"Congratulations Zhan!"
ရိပေါ်က လက်ထဲကပန်းစည်းကိုကမ်းပေးရင်းပြောလိုက်သည်။ ရှောင်းကျန့်က ပြုံးရင်း ဌာနကစီစဉ်ပေးထားသည့် ပန်းစည်းကို Hilton ကို လှမ်းပေးလိုက်ပြီးဦးငယ်ပေးသည့် အနီရောင်နှင်းဆီပန်းစည်းကို လှမ်းယူလိုက်သည်။
"ငါ့ကို ဦးငယ်နဲ့ ဓါတ်ပုံရိုက်ပေးဦး Victor"
Victor က ရှောင်းကျန့်ရဲ့ဖုန်းကို လှမ်းယူပြီး ဓါတ်ပုံရိုက်ပေးလိုက်သည်။ ရှောင်းကျန့်က ဦးငယ်ရဲ့ပခုံးကို လှမ်းဖက်လိုက်တော့ ဦးငယ်က သူ့ကို ငဲ့ကြည့်သည်။ Victor က ထိုပုံကို အမိအရမှတ်တမ်းယူလိုက်သည်။
ရှောင်းကျန့်က ရိုက်ပေးထားသည့် ဓါတ်ပုံတွေကို ပြန်ကြည့်ပြီး သဘောကျနေသည်။
"ကျန့်တို့သူငယ်ချင်းတွေကိုဓါတ်ပုံရိုက်ပေးရမလား"
"ရပါတယ် Professor ။ ကျွန်တော်တို့က ခုန ဌာနမှာကတည်းက ရိုက်နေကြတာရယ်"
Hilton က ဝင်ဖြေသည်။ ရိပေါ်က ရှောင်းကျန့်လက်ထဲက ဖုန်းကို ယူပြီး သူတို့သူငယ်ချင်းအဖွဲ့ကို လျှပ်တပြတ်ပုံတွေ ရိုက်ပေးနေသည်။
"ကိုကိုတို့ကို ဂုဏ်ပြုပါတယ်"
Sue က ပန်းရောင်နဲ့ အဖြူရောင်စပ်ကြားကာနေးရှင်းပန်းစည်း ၅ စည်းကို ရှောင်းကျန့်၊ Hilton, Victor, Fred နဲ့ Will တို့ကို တစ်စည်းစီလှမ်းပေးသည်။ Hilton က ပန်းစည်းအသေးလေးကို ကြည့်ရင်း
"ငါ့ညီမလေး အကုန်အကျတွေများနေတော့မှာပဲ" ဟု စ နေသည်။ Sue က ရယ်ကျဲကျဲလေးလုပ်ရင်း ရိပေါ်ပေးထားသည့် ရှောင်းကျန့်လက်ထဲက နှင်းဆီပန်းစည်းကိုသဘောတကျထိကိုင်ကြည့်နေသည်။
"ကိုကို ပွဲပြီးသွားရင် ဒီပန်းစည်း Sue ကို ပေး"
"ဘာလုပ်မလို့လဲ"
"ဘွဲ့ရဂုဏ်ပြုပန်းစည်းကို သိမ်းထားပြီး အတိတ်နိမိတ်ကောင်းယူမလို့ပေါ့ကိုကိုရ"
Sue ရဲ့စကားကြောင့် အားလုံးကရယ်လိုက်ကြသည်။ ရိပေါ်က ပြုံးလိုက်ရင်း
"ကိုယ်ကြိုးစားမှကိုယ်ဘွဲ့ရမှာပေါ့ Sue ရဲ့။ ဂုဏ်ပြုပန်းစည်းသိမ်းထားပြီး မကြိုးစားရင် ဘာထူးမှာလဲ"
Sue က ရှက်ကိုးရှက်ကန်းပြုံးရင်း
"ပန်းစည်းကို မြင်နေရင် ဒါမျိုးက ဘွဲ့နှင်းသဘင်မှရမှာဆိုတဲ့စိတ်နဲ့ ပိုကြိုးစားဖြစ်မှာလေ ဆရာ"
"တစ်ခြားပန်းစည်းပေးမယ်။"
ရှောင်းကျန့်ရဲ့စကားကို Sue က နှုတ်ခမ်းလေးစူရင်း
"ဟင့်အင်း Sue က ဒါပဲလိုချင်တာ"
"ဒါတော့ မပေးဘူး"
ရှောင်းကျန့်က ရယ်ပြီးငြင်းတော့ Sue က စူပုပ်ပုပ်လေးဖြစ်နေလေသည်။
"ဒက်ဒီ မာမီ အန်ကယ်လ်ဂျွန်"
Hilton ရဲ့အသံကြောင့် အားလုံးအာရုံပြောင်းသွားကြသည်။ ရိပေါ်က လှည့်ကြည့်ရင်း ရှောင်းဂျွန်မင်ကိုမြင်တော့ ခေါင်းညိမ့်ပြုံးပြလိုက်သည်။ ရှောင်းဂျွန်မင်ကလည်း ပြုံးရယ်ရင်း သူတို့ဆီ လျှောက်လာနေသည်။
ဒီနေ့က George Washington University ရဲ့ ဘာသာပေါင်းစုံက နောက်ဆုံးနှစ်ကျောင်းသားတွေရဲ့ ဘွဲ့နှင်းသဘင်နေ့ဖြစ်တာကြောင့် တက်ရောက်ရန်အဆင်ပြေသည့် ကျောင်းသားမိဘဆွေမျိုးတစ်ချို့ပါ ရောက်နေကြလေသည်။ Fred နဲ့ Will ရဲ့ မိဘတွေကတော့ အဝေးမှာမို့ မတက်ရောက်နိုင်ကြပေ။
"ဦးငယ် အန်ကယ်လ်ဂျွန်နဲ့ပါလာတာ အန်ကယ်လ်မော်ဂန်နဲ့ အန်တီမိုနာလေ။ Hilton နဲ့ Sue ရဲ့မိဘတွေပေါ့"
ရှောင်းကျန့်က ရိပေါ်အနားကပ်ရင်း တိုးတိုးပြောသည်။ နှစ်ယောက်စလုံး အတော်လေး သန့်ပြန့်ချောမွေ့ကြပြီး Sue နဲ့ Hilton တို့ရဲ့ အပြာရောင်မျက်လုံးတွေက သူတို့ဖခင်ဆီက အမွေရကြတာဖြစ်လိမ့်မည်။
"Hello Professor Wang!"
အပြုံးချိုချိုတွေပိုင်ဆိုင်သော Monah Morghan က ရိပေါ်ကို နှစ်လိုဖော်ရွေစွာ နှုတ်ဆက်နေသည်။ Mr. Morghan ကလည်း သူ့ကို ပြုံးပြရင်း
"Morghan ပါ Professor" ဆိုကာ လက်ကမ်းပေးသည်။
သူလည်း "Wang Yi Bo ပါ" ဟု ပြန်ပြောရင်း လက်ဆွဲနှုတ်ဆက်လိုက်သည်။ Sue က ဖခင်ဖြစ်သူရဲ့လက်မောင်းကို တွဲချိတ်ထားရင်း လက်ဆွဲနှုတ်ဆက်နေကြသည့် ဖခင်နဲ့ Professor Wang တို့ကို ပြုံးကြည့်နေသည်။
"Sean. ဆရာဝမ်နဲ့ပါ မိသားစုဘွဲ့ဓါတ်ပုံရိုက်ထားရအောင်"
ရှောင်းဂျွန်မင်က စကားဆိုရင်း ဘွဲ့နှင်းသဘင်အထိမ်းအမှတ် ရေးထားသည့် LED Board ရှေ့မှာ နေရာယူနေသည်။
"သမီးရိုက်ပေးမယ်"
Sue က သွက်လက်စွာပြောရင်း သူမဖုန်းနဲ့ရော ရှောင်းဂျွန်မင်ကမ်းပေးသည့်ဖုန်းနဲ့ပါ ရိုက်ပေးလိုက်သည်။
"ဆရာနဲ့ ကိုကို့ဆီ Sue ဖုန်းကနေ ပို့ပေးမယ်နော်။"
အားလုံး ခန်းမထဲရောက်တော့ ဘွဲ့ရမောင်မယ်တွေက ရှေ့မှာထိုင်ကြရပြီး ဧည့်သည်တွေက နောက်ခုံတွေမှာ နေရာယူလိုက်သည်။ ဘွဲ့လက်မှတ်ပေးအပ်ပြီးတော့ ကျောင်းသားတွေက သူတို့အချင်းချင်းရော မိသားစုတွေ၊ ဆရာတွေနဲ့ပါ ဓါတ်ပုံရိုက်နေကြသည်။
Tommy တို့အဖွဲ့က သူတို့ရဲ့ Advisor လည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ ရိပေါ်နဲ့ ဌာနမှာ ဓါတ်ပုံရိုက်ဖို့လာခေါ်သည်။ ရှောင်းကျန့်တို့တစ်တွေလည်း သူတို့ဌာနကဆရာတွေနဲ့ ဓါတ်ပုံရိုက်နေကြတာကြောင့် ရိပေါ်က နှုတ်မဆက်တော့ဘဲ ခန်းမထဲကပြန်ထွက်ခဲ့လိုက်သည်။
ရှောင်းကျန့်က ဦးငယ်ထွက်သွားတာကို မြင်တော့ နောက်ကလိုက်ရန်ပြင်သည်။ အန်ကယ်လ်ဂျွန်က သူ့လက်မောင်းကို လှမ်းဆွဲထားရင်း
"Sean ... Morghan မိသားစုနဲ့ နေ့လည်စာအတူစားဖို့ စီစဉ်ထားပြီးသားနော်"
သူ တစ်ခုခုပြောရန်ပြင်လိုက်ပြီးမှ ဦးငယ်လည်း သူတို့ဌာနက ဘွဲ့ရကျောင်းသားတွေနဲ့ ဌာနတွင်းနှုတ်ဆက်ပွဲတွေရှိနိုင်သည် ဟုတွေးရင်း ဘာမှမပြောဖြစ်လိုက်တော့ပေ။
"လာ မိသားစုနှစ်စုအမှတ်တရ ဓါတ်ပုံရိုက်ရအောင်"
အန်ကယ်လ်ဂျွန်က သူ့ကိုဆွဲခေါ်ရင်း မော်ဂန်မိသားစုကိုပါ ဓါတ်ပုံရိုက်ဖို့ပြောနေသည်။ ရှောင်းကျန့်နဲ့ Hilton တို့နှစ်ယောက်ကို အလယ်မှာထားရင်း Sue ကို ရှောင်းကျန့်ဘေးမှာ ရပ်နေစေလိုက်သည်။ အန်ကယ်လ်မော်ဂန်က တစ်ချက်လှမ်းကြည့်ပေမယ့် ဘာစကားမှတော့မဆိုပေ။
မိဘတွေက ဘေးနှစ်ဘက်မှာ နေရာယူလိုက်ကြသည်။ Sue က ရှောင်းကျန့်ဘေးမှာ မရပ်ဘဲ အစ်ကိုနှစ်ယောက်ကြားနေရာယူပြီး နှစ်ယောက်စလုံးရဲ့လက်မောင်းတွေကို တွဲချိတ်ထားလိုက်သည်။
-----------------------
ကျောင်းပြီးလို့ နှုတ်ဆက်ထွက်ခွါသွားကြသူတွေနေရာမှာ အသစ်ရောက်လာသူ ကျောင်းသားတွေနဲ့ George Washington University က ပုံမှန်အတိုင်း လည်ပတ်လျက်ပင်ရှိလေသည်။
ဒေါက် ဒေါက်...
ရိပေါ်သည် ရုံးခန်းထဲမှာ အလုပ်များနေရာမှ တံခါးခေါက်သံကြောင့် ခေါင်းမော့ကြည့်မိသွားသည်။
"Yes. Come in please"
တံခါးဖွင့်ဝင်လာသူကို မြင်လိုက်တော့ ရိပေါ်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"ဆရာဝမ်။ ကျွန်တော်ဝင်လာပြီနော်။ အနှောင့်အယှက်ဖြစ်သွားလား"
ရှောင်းဂျွန်မင်က ပြုံးလျက်စကားဆိုရင်း အခန်းထဲ လျှောက်ဝင်လာတာကိုမြင်မှ ရိပေါ်က စာကြည့်မျက်မှန်ကို ဖြုတ်ရင်း နေရာမှ ထရပ်လိုက်သည်။
"ဟာ မဖြစ်ပါဘူး မစ္စတာဂျွန်။ ထိုင်ပါဦး"
ဧည့်ထိုင်ခုံတွေဘက်ကို ညွှန်ပြရင်း သူကိုယ်တိုင်လည်း အလုပ်စားပွဲကနေ ထွက်လာသည်။ သောက်လက်စကော်ဖီဗူးကို ယူလာရင်း ရှောင်းဂျွန်မင်ကို လှမ်းမေးလိုက်သည်။
"မစ္စတာဂျွန် ကော်ဖီသောက်မယ်မဟုတ်လား"
"မသောက်တော့ဘူး ဆရာဝမ်။ ကျွန်တော် ဆရာဝမ်နဲ့ တိုင်ပင်စရာလေးရှိလို့ပါ"
တိုင်ပင်စရာ...
ရိပေါ်က စိတ်ထဲကနေရေရွတ်လိုက်သည်။ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ရင်း ရှောင်းဂျွန်မင်ကို အကဲခတ်ကြည့်လိုက်သည်။ ရှောင်းဂျွန်မင်က သူ့ကို ပြုံးပြနေသည်။ သူက စိတ်လှုပ်ရှားချင်သလိုဖြစ်နေပေမယ့် ရှောင်းဂျွန်မင်ကတော့ တည်ငြိမ်နေသည်။
ရိပေါ်က ကော်ဖီဗူးကို ဖွင့်သောက်ရင်း
"ပြောပါ မစ္စတာဂျွန်"
"Sean ကိစ္စပါ"
ရှောင်းကျန့်ကိစ္စဆိုတာကြောင့် ကော်ဖီဗူးကို ပြန်ချထားလိုက်ရင်း ဘာဆက်ပြောမလဲဆိုတာကို အာရုံစိုက်လိုက်သည်။ ရှောင်းဂျွန်မင်က စားပွဲပေါ်က ကော်ဖီဗူးကိုကြည့်ရင်း မျက်လုံးအကြည့်တွေကို သူ့ဆီပို့လာသည်။
"Sean က အာဖရိကကို သွားမလို့လုပ်နေတာ ဆရာဝမ်သိမယ်ထင်တယ်"
"..."
ရိပေါ်မှာ အံ့အားသင့်သွားပြီး အသံတောင်မပြုနိုင်ဘဲ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ့အမူအယာကိုမြင်မှ ရှောင်းဂျွန်မင်ကလည်း အံ့ဩသလို မျက်စချီသွားသည်။
"ဆရာဝမ်သိပြီးသားဖြစ်မယ်ထင်တာ"
ရိပေါ်က ခေါင်းခါလိုက်သည်။
"ကျွန်တော် မသိဘူးဗျ"
သူတို့နှစ်ယောက်လုံး ဘာမှဆက်မပြောမိကြဘဲ အသံတိတ်သွားသည်။ ရိပေါ်က ရှောင်းကျန့်နဲ့သူ တွေ့ခဲ့သည့် လွန်ခဲ့သော တစ်ပါတ်က အချိန်ကို ပြန်တွေးကြည့်နေမိသည်။ ရှောင်းကျန့်က ကျောင်းပြီးသွားတော့လည်း မနားရပါဘူးလို့ ပြောခဲ့တာကို သတိရသည်။
ဘာလို့မနားရတာလဲလို့တော့ သူ မမေးခဲ့မိပေ။ သူ့စိတ်ထဲထင်လိုက်သည်က မိသားစုလုပ်ငန်းမှာ ဝင်လုပ်ဖို့ ကြိုးစားနေလို့သာ ထင်ခဲ့တာဖြစ်လေသည်။ အတော်လေးကြာမှ ရှောင်းဂျွန်မင်က သက်ပြင်းချလိုက်ရင်း
"Sean က EU ရဲ့ ဒေသဖွံ့ဖြိုးရေးပရော့ဂျက်နဲ့ ဆီနီဂေါကို သွားမယ်ပြောတယ်။ အဲ့ဒီအလုပ်လည်း သူ ဘယ်အချိန်က လျှောက်ပြီး ရထားသလဲ ကျွန်တော်မသိဘူး။ မနေ့ကမှ ကျွန်တော်က သူ့ကို ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ပြင်စေချင်လို့ ပြောတော့မှ သိရတာပါပဲ"
ရှောင်းဂျွန်မင်က စကားကို ရပ်လိုက်ပြီး ဝမ်ရိပေါ်ကို လှမ်းကြည့်လိုက်သည်။ ဝမ်ရိပေါ်ကို ကြည့်ရသည်မှာ တကယ်ပဲ ဘာမှသိထားပုံမပေါ်ပေ။ သူပြောမှသာ သိရပြီး စဉ်းစားနေဟန်ရှိသည်။
"Sean ကို Xiao Group မှာ အလုပ်ဝင်ဖို့ပြောနေတာ ကျောင်းမပြီးခင်ကတည်းကပါ။ သူ မလုပ်ချင်ဘူးငြင်းနေတာရောကြောင့် ဘွဲ့ရအောင်တက်ပါစေဦးဆိုပြီး ဇွတ်ဖိအားမပေးခဲ့တာ"
"ကျွန်တော် ဘာကူညီရမလဲ မစ္စတာဂျွန်"
ရှောင်းဂျွန်မင်က သူ့ကို ခပ်တွေတွေစိုက်ကြည့်ရင်း
"သူ့ကို တားပေးဖို့ပါပဲ။ Sean က ဆရာဝမ့်စကားဆိုရင် နားထောင်မှာပါ"
"..."
"ဆရာဝမ်သိတဲ့အတိုင်းပဲလေ။ Sean က ကျွန်တော်တို့ Xiao မျိုးဆက်ရဲ့ တစ်ဦးတည်းသောဆက်ခံသူပါ။ ဒီလုပ်ငန်းတွေကို သူမလုပ်ချင်လို့ကို မရဘူး။ အခုတော့ ကျွန်တော်ရှိနေလို့ သူ နေလို့ရနေပေမယ့် ကျွန်တော်က အနားယူမယ်ဆို ဥက္ကဌရာထူးကို သူ့ပဲလွှဲပေးရမှာပဲလေ။ သူ မလုပ်ချင်ရင် ဒါရိုက်တာအဖွဲ့ဝင်တွေထဲကနေ ရွေးရတော့မယ်။ ဒါမျိုးတော့ ကျွန်တော်အဖြစ်မခံနိုင်ဘူး ဆရာဝမ်။ ဒီလုပ်ငန်းစုက ကျွန်တော်တို့ Xiao ကနေ စတည်ထောင်ခဲ့တဲ့လုပ်ငန်းပါ။ သူစိမ်းတွေလက်ထဲတော့ မလွှဲလိုက်နိုင်ပါဘူး"
"မစ္စတာဂျွန်က အနားယူတော့မလို့လား"
သူ့စကားကြောင့် ရှောင်းဂျွန်မင်ကပြုံးနေသည်။ သူပဲ စိတ်ထင်လို့များလားမသိ ရှောင်းဂျွန်မင်ရဲ့အပြုံးက အသက်မဲ့နေလေသည်။
"Sean ကို အလုပ်မှာ စိတ်ချရပြီဆိုရင်ပေါ့..."
ရှောင်းဂျွန်မင်အနေနဲ့ ၄၈ နှစ်ဆိုတဲ့ အသက်အရွယ်မှာ လုပ်နိုင် ကိုင်နိုင် ဦးဆောင်နိုင်နေပါလျက် ဘာကြောင့် အနားယူချင်နေသလဲဟု သူတွေးနေမိသည်။
"ကျန့်ကို အဲ့လိုပဲပြောရင်ကော"
"ကျွန်တော် အမျိုးမျိုးကြိုးစားပြီးပြီ ဆရာဝမ်။ Sean က မလုပ်ဘူးဆို ဘယ်လိုမှ ထပ်ပြောလို့မရတော့တာ ဆရာဝမ်လည်းသိတာပဲ"
ရိပေါ်က ခေါင်းညိမ့်လိုက်သည်။ ကျန့် ခေါင်းမာတာကိုတော့ သူလည်းသိပါသည်။
"ကျွန်တော် ပြောကြည့်ပါ့မယ်။ ရမယ်လို့တော့ အာမ,မခံဘူးနော်"
သူ့စကားကြားတော့ ရှောင်းဂျွန်မင်က စိတ်သက်သာရာရသွားသလို ပေါင်ကို လက်နဲ့ပုတ်ရင်း ကျေနပ်သွားလေသည်။
"ရမှာပါ။ Sean က ဆရာဝမ်စကားကလွဲပြီး ဘယ်သူပြောတာမှနားဝင်မှာမဟုတ်ဘူးလေ"
ရှောင်းဂျွန်မင်က ဒီအတိုင်းပြောနေပေမယ့် သူက အလိုလိုနေရင်း စိတ်မလုံသလိုဖြစ်နေမိသည်။ ပြန်တော့မယ့် ရှောင်းဂျွန်မင်ကို တံခါးဝအထိ လိုက်ပို့လိုက်သည်။
"ဪ..."
ရှောင်းဂျွန်မင်က တစ်ခုခုပြောလိုသေးဟန် လှည့်လိုက်သည်။ ထို့နောက် ရိပေါ်ကို စိုက်ကြည့်နေရင်း ဘာမှမပြောတော့ဘဲ
"နောက်ထပ် ဆုံကြရအောင် ဆရာဝမ်" ဟု ဆိုကာ ပြုံးပြနှုတ်ဆက်လို့ ထွက်ခွါသွားလေသည်။
ရိပေါ်က ရှောင်းဂျွန်မင်ရဲ့နောက်ကျောကို စိုက်ကြည့်ရင်း အတွေးများစွာနဲ့ ငိုင်နေမိသည်။ သူ့စိတ်ထဲ ရှောင်ဂျွန်မင်က ဒီစကားပြောဖို့ တစ်ခုတည်းကြောင့် ရောက်လာတာမဟုတ်ဘူးလို့ ထင်နေမိလေသည်။
-------------------
ညနေ ၆ နာရီကျော်နေပြီ။ ရိပေါ်သည် နာရီကို ခဏခဏကြည့်နေမိသည်။ ဒီညနေ ကျန့်နဲ့ တွေ့ချင်သည့်အကြောင်း message ပို့ထားသည်။ seen ပြထားပေမယ့် ဘာမှ reply မပြန်ထားပေ။ ဟိုတလောကမှ ဒီရက်ပိုင်းတော့ မအားလို့ ဦးငယ်ဆီ မလာနိုင်သေးဘူးနော်လို့ ပြောထားသည့်ရှောင်းကျန့်က ရောက်လာပါ့မလား မသေချာ။
အချိန်တွေက တဖြည်းဖြည်းနဲ့ ညဦးပိုင်းသို့ ချင်းနင်းဝင်ရောက်လာနေသည်။ ရှောင်းကျန့် ရောက်လာမှ တစ်ခါတည်းရုံးဆင်းလိုက်မည်ဟု တွေးထားတာကြောင့် သူ အခုထိ ပြန်ဖို့ မစဉ်းစားဖြစ်သေးပေ။
"မလာတော့ဘူးများလား"
ရိပေါ်သည် နှုတ်မှတီးတိုးရွတ်မိသွားသည်။
Beep beep...
Phone Vibrate သံကြောင့် လက်တွေက ဖုန်းရှိရာသို့ အလျင်အမြန်လှမ်းပြီးသားဖြစ်နေသည်။ "ဦးငယ် ကျွန်တော် ရောက်နေပြီ" ဟူသော phone message ကို ဖတ်ရင်း ရိပေါ်ရဲ့နှုတ်ခမ်းတွေက အလိုလိုပြုံးသွားလေသည်။
စာအုပ်တွေနဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူအစီအစဉ်တကျ သိမ်းဆည်းပြီးသည်နှင့် ရုံးခန်းအပြင်သို့ ထွက်ခဲ့လိုက်သည်။
"ဦးငယ်"
ရိပေါ်သည် car parking ဘက် ကြည့်နေရာမှ ခေါ်သံကြားရာသို့ လှည့်ကြည့်လိုက်သည်။ Motorbike parking မှာ ဆိုင်ကယ်ကို မှီရပ်နေသည့် ရှောင်းကျန့်က သူ့ကို လက်ထောင်ပြရင်း ပြုံးပြနေသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ရပ်မိတော့ ဘာစကားမှမဆိုမိကြသေးဘဲ တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်နေမိကြသည်။
"မလာတော့ဘူးထင်နေတာ"
ရိပေါ်က ရှောင်းကျန့်ရဲ့ အင်္ကျီပုခုံးထက်မှာ တင်နေသည့် သစ်ရွက်စလေးကို လက်နဲ့သပ်ဖယ်ချပေးလိုက်ရင်း ခပ်တိုးတိုးပြောသည်။
"ဦးငယ်ခေါ်ရင် ကျွန်တော်က မလာဘဲ နေမယ့်သူလား"
ပြန်ရုတ်သွားရန်ပြင်နေသည့် ဦးငယ်ရဲ့လက်ကို ဆွဲယူဆုပ်ညှစ်ထားလိုက်ရင်း သူဖြေတော့ ဦးငယ်က သူ့ကို ပြုံးကြည့်နေသည်။
"မအားဘူးပြောထားလို့လေ"
"ဦးငယ်အတွက်ဆို အမြဲအားတယ်"
ရိပေါ်က ခပ်တိုးတိုး အသံထွက်ရယ်လိုက်ပြီး လက်ကို အသာရုန်းဖယ်လိုက်ရင်း
"သွားရအောင်"
ဆိုင်ကယ်ကိုတစ်လှည့် ရှောင်းကျန့်ကို တစ်လှည့်ကြည့်ရင်း
"ကားကဘာဖြစ်လို့လဲ"
"ဟင့်အင်း ဘာမှမဖြစ်ဘူး။ ဦးငယ်နဲ့ ဆိုင်ကယ်အတူစီးချင်လို့"
ရိပေါ်က ပြုံးလိုက်ပြီး ဆိုင်ကယ်လက်ကိုင်ကို လှည့်ကစားနေသည်။ ရှောင်းကျန့်က ရယ်လိုက်ပြီး
"ကျွန်တော် ငယ်ငယ်က ဦးငယ်ရှေ့မှာ ထိုင်စီးသလိုလေ အခုရော ဦးငယ် ကျွန်တော့်ရှေ့မှာ ထိုင်မလား"
ရိပေါ်က "လူကြီးကို နောက်စရာလား" ဟုဆိုကာ ရှောင်းကျန့်ရဲ့ နားရွက်ဖျားကို မနာအောင် လှမ်းဆွဲလိုက်သည်။ ရှောင်းကျန့်က ဦးငယ်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။ နီးကပ်သွားချိန်မှာ ဦးငယ်ရဲ့ခါးကို ဆွဲဖက်ထားလိုက်ပြီး ပါးပြင်ကို ငုံ့နမ်းလိုက်သည်။
ရုတ်တရက်မို့ မင်သက်မိသွားတဲ့ ရိပေါ်က ချက်ချင်းအသိဝင်သွားပြီး ရုန်းထွက်လိုက်သည်။ ပတ်ဝန်းကျင်ကို အသာဝေ့ဝဲကြည့်ရင်း လူသူရှင်းလင်းနေတာတွေ့မှ သက်ပြင်းဖွဖွချလိုက်မိသည်။
"ဘယ်သူမှမရှိပါဘူး"
ရှောင်းကျန့်က တိုးတိုးပြောရင်း နောက်ဆုတ်သွားတဲ့ ဦးငယ်ကို ပြန်ဆွဲဖက်ထားသည်။
"ဒီနေရာက အမှောင်ရိပ်ကျတယ်လေ"
ရှောင်းကျန့်က တီးတိုးဆိုရင်း ဦးငယ်ရဲ့နှုတ်ခမ်းတွေကို ဖိကပ်နမ်းလိုက်သည်။
"ကျန့်..."
တားချိန်မရလိုက်ပါဘဲ သူ့နှုတ်ခမ်းတွေက ရှောင်းကျန့်ရဲ့ နှုတ်ခမ်းတွေထဲမှာ ပျောက်သွားရသည်။
"ကျန့်... တော် ... အွင့်"
ခေါင်းကို နောက်သို့ ဆုတ်ရှောင်ရင်း ရှောင်းကျန့်ရဲ့ပုခုံးတွေကို တွန်းဖယ်လိုက်သည်။ ရှောင်းကျန့်က သူ့ခေါင်းကို ထိန်းကိုင်ထားရင်း နှုတ်ခမ်းတွေကို မလွှတ်တမ်း ဖိစုပ်နမ်းနေလေသည်။
"အ့ ..."
လျှာအကိုက်ခံလိုက်ရတာကြောင့် ရှောင်းကျန့်ရဲ့မျက်နှာက ရှုံ့မဲ့သွားလေသည်။ လျှာကိုထုတ်ရင်း လက်နဲ့ ယပ်ခတ်သလို တဖျပ်ဖျပ်ယပ်နေသည်။
"ဦးငယ်က တကယ်လုပ်တာပဲ"
"တော်တော့လို့ ပြောနေတာကို ကျန့်က စကားမှနားမထောင်တာ။ ပြဦး တအားနာသွားလား"
"နာတာပေါ့။ လျှာပြတ်သွားပြီထင်တယ်"
ရှောင်းကျန့်က မကျေမနပ်ပြောရင်း ဦးငယ်ကို ရှုတည်တည်နဲ့ကြည့်နေသည်။ ဦးငယ်က ပြုံးရင်း သူ့မေးဖျားကို လှမ်းကိုင်သည်။
"ကျောင်းဝန်းထဲမို့ ဒီမှာမရဘူးပြောနေတဲ့ဟာ။ ကြည့်ရအောင် လျှာထုတ်"
"လူမှမရှိတဲ့ဟာ"
ရှောင်းကျန့်က မကျေနပ်သေးဟန်ဖြင့် သူ့လက်ကိုဆွဲဖယ်ရင်း သူ့ကို ဆိုင်ကယ်ဦးထုပ်ဆောင်းပေးသည်။ မျက်နှာမှုန်တေတေနဲ့ မေးသိုင်းကြိုးတပ်ပေးနေတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ရိပေါ်က ရယ်ချင်တာကို ထိန်းထားလိုက်ရသည်။ ရှောင်းကျန့်က သူ့အမူအယာကို မကျေမနပ်ကြည့်ရင်း
"ဦးငယ် မှတ်ထား"
"ဟော... ဘာလဲ ငြှိုးထားမလို့လား"
"ဟုတ်တယ်။ ပြန်ကိုက်မှာ... လျှာကိုတော့မဟုတ်ဘူး"
ပြီတီတီအပြုံးနဲ့သူ့ကိုကြည့်ပြီး ဦးငယ်ရဲ့မျက်နှာက နီရဲသွားသည်။
"ဘာ လဲ"
ဦးငယ်က သူ့လက်မောင်းကို လက်သီးနဲ့ ခပ်ဖွဖွလှမ်းထိုးသည်။ သူက တဟားဟားရယ်လိုက်ပြီး
"ဦးငယ် ရှက်နေလို့ မပြောတော့ဘူး"
"ကျန့်"
ရှောင်းကျန့်က ဦးငယ်ရဲ့လက်သီးဆုပ်ကို ဆွဲယူလိုက်ရင်း
"သွားရအောင်။ ဦးငယ်ကိုကြည့်ပြီး အသည်းယားလာပြီ။ ဆွဲနမ်းပြန်ရင် ဦးငယ်က စိတ်ဆိုးဦးမယ်"
ရိပေါ်က နှုတ်ခမ်းနှစ်လွှာကို စုတင်းထားပြီး ရှောင်းကျန့်ကို မျက်မှောင်ကုပ်ကြည့်သည်။ ရှောင်းကျန့်က ပြုံးရင်း ဆိုင်ကယ်ပေါ်ခွနေပြီဖြစ်တာကြောင့် ရိပေါ်ကလည်း နောက်မှာ ဝင်ထိုင်လိုက်သည်။
"ဦးငယ် အိတ် ဒီကိုပေး"
"ဒီမှာထားလို့ရတယ်လေ"
"ဟာ အိတ်ကို ကြားမှာထားတော့ ဦးငယ်နဲ့ကျွန်တော်နဲ့ထိမနေတော့ဘူးပေါ့။ ရှေ့မှာထားမယ်။ ပေးပါဆို"
ရိပေါ်က ငြင်းမနေတော့ဘဲ အိတ်ကိုလှမ်းပေးလိုက်သည်။ ရှောင်းကျန့်ရဲ့ခါးကို ဖက်ထားရင်း သားရေဂျာကင်ကို ဇစ်အပြည့်မဆွဲထားဘဲ ရင်ဘတ်အောက်ထိပဲ ဇစ်တင်ထားတာကြောင့် ရိပေါ်က ဇစ်ကို လည်ပင်းထိရောက်အောင် ဆွဲတင်ပေးလိုက်သည်။
"ဆိုင်ကယ်စီးရင်လေတိုးမှာကို"
"အဲ့လိုက ပိုလွင့်တယ် ဦးငယ်ရ"
"ဘာကိုလွင့်တာလဲ။ အေးတယ်"
ရှောင်းကျန့်က ရယ်ရင်း "အဘိုးကြီးလေးကိုချစ်မိတော့" ဟု တိုးတိုးဆိုသည်။ ရိပေါ်က ကြားလိုက်ပေမယ့် မကြားဟန်ဆောင်ရင်း "ဘာလဲ" ဟု မေးတော့ ရှောင်းကျန့်က
"ဦးငယ်ကိုချစ်တယ်" ဟု လှည့်ပြောပြီး မျက်စိတစ်ဖက်မှိတ်ပြသည်။
ဆိုင်ကယ်ကို အရှိန်နဲ့မောင်းထွက်လိုက်ပြီးနောက် ဦးငယ်ရဲ့လက်တွေက သူ့ခါးကို တင်းတင်းဖက်ထားတာကြောင့် ရှောင်းကျန့်က ကျေနပ်သွားလေသည်။
−−−−−−−−−−−−−−
"ဟင် ဘယ်ရောက်သွားပါလိမ့်"
Sue က ဟိုဒီဝေ့ဝဲကြည့်ရင်း ဇဝေဇဝါဖြစ်သွားသည်။
"ဘာရှာနေတာလဲ"
တစ်ဖက်အမှောင်ထဲ နံရံအကွယ်က ထွက်လာတဲ့ အသံကြောင့် Sue က လန့်သွားသည်။ Tommy ကိုမြင်လိုက်မှ သက်ပြင်းချလိုက်သည်။ စီနီယာဆိုသည့် power ကိုအရမ်းပြလွန်းသည့် Tom ကိုကြည့်မရသော်လည်း သူမတို့ရေစက်က မကုန်နိုင်ဘူးထင်လေသည်။ Tom က ဘွဲ့ရပြီးတော့ ဌာနမှာပဲ Master candidate အနေနဲ့ ပြန်လာတက်နေသည်။
"ကိုကို့ကိုတွေ့လိုက်လို့ပါ စီနီယာ..."
"Sean ကိုလား"
Sue က မျက်မှောင်ကျုံ့သွားသည်။ သူမက ကိုကိုလို့ ပြောတာကို Hilton လားလို့ မမေးဘဲ Sean လို့မေးလိုက်တာကြောင့် သူလည်း ကိုကို့ကို တွေ့လိုက်တာများလားဟု တွေးမိသွားသည်။
"စီနီယာရောတွေ့လိုက်လားဟင်"
Tom ရဲ့မျက်နှာက တစ်မျိုးဖြစ်သွားသည်လို့ ထင်သည်။ သို့သော် ချက်ချင်းပြန်ထိန်းပြီး အရေးမကြီးဟန်ဖြင့်
"မြင်လိုက်တယ်" ဟု ပြန်ဖြေသည်။
Sue က parking ဘက်ဆင်းသွားဖို့ပြင်သည်။
"ဘယ်သူ့ကို တွေ့လိုက်သေးလဲ"
Sue ကနားမလည်သလိုပြန်ကြည့်ရင်း
"ဘာကို ဘယ်သူ့ကိုတွေ့ရမှာလဲစီနီယာ။ ကိုကို့ကိုပဲတွေ့တာပေါ့။"
Tom ကစိတ်သက်သာရာရသွားသလိုမျက်နှာပေးဖြင့်
"သွားနှင့်မယ်။ နေခဲ့ဦးမှာလား"
Sue က Tom ရဲ့ ကျောပြင်ကိုနားမလည်သလိုကြည့်ရင်းကျန်ခဲ့သည်။
"ကိုကိုက ဘယ်လာတာပါလိမ့်"
အပေါ်ထပ်ကနေ ကိုကို့ကိုလှမ်းမြင်လိုက်တာကြောင့် ဆင်းလာခဲ့သော်လည်း အောက်ရောက်တော့ ကိုကိုကမရှိတော့ပေ။ Sue က စူပုပ်ပုပ်လေးဖြင့် အပေါ်ပြန်တက်ခဲ့လိုက်သည်။ ဆရာ့ရုံးခန်းရှေ့ကအဖြတ်မှာ ရုံးဆင်းသွားပြီမို့မရှိတာသိပေမယ့် Dr. Wang Yi Bo ဆိုသည့် အမည်စာသားလေးကို အသာထိပွတ်လိုက်ပြီး ရှက်ပြုံးလေးပြုံးလိုက်မိလေသည်။
−−−−−−−−−−−−−−−
ရိပေါ်သည် ဆိုင်ကယ်ကို မှီရပ်နေရင်း ရေပြင်ထဲ ကျောက်စရစ်ခဲတွေ ပစ်ဆော့နေသည့် ရှောင်းကျန့်ကို ငေးကြည့်လို့ စကားစရန် စဉ်းစားနေမိသည်။
ဘာမဆို သူ့ကို ဖွင့်ပြောမည်ဟု ထင်ထားသည့် ကျန့်က ဆီနီဂေါသွားမည်ကိုတော့ မပြောတာကြောင့် မေးသင့်မမေးသင့်ကိုလည်း တွက်နေရသည်။
"ကျန့်"
"ဗျာ"
ရှောင်းကျန့်က ပစ်ရန်ပြင်နေသည့် ကျောက်စရစ်ခဲကို ပြန်ချပြီး သူ့ကိုကြည့်လာသည်။
"အခု ဘာတွေလုပ်နေပြီလဲ"
"ရေထဲ ခဲပစ်နေတာလေ"
ရိပေါ်က မျက်မှောင်ကျုံ့လိုက်တော့ ရှောင်းကျန့်က ရယ်ရင်း သူနဲ့မျက်နှာချင်းဆိုင်က ခုံတန်းလျားရဲ့ ကျောမှီပေါ်တက်ထိုင်လိုက်သည်။
"အောက်မှာ ဆင်းထိုင်လေ။ သူများဖင်ထိုင်မှာကို ခြေထောက်ချထားတော့ မကောင်းဘူးပေါ့"
ရှောင်းကျန့်က ရယ်သည်။
"အဲ့ဒါမျိုးက အာရှသားတွေပဲတွေးမှာ။ အမေရိကားကလူတွေက အဲ့လိုအစွဲမျိုးမရှိကြပါဘူး"
နှုတ်ကသာ ထိုသို့ ပြောပေမယ့် ရှောင်းကျန့်က ရိပေါ်ပြောသည့်အတိုင်း ခုံပေါ်ဆင်းထိုင်လိုက်သည်။
"American Ways တွေက Asia နဲ့ Africa မှာအလုပ်မဖြစ်ဘူးနော် ကျန့်"
သူ့စကားကြောင့် ရှောင်းကျန့်က သူ့မျက်နှာကို စူးစိုက်ကြည့်လာသည်။
"ဒါကြောင့် အဲ့ဒီနေရာထိ သူတို့နဲ့အတူသွားနေပြီး တွဲလုပ်မလို့လေ"
ရိပေါ်က သက်ပြင်းချရင်း
"ဘာလို့ ဦးငယ်ကို မပြောတာလဲ"
"မပြောတာမဟုတ်ပါဘူး။ မပြောသေးတာပါ။ နောက်တော့ပြောမှာလေ"
"ဟိုရောက်သွားမှလား"
ရှောင်းကျန့်က ထိုင်နေရာမှ သူရပ်နေသည့်နားအထိ ထ လျှောက်လာရင်း သူနဲ့မျက်နှာချင်းဆိုင်မှာ ရပ်သည်။ ဆိုင်ကယ်ကို မှီရပ်နေသည့် သူ့ရဲ့ လေးတစ်ဖက်တစ်ချက်မှာ လက်တွေထောက်ထားရင်း မျက်နှာကို သူ့မျက်နှာနားအထိ တိုးကပ်လာသည်။
"ဦးငယ်"
"ဟင်"
"ကျွန်တော်က အများကြီးကြိုးစားမှာပါ"
"ဘာကိုလဲကျန့်ရဲ့"
ရိပေါ်က ရှောင်းကျန့်ပြောတာကို နားမလည်တာကြောင့် မျက်မှောင်တွေကျုံ့ရင်း ပြန်မေးလိုက်သည်။ ရှောင်းကျန့်က သူ့ပါးပြင်တွေကို ပွတ်သပ်ရင်း
"ကျွန်တော်တို့လက်တွဲကြတဲ့အခါ ဦးငယ်ဂုဏ်မငယ်စေရအောင် ကြိုးစားမယ်လို့ပြောတာ"
ရိပေါ်က ရှောင်းကျန့်ရဲ့လက်တွေကို ဆုပ်ကိုင်လိုက်ပြီး
"နေပါဦး... ဘယ်တုန်းက..."
"ဒီအတိုင်း ကျွန်တော့်သဘောထားကို ပြောပြတာပါ။ Professor Dr. Wang Yi Bo ရဲ့ husband ဆိုပြီး မိတ်ဆက်ပေးတဲ့အခါ ဦးငယ် မျက်နှာမငယ်နေစေရဘူး"
ရိပေါ်က ပြုံးလိုက်ရင်း
"ဒီကောင်လေးက ဦးငယ်ရဲ့ Husband ပေါ့"
ရှောင်းကျန့်မျက်နှာက သုန်မှုန်သွားသည်။
"မဟုတ်လို့လား"
ရိပေါ်က ရှောင်းကျန့်ကို စ ချင်သွားတာကြောင့် ချက်ချင်းမဖြေဘဲ မေးစေ့ကို အသာပွတ်ရင်း စဉ်းစားသလိုလုပ်နေသည်။ ရှောင်းကျန့်မျက်နှာက ရှုတည်တည်ဖြစ်နေရာက တင်းမာလာတာကြောင့် ရိပေါ်က မစတော့ဘဲ နဖူးကို လက်နဲ့အသာတောက်လိုက်ပြီး
"ဟုတ်ပါတယ်။ ဦးငယ်က မင်းအတွက်ပဲ"
ရှောင်းကျန့်နှုတ်ခမ်းတွေက ကျေနပ်စွာပြုံးသွားလေသည်။ ရိပေါ်က ရှောင်းကျန့်ကို သေချာစိုက်ကြည့်နေသည်။ ရှောင်းကျန့်က ပြုံးရင်း
"ဒါနဲ့ ဦးငယ်ကို အန်ကယ်လ်ဂျွန်က တားခိုင်းတာလား"
"..."
ချက်ချင်းပြန်မဖြေနိုင်ဘဲ နှုတ်ဆွံ့သွားတဲ့သူ့ကိုကြည့်ပြီး ရှောင်းကျန့်က ဟက်ခနဲ ရယ်သည်။ ရိပေါ်က တံတွေးတစ်ချက် မျိုချလိုက်ပြီး
"သူပြောတာကလည်း... ဖြစ်သင့်တယ်မဟုတ်လား"
ရှောင်းကျန့်မျက်နှာက တည်တင်းသွားပြီး
"ကျွန်တော် တတ်ထားတဲ့ပညာနဲ့ဆိုင်တဲ့အလုပ်ပဲ လုပ်မှာ"
"ကုမ္ပဏီလုပ်ငန်းက ကျန့်ပညာနဲ့မဆိုင်ဘူး ထင်နေတာလား။ ကျန့် သင်ထားတာ Social Science နဲ့ Community Development လေ။ အလွှာစုံကလူတွေရဲ့ နေထိုင်မှုစရိုက်တွေကိုပါ လေ့လာထားရတာ ပိုတောင် ဆက်နွယ်သေးတယ် မဟုတ်လား။ ကျန့်..."
ရိပေါ်က ဘယ်လက်ကို ရှောင်းကျန့်ရဲ့ ပုခုံးထက်တင်ထားပြီး ညာလက်က ရှောင်းကျန့်ရဲ ပါးတစ်ဖက်ကို အသာပွတ်သပ်နေသည်။ ရှောင်းကျန့်က သူ့ကို မျက်မှောင်တွန့်ကြည့်ရင်း
"ကျွန်တော့်ကိုပိုလိုအပ်တဲ့နေရာပဲသွားချင်တယ်"
"အခု Xiao Group က ကျန့်ကို လိုအပ်နေတယ်မဟုတ်လား"
"..."
"ဟင်... ကျန့်..."
ရှောင်းကျန့်က ဦးငယ်ကို စိုက်ကြည့်နေရင်းက အသည်းယားလာတာကြောင့် ဦးငယ်ရဲ့ခါးကို သိမ်းဖက်လိုက်ပြီး နှုတ်ခမ်းတွေကို ငုံ့နမ်းလိုက်သည်။ ရိပေါ်က ခေါင်းကို တိမ်းရှောင်လိုက်ပြီး
"နေဦး ကျန့်... ပြောနေတာမပြီးသေးဘူး"
"ဟင့်အင်း... နမ်းချင်တယ်... အရင်နမ်းမယ်..."
အွင့်...
နှုတ်ခမ်းတွေချင်း ခွါမရအောင် ဖိကပ်သွားကြသည်။ ရိပေါ်သည် အာခံတွင်းထဲ တိုးဝင်လာတဲ့ ရှောင်းကျန့်ရဲ့လျှာဖျားကို အသာအယာဆွဲရစ်ယူငင်ထားရင်း နမ်းစုပ်လိုက်သည်။
"အင်းးး..."
ရှောင်းကျန့်ဆီက နာကျင်သွားသလို ငြီးသံထွက်လာတာကြောင့် ရိပေါ်က နှုတ်ခမ်းတွေကို ပြန်ခွါလိုက်သည်။
"နာ နေ လား"
"ဦးငယ် ကိုက်ထားတာပဲလေ"
ရိပေါ်က ရယ်လိုက်ပြီး ရှောင်းကျန့်ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကိုင်ထားလိုက်သည်။
"လျှာ ထုတ်"
လျှာမှာ သူ ကိုက်ထားသည့်နေရာက အနီရောင်သမ်းနေပြီး သွေးစို့ချင်သလိုဖြစ်နေသည်။
"ဒီရက်ပိုင်း ပူတာတွေနဲ့ Alcohol တွေမသောက်နဲ့"
ရိပေါ်က ပြောပြီးသည်နှင့် လျှာကို သူ့လျှာနဲ့ အသာတို့ထိနမ်းလိုက်သည်။ လျှာကို အသာစုပ်ယူလိုက် နမ်းလိုက်လုပ်နေတာကြောင့် ရှောင်းကျန့်ရဲ့ကိုယ်က တွန့်ခနဲဖြစ်သွားသည်။
"ချစ်သူတွေရဲ့ love liquid က နာကျင်မှုတွေအားလုံးကို သက်သာစေတယ်တဲ့"
ဝုန်း...
"ကျန့် အင့်..."
ရှောင်းကျန့်က ရိပေါ်ကို အတင်းဖိချုပ်ဖက်နမ်းပစ်လိုက်တာကြောင့် ဆိုင်ကယ်ကိုမှီရပ်နေရာမှ အရှိန်လွန်ပြီး ဆိုင်ကယ်က လဲပြိုကျသွားသည်။ လူပါ ပါမသွားအောင် ရှောင်းကျန့်က ရိပေါ်ရဲ့ကိုယ်ကို ဆွဲပွေ့လိုက်ပြီး အနမ်းမပြတ်စေဘဲ အနီးက ခုံတန်းလျားမှာ ထိုင်ချလိုက်သည်။
"ကျန့် ... ဟင့်အင်း ... ဒီလိုမဖြစ်ဘူး"
ရှောင်းကျန့်ရဲ့ပေါင်ပေါ်မှာ ခွလျက်ထိုင်ရင်း အနမ်းခံနေရတဲ့ပုံစံက သူ့အတွက် ရှက်ရွံစိတ်ဖြစ်လာစေသည်။ အတင်းရုန်းဖယ်လိုက်ပေမယ့် ရှောင်းကျန့်က သူ့ခါးကို လက်နှစ်ဖက်လုံးနဲ့ သိမ်းကျုံးဖက်ထားရင်း
"ဦးငယ်ကဗျာ... ချစ်သူတွေလို့လည်းပြောတယ်။ ဟိုနေရာမှာ နမ်းလို့မဖြစ်ဘူး။ ဒီလိုပုံစံမနမ်းရဘူးနဲ့ အကန့်အသတ်တွေများလွန်းတယ်"
ရှောင်းကျန့်က သူ့ကို တင်းတင်းဖက်ထားရင်း မကျေမနပ်ပြောလာသည်။ ရိပေါ်က ရှောင်းကျန့်ရဲ့ ဆံနွယ်တွေကို အသာထိုးဖွရင်း နဖူးပြင်ထက် နှုတ်ခမ်းတွေနဲ့ ဖိကပ်လိုက်သည်။
"အဲ့လောက်ကန့်သတ်ထားတာတောင် မင်းက နာခံလို့လား"
ရှောင်းကျန့်က ရယ်နေသည်။ သူ့လည်ဂုတ်ကို ဆွဲယူနှိမ့်ရင်း နှုတ်ခမ်းတွေကို နမ်းသည်။ ရိပေါ်က မရုန်းတော့ဘဲ အလိုက်သင့် တုန့်ပြန်နမ်းလိုက်သည်။
---------------------
ဆိုင်ကယ်ကို အိမ်ရှေ့ပေါ်တီကိုအောက်ရပ်လိုက်တော့ ဒက်ဒီကားကို တွေ့လိုက်တာကြောင့် Hilton က ထူးဆန်းသွားသည်။ ဒီလိုနေ့လည်နေ့ခင်းတွေ ဒက်ဒီက အိမ်ပြန်လာတတ်လေ့မရှိပေ။ ဧည့်ခန်းထဲမှာ မာမီက ဖုန်းတစ်လုံးနဲ့ အလုပ်များနေသည်။
ကိုယ့်အခန်းကိုယ်သွားရန် အိမ်အပေါ်ထပ်လှေခါးထစ်တွေဆီ ပြေးတက်လိုက်သည်။
"သား ဖြည်းဖြည်းသွားဦး။ အပေါ်မှာ မင်း ဒက်ဒီနဲ့အန်ကယ်လ်ဂျွန်ရှိတယ်။ ဂျွန်နေမကောင်းလို့"
Hilton အံ့ဩသွားသည်။
"အန်ကယ်လ်ဂျွန်ကလေ... ဘာဖြစ်လို့လဲ မာမီ"
"မာမီလည်းသေချာမသိဘူး။ အစည်းအဝေးမစခင် မူးလဲလို့တဲ့။ အခု ဒေါက်တာချန်းကို ဖုန်းဆက်ခေါ်နေတာ။"
"Sean ရော သိလား"
"ဟင့်အင်း။ ဂျွန်က အရေးမကြီးဘူး မပြောနဲ့ဆိုလို့"
Hilton ငြိမ်သွားသည်။ အမြဲလို တည်ကြည်ခန့်ငြားပြီး ကျန်းမာဖျပ်လပ်နေသည် ထင်ခဲ့သော အန်ကယ်လ်ဂျွန်က မူးလဲသည်ဆိုလို့ ထူးဆန်းနေသည်။ အင်းလေ နေမဝင်အင်ပါယာကြီးတောင် နေဝင်သွားသေးတာပဲ ဟု Hilton က စိတ်ထဲမှာတွေးပြီး သူ့ဖာသာမလုံမလဲနဲ့ ဇက်ပုသွားရသည်။
---------------
"ဘယ်လိုနေသေးလဲ ဂျွန်ရှောင်း။ သက်သာရဲ့လား"
"အင်း"
မျက်လုံးတွေကိုမှိတ်ထားရင်း အင်း တစ်လုံးပြန်ဖြေပေမယ့် ဂျွန်ရှောင်းရဲ့မျက်နှာက အဆင်ပြေနေသည့်ပုံတော့ မပေါ်နေပေ။ မော်ဂန်က နဖူးထက်ချွေးစို့နေတာကို ပုဝါနဲ့ အသာတို့ထိသုတ်ပေးလိုက်သည်။ အခန်းထဲကို သဘာဝနေအလင်းရောင်ဝင်လာဖို့ နေရာမှထရင်း ခန်းဆီးလိုက်ကာကို အသာလှပ်လိုက်သည်။
"မော်ဂန်"
"ဟင်... ဘာလဲ ဂျွန်ရှောင်း။ ဘာလိုချင်လို့လဲ"
မော်ဂန်က အိပ်ယာနံဘေးမှာ ပြန်ဝင်ထိုင်လိုက်ရင်း ရင်ဘတ်ပေါ်တင်ထားသည့် ဂျွန့်လက်တွေပေါ် ထပ်အုပ်ကိုင်လိုက်သည်။
"ဘာမှမလိုပါဘူး။ ဒီနားမှာပဲနေပါ"
"ဘာဖြစ်သွားတာလဲဂျွန်။ ဒေါက်တာချန်းနဲ့တင်ဖြစ်ပါ့မလား။ ဆေးရုံသေချာတက်ပြီး စစ်ဆေးမှဖြစ်မယ်ထင်တယ်"
ရှောင်းဂျွန်မင်က ခပ်တိုးတိုးရယ်လိုက်သည်။ ရယ်နေရင်းက ရင်ဘတ်ကအောင့်သွားတာကြောင့် မျက်နှာက ရှုံ့မဲ့သွားလေသည်။
"ဂျွန်ရှောင်း"
"ဒီရက်ပိုင်း အလုပ်ပင်ပန်းသွားလို့ပါ။ နားလိုက်ရင်သက်သာသွားမှာပါ"
"တကယ်သေချာရဲ့လား"
"ငါ့ကို စိုးရိမ်နေတာလား"
"ငါဖြစ်ရင်ကော မင်းလည်း ဒီလိုဖြစ်နေမှာပဲမဟုတ်ဘူးလား"
မော်ဂန်က ပြောပြီး ဂျွန်ရှောင်းရဲ့လက်တွေကို ဆုပ်ယူပြီး သူ့ရင်မှာ ကပ်ထားလိုက်သည်။ ဂျွန်က သူ့ကို စိုက်ကြည့်နေရင်း သူ့ပုခုံးကို ဆုပ်ကိုင်ပြီး အသာဆွဲချသည်။ မော်ဂန်က ရှောင်းဂျွန်မင်ရဲ့ရင်ခွင်မှာ မျက်နှာအပ်ထားရင်း
"အရင်လို တင်းမာခက်ထန်နေတာမျိုးပဲ ပြန်မြင်ချင်တယ်ဂျွန်ရှောင်း။ ဒီလိုဖျော့တော့အားနည်းနေတာ မင်းမဟုတ်သလိုပဲ"
"ငါဘာမှမဖြစ်ပါဘူး"
"အင်း ဘာမှမဖြစ်နဲ့။ မင်း ဘာမှမဖြစ်ရဘူး"
Hilton သည် ဟ ထားသည့်တံခါးကို အသံမကြားအောင် ပြန်ပိတ်လိုက်ရင်း နောက်ကို ခြေ ၅ လှမ်းလောက်ဆုတ်သွားသည်။ သူ့ရင်တွေတဒိတ်ဒိတ်ခုန်နေပြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ရင် နေသည်။
သူမြင်လိုက်ရသည့်မြင်ကွင်းကို မယုံနိုင်သလိုဖြစ်နေပြီး နောက်တစ်ကြိမ်ထပ်ကြည့်ဖို့လည်း သတ္တိမရှိတော့ပေ။ လှေခါးထစ်တွေအတိုင်း ပြေးဆင်းလိုက်တော့ လှေခါးတဝက်မှာ အပေါ်တက်လာနေသည့် မာမီနဲ့ဆုံသည်။
"Hilton သား ဘယ်သွားပြန်ဦးမလို့လဲ။ ကျောင်းပြီးသွားလည်း အိမ်မှာမနေဘူးနော်"
မာမီ့စကားကို ပြန်မဖြေဘဲ အိမ်ပြင်ပြေးထွက်ခဲ့သည်။ အူကြောင်ကြောင်နဲ့ ခြံဝထိပြေးထွက်လာပြီးမှ ပြန်လှည့်ရင်း ဆင်ဝင်အောက် ရပ်ထားသည့် ဆိုင်ကယ်ပေါ်တက်ခွရင်း အမြန်မောင်းထွက်လာခဲ့လိုက်သည်။
Sean ဆီသွားရမည်လား။ စိတ်ကတွေးနေပေမယ့် တကယ်ရောက်သွားတာက ကျောင်းဘက်ကို ဖြစ်နေသည်။ Sue ကိုသတိရပြီး Agriculture Building ဘက် မောင်းခဲ့လိုက်သည်။
---
---
---
"ကိုကိုက ထူးထူးဆန်းဆန်း Sue ဆီ လာလို့ပါရော"
Sue က ကျောင်းသားတွေနားနေခန်းမှာ ထိုင်စောင့်နေတဲ့သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်းပြောသည်။ Hilton က ဘာမှပြန်မပြောဘဲ Sue ကိုသာ စိုက်ကြည့်နေမိသည်။ Sue က သူ့အမူအယာကို မရိပ်မိဘဲ စကားတွေဆက်ပြောနေသည်။
"ကိုကို ဘာစားမလဲ။ canteen မှာ မုန့်သွားဝယ်လိုက်ဦးမယ်"
သူ့ကိုဘာစားမလဲမေးပြီး ပြန်ဖြေတာကျမစောင့်ဘဲ ထွက်သွားသည်။ သူမြင်လိုက်တာတွေ Sue ကိုပြောရမည်လားစဉ်းစားရင်း မပြောဖို့သာ ဆုံးဖြတ်လိုက်သည်။ Sue သိတော့ရော ဘာများကောင်းသွားမှာမို့လဲ။ ကျောင်းတက်နေသည့် ညီမဖြစ်သူကို စိတ်ရှုပ်အောင်လုပ်သလိုသာဖြစ်လိမ့်မည်။
Sue ကို မစောင့်တော့ဘဲ ပြန်မည့်အကြောင်းဖုန်းဆက်ပြောရန်လုပ်နေစဉ်မှာပဲ Sue က ဖုန်းကို စားပွဲပေါ်တင်ထားခဲ့တာကို သတိထားမိတော့သည်။ Sue ပြန်အလာကို စောင့်နေရင်း ဖုန်းမက်ဆေ့ဂျ်ဝင်လို့ လင်းလာတဲ့ ညီမဖြစ်သူရဲ့ဖုန်းကို ဘာရယ်မဟုတ် ယူကြည့်လိုက်သည်။
"trip လိုက်မှာမဟုတ်လား" ဆိုသည့် စာကို မြင်လိုက်သည်။ သူငယ်ချင်းတွေဖြစ်ပုံရသည်။ ဂရုထဲမှာ သူတို့သူငယ်ချင်းတွေ စာပို့နေကြတာတွေကို မကြည့်တော့ဘဲ ဖုန်းပြန်ချထားလိုက်သည်။ Gallery ထဲက သူတို့ဘွဲ့ဓါတ်ပုံတွေ memory မှာ တက်နေတာမြင်လိုက်တာကြောင့် Hilton က ပုံတွေကို လိုက်ကြည့်နေမိသည်။
ဟင်...
ပုံတွေတစ်ပုံချင်းကြည့်နေရင်း သူ့ရင်တွေ တဒိန်းဒိန်းဖြစ်လာပြန်သည်။
Oh My God!
Gallery ထဲမှာ သူတို့ဘွဲ့ယူတုန်းက ရိုက်ပေးထားသည့်ပုံတွေအပြင် Professor Wang ရဲ့ ဓါတ်ပုံတွေကိုပါတွေ့လိုက်ရတာကြောင့် Hilton တစ်ယောက် ဘုရားပါ တ မိသည်အထိ ဖြစ်သွားရသည်။
မိသားစုပုံတွေ၊ တစ်ခြားသူပုံတွေနဲ့ရောနေတာကြောင့် အမှတ်တမဲ့ကြည့်ရင် မသိသာပေမယ့် သေချာ တစ်ပုံချင်းထောက်ကြည့်နေတဲ့ Hilton ကတော့ မျက်နှာပျက်လာလေသည်။ သုတေသနခန်းထဲမှာ Lab coat နဲ့ အလုပ်များနေသည့်ပုံ၊ Farm site, Green House မှာ အပင်တွေစစ်ဆေးနေသည့်ပုံ၊ Professor Wang ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ခိုးရိုက်ထားပုံရလေသည်။
Sue ကလေ... သူ့ညီမ Sue က ...
စိတ်အလိုလိုက်ပြီး တေတေပေပေနေနေရာက ရုတ်တရက်ကြီး Agriculture ဝင်ခွင့်ဖြေမည်လို့ ဆုံးဖြတ်တာတွေ၊ ကျောင်းမှာပဲအနေများပြီး အလွန်ကြိုးစားနေတဲ့ သူ့ညီမအကြောင်း စဉ်းစားရင်း လူက တုန်တုန်ရင်ရင်ဖြစ်လာလေသည်။
Hilton သည် ဖုန်းကို သူ့နေရာသူ ပြန်ချထားလိုက်ရင်း အသက်ရှူကြပ်သလိုဖြစ်လာသည်။ ဒီဇင်ဘာနေ့လည်ခင်းမှာ ချွေးပျံလာတာကြောင့် မျက်နှာကို လက်ဖဝါးနှစ်ဖက်နဲ့ ပွတ်သုတ်နေမိသည်။ တစ်ဖက်လူတွေရဲ့ privacy တွေကို ချိုးဖောက်မိရာက သူခံစားလိုက်ရသည့်ထိချက်တွေက အားပြင်းလွန်းလှသည်။
"ကိုကို... ကိုကို့အတွက် ကော်ဖီပဲယူလာခဲ့တယ်"
သွက်လက်တက်ကြွစွာ ပြုံးရွှင်နေသည့် ညီမငယ်ကို သူငေးကြည့်နေမိသည်။
"ကိုကို ဘာဖြစ်နေတာလဲ။ ချွေးတွေထွက်လို့ နေမကောင်းဘူးလား"
Sue က ကော်ဖီဗူးကို စားပွဲပေါ်တင်ရင်း သူ့မျက်နှာ၊ နဖူးကို လာစမ်းကြည့်နေသည်။
"ကိုယ်တော့မပူပါဘူး"
"ဘာမှမဖြစ်ပါဘူး။ ကိုကို ပြန်တော့မယ် Sue. ကျောင်းပိတ်ရက်အိမ်ပြန်လာဦး"
"ဟုတ်"
"နေခဲ့တော့လေ။ အပြင်ကအေးတယ်"
သူ့ကို parking အထိ လိုက်ပို့ရန်ပြင်နေသည့် ညီမဖြစ်သူကို တားရင်း ဆံပင်တွေကို အသာဖွလို့ နှုတ်ဆက်လိုက်သည်။
အားမရှိသူလို လေးလံသည့်ခြေလှမ်းတွေနဲ့ လျှောက်လာရင်း ဆိုင်ကယ်နားကို ဘယ်လိုရောက်လာမှန်းပင်သတိမထားမိလိုက်ပေ။
တစ်နေရာရာတော့ သွားမှဖြစ်မည်။ သူခံစားနေရတာတွေ တစ်ယောက်ယောက်ကို ဖွင့်ပြောလိုက်ရမှ နေသာထိုင်သာရှိလိမ့်မည်ထင်သည်။ မဟုတ်ရင် သူရူးသွားလိမ့်မည်လား။ Victor ကို သတိရသွားသည်။ Will နဲ့ Fred တို့ နှစ်ယောက်ကတော့ ဘွဲ့ယူပြီးကတည်းက သူတို့အိမ်တွေဆီခဏပြန်သွားကြသည်။
Hilton သည် နှုတ်ခမ်းတွေကို ကိုက်ထားလိုက်ရင်း ဆိုင်ကယ်ကို Victor ရှိရာသို့ ဦးတည်လိုက်သည်။ ဟုတ်တယ်... Victor ဆီသွားရမည်။ ဒီကောင်က အပြင်မှာ တစ်ယောက်တည်း အခန်းငှါးနေသူဖြစ်တာကြောင့် သူ့အခန်းမှာ လွတ်လွတ်လပ်လပ် သွားပေါက်ကွဲနိုင်လေသည်။
---------------------
"Victor..."
အခန်း password ကသိနေပြီးသားဖြစ်တာကြောင့် တန်းနှိပ်ပြီး Victor ကို အော်ခေါ်ရင်း အခန်းထဲပြေးဝင်လိုက်သည်။
"Sean..."
"ဘာဖြစ်လာတာလဲ"
Victor ကိုမတွေ့ရသေးခင် ဧည့်ခန်းထဲကခုံမှာ အကျအနထိုင်ရင်း Macbook တစ်လုံးနဲ့ အလုပ်များနေသည့် Sean က သူ့ကို မော့ကြည့်ရင်း မေးလာသည်။ Hilton က တံတွေးမျိုချရင်း ဘာမှပြန်မဖြေဘဲ ငေါင်ငေါင်ကြီးရပ်နေမိသည်။
"Hilton လာထိုင်လေ။ ဘာရပ်လုပ်နေတာလဲ"
Kitchen room ထဲကနေ ပေါင်မုန့်မီးကင်နဲ့ ဝက်ပေါင်ခြောက်တွေကို ဗန်းထဲထည့်ပြီး ထွက်လာသည့် Victor က မိုးတိုးမတ်တပ်ဖြစ်နေသည့် သူ့ကို မေးဆတ်ပြရင်း ပြောလာသည်။
"အွန်း..."
Hilton က စိတ်ဝိညာဉ်ကင်းကွာနေသူလို ပြန်ဖြေရင်း Sean နဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်။
"Sean မုန့်အရင်စားဦး။ Hilton ရော စား။ ဘယ်က ဘယ်လိုရောက်လာတာလဲ။"
Victor က နှစ်ယောက်စလုံးကိုပြောရင်း Hilton ရဲ့ဘေးမှာ ဝင်ထိုင်သည်။ ရှောင်းကျန့်က ပေါင်မုန့်ကို လှမ်းကိုင်ပြီးမှ ပြန်ချထားရင်း
"ပူသေးတယ်။ အေးမှစားတော့မယ်"
"ပူတုန်းစားမှကောင်းတာဟ"
ရှောင်းကျန့်က ပြန်မဖြေဘဲ ပြုံးစိစိနဲ့ငြိမ်နေသည်။ ဦးငယ်က သူ့ကို ဒီရက်ပိုင်း အပူတွေမစားဖို့ ပြောထားတယ်မဟုတ်လား။ Hilton က ဆံပင်တွေကို ထိုးဖွရင်း ဘာစကားမှမပြောဘဲ ထိုင်နေသည်။ Victor နဲ့တွေ့ရင် ပြောမည်လို့ စိတ်ကူးထားတာတွေလည်း အစထုတ်မရတော့ပေ။
"Sean..."
"ဟင်"
"..."
ခေါ်ပြီး အတန်ကြာသည်အထိ ဘာမှမပြောတဲ့သူ့ကို ရှောင်းကျန့်က မော့ကြည့်ရင်း ဘာလဲဟုဆိုကာ မေးဆတ်ပြသည်။
"Sue...'
"Sue ဘာဖြစ်လို့လဲ"
ရှောင်းကျန့်က Macbook ကို ပိတ်လိုက်ပြီး ရေကိုဖန်ခွက်ထဲငှဲ့ရင်းမေးသည်။
"သူ ... trip သွားကြမလို့လားမသိဘူး"
Sean နဲ့ Victor နှစ်ယောက်စလုံးက သူ့ကိုနားမလည်သလိုကြည့်လာကြသည်။
"အဲ့ဒါဘာဖြစ်လဲ။ ဒီရာသီက ဌာနတိုင်းက trip သွားကြတဲ့အချိန်ပဲလေ။ ငါတို့တုန်းကလည်း သွားခဲ့ကြတာပဲ။ ဘာထူးဆန်းနေလို့လဲ"
Victor ရဲ့အပြောကို သူဘာမှမတုန့်ပြန်နိုင်ဘဲ နှစ်ယောက်ထိုင်ခုံပေါ် မှောက်လျားကြီးလှဲအိပ်ချလိုက်သည်။ စိတ်တွေက ရှုပ်ထွေးနောက်ကျိနေတာကြောင့် ငြိမ်နေတာက ပိုအဆင်ပြေမည်ဟုသာ တွေးလိုက်ရတော့သည်။
"မင်း ဘာဖြစ်နေတာလဲ Hilton"
Sean က တွေးဆဆဖြင့်မေးသည်။ Hilton က ခေါင်းခါရင်း
"ဘာမှမဟုတ်ပါဘူးကွာ။ Sue တို့ကျောင်းဘက်ရောက်ခဲ့တယ်။ Sue ကိုကြည့်ရတာ..."
သူ ဆက်မပြောဖြစ်ဘဲ စကားကိုရပ်လိုက်သည်။ Victor က ရယ်လိုက်ပြီး
"ဘာလဲ Sue ကို ကြည့်ရတာ တည်ငြိမ်လာတယ်။ အရင်နဲ့မတူတော့ တစ်ခုခုပြောင်းလဲနေတယ်။ ဥပမာ- Sue မှာ ချစ်သူတွေဘာတွေရနေပြီလို့ မင်း ထင်နေတာမဟုတ်လား။"
အဲ့လိုဖြစ်နေရင်တောင် တော်ဦးမည်လို့စိတ်ကတွေးလိုက်ပေမယ့် အပြင်မှာတော့ ဘာမှမပြောဖြစ်လိုက်ပေ။ Hilton ငြိမ်သွားတာကိုပဲ Victor က သူ့စကားထိရောက်သွားပြီယူဆကာ ဆက်ပြောနေသည်။
"တက္ကသိုလ်ရောက်သွားတဲ့အခါ အတော်များများက တက္ကသိုလ်ကျောင်းသားဆိုတဲ့ အရှိန်အဝါနဲ့ အနည်းနဲ့အများတော့ တည်ငြိမ်သွားကြတာပါပဲကွာ။ မင်းကဘာတွေစိုးရိမ်နေတာလဲ။ Sue ကို နှမျောနေတာတော့မဟုတ်ဘူးမို့လား"
"မဟုတ်ပါဘူးကွာ။ အဲ့လိုဆိုတော်သေး..."
"အခုကဘာဖြစ်နေလို့လဲ"
Sean ကဖြတ်မေးလိုက်တာကို သူဘာမှပြန်မဖြေဘဲ Sean ကိုသာ ငေးစိုက်ကြည့်နေလေသည်။
"မင်း ဘယ်တော့သွားမှာလဲ"
ဘာမှမဆိုင်တာကို မေးလိုက်တာကြောင့် Sean က ချက်ချင်းပြန်မဖြေသေးဘဲ သူ့ကို ပြန်စိုက်ကြည့်နေသည်။ ခဏကြာမှ
"ရှေ့တစ်ပါတ်ထဲ"
"၃ လ ဆိုတာမကြာပါဘူး။ အန်ကယ်လ်ဂျွန်ရော သိပြီးပြီလား"
"အင်း"
"Sean ကို မေးမနေနဲ့။ မင်းကရော ဘယ်တော့သွားမှာလဲ"
"နောက် ၂ ရက်နေရင်"
သူတို့ ၃ ယောက် ဘာမှထပ်မပြောမိကြဘဲ အသံတိတ်သွားကြသည်။ Hilton က ဘရာဇီးက Organic Coffee project ကို သွားရောက်မည်ဖြစ်သည်။ Victor က ပေါင်မုန့်တစ်ချပ်ကို ယူစားရင်း
"မင်းတို့ ၂ ယောက်လည်း ရှာမှရှားပဲ။ မိဘလုပ်ငန်းရှိနေတာတောင် မလုပ်ချင်ကြဘူးတဲ့။ သူများတွေ လိုချင်လို့တောင် မရနိုင်တဲ့ ရေကန်အသင့် ကြာအသင့် အခြေအနေကို"
ရှောင်းကျန့်နဲ့ Hilton တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသွားကြသည်။ အများအမြင်မှာ သူတို့ရွေးချယ်မှုက ထူးဆန်းကောင်းထူးဆန်းနေပေလိမ့်မည်။ သို့သော်လည်း ဒီအတိုင်းသွားဖို့ သူတို့မှာ အရင်ကတည်းက အစီအစဉ်ရှိထားပြီးသားဖြစ်လေသည်။
--------------------
ရိပေါ်သည် ကားကို မော်တော်ယာဉ်ဌာနဘက်က parking မှာ ရပ်လိုက်ပြီး ကားသော့ကို မော်တော်ယာဉ်ချုပ်ဆီအပ်လိုက်သည်။ တက္ကသိုလ်မှာ ကျောင်းကိစ္စ သို့မဟုတ် သုတေသနအတွက် အသုံးလိုတဲ့အခါ ကျောင်း မော်တော်ယာဉ်ဌာနမှကားတွေကို အသုံးပြုခွင့်ရှိလေသည်။ ကားအသုံးပြုထားသည့် အချိန်နေရာမှာ ပြန်အပ်ပြီးကြောင်း လက်မှတ်ထိုးပြီးတာနဲ့ နှုတ်ဆက်ပြီး ရုံးခန်းဘက်သို့ ပြန်လာခဲ့လိုက်သည်။
အရင်ရက်တွေကတော့ ဌာနရှိတဲ့ ၈ လွှာအထိကို လှေခါးကနေတက်ခဲ့ပေမယ့် ဒီနေ့တော့ မနက်အစောကတည်းက Farm မှာ plant data တွေယူရ၊ မြေဆွေးတွေလုပ်ခဲ့ရနဲ့မို့ ပင်ပန်းနေတာကြောင့် ဓါတ်လှေခါးနဲ့ပဲတက်ရန် ခေါ်လိုက်သည်။
ဓါတ်လှေခါးကို စောင့်နေရင်း Canteen ဘက်ကို ကြည့်မိတော့ နေ့လည်စာမစားရသေးတာ သတိရပြီး ထမင်းဗူးဝယ်ရန် ဝင်လိုက်သည်။
"10 dollars ကျပါတယ် Professor"
Cashier မှာ ပိုက်ဆံရှင်းပြီးပြန်အလှည့်
"Wang!"
အသံကြားရာ ကြည့်လိုက်တော့ Hannah ကို တွေ့လိုက်ရသည်။
"Hi Hannah!"
"Farm က ပြန်လာတာလား Wang"
"ဟုတ်တယ် Hannah. နေ့လည်စာလား"
"တို့က နေ့လည်စာ စားပြီးပါပြီ။ ဧည့်သည်ကို ကော်ဖီလိုက်တိုက်တာ"
ဒီတော့မှ ခပ်လှမ်းလှမ်းမှာ ရပ်ရင်း သူ့ကို ပြုံးပြနေတဲ့ Thea ကို သတိထားမိသည်။ သူလည်း Thea ကို ခေါင်းငဲ့ပြုံးပြနှုတ်ဆက်လိုက်သည်။
"Wang ရော ကော်ဖီလိုက်သောက်ဦးလေ"
"မလိုက်တော့ဘူး Hannah. ကျွန်တော် ကွင်းက ပြန်လာတာဆိုတော့..."
ရိပေါ်က Research Farm က ပြန်လာတာကြောင့် ကွင်းဆင်းအဝတ်အစားတွေနဲ့ဖြစ်နေသည့် သူ့ကိုယ်သူငုံ့ကြည့်ရင်း အငြင်းစကားဆိုသည်။ မလှမ်းမကမ်းမှာရပ်နေသည့် Thea က သူတို့ရှိရာသို့ လျှောက်လာနေသည်။
"Hi Good Afternoon Dr. Wang!"
"Noon Thea!"
"Could you please join with us?"
"ကိုယ်လည်းခေါ်နေတာ။ Wang က ကွင်းကပြန်လာတာဆိုတော့ အဆင်မပြေလို့ငြင်းနေတာလေ"
Thea က သူ့ကိုကြည့်ရင်း
"ကျွန်မတို့ ကော်ဖီဆိုင်က စောင့်နေမယ်လေ။ Dr. အဝတ်လဲပြီးမှပြန်ဆင်းလာပေါ့"
Hannah က လုပ်ဖော်ကိုင်ဖက်မို့ ငြင်းရတာ အချင်းချင်းကိစ္စမရှိပေမယ့် သူစိမ်းဖြစ်တဲ့ Thea ကိုကျ အားနာတာကြောင့် ရိပေါ်က အဝတ်လဲပြီး ပြန်ဆင်းလာမည့်အကြောင်းပြောလိုက်ရသည်။
အပေခံ အကြမ်းခံဝတ်ထားတဲ့ Farm Suit ကနေ ခဲပြာရောင်အနောက်တိုင်းဝတ်စုံ office suit အပြည့်အစုံနဲ့ ပြန်ရောက်လာတဲ့ ရိပေါ်ကို Thea က စိုက်ကြည့်ရင်း ဘယ်လိုနေနေ တကယ်ကြည့်ကောင်းတဲ့ အမျိုးသားပဲဟု စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။
"Wang... coffee"
"Thanks Hannah"
ရိပေါ်က Hannah ကမ်းပေးသည့် ကော်ဖီခွက်ကို လှမ်းယူလိုက်ရင်း ကျေးဇူးစကားဆိုလိုက်သည်။ ၃ ယောက်ထိုင်စားပွဲဝိုင်းမှာ ဖိုခနောက်ထိုင်နေကြတာကြောင့် ၃ ယောက်မျက်နှာချင်းဆိုင်အနေအထား ဖြစ်သည်။ Thea က သူ့ကို ပြုံးပြရင်း
"Hannah ဆီတော့ ရောက်ဖြစ်တယ်။ Dr. Wang နဲ့တော့ အခုမှဆုံဖြစ်တော့တယ်"
"ဪ ဟုတ်ကဲ့။ ကျွန်တော်တို့က Department မတူတော့ Building လည်းမတူဘူးလေ။ ဒါကြောင့် အမြဲတမ်းဆုံဖြစ်ဖို့တော့ မလွယ်ဘူးပေါ့။ ဒီနေ့သာ တိုက်ဆိုင်လို့ Canteen မှာလာဆုံတာ"
Hannah ကလည်း ဟုတ်တယ် ဟုဆိုကာ ခေါင်းညိမ့်ထောက်ခံရင်း
"Farm သွားရရင် အရမ်းပင်ပန်းတာ။ Wang ကနားချင်နေမှာဆိုတော့ အားနာစရာ" ဟု တကယ်လည်း အားနာဟန်ဖြင့် ပြောသည်။
"it's ok Hannah. Mr. John ရော နေကောင်းရဲ့လား။"
ရိပေါ်က Hannah ကို ပြန်ဖြေရင်း Thea ကိုပါ တစ်ဆက်တည်းမေးလိုက်သည်။
စကားဆက်ရန် ဒီအချက်ကိုစောင့်နေသည့် Thea က ဝမ်းသာသွားလေသည်။
"John နေကောင်းပါတယ်။ Sean ကြောင့်တော့ စိတ်ပင်ပန်းနေရမယ်ထင်တယ်။ သူတို့တူဝရီးရဲ့ တစ်ချို့ကိစ္စတွေ Thea က detail မသိနေတော့ သိပ်တော့မပြောတတ်ဘူးပေါ့လေ။ Sean ကို အိမ်ထောင်ချပေးဖို့ လုပ်နေတာတော့သိတယ်"
ရိပေါ် အံ့အားသင့်သွားသည်။ မျက်နှာအမူအရာကို ချက်ချင်းပြန်ထိန်းလိုက်နိုင်တာကြောင့် ဘယ်သူမှတော့ သတိမထားမိလိုက်ပေ။ Hannah က အံ့ဩစွာ မေးခွန်းဖြတ်မေးလိုက်တာကြောင့်လည်း Thea ရဲ့အာရုံက ပြောင်းသွားတာကြောင့်လည်း ရိပေါ်ကို သေချာအကဲမခတ်လိုက်ရတာလည်းပါသည်။
"Sean ကို အိမ်ထောင်ချပေးမယ်ဟုတ်လား။ ဘယ်သူနဲ့လဲ။"
"Morghan မိသားစုက သမီးနဲ့လေ။ Sue Morghan နဲ့"
ကော်ဖီခွက်လက်ကိုင်ကိုကိုင်ထားသည့် ရိပေါ်ရဲ့လက်တွေ တင်းသွားလေသည်။ စိတ်ထဲမှာလည်း မယုံနိုင်လောက်အောင် အံ့ဩသွားခဲ့ရသည်။ ရှောင်းကျန့်နဲ့ Sue ကို မောင်နှမအရင်းတွေလိုပဲလို့ သိထားခဲ့ပြီး နှစ်ယောက်စလုံးရဲ့ဆက်ဆံရေးကလည်း တကယ့်အစ်ကိုနဲ့ညီမလိုသာဖြစ်တာကို သူ့မျက်မြင်ဖြစ်သည်။
Hannah ကလည်း အတော်လေးအံ့ဩနေပုံရသည်။ ဆက်ပြောနေကြသည့်စကားတွေက ရိပေါ်ရဲ့ နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်ဖြစ်နေသည်။
"ခေါင်းမာလွန်းတဲ့ Sean ကို လက်ခံအောင်နားချဖို့ John က Dr. Wang ကိုအကူအညီလာတောင်းလိမ့်မယ်ထင်တယ်"
ရိပေါ်က Thea ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ Thea က ရိပေါ်ရဲ့မျက်နှာအပြောင်းအလဲကို အမိအရဖမ်းယူနေသည်။ ဘာမှထူးခြားဟန်မရှိသောပုံစံဖြင့် Dr. Wang က သူမကို ပြုံးပြနေသည်။
"လူငယ်တွေက ဒီလိုပါပဲ။ သူတို့ စိတ်ပါမှသာလုပ်ချင်ကြတာမျိုးကိုး။ ကျွန်တော် ပြောလို့ ရှောင်းကျန့်က လက်ခံမယ်လို့ တရားသေတော့မှတ်မထားပါနဲ့ဗျာ။ ရချင်မှရမှာပါ"
ရိပေါ်က ပုံမှန်လေသံဖြင့် တည်ငြိမ်အေးဆေးစွာ ပြောလိုက်တာကြောင့် Sean နဲ့ Dr. Wang တို့ရဲ့ relationship ကို something လို့ တွေးထားခဲ့သော Thea ရဲ့စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
-------------------------
ဘာမှမဖြစ်သလို ဟန်ဆောင်ထိန်းချုပ်ထားခဲ့ရသမျှ ရုံးခန်းထဲရောက်မှ ပြိုလဲရတော့သည်။ နဂိုလူပင်ပန်းနေရာက အခုတော့ စိတ်ပါ နွမ်းလျညှိုးချုံးသွားရလေသည်။ နက်ခ်တိုင်ကို ဖြေလျှော့ချလိုက်ရင်း အလုပ်စားပွဲမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
ရှောင်းဂျွန်မင်လာတုန်းက အကုန်မပြောသွားဘဲ တစ်စုံတစ်ခုကျန်နေသေးသည်လို့ စိတ်ထဲခံစားမိခဲ့တာ ဒီအကြောင်းပါလားလို့ အခုတော့ သိလိုက်ရလေပြီ။
ဘာတွေဖြစ်ကုန်တာလဲ။ ဘာတွေဖြစ်လာမှာလဲ။ Sue က ကျန့်နဲ့လက်ထပ်ပေးမယ့် မိန်းကလေးတဲ့လား။
"John နဲ့ Morghan နဲ့က အချစ်ဆုံးသူငယ်ချင်းတွေဆိုတာထက် ညီအစ်ကိုလိုဆက်ဆံရေးမျိုးလေ။ ဒီတော့ သူတို့သားသမီးတွေချင်းလည်း စီစဉ်ချင်ခဲ့ကြတာပေါ့။ John က တစ်ခြားမိန်းကလေးထက် သူ့သမီးလို ဖြစ်နေတဲ့ Sue ကိုပဲ ချွေးမအဖြစ်လက်ခံနိုင်တယ်တဲ့လေ အဟင်း"
Thea ရဲ့စကားသံတွေကို နားထဲပြန်ကြားယောင်လာသည်။ ဟူးးး...
ရိပေါ်သည် သက်ပြင်းမောကြီးတစ်ချက်ကို အရှည်ဆုံးချလိုက်မိသည်။ စားပွဲပေါ် လက်ထောက်လိုက်ပြီး မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ထားလိုက်မိသည်။
ရှောင်းဂျွန်မင်ပြောခဲ့သည့် ရှောင်းကျန့်က ရှောင်းမျိုးဆက်ရဲ့ တစ်ဦးတည်းသောဆက်ခံသူဆိုသော စကား ကိုလည်း အထပ်ထပ်ကြားယောင်လာသည်။ ဟုတ်တာပေါ့။ သူ့အနေနဲ့ဆို ရှောင်းကျန့်ကို အမျိုးသမီးတစ်ယောက်နဲ့သာ လက်တွဲစေချင်ပေလိမ့်မည်။
ရှောင်းဂျွန်မင်က ကျန့်နဲ့ပတ်သက်လျှင် သူ့ကို ကျန့်ရဲ့အုပ်ထိန်းသူတစ်ယောက်အဖြစ်သတ်မှတ်ပြီး နေရာပေးတိုင်ပင်လေ့ရှိသည်။ သူနဲ့ရှောင်းကျန့်တို့အခြေအနေကို ရှောင်းဂျွန်မင်သာ သိသွားလျှင် မည်ကဲ့သို့တုန့်ပြန်မည်နည်း။ ကောင်းမွန်သောတုန့်ပြန်မှုတော့ မဖြစ်နိုင်ဆိုတာ တွက်ဆထားလို့ရလေသည်။
ငါ ဘာတွေ လုပ်ခဲ့မိတာလဲ။ ဒီဇာတ်လမ်းမှာ ငါကအသက်ကြီးသူပဲ။ လူကြီးတစ်ယောက်၊ ဆရာတစ်ယောက်အနေနဲ့ ငါက ထိန်းချုပ်ခဲ့သင့်တာ။
ကျန့်ကို လက်လွှတ်နိုင်သလား။ အတွေးအဖြစ်နဲ့တောင် ရင်ဘတ်ထဲကစူးပြီးအောင့်သွားရလေသည်။
-----------------------
စိတ်နဲ့ကိုယ်မကပ်နေသူလို လျှောက်နေတဲ့ဦးငယ်နောက် ၃ ပေအကွာကနေ ကပ်လိုက်နေတာတောင် ဦးငယ်က သူပါလာတာကို သတိထားမိပုံမရပေ။ လျှောက်နေရင်းက ရုတ်တရက် ရပ်လိုက်တာကြောင့် သူလည်းရပ်လိုက်သည်။
ကျောက်ခင်းလမ်းထက်က ကျောက်စရစ်ခဲတစ်ချို့ကို ရှူးဖိနပ်ထိပ်ဦးနဲ့ အသာထိတို့ဆော့နေတဲ့ ဦးငယ်ကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေ ပြုံးသွားသည်။ ဦးငယ်က တစ်ခါတစ်လေ ကလေးလိုပဲ ဟုလည်းစိတ်ကတွေးလိုက်သည်။
ခဏနေတော့ ဆက်လျှောက်သွားပြန်တာကြောင့် သူလည်း အသာလိုက်ရပြန်သည်။ vending machine ကနေ 500 ml ရေသန့်ဗူးတစ်ဗူးဝယ်ပြီး အကုန်မော့သောက်နေသည်။ ဗူးခွံကို trash ထဲပစ်လိုက်ပြီး လမ်းဘေးက ခုံတန်းလျားမှာ ဝင်ထိုင်နေသည်။
ရှောင်းကျန့်က အနောက်ကို အသာပတ်လိုက်ပြီး ဦးငယ်ထိုင်နေသည့် ခုံအနောက်မှာ သွားရပ်နေလိုက်သည်။
ဦးငယ်က လက်ဆွဲအိတ်ကို နံဘေးမှာချထားပြီး ခြေချိတ်ထိုင်နေသည်။ လက်တစ်ဖက်ကိုတော့ ခုံကျောမှီလက်ရမ်းပေါ်တင်ထားသည်။ လမ်းမဘက်ကို မျက်နှာမူထားတာမို့ လမ်းပေါ်က ဖြတ်သွားတဲ့ ဆိုင်ကယ်၊ ကား၊ စက်ဘီးတွေနဲ့ လမ်းလျှောက်သူအချို့ကို ငေးကြည့်နေလေသည်။ မြင်ကောမြင်ရဲ့လားတော့မသေချာ။
ရှောင်းကျန့်က ဦးငယ်ရဲ့နောက်ဘက်မှာရပ်လိုက်ပြီး ကိုယ်ကိုကိုင်းလိုက်သည်။ နားဖျားလေးနားမှာအသာကပ်ရင်း
"ဦးငယ်... ဘာတွေငေးနေတာလဲ"
ပါးပြင်နဲ့ နားထင်စပ်တဝိုက်မှာ လေငွေ့နွေးနွေးတစ်ချို့ ဖြတ်တိုက်သွားမှ ဦးငယ်က အလန့်တကြားကိုယ်ကို ငဲ့ရှောင်ပြီး လှည့်ကြည့်လာသည်။ သူက ဦးငယ်ရှောင်တဲ့ဘက်ကို တိုးယိမ်းလိုက်တော့ နှုတ်ခမ်းနှစ်လွှာက ထိကပ်သွားကြသည်။
သူမှန်းသိသွားချိန် ဦးငယ်ရဲ့နှုတ်ခမ်းတွေက ပြုံးသွားပြီး သူ့လည်ဂုတ်ကို လက်ဖြင့် ဆွဲဖက်နှိမ့်ရင်း သူ့နှုတ်ခမ်းတွေကို ပြန်ဆွဲစုပ်နမ်းလိုက်သည်။ ရှောင်းကျန့်က အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို အသာဝေ့ကြည့်သည်။ သူ့အလိုသာဆို သူက ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပေမယ့် ဦးငယ်ကတော့ ဂရုစိုက်တတ်သူမဟုတ်လား။
ကျောင်းဝန်းအပြင်က လမ်းမကြီးမှာ သွားလာလှုပ်ရှားနေကြသူတွေတော့ မပြတ်ပေ။ သို့သော်လည်း အမေရိကားထုံးစံအတိုင်း သူများကိစ္စကို ဘယ်သူကမှ စိတ်ဝင်တစားလိုက်စပ်စုကြည့်မနေကြပါ။
နှုတ်ခမ်းနှစ်လွှာပြန်ခွါသွားတော့ သူ ဦးငယ်ကို သေချာစိုက်ကြည့်လိုက်သည်။ အထိအတွေ့တိုင်းကို ချုပ်ချယ်တတ်သည့်ဦးငယ်က ဒီနေ့မှထူးခြားနေလေသည်။
"ဘယ်လိုရောက်လာတာလဲ"
"ကျောင်းဝန်းထဲက ဦးငယ်ထွက်လာကတည်းက နောက်ကလိုက်လာတာ။ ဦးငယ်က ကျွန်တော့်ကို မမြင်ဘူးလေ။ တစ်လမ်းလုံး ဘာတွေတွေးလာတာလဲ။"
ရှောင်းကျန့်က ပြန်ဖြေရင်း ခုံကိုပတ်ပြီး ဦးငယ်ဘေးမှာ ဝင်ထိုင်သည်။ ဦးငယ်က သူ့ကို မျက်လုံးမခွါတမ်း ကြည့်နေဆဲ။
"ဘာနဲ့လာတာလဲ"
"ကားနဲ့။ ဂိတ်နားက parking မှာ ရပ်ထားခဲ့တာ"
ဦးငယ်က ရုတ်တရက် ထ ရပ်လိုက်ပြီး သူ့ကို လက်ကမ်းပေးသည်။
"သွားရအောင်"
ရှောင်းကျန့်က ထိုင်နေရာမှ နားမလည်သလိုကြည့်နေတော့ ဦးငယ်က သူ့လက်ကို ဆွဲယူရင်း ပြေးလေသည်။ ရှောင်းကျန့်မှာ အူကြောင်ကြောင်ဖြင့် ဦးငယ် ဆွဲခေါ်ပြေးရာနောက် ပြေးလိုက်နေရသည်။
Car parking တွေနားရောက်တော့ ရပ်လိုက်ပြီး သူ့ကိုလှည့်ကြည့်သည်။ စကားတစ်ခွန်းမဟပေမယ့် မျက်လုံးအကြည့်တွေကို နားလည်လိုက်တဲ့သူက ကားသော့ကိုနှိပ်လိုက်သည်။ ဦးငယ်က ကားထဲဝင်ထိုင်လိုက်တာကြောင့် သူလည်း မောင်းသူနေရာမှာဝင်ထိုင်ရင်း ကားကို မောင်းထွက်ခဲ့လိုက်သည်။
"ဦးငယ် ဘယ်သွားမလဲ"
"တစ်နေရာရာပေါ့"
ဦးငယ်က ပြတင်းအပြင်ဘက်ကိုငေးကြည့်ရင်း ခပ်တိုးတိုးပြန်ဖြေသည်။ သူ ထပ်မမေးတော့ဘဲ အေးအေးဆေးဆေးစကားပြောချင်လျှင် သွားနေကျ Washington Garden ကို မောင်းခဲ့လိုက်သည်။ ဦးငယ်က တစ်လမ်းလုံး ငြိမ်သက်နေပြီး စကားတစ်ခွန်းမှမဆိုခဲ့ပေ။
ကားလေးက စိန်ပန်းပြာပင်တွေအောက်မှာ ညင်သာစွာထိုးရပ်သွားသည်။ ရှောင်းကျန့်က ခါးပတ်ကိုဖြည်လိုက်သည်။ ဦးငယ်ကို လှည့်ကြည့်တော့ ဦးငယ်က လှုပ်ရှားမှုမရှိ ငြိမ်သက်နေဆဲ။
"ဦးငယ် အောက်ဆင်းကြမလား"
သူ့စကားကြားမှ ဦးငယ်က အသက်ဝင်လာပြီး ခါးပတ်ကိုဖြည်သည်။ သူက ကားတံခါးဖွင့်ပြီး အောက်ဆင်းရန်ပြင်တော့
"ကျန့်"
"ဗျာ"
အာ့...
ပြွတ်...
ရှောင်းကျန့် မျက်လုံးပြူးသွားရလေသည်။ ကားတံခါးဖွင့် ဆင်းရန်ပြင်နေသည့် သူ့ကို ဦးငယ်က လှမ်းခေါ်ပြီး သူက လှည့်ကြည့်လိုက်စဉ်မှာပင် ဦးငယ်က သူ့ရင်ဘတ်အင်္ကျီစကို ဆောင့်ဆွဲလို့ သူ့နှုတ်ခမ်းတွေကို နမ်းစုပ်လိုက်လေသည်။
ဦးငယ်ရဲ့အနမ်းတွေထဲမှာ သူ ဘာစကားမှပြောခွင့်မသာဘဲ ဖြစ်နေသည်။ နားမလည်နိုင်အောင် ဖြစ်နေပေမယ့် ဦးငယ်ရဲ့ခါးကို ဆွဲဖက်ထားလိုက်ပြီး တုန့်ပြန်နမ်းလိုက်သည်။
"ဦးငယ်..."
ရုတ်တရက် ဦးငယ်က သူ့ပေါင်ပေါ်ခွထိုင်လာပြီး သူ့မျက်နှာကို ဆွဲမော့လို့ နမ်းလိုက်တာကြောင့် သူ အံ့အားသင့်သွားပြီး ဦးငယ်ရဲ့မျက်နှာကို အုပ်ကိုင်ထားလိုက်သည်။
"ဦးငယ် တစ်ခုခုဖြစ်နေတာလား"
"စကားများလိုက်တာ"
အွင့်...
ရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေ ပိတ်သိမ်းခံလိုက်ရပြီး စကားသံတွေပျောက်သွားရလေသည်။ ပေါင်ပေါ်ခွတင်ထားတဲ့ပုံစံကို မကြိုက်ဘူးလို့ ပြောခဲ့ဖူးသည့်ဦးငယ်က အခုတော့ သူ့ပေါင်ပေါ်ခွထိုင်လျက်အနေအထားဖြင့် သူ့နှုတ်ခမ်းတွေကို အမဲဖျက်သလိုနမ်းစုပ်နေသည်။
ရှောင်းကျန့်မှာ အစပိုင်း ဘာတွေဖြစ်နေတာလဲဟု နားမလည်ဖြစ်နေခဲ့ပေမယ့် နောက်တော့လည်း အနမ်းဒီရေလှိုင်းတွေကြားမှာ ဦးဆောင်ကူးခပ်သွားလေသည်။ သူ့လက်တွေက ဦးငယ်ရဲ့ခါးလေးကို တင်းကြပ်စွာ ဖျစ်ညှစ်ဖက်ထားရင်း ခန္ဓာကိုယ်အထက်အောက်ကို ပွတ်သပ်နေမိသည်။
အောက်ပိုင်းထိ နယ်ကျွံဖျစ်ညှစ်လာတော့ ဦးငယ်က သူ့လက်တွေကို ဆွဲယူတားထားသည်။ အနမ်းတွေကို အမြန်ရပ်တန့်ပြီး သူ့ပေါင်ပေါ်ကနေ ဆင်းသွားလေသည်။ ရုတ်တရက်ရှောင်ထွက်သွားတဲ့ ဦးငယ်ရဲ့အပြုအမူကြောင့် ရှောင်းကျန့်မှာ intermittent feeling နဲ့ ကျန်ခဲ့ရသည်။
ဦးငယ်ကို ပြန်ဆွဲဖက်ရန်ပြင်တော့ ဦးငယ်က သူ့လက်တွေကို ဖမ်းတားထားရင်း
"တော်ပြီ ကျန့်..."
"အမ်..."
"..."
"ဦးငယ်ပဲလာဆွပြီး"
ရှောင်းကျန့်က ပြောရင်း ဦးငယ်ရဲ့လက်ကို သူ့အောက်ပိုင်းဆီ ဆွဲယူလိုက်သည်။ fit pant အောက်က ဖုဖောင်းနေတဲ့အစိတ်အပိုင်းနဲ့ထိတွေ့မိသွားချိန် ဦးငယ်က မျက်နှာပျက်သွားပြီး လက်ကို ပြန်ရုတ်သွားသည်။
"မင်းကဒီလောက်ကလေးနဲ့ ကြွလာရသလား"
"ဟာ..."
သူ့ပေါင်ပေါ်အထိတက်ထိုင်ပြီး အသက်ရှူရပ်မတတ်နမ်းစုပ်သွားသည့်အပြုအမူက ဒီလောက်ကလေးတဲ့လား။ ဦးငယ်နဲ့သာဆို သာမန်အထိအတွေ့လောက်နဲ့တင် သူ့အောက်ပိုင်းကတင်းလာတတ်ကြောင်း မပြောပြချင်တော့ပေ။ ရှောင်းကျန့်က စိတ်အလိုမကျခြင်းများစွာဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး
"ဦးငယ် အောက်ခဏဆင်းပေး"
"ဘာလို့လဲ"
"ဖြေရှင်းရမယ်လေ"
ရိပေါ်ကနှုတ်ခမ်းကို အသာကိုက်လိုက်ပြီး
"မဆင်းဘူး။ ဒီအတိုင်းရအောင်ထိန်း"
"ဟာ ဗျာ..."
အောက်ပိုင်းက တင်းပြီးအောင့်လာတာကြောင့် ရှောင်းကျန့်က အာရုံပြောင်းသွားစေရန် ကားစတီရာယင်ကို လက်သီးနဲ့ ထုနေသည်။
"ဦးငယ်ကတော့ လူကြီးကိုး ဘာမှမဖြစ်သလိုထိန်းနိုင်မှာပေါ့။ ကျွန်တော်က အူရိုင်းလေးလေ။ မရဘူးဗျ"
ရိပေါ်က ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လို့
"လက်နဲ့ကူပေးမယ်"
လှမ်းလာတဲ့ လက်ကို ရှောင်းကျန့်က ဖမ်းဆုပ်ကိုင်လိုက်ပြီး ထိုင်ခုံနောက်မှီတွေကိုလျှော့ချလို့ ဦးငယ်ကို ဆွဲဖက်တွန်းလှဲချလိုက်သည်။
"ကျန့်..."
ရိပေါ်က ရှောင်းကျန့်ရဲ့ရင်ဘတ်ကို တွန်းဖယ်လိုက်ပြီး အတင်းရုန်းထဖို့ပြင်သည်။ ရှောင်းကျန့်က သူ့ကို အတင်းပြန်ဖိချရင်း
"ဦးငယ်ငြိမ်ငြိမ်နေပေးဗျာ"
"မရဘူး ကျန့်... မင်း ဘာလုပ်မှာလဲ။ အဲ့ဒီအဆင့်အထိမရဘူး..."
"အဲ့လိုဖြစ်အောင် ဦးငယ်ပဲ စ တာမဟုတ်ဘူးလား"
"ဟုတ်ပြီ... ဦးငယ်မှားတယ်။ မင်း အဲ့လောက် စိတ်မခိုင်တာမျိုးဖြစ်မယ်မထင်လို့..."
"ဦးငယ်..."
အသံကုန်အော်ထည့်လိုက်တာကြောင့် ရိပေါ်မှာ ထိတ်လန့်သွားရလေသည်။
"စကားကို အဲ့လိုလွယ်လွယ်မပြောနဲ့။ ကျွန်တော်က အားတိုင်းကြွနေတဲ့ကောင်မဟုတ်ဘူး။ ဒါမျိုး ဘယ်သူနဲ့မဆိုဖြစ်နေတာလည်းမဟုတ်ဘူး။ ဦးငယ်နဲ့မို့... ဦးငယ်ကြောင့်မို့ဗျ..."
ရိပေါ် ငြိမ်သက်သွားသည်။ တွန်းဖယ်နေတဲ့လက်တွေလည်းရပ်တန့်သွားသည်။ ဒေါသကြောင့် တင်းမာနေတဲ့ ရှောင်းကျန့်မျက်နှာကို လက်ဖဝါးနဲ့အသာပွတ်သပ်ရင်း ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ရှောင်းကျန့်ရဲ့ ပြင်းရှရှအသက်ရှူငွေ့တွေက သူ့ရင်ဘတ်နဲ့ လည်တိုင်တဝိုက်မှာ ရိုက်ခတ်နေသည်။
"ကျန့်... sorry..."
တိုးဖွဖွသူ့စကားအဆုံးမှာ ရှောင်းကျန့်နှုတ်ခမ်းတွေက သူ့လည်တိုင်နား ထိတွေ့ဖိစုပ်နမ်းနေသည်။ သူ့အင်္ကျီနက်ခ်တိုင်ကို ဆွဲဖြည်နေသည့် ရှောင်းကျန့်လက်တွေကို မတားမိတော့ပေ။
"အ့"
ခါးကို ဆွဲယူပွေ့ဖက်လိုက်တာကြောင့် ရိပေါ်ရဲ့ကိုယ်က ကြွတက်သွားသည်။ သူ့ရင်ဘတ်အနှံ့ကို အင်္ကျီတွေပေါ်ကနေ စုပ်ယူနမ်းနေရာ ရိပေါ်မှာ ကြက်သီးတွေထလာသည်။
"ကျန့်..."
ရှောင်းကျန့်ရဲ့ ဆံပင်တွေကို အသာထိုးဖွလိုက်ရင်း မျက်နှာကို ဆွဲမော့ယူလိုက်သည်။ ရီဝေဝေမျက်ဝန်းနှစ်စုံ တေ့ဆိုင်မိသွားကြသည်။
"ဦး ငယ် လက် ခံ ပေး"
"ကျန့်..."
"ဘာမှမချွတ်ဘူး။ မရုန်းနဲ့"
"..."
နှုတ်ခမ်းတွေချင်းချိတ်ဆက်သွားသည်။ အဝတ်တွေပေါ်ကနေပဲ အောက်ပိုင်းတွေချင်း ခပ်ပြင်းပြင်းဖိပွတ်သွားလေရာ ရိပေါ်မှာ ရှောင်းကျန့်ရဲ့ကျောပြင်ကို အတင်းသိုင်းဖက်ထားလိုက်မိလေသည်။
----------------------
"ဦးငယ်ကို သတိရတယ်။ ဒီလိုကြီးမတွေ့ရတာ အတော်ခံစားရတာပဲ"
"မင်းပဲ သွားချင်လှချည်ရဲ့ဆိုပြီးသွားခဲ့တာပဲမဟုတ်လား။ ၃ လပဲလို့သာမပြောရင် ၃ နှစ်လောက်နေဖို့ စဉ်းစားခဲ့တယ်မဟုတ်လား"
သူ့ရဲ့စကားနာထိုးသံကြောင့် တစ်ဖက်က ရယ်သံထွက်လာသည်။ ရိပေါ်လည်း ပြုံးလိုက်မိသွားပြီး ရုံးခန်းတံခါးကို သေချာလော့ခ်ချထားမိရဲ့လား ပြန်စစ်ကြည့်ရသေးသည်။
"အလုပ်လုပ်ရတာတော့ challenge တွေအများကြီးနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်"
"အင်း။ အစစဂရုစိုက်နော်။ ဒေါသတွေမကြီးနဲ့။ ပြီးတော့ သူတို့ဓလေ့စရိုက်နဲ့ ဆန့်ကျင်ပြီး ရှေ့ကအရမ်းမကြောနဲ့။ အရိပ်အခြေကြည့်ပြီး လုပ်"
"ဟုတ်ကဲ့ဗျ"
ရွှတ်နောက်နောက်ပြန်ဖြေသံကြောင့် ရိပေါ်က မျက်မှောင်တွေတွန့်ကုပ်လိုက်သည်။
"အကောင်းပြောနေတာ"
"ဪ အကောင်းပြန်ဖြေနေတာပဲကို"
"သတိရတယ်"
"..."
ရုတ်တရက်ကြီးဖြတ်ပြောချလိုက်သော ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်က ဆက်ပြောမည့်စကားပျောက်သွားရလေသည်။
"ဦးငယ်"
"အင်း"
"နှုတ်ခမ်းလေးနဲ့လူသတ်တတ်တယ်နော်"
ရိပေါ်က အသံထွက်ရယ်မိသွားသည်။ ရှောင်းကျန့်မှာတော့ ထိတွေ့လို့မရသည့်အခြေအနေမို့ လေလှိုင်းထဲကအသံကိုသာ နားထောင်ရင်း အံကြိတ်ထားရလေသည်။
"ကျန်းမာအောင်နေနော်။ ပြီးတော့ Project ပြီးတာနဲ့ တန်းပြန်လာခဲ့"
"ရောက်တာနဲ့ ဦးငယ်ဆီတန်းလာမှာ"
"ကျန့်..."
"ဗျာ..."
"..."
"ဦးငယ် ပြောလေ"
"ဪ ... သတိနဲ့သွား သတိနဲ့စား လို့ ပြောမလို့"
ရှောင်းကျန့်က ဟက်ဟက်ပက်ပက်ရယ်လိုက်တာကြောင့် ရိပေါ်မှာ ရှက်ကိုးရှက်ကန်းဖြစ်သွားရ သည်။
"ဘယ်သူနဲ့မှဘာသံမှမကြားစေရပါဘူး"
ရိပေါ်က ပြုံးလိုက်သည်။
"ဦးငယ်ကိုပဲ သတိရတယ်။ လွမ်းနေတယ်။ ညတညက အထိအတွေ့လေးကိုပြန်လိုချင်နေတာ"
"မင်း ကတော့..."
ရိပေါ်မှာ တစ်ကိုယ်လုံး ပူထူပြီး ရှက်သွားရလေသည်။
"ဖုန်းချလိုက်တော့"
"ဦးငယ်ကိုပဲချစ်တယ်နော်"
"အင်း"
"ဦးငယ်လည်း ပြန်ပြောလေ"
"အင်း"
"ဟာ..."
လိုချင်တာမရတဲ့ ကလေးတစ်ယောက်လို အလိုမကျသံထွက်လာတော့ ရိပေါ်က တိုးဖွဖွရယ်လိုက်လေသည်။
"ဦးငယ်မှာ မင်းပဲရှိတာလေ ကျန့် ရယ်"
------------------------------
ဓါတ်လှေခါးထဲမှာ Sue နဲ့ဆုံတော့ သူ့စိတ်ထဲ တစ်မျိုးတစ်မည်ခံစားလိုက်ရသည်။
"Good Evening Sir!"
"Good Evening Sue!"
"ဆရာ ဒီနေ့ပြန်တာ စောတယ်နော်"
ရိပေါ်က နာရီကိုကြည့်လိုက်သည်။ Sue က ပြုံးရင်း
"ခါတိုင်း ဆရာက ည ၈ နာရီနောက်ပိုင်းမှ ပြန်တာလေ။ ဒီနေ့ ညနေ ၆ နာရီပဲရှိသေးတော့ ဆရာပြန်တာ စောတယ်လို့ Sue က ပြောတာပါ"
သူ့အိမ်ပြန်ချိန်တွေကို သူကိုယ်တိုင်တောင် သီးသန့်မှတ်ထားတာမျိုးမရှိတာကြောင့် ရိပေါ်က ပြုံးလိုက်ရင်း
"ဪ ... အလုပ်ရှိရင်ရှိသလိုနေတဲ့သဘောပါပဲ"
ပြန်တဲ့လမ်းတူနေတာကြောင့် နှစ်ယောက်အတူ စကားပြောရင်း လျှောက်လာဖြစ်ကြသည်။ ရိပေါ်က Sue ကို ရှောင်းကျန့်နဲ့ပတ်သက်ပြီး ဝန်ခံရန်စိတ်ကူးနေသည်။ ဘယ်ကစပြောရရင်ကောင်းမလဲတွေးရင်း စကားစရခက်နေလေသည်။
သူ့အသက်အရွယ်၊ ကျောင်းဆရာဆိုသည့်ဂုဏ်သိက္ခာနဲ့ ကိုယ့်ကျောင်းသားတစ်ယောက်ကို မင်းနဲ့လက်ထပ်ဖို့စီစဉ်ထားတာ ဆရာ့ချစ်သူပါလို့ ပြောရမှာ ခက်နေသည်။ အဖြစ်မှန်တွေသိရင် Sue က မည်ကဲ့သို့ တုန့်ပြန်မည်နည်း။
အမှန်တော့ ကျန့်ကိုလည်း ဒီအကြောင်းတွေ သူ မမေးခဲ့သလို ကျန့်ကလည်း မပြောခဲ့တာကြောင့် ရှောင်းကျန့်ပြန်ရောက်လာမှ နှစ်ယောက်အတူပြောရန် တိုင်ပင်ရမည်လား စဉ်းစားရပြန်သည်။ ဦးနှောက်ထဲ အတွေးတွေများနေတာကြောင့် Sue နေတဲ့ အဆောင်ကို ရောက်လာတာ သတိမထားမိလိုက်ပေ။
"ကျေးဇူးတင်ပါတယ် ဆရာ"
သူ ခေါင်းညိမ့်ပြလိုက်ရင်း သူ့အဆောင်ကိုပြန်ဖို့ ဆက်လျှောက်လာလိုက်သည်။ Sue ကို တစ်ခါတည်းဝန်ခံလိုက်တာကကောင်းမည်ထင်သည်။ နောက်မှသိသွားခြင်းက ပိုပြီးအဆင်မပြေစရာ ဖြစ်သွားလေမလားဟု စဉ်းစားရင်း ခြေလှမ်းတွေကို ရပ်လိုက်သည်။
နောက်ကို အလှည့်မှာ Sue ကလည်း သူ့ဆီပြေးလာနေတာကို တွေ့လိုက်ရသည်။ သူ အံ့ဩစွာဖြင့် ကြောင်ကြည့်နေမိသည်။
"Sue"
"ဆရာ"
Sue က စိတ်လှုပ်ရှားနေသလို အသက်ကို ပြင်းပြင်းရှူရှိုက်နေသည်။
"Sue ဘာပြောစရာရှိလို့လဲ"
"ဆရာရော ဘာပြောမလို့လဲဟင်"
သူ ပြုံးလိုက်ပြီး
"Sue က ကလေးဆိုတော့ အရင်ပြောပါ"
Sue ကချက်ချင်းမပြောသေးဘဲ နှုတ်ခမ်းတွေကို ကိုက်ထားသည်။ ခဏကြာမှ မျက်လုံးတွေကို စုံမှိတ်လို့ ပြောချလိုက်လေသည်။
"Sue လေ ဆရာ့ကိုချစ်တယ်"
"ဟင်..."
နွေခေါင်ခေါင်မိုးကြိုးပစ်လိုက်သလိုဆိုသည့်စကားကို အခုမှသူသေချာနားလည်သွားရလေတော့ သည်။ ရာသီဥတုသာယာနေသည့် ဆောင်းည၏ကောင်းကင်က ကြည်လင်နေသော်လည်း သူ့အနားမှာပဲကွက်ပြီး မိုးခြိမ်းသံတွေ ဆူညံသွားလေသည်။
"ဆရာ့ကို ချစ်တယ်"
ဘုရားရေ... ဘုရား... ဘုရား...
"Sue"
Sue က ရင်ခွင်ထဲတိုးဝင်လာပြီး သူ့ခါးကိုဖက်ထားသည်။ သူ ထိတ်လန့်စွာဖြင့် Sue ရဲ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လို့ အသာဆွဲခွါလိုက်သည်။ Sue က သူ့ကို တင်းကြပ်စွာဖက်ထားရင်း ရင်ခွင်ထဲမှာ မျက်နှာအပ်ထားပြီး သူမ,ပြောလိုသော စကားတွေကို အဆက်မပြတ်ပြောနေလေသည်။
"စတွေ့ကတည်းကချစ်တာ။ ဆရာက Sue ဘဝရဲ့ လမ်းပြကြယ်ပဲ။ ဘာဖြစ်လို့ ဖြစ်ချင်မှန်းမသိ လေလွင့်နေတဲ့ Sue က ဆရာ့ကြောင့် လိမ္မာချင်လာခဲ့တာ။ ဒက်ဒီနဲ့မာမီတို့ရဲ့ရန်ပွဲတွေကြောင့် Sue က အိမ်မှာလည်းမနေချင်ဘူး။ အို ... ဘဝကို ဖြစ်ချင်ရာဖြစ် လွင့်ချင်သလိုလွင့်နေခဲ့တဲ့ Sue ကလေ ဆရာ့ကိုတွေ့ပြီးမှ သွားရမယ့်လမ်းကိုရှာတွေ့ခဲ့တာ။ ဒါကြောင့် Sue က Agriculture ဝင်ခွင့်ဖြေတာပေါ့။ Sue ဆရာ့ကိုချစ်တယ်။ Sue ဘဝရဲ့လမ်းတွေကို ဆရာနဲ့အတူဆက်လျှောက်ပါရစေ"
ရိပေါ်မှာ သွေးတွေတိုးဆောင့်လာနေသလို ခေါင်းထဲမှာလည်း တဒိန်းဒိန်းဖြစ်လာသည်။
"Sue ... မင်းက ကလေးတစ်ယောက်လေ"
"အို ... Sue ကလေးမဟုတ်တော့ပါဘူး။ Sue အသက် ၁၉ နှစ်ရှိပြီ။"
ရိပေါ်မှာ ထင်မှတ်မထားသောအခြေအနေကြောင့် ပြောစရာစကားတွေ ရှားပါးနေရလေသည်။
"၁၉ နှစ်ဆိုတာ ဆရာနဲ့ယှဉ်ရင် ကလေးပဲပေါ့။ ဆရာက မင်းအဖေအရွယ်ပါ Sue"
Sue က ရင်ခွင်ထဲကနေ သူ့ကို မော့ကြည့်လာသည်။
"အသက်အရွယ်က အရေးကြီးလို့လားဆရာ"
"..."
"ဆရာ"
"ဒီအရွယ်ဟာ စိတ်ကစားတတ်တာပါပဲ"
"Sue က စိတ်ကစားနေတယ်လို့ ဆရာထင်တာလား။ Sue ကျောင်းပြီးတဲ့အထိ စိတ်မပြောင်းရင် ဆရာ Sue ကို လက်ခံမှာလား"
"..."
"ကျောင်းမှာ ဆရာတပည့်ကြိုက်လို့မရလို့မဟုတ်လား။ ဒါဆို ဆရာက Sue ကို ကျောင်းပြီးမှ လက်ခံလေ။"
"မဟုတ်ဘူး Sue... ဒီလိုမဖြစ်ဘူး"
"Sue က ငယ်နေလို့လား"
"Sue... ဆရာပြောတာသေချာနားထောင်ပါ"
ရိပေါ်က Sue ကို ရင်ခွင်ထဲကနေဆွဲထုတ်ပြီး ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည်။ Sue က သူ့မျက်နှာကို မျှော်လင့်တကြီးစူးစိုက်ကြည့်နေတာမြင်တော့ ရိပေါ် ရင်ထဲ အတော်လေးထိခိုက်သွားရလေသည်။
"မှားနေပြီ Sue... ဆရာ့အတွက် မင်းက သမီးတစ်ယောက် တပည့်တစ်ယောက်ဆိုတာထက်မပိုဘူး"
"အခုမပိုလည်း နောက်ပိုလာလို့ရတာပဲမဟုတ်လားဆရာ"
ရိပေါ်က ခေါင်းကိုခါလိုက်ရင်း
"ဘယ်တော့မှ အဲ့လိုဖြစ်လာမှာမဟုတ်ဘူး Sue။ ဆရာ့မှာ..."
ရိပေါ်က ဆက်မပြောဘဲ ရပ်သွားသည်။ Sue က သူ့ကို မယုံနိုင်သလိုကြည့်ရင်း
"ဆရာ့မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ ပြောမလို့လား။ ဆရာ ညာတာပါ။ ဆရာက အမြဲတမ်း အလုပ်တွေနဲ့ပဲရှုပ်နေတာလေ။ ဆရာ ဘယ်သူနဲ့မှ တွဲနေတာမှ Sue မတွေ့ဖူးတာ"
ရိပေါ်က စိတ်ထိခိုက်လွန်းစွာဖြင့် Sue ကို ကြည့်နေမိလေသည်။ Sue က သူ့မျက်ဝန်းတွေထဲကနေ အဖြေရှာနေသည်။ သူ့ကိုကြည့်နေရင်းက မျက်ရည်တွေစီးကျလာပြီး
"ဆရာ ညာတာ။ Sue က ဆရာ့ကိုပဲချစ်တယ်။ ဆရာ့ကိုပဲ လက်ထပ်မယ်။ အဲ့ဒါ ဘယ်တော့မှမပြောင်းလဲဘူး"
Sue က ပြောပြီးသည်နှင့် အနားမှ ပြေးထွက်သွားလေတော့သည်။ ရိပေါ်သည် ယိမ်းယိုင်သွားသည်ကို ထိန်းလိုက်ရင်း ရင်ထဲမှာ တုန်လှုပ်ခြောက်ခြားလာသည်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒါက ကံကြမ္မာစေရာတဲ့လား...။
---------------
ဝုန်း...
ခွမ်း...
"Sean"
"ထွက် သွား"
ဟိန်းဟောက်လိုက်သည့်အသံကြောင့် အားလုံးထိတ်လန့်တုန်ရင်သွားကြသည်။
ခွမ်း...
ခွမ်း...
ပရိဘောဂများက ကွဲအက်ပြန့်ကျဲနေသည်။ နံရံကို လက်သီးနဲ့ထိုးထားတာကြောင့် လက်နှစ်ဖက်လုံးလည်း သွေးချင်းချင်းနီရဲနေလေသည်။ ခေါင်းကိုလည်း နံရံနဲ့ပစ်ဆောင့်ထားတာကြောင့် နားထင်စပ်တွေကနေ သွေးတွေစီးကျလို့နေသည်။
စွေးစွေးနီသောသွေးစက်များသည် သူ့မျက်လုံးတွေရဲ့ နီရဲတောက်လက်နေသော ဒေါသအရောင်ကို မီမည်မဟုတ်ပေ။
ဦး ငယ် ညာ တယ်...
ဦးငယ်သည် သူ့ကို ဒုတိယအကြိမ် စွန့်ပစ်သွားခဲ့ပြန်လေတော့သည်။
ခွမ်း....
xxxxxxxxxxxxxxx
*၂ လအတွက်တစ်ခါတည်း up ထားတာပါ 😁*
12221 words
Lay Nge Ko Ko
20231216