Liquor (ချစ်ဆိပ်ရည်)

By LayNge_

40K 4.5K 605

အရက်ဆိုတာ သောက်မိရင် ဖြတ်ရခက်သလိုမျိုးပဲ အချစ်ဆိုတာကလည်း စ မိရင် နောက်ဆုတ်ဖို့မလွယ်တော့ဘူး။ သိပ်ချစ်မိသွားရင်... More

Liquor 1
Liquor 2
Liquor 3
Liquor 4
Liquor 5
Liquor 7
Liquor 8
Liquor 9
Liquor 10
Liquor 11
Liquor 12
Liquor 13

Liquor 6

3K 354 34
By LayNge_


ရိပေါ်သည် မနက်စာ ကော်ဖီကိုသောက်ရင်း ပေါင်မုန့်အညိုတစ်ချပ်ကို ချိစ်ပြားညှပ်ပြီး စားလိုက်သည်။ ပန်းကန်ထဲက ကြက်ဥကြော်နဲ့ ကြက်အူချောင်းကြော်ကို ဆလတ်ရွက်နဲ့ညှပ်စားပြီး ကော်ဖီလက်ကျန်ကို မော့သောက်လိုက်တာနဲ့ သူ့ရဲ့မနက်စာစားခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားလေပြီဖြစ်သည်။

ထို့နောက် အခန်းထဲပြန်ဝင်လိုက်ပြီး ချိတ်က ကုတ်အင်္ကျီခဲရင့်ရောင်ကို  ဖြုတ်ယူဝတ်လိုက်သည်။ ကုတ်အင်္ကျီကြယ်သီးတပ်ရင်း နက်ခ်တိုင်ကို ပြန်ပြင်နေရင်းက သူ့မျက်လုံးအကြည့်တွေက အိပ်ယာနံဘေးစားပွဲပေါ်က ရှောင်းကျန့်ဓါတ်ပုံလေးဆီရောက်သွားသည်။ ဓါတ်ပုံထဲက ၅ နှစ်အရွယ်ကလေးလေးက သူ့ကို အပြစ်ကင်းစင်စွာ ပြုံးပြနေလေသည်။

ဓါတ်ပုံလေးကို အသာလှမ်းယူလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရှောင်းကျန့်နဲ့ နောက်ဆုံးအကြိမ်တွေ့စဉ်ကအကြောင်းကို စဉ်းစားမိတော့ သူ့မျက်နှာတစ်ခုလုံး ပူနွေးလာသည်။ ထိုအချိန်က သူ ဘာကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့သလဲဆိုတာ သူ့ကိုယ်သူ နားမလည်နိုင်အောင် ဖြစ်ရသည်။

ငယ်ငယ်ကဆို ကျန့်ကို ချီပိုးပြီးတောင် ထိန်းခဲ့ဖူးတာပဲမဟုတ်လား။ အခုတော့ ထူးဆန်းတဲ့ခံစားချက်ဝေဒနာက သူ့ကို နှိပ်စက်နေသည်။ ရိပေါ်သည် ခေါင်းကို လေးတွဲ့စွာခါယမ်းလိုက်ပြီး ဓါတ်ပုံကို သူနေရာသူ ပြန်ထားလိုက်သည်။ ကျန့်ကို ကလေးတစ်ယောက်လိုပဲ သူစိတ်က ထင်မိနေလို့သာ ဖြစ်ရမည်ဟု တွေးလိုက်လေသည်။

"Good Morning Wang!"

"Morning Hannah!"

သူ ဓါတ်လှေခါးထဲကအထွက်မှာ တစ်ဖက်ဓါတ်လှေခါးကနေထွက်လာသည့် ဟန်နာနဲ့ဆုံသည်။ ပြုံးရယ်လို့ နှုတ်ဆက်နေသည့် ဟန်နာကို သူပြန်လည်ပြုံးပြနှုတ်ဆက်လိုက်သည်။

"ဝမ် ... ကော်ဖီ"

ဟန်နာက ကော်ဖီသောက်နေရင်း နောက်ထပ်တစ်ဗူးအပိုကို သူ့ဆီကမ်းပေးသည်။

"နေပါစေ ဟန်နာ။ ကျွန်တော် သောက်ခဲ့ပါပြီ။ တစ်ယောက်ယောက်အတွက်မဟုတ်လား။ Just keep it."

ရိပေါ်က ရယ်ရယ်မောမောပြောတော့ ဟန်နာကလည်း ရယ်ရင်း

"မဟုတ်ဘူး ဝမ်။ တမင်ပိုယူလာတာ။ ဘယ်သူ့ပဲတွေ့တွေ့ အရင်တွေ့တဲ့သူကို ပေးမလို့။ သောက်ခဲ့ပြီးလည်း ယူပါ ဝမ်ရဲ့။ ဝမ်တို့ Agriculture ကဆရာတွေ ကော်ဖီကို ထမင်းမေ့ ဟင်းမေ့ သောက်တတ်ကြမှန်းတို့သိပါတယ်နော်"

"အဲ့ဗျ... အဲ့လိုတွေနာမည်ကြီးနေတာလား အဟား ဟား။ ကျေးဇူးပါပဲ ဟန်နာ"

ပေးတဲ့သူကပေးနေတော့ ရိပေါ်က ဆက်မငြင်းတော့ဘဲ လှမ်းယူလိုက်သည်။ one use cup နဲ့ ထည့်လာတာမို့ ဝယ်လာသည်လို့ ထင်ပေမယ့် ဟန်နာကိုယ်တိုင်ဖျော်လာပုံရသည်။

"Good taste"

"Thank you Wang"

"ကျွန်တော်က ကျေးဇူးတင်ရမှာပါ ဟန်နာ"

"ဝမ်က တို့လက်ရာကို သဘောကျပေးလို့ ဟန်နာကလည်း ကျေးဇူးတင်တာပါ"

"အင်းး... ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ကျေးဇူးတင်နေရင်းနဲ့ ကျောင်းရောက်လာပြီ"

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်လိုက်ကြပြန်သည်။

"ဝမ်. ပြီးခဲ့တဲ့အပါတ်က ဂျွန်တို့အိမ် အလည်ရောက်သေးတာလား"

ရိပေါ်က ဘာရယ်မဟုတ် ဟန်နာကို ကြည့်လိုက်သော်လည်း ဟန်နာက သူ့အကြည့်ကို ဘယ်လိုယူဆသွားသည်မသိ။ ပြာပြာသလဲ ဖြေရှင်းနေသည်။

"တို့ကို သီရာပြောလို့လေ။ တစ်မျိုးမထင်နဲ့နော်။ သီရာက တို့နဲ့ cousin ပါ။"

"အော် မထင်ပါဘူး ဟန်နာ။ ဟုတ်တယ်။ အဲ့ဒီနေ့က မထင်မှတ်ဘဲ မစ္စတာရှောင်းဂျွန်မင်နဲ့ ဆုံဖြစ်လို့ လိုက်လည်ဖြစ်သွားတယ်"

"Sean ကတော့ သီရာကို သဘောမကျဘူးလေ။ သူ့ဘက်ကကြည့်မယ်ဆိုလည်း သူ့မိခင်နေရာအစားဝင်လာတာဆိုတော့ ဟန်နာလည်း Sean ရဲ့ခံစားချက်ကို နားလည်ပါတယ်။ Sean က သီရာနဲ့ပတ်သက်ပြီး ဟန်နာကိုလည်း သဘောမကျဘူးထင်ပါရဲ့ အဟင်း"

ရိပေါ်က နှုတ်ဆိတ်နေလိုက်သည်။ ဒါတွေက မိသားစုအရေးကိစ္စတွေဖြစ်နိုင်တာကြောင့် ရိပေါ်က ဘာကိုမှ ဝင်ရောက်ဆွေးနွေးခြင်း မပြုဖြစ်ပေ။

"တကယ်တော့ သီရာအနေနဲ့လည်း ဂျွန်နဲ့တွဲနေတယ်ဆိုတဲ့ အဆင့်သာသာပါပဲ။ ဂျွန်က သူ့ကို တရားဝင်လက်ထပ်ယူတာမျိုး၊ ပိုင်ဆိုင်ခွင့်ဆိုတာတွေ ဘာတစ်ခုမှမပေးထားပါဘူး"

ဟန်နာက သူ့ကို ဘာကြောင့် ထိုအကြောင်းတွေလာပြောနေသလဲဆိုတာ နားမလည်ပေမယ့် စကားဖြတ်တာတွေ၊ ပြန်မေးတာတွေလုပ်နေရင် ရိုင်းရာကျမည်စိုးတာကြောင့် သူ အသာငြိမ်နေလိုက်သည်။

"ဝမ်လည်း သီရာနဲ့တွေ့ခဲ့မှာပဲမဟုတ်လား။ သီရာက social ကျတယ်ဆိုပေမယ့် ရင့်သီးတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး။ Sean ကတော့ သီရာက မေရီနေရာအစားဝင်ပြီး မေရီ့ပိုင်ဆိုင်မှုတွေကိုပါ လက်ဝါးကြီးအုပ်ဖို့ကြိုးစားနေတယ်လို့ မြင်တယ်ထင်ပါရဲ့။ သီရာနဲ့ဆုံဖြစ်ကြရင် အဲ့ဒီအကြောင်းတွေ ရင်ဖွင့်ပြီး သီရာက ဝမ်းနည်းနေတတ်လို့လေ။"

"ဪ..."

ဘာမှမပြောဘဲနေရင်လည်း မဖြစ်တာကြောင့် ဪတစ်လုံးတော့ သံယောင်ပြုလိုက်ရသည်။ သူ့အနေနဲ့ကတော့ သီရာကိုလည်း ထိုနေ့က ခဏတွေ့ခဲ့ရသည်ဆိုတာလောက်သာ ဆုံခဲ့တာမျိုးဖြစ်သည်။ ပြီးတော့ သူ့အကျင့်က လူတွေကို စိတ်ဝင်တစားမရှိသလို ဝေဖန်ကောက်ချက်ချတာတွေလည်း မလုပ်တတ်တာကြောင့် သီရာနဲ့ပတ်သက်ပြီး သူ့မှာ ဘာအမြင်မှရှိမနေပါ။

"ဝမ်က Sean နဲ့ရင်းနှီးတော့ Sean ကို သီရာ့အပေါ် အမြင်ရှင်းစေဖို့ ပြောပြစေချင်လို့လေ"

ထိုစကားကိုတော့ သူ တအံ့တဩဖြစ်သွားရလေသည်။

"ဗျာ... ဟန်နာ ဘာကိုဆိုလိုတာပါလိမ့်။"

"Sean ငယ်ငယ်က ဝမ်နဲ့အတူနေခဲ့ဖူးတော့ Sean က ဝမ့်ကို သံယောဇဉ်ကြီးတယ်လေ။ ဝမ်ပြောရင် သူလည်း လက်ခံမယ်လို့ ဟန်နာကယုံကြည်လို့ အကူအညီတောင်းတာပါဝမ်"

"ကျန့်က အခု ၅ နှစ်ကလေးမှမဟုတ်တော့ဘဲ ဟန်နာ။ သူ ၅ နှစ်သားတုန်းကတောင် ကျန့်က လူကြီးတွေပြောသမျှ ခေါင်းညိမ့်တတ်တဲ့ကလေးထဲမပါဘူး။ မေးခွန်းတွေများတဲ့ကလေးတစ်ယောက်ပါ။ ကျွန်တော်ပြောရင်လက်ခံမယ်လို့ ဘယ်လိုကြောင့် ထင်ရတာပါလိမ့်"

ရိပေါ်က စကားကို ဟာသနှောပြောရင်း အလိမ္မာသုံးအငြင်းစကားဆိုလိုက်သည်။

"ဆောရီး ဝမ်။ သီရာက တို့နဲ့ညီအစ်မတော်စပ်နေတော့ သူစိတ်မကောင်းဖြစ်နေတာတွေမြင်မိလို့ အခုလိုစကားပြောမိတာပါ။ Sean ကလည်း ဝမ့်ကိုဆို ခင်တွယ်တော့ ဝမ်ပြောရင် ရမယ်လည်းထင်မိလို့ပါ။ တို့က သူတို့မိသားစု အဆင်ပြေတာမျိုးဖြစ်စေချင်ရုံပါပဲ။"

ဟန်နာပြောတဲ့ ခင်တွယ်ဆိုတဲ့စကားလုံးက သူ့ကို အတော်စိတ်ရှုပ်ထွေးသွားစေသည်။ ဘာသဘောနဲ့ ဘာကြောင့် ပြောရတာလဲဟုတွေးရင်း သူ့မျက်နှာကတည်ကြည်သွားလေသည်။ ဟန်နာကတော့ သူစိတ်ဆိုးသည်ဟုထင်ပြီး မျက်နှာပျက်နေသည်။

"တို့တောင်းပန်ပါတယ် ဝမ်"

သူခေါင်းခါလိုက်ရင်း

"ရပါတယ် ဟန်နာ။ ဟန်နာပြောချင်တာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အပြင်လူတွေပဲမဟုတ်လားဗျာ။ ကဲ ကျွန်တော့်ကို ခွင့်ပြုပါဦး။ ကော်ဖီအတွက် ကျေးဇူးပါ ဟန်နာ။"

ရိပေါ်ရဲ့စကားကြောင့် ဟန်နာက သိသိသာသာ မျက်နှာပျက်သွားသည်။ ချက်ချင်း ပြန်ပြင်လို့ ပြုံးပြနှုတ်ဆက်လိုက်သော်လည်း အပြုံးကတော့ မပီပြင်လိုက်ပေ။

ရိပေါ်မှာတော့ ရုံးခန်းရောက်သည်အထိ စိတ်ထဲ စနောင့်စနင်းဖြစ်နေသည်။ ဟန်နာက သူမဖာသာဆို ဒီစကားမျိုးပြောမည်မဟုတ်ပေ။ သီရာက အကူအညီတောင်းလို့ ပြောတာများလား။ ကျန့်က သူ့ကို သံယောဇဉ်ကြီးသည်၊ ခင်တွယ်သည် ဆိုတဲ့စကားတွေသုံးသွားတာက ရိုးရိုးသားသားလို့ ထင်ရပေမယ့် သူ့စိတ်ထဲ ဘာကြောင့်မှန်းမသိ ဘဝင်မကျနေပေ။

မနက် ၇ နာရီ lecture လည်းရှိနေတာကြောင့် ဆက်မတွေးဖြစ်တော့ဘဲ အတန်းရှိရာသို့ ထွက်လာလိုက်သည်။

"Good Morning Sir!"

စာသင်ခန်းကို စောသွားတာကြောင့် ကျောင်းသားတွေမရောက်လောက်သေးဘူး ထင်ပေမယ့် Shiela က အစောကြီးရောက်နှင့်နေလေသည်။

"Morning Shiela! Too early. You're hardworking student."

သူ့စကားကြားတော့ Shiela က ရှက်စနိုးပြုံးသည်။ ကျောင်းသားတွေမရောက်သေးတာကြောင့် ရိပေါ်က အပြင်ထွက်ပြီး ရပ်နေတော့ Shiela ကလည်း အပြင်ထွက်လာပြီး သူ့အနားလာရပ်သည်။

"ဆရာ... အတန်းပြီးသွားရင် ဆရာ အချိန်ရလားဟင်"

"ရပါတယ်။ ဘာဖြစ်လို့လဲ"

"ဆရာ့ကို Analysis လုပ်ထားတဲ့ data တွေ ပြချင်လို့ပါဆရာ"

"အော် ဟုတ်ပြီ ရတယ်လေ။ UG 1 တွေရဲ့ presentation က ဘယ်နေ့လဲ"

"ရှေ့တစ်ပါတ် ကြာသပတေးနေ့ပါဆရာ"

"ဟုတ်ပါပြီ။ data တွေ အကုန်တွက်ပြီးသွားပြီမဟုတ်လား"

"ဟုတ်ကဲ့"

ရိပေါ်က ခေါင်းညိမ့်လိုက်ရင်း

"result data ကိုကြည့်ပြီး ဘယ်လို interpret လုပ်မလဲ။ conclusion ဆွဲမလဲဆိုတာ ဆရာတို့ ဆွေးနွေးကြတာပေါ့။ အဲ့ဒီအတွက်လည်း သေချာပြင်ဆင်လာနော်။ No question no answer နော်"

Shiela က ရယ်ကျဲကျဲလေးဖြင့်

"Yes Sir. I will" ဟုဆိုပြီး လျှာလေးထုတ် ဇက်ကလေးပုသွားသည်။ အတန်းချိန်နီးတော့ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။

"Good Morning Sir!"

"Morning!"

Shiela ကလည်း သူ့ကို ခေါင်းလေးညွတ်ရင်း ရှေ့ကဝင်သွားသည်။ ကျောင်းသားတွေနောက်ကနေ သူပါလိုက်ဝင်မည်ပြုချိန် မျက်လုံးထောင့်ထဲဝင်လာသည့် ပုံရိပ်တစ်ခုကြောင့် နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

မျက်နှာချင်းဆိုင် Building မှာ Genetic စာသင်ချိန်ရှိတာကြောင့် ကျောင်းသားတစ်ချို့နဲ့ဆရာကလွဲပြီး သူမြင်လိုက်သည်လို့ ထင်ရသည့် ပုံရိပ်ကရှိမနေခဲ့ပါ။ တစ်ဖက် Theatre ထောင့်အကွယ်ထိသွားကြည့်မည်လုပ်ပြီးမှ အချိန်နီးကပ်နေပြီဖြစ်တာကြောင့် စာသင်ခန်းထဲသို့သာ ခြေဦးလှည့်လိုက်ရသည်။

------------------------------

ရှောင်းကျန့်သည် သူ့မျက်စိရှေ့မြင်နေရသည့် မြင်ကွင်းကို သေချာစူးစူးရဲရဲစိုက်ကြည့်ရင်း ချာခနဲ လှည့်ထွက်လာခဲ့သည်။ သူငယ်ချင်းတွေကို အတန်းမတက်တော့ဘူးပြောပြီး ထွက်လာခဲ့တာကြောင့် အတန်းထဲလည်း ပြန်မသွားဖြစ်တော့ဘဲ အိမ်ကိုသာ ပြန်လာခဲ့လိုက်သည်။

မနက်ပိုင်းမို့ အိမ်မှာ စံအိမ်ဝန်ထမ်းတွေရှိနေကြပြီး အားလုံးက သူတို့အလုပ် သူတို့လုပ်နေကြသည်။ ရှောင်းကျန့်ဝင်လာတာမြင်တော့ လုပ်လက်စအလုပ်တွေရပ်ပြီး ဦးညွတ်နှုတ်ဆက်လိုက်ကြသည်။ အမေရိကားမှာနေနေပေမယ့် ဒီအမူအကျင့်ကတော့ အရှေ့တိုင်းဆန်နေဆဲဟု ယူဆပြီး သူ မနှစ်မြို့လှပေ။

အပေါ်ထပ် သူ့အခန်းရှိရာကို တက်ရန် လှေခါးထစ်ပေါ်ခြေအလှမ်းမှာ အန်တီမေရီရဲ့ အခန်းတံခါးကိုဖွင့်လို့ဝင်သွားသည့် သီရာကို တွေ့လိုက်ရတာကြောင့် သူ မျက်မှောင်တွေကုပ်သွားသည်။ လှေခါးပေါ်မှ ချက်ချင်းပြန်ဆင်းလာပြီး ခြေလှမ်းကျဲတွေနဲ့ လျှောက်သွားလိုက်သည်။

သူ အခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး အခန်းထဲသို့ ဒေါသတကြီး ဝင်လိုက်သည်။ သီရာက မှန်တင်ခုံရှေ့မှာ ထိုင်ရင်း jewelry box တစ်ခုကို ဖွင့်ကြည့်နေသည်။

"ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ"

ရှောင်းကျန့်က မျက်နှာထားခပ်တင်းတင်း လေသံမာမာဖြင့် မေးလိုက်သည်။ သီရာက သူ့ကို မြင်လိုက်‌တော့ အံ့ဩသွားဟန်ရှိပေမယ့် မခို့တရို့ပြုံးလို့

"ဪ Sean... ဘာရယ်မဟုတ်ပါဘူး။ တို့ ဒီအတိုင်း ဝင်ကြည့်..."

ဝုန်း...

"အမေ့"

ရှောင်းကျန့်က သီရာ ကိုင်ကြည့်နေသည့် ရတနာဗူးကို ဆွဲယူလိုက်ပြီး ဗီရိုထဲပြန်ထည့်လိုက်သည်။ သီရာ့ကိုလည်း လက်မောင်းကနေ ကိုင်လို့ ခုံပေါ်ကနေ ဆွဲထူလိုက်ပြီး

"ထွက် သွား"

တင်းမာခက်ထန်နေသည့် ရှောင်းကျန့်ရဲ့မျက်နှာနဲ့ လေသံခပ်ပြတ်ပြတ်ကြောင့် သီရာမှာ တုန်လှုပ်ခြောက်ခြားသွားလေသည်။ သို့သော် သီရာက နောက်ဆုတ်မသွားဘဲ ရှောင်းကျန့်ပခုံးကို ထိကိုင်လိုက်ပြီး

"ဒီမှာ Sean တို့က မင်း အန်ကယ်လ်ဂျွန်နဲ့ပတ်သက်သူဖြစ်တဲ့အတွက် မင်းရဲ့အန်တီပဲ။ တို့ကို အန်တီသီရာလို့ မခေါ်နိုင်ရင်တောင် လေးစားမှုရှိပါ Sean"

ရှောင်းကျန့်က သူ့ပခုံးထက်က သီရာရဲ့လက်ကို ဆွဲဖြုတ်လိုက်ပြီး လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ညှစ်ကိုင်လိုက်သည်။ သီရာရဲ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။

"လေးစားမှုလိုချင်ရင် လေးစားချင်စိတ်ရှိအောင်နေလေ။ ခင်ဗျားမှာ လူလေးစားစရာဘာအချက်ရှိသလဲ"

သီရာ မျက်နှာပျက်သွားသည်။ အစော်ကားခံလိုက်ရခြင်းဆိုသည့် ခံပြင်းဒေါသကြောင့် မျက်ရည်တွေပါဝဲလာသည်။

"Sean... မင်း တို့ကို စော်ကားတာတွေများနေပြီနော်"

"အဲ့တော့ ဘာဖြစ်ချင်သလဲ။ ခင်ဗျားကများ အန်တီမေရီရဲ့အခန်းထဲကိုဝင်လာရဲတယ်။ ရာရာစစ..."

"မင်း..."

သီရာသည် ဒေါသဖြင့် လွတ်နေသည့် လက်တစ်ဖက်ဖြင့် ရှောင်းကျန့်ရဲ့မျက်နှာကို လွှဲရိုက်လိုက်သည်။ သို့သော် သူမရဲ့လက်ကို တစ်စုံတစ်ယောက်က ဖမ်းဆွဲထားလိုက်တာကြောင့် လက်ကတုန့်ခနဲဖြစ်သွားရသည်။

"ဒါလင်..."

"ဘာဖြစ်ကြပြန်တာလဲ"

ရှောင်းဂျွန်မင်က ရှောင်းကျန့်နဲ့သီရာကို စိတ်ရှုပ်ဟန်ဖြင့် တစ်လှည့်စီကြည့်နေသည်။ ရှောင်းကျန့်က သီရာ့လက်ကို ဆောင့်လွှတ်ချလိုက်သည်။ သီရာက နာကျည်းရှက်စိတ်ကြောင့် မျက်ရည်တွေစီးကျလာပြီး ရှောင်းဂျွန်မင်ရဲ့ရင်ခွင်ထဲတိုးဝင်လို့ ရှိုက်ငိုလိုက်လေသည်။

"အန်တီမေရီရဲ့အခန်းကိုရော ဗီရိုတွေအားလုံးကို သော့အသစ်ပြန်လဲမယ်။ ပြီးတော့ အဲ့ဒီသော့ကို ကျွန်တော်ပဲ ယူထားမယ်"

"Sean"

အန်ကယ်လ်ဂျွန်က သူ့ကို ခက်ထန်တင်းမာစွာကြည့်နေသည်။ သူကလည်း ထို့ထက်မလျော့သော တင်းမာမှုဖြင့် တန်ပြန်စိုက်ကြည့်လိုက်သည်။ အန်ကယ်လ်ဂျွန်က သက်ပြင်းချရင်း သီရာ့ကို ပွေ့ဖက်လို့ အခန်းထဲက ထွက်သွားသည်။

သီရာက ဂျွန့်ကို မသိမသာ အကဲခတ်သလို ကြည့်ရင်း

"ဒါလင်... Sean ကို ဘယ်လိုလုပ်မလဲဟင်"

"ဘာကိုလဲ သီရာ"

"အို ဒါလင်မြင်တာပဲလေကွာ။ သူ အခု သီရာ့ကို ပြုမူလိုက်တာကိုပေါ့။"

ရှောင်းဂျွန်မင်က ချက်ချင်းပြန်မဖြေဘဲ နှုတ်ဆိတ်နေသည်။ အတန်ကြာမှ

"သူ စိတ်တိုသွားလို့ပါ သီရာ။ Sean က မေရီ့အခန်းထဲ ကိုယ်ဝင်တာတောင် မကြိုက်ဘူးလေ။ မေရီ့ပစ္စည်းတွေကိုလည်း ဘယ်သူထိကိုင်တာမှ သူမကြိုက်ဘူး။ မင်းကပဲ နားလည်ပေးလိုက်ပါ"

သီရာမှာ မျှော်လင့်ထားသလို ဖြစ်မလာတာကြောင့် စိတ်ပျက်သွားရသည်။ ဒီအဖြစ်အပျက်ကြောင့် ဂျွန်က Sean ကို အပြစ်တင်တာမျိုးဖြစ်ဖြစ် မျှော်လင့်ခဲ့ပေမယ့် အခုတော့ ဂျွန့်ရဲ့တုန့်ပြန်မှုက အားရစရာမရှိပေ။ နောက်ဆုံးတော့လည်း သွေးကရေထက်ပျစ်သည်ဆိုတာ မှန်နေတာပါပဲဟု စိတ်ပျက်စွာ တွေးလိုက်မိသည်။

-------------------------

"ဟယ် Sean"

"Sean ပဲ"

"အေးနော် ဘယ်သူ့ဆီလာတာပါလိမ့်"

Faculty of Agriculture building ရှေ့က bike parking မှာ ရပ်ထားသည့် ဆိုင်ကယ်ပေါ်ထိုင်နေသည့် ရှောင်းကျန့်ကို တွေ့လိုက်ရတာကြောင့် အတန်းပြီးလို့ ထွက်လာကြသည့် ကျောင်းသားတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

ရှောင်းကျန့်ကတော့ အဝင်/အထွက်တံခါးဆီကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည်။ သူငယ်ချင်းတွေနဲ့ ရယ်မောစကားပြောရင်း ထွက်လာသည့် Shiela ကိုတွေ့လိုက်ရတော့ ရှောင်းကျန့်က နှုတ်ခမ်းတွေကို ခပ်ကွေးကွေးပြုံးလိုက်ပြီး ဆိုင်ကယ်ပေါ်ထိုင်နေရာမှ ထ ရပ်လိုက်သည်။ 

"Hi Shiela!"

ရှေ့ကနေ ပိတ်ရပ်လို့ နှုတ်ဆက်စကားဆိုလေတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး အားလုံးက အံ့အားသင့်နေကြသည်။ Shiela ကတော့ မျက်နှာရဲရဲလေးဖြင့် ရှက်ကိုးရှက်ကန်းဖြစ်နေသည်။

"Hello Sean!"

Shiela က ခပ်တိုးတိုးနှုတ်ဆက်ရင်း ခေါင်းလေးငုံ့သွားသည်။

"အတန်းပြီးသွားပြီလား Shiela... ကိုယ်နဲ့ နှစ်ယောက်တည်းစကားပြောခွင့်ပေးမလား"

"ဝိုး"

သူငယ်ချင်းမိန်းကလေးတွေက အာမေဋိတ်သံတွေပြုပြီး ပြုံးစိစိဖြစ်နေကြတော့ Shiela က ပိုရှက်ပြီး နှုတ်ခမ်းလေးအသာကိုက်လို့ မျက်နှာလေးရဲနေသည်။

"နေ နေ ကြဦးလေ"

သူမကိုထားခဲ့ပြီး ထွက်သွားဖို့ပြင်ကြတဲ့သူငယ်ချင်းတွေကို Shiela က ခပ်တိုးတိုးလှမ်းတားရင်း အနားကသူငယ်ချင်းလက်ကို ဆွဲထားသည်။

"Sean က you နဲ့ နှစ်ယောက်ချင်းစကားပြောချင်တာလေကွာ"

သူငယ်ချင်းတွေက မျက်စိတစ်ဖက်မှိတ်ပြပြီး ရယ်မောလို့ ထွက်သွားကြလေသည်။ နှစ်ယောက်တည်းကျန်ခဲ့တော့ Shiela က ရှောင်းကျန့်ကို မရဲတရဲမော့ကြည့်သည်။ ငုံ့မိုးကြည့်နေသည်နှင့်ဆုံတော့ ရှက်ရှက်နဲ့ လက်ထဲကိုင်ထားသည့် စာအုပ်အနှောင့်ကို ဆုတ်ချေနေမိသည်။

ရှောင်းကျန့်က စာအုပ်ကိုင်ထားသည့် Shiela ရဲ့လက်တွေကို စိုက်ကြည့်ရင်း ပန်းပွင့်ပုံဖော်ဆိုးထားသည့် လက်သည်းဆိုးဆေးနဲ့လက်တွေအစား လက်သည်းတိုတိတိညှပ်ထားသည့် ထိပ်ပြားပြားနဲ့ လက်ချောင်းရှည်ရှည်တွေကို မြင်ယောင်လာသည်။

"Sean ဘာပြောချင်လို့လဲဟင်"

Shiela အသံကြားမှ ရှောင်းကျန့်က ခပ်လွှလွှပြုံးလိုက်ပြီး

"ဪ... ကိုယ်နဲ့အတူ Renz ကိုလိုက်ခဲ့မလား"

Renz ဆိုတာ Sean က သူနဲ့တွဲတဲ့မိန်းကလေးတွေကို ခေါ်သွားတတ်လေ့ရှိသည့် Bar တစ်ခုဖြစ်သည်။ ဒီအကြောင်းကို George Washington University က ကျောင်းသူ ကျောင်းသားတိုင်း သိကြသည်။ အခု Sean က သူမကို Renz ကို ခေါ်လိုက်ခြင်းသည်... Shiela ရင်တွေခုန်လာသည်။

Shiela ဆီက ချက်ချင်း ပြန်ဖြေသံမကြားရတော့ ရှောင်းကျန့်က သိပ်စိတ်မရှည်ချင်။ သူက ဘယ်မိန်းကလေးကိုမှ အချိန်ပေးပြီး လိုက်ခဲ့သူမဟုတ်။

"မလိုက်ချင်ဘူးလား ဒါဆို..."

"Sean..."

လှည့်ထွက်ဖို့ပြင်လိုက်သည့် ရှောင်းကျန့်ရဲ့လက်မောင်းကို Shiela က လှမ်းဆွဲထားလိုက်သည်။ ရှောင်းကျန့်က ကျေနပ်စွာပြုံးလိုက်သည်။ Bingo! တစ်မိနစ်တောင်မကြာလိုက်ပါဘဲ ရည်းစားတစ်ယောက် ရသွားလေပြီ။

---------------

"Sean က Social Science ကမိန်းကလေးတွေကို ရိုးအီသွားပြီထင်တယ်"

"ဘာလို့လဲ"

"Agriculture ဘက်ရောက်လာလို့လေ"

"အခု Shiela ကို လာခေါ်သွားတယ်"

"သူတို့တွဲနေကြပြီလား"

"ဟိုမှာကြည့်လိုက်လေ"

ကျောင်းသူတစ်ယောက်က Sean ရဲ့ဆိုင်ကယ်နောက်ကနေ လိုက်ပါသွားသည့် Shiela ကို မေးဆတ်ပြလိုက်သည်။

"OMG! တကယ်ကြီးပေါ့။ ဒါဆိုရင်တော့ Sean က တစ်နေ့ ငါတို့ Microbiology ဘက်လည်း ရောက်လာနိုင်တာပေါ့။ Fighting ကွ"

"ဟား ဟား ဟား"

ကျောင်းသူလေးတွေက Sean နဲ့ Shiela တို့နှစ်ယောက်တွဲထွက်သွားကြတာကို ကြည့်ရင်း ဝေဖန်ပြောဆိုနေကြသည်။

"Microbiology က ကောင်မလေးတွေက မှန်ကြောင်တွေချည့်မို့ Sean ကစိတ်မဝင်စားဘူးတဲ့"

"ဘာပြောတယ်..."

"ကောင်စုတ်တွေ..."

Microbiology ကျောင်းသားတစ်ဖွဲ့က စ နောက်ရင်း အမြန်ပြေးထွက်သွားကြတာကြောင့် ကောင်မလေးတွေ ဆွေ့ဆွေ့ခုန်ပြီး ကျန်ရစ်ခဲ့ကြသည်။

"ဟေ့ ဆရာလာနေပြီနော်"

ကျောင်းသားတစ်ယောက်က ဖြတ်သွားရင်း အော်ပြောသွားသည်။ အတန်းဝင်မည့်ဆရာကို တွေ့လိုက်တာကြောင့် Sean တို့ကို စိတ်ဝင်တစားလိုက်ကြည့်နေကြသူတွေအားလုံး အလျင်အမြန်ပင် သက်ဆိုင်ရာ စာသင်ခန်းတွေထဲ ပြေးဝင်သွားကြသည်။

ရိပေါ်က Second Floor East Wing ကနေ West Wing ဘက်ကို ဖြတ်ကူးသည့် Bridge မှ ရှောင်းကျန့်ကို လှမ်းမြင်နေရသည်။ Shiela နဲ့အတူထွက်သွားကြတာတွေအထိ အစအဆုံးမြင်ကွင်းကို သူ လှမ်းကြည့်ရင်း သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။  

---------------------

"ဒီနေ့ ဆရာ မင်းတို့ကိုပေးမယ့် assignment title က..."

Agricultural Extension ဘာသာရပ်သင်တဲ့ ဆရာကြီး Dr. Mick က Black Board ပေါ်မှာ မြေဖြူနဲ့ စာတစ်ကြောင်း ကောက်ရေးနေသည်။ ဆရာစာသင်နေတုန်းက ဘာကိုမှလိုက်နားမထောင်ဘဲ လုပ်ချင်ရာလုပ်နေကြသည့် ကျောင်းသားတွေအားလုံး အခုမှ စာအုပ်တွေလှန်လှောပြီး ရေးမှတ်ဖို့ ပြင်ဆင်နေကြသည်။

ဒီဘာသာရပ်မှာ အဓိကအရေးကြီးတာက Assignment နဲ့ Presentation ရမှတ်ပဲဖြစ်သည်။ ထို့ကြောင့်လည်း ကျောင်းသားတွေက ဆရာစာသင်နေရင် စိတ်မဝင်စားကြဘဲ Assignment ခေါင်းစဉ်ပေးချိန်နဲ့ Presentation ပေးရမည့်ရက်သတ်မှတ်ချိန်တွေကျမှ နားစိုက်ထောင်လေ့ရှိကြသည်။

ရှောင်းကျန့်သည် Dr. Mick ကို ကြည့်ရင်း စိတ်ထဲ သနားသလိုလို ဖြစ်နေမိသည်။ ဆရာကြီးသည် အသက် ၇၀ ကျော်နေပြီဖြစ်ပြီး ပင်စင်ယူသွားပြီးမှ ကျောင်းကဆရာ၊ ဆရာမများနဲ့သုတေသနပညာရှင်များ Board အဖွဲ့ရဲ့ တောင်းဆိုမှုကြောင့် Consultant Professor အနေနဲ့ ပြန်လုပ်နေခြင်းဖြစ်သည်။

တကယ်တော့ ဆရာကြီးရဲ့ စာသင်ပြမှုက အင်မတန်ကောင်းပါသည်။ သို့သော်လည်း နည်းပညာတိုးတက်နေသည့်ခေတ်မှာ ဆရာအတော်များများက projector တွေနဲ့ powerpoint တွေပြင်ဆင်ပြီး စာသင်နေကြသည့်အချိန် ဆရာကြီးရဲ့ စာအုပ်ကိုင်သင်ကြားမှုက ပျင်းစရာဖြစ်နေသည်။ အခုလည်း White Board နဲ့ Marker Pen ရှိနေပေမယ့် ဆရာကြီးက blackboard နဲ့ မြေဖြူကိုသာ အသုံးပြုတတ်သည်။

ဆရာကြီးက စာသင်ရင်း lecture တွေကို သူ့အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီးပြောတတ်သည်။ သေချာနားထောင်လျှင် စိတ်ဝင်စားစရာကောင်းပေမယ့် ဆရာ့အသံကတိုးတာရော၊ တစ်နေရာရာကို ငေးပြီး ပြတ်တောင်းပြတ်တောင်း ပြောနေတတ်တာရောကြောင့် ဆရာ့ရဲ့စာသင်ချိန်တွေက ကျောင်းသားတွေအတွက် non attractive ဆိုတာထက်ပိုသော highly boring လို့တောင် ပြောလို့ရလေသည်။

သို့သော်လည်း Agricultural Extension ဘာသာရပ်မှာတော့ Dr. Mick လို စာသင်ကြားမှုနဲ့ သုတေသနအတွေ့အကြုံများသူမျိုး ဘယ်သူမှမရှိတာတော့သေချာသည်။ ဆရာကြီးက သူ့ဘာသာရပ်မှာတော့ တကယ့်ကို ကျွမ်းကျင်သော ဆရာတစ်ဆူပီသလေသည်။

ဆရာက သဘောပဲကောင်းတာလား၊ အသက်ကြီးသွားလို့ပဲ ဆရာပါးဝသွားလေသလားတော့မသိ။ ကျောင်းသားတွေ လုပ်ချင်ရာလုပ်နေသမျှ ဘာမှမပြောပေ။ ဒါကြောင့်လည်း ဆရာ့စာသင်ချိန်ကို ပျင်းကြပေမယ့် ကျောင်းပြေးသူရှားလေသည်။ ကျောင်းပြေးပြီး ပြန်အိပ်နေစရာမှမလိုတာ။ စာသင်ခန်းထဲတင် မှောက်အိပ်နေလို့ရသည်ကိုး။

"Typology of Participation"

Dr. Mick က ခေါင်းစဉ်ကို ရေးပြီးတာနဲ့ အတန်းသားတွေဘက် မျက်နှာပြန်မူလိုက်ပြီး အတန်းကို ဟိုဒီဝေ့ကြည့်နေသည်။

"Participation အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ"

ကျောင်းသားတွေအကုန်မျက်စချီသွားကြသည်။ ဘယ်သူမှတော့ ပြန်မဖြေကြပေ။ ဆရာကခါတိုင်းလည်း ဒီလိုပဲ သူ့ဖာသာမေး သူ့ဖာသာဖြေသွားတတ်တာကြောင့်လည်း ပါမည်။ ဒီတစ်ခေါက်‌တော့ ဆရာက မဖြေသေးဘဲ ရှေ့ဆုံးနားက ကျောင်းသားတွေကို ကြည့်ရင်း

"Hilton Morgan"

"Yes, I'm here."

"How many types of Participation?"

Hilton စိတ်ညစ်သွားသည်။ ဒီနေ့မှ ရှေ့ဆုံးမှာ လာထိုင်မိလို့ အကျိုးနည်း မဲလာပေါက်နေသည်။ အတန်းသားအားလုံးက ခေါင်းကုပ် လက်ကုပ်ဖြစ်နေသည့် Hilton ကိုကြည့်ပြီး ပြုံးစိစိလုပ်နေကြသည်။

"Ummm I think 6 or 7 types."

"Just give me only one answer."

Hilton က နားထင်ကို လက်နဲ့အသာကုပ်ရင်း

"7 types Sir"

တကယ်တော့ သူ ရွှီးချလိုက်တာဖြစ်သည်။ ဆရာက ခေါင်းညိမ့်လိုက်ရင်း

"Sean, tell me please one of them."

ဒီတစ်ခါ ရှောင်းကျန့် မျက်ခုံးပင့်ရသည့်အလှည့်။ ၇ ခုလုံးလည်းမသိ။ ၇ ခုထဲက တစ်ခုဆိုလည်း သူမသိပါ။ "I have no idea" လို့ ဖြေမည်ပြုပြီးမှ ဆရာကြီးကို အားနာသွားသည်။ တက်ခဲ့ဖူးသည့် lecture ချိန်တွေမှာ ဆက်စပ်နိုင်တာတွေကို ပြန်စဉ်းစားကြည့်သည်။ ခေါင်းထဲ ဘာမှပေါ်မလာပါ။ နောက်ဆုံးတော့ သူလည်း Hilton လိုပဲ ရမ်းချလိုက်သည်။

"I'm not sure that is it Interactive Participation? They who work together and interact each in their project or organization. အပြန်အလှန်အကျိုးပြုပြီး ပါဝင်ကြတာ။ Target area တစ်ခုမှာ project သွားလုပ်ကြမယ့်အဖွဲ့တစ်ခုဟာ သူတို့တွေမှာ team work ability ရှိရမယ်။ အချင်းချင်းကြားမှာ ပူးပေါင်းလုပ်ရမယ့်အပြင် သူတို့သွားမယ့် ဒေသကတာဝန်ရှိသူတွေနဲ့ပါ အပြန်အလှန်ချိတ်ဆက်လုပ်ကြဖို့လိုတယ်။ အရေးကြီးဆုံးက people power ။ ဒေသခံတွေ ပါဝင်လာဖို့ကိုပါ persuade လုပ်ရမယ်။ persuade or attract I don't know which one I should use."

Dr. Mick က ပြုံးရယ်ပြီး သူ့ကို လက်မထောင်ပြလိုက်သည်။

"ဘာတွေပါဝင်မလဲ၊ ဘာအချက်တွေဖြစ်မလဲဆိုတာ Typology of Participation မှာ ရှာဖတ် လေ့လာပြီး ရေးတင်ခဲ့ကြကွာ။ ဆရာလည်း မင်းတို့ရေးလာမှ ဖတ်ကြည့်ရမှာ"

"ဟာ ကွာ... ဆရာကြီးကနောက်တယ်"

အတန်းသားတွေ တစ်ယောက်တစ်ပေါက်ပြောရင်း ရယ်မောဆူညံသွားကြသည်။ ဆရာကလည်း ရယ်မောရင်း သူတို့ကို လက်တစ်ဖက်မြှောက်နှုတ်ဆက်လို့ စာသင်ခန်းထဲက ထွက်သွားသည်။ အပေါက်ဝရောက်မှ ဆရာက တစ်ချက်လှည့်ကြည့်ပြီး ရှောင်းကျန့်ရှိရာသို့ လက်ညှိုးနဲ့လက်မကို သေနတ်ပစ်သလို လှမ်းချိန်ရင်း

"Sean, but I like your thinking way"

ရှောင်းကျန့်က တစ်ချက်ပြုံးလိုက်ပြီး ဆရာ့ကို ပခုံးတွန့်ပြလိုက်သည်။ ဆရာထွက်သွားတာနဲ့ ကျန်တဲ့အတန်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသည်။

"မင်းတို့ ၂ ကောင်လုံး ရမ်းချတာ ကြက်ကန်းဆန်အိုးတိုးသွားကြတာပေါ့"

Victor စကားကို ရှောင်းကျန့်က ဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေသည်။ အနောက်မှာ ထိုင်နေသည့် Will က Fred နဲ့ ရှောင်းကျန့်ပခုံးကို နောက်ကနေ လှမ်းဖက်ရင်း

"ရမ်းချတာချင်းအတူတူ Sean က ပညာသားပါတယ်"

"ဒီ #$%^&&@*&"

ရှေ့ဆုံးခုံမှာ တစ်ယောက်တည်းထိုင်နေသည့် Hilton က နောက်လှည့်ပြီး ပျစ်ပျစ်နှစ်နှစ်တစ်ခွန်းလှမ်းဆဲတော့ သူတို့အားလုံး အော်ရယ်လိုက်ကြသည်။ ရှောင်းကျန့်က ရုတ်တရက် ထ ရပ်လိုက်ပြီး

"ငါ Shiela နဲ့ Agri က Food Court မှာ နေ့လည်စာအတူစားဖို့ ချိန်းထားတယ်"

"Sean ... မင်း Shiela ကို တကယ်ကြွေသွားတာများလား"

အရင်မိန်းကလေးတွေနဲ့တုန်းက တစ်ရက် နှစ်ရက်လောက်နဲ့ ဇာတ်လမ်းပြီးသွားတတ်တဲ့ ရှောင်းကျန့်က Shiela နဲ့တော့ တစ်ပါတ်လောက်အထိကြာနေတာကြောင့် Fred က မေးလိုက်ခြင်းဖြစ်သည်။ ရှောင်းကျန့်က ပြန်မဖြေပါ။ ကျောပိုးအိတ်ထဲ စာအုပ်နဲ့ဘောပင်ကို ပြန်သိမ်းထည့်ရင်း ပြုံးနေသည်။

"Sue က Agriculture ဝင်ခွင့်ဖြေမလို့တဲ့"

ကြားဖြတ်ဝင်ပြောလိုက်သည့် Hilton ရဲ့စကားကြောင့် သူတို့အားလုံး အံ့ဩသွားကြသည်။

"ဘာရယ် Sue ကလေ"

"အေး"

အထက်တန်းအောင်ထားပေမယ့် ဘယ်တက္ကသိုလ်ဝင်ခွင့်ကိုမှ သေချာမဖြေဘဲ ဂလေရိုက်နေတဲ့ Sue က Agriculture ဝင်ခွင့်ဖြေမည်ဆိုတာကြောင့် မယုံနိုင်အောင် ဖြစ်သွားကြသည်။

"နေပါဦး Sue က ဘာစိတ်ကူးပေါက်သွားတာလဲ။ မင်းကိုကြည့်ပြီး တက္ကသိုလ်တက်ချင်စိတ်ပေါက်လာတယ်ဆိုရင်တောင် Social Science ပေါ့။ ဘယ်လိုက ဘယ်လို Agriculture ဖြစ်ရတာလဲ"

"မသိပါဘူးကွာ"

Hilton က ဆံပင်တွေကိုဖွရင်း ညီးညီးညူညူပြောသည်။

"အဲ့ဒါ သူ့ဝင်ခွင့်အတွက် လေ့လာရမှာတွေ ကူရှာပေးဖို့ပြောထားတယ်။ မင်းတို့ပါ ငါ့ကို ကူကြဦး"

"အင်းး အတော်ပဲပေါ့။ Sean က Shiela နဲ့တွဲနေတော့ မိတ်ဆက်ပေးလိုက်ကွာ။ သူတို့ချင်းမေးမြန်းပြောကြလိမ့်မယ်"

ဟု Victor က ဝင်ပြောသည်။ Hilton ကတော့ ရှောင်းကျန့်ကို လှမ်းကြည့်ရင်း

"မင်းရဲ့ဦးငယ်ဆီမေးတာပိုကောင်းမယ်ထင်တယ် Sean။ Dr. Wang က ဆရာဆိုတော့ ပို guide ပေးနိုင်မှာပေါ့"

ရှောင်းကျန့်က စဉ်းစားသလို ငြိမ်နေပြီးမှ ခေါင်းညိမ့်လိုက်သည်။

"ငါတို့တွေ ဗုဒ္ဓဟူးနေ့ဆို မနက်ပိုင်းအတန်းမရှိတော့ အားတယ်မဟုတ်လား။ Sue ကို ခေါ်ခဲ့လိုက်လေ"

ဦးငယ်က Mon-Wed ဆို ဌာနမှာရှိသည်လို့ ပြောထားဖူးတာကို သတိရပြီး Sue ကို ဗုဒ္ဓဟူးနေ့ခေါ်လာဖို့ ရှောင်းကျန့်ကပြောလိုက်ခြင်းဖြစ်လေသည်။

---------------------

ရှောင်းကျန့်ရဲ့ ပြိုင်ကားအနီရောင်လေးက Main Library ရဲ့ parking မှာ ထိုးရပ်သွားသည်။ ကားရပ်လိုက်သည်နှင့် Sue က ကားပေါ်က အမြန်ဆင်းပြီး ရှောင်းကျန့်ကိုမစောင့်ဘဲ ရှေ့ကနေ ပြေးသွားသည်။

ပြီးမှ နောက်လှည့်ကြည့်ရင်း

"ကိုကို မြန်မြန်လာလေလို့"

ရှောင်းကျန့်က ပြုံးလိုက်သည်။ ဒီကောင်မလေး အခုမှ တကယ်ပဲ တက္ကသိုလ်တက်ဖို့ စိတ်ဝင်စားနေသည်ပဲ။ ဘယ်အရာကများ ဆွဲငင်လို့ Agriculture ကိုရွေးလေသည်မသိ။

"ကိုကို့ လာပါဆို"

Sue က နောက်လှည့်ပြန်ပြေးလာပြီး သူ့လက်မောင်းကိုလာဆွဲသည်။ ရှောင်းကျန့်က Sue ရဲ့ နားရွက်ကို မနာအောင် ဆွဲလိုက်ပြီး

"ဘာတွေလောနေတာလဲ။ အကူအညီတောင်းဖို့ ဖုန်းဆက်ထားတဲ့ဆရာတောင် ရောက်ဦးမှာမဟုတ်သေးဘူး"

"ဆရာမလာသေးလဲ Sue တို့ ကိုယ့်ဖာသာဝင်ပြီး စာအုပ်တွေ လျှောက်ရှာဖတ်ကြည့်နေလို့မရဘူးလားဟင်"

"ဝင်ခွင့်ဖြေမယ့်ကဒ်ပြပြီးဝင်ရင်တော့ ရပါတယ်။ ဒါပေမယ့် ဘာစာအုပ်တွေ ဖတ်သင့်တယ်ဆိုတာကျ ကိုကိုက မသိဘူးလေ။ ဆရာလာမှပေါ့"

"အင်းပါ ဒါဆို Sue တို့ဒီကပဲ စောင့်မှာလား"

Sue က ပြောရင်း သစ်သားခုံတန်းလျားမှာ ဝင်ထိုင်သည်။ Sue က သူ့လက်မောင်းကို တွယ်ချိတ်ထားတာကြောင့် သူပါ ကပ်လျက်မှာ ဝင်ထိုင်လိုက်သည်။

"ဗိုက်ဆာလား"

"ဟင့်အင်း"

Strawberry Smoothie ကို ပိုက်နဲ့စုပ်သောက်နေသည့် Sue က သူမေးတာကို ခေါင်းခါပြသည်။ မျက်လုံးတွေကတော့ ကျောင်းဝန်းထဲက အရာရာကို စိတ်ဝင်တစားလိုက်ကြည့်နေသည်။ ဥဒဟိုသွားလာနေကြသည့် ကျောင်းသူ ကျောင်းသားတွေ ဆရာ ဆရာမတွေကိုပါ တစ်ဦးချင်းစေ့စေ့စပ်စပ်လိုက်ကြည့်နေတာကြောင့် ရှောင်းကျန့်က ပြုံးလိုက်မိသည်။

"Sue ဘာလို့ Agriculture ဝင်ခွင့်ဖြေမှာလဲ။ ကိုကိုတို့ကျောင်းကိုမတက်ချင်ဘူးလား"

"ဟင့်အင်း မတက်ချင်ပါဘူး"

Sue က နှာခေါင်းလေးရှုံ့ရင်း ခေါင်းကိုပါခါပစ်လိုက်တာကြောင့် ဆံပင်ရှည်တွေကပါ ရမ်းခါသွားသည်။ ရှောင်းကျန့်က ဆံပင်တွေကို သိမ်းစုကိုင်လိုက်ပြီး

"စည်းလာတာမဟုတ်ဘူး။ ခေါင်းစည်းကြိုးမပါဘူးလား"

"ဆံကုပ် ပါတယ်"

Sue က ကျောပိုးအိတ်အပြင်ဘေးအိတ်ထဲထည့်ထားသည့် လိပ်ပြာပုံဆံကုပ်ကလေးကိုထုတ်ပေးသည်။ ရှောင်းကျန့်က ဆံပင်ကို တဝက်စည်းလိုက်ပြီး ကုပ်နဲ့ ထိန်းညှပ်ပေးလိုက်သည်။

"နောက်ဆိုရင် ကိုကိုတို့ရဲ့ Community Development က ပိုခေတ်စားလာတော့မှာနော်။ ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ ဒေသဖွံ့ဖြိုးရေးတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက အရမ်းများလာနေတယ်လေ"

Sue ကတော့ ခေါင်းလေးမော့လို့ ခါရမ်းနေဆဲ။

"Sue ကတော့ Agriculture ပဲတက်မှာ။ ကိုကိုတို့ ဒေသဖွံ့ဖြိုးရေးတွေလုပ်တဲ့အခါ အဲ့ဒီဒေသရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဖို့ Sue ကအကြံဉာဏ်ပေးမယ်လေနော်"

"ဟား ဟား"

Sue စကားကြောင့် သူရယ်တော့ Sue ကပါ လိုက်ရယ်သည်။ Sue သည် ရယ်နေရာမှ ကျောက်လှေခါးထစ်တွေအတိုင်း ဆင်းလာနေသော လူတစ်ယောက်ကိုမြင်သည့်အခိုက် အံ့အားတသင့်ဖြစ်လို့ နှုတ်ခမ်းလေးတွေပွင့်ဟသွားလေသည်။

ခဲရင့်ရောင် အနောက်တိုင်းဝတ်စုံနဲ့ လက်ထဲမှာ အနက်ရောင်လက်ဆွဲအိတ်ကိုင်လို့ သူမတို့ရှိရာသို့ လျှောက်နေသော လူကိုငေးကြည့်ရင်း Sue ရဲ့ရင်ခုန်သံတွေမြန်လာသည်။ ထိုင်နေရာမှ ရုတ်တရက် ထ ရပ်လိုက်သည့် Sue ကို ရှောင်းကျန့်က ထူးဆန်းသလိုကြည့်ရင်း

"ဘာလဲ Sue"

"ဟင့် အင်း"

Sue က ခေါင်းကိုခါရင်း ပြန်ထိုင်သည်။ ထို့နောက် ပြန် ထ ရပ်ပြန်သည်။ အကောင်းကြီးကနေ ဂဏှာမငြိမ်ဖြစ်နေသော Sue ကို ရှောင်းကျန့်က

"အရူးမလေး"

ဟု ပြောလိုက်ရင်း Sue ရဲ့နဖူးကို လက်ညှိုးနဲ့လှမ်းတောက်သည်။ Sue က သူ့ဆီအာရုံမရှိဘဲ တစ်နေရာကိုသာ ကြည့်နေတာကြောင့် ရှောင်းကျန့်လည်း Sue ရဲ့အကြည့်တွေနောက် လိုက်ကြည့်လိုက်သည်။

"ဦးငယ်"

ရှောင်းကျန့်က ခပ်တိုးတိုးခေါ်ရင်း ထိုင်နေရာမှ ထ ရပ်လိုက်သည်။ ဦးငယ်က သူ့ကို ပြုံးပြပြီး လျှောက်လာနေသည်။

"ဆောရီး ကျန့်။ Group Discussion တစ်ခုရှိနေလို့ ဦးငယ်နောက်ကျသွားတယ်။ စောင့်နေတာကြာနေရောပေါ့"

"မကြာသေးပါဘူး။ ဦးငယ် သူက ကျွန်တော်ဖုန်းဆက်တုန်းက ပြောထားတဲ့ Sue လေ။ Sue Morgan တဲ့။ Hilton ရဲ့ညီမ။ ကျွန်တော့်ညီမလေးပါပဲ။ Sue ... ဒါက Sue ကို ကူညီပေးမယ်ဆိုတဲ့ professor လေ။ Dr. Wang တဲ့။"

တစ်ချိန်လုံး ရယ်မောသွက်လက်နေခဲ့သည့် Sue က အခုတော့ ရှက်နေသလိုမျိုး ငြိမ်သက်တိတ်ဆိတ်နေသည်။ ရိပေါ်က Sue ဆိုသော မိန်းကလေးကိုကြည့်ရင်း မြင်ဖူးသလိုရှိသည်ဟုတွေးနေပေမယ့် သေချာလည်း မမှတ်မိနေပြန်ပေ။

"Agriculture entrance ကို စိတ်ဝင်စားတယ်ဆိုလို့ ဆရာက ဝမ်းသာပါတယ်။ ဆရာကလည်း အခုမှ ဒီတက္ကသိုလ်ကို ရောက်တာဆိုတော့ ဒီက entrance system နဲ့ သိပ်တော့ familiar မဖြစ်ဘူး။ ဒါပေမယ့် လေ့လာရမယ့် မေးခွန်းပုံစံတွေကို ဆရာ Librarian ကိုမေးကြည့်ပေးပါ့မယ်။ လိုအပ်ရင် Graduate School မှာလည်း စုံစမ်းပေးလို့ရတယ်။ အဆင်ပြေသွားမှာပါ။ စာလေ့လာတဲ့အချိန် စာမေးပွဲဖြေတဲ့အချိန်တွေမှာ စိတ်ကိုသာတည်ငြိမ်အောင်ထား"

"ဟုတ်ကဲ့ ဆရာ"

Sue က မပွင့်တပွင့်နဲ့ ခပ်တိုးတိုးဖြေလိုက်သည်။ အမြဲလို စူးစူးဝါးဝါးနဲ့ ရန်စွာတတ်သည့် ကောင်မလေးက ရုတ်တရက်ကြီး ရှက်သွေးဖြာသွားသည့်အတွက် ရှောင်းကျန့်က တအံ့တဩဖြစ်သွားရသည်။

"ဆရာ Sue ကို မမှတ်မိဘူးလားဟင်"

ရိပေါ်က ဇဝေဇဝါနဲ့ကြည့်နေသည်။ Sue ဆိုသည့်နာမည်ကို ရင်းနှီးနေသလိုရှိသည်။ မိန်းကလေးတစ်ယောက်ကို သေချာစေ့စေ့စပ်စပ်ကြီးလိုက်ကြည့်နေလျှင် အားနာစရာဖြစ်တာကြောင့် တဒင်္ဂခဏသာကြည့်ပြီး မျက်နှာလွှဲလိုက်သည်။

"ဆရာတို့ဆုံဖူးသလား"

"ဟုတ်... ဆရာ Sue ကို ကူညီဖူးတယ်လေ။ အိမ်အထိလိုက်ပို့ဖူးတယ်လေ။"

ဒီတော့မှ ရိပေါ် မှတ်မိသွားပြီး မိန်းကလေးကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။ ထိုညကနဲ့ ကွဲပြားခြားနားသည့် အပြင်အဆင်ကြောင့် သူက သတိမထားမိခဲ့ခြင်းဖြစ်သည်။ အခုကြည့်မိတော့မှ တူညီသော ပြုံးပြနှုတ်ဆက်နေပုံလေးကို သတိထားမိသွားသည်။

"ဪ... အဲ့ဒီညက မိန်းကလေးလား။ ဆရာ မမှတ်မိတာ ဆောရီး။"

"ရပါတယ် ဆရာ။ အခုမှတ်မိသွားလို့ ကျေးဇူးတင်ပါတယ်နော်"

Sue က တကယ်လည်း ပျော်သွားတာဖြစ်သည်။ ရှောင်းကျန့်ကတော့ ဦးငယ်နဲ့ Sue ကို နားမလည်သလိုကြည့်နေသည်။ Sue က သူ့လက်မောင်းကို ဆုပ်ကိုင်လို့ ပြုံးရယ်ရင်း

"အရင်တစ်ခါ ပါတီသွားတုန်းက Sue တို့ကို နှောင့်ယှက်လို့ လူတစ်ယောက်က ကူညီပေးခဲ့တယ်၊ အိမ်လည်းလိုက်ပို့တယ်ဆိုတာ ကိုကို့ကို ပြောဖူးတယ်မဟုတ်လား။"

ရှောင်းကျန်က ခေါင်းညိမ့်လိုက်ရင်း

"အဲ့ဒါ ဦးငယ်လား"

"အင်း... ဒါနဲ့ ကိုကိုက ဘာလို့ ဆရာ့ကို ဦးငယ်လို့ ခေါ်တာလဲ"

ရှောင်းကျန့်က ပြန်မဖြေဘဲ နှုတ်ဆိတ်နေသည်။ ရိပေါ်က ပြုံးလိုက်ရင်း စကားဖြတ်လိုက်သည်။

"အဲ့ဒီညက ဆရာလည်း Research Farm ကပြန်လာချိန်နဲ့ လမ်းမှာဆုံကြလို့ပါ။ ကဲ အခု ဆရာတို့ Library ထဲ သွားလိုက်ကြမလား"

"ဟုတ်ကဲ့ ဆရာ"

Sue က ရှောင်းကျန့်လက်မောင်းကို တွဲချိတ်ထားရာမှ ဖြုတ်လိုက်ပြီး ရိပေါ်အနား လာရပ်သည်။ ရိပေါ်က ရှောင်းကျန့်ကို လှည့်ကြည့်သည်။ ရှောင်းကျန့်က ခေါင်းညိမ့်လိုက်ရင်း နောက်ကနေ ကပ်လိုက်လာသည်။ ဦးငယ်ရဲ့ဘေးနားကနေ ယှဉ်လျက်လျှောက်နေရင်း ခေါင်းလေးငုံ့ရှက်နေသည့် Sue ရဲ့အမူအယာကို ကြည့်ပြီး သူ တစ်ခုခုကို စဉ်းစားနေမိသည်။

Library ထဲ ဝင်လိုက်ပြီး ရိပေါ်က စာကြည့်တိုက်မှူးဆီတန်းသွားသည်။ အကျိုးအကြောင်းပြောပြတော့ လက်ထောက်ဝန်ထမ်းမိန်းကလေးက သူတို့ကို Agricuture ဝင်ခွင့်နဲ့ နဲ့သက်ဆိုင်တဲ့စာအုပ်တွေရှိရာဘက်အခြမ်းသို့ ဦးဆောင်ခေါ်လာသည်။

Sue က စာကြည့်တိုက်မုဒ်ဦးမှာ ရေးထားသည့် "Nobel Silence" ဆိုသည့်ဆောင်ပုဒ်ကို လှမ်းကြည့်သည်။ စာကြည့်တိုက်ထဲမှာ စာဖတ်နေကြသည့် ကျောင်းသားတစ်ချို့ဆီမှ စာရွက်လှန်သံတိုးတိုးကလွဲပြီး ဘာသံမှ မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ စာအုပ်ရှာပေးဖို့ ကူညီပေးနေသည့် ဝန်ထမ်းတွေရဲ့ လမ်းလျှောက်နေသည့် ခြေသံတွေတောင် မကြားရပေ။

ရှောင်းကျန့်က Agricultural Extension reference book နှစ်အုပ်လောက်ကို စင်ပေါ်ကနေ ယူလိုက်ပြီး စားပွဲဝိုင်းတစ်ခုမှာ သွားထိုင်ဖတ်နေလိုက်သည်။ ဦးငယ်နဲ့ Sue တို့သွားရာနောက် လိုက်ကြည့်နေမိတာကြောင့် စာဖတ်နေတာလား၊ စာရွက်တွေကို လှန်နေတာလား သူ့ဖာသာလည်းမသေချာ။

ရိပေါ်က မေးခွန်းဟောင်းတွေ စုစည်းထားသည့် Legal size စာအုပ်အထူကြီးကို လှမ်းယူလိုက်ပြီး ရှေ့ဆုံးစာမျက်နှာအနည်းငယ်ကို လှန်လှောဖတ်ကြည့်သည်။ ထို့နောက် ခေါင်းညိမ့်လိုက်ပြီး ထိုစာအုပ်ကို သူ့ကဒ်နဲ့ငှားမည့်အကြောင်း ဝန်ထမ်းမိန်းကလေးကို လေသံမျှဖြင့်ပြောလိုက်သည်။

"May I borrow it!"

"Sure, Sir."

မိန်းကလေးက စာအုပ်ကိုယူပြီး ပြန်လှည့်သွားသည်။ ရိပေါ်က Sue ကို ပြုံးပြလိုက်ပြီး

"အဲ့ဒီစာအုပ်ထဲမှာ မေးခွန်းပုံစံတွေရော လေ့လာသင့်တဲ့အကြောင်းအရာတွေကိုပါ ညွှန်းထားတာတွေပါတယ်။ သူ့ထဲညွှန်းထားတဲ့ စာအုပ်တစ်ချို့ ဆရာ့ဆီမှာရှိတယ်။ library က မငှါးနဲ့တော့။ ဆရာ့ဆီက ယူပြီးကြည့်လိုက်။ စာမေးပွဲဖြေပြီးမှပဲ ပြန်ပေးပေါ့"

Sue က ခေါင်းညိမ့်ပြသည်။ သူမ အသံထွက်ဖြေလိုက်လို့ အသံကျယ်သွားရင် စာကြည့်တိုက်မှာ အနှောင့်အယှက်ဖြစ်လေမလားစိုးရိမ်ပြီး အသံမထွက်ရဲပေ။ ဆရာ့လို လေသံတိုးညင်းညင်းလည်း မပြောတတ်ဘူးမဟုတ်လား။

"Thank you Ms. Zu"

"Welcome Professor"

ရိပေါ်က စာကြည့်တိုက်မှူးကို ကျေးဇူးတင်ကြောင်းပြောပြီး ငှားထားသည့် စာအုပ်ကို Sue ဆီလှမ်းပေးသည်။ Sue က စာအုပ်ကို ရင်ဘတ်မှာကပ်ထားရင်း ဆရာနဲ့အတူ ပြန်ထွက်လာကြသည်။ ရှောင်းကျန့်က သူယူဖတ်ထားသည့် စာအုပ်တွေကို သွားပြန်ထားဦးမည်မို့ အပြင်ကစောင့်ဖို့ကို လက်ဟန်နဲ့ ပြောလိုက်သည်။

စာကြည့်တိုက်အပြင်က ခုံတန်းရှည်မှာ Sue က ဝင်ထိုင်လိုက်သည်။ ဆရာကတော့ မျက်စောင်းထိုးက တစ်ယောက်ထိုင် ကျောက်တုံးခုံလေးမှာ ဝင်ထိုင်သည်။ ဒါလည်းကောင်းတာပါပဲ။ ဘေးမှာထိုင်ရင် မမြင်ရဘူးလေ။ မျက်စောင်းထိုးလောက်မှာဆို‌တော့ ဆရာ့ကို Sue ခိုးကြည့်နေလို့ရတာပေါ့။

"ဆရာ စာအုပ်တွေကို ကျန့်ကနေတစ်ဆင့်ပေးလိုက်မယ်"

"ဟုတ်"

"နောက်ပိုင်း ဒီတက္ကသိုလ်ရဲ့ကျောင်းသားတစ်ယောက်ဖြစ်သွားရင် E-Library ကနေ စာအုပ်တွေရှာငှါးဖတ်လို့ရသွားပါပြီ။ E-Book ပေါ့။ ဒါပေမယ့် ဒီမှာကျောင်းသားအများစုက Library မှာပဲ စာအုပ်လာဖတ်ကြတယ်။ အဲ့ဒါတော့ ဆရာအတော်သဘောကျတယ်။ နည်းပညာတိုးတက်နေတဲ့ခေတ်မှာ Smart phone နဲ့ပဲအချိန်မကုန်ဘဲ စာအုပ်ဖတ်ကြတဲ့လူငယ်တွေ ရှိနေတာက တကယ်ကောင်းတဲ့အချက်ပဲမဟုတ်လား"

"ဟုတ်"

Sue က တိုးတိတ်စွာ ဖြေရင်း စိတ်မလုံသလိုဖြစ်နေသည်။ သူမက အလေလိုက်ခဲ့တာတွေများသူမဟုတ်လား။ ဆရာက စာဖတ်တာကို သဘောကျသည်။ စာဖတ်သူတွေကိုလည်း သဘောကျသည်လို့ မှတ်ထားလိုက်သည်။ နောက်ဆို Sue လည်း စာတွေအများကြီးဖတ်တော့မည်ဟု ဆုံးဖြတ်ထားလိုက်လေသည်။ 

"ဟော ကျန့် လာပြီ"

ရှောင်းကျန့်က ဦးငယ်နဲ့ Sue ကို အဝေးမှာကတည်းက အကဲခတ်ကြည့်နေသည်။ သူ တစ်ခုခုကိုတော့ သိလိုက်ပြီလို့ ထင်ပါသည်။ သို့သော်...။

"ဘာစားကြမလဲ။ ဦးငယ်လိုက်ကျွေးမယ်။"

ရိပေါ်က ပြောပြီး နာရီကိုကြည့်သည်။ အချိန်က မနက် ၁၀ နာရီကျော်ပဲရှိသေးတာကြောင့် ကိုးလို့ကန့်လန့်တော့ဖြစ်နေသည်။

"Orange က ပေါင်မုန့်တွေကောင်းတယ်။ ကျန့်ကတော့ စားဖူးမှာ။ Sue စားဖူးအောင်ပေါ့။ နောက်ဆို Library လာရင်း Orange မှာ ကော်ဖီနဲ့မုန့်ဝင်စားလို့ရတယ်။ သူက ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာတွေအတွက်ပဲမို့ ဈေးလည်းသင့်တယ်"

ရိပေါ်က ပြောရင်း ရယ်လိုက်သည်။

"ကလေးတွေကို ဈေးချိုတာတွေ လိုက်ကျွေးသလို ဖြစ်နေပြီထင်တယ်"

"ဟင့်အင်း ... Sue ပေါင်မုန့်ကြိုက်ပါတယ်။ စားကြည့်ချင်ပါတယ် ဆရာ။"

"ကျန့်ကရော။ ကျန့် ဘာစားချင်လဲ။

ရိပေါ်က စကားသိပ်မပြောဘဲ ငြိမ်နေသည့် ရှောင်းကျန့်ကို လှမ်းကြည့်ပြီးမေးသည်။ ရှောင်းကျန့်က ဦးငယ်ကို အတန်ကြာအောင် ကြည့်နေရင်း ခေါင်းကိုညိမ့်ပြလိုက်သည်။

"ရပါတယ်။ Orange ကိုပဲသွားတာပေါ့"

-----------------

Orange ကနေ ပြန်အထွက်မှာ ရိပေါ်က ရှောင်းကျန့်နဲ့ Sue ကို ကြည့်ရင်း

"ကျန့်တို့ ကားနဲ့လာတာလား"

ရှောင်းကျန့်က ခေါင်းညိမ့်ပြလိုက်သည်။

"ဦးငယ်... ဘယ်ပြန်မှာလဲ။ အခန်းလား ဌာနလား"

ရိပေါ်က Engineering Building ဘက်ကို မေးငေါ့ပြရင်း

"ဌာနပဲပြန်မှာ။ ဦးငယ် ဒီဘက်ကပဲ ပြန်လိုက်တော့မယ်။"

Sue က ဦးငယ်ပြန်တော့မည်ဆိုတော့ ဦးငယ်ကို လိုက်ကြည့်နေသည်။ ဦးငယ်က သူတို့နှစ်ယောက်လုံးကို ခြုံကြည့်ပြီး Sue ကို ပြုံးပြသည်။

"ကဲ Good luck Sue!"

Sue က ချိုမြစွာပြုံးပြလိုက်သည်။

"Thank you Sir."

"OK! Safe drive နော် ကျန့်"

ရိပေါ်က ပြုံးလျက် လက်ပြလိုက်ပြီး နှုတ်ဆက်ထွက်ခဲ့လိုက်သည်။ Sue က ဦးငယ်ကို မြင်ကွင်းက ပျောက်ကွယ်သွားတဲ့အထိ မျက်တောင်မခတ်တမ်းလိုက်ကြည့်နေသည်။

ရှောင်းကျန့်က ကားမောင်းရင်း ဘာစကားမှမပြောဘဲ အသံတိတ်နေပေမယ့် Sue ကတော့ စာအုပ်ကလေးကို ရင်ဘတ်မှာကပ်လိုက် ပါးမှာကပ်လိုက်နဲ့ စကားတွေတတွတ်တွတ်ပြောလာသည်။

"ကိုကို... ဆရာ့ဆီစာအုပ်တွေသွားယူရင် Sue လည်းလိုက်ခဲ့မယ်"

"ဆရာတစ်ယောက်တည်းနေတဲ့အခန်းကို ကျောင်းသူအပျိုအရွယ်လေး သွားလို့ လူမြင်သင့်ပါ့မလား စဉ်းစားလေ Sue ရဲ့"

"ဟွန့် ကိုကိုလည်း ပါတာပဲကို"

Sue က နှုတ်ခမ်းလေးစူရင်း သူ့ကို မျက်စောင်းလေးထိုးလို့ မကျေမနပ် စောဒကတက်သည်။ သူ မကြားချင်ယောင်ဆောင်နေလိုက်လေသည်။

-------------------

ရိပေါ်သည် အဖြူရောင် Long Lab Coat ကို အပေါ်ကနေ ထပ်ဝတ်လိုက်ပြီး Lab Analysis Room ထဲ ဝင်လိုက်သည်။ သုတေသနခန်းထဲမှာ ကျောင်းသားတွေက plant digest ၊ soil digest ၊ nutrient test အမျိုးမျိုးစမ်းသပ်ရင်း အလုပ်များနေကြသည်။

"Good Afternoon Sir"

Soil Science က ကျောင်းသားတစ်ယောက်က soil digest လုပ်ထားသည့် test tube တွေကို wrapping လုပ်နေရင်း သူ့ကိုမြင်တော့ လှမ်းနှုတ်ဆက်သည်။ သူ ခေါင်းတစ်ချက်ဆတ်ပြလိုက်ရင်း Sulfuric acid ပုလင်းဖွင့်နေသည့် ကျောင်းသားအနား လျှောက်လာသည်။

"Goggles ရော။ အက်ဆစ်အပြင်းတွေသုံးရင် protective material တွေ အကုန် ဝတ်ထားလေ။"

"ဟုတ်ကဲ့ ဆရာ"

ကျောင်းသားက ဇက်ပုသွားရင်း locker ထဲကနေ သုတေသနသုံးမျက်မှန်ကို ထုတ်ယူတပ်နေသည်။ ရိပေါ်က မနက်ဖြန် Research Farm သွားရင် ယူသွားမည့် extracted sample ဗူးတွေကို box ထဲ ထည့်လိုက်သည်။ စားပွဲပေါ်က လုပ်လက်စ sample solution တွေထည့်ထားသည့် flask တွေကို ကြည့်ရင်း

"ဒါ ဘယ်သူ့ဟာတွေလဲ"

"ခုနက Shiela လုပ်နေတာတွေ့ပါတယ် ဆရာ။ နာရီဝက်ထားရမယ်လို့ ပြောတာကြားပါတယ်။ သူ timer နဲ့မှတ်နေတာတွေ့တယ် ဆရာ"

အနီးအနားရှိနေသည့် ကျောင်းသားတစ်ယောက်ကဝင်ဖြေသည်။ ရိပေါ်က flask တွေကို တစ်ချက်စစ်ကြည့်ပြီး သူယူရမည့် box ကိုယူလို့ အပြင်ပြန်ထွက်ခဲ့လိုက်သည်။ သူ့ရုံးခန်းကိုသွားဖို့ ကော်ရစ်တာအချိုးမှာ နားနေခန်းထောင့်က စကားပြောသံသဲ့သဲ့ကြားလိုက်ရသည်။

ဒီလိုပဲ ကျောင်းသူ ကျောင်းသားတစ်ချို့လို့ထင်တာကြောင့် ကွေ့လိုက်စဉ် မှတ်မိနေသည့် ကျောပြင်ကို တွေ့လိုက်ရာ ရိပေါ်မှာ နောက်ပြန်ဆုတ်ရင်း အုတ်နံရံအကွယ်ဘက်သို့ ကပ်လိုက်ရသည်။ တစ်ခြားဘက်ကပဲ ပတ်သွားရန်ဆုံးဖြတ်ပြီး နောက်ပြန်လှည့်လိုက်သည်။

"Sean ရဲ့ကားပေါ်မှာပါသွားတဲ့ကောင်မလေးကဘယ်သူလဲဟင်။ Library ရှေ့မှာ သူ့ကို ဆံပင်တွေတောင် စည်းပေးနေတာလေ"

မိန်းကလေးအသံကိုကြားလိုက်ရတာကြောင့် ပြန်လှည့်ထွက်မည်ပြင်ပြီးမှ မသွားဖြစ်ဘဲ နေရာမှာတင် ရပ်နေလိုက်မိသည်။ ရှောင်းကျန့်နဲ့ကွယ်နေတာကြောင့် သူက Shiela ကို သတိမထားမိလိုက်ခြင်း ဖြစ်သည်။

"Sean နောက်တစ်ယောက်တွေ့နေတာလား"

"ဘာလို့မေးတာလဲ Shiela"

"အို ကိုယ့်ချစ်သူကို အခြားမိန်းကလေးနဲ့တွဲတွေ့တာ တို့က ဒီလောက်ကလေးတောင် မေးခွင့်မရှိဘူးလား Sean ရယ်"

ရှောင်းကျန့်က စိတ်ရှုပ်စွာဖြင့် မျက်မှောင်တွေ တွန့်ချိုးသွားသည်။ သူ Shiela ကို ချစ်သူရယ်လို့ သတ်မှတ်မထားပေမယ့် Shiela ကတော့ သူ့ကို တစ်ဦးပိုင်လို့ သတ်မှတ်နေလေသည်။ မိန်းကလေးတွေအားလုံးသည် တစ်ပုံစံတည်းသာ ဖြစ်သည်။

"ကိုယ်က သဘောထားသေးတဲ့ မိန်းကလေးတွေကို သဘောမကျဘူး Shiela။ ကိုယ်တို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြတာပေါ့"

"ဟင် ဘယ်လို Sean... ဘာပြောလိုက်တယ်။ တို့ကို လမ်းခွဲမယ်ပြောတာလား။ တို့က သဘောထားသေးတယ် ဟုတ်လား။ ဘယ်မိန်းကလေးကများ ချစ်သူကို တစ်ခြားမိန်းမနဲ့ ကြည်နူးနေတာကို ကြည်ဖြူနိုင်လို့လဲ။ Sean တို့ကို ကစားခဲ့တာလား"

"မင်း ကြိုက်သလိုတွေးနိုင်တယ် Shiela။ ကိုယ် မင်းနဲ့ ဆက်မတွဲချင်တော့လို့ပဲ။"

ရှောင်းကျန့်က ပြောပြီး လှည့်ထွက်သွားလေသည်။ Shiela က နံရံမှာ မျက်နှာအပ်ပြီး ရှိုက်ငိုကျန်ခဲ့သည်။ ရိပေါ်သည် ထောင့်အကွယ်ကနေ အကုန်မြင်နေ ကြားနေရသည်။ ရှောင်းကျန့်ရဲ့ ကားပေါ်မှာ တွေ့သည့်မိန်းကလေးဆိုတာ Sue ကို ပြောတာဖြစ်လိမ့်မည်။ Sue က ညီမလေးဖြစ်ကြောင်း ရှောင်းကျန့်က ဘာကြောင့် မရှင်းပြခဲ့ပါသနည်း။

"ဆရာ"

ရိပေါ်သည် အကွယ်မှာ ကျောက်ရုပ်လိုရပ်နေမိသည်မှာ ဘယ်လောက်ကြာသွားသည်မသိ။ Shiela ရောက်လာပြီး သူ့ကို မြင်ကာ နှုတ်ဆက်မှ အသိဝင်သွားရသည်။

"ဆရာ မြင်ခဲ့လိုက်မှာပေါ့နော်။ Sean က အသစ်တွေ့သွားခဲ့ပြီ"

Shiela က မျက်ရည်တွေစီးကျလာပြီး ပြောသင့်လား မပြောသင့်လားတွေ မစဉ်းစားတော့ဘဲ သူ့ကို ရင်ဖွင့်ငိုကြွေးနေသည်။ အဆင်ပြေသွားမှာပါ လို့ ပြောရမည်လား။ အားလုံးကောင်းဖို့ဖြစ်လာတာပါလို့ ပြောရမည်လား။ ဘာပြောပြော ဒီအချိန်မှာတော့ ကောင်းသည့်အဓိပ္ပါယ်မဟုတ်နိုင်တာကြောင့် ဘာမှမပြောဖြစ်တော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။

Shiela က မျက်ရည်တွေကို သုတ်ရင်း "Sorry Sir" ဟုတောင်းပန်ကာ သူ့ရှေ့ကနေ ခေါင်းငုံ့လို့ ထွက်ခွါသွားလေသည်။ ရိပေါ်မှာ သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။

-----------------------

"အားလုံးပဲ ကိုယ့်ရှေ့က ဖန်ခွက်ထဲ အအေး၊ ဝိုင်၊ ဘီယာ (သို့မဟုတ်) ကိုယ်ကြိုက်နှစ်သက်ရာ အရည်တစ်မျိုးမျိုး ထည့်ထားကြပါဗျ"

"ရေ ပဲဟေ့ ရေ ပဲ။ ငါတို့က ရေပဲသောက်တယ်။"

"ဟုတ်တယ် ရေပဲသောက်တယ်။ ရေက 1% နဲ့ alcohol က 99% ဖြစ်နေတာလောက်ပဲ"

ဟား ဟား ဟား

ဘာသာရပ်ဆိုင်ရာဌာနတွေအားလုံးရဲ့ Semester အစကို ကြိုဆိုတဲ့ dinner party ကျင်းပနေတာဖြစ်ပြီး ဆရာ၊ ဆရာမများနဲ့ ကျောင်းသားတွေအားလုံးက ကိုယ့်ဌာနအလိုက် စားပွဲတွေမှာ နေရာယူထားကြပြီးဖြစ်သည်။

ကျောင်းသားတစ်ယောက်က ရှေ့ထွက်ပြီး မိုက်ကိုင်ကြေညာတော့ အချင်းချင်းစနောက်ပြီး ဟာသလုပ်နေကြသည်။

"ကျွန်တော်က 1 2 3 လို့ အော်လိုက်တာနဲ့ အားလုံးက Cheer လို့ သံပြိုင်အော်ပြီး ကိုယ့်ရှေ့က ဖန်ခွက်ကို အကုန် one stroke မော့သောက်လိုက်ရမယ်နော်။ ဖန်ခွက်ထဲမှာ လုံးဝတစ်စက်မကျန်စေရဘူးနော်။ ဒါကြောင့် ကိုယ်သောက်နိုင်သလောက်ပဲ ထည့်ထားကြပါခင်ဗျ"

"ဟုတ်ပါတယ်။ ဒါက New Semester ကို ကြိုဆိုပြီး New Chapter ကို ဖွင့်လှစ်တဲ့အဓိပ္ပါယ်ပါ။ ဖန်ခွက်ထဲမှာ မကုန်ဘဲ ကျန်နေရင်တော့ ကျောင်းမပြီးဘဲ ကျန်ခဲ့မယ့်သဘောပေါ့ဗျာ"

ဟား ဟား ဟား

ရယ်သံများ ဆူညံသွားပြီး အားလုံး ပွဲကျကုန်ကြသည်။ မိန်းကလေးတစ်ချို့က မျက်စောင်းထိုးလို့ ပွစိပွစိ ရေရွတ် ကျိန်ဆဲလိုက်ကြပြီး လောဘတကြီးနဲ့ ဖန်ခွက်အပြည့်ထည့်ထားကြသည့် အရည်တွေကို အလန့်တကြားနဲ့ ပြန်လျှော့နေကြသည်။

ရှောင်းကျန့်က ဦးငယ်ရှိရာဝိုင်းသို့ လှမ်းကြည့်လိုက်သည်။ သူတို့ Community Development နဲ့ Agriculture က စားပွဲဝိုင်း ၅ ဝိုင်းလောက် ခြားနေပြီး မျက်စောင်းထိုးအနေအထားမှာ ဖြစ်နေသည်။ ဒါပေမယ့် ဦးငယ်ကိုတော့ သူ ထင်ထင်ရှားရှား လှမ်းမြင်နေရပါသည်။

ကျောင်းသားတွေနဲ့ ဆရာတွေပါ အတူယှဉ်တွဲနေရာယူထားကြတာကြောင့် ဦးငယ်ရဲ့ဘေးမှာ Tommy ရှိနေသည်။ အတင်းကပ်ပြီး စကားပြောနေသည်မှာ လိုအပ်သည်ထက် ပိုနေလေသည်။ Tommy က ဦးငယ်ရဲ့ဖန်ခွက်ထဲကို Tequila ငှဲ့ထည့်ပေးနေသည်။

ဦးငယ်က တစ်ခုခုပြောနေပုံရသည်။ မသောက်ကြောင်း ငြင်းနေတာဖြစ်မည်။ တစ်ခြားဖန်ခွက်ပြန်ယူပြီး Ginger tea ပဲ ငှဲ့ထည့်နေတော့ Tommy က ပုလင်းကို ဆွဲယူပြီး ငှဲ့ပေးနေသည်။ ပုလင်းကို ဆွဲယူရင်း ဦးငယ်ရဲ့လက်တွေကို ခပ်ကြာကြာဆုပ်ကိုင်ထားတာကို မြင်တော့ ရှောင်းကျန့်နှုတ်ခမ်းတွေ တင်းတင်းစေ့သွားသည်။

"Sean... Orientation Party ကြီးနော်။ ကိုယ့်ဌာန ကိုယ့်ကျောင်းသားသဘောပါကွာ"

သူငယ်ချင်းတွေက သူ့အမူအရာကို ရိပ်မိနေကြပြီး Hilton က အသံတိုးတိုးဖြင့် သတိပေးစကားဆိုသည်။

"အားလုံး Ready 1 2 3"

CHEER

သံပြိုင်အော်သံတွေနဲ့ ဖန်ခွက်ချင်းထိခတ်သံတွေက ခန်းမတစ်ခုလုံး တုန်ခါမတတ် ညံသွားလေသည်။ ထို့နောက် တစ်ချို့က ဖန်ခွက်ထဲ ဘာမှမကျန်တော့ပါ ဆိုသည့်သက်သေအဖြစ် ဖန်ခွက်အလွတ်တွေကို မှောက်ပြလိုက်ကြပြီး တစ်ချို့ကဖန်ခွက်တွေကို စားပွဲပေါ် ဆောင့်ချလိုက်ကြသည်။

ရှောင်းကျန့်က ဦးငယ်တို့ဝိုင်းကို လှမ်းကြည့်လိုက်တော့ Tommy မရှိနေတော့ပေ။ ဦးငယ်ကတော့ ဆရာတစ်ချို့နဲ့ ရယ်မော စကားပြောနေသည်။ ရှောင်းကျန့်က ဘူဖေးအစားအစာတွေယူသည့်နေရာသို့ ထွက်လာလိုက်ပြီး ပန်းကန်တစ်ချပ်ထဲသို့ Cheese, Spagatti နဲ့ Roasted Chicken Cocacola ကို ထည့်လိုက်သည်။

"Sean"

ခပ်ဖျော့ဖျော့ခေါ်သံတစ်ခုကြောင့် သူ ဘေးကို လှည့်ကြည့်လိုက်သည်။

"Aww Shiela, how's going on?"

ရှောင်းကျန့်ရဲ့ မထူးဆန်းသော ခပ်မှန်မှန်နှုတ်ဆက်စကားကြောင့် Shiela ရဲ့မျက်နှာလေးက ပိုနွမ်းလျသွားသည်။ နောက်မှာတန်းစီနေကြတဲ့ သူတွေလည်းရှိနေတာကြောင့် ရှောင်းကျန့်က Honey Chicken တစ်တုံးကို ညှပ်နဲ့ယူလိုက်ပြီး Shiela ရဲ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

"ကိုယ်တို့ မိတ်ဆွေတွေလို ဆက်ပြီးခင်မင်သွားကြတာပေါ့ Shiela"

မျှော်လင့်ချက်မျက်ဝန်းတွေနဲ့ ကြည့်နေသည့် Shiela ရဲ့အကြည့်တွေကို ရှောင်လွှဲလို့ ရှောင်းကျန့်က See you ဆိုကာ လှည့်ထွက်သွားလေသည်။ Shiela သည် သူမကြိုက်တတ်သော ပျားရည်ကြက်ကြော်ကို Sean က မမေ့မလျော့ရှိသည့်အတွက် ဝမ်းသာတဲ့စိတ်နဲ့သာ နှစ်သိမ့်ကျန်ခဲ့ရသည်။

ရိပေါ်သည် တစ်ခြားဘက်အခြမ်း ဘူဖေးစားပွဲမှ စားစရာတွေကို ပန်းကန်ထဲထည့်နေရင်း ရှောင်းကျန့်နဲ့ Shiela တို့နှစ်ယောက်ကို လှမ်းမြင်နေရသည်။ စကားသံတွေကို မကြားရပေမယ့် Shiela မျက်နှာမကောင်းသည်ကြောင့် အခြေအနေကို ခန့်မှန်းနိုင်လေသည်။

"Sean ကိုမှ သွားပြီး အတည်ကြီးစွဲလမ်းနေတော့ ရူးတော့မှာပေါ့"

"အင်းလေ... Sean က ဘယ်မိန်းကလေးကိုများ အတည်တကျတွဲဖူးလို့လဲ"

မျက်နှာချင်းဆိုင်ဘက်ကနေ အစားအသောက်တွေယူနေသည့် ကျောင်းသူတစ်ချို့ဆီက တီးတိုးစကားသံတွေ ကြားနေရသည်။

"ဒါပေမယ့်လည်း Sean က Shiela ကို တစ်ပါတ်ကျော်လောက် တွဲခဲ့တာပဲ။ အဲ့ဒါစံချိန်ပဲလေ"

"အေး ဟုတ်တယ်။ အရင်လူတွေတုန်းက တစ်ရက် နှစ်ရက်နဲ့ ဇာတ်လမ်းပြတ်သွားတာချည့်။ တစ်ချို့ဆို နေ့တဝက်တင်နော်"

"အိုကွယ် ငါကတော့ Sean နဲ့သာ တွဲခွင့်ရမယ်ဆိုရင် မိနစ်ပိုင်းလောက်ပဲ အချိန်ရစေဦး တွဲပစ်မယ် ပျော်ပျော်ကြီး"

ဟီ ဟိ ခစ် ခစ်

ကောင်မလေးအဖွဲ့ဆီက ကြိတ်ရယ်သံလေးတွေ ထွက်လာကြသည်။ ရိပေါ်မှာ သက်ပြင်းမောကိုချလိုက်ရင်းက သဘောတကျပြုံးမိသွားရသည်။ လူတွေကြားထဲ ဟိုဒီဝေ့ကြည့်ပြီး ရှောင်းကျန့်ကို ရှာသော်လည်း မတွေ့ရပေ။ Cheer မလုပ်ခင်အထိ Community Development စားပွဲဝိုင်းမှာ တွေ့နေရတာကြောင့် ချက်ချင်းကြီး ပြန်သွားတာတော့ မဖြစ်နိုင်ပေ။

----

----

----

ဘူဖေးပန်းကန်ကို ယူလာပြီး ဦးငယ်ရှိရာဝိုင်းကိုလာတော့ ဦးငယ်က မရှိနေတော့ပေ။ Soft Drink Bar မှာများ ရောက်နေမလားတွေးရင်း ထိုနေရာဘက် ထွက်ခဲ့လိုက်သည်။

"feeling ကိုပြော သားရီး ရင်ထဲက feeling ha ha ha"

"feeling ကကွာ... ယောက်ကျားလေးဆိုတော့ မိန်းကလေးလက်လို နူးညံ့မနေဘူးကွာ။ ဒါပေမယ့် ထိမိသွားတာနဲ့ ငါ့မှာ ဓါတ်လိုက်သလိုဖြစ်သွားတယ်။ ငါ ဒါမျိုး မိန်းကလေးတွေနဲ့တောင် တစ်ခါမှ မခံစားဖူးဘူးကွ"

"Wowww Bravo Tom"

Ha ha ha

Tommy ကပဲ ကံဆိုးတာလား။ တိုက်ဆိုင်လွန်းတာလားမသိပေမယ့် ဒီလိုအချိန်တိုင်း ရှောင်းကျန့်နဲ့ တည့်တည့်တိုးတာ ဒါက နှစ်ကြိမ်မြောက်ပင်။ ရှောင်းကျန့်ရဲ့ဒေါသတွေက ဒိုင်းနမိုက်လို ဝုန်း ဒိုင်း ပေါက်ကွဲသွားတော့သည်။

တောက်...

ရှောင်းကျန့်က လက်ထဲကိုင်ထားသည့် one use plate ကို အနားကစားပွဲပေါ် ဆောင့်ချလိုက်ပြီး Tommy ရှိရာသို့ လေအလျဉ်လို ရောက်သွားလေသည်။

"ဟေ့ကောင် လာခဲ့။ မင်းနဲ့ငါ ရှင်းမယ်"

Tommy ကို ဂုတ်ကနေဆောင့်ဆွဲခေါ်လိုက်တာကြောင့် ယက်ကန်ယက်ကန်နဲ့ပါလာသည်။ပထမတော့ Tommy သူငယ်ချင်းတွေက အူကြောင်ကြောင်ဖြစ်ကျန်ခဲ့ကြပြီးမှ နောက်ကနေ ချက်ချင်းပြေးလိုက်လာကြသည်။

ရှောင်းကျန့်ကို စိတ်မချလို့ မျက်စိဒေါက်ထောက်လိုက်ကြည့်နေကြသည့် Hilton တို့ အုပ်စုကလည်း အနေအထားကိုမြင်တာနဲ့ သောက်လက်စခွက်တွေ ပစ်ချပြီး အမြန်ပြေးလိုက်သွားလေသည်။

ရှောင်းကျန့်က Tommy ကို ပွဲနဲ့ဝေးသည့် Rooftop သို့ ဆွဲခေါ်လာရင်း နံရံမှာကပ်ထားလိုက်သည်။

"မင်းကို ငါဘာပြောထားလဲ"

သွားကြားကထွက်လာသည့်လေသံပေမယ့် အေးစက်မာထန်နေတာကြောင့် Tommy မှာ ကြက်သီးတွေ ထ သွားရသည်။ ဘုမသိ ဘမသိ ပါလာသည့် Tommy မှာ ဒေါသလည်း ထွက်လာတာကြောင့် ရှောင်းကျန့်ရဲ့ အင်္ကျီရင်ဘတ်ကို ဆွဲစုကိုင်လိုက်သည်။

"Sean မင်း ဒါ ဘာလုပ်တာလဲ။ သက်သက်ရန်လာစနေတာလား"

ခွပ်...

ရှောင်းကျန့်က Tommy ရဲ့လက်တွေကို ဆွဲဖြုတ်လိုက်ပြီး ဘယ်မေးရိုးကို လက်သီးနဲ့ ဆွဲထိုးပစ်လိုက်သည်။ Tommy သည် ယိုင်သွားတာကို ချက်ချင်းထိန်းလိုက်ပြီး ရှောင်းကျန့်ကို လက်သီးနဲ့ ပြန်ထိုးသည်။

ဖြောင်း...

ခွပ် ခွပ်...

"မင်း အသက်ဆက်ရှင်ချင်သေးရင် Dr. Wang ကို ထိဖို့မကြိုးစားနဲ့ Tommy"

Tommy က အံ့အားသင့်သွားရာမှ သဘောပေါက်သွားလေဟန် မခိုးမခန့်ရယ်လိုက်သည်။

"ဒီလိုလား... ဒါဆိုလည်း"

ဖြောင်း...

Tommy က ညာခြေနဲ့ အဖြောင့်ကန်ထည့်လိုက်ရာ ရှောင်းကျန့်က ဘယ်လက်ဖျံနဲ့ကာလိုက်သည်။ ကန်ချက်ကပြင်းတာကြောင့် လက်အရိုးတွေ ကြေသွားမတတ် ပူထူသွားရသည်။ 

ခွပ်...

ရှောင်းကျန့်ရဲ့ ဝိုက်လက်သီးကြောင့် Tommy မျက်နှာလည်ထွက်သွားပြီး ပါးစပ်ထဲမှ သွေးတွေပါ စီးကျလာသည်။

နှစ်ယောက်စလုံးက ကိုယ်ခံပညာနဲ့ အမေရိကန်လက်ဝှေ့ကလပ်တွေမှာ အတူတူသင်ဖူးထားတာကြောင့် ထိုးသတ်မှုတွေက ဘတစ်ပြန်ကျားတစ်ပြန် ဖြစ်နေသည်။ ကျောင်းသားတွေကလည်း နှစ်ယောက်ထိုးသတ်ပွဲကို ဘယ်သူကမှ ဝင်မဆွဲဘဲ တဟေးဟေးနဲ့ အော်ဟစ်အားပေးနေကြသည်။

တစ်ကြိမ်မှာ ရှောင်းကျန့်ရဲ့ခြေကန်ချက်ကြောင့် Tommy က နောက်လန် ယိုင်ထိုးသွားရာ ကျောင်းသားတွေက ထိန်းပေးထားလိုက်ရသည်။ ထိုအခြေအနေမှာ Tommy သူငယ်ချင်းတစ်ယောက်က Tommy ရဲ့လက်ထဲသို့ မောင်းပြန်ဓါးအသေးလေးကို အသာဝှက်ထည့်ပေးလိုက်တာကို Will က လှမ်းမြင်လိုက်လေသည်။

"Sean သတိထား ဓါး ပါ တယ်"

Will ကအော်ရင်း ထိုးသတ်နေသည့် ကွင်းအလယ်ခေါင်သို့ ပြေးဝင်သွားရာ Fred, Hilton နဲ့ Victor တို့ ၃ ယောက်လည်း ထပ်ကြပ်ပါသွားကြသည်။

----

----

----

"Rooftop မှာ ကျောင်းသားတွေ ရန်ဖြစ်နေကြတယ်"

ကျောင်းသားတစ်ယောက်ရဲ့ အော်ပြောသံကြောင့် ခန်းမထဲရှိ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အားလုံး Rooftop သို့ ပြေးတက်သွားကြသည်။

ရိပေါ်က အခန်းထဲမှာ ရှောင်းကျန့်ကိုလည်း မတွေ့ရတာကြောင့် ရန်ဖြစ်နေကြသူတွေမှာ ရှောင်းကျန့်များပါလေမလား စိတ်ပူပြီး လက်ထဲကမုန့်ပန်းကန်ကို လွှတ်ချလို့ အမြန်ပြေးထွက်ခဲ့လိုက် သည်။

ရွှပ်...

Tommy က ဓါးကိုဆွဲထုတ်လိုက်တော့ မီးအလင်းရောင်အောက်မှာ ဓါးရောင်ကလည်း လက်သွားသည်။

"ဟေး ဒါတော့ မတရားဘူးလေ။ လက်နက်မသုံးရင် အတူမသုံးနဲ့။ သုံးရင် အတူသုံး"

"ဟုတ်တယ် ဟုတ်တယ်..."

ဟေး ဟေ့ ဟေး ဟေ့

Tommy က ဓါးကိုင်လက်ကို မြှောက်လိုက်ပြီး ရှောင်းကျန့်ကို စူးစူးဝါးဝါးကြည့်သည်။ ရှောင်းကျန့်က ဓါးဦးချိန်ထားသည့်ဘက်နဲ့ Tommy ရဲ့မျက်လုံးတွေကို သတိထား တေ့ဆိုင်ကြည့်နေသည်။

"Tommy မင်းဘာလုပ်တာလဲ။ လက်ထဲကဓါးကို ချလိုက်စမ်း"

ရုတ်တရက်ထွက်ပေါ်လာသည့် အသံကြောင့် နှစ်ယောက်လုံး အသံကြားရာဆီလှည့်ကြည့်လိုက်ကြသည်။ ရိပေါ်က Tommy ရှေ့မှာ ရပ်လိုက်ပြီး ဓါးကိုင်လက်ကို ဆွဲတားလိုက်သည်။ ရှောင်းကျန့်ရဲ့မျက်လုံးတွေ မီးဝင်းဝင်းတောက်သွားလေတော့သည်။

"ရပ်လိုက်စမ်း..."

ဟိန်းဟောက်လိုက်သည့် အသံကြီးကြောင့် ကျောင်းသားတွေအားလုံးရဲ့ ဆူညံအော်ဟစ်အားပေးနေသံတွေက တိခနဲငြိမ်ကျသွားကြသည်။ ရိပေါ်က Tommy လက်ထဲက ဓါးကို ဆွဲယူသိမ်းလိုက်ပြီး နောက်ဆုတ်ရပ်လိုက်သည်။

"မင်းတို့က ကျောင်းသားတွေလား လူမိုက်တွေလား ဟမ်"

ရှောင်းကျန့်နဲ့ Tommy တို့နှစ်ယောက်ရှိရာကွင်းလယ်သို့ ဦးတည်လာနေတာကြောင့် ဝိုင်းနေသည့် ကျောင်းသားအားလုံး ဘေးသို့ရှဲပြီး လမ်းဖွင့်ပေးလိုက်ကြသည်။ ဝင်လာသူမှာ Social Science ရဲ့ Dean Dr. Beht ဖြစ်သည်။

"Sean နောက်ဆုတ်စမ်း"

Dr. Beht က သူ့ကျောင်းသားကို အရင်ခေါ်ပြီး သတိပေးသည်။ ရှောင်းကျန့်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း အံကိုကြိတ်ထားသည်။

"Tom မင်းလည်းနောက်ဆုတ်။ မင်းတို့က ရန်သူတွေလားကွ"

Agriculture ရဲ့ Dean ဖြစ်သည့် Dr. Ben ပါ ရောက်လာပြီး Tommy ကို လှမ်းတားသည်။ Dr. Ben က Tommy လက်ထဲက ဓါးကို မြင်ထားပြီး ဖြစ်တာကြောင့် အတော်စိတ်ဆိုးနေလေသည်။

"မင်းတို့ ဘယ်လောက်ရန်စပြင်းနေလို့ တုတ်တပြတ် ဓါးတပြတ် ဖြစ်နေကြရတာလဲ"

Dr. Ben ရဲ့မေးခွန်းကို ဘယ်သူကမှ မဖြေကြပေ။ ရှောင်းကျန့်က Dr. Ben ကို လှမ်းကြည့်ပြီး စိတ်ကိုထိန်းချုပ်လိုက်သည်။

"ကျွန်တော်တို့ ကားပြိုင်ပွဲတုန်းက မကျေနပ်တာတွေကြောင့်ပါ ဆရာကြီး"

Dr. Ben က Tommy ကို လှမ်းကြည့်သည်။ Tommy ကလည်း တံတွေးတစ်ချက်မြိုချလိုက်ရင်း

"ဟုတ်ပါတယ် ဆရာကြီး။ အဲ့ဒီတုန်းက မကျေနပ်တာ ထပ်ပြီးစကားများကြရင်း ဖြစ်တာပါ"

"ကျစ်... မင်းတို့တွေ တယ်ခက်ပါလားကွ။ ဘာမှ ရေးကြီးခွင်ကျယ်လည်းမဟုတ်ဘူး။ ကမ္ဘာပျက်မှာမို့လား..."

ထုံးစံအတိုင်း ဆရာကြီးနှစ်ယောက်က အလှည့်ကျ ဩဝါဒတွေခြွေနေသည်။ ဘယ်ဘက်နားကဝင် ညာဘက်နားကထွက်သွားပြီးနောက်မှာ ဆရာကြီးတွေက ကျောင်းသားတွေကို လူစုခွဲခိုင်းလိုက်ကြသည်။

ရှောင်းကျန့်က ဘယ်သူ့ကိုမှ မကြည့်ဘဲ လူအုပ်ကြားမှ တိုးလို့ ချာခနဲ လှည့်ထွက်သွားလေသည်။ ရိပေါ်က ရှောင်းကျန့်နောက်ကနေ ချက်ချင်း ပြေးလိုက်သွားသည်။ Tommy က ထိုမြင်ကွင်းကို စူးစူးရဲရဲကြီး စိုက်ကြည့်နေလေသည်။

---------------------

"ကျန့်"

"ကျန့်"

ပြေးလိုက်လာသံနဲ့ ခေါ်သံကို ကြားနေပေမယ့် ရှောင်းကျန့်က လုံးဝလှည့်မကြည့်ပေ။ ခြေလှမ်းကျဲတွေနဲ့ အမြန်လျှောက်နေရင်း ဝတ်ထားသည့် ကုတ်အင်္ကျီကို ဆွဲချွတ်လုံးထွေးပြီး စိတ်တိုတိုနဲ့ လွှင့်ပစ်လိုက်သည်။

ရိပေါ်က လမ်းပေါ်ပစ်ချထားခဲ့သည့် အင်္ကျီကို ကောက်ယူရင်း နောက်ကနေ အမီပြေးလိုက်သည်။

"ကျန့်"

လက်တစ်ကမ်းလှမ်းအမီမှာ ပခုံးကို လှမ်းဆွဲတားလိုက်သည်။

ဝုန်း...

"အ့"

ရှောင်းကျန့်က သူ့ပခုံးကို ဆွဲတားသည့် ဦးငယ်ရဲ့လက်ကို ဆောင့်ဆွဲလိုက်ပြီး လမ်းဘေးက ဝက်သစ်ချပင်မှာ ကျောကပ်ပစ်လိုက်သည်။ အရှိန်ပြင်းတာရော ပင်စည်အမာရဲ့ဒဏ်ရောကြောင့် ရိပေါ်မှာ နောက်ကျောက အတော်လေးအောင့်သွားရလေသည်။

"ဦးငယ် ဘာလုပ်လိုက်တာလဲ။ ဘာလုပ်လိုက်တာလဲ"

ရှောင်းကျန့်က အသံမာမာနဲ့ အော်ပြောရင်း ရိပေါ်ရဲ့ ညာလက်ကို ဆွဲမြှောက်ယူသည်။ ရိပေါ်က နားမလည်တာကြောင့် ပါးစပ်အဟောင်းသားနဲ့ ဘာစကားမှမပြောနိုင်ဖြစ်နေသည်။

"ဦးငယ် ဒီလက်နဲ့ ဟိုကောင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ် ဟုတ်လား။ ဒီလက်ကို ရိုက်ချိုးပစ်မယ်"

ဒုန်း ဒုန်း ...

"ကျန့်"

ရှောင်းကျန့်က ရိပေါ်ရဲ့လက်ကို ပင်စည်မှာကပ်ထားရင်း လက်သီးနဲ့ ထိုးလိုက်သည်။ သို့သော် သူ့လက်ကို မဟုတ်ဘဲ ရှောင်းကျန့်က ပင်စည်ကိုသာ လက်သီးနဲ့ ၂ ချက်ဆင် ထိုးထည့်လိုက်ခြင်းဖြစ်လေသည်။ ရိပေါ်က ထိတ်လန့်တကြား အော်ရင်း ရှောင်းကျန့်ရဲ့လက်တွေကို ဖမ်းဆွဲထားသည်။

ရှောင်းကျန့်က သူ့ကို ဒေါသတကြီး ဆောင့်တွန်းဖယ်ပစ်လိုက်ပြီး သစ်ပင်ကို နောက်တစ်ကြိမ် လက်သီးနဲ့ ရွယ်ပြန်သည်။ ရိပေါ်က ရှောင်းကျန့်ရဲ့ခါးကို နောက်ကနေ အတင်းဝင်ဆွဲဖက်လိုက်သည်။ ရှောင်းကျန့်ရဲ့အားကြီးတဲ့ခန္ဓာကိုယ်နဲ့ ဒေါသအဟုန်ကို သူသေချာမထိန်းနိုင်တာကြောင့် နှစ်ယောက်စလုံး အရှိန်နဲ့ လမ်းဘေးကို ပြိုလဲကျသွားသည်။

"ကျန့်"

ရှောင်းကျန့်က သူ့ကို ခေါင်းမထိစေဖို့ ညာဘက်လက်မောင်းကို သူ့ခေါင်းအောက်ပို့လိုက်သည်။ အသက်ကိုခပ်ပြင်းပြင်းရှူရင်း သူ့ကို အပေါ်ကနေ အုပ်မိုးကြည့်နေသည်။ အခုထိ ဒေါသအရှိန်မပြေသေးဘဲ မျက်လုံးတွေက ညနက်နက်အမှောင်ထဲမှာတောင် နီရဲတောက်ပနေလေသည်။

"ကျန့် တော်ပါတော့။ ဦးငယ်ကိုကြည့်ပါဦး"

ရိပေါ်က ထိတ်လန့်မှုကို ချုပ်တည်းရင်း ရှောင်းကျန့်ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကိုင်ထားပြီး သူနဲ့မျက်လုံးချင်းဆုံစေသည်။ ရှောင်းကျန့်က သူ့ကို ကြည့်နေပေမယ့် ဒေါသတော့ မပြေသေးပေ။ အသားတွေကလည်း ဒေါသကြောင့် ပူလောင်နေသည်။

"ကျန့်... ကျန့် ရယ်"

ရိပေါ်သည် ရှောင်းကျန့်ရဲ့လည်တိုင်ကို အောက်သို့ ဆွဲနှိမ့်ချလိုက်ပြီး နဖူးပြင်ကို နှုတ်ခမ်းတွေနဲ့ ဖိကပ်နမ်းလိုက်လေသည်။

xxxxxxxxxxxxxx

*လေးငယ်အရင်လုပ်ခဲ့တဲ့ project တွေမှာ ငါးမျဉ်းဇောင်းကို ပို့ဖူးတာတွေရှိပါတယ်။ အခုဖြစ်နေတာတွေကြောင့် ပါဝင်ထားသူတွေက နေရာမှားသွားပြီလား၊ ငါတို့ပါဝင်မှုတွေ အလဟဿဖြစ်သွားပြီလားလို့ (တစ်ချို့တွေ) စိတ်ပူနေကြမှာစိုးလို့ ပြောပြချင်ပါတယ်။ လေးငယ်ပို့ခဲ့တဲ့နေရာတွေက မြေပြင်မှာ တကယ်ထိထိရောက်ရောက်လုပ်နေတဲ့အဖွဲ့တွေဆီ တိုက်ရိုက်ရောက်တာမို့ ဘယ်ဟာမှ အလဟဿမဖြစ်ကြောင်း အာမခံပါတယ်နော်။*

10750 words

Lay Nge Ko Ko

20230922

Continue Reading

You'll Also Like

18.8K 1K 49
အင်အားကြီးတဲ့ ကူစူးပြည်နယ်ကြီး ကို အုပ်စိုးတဲ့ အရှင် ဟန်ကွမ်းကျွင်းရဲ့ ဘဝ ထဲ တနည်းတဖုံ စီဝင်ရောက်လာခဲ့ တဲ့ အမွှာကောင်လေး နှစ်ယောက် အရှင်ဟန်ကွမ်းကျွင်း...
136K 9.4K 43
အလုပ်များသော ပျားကလေးတစ်ကောင်ရှိသည်။
1M 63.3K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
20K 169 8
A silent voice was heard...