Chapter ● 13 ●
ညနေပိုင်းလေ့ကျင့်ရေးဆင်းချိန်တွင် ညဘက်ရောက်လျှင် ချိုးယိအိမ်ကို အတူတူသွားကြရန် ဝမ့်ဖေးက ပြင်းပြန်းထန်ထန်တောင်းဆိုလာသည်။
"အခုက လတစ်ဝက်တောင် ရှိတော့မယ်"
ဝမ့်ဖေးက ခေါင်းကို သားနားလွတ်လပ်စွာ ခါယမ်းလိုက်ရင်း -
"ငါတို့နှစ်ယောက်ရဲ့ ပြောင်မြောက်တဲ့လက်ရာကို ငါ အခုထိ ကောင်းကောင်းမကြည့်ရသေးဘူး"
သူ့မျက်နှာပေါ်သို့ လွင့်စဥ်လာသည့် ဝမ့်ဖေး၏ချွေးတို့ကို သုတ်လိုက်ကာ -
"လခွမ်း။ ပန်းခင်းဘက်သွားပြီး မင့်အမွေးတွေ သွားခါစမ်းပါ။ ပန်းလုပ်သားဆရာတွေက သုံးရက်လောက် ပန်းပင် ရေမလောင်းရတော့လောက်ဘူး"
"အတူတူသွားမယ်လေ"
ဝမ့်ဖေးက သူ့ခေါင်းပေါ်ကိုသူ တဘက်တစ်ထည် တင်အုပ်လိုက်ပြီး ဆက်၍ -
"ရန်သူရဲ့အလောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွေးပွက်ပွက်ဆူတဲ့ခံစားချက်ကို ငါ့လည်း တစ်ခါလောက်ခံစားကြည့်ပါရစေ"
"တော်လိုက်စမ်းပါ"
ပျန်းနမ်က ချွေးသုတ်လိုက်ပြီးနောက် အိတ်ကိုသယ်ကာ အဆောင်ရှိရာဘက်သို့လျှောက်သွားရင်း -
"ဟိုရက်တုန်းက ရန်သူ မြေကြီးပေါ်လဲပြီး မလှုပ်နိုင်တဲ့အချိန်တုန်းက မင်း ဘာလို့ မခံစားကြည့်ခဲ့တာလဲ။ ပြေးတာများ ဖနောင့်နဲ့တင်ပါးတစ်သားတည်း ကျသွားမတတ်ပဲ ... ..."
သို့သော် ဝမ့်ဖေးက တက်ကြွဖျတ်လတ်စွာ ပြောလာခဲ့ပြီးမှ အဆောင်ပြန်ရောက်၍ ရေချိုးပြီးသည်နှင့် ခုတင်ပေါ်လှဲလိုက်ပြီးနောက် လှုပ်ချင်စိတ်မရှိတော့ချေ။ ပျန်းနမ်အင်္ကျီလဲပြီး သွားတော့မည့်အချိန်တွင် အနှီသူကောင်းသားမှာ ခုတင်ပေါ်လှဲပြီး ခေါင်းကို ခုတင်ခြေရင်းဆီထိုးကာ အိပ်ပျော်နေခဲ့ပြီဖြစ်သည်။
ပျန်းနမ်က အံဆွဲထဲမှ မှတ်စုစာအုပ်တစ်အုပ် ရှာထုတ်လာပြီး စာရွက်အလွတ်တစ်ရွက်ဖြဲလိုက်ကာ အပေါ်တွင် "ခေါင်းရင်းက ဒီဘက်မှာ" ဟူသော စာလုံးများ ရေးလိုက်သည်။ ထို့နောက် အချိန်အတော်ကြာအောင် ကောက်ကြောင်းလိုက်ပြီး စာလုံးများ ထင်းသွားအောင်ရေးလိုက်ပြီးနောက် ဝမ့်ဖေးမျက်နှာပေါ်တွင် အုပ်လိုက်ပြီးတော့မှ အဆောင်ခန်းထဲမှ ထွက်လာခဲ့သည်။
သူတို့ကျောင်းဘက်ပတ်ဝန်းကျင်တွင် အငှားကား အလွန်ရှားသည်။ ပျန်းနမ်မှာ အချိန်အတော်ကြာသည်အထိ စောင့်နေပြီး အငှားကားတစ်စီးမှ မရသောကြောင့် သူသည် သုံးဘီးကားတစ်စီးကိုသာ ငှားစီးလိုက်ရသည်။
မြို့တွင်းထဲတွင် သုံးဘီးကားဖြတ်သန်းမောင်းနှင်ခွင့်မပြုထားပေ။ သူ သုံးဘီးကားမှ ဆင်းလာပြီးနောက် ချိုးယန့်တို့အိမ်ရောက်ရန် နောက်ထပ်အကွာအဝေးတစ်ခုလောက် လိုနေသေးသည်။ သုံးဘီးကားမှဆင်းလိုက်သည့်နေရာတွင် အတော်ကြာအောင်ရပ်နေလိုက်ပြီးမှ သူသည် တက္ကစီကားတစ်စီးကို တားလိုက်ပြန်သည်။
အပြင်ထွက်ရန် ကားငှားပြီး ကားလည်း တစ်ဆင့်ပြောင်းစီးရသည့်ကိစ္စမှာ အတော်လေးရယ်စရာကောင်းနေသည်။ သို့သော် ယနေ့လေ့ကျင့်ရေးမှာ အလွန်ပင်ပန်းပြီး သူကလည်း ဤနောက်ဆုံးသော ဆယ်မိနစ်စာခရီးကို လမ်းလျှောက်သွားရန် တကယ်ကို ပျင်းနေသည်။
လမ်းသွယ်ထိပ်ရှိ စူပါမားကက်ငယ်လေးကို ဖြတ်သန်းလာချိန်တွင် အထဲဝင်ပြီး ချိုးယန့်အတွက် မုန့်အနည်းငယ်ဝယ်ပေးရန် စဥ်းစားလိုက်သေး၏။ သို့သော် ချိုးယိ၏သဘောထားအပြုအမူကို စဥ်းစားမိသည်နှင့် သူသည် ချီတုံချတုံဖြစ်သွားရပြီး မဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ချိုးယန့်ကို ခေါ်ကာ အတူလာထွက်ဝယ်ပြီး ဆိုင်တွင်တစ်ခါတည်းစားလိုက်စေရန်သာ သူလိုလားသည်။
လမ်းသွယ်လေးထဲဝင်ပြီး ဘယ်နှလှမ်းမှ မလှမ်းရသေးမီ ရှေ့တည့်တည့်မှ လူတစ်ယောက်က သူ့ဆီလျှောက်လာနေသည်။
ပျန်းနမ်က ခေါင်းငုံ့ထားရင်း သူ့ခြေထောက်အောက်ရှိ အုတ်ခဲကိုကြည့်နေလျက်ရှိကာ လူတစ်ယောက်လမ်းလျှောက်လာနေသည်ကို ခံစားလိုက်ရသည်။ သူက ဘေးတစ်ဖက်သို့ ဖယ်ပေးလိုက်ပြီး ရှေ့ဆက်လျှောက်ရန်စဥ်းစားနေဆဲတွင် ထိုလူက သူ့ရှေ့တွင် တားလိုက်သည်ကို သိလိုက်ရသည်။
သူ မျက်မှောက်ကြုတ်လျက် ခေါင်းထောင်ကြည့်လိုက်သောအခါ သူ့ရှေ့တွင် ရပ်နေသူမှာ ရှန်းထောင်းဖြစ်နေကြောင်း သိလိုက်ရသည်။
"မင်းက ဒီကိုလာပြီး ဘာလာလုပ်တာလဲ"
ရှန်းထောင်၏မျက်နှာအမူအရာက ဆိုးရွားနေသည်။
"ငါလမ်းလျှောက်ထွက်တာ မင်းအလုပ် ဘာပါလဲ"
ပျန်းနမ်က လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး ရှန်းထောင်းကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါဆို ခင်ဗျားဆက်လျှောက်ပါ"
ရှန်းထောင်းက သူ့ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေလျက် လမ်းဖယ်ပေးလိုက်သည်။
ပျန်းနမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လမ်းသွယ်လေးထဲသို့ ဆက်လက်လျှောက်ဝင်သွားသည်။ သုံးလေးလှမ်းခန့် လျှောက်လိုက်ပြီးနောက် သိလိုက်ရသည်မှာ ရှန်းထောင်းက သူ့နောက်မှ လိုက်ပါလာနေခဲ့သည်။
သူ နောက်လှည့်မကြည့်ဘဲ မြေပြင်ပေါ်တွင် ထင်ဟပ်နေသောအရိပ်ကို ကြည့်နေသည်။ လူတိုင်းလူတိုင်းက ဖန်းယိဖုန်းတို့အုပ်စုကဲ့သို့ လူတစ်ယောက်ကို ခြုံခိုအလစ်တိုက်ခိုက်တတ်သည့်ကိစ္စကို လုပ်ဆောင်ရန် မနှစ်သက်ကြသော်ငြား၊ ရံဖန်ရံခါ စိတ်ထလာလျှင် မလုပ်နိုင်ဘူးဟု ဆို၍မရပြန်ပေ။ သူကိုယ်တိုင်တောင်မှ ချိုးယိကို အလစ်တွင်ချောင်းရိုက်ခဲ့သည်မှာ နှစ်ရက်ခန့်သာ ရှိသေးသည်။
သို့သော် ရှန်းထောင်းက သူ့နောက်မှလိုက်လာပြီး ဘာမှမလှုပ်ရှားလာပေ။ ပျန်းနမ်က တံခါးကိုတွန်းပြီး ခြံထဲဝင်သွားချိန်တွင် ရှန်းထောင်းကလည်း နောက်မှ လိုက်ဝင်လာသည်။
ခြံထဲ၌ အိမ်နီးချင်းအမျိုးသမီးကြီးများသာ စပျစ်စင်အောက်တွင်ထိုင်ပြီး ရေဒီယိုအသံလွှင်ချက်ကို နားထောင်နေကြသည်။ ပျန်းနမ်က အဘွားမင်္ဂလာပါဟု နှုတ်ဆက်လိုက်ပြီးနောက် တစ်ဆက်တည်းတွင် မီးဖိုချောင်ဘက်ဆီမှ အရိပ်ငယ်လေးတစ်ခု ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။
သူသည် ခါးကို အလျင်အမြန်ကိုင်ပြီး လက်မောင်းများကို ဘေးနှစ်ဖက်သို့ ဆန့်ထုတ်လိုက်တော့သည်။
"သာ့ဟူကျစ် လာပြီလား"
ချိုးယန့်က သူ့ရင်ခွင်ထဲ တဟုန်ထိုးပြေးဝင်လာပြီး အသံကျယ်လောင်စွာ အော်ပြောလိုက်ကာ သူ့နောက်သို့တစ်ချက်ကြည့်လိုက်ပြီးနောက် ထပ်အော်လိုက်ပြန်သည်။
"ကိုကိုရှောင်ထောင်း မပြန်သေးဘူးလား"
"ငါ ပစ္စည်းကျန်ခဲ့လို့"
ရှန်းထောင်းက ချိုးယန့်အား ပြုံးပြလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
"ထမင်းချက်နေတာလား။ မင်းအဖေ အိမ်ထဲမှာလား"
ပျန်းနမ်က အိမ်ထဲဝင်ပြီး ချိုးယန့်တို့အဖေကို နှုတ်သွားဆက်ရန် စဥ်းစားထားသည်။ ချိုးယန့်ကို ချီလိုက်ပြီးနောက်တွင် မီးဖိုချောင်တံခါးဝတွင် မှီလျက်ရပ်နေသော ချိုးယိကိုမြင်လိုက်ရ၏။
"အဖေ ဒီနေ့ နေလို့သိပ်မကောင်းဘူး။ ဆေးသောက်ပြီးတော့ အရင်အိပ်သွားပြီ"
ချိုးယန့်က ပျန်းနမ်လည်ပင်းကို သိမ်းဖက်ထားပြီး -
"အခု သားနဲ့ကိုကို ထမင်းချက်နေကြတာ"
"နေမကောင်းဘူး ဟုတ်လား။ ဖျားသွားတာလား"
ပျန်းနမ်က အိမ်ခန်းအတွင်းဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။
"ဖျားတာ မဟုတ်ဘူး။ အဖေက တစ်ခါတလေကျရင် နေမကောင်းဖြစ်တတ်တယ်"
ချိုးယန့်က ပြောသည်။
ချိုးဖေဖေကြီးအနားယူနေသည်ကို နှောင့်ယှက်ဆူညံမိမည်ကိုစိတ်ပူ၍ ပျန်းနမ်က အိမ်ထဲမဝင်ဘဲ စပျစ်ပင်ဘေးတွင်ပင် ဝင်ထိုင်လိုက်သည်။ ချိုးယန့်က သူ့အိတ်ကပ်ထဲမှ ထောင့်ချွန်ငါးခုပါ အနီရောင်ပလတ်စတစ်ကြယ်တစ်လုံး ယူထုတ်လာပြီး ပျန်းနမ်ကို ကမ်းပေးလိုက်ရင်း -
"ဒါက ဒီနေ့ သားဆုရလာတဲ့ဟာ။ အစ်ကို့ကို ပေးမယ်"
"ကျေးဇူး။ အာ့ပေါင်က တအားတော်တာပဲ။ ဆုတောင် ရတယ်ဆိုတော့"
ပျန်းနမ်က ထောင့်ချွန်ငါးခုပါ ကြယ်ကို လှမ်းယူလိုက်ပြီး၊ သူ့အိတ်ကပ်ထဲတွင် အတော်ကြာအောင် နှိုက်ရှာနေသော်လည်း ပိုက်ဆံအိတ်မှလွဲလျှင် အခြား ဘာကိုမှ မစမ်းမိပေ။
"ခဏနေကျမှ မင်းကို ခေါ်သွားပြီး တစ်ခုခုဝယ်ကျွေးမယ်"
"သားက ကျောင်းပိတ်ရက်မဟုတ်ရင် သရေစာမုန့် စားလို့မရဘူး။ သားကိုကို ပေးမစားခိုင်းဘူး"
ချိုးယန့်က သူ့နားရွက်နားတွင် တိုးတိုးလေး လာကပ်ပြောသည်။
"ဒါဆို ကစားစရာအရုပ်တွေ ဝယ်ပေးဖို့ ခေါ်သွားမယ်"
ပျန်းနမ်က ချိုးယိရှိရာဆီသို့ တစ်ချက်ကြည့်လိုက်ရာ ချိုးယိက သူ့ကိုကြည့်နေခြင်းမရှိပေ။ သို့သော်ငြား ရှန်းထောင်း၏ မကျေမနပ်မျက်နှာထားနှင့် ဆုံသွားပြီး အကြည့်မှာ လျှပ်စီးကဲ့သို့ပင် ကြောက်လန့်ဖွယ်ကောင်းနေ၏။
"ငါ မပြန်တော့ဘူး"
ရှန်းထောင်းလည်း မီးဖိုချောင်တံခါးနားတွင် မှီလိုက်ပြီး လက်မောင်းများကို ပိုက်လိုက်သည်။
"ဒါဆို ခြံပေါက်ဝမှာ မင်း ဆောင့်ကြောင့်သွားထိုင်နေလိုက်"
ချိုးယိက သူ့ကိုကြည့်နေပြီး ဆက်၍ -
"ငါ ဒီမှာ ထမင်းဟင်းချက်ရဦးမယ်။ ငါ့ကို ပြဿနာတွေ ရှာမပေးလာနဲ့"
"ပြဿနာရှာတဲ့တစ်ယောက် ဟိုမှာ ဆောင့်ကြောင့်ထိုင်နေသေးတယ်လေ။ မင်း သူ့ကို အရင်ပြန်ခိုင်းလိုက်"
ရှန်းထောင်းက မလှုပ်မယှက်ရပ်နေသည်။
"သဘောပဲ၊ လုပ်ချင်သလို လုပ်"
ချိုးယိက မီးဖိုဘေးနားဆီသို့ နှစ်ချက်ခန့်ခုန်သွားလိုက်ပြီး -
"မင်းကြောင့် ချိုးယန့်တစ်ခုခုရိပ်မိသွားလို့ကတော့ ငါ့ဆီကနေ ခြေထောက်နဲ့ထွက်သွားရဖို့ မစဥ်းစားနဲ့တော့"
"ငါလူး"
ရှန်းထောင်းက လေသံတိုးတိုးဖြင့် ဆဲရေးလိုက်သည်။
"လူးချင်တဲ့လူကို သွားလူး"
ချိုးယိက မျက်မှောင်ကြုတ်လျက် ဆို၏။
"ကိစ္စတစ်ခုခုရှိရင် ငါ့ဆီ ဖုန်းဆက်လိုက်"
ရှန်းထောင်းက ခေတ္တခန့် ချီတုံချတုံဖြစ်နေပြီးမှ ပြောလိုက်ခြင်းဖြစ်သည်။
"အင်း"
ချိုးယိက ခေါင်းညိတ်လိုက်သည်။
ခြံထဲမှ ရှန်းထောက်လျှောက်ထွက်သွားချိန်တွင် ပျန်းနမ်အား စိန်းစိန်းဝါးဝါးတစ်ချက် ကြည့်သွားခဲ့၏။ ပျန်းနမ်လည်း အားမနာဘဲ ရည်မွန်ခြင်းအလျှင်းမရှိသောမျက်နှာထားဖြင့် ပြန်ကြည့်ပေးလိုက်သည်။ သူ့ကိုယ်ပေါ်တွင် ချိုးယန့်မှီနေဆဲသာမဟုတ်လျှင် ရှန်းထောင်း၏ အနှီအပြုအမူသဘောထားနှင့်ဆိုလျှင် သူသည် အစောကတည်းက ထိုင်ခုံနှင့် လွှဲရိုက်လိုက်ပြီဖြစ်သည်။
"ကိုကိုထမင်းချက်နေတာကို သား သွားကူပေးလိုက်ဦးမယ်"
ချိုးယန့်က 'ကိုကိုရှောင်ထောင်း နောက်မှတွေ့မယ်' ဟု အော်နှုတ်ဆက်လိုက်ပြီးနောက် မီးဖိုချောင်ဆီ ပြေးဝင်သွားရန် ဟန်ပြင်လိုက်သည်။
"မင်းက ချက်တတ်လို့လား။ သူ ချက်ရင်ပဲ ရနေပြီ။ မင်း ဘာကူလုပ်ပေးနိုင်မှာမို့လို့လဲ"
ပျန်းနမ်က သူ့ကိုဆွဲတားလိုက်ပြီး မီးဖိုချောင်ထဲတွင် ခြေတစ်ဖက်တည်းဖြင့် ခုန်ဆွခုန်ဆွဖြစ်နေသည့်ချိုးယိကိုကြည့်ရင်း အလွန်အရသာတွေ့နေသည်။
"ဆရာဝန်ပြောထားတယ်၊ သူ မြေပေါ်ဆင်းလို့မရသေးဘူးတဲ့။ သား စိတ်မချဘူး"
ချိုးယန့်က မျက်မှောင်ကြုတ်လျက်ဆို၏။
ထိုစကားကိုပြောလိုက်သည့် ချိုးယန့်မှာ လူကြီးလေးတစ်ယောက်ကဲ့သို့နှယ်။ ပျန်းနမ်မှာ ပြန်ပြောစရာစကားမရှိတော့ဘဲ လက်ကိုလွှတ်ပေးလိုက်ရုံသာ တတ်နိုင်သည်။
ချိုးယန့်တစ်ယောက် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားပြီးနောက် ပျန်းနမ်သည် ခြံထဲဆက်ထိုင်နေကာ ရွက်သစ်များ မြောက်များစွာ ထွက်ပြူကြီးထွားလာသည့် စပျစ်ပင်ကို ခေါင်းမော့ကြည့်နေသည်။ ဘေးနားရှိ အမျိုးသမီးကြီးက သူ့ကို တောက်လျှောက်ကြည့်နေသည်။
ထိုအမျိုးသမီးကြီး၏ဇွဲကောင်းလွန်းသောအကြည့်ကို နှစ်မိနစ်ခန့်သည်းခံပြီး ထိုင်နေပြီးနောက် တကယ်ကို မနေနိုင်တော့သည့်အဆုံးတွင် ခေါင်းလှည့်ကြည့်လိုက်ပြီး -
"ဘွားဘွား၊ ကိစ္စရှိလို့လားဟင်"
"မင်းသွားပြီး ဝိုင်းကူပေးလိုက်ဦးလေ"
အမျိုးသမီးကြီးက လက်ဆန့်ထုတ်လာပြီး သူ့ပခုံးပေါ်တစ်ချက်ပုတ်လိုက်ကာ နားမလည်အကြံအိုက်နေသည့်မျက်နှာထားဖြင့် သူ့ကိုကြည့်နေသည်။ ယခင်က တော်တော်လေးတက်ကြွဖျတ်လတ်စွာ ထမင်းဟင်းချက်နေခဲ့လျက်နှင့် ယခုကျမှ ဘယ်လိုဖြစ်ပြီး ဘေးထိုင်ကြည့်နေရတာလဲဟု စိတ်ထဲစဥ်းစားနေမိပုံပေါ်သည်။
"ဪ"
ပျန်းနမ်က ရွေးချယ်စရာမရှိစွာ မတ်တတ်ထရပ်လိုက်ရပြီး မီးဖိုချောင်ထဲသို့ လေးတွဲ့ဖြည်းနှေးစွာ ဝင်သွားရတော့သည်။
မီးဖိုချောင်တံခါးဝအပြင်သို့ရောက်သည်နှင့် ခုန်ဆွပြီး ပန်းကန်ပြားသွားယူရန်ကြိုးစားနေသည့် ချိုးယိကို တွေ့လိုက်ရသည်။ သို့သော် ချိုးယန့်က သူ့ဘေးနားတွင် အံကိုက်စွာ တားလိုက်သလိုဖြစ်သွားကာ ချိုးယိမှာ ယိမ်းယိုင်သွားခဲ့ပြီး ကျောက်ပတ်တီးစည်းထားရသောခြေထောက်က အလိုအလျောက်တုံ့ပြန်ချက်ဖြင့် ကြမ်းပေါ် ထောက်မိတော့မလို ဖြစ်သွားတော့သည်။
"ဟေ့ ..."
ပျန်းနမ်မှာ လန့်ဖျပ်သွားခဲ့သည်။ ထိုခြေထောက်ကို ကြမ်းပြင်ပေါ် ချလိုက်မိသည်နှင့် သေချာပေါက် လဲကျသွားမည်ဖြစ်သည်။ ပျန်းနမ်သည် အလျင်အမြန်ပြေးဝင်သွားပြီး ချိုးယိလက်မောင်းကို ထိန်းကိုင်ပေးလိုက်သည်။
ချိုးယန့်လည်း အလန့်တကြားဖြစ်သွားခဲ့ကာ ဘေးနားဆီသို့ သုံးလေးလှမ်းခန့် ဆုတ်သွားသည်။
"မင်းက ဘာအကူအညီမှ ဖြစ်မှာမဟုတ်ဘူးလို့ ငါ ပြောခဲ့သားပဲမဟုတ်လား။ အပြင်ထွက်ပြီး စောင့်နေလိုက်တော့"
ပျန်းနမ်က ချိုးယန့်ရှိရာဆီ လှည့်ကြည့်ပြီး ပြောလိုက်သည်။
ချိုးယန့်မှာ မီးဖိုချောင်ထဲမှ တစ်ဟုန်ထိုးပြေးထွက်သွားပြီး တံခါးပေါက်ဝတွင် သွားရပ်နေကာ -
"သားက ပန်းကန်ပြား သွားယူချင်လို့"
"ငါ ယူပေးလိုက်မယ်"
ပျန်းနမ်က ချိုးယိကို တစ်ချက်ကြည့်လိုက်ပြီး ဒေါပွစွာ -
"မင်းက ဘယ်လိုသစ်ငုတ်တိုလဲ၊ မတ်တတ်ရပ်တာတောင် မြဲအောင် မရပ်နိုင်ဘူး"
"နောက်နေ့တွေကျမှ မင်းကို စမ်းကြည့်ခိုင်းမယ်"
ချိုးယိက အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။
"လခွမ်း"
ပျန်းနမ်က သူ ပြောလိုသည့်အဓိပ္ပါယ်ကို သဘောပေါက်သွားကာ အသံကိုနှိမ့်ချလိုက်ပြီး -
"မင်းကို ကြောက်နေမယ်လို့ထင်လား။ ငါ စကားကို ဒီမှာပဲ အပြီးပြောလိုက်မယ်၊ ဇရှိရင် လာခဲ့လိုက်"
ချိုးယိက ဘာမှမပြောတော့သလို ပျန်းနမ်လည်း ဘာစကားမှ ထပ်မပြောတော့ပေ။ တံခါးပေါက်တွင်ရပ်နေသောချိုးယန့်ကြောင့် သူတို့နှစ်ယောက်သားမှာ ရင့်သီးကြမ်းတမ်းသောစကားကိုတောင် အသံကျယ်ကျယ်မပြောရဲကြပေ။
"ဟုတ်ပါပြီ ငါလုပ်လိုက်မယ်"
ပျန်းနမ်သည် ချိုးယိကို လက်မောင်းမှတွဲပေးထားရင်း မီးဖိုချောင်ထဲမှ ဆွဲထုတ်လိုက်သည်။
ချိုးယိကိုတွဲကူပြီး အခန်းထဲခေါ်လာပြီးနောက် ပျန်းနမ်သည် အနှီသူကောင်းသားအား ခုတင်ဆီသို့ လွှဲပစ်လိုက်ရင်း -
"ငြိမ်နေတော့"
"တစ်ဆိတ်လောက် ... ..."
ချိုးယိက ခုတင်ပေါ်တွင် လှဲလိုက်ပြီး ခုတင်ခြေရင်းရှိ စောင်ကို လက်ညှိုးထိုးပြလိုက်သည်။
ပျန်းနမ်သည် ဝမ်းဗိုက်တစ်လုံးစာအပြည့် စိတ်မရှည်မှုတို့ကို ဖိနှိပ်ပြီး စောင်ကို နေရာတကျထားပေးလိုက်သည်။ ခေတ္တခန့်တွေဝေသွားခဲ့ပြီးနောက်တွင် သူသည် ကျောက်ပတ်တီးစည်းထားသောချိုးယိ၏ခြေထောက်ကို မပြီး စောင်ပေါ် တင်ပေးလိုက်သည်။
"ကျေးဇူး"
ချိုးယိက တစ်ခွန်းပြောလိုက်သည်။
"မင်းက မင်းဘာသာမင်း မဖြစ်မနေထမင်းဟင်းသွားချက်မှ ရမှာလား"
ပျန်းနမ်က မျက်မှောင်ကြုတ်ထားရင်းဆက်၍ -
"ငါသိလိုက်ရတာက မင်းက တကယ်ရူးနေတာပဲ။ ပါဆယ်မှာစားလိုက်ရင် မင်းဆင်းရဲပြီး သေသွားမှာမို့လို့လား"
"ငါအိပ်ရာထဲမှာ တစ်လလှဲနေရမယ်။ တစ်နေ့ကို သုံးနပ်။ မနက်စာကို ငါ့အဖေက ဖြစ်သလို လုပ်စားလိုက်လို့ရတယ်၊ နောက်နှစ်နပ်စာကို ပါဆယ်ဟင်းပွဲ မှာစားရမယ်"
ချိုးယိက လက်မောင်းကို ခေါင်းအုံးထားပြီး မနှေးမမြန်သော လေသံအေးအေးဖြင့် ဆက်၍ -
"လမ်းသွယ်ထိပ်က စျေးအပေါဆုံးထမင်းဘူးက တစ်ဘူးကို ဆယ်ယွမ်ပေးရတယ်။ ငါ့အိမ်မှာ လူသုံးယောက်ရှိတယ်၊ တစ်ရက်ကို ယွမ်ခြောက်ဆယ်။ ချိုးယန့်ကိုတော့ လူတစ်ဝက်လို့ တွက်လိုက်မယ်ဆိုရင် တစ်ရက်ကို ငါးဆယ်ကုန်မယ်။ တစ်လဆိုရင် ဘယ်လောက်ဖြစ်သွားမလဲ။ စားသောက်ဆိုင်မှာ ငါ ညပိုင်းအလုပ်လုပ်တာ တစ်လကို ဘယ်လောက်ရလဲ မင်းသိလား။ ဪ အခု အဲဒီပိုက်ဆံတောင် မရှိတော့ဘူးပဲ ... ..."
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
ပျန်းနမ်က ချိုးယိစကားကို ဖြတ်ပြောလိုက်သည်။ ချိုးယိက ထိုကဲ့သို့ပြောလိုက်သည်နှင့် သူ့မှာ နားလည်ရခက်သော အပြစ်ရှိစိတ်နှင့်စိတ်မလုံမှုတို့ ရုတ်တရက်ခံစားလိုက်ရသည်။ မူလက သူသည် ဒေါသဖြေဖျောက်လိုစိတ်သာရှိပြီး ဤအပုံလိုက်ကံဆိုးမှုမှဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအကျိုးဆက်များကို လုံးဝထည့်သွင်းစဥ်းစားခဲ့ဖူးခြင်း မရှိပေ။
သို့သော် မိမိ၏ထိုကိစ္စအစုတ်အပြတ်တို့ကို ချိုးယိသိနေနိုင်ခြေရှိသည့်အကြောင်းကို စဥ်းစားမိသည်နှင့် သူသည် စိတ်တိုဒေါသထွက်လာပြီး မကျေမနပ်ဖြစ်ရစမြဲဖြစ်သည်။
"တွက်လို့ နားလည်သွားပြီးလား"
ချိုးယိက ယခင်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပင်။
"မင်းအကြောင်းမရှိ အကြောင်းရှာမနေနဲ့"
ပျန်းနမ်က ချိုးယိကို လက်ညှိုးညွှန်ထားပြီး -
"အာ့ပေါင်မျက်နှာကိုထောက်ပြီး ငါ မင်းနဲ့စောက်အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောတာကို အခွင့်ကောင်းယူပြီး ရောင့်တက်မလာနဲ့"
"ထောင့်ငါးရာ"
ချိုးယိက ပြောလိုက်သည်။
"လခွမ်း"
ပျန်းနမ်က တစ်ခွန်းဆဲလိုက်ပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားသည်။
.
ချိုးယိက လက်ဆန့်ထုတ်ကာ ခုတင်ဘေးမှမီးအိမ်ကို လှမ်းဖွင့်လိုက်ပြီးနောက် စာအုပ်တစ်အုပ်ယူပြီး ဖွင့်ဖတ်နေလိုက်သည်။
ယနေ့ ပျန်းနမ်တကယ်ရောက်လာသည်ကို သူ လုံးဝမအံ့သြမိပေ။ ချိုးယန့်ကို ပျန်းနမ် အလွန်သဘောကျကြောင်းကို သူ သိမြင်နေရသည်။ လာရန်သဘောတူထားလျှင် သေချာပေါက်ကို လာလိမ့်မည်။
ပျန်းနမ်က သူ့ကို မမြင်ချင်ပေ။ သူကလည်း သူ့မျက်စိရှေ့တွင် ပျန်းနမ် အမြဲတစေလှည့်ပတ်နေသည်ကိုလည်း မလိုလားချေ။ သူ့ကို ယခု ခုတင်ပေါ်တွင် နေ့စဥ်လှဲနေရအောင်၊ ထပြီး အပေ့ါသွားချင်လျှင်တောင် ငါးမိနစ်ခန့်အချိန်ယူစဥ်းစားပြီးမှ ဆုံးဖြတ်ချက်ချရအောင် လုပ်ထားသူက အကယ်၍ ပျန်းနမ်သာ မဟုတ်နေလျှင် သူနှင့်ပျန်းနမ်တို့ ရန်ဖြစ်ဖူးသည်ဆိုဦးတော့၊ သူ့အနေနှင့် ယခုလောက် စိတ်ဆိုးမာန်ဆိုးဖြစ်နေမည်မဟုတ်ပေ။
သို့သော် သူ့ကို တစ်လတာ အပြင်ထွက်၍မရရန်၊ အလုပ်မလုပ်နိုင်ရန်၊ စာသွားမသင်နိုင်ရန်၊ အဖေနှင့်ချိုးယန့်ကိုတောင် စောင့်ရှောက်ဂရုစိုက်သူမရှိရန် လုပ်ခဲ့သူမှာ ပျန်းနမ်ဖြစ်နေခဲ့သည်။ ယင်းမှာ အခြားတစ်မျိုး ပြောင်းပြောရတော့မည်ဖြစ်သည်။ ဤသည်မှာ သူသည်းမခံနိုင်သောအရာဖြစ်သည်။
စိတ်မကျေနပ်လျှင် မကျေနပ်သည့်အတိုင်း ပြုမူမည်။
.
ပျန်းနမ်က မီးဖိုချောင်ထဲတွင် နာရီဝက်ခန့် အလုပ်ရှုပ်လိုက်ကာ ချိုးယိလှီးဖြတ်ထားပြီးသော အသီးအရွက်တို့ကို ကြော်လိုက်သည်။ သို့သော် ဘယ်အသီးအရွက်က ဘယ်တစ်မျိုးနှင့်တွဲစပ်ပြီး ကြော်ရမည်ကို သူ မသိသောကြောင့် ခန့်မှန်းပြီးတော့သာ အဆင်ပြေသလို တွဲစပ်ရောနှောကြော်လိုက်သည်။
အစားအစာများကို စားပွဲပေါ် ပြင်ဆင်တည်ခင်းပြီးသွားပြီးနောက် ချိုးယန့်က အိပ်ခန်းထဲ ပြေးဝင်သွားပြီး -
"ကိုကိုရေ ထမင်းစားတော့မယ်။ သားလာတွဲပေးမယ်"
ဖေဖေချိုး မရှိနေသဖြင့် ပျန်းနမ်သည် ဟန်ဆောင်ပန်ဆောင်ကူတွဲပေးမနေတော့ဘဲ ဧည့်ခန်းထဲတွင်သာ မလှုပ်မယှက်ရပ်နေလိုက်သည်။
နှစ်စက္ကန့်ခန့်ကြာသွားပြီးနောက် ချိုးယန့်က ပြေးထွက်လာပြီး ဖေဖေချိုးအခန်းထဲ ပြေးဝင်သွားကာ ဝှီးချဲကို တွန်းထုတ်လာသည်။ စောစောက မီးဖိုချောင်ထဲတွင် ချိုးယန့်လည်း တစ်လျှောက်လုံး တောက်တိုမယ်ရလုပ်ပေးထားခဲ့ကာ၊ ယခုလည်း ပြေးဝင်ပြေးထွက်ထပ်လုပ်လိုက်ရာ နှာဖျားပေါ်တွင် ချွေးစက်များ သီးနေတော့သည်။
"ငါ လုပ်လိုက်မယ်။ မင်းက ထမင်းသွားခူး"
ပျန်းနမ်က သူ့ကိုပုတ်ပေးလိုက်ပြီး ဝှီးချဲကိုယူကာ အိပ်ခန်းထဲသို့ တွန်းဝင်သွားသည်။
ချိုးယိက မတ်တတ်ရပ်နေပြီဖြစ်ကာ စားပွဲကိုထိန်းကိုင်ပြီး ခုတင်ဘေးတွင် ရပ်နေသည်။
ပျန်းနမ်က ဝှီးချဲကို သူ့နောက်သို့ တွန်းပို့ပေးလိုက်ပြီးနောက် လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။
"ဟေ့"
ချိုးယိက ခုန်ပြီး နောက်သို့တစ်လှမ်းဆုတ်လိုက်သည်။ ခြေထောက်က ဝှီးချဲကို ထိမိသွားသောအခါ ဝှီးချဲက နောက်သို့ ရွေ့သွားသည်။
"ဝှီးချဲကို ဘရိတ်တစ်ချက်နှိပ်ပေး"
"ဘရိတ် ဟုတ်လား"
ပျန်းနမ်က ဝှီးချဲနားသို့လျှောက်သွားပြီး တစ်ချက်ကြည့်လိုက်ပြီးနောက်
"ဝှီးချဲလေးတစ်လုံးက ဘရိတ်လည်း ရှိသေးတယ်လား။ ဘယ်နားမှာလဲ။ ဘယ်နားမှာ ဘရိတ်ညှစ်ရမှာလဲ"
"မင်းက ဒါကို စက်ဘီးလို့ထင်နေတာလား"
ချိုးယိက ထိုင်ခုံဘီးအနောက်ဘက်နားကို ညွှန်ပြလိုက်ပြီး -
"အဲဒီ အမည်းရောင်လက်ကိုင်။ အောက်ဘက်ကို ဆွဲချလိုက်"
"မင်းရဲ့ဟိုကလက်တက်တက်နဲ့စက်ဘီးက ဘယ်ရောက်သွားလဲ"
ပျန်းနမ်က အမည်းရောင်လက်ကိုင်လေးကို အောက်သို့ ဆွဲချလိုက်ကာ ဘီးများကို လှုပ်ကြည့်လိုက်သည်။ တကယ်ကိုပင် မလှုပ်ရှားတော့ပေ။ သူက ဆက်၍ -
"အဲဒီစက်ဘီးလည်း အရိုးကျိုးသွားတယ်မလား"
"ပစ္စည်းအစုံထားတဲ့အခန်းထဲမှာ"
ချိုးယိက ဝှီးချဲပေါ် ဝင်ထိုင်လိုက်သည်။
ပျန်းနမ်က သူ့နောက်တွင် ရပ်လိုက်ပြီး ချိုးယိတစ်ယောက် မြဲမြံစွာ ဝင်ထိုင်လိုက်သည်ကို မြင်လိုက်ပြီးနောက် ဝှီးချဲကို တစ်ချက်တွန်းလိုက်ပြီး -
"ပျံတော့"
ဝှီးချဲမှာ ပျန်းနမ်ဆန္ဒရှိသကဲ့သို့ အခန်းတံခါးဝဆီသို့ တစ်ဟုန်းထိုး ရွေ့မထွက်သွားဘဲ ရှေ့သို့ ပေတစ်ဝက်ခန့် ရွေ့သွားပြီးနောက် ရပ်တန့်သွားသည်။
"ငါ့လခွမ်း ဘယ်လိုဝှီးချဲအစုတ်ကြီးလဲ။ မဖြစ်မနေတွန်းသွားမှ ရမှာလား ... ..."
ပျန်းနမ်က မနေနိုင်ဘဲ လက်ဆန့်ထုတ်ကာ တွန်းလိုက်ရာ ဝှီးချဲက မလှုပ်မယှက်ငြိမ်နေသည်။
ချိုးယိက သူ့ကိုလှည့်ကြည့်လာပြီး စက္ကန့်အနည်းငယ်ကြာသွားတော့မှ ပြောလာသည်။
"ဘရိတ်ဆွဲထားတယ်လေ"
ပျန်းနမ်မှာ ရုတ်တရက်ပင် အနည်းငယ်စိတ်တိုလာပြီး၊ ခါးကိုင်းကာ ထိုအမည်းရောင်လက်ကိုင်လေးကို နတ်လက်ဝါးသိုင်းဖြင့် တစ်ချက်ချရန်အလုပ်တွင် ချိုးယန့်က တံခါးအပြင်ဘက်ဆီမှာ ခေါင်းတစ်လုံးပြူဝင်လာပြီး -
"ကိုကို အဆင်ပြေသွားပြီလား"
"အဆင်ပြေပြီ"
ချိုးယိက ဝှီးချဲဘီးကို တွန်းလိုက်ကာ ဝှီးချဲက တဖြည်းဖြည်းနှင့် ရှေ့သို့လိမ့်ထွက်သွားရင်း -
"ဗိုက်ဆာနေပြီမလား"
"ရပါသေးတယ်"
ချိုးယန့်က အနည်းငယ်အားနာစွာ ပြုံးရယ်လိုက်ပြီး ပျန်းနမ်ဆီ ကြည့်လိုက်ပြန်ကာ -
"သာ့ဟူကျစ် ချက်ထားတဲ့ဟင်းက တအားအရသာရှိတယ်"
"သေချာပေါက်ကို အရသာရှိမှာပေါ့"
ပျန်းနမ်က ချိုးယိဝှီးချဲနောက်မှ လိုက်လာရင်း -
"ငါ့ဆယ်နှစ်တာစွမ်းရည်တွေ ... ..."
ပျန်းနမ်က အချိန်အတော်ကြာယူပြီး ချက်ပြုတ်ထားသောဟင်းပွဲများမှာ အမှန်တကယ်တော့လည်း သိပ်မကောင်းနေပါ။ ပုံပန်းသဏ္ဌာန်က အဆင်ပြေသလိုရှိသည်မှလွဲလျှင် တခြား ဘာမှဘာမရှိတော့ပေ။
သို့သော်လည်း အစွမ်းကုန်ထုတ်သုံးထားခဲ့ပြီးဟု ပြော၍ရနေပြီ။ ဤကာလတစ်လောအတွင်း လေ့ကျင့်မှုရလဒ်ဟုလည်း ယူဆ၍ရနေသည်။
"မင်းအဖေအတွက် နည်းနည်းချန်ထားပေးဦးမလား"
ပျန်းနမ်က ချိုးယန့်အား မေးလိုက်သည်။
"မလိုဘူး။ ညနေက ဆန်ပြုတ်သောက်ပြီးမှ အိပ်သွားတာ"
ချိုးယိက တစ်ဖက်မှနေ၍ ဖြေလိုက်ပြီးနောက် ဟင်းရည်တစ်ငုံ ငုံ့သောက်လိုက်ကာ -
"ငါတို့အိမ်မှာ ဆားကုန်သွားလို့လား"
"ရှိတယ်လေ ... ..."
ပျန်းနမ်က အလိုက်သင့်ဖြေလိုက်ပြီးနောက် ဆက်လက်၍ ချိုးယိကို ပေစောင်းစောင်းတစ်ချက်ကြည့်လိုက်ပြီး -
"ပေါ့သွားတယ်ဆိုရင် ပေါ့သွားတယ်လို့ပြော။ ဘာတွေ ဒီလောက် ကွေ့ဝိုက်ပြောနေတာလဲ"
"နည်းနည်းလေးပဲ ပေါ့သွားတာပါ"
ချိုးယန့်က ပန်းကန်လုံးကို လက်နှင့်ကိုင်ပြီး တစ်ငုံသောက်လိုက်ပြီးနောက် ဆက်၍ -
"သောက်လို့ ကောင်းသားပဲကို"
"မင်း ကိုလာသောက်ချင်ရင် သွားသောက်"
ချိုးယိက ပြောသည်။
"တကယ်လား"
ချိုးယန့်က ထိုင်ခုံပေါ်မှ ခုန်ဆင်းလိုက်ပြီး ရေခဲသေတ္တာရှေ့ပြေးသွားကာ ကိုလာဘူးကို ယူထုတ်လိုက်ရင်း -
"တကယ်ကြီးလား"
"အင်း။ စကားပြောတတ်လို့ ဆုချတာ။ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ယဥ်ကျေးမှုရှိလာတာပဲ"
ချိုးယိက ခေါင်းညိတ်ရင်း ဆို၏။
"ငါလူး"
ပျန်းနမ်က လေသံတိုးတိုးနှင့် ဆဲရေးလိုက်သည်။ ချိုးယိအား စကားကိုကွေ့ဝိုက်မပြောရန် ပြောလိုက်ပြီးနောက် ထိုအကွေ့မှာ ကွေ့လေ အကွေ့ ပိုကြီးလာလေဖြစ်သွားသည်။ မိမိက အချိန်တော်ကြာအောင် ပင်ပင်ပန်းပန်းချက်ထားသောဟင်းအတွက် စကားအကောင်းတစ်ခွန်းတောင် အလဲအလှယ်အနေဖြင့် မရလိုက်ပေ။ သူသည် မတ်တတ်ထရပ်လိုက်ပြီး ချိုးယိပန်းကန်းလုံးကို ယူလိုက်ကာ -
"ဆားနည်းနည်း ထပ်ထည့်လိုက်ရအောင်။ လူနာဆိုတော့ ဘာစားစား အရသာပေါ့တယ်"
"မလိုဘူး ရတယ်"
ချိုးယိက ပန်းကန်လုံးကို ပြန်ယူမည်အလုပ်တွင် ပျန်းနမ်က သူ့လက်ကို စားပွဲပေါ် ပြန်ဖိချလိုက်ပြီဖြစ်သည်။
"ကိစ္စမရှိဘူး"
ပျန်းနမ်က သူ့အား သွားဖြဲပြုံးပြလိုက်ကာ -
"ငါ မင်းကို ပြုစုပါ့မယ်"
ပျန်းနမ်က ချိုးယိပန်းကန်လုံးကိုယူကာ မီးဖိုချောင်ထဲဝင်လာပြီး ဆားဘူးအဖုံးကို ဖွင့်လိုက်သည်။ ဆားကို တစ်ဇွန်းပြည့်ခပ်လိုက်ပြီး အနည်းငယ်ချီတုံချတုံဖြစ်သွားပြီးနောက် ဘူးထဲ အနည်းငယ်ပြန်လောင်းထည့်သည်။ ထပ်စဥ်းစားလိုက်ပြီးနောက် နောက်ထပ်အနည်းငယ်ခန့် ထပ်ခပ်လိုက်ပြန်သည်။ ထို့နောက် ဟင်းရည်ပန်းကန်ထဲသို့ ထည့်လိုက်တော့သည်။
.
"ကျေးဇူး"
သူ့ရှေ့တွင် ပျန်းနမ်ပြန်ချပေးလာသော ဟင်းရည်ပန်းကန်လုံးကို ချိုးယိကြည့်နေသည်။
"အပေါ့အငန်တစ်ချက်မြည်းကြည့်ဦး။ အတော်ပဲလားလို့"
ပျန်းနမ်က ထိုင်ချလိုက်ပြီး အလွန်တည်ကြည်လေးနက်စွာ သူ့ကိုကြည့်နေသည်။
"အတော်ပဲ"
ချိုးယိက နံရိုးတစ်တုံးကို ညပ်ယူလိုက်သည်။ အစက သူသည် ပဲနက်အနှစ်နံရိုးချက်ရန် စဥ်းစားထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူ ပန်းကန်ပြားထဲတွင် နံရုံးသာ ရှိနေရာ -
"မင့်ဒီနံရိုးထဲက ပဲနက်တွေ ... ..."
ဘေးနားမှ မုန်ညင်းဖြူပန်းကန်ပြားထဲရှိ ပဲနက်စေ့များကို တွေ့လိုက်ရသောအခါ သူသည် ဘာမှဆက်မပြောလိုက်တော့ဘဲ နံရိုးကိုသာ တိတ်တဆိတ် ကိုက်ဝါးနေသည်။ တော်သေး၍သာ နံရိုးက ဝါး၍ရနေသေးသည်။
"ငါချက်ထားတာက နံရိုးကြာညို့ပေါင်း"
ပျန်းနမ်က ပြောလိုက်သည်။ နံရိုးချက်ချိန်တွင် ဟင်းအိုးချတော့မှ ပဲနက်အနှစ်ကို တွေ့လိုက်သောကြောင့် သူသည် ပဲနက်အနှစ်ကို မုန်ညင်းဖြူကြော်ထဲတွင် ထည့်လိုက်ရုံသာ တတ်နိုင်တော့သည်။
"ဟင်းရည်လည်း မင်း နည်းနည်းသောက်ဦးလေ"
"ခဏနေတော့မှ သောက်တာပေါ့"
ချိုးယိက ပြောလိုက်သည်။
"အာ့ပေါင်"
ပျန်းနမ်က ဟင်းရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် ချိုးယန့်ကိုကြည့်လိုက်ရင်း -
"ဟင်းရည်က တအားသောက်ရဆိုးတယ်မဟုတ်လား။ မင်းအစ်ကိုတောင် သောက်ချင်စိတ်မရှိနေဘူး"
"သောက်ရမဆိုးပါဘူး"
ချိုးယန့်က ပန်းကန်လုံးထဲမှဟင်းရည်များကို ချက်ချင်းပင် အကုန်ငုံ့သောက်လိုက်တော့သည်။ သူ့အစ်ကိုဘက်ကို ခေါင်းလှည့်သွားပြန်ပြီး ချိုးယိအား လေသံတိုးတိုးဖြင့် -
"ကိုကို သာ့ဟူကျစ်က အချိန်တော်တော်ကြာအောင် ချက်ထားခဲ့ရတာ"
ချိုးယန့်အား တစ်ပါးသူ၏လုပ်အားကို လေးစားတန်ဖိုးထားရန် ဘာညာကို အမြဲတမ်းသင်ကြားဆုံးမခဲ့မိသည်ကို ချိုးယိတစ်ယောက် ရုတ်တရက်နောင်တရသွားတော့သည်။ သူ ပြုံးလိုက်ပြီး ပန်းကန်လုံးကို ယူကိုင်လိုက်ကာ အံကိုကြိတ်ပြီး ဟင်းရည်တစ်ငုံသောက်လိုက်သည်။
"သောက်လို့ကောင်းလား"
ပျန်းနမ်ကလည်း ခေါင်းလှည့်လာပြီး ချိုးယန့်လုပ်သကဲ့သို့ မျှော်လင့်တကြီးမျက်နှာဖြင့် ချိုးယိကို ကြည့်လိုက်သည်။
ချိုးယိက ပါးစပ်အုပ်ပြီး ချောင်းတစ်ချက်ဆိုးလိုက်ပြီးနောက် -
"... ... သောက်လို့ ကောင်းတယ်"
"ဒါဆို များများသောက်"
ပျန်းနမ်က ပြုံးရင်း ပြောလိုက်သည်။ ပြုံးနေလွန်း၍ ကျေနပ်အားရနေသည်မှာ တအားများသိသာသွားမလားဟူ၍တောင် သူ့ကိုယ်သူ ထင်လိုက်ရသည်။
"ခဏနေမှပေါ့"
ချိုးယိက ပန်းကန်လုံးကို ချလိုက်သည်။ ဟင်းရည်စွမ်းအားကြောင့် သူ့မှာ မျက်ခုံးများတောင် တွန့်ခေါက်ရှုံ့တွသွားတော့၏။ ပဲနက်အနှစ်မုန်ညင်းဖြူကြော်ကို တူတစ်ညပ်စာ အလျင်အမြန်ညပ်ယူပြီး ပါးစပ်ထဲ ထည့်လိုက်ရသည်။
ပျန်းနမ်က ဆက်လက်မဖျောင်းဖျတော့ပေ။ ချိုးယိဟူသည့်လူမှာ အလွန်တရာတည်ငြိမ်အေးစက်လှသည်။ မည်သို့လက်စားပြန်ချေလာမည်ကို သေချာမသိနိုင်ပေ။ တစ်ခေါက်စိတ်ကျေနပ်ပြီးသည်နှင့် ပြေးလိုက်သည်က ပို၍သင့်တော်မည်။
သို့သော် ထမင်းစားပြီးသွားချိန်တွင် ပေါက်ကွဲသကဲ့သို့နှယ် တတွတ်တွတ်စကားများနေသည့်ချိုးယန့်အား ပျန်းနမ်ကိုင်တွယ်ဖြေရှင်းရတော့သည်။ ချိုးယိက နောက်ထပ်ဟင်းရည်တစ်ပန်းကန် ထပ်ခပ်လိုက်သည်ကို တွေ့သော် ပျန်းနမ်မှာ အတော်လေး အံ့အားသင့်သွားသည်။ မြည်းတောင် သေသွားလောက်အောင် ငန်သော ထိုဟင်းရည်တစ်ပန်းကန်ကို ချိုးယိတစ်ယောက် ဘယ်အချိန်တုန်းက အကုန်ကုန်အောင် သောက်လိုက်မှန်း သူ မသိလိုက်ပေ။
"ဆားနည်းနည်းထပ်ထည့်မလား"
ပျန်းနမ်မှာ အနည်းငယ်အားနာစိတ်ဖြစ်သွားရပြီး ထိုစကားမှာ စိတ်ရင်းဖြင့် ရိုးသားစွာမေးလိုက်ခြင်းဖြစ်သည်။ ဟင်းရည်မှာ အမှန်တကယ်ပင် အရသာပေါ့ရွှတ်နေသည်။
ချိုးယိက မျက်မှောင်ကြုတ်လျက် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အသံကိုဖိနှိမ့်ချကာ -
"မင်းက မပြီးနိုင်တော့ဘူး ဟုတ်လား"
"ငါ့လခွမ်း။ ငါက စိတ်ရင်းနဲ့မေးတာဟ"
ပျန်းနမ်က ကျွတ်ခနဲစုတ်သပ်လိုက်ပြီး ခေါင်းငုံ့ကာ ထမင်းနှစ်လုပ်ကို စားလိုက်ပြီးနောက် -
"ယုံချင် ယုံ၊ မယုံချင် နေ"
"စိတ်ရင်းနဲ့ပေါ့လေ"
ချိုးယိက ပြုံးလိုက်ပြီး ဆက်၍ -
"မှတ်ထားပါပြီ"
ပျန်းနမ်က တန့်သွားခဲ့ပြီး သတိပြန်လည်လာချိန်တွင် မနေနိုင်ဘဲ တစ်ခွန်းဆဲလိုက်သည်။
"မင်းမေလခွမ်းပဲ"
ထိုစကားပြောထုတ်လိုက်ခါစတွင်ပင် ချိုးယိက လက်ထဲကိုင်ထားသောတူကို စားပွဲပေါ်တွင် ဆောင့်ချလိုက်ပြီး ပျန်းနမ်တုံ့ပြန်လာသည်ကိုတောင် မစောင့်ဘဲ ပျန်းနမ်မျက်နှာဆီသို့ လက်သီးဖြင့်တစ်ချက်ထိုးသွင်းလိုက်တော့သည်။
***
(ဆက်ရန်)