.........
အချိန်အားဖြင့် ၂နှစ်ခန့် ကြာပြီးနောက်...
အရိပ်ကြီး အရိပ်ကောင်း ဖြင့် ကျယ်ဝန်းသော ခြံဝန်းကြီးအလယ်
နေချင်စဖွယ် နှစ်ထပ်တိုက်အိမ်ကြီးသည် ဟီးထ နေ၏။
ခြံဝန်းအတွင်း သစ်ပင် ပန်းပင်တို့ စုံလင်စွာ စိုက်ပျိုးထားပြီး နှစ်ရှည်ပင် တချို့လည်း ရှိ၏။တစ်ချက်တစ်ခါ လွှင့်ပျံ့လာတတ်သည့်လေညှင်းတို့အထဲ မိုးရနံ့သင်းသင်းလေး ပါလာတတ်သေးသည်။ ကောင်းကင်ကြီးကတော့ ညိုပြာရီမှိုင်းညို့လို့ အရောင်သွေးစုံ ခြယ်နေပြီ။
ခြံဝန်းအတွင်း အနွယ်တက်သော ပန်းရုံကြီးများအလယ် ဘန်ဂလို လေး တစ်လုံးဆောက်ထားပြီး ထို ဘန်ဂလိုလေးထဲ သေချာကြည့်ပါလျှင် ခပ်လုံးလုံး ပုံသဏ္ဌာန်လေးကို မြင်ရပေမည်။
ထို ပုံသဏ္ဌာန်လေးမှာ တခြားတော့ မဟုတ် .....
၈လသား ကိုယ်ဝန်ကို လွယ်ထားရသော ကိုဗိုက်ပူလေး ထွန်းလမင်းသာ။ နှုတ်ခမ်းကလည်း ပြုံးယောင်လေး သမ်းကာ လှုပ်ယွနေ၏။ ဤသည်မှာ စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း ဗိုက်ထဲက ကလေးတွေကို စာဖတ်ပြနေခြင်း။
............
ကလေးတွေ ဆိုလို့.......ဟုတ်သည်။
လမင်း လွယ်ထားရသည့် ကိုယ်ဝန် သည် အမြွှာလေးပင်။
ချစ်ခြင်းမေတ္တာ ဖြင့်သာ တည်ဆောက်ထားသော လမင်းတို့ နှစ်ကိုယ်တူဘဝလေးထဲ ၂နှစ်အကြာမှာ ထပ်မံချည်နှောင်ရစ်တွယ်လာမယ့် မျိုးဆက်လေးတွေ တပြိုင်နက်တည်း ရောက်လာခဲ့၏။
မောင်နဲ့ အိမ်ထောင်ကျပြီး 3လအကြာမှာ လမင်း ရှမ်းပြည်ကနေ မောင်နဲ့အတူ ရန်ကုန်ကိုလိုက်လာပြီး အခြေချခဲ့တာဖြစ်၏။
.......................
"ကဲ ...ဖေဖေ့ကလေးလေးတွေရေ ဒီနေ့တော့ ဒီလောက်ပဲ ဖတ်ပြမယ်နော် ဖေဖေ မောသွားပြီ မိုးလည်း ရွာတော့မယ် "
သာမန်ထပ် နှစ်ဆ ပိုပူနေသည့် ဗိုက်လုံးလုံးလေးအား ခပ်ဖွဖွပွတ်ကာ လမင်း စကားဆိုလိုက်၏။
နေ့စေ့လစေ့ ဖြစ်နေပြီမို့ အထိုင်အထ အသွားအလာမှာ အရင်ကထပ် ခက်ခဲလာပြီမို့ ဂရုစိုက်နေရသည်။
အမျိုးသားကိုယ်ဝန်သည် ဖြစ်တာမို့ သာမန် အမျိုးသမီးကိုယ်ဝန်သည်ထပ်ကို ပိုဂရုစိုက်နေရ၏။
လမင်း အိပ်ချင်လာပြီမို့ အိမ်ထဲဝင်ရန်အတွက် စားပွဲပေါ်က ဖုန်းကို လှမ်းယူကာ အိမ်ထဲတွင်း ဟင်းချက်ရန် ကျန်ခဲ့သော ဒေါ်ကြီးသိန်းကို ခေါ်ရန် ပြင်နေစဉ် ခြံထဲ မောင့်ကား ဝင်လာ၏။
မောင်ဟာ ခြံထဲဝင်လာကတည်းက လမင်းကို မြင်သည် ထင်ပါ၏။
ကားပေါ်က ဆင်းတာနှင့် ခြေလှမ်းတို့ကို မပြေးရုံတမယ် နှင်ပြီး လမင်းအနားရောက်လာ၏။
" မောင့်လမင်း! ဘာလို့ ခြံထဲ တစ်ယောက်တည်း ဆင်းနေတာလဲ "
" ကလေးလေးတွေကို စာဖတ်ပြရင်း လေသန့်လေး လာရှူတာပါ"
" ဒါဆို ဒေါ်သိန်းကို အနားခေါ်ထားပါ့လား ဒါမှမဟုတ် မောင်လာမှ အတူတူ ခြံထဲ လမ်းဆင်းလျှောက်တာမျိုး လုပ်မှာပေါ့ကွာ
တစ်ယောက်တည်း ထ မလာပါနဲ့ မောင် စိတ်မချပါဘူး မိုးတွေက ညိုလာပြီ လာ လာ အိမ်ထဲ ဝင်ကြရအောင် "
" စကားတွေ များလိုက်တာနော် ဦးခန့်စေထွဋ်နောင်
လမင်းကို ဒေါ်သိန်းပဲ လိုက်ပို့ပေးတာ အခုလည်း ဒေါ်သိန်းကို ဖုန်းဆက်ပြီး လာခေါ်ပေးဆိုပြီး ပြောမလို့ပါ "
" မသိဘူးကွာ မောင် စိုးရိမ်တယ် ! မောင့်မှာ ဒီ အသည်းနှလုံးလေးနဲ့ ဗိုက်ထဲက ပိစိနှစ်ယောက်ကို စိတ်မချလို့ အလုပ်တောင် ဖြောင့်အောင် မလုပ်နိုင်ဘူး ဒယ်ဒီက မျက်စိရှုပ်လို့
မောင့်ကို ခွင့် ၃လပေးလိုက်တယ် "
" တစ်ကယ်! "
" အင်း ...အဲ့တာကြောင့် မောင့်လမင်း မီးဖွားပြီးတဲ့အထိ မောင်က အနားမှာ ကပ်နေမှာ "
" အင်းပါ ...အခုတော့ လမင်း အိပ်ချင်လာလို့ လိုက်ပို့ပေးအုန်း "
" ဟုတ်ကဲ့ပါ လာ မောင့်ကို တွဲပြီး ပုံမှန်ပဲ လျှောက် "
မောင်ဟာ အမျိုးမျိုးအဖုံဖုံ သည်းသည်းလှုပ် တတ်လှပါသည်။
ကိုယ်ဝန် စရှိခါစ ဝမ်းကြီးနာစွဲခြင်းဝေဒနာကိုလည်း မောင်သာ ခံစားခဲ့ရ၏။
ဆီးစစ်တံကို ရင်ဝယ်ပိုက်ကာ ၃/၄ရက်လောက် ငိုလိုက်ရယ်လိုက်
ဖြင့် ဝမ်းသာလုံးဆို့ နေတဲ့ မောင့်ပုံစံကို မြင်ဖူးတာကြောင့်
လမင်း မောင့်အတွက် မိသားစုလေး ဖန်တီးပေးရတာကို ကျေနပ်မိသလို အတိုင်းမသိ ပျော်ရသည်။
မောင်ဟာ အိမ်ထောင်ကျပြီးသည်အထိ လမင်းအပေါ် အရာရာ ငဲ့ညှာခဲ့သည်။ လမင်းရဲ့ စိတ်ခံစားချက်ကိုသာ အလေးထားပေးသည်မို့ တစ်ကိုယ်တည်း အတွေးတွေ များလွန်းခဲ့ဖူးသည်။ သို့သော် အတွေးလွန်ခြင်းဟာ အရေးမပါတာကို မောင်ဟာ လုပ်ရက်ဖြင့်သာ သက်သေပြတတ်သည်။
လမင်းရဲ့ မွေးရာပါ အခြေအနေကြောင့် မောင့်မှာ လမင်းအပေါ် အခွင့်အရေးယူခြင်း ဆိုတာမျိုး၊ မိသားစု တောင်းတခြင်းဆိုတာမျိုး
မပြုလုပ်ခဲ့ပေမယ့် ကလေးငယ်ငယ်လေးတွေ တွေ့တိုင်း မောင်ပြုံးကြည့်နေတတ်တာကို သတိထားမိခဲ့တာကြောင့်
မောင့်ကို အသိမပေးပဲ အိုက်လျှမ်းနဲ့အတူတိုင်ပင်ပြီး မောင့်အတွက် မိသားစုလေး ဖြစ်လာဖို့ လမင်း ကြိတ်ကြိုးစားခဲ့ရသည်။
လမင်း ကိုယ်ဝန်လွယ်သည့်အချိန်က စပြီး အလုပ်သွားလျှင်တောင် စိတ်မဖြောင့် တတ်ပဲ အိမ်ကို အားရင် အားသလို ပြန်လာတတ်တဲ့ မောင့်ကြောင့် မောင့်အဖေက မျက်စိနောက်လာပုံပါပဲ။
ခွင့် ပေးလိုက်သည်တဲ့။ ဒါလည်း ကောင်းပါတယ် မောင့်အနား ကပ်ချွဲလို့ရတာပါပဲ။ အခွင့်အရေးက ပေါက်စလေးတွေ ထွက်လာရင်
မသေချာတော့ဘူးလေနော်။
............................
1:23AM....
" အား!...ကျစ်! မောင် ...မောင် ထအုန်း ! "
ည သန်းခေါင်ကျော်မှ ဗိုက်ထဲက တဆစ်ဆစ် နာကျင်လာသည်ကြောင့် လမင်း လန့်နိုးလာခဲ့ပြီး နဖူးနှင့် နားထင် တလျှောက် ချွေးစေးတို့ ပျံနေပြီမို့ မီးဖွားချင်လာပြီ ဆိုတာကို သိသည်နှင့် ဘေးမှာ ညက ဗိုက်ကို သံလွင်ဆီ လိမ်းပေးရင်း ကွေးကွေးလေး အိပ်ပျော်သွားသော မောင့်ကို နိုးရသည်။
လမင်းရဲ့ အသံကြောင့် ဆက်ကနဲ လန့်နိုးလာကာ ...
" ဟမ်! ဘာဖြစ်တာလဲ မောင့်လမင်း ဗိုက်နာတာလား "
" အင်း...အီးးးးဟီးးး ဗိုက်က အရမ်းနာလာပြီ မောင်ရဲ့ "
" ဟမ်! ခဏ ခဏလေး မောင် ကားထုတ်ခိုင်းလိုက်မယ်နော် "
မောင်ဟာ လမင်း ငိုသံကြောင့် ပြာယာခပ်စွာ ကုတင်ပေါ်မှ ခုန်ဆင်းရင်း အောက်ထပ်ကို ဒုန်းဆိုင်း ပြေးပြီမို့ လမင်း ကုတင်ပေါ်မှ နာကျင်မှုကို အံတုကာ အငိုတစ်ဝက်နှင့် အသာ ဆင်း
လိုက်၏။
ခဏအကြာ တဒုန်းဒုန်းနှင့် ပြေးတက် လာကြသော မောင်နှင့်
ဒေါ်သိန်း ။
မောင်ဟာ လမင်းဆီ အပြေးတပိုင်း ရောက်လာကာ ပွေ့ချီ၏။
"သားစေ ရေ တစ်ယောက်တည်း ပွေ့လို့ ဖြစ်ပါ့မလား "
" ရတယ် ဒေါ်သိန်း ကုတင်ခြေရင်းက အဆင်သင့်လုပ်ထားတဲ့
Luggage နဲ့ ဆွဲခြင်းသာ ယူလာပေးဗျ ဖြစ်ရဲ့လား"
" ရတယ် ရတယ် သွား အောက်မှာ ကိုမြင့် စောင့်နေလိမ့်မယ်"
တစ်ကယ်ဆို due date က တစ်ပတ်ကျော် လိုသေး၏။
စောစောမွေးနိုင်သလို နောက်ကျမှလည်း မွေးနိုင်သည်ဟု မှာ
ထားပေမယ့် ဒီလောက် စောလိမ့်မယ် မထင်တာမို့ ကြိုတင်ပြီး ဆေးရုံမှာနေဖြစ်မယ့် အစီအစဉ်ဟာလည်း ပျက်ရပြီ။
အမြွှာကိုယ်ဝန်ကို လွယ်စဉ် ကျန်းမာရေး ချူချာလွန်းတဲ့ လမင်းကြောင့် ခန့်စေမှာ အမြဲလိုလို စိတ်ပူနေရပြီး အရိပ်တကြည့်ကြည့် ဖြစ်နေရတာမို့ ကြိုတင်စီစဉ်ထားသည့် ကြားထဲက ဒီလို ဝေဒနာကို ခံစားနေရတာမြင်တော့ ခန့်စေမှာ
လမင်းကို ပွေ့ချီထားရင်း ဟန်မဆောင်နိုင်စွာ လိုက်ငိုမိ၏။
ဆင်ဝင်အောက်တွင် ကားဖြင့် အဆင်သင့်စောင့်နေသော ဒေါ်သိန်း အမျိုးသား။ ဒေါ်သိန်းမှာလည်း အထုတ်ကြီး အထုတ်ငယ်များ ကားထဲ မြန်မြန်ထည့်ပေးရှာ၏။
ခန့်စေ ကားထဲ မြန်မြန်ဝင်လိုက်ပြီး .....
" ဦးမြင့် ဂရုတစိုက်နဲ့ မြန်မြန်သာ မောင်းပေးပါဗျာ "
" အေး..အေး..ငါ့တူလည်း စိတ်ကို အေးအေးထား "
'' ခဏလေး သည်းခံနော် မောင့်အချစ် အရမ်းနာရင် မောင့်ကိုကုတ်ဖဲ့လည်း ရတယ် "
ဗိုက်နာခြင်း ဝေဒနာကို အလူးအလိမ့် ခံနေရကာ တစ်လမ်းလုံး
အော်ဟစ် ငိုယိုလာသော လမင်းကြောင့် ခန့်စေမှာ ဗိုက်ပူပူလေးအား ခပ်ဖွဖွ ပွတ်ကာ မျက်ရည်များကြားမှ...
" ပိစိလေးတို့ရေ မင်းတို့ဖေဖေ အရမ်းနာလို့တဲ့ ငိုနေတယ်
ဖေဖေ့ကို သနားကြပါအုန်းလား ပိစိလေးတို့ "
မိနစ်ပိုင်းအတွင်း ဆေးရုံရောက်သည်နှင့် လမင်းသည် အမျိုးသားကိုယ်ဝန်သည် ဖြစ်တာကြောင့်ရော အရေးပေါ်အခြေအနေကြောင့်ပါ ခွဲခန်း တစ်ခါတည်း ဝင်ရ၏။
ခွဲခန်းရှေ့မှာ ခန့်စေ ထိုင်လိုက်ထလိုက် ၊ ဟိုလျှောက် ဒီလျှောက် လုပ်နေမိသည်မှာ အကြိမ်ပေါင်းမနည်း။
ချစ်ရသူ နာကျင်နေတဲ့ မျက်နှာလေးသည် မျက်လုံးထဲ စွဲကျန်နေသည်မို့ ခန့်စေ ကိုယ်တိုင်လည်း မျက်ရည်တို့ မတိတ်နိုင်သေး။ ဒယ်ဒီတို့ကိုလည်း အကြောင်းကြားပြီးပြီမို့
ဒယ်ဒီတို့ တစ်မိသားစုလုံး ဆေးရုံကို ရောက်လာကြပြီး စိတ်အေးအေးထားဖို့ နားချပေမယ့်လည်း ခန့်စေ အခုချိန်မှာ နားမဝင်နိုင်ပါ။
" သားကြီး ဒီလို ဆောက်တည်ရာမရ ဖြစ်နေမယ့်အစား
သားလမင်းရော ကလေးတွေပါ အန္တရာယ်ကင်းကင်းနဲ့ ထွက်လာနိုင်အောင် ငါ့သားက အင်္ဂုလိမာလသုတ် လေး ထိုင်ရွတ်နေလေကွာ "
" ဗျာ .. သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ
ဒှါဒသဉစွ သဟဿကေ
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာ......"
"ငါ့သားရေ မင်းရွတ်နေတာ အင်္ဂုလိမာလသုတ်မှ မဟုတ်တာကွာ "
"ဪ ...ကျွန်တော် ယောင်သွားတာ ဒယ်ဒီ "
"
ပရိတ်တံ ယံ ဘဏန်တဿ၊ နိသိန်နဋ်ဌာန ဓော၀နံ။
ဥဒကမ်ပိ ဝိနာသတေိ၊ သဗ်ဗမဝေ ပရိဿယံ။
သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
ယတော ဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။
အင်္ဂုလိမာလ သုတ္တံ နိဋ္ဌိတံ "
"ဒယ်ဒီ ထပ်ဆိုလို့ရသေးလား "
"ရတာပေါ့ ငါ့သား ခင်ပွန်းနဲ့ ကလေးတွေ မထွက်လာမချင်း ထိုင်ရွတ်လို့ရတယ် "
အခါ အရေအတွက် မမှတ်မိလောက်အောင် ထိုင်ရွတ်နေမိသည်မှာ
ခွဲခန်း မီးစိမ်းသွားမှ ထိုင်ရာကနေ ပြာပြာသလဲ အပေါက်ဝနား ထပြေးရ၏။
Nurseမ နှစ်ဦး၏ လက်ထဲတွင် ပွေ့လာသော အနှီးထုပ်လေး နှစ်ထုပ်။
"ကလေးရှင် "
" ကျွန်တော်ပါ ဆရာမ "
" ကဲ ဒီမှာပါရှင် အမြွှာလေးတွေက "
" ကျွန်တော် ခဏချီလို့ရလား "
" ရပါတယ် ဆရာမ ပြတဲ့ ပုံစံလေးအတိုင်း ချီကြည့်ပါ "
အရင်ဆုံး အနှီးထုပ်လေးထဲတွင် မှေးနေသော နီတာရဲလေး ကို
ခန့်စေ အရင်ဆုံး ပွေ့ယူကာ တယုတယနှင့် ချီမိ၏။
" မိန်းကလေးက အကြီး၊ ယောကျာ်းလေးက အငယ်ပါရှင်
၁မိနစ်စီခြားပြီး မွေးလာပါတယ်ရှင်
၁၄.၇..၂၀_ _ မနက် ၄:၃၅မှာ မွေးလာတဲ့ တနင်္ဂနွေမောင်နှမလေးပါရှင်။ ၄ပေါင် ၂အောင်စ စီ ရှိပြီး ကျန်းမာပါတယ်။ ဖခင်လည်း ကျန်းမာပါတယ် ။ ခဏနေရင်
သီးသန့် မွေးလူနာအခန်းကို ပြောင်းပေးပါ့မယ်နော်
ကလေးတွေကို ဆေးစစ်ဆေးမှုတချို့ ပြုလုပ်အုန်းမှာမို့ ဆရာမတို့ ခဏခေါ်သွားမယ်နော်"
" ဟုတ်ကဲ့ပါ "
ဆရာမ တစ်ဦး၏ လက်ထဲမှ အင်းအဲနှင့် မျက်လုံးမပွင့်ပဲ အသံပြုနေသော သားငယ်၏အနှီးခံနေသော ခေါင်းလေးကို ပွတ်ကာ...
" ဖေ့ သားငယ် ~~"
ဘေးနားတွင် ရပ်ကာ မြေးတွေကို တစိမ့်စိမ့်ရပ်ကြည့်ကာ ပြုံးနေသော ဒယ်ဒီကို ကြည့်ကာ ခန့်စေ ရင်ထဲ ဝမ်းနည်းလာသည်မို့
ဒယ်ဒီ့ ရင်ခွင်ထဲ ကလေးတစ်ယောက်လို တိုးဝင်ကာ ငိုနေမိ၏။
ဖခင် မေတ္တာကို ကိုယ်တိုင် ဖခင်နေရာရောက်မှ ခန့်စေနားလည်လာတာ။ ကိုယ့်သွေးသားကနေ ဖြစ်တည်လာတဲ့
သမီးနဲ့သားကို မြင်လိုက်ရချိန် ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရသွားသလို၊ အေးချမ်းတဲ့ လွင်ပြင်ထက် တငြိမ့်ငြိမ့် တိုက်ခတ်သွားတဲ့ လေပြေညှင်းလေးတွေလို ရင်ထဲ နှလုံးသားထဲ သိမ့်ခနဲ။
ပျော်ရွှင်ခြင်း၊ ပီတိဖြစ်ခြင်း၊ တို့ ပျံ့လွှင့်နေတဲ့ ခွဲခန်းရှေ့က သားအဖ နှစ်ဦးရဲ့ အခိုက်အတန့်လေး။
....................................
-pont-00-
ကိုယ်ဝန်အကြောင်းအရာနဲ့ မွေးဖွားခြင်းအကြောင်းအရာ တွေ မပြည့်မစုံ လိုအပ်ချက်တွေ များခဲ့ရင် အားနာပါတယ်။
ပုံ့ အမြွှာလေးတွေကို ထည့်ပေးရခြင်းကတော့ ပုံ့ရဲ့ အောက်က အငယ်လေးတွေသည် အမြွှာလေးတွေ ဖြစ်ခဲ့လို့ပါ။
အမြွှာလေးတွေရဲ့ ကြီးပြင်းလာပုံ၊ အမေ ပြုစုခဲ့ပုံ၊ ပုံ့ သူတို့လေးတွေကို ထိန်းကျောင်းခဲ့ရတာလေးတွေကို အမှတ်တရအနေနဲ့ ဒီထဲမှာ သိမ်းထားခဲ့ချင်လို့ပါ။
အမြွှာနှစ်ယောက်ကို ကိုယ်ဝန်ဆောင်ချိန်မှာ ပုံ့ အမေက ကျန်းမာရေး ချူချာခဲ့တာဖြစ်ပြီး အမြွှာလည်း ဖြစ်တာကြောင့်
4ပေါင်နဲ့ 2အောင်စ စီ ရှိပေမယ့် ကျန်းမာခဲ့ပါတယ်တဲ့။
ပုံ့ အမေ့ဆီကနေ နည်းနည်းလေးပဲ မေးပြီး ရေးကြည့်တာပါ။
နောက်အပိုင်းတွေမှာ အမြွှာလေးတွေရဲ့ နာမည်နဲ့ နေထိုင်ပုံ စရိုက်လေးတွေကို ပုံဖော်ပြနိုင်အောင် ကြိုးစားပါ့မယ်။
ပုံ့ရဲ့ အရေးအသားကို မငြီးမငွေ့ ဖတ်ရှုပေးသူ တစ်ဦးချင်းဆီတိုင်း
ကျေးဇူးတင်ပါတယ်။💙
အမှတ်တမဲ့ မဟုတ်ခဲ့ပါ ဆိုတဲ့ Normal OC fiction လေးကိုလည်း ပုံ့ စရေးနေပြီမို့ စိတ်ဝင်စားရင် Ongoing လိုက်ပေးပါ။ update မှန်အောင် ကြိုးစားပါ့မယ်။