" ကို ကိုကြီး "
" ညီ...သတိထားလေ "
နိုးထ လာလာချင်း ကိုဂုဏ့်ကိုသာ တယောင်သည့်
ကောင်လေးကြောင့် ကိုမင်း မချိပြုံး ပြုံးမိရင်းကပဲ
" နေသာရဲ့လား...ညီ ! အဆင်ပြေရဲ့လား "
မေးတာကို မဖြေသေးပဲ ဟိုကြည့် ဒီကြည့် ပြူးကြောင်ကြောင်လေး ဖြစ်နေသည့် ရစ်ကြောင့် ကိုမင်း အသာငြိမ်နေပေးရင်း
" အိပ်မက် မက်နေတာ မဟုတ်ဘူးလား ဟင် "
" ဟမ်...ဘာပြောတာလဲ ညီ "
" အဟင့်...ကျွန်တော် အခု ဘယ်ရောက်နေတာလဲ
ဒါက ဘယ်နေရာမှာလဲ ဟင် !
ပြီးတော့...ကိုကြီး စေ့စပ်တာကရော တကယ်ပဲ
လားဟင် ကိုမင်း
ကျွန်တော် အိပ်မက် မက်နေတာ မဟုတ်ဘူးပေါ့ "
" ညီရယ် "
နှစ်သိမ့်ဖို့စကားလုံးတောင် မရှိတော့ပါလား
ကိုဂုဏ်ရယ် ဘာလို့များ ဒီအပြစ်မရှိတဲ့ ကလေးကို
ဥပေက္ခာပြုရက်ရတာလဲဗျာ
ထိုနေ့က အသက်မဲ့သူလို လျှောက်သွားနေသည့် ရစ်နောက်ကို ကိုမင်း စိတ်မချလို့ လိုက်ခဲ့တာ
ထင်သည့်အတိုင်း လဲပြိုသွားတော့မတတ် ကောင်လေးကို ကိုမင်း ပွေ့ချီရင်း မိမိ ကွန်ဒိုကိုပဲ ခေါ်လာခဲ့လိုက်တာဖြစ်သည်
အန်ကယ်လ်ဦးလည်း အသဲအသန်ပေါက်ကွဲနေတာ
သိပေမယ့် ရစ်လေးကို မိမိခေါ်ထားကြောင်း မပြောခဲ့
ဘာကြောင့်ဆို ဒီကောင်လေးအတွက် အချိန်တစ်ခုလိုအပ်သေးတာမို့
အဖျားတွေတက်ပြီး သတိရတစ်ချက် မရတစ်ချက်
ဖြင့် ဖြစ်နေခဲ့ပြီး မနေ့ကမှ အဖျားလုံးလုံးကျကာ
ဒီနေ့မှ သတိရလာသည့် ကောင်လေးက လက်တွေ့
ကို ရင်ဆိုင်နိုင်သေးပုံမပေါ်ပေ
" ကိုမင်း...ရစ်လေး အိမ်ပြန်ချင်တယ် "
" ဟင်...ဟုတ်ပါပြီ !
ညီ သတိလစ်နေတာ တစ်ပတ်တောင်ကြာတယ်!
အန်ကယ့်လ်ကို ညီ အကို့ကွန်ဒိုမှာခေါ်ထားတာ
မပြောထားဘူး ညီ !
အိမ်ပြန်ရင် ညီ ရင်ဆိုင်ရမှာတွေ များတယ်နော် "
" အဟက်...ဒီထက် ဆိုးဖို့လည်း မကျန်တော့ဘူး
ထင်ပါတယ် ! အိမ်ပြန်ပို့ပေးပါ ကိုမင်း "
" ညီ...အဝတ်အစားလဲလိုက်ဦး !
ပြီးရင် ထွက်ခဲ့ အကို အပြင်မှာ စောင့်နေမယ် "
" ဟုတ်ကဲ့ပါ ကိုမင်း "
" အင်း "
အလိုက်တသိ ကိုမင်း ထွက်သွားပေးတော့ ခဏတော့ ရစ် မှိုင်နေမိသေးတယ်
အိပ်မက်မဟုတ်မှန်းသိတော့ အရာရာဟာ နာကျင်မှု
တွေ ပြည့်လာသည့် ရင်ဘတ်ကြောင့် အကျည်းတန်သွားရပြီပဲ
ရက်စက်တယ် ကိုကြီးရယ်
ရစ်လေးကို အဆုံးထိ ရက်စက်ခဲ့တာပဲဗျာ
အတွေးတွေကို ခေတ္တရပ်လို့ ရေချိုး ခေါင်းလျှော်ပင်ပြီး စိတ်ကို အတတ်နိုင်ဆုံး ရှင်းသော်ငြား မလွယ်ကူနေခဲ့ပြန်ဘူး
ကိုမင်း ထုတ်ပေးခဲ့သည့် အဝတ်အစားကိုလဲပြီးထွက်လာတော့ အသင့်စောင့်နေဟန်ရှိသည့် ကိုမင်း
က နှစ်သိမ့်ပြုံးဖြင့် ဆီးကြိုတယ်
" ကိုမင်း "
" အင်း...သွားရအောင် ညီ "
" ဟုတ် ...ကျေးဇူးတင်ပါတယ် ကိုမင်း "
" ဟင်...ဘာအတွက်လဲ ညီ "
" အခုလို...ခေါ်ထားပေးတဲ့အတွက်ပါ "
" အဟားးးးး မလိုပါဘူး ကောင်လေးရာ !
ကျေးဇူးအတင်ခံချင်လို့ လုပ်ပေးခဲ့တာမဟုတ်
မှန်း ညီ သိမှာပါ !
စိုင်းလည်း အရမ်းစိတ်ပူနေတာလေ !
အကို ခေါ်ထားတယ် ပြောမှ သူစိတ်အေးသွားတာ
စိတ်ထဲ ဘာမှ ထည့်မထားနဲ့ ဟုတ်ပြီလား "
" ဟုတ်ကဲ့ပါ...ကိုမင်း "
ကားလေးက တရိပ်ရိပ်ပြေးနေသလို ရစ် အတွေးတွေကလည်း ငြိမ်သက်ခြင်းကင်းစွာ
အဖြူရောင်စံအိမ်ရှေ့ ကားရပ်ပြီး ကိုမင်း လာဖွင့်ပေးသည့် ကားတံခါးမှ ဆင်းလာသည့် ရစ်
ထို မြင်ကွင်းကို ကြည့်နေသည့် စူးရဲသော မျက်ဝန်း
တစ်စုံက မျိုးရိုးဂုဏ်စံအိမ်၏ လသာဆောင်ထက်ဝယ် ....
အေးစက်စက် အငွေ့အသက်ဖြင့် ဆီးကြိုနေသည့်
အဖြူရောင်စံအိမ်၏ ဧည့်ခန်းထဲတွင်တော့
" ဒက်ဒီ "
အနည်းငယ် တုန်ယင်သောအသံဖြင့် ခေါ်လိုက်မိပေမယ့် ကွန်ပျူတာကို အကြည့်မပျက်သည့်
ကမ္ဘာဦး
" ဒက်ဒီ...သား..."
" ဥက္ကာဦး...ဥက္ကာဦး "
" ဗျာ...လာပြီ ကိုဦး "
အသံနှင့်အတူ ထမင်းစားခန်းထဲမှ ထွက်လာသူက
ရစ်လေးကြောက်သည့် ဦးကာ
ဦးကာက လေးဆယ်ဝန်းကျင် အရွယ်ဆိုသော်လည်း နုပျိုလန်းဆန်းနေဆဲ
သို့သော် ရက်စက်ခြင်းမှာ သရဖူဆောင်းထားသည့်
မာဖီးယားနီးနီး ကြောက်ဖို့ကောင်းသူ
ဥပဒေနှင့်ကင်းတာရော မကင်းတာပါ စီးပွားရှာပြီး
လူတစ်ယောက်၏အသက်က သူ့အတွက် ဖက်တစ်ရွက်ထက်မပို
အခု ဒီလိုလူက ဒီစံအိမ်ဆီ ရောက်နေရခြင်းက ဘာကြောင့်ပါလဲ
" အဲ့အကောင်ကို ငါ့မျက်စိရှေ့က ခေါ်သွား "
" ဒက်ဒီ "
" သေချာပြီလား ကိုဦး "
" စကားကို နှစ်ခါပြောတာ ကမ္ဘာဦးစတိုင်လ်
မဟုတ်ဘူး "
" ကောင်းပြီလေ...ပြီးမှ နောင်တမရနဲ့ ကိုဦး "
" ဟင့်အင်း...ဒက်ဒီ !
သား ဦးကာနဲ့ ဘာလို့လိုက်ရမှာလဲ မလိုက်ဘူးနော်
ဒက်ဒီ သားကို ဦးကာနဲ့ မထည့်ပေးပါနဲ့ "
" သောက်ပါးစပ်ကို ပိတ်ထား မင်း "
အံကြိတ်သံဖြင့် ရင့်ရင့်သီးသီး စကားလုံးတွေ ထွက်ကျလာသည့် ဒက်ဒီ မျက်နှာ တင်းတင်းကြောင့် ရစ် အနည်းငယ်ထက်ပိုစွာ ထိတ်လန့်လာမိ
တယ်
" ဒက်ဒီ "
" တစ်ပတ်လုံး...ဘယ်လင် အိမ်မှာ သွားအသုံးတော်
ခံနေတာလဲ ဟမ် ရစ်ဖွဲ့ကောင်းကင် !
သား ကိုမင်း ဒီ ကလေကချေကို ဘယ်ကသွားရှာ
ခေါ်ခဲ့တာလဲ
တကယ်ဆို အိမ်ကို ဒီလို ရွံစရာကောင်ကို ပြန်မခေါ်လာသင့်ဘူး "
" ဒက်ဒီရာ "
အဖြစ်အပျက်ကို ကြောင်အစွာရပ်ကြည့်နေမိသည့်
ကိုမင်းမှာ အန်ကယ့်လ် စကားလုံးရင့်ရင့်တွေကြောင့် ပြောရန်စကားတို့ ဆွံ့အ
အန်ကယ့်လ်ညီ ဦးဥက္ကာဦးဆိုတာကိုလည်း နာမည်သာ ကြားဖူးတာ ခုမှ မြင်ဖူးတာမို့ ငေးနေမိတယ်
ဆိုလည်း မမှား
ကြားဖူးသလောက် မရိုးရှင်းသော လုပ်ငန်းတချို့
ဖြင့် တပည့်တပန်းတွေ အများကြီးမွေးထားပြီး ဂိုဏ်းစတားလိုလို ဘာလိုလိုဆိုလား
ဒီလိုလူက ကြားဖူးတာနှင့် ကွာဟနေသော ချောမောမှုကြောင့် ငေးမိတာပါ
တခြားမဟုတ်ဘူး
" သား ကိုမင်း "
" အမ် အမ် ဗျာ ဗျာ အန်ကယ်လ် "
အငေးကောင်းနေသည့် ကိုမင်းမှာ အန်ကယ့်လ် အသံကြားမှ သတိဝင်လာပြီး ရှက်ကိုးရှက်ကန်း မျက်နှာလွှဲမိသည့် အဖြစ်
အားးးးရှက်လိုက်တာ
ဘယ်လိုခံစားချက်ကြီးလဲ ကွာ
" ဒီ ရွံစရာကောင်ကို ဘယ်ကရှာတွေ့ခဲ့တာလဲ "
" အာ...အဲ့လိုတော့ မပြောပါနဲ့ အန်ကယ်လ်ရယ် "
" ဒက်ဒီ...သားကို ဦးကာနဲ့ မထည့်လိုက်ပါနဲ့ "
" မင်းးးးး ကဲကွာ "
" ဖြောင်း "
" အ "
" ဟာ ...အန်ကယ်လ် "
အနားကပ်သွားသည့် ရစ်ကို လက်ပြန်ရိုက်ချလိုက်
သည်က အနီးကပ်မို့ နေကောင်းကာစ ရစ်မှာ ကြမ်းပြင်ထက် ပုံခနဲ
" ဒက်ဒီ "
" ငါ့ကို ဒက်ဒီလို့ မခေါ်နဲ့...မင်းလိုသားမျိုး
ငါ မမွေးထားဘူး ရစ်ဖွဲ့ကောင်းကင် !
မင်း ခန္ဓာကိုယ်ထဲမှာ သွေးညစ် သွေးဆိုးတွေကပဲ
တစ်ချိန်လုံး နေရာယူနေခဲ့တာ ငါ ခုမှ သိရလို့
ရင်နာတယ် ကွ !
ဦးကမ္ဘာဦးရဲ့ သားက ဒီလိုလားဆိုပြီး သားဂုဏ်ရဲ့
စေ့စပ်ပွဲမှာ ငါ အရှက်ကွဲခဲ့ရတာ မင်းကြောင့်
ငါ မင်းကို အသေမသတ်မိခင် မျက်စိရှေ့ကနေ
ထွက်သွား သွားးးးးးး "
" ဒက်ဒီရယ် !
ဒက်ဒီ ကျေနပ်သလောက် စိတ်ပြေတဲ့ အထိ
အပြစ်ပေးပါ...သား ခံပါ့မယ့်
သားကိုတော့ ဦးကာနဲ့ မထည့်လိုက်ပါ နဲ့ ဒက်ဒီ
သားတောင်းပန်ပါတယ် "
" အာကွာ ...အဲ့လောက်တောင်ဖြစ်လှတာ လာစမ်း
ရွမ်းးးးးးးးးးးးးးးးးးးးးး "
" ကိုဦး...တော်တော့ "
" အန်ကယ်လ် အန်ကယ်လ် တော်ပါတော့ "
ခါးကခါးပတ်ကို ဖြုတ်ပြီး ရေပက်မဝင်အောင် ရိုက်သည့် ရိုက်ချက်တွေဟာ တားဖို့မေ့လျော့မတတ် ဖြစ်ကြရတယ်
ကိုမင်းမှာ ကြောင်အနေပြီးမှ အန်ကယ့်လ်ညီတားသံကြားမှ သတိဝင်ကာ အတင်းဝင်ဆွဲတော့
မိမိလက်ဖျံပေါ်တောင် တစ်ချက်ထိခံရသေးတာ
ရစ်ဆို ဘယ်လောက် နာကျင်နေရှာမလဲ
" ထွက်သွား...မင်းအပြစ်ကို မင်းပြန်သုံးသပ် !
၆ လတိတိ ပင်းတယမှာနေပြီး ပြုပြင်
ရွံစရာအပြုအမူတွေကို တစ်ခါတည်းမီးရှို့ဖျက်ဆီးခဲ့ ရစ်ဖွဲ့ကောင်းကင် "
ဘာစကားမှ တုန့်ပြန်ဖို့ရာ ရစ် မစွမ်းသာပါ
အသည်းခိုက်မတတ် နာကျင်နေသည့် အရေပြားပေါ်မှ ဒဏ်ရာတွေထက် နှလုံးသားထဲက ဒဏ်ရာက
ပိုကြီးမားနေသည့်အခါ
အချစ်ရဆုံးလူတွေဆီက ဥပေက္ခာနှင့် ရက်စက်ခြင်းက ရစ်အတွက် ပြိုလဲဖို့လုံလောက်နေပြီပဲ
" ငါ့ မျက်စိရှေ့ကနေ မြန်မြန်ခေါ်သွား ဥက္ကာ "
ကျစ် ဒီ ကိုဦးကတော့
ဥက္ကာတစ်ယောက် အသံတိတ် ကျစ်သတ်ရခြင်းက
တခြားဟုတ်ရိုးလား
ရန်ကုန်ကို မြန်မြန်လာခဲ့စမ်း ဆိုတဲ့ ကိုဦး အခေါ်တော်ပင့်မှုကြောင့် ရောက်ခဲ့ရပြီး
ဒီရောက်မှ အကျိုးအကြောင်းအားလုံး သိရခြင်း
ရစ်လေး ဘယ်ရောက်နေလဲ ရှာဖို့ ကိုဦးအတွက်ရော ဥက္ကာအတွက်ပါ လက်ဖျောက်တစ်ချက်တီးစာပဲ ဆိုပေမယ့်
မရှာခဲ့တာက ကိုဦး၏ တရားလွန်ဒေါသကြောင့်
လိုက်မရှာနဲ့ဟုသာ အော်နေတာ သူ့သားကို သူစိတ်ပူနေတာ ဥက္ကာသိတာပေါ့
ကိုယ့်ဖာသာစုံစမ်းကြည့်မှ မျိုးရိုးဂုဏ်စံအိမ်၏ ဒုတိယသား မင်းဂုဏ်ထည်ထံတွင် ရှိသည်ဟုသိရ
သည်
ကိုဦးကိုတော့ ဥက္ကာ အသိမပေးခဲ့တာ ဒီမိသားစုနှစ်စု၏ ဆက်ဆံရေးတွေကြောင့်သာဖြစ်သည်လေ
မင်းဂုဏ်ထည်ကလည်း စောင့်ရှောက်ပေးထားသည့် အနေအထားမို့ ဥက္ကာသိသော်ငြား မပြောခဲ့မိတော့
ဒီကနေ့ ရောက်လာတော့ မိမိကို ငေးနေသည့် မင်းဂုဏ်ထည်ကို ဥက္ကာ နှလုံးသားက နီးနီးကပ်ကပ်မြင်တွေ့သွားတဲ့အခါ
ကိုဦး သွေးတက်မယ့် အဖြစ်ကိုမှ မိမိနှလုံးသားက
ရွေးချယ်သွားလေတယ်
အဟားးးးးး ဖြူဖြူသွယ်သွယ် ကောင်လေးကို ဂုဏ်းစတားကြီး ဥက္ကာတို့ ပိုးပန်းရတော့မှာပဲ
" ဟေ့ကောင်...ငလူးမသား ဥက္ကာဦး "
" ခင်ဗျာ...ကိုဦး ! ဘာ ဘာဖြစ်လို့လဲ "
" မင်း နားပင်းနေတာလား ဟမ် !
အဲ့ အကောင်ကို ခေါ်သွားတော့လို့ ငါ ပြောနေတာ
မြန်မြန်ခေါ်သွား သွားးးး မမြင်ချင်ဘူး "
" သား မလိုက်ဘူး ! သားမလိုက်ဘူး
ကိုကြီးရေ အီး ဟီး ဟီး ရစ်လေးကို ကယ်ပါ
မာမီရေ ဒက်ဒီစိုင်းရေ သားကို ကယ်ပါ လို့
ကိုမင်း ကိုမင်း "
" ယက္ခ လာ ချုပ်ခေါ်သွား !
ကားပေါ် မင်းနဲ့ ဂုမ္ဘာန်ကြား ထားလိုက် "
" ဟုတ်ကဲ့...သခင်ကြီး "
" ညီ့ကို မခေါ်သွားပါနဲ့ ညီ ...ရစ်လေး "
ကိုမင်း အနောက်မှ အတင်းလိုက်ဆွဲပါသော်လည်း
သန်မာသောလက်တစ်ဖက်၏ တားဆီးခြင်းကို ခံလိုက်ရပြီး
" ဟိတ်...မင်းပါ ခေါ်သွားခံချင်လို့လား !
မင်း ဆိုရင်တော့ ရစ်လို ခြံအလုပ်သမားတွေနဲ့
နေရမှာမဟုတ်ဘူး !
ကိုယ့် အိပ်ခန်းမှာ နေရမှာ ...ဘယ်လိုလဲ ကလေး
လိုက်မှာလား ရစ်ကို စိတ်မချရင် လိုက်ခဲ့လေ
OK..."
" ဘာ...ခင်ဗျားကြီး "
" အားးးး နားကိုအူသွားတာပဲကွာ !
ဒါပေမယ့် အသံလေးက နှလုံးသားထဲထိ စူးနစ်
ဝင်သွားတယ် အဟက် ချစ်တယ် ကလေး မွ "
" ဟာ ....ဒီလူကတော့ "
ရစ်ကို လိုက်ဆွဲခေါ်ပါသော်လည်း မထိတထိ စကားတွေနဲ့ ရိသဲ့သဲ့ အလုပ်ခံလိုက်ရသည့် ကိုမင်း
မှာ မျက်စိရှေ့မှ ကားအနက်ကြီး ပျောက်ကွယ်သွား
တာတောင် မသိလိုက်တော့
" ဟင်...ရစ် ပါသွားပြီ "
ထိုအသိနှင့် ရင်ထဲအတော်လေး မကောင်းသော်လည်း ဘာမှမတတ်နိုင်ခဲ့
ဧည့်ခန်းထဲကို လှမ်းကြည့်တော့ မျက်လုံးတွေနီရဲပြီး မေးရိုးတွေတလှုပ်လှုပ်ဖြင့် ခံစားချက်ကို မရမက ဖိသိပ်နေပုံရသော အန်ကယ်လ်ဦး
ဘာမှ ထပ်မပြောချင်တော့တာမို့ ကားပေါ်တက်ပြီး
သာ မိမိစံအိမ်ဆီ မောင်းခဲ့လိုက်ပါ၏
" သား...ကိုမင်း ! သား ရစ်လေးရော "
အိမ်ထဲဝင်သည်နှင့် ဆီးကြိုမေးလာသည့် မေမေက
မျက်ရည်တွေနှင့်
" သူ့ဦးလေး ဥက္ကာဦးနဲ့ ပါသွားပြီ မေမေ !
ညီက အတင်းရုန်းကန်နေတာ ကျွန်တော်မတား
လိုက်နိုင်ဘူး ဗျာ "
" ဗျာ...ဒါဆို ကျွန်တော် ရစ်ကို ဆက်သွယ်ဖို့တောင်
မလွယ်တော့ဘူးပေါ့ ဟုတ်လား ကိုငယ် !
အဲ့ လူကြီးက ဂုဏ်းစတားလို လူဆိုးကြီးမဟုတ်
လား အလကား ဘီလူး သဘက်ကြီး !
လုပ်ကြပါဦးဗျာ...ကျွန်တော့်သူငယ်ချင်းလေး
အနှိပ်စက်ခံရတော့မှာ ကျိန်းသေတယ် "
" ကမ္ဘာကလည်း ဘာလို့ ထည့်ပေးလိုက်ရတာလဲ
သားရစ်လေးတော့ အားငယ်နေတော့မှာပဲ "
" ၆ လ နေရမှာ မေမေ !
အန်ကယ်လ်က ရစ်ကို ၆ လ နေပြီး ပြုပြင်တဲ့ "
" အိုကွယ်...ဘာကိုပြုပြင်ရမှာလဲ !
ကလေးက ဘာအမှားလုပ်ထားလို့လဲ !
မဟုတ်တာတွေကို တွေးနေပြန်ပြီ ကမ္ဘာဦးရယ် "
" ညီက အရမ်းငိုပြီး ပါသွားတာ မေမေ !
တစ်ခုခုဖြစ်မှာ ကျွန်တော် စိတ်ပူမိတယ် "
" ကျွန်တော်လည်း စိတ်ပူတယ် ဗျာ !
ရစ် သနားပါတယ် ...တစ်ခါလေး ချစ်မိပါတယ်
အဲ့တစ်ခါကပဲ သူ့ကို စုတ်ပြတ်သတ်စေတော့တာ
ပဲ မတရားဘူးဗျာ !
ရစ်က ဘာအမှားတွေ ကျူးလွန်နေလို့လဲ !
အန်ကယ်လ်ကလည်း တယူသန် တဇွတ်ထိုးဗျာ "
လှေကားဝမှာ ရပ်ရင်း အစအဆုံး နားထောင်နေမိတဲ့ ဂုဏ်
ပြိုယိုင်လုလု ခြေလှမ်းတွေဖြင့် အခန်းထဲပြန်ဝင်
ခဲ့မိပြီး ဆိုဖာထက်တွင် အားလျော့စွာ ထိုင်လျက်
ကလေး အဆင်ပြေပါ့မလားအတွေးက နှလုံးသား
ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်တယ်
ကိုယ့်ကို ရူးအောင် ဖန်တီးခဲ့တာလား ကလေးရယ်
မနီးစပ်ခဲ့ပေမယ့် အဝေးကတော့ လှမ်းငေးခွင့်လေး
ကိုယ်ရချင်သေးတယ်လေ
မဖြစ်နိုင်လို့ အချစ်တွေကို ထိန်းချုပ်လိုက်ရတဲ့ အဖြစ်က လွယ်ကူမနေခဲ့ဘူး
ကိုယ့်ကို သိပ်မုန်းနေပြီထင်ပါရဲ့
မမုန်းပါနဲ့လို့တော့ ကိုယ့်မှာ ပြောခွင့်မရှိဘူး ကလေး
ကိုယ် ဖန်တီးခဲ့တဲ့ လုပ်ရပ်အတွက် ကလေးပေးသမျှ အရာရာကို ကိုယ်လက်ခံဖို့ အသင့်ပါကွာ
အဝေးမှာ အဆင်ပြေပါ့မလား ကလေးရယ်
ကလေးနဲ့ မအပ်စပ်နဲ့ နေရာမှာ ကြောက်လန့်စွာ
ငိုကြွေးနေမှာတော့ ကိုယ်သိနေတယ်
" ဟင် "
အတွေးများစွာဟာ ဂုဏ့်ကို ဝါးမြိုသွားချိန် ကိုယ်တိုင်တောင် မသိလိုက်တဲ့ မျက်ရည်တွေဟာ
ဂုဏ့်ပါးပြင်ထက် နေရာယူလို့ထားတဲ့အခါ
အဟွန်းးး ကိုယ့် မျက်ရည်တွေက ကလေးအတွက်
ပါပြောရင် ကိုယ့်ကို လှောင်ကြတော့မှာပဲ
" ကိုကြီး ကိုကြီး ကိုကြီး "
" ဟင်...ကလေး ! အာ....."
တကြော်ကြော်ခေါ်သံက ကလေးပါလို့ ထင်ပြီး ယောင်ရမ်း ထူးမိသမျှ ညီဖြစ်သူကို မြင်မှ ရှက်ကိုးရှက်ကန်းဖြစ်ရတဲ့ အဖြစ်က ဟာသဆန်နေ
သလား
" အသဲအသန် ဘာဖြစ်လာတာလဲ အငယ်ကောင် "
တစ်ဖက်လှည့်လို့ မျက်ရည်သုတ်ပြီးမှ ပြန်လှည့်မေးလိုက်မိတော့ ဂုဏ် သိကြားပြီးသမျှကို အငိုတွေနဲ့ ပြောပြနေတာမို့ အေးစက်ဟန်အပြည့်ဖြင့်
နားထောင်နေလိုက်သည်။
" အင်းးးး အဲ့ ဒီတော့ "
" ဗျာ "
ဝမ်းနည်းတကြီးပြောနေသော်လည်း ကိုကြီးဘက်မှ
မတုန်မလှုပ် အေးစက်စက်ဖြစ်နေသည့် အခါ စိုင်း
တအံ့တဩ ဖြစ်လျက်က
" ကိုကြီး...ဘယ်လိုပဲ ရစ်လေးခံစားချက်ကို လက်
မခံလို့ ငြင်းခဲ့ပါစေဦး !
ညီအစ်ကိုတစ်ယောက်ကို ပူပန်မှုမျိုးလေးတော့ "
စိုင်းက စကားကို ရှေ့မဆက်ပဲ အခန်းထဲမှ ထွက်
သွားတော့၏။
ကျန်ခဲ့သည့် ဂုဏ့်ကိုသာ စိုင်း လှည့်ကြည့်မယ်
ဆိုပါက
ဆိုဖာနောက်မှီပေါ် ခေါင်းမော့လှန်ကာ နားထင်စပ်ဆီ စီးကျနေသည့် မျက်ရည်တွေက အေးစက်ခြင်း
တစ်ဖက်မှ ယူကျုံးမရနာကျင်ခြင်းတွေကို ကိုယ်စားပြုနေကြောင်း သိလိမ့်မယ်ထင်ပါရဲ့လေ။
ကိုယ် စိတ်ပူနေရပါတယ် ကလေးရယ် ...
ချစ်စိတ်ကို
ဟာကွက်မရှိ ထိန်းချုပ်ဖို့ မလွယ်ကူပါဘူး
ထိန်းချုပ်လေ နှလုံးသားက ရုန်းကြွလေပါပဲ
∆∆∆∆∆∆∆
" အဟင့်...သားကို အိမ်ပြန်ပို့ပေးပါ ဦးကာ !
သား အိမ်ပြန်ချင်တယ် ဟင့် "
ခရီးတစ်လျှောက်လုံးလည်း ငိုလိုက် နားလိုက် ဖြင့်
လိုက်လာခဲ့ပြီး တာ တောင်
မဝသေးဘူး ထင်ရဲ့
ဥက္ကာဦး ပိုင်ဆိုင်သော ခေါင်နန်းရိပ်မြိုင် စံအိမ်ရှေ့
ကားရပ်ပြီး ကားပေါ်မှ ဆင်းတော့လည်း
တဂျီဂျီ ငိုယိုပူဆာတုန်း
ဂုမ္ဘာန့်ကို မျက်စပစ်ပြလိုက်တော့ ပိန်ပိန်သွယ်သွယ်
ကိုယ်လုံးပိုင်ရှင်လေး ရစ်ကို စွေ့ခနဲ ချီခေါ်သွားတာက ခေါင်နန်းရိပ်မြိုင် ၏ ဧည့်ခန်းဆီသို့
" လွှတ်ပေး...လွှတ်ပေး အီး ဟီး ဟီး လွှတ်ပေးလို့ "
" နားငြီးတယ်...ပါးစပ်ပိတ်ထားလိုက်တော့ "
ဟိန်းထွက်လာသည့် ဥက္ကာ အသံကြောင့် ငိုသံက
တိခနဲ ရပ်လို့ရယ်
ကြက်သွေးရောင်တောက်တောက် ကတ္တီပါကော်ဇောထက် ပုံလျက်သားလေး ရှိနေသည့် ရစ်ခမျာ ထိတ်လန့်သော မျက်ဝန်းအစုံဖြင့် ဦးကာထံ
ကြည့်နေမိတယ်။
နီညိုရောင် နှုတ်ခမ်းပြည့်ပြည့်ဆီ စီးကရက် တပ်လိုက်စဉ် ယက္ခဆိုသူက မီးညှိလို့ပေးသည်ကို တရှိုက်မက်မက် ဖွာရှိုက်နေပုံက တစ်စုံတစ်ယောက်
ကို ပြင်းပြစွာ လွမ်းဆွတ်စေတာမို့
အသံမထွက်တော့သော်လည်း ပါးပြင်ဖြူဖြူလေး
ထက် မျက်ရည်တွေကတော့ စီးလျက်ပါလေ
" မင်းကို...မင်းအဖေကိုယ်တိုင် အပြစ်ကိုသုံးသပ်
ဖို့ ဒီကို ထည့်ပေးလိုက်တာနော် !
မင်း ဘာလို့ အိမ်ပြန်ဖို့ပဲ အော်ဟစ်နေတာလဲ !
ငါက သိပ်စိတ်မရှည်တတ်ဘူး ကွ !
မင်း ခန္ဓာကိုယ်လေးက လေတိုက်ရင်တောင် လဲနိုင်တာ အဟက် ငါ့ တစ်ချက်စာပဲ ရှိတယ်
နတ်ဆိုးကို ဒေါသထွက်အောင် မဆွမိစေနဲ့ !
ဟေ့...ရန်ဘက် ...လာစမ်း ဒီကို "
" လာပါပြီ...သခင်ကြီး "
အသံနှင့်အတူ ရောက်လာသူက အသားညိုညို
အရမ်းအမောင်းက ၆ ပေအကျော်ကိုမှ ခန္ဓာကိုယ်
က အမို့အမောက် အဖုအထစ်တွေနဲ့ မြင်ရုံဖြင့် ဒူးတုန်စေနိုင်တာမျိုး
" သူ့ကိုခေါ်သွား...ဝဏ္ဏ အခန်းမှာ ထားလိုက် "
" ဟုတ်ကဲ့ပါ သခင်ကြီး ! လာခဲ့ ကောင်လေး "
" ဦးကာ "
" လိုက်သွား "
" ဟုတ်ကဲ့ "
ထပ်လွန်ဆန်ရန် အင်အားတို့မရှိသည့်အခါ ခေါင်းငုံ့ငြိမ်သက်နေရုံမှလွဲ ရစ်က ဘာတတ်နိုင်မှာလဲ
လူထွားကြီးနောက်သာ လေးဖင့်စွာ လိုက်လာမိသည်လေ။
ဘန်ဂလိုပုံစံ အိမ်အလုံးပေါင်းများစွာ စီဆောက်ထားသော ခြံဝန်းထဲ အလှပန်းပင်ရယ်လို့ တစ်ပင်မှ
မရှိ
ရေကူးကန် မြက်ခင်းစိမ်း နှင့် ပရုပ်ပင်တွေသာရှိ၏
အတော်လေးလျှောက်လာပြီးနောက် ဘန်ဂလိုတစ်လုံးရှေ့ ရပ်တန့်၍ ရစ်လည်း ရပ်လိုက်မိတယ်
" ဝဏ္ဏ..."
" လာပြီ "
အသံကနောက်ကျဦးမယ်
လူက အရင် ထွက်လာတာ
ရှမ်းအင်္ကျီ ရှမ်းဘောင်းဘီပွပွကို ဝတ်ထားပြီး ဆံပင်အရှည်ကို စည်းနှောင်ထားသည့် ဝဏ္ဏဆိုသူက ခြံတောက်လျှောက် မြင်ခဲ့ရသူတွေလို ခန္ဓာကိုယ်မျိုးမဟုတ်
အရပ်အမောင်းမြင့်တာကလွဲလို့ သင့်တင့်သော ခန္ဓာကိုယ်အချိုးအစားဖြင့် အသားအရေက ဖြူပြီး
နီစပ်စပ်တောင် ဖြစ်ချင်သလိုလို
နူးညံ့သည့်ဟန်က ဝဏ္ဏဆိုသူ၏ မျက်နှာထက် အထင်းသားမြင်ရသည့်အခါ အနည်းငယ်တော့ ရစ် စိတ်သက်သာမိရင်းးးးး
" ပြော...ဘာကိစ္စ "
" ဒီမှာ...ဒီကောင်လေးကို မင်းနဲ့ အတူထားဖို့
သခင်ကြီးက လွှတ်လိုက်တာ "
ရန်ဘက် စကားကြောင့် ဝဏ္ဏက ရန်ဘက်အနောက်
တွင် ရပ်နေသော ကောင်လေးထံ လှမ်းကြည့်တော့
မဝံ့မရဲ ဝဏ္ဏ ထံ ကြည့်နေသည့် မျက်ဝန်းတွေက နီရဲနေပြီး မျက်ခွံတွေမို့အစ်နေကာ ငိုချင်စိတ်လည်း ပြယ်သေးပုံမပေါ်
" အင်း...ထားခဲ့လေ "
" အေး.."
ရန်ဘက် ထွက်သွားတော့ ရစ်က ကြောင်တောင်လေး ရပ်နေဆဲ
" လာ...ကောင်လေး ! အိမ်ထဲဝင်ခဲ့ "
မနူးညံ့ပေမယ့် အေးစက်၍လည်းမနေသော လေသံက ရစ်ကို အနဲငယ်တော့ အားရှိစေပါရဲ့
အိမ်ထဲလိုက်ဝင်သွားတော့ သပ်ရပ်သန့်ရှင်းနေသည့် ဧည့်ခန်းကဆီးကြိုနှင့်တယ်
" အိပ်ခန်းက နှစ်ခန်းရှိတယ် ကောင်လေး !
ညာဘက်အခန်းကလွတ်နေတာ မင်းနေလိုက်
ဗီဒိုထဲမှာ စောင် ခြင်ထောင် အားလုံးရှိတယ် !
လာ အကို လုပ်ပေးမယ် "
ဧည့်ခန်းဘေးမှ လမ်းကြောင်းကိုဦးတည်လိုက်တော့ ညာတစ်ခန်း ဘယ်တစ်ခန်း မျက်နှာချင်းဆိုင်
နေရာယူထားပုံက ခပ်ရှင်းရှင်း
ဘယ်ဘက်အခန်းကတော့ ဝဏ္ဏ၏ အခန်းမို့ ရစ်ကို
ညာဘက်အခန်းကို ပေးတာဖြစ်သည်။
ရစ်နေရမည့်အခန်းက ထူးပြီး ရှင်းစရာမလိုအောင်
နဂိုရ်ကတည်းက အမြဲဖုန် အမှုန်ကို ရှင်းထားပုံပါပဲ
ကုတင်ထက်တွင် မွေ့ယာခင်းပေးပြီး လိုအပ်တာ
အားလုံးသူကိုယ်တိုင်ပဲ လုပ်ပေးသွားတာမို့ ရစ်က
ရပ်ကြည့်နေရုံထက် မပိုခဲ့
" ကျေးဇူးတင်ပါတယ်...အကိုဝဏ္ဏ "
" ရပါတယ်ကွာ...ရေချိုးလေ !
အဝတ်အစားတွေလည်း မပါဘူးထင်တယ် "
" ဗျာ...ဟုတ်ကဲ့ "
" အကို့အဝတ်တွေကတော့ ရှမ်းဝတ်စုံတွေပဲကွ
အသစ်တွေ ရှိတယ်...!
ဒီနေ့တော့ အကို့အခန်းမှာပဲ ရေလိုက်ချိုးလိုက်
ကောင်လေး အခန်းက ရေချိုးခန်းကို ဘာမှမထည့်ရသေးဘူးဆိုတော့ "
" ဟုတ်ကဲ့ "
ဒီလိုနဲ့ပဲ ကိုဝဏ္ဏ အခန်းတွင် ရေချိုးဖြစ်ပြီး ကိုဝဏ္ဏပေးသည့် ရှမ်းဝတ်စုံကို ဝတ်ဖို့ပြင်တုန်း
" နေဦး "
" ဗျာ "
" မင်း...ခန္ဓာကိုယ်ပေါ်က အရှိုးရာတွေက မနည်း
ပါလား ကောင်လေး !
လာ အကို ဆေးလိမ်းပေးမယ် ပြီးမှ အင်္ကျီဝတ် "
" ဗျာ...ဟုတ် ဟုတ်ကဲ့ "
အရှိုးရာတွေဆီ ဆေးလိမ်းပေးစဉ် ကျလာသည့် မျက်ရည်တွေက နာကျင်စပ်ဖျင်းမှုကြောင့်လား
ဘာကြောင့်လဲ ဆိုတာတော့ ကာယကံရှင်သာသိပါ
လိမ့်မည်။
ဝဏ္ဏကတော့ စိတ်မသက်သာစွာပဲ သက်ပြင်းရှိုက်
မိသေးတယ်
ခိုးငိုနေသော်ငြား တစ်ချက် တစ်ချက် ထွက်လာသည့် ရှိုက်သံတွေက ဝဏ္ဏဆီ ပျံ့လွင့်လာတယ်
မဟုတ်လား
" နားလိုက်...ကောင်လေး "
ဆေးခြောက်သည်အထိစောင့်ပေးပြီး အင်္ကျီဝတ်ပေးကာ အခန်းထဲမှ ထွက်လာသည့် ဝဏ္ဏ၏ ဧည့်ခန်းတွင်းဝယ် ....
" သူ...အဆင်ပြေလား "
" ဒဏ်ရာတွေကိုတော့ ဆေးလိမ်းပေးခဲ့တယ် !
ငိုရင်းနဲ့တော့ အိပ်ပျော်သွားလောက်မှာပါ !
ကိုဥက္ကာ ဘာ လိုအပ်တာရှိလို့ လဲ "
ဘာစကားမှ မဆိုဘဲ စီးကရက်ဖွာရှိုက်နေသည့်
ကိုဥက္ကာ ကြောင့် ဝဏ္ဏလည်း ထပ်မမေးတော့...
တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးနေပြီးမှ
" မနက်ဖြန်ကစပြီး...လိမ္မော်ခြံမှာ သူ့ကိုလုပ်ခိုင်း
အလုပ်သမားတွေနဲ့ တန်းတူပဲ ခိုင်း !
အမိန့်ကို လွန်ဆန်ရင် မင်းလည်း အပြစ်ပေးခံ
မယ်ဆိုတာ သိတယ်မဟုတ်လား ဝဏ္ဏ "
" ကျွန်တော်...သိပါတယ် ကိုဥက္ကာ "
" အင်း...ငါ သွားမယ် "
" ဟုတ်ကဲ့..ဗျ "
💘💘💘💘💘💘💘
Author __ Ahtarsaung