန်းရှင်းယွီက အနည်းငယ်မကျေမနပ်ဖြစ်စွာ ပြောသည်။

စက်ပိတ်ထားတယ် ဟုတ်လား။ ပျန်းနမ် ကြောင်သွားသည်။ သူ ဖုန်းဆက်လိုက်သည့်အချိန်တိုင်း ဆက်ဖြစ်သည့်နံပါတ်မှာ အာ့ပေါင် ပေးထားသော နံပါတ်ဖြစ်ကြောင်းကို ရုတ်တရက် သတိရသွားသည်။ ချိုးယိရဲ့ဖုန်းက စက်ပိတ်ထားတယ်ပေါ့လေ။

"စကားပြောဦးလေ နင်"

ပျန်းရှင်းယွီက လောဆော်သည်။

"ငါလည်း မသိဘူး။ ငါ သူများပြောတာပဲ ကြားတာ။ ငါ့မှာ သူ့ဖုန်းနံပါတ်တောင် မရှိဘူး"

ပျန်းနမ်က ပြောသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ မယုံဘူး"

ပျန်းရှင်းယွီက ရုတ်တရက် လက်ဆန့်ထုတ်လိုက်ပြီး -

"နင့်ဖုန်း ငါ့ကို တစ်ချက်ပေးကြည့်"

ပျန်းနမ်က သူ့ကို အဖက်မလုပ်ဘဲ လှည့်ထွက်လာပြီး အပေါ်ထပ်ဆီ တစ်ခါတည်း လျှောက်လာသည်။ အကယ်၍ ယခုတစ်ခေါက်ကိစ္စကြောင့်သာမဟုတ်လျှင် သူနှင့်ချိုးယိတို့သည် ဆက်နွှယ်ပတ်သက်စရာအကြောင်းတစ်စုံတစ်ရာ ရှိလာရန် တကယ်ကိုပင် မဖြစ်နိုင်ချေ။

"ငါ့ကို ပေးကြည့်ဆို"

ပျန်းရှင်းယွီက သူ့လက်မောင်းကို ဆွဲလျက် တားလိုက်ပြီး အသံကို မြှင့်လိုက်သည်။

"ရှင်းယွီ ..."

အောက်ထပ် ဧည့်ခန်းထဲမှ ပျန်းဟောက်က အော်ခေါ်လိုက်သည်။

"ကိုကို့ကို ပြောနေတာ မဟုတ်ဘူး"

ပျန်းရှင်းယွီကလည်း အောက်ထပ်ဆီ အော်ပြောလိုက်ပြီး ခေါင်းပြန်လှည့်လာကာ ပျန်းနမ်အား ဆက်၍ စိုက်ကြည့်နေသည်။

"လက်လွှတ်"

ပျန်းနမ်မှာ လွန်စွာ စိတ်ရှုပ်ပြီး စိတ်တိုနေသည်။ သို့သော် နောက်ဆုံးတွင်တော့ သူ့လက်မောင်းကို ပျန်းရှင်းယွီ လွှတ်ပေးလိုက်ပြီးနောက်တွင် ဖုန်းယူထုတ်ပြီး ပျန်းရှင်းယွီလက်ထဲ ပစ်ထည့်လိုက်သည်ပင်။ ထို့နောက် အပေါ်ထပ် တက်လာသည်။

သူ့ဖုန်းထဲတွင် သိမ်းဆည်းမှတ်သားထားသည်မှာ အာ့ပေါင်ပေးထားသော ထိုဖုန်းနံပါတ်ဖြစ်သည်။ သုံးထားသောအမည်မှာ ဆံပင်ကောက်လေး ဖြစ်သည်။

အဖေက စာကြည့်ခန်း၏ နံရံအပြည့်ပြတင်းပေါက် ရှေ့တွင် ထိုင်လျက် လက်ဖက်ရည်ကြမ်း စိမ်နေသည်။ သူ ဝင်လာသည်ကို ကြားသော် လက်ယပ်ခေါ်လိုက်ပြီး -

"လာ၊ လက်ဖက်ရည်ကြမ်း သောက်"

ပျန်းဟောက်က လက်ဖက်အကြောင်းကို စိတ်မဝင်စားပေ။ ကော်ဖီကို ပိုကြိုက်သည်။ ပျန်းရှင်းယွီကမူ နေ့စဥ် ဝိတ်ချနေသည်။ အကယ်၍ ဝိတ်ချလက်ဖက်သာဆိုလျှင် သူ တစ်ငုံလောက် သောက်နိုင်ခြေရှိသည်။ အိမ်သားများထဲတွင် အဖေနှင့်အတူ အဖော်လုပ်ပြီး လက်ဖက်ရည်သောက်သည့်သူမှာ ပျန်းနမ်တစ်ယောက်သာ ရှိသည်။ သူသည်လည်း ထပ်တူပင် လက်ဖက်အပေါ် ဘာစိတ်ဝင်စားမှုမှ မရှိနေလင့်ကစား မိသားစုထဲတွင် သူကသာလျှင် သူ့အဖေကို ပွင့်လင်းထင်သာစွာ အတိုက်အခံမလုပ်မည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

သူ မဝံ့ရဲပါ။ သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပိုင်နိုင်မှု မရှိပေ။

"နေ့လယ်က အတန်းဖော်တွေနဲ့ ထမင်းသွားစားခဲ့တာလား"

အဖေက သူ့အား လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးသည်။

"အင်း"

ပျန်းနမ်က ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ကြမ်းကို ယူ‌သောက်လိုက်သည်။

"မင်းအတွက် အန်တီဝယ်ထားပေးတဲ့အဝတ်အစားတွေ ကြည့်ပြီးပြီလား"

သူ့အဖေက မေးသည်။

"ကြည့်ပြီးပြီ။ တော်တော်ကောင်းတယ်"

ပျန်းနမ်သည် ဘေးနားရှိ လက်ဖက်ရည်အိုး ထိန်းသိမ်းလှည်းကျင်းသော ဘရှပ်ရှ်ကို လှမ်းယူပြီး လက်ပေါ်တွင် လူးလာခေါက်ပြန် ဖြီးသပ်နေသည်။

သူ့အဖေက တစ်အောင့်ခန့် ရပ်တန့်သွားသည်။ စကားအကြောင်းအရာ ရှာမတွေ့တော့သည့်ပုံစံပင်။ ဤသို့ဖြင့် ထိုင်ခုံနောက်မှီကို မှီထိုင်လိုက်ပြီး စကား ထပ်မဆိုတော့ပေ။

ပျန်းနမ်လည်း စကားမဆိုပေ။ ကိုယ့်ဘာသာကိုယ် လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ထည့်ပြီး သောက်လိုက်ပြီးနောက် သူလည်း ထိုင်ခုံနောက်မှီကို မှီလိုက်ကာ မျက်လုံး မှိတ်ချလိုက်သည်။ သူ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ ယနေ့တွင်လည်း တစ်နေကုန် အလုပ်ရှုပ်ခဲ့ရပြန်ရာ မျက်လုံးမှိတ်လိုက်ပြီး နှစ်မိနစ်တောင် မကြာလိုက်မီ လူတစ်ကိုယ်လုံး ပျော့ပျောင်းအားနည်းသွားကာ အိပ်မက်ကမ္ဘာထဲတွင် ထိုက်ကျိကစားနေတော့သည်။

ပြန်နိုးလာချိန်တွင် သူ့ကိုယ်ပေါ်၌ တဘက်စောင်တစ်ထည် ခြုံထားခဲ့ပြီး ဘေးနားတွင် သူ့အဖေ မရှိနေတော့ချေ။

အေးစက်နေပြီဖြစ်သော လက်ဖက်ရည်ကြမ်းကို ယူပြီး တစ်ခွက်သောက်လိုက်ပြီးနောက် ထရပ်ကာ စာကြည့်ခန်းထဲမှထွက်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာသည်။

ဒုတိယထပ်သို့ ပြန်ရောက်လာချိန်တွင် အောက်ဆုံးထပ်မှ ပျံ့နှံ့ထွက်ပေါ်လာသော ရယ်သံကို သူ ကြားလိုက်ရသည်။ လက်ရန်းကို မှီပြီး တစ်ချက် ကြည့်ကြည့်လိုက်ရာ ပျန်းရှင်းယွီက အဖေ့ကိုယ်ကို မှီလျက် တစ်ခုခုပြောနေကာ တစ်အိမ်သားလုံးက ဝမ်းသာကြည်ရွှင်စွာ ရယ်မောနေကြ၏။

ပျန်းနမ်သည် အောက်ထပ်ဆင်းပြီး လူအရေအတွက် သွားဖြည့်ပေးမည့်စိတ်ကူးကို လက်လျှော့လိုက်ပြီး ကိုယ့်အိပ်ခန်းဆီ ပြန်လာလိုက်သည်။

ပျန်းရှင်းယွီက သူ့ဖုန်းကို စားပွဲပေါ်တွင် လာတင်ထားပေးကာ သူ ယူကြည့်လိုက်သည်။ ပျန်းရှင်းယွီတစ်ယောက် အသုံးတည့်သော မည်သည့်နံပါတ်တစ်ခုတလေမှ ရှာတွေ့သွားပုံမရပေ။

သူ စားပွဲရှေ့ထိုင်လိုက်ကာ ကွန်ပျူတာဖွင့်လိုက်ရင်း ဝမ့်ဖေးဆီ ဖုန်းဆက်လိုက်ပြီး -

"ဘာလုပ်နေလဲ"

"ဒိုတာခုတ်နေတယ်။ မင်း အိမ်မှာလား"

ဝမ့်‌ဖေးက ပြောသည်။

"အင်း။ landlord လာ ကစား"

ပျန်းနမ်က ကျွတ်ခနဲစုတ်သတ်လိုက်သည်။

"ငါ ဒို ...... လခွမ်း ဟုတ်ပါပြီ။ landlord ဆိုလည်း landlord ပေါ့"

ဝမ့်ဖေးက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း -

"မင်းက တကယ် ပျင်းစရာကြီး"

ပျန်းနမ်က သွားဖြီးပြီး ပြုံးရယ်လိုက်ရင်း ဖုန်းချလိုက်ကာ landlord ဂိမ်း မဟာလုပ်ငန်းကြီးထဲသို့ ခြေစုံပစ် ဝင်လိုက်တော့သည်။

***

(ဆက်ရန်)

T/N:

Landlord - (斗地主 dòu dìzhǔ သို့သိကျူ) ကတော့ ကတ်ဂိမ်းတစ်မျိုးပါ။ Fight the Landlord လို့ ဘာသာပြန်ကြတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ Dou Dizhu သို့သိကျူ/ Landlord လို့ပဲ ခေါ်ပါတယ်။ ကစားသမားလေးယောက် ဆော့ရတဲ့ ဖဲကတ်ဂိမ်းပါ။ အသေးစိတ်သိချင်ရင် ဂူးဂဲမှာ ရှာဖတ်လို့ရပါတယ်။ ဒီဝတ္ထုထဲမှာလည်း ခဏခဏမန်းရှင်းခံရတဲ့ ဂိမ်းနာမည်လည်းဖြစ်ပါတယ်။

Continue Reading

You'll Also Like

8.5K 765 12
I Ship My Adversary X Me Fudanshi Shou နဲ့ လျှို့ဝှက်တဲ့ Gong တို့အကြောင်း ချိုမြိန်တဲ့ အနုပညာအသိုင်းအဝိုင်း ၀တ္ထုလေးတစ်ပုဒ်ပါ !!! Niangzi is Rio...
138K 4.1K 88
What if Damon hadn't met Elena the night of her parents' death? What if along the way he ran into someone else? What if he fell in love with someone...
158K 11.5K 58
My very first book... avneil as married couple and having different professional. Peep into it! Hope you enjoy this book! 😊 COMPLETED ON 3RD MAY...
22.6K 1.2K 15
❝ No one ever really knew what was wrong with Riley Lovato ❞ Riley has gorgeous big brown eyes and long brown hair. Her Mother is the famous actres...