အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၃၁)
မိုင်းမိုင်
ဆေးရုံကုတင်လေးပေါ်တွင် သက်ဦးဇင် သတိမေ့မျောနေသည်မှာ ဒီနေ့နှင့်ဆို သုံးရက်တောင် ကြာခဲ့ပြီ။ ဆရာဝန်များ၏ ခွဲစိတ်ကုသမှု အချိန်ကပ်သီးလေး အောင်မြင်မှုကြောင့် ပုံရိပ် စိတ်အမောပြေရပါ၏။ မောင် လုံးဝ ပြန်မသက်သာမချင်း အလုပ်မသွားဖို့ ဆုံးဖြတ်လိုက်သည်မို့ ရက်ရှည် ဆေးခွင့်တင်လိုက်သည်။
တဘက်လေးကို ရေအနည်းငယ် စွတ်ကာ မောင့်ခန္ဓာကိုယ်လေးကို ရေဝတ်တိုက်ပေးလိုက်သည်။ မှေးစင်းနေသော မောင့်ရဲ့မျက်ဝန်းညိုညိုလေးကို ကြည့်လိုက်မိတော့ ပုံရိပ် စိတ်ထဲ ဝမ်းနည်းလာရပြန်သည်။ ဖြည်းဖြည်းပုံမှန်လေး အသက်ရှူနေပြန်တော့လည်း တစ်မျိုး စိတ်ချမ်းသာရပါသေးသည်။
မောင်၏ လက်ညိုညိုလေးကိုလည်း နူးညံ့စွာ ရေဝတ်တိုက်ပေးလိုက်သည်။ ပျော့ခွေနေသော မောင်၏လက်ကလေးသည် အင်အားနည်းနေသည်မှာတော့အမှန်ပင်။
အလိုလိုနေရင်းကပင် ဝမ်းနည်းအားငယ်မိသည့်စိတ်တို့ကြောင့် မျက်ဝန်းအတွင်း မျက်ရည်များ အိုင်ထွန်းလာသည်။ ထို့နောက် မျက်ရည်စများ လျှံကျကာ ပါးပြင်လေးကတစ်ဆင့် မောင့်လက်ကလေးပေါ် ဖြုတ်ကနဲ ကြွေကျသွားတော့သည်။ ပုံရိပ်မျက်ရည် ခပ်နွေးနွေးလေးသည် မောင့်လက်ကလေး ကျသွားသည့်အချိန်တွင် မောင်၏ လက်ချောင်းလေးများ ရုတ်တရတ် လူးလွန့်လှုပ်ခတ်လာတော့သည်။ လှုပ်ရှားနေသည့် မောင့်လက်ချောင်းလေးတွေကို မြင်လိုက်ရတော့ ပုံရိပ် စိတ်များ ယောက်ယက်ခပ်စွာ ပျားပန်းခတ်လှုပ်ရှားလာတော့သည်။
" မောင်... မောင် "
ထို့နောက် မျက်လုံးလေးများ ပွင့်ဟလာသည်။
" မောင် သတိရလာပြီလား။ ပုံရိပ်ရှိတယ်၊ ပုံရိပ် မောင့်အနားရှိတယ်နော် "
အခန်းတံခါးဘုလေး လည်ကာ တံခါးလေးပွင့်လာသည်။ အမေမြ ပုံရိပ်အတွက် နေ့လည်စာ ထမင်းချိုင့်လေး ယူလာခြင်းဖြစ်ပါ၏။
" အမေမြရေ၊ မောင် သတိရလာပြီ။ ဒီမှာ ခဏ ထိုင်ပေးဦးနော်၊ သား ဆရာဝန် သွားခေါ်လိုက်ဦးမယ် "
" အေးအေး သွားသွား၊ အမေမြ ရှိနေမယ် "
အခန်းအပြင်ဘက်သို့ အဆောတလျင် ထွက်သွားလိုက်သည်။ ဆရာဝန်ခေါ်ကာ အခန်းလေးဆီ ပြန်လာခဲ့လိုက်သည်။ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပြီးသည့်နောက်တွင် ဆရာဝန်ဆီမှ စကားဆိုလာသည်။
" လူနာက သက်သာသွားပါပြီ၊ ဒဏ်ရာကလည်း မကြာခင်ပဲ အရောင်ကျပြီး သက်သာသွားပါလိမ့်မယ်။ အပြင်ဘက် ဒဏ်ရာဆိုတော့ ပိုပြီးကံကောင်းသွားတယ်၊ အတွင်းဒဏ်ရာသာဆိုရင် လူနာ အသက်ရှင်ဖို့ မသေချာသလောက်ပါပဲ။ လူနာလည်း သတိရလာပြီဆိုတော့ နောက် သုံးရက်လောက်ဆို ဆေးရုံဆင်းလို့ရပါပြီ။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး "
ဆရာဝန်နှင့်နက်စ်မ လေးသည် အခန်းအပြင်သို့ထွက်သွားကြတော့သည်။ ထို့နောက် မောင့် မျက်နှာလေးရဲ့ အနီးကပ်ဆုံးနေရာထိ ပုံရိပ် ထိုင်လိုက်ပါ၏။
" မောင် "
ညင်သာသော အကြည့်လေးများနှင့် မောင့်မျက်ဝန်းလေးကို နွေးထွေးစွာကြည့်လိုက်သည်။ မောင့်ပါးပြင်လေးဆီ အုပ်မိုးကာ မောင့်မျက်ဝန်းများနှင့်အနီးဆုံးထိ ထိကပ်လိုက်သည်။
" မောင်...နေသာရဲ့လားဟင် "
မောင့်မျက်နှာလေးသည် သိသာစွာ ဖြူရော်နေသည်။ အညိုရောင်သမ်းနေသည့် မောင့်နှုတ်ခမ်းထူထူလေးပင် ဖြူဖတ်နေပါ၏။ မောင့်မျက်ဝန်းလေးများသည် ရီဝေစွာ ညှို့မှိုင်းနေသည်။ မောင့်လက်ကလေးကို မလွှတ်တမ်း ဆုပ်ကိုင်ထားလိုက်သည်။
" မောင်သက်ဦးဇင်...အမေမြတို့က အရမ်းစိတ်ပူနေတာ။ အခုလို အကောင်းတိုင်း ပြန်သက်သာလာတာ အင်မတန် ဝမ်းသာတယ်ကွယ်။ မင်းကောင်လေးလည်း တစ်ဖဝါးမှ မင်းအနားကနေကို မခွာဘူး။ နေ့နေ့ညည သူပဲ မင်းကို စောင့်ရှောက်နေတာ။ မင်း မြန်မြန်သတိရလာတာ အမေမြ သိပ်ဝမ်းသာတယ် "
ဝမ်းသာအားရဖြင့် အမေမြဆီက ထိုစကားများကိုကြားရတော့ သက်ဦးဇင် ရောဂါတစ်ဝက်တောင် သက်သာသွားသလိုပါပင်။ ချစ်ရတဲ့ပုံရိပ်လေးကို ကြည့်လိုက်ပြန်တော့ အားငယ်စိုးရိမ်တို့က မျက်ဝန်းများထဲတွင် အခုထိ နေရာယူထားလေသည်။
" ပုံရိပ်...မောင် သက်သာပါပြီ။ တဖြည်းဖြည်း မောင် နေကောင်းလာမှာပါ "
" ပုံရိပ် ယုံတယ်။ မောင် အမြန်ဆုံးသက်သာမယ်ဆိုတာလည်း ပုံရိပ် ယုံကြည်ထားတယ်။ အခုလို မောင် မြန်မြန် သတိရပေးတဲ့အတွက်လည်း မောင့်ကို အများကြီးကျေးဇူးတင်တယ်။ ပုံရိပ်လေ နေ့နေ့ညည မောင် ဘယ်ချိန်များ သတိရမလဲဆိုတာ တွေးရင်း မောင့်အနားကနေ ခဏလေးမှ မခွာနိုင်ဘူး။ အခုမှ ပုံရိပ် စိတ်ဒုံးဒုံးချနိုင်တော့တယ်။ ပုံရိပ် သိပ်ဝမ်းသာတာပဲ မောင်ရယ် "
ပုံရိပ်လက်ကလေးကိုဆွဲယူကာ အနမ်းလေးတစ်ချက် မွှေ့လိုက်သည်။ နွေးထွေးမှုများက ထိုလက်မှတစ်ဆင့် ရင်တွင်းအနက်ဆုံးထိ လှိုက်ခနဲ ထိုးဝင်လာသည်။
ကြည်နူးခြင်း မျက်ရည်စလေးများသည် သက်ဦးဇင် မျက်ထောင့်လေးတွင် တစ်စက်တည်း ခိုသီနေသည်။ မိမိအသက်လောက်ထိ ချစ်ရသူသည် သူ့အသက်ထက်မက ကိုယ့်အပေါ်တန်ဖိုးထား မြတ်နိုးရသည်ကို ခံစားမိလိုက်သည့်အချိန်တွင် နှလုံးသားလေး နင့်ခနဲ အောင့်သက်သွားရသည်။
💙
ဆေးရုံမှ ဆင်းပြီးနောက်တွင် ပုံရိပ်ယောင် အားလပ်သည်မရှိပါ။ သက်ဦးဇင် ဝေယျာဝစ္စလုပ်နေရသည်နှင့် အချိန်နေ့ရက်တို့သည် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။ ထိုသို့ ပြုစုနေရသည်ပင် ပုံရိပ်အတွက် ကြည်နူးချမ်းမြေ့စရာပင် ဖြစ်နေတော့သည်။
" မောင်...ပုံရိပ်တို့ မြစ်ကမ်းဘက် လမ်းဆင်းလျှောက်ရအောင် "
တိုက်ခန်း ပြတင်းပေါက်လေးမှတစ်ဆင့် မြစ်ကမ်းစပ်ဆီသို့ လှမ်းကြည့်နေရင်းမှ ပုံရိပ် မောင့်ဘက် လှည့်လိုက်သည်။ ခေါင်းတစ်လုံးစာ မြင့်နေသည့် မောင့်ရဲ့ အရပ်မြင့်မြင့်ကြီးအောက်တွင် ပုံရိပ် ခန္ဓာကိုယ်လေးသည် သေးနေသယောင်။
" ဆင်းမယ်လေ၊ မောင်လည်း အခန်းထဲပဲ နေရတာကြာတော့ နည်းနည်းငြီးစိစိဖြစ်နေတာ "
ထို့နောက် မြစ်ကမ်းစပ်လေးဆီသို့ နှစ်ဦးသား ဆင်းလာကြသည်။ လေညှင်းသွဲ့သွဲ့လေးသည် တသုန်သုန် တိုက်ခတ်နေသည်။ ရေလှိုင်းလုံးလေးများသည်လည်း သင်္ဘောများ ဖြတ်အသွားတွင် ကမ်းစပ်ဆီသို့ ရိုက်ပုတ်လာကြသည်။
မောင့်လက်ကလေးတွဲကာ သန့်ရှင်းအေးမြသည့် မြစ်ဘက်ဆီက လေနုအေးအေးလေးများကို ရှူလိုက်ရသည့်အခါ ပင်ပန်းနွမ်းနယ်မှုများပင် လွင့်စင်သွားရသည်။
" ပုံရိပ်...မောင့်ကိစ္စတွေ လုပ်နေရတာနဲ့ ပင်ပန်းနေပြီလားဟင် "
မောင့်မျက်ဝန်းညိုညိုလေးကို ကြည့်ကာ ပြုံးပြလိုက်သည်။
" ပင်ပန်းတယ်ဆိုတဲ့ အတွေးမျိုးကို စိတ်ထဲကနေတောင် မတွေးမိတာ မောင်။ ပုံရိပ် အသက်ပေးပြီးကို ချစ်ရတဲ့မောင့်အတွက်ဆိုရင် ပုံရိပ် အစွမ်းကုန် ပေးဆပ်သွားမှာ။ မောင့်ကို ပုံရိပ် သိပ်ချစ်တယ်။ တစ်ခါတခါ ပုံရိပ် ကိုယ့်ကိုယ်ကိုယ် အံ့ဩယူရလောက်တဲ့အထိ မောင့်ကို သိပ်ချစ်နေမိတယ် "
ကမ်းစပ်တစ်နေရာအရောက်တွင် မောင့်ခြေလှမ်းများ ရပ်တန့်သွားသည်။ မြစ်ကမ်းဘက်ကို မျက်နှာမူစေပြီး မောင်က အနောက်ဘက်ကနေ သိုင်းဖက်လိုက်သည်။ ထို့နောက် တောင်ကမ်းပါးယံပေါ် မေးတင်နေသည့် နေလုံးကြီးကို ကြည့်နေလိုက်ကြသည်။
" ပုံရိပ်...မောင့်ဘဝရဲ့ နောက်ဆုံးနေဝင်ချိန်အထိ ပုံရိပ် လက်ကို မောင် မလွှတ်တမ်း ဆုပ်ကိုင်ထားမှာ။ မောင့် နှလုံးခုန်သံ ရပ်သွားတဲ့အထိ ပုံရိပ်ကို မောင့်ရင်ခွင်ထဲ ထွေးပွေ့ထားမှာ။
မောင့်ဘဝမှာလေ တွယ်တာရာ၊ ငြိတွယ်ရာ၊ ပျော်ဝင်ရာ တစ်ခုတည်းသော ရေသောက်မြစ်က ပုံရိပ်ရဲ့ ဖြစ်တည်မှုလေးပါပဲ။ မောင်လည်း ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်တော့တဲ့အထိ ပုံရိပ်ကို သိပ်ချစ်မိသွားတယ်။ ကာကွယ်ပေးချင်တယ်။ ပုံရိပ်အတွက်ဆို မောင့်ခန္ဓာကိုယ်က အစိတ်အပိုင်းတွေကိုတောင် ရက်ရက်ရောရော ပေးနိုင်တဲ့အထိ မောင် ပုံရိပ်ကို တန်ဖိုးထားမြတ်နိုးမိတယ်။
မင်းဟာ မောင့်ဘဝမှာ တစ်ဦးတည်းသော ငြိတွယ်ရာ သံယောဇဉ်အမျှင်တန်းလေးပါပဲ "
ပုံရိပ်ပါးပြင်လေးကို အနောက်ကနေ သိုင်းဖက်ရင်း ရွှတ်ခနဲ နမ်းရှုံ့လိုက်သည်။ ခါးလေးကို တင်းကျပ်စွာဖတ်ရင်း မြစ်ကမ်းဆီက လှိုင်းလုံးလေးများရယ်၊ တောင်တန်းပေါ်က နေလုံးကြီးရယ်ကို တမေ့တမော ကြည့်နေလိုက်မိသည်။
" မောင်...မကြာခင် နေဝင်တော့မယ်နော်။ ဒီလိုလှပတဲ့ အရာတွေကို မောင်နဲ့အတူ ခံစားကုန်ဆုံးရတာ ပုံရိပ်ဘဝအတွက် အတပ်မက်ဆုံးပါပဲ။ ပုံရိပ်တို့ ဘယ်တော့မှ လက်တွဲမဖြုတ်ဘူးနော်။ မြဲသောလက်တွေ ခိုင်မာပြီး လှပတဲ့ချစ်ခြင်းတွေ တည်မြဲပါစေ လို့ မြစ်ပြင်ကြီးကို သက်သေပြုပြီး ပုံရိပ် ဆုတောင်းတယ်။
မြစ်ပြင်ကြီးကို ရှေ့ထားပြီး မောင့်ကို သိပ်ချစ်ပါတယ်ဆိုတဲ့အကြောင်းလည်း တစ်ခါတည်း ပြောပြချင်ပါတယ်။
ပုံရိပ် မောင့်ကို သိပ်ချစ်တယ် "
မောင့်မျက်နှာဘက်သို့ လှည့်ကာ ရင်ခွင်ထဲတွင် တဆုံးနစ်ဝင်အောင် ခိုအောင်းလိုက်ပါ၏။ ထို့နောက် ခေါင်းလေးမော့လိုက်သည့်အချိန်တွင် မောင့် အညိုရောင် နှုတ်ခမ်းနှစ်လွှာသည် ပွင့်ဟလာခဲ့သည်။ ပုံရိပ် သတိမထားမိလိုက်သည့်အချိန်မှာပင် မောင့်နှင့်သူ၏ နှုတ်ခမ်းနှစ်စုံသည် ဖြည်းညှင်းစွာ ထိကပ်သွားတော့သည်။
နှုတ်ခမ်းနှစ်စုံသည် အချိန်ကြာမြင့်စွာ ပေါင်းဆုံယှက်နွယ်သွားသည့်အချိန်တွင် နှလုံးသားနှစ်ခုသည်လည်း တစ်ခုတည်းအဖြစ် စီးဝင်ပေါင်းဖက်သွားတော့သည်။
ရင်ခုန်သံစည်းချက်များသည် ရေလှိုင်းပုပ်သံထက်ပင် ကျယ်လောင်စွာ ခုန်လှုပ်လျက်ရှိပါ၏။
မြစ်ဘက်ဆီက လှိုင်းလုံးလေးများသည် ကမ်းစပ်ဆီ ရိုက်ခတ်လာကြသည်။ တသုန်သုန် တိုက်ခတ်နေသည့် လေညှင်းလေးသည်လည်း ဝေ့ကာဝဲကာ မြစ်ပြင်ကျယ်တွင် လူးလွန့် ကခုန်နေကြသည်။
ထိုအချိန်တွင် လေးအေးနံ့ သင်းသင်းလေးသည် သူတို့ အနီးတွင် ဖြန့်ကျက်ပျော်ဝင်လျက်ရှိသည်။ ထိုလေအေးနံ့လေးထဲတွင် အချစ်ရနံ့များလည်း ပေါင်းစပ်ပါဝင်လျက် ရှိပါ၏။
အချစ်ညနေခင်းလေသည် သာယာရီဝေစွာ၊ လှိုက်ဖိုရင်ခုန်ဖွယ်ရာအတိဖြင့် တရိပ်ရိပ် ကုန်ဆုံးလျက်ရှိပါ၏။
" ချစ်တယ် မောင့်ပုံရိပ်။
မောင့်အသည်းတွေ ကြွေကျရတဲ့အထိ
မင်းကို မောင် သိပ်ချစ်တယ် "
💙💙💙
နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီဗျာ 💙