^ ^ ^ ^ ^
" လမင်း~~မောင့်ကို ဘာစကားမှ မပြောပဲ တစ်ညလုံး ဒီအတိုင်းထိုင်နေတော့မှာလား !!.."
ခန့်စေ ဘေးမှာထိုင်နေသော လမင်းကို ထိုင်ကြည့်နေတာကြာပြီ။ ဘယ်လက်ဖမိုးပေါ် ညာလက်ဖဝါးလေးနဲ့ပွတ်တိုက်လိုက်၊ ညာလက်ဖမိုးပေါ် ဘယ်လက်ဖဝါးလေးနဲ့ ပွတ်တိုက်လိုက်လုပ်နေတာ လက်ကလေးတွေသာ စကားထပြောတတ်ရင် ပြောလောက်တယ် *မီးထပွင့်တော့မယ်*ဆိုပြီးတော့လေ။ ခန့်စေ လမင်းတို့အိမ်ကို ညနေ ၅နာရီခွဲလောက် ကတည်းကရောက်နေတာ။
အိမ်ရောက်တော့လည်း အရင်လို ခြံနားထိ လာကြိုတာ သူေလးသာ။
ထမင်းစားပြီး အေးဆေးမှ ပြန်ဖို့ပြောလာတဲ့ အန်တီချိုကြောင့်လည်း ထမင်းအတူတူထိုင်စားသည်အထိ စကားပြောသေးသည်မို့ အခြေအနေမဆိုးလှပေမယ့် ထမင်းစားပြီး သပြေပင်အောက် လာထိုင်သည့်အချိန်မှ စ၍ တေမိလုပ်နေတာ နာရီဝက်လောက်ရှိနေပြီ။
ခန့်စေမှာ မနေနိုင်တော့တဲ့ အဆုံး ထမေးကာမှ အသံလေးက ထွက်လာတော့၏။
"ဟို~~ ဟိုလေ "
"အင်း ...မောင်နားထောင်နေတယ်!"
"မင်းကလည်း~~~ စိတ်မရှည်တဲ့ လေသံကြီးနဲ့ "
"ဟော် ..."
"မင်းက အခုကျ စိတ်မရှည်တော့ဘူးမလား "
"မဟုတ်ပါဘူးကွာ လမင်း ဘာပြောမလည်း မောင်နားထောင်နေပါတယ်လို့"
"အဲ့တာကလေ ....နောက်နေ့မှ ထပ်လာခဲ့လို့မရဘူးလား "
"ဘာကိုလည်း ..."
"အ...အဖြေပေးဖို့ကိုလေ "
" ဘာလို့လည်း "
" နောက်နေ့မှ ထပ်လာခဲ့လေနော် "
" မောင့်ကို မီတာခ လာကောက်တယ်များ မှတ်နေလား
အဖြေလာတောင်းနေတာ နေ့ရွေ့ညရွေ့ မလုပ်နဲ့ကွာ "
" မင်းက အဖြေတောင်းတာလား အကြွေးလာတောင်းတာလား
လူကို လေသံမာမာနဲ့ အကြွေးရှင်ကြီးအတိုင်းပဲ "
"ကဲ....မောင့် လမင်းရေ ခင်များလေး ရှက်နေတယ်ဆိုတာ မောင်
နားလည်တယ် ဒါပေမယ့် နေ့ရွေ့ညရွေ့တော့ မလုပ်ပါနဲ့တော့ကွာ"
" မင်းကလည်း ..."
" ကဲ ရှက်နေရင် မောင် မျက်လုံးမှိတ်ပေးထားမယ် "
" မင်း ငါ့ကို ဘာလို့ ချစ်တာလည်း "
"ဟင်!..."
မျက်လုံးမှိတ်ကာ ဖြေလာမယ့် အဖြေကိုစောင့်စားနားစွင့်နေမိပေမယ့် ကြားလိုက်ရတာက ဖွင့်ပြောစဉ်က မေးခဲ့သော မေးခွန်းလေးသာ ။
" ချစ်ချင်လို့ချစ်တာ ၊ မင်းမို့လို့ချစ်တာ ၊ မောင့်နှလုံးသားထဲမှာ
မင်းပဲရှိတာ"
" ငါကမယုံဘူး ဆိုရင်ရော "
" မောင့်ရဲ့ ဘယ်လိုအပြုအမူတွေက လမင်းစိတ်ထဲကို မယုံကြည်ခြင်းတွေပဲ ဝင်ရောက်နေစေလို့လဲ "
" အဲ့လိုလည်း မဟုတ်ပါဘူး ငါ~~ငါက အားနည်းချက်နဲ့လူ၊ ပြီးတော့ ယောကျာ်းလေး ဖြစ်နေလို့ "
"မောင် ပြောပြီးပြီလေ လမင်းမို့လို့မောင် ချစ်တာ၊ လမင်းက အားနည်းချက်လို့ သတ်မှတ်ထားတဲ့အရာ မှန်သမျှ မောင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်လို့ပဲ မောင်သတ်မှတ်တယ်။
မောင့်အနက်ရှိုင်းဆုံးနေရာက ဖြစ်တည်လာတဲ့ ချစ်ခြင်းကို
ကျား/မ ဆိုပြီး ခွဲခြားပြတဲ့ ခေါင်းစဉ်အောက်မှာ မောင် ထည့်သွင်းထားတာမဟုတ်တာမို့ လမင်းကိုချစ်တဲ့ မောင့်ချစ်ခြင်းအကြောင်းပြချက်အောက်မှာရော၊ အပေါ်မှာပါ
ဘယ်လိုစကားလုံးခွဲမှ မရှိဘူး။ မောင် မင်းမို့လို့ချစ်တာ၊ မင်းကိုပဲ မောင်ချစ်တာ ၊ မောင် လမင်းကို စချစ်ကတည်းက လမင်းရဲ့ ဝမ်းသာခြင်း၊ဝမ်းနည်းခြင်း၊ ဘယ်လိုအရာပဲ ဖြစ်လာလာ မောင်ကာကွယ်ပေးချင်တာ၊ လမင်း ပျော်လို့ပဲဖြစ်ဖြစ် ဝမ်းနည်းလို့ပဲဖြစ်ဖြစ် ပုခုံးပေါ်မျက်နှာအပ်ငိုတဲ့အခါ၊ ရင်ခွင်ထဲ တိုးဝင်ငိုတဲ့အခါ အဲ့ပုခုံးပိုင်ရှင်နဲ့ ရင်ခွင်ပိုင်ရှင်ဟာ မောင်ပဲဖြစ်ချင်တယ် ၊မောင်မင်းကို ပြောမပြတတ်အောင် ချစ်တာ "
"ဟင့်~~~~"
ခန့်စေ အရှေ့က အသေးလေး မျက်နှာအား တစိမ့်စိမ့်ကြည်ကာ
စကားကို ဖြည်းဖြည်းမှန်မှန်နဲ့ ပြောပြနေတုန်း နှုတ်ခမ်းလေးမဲ့ကာ
မျက်ရည်ကြည်တွေ ဝေ့ဝဲလာတာကို မြင်ရတော့ စကားအဆုံးကို အပြုံးတို့ဖြင့် အဆုံးသတ်ကာ လက်နှစ်ဖက်ကို ဆန့်လို့ ရင်ခွင်ထဲ ဝင်လာရန် ခေါ်ပြန်တော့ ငိုချင်နေတဲ့ကလေးကို ငိုချင်ရဲ့လက်တို့
ဖြေစေသွားသလား။ မျက်ရည်လေးတွေဟာ ပါးပြင်ပေါ်အလုအယက်နှင့် ပြေးဆင်းသွားကြပြီး၊ မျက်နှာလေးက ခန့်စေ ရင်ဘတ်ထံ အပ်နှင်းလာကာ ခါးကို တင်းကြပ်စွာ ဖက်လာတဲ့
ခန့်စေ၏ ချစ်ရသူလေး။
ရင်ခွင်ထဲရောက်လာတဲ့ အသေးလေးကို အလွတ်မပေးတော့ပဲ မြတ်နိုးမှုအပြည့်နဲ့ ပြန်လည်ထွေးပွေ့တဲ့အခါ မျက်ရည်ဝိုင်းနေသော
မျက်ဝန်း ဝိုင်းဝိုင်းလှလှလေးနဲ့ ငိုထားတဲ့အရှိန်ကြောင့် မော့ကြည့်လာသော ပြောင်တင်းကာ ရဲရဲလေးဖြစ်နေတဲ့ မျက်နှာလေးက ညအမှောင်ထဲမှာဆိုပေမယ့် ဝရံတာက လာတဲ့ အလင်းရောင်တချို့ကြောင့် တမျိုးလေး လှနေသလို။
ခန့်စေ လက်တစ်ဖက်ဖြင့် ခါးကို သိုင်းဖက်ထားကာ ကျန်လက်တစ်ဖက်က ချစ်ရသူလေး၏ ပါးပြင်ပေါ်က မျက်ရည်တချို့ကို မထိရက်မတို့ရက်နှင့် နာကျင်သွားမလား ဆိုတဲ့ စိတ်ကြောင့် လက်မကို ခပ်ဖွဖွသာ အသုံးပြုပြီး အသာယာ မျက်ရည်သုတ်ပေးနေစဉ် ကြားလိုက်ရတဲ့စကားကြောင့် ကမ္ဘာလောကကြီးက ခေတ္တရပ်တန့်သွားရသလို။
" မောင့် ကို လမင်းလည်း ချစ်တယ်နော်~~~"
ရွာဦးဘုန်းကြီးကျောင်းက ဖွင့်ထားတဲ့ ပဌာန်းအသံကျယ်ကျယ်တို့လည်း နားထဲမဝင်တော့။ ညအခါမို့ အော်မြည်နေကြတဲ့ ပိုးကောင်တချို့၏ အသံလည်း တိတ်သွားသလား ခန့်စေမသိတော့။ အိမ်ပေါ်က အန်တီချိုကြည့်နေတဲ့ ဇာတ်လမ်းတွဲက အသံတို့လည်း ဘာဆိုဘာမှ မကြားရတော့။
ရင်ခွင်ထဲက မော့ကြည့်နေတဲ့ သူလေးရဲ့ မျက်နှာကိုသာ ငုံ့ကြည့်နေရင်း အမြင်တွေ ဝေဝါးလာကာ မျက်ခမ်းစပ်တွေ ပူလာတာကို သတိထားမိပြီးသိပ်မကြာ မျက်ရည်တစ်စက်ဟာ ချစ်ရသူလေး မျက်နှာပေါ် ခုန်ဆင်းသွား၏။
ဒါဟာဝမ်းနည်းခြင်းခေါင်းစဉ်အောက်မှာ မရှိတဲ့ မျက်ရည်။
" ဟင် ~~မောင် ငိုနေတာလား ဘာလို့လည်းဟင်
လမင်းကို စိတ်ဆိုးလို့လား "
အပျော်လုံး စို့တယ်ပဲ ခေါ်ရမလား ။ အသံတို့က ထွက်မလာ။
ခေါင်းကိုသာ တွင်တွင် ခါပြလို့ ရင်ခွင်ထဲက အသေးလေးကို တင်းကြပ်နေအောင် ပြန်ဖက်ထားတော့ ကျောပြင်ကို ကလေးချော့သလို အသာယာပုတ်ပေးနေတဲ့ သူလေး။
ရူးတော့မှာပဲ..........။
" မောင် ...ဝမ်းမနည်းပါနဲ့ နော်...."
ခန့်စေကို ဝမ်းနည်းနေတယ် အထင်နဲ့ ပြောလာသော အသေးလေးကြောင့်....
"မောင် ဝမ်းနည်းလို့ မဟုတ်ပါဘူးကွာ ၊ မောင် ပျော်လို့ပါ
မောင့်ကို လမင်း ချစ်တာ မောင်ခံစားမိပေမယ့် လမင်းဆီက
ချစ်စကား ကြားရတော့ မောင့်ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး"
" မောင် ပျော်လို့ပေါ့နော် "
"အင်း မောင်ပျော်လို့ ၊ မောင် သိပ်ကိုပျော်လို့ပါ "
"ဟီးဟီး~~~"
မျက်နှာလေးမော့ကာ သွားတန်းညီညီလေးနှင့် ပါးချိုင့်လေးပေါ်အောင် အစွမ်းကုန် ရယ်ပြလာတဲ့ လမင်းကြောင့်
အသည်းတယားယားနှင့် မြတ်နိုးခြင်းမည်သော အနမ်းတစ်ပွင့်
နှဖူးထက် အခြေချမိပြန်တော့ တန်ပြန်အနမ်းအနေနဲ့ ခန့်စေ
မေးစေ့အား မော့နမ်းလာတဲ့ လမင်း။
အနှီလူသားလေးကို အသည်းယားလာတာမို့ ပါးပြင်နှစ်ဖက်ကိုပါ ခန့်စေ နှာခေါင်းချွန်ချွန်တို့ နစ်ကာ အားပါးတရ နမ်းပြန်တော့လည်း သဘောတကျ ရယ်နေပြန်၏။
မျက်နှာလေးအား လက်ဖဝါးနှစ်ဖက်ထဲ ထည့်ကာ မော့စေပြီး
ချစ်ခြင်းအပြည့်နဲ့ နစ်နစ်နဲနဲ ကြည့်မိပြန်တော့ အရှက်သည်းတဲ့ အသေးလေးက ဘယ်ကရလာတဲ့ သတ္တိတွေနဲ့မှန်းမသိ အပြိုင် ပြန်ကြည့်နေတာမို့ .....
"ပြွတ်! "
နှုတ်ခမ်းပါးလေးအား အသံထွက်အောင် တစ်ချက်အနမ်းပေးကာ နှာဖူးချင်း ထိစပ်ထားကာ လက်မတို့ဖြင့် ပါးပြင်နုနုတို့အား အသာ ပွတ်သပ်ပေးမိပြန်တော့ မျက်လုံးလေးများ မှိတ်ကာ ခံယူပြန်သည်။
လပြည့်နေ့မတိုင်သေးတာမို့ လခြမ်းကွေးလေးထွက်ရှိနေပါသော်လည်း ချစ်ခြင်းတရားတွေ ပြည့်နှက်ကာ သပြေပင်အောက်က ကောင်လေးနှစ်ယောက်ရဲ့ ကြည်နူးစရာ အခိုက်အတန့်လေးကို အသိအမှတ်ပြုသယောင် ကောင်းကင်မှာ တစ်စတစ်စထွက်ပြူလာတဲ့ ကြယ်လေးတွေဟာ ပိုများလာသလိုပါပဲ။ တိမ်စိုင်တွေဟာလည်း ရှာဖွေမရအောင် အားဖြည့်သည့်အနေနဲ့ ကင်းစင်လို့ပေါ့။
~~~~~~~~~~~~~~~~
သန့်စင်ထွန်းမှာ အခု ဟန်လျှမ်းတို့ အိမ်ရှေ့က ပန်းခြံလေးထဲ အသေအချာ ပြုလုပ်ထားသော ထိုင်စရာ နေရာလေးကို ရောက်နေရခြင်း။ အကိုလမင်းတို့ အိမ်မှာ ထမင်းစားပြီး သိပ်မကြာ သပြေပင်အောက် နေရာအရင်ယူသွားသော ခန့်စေကြောင့် အိမ်မှာ လူကြီးတွေမရှိလို့ပြန်ရအုန်းမယ်ေပြာလာတဲ့ဟန်လျှမ်း အိမ်သို့ လိုက်လာခဲ့လိုက်သည်။ ကောက်စိန်လေးကို ဆေးလိမ်းပေးရအုန်းမယ်မလား။ အင်း.....ချော့လည်းချော့ရအုန်းမယ်။
ဆေးတွေ အစုံပါလာတယ် ပြောလည်း ဆေးသွားယူအုန်းမယ် ပြောသွားတဲ့ ဟာလေးက သူ့ကို ပန်းခြံထဲမှာ ထားသွားပြီး ပေါ်မလာသေးတာ မိနစ်ပိုင်းလောက်ရှိနေပြီ မို့ စိတ်မရှည်စွာ သွားခေါ်မယ် လုပ်လို့ ထလိုက်ရာ အိမ်ထဲကနေ ပြန်ထွက်လာတဲ့ ကောက်စိန်။
သေချာကြည့်လိုက်မှ အဝတ်အစားပြန်လဲ လာတာဖြစ်၏။
စွပ်ကျယ်အဖြူလေးနဲ့ ဘောလုံးဘောင်းဘီအနီရောင်တိုတိုလေးက ပေါင်ရင်းခိုက်လို့။ ပန်းခြံထဲက စားပွဲနားမှာပါ မီးဆင်ထားတာမို့
အသားဖွေးဖွေး၊ ပေါင်တံသွယ်သွယ်လေးတွေက အထင်းသား။
သူ့ကိုကြည့်ရင်း လူက ရေပဲငတ်လာသလိုလို။
" ဟိုလေ ဆေးလိမ်းပေးမယ် ဆိုလို့ လိမ်းရလွယ်အောင် အဝတ်ပြန်လဲလာတာ "
" အင်း ...လာထိုင် "
အရှေ့ခုံမှာ ဝင်ထိုင်လာတဲ့ ဟန်လျှမ်းဟာ ခြေထောက်ကို တင်ပျဉ်ခွေထိုင်လိုက်ကာ လက်ကို ဆေးအရင်လိမ်းခိုင်း၏။
မက်တပ်ရပ်နေရင်တောင် ပေါင်ရင်းခိုက်နေတဲ့ ဘောင်းဘီလေးကြောင့် မြင်နေရတဲ့ သန့်စင်ထွန်းမှာ အဆင်မပြေတော့ ။ ဝတ်ထားတဲ့ စွပ်ကျယ်ကလည်း ငယ်ငယ်က ဖတ်ရတဲ့ကာတွန်းထဲက ပြာကလောင် ပြာလချောင်ကျနေတာပဲ ပုခုံးတစ်ဖက်က လျှောကျလွန်းလို့ ဆွဲတင်နေရတာ သူ့မှာ အလုပ်တစ်လုပ်။ အမေတူသားမို့ နုနုနယ်နယ်လေးနှင့် အသားအရည်တွေဟာ ဖြူဝင်းနုဖက်လို့။ သွယ်လွန်းတဲ့ လည်တံလေးနှင့် ညှပ်ရိုးလှလှလေးနားမှာ အကြည့်ပို့မိတဲ့ သန့်စင်ထွန်း ခမျာ စိတ်ကိုမနည်းထိန်းထားရ၏။ ဒီဟာလေး လူကို လာမြူဆွယ်နေတာလား ထင်ရအောင်လည်း ရုပ်လေးက အူကြောင်ကြောင်နဲ့။ ထိန်းထားရတဲ့စိတ်ကြောင့် တံတွေးမြိုချရတာတောင် ခက်ခက်ခဲခဲမို့ အသံဟာ အရှေ့က ကောက်စိန်ကြားသွားသည်အထိ။
ဂလု!!...
"ရေဆာ လို့လား သွားခပ်ပေးမယ် ခဏ!"
"ရတယ် ရတယ် မခပ်နဲ့ ငြိမ်ငြိမ်ပဲထိုင် "
ဆေးလူး၊ဆေးထည့် အမှုကိုသာ အာရုံစိုက်ကာ အသေအချာလုပ်ပေးနေလိုက်သည်။ တစ်ချက်တစ်ချက် ပွန်းထားတဲ့နေရာလေးတွေကို ဆေးထည့်ပေးလို့ စပ်သွားတိုင်း မျက်မှန်အောက်က မျက်ဝန်းလေးတွေဟာ မျက်ရည်စို့လို့။
သူလေး မနာအောင် လေမှုတ်ပေးတာကိုလည်း ဇိမ်ကခံသေးသည်။
ထပ် မှုတ်ပေးအုန်း စပ်နေသေးလို့ ဆိုပဲ။ ဒီဟာလေးက တစ်ကယ်မလွယ်ပါ။
" သန့်စင်ထွန်း "
"အင်း ...ပြော "
"သန့်စင်ထွန်း လို့! "
" ကြားတယ်လေကွာ "
"ကြည့် ...မင်းကို စိတ်ဆိုးပြေသေးတာမဟုတ်ဘူးနော်!"
" အခုဘာလုပ်နေလို့လဲကွာ "
" လေသံတွေက ပြောင်းကုန်ပြီ ! "
ဆေးလိမ်းပေးနေရာမှ မော့ကြည့်မိတော့ နှုတ်ခမ်းဆူကာ ပေစောင်းစောင်း ကြည့်နေသော ဟန်လျှမ်း။
" ကိုယ် အော်မိလို့လား"
"မအော်ပေမယ့် မင်းအသံက ငါ့ကို စိတ်မရှည်သလိုနဲ့ "
"မဟုတ်ပါဘူးကွာ ဆေးလိမ်းပေးနေလို့ပါ "
" ငါ့ကို ချော့လည်း မချော့ဘူး ၊ ငါခေါ်တာ ညနေကလို ဗျာ လို့လည်း မထူးတော့ဘူး မင်းက အမျိုးမျိုး "
"ဟော်..."
"ဘာလဲ!!..."
"ဘာထဖြစ်တာလဲ ဟန်လျှမ်းရဲ့ "
" မင်းကို ငါစိတ်ဆိုးနေတုန်းပဲလို့ !...အီးး~~ဟီး~~"
ရုတ်တရက်ကြီး ဆေးလိမ်းပေးနေရာကနေ စိတ်ဆိုးသော ဟန်လျှမ်းမှာ မျက်ရည်တို့က ဘူးသီးလုံးလောက် ကျလာတာမို့ ဆေးဗူး ကိုင်ထားတဲ့ သန့်စင်ထွန်းမှာ ကပျာကယာ။
ဘာများ လုပ်မိလို့တုန်း ဆေးလိမ်းပေးနေတာပါ။ နာသွားလို့ များလား။
"ဟာ ဟေ့! ... မငိုရဘူးလေ ဘယ်နားက နာလို့လည်း ကိုယ့်ကိုပြော"
" လောရှည်ကောင် ! ဘောရှည်ကောင် ! အကုန်ရှည်တဲ့ကောင်!
ဒီလောက်ပြောနေတာကို နာလို့လား လာမေးနေတယ် !....
" အင်းပါကွာ ..ကိုယ် မှားပါတယ်ကွာ ၊ ကိုယ်က ဆေးလိမ်းပြီးမှ ချော့မို့ပါကွာ မငိုရဘူးလေ အိမ်ကလူတွေကြားကုန်မယ်လေ
အော်ပြီး မငိုပါနဲ့ကွာ "
"ငိုမှာပဲ!...မားတို့လည်း မရှိဘူး! ၊ကိုကြီးက လဲချားသွားလည်တယ်၊
ငါငိုချင်သလို ငိုမှာပဲ အီးးး....ဟီးးး"
" အင်းပါကွာ ...လာလာ ကိုယ်ချော့မယ်လေနော် "
" မင်း လာပါလား ! "
"အင်းပါ ကိုယ် ဟန်လျှမ်းခုံနားလာပြီ "
သန့်စင်ထွန်းမှာ ချက်ချင်း ထိုင်ရာကနေ ထကာ ဘေးခုံက ကောက်စိန်နား ကပ်ထိုင်ကာ အာဗြဲကြီးနှင့် အော်ငိုနေသူကို ရင်ခွင်ထဲ ထည့်ကာ ချော့ရပြန်၏။
" ကိုယ် မှားတာနော် နောက်ခါ မဖြစ်စေရဘူးနော်"
"မင်းက ငါ့ကို ငိုအောင်လုပ်တယ် ~~~"
" ကိုယ် အလိုက်မသိလို့ ဟန်လျှမ်းလေး ဝမ်းနည်းသွားတာပဲ
တိတ်တော့နော် မငိုပါနဲ့ကွာ ကိုယ် ရင်တွေနာလို့ပါ"
"ငါငိုတာကို မင်းက ဘာလို့ ရင်နာတာလည်း "
တရှုံ့ရှုံ့နှင့် ငိုနေသော ရင်ခွင်ထဲက ကောက်စိန်မှာ သန့်စင်ထွန်းကို မော့ကြည့်လာကာ မေးလာ၏။
တစ်ကယ့်ကို ပေတလူးလေး။ မျက်မှန်လည်း မချွတ်ဘူး။
နှပ်တွေက ထွက်လို့။ တစ်ချက်တစ်ချက် သူ့အင်္ကျီကို ညာတာပါတေးနဲ့ ဆွဲယူပြီး နှပ် သုတ်သေးတာ။
သန့်စင်ထွန်း မော့ကြည့်နေတဲ့ သူလေးကို သေချာကြည့်ကာ စိတ်ထဲမှာသာ ပြောလိုက်မိသည်။
*မင်းကို ချစ်လို့ မင်းမျက်ရည်မြင်ရင် ရင်နာလာတာ*။ မင်းကြားအောင် ပြောဖို့က ကိုယ်အချိန်ယူအုန်းမယ် ဟန်လျှမ်း။
"ဟင်~~လို့ "
" မင်း ဆယ်တန်းပြီးမှ ကိုယ်ပြောပြမယ် "
"ဘာလို့လည်း "
" ကိုယ်ပြောစရာတွေအများကြီးကို သေချာစဉ်းစားအုန်းမလို့ "
ကိုယ့်စကားကို အူကြောင်ကြောင်လေးနဲ့ မော့ကြည့်ရင်း နားထောင်နေတဲ့ သူလေးကို ရင်ခွင်ထဲထည့်ထားရင်းသာ အချိန် တော်တော်ကြာကြာ ရပ်နေမိ၏။
ကိုယ့်နှုတ်က မပြောသေးလည်း ဟန်လျှမ်းက နားလည်မယ်၊
ခံစားချက်တချို့ကို နားလည်မယ်ထင်ပါတယ်။
ဒီကောင့်မှာ မင်းနဲ့ မတွေ့ခင်အထိ ကြမ်းကြမ်းရမ်းရမ်းနဲ့ ဘယ်အရာကိုမှ စိတ်မရှည်၊ ဘာကိုမှ ဂရုမစိုက်ခဲ့တဲ့ကောင်။
နုနုယွယွတွေက ဒီကောင့်ဆီမှာ မရှိခဲ့ပေမယ့် အဲ့အနုအယွတွေက မင်းနဲ့မှ သူ့အလိုလိုပေါ်လာတာ။ တစ်နေ့နေ့တော့ မင်းကို ကိုယ့်ခံစားချက်တွေ ဖွင့်ချပြပါ့မယ်။ အခုရော နောက်ရော မင်း ကိုယ့်အပေါ် ဆိုးလို့ရတယ်။ သေချာတာကတော့ ဖြစ်လာတဲ့ဘဝတိုင်းမှာ မင်းကိုအမြဲချော့နေမယ့် ကောင်ပဲဖြစ်ချင်တာ။
>>>><<<<<
Update ကပေးချင်ပါတယ် လိုင်းမကောင်းတာရော၊ မအားတာရော စုပြုံနေတာနဲ့ ကြာသွားတယ်။ စောင့်နေကြတာကို သိလို့ ပုံ့ အားနာရပါတယ်။ အဲ့တာကြောင့် သေချာပေါက် မနက်ဖြန် နောက်တစ်ပိုင်း upပေးပါ့မယ် ။ ကတိပါ 😁 ။
ပုံ့ စာလုံးပေါင်း မစစ်ထားသေးပါဘူးနော်။ အမှားပါသွားရင် စိတ်မရှိပါနဲ့နော် 💙။