ဖြူဖျော့ကာ အေးစက်နေသည့် ရှေ့ကကိုယ်လေးအား ကြည့်ကာ ကျန်းဟာအိုခေါင်းထဲ ဗလာကျင်းနေပါသော်လည်း သူယခုလိုထိုင်နေ၍မဖြစ်ပါ။
အသိဆရာဝန်အား ဖုန်းဆက်ခေါ်ကာ ဟန်ဘင်းကိုယ်လေးအား စောင်အထပ်ထပ်ဖြင့် ခြုံပေးလိုက်သည်။
ထပ်ပြီး ဟန်ဘင်းဘေးနားတွင် ထိုင်၍လက်များကို စောနကပုံစံအတိုင်း အုပ်ကိုင်ထားပြန်သည်။
အေးစက်နေသည့်လက်ကလေးဟာ သူ့လက်ဖဝါးဆီက အနွေးဓာတ်ကို ခံစားမိရင် ကောင်းမှာပါ။ဘာလို့ ဒီလိုမျိုးဖြစ်ရတာလဲ ဟန်ဘင်းရယ်။
ဘာလို့ ဒီလိုပုံစံနဲ့ ငါ့ကိုကြိုရတာလဲ။
ရင်ဘတ်ထဲမှာ ပူလောင်လွန်းလို့ ကျန်းဟာအိုအခုပင် ရူးသွားတော့မည်ထင်ပါသည်။ဆရာဝန်ရောက်လာသည်နှင့် ထိုင်ရာမှထကာ နေရာဖယ်ပေးလိုက်ပြီးနောက် အနောက်ဘက်နားက နေရာလွတ်လေး၌ ရပ်၍ကြည့်နေပြန်သည်။
စမ်းသပ်မှုပြုလုပ်ပြီးသည့်နောက်တွင် ဆရာဝန်ထံမှ ဆေးချိတ်ရန်လိုအပ်သည် ဟူသည့် စကားကြောင့် ကျန်းဟာအို ဘေးမှ ဆေးချိတ်ဖို့အတွက် ကူညီပေးမိသည်။ဆေးချိတ်မှုပြီးဆုံးသည်နှင့် ထိုဆရာဝန်က ပျာယာခတ်ကာ အယောင်ယောင်အမှားမှားဖြစ်နေသည့် ကျန်းဟာအို၏ပုံစံကို အံ့ဩသလိုကြည့်ကာ သက်ပြင်းချလိုက်သည်။
ကျန်းဟာအို ကိုရီးယားကိုရောက်လာပြီး နှစ်လလောက်မှာပင် သူကျန်းဟာအိုနှင့် သိခဲ့တာဖြစ်သည်။
ကျန်းဟာအို၏ ယခုလိုပုံစံကိုပထမဆုံးမြင်ဖူးခြင်းဖြစ်၍ အံ့ဩမှင်သက်သွားရသည်။
နေမကောင်းဖြစ်နေသည့် ထိုကောင်လေးဟာ ကျန်းဟာအိုအပေါ်ထိုမျှအထိတောင် လွှမ်းမိုးနိုင်သည်လား။"ကျန်းဟာအို"
"ဟန်ဘင်းက ဘာဖြစ်တာလဲဒေါက်တာ"
"လွန်လွန်ကဲကဲအအေးပက်တာမျိုးပါ။ ကျန်းဟာအိုလာတဲ့အချိန်မှာ သူဘယ်နားမှာရှိနေတာလဲ"
"ရေ..ရေချိုးခန်းထဲမှာပါဒေါက်တာ၊ ရေပန်းကိုအဆုံးထိ..အဆုံးထိဖွင့်ချထားတာ"
"ဘယ်နှစ်နာရီကြာအောင်များ ရေပန်းအောက်မှာ နေခဲ့သလဲမသိဘူး။ သူ့ကိုယ်က အရမ်းကိုအေးစက်နေတာ၊ တကယ်ဆို ကျွန်တော့်ကို ခေါ်လိုက်တာထက် ဆေးရုံသွားတာကမှ ပိုသင့်တော်သေးတယ်"