ဆောင်းဟန်ဘင်း ယောရွန်းနှင့်ဖုန်းပြောပြီးနောက် သူမအလာကို အိမ်ကစောင့်နေလိုက်သည်။
ခဏအကြာတွင် ကားသံကြားတာမို့ သူမရောက်လာပြီမှန်း သိလိုက်ပါသည်။ ဧည့်ခန်းထဲတွင်ထိုင်စောင့်နေသည့် သူ့ကိုမြင်တာနဲ့
ယောရွန်းက သက်ပြင်းလေးချကာ ဘေး၌ဝင်ထိုင်လာသည်။
"နင်ဘာပြောစရာရှိလို့လာတာလဲ"
လေသံအား ခပ်မာမာထားကာမေးမိတော့ သူမကမျက်မှောင်အနည်းငယ်ကြုတ်ကာ ပြန်ဖြေလာသည်။
"ကျန်းဟာအို့အကြောင်းပါဆို"
"အေးလေ ပြောတော့လို့"
"ဒီနေ့ငါနဲ့ကိုကို..."
"ခဏလေး နင်တို့နှစ်ယောက်ရဲ့ ချစ်သူရည်းစားအကြောင်းတွေပြောပြမှာဆိုရင်တော့ ပြန်လိုက်တော့နော်၊ ငါအဲ့လောက်အထိ မအားနေဘူး"
"ကဲ ဆောင်းဟန်ဘင်းရယ် ကိုကိုဆိုတာကာငါနှုတ်ကျိုးနေလို့ ခေါ်မိတာ အဲ့တော့ ငါပြောမယ့်အကြောင်းအရာကိုပဲ သေချာနားထောင်စမ်းပါ"
သူမက စိတ်ကုန်သလိုလေသံဖြင့် အော်ပြောလိုက်မှသာ ဆက်မပြောတော့သည့် ဆောင်းဟန်ဘင်းက သိပ်အမြင်ကတ်စရာ။
သူမအမြင်မှာ အမြင်ကတ်စရာပင်မဲ့ သူမချစ်သူဟောင်းအမြင်မှာတော့ ထိုသို့မဟုတ်ခဲ့ဘူးထင်။
"ငါဒီနေ့ ကိုကိုနဲ့လမ်းခွဲလိုက်ပြီ"
သူမစကားကိုကြားတော့ လတ်ခနဲဖြစ်သွားတဲ့ မျက်လုံးအိမ်တွေက ပြုံးရိပ်ပင်ထင်နေမှန်း သိသာလှသည်။
ပြင်းပြင်းပြပြကို စောင့်မျှော်နေရသည့် သတင်းကိုကြားလိုက်ရသလို ပုံစံနှင့်။
မြွေမြွေချင်းခြေမြင်ခဲ့သည့် သူမ၏ထင်မြင်ချက်များက မှန်နေသည်ဟု ဆောင်းဟန်ဘင်း၏ ထိုမျက်ဝန်းများက သက်သေပြပေးလိုက်သလို ဖြစ်သွားပါသည်။
"ဆက်ပြောရရင် သူကငါ့ကိုလမ်းခွဲဖို့ပြောခဲ့တာ။ ဒီနေ့တင်ပဲ ပြတ်သွားပြီပေါ့။ ငါဘာလို့ဒီကိုလာခဲ့လဲဆိုတာက နင်တို့နှစ်ယောက်ရဲ့ ရှင်းရှင်းလေးနဲ့ရှုပ်နေတဲ့ ဇာတ်လမ်းကို ဖြည်ချပေးမလို့ပဲ"
"နင်ဘာကိုပြောချင်တာလဲ ငါနားမလည်ဘူး"
"လွန်ခဲ့တဲ့ ၂နှစ်ကျော်က ကျောင်းပွဲတော်နေ့မှာ ကိုကိုကငါ့ကိုဘာလို့ တွဲခဲ့လဲနင်သိလား၊ နင်တို့စကားဝိုင်းကနေ သူတစ်ခုခုကိုနားကြားမှားလာခဲ့တယ်ထင်ပါတယ်၊ အဲ့ဒါကြောင့် နင့်ဆီကိုမလာဘဲ ငါဖွင့်ပြောတာကိုလက်ခံခဲ့တာ"
သူမပြောတာကို ငြိမ်ကာနားထောင်နေသည့် ဆောင်းဟန်ဘင်းက အသက်ရှူနေရုံမှလွဲလျှင် လှုပ်ရှားလိုက်ခြင်းမရှိ။
"သူငါ့ကိုဒီနေ့ ပြောပြတဲ့အကြောင်းအရာတွေထဲမှာ ချစ်သူသတ်တမ်းတစ်လျှောက်လုံး မိတ်ဆွေညီမလေးထက်မပိုခဲ့ကြောင်း၊ ငါ့အဖေကြောင့် သူစိတ်ကျဉ်းကျပ်ခဲ့ရကြောင်းတွေပဲ ပါတယ်။
နင်ထင်နေသလို ကိုကိုကငါ့ကိုချစ်တာမဟုတ်ဘူး၊ ဘယ်တုန်းကမှလည်း မချစ်ခဲ့ဘူး"
"နင်က ဘယ်လိုသေချာသိနေရတာလဲ"
"အဲ့လိုမျိုးအထိ ကိုကိုကထုတ်မပြောပင်မဲ့ ငါခံစားမိနေတာ။
သူဘယ်တုန်းကမှ ငါ့ကိုသာမန်ထပ်ပိုပြီး ဂရုစိုက်ခဲ့တာမျိုးမရှိဘူး။ သူသာမန်ထက်ပိုဂရုစိုက်ခဲ့တာ နင်တစ်ယောက်ပဲရှိတယ်ဆောင်းဟန်ဘင်း။ ဒါကိုဘေးကကြည့်နေတဲ့ လူတိုင်းသိတယ်"
"နင်ဘာတွေပြောနေတာလဲ ယောရွန်း"
"နင်က ကိုကိုငါ့ကိုချစ်တယ်လို့ ထင်နေပြီး ကိုကိုကကျပြန်တော့လည်း နင်ကငါ့ကိုချစ်တယ်လို့ ထင်နေတာ။ နင်တို့နှစ်ယောက်က ရှင်းနေတဲ့အကြောင်းအရာတစ်ခုကို နှစ်နဲ့ချီပြီးပိုရှုပ်အောင် လုပ်နေကြတာ သိရဲ့လား။ ကိုကိုတကယ်ချစ်တာက နင့်ကို ဆောင်းဟန်ဘင်းရဲ့"
သူမရဲ့ဖြေရှင်းချက်ကြောင့် နေပြန်ကောင်းခါစ ဆောင်းဟန်ဘင်းမှာ ခြေဖျားလက်ဖျားများ အေးစက်လာရသည်။
သူနဲ့ ကျန်းဟာအိုဟာ အပြန်အလှန်ချစ်ခဲ့ကြသည် တဲ့လေ။
ဘာကြောင့်များနှစ်နဲ့ချီတဲ့အထိ အဲ့နေ့ကကိစ္စတွေကို သူအစမဖော်ခဲ့မိတာလဲ။
"ဒါဆို ဟာအိုကငါ့ကို..."
"ဘေးနားက ကြည့်နေရတဲ့ငါတို့က သေချာကြီးမြင်နေရတယ်ဆောင်းဟန်ဘင်း၊ နင်နေမကောင်းဖြစ်တာသိတုန်းကလည်း သုံးနာရီလောက်ဝေးတဲ့ နေရာကနေ ဆိုးလ်ကို ချက်ချင်းပြန်သွားတာ။ ငါ့အဖေနဲ့လည်းစကားများခဲ့သေးတယ် ဒီတစ်လျှောက်လုံး သူအမြဲသည်းခံခဲ့တဲ့ ငါ့အဖေကိုတောင် စကားပြတ်ပြတ်ပြောသွားတာ။ နင်နေမကောင်းဖြစ်နေကြောင်း ဖုန်းဆက်တာကို သူ့ကိုမပြောလို့တဲ့လေ"
"ငါဘာလို့ ဒါတွေလာပြောပြနေရလဲဆိုရင် နင်တို့ချင်းသာဆို ဘယ်တော့မှဖြေရှင်းဖြစ်မှာ မဟုတ်လို့ပဲ။ ကိုကိုကနင့်ကို ဒီအကြောင်းတွေ ပြန်မပြောဖို့ငါ့ကိုသေချာမှာခဲ့တာ။ ဒါပင်မဲ့ နင်တို့နှစ်ယောက်ကို ငါသနားလာလို့။ ဇာတ်ရှုပ်ကြီးကို ပိုရှုပ်အောင်ကိုယ်တိုင်လုပ်နေကြတဲ့သူတွေ ဆိုပြီး မြင်နေရတဲ့ငါက မနေနိုင်တော့လို့ နင့်ကိုအမြင်ကတ်ပင်မဲ့လည်း လာပြောနေရတာ"
"နင့်ကိုကျေးဇူးတင်ပါတယ်။ တစ်လျှောက်လုံးအမြင်မကြည်ခဲ့မိတာတွေအတွက်လည်း တောင်းပန်တယ်။ နင်သာမပြောရင် ငါနဲ့သူကထပ်ပြီး နီးရက်နဲ့ဝေးနေဦးမှာ"
"အင်း ငါအစတည်းကခံစားမိခဲ့ပင်မဲ့ ကိုကိုထုတ်ပြောလာတဲ့အချိန်အထိ စောင့်နေတာ။ အခုကိုကိုကလည်း ထုတ်ပြောလာပြီဆိုတော့ ငါဝင်ပါသင့်တယ်ထင်လို့"
"ဒါနဲ့ နင်ရောအဆင်ပြေရဲ့လား"
"အစတည်းက ငါကကိုကို့ကို ကြိုက်ရုံပဲကြိုက်ခဲ့တာ ဟန်ဘင်းရဲ့
ချောပြီး အစစအရာရာပြည့်စုံတဲ့သူနဲ့ တွဲနေရတော့ ပျော်တယ်လေ အဲ့လောက်ပါပဲ နင့်လိုမျိုး အထက်တန်းကို ၂နှစ်ကျအောင် ဖြေရတဲ့အထိတော့ မဟုတ်ဘူးပေါ့"
ဆောင်းဟန်ဘင်းက သူမစကားကိုကြားတော့ အံ့ဩသွားတဲ့ပုံ။
တကယ်ပဲ မိန်းမတွေရဲ့အာရုံခံစားနိုင်စွမ်းက တော်ရုံမဟုတ်ဘူးလို့ ဟန်ဘင်းတွေးလိုက်မိသည်။
"နင်တို့ မိန်းကလေးတွေရဲ့ ခြောက်ခုမြောက်အာရုံကိုတော့ တကယ်လက်လန်တယ်"
ထို့နောက်သူတို့နှစ်ယောက် ပြိုင်တူရယ်မိကြသည်။
အတန်းဖော်သူငယ်ချင်းဖြစ်ခဲ့သော်လည်း ကျောင်းသို့လာသည့် တရုတ်ကောင်လေးအား ကြိုက်မိ၍ မသိမသာရန်သူဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါပဲ။
အခုတော့ အချင်းချင်းပြုံးရယ်ပြီး စကားပြောနိုင်ခဲ့သည်။
ဧည့်ခန်းထဲတွင် ပြုံးရယ်နေသည့် နှစ်ယောက်ကိုကြည့်ပြီး
အိမ်ထဲဝင်လာတဲ့ ခြေလှမ်းတွေဟာ အပြင်ဘက်သို့ ခပ်သွက်သွက်ပြန်ထွက်သည်ကိုတော့ သူမတို့နှစ်ယောက်လုံး သတိမထားမိခဲ့ပါ...။
...
ယောရွန်းနှင့်စကားပြောပြီးသည့် အချိန်မှစ၍ ကျန်းဟာအိုဟာဘာကိုနားကြားမှားခဲ့လို့ သူနဲ့အခုလိုလွဲခဲ့ရတာလဲ ဆိုတာ
ဟန်ဘင်းအကြိတ်အနယ် စဉ်းစားခဲ့သည်။
ပထမ တစ်ရက်။
စဉ်းစား၍မရပါ။ ကျန်းဟာအိုလည်း သူ့ဆီမလာပါ။
ဒုတိယ တစ်ရက်။
သူငယ်ချင်းတွေနဲ့ ကျန်းဟာအိုအား ဖွင့်ပြောမည့်အကြောင်း ပြောနေတာထင်သည်။
ထိုမျှစဉ်းစားရခဲ့သော်လည်း ကျန်းဟာအိုသူ့ဆီမလာပါ။
အိမ်သို့သွားတော့လည်း မှောင်နေသည့်အခန်းနှင့် ပိတ်ထားသည့်တံခါးက စည်းကြိုနေသည်။
တတိယ တစ်ရက်။
ကျန်းဟာအို ဒီနေ့လည်းမလာသေးပါ။မေမေပြောတာတော့ ယောရွန်းနှင်ြသူ စကားပြောသည့်နေ့က ကျန်းဟာအိုအိမ်ကိုလာသွားပါသည်တဲ့။
ဒီနေ့လည်း ဖုန်းဆက်၍မရသလို အိမ်တံခါးမှာလည်း ပိတ်ထားဆဲဖြစ်သည်။
သုံးရက်စောင့်အပြီးမှာတော့ မနေနိုင်သည့် ဆောင်းဟန်ဘင်းကပဲ ကျန်းဟာအို၏ အခန်းရှေ့တွင် စောင့်နေတော့သည်။
ကျန်းဟာအိုဟာ ထပ်ပြီးသူနှင့်ယောရွန်းကို အထင်လွဲသွားတာ ဖြစ်ရမည်။
ဒါပင်မဲ့ အခုလို ၃ရက်လုံး မျက်နှာလာမပြတော့တာကျ ဆောင်းဟန်ဘင်းမှာရင်ပူရသည်။
နေ့လည်တည်းက ရောက်နေသည့် ဟန်ဘင်းက ညနေအထိမပြန်သေး၊ ဘာလို့ဆို မှောင်မဲနေအောင် မီးပိတ်ထားသည့် အခန်းထဲတွင် သူ့နို့ပူတင်းလေးရှိနေမှန်း ဟန်ဘင်းသိနေသည်။
သူလာမှာကြိုသိလို့ သူ့ကိုလှည့်စားထားမှန်းကိုလည်း လှုပ်သွားတဲ့ ပြတင်းပေါက်လိုက်ကာလေးက ထောက်ခံပေးနေသည်။
ထို့ကြောင့် ပိတ်ထားသည့်အခန်းတံခါးရှေ့တွင် ကျန်းဟာအိုလေး နာမည်အား အော်ကာရပ်စောင့်နေမိတော့သည်။
"ဟာအို..ကျွန်တော်ပါ"
"တံခါးဖွင့်ပေးပါဦး ဟာအိုအထဲမှာရှိမှန်း ကျွန်တော်သိတယ်"
"ဟာအို ထင်နေသလိုမဟုတ်တာ သေချာတယ်၊ ကျွန်တော်ရှင်းပြပါ့မယ်"
"မထွက်လာရင် ကျွန်တော်ဒူးထောက်ပြီး စောင့်နေမှာနော်ဟာအို"
"မယုံဘူးလား ရတယ်လေ သက်သေပြမယ်"
ပိတ်ထားသည့် တံခါးအားကြည့်ကာ အခန်းထဲသူကြားစေဖို့ ဟန်ဘင်းအသံကုန်သုံး၍ အော်မိသည်။ သေချာပေါက်ကြားရမယ်မှန်းသိနေသော်လည်း ပြန်မဖြေလာပုံကိုကြည့်လျှင် တကယ်စိတ်ဆိုးနေသည့်ပုံ။
ဘယ်အချိန်တံခါးလာဖွင့်မလဲ မသိပင်မဲ့ ကိုယ့်အပြစ်နဲ့ကိုယ်မို့ အခန်းတံခါးရှေ့ ဒူးလေးထောက်ကာ စောင့်နေရတော့သည်။
၁နာရီအကြာ။ တံခါးပွင့်မလာပါ။
၂နာရီအကြာ။ တံခါးမဖွင့်လာသေးပါ။
၃နာရီအကြာ။ ဖွင့်ပေးမည့်ပုံ မပေါ်သည့်တံခါးလေးအား
ကြည့်ကာဒူးထောက်ထိုင်ချထားဆဲ။
၄နာရီအကြာ။ ဒူးတွေအရမ်းထုံကျဉ်နေပါပြီ၊ ဒါပင်မဲ့ ကျန်းဟာအိုစိတ်ဆိုးပြေဖို့က ပိုအရေးကြီးသည်။
၅နာရီအကြာ။
"ဂျွီ"
အချိန်အားဖြင့် ည၈နာရီကျော်။ ပွင့်လာသည့်တံခါး၏ နောက်တွင် ပေါ်လာသည်က ၃ရက်တာ ဟန်ဘင်းလွမ်းနေရသည့် မျက်နှာလေး။
အနည်းငယ်မို့အစ်နေသည့် မျက်လုံးအိမ်လေးက သူငိုထားပါတယ် ဆိုတာကို ဖော်ပြနေသလို။
မဲ့နေသည့် နို့ပူတင်းလေးလို မျက်နှာလေးအားတွေ့တော့ ပြုံးမိကာ ထိုင်ရာကထမည်အလုပ် ကျဉ်တက်သွားတဲ့ ဒူးဆစ်တွေကြောင့် ကြမ်းပြင်ပေါ်ပြန်ကျလာတော့ နို့ပူတင်းဂိုက်ဆရာက သူ့လက်မောင်းလေးအား လှမ်းဆွဲပေးရှာသည်။
စကားတစ်ခွန်းမှမပြောဘဲ အိမ်ထဲခေါ်လာသည့် ကျန်းဟာအို၏အလိုကျ ဘာမှမပြောဘဲ တွဲနေသည့်ကိုယ်လေးအား အသားယူဖက်ကာ အိမ်ထဲဝင်လာခဲ့လိုက်သည်။
"မင်းက အရမ်းခေါင်းမာတာပဲ"
"ဟာအိုကို မမှီပါဘူး"
"ဘာပြောမှာလဲ ပြောစရာရှိတာပြောပြီးရင် ပြန်တော့"
"၅နာရီနီးပါးလောက် ဒူးထောက်ထားရတဲ့လူကို ဒီလိုမျိုးရက်ရက်စက်စက်ပြန်လွှတ်နေတာလား"
"ဘယ်သူကဒူးထောက်ခိုင်းလို့လဲ မင်းဘာ့မင်းဒူးထောက်တာလေ။ ပြီးတော့ ၅နာရီလောက် ဒူးထောက်နေရအောင် အရူးလား"
"အဲ့လိုမှမလုပ်ရင် ဟာအိုကကိုယ့်ကိုပစ်ထားမှာလေ"
ထိုသို့ပြောတော့ ပါးလေးတွေရဲတက်သွားသည့် ကျန်းဟာအိုပါလေ။ သူ့ထက် တစ်နှစ်နီးပါးကြီးတယ်လို့ ဘယ်နေရာကမှ မထင်ရတာ။ ကျန်းဟာအိုက ဟန်ဘင်းမျက်လုံးထဲမှာတော့ အမြဲတမ်းပုစုကရုလေးလိုပင်။ ဘာလုပ်လုပ်ချစ်ဖို့ကောင်းသည်။
အခုလည်း သူ့ကိုယ်သူ ကိုယ် လို့သုံးမိတော့ ရှက်သွားပါလေရဲ့။
"ကိုယ်ရှင်းပြတာကို သေချာလေးနားထောင်းပေးပါ။ အခုမှမရှင်းရင် ကိုယ်တို့ဒီထက်ပိုပြီး ရှုပ်ထွေးအောင်လုပ်မိနေကြဦးမှာ"
"ဘာ ကိုရှင်းပြမှာလဲ"
"လွန်ခဲ့တဲ့ ၂နှစ်ကျော်တုန်းက ကျောင်းပွဲတော်နေ့ကအကြောင်း"
_06.06_