Chapter ● 17 ●
မိုးကောင်းကင်က အနည်းငယ် အုံ့မှိုင်းလို့နေသည်။ မိုးသည်းထန်စွာ ထပ်မံရွာသွန်းဦးမည်ထင်သည်။
ပျန်းနမ်က မျက်မှောင်ကြုတ်ထားလျက် လမ်းလေးအတိုင်း အပြင်ဘက်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ ခေါင်းငုံ့ကာ ဖုန်းကြည့်လာနေရင်း ဖုန်း contact ကို အထပ်ထပ်အခါခါ လှန်လှောကြည့်နေပြီး နောက်ဆုံးတွင် ဝမ့်ဖေး၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။
တစ်ဖက်မှ ဖုန်းကိုင်ရန် စောင့်နေသည့်အချိန်တွင် ရှေ့တူရူဆီမှ ကားတစ်စီး မောင်းလာသည်။ ပျန်းနမ်က ဘေးတစ်ဖက်ဆီ လမ်းဖယ်ပေးလိုက်သော်လည်း ကားက ဟွန်းသံနှစ်ချက် တီးလာသေးသည်။
ဤလမ်းက သိပ်မကျယ်ပေ။ သို့သော် တင့်ကားတစ်စီးဆိုလျှင်တောင် လွတ်လွတ်ကင်းကင်းမောင်းသွား၍ ရသည်။ ပျန်းနမ် ဘေးဘက်ကို လမ်းဆက်ဖယ်ပေးနေရင်း အနည်းငယ်စိတ်မရှည်စွာ ကားဆီကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
ကားက သူနှင့် အလွန်နီးကပ်နေပြီဖြစ်ရာ၊ ကားမောင်းသူနေရာတွင် ထိုင်နေသော ပျန်းဟောက်နှင့် သူ၏ စက်ဆုပ်မှုတို့ပါဝင်နေသည့် အေးစက်တည်တင်းသောအကြည့်ကို ပျန်းနမ် သေချာစွာ မြင်လိုက်ရပြီဖြစ်သည်။
ပျန်းဟောက်၏အကြည့်တို့ သူနှင့်ဆုံတွေ့သောအခါတွင် ပျန်းဟောက်၏လက်က ကားဟွန်းကို တစ်ချက်တီးလိုက်ပြန်သည်။ အသံက အလွန်နားစူးစရာကောင်းလှသည်။
ပျန်းနမ်မျက်နှာပေါ်တွင် ဘာအမူအရာခံစားချက်မှ မရှိနေပေ။ ဒရိုင်ဘာဘေးထိုင်ခုံတွင် ဆံပင်ခပ်ရှည်ရှည် မိန်းကလေးတစ်ယောက်ကို မြင်သောအခါ အန်တီက သူ့ကို အိမ်မပြန်ခိုင်းသောအကြောင်းရင်းကို သဘောပေါက်သွားတော့သည်။ ယနေ့တွင် ပျန်းဟောက်က ချစ်သူကောင်မလေးကို အိမ်အလည်ခေါ်လာပုံရသည်။
လမ်းဘေးရှိ ပန်းခင်းဘောင်ဘေးနားအထိ သူ လမ်းဖယ်ပေးလိုက်တော့မှ ပျန်းဟောက်က ဟွန်းတစ်ချက် ထပ်တီးပြီး ကားကို ရှေ့ဆက်မောင်းထွက်သွားတော့သည်။
"လခွမ်း။ လေလို စောက်ရူး"
ပျန်းနမ်က ဆဲရေးလိုက်သည်။ ဖုန်းဝင်သွားရာ ဖုန်းကို သူ နားရွက်နား ယူလိုက်ပြီး -
"မင်း အိမ်မှာလား"
"ငါ့အဘွားအိမ်မှာ ရှိနေတာ။ မနက်ဖြန် ပြန်မယ်။ ဘာဖြစ်လို့လဲ။ မင်း ဘယ်မှာလဲ။ အိမ်ပြန်မှာဆို"
ဝမ့်ဖေးက ပြောသည်။
"အင်း"
ပျန်းနမ်က မသဲမကွဲအသံဖြင့် ဖြေလိုက်သည်။
"ပျန်းဟောက်လည်း အိမ်ပြန်လာတာလား"
ဝမ့်ဖေးက စဥ်းစားလိုက်ပြီးနောက် ဆက်၍ -
"ဒါဆို မင်း ငါ့အိမ်ကို သွားလိုက်လေ။ ငါအခု ပြန်ခဲ့လိုက်မယ်"
"မလိုတော့ဘူး"
ပျန်းနမ်က ကမန်းကတန်းပြောလိုက်သည်။ ဝမ့်ဖေးသည် လစဥ် တစ်လကိုတစ်ရက် သူ့အဘွားအိမ်တွင် သွားနေလေ့ရှိသည်။ သွားလိုက်တိုင်း ပြန်ရတော့မည်အချိန်ရောက်လျှင် သူ့အဘွားက သူ့ကို ပြန်မလွှတ်ရက် ဖြစ်တတ်သည်။ ပျန်းနမ် မလုပ်ချင်ဆုံးသောအရာမှာ မိသားစုသာယာကြည်နူးမှုကို မွေ့လျော်ခံစားနေသည့် အမျိုးသမီးအိုကြီးကို အနှောင့်အယှက်ပေးခြင်းပင် ဖြစ်တော့သည်။
"ငါ ကိစ္စမရှိဘူး"
"မင်းက အိမ်မှာလား ဒါမှမဟုတ် ထွက်လာပြီလား"
ဝမ့်ဖေးက မေးသည်။
"အိမ်မှာ"
ပျန်းနမ်က နောက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် -
"ဟုတ်ပြီ မင်း အဘွားနဲ့ အဖော်လုပ်ပေးလိုက်။ ငါ ဖုန်းချလိုက်တော့မယ်"
"မနက်ဖြန် ငါအိမ်ပြန်ရောက်ရင် မင်းဆီဖုန်းဆက်လိုက်မယ်"
ဝမ့်ဖေးက ပြောသည်။
"အင်း"
ပျန်းနမ် ဖုန်းချလိုက်ပြီးနောက် အိမ်ရာဂိတ်ပေါက်တွင် အနည်းငယ်စိတ်ထိုင်းမှိုင်းစွာ မတ်တတ်ရပ်နေသည်။ သူ ထမင်းလည်း မစားရသေးသလို လျှော်စရာအဝတ်အစားတစ်ထုပ်ကိုလည်း လက်တွင် ဆွဲထားသည်။ ရလဒ်ကမူ အိမ်တံခါးထဲကိုတောင် ဝင်၍မရလိုက်ပေ။
မိနစ်အနည်းငယ်ခန့် ရပ်နေလိုက်ပြီးနောက် သူ လက်မြှောက်ပြီး အငှားကားတစ်စီး တားလိုက်သည်။ ကျောင်းကို ပြန်ပြီး အဆင်ပြေသည့်တစ်ခုခုစားလိုက်ပြီးနောက် အဆောင်တွင်နေကာ အိပ်လိုက်ရန် တွေးထားခြင်းဖြစ်သည်။
ကျောင်းလမ်းဆုံကို ရောက်လာပြီး လမ်းဘေးတစ်ဖက်သို့ ကွေ့ဝင်လိုက်သည့်အချိန်တွင် ပျန်းနမ်က ကားဆရာကို ကားရပ်ခိုင်းလိုက်သည်။ ဤလမ်းဆုံဘက်တွင် အစားအသောက်သရေစာဆိုင်များဖြင့် ပြည့်နေသည်။
သူသည် ပိုက်ဆံနှိုက်နေရင်း ကားတံခါးကိုလည်း ဖွင့်လိုက်ကာ ခြေတစ်ဖက်ကို ကားအပြင်ဘက်သို့ ခြေချလိုက်သည်။
"ပျန်းနမ်"
ဘေးနားရှိ ဆိုင်ထဲမှ လူတစ်ယောက်က အော်ခေါ်လိုက်ပြီး -
"လာတာ အတော်ပဲ"
ပျန်းနမ်က ဘာမှပြန်မဖြေဘဲ အသံလာရာဘက်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ မစ်တီးဆိုင်တစ်ဆိုင်၏ အပေါက်ဝရှေ့တွင် ဆောင့်ကြောင့်ထိုင်နေလျက်ရှိသော ဖန်းယိဖုန်းတို့ လူစုကို တွေ့လိုက်ရသည်။ သူ့ကို မြင်သည်နှင့် ဖုန်းယိဖုန်းက ခုန်ထလိုက်ပြီး ကားရှိရာဘက်ဆီ လျှောက်လာသည်။
သူသည် အောက်ချလက်စ ခြေတစ်ဖက်ကို ကမန်းကတန်းပင် ကားထဲ ပြန်ရုပ်လိုက်ပြီး ကားတံခါးကို ပိတ်လိုက်ကာ -
"ကားဆရာ။ ကားမောင်းမယ်။ ဒီမှာ မဆင်းတော့ဘူး"
စနေတနင်္ဂနွေပိတ်ရက်တွင် ကျောင်း၌ လိုက်လံကြပ်မတ်သည့်သူ မရှိချေ။ လွတ်လွတ်လပ်လပ် ဝင်ထွက်၍ရသည်။ ရန်ဖြစ်တိုက်ခိုက်ကြရန်အတွက် အချိန်ကောင်းတစ်ရပ်သာ ဖြစ်နေတော့သည်။
ဤနေရာတွင် ဖန်းယိဖုန်းတစ်ယောက် စတည်းချနေရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းမှာ မည်သူမှန်းမသိသူတစ်ယောက်ယောက်ကို ပြဿနာသွားရှာရန်အတွက် လူစုဝေးနေခြင်းသာ ဖြစ်သည်။
ပျန်းနမ်မှာ မူလကတည်းက ဖန်းယိဖုန်းနှင့်အတူ အပေါင်းအသင်းလုပ်ပြီး ရောရောနှောနှော နေချင်စိတ် မရှိနေချေ။ ယခုတွင် ချိုးယိကိုလည်း ထိုကဲ့သို့ဖြစ်အောင် ဆော်ထားသေးရာ သူ့အနေဖြင့် ပြဿနာ ထပ်မဖြစ်ချင်တော့ပေ။
အငှားကားက ကားခေါင်းလှည့်ပြီး မောင်းထွက်သွားချိန်တွင် ပျန်းနမ်က တစ်ချက် နောက်လှည့်ကြည့်လိုက်သည်။ ဖန်းယိဖုန်းမှာ ကားကို လက်ညှိုးငေါက်ငေါက်ထိုးလျက် ဆဲဆိုကျိန်းမောင်းနေကာ ဘာအော်နေမှန်း သေချာ မကြားရပေ။
"ဘယ်သွားမလဲ"
ကားဆရာက မေးသည်။
"ရှော့ပင်းပလာဇာ"
ပျန်းနမ်က ကားနောက်မှီကို မှီလျက် ပါးစပ်တည့်ရာ ပြောလိုက်သည်။
ကားဆရာက ကားကို မြို့တွင်းထဲဘက်သို့ မောင်းလိုက်သည်။ ပျန်းနမ်မှာ ပြတင်းပေါက်အပြင်ဘက်ဆီ ငေးမောနေသည်။ အကယ်၍ ဝမ့်ဖေးနှင့်အတူရှိနေပါက အင်တာနက်ဆိုင်၊ ဂိမ်းမြို့တော် အစရှိသဖြင့် အားလုံးတို့မှာ သွား၍ကောင်းသောနေရာများ ဖြစ်ကြသည်။ သို့သော် ထိုနေရာများတွင် တစ်ယောက်တည်းဆိုပါက အလွန်ပျင်းရိဖွယ်ကောင်းသည်။
စည်ကားအသက်ဝင်ခြင်းကို သူ သဘောမကျပါ။ သို့သော် တစ်ယောက်တည်း ရှိနေလျှင်လည်း သူ အနေရခက်တတ်သည်။
သွားလိုသည့်နေရာကို ရောက်သော် ပျန်းနမ် ကားပေါ်မှ ဆင်းလိုက်ပြီး ဖြည်းဖြည်းနှေးနှေးနှင့် ရှော့ပင်းမောထဲ လျှောက်ဝင်လိုက်သည်။
ယခုအချိန်တွင် ရှော့ပင်းမောထဲ၌ လူ တအားများနေသည်။ လူအုပ်ထဲ ဝင်ရောလိုက်ပြီး သူသည် သုံးလေးပတ်ခန့် ပတ်လိုက်သည်။ အပေါ်ဆုံးထပ်သို့ရောက်ပြီး တစ်ခုခုကို အဆင်ပြေသလိုစားလိုက်ရန် စဥ်းစားလိုက်ရာ သိလိုက်ရသည်မှာ ရှိသမျှသောဆိုင်အားလုံးတို့မှာ ကလေးလူကြီးတို့ဖြင့် ပြည့်လျှံနေသည်။ သို့နှင့် နှေးနှေးကွေးကွေးဖြင့် အောက်ထပ်များဆီသို့ ဆင်းလာပြန်သည်။
စတုတ္ထထပ်ရှိ ကလေးသူငယ်ကစားစရာပစ္စည်းရောင်းသောဧရိယာသို့အရောက်တွင် သူ ခြေလှမ်းရပ်လိုက်သည်။ တစ်အောင့်ခန့် တုံ့ဆိုင်းနေပြီးနောက် ပစ္စည်းတင်စင်များကြားသို့ ဝင်သွားလိုက်သည်။
အကြီးအသေး အရွယ်အစားစုံသော ထရန်စဖော်မာစက်ရုပ်များ များစွာရှိနေသည်။
သူ ဖုန်းယူထုတ်ပြီး ချိုးယန့်နံပါတ်ဆီ ဆက်လိုက်သည်။
"သာ့ဟူကျစ်"
ထိုဘက်မှ တစ်ယောက်ယောက်က ဖုန်းကိုင်လိုက်သည်။
ပျန်းနမ်က တန့်သွားခဲ့ပြီး -
"လခွမ်း။ ချိုးယိလား"
"အင်း"
ချိုးယိက အသံပြုသည်။
"ငါ အာ့ပေါင်နဲ့ပြောချင်လို့"
ပျန်းနမ်က အသံခပ်မှိုင်းမှိုင်းဖြင့် ပြောလိုက်သည်။
နှစ်စက္ကန့်ခန့် ကြာသွားပြီးနောက် ဖုန်းနားကြပ်ပိုင်းထဲမှ အာ့ပေါင်၏ ရွှင်မြူးမြူးအသံ ပျံ့လွင့်လာသည်။
"သာ့ဟူကျစ်"
"မင်းအတွက် ထရန်စဖော်မာစက်ရုပ် ဝယ်ပေးမလို့။ မင်း ဘယ်တစ်မျိုးကို ကြိုက်လဲ။ ဘေးတစ်ဖက်ကို သွားပြီး ငါ့ကို တိုးတိုးလေးပြောပြ။ မင်းအစ်ကိုကို မကြားစေနဲ့"
"အင်း"
ချိုးယန့်က အိပ်ခန်းထဲ ပြေးဝင်သွားပုံရသည်။ အသံကို တိုးအောင် နှိမ့်ချပြီး -
"သား Bumblebee ကြိုက်တယ်။ Bumblebee ကို တအားကြိုက်တာ"
"ဟုတ်ပြီ။ ဒါဆို Bumblebee"
ပျန်းနမ်က ခေါင်းညိတ်လိုက်ပြီး (၂၀) စင်တီမီတာ အမြင့်ရှိသော Bumblebee စက်ရုပ်တစ်ရုပ် ရွေးလိုက်သည်။ ဤအရုပ်က သိပ်မရှုပ်ထွေးပေ။ ပိုက်ဆံစုဘူးကို သစ်ပင်အခေါင်းပေါက်ထဲ ထည့်ပြီး ပိုက်ဆံစုဘူးကို သူများက မလိမ့်တပတ်နှင့် ယူသွားခြင်းပါ ခံရသေးသည့် ကလေးငယ်များ ဆော့ရန် ပိုသင့်တော်သည်။
"သာ့ဟူကျစ် ထမင်းစားပြီးပြီလား"
ချိုးယန့်က မေးသည်။
"စားပြီးပြီ"
ပျန်းနမ် ပြောလိုက်သည်။ အစာအိမ်က ပူးပေါင်းဆောင်ရွက်ခြင်း သိပ်မရှိစွာ အသံတစ်ချက် ပေးလာသည်။
"တကယ်လား။ ဒီနေ့ သားကိုကို ငါးအသားပြားတန်ပူရာကြော်တယ်"
ချိုးယန့်က အစမ်းသဘောနှင့် ဆက်၍ -
"စားချင်လားဟင်"
"ငါ ......"
ပျန်းနမ်၏အစာအိမ်က နောက်တစ်ကြိမ် အသံထွက်လာပြန်သည်။ ချိုးယန့်၏ အကြံပေါက်စကလေးကို သူ သိသည်။ ဤချာတိတ်လေးက Bumblebee ကို ယနေ့အတွင်း ရချင်၍ ဖြစ်ပုံရသည်။
"မင်းအစ်ကို လမ်းလျှောက်လို့မရဘူးမဟုတ်လား။ ငါးအသားပြားတန်ပူရာ ကြော်သေးတယ်ပေါ့"
"သူ ဝှီးချဲပေါ်ထိုင်ပြီး ကြော်တာ"
ချိုးယန့်က ရယ်ရင်း ပြောလိုက်ပြီး ဆက်၍ -
"သိပ်မကြာခင်မှာ ကြော်ပြီးတော့မှာရယ်။ သား အပြင်ထွက်ပြီး အမဲသားနှပ်ဝယ်လာခဲ့သေးတာ ...... မစားချင်ဘူးလားဟင်"
ပျန်းနမ်က ပစ္စည်းတင်စင်ကို မှီပြီး သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် -
"ဒါဆို ငါ အခုလာခဲ့လိုက်မယ်လေ"
"တကယ်ကြီးလား"
ထိုဘက်ဆီမှ ချိုးယန့်၏ ဝမ်းသာရွှင်မြူးသော ရယ်သံ ထွက်ပေါ်လာသည်။ ရယ်သံမှာ ကြည်လင်ပြီး ပြတ်သားလှသည်။
"အင်း။ တကယ်"
ပျန်းနမ်က ရယ်လိုက်သည်။
ဖုန်းချလိုက်ပြီးနောက် သူသည် Bumblebee ကို ယူပြီး ငွေသွားရှင်းလိုက်သည်။ အောက်ထပ်သို့ ဆင်းလာချိန်တွင် သူ အနည်းငယ်ကြောင့်ကြစိတ် ဖြစ်နေသည်။ ချိုးယိကို သူ တကယ် သိပ်မတွေ့ချင်နေပေ။ သူတို့အိမ်တွင် ကျန်နေခဲ့သော မိမိ၏အင်္ကျီကို သွားယူရဦးမည့် ဆင်ခြေကို အလေးပေးစဥ်းစားလိုက်ရန်သာ တတ်နိုင်သည်။
.
ပျန်းနမ်သည် Bumblebee စက်ရုပ်ကို လက်တွင်ဆွဲလျက် ခြံတံခါးကို တွန်းဖွင့်လိုက်သည်။ ခြံထဲတွင် အဘိုးအို၊ အဘွားအို လေးငါးယောက်တို့က စပျစ်စင်အောက်တွင် ထိုင်နေကြသည်။ ဖေဖေချိုးသည်လည်း ဝှီးချဲပေါ်တွင် ထိုင်နေပြီး အဘိုးအဘွားအုပ်စုနှင့် စကားစမြည်ပြောနေသည်။
"ရော် ... သာ့ဟူကျစ် ရောက်လာပြီလား"
ဖေဖေချိုးက သူ့ကိုကြည့်ရင်း ပြုံးလျက် ပြောလာသည်။
"သာ့ဟူကျစ် သာ့ဟူကျစ်"
ချိုးယန့်က အိမ်ခန်းထဲမှ ပြေးထွက်လာပြီး ပြေးရင်း အော်လည်း အော်လာကာ -
"ရောက်ပြီလား"
မျက်မှောက်ရှေ့ မြင်ရကြားရသော မြင်ကွင်းနှင့်အသံတို့ကြောင့် ပျန်းနမ်မှာ နားမလည်နိုင်စွာပင် တည်ငြိမ်မြဲမြံသွားသော စိတ်ခံစားချက်တစ်မျိုး ခံစားလိုက်ရသည်။ ဖေဖေချိုးနှင့် အိမ်နီးချင်းလူကြီးများအား နှုတ်ဆက်လိုက်ပြီးနောက် ခါးငုံ့ကိုင်းကာ ချိုးယန့်အား ဖက်လိုက်ရင်း -
"ငါ မြန်တယ်မလား"
"အင်း"
ချိုးယန့်က ခေါင်းကို အားပါစွာ ညိတ်ပြလိုက်ပြီး အကြည့်က သူ့လက်ထဲတွင် ကိုင်ထားသော ဘူးပေါ်သို့ ကျရောက်သွားသည်။ စိတ်လှုပ်ရှားစွာ လေသံတိုးတိုးဖြင့် -
"Bumblebee လား"
"ဟုတ်တယ်"
ပျန်းနမ်လည်း အသံတိုးတိုးနှင့် ပြန်ဖြေသည်။
"အိမ်ထဲဝင်မယ် အိမ်ထဲဝင်မယ်"
ချိုးယန့်က သူ့ကို အိမ်ထဲ ဆွဲခေါ်လိုက်သည်။
"ကိုကို သာ့ဟူကျစ် လာတယ်"
ချိုးယန့်က အိမ်ထဲရောက်သည်နှင့် ဧည့်ခန်းထဲတွင် ခြေထောက်ချိတ်တင်လျက် တီဗွီကြည့်နေသာ ချိုးယိအား အော်ပြောလိုက်သည်။ ထို့နောက် ပျန်းနမ်ကို ဆွဲလျက် အိပ်ခန်းထဲ ခေါ်သွားတော့သည်။
"စားပြီးပြီလား"
ချိုးယိက သူ့အား ခေါင်းဆတ်ပြလိုက်ရင်း အလိုက်သင့်မေးလိုက်သည်။
"စား ...... ပြီးပြီ"
ပျန်းနမ်က ပြန်ဖြေလိုက်သည်။ ထမင်းစားစားပွဲပေါ်တင်ထားသော ငါးအသားပြားတန်ပူရာကြော်နှင့် အမဲသားနှပ်တို့၏ နှစ်ခုရောနှောနေသည့် မွှေးရနံ့တို့က သူ့နှာခေါင်းထဲသို့ လွင့်မျောရောက်ရှိလာသည်။ ထို့ကြောင့် သူ့အဖြေသည်လည်း မပြတ်မသားဖြစ်သွားရသည်။
"အာ့ပေါင်"
ခေါင်းကို မြှုပ်ဝှက်လျက် ပျန်းနမ်ကို အိပ်ခန်းထဲ ဆွဲခေါ်သွားနေသည့် ချိုးယန့်ကို ချိုးယိတစ်ချက်ကြည့်လိုက်ပြီးနောက် -
"မင်း ဘာလုပ်ဖို့လဲ"
"...... ဘာမှ မလုပ်ဘူးလေ"
ချိုးယန့်က ခြေလှမ်းရပ်လိုက်ပြီး -
"သား သာ့ဟူကျစ်နဲ့ အခန်းထဲဝင်ပြီး ကစားမလို့"
ချိုးယိက ပျန်းနမ်လက်ထဲမှ ဘူးကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ -
"အဲဒါက ဘာလဲ"
"ဒါက ......"
ချိုးယိ၏ မျက်နှာထားကို ကြည့်လိုက်သည်နှင့် ဤ Bumblebee စက်ရုပ်ကို ချိုးယန့်အား လက်ခံစေလောက်မည် မဟုတ်မှန်း ပျန်းနမ်သိလိုက်သည်။ ဘယ်လိုလုပ်သင့်လဲကို စိတ်ထဲတွင် အလျင်အမြန် တွေးတောနေသည်။
"ဒါက Bumblebee စက်ရုပ်"
"ဪ"
ချိုးယိက သူ့ကိုကြည့်နေရင်း -
"ပြီးတော့ရော"
ချိုးယန့်က ပျန်းနမ်လက်ကို ကမန်းကတန်း ဖမ်းဆုပ်လိုက်သည်။ ထိုကဲ့သို့ ဖမ်းဆုပ်လိုက်သောကြောင့် ပျန်းနမ်လည်း လိုက်ပြီး စိတ်လှုပ်ရှားလာတော့သည်။ နောက်ဆုံးတွင် အံကိုကြိတ်လျက် Bumblebee စက်ရုပ်ဘူးကို ချိုးယိရှေ့သို့ ကမ်းပေးလိုက်ကာ -
"မင်းကို ပေးဖို့"
"ဘာကြီး"
ချိုးယိက ကြောင်သွားတော့သည်။
"မင်းကို ပေးဖို့။ Bumblebee စက်ရုပ်"
ပျန်းနမ်က ပြောလိုက်သည်။
ချိုးယိက အနည်းငယ်အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်ကာ စကားတော့ မပြောလာပေ။ တစ်အောင့်ခန့် ကြာသွားပြီးမှ စရယ်လိုက်သည်။ မရပ်မတန့်ဘဲ အတော်ကြာအောင် ရယ်နေသည်။
"ချေးကို ရယ်နေတာလား"
ပျန်းနမ်က အရုပ်ဘူးကို သူ့ခြေထောက်ပေါ် တင်ပေးလိုက်ပြီး -
"ပေးရင် ယူထားလိုက်"
"ဘာလို့ ငါ့ကို Bumblebee အရုပ် ပေးတာလဲ"
ချိုးယိက နဖူးကို လက်ညှိုးနှင့်ထောက်ပြီး သူ့ကို ကြည့်ရင်း ရယ်နေဆဲပင်။
"ဘယ်က ဘာလို့လဲတွေ ရှိရမှာလဲ။ ငါ ......"
ပျန်းနမ်မှာ ငါ မင်းကို ဒီလိုဖြစ်အောင် ရိုက်လိုက်တဲ့အတွက် ဟု တဲ့တိုးပြောမိသွားရန် အနည်းငယ်သာ လိုတော့သည်။ တော်သေး၍သာ ခပ်မြန်မြန် ပြန်အုပ်မိသွားသည်။ ချိုးယန့်ကို သူ တစ်ချက်ကြည့်လိုက်ပြီး ချိုးယိကို ခေါင်းလှည့် ကြည့်လိုက်ပြန်ပြီးနောက် -
"မင်းခြေထောက် မြန်မြန်ပြန်ကောင်းလာဖို့အတွက်။ တကယ်လို့ မင်းမကြိုက်ရင် တခြားလူကို လွှဲပေးလိုက်"
ချိုးယိက နောက်ဆုံးတော့ ထပ်မရယ်တော့ဘဲ ခပ်ဖွဖွ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း -
"မင်းဒီဉာဏ်ရည်က အာ့ပေါင်နဲ့ အတူတူလောက်ပါပဲလား"
"မင်းက ရရော ရသေးရဲ့လား"
ပြောရင်း ပျန်းနမ်သည် အရုပ်ဘူးကို ပြန်ယူလိုက်ကာ ချိုးယန့်လက်ထဲ ထိုးထည့်ပေးလိုက်ပြီး -
"ငါ မင်းအစ်ကိုကို ပေးတာ။ မင်း သူ့အစား ကူသိမ်းထားပေး"
"ဟုတ်"
ချိုးယန့်က နှစ်စက္ကန့်ခန့် တွေဝေသွားပြီး အရုပ်ဘူးကို ပိုက်လျက် အိပ်ခန်းဆီ လှည့်ထွက် ပြေးဝင်သွားသည်။
"ဟေ့ကောင် မင်းဘယ်လိုဖြစ်နေတာလဲ"
ပျန်းနမ်သည် ချိုးယန့် အခန်းထဲဝင်သွားသည်ကို ကြည့်နေပြီးတော့မှ အသံကို နှိမ့်လျက် ခပ်အုပ်အုပ်ပြောလိုက်သည်။
ချိုးယန့်အပေါ် ချိုးယိ၏ ဤကဲ့သို့သော ဆက်ဆံပုံကြောင့် အကြိမ်တိုင်းပင် ပျန်းနမ်မှာ ခံရခက်လေ့ရှိသည်။
"ဘယ်လောက်ပေးရလဲ"
ချိုးယိက သူ့ကိုမေးသည်။
"ဘာကိုလဲ။ စက်ရုပ်ကို ပြောတာလား"
ပျန်းနမ်က ကျွတ်ခနဲ စုတ်သပ်လိုက်ပြီးနောက် -
"လေးငါးခြောက်ရာလောက်ပဲ။ စျေးမကြီးဘူး"
"လေးငါးခြောက်ရာကို စျေးမကြီးဘူးလို့ထင်တဲ့သူက မင်းလေ။ နောက်ဆို သူ့ကို ပစ္စည်းတွေ ပြီးစလွယ် ဝယ်မပေးနဲ့"
ချိုးယိက ထိုင်နေဟန်ကို ပြင်ဆင်ထိန်းညှိလိုက်ပြီးနောက် အသံတိုးတိုးဖြင့် -
"ငါတို့အိမ်ကတတ်နိုင်တဲ့ ငွေကြေးဘောင်ထဲကနေ ကျော်လွန်တဲ့ ပစ္စည်းတွေကို ဒီလောက်လွယ်လွယ်နဲ့ ခဏခဏရနေရင် သူ့အတွက် သိပ်မကောင်းဘူး"
ပျန်းနမ် စကားမဆိုပေ။ ချိုးယိပြောလိုသော အဓိပ္ပာယ်ကို သူ သိသည်။ ပြန်လည်ချေပရန် သင့်တော်သည့်စကားကိုလည်း တစ်ခဏအတွင်းတွင် ရှာ၍မတွေ့နေပေ။ တစ်အောင့်ခန့် ကြောင်ရပ်နေပြီး အနည်းငယ် ကသိကအောက်ဖြစ်နေသည်။ ထို့ကြောင့် စားပွဲနားသို့သွားပြီး ငါးအသားပြားတန်ပူရာကြော်တစ်ဖတ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
"ဟ"
နှစ်ချက်ခန့် ဝါးလိုက်ပြီးနောက် ပျန်းနမ်မှာ မနေနိုင်ဘဲ အော်ပြောလိုက်သည်။
"အရသာက ဘယ်ဆိုးလို့လဲ။ မင်း လုပ်ထားတယ်ပေါ့"
"အင်း"
ချိုးယိက ရီမုတ်ကွန်ထရိုးကို ယူပြီး ချန်နယ်ပြောင်းလိုက်ရင်း -
"မင်း ထမင်းမစားရသေးဘူးမလား"
"စားပြီးပြီ"
ပျန်းနမ်က နောက်ထပ်ငါးကြော်တစ်ဖတ်ကို ယူလိုက်ပြန်ပြီး -
"ငါ လမ်းကြုံလို့ အင်္ကျီလာယူတာ"
"ခြံထဲမှာ လှမ်းထားတယ်။ သွားရုပ်ယူလိုက်"
ချိုးယိက ပြောသည်။
"လျှော်တောင် လျှော်လိုက်သေးတာလား"
ပျန်းနမ်မှာ ရုတ်တရက်ပင် အားနာသွားရသည်။
"အဝတ်လျှော်စက်ထဲ ပစ်ထည့်ပြီး တစ်ခါတည်းမွှေလိုက်တာ။ မဟုတ်လို့ရှိရင် သက်သက်ဖယ်ထုတ်ပြီး ထားထားရဖို့လား။ ပြီးတော့ မင်း အတွင်းခံဘောင်းဘီကိုရော"
ချိုးယိက ပြောသည်။
"အဲဒီဟာက အထူးတလည် ရှင်းပြဖို့ မလိုဘူးဟ"
ပျန်းနမ်က ခြံထဲ လှည့်ထွက်သွားပြီး သူ့အင်္ကျီကိုသူ ရုပ်ယူလိုက်သည်။ အိမ်ထဲ ပြန်ဝင်မည့်အချိန်တွင် ဖေဖေချိုးလည်း အိမ်ထဲ ပြန်ဝင်တော့မည်နှင့်ကြုံသွားသောကြောင့် ဝှီးချဲကို အိမ်ထဲအထိ သူ ကူတွန်းပေးလိုက်သည်။
ဖေဖေချိုးက ကျန်းမာရေးသိပ်မကောင်းပေ။ ပျန်းနမ်နှင့် သုံးလေးခွန်းခန့်သာ စကားစမြည်ပြောရသေးသည်၊ ပင်ပန်းလာ၍ အိပ်ရာပေါ် သွားလှဲတော့မည်ဟု ပြောလာသည်။
"အာ့ပေါင်"
ချိုးယိက အော်ခေါ်လိုက်သည်။
"လာပြီ"
ချိုးယန့်က အိပ်ခန်းထဲမှ ပြေးထွက်လာပြီး သူ့အဖေကို အိပ်ခန်းထဲသို့ အလွန်ကျွမ်းကျင်စွာ တွန်းသွင်းပေးလိုက်သည်။ တစ်ဆက်တည်းတွင် ပြေးထွက်လိုက် ပြေးဝင်လိုက်ဖြင့် ဆေးယူသည်၊ ထို့နောက် တဘက်တစ်ထည်ယူပြီး သူ့အဖေကို မျက်နှာသုတ်ပေးသည်၊ နောက်ဆုံးတွင် သူ့အဖေကို ခုတင်ပေါ်လှဲ၍ရအောင် ကူတွဲပေးလိုက်ပြီးသွားမှသာ အိပ်ခန်းထဲ အမြန်ပြန်ပြေးဝင်သွားပြီး စက်ရုပ်သွားဆော့တော့သည်။
ပျန်းနမ်မှာ မူလက ဝင်ကူညီပေးချင်နေသည်။ သို့သော် ရလဒ်မှာမူ ဝင်ကူပေးရန် အခွင့်အရေးကို ရှာမတွေ့လိုက်ပေ။
"အာ့ပေါင်က တကယ်ကို တော်တော်လုပ်နိုင်တာပဲ။ တော်တော်လည်း သိတတ်တယ်။ ထမင်းဟင်း မချက်တတ်တာလွဲရင် အကုန်လုပ်တတ်တယ်"
ပျန်းနမ်က တသသပြောလိုက်ပြီးနောက် ငါးတန်ပူရာကြော်နှစ်ဖတ်ကို ထပ်ညပ်ယူလိုက်ပြန်သည်။ ထို့နောက် အိပ်ခန်းထဲဝင်ပြီး ချိုးယန့်နှင့်အဖော်လုပ်ပြီး ခဏလောက် သွားဆော့ပေးရန်လုပ်လိုက်ရင်း -
"မင်း သူ့ကို ထိန်းတာ အဲဒီလောက် တင်းတင်းကျပ်ကျပ်ကြီး ထိန်းဖို့မလိုပါဘူး"
"မင့် ကျိုးကြောင်းဆက်နွှယ်မှုက ပြိုကျသွားပြီ"
ပျန်းနမ်မှာ ခေတ္တတန့်သွားပြီးတော့မှ ချိုးယိစကား၏အဓိပ္ပါယ်ကို နားလည်သွားတော့သည်။ ငါးကြော်ကို ပါးစပ်ထဲ သွတ်သွင်းလိုက်ပြီးနောက် အခန်းထဲဆီ လှည့်ထွက်သွားလိုက်သည်။
ချိုးယန့်မှာ စက်ရုပ်ဘူးကို ဖောက်လိုက်ပြီဖြစ်ကာ ခုတင်ပေါ်တင်ပြီး ဝမ်းသာပျော်ရွှင်စွာ ဆော့နေလျက်ရှိသည်။
"ကြိုက်လား"
ပျန်းနမ်က သူ့ခေါင်းလေးကို ပွတ်သပ်လိုက်သည်။
"ကြိုက်တယ်"
ချိုးယန့်သည် ခုတင်ပေါ်လှဲလျက် ရယ်နေသည်မှာ နှာခေါင်းကတောင် ရှုံ့တွသွားကာ -
"ကျေးဇူးတင်ပါတယ်"
ပျန်းနမ်က ခုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူနှင့်အတူ ကစားပေးနေသည်။ ချိုးယန့်၏ ဝမ်းသာပြီး ပြုံးပျော်နေသောမျက်နှာလေးကို ကြည့်ရင်း ချိုးယိစကားကို ပြန်လည် စဥ်းစားနေသည်။ စိတ်ထဲတွင် ဘယ်လိုခံစားနေရသည်ကို သူ မသိပါ။ ချိုးယန့်အတွက် နင့်နင့်နဲနဲ စိတ်မကောင်းသာ ဖြစ်မိသည်။
"သာ့ဟူကျစ်"
ချိုးယန့်က လှဲလိုက်ပြီး ပျန်းနမ်ခြေထောက်ပေါ်တွင် ခေါင်းအုံးလိုက်ကာ စက်ရုပ်ကို မြှောက်ကိုင်ကြည့်နေလျက် -
"ငါးကြော်စားလိုက်တာလား"
"မျက်နှာပေါ်ပြုတ်ကျမယ် သတိထား"
ပျန်းနမ်က စက်ရုပ်ပေါ်တွင် တစ်ချက်ခေါက်လိုက်ပြီး -
"ငါ စားထားမှန်း မင်း ဘယ်လိုသိလဲ"
"အနံ့ရတာ"
ချိုးယန့်က ရယ်ပြီး ပြောလိုက်ကာ -
"လက်ပေါ်မှာ ငါးကြော်နံ့ စွဲနေတာ"
"လခွမ်း"
ပျန်းနမ်သည် လက်ကို ဂျင်းဘောင်းဘီပေါ် ပွတ်သုတ်လိုက်ပြီး -
"နှာခေါင်း တော်တော်ကောင်းပါ့လား"
"စားလို့ကောင်းလား"
ချိုးယန့်သည် ခြေထောက်များကိုလည်း မြှောက်လိုက်ကာ လက်နှင့်ခြေထောက်တို့ပေါ်တွင် စက်ရုပ်ကို တင်လိုက်သည်။ ဆော့နေသည်မှာ နဖူးနှင့်နှာဖျားတို့ပေါ်တွင်တောင် ချွေးစက်များ သီးလာတော့သည်။
"အင်း"
ပျန်းနမ်က ပြန်ဖြေလိုက်သည်။ သူ ဝန်မခံချင်သော်လည်း ချိုးယိ၏ဟင်းချက်လက်ရာမှာ တကယ်ပင် ကောင်းမွန်လှသည်။ အထူးသဖြင့် ဗိုက်ဆာနေလျက်ရှိသည့်လူအတွက်မှာ တကယ်ကို ကောင်းလှသည်။
ချိုးယန့်တစ်ယောက် ကစားစရာအရုပ် မကြာခဏ ရရှိလေ့ ရှိဟန်မတူပေ။ Bumblebee စက်ရုပ်ကိုကိုင်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် ဝမ်းမြောက်တက်ကြွစွာ ကစားနေသည်။ ပျန်းနမ်က လက်ကိုင်ဖုန်းဖြင့် သူ့ကို ဓါတ်ပုံအနည်းငယ် ရိုက်ယူလိုက်သည်။
"မင်းက တော်တော်ဓါတ်ပုံစားတာပဲဟ"
ပျန်းနမ်က ဖုန်းထဲမှဓါတ်ပုံများကို ကြည့်နေလျက်ရှိရာ ချိုးယန့်၏မျက်လုံးကြီးကြီးများမှာ အလွန်တရာ ချစ်စရာကောင်းနေသည်။
"ဟား ဟား ဟား"
ချိုးယန့်က အနားတိုးလာပြီး ကြည့်လိုက်ရင်း အလွန်ကျယ်လောင်စွာ ရယ်နေသည်။ ခုတင်အစွန်းတွင် မှောက်လျက် ဧည့်ခန်းရှိရာဘက်ဆီ အော်လိုက်ပြန်သည်။
"ကိုကို ကိုကို ... သားနဲ့ Bumblebee ဓါတ်ပုံတွေ ကြည့်ဦး"
"မမြင်ရဘူး"
ဧည့်ခန်းရှိ ချိုးယိက ပြောလိုက်သည်။
"သားကိုကိုဆီ ယူသွားပြပေး"
ချိုးယန့်က အလွန်စိတ်လှုပ်ရှားတက်ကြွနေပြီး ပျန်းနမ်ကို အားကြိုးမာန်တက် တွန်းလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီ။ မတွန်းနဲ့တော့ မတွန်းနဲ့တော့"
ပျန်းနမ်မှာ မတ်တတ်ရပ်လိုက်ရုံသာ တတ်နိုင်ပြီး ဖုန်းကိုယူလျက် ဧည့်ခန်းဆီ သွားလိုက်ကာ ချိုးယိအား ဖုန်းကို ကမ်းပေးလိုက်ရင်း -
"ရော့ .. ကြည့်"
ချိုးယိက ဖုန်းကို လှမ်းယူလိုက်ပြီး ရယ်ရင်း ဓါတ်ပုံအယ်ဘမ်ထဲတွင် လှန်လှောကြည့်နေကာ -
"ရိုက်ထားတာ တော်တော်ကောင်းတာပဲ"
သုံးလေးချက်ခန့် လှန်လှောလိုက်ပြီးနောက် သူ ရပ်တန့်လိုက်သည်။ နောက်ထပ် လေးငါးချက်ထပ်လှန်ကြည့်လိုက်ပြီးနောက် ဖုန်းကို ပျန်းနမ်ဆီ ပြန်ပေးလိုက်ရင်း -
"အဲဒါက ဝမ့်ဖေးလား"
"ဟင်"
ပျန်းနမ်က ဖုန်းကို ပြန်ယူလိုက်ပြီး ကြည့်လိုက်ရာ ချိုးယိက နောက်သို့ရောက်အောင် လှန်ကြည့်လိုက်မိမှန်း သိလိုက်ရပြီး -
"ဟုတ်တယ်"
"အများကြီးပဲ။ မင်းတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးမျိုးလဲ"
ချိုးယိက မြူးသွားတော့သည်။
"ငါလူး။ မင်း ဘာတွေ လျှောက်စဥ်းစားနေတာလဲ"
ပျန်းနမ်က ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး ဓါတ်ပုံများကို အရှေ့အနောက် ပြန်၍ လှန်လှောကြည့်လိုက်ပြန်သည်။ သူသိလိုက်ရသည်မှာ သူ့ဖုန်း ဓါတ်ပုံအယ်ဘမ်ထဲတွင် ဆက်တိုက် ဒါဇင်ကျော်ခန့်သော ဓါတ်ပုံအားလုံးတို့မှာ တကယ်ကိုပင် ဝမ့်ဖေး၏ဓါတ်ပုံများ ဖြစ်နေခဲ့သည်။ ထိုဓါတ်ပုံများအားလုံးမှာ ထမင်းစားစဥ် သို့မဟုတ် အတန်းတက်စဥ်အချိန်တို့တွင် အားယားပြီး လုပ်စရာမရှိ၍ ရိုက်ယူထားသော ဓါတ်ပုံများဖြစ်သည်။ ပျန်းနမ်မှာ မနေနိုင်တော့ဘဲ အူမြူးသွားရပြီး -
"လခွမ်း။ ငါ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ပျင်းဖို့ကောင်းနေရတာလဲ ......"
"ခဏနေကျရင် မင်း အာ့ပေါင်နဲ့ ထပ်မကစားနဲ့တော့"
ချိုးယိက နာရီကို တစ်ချက်ကြည့်လိုက်ပြီး -
"ဒီနေ့ သူ အိမ်စာ မရေးရသေးဘူး"
"ဪ။ မူလတန်းဒုတိယနှစ်က အိမ်စာ ဘယ်လောက်များ များနိုင်မှာမို့လို့လဲ။ ငါးမိနစ်နဲ့ပြီးသွားမယ့် ကိစ္စပဲကို"
ပျန်းနမ်လည်း နာရီကို တစ်ချက်ကြည့်လိုက်ရာ ည ရှစ်နာရီကျော်နေပြီ။
"စာလုံးအသစ်တွေ ကူးရေးတာ ဘာညာလေ။ အဓိကက သူ စာရေးရင် စတီးပြားပေါ် စာလုံးထွင်းသလိုပဲ၊ အရမ်းနှေးတယ် ......"
ချိုးယိက ပြောသည်။
"ဒါဆို ငါ ကျောင်းကို ပြန်တော့မယ်"
ပျန်းနမ်က စဥ်းစားလိုက်သည်။ ယခုအချိန်လောက်ဆိုလျှင် ဖန်းယိဖုန်းတစ်ယောက် လက်စားချေရန် ထွက်ခွာသွားလောက်ပြီ။ အပြင်ထွက်ပြီး တစ်ခုခုစားလိုက်ပြီး ကျောင်းပြန် အိပ်လျှင် အတော်ပဲ ဖြစ်လိမ့်မည်။
ပျန်းနမ်က ကိုယ့်အိတ်ကိုကိုယ် ယူလိုက်ပြီး အင်္ကျီကို အိတ်ထဲ ထိုးထည့်သည်။ တစ်ဝက်ခန့် ထိုးထည့်လိုက်ပြီးနောက် လှုပ်ရှားမှု ရပ်တန့်သွားကာ အိတ်ထဲတွင် အတော်ကြာအောင် လှန်လှောနှိုက်ရှာနေပြီးမှ အင်္ကျီလက်တစ်ဖက်ကို ဆွဲထုတ်လာနိုင်သည်။
"မင်းအင်္ကျီကို ငါ မလျှော်ရသေးဘူး။ လျှော်ပြီးတော့မှပဲ မင်းကို လာပို့ပေးတော့မယ်"
"သဘောပဲ"
ချိုးယိက သူ့အိတ်ထဲရှိ အင်္ကျီကို ကြည့်လိုက်ပြီးနောက် ဆက်၍ -
"မင်း ကျောင်းကို ပြန်မယ်ပေါ့ ဟုတ်လား"
"အင်း"
ပျန်းနမ်က အင်္ကျီများအားလုံးကို အိတ်ထဲသို့ ဖရိုဖရဲ ထိုးသိပ်ထည့်လိုက်သည်။
"အဆောင်ကနေ ဝတ်ပြီးသားအဝတ်ညစ်တွေတစ်ပုံကြီး သယ်လာပြီး အပြင်မှာ တစ်ပတ်ပတ်လိုက်ပြီးတော့ အဆောင်ကို ထပ်ပြန်ဦးမယ်ပေါ့ ဟုတ်လား"
ချိုးယိက ခြေထောက်ကို နေရာရွှေ့ပြီး ရှုထောင့်ပြောင်းကာ ခွေးခြေခုံပေါ် တင်လိုက်ရင်း -
"ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ တော်တော်အရင်းစိုက်ထားတာပဲ"
"အစကတော့ အိမ်ပြန်ဖို့ပဲ"
ပျန်းနမ်က အိတ်ကို ဆွဲပိတ်လိုက်ပြီး ကြမ်းပေါ်ပစ်လိုက်သည်။ စောစောပိုင်းက အိမ်ပြန်သွားသည့်ကိစ္စကို စဥ်းစားမိသည်နှင့်တစ်ပြိုင်နက် ရင်ထဲတွင် ပြည့်သိပ်ဆို့ပိတ်သွားတော့သည်။ ချိုးယိနှင့် စကားစစ်ထိုးချင်စိတ်လည်း မရှိတော့ဘဲ -
"အိမ်မှာ ကိစ္စရှိလို့ ...... အဲဒါနဲ့ မပြန်တော့တာ"
"ဪ"
ချိုးယိက တီဗွီကို ကြည့်ရင်း ပြုံးလိုက်သည်။
ပျန်းနမ်က သူ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ မိမိကပဲ အလွန်ဆတ်ဆတ်ထိမခံ ဖြစ်နေသည်လားတော့ သူ သူ မသိပါ။ ချိုးယိ၏ ထိုအပြုံးမှာ အဓိပ္ပာယ်နက်နဲသယောင် ဖြစ်နေသည်။ ပျန်းနမ်မှာ ဝတ်ထားသမျှ အဝတ်အစား အကုန်အချွတ်ခံရပြီး လမ်းမပေါ် ပစ်တင်ခံလိုက်ရသော ခံစားချက်တစ်မျိုး ရုတ်ခြည်းခံစားလိုက်ရသည်။ စိတ်မထိန်းနိုင်ဘဲ အိတ်ကို တစ်ချက်ကန်ထည့်လိုက်ပြီး -
"မင်း ဘာပြုံးတာလဲ"
ချိုးယိက ခေတ္တခန့်တန့်သွားခဲ့ပြီးမှ သဘောပေါက်သွားပြီး -
"အဲဒီလောက်အများကြီး လိုက်စဥ်းစားနေတာ မပင်ပန်းဘူးလားကွာ"
"မင်းက သူ့မေလို အရင်ပြုံးလိုက်တော့မှ ငါ စဥ်းစားဖြစ်တာ"
ပျန်းနမ်က ချိုးယိ၏တုံ့ပြန်မှုကို ကြည့်နေရာ သူ့ကို လှောင်ပြုံးနေခြင်းနှင့် တကယ်ကို မတူနေတော့မှ ခါးကိုင်းကာ အိတ်ကို ကောက်ယူလိုက်သည်။
"ငါသိထားတာတွေက မင်းထင်နေသလောက် မများဘူး"
ချိုးယိက ဆိုသည်။
"မင်း ဘယ်လောက်သိထားလို့လဲ"
ပျန်းနမ်က သူ့ကို စိုက်ကြည့်နေသည်။
"ဒါတွေကို ဒီလောက်တောင် လိုက်ဂရုစိုက်နေတာလား"
ချိုးယိက ရေခွက်ကိုယူပြီး ရေတစ်ငုံ သောက်လိုက်ပြီးနောက် -
"ရေသောက်မလား"
"ဂရုစိုက်တယ်"
ပျန်းနမ်က ရေသန့်စက်နားသို့ သွားလိုက်ပြီး ချိုးယန့်ရေခွက်ကိုယူကာ ခွက်တစ်ဝက်စာ ရေထည့်ယူလိုက်ပြီးနောက် နှာခေါင်းကို ပွတ်သပ်လိုက်ရင်း -
"မင်းလည်း စကားတစ်ခွန်းကြောင့် ငါ့ကို လက်သီးနဲ့ တစ်ချက်ထိုးခဲ့တာပဲမဟုတ်ဘူးလား"
သဘောသဘာဝချင်း မတူဘူးဆိုပေမဲ့...။
ပျန်းနမ်က ခေါင်းမော့ပြီး ခွက်ထဲရှိ ရေအားလုံးကို မော့သောက်လိုက်သည်။
ချိုးယိ ရယ်လိုက်ပြီး တစ်အောင့်ခန့်ရပ်တန့်သွားပြီးမှ ပြောလာသည်။
"မင်းအမေကိစ္စကိုပဲ သိတာ။ တခြားဟာတွေ မသိဘူး"
"အဲဒါနဲ့တင် လုံလောက်နေပြီ"
ပျန်းနမ်က မျက်မှောင်ကြုတ်ထားရင်း ရေခွက်ကို ခေါင်းငုံ့ကြည့်လိုက်ပြီး -
"လခွမ်း မင်းအိမ်က သောက်ရေက ဘယ်လိုဖြစ်လို့ အအေးမိပျောက်ဆေးနံ့ ရနေတာလဲ"
"ဆောရီး မင်းကို ပြောပြဖို့ မေ့သွားတယ်"
ချိုးယိ ရယ်လိုက်ရင်း ဆက်၍ -
"အာ့ပေါင်နဲ့ တစ်စားပွဲတည်းထိုင်တဲ့ အတန်းဖော်က အအေးမိနေတော့ သူ့ဆီ ကူးလာမှာစိုးတာနဲ့ သူ့ကို အအေးမိပျောက်ဆေး သောက်ခိုင်းထားတာ။ သူ ထည့်သောက်ထားပြီးတော့ ခွက် မဆေးလိုက်တာနဲ့တူတယ်"
"ဟမ်း ......"
ပျန်းနမ်က ခွက်ကို ရေနှင့် ကျင်းလိုက်ပြီး နောက်တစ်ခွက် ရေထပ်ခံလိုက်သည်။
"သာ့ဟူကျစ်"
ချိုးယန့်က အိပ်ခန်းထဲမှ ခေါင်းလေးပြူထုတ်လာပြီး ကြမ်းပြင်ပေါ်တွင် ထားထားသော ပျန်းနမ်၏အိတ်ကို တွေ့လိုက်သည်နှင့် ချက်ချင်း စိတ်လောသွားခဲ့ပြီး -
"ပြန်တော့မှာလားဟင်"
"အင်း။ ငါ ကျောင်းကို ပြန်တော့မယ်"
ပျန်းနမ်က ပြုံးရင်း ပြန်ဖြေသည်။
"သား အိမ်စာရေးပြီးတော့မှ ပြန်လို့ရလားဟင်"
ချိုးယန့်က ပြေးထွက်လာပြီး သူ့အိတ်ကို ဖမ်းဆွဲထားလိုက်သည်။
ပျန်းနမ်က ချိုးယိကို ဖြတ်ခနဲ ဝေ့ကြည့်လိုက်သည်။ ချိုးယိဆီမှ ဘာတုံ့ပြန်မှုမှ မရှိပေ။ သို့နှင့် ချိုးယန့်အား ခေါင်းညိတ်ပြလိုက်ပြီး -
"ဟုတ်ပြီ။ ဒါပေမဲ့ မင်း လေးလေးနက်နက် ရေးရမယ်။ အခုပဲ သွားရေးတော့"
"အင်း"
ချိုးယန့်က အားပါပါဖြင့် ခေါင်းညိတ်လိုက်ပြီး အခန်းထဲ ပြန်ပြေးဝင်သွားသည်။
ပျန်းနမ်က ဆိုဖာပေါ်ဝင်ထိုင်လိုက်ပြီး ရေတစ်ငုံသောက်ကာ ပါးစပ်ထဲမှ အအေးမိပျောက်ဆေးနံ့ကို စင်အောင် ကျင်းလိုက်သည်။
ချိုးယိ၏မျက်လုံးက တီဗွီကို စူးစိုက်ကြည့်နေရာ သူလည်း အကြည့်ကို တီဗွီမျက်နှာပြင်ပေါ် ပို့ထားလိုက်ရန်သာ တတ်နိုင်တော့သည်။
"ကြည့်လို့နားလည်နိုင်တဲ့ချန်နယ်လေး ပြောင်းလိုက်ပါလား။ အိုင်ဒေါဇာတ်လမ်းတွဲတွေပဲ အမြဲတမ်း ကြည့်မနေနဲ့"
ချိုးယိက ရီမုတ်ကွန်ထရိုးကို တစ်ချက်နှိပ်လိုက်ရာ နောက်အစီအစဥ်တစ်ခု ပြောင်းသွားခဲ့သည်။ လယ်သမားဦးကြီးတစ်ယောက်က တည်ကြည်လေးနက်သောမျက်နှာထားဖြင့် သိုးကို သင်းကွပ်သည့်နည်းလမ်းကို လက်တွေ့သင်ကြားပေးနေသည်။
"ဟ အဲဒီလိုပဲ လုပ်လိုက်တာလား"
ပျန်းနမ် တစ်ချက်ဝေ့ကြည့်လိုက်ချိန်တွင် ဦးကြီးမှာ လက်ကိုမြှောက်ပြီးနောက် ဓားဖြင့် ခုတ်ချလိုက်သည်။ သိုးမှာ ကြည့်လိုက်လျှင် ဘာနာကျင်မှုမှ မခံစားရသကဲ့သို့ပင်။ သင်းကွပ်ပြီးသည်နှင့် မြေကြီးပေါ် ပြန်ဆင်းပြီး ပြေးထွက်သွားသည်။
ချိုးယိက ကျွတ်ခနဲတစ်ချက် စုတ်သပ်လိုက်ပြီး ရုပ်ရှင်ချန်နယ်ကို ပြောင်းလိုက်သည်။
နှစ်ယောက်သားမှာ တီဗွီကို စိုက်ကြည့်နေကြပြီး၊ 'ငါ နည်းနည်းလေးမှ ကသိကအောက်မဖြစ်သလို၊ နည်းနည်းလေးမှ အနေရမခက်သလို အယောင်ဆောင်လိုက်မယ်' ဟူသော အသူတစ်ရာချောက်ထဲသို့ ထိုးစိုက်ကျရောက်သွားကြတော့သည်။
***
(ဆက်ရန်)