.........
ဥတုရာသီ တို့ဟာ အလှည့်ကျစီ ကူးပြောင်း နေသလို လ အစဉ်
ရက်အလီလီတို့ဟာလည်း တရွေ့ရွေ့ ကုန်ဆုံးနေ၏။
ရှမ်းပြည်နယ်၏ အေးချမ်းလှသော ဆောင်းရာသီကို အံတုကာကျော်ဖြတ်လာရသော လတွေကို ကျော်ဖြတ်ပြီးနောက်
ဆောင်းအကုန် နွေကို ကူးနေပြီ ဖြစ်သော တပေါင်းလအစ သည်
ဤ ဒေသတွင်ေတာ့ ထင်သလောက် အအေးမပေါ့သေးပါ။
နံနက်ချိန်ခါ၌ ဆီးနှင်းတို့ကျကာ အေးချမ်းနေသေးသလို
ညဦးချိန်ခါတွင်လည်း ထိုနည်း ၎င်းပင်။
နေ့အခါတွင်တော့ လေရူး တို့၏ ကျီစယ်မှုကို အလူးအလဲ ခံရကာ
သာယာသလိုပင် အလွမ်းဓာတ်ခံရှိသူတို့အဖို့ ဒီ ဥတုနှင့် လ ဟာ
မြင်မြင်သမျှ လွမ်းမောစရာ။
~~~~~
"အမေ သား ထမင်းရော ဟင်းရော ညမနက်စာ ချက်ထားတာမို့
အမေ မီးဖိုချောင်ကို ထမင်းစားဖို့ကလွဲရင် မဝင်ရဘူးနော် "
"အင်းပါ သာသာလေးရယ် "
" အဝတ်တွေ မလျှော်ရဘူးနော် သား ပြန်လာမှ လျှော်မယ် "
"ကဲ!.. ကိုထွန်းလမင်းသာ ဒီနေ့ ရှင့်ကျောင်းသားဆီ ရောက်ဖြစ်ပါ့မလား ဘာမှ မလုပ်ပဲ အေးဆေး နှပ်နေမှာမို့ မပူနဲ့
ဟုတ်ပြီလား "
"သားမှ အမေ့ကို စိတ်မချပဲ .. အိမ်အလုပ် ဘာဆိုဘာမှ မလုပ်နဲ့နော်
အဲ့တာဆို သား သွားလိုက်အုန်းမယ် "
တစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးက မကြာခင်
ရောက်ရှိတော့မှာမို့ ထိုတက္ကသိုလ်ဝင်တန်းကို ဝင်ရောက်ဖြေဆိုမည့်
ဆယ်တန်း ကျောင်းသား တစ်ယောက်ကို တာဝန်ယူပေးထားရသော
လမင်းမှာ ဖြေဆိုရမည့်သူ အဆင်သင့် ဖြစ်တာ မဖြစ်တာ အသာထား ။ ကိုယ်တိုင် တာဝန်ယူပေးထားရတဲ့ ကလေးမို့
အောင်မြင်စေချင်သည့်စိတ်က ကြီးစိုးနေတာကြောင့် နေ့ရော ညပါ
ထိန်းမတ်ပေးနေရသည်။
ကိုယ်တာဝန်ယူထားရသည့်ကျောင်းသားက အဆိုးကြီးမဟုတ်ပေမယ့် ကိုယ်တိုင်ကြုံတွေ့လာခဲ့ရသော အတွေ့အကြုံမို့ စာမေးပွဲနီးလေ စိတ်လေ လာလေ ဖြစ်တာမို့
ဒီကလေးကတော့ အဲ့လို ဖြစ်လို့မရပါ။ နီးလာသောရက်နှင့် ဖြေဆိုနေရမည့် ရက်အနည်းငယ်အတွင်း အပင်ပန်းခံကာ စိတ်နှစ်စေချင်သည်။
ကိုယ့်ကျောင်းသားအတွက်လည်း ပူရသလို ကျန်းမာရေးမကောင်းသည့် အမေကိုလည်း ပူရပြန်သည်။
အိမ်အလုပ်ကို ကိုယ်တိုင် လုပ်ရမှ ကျေနပ်သည့် အမေက ကိုယ့်လက်ကိုယ့်ခြေဖြင့် စိတ်တိုင်းကျ လုပ်ပြီးတိုင်း အပင်ပန်းဒဏ်ကို မခံနိုင်သော ခန္ဓာကိုယ်က အမြဲ ဆန္ဒ ပြနေကျမို့
ဖြစ်လာတိုင်း ညည်းညူနေရတာမို့ လမင်းမှာ စိတ်မချမ်းသာ။
ကိုယ်တိုင်က လိုလေသေးမရှိ လုပ်ထားနှင့်ပါသော်လည်း
ဒေါ်သော်တာချို တို့က စိတ်တိုင်းမကျ။
အခုလည်း မသွားမဖြစ်မို့သာ သွားရမည် ဖြစ်တာကြောင့် အမြုပ်ထွက်မတက် မှာ နေရတာဖြစ်သည်။ မမှာလို့မရ ကိုယ့်အမေအကြောင်း ကိုယ်သာ အသိဆုံး မဟုတ်လား။
မှာစရာရှိတာကိုမှာပြီး လမင်း ဆိုင်ကယ်ထုတ်ကာ ဆယ်တန်းကျောင်းသားအိမ် ထွက်လာလိုက်သည်။
~~~~
လမင်း အရှေ့စားပွဲ၌ သင်္ချာထိုင်တွက်နေသော သီဟ အား
ကြည့်နေတာ ကြာပြီ ။ ဒီကလေး စာ တွက်သည့် အထဲမှာ ဘာတွေများ သဘောကျစရာ ပါလို့ မျက်နှာက ပြုံးစိစိ ဖြစ်နေရတာလဲ။ ရောက်ကတည်းက ကြည့်နေတာ ပုံမှန်လို မဟုတ်တာမို့ လမင်းမှာ ပူရပြန်သည်။ စာမေးပွဲ ရက်နီးခါမှ ဘာတွေ ထဖောက်နေပြန်တာလဲ မသိ။
"သီဟ ! အကို မင်းကိုကြည့်နေတာ ကြာပြီနော် ဘာတွေ စဉ်းစားပြီး ပြုံးနေတာလဲ"
" အဟွန်း ..ဒီအတိုင်းပါဗျာ"
"ဘာကို ဒီအတိုင်းလဲ သီဟ! စာမေးပွဲက သဘက်ခါဆို ဖြေပြီ
အကို့ကို မင်း ရင်တုန်အောင်မလုပ်စမ်းနဲ့နော် "
" မလုပ်ပါဘူးဗျာ အကိုလမင်းကလဲ ..ဘာလဲ ကျွန်တော့်ကို
စိုးရိမ်လို့လား "
ပြုံးထေ့ထေ့ မျက်နှာပေးနှင့် မျက်ခုံးတို့ကို ပင့်ကာ မေးလာသော ထိုကလေး၏ အပြုအမူကို လမင်း သဘောမတွေ့သော်လည်း လောလောဆယ်မှာ
စာမေးပွဲ ရှိတာမို့ ဒီကလေးကို ဆူတာမျိုး မလုပ်ချင်ပါ။
"သီဟ ...အောင်မှဖြစ်မယ်နော် ...ဒီရက်ပိုင်းလေးပဲ အပင်ပန်းခံလိုက်နော် "
" အကိုလမင်းက စိတ်အပူလွန်နေပြန်ပြီ ကျွန်တော့်ကို မယုံဘူးလား"
"ယုံပါတယ် မင်းသာ ဒီရက်ပိုင်း စာကိုပဲ အာရုံစိုက် ကြားလား "
" အင်း...ဒါနဲ့ ကျွန်တော် တစ်ခုလောက် တောင်းဆိုလို့ရမလား "
" ပြော ..အကို ဘာလုပ်ပေးရမလဲ "
"ကျွန်တော် စာမေးပွဲ ဖြေနေတဲ့ တလျှောက်လုံး အကို လာစောင့်ပေး"
" လာစောင့်ပေးမှာပေါ့ "
" စာမေးပွဲ ခန်းထဲ မဝင်ခင် ရော စာမေးပွဲခန်းက ထွက်လာတဲ့အချိန်ရော အကို့ ကို မြင်ချင်တာနော် "
" မင်း သာ စာကိုပဲ အာရုံစိုက်ပါ ၆ရက်လုံး စောင့်ပေးမယ်
ဟုတ်ပြီလား "
"ပြီးတာပါပဲဗျာ "
သီဟ ကိုယ့်အရှေ့မှ အစိုးရိမ်လွန်ကာ တတွတ်တွတ် မှာနေသော လူသားလေးအား ကြည့်ကာ သဘောကျရ၏။
အကိုလမင်းကို စ သိရသည်မှာ သူ ၉တန်းနှစ်မှာဖြစ်၏။
ကျောင်းစာကြည့်တိုက်အတွင်း စာစီစာကုံးပြိုင်ပွဲ ပြုလုပ်စဉ်
နောက်ဆုံးမှ ဝင်လာသော အကိုလမင်းမှာ သီဟ ထိုင်ဖြေရမည့် ခုံဘေးနား လာထိုင်ရာကနေ စ၏။
ကျောင်းသားအသစ်ထင်ခဲ့မိတာ အကိုလမင်းက ၉တန်းကတည်းက ပြောင်းလာသည်တဲ့။ သူ တစ်ကယ်ကို သတိမထားခဲ့မိခြင်း။
နောက်ပိုင်း၌ မသိမသာရော သိသိသာသာပါ စောင့်ကြည့်ခဲ့ရာကနေ
မြင်ပါများပြီး ချစ်ကျွမ်းဝင်သွားသလား မသိပါ။
အကို့ ကို သဘောကျ၏။
ထို့ကြောင့်လည်း ဆယ်တန်းအောင်သွားသော အကို့ထံ ဖြည်းဖြည်းချင်းသာ ချဉ်းကပ်နိုင်ရန် အိမ်ကမိဘတွေကို မရမက ပူဆာကာ ဂိုက် ခေါ် သင်ခိုင်းရခြင်း။ကျောင်းအုပ်ကြီး၏ အကူအညီတွေလည်း ပါတာပေါ့။
စာမေးပွဲ ဖြေသည့်ရက်တွေမှာ စောင့်ပေးမည့် ကတိကို ရပြီမို့
နောက်လာမည့် အစီအစဉ်ကိုတော့ နောက်ဆုံးဘာသာဖြေတဲ့နေ့မှ ပြောမည်။ ကိုယ့်အကြံအစည်နှင့်ကိုယ်မို့ သဘောကျကာ မဖုံးနိုင်မဖိနိုင် ပြုံးနေမိသည်အထိ။ ဒါကို ထိုလူသားလေးက
အစိုးရိမ်လွန်နေပြန်ပါပြီ။ ကိုယ့်အတွက်ဖြစ်တည်လာတဲ့
အဲ့လို စိုးရိမ်မှုလေးကို မြင်ရတာကပဲ Feelingတစ်မျိုးလို့ ဆိုရမလား။
ပြောချင်တာပြောပြီး စာ ပြန်တွက်နေသည့် သီဟ အား ကြည့်ကာ
လမင်းမှာ မောင့် ကို သတိရမိသည်။
ဒီအချိန်ဆိုရင် မောင်လည်း စာမေးပွဲအတွက် အဆင်သင့်ဖြစ်နေမည်လား။ မောင် စာမေးပွဲအတွက် အစစအရာရာ အဆင်ပြေပါစေ လို့သာ အဝေးကနေ ဆုတောင်းပေးနိုင်တာ တစ်ခုတည်း လုပ်ပေးနိုင်တာမို့ စားပွဲခုံပေါ် တင်ထားသော ဖုန်းလေးအား လှမ်းယူကာ wallpaper ထက်
တွင် လမင်းအား ဖက်ကာ နှစ်ခြိုက်စွာ ရယ်မောနေသော
မောင့် ပုံရိပ်လေးအား ကြည့်ကာ လွမ်းမိပြန်တော့လည်း ထိုပုံလေးအား ကြည့်ကာ အပြုံးလေးဖြင့်သာ ဖြေသိမ့်ရင်း ။
Wallpaper ပေါ်မှ ပုံလေးအား ကြည့်ကာ အလွမ်းဖြေနေတုန်းပင် screen ထက်၌ unknown number ဖြင့် ခေါ်လာသော ph callတစ်ခုကြောင့်
လမင်း ထိုဖုန်းအား ကိုင်လိုက်ရာ..... တစ်ဖက်မှ စ၍ ထွက်လာသော
အသံသည် ရင်ကို တလှပ်လှပ်နှင့် ဂနာမငြိမ် ဖြစ်စေသည်။
ဖုန်းအား ကိုင်ကာ သီဟ စာလုပ်နေသည့် နေရာနှင့် နည်းနည်းအလှမ်းဝေးသည့်ပြတင်းပေါက်နား သွားလိုက်၏။
📞..." လမင်း လား "
ပျော်ရသည် ။ရွှင်ရသည်။ မျက်ရည်ကျလောက်သည်အထိ။
လမင်းကို ဒီလို နာမ်စားဖြင့် ခေါ်တာ မောင် တစ်ယောက်တည်းသာ
ရှိသည်မလား။ မောင့်ကို သေမတက် လွမ်းနေရချိန် မောင့်အသံကြားလိုက်ရသည်မှာ ဆုလာဘ်တစ်ခု ရလိုက်သလိုပင်။
တစ်ဖက်မှ ဖုန်းခေါ်လာသော မောင်တစ်ယောက် လမင်း၏ တုံ့ပြန်သံ မကြားရ၍ ထင်ပါသည် ခေါ်လာသော အသံမှာ အလိုမကျမှုဖြင့်။
📞..." ဟယ်လို!...."
"မောင်...မောင် မဟုတ်လားဟင်..."
📞..." အင်း .. လမင်းကကွာ မောင် မေးနေတာကို ပြန်မဖြေဘူး"
" လမင်းက အံ့ဩသွားလို့ပါ မောင် ဘယ်လိုလုပ်ပြီး "
📞.."မောင် ဉာဏ်ဆင်ရတာပေါ့ ဆေးပေးခန်း ရောက်တုန်းလေး "
"ဟင် ! မောင် နေမကောင်းဘူးလား "
📞..."ကောင်းတယ် မင်းကို မောင် မနေနိုင်လောက်အောင်
လွမ်းလာလို့ "
"စာမေးပွဲ နီးပြီနော် မောင် ကျန်းမာရေးဂရုစိုက် ကြားလား "
📞..."အင်းပါကွာ မောင့်မှာ လွမ်းလွန်းလို့ ဖုန်းဆက်လို့ရအောင်
ဉာဏ်ဆင်လာရတာ အချိန်သိပ်မရဘူး လမင်း"
" လမင်း မောင့်ကို အရမ်းလွမ်းတယ်သိလား အခုတောင် ထိုင်လွမ်း
နေရင်း မောင့် အသံကြားလိုက်ရတော့ ပြောမပြတတ်အောင်ပဲ "
📞..." အင်း...စာမေးပွဲပြီးတာနဲ့ မောင် ပြန်လာမယ်နော်
မောင် မင်းကို အရမ်းချစ်တယ်နော် သိလား "
"ဟုတ် ..လမင်းလည်း အရမ်းချစ်တယ်နော် "
📞..."ဒါပဲနော် မောင့်လမင်း "
"ဟုတ်"
အလောတကြီး ပြောနေပုံအရ မောင်ဟာ စည်းကမ်းတွေနှင့် နေရသည့် ကြားထဲက တစ်ကယ်ကို မရမက ဖုန်းခိုးဆက်ရပုံပင်။
မောင့်ဘက်က ဖုန်းမချသေးတာမို့ လမင်းက ဖုန်းမချချင်ပဲ ချရန် ပြင်စဉ် တစ်ဖက်က လမင်း၏ နာမည်ကိုခေါ်သံ သဲ့သဲ့ ပြန်ကြားရတာမို့ နား အနီးနား ဖုန်းအား ပြန်ကပ်ကာ ထူးမိပြန်သည်။
" မောင် ခေါ်လိုက်တာလားဟင်! "
📞..."အင်း...မောင် သဘက်ခါဆို စာမေးပွဲ ဖြေရပြီ မောင့်ကို အားဆေး လေး မပေးချင်ဘူးလား "
"ဟင်! "
📞..."ကျစ်! အချိန်မရဘူးကွာ အာဘွား ပေးအုန်းလို့ "
" အမ်!..အာဘွားနော် ..."
📞..."ထပ် ပေးအုန်း မရသးဘူး "
"အာဘွား ! အာဘွားအများကြီး နော် မောင် ဒီရက်ပိုင်း
စာ ထဲပဲ အာရုံစိုက် လမင်းက အများကြီး ချစ်တယ်နော် "
မောင့်ဘက်က ထပ်ပြောလာမည်ကို ဆက်နားထောင်မနေတော့ပဲ
ဖုန်းချလိုက်ရ၏။ လမင်းမျက်နှာမှာ ခရမ်းချဉ်သီးလေး မှည့်နေသလိုပင် ရဲတွတ်နေပြီ။ မောင်ဟာ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ လမင်းအား အမျိုးမျိုး ပြုစားတတ်သည်။
ဝေးရသည့်ရက်တွေ ကျော်လွန်လာပြီ ဖြစ်သလို အရင်လို နီးစပ်ရမည့် နေ့တွေဟာလည်း နီးကပ်လာပြီမို့ လွမ်းရသော်လည်း
ကြည်နူးရပြန်၏။
ဖုန်းပြောပြီး တော်တော်နှင့် အပြုံးမပြယ်သေးသော ကောင်လေးတစ်ယောက်အား မျက်မှောင်ကြုံ့ကာ ကြည့်နေသော
ကောင်လေးတစ်ယောက်လည်း ရှိနေပြန်၏။
ဒါကို ပြုံးနေသည့်ကောင်လေးမှာ မရိပ်မိရှာပေ။
>>>><<<<
A/N .... Update ပျက်ကွက်မိရင် update ဆက်တိုက် ပြန်ပေးတတ်တာ သိတဲ့သူတွေက သိတယ်လေနော် ။ ဒီရက်ပိုင်း အလုပ်များသွားတာမို့ နောက်ကျနေတာပါရှင်။
အားတဲ့နေ့ကျရင် ဆက်တိုက် လာပါမယ်လာပါမယ်နော်😁။
-pont-00-