.........
စော်ဘွားစေတီကုန်း ပေါ် တက်ရမည် ဆိုသောကြောင့် ပြုံးစိစိဖြင့် ခန့်စေအနား ကပ်ထိုင်နေသော လမင်း။
စော်ဘွားကုန်းအပေါ် လိုက်ပို့ပေးရမယ့် ခန့်စေထွဋ်နောင် မှာတော့
မရယ်နိုင်၊ မပြုံးနိုင်ရှာ။ ဒါမျိုးတော့ အလိုမလိုက်နိုင်ဘူး လို့လည်း
အသံကောင်း မဟစ်ရဲ။ ချစ်ရသူလေး မျက်နှာတစ်ချက်ညှိုးရင်
နယ်ရှစ်ခွင်လုံး တိမ်စိုင်ဖုံးလို့ မဲမှောင်သွားသည်ထပ် ကိုယ့်နှလုံးသားက အရင် မှိုင်းညှို့ ရသည်ကိုး။
အခုလည်း နှီးဘုရားအလှူခံမဏ္ဌပ်နားတွင် အရှေ့ကသွားနှင့်ပြီ ထင်နေကြသည့် အတွက် ကျော်တတ်သွားသော သူငယ်ချင်းတွေအား ကုန်းပေါ်တက်ကြရန် ထိုင်စောင့်နေရသည်။
ဖုန်းဆက်ခေါ်ပြီး သိပ်မကြာ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။
ဆိုင်ကယ်ပေါ်က ဆင်းလာတဲ့ သန့်စင်ထွန်းမှာ မျက်နှာဟာ မအီမသာ။ သူ့ ကလေးကို သူ ချော့လို့ အဆင်ပြေပုံမပေါ်။
သို့သော် ထိုင်နေသော ခန့်စေဘေး လာထိုင်ကာ စကားတော့ပြောပါ၏။
"ငါက မင်းတို့ အိမ်ပြန်ရောက်နေပြီ ထင်လို့ တော်သေးတယ် မင်းတို့ထပ်အရင် အိမ်အထိ မရောက်သွားတာ "
" လမင်းက အဲ့ကုန်းပေါ် တက်ချင်တယ်ပဲ ပြောနေလို့ကွာ "
" မင်း မပြောပြဘူးလား အဲ့ကုန်းပေါ်က အကြောင်း "
"ပြောပြလည်း မရဘူး ဒါနဲ့ မင်းဟာလေးရော "
"ဝဏ္ဏ အနားပဲ ကပ်နေတာကွာ ဘယ်လိုချော့ချော့ အနားကပ်မလာနဲ့ ဆိုတာချည်းပဲ "
" မင်းနဲ့ငါလည်း ဝဋ်ကြွေးပဲ ၊ လမင်းကလည်း ငါနဲ့စကားပြောရတာ အဆင်မပြေတိုင်း ဝဏ္ဏ အနားပဲ ၊ အဲ့ကောင် မဲကြီးက ဘယ်ဆိုးလို့လဲ အားကျနေရတယ် "
" အဲ့တာတွေ ခဏ ထားကွာမင်းကအပေါ် တစ်ကယ်လိုက်မှာလား "
" ဟင်း~~~~~လိုက်ရမှာပေါ့ မလိုက်ရင် အဖြေမပေးဘူးတဲ့ဝေ့ "
သက်ပြင်းမောကြီး ချကာ မသာမယာ မျက်နှာပေးနှင့် ပြောလာသော ခန့်စေကို သန့်စင်ထွန်းမှာ အရင်လို မဟားတိုက်နိုင်တော့ ။ ကိုယ့်မှာလည်း ကိုယ့်အပူနဲ့ကိုယ်။
~~~
ဆိုင်ကယ် လေးစီးလုံး စော်ဘွားကုန်း တက်ရာလမ်းကြား၌ ထားခဲ့ပြီ တောင်တက်လမ်း လူတစ်ယောက်သွားစရာလေး ဖောက်ထားတဲ့ အတိုင်း တန်းစီပြီး တက်ကြရာ။
တွန့်ဆုတ်တွန့်ဆုတ်နှင့် အနောက်ဆုံးမှာ မချင့်မရဲ ဖြစ်နေတဲ့ ခန့်စေ။ လမင်းမှာ ကျန်လူတွေနဲ့ အားတတ်သရော တက်နေပေမယ့် လမ်းတစ်ဝက်တွင် တောင်တက်ရာလမ်းသည် မက်စောက်လာပြီမို့ တက်နေသည့် ခြေလှမ်းတွေဟာ စတက်တုန်းကလောက် မတတ်ကြွ၊ မြန်ဆန်ခြင်း သိပ်မရှိတော့။
နားနားပြီး တက်ကြရာ အရှေ့ဆုံးမှာ ရောက်နေသည့် လမင်းက တက်ခဲ့ရာ လမ်းအတိုင်း ပြန်ပြန်လှည့်ကာ ငုံ့ကြည့်၏။
ခန့်စေ အနောက်က ပါလာမလား နောက်ပြန်ကြည့်ရတာ သူ့မှာအမော။ လမင်း စိတ်ထဲမှာတော့ ပြောနေမိသည်က...
*ဟွန့် အလကား ပုံပြင်သာသာ ပါးစပ်ရာဇဝင်ပါ မောင် အယုံအကြည်မရှိပေမယ့် ဘာညာတွေ ပြောနေပြီး အခုကျ
မျောက်ကြီး ငှက်ပျောသီးမစားရလို့ လက်မှိုင်ကျ နေတဲ့ ရုပ်နဲ့။
အဖြေမပေးရသေးတာမို့ ချစ်သူ မဖြစ်သေးတာမို့ ရောက်ဖူးလေ့ရှိအောင် စိတ်ရှင်းရှင်းနဲ့ တက်လာတာကို ဘာတွေ တွေးပြီး စိတ်ပူနေမှန်း မသိဘူး။ *
တောင်ပေါ် ရောက်သည်နှင့် အရင်ဆုံး စေတီရှေ့၌ ခင်းထားသော သမံတလင်းပြင်ပေါ်၌ ထိုင်ကာ အမောဖြေရ၏။ မောလိုက်သည့် ဖြစ်ခြင်း။
စုံဂဏာန်း လက်မခံဟု ဆိုထားတာမို့ စိုင်းတွမ်ခမ်းက သူ၏ ဆိုင်ကယ်သော့ချိတ်တွင် ချိတ်ဆွဲထားသော PSY အရုပ်လေးပါထည့်သွင်းကာ စုံဂဏာန်း တက်လာတာမဟုတ်ဘူးဟု ဆိုပေး၏။
တိမ်စိုင်များ ကင်းရှင်းကာ ပြာလွင်သော ကောင်းကင်ကြီးနှင့် သာယာသော ရာသီဥတုက အားဖြည့်ပေးထားတာမို့ အပေါ်စီးမှ မြင်နေရသော မြင်ကွင်းမှန်သမျှသည် ရင်သပ်ရှုမောဖွယ် အတိ။
ပြောင်းချိုးပြီး ကာလမို့ ပြောင်းပင်အကိုင်းအခြောက်တွေသာ ပြည့်နှက်နေသော ယာခင်းကျယ်ကြီးများဟာလည်း တမျှော်တခေါ်။
ဝါဆိုလပြည့်ညက ခန့်စေတို့နှင့် ဆီမီးသွား၍ ပူဇော်ခဲ့သော လယ်ကွင်းစေတီမှာလည်း ယခုစော်ဘွားကုန်းထိပ်မှ ကြည့်လျှင်
လယ်ကွင်းများဝန်းရံထားသော အလှတရားနှင့် ကြည်ညိုဖွယ် ကောင်းလှတာမို့ လမင်းမှာ တောင်စောင်းတစ်နေရာတွင် ချွန်ထွက်နေသော ကျောက်ဆောင် အကြီးကြီးပေါ်သို့ မဝံ့မရဲလေး တက်ကာ မြင်မြင်သမျှ အောက်ဘက်ရှိ ရှုခင်းတိုင်းကို
လက်ကလေးနှစ်ဘက် ဆန့်တန်းကာ အပြည့်အဝရှုစားမိ၏။
အဝေးတစ်နေရာမှလည်း စေတီပျက်တချို့ကို တွေ့ရသေးသည်။
ထိုစေတီသည် တမျှော်တခေါ် ပြောင်းခင်းတွေကြားထဲမှာ ထီးထီးကြီး ပေါ်လွင်နေတဲ့ ပေါ်တော်မူဘုရား(ခေါ်) နမ့်ကွမ့်စေတီ ။
ထိုစေတီမှာ အလောင်းမင်းတရားကြီး တည်ခဲ့သော စေတီဟု ဆိုကြပြီး စေတီတွေမှာ တော်တော်ကို ပျက်စီးနေသည့် ရှေးဟောင်းစာရင်းဝင်စေတီပင်။ တချို့စေတီတွေကို ပြန်လည်မွမ်းမံနေပါပြီ။
တောင်ကုန်းထိပ်မှ ဆီးမြင်နေရသော မြို့အစိတ်အပိုင်းတချို့၏အလှတရားကို ကြည့်ရှုနေတဲ့ကောင်လေး၏ ကျောပြင်လေးအား ကောင်လေးတစ်ယောက်မှ အမိအရမှတ်တမ်းယူကာ ပြုံးလိုက်သည်ကို ထိုကောင်လေး မသိလိုက်ရှာ။
လေပြေတို့သည် တသုန်သုန်နှင့် လမင်း မျက်နှာနုနုလေးဆီ တိုးဝှေ့ကျီစယ်နေကြပြီး လက်ဆက်သော လေနုနုကို ရှူသွင်းနမ်းရှိုက်ရပါသောလည်း အေးချမ်းသာယာမှုနှင့် အတူ ထိုတောင်ထိပ်ပေါ်မှာ အထီးကျန်ဆန်သည့် ခံစားမှု တချို့ကို မသိစိတ်မှ ခံစားရမိနေသလိုလို။ ထိုစေတီကုန်းအကြောင်းကို နားထောင်ပြီးမှ တက်ခဲ့လို့များလား။
လမင်း ကျောက်ဆောင်ပေါ်၌ ရပ်ကာ တွေတွေလေးဖြင့် ရှုခင်းများအား ခံစားကြည့်ရှုနေတုန်း နောက်ကျောဘက်ဆီမှ အသံ။
"လမင်း မောင့်လက်ကို လှမ်းကိုင်ပြီး ဆင်းခဲ့တော့ ! တော်တော် သတ္တိကောင်းနေတာပဲ မကြောက်မလန့်နဲ့ အပေါ်တက်နေတာ "
"အင်း အရမ်းလှလို့ ကြည့်နေတာ "
"တော်ပြီ ဆင်းတော့ ဒီလောက်ကြည့်ရရင် တော်ရောပေါ့ "
"ဟွန့် ...."
"အရမ်းဆိုးနေတာ လာ..."
ကျောက်ဆောင်ပေါ်မှ သေချာဆင်းလာသည်ကို ဂရုတစိုက်နှင့် ကြည့်ကာ ခန့်စေ ကမ်းပေးသော လက်အပေါ် လမင်း လက်ကလေး ထပ်ရက် ဆုတ်ကိုင်လာမှ စေတီရှေ့ တောင်စောင်းတွင် ဓာတ်ဖမ်းနေကြသော ဝဏ္ဏတို့ကို တောင်အောက်ပြန်ဆင်းဖို့ ဆော်ဩရသည်။
ယုံတာ မယုံတာ အပထား ။ ကိုယ် ချစ်ရသူနှင့် ဒီတောင်ပေါ်မှာ ဘယ်လိုနည်းနဲ့မှ ကြာကြာမနေနိုင်။
ဘာလို့လဲ လာလာမေးရင် ထပ်ခါထပ်ခါ ပြန်ဖြေမိမှာက
ချစ်တာကို ချစ်နေရတာကို......။
~~~~~
သန့်စင်ထွန်း သူငယ်ချင်း ဖြစ်သူ ဝဏ္ဏ သွားလေရာနေရာ တောက်တဲ့လို့ ကပ်လိုက်နေသော စိုင်းဟန်လျှမ်းအား ကြည့်ကာ
စိတ်တို့ဟာ တစ်ကယ်ကို မသာယာပါ။ ရေတံခွန်မှာ အားရအောင်လည်း ငိုလို့ပြီးရော ဝဏ္ဏ အနားမှာသာ ကပ်ပြီး ဝဏ္ဏခြေတစ်လှမ်း ရွေ့ရင် အဲ့ဒီ တစ်လှမ်းစာ သူပါ လိုက်ရွေ့ပြီး ကပ်နေတာ။ အပြန်မှာလည်း အလာတုန်းကလို ကိုယ့်ဆိုင်ကယ်အနောက်မလိုက်တော့။ ကိုယ့်အပြစ်နဲ့ ကိုယ် မို့လို့သာ သူ စိတ်ကျေနပ်သည့်အတိုင်း လုပ်ခွင့်ပေးနေရတာ။
မျက်နှာလေးဟာ အရင်လို မရွှင်လန်း တော့တာမို့ မျက်နှာလေးအား တကြည့်ကြည့်နှင့် ကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။
ဒါ စိုင်းဟန်လျှမ်း ပုံစံမှ မဟုတ်ပဲ။ အမြဲတမ်း တတ်တတ်ကြွကြွနှင့် တစ်ခုမဟုတ် တစ်ခု မွှေနေရမှ ကျေနပ်တဲ့ သူ မဟုတ်လား။ ဒီလို ငြိမ်ငြိမ်လေးရှိနေတာဟာ သူလေးနှင့် မလိုက်ဖက်တာ အမှန်။
စွာစိလန်နေအောင် ရန်တွေ့တတ်တဲ့ ကောင်လေးကို မျက်စိရှေ့ မြင်နေရပါရက်နဲ့ လွမ်းနေရသလို ဆွေးနေရသလို
သန့်စင်ထွန်း ရဲ့ ခံစားချက်ဟာ မရေမရာ ။ သူလေးနှင့် စကားနိုင်လုရတဲ့ အချိန်တိုင်းဟာလည်း ရင်ခုန်သံတို့ဟာ
ပရမ်းပတာ နိုင်လွန်းတာ လိမ်လို့မရ။
ချစ်မိနေပြီ ဆိုတာကို သိ၏။ တစ်ဖက်က တွယ်တာနေတာကိုလည်း သိ၏။ သို့သော် ရှေ့ဆက်ဖို့ ရပ်ထားချင်ပါသေးသည်။
လောလောဆယ်မှာ ဆက်၍ ချော့ရအုန်းမည် ။ သူ့ကောက်စိန်လေးက ကြာကြာ မရက်စက်တတ်တာ သူသိတာပေါ့။
အခုလည်း အပြန်မှာ ဝဏ္ဏ အနောက်က တလှုပ်လှုပ်နှင့် လိုက်ဆင်းနေသော ကောက်စိန်လေးကို ချော့ဖို့ရာ ဝဏ္ဏကို အရင် အချက်ပြရသည်။ သကောင့်သားက ဒါမျိုးကျ အလိုက်တော့ သိပါ၏။ အရှေ့ကနေ မပြေးရုံတမယ် ဆင်းနေပြီ။ တောင်အောက် ရောက်ခါနီးနေပြီမို့ ဝဏ္ဏအနောက် မလိုက်သွားမီ အမိ ဆွဲထားရမည်မလား။
သန့်စင်ထွန်းမှာလည်း အမှီလိုက်ကာ ဝဏ္ဏအနောက် ပြေးလိုက်တော့မည့် ကောက်စိန် လက်ကောက်ဝတ်လေးအား အမြန်ဆွဲယူကာ နောက်ဆုံး၌ ကျန်ခဲ့အောင် နောက်ကလူတွေကို အရှေ့သို့ နေရာဖယ်ပေးရသည်။ လက်ထဲက လက်ကောက်ဝတ်သေးသေးလေးက အငြိမ်မနေပဲ ရုန်းနေတာမို့
ပိုမိုတင်းကြပ်စေလိုက်ပြီး ငုံ့ကြည့်ရာ မြေကြီးထဲ ခေါင်းစိုက်မတတ် ငုံ့ထားပြီး လက်ကတော့ အရုန်း မပြတ်ပါ။
" ဟန်လျှမ်း ~~~"
".........."
" ခဏလောက်တော့ ကိုယ့်ကို မော့ကြည့်ပါအုန်း "
".........."
"ကိုယ် မှားသွားတယ်ကွာ နော် ...တမင် နာကျင်ပါစေဆိုတဲ့စိတ်နဲ့
လုပ်တာ မဟုတ်ပါဘူးကွာ ~~"
သန့်စင်ထွန်း ပြောသမျှကို ခေါင်းငုံ့၍သာ နားထောင်နေပြီး
အရင်လို ခပ်စွာစွာစကားလေးတွေ ပြောထွက်လာတာမျိုး မရှိတာမို့
သန့်စင်ထွန်းမှာ နေရခက်လှသည်။ သူ့ ကောက်စိန်လေး သူ့လုပ်ရက်ကြောင့် တော်တော်လေး စိတ်ထိခိုက်သွားရရှာသလား။
" ဟန်လျှမ်း စိတ်ကျေနပ်တဲ့အထိ ကိုယ်ချော့ပါမယ်ကွာ
ဒီလို မပြောပဲ တိတ်ဆိတ်နေတာမျိုးနဲ့တော့ ကိုယ့်ကို မတုံ့ပြန်ပါနဲ့
ကိုယ် တော်တော်လွန်သွားမှန်းလည်း သိပါတယ် ကိုယ် တစ်ကယ်မှားသွားပါတယ်ကွာ နော် ဒူးထောက်တောင်းပန်မှ စိတ်ပြေမယ် ဆိုလည်း ဒူးထောက်ပါ့မယ်
ကိုယ့်ကို ရှောင်နေတာမျိုး စကားမပြောပဲနေတာမျိုး၊ လစ်လျူရှုထားတာမျိုး မလုပ်ပါနဲ့ ကိုယ်တစ်ကယ်နေရတာ အဆင်မပြေဘူး ဟန်လျှမ်း ရူးတော့မယ်သိလားကိုယ်ရူးတော့မယ် "
ရှည်လျားသော တောင်းပန်စကားကို ဆို့နစ်ကြေကွဲဖွယ် ပြောပြပြီးလို့အဆုံး ပုလဲခ သလို မျက်ရည်စက်တို့ရစ်ဝဲနေသော
မျက်ဝန်းအစုံဖြင့် မော့ကြည့်လာသော ဟန်လျှမ်းကြောင့် ပုခုံးအားဆုတ်ကိုင်ထားသော လက်တို့ကို နေရာရွေ့ကာ ဟန်လျှမ်း၏ အေးစက်စက် လက်ဖဝါးနှစ်ဖက်အား ခပ်ဖွဖွကိုင်တွယ်ကာ ဝမ်းနည်းရိပ် သန်းနေသော မျက်နှာလေးအား
သန့်စင်ထွန်း သေချာစွာ ကြည့်မိရင် ဆုံးဖြတ်ချက်ချမိ၏။
*နောက်နောင် ကိုယ် မင်းကို မျက်ရည်ကျရအောင် ဝမ်းနည်းရအောင် မလုပ်တော့ပါဘူး*
" မင်းက ငါ့ကို အနိုင်ကျင့်တယ် ~~~"
တိုးညှင်းစွာ ထွက်လာသော အသံလေး။
"ဟုတ်တယ် ကိုယ် မကောင်းတာ မငိုပါနဲ့ကွာ တစ်ကယ် တောင်းပန်ပါတယ် နောက်ခါ အဲ့လို မဖြစ်စေရပါဘူး "
" မင်းက ..ငါ့ကို ..စိတ်လည်း မရှည်တော့ဘူး တအား..အော်တယ်"
ဝမ်းနည်းကာ စကားကိုမငိုမိအောင် ထိန်းပြောနေရသော ကောင်လေးကြောင့် ရင်ဘတ်ထဲက အောင့်သက်သက်နှင့် အခုချိန်မှာ ဒီကောင်လေးကို သူ့ရင်ခွင်ထဲ ခိုဝင်စေကာစိတ်ပြေအောင် ချော့မော့ပေးချင်စိတ်က ထိန်းမရတော့တာမို့ ရင်ခွင်ထဲ ဆွဲကာ ထည့်မိပြန်တော့လည်း မရုန်းတော့ပဲ ထိုအစား ရှိုက်သံလေးက ထွက်လာ၏။
ထိုကောင်လေး၏ ရှိုက်သံကြားရလေ ရင်ထဲက ဗလောင်ဆူလာလေမို့ တင်းကြပ်စွာ ဖက်မိရင်း တောင်းပန်စကားကိုသာ စက္ကန့်မလပ် တဖွဖွ ရွတ်နေမိ၏။
" ဟင့်~~~မင်းက ငါ့ကို အခုဆို အရမ်း~~ဟင့် ~အော်တယ် "
"ကိုယ် တောင်းပန်ပါတယ် ..."
"ပြီး~~ပြီးတော့လည်း အလိုလည်း မလိုက်တော့ဘူး "
"အင်း ...နောက် မဖြစ်စေရဘူး "
" ဟင့်~~~မင်းကို စိတ်ဆိုးတယ် "
"အင်း ...စိတ်ဆိုးနော် ကြိုက်သလောက်ဆိုး ကိုယ့်ကို ထုရိုက်ချင်လည်း ရတယ် နော် "
" အင်း~~~အကြာကြီး စိတ်ဆိုးမှာ "
"ရတယ် ကိုယ် စိတ်ကျေနပ်အောင် ချော့မှာမို့ ဆိုးချင်သလောက် ဆိုးလို့ရတယ်နော် "
"ဟင့်~~~~တစ်ကယ် ပြောတာနော် "
"အင်း ...တစ်ကယ်ပြောတာ "
"ပြီးတာပဲ ...အဲ့တာဆို~~~"
ရင်ခွင်ထဲကနေ ရှိုက်သံလေးနှင့် တရဆက် ပြောလာသည်မို့ အနည်းငယ်တော့ အဆင်ပြေလာသည်ဟုဆိုရမည်။
ရှိုက်သံလေးနှင့် မကျေနပ်ချက်တွေ ပြောနေတာမို့ အသည်းယားကာ ရင်ခွင်ထဲက ကောင်လေးမသိအောင် ဆံပင် ခပ်အုပ်အုပ်လေးကာ ခိုးကာ အနမ်းပေးမိ၏။
သို့သော်.....ရင်ခွင်ထဲက ကောင်လေးမှာ ထိုအပြုအမူကို ရိပ်စားမိသွားတာမို့ ခေါင်းမဖော်ဝံ့ပေမယ့် ရင်ခွင်ထဲမျက်နှာအပ်ကာ ပြုံးတုံ့တုံ့လေး ဖြစ်နေ၏။
~~~~
ခန့်စေတို့ စော်ဘွားစေတီကုန်း ပေါ်က ပြန်ဆင်းလာသည့် အချိန်သည် မွန်းလွှဲ ၂:၀၀ကျော်နေပြီမို့ လည်ပတ်ခဲ့သည့်အချိန်နှင့် တော်တော်ကို နေမြင့်နေသည့် အချိန်မို့ မြို့ထဲ ရေပတ်သည့်သူများ ခဏတဖြုတ် နားချိန်နှင့် တိုးသွားသည်။
အပြန်လမ်းဟာ အလာတုန်းကလောက် ရေပတ်မခံတာမို့ လမင်းကို အိမ်ပြန်ပို့ရတာ အဆင်ပြေ၏။
လမင်းတို့ခြံရှေ့ အရောက် ဆိုင်ကယ်ရပ်သည်နှင့် အချိန်ကိုက်စွာ
မြည်လာသော ရေစိုခံအိတ်ထဲက ခန့်စေ၏ ဖုန်း။
ကြည့်လိုက်ရာ ဦးလေးဖြစ်သူ ဆက်သည့် ဖုန်းမို့ ကိုင်လိုက်ရာ
📞.."သားစေ ..ပြန်မလာသေးဘူးလား သား ဒယ်ဒီ ရောက်နေပြီ "
📞.."ဟုတ် ..လေးလေး ကျွန်တော်တို့ အခုပဲ ဝိန်းကောင်က ပြန်ရောက်တာ လာခဲ့မယ် "
📞.."အေး အေး"
ကိုယ့်အဖေ လာတာကို အထူးတလည်ပျော်ရွှင်တာမျိုးတော့ မရှိပါ။ လာမည့်အကြောင်းအရင်းကို သိနှင့်ပြီးသားပဲမဟုတ် လား။
ဖုန်းချပြီးသည်နှင့် ဘေးတွင် ရပ်နေသေးသော လမင်းကြောင့်
တစ်ချက် ပြုံးပြကာ အိမ်ပေါ်တွင် အရင်လို ခန့်စေတို့ရောက်တာနှင့် ထွက်ကြိုတတ်သောအန်တီချို ရှိမရှိ တစ်ချက်ကြည့်ကာ
အနားကို ဆွဲကာ နှဖူးပြင်ပြေပြေလေးအား တစ်ချက် အနမ်းပေးလိုက်သည်။ ထို့နောက်...
" မောင့် ကို လမင်း ပြောထားတာ မမေ့နဲ့နော် မောင် ညကျမှ ဖုန်းဆက်မယ် ကိုင်ဖြစ်အောင်ကိုင် "
" ဟို ...ဒီည ကလေ..."
"ရှောင်မပြေးနဲ့တော့ မောင် လမင်းကို အလိုလိုက်ပြီးပြီ ဒီည
အဖြေပေးရမယ် အခုက လူချင်းတွေ့နေရင် ရှက်မှာဆိုးလို့ မောင် လျော့ပေးတာ "
" ဟွန့် ...."
"မောင် ပြန်တော့မယ် အဝတ်အစား သေချာလဲပြီး ခေါင်း ပြောင်အောင်သုတ် ကြားလား မောင့် လမင်း..."
"ကြားတယ် "
"မောင် သွားပြီနော် "
"အင်း "
ဆိုင်ကယ်ပေါ် စမက်ကျကျ ခွတတ်ကာ စက်နှိုးရင်း ပြန်ထွက်သွားတဲ့ သူကို လမင်းကြည့်ရင်း ညကျရင် ပြောရမယ့် စကားအတွက် ကြိုပြီး ရင်ခုန်နေရသည်။
ငယ်ရွယ်တဲ့အချိန်မှာ ဒီလူသားကို ချစ်မိလို့ ထွက်လာတဲ့အဖြေဟာ
"စိတ်ကစား"တာ ဆိုတယမျိုး မဖြစ်ချင်ပါ။ လမင်း သူ့ကို တစ်ကယ်ကို နှစ်နှစ်ကာကာ.......။
>>>><<<<
-pont-00-