...............
ခန့်စေ Lover seatမှာ မှုန်ကုတ်ကုတ် ရုပ်ကလေးနှင့် နားကြပ်လေး တပ်ကာ လိုက်ပါလာသော အသေးလေးအား
ကားမောင်းနေရင်းမှ လှည့်ကြည့်လိုက်တိုင်း လူကို အဖက်မလုပ်။
မနေ့ညနေက ကိစ္စကြောင့် လူကို သူ စိတ်ဆိုးနေပါသည်ပေါ့။
ကြည့်ရတာ စိတ်ဆိုးနေသည်ထပ် သူ့ လမင်းလေး အရှက်မပြေသေးတာ။
တစ်ကယ်တမ်း ရှက်ရမှာ ကိုယ်မဟုတ်ပေဘူးလား။ မနေ့ကလည်း
ကိုယ့်ပစ္စည်းကို မထင်မှတ်ပဲ မြင်လိုက်ရလို့ အရှက်လွန်ပြီး
ကုတင်ပေါ် ငုတ်တုတ်ထိုင်ကာ မျက်လုံးစုံမှိတ်ပြီး နှင်ထုတ်လွန်းလို့
ဆိုဖာပေါ်မှာ ဆင်းအိပ်ပေးရသည်အထိ။
ရှေ့လျှောက်အတူတူသာ ဘဝကို ရှေ့ဆက်ရရင် ဒီကကောင်ဟာ
အစာရေဆာ ပြတ်လပ်နေရအုန်းမည် ထင်ပါရဲ့။ ဘယ်လိုလုပ်ရပါ့မလဲ။ တစ်ညလုံး တစ်မနက်လုံး စကားမပြောတာ
အခုဆို မနက်ကတည်းက သူ့ သူငယ်ချင်းကို ခေါ်ပြီး မိုင်းနောင်ပြန်လာသည့် ခရီးစဉ်တစ်လျှောက်လုံးပါပဲ။
မနက်ကတည်းက ရန်ကုန်ကထွက်လာသည်မို့ ညနေပိုင်းမှာ တောင်ကြီးကို ရောက်လာပေမယ့် အရှက်သည်းနေတဲ့ အသေးလေးက စကားမစသေး။ အနောက်ခန်းက စိုင်းဟန်လျှမ်းဟာလည်း အိပ်လာလိုက်တာများ ကုလားသေကုလားမော။
စိုင်းဟန်လျှမ်း သည် တောင်ကြီးမှာပင် တာဝန်ကျသည်မို့ သူနေသည့် အဆောင်ကို ပို့ဖို့ရာ နှိုးပြီး မေးရအုန်းမည်။
ဘေးက အသေးလေးကိုပဲ နှိုးခိုင်းရမည်မို့.......
" လမင်း "
"............"
နားကြပ်တပ်ထားကာ မှန်အပြင်ဘက် မျက်နှာမူထားသည်မို့
နားတွင် တပ်ထားသည့် နားကြပ်တစ်ဖက်အား ဖြုတ်ကာ ထပ်မံခေါ်လိုက်တော့ ခန့်စေထံ ဒိုင်းကနဲ ပစ်သွင်းလာသည့်
မျက်စောင်းလှလှ။ ထို့အပြင် လူကို မျက်မှောင်ကုတ်ကာ ဘောက်ဆက်ဆက်ဖြင့် အမေးရှိလာ၏။
" ဘာလဲ! ဘာလို့ လာဖြုတ်တာလဲ! .."
" တောင်ကြီး ရောက်ပြီလေကွာ ...မင်း သူငယ်ချင်းကို လိုက်ပို့ရအုန်းမှာမို့ နှိုးခိုင်းမလို့ပါ"
"ဟွန့်!...."
ဟော်.....နှုတ်ခမ်းကိုေထာ်ကာ ဟွန့်!ကနဲ လူကိုမျက်စောင်းထိုးလိုက်သေးသည်။
အသေးလေးတို့က ကိုင်ဆောင့် ပစ်ချင်လောက်အောင်အထိ
လုပ်ပြနေတာပဲ။
" အိုက်လျှမ်း! ...အိုက်လျှမ်း! ..ထတော့! တောင်ကြီးရောက်ပြီ"
"ဟမ်~~~အင်း...ရောက်ပြီလား "
"အင်း...မင်း ဝန်ထမ်းအိမ်ယာ မှာပဲနေတာမလား "
"အေး ..."
" အဲ့မှာ သူ့ကို လမ်းညွှန်လိုက် ! "
"ဪ...အေး အေး "
သူငယ်ချင်းဖြစ်သူကို နှိုးပြီး ပြောစရာရှိတာ ပြောပြီးသည်နှင့် နားကြပ်ပြန်တပ်ကာ တစ်ဖက်လှည့်သွားသည်မို့ ခန့်စေ ခေါင်းကိုသာ အသာ ခါယမ်းမိသည်။ တစ်ကယ်ကို မလွယ်ကြောလေး။
စိုင်းဟန်လျှမ်း နေသည့်နေရာကို ရောက်သည်နှင့် အသေးလေးသည် ကားပေါ်က ဆင်းကာ သန့်စင်ထွန်းမှ သူ
လူကို ဝယ်ထည့်ပေးလိုက်သည့် စားစရာ မုန့်ထုတ်အစုံနှင့် ကျောပိုးအိတ်လေးသာ ပါလာသည်ကို တကူးတက ကားပေါ်မှ ယူကာ သူငယ်ချင်းဖြစ်သူ နေသည့် အဆောင်ထဲ ခပ်တည်တည် ဝင်သွားသည်မို့ အနောက်ကနေ မယောင်မလည်နဲ့ လိုက်ရပြန်၏။
အထဲရောက်သည်နှင့် စိုင်းဟန်လျှမ်းက လမင်းကို ည အိပ်ဖို့ ကိစ္စ ပြောလာ၏။
"အိုက်လမင်းသာ မင်းတို့ ဒီည ဘယ်မှာ တည်းမှာလည်း
အနီးအနားမှာတော့ တည်းခိုခန်းတွေ အများကြီး ရှိပါတယ်"
" ငါက မင်းအနားမှာပဲ ကပ် အိပ်မှာ "
"ဟင်! "
ယောကျာ်းလေး နှစ်ယောက် အိပ်ခန်း တစ်ယောက် တစ်ခန်းယူကာ နေကြသော စိုင်းဟန်လျှမ်းတို့အတွက်
တစ်ယောက်တည်းက အဆင်ပြေပေမယ့် တစ်ယောက်အိပ်ကုတင်
တစ်လုံးနှင့် စားပွဲခုံ၊ အဝတ်ပုံး၊ တစ်ခြားပစ္စည်း တွေ နေရာချထားသည်ကြောင့် ကျောတစ်ခင်းစာ တောင် နေရာက မရှိတာမို့ အဆင်မပြေပါ။
" မောင်ကရော ? "
" အိပ်ချင်တဲ့နေရာမှာ အိပ်ပေါ့ "
" ........."
ခန့်စေ ကုတင်ပေါ် ထိုင်နေသော အသေးလေးကို မမှိတ်မသုန်သာ ကြည့်နေလိုက်၏။ ကိုယ်က သူ့ကို ဘာလုပ်မှာမို့ အဲ့လောက် ဖြစ်ပြနေရတာလဲ။ ဒီလို အပြုအမူ ၊အပြောအဆိုမျိုး လုပ်ပြနေတာ
ကိုယ် မတော်မတရား ပြုခဲ့လို့ ဆိုရင် ခံသာသေး၏။
အခုက တော်တော်.......။
ကြားထဲက စိုင်းဟန်လျှမ်းမှာ ဟိုကြည့်ဒီကြည့်နှင့်။
" ခရီးပန်း လာတာမို့ အေးဆေးနားရအောင် တစ်နေရာမှာပဲ တည်းလိုက်ပါလား ဒီညတော့ "
" ရတယ် မင်းဘာသာ တည်းချင်တဲ့ နေရာမှာ သွားတည်းလေ
ငါက အိုက်လျှမ်းနား ကပ်အိပ်လည်း အဆင်ပြေတယ် "
"ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ လမင်း ..."
ခန့်စေ လမင်းအနားသွားကာ မေးတော့ ပေကပ်ကပ်နှင့် မော့ကြည့်ကာ .....
" မင်းနဲ့ အတူတူ မတည်းချင်လို့လေ!
မင်းက မဆင်မခြင်တွေ နေလို့လေ !"
နှစ်ဦးကြား ခပ်တင်းတင်း ဖြစ်နေသော အခြေအနေအား ရိပ်စားမိလာသော ဟန်လျှမ်းမှာ မနေသာတော့ပဲ ပြေလည်ရာ ပြေလည်ကြောင့် ပြောပေးဖို့ရာ စကား စလိုက်ပေမယ့် ဆုံးအောင်
မပြောလိုက်ရပါ။ ခန့်စေထွဋ်နောင် အသံဟာ ဒေါသလွှမ်းနေပုံ ပေါ်နေသည်ကို။
" ဟို~~ ဒီလိုလုပ်.....''
" မင်း အသာနေ စိုင်းဟန်လျှမ်း ! "
".........."
" မင်း ပြောကြည့်စမ်းပါ! လမင်း မောင် မင်းကို မနေ့က ဘာများ လုပ်ခဲ့လို့လဲ "
"........"
" မောင် မေးနေတာကို ဖြေ ! မောင် မင်းကို မဆင်မခြင် ဘာတွေများ ပြုမူမိသလဲ "
" မင်း တုတ်ပြ ခဲပြနဲ့ ငါ့အရှေ့ လာနေပြတာလေ! "
" မောင် ရည်ရွယ်ပြီး လုပ်တာ မဟုတ်မှန်း မောင် ရှင်းပြခဲ့သလို
မင်း လည်း သိနေတာပဲ မဟုတ်ဘူးလား ! "
" မသိဘူး! ဘာမှလာမပြောနဲ့တော့! "
" မောင်နဲ့ မင်းက ချစ်သူတွေ မဟုတ်ဘူးလား!
မောင်နဲ့ တစ်နေရာတည်း အတူတူ တည်းဖို့ လက်မခံချင်ရအောင်အထိ မောင်က မသတီစရာ ကောင်းတဲ့ကောင်လို မင်း မောင့်ကို ဆက်ဆံပြနေတာ။
မကြိုက်တာကို မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်"
"........."
" မောင် မင်းကို လက်ဖျားနဲ့တောင် မထိ မှာမို့ အခု ကားပေါ် တက်၊
ဒီည ပဲ မိုင်းနောင်ကို ပြန်မယ်။ အရှေ့က မလိုက်ရဲရင်
အနောက်ခန်းက အေးအေးဆေးဆေးအိပ်ပြီး စိတ်ချလက်ချ လိုက်
မောင် မင်းကို ဘာမှ ပြောမှာလည်း မဟုတ်သလို၊ ထိလည်း မထိဘူး "
မောင် ဟာ လမင်းကို စိတ်ဆိုးကာ ကားရှိရာဆီ ထွက်သွားနှင့်ပြီမို့
ဟန်လျှမ်းဟာ လမင်းအနား ကပ်လာပြီး ပခုံးကို လှမ်းရိုက်ကာ
ပြောလာ၏။
" အိုက်လမင်းသာ ! မင်း စကားကို ဘယ်လိုတွေ ပြောလိုက်တာလဲ
ဘာမဟုတ်တာနဲ့ စကား များရပြီ "
" ငါ ဘာပြောလို့လဲ သူ့ဘာသာ အရှည်ကြီးတွေးပြီးတော့ ;"
" မင်းက တွေးနေတာမဟုတ်ဘူးလား။ မင်း ဘာသာ တွေးချင်ရာတွေးပြီး သူ့ကို အဲ့လိုတွေ တွေးမိအောင်အထိ
မင်းလုပ်တာမဟုတ်ဘူးလား ။ မင်း ရှက်ရမ်း ရမ်းတာလဲ တော်ရုံပေါ့"
" ကျစ်! နားငြီးတယ် ဟုတ်တယ် ငါမှားတာကွာ ငါမှားတာ ! "
ပြောချင်ရာ ပြောပြီး ပြန်ထွက်သွားတဲ့ ထွန်းလမင်းသာ ကို ဟန်လျှမ်း ပြေးသာ ကန်လိုက်ချင်သည်။
ဘယ်တုန်းကများ တစောင်းတိုက်တတ်တဲ့ ဂဏာန်းလိုကောင် ဖြစ်သွားမှန်း မသိ။ အခုမှ ပြန် နီးစပ်ခွင့် ရတဲ့ ရည်းစားနဲ့ အဆင်ပြေပြေ နေမယ် မရှိဘူး။
~~~~~~~~~
အမှောင်ရိပ်ကြီးစိုးသော ည အလယ်၌ တောင်အဆင်း၊ တောင်အကွေ့ အဝေးပြေးကားလမ်းပေါ်၌ တရိပ်ရိပ်ပြေးနေသော ကားတစ်စီး။
တစ်လမ်းလုံး မောင်းနှင်လာရာ ကားဟူ၍ ရံဖန်ရံခါမှသာ
ကားကြီး တစ်စီးဆ နှစ်စီးဆ သာ ဖြတ်သွားဖြတ်လာ တွေ့ရ၏။
ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကို ကျော်လာပြီး လွိုင်လင်မြို့ကိုပင် ဝင်တော့မည်။ ခန့်စေ လွိုင်လင် တိုးဂိတ်၌ လမ်းကြေးအခွန်ဆောင် နေတုန်း အနောက်ခန်းကို လှည့်ကြည့်လိုက်ရာ နားကြပ်ကို တပ်ကာ လက်ပိုက်လျက် တစ်လမ်းလုံး မအိပ်ပဲ လိုက်လာသော
ခပ်တင်းတင်း မျက်နှာထားလေးကို ကြည့်ကာ သက်ပြင်းရှိုက်မိသည်။
အခွန်ဆောင်ပြီး ပြန်ထွက်လာသည်နှင့် ရှေ့လျှောက် ဆက်မောင်းရမည့် လမ်းတွေသည် တောင်ကြီး/ဟိုပုံး/မိုင်းပွန်လမ်းတွေလောက် အကွေ့အကောက်မများတာမို့ အရှိန် အနည်းငယ် မြှင့်ကာ မိုင်းနောင်ကို အမြန်ဝင်နိုင်မည့် ပင်လုံ/လဲချား လမ်းကိုသာ ရွေး၍ မောင်းလာလိုက်သည်။ မမောင်းလို့လည်း မဖြစ်တော့ပါ။ အနောက်ခန်းက ခေါင်းကြောမာလွန်းသည့်
အသေးလေးက တစ်လမ်းလုံး မအိပ်ပဲ ပုံစံမပျက်ထိုင်ကာ လိုက်ပါလာသည်မို့ တစ်နေ့လုံး တစ်ညလုံး စီးလာရသည့် ဒဏ်နှင့်
ပင်ပန်းသွားမှာကိုလည်း ဒီကောင်က စိုးရိမ်နေရသည်။
ကိုယ် လို ကောင်တောင် ခရီးပန်းကာ ခေါင်းကိုက်နေပြီမို့ ။
~~~~~~~~~~~~~
"ဗုန်း! "
ခြံရှေ့ ရောက်ပြီ ဆိုလျှင်ပဲ ကားတံခါးကို ဖွင့်ကာ ဆောင့်အောင့်၍ ပိတ်ပြီး ခြံတံခါးကို ဖွင့်နေသည့် လမင်းကြောင့် ခန့်စေ ကားပေါ်မှ ဆင်းကာ ခြံတံခါးကို ခတ်ထားသော သော့အား ဖွင့်နေသည့် လမင်း
အနား သွားလိုက်၏။ ဖွင့်နေသည့် သော့က လွယ်လွယ် ပွင့်မလာတာမို့ ခန့်စေကပဲ ဖွင့်ပေးဖို့ လက်လှမ်းလိုက်ပေမယ့် ....
" ကိုယ့်ဘာသာ ရအောင် ဖွင့်မယ် ပြန်တော့ ! "
" လမင်း ~~"
" ပြန်တော့ ! မင်း ပင်ပန်းနေပြီ "
ခန့်စေ သက်ပြင်းကိုသာ ပြင်းပြင်းရှိုက်လိုက်၏။ မျင်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်ကာ ပွင့်အန်ချင်နေသော ဒေါသများကို ဖြေဖျောက်လိုက်၏။
ဒီလို အချိန်မှာ နှစ်ဦးလုံး တစ်ခွန်းစ နှစ်ခွန်းစ အပြန်အလှန် ပြောဖို့
အဆင်မပြေတာကြောင့် ပြန်ဖို့သာ ပြင်လိုက်သည်။
" Ok! မောင် ပြန်တော့မယ် ကောင်းကောင်းအနားယူ
မောင် မနက်ဖြန်မှ လာခဲ့မယ် နော်..."
".........."
ကိုယ်သာ ပြောနေပေမယ့် တစ်ဖက်က ခွန်းတုံ့ပြန်လာခြင်း မရှိတာမို့
မချိတင်ကဲသာ ပြုံးရင်း ကားပေါ်ပြန်တက်လာလိုက်၏။
မနက်ဖြန်မှာ မောင့် လမင်း စိတ် တစ်ထစ်လျှော့ရင် ကောင်းပါရဲ့။
မှားသည်/မှန်သည် ပြောမနေတော့ပါ ။မောင်က ပိုချစ်တာမို့ မောင်ကပဲ ချော့ပါ့မယ်။
>>>>>><<<<<<<
ပုံ့ စာလုံးပေါင်း မစစ်ထားဘူးနော်။
နောက်ပြီး သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် စာအုပ်လေးကို
ပုံ့ Pageမှာ GAပေးထားပါတယ်။ ကံစမ်းချင်ရင် သွားပြီး ကံစမ်းကြပါလို့😁။ ပုံ့ Page nameက PONT-ပုံ့ ပါ။
စာရိုက်ရှာရင် တွေ့ရပါလိမ့်မယ်။ အကယ်၍ မတွေ့ရင် ပုံ့ ရဲ့
Wut YI Naing ဆိုတဲ့ accမှာ Shareပေးထားပါတယ်။
-pont-00-