"So sweet စောစောအိပ်လေ... အဲ့ဒါတွေ ထားလိုက်တော့ မနက်ကျ သားတို့ကို လိုက်ပို့ရဦးမှာ"
အခန်းထဲရှိ အလုပ်စားပွဲမှာ အလုပ်ရှုပ်နေသော အာကာ့ကို အစ်ကိုက အိပ်ရန်သတိပေးလာသည်။ တကယ်တော့ အာကာအလုပ်ရှုပ်နေခြင်း မဟုတ်ပါ။ အလုပ်ရှုပ်အောင် တမင်ရှာလုပ်နေခြင်းသာဖြစ်သည်။ မမနန္ဒာက ပြန်သွားနှင့်ပြီး သားက သူ့သူငယ်ချင်းနှစ်ယောက်နှင့် Australia က သူ့လေးလေးဇေယျာဆီသို့ အရင်သွားလည်မည်။ ထို့နောက်မှ US သို့ ကျောင်းတက်ရန်သွားမည် ဖြစ်သည်။
အာကာ့ ရင်ထဲမှာ တစ်ခုခုလစ်ဟာနေပြီး ဦးနှောက်ကို မအားရအောင် အလုပ်ပေးချင်နေသည်။ အစ်ကိုက laptop ကိုပိတ်ပြီး အာကာ့ကိုဆွဲထူသည်။ ထို့နောက် ခုတင်ပေါ်သို့သွားရန် နောက်ကနေ ကျောကိုတွန်းသည်။
"အစ်ကိုရော လာခဲ့"
"အင်း လာမယ်"
အစ်ကိုက အာကာ့ကို အိပ်ရာပေါ်မှာ လှဲစေပြီး စောင်ခြုံပေးသည်။ ထို့နောက်စောင်ထဲသို့ တိုးဝင်လာပြီး အာကာ့ရင်ဘတ်ပေါ်တွင် ခေါင်းအုံးကာ ဖက်ထားပေးလာသည်။ အာကာအစ်ကို့ကို ပြန်ပြီးပွေ့ဖက်ထားရင်း ပြုံးမိသည်။ ပုံမှန်ဆို အစ်ကိုကစပြီး ပွေ့ဖက် နမ်းရှုံ့တာမျိုးက ရှားသည်။ အာကာ့ကို နှစ်သိမ့်ပေးချင်တဲ့ အခါမျိုး သို့မဟုတ် ချီးကျူးချင်တဲ့အခါမျိုးတွေမှသာ အစ်ကိုကစပြီး ပွေ့ဖက်ပေးတတ်သည်။ ကျန်သည့်အချိန်တွေကလည်း အစ်ကိုကစပြီး ပွေ့ဖက်စရာမလိုအောင် အာကာကပဲ ပလူးပလဲလုပ်နေခဲ့တာချည်းပင်။
"သားက သွားရမှာ ပျော်နေသလိုပဲ နော် အစ်ကို့"
"ဒီအရွယ်လေးတွေက အသစ်တွေကို စူးစမ်းရှာဖွေဖို့ စိတ်လှုပ်ရှားတတ်တဲ့ အရွယ်လေးတွေပဲကွာ...ပြီးတော့ အဖေတူသားလေးက စပ်စုချင်စိတ်ကလည်း ကဲနေတာကို.. အဟားဟား"
"သူ့အဒေါ်တွေကိုကျတော့ အလွမ်းသယ်နေတယ်"
သားက တစ်အိမ်လုံးကို ပတ်ကာအလွမ်းသယ်နေပေမဲ့ အဖေနှစ်ယောက်ကိုတော့ ခုချိန်ထိ သေချာနှုတ်မဆက်ရသေးပေ။
"So sweet ကလည်း ကိုယ်တို့သားအကြောင်း မသိတာလဲမဟုတ်ပဲနဲ့"
"ဒေါက် ဒေါက် ဒေါက်"
အစ်ကို့စကားပင် မဆုံးသေး တံခါးခေါက်သံ ထွက်ပေါ်လာသည်။
"ပါပါးရေ...ဖေဖေရေ... ဝမ်းဖိုး လာချင်လို့ပါ"
"လာခဲ့ပါဗျာ"
အစ်ကိုက ပြန်ထူးလိုက်တော့ တံခါးဖွင့်ပြီး အခန်းဝမှာ ပေါ်လာသည့်သားကို ပြာလဲ့လဲ့ ညမီးရောင်အောက်မှာ ခေါင်းအုံးတစ်လုံးပိုက်လျှက်သားနှင့် တွေ့ရသည်။
"ဒီည အချစ်ငှက်ကလေး နှစ်ကောင်ရဲ့ အချိန်တွေကို ဝမ်းဖိုးအပိုင်သိမ်းလို့ ရပါသလား ခင်ဗျာ"
"ရပါတယ် ခင်ဗျာ အဟားဟား"
အစ်ကိုက သားရဲ့ အပြောလေးကို သဘောတကျရယ်၍ သားနှင့်လေသံတူအောင် ပြန်ဖြေပေးသည်။ သားက ခုတင်နားသို့လျှောက်လာပြီး ခေါင်းအုံးကို ခုတင်ပေါ်သို့ ပစ်တင်ကာ အာကာတို့ပေါ်သို့ ခုန်အုပ်လိုက်သည်။
"သား...ဖြည်းဖြည်း...ပါပါးနာသွားဦးမယ်"
အာကာက ထိုသို့ပြောတော့ သားကရယ်သည်။
"ဖေဖေက ပါပါးထက် ပိုနာတတ်တာမဟုတ်ဘူးလား"
သားက ပြောပြီး အာကာ့ဝမ်းဗိုက်ကြွက်သားတွေကို လက်သီးနှင့်ထိုးသည်။
"အ!"
အစ်ကိုက သားလက်ကို ဖမ်းဆွဲထားပြီး...
"သားကလည်း ဖေဖေ့ကို မလုပ်ပါနဲ့"
"အား!!! မနာလိုလိုက်တာ ဦးအာကာကြည်ညွှန်းကကာကွယ်ပေးမဲ့သူတွေနဲ့ "
"အမယ်...အဟားဟား"
သားက အဖေနှစ်ယောက်ကြားထဲ အတင်းတိုးဝှေ့ကာ ဝင်လှဲလိုက်ပြီး...
"ဝမ်းဖိုးကို လွမ်းနေကြမှာလား"
"မလွမ်းပါဘူး"
"အာ...ဖေဖေကလည်း...ပါပါး တွေ့လား"
"လျှောက်ပြောနေတာ သားဖေဖေက အခုတောင် လွမ်းနေတာကို"
"သား တီတီလေးက မနက်ဖြန်လိုက်မပို့ဘူးဆို"
"တီတီလေးက ခုနကတောင်မှ ငိုနေလို့ ဝမ်းဖိုးချော့နေရတာ"
"မင်း တီတီလေးက အပိုတွေ ပြီးရင်သူပဲ ချောင်းပေါက်အောင် သွားနေမှာ"
"တီတီလေးက နောက် ၂ လနေရင် လိုက်ခဲ့မယ်တဲ့... ခုနက လေးမောင်ကို ဖက်နမ်းတာ အနမ်းမခံလို့ ဝမ်းဖိုး တံတွေးတွေနဲ့ ပေအောင်လုပ်ခဲ့တယ်...ဟိ"
"သားကလည်း လေးမောင်ကိုပဲစနေတာပဲကွာ"
သားက အာကာ့ကို သိုင်းဖက်လာသည်။
"ဖေဖေ... ဝမ်းဖိုး ငယ်ငယ်ကအကြောင်းတွေ ပြောပြဦး...ပါပါးက ခဏခဏပြောပြတယ်... ဒီတစ်ခါ ဖေဖေပြောပြ"
"ဘာပြောပြရမှာလဲ အိပ်ရာထဲမှာ အီးပါချတဲ့ အီးပေလေး အကြောင်းလား"
"ဖေဖေကလည်း"
"So sweet အလုပ်ကပြန်လာတိုင်း သားအဒေါ်တွေနဲ့ ကလေးလုရတာ ပြောပြလိုက်လေ"
"ဟုတ်တယ်... မဟော်သဓာ ဇာတ်ထဲကလိုပဲ...ဘီလူးမကြီးတွေနဲ့ ပြိုင်လုရသလိုပဲ ဒေါ်ကေသာကြည်ညွှန်း အဆိုးဆုံး...သူအရင်ဆုံး မချီရရင် စိတ်တွေကောက်ပြီး drama တွေချိုးသေးတာ"
"လေးမောင်ရော ဘာထူးလို့လဲ... ပစ္စည်းကျန်ခဲ့သလိုဘာလိုနဲ့ နေ့လည်ဘက်တွေဆို အိမ်ကို ခိုးပြန်လာပြီး သားကို လာလာချီတာလေ... ကျန်တဲ့ အချိန်တွေဆို သူ့တူမတွေနဲ့ သူပြိုင်မလုနိုင်ဘူး"
သားကို ရလာပြီးကတည်းက ကြည်ညွှန်း Family ကြီးမှာ ပိုလာသည့် အလုပ်တစ်ခုက သားကိုလုရတာပင်။ တစ်ခါတလေ ဗိုလ်ကျားသေနတ်တွေပါဆွဲပြီး မရတဲ့အဆုံး အမေက ဝင်ပါမှငြိမ်သွားကြရသည့်အခါတွေလည်း ရှိခဲ့ကြသည်။ သားနဲ့ ပတ်သက်ပြီး ပျော်စရာအမှတ်တရတွေက များလွန်းလှသည်။
"ဖေဖေ ဝမ်းဖိုးနဲ့ ပတ်သက်ပြီး စိတ်ညစ်ခဲ့ရတဲ့အချိန်တွေရှိခဲ့လား"
သား မေးခွန်းကို အာကာကိုယ့်ကိုကိုယ် အရင်ပြန်မေးရသည်။ အာကာ့မှာ သားနှင့်ပတ်သက်၍ စိတ်ညစ်တဲ့အချိန်တွေ ရှိခဲ့ဖူးပါသလား။ သေချာတွေးကြည့်လျှင် သားကြောင့်စိတ်ညစ်တယ်လို့တော့ တစ်ခါမှ မရှိခဲ့ဖူးတာ အမှန်ပင်။
"ဟင့်အင်း... ဒါပေမဲ့.. စိတ်လှုပ်ရှားရတဲ့ အချိန်တွေတော့ ရှိခဲ့ဖူးတယ်"
"ဗျာ ... စိတ်လှုပ်ရှားတယ် ဟုတ်လား... ဘယ်တုန်းကလဲဖေဖေ"
"အင်း... အဲ့ဒါက...သား Grade 5 တက်တော့ ဖေဖေ့ကို Unicorns တွေ တကယ်ရှိသလားလို့ မေးခဲ့တုန်းက"
"အဟင်း"
အစ်ကို့ဆီမှ ရယ်သံတိုးတိုးလေးထွက်လာသည်။ အစ်ကိုလည်း ထိုအချိန်တွေကိုပြန်သတိရသွားပုံရသည်။ အတန်းကြီးလာသလို ဦးနှောက်ကလေးကလည်း ကြီးလာသည်နှင့်အမျှ သားကရှာရှာဖွေဖွေ မေးခွန်းလေးတွေ မေးတတ်လာသည်။
ပြီးတော့ ကလေးတွေက စိတ်ဝင်တစားနှင့် မေးလာသော မေးခွန်းမှန်သမျှကို ပြီးပြီးရော လက်လွတ်စပယ် မဟုတ်ဘဲ သေချာ ကျကျနနပြန်ဖြေပေးမှ အဖေကြီးက သဘောကျသည်။ အဖေကြီးကိုယ်တိုင်ကလည်း အာကာတို့မောင်နှမတွေမေးသမျှကို စိတ်ရှည်ရှည်နှင့် အမြဲပြန်ဖြေပေးခဲ့သည်သာ။
အဲ့ဒီတုန်းက သားရဲ့မေးခွန်းကြောင့် အာကာစိတ်လှုပ်ရှားခဲ့ရခြင်းမှာ အဖေကြီးနေရာကို ကိုယ်တိုင်ရောက်ခဲ့ရပြီဆိုသည့် အသိကြောင့်ဖြစ်သည်။ အာကာငယ်ငယ်တုန်းက ကျောင်းမှာ ငြင်းခုံရန်ဖြစ်လာရင်း "ရေသူမတွေ တကယ်ရှိသလား"ဟု အဖေကြီးကို မေးခဲ့ဖူးသည်။
အဖေကြီးက ရေသူမတွေအကြောင်း ပုံပြင်တွေ ဒဏ္ဍာရီတွေကို အရင်ပြောပြီး တကယ်ရှိသလားဆိုသည့်မေးခွန်းကိုတော့ သားရဲ့ခံယူချက်အတိုင်းပဲဟုဖြေခဲ့သည်။ ပြီးတော့ အဖေကြီးကပြောခဲ့သေးသည်...
"ငါ့သား စဉ်စားကြည့် အဖေကြီးတို့ ဗုဒ္ဓဘာသာဝင်တွေဟာ မြတ်စွာဘုရားကို ဘယ်သူမှ မမြင်ဖူးခဲ့ကြဘူး...ဒါပေမဲ့ ရှိခဲ့တယ်ဆိုတာကို ယုံကြည်ကြတယ် ... ဒါဟာခံယူချက်နဲ့ပဲ ဆိုင်တယ်... ဘာသာခြားတစ်ယောက်ဟာ ဗုဒ္ဓကိုတကယ်ရှိခဲ့တယ်လို့ ယုံချင်မှ ယုံလိမ့်မယ်...ဒါလည်း သူ့ခံယူချက်ပဲကွ"
"လက်တွေ့မမြင်နိုင်တဲ့ အရာတွေ တကယ်ရှိခြင်း မရှိခြင်းထက် အဲ့ဒီအရာတွေပေါ်မှာ ယုံကြည်ထားတဲ့ ကိုယ့်စိတ်ဟာ ဘယ်လောက်ခိုင်မာလဲ... ဒီယုံကြည်မှုက ကိုယ့်ကို ဘယ်လောက်အင်အားဖြစ်စေလဲ... ကိုယ့်ကို ဘယ်လောက်စိတ်ကျေနပ်မှုရစေလဲ... အဖေကြီးတို့က ဒါမျိုးအရင်စဉ်းစားသင့်တယ်"
"ရေသူမတွေ တကယ်ရှိခဲ့တယ်ဆိုတဲ့ ယုံကြည်မှုက ငါ့သားကို စိတ်ကျေနပ်မှုဖြစ်စေတယ်ဆိုရင် ငါ့သားအတွက် ရေသူမတွေတကယ် ရှိတယ်...အကယ်၍ ငါ့သား သူငယ်ချင်းတစ်ယောက်ယောက်က ဒါကိုလက်မခံဘူး မယုံကြည်ဘူးဆိုရင် သူ့အတွက် ရေသူမတွေ တကယ်မရှိဘူး... ဘယ်သူ့ကိုမှ မထိခိုက်တာမျိုးဆိုရင် မတူညီတဲ့ ခံယူချက်တွေကြောင့် ငြင်းခုံစရာလည်း မလိုသလို အမုန်းပွါးစရာလည်းမလိုဘူး...သူမယုံလို့ ကိုယ့်ယုံကြည်ချက်ကို စွန့်လွှတ်လိုက်စရာလည်း မလိုဘူး... ကိုယ်ယုံကြည်နေလို့ သူ့ကိုအတင်းလိုက်ယုံခိုင်းတာမျိုးလည်း မဖြစ်သင့်ဘူး...အဖေကြီးပြောတာ သဘောပေါက်လား"
"ဒါပေမဲ့ ချွင်းချက်တစ်ခုတော့ရှိတယ် ဒါကလည်း အဖေကြီးက ကြုံလို့ပြောတာပါ"
"ခံယူချက်နဲ့ ယုံကြည်မှုတွေက အဓမ္မဘက်ကို လွဲမှားနေတယ်ဆိုရင်တော့ တတ်နိုင်သလောက် တည့်မတ်ပေးပြီး ဘယ်လိုမှ မရတော့ဘူးဆိုရင်တော့ လူ့အသိုင်းဝိုင်းကနေ ကျဉ်သင့်ရင် ကျဉ်ရမှာပဲ... အဓမ္မမှာ မိတ်ဆွေ သူငယ်ချင်း အားနာမှုဆိုတာ မရှိရဘူး"
အဖေကြီးရဲ့ ထိုစကားတွေကြောင့် မလိုအပ်တဲ့ အကြောင်းအရာတွေပေါ်မှာ အာကာ ငြင်းခုံလိုစိတ်လျော့နည်းခဲ့ရသည်။ လူတစ်ဖက်သားရဲ့ ကောင်းသောခံယူချက်နှင့် ယုံကြည်မှုတွေကိုလည်း လေးစားပေးတတ်လာသည်။
သားရဲ့ မေးခွန်းကိုလည်း အာကာထိုနည်းတူပင် ပြန်ဖြေပေးခဲ့သည်။ သို့သော်လည်း အပိုဆောင်းလေး ပေါင်းထည့်ပေးခဲ့သည့် Unicorns တွေရဲ့ ဒဏ္ဍာရီအကြောင်းကိုတော့ Google ခေါက်ခဲ့ရသည်မှာ မိုးလင်းလုနီးပါး။ အဲ့ဒီအချိန်ကစပြီး သားမေးသမျှ မေးခွန်းတွေ ဖြေနိုင်ရန်အတွက် အချိန်ပေးပြီး စာတွေရှာဖတ်တတ်လာခဲ့ရသည်။
Grade 5 ဆိုသည့်အရွယ်မှာပင် ဉာဏ်ကောင်းသောသားက ယုံကြည်မှုနှင့် ပတ်သက်ပြီး အာကာ့ရဲ့ ဆိုလိုရင်းကို ကောင်းကောင်းသဘောပေါက်နိုင်ခဲ့သည်။
"အဲ့ဒီတုန်းက ဖေဖေ့ အဖြေကို ဝမ်းဖိုးသဘောကျတယ်... ဒါကြောင့်မို့ အခုဆို Wonderful ရဲ့ ဆောင်ပုဒ်တစ်ခု နာမည်ကြီးနေတယ် သိလား"
"I do believe in mermaids and unicorns ဆိုတာလား"
"yes!!"
သားက သူမဖြစ်နိုင်ဘူးထင်တာတစ်ခုကို မရရအောင် လုပ်တော့မည်ဆိုလျှင် Social media မှာ
"I do believe in mermaids and unicorns "
ဟု ရေးပြီး post တင်တတ်သည်။
mermaids တွေ unicorns တွေလို လက်တွေ့ပြစရာမရှိသည်ကိုတောင်မှ ယုံကြည်ခဲ့တာကြောင့် လက်တွေ့လုပ်ပြနိုင်သည့် အရာတွေကို ရအောင်လုပ်ဖို့ ပိုပြီးယုံကြည်ချက်ရှိသည်ဟူသော သဘောပင်။ အခုဆိုလျှင် ထိုစကားစုလေးက Wonderful ရဲ့ ဆောင်ပုဒ်တစ်ခုလိုပင် နာမည်ကြီးနေခဲ့သေးတော့သည်။
သားက အာကာ့ကိုဖက်ထားရာမှ ကိုယ်ကိုလှည့်လိုက်ပြီး အာကာ့ရင်ခွင်ကိုကျောနှင့်ကပ်ကာ အစ်ကို့ကို လှမ်းဖက်လိုက်သည်။
"ဖေဖေရော ပါပါးရော ဝမ်းဖိုးကိုစိတ်မပူပါနဲ့... ဝမ်းဖိုးက mermaids တွေနဲ့ unicorns တွေကိုယုံတယ်"
"ပါပါးနဲ့ ဖေဖေက ဝမ်းဖိုးကို ယုံတယ်"
အာကာ သားကိုရော အစ်ကို့ကိုရော သိမ်းကြုံးပွေ့ဖက်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်တော့သည်။
ရင်ခွင်ထဲမှ ပိုင်ဆိုင်မှုလေးတွေက နွေးထွေးလွန်းလှသည်။
ဟိုးအဝေးကြီးက သက်မဲ့တိမ်တွေကိုတောင် ငေးကြည့်ရရုံနဲ့ မြတ်နိုးနေနိုင်သေးတာပဲလေ... တစ်ချို့သော မြတ်နိုးတန်ဖိုးထားမှုတွေဆိုတာ ဆုပ်ကိုင်ထားရန် မလိုအပ်ကြောင်း အဖေကြီးဆီက သင်ယူခဲ့ရပြီးပြီ။
ဒီသက်ရှိလူသားကလေးကိုလည်း လွတ်လပ်စွာပျံသန်းခွင့်ပေးရပါမည်။
............................................................................
Arrival gate ပေါက်မှ luggage ကိုယ်စီနှင့် ထွက်လာကြသည့် တူတောင်မောင် Wonderful နှင့် သူ့သူငယ်ချင်း နှစ်ယောက်က နွေးဦးမှာ နုသစ်နေကြသည့် ပုရစ်ဖူးလေးတွေအလား လန်းဆန်းတက်ကြွနေကြသည်။
ဇေယျာက လက်လှမ်းပြတော့ ဝမ်းဖိုးလေးက ခုန်ဆွ ခုန်ဆွနှင့် လက်ပြန်ပြကာ ပြေးထွက်လာပြီး ဇေယျာ့အနားရောက်သည်နှင့် ငယ်ငယ်တုန်းကလို လည်ပင်းကိုဖက်၍ ခိုစီးတော့သည်။
"လေးလေးဇေ"
"အား... အကုန်လုံး အရပ်ကြီးတွေရှည်လာကြပါလားကွ လေးလေးကိုတောင် မှီတော့မယ်"
"ဟာ တီတီဝတ်လွှာလဲ ပါတယ် ဝမ်းဖိုးကို လာကြိုတာလား"
"အင်းပေါ့ ကလေးလေး လာမယ်ဆိုကတည်းက တီတီက မျှော်နေတာ"
ဝမ်းဖိုးက ဇေယျာ့နောက်မှ ပေါ်လာသော ဝတ်လွှာ ကိုမြင်တော့ အသံမြူးမြူးလေးနှင့် နှုတ်ဆက်သည်။
"လွှာ... မောင့် အိမ်ကို ဖုန်းခေါ်လိုက်ပါဦး... ကလေးတွေရောက်ကြောင်း ပြောရအောင်"
ဇေယျာက ဝမ်းဖိုးတို့ဆီမှ luggage တွေကို ကူဆွဲနေတုန်း ဝတ်လွှာက ဇေယျာ့ဖုန်းကိုယူပြီး Family group call ခေါ်ပေးသည်။ တစ်အိမ်လုံးဝင် Join ပြီး တစ်ယောက်တစ်ပေါက်နှင့် ပြောနေလိုက်ကြတာများ စကားသံတွေ လုံးထွေးပြီး ဘာတွေပြောနေကြမှန်းကိုမသိတော့ပေ။ ဝမ်းဖိုးကတော့ ကျင့်သားရစွာ "ဟုတ်...ဟုတ်" နှင့် သူ့အိမ်ကလူတွေ ပြောသမျှကို filter လုပ်နိုင်စွမ်းရှိသည်။
"မောင်... ကလေးတွေ ဗိုက်ဆာရောပေါ့..လွှာတို့ တစ်ခုခု အရင်ကျွေးရအောင်"
"ဝမ်းဖိုးကတော့ မဆာသေးဘူး flight ပေါ်မှာစားလာတယ်...ဒီနှစ်ကောင်က ချေးများပြီး မစားခဲ့ဘူး လေးလေးဇေ"
"ကျွန်တော်တို့တော့ ဗိုက်ဆာနေပြီ လေးလေး"
ဝီလျံ နဲ့ တေဇက မျက်နှာလေးတွေ ရှုံ့မဲ့နေကြပြီ။
ဇေယျာနဲ့ ဝတ်လွှာက ကလေးတွေကို မုန့်လိုက်ကျွေးပြီး ဝတ်လွှာက သူ့အလုပ်သို့ ပြန်သွားရသည်။ ဇေယျာကပဲ ကလေးတွေကို အိမ်ပြန်ခေါ်လာပြီး အခန်းတွေ စီစဉ်ပေးရသည်။
"ဝမ်းဖိုးက လေးလေးနဲ့ နေနော်... ဝီလျံနဲ့ တေဇ အတွက် ဒီဘက်ခန်းမှာ ပြင်ထားတယ်... လွတ်လွတ်လပ်လပ်နေ အရင်နားလိုက်ဦး"
"ဟုတ်ကဲ့ လေးလေး"
ဝမ်းဖိုးက တော့ ဇေယျာ့အခန်းထဲရောက်ရောက်ချင်း ခုတင်ပေါ်ကို ဒိုင်ပင်ပစ်လှဲတော့သည်။
"အိမ်က ဘယ်သူတွေလိုက်ပို့ကြသေးလဲ ဝမ်းဖိုး"
"လေးလေးကလည်း ထုံးစံအတိုင်း တစ်အိမ်လုံးပေါ့"
"ငိုကြသေးတယ်မလား"
"Of course ဘေဘီလုံးဆို ပြဲလန်နေတာပဲ အော်ငိုနေလို့...ဝမ်းဖိုးလည်း ငိုခဲ့ရသေးတယ်"
"အဟားဟား"
"တီတီဝတ်လွှာက ညနေကျရင် လာမှာလား လေးလေး"
"အင်းပေါ့ ဝမ်းဖိုးတို့နဲ့ ညစာတူတူလာစားဦးမှာ"
"လေးလေးဇေ... တီတီဝတ်လွှာ နဲ့ ဘယ်တော့လက်ထပ်မှာလဲ"
"နောက်နှစ်မှပါ"
"ဝမ်းဖိုးကျောင်းပိတ်ချိန် စောင့်ဦးနော်"
"စောင့်ရမှာပေါ့ ဝမ်းဖိုးမပါလို့ ဘယ်ဖြစ်မလဲ"
ဇေယျာ့အပြောကြောင့် ဝမ်းဖိုးက ကျေနပ်သွားဟန်နှင့် ပြုံးသွားပြီး အခန်းနံရံဆီသို့အကြည့်ရောက်သွားသည်။
"လေးလေးဇေ... ဝမ်းဖိုး ဟိုတစ်ခေါက်လာလည်ကတည်းက မေးမလို့ဟာ... အဲ့ဒီ မှန်ဘောင်ထဲက ဘာလေးလဲဟင်"
ဇေယျာအခန်းနံရံမှာ သေချာမှန်ဘောင်သွင်းပြီး ကပ်ထားခဲ့သည်က ရန်ကုန်ပြည်သူ့ဥယျာဉ်ထဲမှ "ရိုလာကိုစတာ လက်မှတ်လေး"...
တစ်နည်းအားဖြင့် ကြည်ညွှန်း Family ကပေးခဲ့သည့် "ဆက်လက် ရှင်သန်ကြိုးစားခွင့် လက်မှတ်လေး"...
အဖွားဆုံးပြီးတော့ ဦးလေးလုပ်သူက ဇေယျာ့ကို အိမ်ထောင်စု စာရင်းထဲက ထုတ်လိုက်သည်။ အဖေကြီးနဲ့ အမေက လိုအပ်တဲ့စာရွက်စာတမ်းတွေတောင်းယူကာ "ဇေယျာကြည်ညွှန်း" ဆိုသည့်နာမည်နှင့် သူတို့အိမ်ထောင်စုစာရင်းထဲသို့ ပြောင်းထည့်ပေးခဲ့သည်။ မှတ်ပုံတင်နှင့် ပတ်စပို့မှာပါ အမည်ပြောင်းရဖို့အရေး တော်တော်လေးလည်း အလုပ်ရှုပ်ခဲ့ကြရသေးသည်။ သို့ပေမဲ့ တစ်မိသားစုလုံးက ငြိုငြင်မှု ကင်းခဲ့ကြပါသည်။
"အဲ့ဒါလေးက လေးလေးဇေ ကို ဝမ်းဖိုးရဲ့ ဖေဖေက ပေးခဲ့တာ"
"ဖေဖေက...ဟုတ်လား"
ဝမ်းဖိုးက စိတ်ဝင်တစားနှင့် အနီးသို့ ကပ်သွားပြီး သေချာလေးကြည့်နေသည်။ အဲ့ဒီနေ့က ကိုအာကာ့ စကားတွေကို ဇေယျာပြန်ပြီးကြားယောင်လာမိသည်။
"မင်းနဲ့တူတူ မင်းရောက်ချင်တဲ့ နေရာ... မင်းလိုအပ်တဲ့ နေရာအထိ... လိုက်စီးပေးမှာမလို့ အားမနာဘဲ စိတ်လွတ်ကိုယ်လွတ် ပျော်လို့ရတယ်"
ထိုစကားသံက ပျော့ပျောင်းနူးညံ့နေတာမျိုးမဟုတ်ပါ။ သို့သော် အားအင်တစ်ခုအနေနှင့် ဇေယျာနားထဲသို့ တစ်စိမ့်စိမ့်စီးဝင်ခဲ့ရပါသည်။
"လေးလေးဇေက ဝမ်းဖိုးလိုပဲ IVF နည်းနဲ့ ဖြစ်တည်လာခဲ့ရတာ ဝမ်းဖိုးသိပြီးပြီမဟုတ်လား"
"ဟုတ်"
"အင်း... အဲ့လိုအခြေနေကနေပြီးတော့..."
ဇေယျာက ဝမ်းဖိုးလေးကို အကျဉ်းချုံးပြီး ပြန်ရှင်းပြပေးလိုက်သည်။ ဒီမိသားစုရဲ့ မေတ္တာတွေကို ကိုယ်တိုင်လည်း ကြုံရင်ကြုံသလို စမြုံ့ပြန်ချင်မိသည်ပင်။
"တကယ်တော့ လေးလေးဇေက အဲ့ဒီအချိန်တုန်းက သိမ်ငယ်နေခဲ့မိတာ... ဒါပေမဲ့ အဖေကြီးတို့ တစ်မိသားစုလုံးက လေးလေးကို နွေးနွေးထွေးထွေး ကြိုဆိုပေးခဲ့ကြတာ... အဓိကကတော့ အမေပဲ... အမေက တကယ့်ကို သားအရင်းတစ်ယောက်လို ချစ်ပေးခဲ့တာ... ဒီမိသားစုရဲ့ အချစ်တွေကြောင့် လေးလေးက အခုဒီအခြေအနေထိ ရောက်လာခဲ့ရတာပါ"
ဇေယျာ့အသံက အဆုံးမှာ အနည်းငယ် အဖျားခတ်တုန်ရင်သွားသဖြင့် ချောင်းဟန့်လိုက်မိသည်။ ဝမ်းဖိုးလေးက ခုတင်ပေါ်မှထလာကာ ဇေယျာကို သိုင်းဖက်လိုက်ပြီး...
"အဲ့ဒီ အချစ်တွေထဲမှာ ဝမ်းဖိုးကိုပါ ပေါင်းထည့်ပေးဦးနော်... ဝမ်းဖိုးကလည်း လေးလေးဇေကို ချစ်တယ်"
"အဟားဟား"
ဇေယျာက ဝမ်းဖိုးကိုပြန်ဖက်ပြီး သဘောကျစွာရယ်မိသည်။ ကောင်းမွန်မှန်ကန်တဲ့ စောင့်ရှောက်မှုတွေအောက်မှာ ကြီးပြင်းလာရပြီး ကိုယ်တိုင်က မေတ္တာတွေ အလျှံပယ်ရခဲ့တဲ့ ကလေးမို့ လူတစ်ဖက်သားကို မေတ္တာဘယ်လိုပေးရမှန်း ဝမ်းဖိုးက ကောင်းကောင်းသိသည်။
ဇေယျာမြင်ယောင်ပါသေးသည်။ ထည်ဝါကြည်ညွှန်းလေးက အနာဂါတ်မှာ လူတိုင်းအတွက် healing pill လေး ဖြစ်လာပေလိမ့်ဦးတော့မည်။
............................................................................
Time Skip ⏭️
(3 years later)
"ကျွန်တော် ဒီပြက္ခဒိန် အပိုတွေ ဒီနားမှာ မမြင်ချင်ဘူး ကိုရဲဝင်း"
"ဟုတ်ကဲ့ ဘော့စ်... ကျွန်တော် ချက်ချင်း ရှင်းခိုင်းလိုက်ပါ့မယ် ခင်ဗျ"
"နောက်ကို ကျွန်တော် မရောက်ခင် အခန်းအရင်ရှင်းခိုင်းထားပါ...စားပွဲပေါ်မှာ ရှုပ်ပွနေရင် ကျွန်တော် မကြိုက်ဘူး ပြောထားတယ်မဟုတ်လား"
"ဟုတ်...ဟုတ်ကဲ့"
သူ့ထက်နိုင် အလုပ်စားပွဲမှာ ဝင်မထိုင်သေးဘဲ ရုံးခန်းအတွင်းမှာ သီးသန့်ထပ်ပြီးဖွဲ့ခိုင်းထားသော နောက်ထပ်အခန်းငယ်တစ်ခုသို့ မှန်နံရံအပြင်ဘက်မှနေ၍ အကဲခတ်လိုက်ပြီး...
"ကိုရဲဝင်း... ဒီမှန်ခန်းထဲကို ဘယ်သူမှ မဝင်ပါစေနဲ့... သန့်ရှင်းရေးလဲ ဝင်လုပ်စရာမလိုဘူး...ဝန်ထမ်းတွေကို သေချာမှာထားပါ"
"ဟုတ်ကဲ့...ကျွန်တော်မှာထားပါမယ်"
"သွားလို့ရပြီ"
ကိုရဲဝင်းတစ်ယောက် အခန်းပြင် ခပ်သုတ်သုတ်ထွက်လာပြီး အပြင်ရောက်မှ အသက်ဝဝ ရှုလိုက်ရသည်။ ဘော့စ်က လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ Telecom network Company တစ်ခုကို လာအခြေတည်သွားပြီး ကနေဒါနှင့် သွားလိုက်ပြန်လုပ်သည်။ အခုမှ ရုတ်တရက်ကြီး ပြန်ရောက်ချလာပြီး မြန်မာနိုင်ငံမှာပဲ ရုံးထိုင်တော့မည်ဟုပြောသည်။ ဘော့စ်က စည်းကမ်းကြီးပြီး ဒေါသထွက်လွယ်ကာ မျက်နှာကလည်း တစ်ချိန်လုံးတည်တင်းနေတတ်သဖြင့် ဝန်ထမ်းများကဖင်တုန်အောင်ကြောက်ကြရသည်။
အတွင်းရေးမှုးတာဝန်ယူထားရသူ ကိုရဲဝင်းတောင်မှ ဘော့စ်ရှေ့ရောက်လျှင် သတိထားနေသည့်ကြားက အယောင်ယောင်အမှားမှားဖြစ်တတ်သေးသည်။ ဘော့စ်က စီးပွါးရေးမလုပ်ဘဲ စုံထောက်ဖြစ်ဖြစ် တရားသူကြီးဖြစ်ဖြစ်လုပ်ဖို့ကောင်းသည်။ Deep voice ကြီးနှင့် အေးစက်စက်အကြည့်တွေက အပြစ်လုပ်ထားမိလျှင် မစစ်မေးရသေးခင်မှာပဲ အကြည့်တစ်ချက်နဲ့တင် အလိုလိုဝန်ခံမိရလောက်အောင် ကျောချမ်းချင်စရာကောင်းလှသည်။
သူပြုံးတတ်သည့်အချိန်ဆိုလို့ ဖုန်းကြည့်နေသည့်အချိန်တစ်ချိန်ပဲရှိသည်။ ကျန်အချိန်များတွင်တော့ နှုတ်ဆက်လျှင်တောင် ပြန်ပြုံးမပြဘဲ ခေါင်းသာတစ်ချက်ညိတ်ပြတတ်သည်။
"ကိုရဲဝင်း...ကိုရဲဝင်း"
နောက်မှ မရဲတရဲ ခေါ်သံကြားသဖြင့် ကိုရဲဝင်းလှည့်ကြည့်လိုက်တော့ Account မှ အေးအေးမျိုးက စာရွက်တစ်ရွက်ကိုင်လျှက်ရပ်နေသည်။
"ဘာလဲ"
"ဘော့စ် ရာသီဥတု အခြေနေကောင်းလားဟင်"
"ဘော့စ်ကို ဘယ်တုန်းက အဲ့လိုအကဲခတ်လို့ရဖူးလို့လဲ...ဘာလုပ်မလို့လဲ"
"လက်မှတ်ထိုးခိုင်းစရာ ရှိလို့... ဝင်ရမှာကြောက်လို့"
"ထိုးစရာရှိတာ သွားထိုးခိုင်းလေ...နင်ဘာအမှားလုပ်ထားလို့လဲ"
"ဘာမှ မလုပ်ထားပါဘူး ဒီတိုင်းကျောချမ်းနေတာ"
"သွား သွား"
သူ့ထက်နိုင် အလုပ်စားပွဲနှင့် မျက်နှာချင်းဆိုင်မှ မှန်အပြည့်ကာရံထားသော အခန်းကိုကြည့်ပြီး သဘောကျနေသည်... နားနေခန်း အသေးစားလေးဖြစ်ပြီး လိုအပ်သည့် ပစ္စည်းအစုံနေရာတကျလုပ်ထားသည်။ အခန်းအလယ်တည့်တည့်ရှိ စားပွဲခုံရှည်ကြီးပေါ်တွင်တော့ Lego boxes တွေ အထပ်လိုက်တင်ထားသည်။ အခန်းရဲ့ ညာဘက်နံရံရှိစင်ပေါ်တွင်တော့ Unicorn အရုပ်မျိုးစုံတင်ထားပြီး ဘယ်ဘက်နံရံတွင် ပင်လယ်ကမ်းစပ်မှ ရေသူမနှင့် ကျောက်ဆောင်ပေါ်ရှိ Unicorn တို့ အကြည့်ချင်းဆုံနေသည့်ပုံကို နံရံအပြည့် ပန်းချီဆွဲထားသည်။
ထိုနံရံ၏ ရှေ့တွင် စားပွဲတစ်လုံးနှင့် သက်တောင့်သက်သာရှိစေသော ဆုံလည်ကုလားထိုင်တစ်ခု ပြင်ထားပြီး စားပွဲပေါ်တွင် V log ရိုက်ရာ၌ သုံးသော tripod...camera စသည့် ပစ္စည်းအစုံကို နေရာတကျတင်ပေးထားသည်။ သူ့ထက်နိုင်၏ အလုပ်စားပွဲမှ လှမ်းကြည့်လျှင် အခန်းတွင်းရှိ လှုပ်ရှားမှုအားလုံးကို မှန်နံရံမှတဆင့် ရှင်းနေအောင် မြင်ရပေမည်။ သို့ပေမဲ့ မှန်နံရံ၏ အတွင်းဘက်တွင် remote နှင့် အဖွင့်အပိတ်လုပ်လို့ရသော လိုက်ကာတစ်ခုလည်း တပ်ထားသေးသည်။
"ဒေါက် ဒေါက် ဒေါက်"
"ဘော့စ်"
တံခါးခေါက်သံနှင့် ခေါ်သံကြောင့် အာရုံပျက်သွားသဖြင့် သူ့ထက်နိုင်မျက်နှာက တင်းသွားရသည်။ ဝန်းထမ်းကောင်မလေးတစ်ယောက် တံခါးကိုလှပ်ကာ ခေါင်းပြူကြည့်လာကာမှ ဝင်ခဲ့ရန် ခေါင်းညိတ်ပြလိုက်သည်။
"ဟို... sign...sign လေး တစ်ချက်လောက်ထိုးပေးပါဦး"
သူ့ထက်နိုင်က မျက်စိရှေ့ကမ်းလာပေးသော စာရွက်ကို တစ်ချက်ကြည့်ပြီး လက်မှတ်ထိုးပေးလိုက်သည်။ ဝန်ထမ်းကောင်မလေးက ပြန်ယူပြီး အခန်းထဲမှ ခပ်သွက်သွက် ထွက်သွားသည်။ သူ့ထက်နိုင် အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ကိုရဲဝင်းကို ဖုန်းခေါ်လိုက်ပြီး...
"ကိုရဲဝင်း... မနက်ဖြန် ကျွန်တော့် schedule တွေအကုန် ရွှေ့ထားပါ... ပြီးတော့ US က ပြန်လာတဲ့ Youtuber ထည်ဝါကြည်ညွှန်းရဲ့ volunteer ပွဲတစ်ခုရှိတယ်... အဲ့ဒီပွဲရဲ့ အချိန် နေရာ အကုန်စုံစမ်းထားပေး"
သူ့ထက်နိုင် ဖုန်းချပြီး မှန်ခန်းထဲသို့ ဝင်ကာ စင်ပေါ်မှ ချစ်စရာအကောင်း ဆုံး Unicorn အရုပ်လေးတစ်ခုကို ရွေးယူရင်း စကားသံလေးတစ်ခုကို ပြန်လည်ကြားယောင်လာသဖြင့် ပြုံးလိုက်မိသည်။
"ကိုကို ကနေဒါက ပြန်လာရင် ဝမ်းဖိုးအတွက် Unicorn အရုပ် ဝယ်လာပေးဦး...
နော် ကိုကို့"
............................................................................
<3 DiDi Zaw
(92/03/2023)
Ep 4 က စပြီး ထည်ဝါနဲ့ ကိုကို့ရဲ့ POV လေးတွေနဲ့ပဲ တစ်လှည့်စီသွားတော့မယ်နော် ♥️