အပိုင်း (၅၆)
ထန်လီ ပါးစပ်အပြည့် တံတွေးမြိုချလိုက်ပြီး ရုတ်တရက် မဟားဒရားခုန်လာသော နှလုံးကို မနည်းငြိမ်အောင် စိတ်ပြန်ထိန်းရသည်။ ထို့နောက် သူသည် ချောကလက်လုပ်ရန် ပစ္စည်းများရှာပြီး ပြင်ဆင်တော့သည်။ ကံကောင်းစွာဖြင့် ချောကလက်လုပ်သည့် လုပ်ငန်းစဉ် တစ်ဆင့်ချင်းစီတိုင်းကို အရိုးစွဲအောင် မှတ်မိနေခဲ့သောကြောင့် နှလုံးခုန်နှုန်း မတည်ငြိမ်လျှင်ပင် စိတ်ဖိစီးမှုများနေလျှင်ပင် သူ၏ အလုပ်ကို မသက်ရောက်ဘဲ ချောမွေ့စွာ လုပ်နိုင်နေတုန်းပင်။
အဆုံးတွင် သူသည် ဝိုင် အတွက် အသန့်စင်ဆုံး dark chocolate လုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ တကယ်တမ်းတွင် ဒေါက်တာဝိုင်သည် အလွန်ကို ထူးဆန်းသော ချောကလက်မျိုးကို တောင်းဆိုခဲ့သည်။ သို့သော် ဒေါက်တာဝိုင် တောင်းဆိုသည့် အတိုင်းဆိုလျှင် လုံးဝကို အခါးဆုံးဆိုသည့် dark chocolate ကသာ ဘော့စ်၏ အရသာနှင့် ကိုက်ညီပေလိမ့်မည်။
ရလဒ်ကတော့ ဝိုင်က သူလုပ်ပေးသည့် ချောကလက်ကို မကြိုက်ခဲ့ပေ။
'ပြန်လုပ် မကြိုက်ဘူး'
'ပြန်လုပ်ခဲ့ မကြိုက်ဘူး'
...............................
သုံးကြိမ်မြောက် ပြန်လုပ်ခိုင်းပြီးနောက် ယင်ညန်သည် ထန်လီအတွက် တည်ဆောက်ပေးထားသော အလုပ်ရုံသို့ ကိုယ်တိုင်ကိုယ်ကျသွားခဲ့ပြီး ထန်လီကို အနားလာရန် ခေါ်ကာ
"ဒါက ဒီလိုအရသာမျိုးမဟုတ်ဘူး ပုံစံကလည်း ဒီလိုမျိုးမဟုတ်ဘူး အသည်းပုံဖြစ်ရမှာ အသည်းပုံနဲ့ ချိုပြီး အတွင်းဘက်က နူးညံ့နေရမှာ"
'ချိုမြိန်ပြီး နူးညံ့တယ် ကျိရင်ရဲ့ အရသာလေး အတိုင်းပဲ'
ထန်လီ ဒေါက်တာဝိုင်ကို မော့ကြည့်လိုက်မိသည်။ သူ့မျက်နှာကား ဒုက္ခအကြီးကြီး တွေ့နေရသော လူလို ဖြစ်နေသည်။ ဒေါက်တာဝိုင်၏ စကားများကို နားလည်သော်လည်း ဤတောင်းဆိုမှုက အတော်လေး သာမန်ဆန်လွန်းနေသောကြောင့် တစ်ဖက်လူ၏ တောင်းဆိုချက်များအတိုင်း လုပ်မပေးနိုင်မှာကို ကြောက်လာသည်။
ယင်ညန် ခနလောက် တွန့်ဆုတ်သလို ဖြစ်သွားပြီး နောက်ဆုံးတွင် သူ၏ အဖြူရောင်ဓာတ်ခွဲခန်းကုတ်အတွင်းမှ ပန်းရောင် ချောကလက်ဘူးကို ထုတ်ပြလာသည်။ ၎င်းက အသည်းပုံဖြစ်ပြီး ပန်းရောင်ရင့်ရင့် ဇာဖြင့် ဖဲပွင့်ပုံချည်ထားသေးသည်။
'ကျိရင် ငါ့ကို ချောကလက်မပေးတော့တာ တော်တော်ကြာပြီ'
ဤတစ်ဘူးက နောက်ဆုံးတစ်ဘူးဖြစ်သောကြောင့် သူကုန်အောင် မစားချင်ပေ။ သူ၏ မျက်ဝန်းနက်နက်များက မှောင်မိုက်လာပြီး ထန်လီကို အေးစက်စွာ ကြည့်သည်။ သူ၏ မေးက မသိမသာမော့နေကာ အသံက အေးစက်နေပြီး သတိပေးသလို ပြောသည်။
"နည်းနည်းမှ မထိနဲ့" (T/N : သူ့ချောကလက်တွေကို ပြောတာပါ ဘူးကိုမဟုတ်ပါဘူး)
'ယခု ထန်လီသည် ကြောက်ရမည့်အစား စပ်စုချင်လာသည်။ ကမ္ဘာပျက်ကပ်ရဲ့ ဒဏ္ဍာရီလာ ဘော့စ်ကြီး ဒီလောက်တောင် တန်ဖိုးထားနေတဲ့ ချောကလက်က ဘာနဲ့လုပ်ထားတာပါလိမ့်'
ဘူးအဖုံးကို ဖွင့်လိုက်ချိန်တွင် သေသပ်စွာ တစ်ညီတည်း စီထားသော အသည်းပုံချောကလက် ခုနှစ်တုံးရှိနေသည်။ သေချာမကြည့် မြည်းမကြည့်ပဲနှင့်ပင်လျှင် ထန်လီသည် ၎င်းချောကလက်များ၏ အော့အန်ချင်စဖွယ် ချိုမြိန်သည့် ရနံ့များမှတစ်ဆင့် ၎င်းတို့၏ အရည်အသွေးနှင့် အရသာကို ခန့်မှန်းမိပြီးဖြစ်သည်။
ဤအရာများကား ကမ္ဘာပျက်ကပ်မတိုင်မှီက နေရာတိုင်းတွင် ဝယ်၍ ရနိုင်သော အလွန်ကို ချိုပြီး ကြောက်စရာကောင်းသည့် နို့ချောကလက်များဖြစ်သည်။
'ဝိုင်က ဘာလို့ ဒီလိုဟာမျိုးကို အရမ်းတွေ ကြိုက်နေရတာလဲ...............'
ရိုးရှင်းစွာဖြင့် တွေးကြည့်လို့တောင် မရနိုင်ပေ။
သူ၏ အတွေးတို့ကို စိတ်ထဲတွင်ပင် ဖုံးဖိထားရင်း ထန်လီသည် ဘူးကို ရိုသေစွာဖြင့် ပြန်ဖုံးပေးကာ
"ကျေးဇူးပြုပြီး စိတ်ချပါဗျာ ကျွန်တော် ခနနေ လုပ်ပြီးတာနဲ့ တန်းပို့လိုက်ပါမယ်"
ဤသို့ဖြင့် နောက်တစ်နာရီခန့်တွင် ယင်ညန်သည် သူအလွန်တရာကို လွမ်းဆွတ်တမ်းတခဲ့ရသော အသည်းပုံ ကျိရင်၏ အချစ်များ ချောကလက်တို့ကို စားနိုင်ခဲ့လေသည်။
ယွီဟောက် တပ်စခန်း ကြီးမားသော ပင်မခန်းမဆောင်၏ အလယ်တည့်တည့်မှ ထိုင်ခုံသည် အမြဲတမ်း နေရာလွတ်ဖြစ်နေတတ်သည်။ ဤမည်သူကမှ ဝင်မထိုင်ရဲသော ထိုင်ခုံသည် နောက်ဆုံးတွင် သခင်တွေ့သွားပြီဖြစ်သည်။
ယခုလေးတင်မှ လုပ်ပြီး လာပို့သွားသော လတ်လတ်ဆတ်ဆတ် ချောကလက်တစ်တုံးကို ယူ၍ ပါးစပ်ထဲထည့်လိုက်သည်။ ယင်ညန်သည် ထိုင်ခုံကို မှီ၍ ချောကလက်ကို ဝါး၍ အရသာခံနေသည်။ သူ၏ မျက်တောင်များက အောက်သို့ မှေးစင်းနေပြီး မှောင်မိုက်ဆွေးမြေ့မှုများက မျက်ဝန်းနက်နက်များထဲသို့ လှိုင်းတံပိုးများပမာ တရိပ်ရိပ်တက်လာသည်။
တစ်စုံတစ်ခုက မှားနေသေးသလို ခံစားနေရသေးသည်။
အရသာက တူနေသောကြောင့် ဤအရာများက ကျိရင် ကိုယ်တိုင်ကိုယ်ကျ ပေးလာသော အရာများမဟုတ်ပေ။ ဤကတည်းက အရာအားလုံးက မှားယွင်းနေလေပြီ။
'ငါသူ့ကို လွမ်းလိုက်တာ'
'ဒါပေမဲ့...'
သူ့စိတ်ထဲမှ တွေးလိုက်မိသည်နှင့် သူ၏ အမြင်အာရုံတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ခက်ထန်သော စိတ်အခြေအနေနှင့် လူငယ်လေးတစ်ယောက်သည် တည်ငြိမ်သော အသွင်အပြင်ဖြင့် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရင်း လျှောက်လာနေကာ သူ၏ မျက်နှာကား သွေးစနှင့် ချွေးစများ ပေကျံနေသည်။
သူသည် လက်မြောက်၍ ပါးကို ပွတ်လိုက်ကာ သူ့နှုတ်ခမ်းထောင့်များက လှပစွာ ကွေးတက်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
'မကြာတော့ပါဘူး'
------------------------------
အရိုးဖြူဂူမှ တိုက်ပွဲကား ရလဒ်ကောင်းသည်ဟု ဆိုရမည်။ သူတို့သည် အရိုးဖြူချပ်ဝတ် ငါးစုံရခဲ့သည်။ ကျန်းကျိရင် ၎င်းတို့ကို အကျိုးဆောင်နိုင်မှု အများဆုံးအဖွဲ့ဝင်ငါးယောက်ကို ခွဲပေးခဲ့သည်။ ထို့နောက် တစ်ခြားသော အဖွဲ့ဝင်များကို သလင်းအမြုတေကဲ့သို့ တခြား ပစ္စည်းများ ခွဲပေးခဲ့သည်။
သို့သော် သူစခန်းသို့ ပြန်ရောက်သောအချိန်တွင် ဦးလေးကောင်းထံမှ ထန်ရှောင်လီပျောက်ဆုံးသွားသည့် သတင်းကို ကြားခဲ့ရသည်။ ထန်လီက သူ့သူငယ်ချင်းကို အဖော်ခေါ်ပြီး သမီးဖြစ်သူကို သူ့ဟာသူသွားရှာခဲ့ကာ သူတို့ထဲက ဘယ်သူမှ ပြန်မလာသေးဟု ဦးလေးကောင်းက သတင်းပို့လာသည်။
ကျန်းကျိရင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အရိုးဖြူဂူတွင် တစ်နေ့လုံး အချိန်ကုန်ခဲ့သည်။ ယခုတွင် နေရောင်ပင် မရှိတော့အောင် မှောင်နေလေပြီ။
ယင်ရှောက်ရှန်းသည် တစ်ကောင်တည်း ပြတင်းပေါက်ဘောင်တွင် ခွေအိပ်နေသည်။ ဤကလေးကို ရှောင်မိုက အဖော်ပြုမနေသည်မှာ အလွန်ကို ရှားလှသည်။
ချန်ကွမ်းက ယခုအထိ သတိလည်မလာသေးပေ။ သူလိမ်းပေးသော ဆေးကလည်း ပြင်ပဒဏ်ရာကိုသာ ပြန်ကောင်းအောင် ကုသပေးနိုင်သည်။ သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်ကို လုံးဝ အမြစ်ဖြတ်လိုလျှင် အရိုးဖြူမြက်ဟုခေါ်သော ဆေးပင်ကို ရှာဖို့လိုသည်။
စခန်းသို့ အပြန်လမ်းတွင် သူ၏ ဆေးသန့်စင်ခြင်း စာအုပ်ကို ပြန်ဖတ်ခဲ့သေးသည်။ ဤဆေးပင်ကို ယွီဟောက်တပ်စခန်းအနီးတစ်ဝိုက်တွင်သာ ရှာတွေ့နိုင်သည်။ သူသည် ထိုဆေးပင်ကို Item Store မှ ဝယ်ရန်လုပ်သော်လည်း Item Storeက ထပ်မံပြီး ပြုပြင်နေဆဲ အခြေအနေဟု ရေးကာ ပိတ်ထားပြန်သည်။
ကျန်းကျိရင် အလွန်ကို စိတ်ရှုပ်လာသည်။ အရာအားလုံးက တစ်ချိန်တည်းလိုလို ဖြစ်လာသည်။ သို့သော် သူသည် တည်ငြိမ်သော မျက်နှာဖြင့်ပင် ဦးလေးကောင်းအား နှစ်သိမ့်ပြီး အရာအားလုံးကို အဆင်ပြေအောင် စီစဉ်မည်ဟု ပြောခဲ့သည်။ ထို့နောက် တိုက်ပွဲမှပြန်လာသော သူများကို အနားယူရန်ပြောခဲ့သည်။ ထို့နောက်တွင် Itemများ ဖြန့်ဝေပေးခြင်းကဲ့သို့ ကိစ္စများကို ထပ်၍ လုပ်ရပြန်သည်။
ကိုင်တွယ်ရမည့် ကိစ္စများကို မြန်နိုင်သမျှ မြန်မြန် လုပ်ဆောင်ပြီးနောက် ကျန်းကျိရင် အခန်းသို့ပြန်၍ သူ၏ ကျောပိုးအိတ်ထဲမှ လက်ကျန် မှော်မျက်လုံးကို ထုတ်၍ ထန်ရှောင်လီ၏ တည်နေရာကို ရှာလိုက်သည်။ ခန့်မှန်းထားသည့်အတိုင်းပင် သူမနှင့် တခြားစွမ်းအားရှင်တစ်ယောက်သည် ယွီဟောက်တပ်စခန်း မြေအောက်အကျဉ်းထောင်တွင် ဖမ်းထားခံရသည်။ သို့သော် ထန်လီကိုတော့ သူတို့နှင့်အတူ မတွေ့ရပေ။
ယွီဟောက်တပ်စခန်း၏ အဓိကစခန်းသည် အနည်းဆုံးစွမ်းအား အဆင့်တစ်ဆယ်နှင့်အထက် ကစားသမားများကိုသာ ဖွင့်ပေးသော မွန်းစတားနယ်မြေဖြ်စသည်။ ထို့အပြင် ထိုနေရာနှင့် ဆက်စပ်နေသော နယ်မြေတစ်ခုလည်းရှိသေးကာ ၎င်းကို ယခုထိတိုင် မဖွင့်ရသေးပေ။ ကျန်းကျိရင် ဂိမ်းဆော့စဉ်ကပင် ထိုနေရာသို့ တစ်ခါမှ မသွားဖူးပေ။ ဂိမ်းတရားဝင်ဝဘ်ဆိုက်မှ ထုတ်ပြလာသော ပုံများကိုသာ မြင်ဖူးခဲ့သည်။
ထိုနေရာတွင် အန္တာရာယ်အများဆုံးဆိုသော အရာများ စုနေလောက်သည်။ သို့သော် ယခုတွင် ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွား၍ စူးစမ်းခြင်းက ပို၍ ကောင်းပေလိမ့်မည်။ Item Store ကလည်း ဤအချိန်တွင် မပွင့်လာနိုင်လောက်သေးပေ။ သူ့တွင် ကိုယ်ပျောက်အဆောင်တစ်ခုနှင့် တယ်လီပို့ အဆောင်သုံးခု ရှိသေးသည်။ သူသာ ဤItem များကို သေချာအစီအစဉ်တကျ သုံးနိုင်ပါလျှင် အနည်းဆုံးတော့ စခန်းသို့ ပြန်လာနိုင်ဖို့ သေချာသေးသည်။
သယ်ယူရေးအဆောင်က ကျန်းကျိရင် လက်ချောင်းထိပ်တွင် ပြာများအဖြစ်သို့ပြောင်းသွားပြီး ကျန်းကျိရင်၏ ပုံရိပ်က အခန်းထဲမှ တမုချင်းမဟုတ် ပျောက်ကွယ်သွားသည်။
ရှောင်မို ရုတ်တရက် မည်သည့်အချိန်က ပေါ်လာသည်ကို မသိနိုင်ပေ။ သူမသည် ကျန်းကျိရင်နောက်သို့ လိုက်သွားချင်နေသော ယင်ရှောက်ရှန်းကို ကောက်ချီလိုက်ပြီး အိပ်ပျော်အောင် ချော့သိပ်သည်။
'ကပ္ပတိန်က သခင်ကြီးကို သွားရှာတာဆိုပေမဲ့ မင်းသားလေးရေ ကျွန်တော်မျိုးကတော့ မင်းသားလေးနဲ့ အတူရှိနေတုန်းပါပဲ'
မိန်းကလေးက နှုတ်ခမ်းဆူထားပြီး ကြောင်ကလေးကို ချီထားကာ အမှောင်ရိပ်များကြားတွင် တိတ်တိတ်လေး ပျောက်ကွယ်သွားသည်။
-----------------------------------
ကျန်းကျိရင် ရန်သူ့စခန်းထဲသို့ ကိုယ်ပျောက်အဆောင်သုံး၍ ဝင်လာသည်။ ဂရုတစိုက်နှင့် သူ၏ အနီးနားမှ လူများကို ရှောင်ရှား၍ လမ်းလျှောက်နေရသည်။
နောက်ဆုံးတွင် အဆောင်သည် တစ်ခြားသူများ၏ အမြင်အာရုံမှသာ ဖုံးကွယ်ထားခြင်းဖြစ်ပြီး သူ့ကို လုံးဝကြီး ဖျောက်ပေးထားခြင်း မဟုတ်ပေ။ ထို့အပြင် အဆောင်သည် တစ်နာရီသာ ကိုယ်ဖျောက်ပေးနိုင်သည်။ ဤအချိန်အတွင်း ထန်ရှောင်လီတို့ကို ရှာပြီး ကယ်တင်ရမည်။ ထိုမတိုင်မှီ သူသည် ချန်ကွမ်းအတွက် အရိုးဖြူမြက်သွား၍ ခူးလိုက်သေးရာ သူ့တွင် နာရီဝက်သာ အချိန်ရတော့သည်။
သူကံကောင်းသွားသည်။ မြေအောက်အကျဉ်းထောင်သို့ မည်သည့်အခက်အခဲမှ မရှိဘဲ ချောချောမွေ့မွေ့ရောက်သွားသည်။
ထန်ရှောင်လီသည် အကျဉ်းခန်း၏ ထောင့်တစ်နေရာတွင် ရပ်နေပြီး သူမဖခင်ကို စောင့်နေသည်။ ထန်လီ၏ သူငယ်ချင်းသည်လည်း ကလေးမလေးဘေးတွင်ရပ်နေပြီး သူငယ်ချင်းဖြစ်သူကို အလွန်စိတ်ပူနေသည်။
ကျန်းကျိရင် အကျဉ်းထောင်ထဲသို့ ဝင်သွားပြီး သူ့အိတ်ထဲမှ မီးခိုးရောင်သော့ကို ထုတ်လိုက်သည်။ ဤက မာစတာကီးဖြစ်သည်။ ဤသော့၏ မူလက လုပ်ဆောင်ချက်မှာ မြေပုံတွင် ပျံ့ကျဲနေသော ရတနာဘူးများကို ဖွင့်ရန်ဖြစ်သည်။
နောက်ပိုင်းတွင် ဤသော့ကို လျော့ဈေးဖြင့် ရောင်းချခဲ့သည်။ ထိုအချိန်တွင် ကျန်းကျိရင်သည် ညလယ်ကြီးတွင် Item Store ထထ ပိတ်သော ကုမ္ပဏီကို အလွန်စိတ်ဆိုးနေပြီး ကုမ္ပဏီကို ဝဋ်လည်အောင်လုပ်မည်ဟူ၍ သူ့ဖော်သည့်ဆေးသူ့မြည်းခိုင်းမည်ဟု ဆုံးဖြတ်လိုက်ကာ ဤသော့ကို ဝယ်ခဲ့ခြင်းဖြစ်သည်။
စိတ်ငြိမ်သွားပြီးနောက် ဤလုပ်ရပ်က အလွန်ကလေးဆန်သည်ဟု တွေးမိကာ သော့ကို ပြန်သိမ်းထားခဲ့ပြီး တစ်ခါမှ ထပ်ထုတ်မကြည့်ဖြစ်တော့ပေ။
ဤသော့ကို ဤသို့သော အခြေအနေမျိုးတွင် ထုတ်သုံးရလိမ့်မည်ဟု မမျှော်လင့်မိပေ။
အကျဉ်းသားများကို သံလှောင်အိမ်များလို အကျဉ်းခန်းများထဲတွင် ထည့်ပိတ်ထားခြင်း ဖြစ်သော်လည်း သံတိုင်များ တံခါးများတွင် လျှပ်စီးများ လွတ်ထားကာ အကျဉ်းသားများ မထွက်ပြေးနိုင်စေရန် သေချာစီမံထားသည်။
ကျန်းကျိရင် အသံသေးသေးမှ မထွက်မိအောင် ကြိုးစား၍ အကျဉ်းခန်းတံခါးကို သော့ဖြင့် ဖွင့်သည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြောလာသည်။
"ကျွန်တော် ကျန်းကျိရင်ပါ ခင်များတို့ကို ပြန်ခေါ်သွားဖို့ လာခဲ့တာ"
အကျဉ်းခန်းထဲတွင် ညဘက်တွင် အလွန်ကို လေထန်သည်။ ထိုလေတို့ကပင် ပြင်ပသို့ အသံမရောက်အောင် အကောင်းဆုံး ထိန်းပေးပြီးသား ဖြစ်သွားသည်။ သူသည် တယ်လီပို့အဆောင်ကို လျှပ်စီးတပ်ခွဲသို့ ဦးတည်ရာထည့်လိုက်သည်။ ထို့နောက် သူတို့ကို အသုံးပြုနည်း သင်ပေးရန်သာ လိုတော့သည်။ ထန်လီ၏ သူငယ်ချင်းသည် ထန်ရှောင်လီကို သူ့အနားသို့ ပွေ့ခေါ်လာသည်။ ထိုအခိုက်အတန့်တွင် အကျဉ်းခန်းက ပွင့်သွားပြီး သူမကို တယ်လီပို့အဆောင်ပေးလိုက်ကာ သုံးနည်း မြန်မြန်သင်ပေးလိုက်သည်။
ထန်ရှောင်လီ ကျန်းကျိရင်သင်ပေးသည့်အတိုင်း အဆောင်ကို အလည်တည့်တည့်မှ ဆွဲဖြဲလိုက်သည်။
မိန်းမငယ်လေးက ပျောက်ကွယ်သွားသော်လည်း ထန်လီ၏ သူငယ်ချင်းကတော့ ထိုနေရာတွင်သာ ကျန်နေခဲ့လေသည်။
ကျန်းကျိရင် အံကြိတ်လိုက်သည်။ အဆောင်သည် ကစားသမားများကို ခရီးတိုတစ်ခုသာ ပို့ဆောင်ပေးနိုင်သည်။ လူနှစ်ယောက်ကို တစ်ပြိုင်တည်း ပို့ခဲ့သည့် သာဓကမျိုးလည်း မရှိခဲ့ပေ။ <Tomorrow>ကမ္ဘာတွင် တယ်လီပို့အဆောင်တစ်ခုကို လူတစ်ယောက်သာ အသုံးပြုနိုင်သည။
သူ၏ နောက်ဆုံးလက်ကျန် တယ်လီပို့ အဆောင်ကို ရှေ့မှလူအား ပေးလိုက်ပြီး မြန်မြန်ပြောလိုက်သည်။
"သုံးနည်းက အတူတူပဲ"
ထိုလူက လုံးဝ မတွေဝေဘဲ အဆောင်ကို ဖြဲလိုက်သည်။
တစ်ချိန်တည်းမှာပင် အကျဉ်းသားများ လွတ်မြောက်သွားသည်ကို သိသွားကြသည်။ ကိုယ်ပျောက်အဆောင်၏ အစွမ်းကြောင့် သူ့ကို မမြင်ရရာ အကျဉ်းခန်းထဲသို့ အစောင့်များ ဝင်မလာကြပေ။ ကျန်းကျိရင် မြေအောက်အကျဉ်းထောင်မှ အမြန်ထွက်လာခဲ့သည်။
ယခုတွင် ကိုယ်ပျောက်အစွမ်းသည် တဖြည်းဖြည်းနှင့် လျော့ပါးလာပြီဖြစ်သည်။ စခန်းမှအစောင့်များက သူ့ပုံရိပ်ကို မြင်နိုင်လာသည်။
ကျန်းကျိရင်သည် စခန်း၏ အလယ်တည့်တည့် အဓိကနေရာတွင် ရှိနေပြီး ထိုနေရာသည် လုံးဝကို မည်သူမှ မရှိသည့် ကွင်းပြင်ကျယ်ဖြစ်နေသည်။ ထို့ကြောင့် သူ့ကို ရှင်းရှင်းလင်းလင်း မြင်ရနိင်သည်။ သူသည် အခြေအနေကို တစ်စက္ကန့်လောက် တွေးကြည့်ပြီး ညအမှောင်ထဲတွင် မထင်မရှားအဖြစ်ဆုံး အဆောက်အဦးတစ်ခုကို ရွေး၍ ထိုနေရာသို့ ပြေးလေတော့သည်။
အစောင့်အများကြီးက သူ့နောက်သို့ အသည်းအသန်ပြေးလိုက်လာကြသည်။
အဆောက်အဦးထဲသို့ ဝင်သွားပြီးနောက် ကျန်းကျိရင်သည် သူ့နောက်မှ လိုက်လာသူများ တဖြည်းဖြည်းချင်း နှေးသွားသည်ကို ခံစားမိသွားသည်။ ထို့နောက် ထိုလူများထဲမှ ခေါင်းဆောင်ငယ်နှစ်ယောက်က တံခါးဝတွင် အငြင်းပွားနေကြသည်။
ကျန်းကျိရင် သူတို့စကားကို ဝေဝေဝါးဝါးကြားလိုက်ရသည်။
"ဒေါက်တာဝိုင်"
"အထဲမှာ" နှင့်
"သတိထားရမှာ.."
'အခု သူတို့ ယင်ညန်က ဒီထဲမှာ ရှိနေတာလို့ ပြောလိုက်တာလား'
'ဒီ ငါရပ်နေတဲ့ သောက်ကျိုးနည်း အဆောက်အဦးကြီးထဲမှာလေ'
ကျန်းကျိရင် သူ့နှလုံးသားက အပြင်ထွက်လာတော့မလိုတောင် ခံစားလိုက်ရသည်။
နောက်မှ လိုက်လာသူများကား သဘောတူညီချက်တစ်ခု ရလိုက်သည့်အလား စကားသံများ တိတ်သွားကြသည်။ သူတို့သည် ဆက်လိုက်ကြရန် ဆုံးဖြတ်လိုက်ပြီး အတင့်ရဲလှသည့် ကျူးကျော်သူအား တပ်စခန်း စည်းကမ်းများအတိုင်း ဆွဲဖြဲပစ်ရန် အဆင့်သင့်ဖြစ်နေကြသည်။
လေဓားသွား ရှစ်စင်းက ကျန်းကျိရင်ကို တိုက်ခိုက်လာပြီး ကျန်းကျိရင်သည် ကာလရှည် လေ့ကျင့်ရေးစခန်း ဝင်ခဲ့ခြင်းကြောင့် ၎င်းတို့ကို လုံးဝ မထိအောင် ရှောင်လိုက်နိုင်ခဲ့သည်။ သူနောက်သို့ လှည့်ကြည့်လိုက်ရာ လေစွမ်းအားရှင်လေးယောက်က သူ့နောက်သို့ လိုက်နေကြပြီး သူတို့အားလုံးမှာ အဆင့်ခြောက် စွမ်းအားရှင်များဖြစ်နေသည်။
သူတို့၏လက်များထဲတွင် အဖြူရောင် အလင်းများ စုဝေးနေကြပြိး ၎င်းတို့ကသူ့ထံသို့ နောက်ထပ် လေဓားသွားများ ထပ်မံပစ်ဖို့ လုပ်နေကြောင်းသိသာလှသည်။ လက်သီးနှစ်လုံးတည်းနှင့် လူလေးယောက်ကို အနိုင်ပိုင်းဖို့က ခက်ခဲလှသည်။ ထို့အပြင် သူက သူများ၏ အိမ်ကွင်းတွင် ရောက်နေသေးသည်။ နေရာအနေအထားရော အင်အားပါ မမျှသောကြောင့် သူ့မှာ ပြန်တိုက်ခိုက်နိုင်မည့် အခွင့်အရေးမရှိပေ။
ထိုအထဲမှ ကျန်းကျိရင်မှာ သေရေးရှင်ရေးတွင်ပင် Item Storeမှာ ဖွင့်မရဖြစ်နေသည်၊ ထို့ကြောင့် သူ့တွင် လွတ်လမ်းလုံးဝ မရှိတော့ပေ။...
ကျန်းကျိရင်၏ ဦးနှောက်သည် ဤအဖြစ်အပျက်ကြီးကြောင့် လုံးဝ ဗလာဖြစ်နေပြီး သူ၏ သိုလှောင်အိတ်ထဲမှ အရာအားလုံးကို မြန်မြန် ထုတ်ကြည့်သည်။ ထိုအချိန်တွင် ရေငတ်တုန်း ရေတွင်းထဲ ကျသွားသည့်အလား ဘယ်သောအခါမှ ဤနည်းလမ်းကို သုံးမည်ဟု မတွေးခဲ့ဖူးသော အရာတစ်ခုကို လုပ်ရန် အကြံဆိုးက ထွက်လာသည်။
ကျန်းကျိရင် နောက်ထပ် လေဓားသွားရှစ်စင်းဖြင့် တိုက်ခိုက်ခံရသည်။ သူသည် ထိုတိုက်ခိုက်မှုများကို ရှောင်ရှားရန် အနီးနားရှိ ကော်ရစ်ဒါထောင့်သို့ လှိမ့်ဝင်သွားလိုက်ပြီး သူ၏ ညာဘက် လက်ထဲတွင် ထိုအချိန်က ကံစမ်းမဲတွင် ရလာသော အသွင်ပြောင်းအဆောင်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။
ထိုအချိန်က ယင်ညန် သူ့ကို မည်မျှ ချစ်ခဲ့သည်ကို ပြန်တွေးကြည့်ပြီး ကျန်းကျိရင် ယင်ညန် ကြောင်တစ်ကောင်ကို သေလောက်အောင် ချစ်ပြီး သူ့ကို သူ့လက်ဝါးထဲ ထည့်၍ ဖူးဖူးမှုတ်ထားမည့် အဖြစ်ကို မြင်ယောင်၍ ကိုယ့်အသက်ကိုယ် ရဲရဲဝံ့ဝံ့ လောင်းကြေးထပ်လိုက်တော့သည်။
'ဘော့စ်က သူ့ကြောင်လေးကိုတော့ စိတ်ဆိုးပြီး လစ်လျူရှုမထားလောက်ဖူးမလား'
ဤစိတ်ပျက်ဖွယ် အရေးအခင်းတွင် အသက်ရှင်နိုင်သ၍ Item Store ပြန်ဖွင့်သည်နှင့် ဤစခန်းမှ အချိန်မရွေး ပြန်ထွက်သွားနိုင်မည်။
သူ့နောက်သို့ လိုက်လာသော အစောင့်များသည် ခုနလေးကမှ တွေ့သေးသော ကျူးကျော်သူကို ရုတ်တရက် ပျောက်သွားကြသည်။ သူတို့သည် အချင်းချင်းကြည့်လိုက်သော်လည်း မည်သို့ ပျောက်သွားမှန်း မသိလိုက်ကြပေ။ သူတို့ရှေ့တွင် လမ်းက ဆုံးနေပြီဖြစ်သည်။
ထိုနေရာတွင် ကြီးမားသော သစ်နက်သား တံခါးထူထူကြီးနှစ်ချပ်သာရှိပြီး ၎င်းသည် စခန်း၏ ပင်မခန်းမဆောင်၏ တံခါးသာဖြစ်သည်။
"ဒီမှာ ကြောင်တစ်ကောင်"
နောက်မှ အစောင့်များကို ဦးဆောင်လာသော လေစွမ်းအားရှင်က ရုတ်တရက်ပြောလာသည်။
လူတိုင်း ခေါင်းငုံ့ကြည့်လိုက်ရာ အဖြူရောင်ကြောင်လေးတစ်ကောင်က သူ့နားသို့ရောက်လာသည့်လူများကို ဘာဖြစ်သွားမှန်း မသိလိုက်သလို တုံးအအ မျက်နှာလေးဖြင့် သူတို့ကို မော့ကြည့်နေသည်ကို မြင်လိုက်ရသည်။ မသိလျှင် ကြောင်ကလေးက အလွန်ကို ထိတ်လန့်ပြီး ကြောက်ရွံ့နေဟန်ဖြင့် အသံသေးသေးလေးဖြင့် အော်နေသေးသည်။
ဤငိုကြွေးနေသလို အသံသေးသေးလေးက တစ်စုံတစ်ခုကို ဆင့်ခေါ်နေသည့်အလား....
ထိုအသံနှင့်အတူ သူတို့ရှေ့မှ ရှုပ်ထွေးသော ပုံစံများနှင့် သစ်နက်သားတံခါးကြီးနှစ်ချပ် ပွင့်လာပြီး ခပ်တိုးတိုး အသံတို့ ကြားလိုက်ရသည်။
ကျန်းကျိရင်သည် ရှေ့တိုးလာသော ရင်းနှီးနေသည့် အနက်ရောင် သားရေဖိနပ်တစ်စုံကိုသာ မြင်လိုက်သည်။ ထိုသူ၏ ခြေလှမ်းတို့က သူ့ရှေ့တည့်တည့်တွင် ရပ်တန့်သွားလေသည်။
..............................................
Telegram မှာ အပြီးအထိ တင်ပြီးပြီနော်။