တစ်နေလုံးမှာ တယောထိုးသင်ပေးရတာနဲ့ စာသင်ရတာပဲ ရှိတာဖြစ်လို့ ကြားထဲက လစ်လပ်ချိန်တွေမှာ စာသင်ချိန်သင်ခန်းစာအတွက် လိုအပ်တဲ့ note တွေထုတ်ဖြစ်သည်။
မိုးပြာရောင် မှတ်စုစာအုပ်လေးပေါ်မှာ ရှာထားဖွေထားသမျှ note တွေ ချရေးနေသည့် ကျန်းဟာအို့ပုံစံမှာ တည်ငြိမ်နေတဲ့ရေပြင်လေးလို။ ကြည်လင်ပြီး အေးချမ်းလှသည်။
တယောသင်တန်းဆင်းတာနှင့် အိမ်ကိုတန်းပြန်လာကာ note မှတ်နေသည့် ကျန်းဟာအိုက အိမ်ချစ်ကလေးဖြစ်လိမ့်မည်။
ထိုအချိန်မှာလည်း အဝင် callတစ်ခုဟာ ကျန်းဟာအိုဖုန်းဆီဝင်လာပြန်သည်။
ဒီတစ်ခါတွင်တော့ မနက်ကလိုမဟုတ်ဘဲ content name နေရာမှာ ယောရွန်း ဆိုသည့်နာမည်က နေရာယူထားသည်။
"ဟယ်လို ကိုကိုဘာလုပ်နေလဲ"
"ကိုယ် သင်ခန်းစာတွေအတွက် note ထုတ်နေတာ"
"ထပ်ပြီး ဆောင်းဟန်ဘင်းအတွက်ပဲလား"
"ကိုယ့်မှာ ကျောင်းသားဆိုလို့ သူပဲရှိတာလေ ယောရွန်းရဲ့"
"အမြဲပဲသူ့နာမည်ပဲကြားနေရတာ စိတ်ကုန်တယ်"
"ယောရွန်း ကိုယ့်ကိုဘာပြောစရာရှိလို့လဲ"
"ဒီနှစ်အဆုံးပိုင်းကျရင် ယောရွန်းတို့စေ့စပ်ကြမလားဟင်"
"ကိုယ်ငြင်းရတာအားနာပါတယ်။ ဆောင်းဟန်ဘင်းက စာမေးပွဲထပ်ကျပြန်ပြီလေ"
"ဟာ သူအဲ့အထက်တန်းကို ဘယ်နှစ်ခေါက်ဖြေနေမှာလဲ"
"ကိုယ်လည်းမသိတော့ပါဘူး"
"ကိုကို့ကို ယောရွန်းပြောတယ်မလား။ အဲ့ဒါသူတမင်လုပ်နေတာလို့၊ သူ့လို မွှတ်နေအောင် လည်နေတဲ့သူက ဒီအထက်တန်းစာလောက်လေးကို မဖြေနိုင်စရာဘာအကြောင်းမှမရှိဘူး"
"...."
"သူဉာဏ်ဘယ်လောက်ကောင်းလဲဆိုတာ ယောရွန်းတို့နဲ့ တစ်နှစ်တည်းတက်ခဲ့တဲ့ လူတိုင်းသိတယ်။ အခုဟာက ၂နှစ်လုံးမအောင်တာတဲ့ ဖြစ်မှမဖြစ်နိုင်တာ"
"ဒါပင်မဲ့ ကိုယ်ကကတိပေးထားပြီးပြီလေ။ ယောရွန်းကပဲ နားလည်ပေးပါဦး"
"အင်းပါ ယောရွန်းကဒီတိုင်းပြောပြတာ။ ကျန်တာကိုကို့သဘောပဲ"
"ကိုယ်ဖုန်းချလိုက်တော့မယ်"
ယောရွန်းနဲ့ ဖုန်းပြောပြီးသည့်နောက် ဆောင်းဟန်ဘင်းစာမေးပွဲ ကျသည့်အကြောင်းကို ကျန်းဟာအိုစဉ်းစားကြည့်မိသည်။
ထိုသို့ စဉ်းစားကြည့်တော့ ယောရွန်းပြောတာကပဲ မှန်နေမလားလို့တောင် ကျန်းဟာအိုသံသယဝင်သွားသည်။
ယောရွန်းက ဆောင်းဟန်ဘင်းနှင့် အထက်တန်းကို တစ်နှစ်တည်းအတူတက်ခဲ့သည့် အတန်းဖော်။
ထိုနှစ်က ကျန်းဟာအို ကိုရီးယားကိုစရောက်သည့်နှစ်ဖြစ်ပြီး
ဆောင်းဟန်ဘင်းက အထက်တန်းကိုပထမဆုံး တက်ရောက်သည့်နှစ်ဖြစ်သည်။
စာကြိုးစားသည့်ကျောင်းသားများ၏ ပုံပန်းအသွင်အပြင်မျိုး မရှိသော်လည်း ဉာဏ်အလွန်ကောင်းသဖြင့် တက်ရောက်ခဲ့သည့် အတန်းတိုင်းက ဆရာ၊ဆရာမများကပင် ချီးကျူးကြသည်။
ထိုချီးကျူးစကားများထဲတွင် မပါမဖြစ်သည့် စကားတစ်ခွန်းလည်း ရှိသေးသည်။
"ဆောင်းဟန်ဘင်းက ဆိုးပင်မဲ့ ဉာဏ်ကောင်းတဲ့ကလေး" တဲ့။
အထက်တန်းနှစ် အစပိုင်းတွင် ဆောင်းဟန်ဘင်းက ဘားသွားမျိုး ၊ ရည်းစားထားတာမျိုး လုပ်တတ်ပင်မဲ့ စာဘက်တွင် အညံ့စာရင်းထဲ တစ်ခါမှမဝင်ခဲ့ဖူးသူဖြစ်သည်။
သီးသန့်ကြီးစာမလုပ်တာတောင် စာရတဲ့သူက အထက်တန်းကို ၂ကြိမ်လုံးကျအောင် ဘယ်လိုဖြေခဲ့သလဲ ဆိုတာကျန်းဟာအို စဉ်းစားနေရပြီဖြစ်သည်။
ဆောင်းဟန်ဘင်းက ညံ့တာလား၊ ညံ့ချင်ယောင်ဆောင်နေတာလား။
....
ဆိုဖာပေါ်မှာ ပျင်းတိပျင်းရွဲနိုင်စွာ မှီထိုင်နေရင်း နာရီကိုအကြည့်လိုက်တော့ ညနေ ၆နာရီထိုးတော့မှာမို့ ကြည့်လတ်စရုပ်ရှင်ကို ပိတ်ကာ စာသင်မည့် စားပွဲခုံ၌ သွားထိုင်နေလိုက်သည်။
မနက်က စာမေးပွဲအောင်၊ မအောင်သွားကြည့်ပြီးနောက် အိမ်ပြန်ရောက်တော့ မေမေရော၊ဖေဖေရော ဆူတာပါခံလိုက်ရသဖြင့် အနည်းငယ် အောင့်သက်သက်။
ဒါပင်မဲ့ ဆောင်းဟန်ဘင်းက မမှုပါဘူး။ ဒါသူလုပ်ခဲ့တာပဲမလို့ အဆူခံရတာ ဖြစ်သင့်ပါသည်။
မဟုတ်ရင်တောင် ဖေဖေနဲ့မေမေဆီက သူခဏခဏအဆူခံနေရတာပဲ မဟုတ်လား။
ကျန်းဟာအိုကို သူ့ရဲ့အချိန်ပိုင်းအလုပ်တွေကနေ အထုတ်ခံရအောင် လုပ်တဲ့အချိန်တွေ၊
အခမ်းအနားတစ်ခုခုရဲ့ ဖွင့်ပွဲမှာတယောထိုးပြဖို့ လက်ခံထားတဲ့ ကျန်းဟာအိုရဲ့ တယောကြိုးကို ဖြတ်လိုက်မိတဲ့အချိန်တွေ၊
ကျန်းဟာအိုစာသင်တိုင်း ထိုကလေးတွေကို စာထဲအာရုံမရောက်ဘဲ သူ့ကိုအာရုံစိုက်နေအောင် နှောင့်ယှက်တဲ့အချိန်တွေ မှာလည်း ဆောင်းဟန်ဘင်းက သူ့မိဘတွေထံမှ ဆူတာကိုခံရပါသေးသည်။
လွန်ခဲ့တဲ့ ၂နှစ်ကကိုယ့်လုပ်ရပ်တွေ ပြန်တွေးကာ ဂုဏ်ယူနေတုန်း
ပွင့်လာသည့် တံခါးကြောင့် ၆နာရီထိုးပြီဆိုတာ သိလိုက်ရသည်။
နာရီကို တစ်ချက်ပင်လှည့်ကြည့်စရာမလိုဘဲ အတိအကျသိနေခြင်းဟာ ကျန်းဟာအိုက အချိန်တိကျတဲ့သူမျိုး ဖြစ်လို့ပင်။
လာချိန်တိကျသလို စာသင်ပြီးတာနဲ့ ပြန်ချိန်လည်းတိကျသည့်
ဆောင်းဟန်ဘင်း၏ဂိုက်ဆရာ။
"ပြောစမ်းပါဦး။ ဘာကိုမဖြေခဲ့လိုစာမေးပွဲက ထပ်ကျရပြန်တာလဲ"
"အကုန်လုံးကိုမဖြေခဲ့တာ"
"ဘာပြောတယ် ဆောင်းဟန်ဘင်း"
"စာတွေကခက်တယ်လို့ ဟောင့်ကောကလည်း"
"မေးခွန်းစာရွက်ဘယ်မှာလဲ ငါ့ကိုအခုပြ။ ငါမသင်ထားတဲ့ ဘယ်အပုဒ်တွေများ ပါလာလို့ မင်းကအကုန်မဖြေခဲ့ရတာလဲ ဆိုတာ ကြည့်ဦးမယ်"
"လွှတ်ပစ်လိုက်ပြီ မေးခွန်းစာရွက်က"
"မနက်ဖြန် မင်းသူငယ်ချင်းဆီကတောင်းလာခဲ့ပေး"
"သူတို့လည်း လွှတ်ပစ်လိုက်ပြီ။ ကျွန်တော်တို့တူတူလွှတ်ပစ်လိုက်ကြတာ ဟောင့်ကောရဲ့"
"မင်းလေ ငါ့ကိုသွေးတိုးလာမစမ်းနဲ့နော် ဆောင်းဟန်ဘင်း
တမင်လုပ်နေတာ ငါမသိဘူးများထင်နေလား"
"ကျွန်တော်ကဘာလုပ်မိလို့လဲ ဟောင့်ကောကလည်း
စာမေးပွဲလေးပဲကျတာကို"
"တစ်နှစ်လုံးငါသင်လာသမျှတွေက သဲထဲရေသွန်ဖြစ်ရတာပေါ့
မကောင်းတဲ့ကောင်ရဲ့။ ငါ့မှာမင်းအတွက် စာသင်ချိန်တွေကိုဘယ်လောက်တောင်ဖယ်ထားပေးခဲ့ရလဲ။ မင်းစာမှတ်ရလွယ်အောင် note တွေလည်းရှာပေးရသေးတယ်။ ရှိရှိသမျှအလုပ်တွေ အကုန်လုံးကလည်း ထွက်ခဲ့ရတယ်။ မင်းပြန်လုပ်ပေးရမှာက ဒီစာမေးပွဲလေးအောင် အောင်ဖြေဖို့ပဲရှိတာကို ဘာလို့ဒီလောက်လေးတောင် မလုပ်နိုင်ရတာလဲ"
"ကျွန်တော်က ညံ့လို့လေ။ ဟောင့်ကောကပဲ ထပ်သင်ပေးမယ်မဟုတ်လား"
"မသင်ပေးနိုင်တော့ဘူး။ မင်းကိုစိတ်ဆိုးတယ်တကယ်"
"ဖေဖေ့ကိုကတိပေးထားတယ်လေ ကျွန်တော်အထက်တန်းမအောင်မချင်း သင်ပေးပါ့မယ်။ အလုပ်လည်းမထွက်ပါဘူး၊ စေ့လည်းမစပ်ပါဘူးဆို"
"မင်းကစာမရလို့ကျတာမှမဟုတ်ဘဲ။ တမင်အကျခံပြီး ဖြေနေတာလေ ငါပြောတာမှားလား"
"...."
"မင်းကလေ ငါ့ကိုဆိုဘယ်တော့မှ မသနားဘူး"
ကျန်းဟာအိုဟာ မတ်တပ်ရပ်ကာပြောနေရင်းကနေ အောက်သို့ထိုင်ချလိုက်ပြီးနောက် ငိုသံဖြင့်ပြောလာသည်။ ကျန်းဟာအိုငိုတာမြင်တော့ ဆောင်းဟန်ဘင်းလန့်သွားရသည်။
ဒီ၂နှစ်လုံးမှာ ဟာအိုငိုတာကို သူတစ်ခါမှမမြင်ခဲ့ရဖူးပါ။
ဟာအိုကအမြဲ မျက်နှာကိုတည်ထားတတ်တာ၊ အပြုံးအရယ်ရှားပြီး စကားလည်း သိပ်မပြောတဲ့သူမျိုး။
"ဟာအို"
"မခေါ်နဲ့ငါ့နာမည်ကို"
"ကျွန်တော် တောင်းပန်ပါတယ်"
အနားကိုသွားကာ ပုခုံးလေးပုတ်ရင်း တောင်းပန်ကြောင်းဆိုမိတော့ မျက်နှာကိုလက်ဖြင့်အုပ်ကာ ငိုနေရာမှ နီရဲသောမျက်ဝန်းများဖြင့် သူ့ကိုမော့်ကြည့်လာသည့် ကျန်းဟာအိုက နို့ပူတင်းလေးနှင့်ပင် သဏ္ဍန်တူသည်။
"ဒီနှစ် မကျအောင်ဖြေမယ်လို့ ငါ့ကိုကတိပေး"
"ပေးတာမလို့ မငိုပါနဲ့တော့"
"အဲ့ဒါဆိုထိုင် စာလုပ်မယ်"
"ချက်ချင်းကြီးလား"
"ဘာကိုချက်ချင်းကြီးလဲ။ မင်းကိုဆူနေရတာနဲ့တင် မိနစ် နှစ်ဆယ်လောက်ကကုန်သွားပြီ ။ ငါဒီနေ့စာသင်ချိန်ကို မိနစ် နှစ်ဆယ်ပိုသင်မှာနော်"
လိုချင်တဲ့ကတိကို ပေးလိုက်မိတော့ မျက်ရည်တွေကို လက်ခုံနဲ့ဖိသုတ်ကာ စာရေးစားပွဲဆီတန်းလျှောက်သွားသည့် ဂိုက်ဆရာက တတ်လည်းတတ်နိုင်လှပါသည်။
အချိန်တိကျတဲ့သူက သူမသင်လိုက်ရတဲ့ မိနစ်နှစ်ဆယ်စာအချိန်ကိုလည်း ပြန်တောင်းတတ်သေးတာ။ ဟန်ဘင်းစိတ်ထဲမှာတော့ သူ့ဂိုက်ဆရာဘာလုပ်လုပ် သဘောတကျရှိလှသည့်ပုံပင်။
အနားကိုရောက်လာဖို့ ဟန်ဘင်းကြိုးကြိုးစားစားနဲ့ အကျင့်ယုတ်စွာ လုပ်ယူထားရတဲ့ရေစက်လေးဟာ ကျန်းဟာအိုပါပဲ။
ကျန်းဟာအိုသာ အဲ့သောကြာနေ့မှာ suit ဝတ်ပြီး တယောမထိုးပြခဲ့ပါလျှင်၊
ကျန်းဟာအိုသာ သူတို့ရဲ့အထက်တန်းကျောင်းကို ကိစ္စရှိလို့ ရောက်မလာခဲ့ပါလျှင်၊
ကျန်းဟာအိုသာ အဲ့နေ့က သူ့ကိုစောင့်ပြီး ယောရွန်းနဲ့မတွဲခဲ့ပါလျှင်၊
ဆောင်းဟန်ဘင်းမှာ ယခုလိုတွေလုပ်စရာအကြောင်းလည်း ရှိလာမည်မဟုတ်ပါ။
_27.05_