Unicode
ထိုကောင်လေးသည် သူ့အား ပြုံးကာ မေး၏။
"မောင်..... မင်းက မောင်မို့လား"
"မဟုတ်ဘူး၊ ညိုမောင်"ဟု ပြန်ဖြေလိုက်သည်။
ထိုအခါ ကောင်လေးက
"မောင်၊ ဟုတ်သားပဲ" ဟုပြောပြီး မျက်လုံးလေးများ မှေးသွားအောင် ရယ်လိုက်သည်။
"ငါ့နာမည်က မိုးဦးသွင်၊ မိုးဦးလို့ပဲခေါ်၊ လာ သွားကြစို့" ဟု ပြောကာ သူ့လက်ကို ဆွဲခေါ်သွားလေသည်။
မိုးဦးခေါ်ရာနောက်သို့ မောင်တစ်ယောက် ယက်ကန်ယက်ကန်ဖြင့် ပါသွားသည်။ သူတို့နှစ်ယောက် ကွင်းပြင်ကို ဖြတ်ပြီးနောက် စာသင်ဆောင်နှစ်ဆောင်ကြားရှိ လမ်းကြားထဲသို့ ဝင်လာခဲ့သည်။ စာသင်ဆောင်၏ အနောက်တွင် ဝန်ထမ်းအိမ်ရာတစ်ခု ရှိလေသည်။ ထိုဝန်ထမ်းအိမ်ရာသည် သစ်သားအိမ်လေးများ ၄/ ၅လုံးခန့် တန်းစီကာ ဆောက်လုပ်ထားသည်။ သစ်သားအိမ်လေးများမှာ ခြေတံရှည်အိမ်လေးများဖြစ်ပြီး အိမ်ရှေ့တွင် လှေကားပုလေး တစ်ခုစီ တပ်ထားသည်။ မိုးဦးသည် လိုင်းခန်းထိပ်ဆုံးမှ သစ်သားအိမ်လေးဆီသို့ သူ့ကိုခေါ်သွားပြီး လှေကားပေါ် တက်ရင်းက အိမ်ထဲသို့ လှမ်းအော်လိုက်သည်။
"ဖေဖေရေ.... မောင်လာပြီဗျ"
ဆရာလေးသည် အိမ်ရှေ့ ဧည့်ခန်းတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်ရင်း
"အေး...အေး... အိမ်ထဲခေါ်ခဲ့လေကွာ"ဟု ပြောလေသည်။
မိုးဦးသည် အိမ်ထဲသို့ မဝင်မီ သူ့ဖိနပ်နှစ်ဖက်ကို ချွတ်လိုက်ပြီး လက်ဖြင့် ကောက်ယူကာ ဖိနပ်စင်ပေါ်သို့ သေချာစွာ တင်လိုက်သည်။ မောင်သည်လည်း မိုးဦးလုပ်သည့်အတိုင်း လိုက်ကာ ဖိနပ်ချွတ်ပြီး တင်လိုက်၏။ ထို့နောက် နှစ်ယောက်အတူတူ အိမ်ထဲသို့ ဝင်လိုက်ပြီး မိိုးဦးက ဧည့်ခန်းထဲတွင် ခင်းထာသော သင်ပြူးဖျာပေါ်သို့ လျောတိုက်ကာထိုင်လိုက်၏။
"မောင်... လာ ဒီမှာလာထိုင်"
မောင်လည်း မိုးဦးနံဘေးသို့ ကပ်ကာ တင်ပြင်ခွေတင်လိုက်၏။
"ဒီမှာ ကာတွန်းစာအုပ်တွေ၊ ဒီမှာက ပစ်တိုင်းထောင်ရုပ်၊ ဒါက ဇီးကွက်ရုပ်၊ ဒါလေးက နွားလှည်းလေး"
မိုးဦးက စားပွဲခုံပုလေးပေါ်တွင် တင်ထားသော သူ့ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ပြကာ မောင့်ကို ကြွားနေသည်။ ဆရာလေးက မိုးဦးကို ကြည့်ကာ အားရပါးရရယ်မောလိုက်၏။
"ငါ့သားကတော့ ကြွားပြီဟေ့"
"ညိုမောင်ရေ... မင်းကို ကြွားချင်လွန်းလို့ မနေ့ကတည်းက စောင့်နေတာ၊ မင်းမလာလို့"
မောင်သည် မျက်လုံးလေး အဝိုင်းသားနှင့် သူ့အတွက် အရာရာ ထူးဆန်းနေလေသည်။
မိုးဦးက အရုပ်လေး တစ်ရုပ်ကို ယူလိုက်ပြီး ရှင်းပြနေ၏။
အရုပ်လေးမှာ လူရုပ်သေးသေးကလေးများကို အပေါ်နှင့်အောက် အတန်းနှစ်တန်းထားကာ တန်းစီ၍ ရပ်နေကြသည်။
"ဒါက ကချင်၊ ဒါက ကယား၊ အပေါ်က ယောင်္ကျား၊အောက်က မိန်းမ၊ ဒါကတိုင်းရင်းသားတွေကွ၊ ငါတို့က ဒီမှာ ဗမာလေ"
မိုးဦးက ရှင်းပြရင်း နားရောလည်ရဲ့လား ဟူသော မျက်နှာပေးနှင့် မောင့်ကို တစ်ချက်ကြည့်လိုက်ပြီး လူကြီးကလေးပုံစံဖြင့် မေးလိုက်သည်။
"မောင်.... ဒါက ဘာလဲ"
"ဗမာ"
မိုးဦး ကျေနပ်သွားလေသည်။ ထို့နောက် ကာတွန်းဂျာနယ်များကို ပြသည်။ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း။ မောင်သည် ရောင်စုံ ရုပ်ပုံလေးများနှင့် ကာတွန်းများကို စိတ်ဝင်တစား ကြည့်လိုက်သည်။ မောင်ရော မိုးဦးပါ သင်ဖြူးဖျာပေါ်တွင် ဝမ်းလျားမှောက်ရင်း ကာတွန်းဖတ်ကြသည်။
ခနကြာတော့ အမျိုးသမီးတစ်ဦးသည် ကလေးတစ်ယောက်ကို ချီလျက် အိမ်ထဲသို့ ဝင်လာသည်။ ထိုအမျိုးသမီးက
"အံမယ် ဧည့်သည်တွေ ဘာတွေ ရောက်လို့ပါ့လား၊ ဘယ်သူတုန်းကွယ့်"
မိုးဦးက
"မောင်လေ မေမေရဲ့...."
"ဪ... ညိုမောင် ရောက်လာပြီပေါ့... အေးအေးအေး" ဟု ပြုံးကာ ပြောရင်း ချီထားသော ကလေးငယ်အား ဆရာလေးလက်ထဲသို့ လွှဲပေးလိုက်သည်။
"အန်တီမြ ပြန်ရောက်နေလို့ စကားပြောရင်း ကြာသွားတာ၊ ဒီမှာ ပုသိမ်ပြန်လက်ဆောင်တဲ့"
"ဟာလဝါတွေလား"
"ဟုတ်တယ်၊ ခနလေး ပန်းကန်ထဲ ထည့်ခဲ့မယ်" ဟုပြောရင်း မီးဖိုချောင်ဘက်သို့ ဝင်သွားလေသည်။
မိုးဦး၏မေမေသည် အလွန်လှပသော အမျိုးသမီးတစ်ယောက်ဖြစ်သည်ဟု မောင် တွေးမိသည်။ ဖြောင့်ဆင်းလှပသည့် ဆံပင်ရှည်များကို ပဝါတစ်ခုဖြင့် စီးနှောင်ကာ ကျောပေါ်သို့ ချထား၏။ အသားဖြူပြီး ခန္ဓာကိုယ် လှပကျော့ရှင်းသည်။ မိုးဦးဖေဖေ ဆရာလေးသည်လည်း မျက်ခုံးမျက်လုံး ကောင်းကောင်းဖြင့် တည်ကြည်ခန့်ညားသော ရုပ်သွင်ရှိသည်။ စကားပြောလျှင် လေပြေအေးလေးဖြင့် ပြောတတ်ပြီး ကြင်နာတတ်သည်။ မိုးဦးသည် အသားဖြူပြီး သူ့ဖေဖေ၏ ထင်ရှားသော မျက်ခုံးများနှင့် သူ့မေမေ၏ လှပသော ပါးချိုင့်လေးပါသောကြောင့် မိဘနှစ်ပါးလုံး၏ အလှတို့ ပေါင်းစုထားသကဲ့သို့ဖြစ်နေ၏။
မိုးဦး၏ မေမေသည် ပုသိမ်ဟာလဝါမုန့်များကို မောင့်ကိုပါ ကျွေးသည်။ ညနေစောင်းတော့ မောင် ဆိုင်သို့ ပျော်ရွှင်စွာ ပြန်လာခဲ့လေသည်။ မပြန်ခင် မိုးဦးက တာ့တာပြရင်း
"မောင် နေ့တိုင်းလာခဲ့နော်၊ ငါစောင့်နေမှာ" ဟုပြောလေ၏။
ထိုနေ့ညက မောင် အိပ်မက်မက်သည်။ အိက်မက်ထဲတွင် မောင်နှင့် မိုးဦးတို့ နှစ်ယောက်သည် အီးတီ တီထွင်ပေးသော ပန်းကန်ပြားပျံကို စီးရင်း လကမ္ဘာပေါ်သို့ သွားကြသည်တဲ့။ ထိုအိပ်မက်သည် မောင့်ဘဝတွင် ပထမဆုံးမက်ဖူးသည့် ကောင်းသောအိပ်မက်တစ်ခုဖြစ်ခဲ့ပေသည်။
🌺🌺🌺🌺
မောင်ပြောတဲ့အရုပ်က ဒီလိုလေးပါ။ တိုင်းရင်းသားရုပ်လေးတွေ😁
ZawGyi
🌺🌺🌺🌺