..............
အိပ်ယာထက်၌ ဖရိုဖရဲ ဖြင့် ပုံလျက် ထားခဲ့သော စောင် အောက်၌
အဆက်မပြတ် မြည်နေသော ဖုန်း။
လမင်း မောင့်ဆီ ဖုန်းဆက်ပြီးနောက် ဖုန်းကို ဘေးချကာ စောင်ပုံထဲ အားရအောင် ငိုပြီးမှ မျက်နှာသစ်ရန် အိမ်အနောက် ရေကန်ရှိရာကို
ငိုထား၍ ဖောင်းအစ်နေသော မျက်နှာအား သက်သာအောင်
မျက်နှာလာသစ်နေခြင်း။
လက်ထဲမှ ကိုင်ထားသော ဒန်ခွက်ကလေးဟာလည်း လမင်းလက်ထဲမှနေ၍ အဝတ်လျှော်ရာ ကြမ်းပြင် နှင့် အကြိမ်ကြိမ်အခါခါ မိတ်ဆက်နေရသည့်အဖြစ်။
ထိုရေကန် အနီးတဝိုက် တွင် လွှင့်ပြန့် နေသော အသံဟာ
ဂွမ်! ...ဂွမ်! ဟူသည့် အသံဖြစ်၏။
လမင်း မောင့်အပေါ် မကျေနပ်သမျှကို လက်ထဲမှ ဒန်ခွက်လေးဖြင့်
ဖြေဖျောက်နေမိ၏။ နှုတ်ခမ်းပါးလေးဟာလည်း .....
" မကောင်းတဲ့ အကောင် ! သူများကို ပစ်ထားတာ
အဖြေမရခင် တစ်မျိုး ၊ ရပြီးတော့ တစ်မျိုး ။ မက်ဆေ့ခ်ျ ပို့တာကို
တောင် စာမပြန် ဖုန်းမဆက်ဘူးပေါ့ ရတယ် ပြတ်မယ် !
ပြတ်မယ်လို့! အီး~ဟီး~~ မကောင်းတဲ့အကောင်! "
" သူများကို ဘာမှ ရှင်းပြခွင့်လဲ မပေးပဲ အဆက်အသွယ် ဖြတ်တဲ့
အကောင်၊ ရတယ် ...မင်းက အဆက်အသွယ်ဖြတ်ရင် ငါက
မင်းနဲ့ ပြတ်ပြီပဲ လုံးဝပဲ ! "
လမင်းမှာ ရင်ထဲပေါ့ကာ သွားမလား ဆိုသည့် စိတ်ဖြင့် နှုတ်ကထွက်သမျှ ဒန်ခွက်နှင့် သံစဉ်ညီအောင် တဂွမ်ဂွမ်! လုပ်နေခြင်းကြောင့် ခြံရှေ့၌ ဆိုင်ကယ်ရပ်သည်ကို မသိလိုက်။
တစ်ယောက်တည်း အနောက်ဘေး ရေကန်နား၌ ငိုလိုက်ယိုလိုက်
အော်လိုက်ဟစ်လိုက်နှင့် လုပ်နေ၏။
တီ! ...တီ! ..တီ!...တီ!...
" ထွန်းလမင်းသာ ! "
ဆိုင်ကယ် ဟွန်းသံနှင့် လမင်း၏ နာမည်အား ဆောင့်အောင့်ကာ
အော်ခေါ်သံကြောင့် အငိုရပ်ကာ ခေါင်းလေးထောင်ရင်း သေချာနားထောင် ကြည့်ပြန်တော့ ထပ်ထွက်လာသော အသံ။
"ထွန်းလမင်းသာ ! မင်း အိမ်ထဲမှာရှိတာ သိတယ် အခု ထွက်ခဲ့!"
လမင်းမှာ မောင့် အသံကြောင့် လက်ထဲက ရေခွက်အား ချကာ အိမ်ရှေ့ဘက် ထွက်လာလိုက်၏။
ခြံ တံခါး အရှေ့၌ခါးထောက်ကာ မတ်တပ် ရပ်၍ အော်နေသော
မောင်။
မောင့် မျက်နှာဟာ ဒေါသအရှိန်ကြောင့် နီမြန်းနေကာ
အံကို တင်းတင်းကြိတ်လျှက် လမင်းအား စူးရဲစွာ စိုက်ကြည့်နေပုံမှာလည်း ကြက်သီးထစရာမို့ ခြံတံခါးကို ဖွင့်မပေးပဲ ခြံထဲကနေသာ စကားလှမ်းပြောလိုက်၏။
အခုမှ ဘာကိစ္စနဲ့ လာပြီး ဒေါသထွက်ပြနေတာလဲ။ သူပဲ ဒေါသထွက်တတ်တာလား။ အသံကိုက မာကြောပြနေတာ။
"ဘာလာလုပ်တာလဲ ! ပြန်! "
"ထွန်း လမင်း သာ ! "
"ဘာလဲ ! "
" မင်း အခုချက်ချင်း တံခါးဖွင့် ! "
"ဘာကိစ္စနဲ့ ဖွင့်ရမှာလဲ ! ပြန်တော့ မင်းနဲ့ ပြောစရာဘာမှ မရှိတော့ဘူး "
ဘုန်း!~~~
"ဖွင့်လို့ ပြောနေတာ ! အခု ဖွင့် ! "
ခြံတံခါးအား အားဖြင့် တစ်ချက် ကန်လိုက်ကာ ဆွဲဆောင့်၍ ဖွင့်ခိုင်းနေသော မောင့်ပုံစံကြောင့် လမင်းမှာ တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တုန်ယင် လာရသည်။ မောင့်ဒီလို ပုံစံ တစ်ခါမှ မမြင်ဖူးတာမို့ ကြောက်ပါ၏။ မောင့်ကို တစ်ခွန်းမကျန် ပြန်ပြောမိတာကပဲ မှားတာလား။
တစ်စတစ်စနှင့် မောင့် အော်သံဟာ ကျယ်လာသလို အိမ်မှာ အမေမရှိဘူး ဆိုသော အသိကြောင့်နှင့် မောင့် ပုံစံကြောင့်ပါ လူက ဝမ်းနည်း လာကာ မျက်ရည်များ အဆက်မပြတ် ကျလာရင်း ခြံအပြင်မှ မောင့်အား
" အိမ်မှာ အမေမရှိတာမို့ မင်း ပြန်တော့ "
" မင်းအမေနား လာတာမဟုတ်ဘူး မင်းဆီလာတာ
မောင် ဒီထပ် ဒေါသ ပိုမထွက်ချင်ဘူး လမင်း ခြံတံခါးဖွင့်! "
" ဟင့်အင်း ! "
" လမင်း! "
မောင့်ပုံစံကို ကြောက်လာတာမို့ ခြံတံခါးအား ဖွင့်ပေးခဲ့ပြီး လမင်း အိမ်ပေါ်အမြန်ပြေးတက်လာမိ၏။ မောင်ဟာ အနောက်ကနေ လိုက်လာတာမို့ ကြောက်စိတ်ဖြင့် ပြေးရသည်မှာ သရဲသဘက် လိုက်လို့ပြေးနေရသလိုပင်ဖြစ်၏။
လမင်း အခန်းထဲ ရောက်အောင် အမြန် ပြေးဝင်လိုက်ပြီး ကုတင်အောက်သာ ပြေးပုန်းမိသည်။
ဒီအချိန်မှာ မောင်နဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ လမင်း မသိပါ
လမင်း သိတာ ဒေါသကြီးနေတဲ့ မောင့်လက်က လွတ်ဖို့ ကုတင်အောက်ကို ကလေးဆန်ဆန် ဝင်ပုန်းမိတာပါပဲ။
မောင်က ဒေါသထွက်နေတာ ။ အရင်ကတည်းက ကျောင်းလူမိုက် ဖြစ်ခဲ့တာမို့ မောင့်လက်သီးက ပါးရွေးမှာ မဟုတ်။ ထို ပါးတွေထဲ လမင်းရဲ့ ပါးနုနုလေး မပါနိုင်ဘူးလို့ တပ်အပ် မပြောနိုင်ပါ။
မောင် ဒီလို သောင်းကျန်းပြတာ မြင်မှ မမြင်ဖူးပဲ။
~~~~
ခန့်စေ ခြံရှေ့ရောက်ကတည်းက ဒေါသသည် မပြေသေး။
အော်ခေါ်၍သာ အိမ်အနောက်ဘက်ကနေ ရောက်လာသော
လောလောလတ်လတ် ပြတ်မယ် ဆဲမယ် ဟု စာပို့ထားသော တစ်ယောက်က မျက်နှာတစ်ဝိုက်နှင့် ဆံပင်အနားသပ်တို့ဟာ ရေစိုနေ၏။ ငိုထားသော ပုံစံနှင့်မို့ မျက်နှာမြင်ရင် ဒီလူမှာ အလိုလို
ပြေချင်ပါသော်လည်း မရပါ။
လူကို မြင်တာနဲ့ "ပြန်" ဆိုပဲ။ ဝေးနေရတဲ့ အတောအတွင်း ဒီဟာလေး တအား ဆိုးလာတာပဲ။ အလိုလိုက်လို့ကို မရတဲ့သူ။
အခုလည်း လူကို တံခါးဖွင့်ပေးပြီး အိမ်ပေါ်ကို ပြေးတတ်သွားတာ
အကြောက်အကန်။
ကလေးကုလား တူတူပုန်းတမ်း ကစားတယ်များ ထင်နေသလား။
ဒီဟာလေးက ကုတင်အောက်ကို ပြေးပုန်းတော့ ဒီကောင်က ခြေထောက်ကနေ ကိုင်ဆောင့်ပြီး ဆွဲထုတ်ရမှာလား။
" လမင်း! မင်းဘာလုပ်တာလဲ ကုတင်အောက် ကို ၊ ထွက်လာခဲ့ !"
"ဟင့်အင်း! မထွက်ဘူး "
"ထွက်လာခဲ့ ! ပြဿနာကို ကုတင်အောက် ပြေးပုန်း ရုံနဲ့ ဖြေရှင်းလို့
ရမယ်ထင်လား ! အခု ထွက်ခဲ့ မှောင်ကမှောင်နဲ့ ကွာ "
"မင်းက ငါထွက်လာရင် ငါ့ကို ထိုးလွှတ်မှာပေါ့လို့! "
" မင်းကို ငါထိုးရဲတာ နှာခေါင်း နဲ့ပဲ ရှိတယ် ကြောက်မနေနဲ့"
" အဲ့တာဆို ဘာလို့ သူများကို ဒေါသထွက်နေတဲ့ အသံကြီးနဲ့
အော်လဲ !"
" မင်း မောင့်ကို ဒီလို ဒေါသထွက်အောင် ဘယ်လိုစာ ပို့ခဲ့လဲ
မင်း ပြန်စဉ်းစား ၊ မောင့်ကို ဒေါသထွက်အောင် မင်းပဲ လုပ်တာ
မဟုတ်ဘူးလား "
" မင်းလဲ ငါ့ကို စိတ်တိုအောင်လုပ်တာပဲ အကြာကြီးလည်း ပစ်ထားတယ်၊ စာပို့လည်း စာမပြန်ဘူး၊ ဖုန်းဆက်လည်း မကိုင်ဘူး
မင်းမှ ငါ့ကို မချစ်တော့တာ ဟီး~~မကောင်းတဲ့အကောင် "
ခန့်စေ မှာ လမင်းပုံစံကို ရယ်ချင်ပေမယ့်လည်း မရယ်ရဲ။
သူ့ အသေးလေးက လူတစ်ယောက် ထိုင်၍လွတ်သော အမြင့်တောင် မရှိသည့် ကုတင်အောက်တွင် ဖင်ကလေးထောင်ကာ ခေါင်းလေးငုံ့ရင်း ခန့်စေအား အော်ပြောကာ ငိုနေပြီမို့။
ဒေါသကို လျှော့ကာ ကုတင်အောက်က ကုန်းကုန်းကွကွနှင့် ဖင်ကလေးသာ ထောင်နေရသော ချစ်ရသူအား ကုတင်အောက်ကထွက်လာအောင် ချော့ပြောရတော့သည်။နောက်ဆုံးတော့ မောင်းတင်လာသမျှ ဒေါသ ကျည်အ နှင့် တွေ့ရသလိုပင် ။သူသာလျှင် အလျှော့ပေးလိုက်ရ၏။
ခန့်စေ အနေနဲ့လဲ အဆင်ပြေမနေပါ။ ရှည်လျားလွန်းသော အရပ်ကို ကုတင်အောက်ကသူလေးနှင့် တွေ့ရတာ အဆင်ပြေအောင် ကိုင်းထားရတာ ခါးပင် ညောင်းလာပြီ။
"အဲ့ကုတင်အောက်က ထွက်လာခဲ့တော့ နေရခက်နေမှာပေါ့
မောင် ဘာမှ မလုပ်ဘူး စိတ်ချ လာ! ထွက်ခဲ့တော့ကွာ "
"တစ်ကယ်နော် မင်း ငါ့ကို မထိုးဘူးမလား "
" မထိုးပါဘူးကွာ မောင်က နှာခေါင်းနဲ့ပဲ ရိုက်မှာ "
"မောင့် ! "
ကုတင်အောက်မှာ မှောင်နေတာမို့ အမြန်ထွက်ခိုင်းနေတာကို
ဈေးစစ်နေသော အသေးလေးကြောင့် စ လိုက်ရာ အလိုမကျသော
အသံလေးဟာ စူးခနဲ။
ခန့်စေ အစောတုန်းက ထွက်နေသည့် ဒေါသတွေဟာ ဘယ်အရပ်ဒေသဆီ ရောက်ကုန်လည်း မသိပါ။
သူ့အရှေ့က ကုန်းကွကွ လူသားလေးကိုသာ တန်းတူဖြစ်အောင် ကြမ်းပြင်ထက် တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ
" မောင် မစတော့ဘူး နော် ထွက်ခဲ့ပါကွာ နေရခက်အောင် "
" ငါ ထွက်လာရင် မဆူရဘူး ၊ မအော်ရဘူး နော် "
"အင်း! အရင်သာ ထွက်ခဲ့ "
ထို အခါမှ ကုန်းကုန်းကွကွ နှင့် ထွက်လာ၏။ ရေစိုထားသော ဆံနွယ်ထက်၌ ကုတင်အောက်၌ ကပ်နေသော ပင့်ကူအမျှင်တို့က
ကပ်ပါလာပြန်သည်။ အင်္ကျီ အပြာနုလေးဟာလည်း ဖုန်တချို့ ကပ်ညှိကာ ပေနေပြီ။
ကုတင်အောက်က ထွက်လာသော အဆိုးလေးဟာ တစ်ကယ်ကို
အာပေတူးလေး ဖြစ်၏။ ဆိုးတာကို သိပေမယ့် ချစ်ရတော့လည်း
ဒီလူမှာ ကြာကြာ စိတ်မဆိုးနိုင်။ ထွက်လာပြီးသည်နှင့် လူကို အသနားခံသော မျက်ဝန်းတို့ဖြင့် ကြည့်နေတာမို့ သက်ပြင်းကိုသာ
တိုးတိုးကလေး ချ၍ လက်နှစ်ဖက်ကို ဆန့်ကာ ရင်ခွင်ကို အသင့်ဖွင့်ပေးပြန်တော့ ရင်ခွင်ထဲ မျက်နှာလေးမဲ့ကာ တိုးဝင်လာ၏။
*မောင့် လမင်းက ဆိုးလာသလို ပိုပြီးလည်း ချစ်ဖို့ကောင်းလာတယ်*
>>>>><<<<<
A/N စွကျိုးနည်း 🥴 အုန်းဒိုင်း! ဖုန်းဂွမ်း!ဆိုပြီး ဒွမ်မာတွေပါ လာမယ်ထင်တာ ကုတင်အောက်ထဲ ပြေးပုန်းလို့ သူပဲ အလျှော့ပေးလိုက်ရတဲ့ ရာဇဝင်ရိုင်းတဲ့ ကျောင်းလူမိုက်ဟောင်း😀
-pont-00-