"ောက်သုံးမကျတဲ့မိန်းမ။ မင်းဖောက်ပြန်နေတာတွေ ငါမသိဘူးများထင်နေလား။ လုပ်ဖော်ကိုင်ဖက် လုပ်ဖော်ကိုင်ဖက်နဲ့ တတွဲတွဲသွားလာနေကြတာ ငါ့ကို နွားများမှတ်နေလားကွ ဟင်"
"တိုးတိုးပြောပါ ကို ရယ်"
"ဟေ့ မတိုးနိုင်ဘူးကွ။ ဘာလဲ မင်း လင်ငယ်တွေကြားမှာစိုးတယ်ပေါ့လေ"
အုန်း... ဒုန်း... ခွမ်း
နောက်တစ်နေ့ Lecture အတွက် PowerPoint ပြင်နေသည့် ရိပေါ်ရဲ့လက်တွေ တုန့်ခနဲရပ်သွားသည်။ သူ မားရှိရာသို့ မျက်လုံးကိုမသိမသာလေးဒေါင့်ကပ်ကြည့်လိုက်သည်။ မားမားက ဧည့်ခန်းထဲက ဆက်တီခုံမှာထိုင်ရင်း မျက်လုံးတွေကို မှိတ်လို့ စိပ်ပုတီးကို တဂျောက်ဂျောက်စိပ်နေသည်။ နှုတ်မှလည်း "အနိစ္စ ဒုက္ခ အနတ္တ" ဟု တိုးဖွဖွရွတ်နေသည်။
ရိပေါ်သည် သက်ပြင်းကို အသာချလို့ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေလိုက်သည်။ ၂ ခန်းကျော်က ရန်ဖြစ်သံတွေကတော့ တိုးမသွားသည့်အပြင် ပိုလို့တောင် ဆူညံလို့လာနေသည်။
ခွမ်း...
အစ်ကိုရှောင်းမင်ယီရဲ့ ပန်းကန်ပြားတွေကို နံရံဆီလား ကြမ်းပြင်ဆီလား ပေါက်ခွဲနေတဲ့အသံတွေကလည်း တခွမ်းခွမ်းမြည်နေသလို အစ်မရှောင်းရဲ့လျန်ရဲ့ ငိုသံ၊ တားမြစ်သံ၊ အော်သံတွေကလည်း တိုးရာမှ ကျယ်လာသည်။
"ဒုက္ခပါလားနော် ဒုက္ခ ဒုက္ခ ဒုက္ခ"
မားမားက စိတ်မသက်မသာစွာ ခပ်တိုးတိုးမြည်တမ်းနေသည်။ ရိပေါ်မှာလည်း သွားရကောင်းနိုး မသွားရကောင်းနိုး ချီတုံချတုံဖြစ်လာသည်။ တစ်ခြားအခန်းတွေကတော့ သေချာတယ် ဘယ်သူမှဝင်ဆွဲကြမှာမဟုတ်ပေ။
သူတို့အားလုံးသည် တစ်ခါသေဖူးလို့ ပျဉ်ဖိုးနားလည်တာကိုကျော်လွန်ပြီး အကြိမ်ကြိမ်ကြုံရဖန်များလို့ ပဲလှော်ကြားဆားညပ်ခံကြမည်မဟုတ်တော့ပေ။ ရှောင်းလင်မယားရန်ဖြစ်လို့ ဝင်ဆွဲတဲ့ယောက်ကျားတွေအကုန် ရှောင်းမင်ယီက သူ့မိန်းမ ရှောင်းရဲ့လျန်နဲ့ ပေးစားပစ်လိုက်တော့တာပဲ။
မင်းကငါ့မယားလင်ငယ်လား ဘာလား ဆိုတာမျိုးတွေ ရိုင်းရိုင်းစိုင်းစိုင်းစွပ်စွဲခံရတော့လည်း ကျောင်းဆရာအသိုင်းအဝိုင်းမှာ ဘယ်သူက ကိုယ့်သိက္ခာအကျခံပြီး ဝင်ပါတော့မည်လဲလေ။ အိမ်ထောင်သည်အမျိုးသားတွေရော၊ လူပျိုလူလွတ်တွေပါ မလွတ် အကုန် သူ့မိန်းမနဲ့ ပတ်စွပ်စွဲပစ်လိုက်သည်ကိုး။
ရိပေါ်သည် ချုံချင်းတက္ကသိုလ် စိုက်ပျိုးရေးဌာနမှာ အပင်ရောဂါဘာသာရပ်သင်သည့် နည်းပြဆရာတစ်ယောက်ဖြစ်သည်။ လော့ရန်စိုက်ပျိုးရေးတက္ကသိုလ်ကနေ ကျောင်းပြီးပြီးချင်း တက္ကသိုလ်ဆရာအလုပ်တွေခေါ်တာမှာ ဝင်လျှောက်ရင်း ဆရာအလုပ်ရသည်မှာ မကြာသေးပေ။
အလုပ်ရတော့ ဇာတိမြေမှာ မကျဘဲ ချုံချင်းတက္ကသိုလ်မှာ တာဝန်ကျလေသည်။ သူ့မှာက အမေနဲ့ သားအမိနှစ်ယောက်ပဲ ရှိတာဆိုတော့ ဘယ်နေရာရောက်ရောက် အမေ့ကိုခေါ်ပြီး သွားလိုက်ရုံဟုသာ မှတ်ထားလိုက်သည်။ ကျောင်းပြီးခါစမို့ အသက် ၂၀ ကျော်သာရှိသေးသော ဆရာချောချောပေါက်စလေးသည် ချုံချင်းတက္ကသိုလ် ကျောင်းသူတွေရဲ့ပါးစပ်ဖျားမှာတော့ "ကိုကို ကိုကို" နဲ့ နာမည်ကြီးလေသည်။
ကျောင်းသားတွေကလည်း သူတို့နဲ့ အသက်မကွာသောဆရာအငယ်လေးကို အစ်ကိုလိုရော၊ စီနီယာလိုရော၊ ဆရာလိုရော လေးစားချစ်ခင်ကြသည်။ ရိပေါ်က ကျောင်းရဲ့ အားကစားတွေမှာဆိုလည်း ကြီးကြပ်သင်ကြားပေးသည့်အပြင် ကိုယ်တိုင်လည်း အားကစားတွေမှာ ထူးချွန်တာကြောင့် ကျောင်းသားတွေကိုသင်ရင်း ဝင်ကစားလေ့ရှိသည်။ စာအသင်အပြကောင်းသလို ဘက်စုံထူးချွန်သည့် ဆရာပေါက်စလေးကို ကျောင်းသူတွေသာရင်ခုန်သည်မဟုတ် ကျောင်းသားတွေကလည်း မရဲတရဲ ရင်ခုန်ချင်ကြတာ ဆန်းတော့မဆန်းလှပေ။
ဌာနမှာလည်း အလုပ်ဝင်ခါစ အသက်အငယ်ဆုံးနဲ့ အတက်ကြွဆုံးဆရာလေးဆိုတော့ ဌာနမှူးအစ ကွင်းဝန်ထမ်း၊ သန့်ရှင်းရေးဝန်ထမ်းအဆုံး ချစ်ခင်ကြလေသည်။ အစ်မရဲ့လျန်သည် သူတို့ဌာနမှ ကထိကဆရာမတစ်ယောက်ဖြစ်သည်။ ရိပေါ်ထက်အသက်အားဖြင့်ရော ဝါအားဖြင့်ရောကြီးသည့် စီနီယာတစ်ယောက်ဖြစ်တာကြောင့် ရိပေါ်က လေးစားချစ်ခင်ပါသည်။
အစ်မရဲ့လျန်နဲ့က စာသင်ကြားရေးမှာရော၊ ကွင်းသုတေသနတွေမှာရော အတူတွဲအလုပ်လုပ်ရတာတွေ ရှိလေသည်။ ရဲ့လျန်သည် ချောမောလှပသည့် မိန်းမချောတစ်ယောက်ဖြစ်သော်လည်း အိမ်ထောင်ရေးတော့ ကံမကောင်းဘူးပြောရမည်လားမသိ။ အမြဲလို မူးရူးနေပြီး စော်ကားရိုက်နှက်တတ်သည့် ခင်ပွန်းကြောင့် မျက်နှာမှာ အညိုအမည်းဒဏ်ရာတွေ မပြတ်တတ်ပေ။
ဌာနကဆရာ၊ ဆရာမတွေမှာ စိတ်မကောင်းရုံ၊ ကရုဏာသက်ရုံမှတပါး ဘာမှတော့မတတ်နိုင်ကြပါ။ အစ်ကိုမင်ယီသည် တစ်ချိန်ကတော့ ငွေစရွှင်သော စီးပွါးရေးသမားတစ်ယောက်ဖြစ်ခဲ့သည်ဟု ပြောကြသည်။ နောက်ပိုင်းမှာတော့ စပ်တူလုပ်သည့် အရင်းနှီးဆုံးမိတ်ဆွေက ငွေကြေးလိမ်လည်သွားရာမှ အရှုံးပေါ်ပြီး အရက်သမားကြီးဘဝရောက်သွားရသည်တဲ့။
ဖြစ်လေ့ဖြစ်ထရှိသည့် မြန်မာပေါကားဆန်ဆန်မျိုးပါပဲလေ။ ရိပေါ်က ရောက်တာမကြာသေးလို့ ဘာမှမသိတာကြောင့် စီနီယာတွေက အကြောင်းစုံပြောပြထားကြပါသည်။ လင်မယားရန်ဖြစ်ရင် ဝင်မပါဖို့နဲ့ အစ်မရဲ့လျန်နဲ့ သိပ်မရင်းနှီးဖို့၊ စကားမပြောဖို့ ဘာညာပေါ့။
"ရိပေါ်လေးက အနေတည်ပြီးအေးဆေးတဲ့သူပါ။ ဒါပေမယ့် မင်ယီဆိုတဲ့ကောင်ကတော့ ဘယ်လိုလူဖြစ်ဖြစ် အကြောင်းရှာပြီးကို သူ့မိန်းမနဲ့ ကောက်ကက်ပေးစားပစ်တာဟေ့"
အင်းးး... တစ်ဌာနတည်းအတူအလုပ်လုပ်နေတဲ့ ဆရာ ဆရာမတွေဖြစ်တဲ့အပြင် နေတော့လည်း နည်းပြကနေ ကထိကအဆင့်အထိ ဆရာ၊ ဆရာမတွေထားတဲ့ ဝန်ထမ်းအိမ်ယာမှာ ၂ ခန်းခြားပြီးနေရတာဆိုတော့ မခေါ်မပြော ကင်းကင်းနေဖို့က အဆင်မပြေလှပေ။ နောက်ထပ် ကင်းလို့မနေနိုင်သည့် အခြားအချက်တစ်ခုကလည်းရှိသေးသည် မဟုတ်လား။
"ဝါး အီး ဟီး အီး"
ဟော...
လင်မယား ရန်ဖြစ်နေသံတွေကို နားကြပ်တပ် မသိသလိုနေနိုင်ပေမယ့် စူးစူးဝါးဝါးအော်ငိုလိုက်တဲ့ ကလေးတစ်ယောက်ရဲ့အသံကိုတော့ သူဘယ်လိုမှ လျစ်လျူမရှုနိုင်တော့ပေ။ keyboard ပေါ်ပြေးနေတဲ့ သူ့လက်ချောင်းသွယ်သွယ်တွေက ကားဘရိတ်အုပ်လိုက်သလို တိခနဲရပ်သွားသည်။
ခန္ဓာကိုယ်ကလည်း မတ်ခနဲ ဖြစ်သွားသလို လူကလည်း ထိုင်ခုံပေါ်ကနေ ထ ရပ်မိလျက်သားဖြစ်နေသည်။
"သား..."
ဝင်မပါစေချင်သလို သတိပေးသံဖြင့် လှမ်းဟန့်နေသည့် မားမားကို ကြည့်ပြီး တံခါးဝဆီလှည့်ထားတဲ့ သူ့ခြေလှမ်းတွေ ရပ်သွားရသည်။ ဒီလိုတွေဝင်ပါလို့ ကိုယ့်သားလူပျိုနုနုထွတ်ထွတ်လေးကို ဟိုတစ်ဖက်က သူ့မယားနဲ့ အမျိုးစုံယိုးစွပ်တာတွေကို ဘယ်အမေကရော ရေရှည်သည်းခံနိုင်ရှာမလဲလေ။
ဝုန်း...
"ဟိုကောင် တိတ်စမ်း"
"ဝါး အီး ဟီး အီး"
သူ မနေနိုင်တော့ပါ။ တံခါးကို ဆွဲဖွင့်ပြီး အခန်းအပြင်ကို အမြန်ထွက်ခဲ့လိုက်သည်။ ကပ်လျက်အခန်းက ယွင်ဆရာနဲ့ဆရာမ ဇနီးမောင်နှံကလည်း တံခါးကို ဟ လို့ သွားရမလို မသွားရမလို ဖြစ်နေရာကနေ ရိပေါ်ထွက်လာတာမြင်တော့ သူတို့ပါ နောက်ကနေ လိုက်လာကြသည်။
ဒေါက် ဒေါက် ဒေါက်
"အစ်မရဲ့လျန်... ဆရာမ ... အစ်မ..."
ရိပေါ်က အော်ခေါ်ရင်း တံခါးကို အဆက်မပြတ်ခေါက်သည်။ အထဲကတော့ ငိုသံ၊ ဆဲသံတွေနဲ့ ပစ္စည်းတွေကျကွဲသံတွေသာ လွှမ်းနေသည်။
"ဦးငယ် အူး ဝါး အီး အီး"
သူ့ကို လှမ်းခေါ်လိုက်သည့် အသံလေးကြားရတော့ သူ ပိုစိတ်ပူလာသည်။
"ကျန့်ကျန့်... သား... ကျန့်ကျန့်လေး... ဦးငယ် ရှိတယ်နော်။ သား မကြောက်နဲ့။ သား တံခါးဖွင့်တတ်တယ်မဟုတ်လား။ ဦးငယ်သင်ပေးထားဖူးတယ်လေ သား။ တံခါးလာဖွင့်ပေးနော် သား"
တံခါးဆီပြေးလာနေတဲ့ အသံလေးကို ကြားရပြီး မမီ့တမီနဲ့ တံခါးဘုကို လှည့်ဖွင့်နေပုံရသည်။ တံခါးချက်ကျသွားသည်နှင့် ရိပေါ်က ကလေးကို မထိခိုက်မိစေရန် တံခါးကို အသာလေးတွန်း ဟ လိုက်သည်။ ကျန့်ကျန့်လေးက သူပြောထားခဲ့ဖူးသည်ကို မှတ်ထားလေသည်။ တံခါးဖွင့်ပြီးသည်နှင့် တံခါးနှင့်လွတ်သည့်နေရာမှာ ကပ်ရပ်နေရှာသည်။
"ဦးငယ်"
သူ့ကို မြင်လိုက်သည်နှင့် ပြေးဖက်လာသည့် ၅ နှစ်အရွယ်ကလေးငယ်လေးကို သူ ဒူးတစ်ဖက်ထောက်ထိုင်လို့ ပွေ့ဖက်ထားလိုက်သည်။
"သား... ကျန့်ကျန့်"
"ဦးငယ် အီး ဟင့် ဟင့်"
အခန်းထဲက မြင်ကွင်းက ကြည့်မကောင်းလှပါ။ အခန်းတစ်ခုလုံး ကွဲအက်ပစ္စည်းတွေနဲ့ ရှုပ်ပွနေသည်။ ဖန်ကွဲစတွေကလည်း နေရာအနှံ့မှာ ပြန့်ကြဲနေသည်။ သူ စိတ်ပူစွာ ကလေးငယ်ကို သေချာစစ်ဆေးကြည့်တော့ ဒူးနားလေးတွေမှာ ပွန်းရှ သွေးစို့နေတာကို တွေ့လိုက်ရသည်။
သူ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်အောင်ဒေါသထွက်လာတော့သည်။ ဘယ်လိုများ မိဘတွေလုပ်နေကြပါသနည်း။ လူမမယ်ကလေးငယ်လေးတစ်ယောက်ရှေ့မှာ...။ ရိပေါ်မှာ အတွေးကိုတောင် ဆုံးအောင် မတွေးလိုက်ရပေ။ အစ်ကိုမင်ယီက အစ်မရဲ့လျန်ရဲ့ဆံပင်တွေကို အရင်းကနေ စုဆွဲကိုင်ထားရင်း တရွတ်တိုက်ဆွဲခေါ်ပြီး ခေါင်းကို နံရံနဲ့ ပစ်ဆောင့်လိုက်လေသည်။
"အား"
"အစ်ကိုမင်ယီမလုပ်ပါနဲ့"
"ဆရာမ ဆရာမ"
အတူပါလာသည့် ဆရာယွင်နဲ့ဆရာမယွင်တို့လင်မယားက ပြေးဆွဲကြသည်။ ရိပေါ်က ကျန့်ကျန့်ရဲ့မျက်နှာလေးကို သူ့ပခုံးထက်မှောက်ကွယ်ထားစေလိုက်ပြီး ပွေ့ချီထားလိုက်သည်။
"အော် လတ်စသတ်တော့ မင်းက မင်းကောင်အားကိုးနဲ့ ငါ့ကို ပြန်ခံပြောနေတာပေါ့လေ ဟုတ်လား ရဲ့လျန်"
မင်ယီကတော့ ထုံးစံအတိုင်း ဝင်ဆွဲသည့်ဆရာကို သူ့မိန်းမနဲ့ သမုတ်နေတော့သည်။ နံရံနဲ့ အဆောင့်ခံထားရလို့ ခေါင်းတွေမူးဝေနေပုံရသည့် ရဲ့လျန်မှာ ဘာစကားမှပြန်မပြောနိုင်ရှာသေးပေ။
"ဆရာမ အဆင်ပြေရဲ့လား"
ဆရာမယွင်က ရဲ့လျန်ကို တွဲထူပေးနေသည်။ မင်ယီရဲ့အာရုံက ရိပေါ်ဆီရောက်လာသည်။ သားငယ်ကိုချီထားသည့် ရိပေါ်ကို မြင်တော့ ပိုလို့ ဒေါသူပုန်ထသွားဟန်တူလေသည်။
"ဟိုကောင် လာစမ်းဒီကို"
ကျန့်ကျန့်လေးက ထိတ်လန့်တကြားဖြစ်သွားပြီး ခန္ဓာကိုယ်လေးက တုန်ခိုက်သွားရှာသည်။ ရိပေါ်ရဲ့လည်ပင်းကိုလည်း အားကိုတကြီး တင်းတင်းဖက်တွယ်ထားသည်။
"ငါ ခေါ်နေတာကြားလား။ မင်းအဖေအစစ်က ဒီမှာကွ။ အဲ့ဒါ မင်းပထွေး"
ရိပေါ်ရဲ့မျက်နှာမှာ ရေနွေးပူနဲ့အပက်ခံလိုက်ရသလို နီရဲပူထူသွားလေသည်။ ရှက်ခြင်း၊ ဒေါသထွက်ခြင်းကြောင့် ကျန့်ကျန့်ကို ဆရာမယွင်လက်ထဲထည့်ပြီး သူ ရှေ့တိုးလိုက်သည်။
"ခင်ဗျား ဘာစကားပြောတာလဲ"
"ရိပေါ်"
ဆရာယွင်က သတိပေးသလို သူ့လက်မောင်းကို ဆုပ်ကိုင်ပြီး ဆွဲထားသည်။
"ဦးငယ်... ဦးငယ်... အီး ဟင့် ဟင့် အီး"
ရှိုက်ကြီးတငင်ငိုရင်း ဆရာမယွင်လက်ထဲကနေ ကိုယ်ကိုယိမ်းလို့ သူ့ဆီ လက်လှမ်းနေသည့် ကျန့်ကျန့်လေးကို ကြည့်ပြီး သူ့ဒေါသတွေကို ထိန်းချုပ်လိုက်ရသည်။
"ခင်ဗျား မစော်ကားနဲ့ အစ်ကိုမင်ယီ။ မူးနေရင်လည်း အေးဆေးနေဗျာ"
"ဟေ့ အေးဆေးမနေတော့ မင်းကဘာလုပ်ချင်လဲ"
"ကလေးရှေ့မှာ မလုပ်သင့်တာတွေ ခင်ဗျားလုပ်နေတယ်ဆိုတာ နားမလည်ဘူးလား။ ခင်ဗျားအဖေတစ်ယောက်မဟုတ်ဘူးလား"
"ငါ့မိန်းမနဲ့ငါ့သားကို ငါရိုက်တာ မင်းောက်အပူဘယ်နှစ်ပြားပါလဲ။ မင်းကိုယ်မင်း ရဲ့လျန်ယောက်ကျားအောင့်မေ့နေ..."
"ရှောင်းမင်ယီ မင်း ပါးစပ်ပိတ်ထားလိုက်စမ်း။ ကျောင်းလုံခြုံရေးကောင်စီကိုခေါ်ပြီး ရဲလက်အပ်လိုက်ရမလား။ သည်းခံနေတာ အကောင်းမှတ်နေသလား။ အတော်မိုက်ရိုင်းတဲ့ကောင်"
သူတို့အိမ်ယာမှာ အသက်အကြီးဆုံးနဲ့ စီနီယာအကျဆုံးဖြစ်သော ကထိကဆရာချန်း ရောက်လာပြီး ငေါက်ငန်းလိုက်မှ မင်ယီအသံတိတ်သွားသည်။ ရဲလက်အပ်မယ်ကြားတော့ ရဲ့လျန်ကလည်း သူ့ယောက်ကျားကို စိတ်ပူပြီး မူးမော်နေရာက အားယူပြီး ဆရာချန်းကို တောင်းပန်နေရှာသည်။
"အားလုံးကို ကျွန်မတောင်းပန်ပါတယ်ရှင်။ ကျွန်မအနူးအညွတ်တောင်းပန်ပါတယ်နော်"
လက်အုပ်ချီလို့ ခါးညွတ်တောင်းပန်နေသော ရဲ့လျန်ကိုကြည့်ပြီး အားလုံးက သက်ပြင်းချလိုက်ကြသည်။ လက်သီးကိုကျစ်ကျစ်ဆုပ်ထားသည့် ရိပေါ်လည်း နောက်ပြန်ဆုတ်ရင်း ကျန့်ကျန့်ကို ပွေ့ချီလိုက်သည်။ ကလေးကတအားကြောက်ပြီး ငိုနေသည်မှာ အသံတောင်မထွက်နိုင်တော့သည်အထိဖြစ်နေတာကြောင့် ရိပေါ်မှာ စိတ်ပူပြီး ထိုအခန်းကနေ အမြန်ထွက်လာရသည်။
အပြင်စင်္ကြန်လမ်းရောက်တော့ မားမားက သူ့ကိုစိတ်ပူပြီး အပြင်ထွက်စောင့်နေသည်။ ငိုနေသည့် ကျန့်ကျန့်လေးကိုမြင်တော့ ကလေးကိုစိုးရိမ်စွာဖြင့် သူ့လက်ထဲကနေ လွှဲယူသည်။
"ကလေးဘာဖြစ်သွားတာလဲ သား။ ကျန့်လေး ငါ့မြေးလေး"
ရိပေါ်က အခန်းတံခါးဖွင့်ပြီး မားမားကိုအရင်ဝင်စေသည်။ သူပါလိုက်ဝင်ပြီး တံခါးကို ပိတ်လိုက်သည်။
"ကျန့်ကျန့် ဘာမှမဖြစ်တော့ဘူး သား။ ဦးငယ် ရှိတယ်နော်"
ကလေးကိုအကြောက်ပြေအောင် ချော့မြှူရင်း အခန်းထဲလှည့်ပတ်လမ်းလျှောက်နေရသည်။ မားမားက ရေကြက်သီးနွေးကို ဖလားထဲထည့်ယူလာရင်း
"ကလေးခြေထောက်မှာလည်း ဒဏ်ရာတွေနဲ့။ သွေးတွေအရင်သုတ်ရအောင်။ ဘယ့်နှယ့်ကွယ် ကိုယ့်သားတစ်ယောက်လုံးကိုတောင် မသိတော့ဘူးလား။ ကျားဆိုးတောင် ကိုယ့်သားကိုယ် ပြန်မကိုက်ပါဘူးဟဲ့"
"မား"
မချိတင်ကဲဖြင့် တဗျစ်တောက်တောက်ပြောနေသည့် မားကို သူ အသာဟန့်တားမိသည်။ ကျန့်ကျန့်က ၅ နှစ်အရွယ်ဆိုပေမယ့်လည်း ကြုံနေရသည့်အဖြစ်တွေကြောင့် အရွယ်နဲ့မလိုက်အောင် နားလည်နေတတ်သည်။ မားရဲ့စကားတွေကြားလျှင် အဖေကို ပိုပြီးရွံကြောက်သွားမှာကိုတော့ သူမလိုလားပေ။
မားက ဆက်မပြောတော့ဘဲ ရေနွေးထဲကို တဘတ်နှစ်ရင်း ပြန်ဆယ်ပြီးရေညှစ်နေသည်။ ကျန့်ကျန့်ငိုသံလေးစဲသွားမှ သူလည်း ခုံမှာ ဝင်ထိုင်လိုက်သည်။ မားက ကလေးငယ်ရဲ့ သွေးစို့ဒဏ်ရာတွေကို ရေဝတ်လေးနဲ့ အသာတို့သုတ်ပေးနေသည်။
ဒူးခေါင်းကရှရာထဲမှာ ဖန်ကွဲစလေးနစ်နေတာမြင်တော့ မနာအောင် သတိနဲ့အသာဆွဲထုတ်ပေးရင်း ရိပေါ်မှာ စိတ်ထိခိုက်လွန်းသဖြင့် ကလေးနဲ့အပြိုင်သူပါ မျက်ရည်ကကျချင်လာသည်။
"ဦးငယ် ငိုနေတာလားဟင်။"
ကျန့်ကျန့်က သူ့မျက်နှာကို လက်ကလေးနှစ်ဖက်နဲ့အုပ်ကိုင်မော့ယူရင်း နဖူးချင်းတိုက်ထားပြီး မေးတော့ သူ အသာပြုံးပြလို့
"မငိုပါဘူးကွယ်။ ကျန့်ကျန့် နာနေမှာစိုးလို့ ဦးငယ်ကစိတ်မကောင်းဖြစ်တာပါ"
"သား မနာပါဘူး ဦးငယ်ရဲ့။ သား မငိုတော့ဘူး။ ဦးငယ်လည်း မငိုနဲ့တော့နော်"
ကလေးနဲ့မလိုက်စွာ သိတတ်လွန်းတော့လည်း သူ့မှာ ကျန့်ကျန့်လေးကို ရင်ခွင်ထဲမှာ ဆွဲဖက်ထားရင်း ပိုစိတ်ထိခိုက်ရပြန်ပါသည်။ သူ ကျန့်ကျန့်ကို ဆေးထည့်ပေးနေတုန်း မားမားက ကလေးစားဖို့ အာလူး၊ ခါကျက်ဥတွေနဲ့ပေါင်းချက်ထားသည့်ထမင်းကို အသား၊ ငါးဖတ်လေးတွေထည့်ပြီးယူလာသည်။
"မြေးလေးကျန့်. လာ ဘွားကထမင်းခွံ့ကျွေးမယ်နော်။ သားရေ မီးဖိုပေါ်မှာ နွားနို့အိုးတင်ထားတယ်"
"ဟုတ် မား သား သွားကြည့်လိုက်မယ်"
ကျန့်ကျန့်ကို မားမားက ထမင်းကျွေးနေတုန်းမှာ နွှေးထားသည့်နွားနို့ကို ဖန်ခွက်ထဲထည့်ပြီး ရှေ့ခန်းကို ပြန်ထွက်လာသည်။
ကျန့်ကျန့်က အားရပါးရစားပြီးတာနဲ့ နွားနို့ခွက်ကို ယူသောက်သည်။ အဲ့ဒီနောက် မျက်လုံးလေးတွေက မှေးစင်းကျလာနေသည်။
"ဦးငယ်"
သူ့ကို ချီပါဆိုသည့်သဘော လက်ကမ်းလာတော့ ရိပေါ်က ပခုံးပေါ်တင်ပွေ့ထားရင်း လမ်းလျှောက် ချော့သိပ်ရပြန်လေသည်။ အိပ်သွားတာသေချာမှ သူ့အိပ်ယာမှာပဲ သိပ်ထားလိုက်သည်။
ဒေါက် ဒေါက်...
အခန်းတံခါးခေါက်သံသဲ့သဲ့ကြားရပြီး မားကဖွင့်ပေးလိုက်ပုံရသည်။ ခပ်အုပ်အုပ်စကားပြောနေကြသံတွေကြောင့် ကျန့်ကျန့်ကိုယ်ပေါ် စောင်လေးလွှားခြုံပေးပြီး သူ အခန်းအပြင်ကို ထွက်လာလိုက်သည်။
"အစ်မရဲ့လျန်"
ရဲ့လျန်က သူ့ကို အားနာတောင်းပန်ကြည့်ဖြင့် ကြည့်နေသည်။
"ရိပေါ်. အစ်မတောင်းပန်ပါတယ်ကွယ်။"
ကိစ္စမရှိပါဘူးဆိုသည့်သဘောဖြင့် သူ ခေါင်းသာခါပြလိုက်လေသည်။
"ချစ်လို့ယူခဲ့ကြတာပဲမဟုတ်လားကွယ်..."
သူ မီးဖိုခန်းထဲသွားပြီး ဖန်ခွက်ထဲ လိမ္မော်ရည်ထည့်နေတုန်း မားမားက ရဲ့လျန်ကို ဆုံးမစကားတွေ တသီတတန်းပြောနေလေသည်။ တကယ်က အစ်ကိုမင်ယီကို ပြောမှသာပိုသင့်တော်မည်မဟုတ်လား။ ရိပေါ်က သက်ပြင်းကိုသာချလိုက်မိသည်။
"ဆေးခန်းသွားသေးလား ဆရာမ"
ရိပေါ်က လိမ္မော်ရည်ခွက်ကိုကမ်းပေးရင်း ရဲ့လျန်မျက်နှာပေါ်က ဒဏ်ရာတွေကို ကြည့်လို့ မေးလိုက်သည်။
"ညီမယွင်တို့လင်မယားက ဟိုဖက်လမ်းက စစ္စတာကြီးကို သွားခေါ်ပေးတယ် ရိပေါ်။ ဆေးထည့်ပေးသွားတယ်။ အစ်မသက်သာပါတယ်"
ရိပေါ်က ခေါင်းတစ်ချက်ညိမ့်ပြရင်း မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်သည်။ မားမားက ရဲ့လျန်မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို စိတ်မသက်သာစွာကြည့်ရင်း
"မင်ယီတစ်ယောက်ဟာ ကလေးရှေ့မှာတော့ ဆင်ခြင်သင့်ပါတယ်ကွယ်။ ကျန့်လေးက အဖေကို တအားကြောက်နေတော့မှာ"
မားက ပြောနေကျစကားကို မငြီးမငွေ့ပြောနေသည်။ ရဲ့လျန်က မျက်နှာညှိုးငယ်စွာဖြင့် "သူ မူးနေလို့ပါအန်တီရယ်" ဟု မရဲတရဲကာပေးနေရှာသည်။ "အမြဲမူးနေတော့ ခက်တာပေါ့" လို့ မားက ပြောလိုက်မှာ သူအားနာနေပေမယ့် မားက ဘာမှဆက်မပြောလို့ တော်ပါသေးသည်။
မိန်းမတွေရဲ့စိတ်ကို သူနားမလည်ပါ။ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ်လို့ပြောကြတဲ့ ရှေးစကားကပဲ မှန်နေတာဖြစ်ပေလိမ့်မည်။ သူများအိမ်ထောင်ရေးကိုလည်း သူ ဘာမှမဝေဖန်လိုပေ။ ဒါပေမယ့် ဒီအဖေအမေကြောင့် ၅ နှစ်အရွယ်ကလေးငယ်လေးတစ်ယောက်ရဲ့စိတ်မှာ ဒဏ်ရာရနေမှာကိုတော့ စိုးရိမ်မိရသည်။
ရဲ့လျန်က လိမ္မော်ရည်ခွက်ကိုစားပွဲပေါ်တင်ရင်း
"သားလေး အိပ်နေပြီလား။ အစ်မ ခေါ်သွားလိုက်တော့မယ်နော်။ ရိပေါ်နဲ့အန်တီကို အားနာရပါတယ်ရှင်။ အန်တီတို့ ဝန်ပိနေရပြီ"
"အန်တီတို့က ကိစ္စမရှိပါဘူးကွယ်။ ကလေးကိုပဲ စိတ်ဒဏ်ရာရမှာစိုးတာပါ။ ကလေးရှေ့တော့ ရန်မဖြစ်ကြပါနဲ့ကွယ်"
မားမားကလည်း ထူးမခြားနားပတ်ပျိုးကို ထပ်ကြော့နေပြန်သည်။ အစ်မရဲ့လျန်ကလည်း ခေါင်းကိုငုံ့ထားရင်း "ဟုတ်ကဲ့" ဟု မပွင့်တပွင့်ကတိပေးနေပြန်သည်။ ရိပေါ်က မျက်နှာကို လက်နဲ့သပ်လိုက်ပြီး
"ဒီညတော့ ကျန့်ကျန့်လေးကို ကျွန်တော့်ဆီမှာပဲ အိပ်ခိုင်းထားလိုက်တော့မယ်လေ ဆရာမ။ ကလေးကလည်းအိပ်နေပြီဆိုတော့ မနက်မှပဲ ကျွန်တော်ပြန်လာပို့ပေးပါ့မယ်။ မနက်ဖြန်လည်း ကျောင်းပိတ်တာပဲဆိုတော့"
"အစ်မက အားနာလို့ပါကွယ်။ ရိပေါ် မနက်ဖြန်မနက်အစော field ဆင်းရမှာမဟုတ်လား"
"ရတယ် အစ်မ။ ကျောင်းသားတွေကို ခဏသွားကြီးကြပ်ပေးရုံပါ။ ကျောင်းသားအဖွဲ့ခေါင်းဆောင်လည်းရှိနေမှာဆိုတော့ ကျွန်တော်ခဏပဲနေမှာပါ။ ကလေးကို ခေါ်သွားလိုက်မယ်လေ။ မနက်စာအပြင်မှာစားပြီးမှ ကျွန်တော် ကျန့်ကျန့်ကို ပြန်လာပို့လိုက်မယ် ဆရာမ"
"ကျန့်လေးလည်းအိပ်နေပြီဆိုတော့ ဒီညတော့ ထားခဲ့လိုက်ပေါ့ကွယ်။ သမီးရော အခန်းမှာ တစ်ယောက်တည်းနေရဲလား"
မားမားကိုယ်တိုင်ကပါ ဝင်ပြောတော့ ရဲ့လျန်က သားငယ်ကို ဇွတ်ခေါ်ဖို့မပြောတော့ပေ။
"ဌာနက ဝန်ထမ်းကောင်မလေး ၂ ယောက် လာအိပ်ပေးဖို့ ရောက်နေကြပါတယ် အန်တီ။ ဟို ဆရာချန်းတို့ကလည်း ပြောဆိုထားတော့ ဒီည သူပြန်လာမှာတော့ မဟုတ်ပါဘူး"
မားက ခေါင်းကိုသာ တညိမ့်ညိမ့်လုပ်နေပြီး ဘာမှမပြောတော့ပေ။ ရဲ့လျန်က သားငယ်ကို အပေါက်ဝကနေ တစ်ချက်လှမ်းကြည့်ပြီး သူတို့သားအမိကို နှုတ်ဆက်လို့ ပြန်သွားလေသည်။
ရိပေါ်လည်း မအိပ်ချင်သေးတာနဲ့ သင်ခန်းစာကို လတ်စသတ်ပြင်ဆင်နေလိုက်သည်။ စာထဲစိတ်ရောက်သွားတာကြောင့် ပတ်ဝန်းကျင်ကို ခဏမေ့လျော့သွားသည်။
"ဟင်..."
သူ့ပေါင်ပေါ်လာရောက်ထိတွေ့သည့် အတွေ့လေးကြောင့် သူ ဆတ်ခနဲ ငုံ့ကြည့်လိုက်သည်။ ဘယ်အချိန်က နိုးလာသည်မသိသည့် ကျန့်ကျန့်က ဘေးနားမှာ ရပ်လျက် သူ့ပေါင်ပေါ် ပါးလေးလာအပ်ထားလေသည်။
"ကျန့်ကျန့်"
ကလေးကို အသာပွေ့ချီလိုက်တော့ မျက်လုံးလေးတွေမှိတ်ထားလျက်နဲ့ သူ့လက်ထဲပါလာသည်။ နိုးလာတာမျိုးမရှိဘဲ ဆက်အိပ်ပျော်နေလေသည်။ မိခင်ရင်ခွင်မှာ အိပ်စက်ရတဲ့အရွယ်လေးဆိုတော့လည်း တစ်ယောက်တည်းအိပ်ရတော့ လန့်ပြီးများနိုးလာသလားလို့တွေးပြီး စိတ်မကောင်းဖြစ်ရသည်။
ရိပေါ်သည် လုပ်လတ်စအလုပ်တွေကို အကုန်ရပ်လို့ laptop ကိုလည်း ပိတ်လိုက်တော့သည်။ ကျန့်ကျန့်ကို ပွေ့ချီယူလိုက်ပြီး အိပ်ယာထက် အသာလှဲချလိုက်သည်။ ရင်ခွင်ထဲတိုးဝင်လာသည့် ကလေးငယ်ကို ညင်သာစွာထွေးဖက်ထားရင်း တင်ပါးလေးကို အသာပုတ်လို့ ချော့မြှူသိပ်လိုက်လေသည်။
------------------------
"ဦးငယ် ဦးငယ် မရပ်နဲ့ဦးနော် ခိ ခိ"
ရိပေါ် ပြုံးလိုက်မိသည်။ ဆိုင်ကယ်စီးရတာပျော်နေသည့် ရှောင်းကျန့်လေးက သူ ရပ်လိုက်မှာကို မလိုလားစွာ တားမြစ်နေသည်။ ဌာနမှာ အငယ်ဆုံးဖြစ်တဲ့ သူ့ကို အားလုံးက ဆရာအငယ်လေး ဆရာပေါက်စလေးလို့ ခေါ်ကြတာကို ကြားထားတဲ့ ကျန့်ကျန့်က သူ့ကို ဦးငယ်လို့ပဲ ခေါ်လေသည်။
မနက် ၆ နာရီလောက်ကတည်းက သူနဲ့အတူ ကွင်းထဲလိုက်လာပြီး တောက်လျှောက် ကွင်းထဲမှာပတ်ပြီး ဆိုင်ကယ်စီးထားပေမယ့် ကျန့်ကျန့်က အားမရသေးပေ။
"ကျန့်ကျန့် ဗိုက်မဆာသေးဘူးလား။ ဘာမှမစားဘဲ ဆိုင်ကယ်ပဲစီးနေတော့မှာလားကွ"
နှုတ်ကမဖြေဘဲ ခေါင်းလေးကို ဆတ်ခနဲ ညိမ့်ပြနေတာကြောင့် ရိပေါ်က သဘောကျစွာ ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ ကလေးဆောင်းဆိုင်ကယ်ဦးထုပ်လေးဆောင်းပေးထားပြီး သူ့ရှေ့မှာ ထိုင်ခိုင်းထားပေမယ့် ကျန့်ကျန့်ကတော့ ကိုယ်လေးကို ရအောင်မတ်လို့ လက်ကိုင်တွေကို သူ့လက်တွေပေါ်ကနေ ဇွတ်လိုက်ကိုင်နေသည်။
ရိပေါ်က ဆိုင်ကယ်ကို အရှိန်နှေးလိုက်ပြီး ဘယ်လက်နဲ့ ကလေးကို ထိန်းဖက်ထားလိုက်သည်။
"ဦးငယ်ကလည်း ဘာလို့နှေးသွားတာလဲလို့"
"အန္တရာယ်များတယ် ကျန့်ကျန့်ရဲ့"
"ကျော်ကုန်ပြီ ကျော်ကုန်ပြီ"
နောက်ကဆိုင်ကယ်တွေကျော်တက်သွားတာကို ကြည့်ပြီး အလိုမကျသလို အော်နေပြန်သည်။ သုတေသနစိုက်ခင်းတွေဖက်ရောက်တော့ ရိပေါ်က ဆိုင်ကယ်ကို လမ်းဘေးမှာ ခဏရပ်ထားလိုက်သည်။ ဆိုင်ကယ်ကို ဒေါက်ထောက်ရပ်လိုက်ပြီး ကျန့်ကျန့်ကိုပါ အသာပွေ့ချလို့ ဆိုင်ကယ်ဘေးမှာ ရပ်နေစေလိုက်သည်။
"ကျန့်ကျန့် ဒီနားမှာ ခဏနေခဲ့နော်"
"ဦးငယ်က ဘယ်သွားမှာလဲ။ သားလည်းလိုက်မယ်"
ရှောင်းကျန့်က သူ့ကို ထားခဲ့မှာစိုးရိမ်ပြီး ရိပေါ်ရဲ့ဘောင်းဘီစကို ဆွဲကိုင်ထားသည်။
"ဦးငယ် စပါးခင်းထဲဆင်းကြည့်ဦးမယ် ကျန့်ကျန့်။ ဗွက်တွေပေကုန်မှာစိုးလို့ သားကမလိုက်နဲ့တော့နော်"
ကျန့်ကျန့်က ရိပေါ် စီးထားသည့် ကွင်းစီးလည်ရှည်ဘွတ်ဖိနပ်ကြီးကို သေချာကြည့်ရင်း
"ဦးငယ် နောက်တစ်ခါ သားကိုလည်း ဒါမျိုးဖိနပ်ဝယ်ပေးနော်"
ရိပေါ်က ဟက်ဟက်ပက်ပက်ရယ်ရင်း ကျန့်ကျန့်ရဲ့ဆံပင်လေးတွေကို အသာဖွလိုက်သည်။ သူ ကွင်းထဲဆင်းသွားတာကို ကျန့်ကျန့်က ကန်သင်းဘောင်ပေါ် ငုတ်တုပ်လေးထိုင်ကြည့်ရင်း ကျန်ခဲ့သည်။ ရိပေါ်က ရောဂါကျနေတဲ့ စပါးရွက်တွေကို ဂရုတစိုက်ဖြတ်ယူရင်း Ziploc အိတ်ထဲ ပုံမပျက်အောင် သေချာထည့်လိုက်သည်။
"ဦးငယ် အဲ့ဒါဘာအရွက်တွေလဲဟင်"
"စပါးရွက်တွေလေ။ စပါးပင်လို့ခေါ်တယ်။ ကျန့်ကျန့်နေ့တိုင်း ထမင်းစားတယ်မဟုတ်လား။ အဲ့ဒီထမင်းကို ဒီအပင်တွေကရတာပေါ့ကွ။"
"ဟင် ဒီအရွက်တွေကနေ ထမင်းဖြူဖြူလေးတွေ ဘယ်လိုဖြစ်သွားတာလဲဦးငယ်"
ကျန့်ကျန့်ရဲ့အမေးကို ရိပေါ်က သဘောကျစွာ အသံထွက်ရယ်လိုက်တော့သည်။
"အရွက်တွေကနေတော့ ထမင်းဖြစ်တာမဟုတ်ဘူးပေါ့ကွ။ အပင်တွေကနေ ပန်းတွေပွင့်မယ်။ ပြီးတော့ အသီးတွေသီးလာမယ်။ စပါးပင်ကျတော့ စပါးနှံ စပါးစေ့လို့ခေါ်တယ်ကျန့်လေးရဲ့။ အဲ့ဒီစပါးနှံတွေမှည့်လာတော့ ရိတ်မယ်။ အခွံချွတ်မယ်။ သန့်အောင်လုပ်မယ်။ အဲ့ဒီအခါဆန်ဖြစ်သွားမယ်။ ဆန်ကိုမှ ဦးငယ်တို့ကချက်လိုက်လို့ ထမင်းဖြူလေးတွေရလာတာပေါ့"
ရိပေါ်သည် ၅ နှစ်ကလေးတစ်ယောက်ကို လူကြီးအရာထားပြီး သေချာရှင်းပြနေမိသည်။ ကလေးတစ်ယောက်က သူပြောတာနားလည်ပါ့မလား။ ရိပေါ်က ကျန့်ကျန့်ထိုင်နေတဲ့ ကန်သင်းပေါ်ကို လှမ်းကြည့်လိုက်သည်။ ကျန့်ကျန့်က သူပြောတာကို နားထောင်ရင်း လက်ကလေးတစ်ဖက်က မေးစေ့ကိုအသာပွတ်လို့ ခေါင်းလေးတညိမ့်ညိမ့်လုပ်နေသည်။ နားလည်ချင်ယောင်ဆောင်နေပုံလေးကိုကြည့်ပြီး သူ ဟက်ဟက်ပက်ပက် ရယ်မိသွားပြန်သည်။
"ဦးငယ်က ဘာလို့ စပါးရွက်တွေကို ခူးနေတာလဲဟင်"
သူ မျက်ခုံးတွေပင့်သွားသည်။ သူက စပါးပင်လို့ပြောလိုက်တော့ ကျန့်ကျန့်က အရွက်တွေလို့ မသုံးတော့ဘဲ စပါးရွက်လို့သုံးလာတာကြောင့် သူ သဘောကျသွားသည်။
"ဒီအရွက်တွေက ရောဂါကျနေတာ ကျန့်ကျန့်ရဲ့"
"ရောဂါကျတယ်ဆိုတာဘာပြောတာလဲဟင် ဦးငယ်"
"အဲ့..."
ရိပေါ်က ခဏမျှစဉ်းစားပြီး
"လူတွေနေမကောင်းဖြစ်သလိုပေါ့ကျန့်ကျန့်လေးရဲ့။ အပင်တွေလည်း ဖျားကြတာပေါ့"
"အဲ့ဒါကြောင့် ဦးငယ်က သူတို့ကို ဆေးကုပေးဖို့ ခူးနေတာလားဟင်"
ရိပေါ်က ရယ်လိုက်ပြီး
"ဒီအရွက်တွေကို ဦးငယ်က သုတေသနခန်းဆီယူသွားမယ်လေ။ ပြီးတော့ ရောဂါတွေကို မိုက်ခရိုစကုပ်နဲ့ လေ့လာရမယ်။ ကျောင်းသားတွေကိုလည်း ပြရင်း သူတို့ကိုလည်း အဖြေရှာခိုင်းရမယ်"
သူပြောတာတွေကို ကျန့်ကျန့်နားမလည်နိုင်တာ သိပေမယ့် ရိပေါ်ကတော့ စိတ်ရှည်ရှည်နဲ့ အကျယ်တဝင့် ပြောပြနေမိသည်။ သူ ကန်သင်းပေါ်ပြန်တက်လာတော့ ကျန့်ကျန့်က ထိကရုန်းပင်တွေကို ခြေထောက်နဲ့ထိပြီးဆော့နေသည်။
"ကျန့်ကျန့်"
"ဦးငယ် သူတို့က ပြန်ရှင်လာကြတယ်"
ကျန့်ကျန့်က အပင်လေးတွေကို ထိတဲ့အချိန်ညှိုးသွားပြီး ခဏနေ ပြန်လန်းလာတာကို မပြောတတ်တော့ ပြန်ရှင်လာတယ်လို့ ပြောနေသည်။ ကလေးတစ်ယောက်နားလည်အောင်ရှင်းပြဖို့ စကားလုံးတွေမရှာတတ်တော့တာကြောင့် ရိပေါ်က ပြုံးနေလိုက်ရသည်။
"ဦးငယ်. သူတို့က ထိလိုက်တာနဲ့သေတာလားဟင်"
"သေတာမဟုတ်ဘူး ကျန့်ကျန့်ရဲ့။ အင်းးး... သားနားလည်အောင်ပြောရရင်ကွာ ဦးငယ်က သားမျက်နှာကို အခုလိုမျိုး ဖူးခနဲ လေနဲ့မှုတ်လိုက်ရင် ... အယ် အဲ့လိုပေါ့... သား မျက်လုံးတွေမှိတ်သွားတယ်မဟုတ်လား"
ရိပေါ်က ပြောနေရင်းက ကိုယ်ကိုအသာကိုင်းလို့ ရှောင်းကျန့်ရဲ့မျက်နှာလေးကို လေနဲ့ဟူးခနဲမှုတ်လိုက်သည်။ ကျန့်ကျန့်က မျက်လုံးလေးတွေမှိတ်ရင်း တခစ်ခစ်ရယ်နေသည်။
"အပင်လေးတွေလည်း အဲ့လိုပေါ့"
"သူတို့မှာ မျက်လုံးရှိလို့လား ဦးငယ်"
"သားလိုမျက်လုံးမဟုတ်ပေမယ့် အဲ့ဒီအပင်ရဲ့အရွက်လေးတွေမှာ လေရှူပေါက်လိုအပေါက်လေးတွေရှိတာပေါ့။ ဒါတွေ သားနားလည်ဖို့ သားကငယ်လွန်းသေးတယ်ကွာ"
မေးခွန်းတွေက အဆုံးမသတ်တော့သလို ရှင်းလေရှုပ်လေဖြစ်မှာစိုးပြီး ဆက်လည်းမရှင်းနိုင်တော့တာကြောင့် ရိပေါ်က ငယ်သေးတယ်ဆိုသောစကားနဲ့ ရပ်ပစ်လိုက်တော့သည်။
"ဦးငယ်... သားကြီးလာရင် ဦးငယ်လို အကုန်သိလာမှာပေါ့နော်"
ရိပေါ်ကရယ်ရင်း ကျန့်ကျန့်ကို ဆိုင်ကယ်ပေါ်ပွေ့တင်လိုက်သည်။ သူပါ ဆိုင်ကယ်ပေါ်တက်ခွလိုက်ပြီး ပြန်ရန် ဆိုင်ကယ်ကို ကွေ့လိုက်သည်။
"ဒါပေါ့။ သားကြီးလာတော့ ဦးငယ်ထက်တောင် ပိုသိပြီး ပိုတော်လာမှာ။ သားကြီးလာရင် ဘာလုပ်မှာလဲကွ"
ရိပေါ်က ဆိုင်ကယ်ကိုမောင်းထွက်လာရင်းမေးလိုက်သည်။
"သားကြီးလာရင် သားကဆိုင်ကယ်မောင်းပြီး ဦးငယ်ကိုတင်မှာ။ ပါးပါး ဆိုင်ကယ်စီးရင် မားမားက နောက်ကထိုင်စီးသလိုမျိုးလေ"
"ဟေ.... ဟ ဟ ဟ"
၅ နှစ်အရွယ်ကလေးတစ်ယောက်သည် သားကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်ဟု ပြန်ဖြေလိမ့်မည်လို့ သူ စိတ်ကူးယဉ်ခဲ့မိလေသလား။ ကျန့်ကျန့်ရဲ့ ကလေးအတွေးနဲ့ဖြေလိုက်တဲ့အဖြေကို သူသဘောကျလွန်းလို့ တဟားဟား အော်ရယ်လိုက်မိလေတော့သည်။
xxxxxxxxxxxxx
5110 words
Lay Nge Ko Ko
20230728