Chapter ● 16 ●
ခုတင်ပေါ် လှဲလိုက်ပြီးနောက် ပျန်းနမ်မှာ လူတစ်ကိုယ်လုံး သက်သောင့်သက်သာဖြစ်ပြီး အပန်းပြေသွားတော့သည်။ ကိုယ်ပေါ်တွင် ခြုံထားသော တဘက်စောင်နှင့်အမွေးပျော့စောင်ငယ် နှစ်ထပ်ကလည်း ဘာမှ မထူးခြားနေသော်ငြား၊ ကြမ်းပြင်ပေါ်တွင် လှဲအိပ်ရသည်နှင့်စာလျှင် များစွာပို၍နွေးထွေးသွားသည်။
နံဘေးတွင် လှဲအိပ်နေသူက တကယ်ကို ချိုးယိဖြစ်နေသည့်အချက်ကသာ သူ့ကို အနည်းငယ်နေသားမကျ ဖြစ်စေသည်။ ထို့ပြင် အနှီငနဲ ခြုံထားသည့်အမွေးပျော့စောင်က သူ့ခြုံထားသည့်စောင်ထက်ကို သိသာစွာ ထူထဲနေသည်။
အကယ်၍ ထိုလူက ဝမ့်ဖေးသာဆိုလျှင် သူ အစောကြီးကတည်းက ထိုစောင်ကို လုယူလာခဲ့ပြီ ... ...
ပျန်းနမ်၏အတွေးစိတ်ကူးတို့မှာ တောင်ရောက်မြောက်ရောက်ဖြင့် ဟိုဟိုသည်သည် ရွေ့လျားလှည့်လည်နေကာ ဘယ်လောက်မှ မကြိုးစားလိုက်ရပါဘဲ မိန်းမောနေရင်း မကြာမီအချိန်အတွင်းတွင် အိပ်ပျော်သွားတော့သည်။
ညလယ်ခေါင်လောက်တွင် အနည်းငယ်အသက်ရှူကျပ်သလို ချိုးယိခံစားလိုက်ရသည်။ နိုးလာချိန်တွင် မိုးတိတ်သွားခဲ့ပြီ။ အိမ်တံစက်မြိတ်မှ တတောက်တောက် ရေစက်ကျသံကိုသာ ကြားရတော့သည်။
သူ မျက်လုံးများကို ဖွင့်လိုက်သည်။ နားရွက်နားတွင် ခပ်နွေးနွေး လေပူလေးက လာရောက်ထိခတ်နေသည်။ သူ ခေါင်းတိမ်းကြည့်လိုက်သော် ပျန်းနမ်၏ နွေးထွေးသောဝင်သက်ထွက်သက်က သူ့မျက်နှာဆီ ဝင်ရောက်မိတ်ဆက်လာသည်။
"လခွမ်း ... ..."
ထိုတော့မှ ချိုးယိသိလိုက်ရသည်မှာ ပျန်းနမ်သည် လူးလှိမ့်ရင်း ဘယ်အချိန်ကတည်းကမှန်း မသိဘဲ ခုတင်အလယ်နားသို့ ရောက်လာနေပြီဖြစ်ကာ လက်မောင်းတစ်ဖက်က သူ့ရင်ဘတ်ပေါ်ကို လာတင်ထားသည်။
သူ မျက်မှောင်ကြုတ်လျက် ပျန်းနမ်လက်မောင်းကို ဖယ်ထုတ်ရန်အလုပ်တွင် ပျန်းနမ်က သူ့နားရွက်နားတွင် ဗလုံးဗထွေးရေရွတ်လိုက်ပြီး ခြေထောက်တစ်ဖက်မြှောက်ပြီး သူ့ကိုယ်ပေါ်ကို လာဖိလိုက်သည်။ ထိုခြေထောက်မှာ သူ၏ ကျောက်ပတ်တီးစည်းထားဆဲခြေထောက်ပေါ်သို့ လာတင်ရန် ပြင်ဆင်လိုက်သေးသည်။
"ဟေ့"
ချိုးယိက ထိုခြေထောက်ကို တစ်ချက်ကန်ထုတ်လိုက်ရင်း -
"ပျန်းနမ်"
ပျန်းနမ်က သူရှိရာဘက်ဆီ တိုးကပ်လာခဲ့ပြီး မနိုးလာပေ။
"မင်း ဟိုဘက်ကို နည်းနည်းတိုးစမ်း"
မိမိရင်ဘတ်ပေါ်လာတင်ထားသော လက်မောင်းတစ်ဖက်ကို ချိုးယိ ဖယ်ထုတ်လိုက်ပြီး ပျန်းနမ်၏ကိုယ်ကိုလည်း တွန်းထုတ်လိုက်သည်။
"အင်း ... ..."
ပျန်းနမ်က ကိုယ်ကို တစ်ဖက်သို့ လှည့်သွားသည်။
ချိုးယိ ပြန်လှဲမအိပ်ရသေးမီ စက္ကန့်အနည်းငယ်အတွင်းပင် ပျန်းနမ်က ရုတ်တရက် ဝုန်းခနဲထထိုင်လိုက်ပြီး ထို့နောက်တွင် ကြမ်းပေါ်သို့ တစ်ခါတည်းခုန်ဆင်းသွားလိုက်ကာ -
"ငါလူး ဘယ်အချိန်ရှိပြီလဲ"
ပျန်းနမ်က တစ်ချက်အော်လိုက်သည်။
"... ... ဘာလုပ်တာလဲ မင်း"
ချိုးယိ လန့်ဖျပ်သွားခဲ့ရပြီး သူလည်း ထထိုင်လိုက်ကာ ခုတင်ခေါင်းရင်းရှိ စာကြည့်မီးအိမ်ကို လှမ်းဖွင့်လိုက်သည်။
"အလန့်တကြားနဲ့"
"ဟင်"
ပျန်းနမ် လှည့်ကြည့်လာပြီး အိပ်မှုန်စုံမွှားဖြင့် မီးရောင်ကို လက်ဖြင့် ကာလိုက်ရင်း ချိုးယိကို ကြည့်နေသည်။ အတော်ကြာတော့မှ သတိပြန်လည်လာပြီး -
"အခု ဘယ်အချိန်ရှိပြီလဲ"
"ငါ ဘယ်သိမလဲ။ ကြက်တောင် မနိုးသေးဘူး"
ချိုးယိမှာ အလွန်တရာ အိပ်ငိုက်နေပြီး ခေါင်းအုံးပေါ် ပြန်လှဲလိုက်သည်။
"ငါလူး မင်း ဘာလို့ ငါ့ကို တွန်းလိုက်တာလဲ"
ပျန်းနမ်က အသံကို ဖိလျက် ဆက်၍ -
"မိုးလင်းလို့ အပြေးလေ့ကျင့်ခန်း ထလုပ်ရတော့မယ်လို့ ငါထင်လိုက်တာ"
"သွားပြေးလေ။ မင်းက ကျိုးပါးဖီ လား။ ကြက်ထက်တောင် အိပ်ရာစောထနေတာ ... ..."
[T/N: ကျိုးပါးဖီဆိုတာ 《半夜鸡叫》 "ညသန်းခေါင်ကြက်တွန်သံ" ဆိုတဲ့ ပုံပြင်တိုထဲက ဆိုးယုတ်တဲ့ မြေပိုင်ရှင်ပါတဲ့။ သူ့အလုပ်သမားတွေ အလုပ်များများပိုလုပ်ရအောင် ညသန်းခေါင်ကြီး ထပြီးတော့ ကြက်သွန်သံလို လုပ်အော်ပြီး နှိုးတဲ့သူပါ။]
ချိုးယိက မျက်လုံးများကို မှိတ်ချလိုက်ပြီး ဆက်၍ -
"မင်း အိပ်ရင် ဖက်ခေါင်းလုံးနဲ့ အိပ်တတ်တယ်မဟုတ်လား"
"မဟုတ်ပါဘူး"
ပျန်းနမ်က ခုတင်ပေါ်ပြန်လှဲလိုက်ရာ သိလိုက်ရသည်မှာ သူ့ခေါင်းအုံးသည် ဘယ်အချိန်ကတည်းကမှန်းမသိ ခုတင်အလယ်နားသို့ ပြေးသွားခဲ့ပြီဆိုသည့်အချက်ပင်။ ခေါင်းအုံးကို သူ့ဘက်သို့ သူ ပြန်ဆွဲလာပြီး -
"ဟ ... သူများတွေ အိပ်ရင် ခြုံစောင်လုကြတယ်။ မင်းကျတော့ အိပ်ရင် ခေါင်းအုံးလုတာလား"
"ခဏနေကျရင် မင်း ငါနဲ့ နည်းနည်းဝေးဝေးနေ"
ချိုးယိက မျက်နှာကို လှည့်လိုက်ပြီး နံရံဘက်ဆီ မျက်နှာမူလိုက်သည်။ သူ ကိုယ်ကိုလှည့်၍ မရပေ။ ခေါင်းလေးကို ဟိုဘက်ဒီဘက် တိမ်းရုံသာ တတ်နိုင်သည်။ သူသည် နဂိုကတည်းက တော်တော်လေးစိတ်တိုနေခဲ့ရာမှ ညသန်းခေါင်ကြီးတွင် လည်ပင်းအစ်၍ နိုးလာခဲ့ရသဖြင့် ပျန်းနမ်ကြောင့် အိပ်ချင်စိတ်လေးတောင် ပျောက်ကွယ်သွားတော့မတတ်ဖြစ်နေသည်။
"ငါ့ကို ထပ်ဖက်ရင် မင်း ကြမ်းပြင်ပေါ်ပဲ သွားလှိမ့်ပြီးအိပ်နေ"
"အားအားယားယား ဘယ်သူက မင်းကို ဖက်တာလဲ"
ပျန်းနမ်က စောင်ကို ခြုံလိုက်ပြီး မီးပိတ်ရန်လုပ်သည့်အချိန်တွင်မှ တန့်သွားခဲ့ပြီး ကိုယ်ကို ဝုန်းခနဲ လှည့်လိုက်ကာ -
"ငါ မင်းကို ဖက်တယ် ဟုတ်လား"
"အင်း"
ချိုးယိက နံရံကို မျက်နှာမူလျက် အသံပြုလိုက်သည်။
"ငါ မင်းကို ဖက်တယ်ပေါ့ ဟုတ်လား"
ပျန်းနမ်မှာ အနည်းငယ် မယုံနိုင်ဖြစ်နေသည်။ လက်ဆန့်ထုတ်ပြီး ချိုးယိမျက်နှာကို လက်နှင့်ဖျစ်ပြီး သူ့ဘက်ကို လှည့်လာလိုက်ကာ -
"ငါ ရူးနေလို့လား"
"မင်းရူးမရူး ငါ ဘယ်လိုလုပ် သိမလဲ"
ချိုးယိက သူ့အား ကြည့်နေသည်။
"မရူးဘဲနဲ့ သူ့မေလို ငါ မင်းကို ဖက်မလား"
ပျန်းနမ်က ချိုးယိကို စိုက်ကြည့်နေသည်။
ချိုးယိ၏ရုပ်ရည်မှာ အလွန်သိမ်မွေ့ညက်ညောသည်။ နဖူးထက်မှ ဆံနွယ်များအားလုံး ဘေးနှစ်ဖက်သို့ လျှောကျသွားပြီး ပြည့်တင်းလှပသော နဖူးက လှစ်ဟပေါ်ထွက်လာသည်။ မီးရောင်အောက်တွင် အလွန်တရာ လှပသေသပ်နေသော မျက်လုံးအိမ်၏အရောင် အပြင် နှာတံနှင့်နှုတ်ခမ်းတို့လည်း အတော်လေးကို ပြည့်စုံနေသည်။
ဒီနှာတံက မဆိုးဘူး။ မိမိ၏ ခံ့ညားချောမောသောနှာတံနှင့် တုပြိုင်၍ မီနိုင်သည်။
နှစ်ယောက်သား၏နှာတံကို ပျန်းနမ်နှိုင်းယှဥ်နေဆဲအချိန်တွင် ချိုးယိက မျက်မှောင်ကြုတ်၍ ပြောလာသည်။
"မင်းပြောတော့ အမြဲတမ်း ဆေးသောက်နေတာဆို။ မနေ့ညက မသောက်ဖြစ်တော့ အရူးရောဂါ ထပြီမလား"
"မင်းဘိုးအေလခွမ်းကို ဆေးသောက်နေလိုက်"
ပျန်းနမ်က ဆဲရေးလိုက်ပြီးနောက် လှဲချလိုက်ရင်း ဦးခေါင်းကို ခေါင်းအုံးပေါ်သို့ ခပ်ပြင်းပြင်းဆောင့်ချလိုက်သည်။
"ငါ့ဘိုးအေက အသက်ခြောက်ဆယ်တောင် ကျော်နေပြီ"
ပြောလိုက်ပြီးနောက် ချိုးယိက ခေါင်းကိုတိမ်းလိုက်ပြီး နံရံဆီ ဆက်လက်မျက်နှာမူလိုက်ပြန်သည်။
"မင်း မပြီးတော့ဘူးလား"
"ငါ့ကို လာထပ်ဖက်ရင်တော့ ငါ ကန်ချမိရင် ငါ့ကို အပြစ်မတင်နဲ့"
"မင်းကို ထပ်ဖက်မိရင် ငါ့ဘာသာငါ ဆင်းသွားမယ်"
ပျန်းနမ်မှာ ပြောသာပြောလိုက်ရသော်ငြား အိပ်ပျော်သွားပြီးနောက် ကိုယ့်ဘာသာကိုယ် ဘယ်လိုအနေအထားဖြစ်သွားသည်ကိုလည်း မသိနေပါ။
ထို့ကြောင့် နောက်တစ်နေ့မနက် နိုးလာ၍ မျက်လုံးဖွင့်လိုက်သည်နှင့် ချိုးယိ၏နှာခေါင်းထိပ်ကို မြင်လိုက်ရချိန်တွင် သူ့မှာ အတော်လေးကို လန့်ဖျပ်သွားခဲ့သည်။ ထို့နောက် ကိုယ့်ခန္ဓာကိုယ်ကိုကိုယ် ထပ်ကြည့်လိုက်ပြန်ရာ လက်မောင်းနှင့်ခြေထောက်တို့မှာ ချိုးယိကိုယ်ပေါ်တွင် တင်ထားသည်ကို တွေ့လိုက်ရသည်။
လခွမ်း...။
သူ့စိတ်ထဲတွင် ဒေါသတကြီးဖြင့် အော်လိုက်ပြီး အသက်အောင့်ကာ ညင်သာစွာ ကိုယ်ကို လှည့်လိုက်ပြီးနောက် ထထိုင်လိုက်တော့သည်။
ခုတင်ဘေးနားတွင်ထိုင်ရင်း မိမိမှာ ချိုးယိကို အဘယ်အကြောင်းကြောင့် ဖက်မိသွားသည်ကို ခွဲခြမ်းစိတ်ဖြာနေမိသည်။ သူ့ကျန်းမာရေးအခြေအနေက အလွန်ကောင်းမွန်သည်။ သို့သော် အကြီးမားဆုံးသော အားနည်းချက်မှာ အအေးကြောက်ခြင်းဖြစ်သည် ... ...။ ပြဿနာရင်းမြစ်မှာ ယမန့်နေ့ညတုန်းက အပူချိန်အလွန်နိမ့်ပါးနေသောအကြောင်းကြောင့် ဖြစ်နိုင်သည်။
"ဟမ်း ... ..."
သူ့နောက်ရှိ ချိုးယိက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
ပျန်းနမ်မှာ ခုတင်ပေါ်မှ ကြမ်းပြင်ပေါ်သို့ ချက်ချင်းခုန်ဆင်းလိုက်ပြီး ချိုးယိကို လှည့်ကြည့်လိုက်သည်။
"မောနင်း"
ချိုးယိက မျက်လုံးများ ဖွင့်လိုက်ပြီး လက်မောင်းများမြှောက်ကာ လှုပ်လှုပ်ရှားရှား လုပ်ပေးနေသည်။
"... ... မောနင်း"
ပျန်းနမ်က အနည်းငယ်ရှိုးတိုးရှန့်တန့်ဖြစ်စွာ ပြန်နှုတ်ဆက်လိုက်သည်။
ချိုးယိက ထထိုင်လိုက်ပြီး ခုတင်ဘေးနားတွင် မှီလျက် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ အပြုံးထဲတွင် ဟာသလုပ်ပြီး လှောင်ရယ်လိုသော အရိပ်အယောင်များ ပါဝင်နေသည်။
"မနိုးသေးဘူးလား။ ချေးကို ရယ်နေလိုက်"
ပျန်းနမ်က မျက်မှောင်ကြုတ်လျက် တစ်ဖက်လှည့်သွားပြီး ကြမ်းပြင်ပေါ်မှ ဖျာကို သိမ်းဆည်းလိုက်သည်။
ခပ်ဖွဖွ အိပ်ခန်းတံခါးခေါက်သံ နှစ်ချက်ပေါ်လာပြီးနောက် တံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။ ချိုးယန့်က စွပ်ကျယ်အင်္ကျီနှင့်ဘောင်းဘီတို ဝတ်လျက် ပြေးဝင်လာခဲ့ပြီး -
"ကိုကို မောနင်း"
"မောနင်း"
ချိုးယိက ပြုံးရယ်လိုက်သည်။
"သာ့ဟူကျစ် မောနင်း"
ချိုးယန့်က အသံကျယ်လောင်စွာ နောက်တစ်ကြိမ်အော်ပြီး ပျန်းနမ်ကို နှုတ်ဆက်လိုက်ပြန်သည်။
"အေး ... မောနင်း"
ပျန်းနမ်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးနေသည်။
"သာ့ဟူကျစ် အစ်ကို့ဘောင်းဘီ ကျွတ်တော့မယ်"
ချိုးယန့်က သူ့ကို လက်ညှိုးထိုးလိုက်သည်။
ခေါင်းငုံ့ကြည့်လိုက်သော် မိမိဘောင်းဘီ၏တစ်ဝက်မှာ တင်ပါးခွပေါ်တွင် ချိတ်နေပြီး ကျန်တစ်ဝက်မှာ အောက်သို့ ဆက်လက်လျှောကျနေသည်ကို တွေ့လိုက်ရသည်။ ဘောင်းဘီကို သူ ကမန်းကတန်း ဆွဲတင်လိုက်ပြီး စောစောက ချိုးယိတစ်ယောက် ဘာကိုပြုံးနေခဲ့မှန်း သဘောပေါက်သွားတော့သည်။
"မင့်ဒီဘောင်းဘီက ဘယ်လိုဘောင်းဘီအစုတ်ကြီးလဲ"
ချိုးယိကို သူ ကြည့်နေရင်း ပြောသည်။
"သာ့ဟူကျစ် အစ်ကို အတွင်းခံဘောင်းဘီ မဝတ်ထားဘူးလား"
ချိုးယန့်မှာ ကမ္ဘာလောကအသစ်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့နှယ် သူ့ဘောင်းဘီခါးစည်းဆီ လက်ဆန့်ထုတ်လာပြီး လှမ်းဆွဲလာသည်။
"ဟေ့"
ပျန်းနမ်က ခါးကိုင်းကာ သူ့ကို သိမ်းဖက်လိုက်ရင်း -
"ဒီကောင်လေးက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် စိတ်ရှုပ်စရာကောင်းနေရတာလဲ။ ငါ့အတွင်းခံဘောင်းဘီ မိုးရေစိုသွားလို့ မဝတ်ထားတာ"
"သားကိုကိုဆီမှာ ရှိတယ်လေ။ အသစ်"
ချိုးယန့်က ချိုးယိအား ခေါင်းလှည့်ကြည့်လိုက်သည်။
"သူ မလိုချင်လို့။ သူက လုံးတီးနဲ့နေရတာကို ကြိုက်တယ်တဲ့"
ချိုးယိက ပြောသည်။
"မနက်စာ ဘာစားချင်လဲ"
ပျန်းနမ်က ချိုးယန့်ကိုဆွဲပြီး အခန်းအပြင်ဆီလျှောက်သွားရင်း ဆက်၍ -
"သွားဝယ်ဖို့ မင်းကို ခေါ်သွားမယ်"
ယခုတစ်လောတွင် နံနက်စာအတွက် ချိုးယန့်ကသာ သွားထွက်ဝယ်ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ချိုးယိက ရိုးရိုးရှင်းရှင်းတစ်ခုခု ပြင်ဆင်ပေးသည်။
ယမန့်နေ့ညက ချိုးယိ၏ခြေထောက်မှာ သိပ်သက်သောင့်သက်သာမရှိဘဲ နေထိုင်ရခက်နေသည်ကို ပျန်းနမ်သိလိုက်ရသည်။ ချိုးယိကို နံနက်စာလုပ်ခိုင်းရန်လည်း သူ အားနာနေပြီး၊ သူကိုယ်တိုင်ကလည်း ဘယ်လိုလုပ်ရမလဲ မသိနေသည်ဖြစ်ရာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးသွားပြီးနောက် အပြင်ထွက်ဝယ်ရန် စဥ်းစားထားသည်။
"သားပဲ သွားဝယ်လိုက်ရင် ရပြီ"
ချိုးယန့်က ချိုးယိပိုက်ဆံအိတ်ကို ကိုင်လျက် ခြံတံခါးပေါက်ဝတွင် ရပ်နေသည်။
"ငါ ဝယ်ကျွေးမယ်"
ပျန်းနမ်က သူ့လက်ကို ဆွဲပြီး အပြင်ဘက်ဆီ လျှောက်ထွက်လာရင်း -
"မင်း ဘာစားချင်လဲ ငါ့ကိုပြော။ မင်းအစ်ကို ပေးမစားခိုင်းတဲ့ဟာဆိုရင် မင်းကို ငါ ဝယ်ပေးမယ်"
"ပဲနို့အီကြာကွေး"
ချိုးယန့်က ပြောသည်။
"မင်းအစ်ကို မင်းကို ပဲနို့အီကြာကွေး ပေးမစားခိုင်းဘူးလား"
ပျန်းနမ်က စုတ်တစ်ချက်သပ်လိုက်ပြီးနောက် -
"သူက တကယ် ရောဂါပဲ"
"သားကို သူ စားခိုင်းပါတယ်"
ချိုးယန့်က သူ့ဘေးနားတွင် ခုန်နေပြီး ရေကွက်ကို နင်းလိုက်ရင်း -
"သားပြောချင်တာက သား ပဲနို့အီကြာကွေး စားချင်တယ်လို့"
"မင်းကလေ တကယ်ပဲ တောင်းဆိုချက်မရှိဘူးပဲ။ ဒါဆိုလဲ ပဲနို့အီကြာကွေးပေါ့"
ပျန်းနမ်က ပြုံးလိုက်ရင်း ဆိုသည်။
"ဆီကြော်ပန်ကိတ်လည်း စားချင်သေးတယ်"
"ရပါ့"
ပျန်းနမ်က ချိုးယန့်ကိုခေါ်ပြီး လမ်းသွယ်ထိပ်ဆီသို့ လျှောက်လာနေသည်။ လမ်းထိပ်နားသို့ရောက်ခါနီးတွင် တစ်ယောက်ယောက်က ဘက်ထရီဆိုင်ကယ်စီးလျက် လမ်းသွယ်ထဲ ကွေ့ဝင်လာသည်။
ချိုးယန့်က ခေါင်းမော့ပြီး အော်ခေါ်လိုက်သည်။
"ကိုကိုရှောင်ထောင်း"
ပျန်းနမ်လည်း အတူလိုက်ကြည့်လိုက်ရာ တကယ်ကိုပင် ရှန်းထောင်းဖြစ်နေခဲ့သည်။ ဆိုင်ကယ်လက်ကိုင်ပေါ်တွင် ထမင်းဘူးထည့်ထားသော ပလတ်စတစ်အိတ်နှစ်အိတ် ချိတ်ဆွဲထားသည်။ ကြည့်ရသည့်ပုံစံအရ နံနက်စာ ဖြစ်ပုံရသည်။
ပျန်းနမ်ကို တွေ့သော် ရှန်းထောင်းမှာ အတော်လေးကို အံ့အားသင့်သွားခဲ့ပြီး ဆိုင်ကယ်ကို ဘရိတ်အုပ်ကာ ပျန်းနမ်ရှေ့တွင် ရပ်တန့်လိုက်သည်။
"မင်းက ဘာလို့ ဒီမှာရှိနေရတာလဲ"
ပျန်းနမ်မှာ မူလက စကားပြောချင်စိတ်မရှိပေ။ သို့သော် ရှန်းထောင်း၏လေသံမှာ လွန်စွာ မာထန်ရိုင်းပျနေပြီး စစ်မေးလိုသည့်အရိပ်အယောင်များ ပါနေကာ သူသည် ဒေါသကို ဖိနှိပ်ရင်း ပြန်ပြောလိုက်သည်။
"ငါ ရှိချင်တဲ့နေရာမှာ ရှိမှာပဲ။ မင်းနဲ့ဘာဆိုင်လဲ"
"သူ ဘယ်တုန်းက လာတာလဲ"
ရှန်းထောင်းက ချိုးယန့်ကို မေးသည်။
"မနေ့ကလေ"
သူတို့နှစ်ယောက်ကြားမှ လေထုအနေအထားကို ချိုးယန့်က သတိမထားမိဘဲ ခေါင်းငုံ့ပြီး ရေကွက်ကို နင်းပြီး ဆော့နေလျက် ဆက်ပြောလာသည်။
"မနေ့ညက မိုးတအားကြီးနေလို့ သာ့ဟူကျစ် မပြန်ဖြစ်လိုက်ဘူး"
"ငါလူး"
ရှန်းထောင်းက ပျန်းနမ်ကို ကြည့်ပြီး ဆဲရေးလိုက်သည်။
"တစ်ချက်လောက် လူးပြကြည့်စမ်းပါ"
ပျန်းနမ် ပြောလိုက်သည်။
ရှန်းထောင်းက စကားမဆိုဘဲ သူ့ကို စိန်းစိန်းဝါးဝါးတစ်ချက် ကြည့်လိုက်ပြီးနောက် လမ်းထဲသို့ ဆိုင်ကယ်ကို မောင်းဝင်သွားသည်။
.
ချိုးယိ အပေါ်အင်္ကျီဝတ်ပြီးခါစတွင် အပြင်ဘက်ဆီမှ တံခါးမြည်သံ ပေါ်လာသည်။ ထို့နောက်ဆက်ပြီး ရှန်းထောင်း၏အသံကို ကြားရတော့သည်။
"ဦးလေး၊ ကျွန်တော် လာပြီ"
သူ့အဖေက အခန်းအတွင်းထဲမှ အသံတစ်ချက်ပြုလိုက်သည်။
"မင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
ချိုးယိက မေးသည်။
"ငါ မနေ့တုန်းက အိမ်ပြန်လိုက်တာ။ ဒီနေ့ ကျောင်းသွားတော့ ဒီကနေဖြတ်သွားရင်း ဝင်လာခဲ့တာ။ လမ်းကြုံ စားစရာတွေလည်း ယူလာခဲ့တယ်"
ရှန်းထောင်းက အိပ်ခန်းထဲဝင်လာပြီး အိပ်ရာပေါ်မှ မသိမ်းဆည်းရသေးသော ရှုပ်ရှုပ်ပွပွအိပ်ရာအသုံးအဆောင်များကို မြင်သွားသောအခါ တန့်သွားခဲ့ပြီး -
"သူ မနေ့က ဘယ်လိုအိပ်တာလဲ"
"ခုတင်ပေါ်မှာ"
ချိုးယိက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -
"တွေ့ခဲ့ကြတာလား"
"အင်း"
ရှန်းထောင်းက သူ့ကို စိုက်ကြည့်နေရင်း ဆက်၍ -
"ချိုးယန့် ဘယ်မှာအိပ်လဲ"
"ငါ့အဖေ အခန်းမှာ"
ချိုးယိက ခုတင်ဘေးအစွန်းဆီ ရွှေ့လိုက်ရင်း ဘောင်းဘီလှမ်းယူလိုက်ကာ -
"တစ်ချက်လောက် ကူပေးအုံး"
ရှန်းထောင်းက မလှုပ်မယှက် ရပ်နေရင်း -
"မင်းတို့နှစ်ယောက် အိပ်ရာတစ်ခုတည်းမှာ အိပ်ကြတာလား"
"မဟုတ်ရင် သူ့ကို ငါ့အဖေနဲ့ တစ်ခုတင်တည်းမှာ အိပ်ခိုင်းရမှာလား"
ချိုးယိက ဘောင်းဘီကို ဘေးနားတစ်ဖက်ဆီ ပစ်လွှတ်လိုက်သည်။ ရှန်းထောင်း၏မျက်နှာထားမှာ အလွန်ပျက်ယွင်းနေခဲ့ပြီဖြစ်သည်။ သူသည် ရုတ်ခြည်းပင် အနည်းငယ်စိတ်တိုလာတော့သည်။
"သူ့မြင်တာနဲ့ ငါ ဒေါသထွက်လာလို့။ ငါက မင်းလိုမျိုး စိတ်ထားမကောင်းဘူး"
ရှန်းထောင်းက ဘောင်းဘီကိုလှမ်းယူပြီး ချိုးယိခြေထောက်ပေါ်သို့ စွပ်ပေးလိုက်ပြီးနောက် သူ မတ်တတ်ရပ်ရန် ကူတွဲပေးလိုက်သည်။
"အဲဒါဆို ငါ ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ"
ချိုးယိက ကျွတ်ခနဲ စုတ်သပ်လိုက်သည်။
" ... ... မသိဘူး"
ရှန်းထောင်းလည်း စုတ်သပ်လိုက်သည်။
"ငါ့အဖေကို တစ်ချက်သွားကူပေးအုံး"
ပြောရင်း ချိုးယိက ဝှီးချဲကို ညွှန်ပြလိုက်သည်။
ရှန်းထောင်းက ဝှီးချဲကို တွန်းလျက် အခန်းထဲမှ ထွက်သွားပြီး ဘေးနားရှိအခန်းထဲ ဝင်သွားသည်။
.
ပျန်းနမ် နံနက်စာဝယ်လိုက်ပြီး၊ ချိုးယန့်ကို ခြံဝင်းအပေါက်ဝသို့ ပြန်ခေါ်လာပြီးနောက် ဆောင့်ကြောင့်ထိုင်ချကာ ချိုးယန့်ကို ဖက်လိုက်ရင်း -
"ငါ လိုက်မဝင်တော့ဘူး။ ကျောင်းကို ပြန်ရတော့မယ်။ မနက်အပြေးလေ့ကျင့်ခန်းတောင် လွတ်သွားပြီ"
"ဒါဆို အစ်ကို မနက်စာ မစားတော့ဘူးလား"
ချိုးယန့်က မေးသည်။
"ဗိုက်မဆာဘူး"
ပျန်းနမ်စဥ်းစားလိုက်ပြီးနောက် အထုပ်ထဲမှ အီကြာကွေးတစ်ခု ယူထုတ်ပြီး ဝါးလိုက်ရင်း -
"ငါ အီကြာကွေး စားလိုက်မယ်"
"ပဲနို့တစ်ခွက်လည်း ထပ်ယူအုံးလေ"
ချိုးယန့်က ခေါင်းငုံ့ကာ အိတ်ထဲ နှိုက်ယူနေသည်။
"မယူတော့ဘူး။ မင်း မြန်မြန်ဝင်သွားတော့။ အချိန်ထပ်ဆွဲနေရင် ကျောင်းတက်နောက်ကျတော့မယ်"
ပျန်းနမ်က သူ့တင်ပါးလေးကို ပုတ်လိုက်ရင်း ဆက်၍ -
"ငါ့အင်္ကျီက အိမ်ထဲမှာပဲ ရှိသေးတယ်။ မနက်ဖြန်ကျမှ လာယူတော့မယ်"
ချိုးယိ ဒဏ်ရာရသွားပြီးနောက် အိမ်တွင်းတွင် ကမောက်ကမတစ်ထုံးကြီး ဖြစ်သွားသည်ကို ပျန်းနမ်သိရှိသွားခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် အနည်းငယ်လေး ဝန်ခံလိုစိတ်မရှိနေသော်လည်း အပြစ်မကင်းသလို လိပ်ပြာမလုံမှုကိုတော့ ဟန့်တားထား၍မရပေ။
မဆိုစလောက်လေးသာ၊ အနည်းငယ်လေးသာ ... ... မည်သို့ဆိုစေ အချိန်ရပါက လာကြည့်ကြည့်ရန် သူ ရည်ရွယ်ထားသည်။ ငွေပေးလျှင် ချိုးယိက လက်ခံလောက်မည်မဟုတ်ပေ။ သို့သော် အိမ်တွင် သွားကူညီပေးလျှင်တော့ ရလောက်မည်။
နောင်တစ်ချိန်တွင် ချိုးယိတစ်ယောက် သူ့ကို မည်သို့ လက်တုံ့ပြန်မည်၊ သူ့ခြေထောက်တစ်ချောင်းကို ရိုက်ချိုးမည်လား သို့မဟုတ် ဂုံနီအိတ်စွပ်ပြီး တုတ်ချောင်းဖြင့် ဖြစ်သလိုရိုက်မည်လားဆိုသည်များကတော့ နောက်ထပ်ကိစ္စတစ်ခု ဖြစ်ပေသည်။
"မနက်ဖြန်လား ... ..."
သူ မနက်ဖြန်ကျမှ လာဖြစ်မည်ဟု ကြားရသည်နှင့် ချိုးယန့်လေသံမှာ ယခင်ကလောက် မရွှင်မြူးတော့ဘဲ -
"သိပါပြီ"
"ငါ ဒီနေ့ည အိမ်ပြန်ရမှာ"
ပျန်းနမ်က သူ့မျက်နှာကို ပွတ်သပ်ပေးလိုက်ရင်း -
"မနက်ဖြန်ကျရင် မင်းအတွက် ထရန်စဖော်မာစက်ရုပ်တစ်ခု ယူလာပေးမယ်"
ချိုးယန့်က အံ့အားသင့်စွာ ပျန်းနမ်ကို မျက်လုံးပင့်ကြည့်လာသည်။ သို့သော် မျက်ခွံများက ချက်ချင်းပင် ပြန်လည်ငိုက်စိုက်ကျသွားခဲ့ပြီး -
"သားကိုကိုက သေချာပေါက်ကို ယူခိုင်းမှာမဟုတ်ဘူး"
"ကိစ္စမရှိဘူး။ ငါ ရှိတယ်လေ"
ပျန်းနမ်က သူ့ရင်ဘတ်ကိုသူပုတ်ပြလိုက်ပြီးနောက် ဆက်၍ -
"အိမ်ထဲဝင်တော့"
မူလတုန်းက ပျန်းနမ်၏အကြံမှာ ချိုးယိအိမ်တွင် နံနက်စာစားပြီးတော့မှ ကျောင်းကိုမည်ဖြစ်သည်။ ယခု ရှန်းထောင်း ရောက်လာပြီး သူ့ကိုလည်း သိသိသာသာ ဒေါသထွက်နေသဖြင့် အိမ်ထဲဝင်ပြီး ဒုက္ခဝေဒနာသွားခံစားရန် မရည်ရွယ်နေတော့ပေ။ လမ်းသွယ်ထဲမှထွက်လာပြီး ကားငှားကာ ကျောင်းသို့ ပြန်လာခဲ့တော့သည်။
ကျောင်းသို့ပြန်ရောက်သောအခါ နံနက်စာအချိန်နှင့် ကွက်တိကြုံကြိုက်သွားရာ သူသည် ကန်တင်းသို့ တစ်ခါတည်းတန်းသွားလိုက်သည်။ ကန်တင်းထဲတောင် မဝင်ရသေးမီ လောင်ကျန်နှင့် ဆုံသွားသည်။
"မနေ့ညတုန်းက ဘယ်တွေသွားနေတာလဲ"
လောင်ကျန်က ပေါက်စီလိပ်ပေါင်းတစ်ခုကို ကိုက်ဝါးနေလျက်ရှိသည်။
"အိမ်ပြန်သွားတာ"
ပျန်းနမ်က ဆံပင်ကို ဖမ်းဆုပ်ဆွဲလိုက်ရင်း ဖြေသည်။
"ဟုတ်လား"
လောင်ကျန်က အေးစက်စက်တစ်ချက်ရယ်လိုက်ပြီး ပေါက်စီလိပ်ပေါင်းကို ဆက်ဝါးနေရင်း -
"ဘယ်အချိန်တုန်းက ပြန်သွားတာလဲ"
"ရေချိုးပြီးတော့လေ"
ပျန်းနမ်မျက်လုံးမျက်လုံးများက ကန်တင်းအတွင်းထဲသို့ ဝေ့ဝဲကြည့်လိုက်ရာ ထမင်းဘူးကိုင်လျက် သူ့အား ပေါကြောင်ကြောင်ရယ်ပြနေသော ဝမ့်ဖေးကို တွေ့လိုက်ရသည်။
"အိမ်ပြန်ခွင့်တောင်းတယ်ဆိုတာ ပုံမှန်ခွင့်တောင်းမှု တစ်ခုပဲ"
လောင်ကျန်က ပေါက်စီလိပ်ပေါင်းကို မျိုချလိုက်သည်။
"ဟုတ်တယ်"
ပျန်းနမ်က အလျင်အမြန်ပင် တရစပ်ခေါင်းညိတ်ပြလိုက်သည်။
"ဒါဖြင့် မင်း ဘာဖြစ်လို့ အုတ်တံတိုင်းကျော်ရတာလဲ"
လောင်ကျန်က ချက်ချင်းဆက်မေးလိုက်သည်။
"ကျွန်တော် ... ..."
လောင်ကျန် ယခုကဲ့သို့မေးလာမည်ဟု ပျန်းနမ် မထင်မှတ်ထားခဲ့ပေ။
"အကျင့်ပါနေလို့"
လောင်ကျန်က လှောင်ရယ်လိုက်ပြီး စားပြီးကျန်နေသော ပေါက်စီလိပ်ပေါင်းတစ်ဝက်ကို လက်ထဲတွင်ညှစ်ပြီး သူ့ဆီညွှန်ပြရင်း -
"ဟိုးအစတုန်းက နည်းလမ်းရှာပြီး မင်းကို သရုပ်ဆောင်ကျောင်းပို့လိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲဆိုတာ မင်းအဖေကို မင်း ပြောကြည့်ကြည့်သင့်တယ်။ တင်းနစ်ရိုက်တာထက်ကို သေချာပေါက် တိုးတက်ထွန်းကားမှာ"
"အဲဒါဆို ဘယ်လောက်ဆိုးလိုက်မလဲ"
ပျန်းနမ်က မျက်နှာကို ပွတ်သပ်လိုက်ပြီး တဟေးဟေးနှင့်ရယ်လိုက်ရင်း ဆက်၍ -
"ကျွန်တော် ဒီလောက်ချောတာ။ ဒါက သူများထမင်းပန်းကန်ကို လုယူမယ့်စည်းချက်ကြီး။ အဲဒီလောက်အထိ စစ်မှန်လို့ မဖြစ်ဘူးလေ"
"ညနေလေ့ကျင့်ရေးမှာ တွေ့မယ်"
လောင်ကျန်က သူ့ပခုံးကိုပုတ်လိုက်ပြီး ခြေလှမ်းကျဲများဖြင့် ထွက်ခွာသွားသည်။
"မင်း အလိမ်ပေါ်သွားတာတော့ မဟုတ်ဘူးမလား"
လောင်ကျန် ထွက်ခွာသွားသည်ကို မြင်သည်နှင့် ဝမ့်ဖေးက ချက်ချင်း ပြေးလာတော့သည်။
"မင်းဆီမှာကတည်းက စပြီး ပေါ်နေခဲ့တာဟ"
ပျန်းနမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် -
"ငါ့အထင်တော့ ညနေကျရင် သေပြီ"
"ကိစ္စမရှိဘူး။ မနက်ဖြန်ဆိုရင် စနေနေ့ရောက်ပြီ။ ငါ့အိမ်ကို လိုက်ပြန်ပြီး အားပြန်ဖြည့်ပေါ့"
ဝမ့်ဖေးက သူ့ကို တစ်ချက်အကဲခတ်ကြည့်လိုက်ပြီးနောက် ဆက်၍ -
"ဒီအင်္ကျီက ဘယ်ကလဲ။ မင်းဝတ်တာ မမြင်ဖူးဘူး"
"ချိုးယိအင်္ကျီ"
ပျန်းနမ်က ဘာမှ မစားချင်နေပေ။ ဝမ့်ဖေး၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး အနှီသူကောင်းသား သွတ်သွင်းနေသည်ကို ကြည့်နေသည်။
"ဘာကြီး"
ဝမ့်ဖေးမှာ ကြက်သေသေသွားခဲ့ပြီးနောက် -
"ငါလူး၊ မဟုတ်ဘူးမလား။ မင်း မနေ့ညက သူ့အိမ်မှာ အိပ်တာလား"
"မဟုတ်ရင် ငါ ဘယ်မှာ သွားအိပ်ရမလဲ"
ပျန်းနမ်က သူ့ကို စိုက်ကြည့်လိုက်ပြီး ဆက်၍ -
"မင်းက ဖုန်းကို အဲဒီအချိန်ရောက်မှ ဆက်လာတာ။ လခွမ်း မိုးတောင် သဲသဲမဲမဲရွာနေပြီ။ ငါ အပြင်ထွက်သွားလို့ ရေဆိုးပြွန်အဖုံးကို နင်းမိပြီး ရေနစ်သေရင် ဘယ်ကိုသွားပြီး ယုတ္တိသွားရှာရမလဲ"
"ဒါဆို မင်းလဲ တကယ်ကို တော်တော် ဟုတ်နေတာပဲ။ ညသန်းခေါင်ကြီး မင်းကို သူ ထရိုက်မှာကို မကြောက်ဘူးလား။ ခြေထောက်တောင် မင်းရိုက်လိုက်လို့ ကျိုးသွားသေးတာ"
ဝမ့်ဖေးက တကျွတ်ကျွတ် စုတ်သပ်လိုက်သည်။
ပျန်းနမ်က ဘာမှ မပြောပေ။ မနေ့ညက မိမိမှာ ချိုးယိကို တစ်ညလုံး ဖက်လျက်အိပ်ခဲ့သည့်အကြောင်းကို စဥ်းစားမိသည်နှင့် ခေါင်းစခြေဆုံးတစ်ကိုယ်လုံး အနေရခက်ပြီး မသက်မသာဖြစ်ရသည်။ အဓိကကျသည်မှာ မိမိကိုယ်တိုင် မသိနေခဲ့ခြင်းပင်။ ကောင်းကောင်းမွန်မွန်နှင့်နွေးနွေးထွေးထွေးအိပ်ခဲ့ရသည်ဟုတောင် ခံစားလိုက်ရသေးသည်။
ပျန်းနမ်က အိပ်ဆောင်သို့ပြန်ပြီး အင်္ကျီကို ချွတ်လဲပြီး ခေါက်လိုက်သည်။ ညပိုင်း အိမ်ပြန်လျှင် အလျင်လျှော်လိုက်ပြီးမှ မနက်ဖြန် ချိုးယိဆီ ပြန်ယူသွားပေးမည်ဟု စဥ်းစားနေသည်။
မနက်ပိုင်းအတန်းများမှာ ယခင်က ပုံစံအတိုင်းသာ။ ကျောင်းသားအားလုံးမှာ တက်တက်ကြွကြွမရှိဘဲ လေးကန်ထိုင်းမှိုင်းနေကြသည်။ နောက်တစ်ပတ်တွင် စာမေးပွဲဖြေဆိုရမည်ဖြစ်၍ သဘောထားအမြင်ပြောင်းလဲခြင်းမျိုးလည်း တစ်စက်ကလေးတောင် မရှိကြ။ ဝမ့်ဖေးက မှတ်စုလိုက်မှတ်နေခြင်းကသာ ပျန်းနမ်အား အလွန်အံ့အားသင့်စေနေသည်။
"အလေလိုက်နေတာကလဲ အလေလိုက်နေတာပဲလေ"
ဝမ့်ဖေးက မှတ်စုစာအုပ်ပေါ်တွင် တကုတ်ကုတ်ဖြင့် ရေးမှတ်နေသည်။
ပျန်းနမ်က သူ့ကို အဖက်မလုပ်တော့ဘဲ စာအုပ်တစ်အုပ်ယူပြီး မေးစေ့ပေါ် တေ့တင်ထားပြီး ဆရာကိုကြည့်လျက် ဆက်ငေးနေသည်။
စာအုပ်အကြောင်းစဥ်းစားမိသော် ချိုးယိအခန်းထဲမှ စာအုပ်တစ်ဗီရိုကို စဥ်းစားမိသွားသည်။ မည်ကဲ့သို့သော စာအုပ်မျိုးများလဲဆိုသည်ကို မနေ့ကလည်း ကောင်းကောင်း မလေ့လာလိုက်ရပေ။
သူ့အဖေ စာကြည့်ခန်းထဲတွင်လည်း စာအုပ်များ အလွန်များပြားသည်။ ထိုစာအုပ်များကို ယေဘုယျအားဖြင့် သူ့အဖေ တစ်အုပ်မှ မဖတ်ဖူးလောက်ဟု ပျန်းနမ် ထင်သည်။ အခြားသော မိုင်းတွင်းပိုင်ရှင်သူဌေးများနှင့် မတူကြောင်း အဆင့်အတန်းခွဲရန်အတွက် ဝယ်လာခြင်းဖြစ်သည်။ ပညာတတ်ပြီး စာပေယဥ်ကျေးမှု နားလည်သော မိုင်းတွင်းသူဌေးနှင့် စာပေယဥ်ကျေးမှုနားမလည်သော မိုင်းတွင်းသူဌေးတို့ကြားမှ သဘောထားအတွေးအမြင်အဆင့်အတန်းမတူညီမှုကို ထင်ဟပ်ပြသနေသည်။
နေ့လယ်ပိုင်းထမင်းစားချိန်တွင် ပျန်းနမ်က အစားအသောက်တော်တော်များများကို လေးလေးနက်နက်စားလိုက်သည်။ ညနေပိုင်းတွင် သူ့အပေါ် လောင်ကျန် ချမှတ်လုပ်ဆောင်နိုင်ခြေရှိသည့် နှိပ်ကွပ်မှုဒဏ်ကို ခုခံရင်ဆိုင်ရန်အတွက် ဖြစ်သည်။
ထင်သည့်အတိုင်းပင် လောင်ကျန်က သူ့ကို စိတ်မပျက်စေပေ။ ဝမ့်ဖေးကိုပါ အတူတကွ ဆွဲထည့်လာသည်။ နှစ်ယောက်သား ရောက်လာသည်နှင့် အလျင်ဦးဆုံး ငါးကီလိုမီတာအပြေးလေ့ကျင့်ခန်းနှင့် စဖွင့်ရသည်။ ထို့နောက်တွင်မှ ကိုယ်ကာယလေ့ကျင့်မှု စတင်သည်။
ရာသီဥတုက နွေးထွေးနေခဲ့ပြီ။ ယမန်နေ့ညက ပြင်းထန်သောမိုးကြောင့် မြေကြီးကပင် စိုရွှဲနစ်နေသည်။ ညနေခင်းတွင် နေပူလာသည်နှင့်တစ်ပြိုင်နက် ပူစပ်ပူလောင်ဖြစ်လာတော့သည်။ မိမိ၏ချွေးသီးချွေးစက်များ မြေကြီးပေါ် စီးကျနေရင်း အသံတောင် ထွက်လာတော့မည်ဟု ပျန်းနမ်ထင်မိသည်။
လေ့ကျင့်ရေးပြီးဆုံးသွားပြီးနောက် ပျန်းနမ်သည် တင်းနစ်ကွင်းဘေးအစွန်နားတွင် အတော်ကြာအောင် ထိုင်နေပြီးတော့မှ နွမ်းနယ်ပင်ပန်းနေသော ကိုယ်ခန္ဓာကို သယ်ပြီး ရေသွားချိုးလိုက်သည်။
စနေတနင်္ဂနွေပိတ်ရက်တွင် အဆောင်၌ လူမရှိသလောက် လူနည်းသွားသည်။ ပျန်းနမ်နှင့်ဝမ့်ဖေးတို့ ရေချိုးပြီး၍ ပစ္စည်းသိမ်းဆည်းပြီးသွားသောအချိန်တွင် အဆောင်တစ်ခွင်တွင် တိတ်ဆိတ်သွားခဲ့ပြီ။
ပျန်းနမ် ကားငှားလိုက်ပြီး ဝမ့်ဖေးကို သူ့အိမ်အရောက် ပို့ပေးလိုက်ပြီးနောက် အငှားကားကို ဦးလှည့်စေပြီး မိမိအိမ်ဆီ မောင်းခိုင်းလိုက်သည်။
ကားဆရာက စကားအတော်များသည်။ ငယ်ရွယ်စဥ်အချိန် ရန်ဖြစ်၊ ရည်းစားထားသည့်အကြောင်းမှစပြီး သူ၏ သုံးနှစ်သမီးလေးအကြောင်းအထိကို တောက်လျှောက်ပြောလာသည်။ ပျန်းနမ်က ကားတံခါးဘေးနားတွင် မှီပြီး ပြတင်းအပြင်ဘက်ဆီ ကြည့်နေသည်။ တစ်ခါတစ်ခါတွင် ကားဆရာစကားကို ပြန်လည် တုံ့ပြန်ပြီး ကားဆရာ၏ စကားအကြောင်းအရာကို လိုက်လျောညီထွေဖြစ်စေသည်။
သူ အိမ်ပြန်ဖြစ်တိုင်း အလွန်စိတ်ဖိစီးရသည်။ အန်တီ၏အပြုံး၊ ပျန်းဟောက်၏ အေးစက်တည်တင်းသောမျက်နှာ၊ ပျန်းရှင်းယွီ၏ သေနတ်များ တုတ်ချောင်းများ ညပ်ပါနေသော စကားများ၊ ထို့နောက် ဘေးနားတစ်ဖက်တွင် ခဲခဲယဥ်းယဥ်းကြိုးစားပြီး အခြေအနေထိန်းနေရှာသော သူ့အဖေ...။
အိမ်ပြန်သည့်အခေါက်တိုင်းတွင် "အပို" ဟူသော စကားလုံး၏တိကျမှန်ကန်သော အနက်အဓိပ္ပါယ်ကို နက်နဲစွာ သဘောပေါက်နားလည်ရသည်။
အငှားကားက အိမ်ရာတံခါးပေါက်ဝတွင် ရပ်တန့်လိုက်သည်။ ပျန်းနမ်က ကားပေါ်တွင် ခဏထပ်ထိုင်လိုက်ပြီးတော့မှ ငွေရှင်းပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။ လှလှပပပြင်ဆင်ဆောက်လုပ်ထားသော ကျောက်စရစ်ခဲလမ်းလေးအတိုင်းလိုက်ပြီး သူ့အိမ်ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
ခြံတံခါးဝသို့ ရောက်သောအခါ သူသည် ပွင့်လျက်ရှိနေသော ကားဂိုဒေါင်ဆီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့အဖေ၏ကားများအားလုံး အိမ်တွင် ရှိနေသည်။
သူ ခေါင်းငုံ့လိုက်ပြီး သော့နှိုက်ယူထုတ်ရန်အလုပ်တွင် နှစ်ချက်တောင် မနှိုက်ရသေးမီ ဖုန်းလာသံ မြည်လာသည်။
"ဟယ်လို"
သူ ဖုန်းကိုင်လိုက်ပြီး လက်တစ်ဖက်က အိတ်ထဲတွင် မွှေနှောက်နေသည်။
"ရှောင်နမ်"
အန်တီ့အသံက ဖုန်းထဲမှ ပျံ့လွင့်လာပြီး -
"မင်း မနက်ဖြန် ပြန်လာမှာလား။ မနက်ဖြန်ကျရင် ရှောင်ဝူကိုလွှတ်ပြီး မင်းကို ကျောင်းမှာ သွားကြိုခိုင်းလိုက်မယ်လေ"
ပျန်းနမ်က ကြောင်အသွားပြီး အသံတိတ်နေသည်။ သော့နှိုက်ရှာနေသော လှုပ်ရှားမှုက ရပ်တန့်သွားသည်။
ယနေ့ အိမ်ပြန်လာမည်ဟု သူ ပြောဖူးသည်။
"ရှောင်နမ် ..."
အန်တီက သူ့ကို ခေါ်လိုက်သည်။
"အင်း"
အန်တီပြောလိုသောအဓိပ္ပါယ်ကို ပျန်းနမ်က အလွန်လျင်မြန်စွာ နားလည်သွားသည်။ ဒီနေ့ အိမ်မပြန်လာနဲ့ ဟူ၍...။ အိမ်တွင် ကိစ္စတစ်ခုခုရှိလိမ့်မည်။ သူ့လိုမျိုး ရှက်စရာကောင်းသောဖြစ်တည်မှုလက္ခဏာနှင့် လူတစ်ယောက် အိမ်တွင်ရှိရန် အဆင်မပြေ။ ပျန်းနမ်က ကိုယ်ကိုလှည့်လိုက်ပြီး လမ်းအတိုင်း အပြင်သို့ လျှောက်ထွက်လာရင်း -
"လာကြိုဖို့ မလိုတော့ဘူး။ ကျွန်တော် မနက်ဖြန် မပြန်တော့ဘူး"
"အဲဒီလိုဆို ဘယ်ဖြစ်မလဲ။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း အိမ်မပြန်ဖြစ်ဘူးလေ။ မနက်ဖြန် လောင်ဝူ မင်းကို လာကြိုလိမ့်မယ်။ မင်းအတွက် အန်တီ အင်္ကျီတွေတောင် ဝယ်ထားပေးတာရော်"
အန်တီက ရယ်ရင်းနှင့် ဆက်၍ -
"မနက်ဖြန်ပြန်လာပြီး မင်းကိုယ်နဲ့ တော်လား မတော်လား စမ်းဝတ်ကြည့်ကြည့်လိုက်။ ဟုတ်ပြီ အန်တီ ဖုန်းချလိုက်တော့မယ်နော်"
ပြောပြီးသွားသည်နှင့် အန်တီက ဖုန်းချလိုက်သည်။ ပျန်းနမ်က လမ်းဘေးတွင် ရပ်နေရင်း ဖုန်းကို ကိုင်လျက် တစ်အောင့်ခန့် တိတ်ဆိတ်နေပြီးတော့မှ ဖုန်းစကားပြောခွက်ကို "အင်း" ဟု ပြောလိုက်သည်။
***
(ဆက်ရန်)