Chapter ● 18 ●
ရုပ်ရှင်ကို လာနေရင်းတစ်ဝက်တန်းလန်းတွင် ကြည့်ဖြစ်ကြခြင်းဖြစ်သည်။ ပျန်းနမ်သည် တစ်အောင့်ခန့်ကြည့်လိုက်ပြီးနောက် တကယ်ကိုပင် မနေနိုင်တော့ဘဲ ချိုးယိအား လေသံတိုးတိုးဖြင့် -
"သောက်ကျိုးနည်း ဒီလူက ဘယ်လိုဖြစ်တာလဲဟ"
"မသိဘူး"
ချိုးယိလည်း ကြည့်နေရင်း ငေးကြောင်ကြောင်ဖြစ်နေရာ -
"ခုနတုန်းကပဲ သူ့မိန်းမနဲ့ မခွဲနိုင်မခွာရက်ဖြစ်နေကြတာကို အခုကျတော့ သတ်ချင်ပြန် ... ..."
"ငါ သိသွားပြီ"
ပျန်းနမ်က တီဗွီကို လက်ညှိုးထိုးလိုက်ရင်း -
"လူက နှစ်ယောက်။ တစ်ရုပ်တည်းတွေ"
ချိုးယိက တိတ်ဆိတ်နေပြီး နောက်ထပ် မိနစ်အနည်းငယ်ခန့်ထပ်ကြည့်လိုက်ပြီးတော့မှ ပျန်းနမ်အား လက်မ ထောင်ပြလိုက်ပြီး -
"မင်းပြောတဲ့အတိုင်းပဲ"
ဆက်လက်၍ နှစ်ယောက်သားမှာ တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားပြန်သည်။
ရုပ်ရှင်၏ အကြမ်းဖျင်း ဇာတ်ကြောင်းကို သိသွားပြီးနောက် ပျန်းနမ်မှာ ဆက်ကြည့်ချင်စိတ် မရှိတော့ပေ။ မတ်တတ်ရပ်ပြီး အခန်းထဲဝင်ကာ ချာတိတ်လေးချိုးယန့် အိမ်စာရေးနေသည်ကို သွားကြည့်လိုက်သည်။
ချိုးယန့်မှာ စာရေးစားပွဲရှေ့တွင် ခါးမတ်မတ်ထိုင်လျက် အိမ်စာကို လေးလေးနက်နက် ရေးသားနေသည်။ သူ့ဘေးနားကို ပျန်းနမ်ရောက်သွားတော့မှ လူကို မြင်သွားပြီး ခေါင်းမော့ကာ ပျန်းနမ်ကို ကြည့်လိုက်ရင်း
"ဒီမှာကြည့်၊ သား ရေးထားတဲ့စာလုံးတွေ"
ပျန်းနမ်က အနားတိုးပြီး ခါးကိုင်းကာ ကြည့်လိုက်သည်။ ချိုးယန့်၏လက်ရေးများမှာ တော်တော်ညီညာသပ်ရပ်လှသည်။ သို့သော် အခန်းထဲဝင်ပြီး ရေးနေခဲ့သည်မှာ နာရီဝက်တောင် ရှိသွားပြီကို တစ်မျက်နှာပြည့်အောင်တောင် ရေး၍ မပြီးသေးပေ။
"ရေးစရာ ဘယ်လောက်ကျန်သေးလဲ"
ပျန်းနမ်မှာ စိတ်မထိန်းနိုင်ဘဲ အနည်းငယ်စိတ်ပူလာသည်။
"နောက်ထပ်တစ်မျက်နှာ ထပ်ရေးပြီးရင် ပြီးပြီ"
ချိုးယန့်က မှတ်စုစာအုပ်ကို လက်ညှိုးထိုးလျက် ပြောသည်။
"ဒါဆို ကြိုးစားပြီး ရေး"
ပျန်းနမ်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
ဧည့်ခန်းထဲသို့ ပျန်းနမ်ပြန်ရောက်လာချိန်တွင် ချိုးယိမှာ မျက်နှာရုပ်ရည်ချင်း ဆင်တူသည့်ရုပ်ရှင်ကို ကြည့်နေဆဲပင်။ ပျန်းနမ်သည် ဆိုဖာတွင် မှီထိုင်လျက် ပျင်းရိငြီးငွေ့စွာ ဖုန်းဆော့နေလိုက်သည်။
သူ့အဖေနှင့် အတူရှိနေလျှင်လည်း ပြောစရာစကားမရှိကြသော အခြေအနေမျိုးကို မကြာခဏ ကြုံတွေ့ခဲ့ဖူးသောကြောင့် ပျန်းနမ်သည် ယခုကဲ့သို့သော ကသိကအောက်အနေအထားကို အမြဲတမ်းပင် တော်တော်လေး အသားကျနေခဲ့သည်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ တစ်ဖက်သားက ချိုးယိဖြစ်နေသောအခါ သူ့မှာ အလွန်တရာ အနေရခက်နေသည်။
တစ်အောင့်ခန့် ဖုန်းဆော့နေပြီးနောက်တွင် သူသည် စကားမရှိစကားရှာပြီး ချိုးယိကို မေးလိုက်သည်။
"မင်းအမေက ရုရှားသူပေါ့"
"အင်း"
ချိုးယိက ခေါင်းညိတ်ပြလိုက်သည်။
"တိုက်ခိုက်ရေး လူမျိုးစု"
ပျန်းနမ်က လက်မ ထောင်ပြလိုက်ရင်း ဆက်၍ -
"မင်းဆီကနေ အဲဒီအရိပ်အယောင်တွေ နည်းနည်းပါးပါး မြင်နေရတယ်။ အာ့ပေါင်ကျတော့ နည်းနည်းလေးမှကို မတူဘူး။ ဂွမ်းလုံးလေး"
"ဟုတ်လား"
ချိုးယိက ရယ်လိုက်ပြီး -
"ငါ သူ့လောက်အရွယ်တုန်းကလည်း အတူတူပါပဲ"
ပျန်းနမ်က ချိုးယိက ခေတ္တခန့် စိုက်ကြည့်လိုက်သည်။ ချိုးယန့်ကဲ့သို့ ပျော့အိနူးညံ့ပြီးနှစ်လိုဖွယ်ကောင်းနေသော ချိုးယိ၏ပုံစံကို ပျန်းနမ်တစ်ယောက် ဘယ်လိုမှ ပုံဖော်ကြည့်၍ မရနိုင် ဖြစ်နေသည်။
"မဖြစ်နိုင်ဘူး ထင်တယ်။ မင်း ဒါကြီးက သိပ္ပံနည်းကျ မရှိလိုက်တာ"
ချိုးယိက ပြုံးသာ ပြုံးလိုက်ပြီး စကားမဆိုဘဲ ရုပ်ရှင်ကိုသာ ဆက်ကြည့်နေလိုက်သည်။
ဤကိစ္စမှာ ချိုးယိအမေ ဆုံးပါးသွားသည့်ကိစ္စနှင့် ဆက်နွှယ်မှုရှိသည်ဟု ပျန်းနမ်ခံစားရ၍ သူလည်း များများစားစား မမေးတော့ပေ။
အမေကို ဆုံးရှုံးရခြင်းမှာ မည်ကဲ့သို့သော ခံစားချက်ဖြစ်သည်ကို ပျန်းနမ်တစ်ယောက် သိပ်နားမလည်နိုင်နေချေ။ အကယ်၍ သူ့အမေရင်း ရုတ်တရက်မရှိတော့လျှင် ... ...။ ပျန်းနမ်သည် နံရံပေါ်မှ နာရီကိုကြည့်ပြီး အတော်ကြာအောင် စဥ်းစားခန်းဝင်နေခဲ့သည်။ စာအုပ်များထဲတွင် ရေးပြထားသော နာကျင်မှုခံစားချက်များ မရှိနိုင်လောက်ဘူး ထင်သည်။
"မင်းအမေ မင်းအပေါ် တအားကောင်းမှာပေါ့"
ပျန်းနမ်က ခံစားချက်အပြည့်ဖြင့် မေးလိုက်သည်။
"အင်း"
ချိုးယိက ရီမုတ်ကွန်ထရိုးကို အောက်ချလိုက်ပြီး ရေခွက်ကို ယူကိုင်ကာ ရေတစ်ငုံသောက်လိုက်ပြီးနောက် -
"မင်းအမေက မင်းအပေါ် မကောင်းလို့လား"
ပျန်းနမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -
"မသိဘူး။ ငါနဲ့ငါ့အမေက သိပ်တောင် အတူတူမနေဖူးဘူး"
ချိုးယိက အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့မှ ပြောလာသည်။
"အတူတူ သိပ်မနေဖူးလည်း ကိုယ့်သားကိုတော့ တော်တော်ချစ်မှာပါ"
ပျန်းနမ်က တဟေးဟေးသာ ရယ်လိုက်ပြီး ဘာစကားမှ မဆိုဖြစ်ပေ။
ချိုးယိက ခေါင်းတိမ်းလာပြီး နဖူးကို လက်ညှိုးနှင့်ထောက်ထားရင်း သူ့ကို ကြည့်နေသည်။ အတော်ကြာသည်အထိ မလှုပ်မယှက်ကြည့်နေသည်။
"ငါ ရုပ်ချောလွန်းလို့ သတိလစ်သွားတာလား ဘာလား"
ပျန်းနမ်က အနေရခက်လှစွာ ကိုယ့်မျက်နှာကိုကိုယ် ပွတ်သပ်လိုက်ပြီး ခေါင်းငုံ့လိုက်ပြန်ကာ ဘောင်းဘီကို တစ်ချက် စစ်ကြည့်လိုက်သည်။ သူသည် ဂျင်းဘောင်းဘီ သိပ်ဝတ်လေ့မရှိပေ။ ဝတ်ခဲလှသည်။ ဘောင်းဘီဇစ်ဆွဲပိတ်ရန် မေ့သွားခြင်းလည်း ဖြစ်နိုင်နေသည်။
"ထပ်ကြည့်ရင် အခကြေးငွေကောက်တော့မယ်"
"ဒီအတိုင်း ကြည့်ကြည့်တာပါ"
ချိုးယိမှာ မလှုပ်မယှက် ငြိမ်သက်နေဆဲဖြစ်ကာ ဆက်၍ -
"မင်းနဲ့ပျန်းရှင်းယွီလည်း ဆက်ဆံရေး မပြေလည်ကြဘူးမလား"
"ဘယ်သွားပြီး ကောင်းနိုင်ပါ့မလဲ"
ပျန်းနမ်က နှုတ်ခမ်းထောင့်ကို တွန့်လျက် ရယ်လိုက်ပြီး မျက်နှာထားက စိတ်ပျက်လက်ပျက်ဖြစ်သွားကာ -
"သူတို့မျက်လုံးထဲမှာ ငါ့ကို ... ... မွေးရာပါဝဋ်ကြွေးလို့ ခေါ်ကြတာ"
"မွေးရာပါဝဋ်ကြွေး ဟုတ်လား"
ချိုးယိက မျက်ခုံးများကို ပင့်တင်လိုက်သည်။
"စောက်ရမ်းတော်လွန်းတယ်မလား။ ပျန်းရှင်းယွီ ငါ့ကိုကြည့်ပြီး အဲဒီစကားပြောတုန်းက အသက် (၉) နှစ်ပဲ ရှိသေးတယ်"
ပျန်းနမ်က တဟေးဟေးနှင့် ထပ်ရယ်လိုက်ပြန်ပြီး ဆက်၍ -
"ငါ အဲဒီအချိန်တုန်းကဆို အဲဒီစကား ဘာစောက်အဓိပ္ပါယ်လဲလို့ အထူးတလည်တောင် သွားရှာကြည့်လိုက်သေးတယ်"
"ရှာလို့တွေ့လား"
ချိုးယိက ခြေထောက်ကို တစ်ချက် လှုပ်ရှားလိုက်သည်။
[T/N: ဒီမှာ ပျန်းရှင်းယွီပြောတဲ့ မွေးရာပါဝဋ်ကြွေး ဆိုတာက ခရစ်ယာန်အယူအဆထဲက original sin ကို ပြောတာပါ။ မြန်မာလိုတော့ အိုင်လည်း မသိတာနဲ့ ဆီလျော်သလို ဘာသာပြန်လိုက်ပါတယ်။ မြန်မာလို အခေါ်အဝေါ်သက်သက်ရှိရင် ပြောပြလို့ရပါတယ်။ တစ်ခုခု မသင့်တင့်နေရင် အိုင့်အမှားပါ။]
"အင်း။ နောက်ပိုင်းကျတော့ သူနဲ့စကားနိုင်လုဖို့ ငါ ရုတ်တရက်ကြီး ပျင်းသွားတယ်"
ပျန်းနမ်က နှာခေါင်းကို ပွတ်သပ်လိုက်ပြီး -
"ငယ်ငယ်တုန်းကတော့ ငါ တော်တော်ကို လက်မခံနိုင်ဘူး။ ဘာအကြောင်းကြောင့်လဲ၊ ဘာအကြောင်းကြောင့်များ သူတို့က ငါ့ကို ဆဲချင်တိုင်း ဆဲလို့ရနေတာလဲ ရိုက်ချင်တိုင်း ရိုက်လို့ရနေတာလဲ ... ..."
ပျန်းနမ်က ခါးကြောဆန့်လိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း -
"နောက်တော့ ငါ နားလည်သွားတယ်။ ဘာလို့လဲဆိုတော့ ငါ့အမေက သူများမိသားစုကို ဖျက်ဆီးခဲ့တယ်လေ။ ငါက ဒီမွေးရာပါဝဋ်ကြွေးကို ကျောပိုးထားရတယ်။ ဒီအကြောင်းကြောင့်ပဲ"
ချိုးယိက စကားထပ်မပြောတော့ပေ။ ရီမုတ်ကွန်ထရိုးကို ကိုင်ထားရင်း တစ်ချက်တစ်ချက်တွင် လက်ထဲ လှည့်လှန်နေသည်။
ပျန်းနမ်သည် ဆိုဖာထဲတွင် ကွေးပြီး မျက်နှာကြက်ကို မျက်နှာချင်းဆိုင်လျက် တစ်အောင့်ခန့် ငေးနေလိုက်ပြီးနောက်၊ မိမိသည် ပုံမှန်အချိန်များတွင် လုံးဝပြောထုတ်ဖြစ်မည်မဟုတ်သည့် ကိစ္စများစွာအကြောင်းကို ပြောထုတ်လိုက်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
ပျန်းရှင်းယွီက ချိုးယိအား ဤကိစ္စများအကြောင်း ပြောပြထားပြီးသား ဆိုသည့်အချက်ကို သိထား၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြောစရာစကားအကြောင်းအရာ မရှိလွန်း၍လည်း ဖြစ်နိုင်သည် ... ...။ သို့သော် မည်သို့ပင်ဆိုစေကာမူ ဤအကြောင်းကြောင့် သူ့မယ် အနည်းငယ် စိတ်ထင့်လာရပြီး လျော့လျော့ရဲရဲထိုင်နေရင်းကမှ ချက်ချင်းပင် ခါးမတ်သွားတော့သည်။
ချိုးယိထံမှ ဘာတုံ့ပြန်မှုမျှ မရှိလာပေ။ ပျန်းနမ်မှာ အတော်ကြာအောင် မှင်တက်တောင့်တင်းနေပြီးတော့မှ စိတ်လိုလက်ရရှိသော အပြန်အလှန် နှီးနှောဖလှယ်လိုစိတ်ကလေးဖြင့် သူ စမ်းသပ်၍ မေးမြန်းကြည့်သည်။
"မင်း အမေက ... ..."
သူ့အမေရင်းအကြောင်းက တကယ်ကိုပင် ပြောပြ၍မကောင်းသောအကြောင်း ဖြစ်နေသောကြောင့်ထင့်၊ သူသည် အခြားလူများ၏အမေများအကြောင်းကိုဆိုလျှင် စူးစမ်းချင်စိတ်ပြင်းပြတတ်သည်။ ဥပမာဆိုရသော် ဝမ့်ဖေး၏အမေဆိုလျှင် ဟင်းချက်ကောင်းပြီး ဗြောင်ကျပွင့်လင်းသည်။ စွင်းယိဖန်၏အမေဆိုလျှင် အလွန်မာကြောရက်စက်သည်။ ဖုန်းဆက်လိုက်တိုင်း အဖွင့်စကားမှာ အမြဲတမ်းပင် 'မင်း ဒီမလိမ္မာတဲ့ကောင် ... ...' ဟူ၍။
"ဆုံးသွားပြီ"
ချိုးယိ၏အဖြေမှာ အလွန်ရိုးရှင်းသည်။
ရိုးရှင်းလွန်း၍ ပျန်းနမ်မှာ တဒင်္ဂအတွင်း ဘာပြန်ပြောရမှန်းမသိဘဲ အာစေးမိသွားတော့သည်။
"ဟင် ..."
"ကားမတော်တဆ"
ချိုးယိက တစ်ခွန်း ထပ်ဖြည့်သည်။
"... ... ဪ"
ပျန်းနမ်မှာ မိမိ ဦးနှောက်မဲ့စွာ တရစပ်ပြောလိုက်သော စကားများအတွက် အလဲအလှယ်အနေဖြင့် ဤကဲ့သို့သော စကားနှစ်ခွန်းသာပြန်ရပြီး ဆက်ပြောရန်တောင် မဖြစ်နိုင်တော့သည့်အဖြေစကားအပေါ် အနည်းငယ် စိတ်မှိုင်းသွားကာ -
"လခွမ်း။ မင်းနဲ့ယှဥ်လိုက်တော့ ငါက တကယ်ကြီးကို တအားရိုးသားလွန်းနေတာပဲ"
"မင်းက သဘောထားကြီးလို့။ အာ့ပေါင်လိုပဲ"
ချိုးယိက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် အားထုတ်ကြိုးပမ်းရစွာ လက်ဆန့်ထုတ်ကာ ဆက်တီစားပွဲအောက်ရှိ စီးကရက်ဘူးကို ယူထုတ်လာပြီး -
"ယူမလား"
"မယူဘူး"
ပျန်းနမ် ခေါင်းခါလိုက်ပြီး ချိုးအဖေကြီး၏အိပ်ခန်းရှိရာဆီ ကြည့်လိုက်ရင်း အသံတိုးတိုးဖြင့် -
"မင်းစီးကရက်သောက်တာ မင်းအဖေ မပြောဘူးလား"
"ပြောတယ်"
ချိုးယိက စီးကရက်ခဲထားရင်း ပြုံးလိုက်ပြီး -
"ငါက သူ မလှုပ်မရှားနိုင်တော့ ငါသောက်နေကြောင်း မသိနိုင်တာကို အားကိုးတာ"
"ဟမ်း ... ..."
ပျန်းနမ်က သက်ပြင်းရှည်ကြီးတစ်ခုကို ဆွဲပြီး မှုတ်ထုတ်လိုက်သည်။
နောက်ထပ် နာရီဝက်ခန့် ကုန်လွန်သွားပြီးနောက် ချိုးယန့်သည် မှတ်စုစာအုပ်ကို ကိုင်လျက် အခန်းထဲမှ ခုန်ထွက်လာသည်။ ပျန်းနမ်ဆီသို့ ကျေနပ်ဝင့်ကြွားစွာ လှုပ်ယမ်းပြလိုက်ပြီးနောက် စာအုပ်ကို ချိုးယိပေါင်ပေါ်သို့ တင်လိုက်သည်။
"ရေးပြီးသွားပြီ"
"နာရီဝက်အတွင်း မင်း ပြီးအောင်ရေးနိုင်တဲ့အချိန်ကျရင် မင်းကို ကိုလာ ပေးသောက်မယ်"
ချိုးယိက မှတ်စုစာအုပ်ကို လှန်ဖွင့်ကာ ကြည့်လိုက်ပြီး -
"စာလုံးတွေကို ရေးထားတဲ့လက်ရေးက ကြာလေလှလေ ဖြစ်လာပြီပဲ"
ချိုးယန့်က ပျန်းနမ်ကိုယ်ပေါ်ဆီသို့ မှီထားလိုက်ရင်း -
"သား ရေးထားတဲ့လက်ရေးတွေ သိပ်လှတယ်လို့ ဆရာမလည်း ပြောတယ်"
"တအားတော်တာပဲ"
ပျန်းနမ်က သူ့ကို ဖက်ထားလိုက်ရင်း သူ့ကိုယ်လေးကို ခပ်ကြမ်းကြမ်း ပွတ်သပ်ပေးလိုက်ကာ ဆက်၍ -
"မင်းကလေ တကယ် စလို့ကောင်းတယ်"
ပျန်းနမ် သူ့ကို စနေရင်း သူ့ယားတတ်သည့်နေရာကို ကလိထိုးမိသွား၍ထင့်၊ ချိုးယန့်မှာ အလွန်ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ဆိုဖာပေါ်တွင် အလုံးတစ်လုံးကဲ့သို့ လုံးထွေးလိမ်ရစ်သွားတော့သည်။
"ဟုတ်ပြီ။ မှားရေးထားတဲ့စာလုံး မရှိဘူး"
ချိုးယိက စာအုပ်ကို ပိတ်လိုက်ပြီး -
"ဒါဆို သာ့ဟူကျစ် ပြန်ဖို့အချိန်သင့်ပြီ"
"ဟုတ်"
ချိုးယန့်က ဆိုဖာပေါ်တွင် မှောက်နေရင်း မလှုပ်မယှက် ငြိမ်သက်သွားသည်။
"ငါ အားရင် ထပ်လာပြီး မင်းနဲ့ လာဆော့မယ်"
ပျန်းနမ်က ချိုးယန့်တင်ပါးကို လက်ဝါးနှင့်တစ်ချက်ရိုက်လိုက်ပြီးနောက် မတ်တတ်ရပ်လိုက်ကာ အိတ်ကိုယူပြီး ထွက်သွားရန် ပြင်ဆင်သည်။
"ဒါဆို ဘယ်အချိန် အားမှာလဲဟင်"
ချိုးယန့်က ချက်ချင်း ဆက်မေးသည်။
"ငါ ... ..."
ပျန်းနမ်က ကိုယ့်ဆံပင်ကိုကိုယ် ဖမ်းဆုပ်လိုက်သည်။ ဘယ်အချိန်မှာ အားမှာလဲ...။
သာ့ပေါင်က ချိုးယိဖြစ်နေမှန်း မသိရသေးခင်အချိန်၌ သူ့ထံတွင် အစီအစဥ်ရှိခဲ့ဖူးသည်။ သာ့ပေါင်၏ခြေထောက် အပြီးအပြတ် ပြန်မကောင်းလာခင်အချိန်တွင် သူ တတ်နိုင်သလောက် အချိန်ဖယ်ထုတ်ပြီး တစ်ခုခု လာရောက်ကူညီလုပ်ကိုင်ပေးမည်ဟူ၍။ ချိုးယန့်နှင့် ချိုးအဖေကြီးတို့နှစ်ယောက်တည်း အိမ်တွင် ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်နေသည်ကို သူ အမှန်တကယ်ကိုပင် တော်တော်မမြင်ရက်နေပေ။
သို့သော် ယခုတော့ ... ...
အခြေအနေအမှန်ကို သိသွားသော သူ့မှာ မျက်ရည်ကျရပြီး ထိုမျက်ရည်စက်များကို စုဆောင်းပြီး သီကုံးလိုက်လျှင်တောင် လည်ဆွဲတစ်ကုံးစာခန့် လောက်ငှနေပြီဖြစ်သည်။
ယခုတော့ သူ့ကို လာခိုင်းလျှင် သူ့မှာ တကယ်ကိုပင် လာချင်စိတ် သိပ်မရှိနေတော့ပေ။ မျက်နှာပူပြီး ကသိကလောက်လည်း ဖြစ်စရာကောင်းလွန်းလှသည် ... ...
"မနက်ဖြန်ကတော့ လာကို လာရမယ်။ ငါ ဆေးရုံ သွားရမယ်"
ချိုးယိက ရုတ်တရက် ပြောလိုက်သည်။
"ဘာကြီး"
ပျန်းနမ်က ဝုန်းခနဲ ခေါင်းလှည့်ကြည့်လိုက်သည်။
"မင်း လာခဲ့ပြီး ငါ့ကို ဆေးရုံလိုက်ပို့ပေး။ ဆေးစစ်ဖို့ သွားရမယ်"
ချိုးယိက ထိုင်ခုံပေါ်တွင် မှီထိုင်လျက် အလွန်တရာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ပျန်းနမ်က ချိုးယိမျက်နှာရှေ့အထိ တိုးသွားပြီး အသံကို တိုးနှိမ့်လျက် -
"ဟေ့ရောင် မင်း ငါ့ကို လာကျောင်းနေတာ မဟုတ်လား"
"မင်းကို မကျောင်းရင် ဘယ်သူ့ကို ကျောင်းရမလဲ"
ချိုးယန့်လည်း အသံကို နှိမ့်ချလျက် ဆိုသည်။
[T/N : ဒီမှာ ခွေးကျောင်းထွက်သလို ကျောင်းတာကို ပြောတာပါ]
"ငါ့လခွမ်း"
ပျန်းနမ်က ဆက်လက်၍ အသံကို ဖိနှိမ့်ပြောနေလျက်ရှိသည်။ စဥ်းစားလိုက်ပြန်လည်း သူ့ဘက်တွင် သေချာပိုင်နိုင်မှု မလုံမလောက်နေပြန်ရာ -
"ငါထင်လိုက်တာက ငါတို့နှစ်ယောက် မိတ်ဖြစ်ဆွေဖြစ် ရင်းရင်းနှီးနှီး စကားစမြည်ပြောလိုက်ပြီးတော့ ... ..."
"ဒါဆို မင်း မနက်ဖြန်ကျရင် ရင်းနှီးကြင်နာသမှုနဲ့ လာကူညီပေးလိုက်ပေါ့"
ချိုးယိက မျက်လုံးများကို မှေးစင်းလိုက်သည်။
ပျန်းနမ်က အံကိုကြိတ်ရင်း အတော်ကြာအောင် အောင့်အည်းလိုက်ပြီးနောက် -
"ငါလူး။ မင်းကို ပြန်ဆပ်တယ်လို့ပဲ ထားလိုက်တော့။ ဘယ်သူက ဘယ်သူ့ကို အော်ဂလီဆန်ပြီး အသက်ထွက်အောင်လုပ်နိုင်မလဲ ကြည့်ကြတာပေါ့လေ"
"စကားရိုင်းရိုင်း မပြောရဘူး"
ဆိုဖာပေါ်ရှိ ချိုးယန့်က ရုတ်တရက် ထထိုင်လိုက်ပြီး ပျန်းနမ်ကို ကြည့်ရင်း တစ်ခွန်းဝင်ပြောလိုက်သည်။
"ငါ ... ..."
ပျန်းနမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် -
"မပြောတော့ဘူး"
ချိုးယန့်က ခေါင်းငုံ့ပြီး မှတ်စုစာအုပ်ကို လှန်လှောနေကာ စာအုပ်ထဲတွင် ညပ်ထားသော ပန်းပွင့်နီလေး စတစ်ကာ တစ်ပွင့်ကို ယူထုတ်လိုက်ပြီးနောက် ပျန်းနမ်အား လက်ယပ်ခေါ်လိုက်သည်။
ပျန်းနမ်မှာ သူ့ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လိုက်ရုံသာ တတ်နိုင်ပြီး -
"ဘာလုပ်ဖို့လဲ"
"ဒါက ဆုပေးတာ"
ချိုးယန့်က ပန်းပွင့်နီလေးကို ပျန်းနမ်၏ဘယ်ဘက်မျက်နှာပေါ်တွင် လေးလေးနက်နက် ကပ်ပေးလိုက်ပြီးနောက် -
"စကားရိုင်းရိုင်းတွေမပြောရင် ပန်းပွင့် တစ်ပွင့်ပေးမယ်"
"ကျေးဇူးကွာ"
ပျန်းနမ်မှာ မတတ်သာစွာပင် သူ့မျက်နှာပေါ်မှ စတစ်ကာကို စမ်းသပ်ကိုင်ကြည့်လိုက်သည်။
.
ပျန်းနမ်တစ်ယောက် အိတ်ကိုယူပြီး ထွက်သွားပြီးနောက် ချိုးယန့်သည် ဧည့်ခန်းထဲတွင် ခေတ္တခဏခန့် ရပ်နေလိုက်ပြီး အိပ်ခန်းဆီ ပြန်လှည့်ပြေးဝင်ရန်အလုပ်တွင် ချိုးယိက သူ့ကို ခေါ်တားလိုက်သည်။
"ကျောင်းသား အာ့ပေါင်"
"အာ"
ချိုးယန့်က တံခါးဘောင်ပေါ်တွင် ကပ်တွယ်ရင်း မျက်လုံးတစ်ဖက်ကိုသာ ပြူထုတ်လာပြီး သူ့ကို ကြည့်နေသည်။
"ဟို Bumblebee စက်ရုပ်ကို ယူလာခဲ့"
ချိုးယိက လက်ယပ်ခေါ်လိုက်ပြီး
"ငါတို့နှစ်ယောက် စကားပြောရအောင်"
"... ... ဟုတ်"
ချိုးယန့်က အခန်းထဲဝင်ပြီး Bumblebee စက်ရုပ်ကို ယူထုတ်လာကာ ခေါင်းငုံ့လျက်ဖြင့် ချိုးယိဘေးနားသို့ ရောက်လာသည်။
"ဒီဥစ္စာက ဘယ်လောက်ပေးရလဲဆိုတာ သိလား"
ချိုးယိက စက်ရုပ်ကို ကိုင်လျက် သူ့မျက်လုံးရှေ့တွင် လှုပ်ယမ်းပြသည်။
"မသိဘူး"
ချိုးယန့်က လေသံတိုးတိုးဖြင့် ဆိုသည်။ စဥ်းစားလိုက်ပြီးနောက် ခေါင်းမော့လာပြန်ကာ -
"ငါးဆယ်ယွမ်"
"အဲဒါထက် ဆယ်ဆ မကဘူး"
ချိုးယိက ပြောသည်။
"ဟင်"
ချိုးယန့်က အချိန်အတော်ကြာအောင် လေးလေးနက်နက် တွက်ချက်နေလိုက်ပြီးမှ မျက်လုံးပြူးကျယ်လာပြီး -
"အဲဒီလောက်တောင် များတယ်"
"ဒီတစ်ခေါက်ကတော့ ထားလိုက်တော့"
ချိုးယိက လက်ချောင်းဖြင့် ချိုးယန့်နဖူးပေါ် တစ်ချက်တောက်လိုက်ပြီး -
"နောက်ဆိုရင် သူများဆီက ပစ္စည်းတွေ ပြီးစလွယ် မတောင်းနဲ့တော့။ ဒီဟာက သာ့ဟူကျစ်အတွက် ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်လောက်ဘူးဆိုပေမဲ့ ငါတို့မိသားစုအတွက်ကျတော့ မတူတော့ဘူး။ နားလည်လား"
ချိုးယန့်က Bumblebee စက်ရုပ်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးတော့မှ ခေါင်းကိုငုံ့လျက် အသံတိုးတိုးဖြင့် -
"အင်း။ ဒီလောက်စျေးကြီးမှန်း သား မသိလိုက်ဘူး။ ဖန်းရှောင်ကျွင်းပြောတာတော့ သူ့ဟာက ယွမ် ၃၀ တဲ့"
"သူ့ အဲဒီဟာက ဒီအရုပ်နဲ့ တူနိုင်စရာလား။ လက်တွေ ခြေတွေကိုတောင် ချိုးလို့ရွှေ့လို့ မရနေတာကြီးကို ... ..."
ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ငွေရေးကြေးရေးကိစ္စနှင့်ပတ်သက်လာလျှင် သူ့မှာ အတော်လေးကို စိတ်တွင်း ဝိရောဓိ ဖြစ်ရသည်။ တစ်ဖက်တွင် ချိုးယန့်အား သူ့လို ဤအရာများကို နေ့စဥ်နေ့တိုင်း မတွက်ချက်နေစေလိုပေ။ အခြားတစ်ဖက်တွင်မူ သူတို့အိမ်တွင်းအခြေအနေကိုလည်း နားလည်စေချင်နေပြန်သည်။
"ဟုတ်ပြီ။ မပြောတော့ဘူး။ မင်း သာ့ဟူကျစ်ဆီ ဖုန်းလှမ်းဆက်ပြီး သူများကို ကျေးဇူးတင်လိုက်။ နောက်နောင်မှာ သူများဆီက ဘာပစ္စည်းမှ ပြီးစလွယ် လိုက်မတောင်းရတော့ဘူး"
"ဟုတ်"
ချိုးယန့်က ဖုန်းလှမ်းယူလိုက်ပြီး စဥ်းစားလိုက်ပြီးနောက် ခေါင်းလှည့်လာပြန်ပြီး ချိုးယိကို မေးပြန်သည်။
"ကိုကို။ သား Bumblebee လိုချင်တယ်လို့ပြောလိုက်မှန်း ကိုကို ဘယ်လိုလုပ်ပြီး သိတာလဲဟင်"
"ဒါက အဓိပ္ပာယ်မရှိတဲ့ အပိုစကားမဟုတ်ဘူးလား။ မင်း ဒါလိုချင်တယ်လို့ သူများကို မပြောရင် သူ့လို ပေါ့ပေါ့တန်တန် ဖြစ်ကတတ်ဆန်း င ... ... တုံးက ဒီဟာကို စဥ်းစားမိနိုင်မှာမို့လို့လား"
ချိုးယိက လက်ကို ဝှေ့ယမ်းလိုက်ပြီး -
"ဖုန်းဆက်ပြီးသွားရင် မျက်နှာသစ်ပြီး သွားအိပ်တော့"
.
ချိုးယန့် ဖုန်းဆက်လာချိန်တွင် ပျန်းနမ်မှာ အဆောင်အဆောက်အအုံအောက်သို့ ရောက်လာခါစ ဖြစ်သည်။
"အာ့ပေါင်"
ပျန်းနမ်က ဖုန်းကိုင်လိုက်ပြီးနောက် ဆက်၍ -
"ဘာဖြစ်လို့လဲ။ မင်းအစ်ကို မင်းကို ဆူပြီမဟုတ်လား"
"မဆူပါဘူး"
ချိုးယန့်က လေသံတိုးတိုးလေးဖြင့် -
"သားကို စက်ရုပ်ဝယ်ပေးလို့ သားကိုကိုက သားကို ကျေးဇူးတင်စကားပြောခိုင်းလိုက်တာ။ အဲဒီလောက်အထိ စျေးကြီးမှန်း သား မသိလို့ ... ..."
"ကိစ္စမရှိဘူး ကိစ္စမရှိဘူး။ စျေးမကြီးဘူး"
ပျန်းနမ်က ကမန်းကတန်းပြောလိုက်ရင်း -
"ကလေးများနေ့အတွက် မင်းကို ငါလက်ဆောင်ပေးတယ်လို့ သဘောထားလိုက်။ ကလေးများနေ့ရောက်ရင် မင်းကို လက်ဆောင်မပေးတော့ဘူး"
"သား အစ်ကို့ကို ပိုက်ဆံလည်း ပြန်ပေးစရာရှိသေးတယ်"
ချိုးယန့်အသံမှာ ပို၍တောင် တိုးလျသွားခဲ့ပြီး လျှို့ဝှက်စွာ ပြောနေရသည့်ပုံဖြင့် -
"ဒါပေမဲ့ သား မှတ်ထားတယ်ရော်"
ပျန်းနမ်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ချိုးယန့်မှာ တစ်ခါတစ်ရံတွင် ငတုံးလေးတစ်ယောက်နှင့်တူပြီး တစ်ခါတလေတွင်လည်း စိတ်ကူးအတွေးတို့က အလွန်တရာ နက်နဲလေးလံနေတတ်ပြန်သည်။ သူ စဥ်းစားလိုက်ပြီးနောက် -
"အာ့ပေါင်၊ အဲဒီပိုက်ဆံကိုလေ မင်း အသက် ၁၈ နှစ် မပြည့်ခင် ငါ့ကို ပြန်ပေးရင် ရပြီ။ တစ်နှစ်ကို ယွမ်လေးဆယ် ပြန်ပေး။ ဒီနှစ်အတွက်က ပေးပြီးပြီ။ ဘယ်လိုလဲ"
"ကောင်းတယ် ..."
ချိုးယန့်အသံက ချက်ချင်းကျယ်လောင်ထွက်လာလေသည်။
ချိုးယန့်နှင့် ဖုန်းပြောပြီးသောအခါ ပျန်းနမ်သည် အိပ်ဆောင်သို့ ပြန်လာ၏။ ရေချိုးလိုက်ပြီးနောက် ခုတင်တွင် လှဲရင်း မှင်တက်ငေးကြောင်နေသည်။
ဘေးနားအိပ်စောင်တွင် လူအနည်းငယ်ရှိသည်။ ဝမ်ပေါတို့ လူစုဖြစ်သည်။ သူတို့ ကတ်ကစားရင်း ရယ်နေသောအသံကို ပျန်းနမ်ကြားနေရသည်။ ဝမ်ပေါက သူ့ကို နှစ်ခေါက်တောင် လာခေါ်လိုက်သေးသည်။ နှစ်ခေါက်စလုံးတွင်ပင် သူ မလှုပ်မယှက် လဲလျောင်းနေ၏။
ယနေ့ သူ အိတ်ဆွဲလျက် ထွက်သွားချိန်တွင် ဝမ်ပေါမြင်သွားသည်။ သူ အိမ်ပြန်မည်ကို ဝမ်ပေါသိသည်။ ယခုမူ အိတ်ကို ဆွဲပြီး အဆောင်ပြန်လာပြန်သည်။ ပျန်းနမ် စကားမပြောချင်နေချေ။ ဘာကြောင့်လဲဟု အမေးခံလာရလျှင် သင့်တော်သောအဖြေတစ်ခုကို ဖန်တီး၍မရမည်ကို စိုးရိမ်၍ဖြစ်သည်။
သူ နားကြပ်ယူပြီး နားထဲ ထည့်လိုက်သည်။ သီချင်းခဏနားထောင်လိုက်ပြီးနောက် အိပ်ချင်စိတ်ကို ပျိုးထောင်ရာတွင် အထောက်အကူမဖြစ်သည်ကို သိလိုက်ရသည်။ သို့နှင့် ဖုန်းကို ယူလိုက်ပြန်ပြီး ဂိမ်းစဆော့သည်။
ဘယ်နှမိနစ်မှ မဆော့ရသေးမီ ဖုန်းဝင်လာသည်။ သူ လက်သင့်သည့်အတိုင်း ဖုန်းကိုင်သည့်ခလုတ်ကို နှိပ်လိုက်ပြီးတော့မှ သူ့အဖေ၏နံပါတ်ဖြစ်ကြောင်းကို သေချာမြင်လိုက်ရသည်။
"အဖေ"
ပျန်းနမ်က ဖုန်းကိုင်လိုက်သည်။
"ဘယ်လိုဖြစ်လို့ အိမ်မပြန်လာတာလဲ"
အဖေ့အသံထဲတွင် မစွမ်းသာသည့်အရိပ်အယောင်များ ပါနေသည်။
"ကျွန်တော် ... ..."
ပျန်းနမ် တန့်သွားသည်။ ဘယ်အချိန်တုန်းက သူ အိမ်မပြန်ဘူးဆိုပြီး ဖြစ်သွားရတာလဲ။
"အန်တီပြောတော့ မင်းကို ဖုန်းဆက်တော့ မင်းက အိမ်မပြန်တော့ဘူးလို့ ပြောတယ်တဲ့။ ဒီတစ်ပတ်မှာ လေ့ကျင့်ရေး မရှိဘူးမလား"
အဖေက သက်ပြင်းတစ်ချက် မှုတ်ထုတ်သည်။
ပျန်းနမ် ထထိုင်လိုက်ပြီး နှုတ်ခမ်းသားကို ကိုက်လျက် အတော်ကြာအောင် တိတ်ဆိတ်နေပြီးတော့မှ ပြောလာသည်။
"ကိစ္စရှိလို့။ မနက်ဖြန်ညကျမှပဲ ကျွန်တော် ပြန်လာခဲ့တော့မယ်"
"အန်တီက မင်းအတွက် အဝတ်အစားတွေ အများကြီး ဝယ်ထားပေးတယ်။ မနက်ဖြန်ကျရင် ကျိန်းသေပြန်လာရမယ်။ သိပြီလား။ လောင်ဝူကိုလွှတ်ပြီး မင်းကို လာကြိုခိုင်းလိုက်ရမလား"
အဖေက ပြောသည်။
"ကျွန်တော် ကားငှားပြီးပဲ ပြန်လာမယ်။ ကြိုဖို့မလိုဘူး"
မိမိ၏လည်မျို အနည်းငယ် တင်းကျပ်လာသလို ပျန်းနမ်ခံစားလိုက်ရသည်။ ဖုန်းချလိုက်ပြီးနောက် သူ ခပ်ပြင်းပြင်း ချောင်းဆိုးလိုက်ရသည်။
အကယ်၍ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်မှ ပျန်းနမ်ဆိုပါက ဤကိစ္စကို ယခုအတိုင်း သူ သေချာပေါက် ထားလိုက်မှာ မဟုတ်ပေ။ သူ့အဖေအား သူ မပြန်တာ မဟုတ်ကြောင်း၊ အန်တီက သူ့ကို ပေးမပြန်၍ဖြစ်ကြောင်းကို ကျိန်းသေ ပြောပြဖြစ်လိမ့်မည်။
သို့သော် ယခုတော့ သူ ထိုကဲ့သို့ ထပ်မပြောတော့ပေ။ ဖုန်းထဲတွင် အန်တီက အလွန်ကျွမ်းကျင်လိမ္မာစွာ ပြောခဲ့ခြင်းဖြစ်ပြီး အိမ်မပြန်ခိုင်းသည့်အကြောင်းကို တစ်ခွန်းတစ်လေတောင် ထည့်ပြောခဲ့သည်မဟုတ်။ အကယ်၍ သူ့အဖေကို သူပြောပြလိုက်လျှင် သူသည် အန်တီ့ကို တမင်အပြစ်ရှာသော မသိတတ်သည့်ကလေးအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ဖုန်းကို သူ ဘေးတစ်ဖက်သို့ ပစ်ထုတ်လိုက်သည်။ ဂိမ်းဆော့ချင်စိတ်လည်း မရှိနေတော့ပေ။ ရင်ဝတွင်တော့ ဆို့နင်နေပြီး ခံရခက်လှသည်။
ခုတင်ပေါ်တွင် ထိုင်ရင်း တစ်အောင့်ခန့် ငေးကြောင်နေပြီးနောက် ခုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ထိုင်ခုံတစ်လုံး ကောက်ယူကာ ကြမ်းပြင်ပေါ်သို့ အားပါပါ ဆောင့်ရိုက်ချလိုက်သည်။
ထိုင်ခုံမှာ စွင်းယိဖန်၏ထိုင်ခုံဖြစ်သည်။ စွင်းယိဖန်က ထိုထိုင်ခုံပေါ်ထိုင်လျှင် ခုံကို နာရီဝက်ခန့်ကြာအောင် လှုပ်ခတ်လွှဲယမ်းတတ်လေ့ရှိရာ ထိုင်ခုံမှာ နှစ်ကြိမ်တိုင်တိုင် ပြိုကျဖူးပြီးသား ဖြစ်သည်။
ပျန်းနမ်က ဤကဲ့သို့ ဆောင့်ရိုက်ချလိုက်သည်နှင့် ထိုင်ခုံမှာ ခေါင်းနှင့်ကိုယ်တို့ ပြတ်ပြတ်သားသား အိုးစားကွဲတော့သည်။
သူ အသက်ကိုတောင် မှန်အောင် မရှူရသေးခင် ကျိုးပျက်သွားသော ထိုင်ခုံဆီသွားပြီး ထိုင်ခုံခြေထောက်တစ်ချောင်းကို ကောက်ယူကာ နံရံပေါ်ကို ထပ်ရိုက်ထည့်လိုက်ပြန်သည်။
ထိုင်ခုံအပြားကို ထပ်ကောက်ယူပြီး တံခါးပေါ် လွှဲရိုက်သည်။
နောက်ဆုံးတွင် အိပ်ဆောင်ထဲရှိ သံဗီရိုကို တခွမ်းခွမ်းဖြင့် သုံးလေးချက်ခန့် လွှဲကန်သည်။ ထိုတော့မှ အမောတကော အသက်ရှူသွင်းရှူထုတ်ရင်း လှုပ်ရှားမှုတို့ကို ရပ်တန့်လိုက်ကာ သူလည်း ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချပြီး ငေးကြောင်နေသည်။
"ပျန်းနမ် ..."
အိပ်ဆောင်တံခါးက ခပ်ဖွဖွ အခေါက်ခံလိုက်ရပြီးနောက် တွန်းဖွင့်ခံလိုက်ရသည်။ ဝမ်ပေါက လက်တစ်ဖက်ဖြင့် တံခါးကိုကိုင်ထားရင်း အချိန်မရွေး တံခါးပိတ်ပြီး လစ်ပြေးရန်အသင့်ဖြစ်နေသောအထာဖြင့် -
"ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ဘူး"
ပျန်းနမ်က ကြမ်းပေါ်ဆောင့်ကြောင့်ထိုင်နေရင်း သူ့ကို တစ်ချက်ကြည့်လိုက်ရင်း -
"မင်းတို့ကတ်ကစားစရာရှိတာ သွားကစား"
"ငါတို့အသံ ဆူသွားလို့ မဟုတ်လား"
ကြမ်းပေါ်အပြည့် ကျိုးပြတ်ပျက်စီးနေသော ထိုင်ခုံကိုမြင်ပြီးနောက် ဝမ်ပေါက ထပ်မေးလိုက်ခြင်းဖြစ်သည်။
ပျန်းနမ်သည် ပုံမှန်အားဖြင့် ပြုံးပျော်ပျော်နှင့်ရွှင်မြူးမြူးဖြစ်နေသည့်အချိန်ကသာ များပြားသည်။ သို့သော် တကယ်တမ်း ဒေါသထွက်လာပြီဆိုလျှင် နည်းပြတောင် တားဆီးမရနိုင်သူဖြစ်သည်။ ဝမ်ပေါမှာ ကတ်ရှုံးကာ အတင်းအကျပ်ဖိအားခံရ၍ ရွေးစရာမရှိတော့မှသာ အခြေအနေကို လာမေးရဲခြင်းဖြစ်သည်။
"မဟုတ်ပါဘူး"
ပျန်းနမ်က မတ်တတ်ရပ်လိုက်ပြီး ခုံကို ဘေးတစ်ဖက်သို့ ကန်လိုက်ရင်း -
"မင်းတို့အခန်းမှာ အသင့်စားခေါက်ဆွဲရှိလား"
"ငါ့မှာ ရှိတယ်။ မင်း ထမင်းမစားရသေးဘူးလား"
ဝမ်ပေါက လှည့်သွားပြီး ကိုယ့်အိပ်ခန်းဆီကိုကိုယ် ပြန်သွားရင်း -
"မင်းကို သွားယူပေးမယ်"
ဝမ်ပေါက သူ့အတွက် အသင့်စားခေါက်ဆွဲဘူးတစ်ဘူး ယူလာပေးပြီးနောက် အခန်းပြန်ပြီး ကတ် ဆက်ကစားသည်။
ပျန်းနမ်က ရေနွေးကရားယူလိုက်ပြီး အဖုံးဖွင့်ကာ လက်ဖြင့် ရေအပူကို စမ်းကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လျက်ဖြင့် -
"ငါလူး။ ဖင်လောက်တောင် မပူနေဘူး ... ..."
ရေက ခပ်နွေးနွေးဖြစ်နေသည်။ ခေါက်ဆွဲ စိမ်၍ ရလောက်မည်မဟုတ်။ သို့သော် သူသည် ရေကို ဘူးထဲ လောင်းထည့်လိုက်သေးပြီး စက္ကူအဖုံးကို ဖုံးလိုက်သည်။ ထို့နောက် စိတ်ရှည်ရှည်ဖြင့် ခေါက်ဆွဲဘူးကို ဆယ်မိနစ် စောင့်ဆိုင်းနေလိုက်သည်။
အချိန်ရောက်၍ စက္ကူအဖုံးကို ဖွင့်လိုက်သော် သူသည် မနေနိုင်တော့ဘဲ အသံထွက်အောင် ရယ်လိုက်ရတော့သည်။ ရေတောင် အေးစက်သွားပြီဖြစ်ကာ ခေါက်ဆွဲမှာ အစုလိုက် တစ်ချပ်တည်းဖြစ်နေဆဲပင်။
သူ ခက်ရင်းကိုယူပြီး ခေါက်ဆွဲတုံးပေါ်တွင် လူးလာခေါက်ပြန် ထိုးစိုက်လိုက်သည်။ သူ့ ထိုးစိုက်မှုနှင့်အတူ ဆွဲယမ်းလှုပ်ခါလိုက်မှုကြောင့် စုကပ်နေသောခေါက်ဆွဲတုံးမှာ ပျံ့ကြဲထွက်သွားသည်။ သို့သော် စားလိုက်လျှင် အရသာမှာ ပါးစပ်ထဲတွင် ဆိုးရွားခြောက်ကပ်နေသည်။
"ဟမ်း ..."
ပျန်းနမ်က မတ်တတ်ထလိုက်ပြီး ဘေးနားရှိ စင်ပေါ်ကို မွှေနှောက်ရင်း ဝမ့်ဖေး၏ငရုတ်သီးစိမ်တစ်ပုလင်း ရှာတွေ့လာရာ ငရုတ်သီးအဖတ်လေး အနည်းငယ်ခန့်ကို ခေါက်ဆွဲဘူးထဲ ထည့်လိုက်သည်။
သူသည် အစပ်သိပ်မစားနိုင်သူတစ်ယောက်ဖြစ်သည်။ ငရုတ်သီးစိမ်တစ်ဖတ်ညပ်ယူပြီး ပါးစပ်ထဲထည့်ကာ နှစ်ချက်ခန့် ဝါးလိုက်ရင်း ခေါက်ဆွဲတစ်လုပ်တောင် မစားရသေးခင်တွင် မျက်နှာတစ်ပြင်လုံးရှိ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။
သူသည် ပါးစပ်ထဲမှ ငရုတ်စိမ်ကို အလျင်အမြန်ထွေးထုတ်လိုက်ပြီး ဘယ်သူ့ဟာမှန်းမသိသော ရေတစ်ဘူးကို ယူကာ သုံးလေးငုံခန့် သောက်ချလိုက်သည်။
ပါးစပ်တွင်းမှ အစပ်အရသာမှာ ရေနှင့်အတူ မပါသွားဘဲ ယခင်အတိုင်း ပူစပ်စပ်ဖြစ်နေဆဲပင်။ ပျန်းနမ်က ရေတစ်ဘူးလုံးကို ကုန်စင်အောင် သောက်ချလိုက်သည်။ သို့သော် သူ့လျှာကို ကယ်တင်၍ မရနေဆဲပင်။ စပ်လွန်း၍ မျက်ရည်များတောင် စီးကျလာသည်။
သူသည် သူ့မျက်လုံးကိုသူ ပွတ်သပ်လိုက်သည်။ မတ်တတ်ရပ်လိုက်ပြီး မှန်ရှေ့သွားကာ ကိုယ့်ကိုယ်ကိုယ် သွားကြည့်လိုက်သည်။ မျက်လုံးနှစ်ဖက်စလုံးမှာ နီရဲနေသည်။ ကြည့်လိုက်လျှင် စောစောကမှ ငိုယိုပြီးစီးခဲ့သည်နှင့် တူနေသည်။ နှာဖျားကတောင် စိုစွတ်နီကြင်ရိပ် သန်းနေသည်။
"ကူကယ်ရာမဲ့နေပြီ"
မှန်ကို ကြည့်ရင်း သူသည် အတော်ကြာအောင် အူမြူးနေလိုက်ပြီးနောက် စားပွဲဘေးနားသို့ ပြန်သွားပြီး ထိုင်ချလိုက်သည်။
ဘူးထဲမှ ခေါက်ဆွဲကို တစ်အောင့်ခန့် ငေးစိုက်ကြည့်နေလိုက်သည်။ ထို့နောက် ခေါက်ဆွဲဘူးကို တွန်းဖယ်လိုက်ကာ မှောက်အိပ်လိုက်ပြီး မျက်လုံးကို လက်မောင်းများပေါ်သို့ ဖိချလိုက်သည်။
***
(ဆက်ရန်)