ဖြူဖျော့ကာ အေးစက်နေသည့် ရှေ့ကကိုယ်လေးအား ကြည့်ကာ ကျန်းဟာအိုခေါင်းထဲ ဗလာကျင်းနေပါသော်လည်း သူယခုလိုထိုင်နေ၍မဖြစ်ပါ။
အသိဆရာဝန်အား ဖုန်းဆက်ခေါ်ကာ ဟန်ဘင်းကိုယ်လေးအား စောင်အထပ်ထပ်ဖြင့် ခြုံပေးလိုက်သည်။
ထပ်ပြီး ဟန်ဘင်းဘေးနားတွင် ထိုင်၍လက်များကို စောနကပုံစံအတိုင်း အုပ်ကိုင်ထားပြန်သည်။
အေးစက်နေသည့်လက်ကလေးဟာ သူ့လက်ဖဝါးဆီက အနွေးဓာတ်ကို ခံစားမိရင် ကောင်းမှာပါ။
ဘာလို့ ဒီလိုမျိုးဖြစ်ရတာလဲ ဟန်ဘင်းရယ်။
ဘာလို့ ဒီလိုပုံစံနဲ့ ငါ့ကိုကြိုရတာလဲ။
ရင်ဘတ်ထဲမှာ ပူလောင်လွန်းလို့ ကျန်းဟာအိုအခုပင် ရူးသွားတော့မည်ထင်ပါသည်။
ဆရာဝန်ရောက်လာသည်နှင့် ထိုင်ရာမှထကာ နေရာဖယ်ပေးလိုက်ပြီးနောက် အနောက်ဘက်နားက နေရာလွတ်လေး၌ ရပ်၍ကြည့်နေပြန်သည်။
စမ်းသပ်မှုပြုလုပ်ပြီးသည့်နောက်တွင် ဆရာဝန်ထံမှ ဆေးချိတ်ရန်လိုအပ်သည် ဟူသည့် စကားကြောင့် ကျန်းဟာအို ဘေးမှ ဆေးချိတ်ဖို့အတွက် ကူညီပေးမိသည်။
ဆေးချိတ်မှုပြီးဆုံးသည်နှင့် ထိုဆရာဝန်က ပျာယာခတ်ကာ အယောင်ယောင်အမှားမှားဖြစ်နေသည့် ကျန်းဟာအို၏ပုံစံကို အံ့ဩသလိုကြည့်ကာ သက်ပြင်းချလိုက်သည်။
ကျန်းဟာအို ကိုရီးယားကိုရောက်လာပြီး နှစ်လလောက်မှာပင် သူကျန်းဟာအိုနှင့် သိခဲ့တာဖြစ်သည်။
ကျန်းဟာအို၏ ယခုလိုပုံစံကိုပထမဆုံးမြင်ဖူးခြင်းဖြစ်၍ အံ့ဩမှင်သက်သွားရသည်။
နေမကောင်းဖြစ်နေသည့် ထိုကောင်လေးဟာ ကျန်းဟာအိုအပေါ်ထိုမျှအထိတောင် လွှမ်းမိုးနိုင်သည်လား။
"ကျန်းဟာအို"
"ဟန်ဘင်းက ဘာဖြစ်တာလဲဒေါက်တာ"
"လွန်လွန်ကဲကဲအအေးပက်တာမျိုးပါ။ ကျန်းဟာအိုလာတဲ့အချိန်မှာ သူဘယ်နားမှာရှိနေတာလဲ"
"ရေ..ရေချိုးခန်းထဲမှာပါဒေါက်တာ၊ ရေပန်းကိုအဆုံးထိ..အဆုံးထိဖွင့်ချထားတာ"
"ဘယ်နှစ်နာရီကြာအောင်များ ရေပန်းအောက်မှာ နေခဲ့သလဲမသိဘူး။ သူ့ကိုယ်က အရမ်းကိုအေးစက်နေတာ၊ တကယ်ဆို ကျွန်တော့်ကို ခေါ်လိုက်တာထက် ဆေးရုံသွားတာကမှ ပိုသင့်တော်သေးတယ်"
"ကျွန်တော်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားလို့ပါ
ခေါင်းထဲမှာ ဒေါက်တာ့အပြင်လည်း မတွေးမိဘူး"
"ပုံစံအနေအထားကို ကြည့်ရတာနဲ့တင် နာရီတော်တော်ကြာကြာအအေးမိထားပုံပေါ်ပါတယ်။ ဒီ့ထက်သာ နောက်ကျသွားရင် စိုးရိမ်စရာပဲ"
"အခုကရောဟင် သူဘယ်တော့ပြန်သတိရလာမှာလဲ။ ပုံမှန်အပူချိန်ပြန်ရလာအောင် ကျွန်တော်ဘာလုပ်ပေးရမလဲ"
"ဆေးချိတ်ထားတာကြောင့် သက်သာလာမှာပါ။ ဒါပင်မဲ့ နာရီနဲ့ချီပြီးတော့ ကြာလိမ့်မယ်ထင်တယ်"
"ပျမ်းမျှအားဖြင့် ဘယ်နှစ်နာရီလောက်လဲ ဒေါက်တာ"
"၁၃နာရီကနေ ၂၄နာရီအထိဖြစ်နိုင်ပါတယ်"
ထိုစကားကိုကြားတော့ အခုမှတိတ်မယ့်မျက်ရည်တွေဟာ ပြန်၍ ဝေ့ဝဲတက်လာရသည်။
၁၃နာရီကနေ ၂၄နာရီအထိ ကြာနိုင်ပါသည် တဲ့လေ။
ဒီနာရီပေါင်းများစွာကို ရသမျှဘုရားစာအကုန်ရွတ်ရင်း ကျန်းဟာအိုဖြတ်သန်းရတော့မှာပေါ့။
ဘယ်လိုလုပ်မလဲ ရုတ်တရက်အပြစ်မကင်းသလို ခံစားချက်ကြောင့် ကျန်းဟာအိုတကယ်ပင် ရူးသွားတော့မည်ထင်သည်။
ယောရွန်းကို အဲ့လောက်ထိချစ်တာလား ဟန်ဘင်းရယ်။
မင်းကိုယ်မင်း အထိခိုက်ခံရလောက်တဲ့အထိ ချစ်တာပဲလား။
လူဆိုးလုပ်နေတုန်းပဲ ဆောင်းဟန်ဘင်းက..။
ငါ့ကို ဘယ်လိုများလုပ်စေချင်တာလဲ။
မင်းဘယ်သူ့ကို မျှော်လဲသိပင်မဲ့ ငါပဲအရင်ရောက်လာခဲ့ရပြီး ငါပဲမင်းအတွက် ပူလောင်နေရတယ်။
ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် မင်းထိခိုက်နာကျင်ရတာဆိုရင် ငါကအနားမှာနေပြီး အဲ့ဝေဒနာတွေကို ကုစားပေးမယ်။
မင်းနှလုံးသားက ဒဏ်ရာကိုတော့ အားနာပင်မဲ့လည်း လျစ်လျှူရှုထားဦးမယ်။
ခေါင်းမာလွန်းတဲ့ ကျန်းဟာအိုပါပဲ။ သူ့ခေါင်းမာမှုတွေက အချစ်တစ်ခုတည်းအတွက်ဖြစ်ပါတယ်။
အဲ့နေ့က သူ့ကိုမုန်တိုင်းရှိတယ်လို့ ညာပြောပြီး အိမ်ပြန်လိုက်ပို့ခဲ့တဲ့ကောင်လေးကို ကျန်းဟာအိုက ဦးနှောက်ထဲမှာရော ရင်ထဲအသည်းထဲမှာပါ စွဲစွဲမြဲမြဲမှတ်မိခဲ့တယ်။
လက်ရှိအချိန်မှာ အကြောင်းအရာအားလုံးကို ဘေးချိတ်ထားပြီး ဟန်ဘင်းအမြန် သတိပြန်ရလာဖို့ကို ဆုတောင်းနေရသည်။
ဖြစ်နိုင်လျှင် အနားမှတစ်ဖဝါးမျှ မခွာချင်သော်လည်း နိုးလာလျှင် ဗိုက်ဆာနေမှာစိုး၍ ဟန်ဘင်းကြိုက်သည့် ကြက်သားဆန်ပြုတ်ကိုလည်း ထပြုတ်ရသေးသည်။
ကျန်းဟာအိုမှာသာ "နိုးလာရင်" ဆိုသည့် မျှော်လင့်ချက်ကို လက်ကိုင်ထား၍ ထိုင်စောင့်နေရပါသော်လည်း ဟန်ဘင်းအိပ်နေသည်မှာ ၇နာရီနီးပါးပင် ရှိတော့မည်။
ကုတင်ဘေးသို့ တင်ပါးလွှဲထိုင်ရင်း ဖြူစုတ်နေရာမှ အနည်းငယ်သွေးရောင်သန်းလာသည့် မျက်နှာလေးအား ဘယ်နှစ်ကြိမ်မြောက်မှန်းမသိကာပင် စိုက်ကြည့်မိသည်။
ထပ်ပြီး ရစ်သီလာသည့်မျက်ရည်ဥတွေဟာ ရွာချဖို့အတွက် ဟန်ပြင်နေသည့်ပုံနှင့်။
လက်ဖဝါးတစ်ဖက်အား သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်မိတော့ ယခင်အေးစက်နေသည့်လက်ဖဝါးမှ အနည်းငယ်အနွေးဓာတ်ကို ခံစားမိမှသာ ကျန်းဟာအိုရင်ထဲ တစ်ပူအေးသွားသလို။
အခုထိပွင့်မလာသေးသည့် မျက်ခွံလေးအား မျက်ရည်များကြားကပင် ကျန်းဟာအိုစိတ်ကောက်စွာ နမ်းပစ်မိသည်။
စစတွေ့ချင်း၌ ပြာနှမ်းနေသည့် နှုတ်ခမ်းတစ်စုံမှာလည်း ယခုမှာတော့ ပင်ကိုအရောင်ဆီကူးပြောင်းလို့လာပြီ။
"ငါ့ကို ငိုရအောင်လုပ်လို့ မင်းကိုနမ်းပစ်မယ်"
ပြောရင်းနှင့်ပင် နှုတ်ခမ်းပါးပါးဆီ နီးကပ်လာသည့်
နှင်းဆီဖူးသဏ္ဍန်နှုတ်ခမ်းများ။
ဖွဖွကလေးထိကာ အချိန်အနည်းငယ်လောက်အထိ ဖိကပ်ထားမိသည်။
"မိန်းကလေးဘယ်နှစ်ယောက်ကိုများ ဒီနှုတ်ခမ်းလှလှလေးနဲ့ နမ်းခဲ့ပြီးပြီလဲဟမ်။ မင်းကလေ တကယ့်လူဆိုးကောင်"
"ငါ့ကိုအမြဲတမ်း အဲ့လိုလုပ်တယ်။ ဘာလို့ ယောရွန်းကို ချစ်ရတာလဲ။ ဘာလို့ ငါ့ကိုမချစ်ရတာလဲ"
ငိုမနေသော်လည်း ငိုသံစွတ်ကာပြောနေသည့် ကျန်းဟာအိုက
မကြာခင် ပြိုကျတော့မည့် တိမ်စိုင်လေးလို။
ဟန်ဘင်းမျက်နှာကို အပေါ်စီးကနေ စေ့စေ့ကြည့်၍ ၂နှစ်ကျော်အတွင်း မကျေနပ်ချက်တွေကို အတိုးချကာ ပြောဆိုပစ်နေတော့သည်။
ဘုရားစူး... ၂၃နှစ်သားပါပဲ။
ဆောင်းဟန်ဘင်းနဲ့ ပတ်သက်ရင်တော့ ထိလွယ်ရှလွယ်..။
မျက်စိရှေ့မှာ အိပ်ပျော်နေတဲ့ ချစ်ရသူဟာ အခုထိအိပ်စက်နေတုန်းပဲ။ အိပ်ပျော်ချိန်ဟာ ၁၃နာရီနီးပါးအထိ ကြာမြင့်ခဲ့ပြီ။
ကျန်းဟာအိုမှာတော့ ဆုတောင်းရုံမှတစ်ပါး အခြားမရှိ။
ဟန်ဘင်းဘေးနားမှာ မခွာစတမ်းနေဖို့ပဲ သူတတ်နိုင်ပါသည်။
"မနက်ရောက်လာရင် နိုးလာပေးပါတော့ ဟန်ဘင်းရယ်၊ ငါ့ကိုခံနိုင်ရည်မရှိအောင် မလုပ်ပါနဲ့။ ငါမင်းစိတ်ကြောင့် အိပ်ပျော်ဖို့တောင် ကြိုးစားလို့မရနိုင်ဘူး ဖြစ်နေပြီ"
မသိလျှင် ဟန်ဘင်းဟာ အပူပင်ကင်းကင်းအိပ်နေသည့် ကလေးငယ်လေးပမာ။
နဖူးနားမှာ ဝဲနေတဲ့ ရှေ့ဆံပင်လေးတွေကို ဘေးဖယ်ပေးရင်း နဖူးပြေပြေလေးကိုလည်း အနမ်းခြွေချမိသည်။
ရက်ပေါင်းရှစ်ရာကျော် မြိုသိပ်ခဲ့ရသည့် အကြင်နာချစ်ခြင်းတွေဟာ မျက်စိရှေ့တွင် ချစ်ရသူအသည်းအသန်ဖြစ်ခါမှ ပွင့်အံထွက်လာရသလိုပဲ။
အနွေးဓာတ်ရှိနေပြီဖြစ်တဲ့ လက်ဖဝါးလေးကိုလည်း ထပ်၍ထပ်၍နွေးထွေးစေရန် ဆုပ်ကိုင်ထားပေးချင်သည်။
ကျန်းဟာအိုအတွက် ဘယ်အချိန်ကြည့်ကြည့် လမင်းလေးသဖွယ်အေးချမ်းရသည့် မျက်နှာလေးကိုလည်း တစိမ့်စိမ့်ကြည့်ချင်သည်။
အမြဲတမ်းအေးဆေးကာ တည်ငြိမ်တတ်သည့် သူ့ဂိုက်ဆရာ၏ စိတ်ထဲတွင် ဘာတွေရှိနေသလဲ ဆိုတာကို ဆောင်းဟန်ဘင်းသာသိခဲ့ရင် အံ့ဩသွားလောက်သည်။
ဂိုက်ဆရာ၏စိတ်ထဲတွင် ဆောင်းဟန်ဘင်းဟာ ကျန်းဟာအို့အပိုင် ဖြစ်လာလျှင် ဆိုသည့်အတွေးကို မတွေးခဲ့သည့်ရက်ဟူ၍ တစ်ရက်မှပင်မရှိ။
...
မနက်လေးနာရီလောက်ကမှ မှေးခနဲအိပ်ပျော်သွားသည့် ကျန်းဟာအိုမှာ နှစ်နာရီကြာအိပ်ပြီးနောက် ပြန်နိုးလာပြန်သည်။
ကုတင်ပေါ်တွင် လှဲနေသည့်သူဟာ မလှုပ်မယှက်အိပ်ပျော်နေဆဲ။
သူ့လက်တွေ၏ ဆုပ်ကိုင်ခြင်းကို ခံထားရသည့် ဆောင်းဟန်ဘင်း၏လက်တစ်ဖက်ဟာလည်း ချွေးအနည်းငယ်ပင် ဆို့၍နေသည်။
လက်တစ်ဖက်ဖြင့် ပါးပြင်လေးအားကိုင်ကာ ကိုယ်အပူချိန်စမ်းကြည့်မိတော့ ပုံမှန်အပူချိန်အတိုင်း ပြန်ဖြစ်သွားပြီမို့ ကျန်းဟာအိုဟာ သက်ပြင်းရှည်တစ်ခုကို ချလိုက်မိတော့သည်။
အခု..ပြန်နိုးလာဖို့ပဲလိုတော့တယ်။
ရေပတ်တိုက်ပေးရန်အတွက် လိုအပ်သည့်ပစ္စည်းများယူရန် ကျန်းဟာအို ဟန်ဘင်းလက်အားလွှတ်ကာ ထွက်လာခဲ့သည်။
မီးဖိုချောင်ထဲတွင် ရေပတ်တိုက်ရန် ရေနွေးတည်ပြီးနောက် သောက်မည့်သူ နိုးမလာသည့်အတွက် မကောင်းတော့သည့် ကြက်သားဆန်ပြုတ်အား သွန်ပစ်ကာ အသစ်ထပ်ပြုတ်ရန် ပြင်ဆင်ရပြန်သည်။
ကြက်သားများအား ဆေးကြောပြီးနောက် ဆန်ပြုတ်တည်နေတုန်း ခြေသံခပ်ဖွဖွအား ကြားမိတာကြောင့်
မျှော်လင့်ကြီးစွာနောက်ကို လှည့်ကြည့်လိုက်တော့ ကျန်းဟာအိုဟာ သဲကန္တာရထဲတွင် အိုအေစစ်ကလေးရှာတွေ့သွားရသလို၊
ဝင်းလတ်သွားတဲ့ မျက်လုံးလေးတွေက တစ်ခဏချင်းမှာပဲ အရည်ကြည်တွေဝေ့သီလို့ ပုလဲလုံးလေးများဟာ တစ်ပေါက်ချင်း မြေပြင်ပေါ်ကိုကျဆင်းတယ်။
သူရှိနေသည့်နေရာမှ ဆယ်လှမ်းအကွာတွင် ရပ်နေသည့် ဆောင်းဟန်ဘင်းဟာ ကျန်းဟာအိုလဲပေးထားသည့် အဖြူရောင်အင်္ကျီလက်ရှည်နှင့် အနက်ရောင်စတိုင်ပန်ကို ဝတ်ထားသည်။
ခြေလှမ်းအနည်းငယ်အကွာတွင် ရှိနေသည့် သူဆီသို့ ကျန်းဟာအိုသွားကာ ဖက်မိသည်။
ပြေးသွားမိသလား သူကိုယ်တိုင်လည်းမသိပါ၊ လမ်းလျှောက်မသွားသည်မှာတော့ သေချာပါသည်။
လွမ်းနေရသည့် သူအား ပုခုံးထက်မှနင့်သီးစွာ ဖက်ထားမိတော့
ထိုသူ၏လက်များက သူ့ကျောပြင်အားပြန်၍ ဖက်တွယ်လာသည်။
ဒါဟာ ဒီနှစ်တွေအတွင်းမှာ ကျန်းဟာအိုဘက်မှ စဖက်သည့် ပထမဆုံးဖက်ခြင်းဖြစ်သည်။
ဘယ်လောက်တောင် လွမ်းနေခဲ့ရတဲ့ ဆောင်းဟန်ဘင်းပါပဲ။
အခုလိုနိုးလာဖို့ ကျန်းဟာအိုဘယ်လောက်တောင် ပူပန်ခဲ့ရပါသလဲ။
ကျန်းဟာအိုစိတ်ထဲ "တော်ပါသေးရဲ့" လို့တွေးရင်း လည်တိုင်အား ပိုတိုးလို့ဖက်မိတော့ သူဖက်သည့်နှုန်းအတိုင်း သူ့ခါးလေးအား သွယ်ဖက်လာသည့် လက်တွေ။
ထိန်းမနိုင်တဲ့ မျက်ရည်တွေဟာ ပျော်ရွှင်စိတ်ကြောင့် ဆက်တိုက်ကိုကျနေတော့တာ။
ရှိုက်သံတွေ ထွက်မလာအောင်လည်း ကျန်းဟာအိုမထိန်းချုပ်ချင်တော့ပါ။
ကျန်းဟာအိုသိတာက ဆောင်းဟန်ဘင်းကို အချိန်တော်တော်ကြာတဲ့အထိ ဖက်ထားပြီးငိုမယ်။
ပြီးရင် မိန်းကလေးတစ်ယောက်ကြောင့် သူ့ကိုစိတ်ပူအောင်လုပ်တဲ့ အဆိုးအဆာတပည့်ကို ထုရိုက်ပြီး အပြစ်ပေးမယ်။
"မျှော်နေတဲ့သူရောက်လာလို့ တော်ပါသေးတယ်"
တစ်ဆိတ်..ကျန်းဟာအို နားကြားမှားတာလား။
ဟန်ဘင်းကအခု သူ့ကို "မျှော်နေတဲ့သူ"လို့ ပြောလိုက်တာလား။
ဒါမှမဟုတ် နေမကောင်းဖြစ်ပြီးမှ ပြန်နိုးလာတဲ့သူမို့ ကျန်းဟာအိုကို ယောရွန်းနှင့် လူမှားတာလား။
"ဟာအို...ကိုယ့်ကိုအကြာကြီးဖက်ထားပေးနော်"
တစ်ခုထက်ပိုသော ကျန်းဟာအို၏မေးခွန်းများကို ဆောင်းဟန်ဘင်းက ကျန်းဟာအိုပုခုံးပေါ် မေးလေးတင်ပြီး အေးအေးသာသာ လေသံလေးဖြင့် အဖြေပေးလိုက်သလိုပါပဲ...။
ဟန်ဘင်းက..ဆောင်းဟန်ဘင်းက တကယ်ကြီးကျန်းဟာအိုကို မျှော်နေတာ တဲ့လေ။
_03.06_