M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၃)
ကြက်ပျံမကျ စည်းကားလှသည့် (၈၆)လမ်း ရေနီမြောင်း ဘေးက ထမင်းကြော်ဆိုင်လေးသည် ဝိုင်းအလွတ်ပင် မရှိလောက်အောင် စည်ကားလျက်ရှိသည်။ ညနေခင်း အချိန်ဖြစ်၍ အလုပ်သမားများ၊ လူငယ်များ၊ စုံတွဲများ၏ တစ်ထောက်စာ နားခိုရာလေး ဖြစ်နေတော့သည်။
ဆိုင်အဝန်းဝိုင်းလေးဆီ မျက်လုံးလေးကစားပြီး သေချာရှာကြည့်လိုက်မှ မြောင်းရဲ့မျက်နှာမူရာတွင် စားပွဲလေး တစ်ဝိုင်းလွတ်နေသည်ကို သက်ဦးဇင် အသေချာ တွေ့လိုက်ရပါသည်။
"ပုံရိပ်...ဆင်း၊ မြန်မြန်။ ဟိုမှာ တစ်ဝိုင်းတည်းလွတ်တော့တာ။ နေရာမြန်မြန်ဦးချေ...သွား "
ဆိုင်ကယ်ဦးထုပ်လေးကို ပုံရိပ်ဆီကနေ လှမ်းယူလိုက်ပြီး ဆိုင်ကယ်ရဲ့ ဘက်မှန်တစ်ချက်မှာ ချိတ်ဆွဲလိုက်သည်။ ပုံရိပ်ကတော့ ခပ်သုတ်သုတ်ဖြင့် ဝိုင်းအလွတ်လေးဆီ လျှောက်လို့သွားနေသည်။ ဆိုင်ကယ်လေးကို လမ်းမရဲ့ ဘေးဘက်မှာ ချရပ်ကာ ဆိုင်ကယ်များတန်းထားတဲ့ အတန်းလေးထဲမှာ ထိုးရပ်ခဲ့လိုက်သည်။
ဆိုင်လေးအတွင်းမှာ လူများ စည်ကားစွာ ရှိနေတာမို့ ဝန်ထမ်းလေးများပင် မနားနေရပါ။ ဟိုဝိုင်း၊ ဒီဝိုင်း ကူးလူး လှုပ်ရှားနေကြသည်မှာ ထိုင်ချိန်ပင် မရှိပါ။
"ရွှတ်...ရွှတ် ညီလေးရေ "
သက်ဦးဇင် ခေါ်သံကြားတော့ ကောင်လေးတစ်ယောက် စားပွဲဝိုင်းလေးဆီ အပြေးလာခဲ့သည်။ အလွန်ဆုံးရှိ ဆယ့်ငါးနှစ်အရွယ်သာသာ ရှိသေးတဲ့ ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်သာဖြစ်သည်။
"အကိုတို့ ဘာမှာမလဲ "
ခပ်နွမ်းနွမ်း ဆိုင်အမှတ်တံဆိပ်အင်္ကျီလေးဝတ်ထားပြီးတော့ လက်သုတ်ပဝါတစ်ထည်ကို ခါးအထက်မှာ စည်းနှောင်ထားသော ဆိုင်ဝန်ထမ်းလေးသည် Menu
ကဒ်လေးကို သက်ဦးဇင် လက်ထဲသို့ ထိုးပေးလိုက်သည်။ သက်ဦးဇင် Menu ကဒ်လေးကို ကြည့်လိုက်ပြီးမှ ပုံရိပ်ဆီ လှမ်းပေးလိုက်ပါ၏။
"ပုံရိပ်...ဘာနဲ့စားမလဲ "
ပုံရိပ်လည်း အနည်းငယ်ကြာ Menu ကဒ်လေး ကြည့်လိုက်ပြီးနောက်...
"အကို့ကို ကြက်ဥ Half-fried နဲ့ ထမင်းကြော်တစ်ပွဲပေးနော် ညီလေး "
"ဟုတ်...ဒီက အကိုကရော "
သက်ဦးဇင် ဆီသို့ ဝန်ထမ်းကောင်လေးကမေးလာတော့...
" အကိုလည်း အတူတူပဲ။ ပုံရိပ် လက်ဖက်ရည် သောက်မယ်မလား "
"ဟုတ်"
"ဒါဆို လက်ဖက်ရည် ချိုဆိမ့်နှစ်ခွက်ပါချပေးနော် "
" ဟုတ်ကဲ့ အကို "
အမှာများကို သေချာမှတ်သားသွားပြီးနောက် Menu ကဒ်လေးယူကာ ထိုကောင်လေး စားပွဲဝိုင်းကနေ ထွက်ခွာသွားခဲ့သည်။
ဆိုင်လေးဆိုပေမဲ့ အဆောက်အဦးကြီးတစ်ခုတော့မဟုတ်ပါ။ လမ်းဘေး ရေနီမြောင်းဘေးနားမှာ ပျံကျ ဖွင့်ပြီး မိုးကာလေးကို အပေါ်ကနေ အုပ်မိုးထားသည့် ဆိုင်အလတ်သာသာလေးဖြစ်သည်။ သာမန်အခြေခံ လူတန်းစားတွေအတွက် စျေးနှုန်းချိုသာစွာ ရောင်းပေးခြင်းကြောင့် စည်ကားရခြင်းလည်းဖြစ်ပါသည်။
လေပြည်ညင်းလေးက ဖြည်းဖြည်းပုံမှန်လေး တိုက်ခက်နေတာကြောင့် အေးစိမ့်စိမ့်လေး ရှိလှပါသည်။ ဆိုင်၏ အတွင်းထဲတွင် အလေ့ကျပေါက်နေသည့် ညောင်ပင်ကြီးဆီမှ ညောင်ရွက်ဝါလေးများသည် ဆိုင်အတွင်းထဲသို့ ပျံ့နှံ့ကြွေကျနေကြသည်။ ညောင်ပင်နံ့ ခပ်သင်းသင်းလေးသည် လေနှင့်အတူ ရောထွေးလျက်ရှိသည်။
"ပုံရိပ်...အလုပ်လုပ်ရတာ ပင်ပန်းလားဟင် "
"ဟင့်အင်း။ ပုံရိပ်က ဟိုတယ်ထဲမှာ အေးအေးလူလူလေးပဲ လုပ်ရတာလေ။ မောင်ကသာ နေပူထဲမှာ ချကာလီဆွဲနေရတော့ ပင်ပန်းနေမှာပေါ့"
"မောင် မပင်ပန်းပါဘူး ပုံရိပ်ရာ။ မောင်တို့ နှစ်ယောက်တစ်အိမ် အတူနေနိုင်ဖို့ တွေးကြည့်မိရုံနဲ့ မောင် ပင်ပန်းသမျှ အမောပြေရပါပြီ။ မောင့်ရဲ့ ပုံရိပ်လေးသာ ပင်ပန်းမှာ မောင်က စိုးရိမ်တာ သိရဲ့လား "
ပုံရိပ်အတွက် ရေနွေးကို ခွက်ထဲမှာ ငှဲ့ပေးရင်း တစ်ရှူးဘူးထဲက တစ်ရှူးစကို အချိုးကျကျ ခေါက်ပေးကာ ပုံရိပ်ဆီ လှမ်းပေးလိုက်သည်။ ရေနွေးက အငွေ့တထောင်းထောင်းနဲ့ ပူလွန်းလှသည်မို့ ခပ်အေးအေးလေးဖြစ်အောင် အပူငွေ့တွေကို မှုတ်ထုတ်လိုက်ပြီးမှ ပုံရိပ်နားသို့ ချပေးလိုက်သည်။
"မောင်ရာ... မောင် ပင်ပန်းရတာကို တွေးမိရုံနဲ့ ပုံရိပ်လည်း စိတ်မသက်သာပါဘူး။ မောင် အဲ့အလုပ်ကို မလုပ်ပါနဲ့တော့လားဟင်။ ပုံရိပ်နဲ့အတူတူ ဟိုတယ်မှာ လုပ်ပါလား လို့။ ပုံရိပ် မန်နေဂျာကို ပြောကြည့်ပေးမယ်လေ "
"ပုံရိပ်...မောင်က စိတ်ကျဥ်းကျဥ်းကြပ်ကြပ်နဲ့ အလုပ်လုပ်ရတာ မကြိုက်ဘူးကွ။ ပင်ပန်းရင် ပင်ပန်းပါစေကွာ။ ပုံရိပ်သာ မောင့် အနားကထွက်သွားဖို့ မစဥ်းစားနဲ့။ မောင် ဘယ်လောက် ပင်ပန်းပင်ပန်း ပုံရိပ် ရှိနေတယ်ဆိုတဲ့ အသိနဲ့ မောင် အမောပြေနေပြီ "
ပုံရိပ်ကို ချစ်သည်။ ပုံရိပ်နဲ့ အတူတူ နှစ်ယောက်လက်တွဲပြီး အိမ်ထောင်သည် ဘဝလေးကို ဖြတ်သန်းချင်လှပြီ။ သက်ဦးဇင် ဘဝထဲမှာ ပုံရိပ်သာ ရှိနေပါစေ။ ပင်ပန်းဆင်းရဲမှုဆိုတာ အသားကျနေပြီမို့ ပုံရိပ်ထက် ဘယ်အရာကိုမှ အလေးမထားခဲ့။ ပုံရိပ်သာ သက်ဦးဇင် ဘဝရဲ့ အရာရာပင်ဖြစ်နေခဲ့သည်။
"မောင်ကလည်းကွာ။ ဘယ်လိုပြောပြော မရဘူး။ အဲ့အလုပ်ကြီးက အရမ်းပင်ပန်းပါတယ်။ ပုံရိပ်က မောင် ပင်ပန်းဆင်းရဲရတာကို မမြင်ရက်ဘူး။ မောင် နေပူကြီးထဲမှာ အလုပ်ကြမ်းလုပ်နေရတယ်ဆိုတဲ့အသိနဲ့တင် ပုံရိပ် နှလုံးသားတွေ အောင့်နေပြီ သိရဲ့လား "
ပြောရင်းကပင် နင့်တက်လာတဲ့ မျက်ရည်ဥလေး တချို့ ပုံရိပ်ပါးပြင်ပေါ် ပေါက်ကနဲ ကျလာလေသည်။ ရဲတက်နေတဲ့ ပါးမို့မို့လေးပေါ်မှာ မျက်ရည်စလေးက တစ်ပေါက်။
" ကဲ...ပုံရိပ်တစ်ယောက်နဲ့တော့ အခက်သားကွာ။ မျက်ရည်ကလည်း အတော်လွယ်တဲ့ ကောင်လေး။ မျက်ရည်မကျပါနဲ့ မောင့်အချစ်ရယ်။ မောင်ပင်ပန်းတာထက်ကို ခံစားရခက်လို့ပါ "
ပါးပြင်နုနုလေးထက်က မျက်ရည်စလေးတွေကို သုတ်ပေးလိုက်ပြီး ပါးလေးကို ဖွဖွလေး လိမ်ဆွဲလိုက်သည်။ နုနယ်မှုအပြည့်နဲ့ ပုံရိပ်ရဲ့ မျက်နှာအသွင်အပြင်လေးသည် နှစ်လိုဖွယ်အတိ။ အပြစ်ကင်းစင်တဲ့ ခလေးငယ်တစ်ယောက်နှယ် ပုံရိပ်ရဲ့အသွင်အပြင်က နူးညံ့လွန်းသည်။
* ပုံရိပ်ရာ...မင်းက မောင်နဲ့ တန်ကိုမတန်ပါဘူး *
ပုံရိပ်ယောင်၏ နုဖတ်လွန်းသည့် မျက်နှာနုနုလေးသည် ဆိုင်အတွင်းရှိ မီးအလင်းရောင်တို့ဖြင့် ပိုမို ဝင်းပလျက်ရှိသည်။
" အကိုတို့ မှာထားတာတွေ ရပါပြီ "
ဝန်ထမ်းကောင်လေးက ဗန်းလေးတစ်ချက်ပေါ်မှာ ထမင်းကြော်နှစ်ပွဲနှင့် လက်ဖက်ရည် နှစ်ခွက်ကို တင်ဆောင်လာခဲ့သည်။ ထို့နောက်တွင်တော့ စားပွဲဝိုင်းလေးပေါ် တစ်ခုချင်း ချပေးလေသည်။
"ပုံရိပ်...ငံပြာရည်တွေ အများကြီးထည့်မစားနဲ့နော်။ မင်း ဗိုက်နာဦးမယ်။ တည့်တာလည်းမဟုတ်ဘူး "
"အင်းပါ...နည်းနည်းတော့စားမယ်နော်။ ပုံရိပ် ကြိုက်လို့ "
"ရတယ်လေ။ မောင်ပဲထည့်ပေးမယ်။ ပေး...အဲ့ငံပြာရည်ဘူး "
ပုံရိပ်အနားက ငံပြာရည်ဘူးကို ဆွဲယူလိုက်လေသည်။ ထို့နောက်တွင်တော့ လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်လေး ပုံရိပ် ပန်းကန်လေးထဲ ထည့်ပေးလိုက်လေသည်။
" ဟင်း...မောင့်၊ ငံပြာရည်က နည်းလိုက်တာကွာ။ နည်းနည်းထပ်ထည့်ပေးပါဦး၊ မောင်ကလည်း...လုပ်ပါကွာ နော် "
" မရဘူး၊ ပုံရိပ်။ အဲ့ထက် ပိုမစားရဘူး "
"အမလေး...ဘယ်သူ့မှ မကြောက်ရဘူး။ သူ့ကြောက်နေရတာ "
ထိုသို့ ပြန်ပတ်လိုက်တော့ သက်ဦးဇင်မှာ ပြုံးပြုံးကြီးသာ ထိုင်ကြည့်နေလိုက်တော့သည်။
" မောင့်...ဘာကြည့်နေတာလဲ စားလေ "
" ဟင် ... မောင် စားရတော့မလား "
" စားတော့လေ မောင်ရဲ့။ စိတ်မရှည်လိုက်တာနော် "
" မောင့် အသည်းတွေ ကြွေအောင် ပုံရိပ်က ပြုစားနေတာလား ဟမ်၊ မောင် ဗိုက်တောင် ပြည့်ချင်ချင် ဖြစ်သွားပြီ။ ချစ်လိုက်တာ မောင့်ပုံရိပ်ရယ်။
ပုံရိပ်ရော မောင့်ကို ချစ်လား "
မောင့်ဆီက ကြားနေကျ ချစ်စကားများသည် ပုံရိပ်အတွက် မရိုးနိုင်အောင် စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ရသည်။ တော်တော်ချစ်တတ်တဲ့ မောင် ဟူ၍ ကြည်နူးရပြန်သည်။
" မောင် စကားအရမ်း တတ်တာပဲ။ ချစ်တယ် ချစ်တယ် ဟုတ်ပြီလား "
" ဒါမှ မောင့်မိန်းမလေးကွာ "
" မောင့်...ရူးနေလား မင်း။ သူများတွေကြားသွားမယ်လေကွာ "
" ကြား ကြား ကွာ။ မောင့်ရဲ့ပုံရိပ်က မောင့်တစ်ယောက်တည်း အပိုင် မောင့်မိန်းမလေးပဲကွာ။ မဟုတ်လို့လား "
မောင်နှင့် ခွန်းတုံ့ပြန်ရန် ပုံရိပ်မှာ စကားမရှိပါ။ ခွန်းတုန့်ပြန်ရင်လည်း သူ့...မချစ်ဘူးလား ဆိုပြီး ရစ်နေမှာ ပြီးနိုင်တော့မည်မဟုတ်။ မျက်စောင်းလေးတစ်ချက်ထိုးလိုက်ပြီး ထမင်းကြော်လေးသာ စားနေခဲ့လိုက်သည်။
အသီးနှံတွေ ပါလေကာလေးနှင့် ကြော်ထားသည့်ထမင်းကြော်လေးသည် အရသာ အစပ်အဟက် တည့်စွာပင် စားကောင်းလှသည်။ ညနေပိုင်းဆို မောင်နှင့် အတူတူ ထမင်းကြော်ဆိုင်လေး မဟုတ်ရင် တစ်ဆိုင်ဆိုင် ထိုင်ပြီး ညစာစားဖြစ်ခဲ့ကြသည်။ မောင်နှင့် အတူ ဖြတ်သန်းရတဲ့ အချိန်ကာလလေးသည် ပျော်ရွှင်မှု၊ စိတ်လုံခြုံမှု၊ နွေးထွေးမှု အတိပါပင်။
" ပုံရိပ်...ရော့ ဒါက မောင် ဒီနေ့ရတဲ့ လုပ်အားခ "
ဆီဝေ့နေသည့် ပါးစပ်လေးကို တစ်ရှူးလေးနဲ့သုတ်ရင်း အိတ်ထောင်လေးထဲက ငွေတစ်ထောင်တန်အချို့ကို ထုတ်ကာ ပုံရိပ်ဆီ လှမ်းပေးလိုက်သည်။
" မောင် သုံးဖို့ရော ဖယ်ထားပြီးပြီလား "
" မောင် သုံးဖို့က ဖယ်ထားပြီးသားပါကွာ။ ဘာသုံးစရာရှိလို့လဲ မောင့်အချစ်ရဲ့။ ပုံရိပ် မနက်မနက် ချက်လာပေးတဲ့ ထမင်းချိုင့်ကလည်း အသင့်ပဲလေ။ မောင့်မှာ ဘာသုံးစရာ ရှိသေးလို့လဲ "
" သြော်...မောင်ကလည်း။ မောင် စားချင်တာလေးရှိရင် စားရအောင်ပေါ့။ မောင့် ဆေးလိပ်ဖိုး၊ ကွမ်းယာဖိုးတော့ ဖယ်ထားတယ်မလား "
" နည်းနည်းပါကွာ။ အများကြီး မယူထားပါဘူး "
မောင်က သူရှာသမျှ ပိုက်ဆံအကုန်လုံးကို ပုံရိပ်ဆီသာ အမြဲအပ်ထားခဲ့သည်။ သူ့အတွက် ဆေးလိပ်ဖိုးနဲ့ ကွမ်းယာဖိုးလောက်သာ နှစ်ထောင်လောက်ချန်ထားပြီး ကျန်တာ အကုန် ပုံရိပ်ဆီသာ ပေးထားခဲ့တာ ချစ်သူစဖြစ်ပြီး မကြာခင်ရက်ပိုင်းကတည်းကပင်။ မောင့်ရဲ့စိတ်ကူးက ပုံရိပ်နှင့်အတူတူနေဖို့ အိမ်လေးတစ်လုံးဝယ်ယူဖို့သာ ဖြစ်လေသည်။
" ပိုက်ဆံတွေလည်း တသောင်းကျော်တယ်ရော။ ဝန်တွေ အများကြီး ဆွဲလာခဲ့ပြန်ပြီမလား မောင် "
" နည်းနည်းပါ၊ Customer က ပိုပေးသွားခဲ့တာပါ မင်းကလည်း "
" ပုံရိပ်ကို လာလိမ်မနေနဲ့ မောင်။ လောဘကြီးမနေနဲ့ဦးလေ။ နားနားနေနေပေါ့။ မောင့် ကျန်းမာရေးထက် ဘယ်ဟာမှ အရေးမကြီးပါဘူး။ ပုံရိပ်အတွက်ကလေ မောင် တစ်ယောက်လုံးရှိရင်ပဲ ပြည့်စုံပါပြီ နော်... "
ရွှန်းစားရီဝေနေသည့် အကြည့်ချက်များနှင့် ပုံရိပ်မျက်နှာလေးကို မြတ်နိုးစွာ ကြည့်နေလိုက်မိသည်။
" ဒီစကားတစ်ခွန်းနဲ့တင် မောင်ရှင်သန်ရတာ အဓိပ္ပာယ်ပြည့်စုံပြီ။ စိတ်ချပါ မောင့်ပုံရိပ်လေးရဲ့။ မောင် အလုပ်လုပ်နိုင်တုန်း ကြိုးစားပြီး ငွေရှာထားတာပါ။ မောင့်ကျန်းမာရေးအတွက်လည်း သေချာဂရုစိုက်မယ်နော်။ မောင် ပုံရိပ်နဲ့ အချိန်အကြာကြီး အတူ နေချင်သေးတယ်ကွ။ မောင့်ရဲ့ အချစ်တွေနဲ့ ပုံရိပ်ကို နွေးထွေးလုံခြုံအောင် ကာကွယ်စောင့်ရှောက်မှုတွေ အများကြီးပေးချင်သေးတယ် "
ပုံရိပ် မျက်ဝန်းလေးသည် နူးညံ့စွာ ရီဝေလျက်ရှိသည်။ ပါးပြင်ထက်က အပြုံးလေးသည်တော့ တောက်ပလျက်ရှိပါ၏။
" ရှင်းမယ်ဟေ့...ညီလေး "
ကျသင့်သလောက် ပိုက်ဆံလေးကို ရှင်းပြီး ဆိုင်လေးထဲက ထွက်လာခဲ့ကြသည်။ ဆိုင်ကယ်စတန်းရှိရာရောက်တော့ ဆိုင်ကယ်ဦးထုပ်လေးကို ပုံရိပ် ခေါင်းပေါ် မေးသိုင်းကြိုးလေးတပ်ကာဆောင်းပေးလိုက်သည်။ ထို့နောက် ဆိုင်ကယ်လေး မောင်းထွက်လာခဲ့သည်။
အသုံးများနေပြီဖြစ်သည့် CZI ဆိုင်ကယ်လေးက နှစ်ကြာပြီမို့လား မသိ ဟောင်းနွမ်းနေပေသည်။
လူပျိုပေါက်အရွယ်ကတည်းက ဝယ်ထားသည်မို့ နှစ်တွေတောင် အတော်ကြာသွားသည့် ထိုဆိုင်ကယ်လေးသည် အခုထိတော့ စီးလို့ရနေသည့် အနေအထားတစ်ခုထိ ရှိနေသည်မို့ သက်ဦးဇင် ဆိုင်ကယ်ထပ်ဝယ်ဖို့ မတွေးထားမိပါ။
ဆိုင်ကယ်ဘက်မှန်လေးတစ်ဖက်ကို ပုံရိပ်မျက်နှာလေးဆီ ချိန်ထားလိုက်သည်။ နောက်တစ်ဖက်ကတော့ အနောက်ကလာသည့် ယာဥ်ကို မြင်ရအောင် ချိန်ရွယ်ထားသည်။
" ပုံရိပ် မျက်နှာလေးကို ဆိုင်ကယ်မောင်းရင်း နောက်ကြည့်မှန်လေးကနေ ကြည့်ရတာ မောင် သိပ်သဘောကျလိုက်တာပဲ "
" ပုံရိပ်လည်း အတူတူပဲ မောင်။ မောင့်မျက်နှာလေးကိုပဲ အချိန်တိုင်းကြည့်ချင်နေတော့တာ "
" ဒါနဲ့...မောင့်အချစ်က အနောက်ကထိုင်ပြီး ဘာလုပ်နေတာလဲ "
" ဘာလုပ်ရမှာလဲ။ ထိုင်နေတာလေ "
" မင်း မညစ်နဲ့ကွာ။ မောင်မေးတာ သိရဲ့သားနဲ့ "
" မောင်ကလည်း ဘာမှန်းလည်းမသိဘူး။ အဘိုးကြီးကျနေတာပဲ။ ပွစိ ပွစိနဲ့။ ပုံရိပ်က အနောက်မှာ ပါလာပါတယ်။ ဆင်းမကျန်ခဲ့ပါဘူး။ ပြုတ်လည်းမကျဘူး။ ဟုတ်ပြီလား "
" မသိဘူးကွာ။ ဆိုင်ကယ်စီးရင် မောင့်ရဲ့ခါးကို ဖက်ထားရမယ်။ စီးတိုင်းဖက်ထားရမယ်ကွာ။ နီးနီးဝေးဝေး ဖက်ထားရမယ်။ ဒါပဲ ပုံရိပ် "
" အေးကွာ...အေးကွာ။ ရော့ ရော့ ကျေနပ်ပြီလား"
လက်လေးနှစ်ဖက်ကို တင်းကျပ်နေအောင် ခါးလေးကို ဖျစ်ညှစ်လိုက်သည်။ ဘက်မှန်ထဲကနေ ရှုံ့မဲ့သွားတဲ့ မောင့်ရဲ့ မျက်နှာလေးကို မြင်တွေ့လိုက်ရတော့ ပုံရိပ် ရယ်ချင်ချင်ဖြစ်မိသွားသည်။
" ရပြီ ကျေနပ်တယ် "
* ကိုယ့်ခါးလေးကို ဖက်ထားတဲ့ ကိုယ်ချစ်ရသူရဲ့ လက်ကလေးကို ကိုင်ပြီး ဆိုင်ကယ်စီးရတာ လောကရဲ့ နိဗ္ဗာန်ဘုံပဲ...ပုံရိပ်ရ။ မင်း ဒါတွေ နားမလည်ပါဘူးကွာ။ *
နေရောင်ကွယ်သွားပြီဖြစ်သည့် ထိုညနေခင်း အချိန်အခါလေးသည် လမ်းမီးတိုင်များ တစ်စ တစ်စဖြင့် လှပစည်ဝေလျက်ရှိသည်။ ချစ်သူနှစ်ဦး၏ ထိုအချိန်အခါလေးသည် ချိုကြည်အေးမြစွာပင် ကြည်နူးရင်ခုန်ဖွယ်ရာအတိပါပင်။
* ချစ်တယ် မောင်ရယ်
ပုံရိပ် မောင့်ကို မြတ်မြတ်နိုးနိုးနဲ့ကို ချစ်တယ် *
မောင့်ကျောပြင်လေးဆီ ပါးအပ်လိုက်တော့ နွေးထွေးလုံခြုံခြင်းများသည် ပုံရိပ် ရိုးတွင်းချဉ်စီထဲထိ စိမ့်ဝင်ပျံ့နှံ့သွားတော့သည်။
💙💙💙
အပိုင်း (၄) ကို (၁၁)ရက်နေ့ ည(၇) နာရီ တင်ပေးပါမယ်ဗျ။ 🙆💙